အခန်း (၁၀၃၃-၁၀၃၅)
Vol. 69 Ch. 1033-1035
အခန်း (၁၀၃၃) လက်ဖဝါးချက် တစ်ချက်တည်းဖြင့် ချေမှုန်းဖျက်ဆီးခြင်း၊ နေရာတစ်ခုလုံးကို လွှမ်းမိုးခြင်း
“တစ်” ရွှယ်အန်းက ခပ်တိုးတိုး ရေတွက်လိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ရွှီပေါင်သည် ရွှယ်အန်းက ထိုသို့ပြောဝံ့ခဲ့ခြင်းကို မယုံကြည်နိုင်ဖြစ်နေသကဲ့သို့ စိုက်ကြည့်ပြီးနောက် ခဏအကြာတွင် လှောင်ပြုံးပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒီည ကျုပ်ရဲ့ကံက မဆိုးဘူးပဲ။ သားကောင် နောက်တစ်ကောင် ပိုရတာပေါ့၊ မင်း ပြောခဲ့တဲ့ စကားကြောင့် ကျုပ် မင်းကို နည်းနည်းချင်း နှိပ်စက်ပြီးမှ သတ်ပစ်မယ် ပထမဆုံးအနေနဲ့…”
ရွှီပေါင်သည် ထိုသို့ ပြောနေစဉ် သူ၏မျက်နှာတွင် ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်လာသည်။
သို့သော် ရွှယ်အန်းသည် သူ့ကို ဂရုမစိုက်ဟန်ဖြင့် ထပ်မံ ရေတွက်လိုက်သည်။
"နှစ်”
“ကောင်လေး၊ မင်းရဲ့ အရေခွံကို ကျုပ် တစ်စစီ ခွာထုတ်ပြမယ်။ ယုံလိုက်စမ်းပါ၊ ကျုပ် ဒီနယ်ပမှာ သိပ်ကျွမ်းကျင်တာ။ အရေခွံခွာပြီးတဲ့အခါကျရင် မင်းက အသက်မသေသေးတဲ့ အသားစုံခဲကြီးဖြစ်နေလိမ့်မယ်။ ပြီးရင် မင်းရဲ့ ဒဏ်ရာတွေကို ဆားရည်နဲ့ ဖြည်းဖြည်းချင်း စိမ်ပစ်မယ်…”
ရွှီပေါင်၏ အမူအရာသည် ပို၍ ရူးသွပ်လာသောကြောင့် လူတိုင်းကို အရိုးထဲထိ အေးစိမ့်သွားစေသည်။ ထိုစဉ် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောလိုက်သည်။
"အချိန်ပြည့်ပြီ”
ရွှီပေါင်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။
"လှည့်ကွက်တွေ သုံးမနေနဲ့၊ ဒူးထောက်စမ်း” သူသည် အော်ဟစ်ပြီးနောက် လက်ချောင်းများကို မြန်ဆန်စွာ လှုပ်ရှား၍ ပြတ်သားသော လက်သင်္ကေတများအဖြစ် ပြုလုပ်လိုက်သည်။ ထိုအခါ လေထုထဲတွင် ရှေးဟောင်းအင်းစာလုံးတစ်ခု ပေါ်ပေါက်လာ၍ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရွှယ်အန်းဆီ ရိုက်ခတ်လာသည်။
“ထျန်းဖူသင်္ကေတကို လက်နဲ့ တိုက်ရိုက် ဖန်တီးလိုက်တာ၊ ဒါ ထျန်းဖူဂိုဏ်းရဲ့ အကျော်ကြားဆုံး ပညာရပ်ပဲ” တစ်စုံတစ်ဦးက ထအော်လိုက်သည်။
ရွှယ်အန်းက ထိုတိုက်ကွက်ကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ မလှုပ်ရွေ့ဘဲ ဝိုင်ခွက်ကိုသာ အသာအယာ မော့သောက်နေသည်။ ထိုမြင်ကွင်းကို ကြည့်နေသူများသည် ရွှယ်အန်းကို အလွန်အမင်း မောက်မာလွန်းသူဟု ထင်မြင်ကာ ခေါင်းခါလိုက်ကြသည်။ အထူးသဖြင့် သူသည် ထျန်းဖူရိပ်မြုံ၏ ဆက်ခံသူကို ရင်ဆိုင်နေရသောကြောင့် အကြီးအကျယ်ဒုက္ခရောက်တော့မည်ဟု ၎င်းတို့ထင်မှတ်နေကြသည်။ ရွှီပေါင်သည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သော်လည်း သူ၏ စိတ်ကျေနပ်မှုများသည် ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ကြာရှည်မခံခဲ့ပေ။ အင်းစာလုံးသည် ရွှယ်အန်းအနီးသို့ ရောက်လာချိန်တွင် လေထုထဲတွင် ရုတ်တရက် ရပ်တန့်ကာ အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် အဆုံးတွင် ကြေမွပျက်စီးသွားလေသည်။
“ဘာဖြစ်သွားတာလဲ” ရွှီပေါင်သည်လည်း အံ့အားသင့်သွားသည်။
ရွှယ်အန်းက ခေါင်းမော့၍ ပြုံးပြလိုက်သည်။ “မစခင် ကျုပ်နာမည်က ရွှယ်အန်းဆိုတာကို ပြောပြချင်တယ်။ တကယ်တော့ ခင်ဗျား မှတ်ထားဖို့ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ဒါတွေအခု အရေးမကြီးတော့လို့ပဲ”
ရွှီပေါင် ဇဝေဇဝါဖြစ်နေစဉ် ရွှယ်အန်းသည် သူ၏အရှေ့သို့ ရုတ်တရက် ရောက်ရှိလာပြီးနောက် လက်ဝါးတစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ဘုံး
ဗလုံးဗထွေးရိုက်ခတ်သံ ထွက်ပေါ်လာပြီးနောက် ရွှီပေါင်သည် လက်များကို မြှောက်တင်ကာ ရှိသမျှခွန်အားဖြင့် ထိုလက်ဖဝါးချက်ကို ခုခံရန် ကြိုးစားလျက် ညီးတွားလိုက်သည်။
"မင်းမှာ အရည်အချင်းရှိသားပဲ၊ ဒါပေမယ့် ဒီလောက်နဲ့ ရမယ်ထင်နေတာလား။ ကျုပ်က..."
ရွှီပေါင်၏ စကားများမပြီးဆုံးမီ ပြင်းထန်သော အရိုးကျိုးသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် ရွှယ်အန်း၏ လက်ဖဝါးသည် မတားဆီးနိုင်သော ခွန်အားဖြင့် ဖိချလာသည်။ ရွှီပေါင်၏ လက်နှစ်ဖက်သာမကဘဲ သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးသည်လည်း ထိုလွှမ်းမိုးချုပ်ကိုင်ထားသော စွမ်းအင်အောက်တွင် ကျိုးကြေကုန်သည်။ အသည်းခိုက်မတတ် နာကျင်မှုကြောင့် ရွှီပေါင်သည် စူးရှစွာ အော်ဟစ်မြည်တမ်းလိုက်သည်။
ထိုအချိန် ရွှီပေါင်၏ ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် သူဝတ်ဆင်ထားသော ကျောက်စိမ်းပြားများနှင့် အကာအကွယ်မန္တန်များအားလုံး ပေါက်ကွဲထွက်၍ မှော်သင်္ကေတပုံစံများအဖြစ် ပြောင်းလဲကာ ရှုအန်း၏ လက်ဖဝါးချက်ကို ခုခံရန် အစွမ်းကုန် ကြိုးစားကြလေသည်။
“ဒါတွေနဲ့ ကျုပ်ကို တားနိုင်မယ် ထင်နေတာလား” ရွှယ်အန်းသည် ထိုသို့အေးစက်စွာ လှောင်ရယ်ပြီးနောက် ထိုမှော်သင်္ကေတများအားလုံးကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။
မည်သည့်အရာနှင့် ရင်ဆိုင်ရပါစေ၊ ရွှယ်အန်း၏ လက်ဖဝါးချက်သည် မည်သူမျှ မယှဉ်နိုင်သည့် ဘုရင်တစ်ပါး၏ အရှိန်အဝါကဲ့သို့ ထည်ဝါလွန်းနေသည်။ နောက်ဆုံးတွင် ရွှီပေါင်သည် အရိုးများ ကျိုးကြေလျက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ ထိတ်လန့်တကြား မော့ကြည့်၍ အော်မေးလိုက်သည်။
“မင်း… မင်း ဘယ်သူလဲ”
“ကျုပ် ခုနက ပြောပြီးပြီလေ၊ ကျုပ် နာမည်က ရွှယ်အန်းလို့” ရွှယ်အန်းက ဘာသိဘာသာ ပြန်ဖြေလိုက်သည်။ ပြီးနောက် သူ၏ လက်ဖဝါးကို ထပ်မံမြှောက်တင်လိုက်သည်။
“မင်း ဘာလုပ်မလို့လဲ မဖြစ်ဘူး… ကျုပ်က ထျန်းဖူဂိုဏ်းရဲ့ ဆက်ခံသူပဲ၊ မင်း ကျုပ်ကို သတ်ရင် ထျန်းဖူဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…”
ရိုက်ခတ်သံတစ်ခုနှင့်အတူ ရွှီပေါင်၏ အော်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် ရွှယ်အန်း၏ လက်ဖဝါးချက်အောက်တွင် အသားစိုင်များအဖြစ် ကြေမွသွား၍ ဝိညာဉ်ပင် ပျက်စီးသွားလေသည်။
“ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး၊ တကယ်ပါပဲ နားငြီးလိုက်တာ” ရွှယ်အန်းက လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ခန်းမတစ်ခုလုံး ချောက်ချားဖွယ် တိတ်ဆိတ်သွားလေသည်။ လူတိုင်းသည် မမှတ်မိနိုင်သည်အထိ ပျက်စီးနေသော အလောင်းကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် လူတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
"သူ… သူက ဆရာကြီးရွှီကို တကယ် သတ်လိုက်တာလား”
လူတိုင်း၏ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤရွှီပေါင်သည် သာမန်အင်းကွက်ပညာရှင်တစ်ဦးမဟုတ်ဘဲ ဖန်ထျန်းနယ်မြေတစ်ခုလုံးကို လွှမ်းမိုးစိုးမိုးထားသည့် ထျန်းဖူဂိုဏ်း၏ ဆက်ခံသူဖြစ်နေသောကြောင့်ဖြစ်သည်။ ထျန်းဖူဂိုဏ်း၏ အမြဲလိုလို ဗိုလ်ကျစိုးမိုးတတ်သည့် အမူအကျင့်အရ သာမန်ကိစ္စလေးတစ်ခုလျှင်ပင် ကြီးမားသော ပြဿနာဖြစ်လာနိုင်ရာ၊ ယခုကဲ့သို့ လူပုံအလယ်တွင် ရွှီပေါင်ကို သတ်ဖြတ်ခြင်းသည် ထျန်းဖူဂိုဏ်းကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဤအတွေးများ လူတိုင်း၏ ဦးနှောက်ထဲ ရောက်ရှိလာသောအခါ ၎င်းတို့က ရွှယ်အန်းကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေကြသည်။ သို့သော် ရွှယ်အန်းသည် ယင်ကောင်တစ်ကောင်ကို ရိုက်သတ်ခဲ့ဟန်ဖြင့် မှင်သက်နေဆဲဖြစ်သော ကျော့ယန်ယန်ကို ပြုံးပြနေသည်။
“ကဲ… ခင်ဗျားကို ဖမ်းချင်တဲ့လူတော့ သေပြီ အခုတော့… ခင်ဗျားတို့မိသားစုကိစ္စကို ဖြေရှင်းရအောင်”
“ဘာမိသားစုကိစ္စလဲ" ကျိုးယန်ယန်က ဝေခွဲမရစွာ မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက် ထပ်ဆုံးခုံတွင် ထိုင်နေသော သခင်မကြီးကျိုးကို လက်ညိုးထိုးပြလိုက်သည်။
"ဒီစုန်းမကြီးကို သတ်မလား၊ မသတ်ဘူးလားဆိုတာ၊ ခင်ဗျားရဲ့ စကားတစ်ခွန်းတည်းနဲ့ ဆုံးဖြတ်လိမ့်မယ်”
ထိုစကားကို ကြားသောအခါ လူအများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"အတင့်ရဲလိုက်တာ၊ သခင်မကြီးကို စော်စော်ကားကား ပြောရဲရတယ်လို့”
သခင်မကြီးကျိုး၏ မျက်နှာသည်လည်း အလွန် ပျက်ယွင်းသွားသည်။ ရွှီပေါင်သည် သူမ ဖိတ်ခေါ်ထားသော အထူးဧည့်သည်ဖြစ်သော်လည်း လူငယ်တစ်ဦး၏ ပေါ့လျော့သော ရိုက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ ကျူးလွန်သူသည် ၎င်းတို့မဟုတ်သော်လည်း ထျန်းဖူဂိုဏ်းကို ရှင်းပြရန် ခက်ခဲမည်ဖြစ်ကြောင်း သူမ သိနေသည်။
သို့သော် ရွှယ်အန်း၏ စကားကို ကြားသောအခါ သူမသည် ဒေါသတကြီး ရယ်မောလိုက်သည်။
"သိပ်ကောင်းတယ်၊ သိပ်ကိုသတ္တိရှိတဲ့ ကျိုးယန်ယန်ပဲ။ လက်စသတ်တော့ အပြင်ကနေ အားကိုးစရာလူ ရှာလာတာကိုး ဒီလောက် အတင့်ရဲနေတာ မစမ်းပါဘူး။ တော်တော်အရွယ်ရောက်နေပြီပေါ့လေ ဟုတ်လား။ ဒါပေမယ့် ငါက ဒီကျိုးမိသားစုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသေးတယ်ဟဲ့၊ သူ့ကို ဖမ်းကြစမ်း”
အမိန့်ပေးလိုက်သည်နှင့် အစောင့်တစ်ရာကျော်သည် ခန်းမထဲ ပြေးဝင်လာ၍ ရွှယ်အန်းကို ဝိုင်းရံလိုက်ကြသည်။ အခြားလူများသည် အနောက်သို့ တဖြည်းဖြည်း ဆုတ်ခွာ၍ ကြည့်နေကြသည်။ ကျိုးမိသားစု၏ အစောင့်များသည် မြင့်မားသော ကျင့်ကြံမှုအဆင့်များရှိသည့်အတွက် ၎င်းတို့သည် အမှန်တကယ် ခံ့ညားလှသည်။
"အဲ့ဒီလူကို ဖမ်းကြ” ကျိုးယသည် အားတက်သရော အော်ဟစ်လိုက်သည်။ ရွှယ်အန်းသည် သူမဘက် လှည့်ကြည့်လာသောအခါ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ သူမ၏ စကားလုံးများ လည်ချောင်းဝတွင် ပျောက်ကွယ်သွားသည်။ ရွှယ်အန်း၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။ ၎င်းအနက် သတ်ဖြတ်ချင်စိတ်များ မပါရှိသော်လည်း ကြောက်မက်ဖွယ် လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေသောကြောင့် အရိုးထဲထိ အေးစက်သွားစေသည်။ ကျိုးယသည် ကောင်းကင်ဘုံ၏ မြင့်မြတ်သော နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံနေရကဲ့သို့ ဆွံ့အသွားလေသည်။
ရွှယ်အန်းဆီသို့ ပြေးဝင်လာသော အစောင့်များသည် အနီးနားသို့ မရောက်မီပင် လျင်မြန်စွာ လွင့်ထွက်ကုန်ကြသည်။ ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ သခင်မကြီးကျိုးကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
"နောက်ထပ်ရှိသေးလား၊ ရှိရင် အကုန်လုံးကို တစ်ခါတည်း လာခိုင်းလိုက်ပါ။ ဒီနေ့ ကျုပ် လူတိုင်းနဲ့ ရင်ဆိုင်မှာမို့လို့"
အခန်း (၁၀၃၄) သေရေးရှင်ရေးသည် ကံကြမ္မာအပေါ်မူတည်သည်
ဧည့်ခံပွဲခန်းမတစ်ခုလုံး ခြောက်ချားဖွယ်ကောင်းသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သခင်မကြီးကျိုးသည် ဒေါသစိတ်ကြောင့် တုန်ယင်နေသည်။ သူမ၏ ပြုပြင်ထိန်းသိမ်းမှုကြောင့် ချောမွတ်နေသော မျက်နှာသည် ယခုအခါ အလွန်အကျည်းတန်နေသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ကျိုးယန်ယန်… ဒါက နင် ခေါ်လာတဲ့ မိတ်ဆွေပေါ့လေ ဟုတ်လား”
သခင်မကြီးကျိုး၏ စကားများမပြီးဆုံးမီတွင် ရွှယ်အန်းသည် သူမ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာ၍ သူမ၏ လည်ပင်းကို ညှစ်ကာ မြှောက်တင်လိုက်သည်။
“မင်း… မင်း ဘာလုပ်မလို့လဲ၊ ငါက ကျိုးမိသားစုရဲ့ ခေါင်းဆောင်ပဲ၊ ငါ့ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင်လုပ်ရင် ဧကရီက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး” သခင်မကြီးကျိုးက ကြောက်လန့်နေသော်လည်း အမိန့်ပေးရာတွင် အသားကျနေသော သူမသည် ဟိတ်ဟန်ဖြင့် အော်ဟစ်နေဆဲဖြစ်သည်။
“ဧကရီဟုတ်လား” ရွှယ်အန်းက အေးစက်စွာ ရယ်မောပြီးနောက် သူမ၏ ပါးကို ဘယ်ပြန်ညာပြန် ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
ပြတ်သားသော ရိုက်ခတ်သံများသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ ကျိုးယသည် သူမ၏ ပါးပြင်ကို ရုတ်တရက် ဖုံးအုပ်ကာ အဝေးရှိ ရွှယ်အန်းကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။ အခြားလူများ သိမည်မဟုတ်သော်လည်း ထိုရိုက်ချက်များ မည်မျှနာကျင်သည်ကို သူမ သိနေသည်။ သခင်မကြီးကျိုး၏ ပြည့်ဖောင်းသော ပါးပြင်များသည် ရွှယ်အန်း၏ ရိုက်ချက်ကြောင့် ချက်ချင်းပင် ဝက်ခေါင်းကဲ့သို့ ဖူးရောင်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။
သခင်မကြီးကျိုးသည် ကျိုးမိသားစုကို ရာစုနှစ်ကြာ ထိန်းချုပ်ခဲ့သောကြောင့် လူတိုင်း၏နှလုံးသားထဲရှိ သူမအပေါ် လေးစားမှုသည် အလွန်နက်ရှိုင်းနေသည်။ ထို့အပြင် သူမ၏ ကြမ်းတမ်းသော သဘောသဘာဝ၊ စိတ်သဘောထား သေးသိမ်မှုနှင့် မတင့်တယ်သော အမူအကျင့်တို့ကြောင့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လူအများက ကြောက်ရွံ့နေကြသည်။ လူအများ ကြောက်လန့်တကြား ရှောင်တိမ်းနေရသည့် သခင်မကြီးကျိုးသည် လူငယ်တစ်ယောက်၏ အကြိမ်ကြိမ် ပါးရိုက်ခြင်းကို ခံစားခဲ့ရသည်။ လူအများအတွက်မူ ဤသည်မှာ ရွှီပေါင် သေဆုံးခြင်းထက် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေသည်။ သခင်မကြီးကျိုးသည် သတိပြန်ဝင်လာသောအခါ သူမ၏ ရောင်ကိုင်းနေသော မျက်လုံးများကို ရုန်းကန်ဖွင့်လျက် ရွှယ်အန်းကို နာကျည်းစွာ စိုက်ကြည့်နေသည်။ သူမသည် ရွှယ်အန်းကို အရှင်လတ်လတ် မျိုချချင်နေပုံရှိသည်။
“ဘာလဲ မကျေနပ်ဘူးလား၊ နောက်ထပ် နည်းနည်းလောက် ထပ်အရိုက်ခံချင်သေးလို့လား” ရွှယ်အန်းက လက်ကို မြှောက်လိုက်သည်။ သခင်မကြီးကျိုးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာကာ သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှု့များ ပေါ်ပေါက်လာသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမ၏ အသက်သည် ဤလူငယ်၏ လက်ထဲတွင်ရှိနေသောကြောင့် ခေါင်းငုံ့ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
အဘွားအိုကြီး ကြောက်လန့်တကြား ခေါင်းငုံ့သွားသောအခါ ရွှယ်အန်းက ခန်းမအလယ်တွင် တစ်ဦးတည်းရပ်နေသော ကျိုးယန်ယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ပြောလေ၊ သူ့ကို သေစေချင်လား အသတ်ရှင်စေချင်လား”
လူတိုင်း၏ အကြည့်များ ကျိုးယန်ယန်ထံ ရောက်ရှိသွားသည်။ ကျိုးယန်ယန်သည် ဖြူဖျော့နေသော မျက်နှာဖြင့် တုန်ရီလျက်ရှိရာ၊ သူမ မျက်လုံးများတွင့် တုံ့ဆိုင်းမှုများနှင့် တွေဝေမှုများရှိနေသည်။ သူမသည် သူမ ပိုင်ဆိုင်သမျှကိုဖျက်ဆီးခဲ့သည့် သခင်မကြီးကျိုးကို မုန်းတီးသည့်အပြင် ငယ်စဉ်ကတည်း သူမကို ဖိနှိပ်ချုပ်ချယ်ထားသည့် လှောင်အိမ်တစ်ခုနှင့်ဆင်တူသော ကျိုးမိသားစုကို နာကျည်းမိသော်လည်း သေရေးရှင်ရေးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်ချချိန်တွင် အခက်တွေ့နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ကျိုးမိသားစုဝင်တစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။ သူမသာ ၎င်းတို့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့လျှင် ဖန်ထျန်းနယ်မြေမှ ထုတ်ပယ်ခံရပေလိမ့်မည်။ ၎င်းတို့၏မိသားစုကို သစ္စာဖောက်ခဲ့သူကို မည်သည့်အထက်တန်းလွှာ မိသားစုကမျှ သည်းခံမည်မဟုတ်ပေ။ ရွှယ်အန်းက ပြုံးလျက် ကြည့်နေသော်လည်း သခင်မကြီး၏ လည်ပင်းကို ပိုမို တင်းကျပ်စွာ ညှစ်လိုက်သည်။
အသက်ရှူကျပ်လာသော သခင်မကြီးသည် နောက်ဆုံးတွင် ကြောက်ရွံ့လာသဖြင့် ရုန်းကန်၍ အော်ဟစ်လိုက်သည်။
“ယန်ယန်… ငါ့ကို မသတ်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် ငါက နင့် အဘွားလေ”
ကျိုးယန်ယန်သည် အလွန်တုန်လှုပ်သွားခဲ့ရာ၊ သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ဒေါသစိတ်များ ထွက်ပေါ်လာသည်။ သို့သော် ထိုအချိန် ရွှယ်အန်းက သခင်မကြီးကို ထပ်မံရိုက်နှက်လိုက်သည်။ ထိုရိုက်ချက်သည် သခင်မကြီးကျိုး၏ ဆံပင်များကို ဖရိုဖရဲဖြစ်သွားစေ၍ နှာခေါင်းမှ သွေးများပင် စီးကျလာသည်။ သူမသည် အလွန်အခြေအနေ ဆိုးရွားနေသည်။
"မင်း... မင်း..."
"ကျုပ် ခင်ဗျားကို စကားပြောခွင့်ပေးလို့လား”
ပြီးနောက် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားလည်း ဆုံးဖြတ်ရခက်နေတယ်ဆိုတော့… ဒီစုန်းမကြီးရဲ့ သေရေးရှင်ရေးကို ကံကြမ္မာဆီပဲ အပ်လိုက်ရအောင်”
'ကံကြမ္မာတဲ့လား'
ခန်းမထဲရှိ လူအများသည် ရွှယ်အန်း၏ စကားကြောင့် ပဟေဠိဖြစ်နေကြသည်။ ထိုအချိန် ရွှယ်အန်း၏ လက်ထဲတွင် ရွှေဒင်္ဂါးပြားတစ်ပြား ပေါ်ပေါက်လာသည်။
“ဒါကိုတွေ့လား၊ ခဏနေရင် ဒီဒင်္ဂါးပြားကို ကျုပ် မြှောက်တင်လိုက်မယ်။ စာလုံးဘက်ကျရင် ခင်ဗျား သေရလိမ့်မယ်၊ ကျုပ် ခင်ဗျားကို မတုံ့ဆိုင်းပဲ သတ်ပစ်မှာ”
“တိမ်ပုံစံဘက်ကျရင်တော့ ခင်ဗျားကို အခုလောလောဆယ် အသက်ချမ်းသာပေးမယ်၊ နားလည်လား”
သခင်မကြီးကျိုးသည် နှာခေါင်းသွေးများ ယိုစီးလျက် ထိတ်လန့်နေမိသည်။
"ဒါပေမယ့် ငါက... ငါက..."
"ဟမ်" ရွှယ်အန်းသည် သူမကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
သခင်မကြီးကျိုးသည် သူမ၏စကားများကို ချက်ချင်း မြိုချလိုက်သည်။ ရွှယ်အန်းက ဒင်္ဂါးပြားကို လေထဲသို့ မြှောက်တင်ပြီးနောက် လက်ဖြင့် ပြန်ဖမ်းဆုပ်လိုက်သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှယ်အန်းသည် ရလဒ်ကို အလျင်အမြန် စစ်ဆေးရန် မပြုလုပ်ဘဲ ကျိုးယန်ယန်ကို ခပ်ဖျော့ဖျော့အပြုံးဖြင့် မေးလိုက်သည်။ “သခင်မလေးယန်ယန်၊ ဘယ်ဘက်ကို ကျမယ် ထင်လဲ”
ကျိုးယန်ယန်သည် ရွှယ်အန်း၏ လက်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ ဖြေလိုက်သည်။
“တိမ်ပုံစံဘက်ပါ”
သူမသည် ထိုသို့ပြောပြီးနောက် ခေါင်းငုံ့ချလိုက်သည်။ ရွှယ်အန်းသည် အပြုံးဖြင့် လက်ကို ဖြန့်လိုက်သောအခါ တိမ်ပုံစံဘက်သို့ အမှန်တကယ် ရောက်ရှိနေသည်။ သခင်မကြီးကျိုး၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်ပေါက်လာသော်လည်း ရွှယ်အန်းသည် သူမ၏ ပါးကို ထပ်ရိုက်လိုက်ပြန်သည်။
ဤရိုက်ချက်၏ ပြင်းထန်မှုသည် သခင်မကြီး ကျိုးကို ငေးငိုင်သွားစေသည်။ သူမသည် အချိန်အတော်ကြာမှ သတိပြန်ကပ်လာ၍ ထိုအခါ နာကြည်းစွာ ပြောလိုက်သည်။
“ဘာလို့ ငါ့ကို ထပ်ရိုက်တာလဲ”
“ဘာကြောင့်မှ မဟုတ်ဘူး၊ ကျုပ် ခင်ဗျားကို ကြည့်မရလို့ကို ရိုက်တာ” ရွှယ်အန်းသည် စကားပြောပြီးနောက် သူမကို လွှတ်ပေးလိုက်သည်။
သခင်မကြီးကျိုးသည် ကြမ်းပြင်ပေါ်သို့ ခွေလျက် ပြုတ်ကျသွားသည်။ ရွှယ်အန်းသည် သူမကို ငုံ့ကြည့်ကာ ဘာသိဘာသာ ပြောလိုက်သည်။
“ဒီတစ်ခါတော့ ကောင်းကင်ဘုံက ခင်ဗျားကို အသက်ချမ်းသာပေးလိုက်လို့ ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်မယ်။ ဒါပေယ့် ဒီတစ်ကြိမ်ပဲနော် နောက်တစ်ခါလည်း ခင်ဗျား ဒီလိုကံကောင်းပါစေလို့ မျှော်လင့်နေတယ်”
ပြီးနောက် ရွှယ်အန်းသည် အထက်စင်မြင့်ပေါ်မှ စိမ်ပြေနပြေ ဆင်းလာ၍ ခန်းမတစ်ခုလုံးကို လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်များ ကျရောက်လာသည့် နေရာရှိ လူတိုင်း ခေါင်းငုံ့သွားကြသည်။ ကျိုးယနှင့် သူမ၏ မိခင်သည်လည်း ကြောက်လန့်လွန်းသဖြင့် မြေကြီးထဲ တိုးဝင်ချင်စိတ်ပင် ပေါက်နေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်နေသည်။
ထိုမြင်ကွင်းကိုမြင်သော ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ပြုံးပြီးနောက် ကျိုးယန်ယန်အနီးသို့ လျှောက်လှမ်းကာ မေးလိုက်သည်။
“သွားကြတော့မလား”
ကျိုးယန်ယန်သည် ရွှယ်အန်းကို ငေးငိုင်စွာ စိုက်ကြည့်ပြီးနောက် မျက်ရည်များ စီးကျလာသည်။ ပြီးနောက် သူမသည် အသက်ပြင်းပြင်း ရှူရှိုက်ကာ သခင်မကြီးကျိုးကို လှည့်ပြောလိုက်သည်။
"သခင်မကြီးကျိုး၊ ဒီနေ့ကစပြီး ကျွန်မကျိုးယန်ယန် ရှင်နဲ့ ဆက်ဆံရေးဖြတ်တောက်မယ်၊ ကျွန်မ ရှင်တို့အပေါ် ဘာမှအကြွေးမတင်တော့ဘူး”
ပြီးသည်ပြောနှင့် သူမသည် ဆံထိုးကို ချွတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပြီးနောက် သူမသည် ရွှယ်အန်းကို လှည့်ကြည့်၍ လှပစွာ ပြုံးလိုက်သည်။
“သွားကြရအောင်၊ အရှင်"
ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။
“ကောင်းပြီ သွားကြစို့”
ပြီးနောက် သူသည် ကျိုးယန်ယန်ကို ခေါ်ဆောင်၍ ခန်းမထဲမှ ထွက်ခွာသွားလေသည်။
အခန်း (၁၀၃၅) မုန်တိုင်းစတင်ခြင်း
ဧည့်ခံပွဲခန်းမအတွင်းရှိ လေထုအခြေအနေသည် အသက်ရှူကျပ်လုနီးပါး တင်းမာနေသည်။ လူအများသည် အထက်စင်မြင့်ပေါ်သို့ မော့ကြည့်ရန်ပင် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မည်သည့် လှုပ်ရှားမှုမဆို သခင်မကြီးကျိုး၏ ဒေါသကို ဆွနေသကဲ့သို့ဖြစ်သွားနိုင်ကြောင်း ၎င်းတို့ ကောင်းကောင်းသိနေသည်။ စိတ်ဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်သည်ထိ တိတ်ဆိတ်နေပြီးနောက် ပါးရိုက်ခံရမှုကြောင့် ကြောင်အမ်းအမ်းဖြစ်နေသော သခင်မကြီးကျိုးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာ၍ စူးရှစွာ အော်ဟစ်လိုက်သည်။
“အဲ့ဒီခွေးမနဲ့ ဟိုအကောင် ဘယ်ကိုထွက်သွားလဲဆိုတာ ချက်ချင်းသွားစုံစမ်းကြစမ်း။ ငါ သူတို့ကို တစ်စစီ ဆွဲဖြဲပြီ လူပြန်မဝင်စားနိုင်အောင် သူတို့ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မယ်"
တစ်စုံတစ်ယောက်သည် တိတ်တဆိတ် ထွက်ခွာသွားသည်။ ပြီးနောက် သခင်မကြီးကျိုးက ဆက်လက်အော်ဟစ်လိုက်သည်။
“ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အပြင်ကို တစ်ခွန်းမှ မပေါက်ကြားစေနဲ့ ပြောတဲ့သူရှိရင် ငါ အဲ့ဒီလူကိုပါ သူတို့နဲ့အတူ သင်္ဂြိုလ်ပစ်မယ်”
သူမ၏ အော်ဟစ်သံတွင် ပါဝင်သော အမုန်းတရားသည် လူတိုင်းကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။ မကြာမီတွင် ကျိုးမိသားစုဝင် မဟုတ်သူများသည် အတွေးကိုယ်စီဖြင့် အသီးသီး ထွက်ခွာသွားကြသည်။ ခန်းမထဲတွင် ကျိုးမိသားစု၏ တရားဝင် မိသားစုဝင်များသာ ကျန်ရှိတော့ချိန်တွင် သခင်မကြီးကျိုးသည် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲပြန်သည်။ သူမသည် အဖိုးတန် ကြွေထည်ပစ္စည်းများကို ဒေါသတကြီး ရိုက်ခွဲနေသောကြောင့် အစေခံများသည် ကြောက်လန့်တကြား ဒူးထောက်နေကြသည်။
ထိုသို့ပေါက်ကွဲပြီးနောက် အစေခံတစ်ဦးသည် တုန်တုန်ရင်ရင်ဖြင့် ဒဏ်ရာပျောက်ဆေး လက်ကမ်းပေးလိုက်သည်။ ထိုဆေးကို အသုံးပြုပြီးနောက် သူမမျက်နှာပေါ်ရှိ ဒဏ်ရာများ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ပျောက်ကွယ်သွားကာ အရိုက်နှက်မခံခဲ့ရသကဲ့သို့ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သူမသည် ပြန်လည်တည်ငြိမ်သွား၍ မူလနေရာတွင် အေးစက်စွာ ပြန်ထိုင်လိုက်သည်။
ကျိုးယနှင့် ကျန်မိသားစုဝင်များအားလုံး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။ ခဏအကြာတွင် သခင်မကြီးကျိုးထံမှ အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။ ထိုအသံသည် တဖြည်းဖြည်း ကျယ်လောင်လာ၍ နောက်ဆုံးတွင် ဟားတိုက်ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။ ကျန်ရှိနေသူများသည် အလွန်တုန်လှုပ်သွားသည့်အတွက် သခင်မကြီး ရူးသွပ်သွားသလောဟုပင် ထင်မှတ်ကာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်နေကြသည်။
ရုတ်တရက် ရယ်သံများ ရပ်တန့်သွားပြီးနောက် သခင်မကြီးကျိုးက အေးစက်စွာ ပြောလာသည်။
"မင်းက အစွမ်းထက်တယ်ဆိုပေမယ့် တော်တော်ငယ်သေးတယ်၊ နောက်ဆုံးတော့ ကံကြမ္မာကို ယုံကြည်ပြီး ငါ့ကို အသက်ချမ်းသာပေးခဲ့တယ်ပေါ့လေ။ ကောင်းပြီ… ငါ့ကိုရော ထျန်းဖူဂိုဏ်းကိုရော စော်ကားရင် ဘာဖြစ်မလဲဆိုတာ မင်း သိစေရမယ်”
သူမက တင်းမာသောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"ရွှီပေါင်ရဲ့ အလောင်းကို ထျန်းဖူဂိုဏ်းဆီ ဒီအတိုင်း ပြန်ပို့ပေးလိုက်။ ပြီးတော့ လူသတ်သမားက ပေါ်ထွက်လာတော့မယ့် မြင့်မြတ်တဲ့ မှော်သင်္ကေတတွေကို လုယူချင်လို့ ရွှီပေါင်ကို သတ်ခဲ့တာပဲဖြစ်ရမယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့” တစ်စုံတစ်ယောက်က အရှေ့တိုး၍ ရွှီပေါင်၏ အလောင်းကို ထမ်းစင်ပေါ် တင်ကာ သယ်ဆောင်သွားသည်။
“ဒုတိယ သခင်မကျိုး” သခင်မကြီးကျိုးက ခေါ်လိုက်သည်။
ဒုတိယ သခင်မကျိုးက အရှေ့သို့ အမြန်ထွက်လာကာ ပြောလိုက်သည်။
“ပြောပါ သခင်မကြီး”
“ငါ့ကတ်ပြားကို ယူပြီး ဧကရီကို မြို့ပိုင်ရှင်နန်းတော်မှာ သွားတွေ့ချေ။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး အဲ့ဒီလူငယ်က နောက်ခံမသဲကွဲတဲ့အပြင် တခြားကမ္ဘာက ရောက်လာတာ ဖြစ်နိုင်တယ်လို့ သတင်းပို့လိုက်”
“ဒါပဲလား သခင်မကြီ၊ ကျွန်မတို့ တခြားရော…”
“မလိုတော့ဘူး၊ ဒီလိုအရေးကြီးတဲ့အချိန် ပြင်ပအင်အားစုတွေ ရောက်လာရင် ဘာကိုဆိုလိုသလဲဆိုတာ ဧကရီလို ပုဂ္ဂိုလ်မျိုးက အလိုလို သိလိမ့်မယ်” သခင်မကြီးကျိုးက ရက်စက်စွာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့"
လူတိုင်း ထွက်သွားပြီးနောက် သခင်မကြီးသည် နက်ရှိုင်းသော အငြိုးအတေးဖြင့် ရေရွတ်လိုက်သည်။
"ကျိုးယန်ယန်၊ နင်ရော အဲ့ဒီလူရော စောင့်နေလိုက်၊ နင်တို့ သေချင်ရင်တောင် သေခွင့်မရစေရဘူး”
တစ်ဖက်တွင် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ခေါ်ဆောင်ကာ ၎င်းတို့နေထိုင်ရာ ခြံဝန်းဆီသို့ ပြန်ရောက်လာသည်။ မှန်သည်၊ ၎င်းတို့သည် ထိုနေရာတွင် ဆက်နေထိုင်ရန် မဖြစ်တော့ပေ။
ကျိုးယန်ယန်သည် သူမ၏ အခန်းထဲသို့ ဝင်သွားကာ အဝတ်အစားနှင့် ပစ္စည်းအချို့ကို ထုပ်ပိုးပြီးနောက် ပြန်ထွက်လာသည်။ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သော်လည်း သူမ ယူဆောင်သွားနိုင်သည့်အရာသည့် ဤသေးငယ်သော အထုပ်တစ်ခုသာဖြစ်သည်။ နောက်ဆုံးတွင် သူမသည် နှစ်အတော်ကြာ နေထိုင်ခဲ့သည့် ခြံဝန်းကို ပြန်လှည့်ကြည့်ကာ ငိုကြွေးလိုက်သည်။ ရွှယ်အန်းသည် သူမ၏ အပြုအမူကို မတားဆီးဘဲ အဝေးကနေသာ စောင့်ကြည့်နေသည်။
ထိုစဉ် ကျိုးမိသားစု၏ အိမ်တော်ထိန်းခေါင်းဆောင် အလျင်အမြန် ရောက်ရှိလာ၍ သူသည် ကျိုးယန်ယန်၏ အထုပ်ကို မြင်သောအခါ စိတ်မကောင်းစွာ ပြုံးလိုက်သည်။
“ယန်ယန်”
ကျိုးယန်ယန်က အိမ်တော်ထိန်းခေါင်းဆောင်ကို မော့ကြည့်၍ ရှိုက်ကြီးတငင် ငိုလိုက်သည်။
“ဦးလေးကျိုး၊ သမီး… သမီး သွားမှရတော့မယ်”
အိမ်တော်ထိန်းခေါင်းဆောင်က ခေတ္တတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ထွက်သွားတာက အကောင်းဆုံးပါ”
ပြီးနောက် သူသည် ရွှယ်အန်းကို ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ အိမ်တော်ထိန်းခေါင်းဆောင်သည် ခန်းမထဲတွင် ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးဖြစ်သည်။ ညစာစားပွဲသည် ချောမွေ့စွာ ပြီးဆုံးမည် မဟုတ်ကြောင်း သူ သိနေသော်လည်း ရွှယ်အန်း၏ နည်းလမ်းသည် ဤမျှပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် ထျန်းဖူဂိုဏ်း၏ ရွှီပေါင်ကို လက်ဖဝါးချက်တစ်ချက်ဖြင့် ရိုက်သတ်ရုံသာမကဘဲ သခင်မကြီးကျိုး၏မျက်နှာကိုပင် အကြိမ်ကြိမ် ရိုက်နှက်ခဲ့သည်။
ထိုဖြစ်စဉ်ကို ကြားသောအခါ အိမ်တော်ထိန်းခေါင်းဆောင်သည် အလွန်ထိတ်လန့်သွားသည်။ မည်သို့ဆိုသော် ရွှယ်အန်း၏ လုပ်ရပ်သည် ကောင်းကင်တွင် အပေါက်ကြီး ဖောက်ထွင်းလိုက်ခြင်းနှင့် ဆင်တူသောကြောင့်ဖြစ်သည်။ ထိုဖြစ်ရပ်အပြီးတွင် ရွှယ်အန်းနှင့် ကျိုးယန်ယန်တို့ ကျိုးမိသားစု ဆက်လက်နေထိုင်ရန် မသင့်ကြောင့် သူ သိနေသည်။ ထို့ကြောင့် သူသည် အခွင့်အရေးရှာဖွေ၍ အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်သည်။
ခဏအကြာတွင် အိမ်တော်ထိန်းခေါင်းဆောင်သည် ရွှယ်အန်းကို ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အရှင်"
“မလိုပါဘူး၊ ဒါက အသေးအဖွဲကိစ္စလေးပါ၊ 'ညက ရှည်လျားပြီး သားရဲတွေ သောင်းကျန်းနေတယ်'လို့ ခင်ဗျား ပြောတယ်လေ။ ဒီတော့ ကျုပ်က အဲ့ဒီသားရဲကို သတ်လိုက်တာပါ” ရွှယ်အန်းက ပြုံးပြလိုက်သည်။
အိမ်ထိန်းကြီးက ခါးသီးစွာ ပြုံးပြီးနောက် လေးနက်စွာ ဆက်ပြောလိုက်သည်။
“အရှင်နဲ့ သခင်မလေးယန်ယန်၊ သခင်မကြီးကျိုးက ရွှီပေါင်ရဲ့ အလောင်းကို ထျန်းဖူဂိုဏ်းဆီ ပို့လိုက်ပြီ။ ဒါကြောင့် ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူး။ အခု ကျိန်စာသင့်မြို့တော်ကလည်း မလုံခြုံတော့ဘူး။ အခု အရှင်တို့ သွားဖို့ အကောင်းဆုံးနေရာက သင်္ဘောဆိပ်ကမ်းဘက်ပဲ”
ရွှယ်အန်းက မည်သည့်စကားမျှ ပြန်မပြောဘဲ နားထောင်နေသည်။ ကျိုးယန်ယန်သည် ထိုစကားကိုကြားသောအခါ အငိုတိတ်သွား၍ မျက်ရည်များကို သုတ်ကာ မေးလိုက်သည်။
“ဦးလေးကျိုး၊ ဦးလေးမုန့်ကို ပြောနေတာလား”
အိမ်တော်ထိန်းခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
“သူတစ်ယောက်တည်း မဟုတ်ဘူး ယန်ယန်၊ သမီး သင်္ဘောဆိပ်ကမ်းမှာ အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်ပြီ။ အဲ့ဒီမှာ သမီးကို လေးစားတဲ့လူတွေရော အဆက်အသွယ်တွေရော အများကြီးရှိတယ်။ အဲ့ဒါ သမီးရဲ့ အမာခံနယ်မြေပဲ သေချာ ဂရုစိုက် ဟုတ်ပြီလား"
ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းခေါင်းဆောင်က ရွှယ်အန်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
"ဂရုတစိုက် သွားကြပါ"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ကျိုးမိသားစုအတွင်းရှိ လေထုအခြေအနေသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည့်အတွက် အိမ်တော်ထိန်းခေါင်းဆောင်သည် အပြင်တွင် အချိန်ကြာကြာမနေဝံ့သောကြောင့် ပြန်လည်ထွက်ခွာသွားလေသည်။ ရွှယ်အန်းသည် ကျိုးယန်ယန်ကို ဦးဆောင်ကာ ကျိုးမိသားစု၏ အိမ်ရှေ့ဂိတ်တံခါးမှ တိုက်ရိုက်ထွက်လာခဲ့ရာ၊ လမ်းတစ်လျှောက်တွင် လူအများသည် ၎င်းတို့ကို ထူးဆန်းစွာ လှည့်ကြည့်နေကြသည်။ ရွှယ်အန်းသည် ထိုအကြည့်များကို သတိပင်မထားမိသည့်အလား ကျေနပ်အားရသော မျက်နှာအမူအရာဖြင့် အရှေ့သို့ ဆက်လှမ်းနေသည်။
သို့သော် ကျိုးယန်ယန်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည့်အတွက် မည်သို့ခံစားရမည်ကိုပင် မသိတော့ချေ။ အိမ်တော်ထိန်းခေါင်းဆောင် ပြောခဲ့သည့်အတိုင်း ကျိုးမိသားစု အိမ်တော်အတွင်းမှ ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်အခြေအနေသည် ရုတ်တရက် တင်းမာလာသည်။
ပြီးနောက် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ခေါ်ဆောင်ကာ သင်္ဘောဆိပ်ကမ်းဘက်သို့ ဦးတည်သွားခဲ့သည်။ ၎င်းတို့နှစ်ဦး ဆိပ်ကမ်းနယ်မြေသို့ ခြေချပြီးသည်နှင့် လူတစ်စုကို ဦးဆောင်ကာ အပြေးအလွှား ရောက်ရှိလာသော မုန့်လဲ့နှင့် ၎င်းတို့ မျက်နှာချင်းဆိုင် တိုးမိလေသည်။ ကျိုးယန်ယန်တစ်ယောက် ဘေးကင်းကင်းနှင့် အကောင်းပကတိအတိုင်းရှိနေကြောင်း မြင်လိုက်ရမှသာ မုန့်လဲ့ နောက်ဆုံးတွင် စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“မြန်မြန် လိုက်ခဲ့ပါ"
မုန့်လဲ့သည် ရွှယ်အန်းတို့ကို ဆိပ်ကမ်းရှိ ရှုပ်ထွေးသော လမ်းကြားများထဲသို့ ခေါ်ဆောင်သွားခဲ့ရာ၊ ၎င်းတို့သည် ခဏအကြာတွင် သာမညောင်ညဆန်သော နှစ်ထပ်တိုက်ဟောင်းတစ်ခု၏ အရှေ့တွင် ရပ်တန့်လိုက်ကြသည်။ အထဲသို့ ရောက်သောအခါ ကျိုးယန်ယန်သည် ရင်နှီးကျွမ်းဝင်သော သင်္ဘောသားဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
“ဦးလေးမုန့်၊ ဒါက…” ကျိုးယန်ယန်က အံ့ဩသွားသည်။
“ကျိုးမိသားစုမှာ ဖြစ်ပျက်ခဲ့သမျှကို ဦးလေး ကြားပြီးပြီးချင်း အခြေအနေ မကောင်းမှန်းသိလို့ ဒီနေရာကို အမြန်ပြင်ဆင်ပြီးတာနဲ့ သခင်မလေးယန်ယန်ကို သွားကယ်ဖို့ ထွက်လာတာ။ ဒါပေမယ့် လူကြီးမင်းက သခင်မလေးကို ဘေးကင်းကင်းနဲ့ ခေါ်ထုတ်လာလိမ့်မယ်လို့ မထင်ထားဘူး” မုန့်လဲ့က သက်ပြင်းချကာ ပြောလိုက်သည်။