← Chapters

ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ကျင့်ကြံခြင်းစွမ်းအားများ ကြီးမားစွာ တိုးတက်လာခြင်း(၁)။

Vol. 32 Ch. 368

ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ကျင့်ကြံခြင်းစွမ်းအားများ ကြီးမားစွာ တိုးတက်လာခြင်း(၁)။

Vol. 32 Ch. 368

နောက်တစ်နေ့ နံနက်စောစော၊ တိတ်ဆိတ်သော အခန်းအတွင်း၌။

သင်သည် သင့်တာအိုလက်တွဲဖော်ထံမှ ကြီးမားသော ယင်အနှစ်သာရကို ရရှိခဲ့ပြီး သင့်ကျင့်ကြံခြင်းကို ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်…။

သင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်း အတွေ့အကြုံ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်…။

သင်၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်တစ်ခုအထိ တိုးတက်လာခဲ့သည်…။

ကြီးမားသော ချစ်ခြင်းမေတ္တာကို ခံစားရသဖြင့် 'ချစ်ခြင်းမေတ္တာကူ'သည် အလွန် ကျေနပ်အားရနေပြီး ၎င်း၏ စွမ်းအားသည်လည်း အသင့်အတင့် တိုးတက်လာခဲ့သည်…။

'ချစ်ခြင်းမေတ္တာကူ'၏ အဆင့်အတန်း မြင့်တက်လာပြီး အဆင့်လေး အထွတ်အထိပ် ကူကောင်အဆင့်သို့ ရောက်ရှိသွားသည်။ ထို့အတူ သင်၏ဆွဲဆောင်မှုလည်း တိုးတက်လာခဲ့သည်…။

ထိုအချိန်တွင် ကျိုးစွေ့ မျက်လုံးဖွင့်လိုက်သည်။

ကြီးမားသော ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအားများ သူ၏ ခန္ဓာကိုယ်အတွင်း ပြည့်နှက်နေပြီး၊ သူ၏ သွေးကြောများနှင့် အပ်စိုက်မှတ်တိုင်းတွင် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်ကို သူ ခံစားလိုက်ရသည်။

ယခင်ညနှင့် နှိုင်းယှဉ်လျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအား ပမာဏသည် နှစ်ဆကျော် တိုးလာခဲ့လေသည်။

သံသယဖြစ်ဖွယ်မရှိ သူ၏ ကျင့်ကြံခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခုရရှိခဲ့ပြီး ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြုတေ၏ အရွယ်အစားပင်လျှင် ယခင်ကထက် နှစ်ဆ ပိုကြီးလာခဲ့သည်။

ဤရွှေအမြုတေသည် နေမင်းကြီးကဲ့သို့ တောက်ပပြီး ခမ်းနားထည်ဝါသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။

သူသည် ကြီးမားသော စွမ်းအားများ လွှမ်းခြုံထားသကဲ့သို့ ခံစားရပြီး ညင်သာသော လက်သီးချက်တစ်ချက်ကပင် ကြောက်မက်ဖွယ် ဖျက်ဆီးမှုကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ ခံစားရသည်။

ထင်ရှားသည်မှာ ဤရာထူးတိုးမြှင့်မှုသည် သူ၏ အတွင်းပိုင်း ကျင့်ကြံခြင်းစွမ်းအားကိုသာ မြှင့်တင်ပေးခဲ့ခြင်း မဟုတ်ပေ။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံသည်လည်း ကြီးမားသော ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအားဖြင့် သန့်စင်ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေခဲ့သည်။

သူ၏ နဂါးဆင်သွေးမျိုးဆက်၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ရန် မကြာတော့ပေ။

"ဒါဆို ငါ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီပေါ့…"

"သေချာတာပေါ့... ငါ့တာအိုလက်တွဲဖော်ရဲ့ အကူအညီ လိုအပ်ခဲ့တာပဲ…"

"ကောင်းမွန်တဲ့ တာအိုလက်တွဲဖော်တစ်ယောက်က ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမယ့် ကျင့်ကြံခြင်းကို သက်သာစေနိုင်တယ်… အကျိုးကျေးဇူးတွေ အများကြီးပဲ…"

ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိပြီး သူ၏ လက်ရှိ ခံစားချက်ကို ဖော်ပြရန် စကားလုံး ရှာမရနိုင်အောင် ဖြစ်နေလေသည်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် ယင်းသည် တကယ့်ကို စိတ်လှုပ်ရှားစရာပင်။

မူလက သူသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အနည်းဆုံး (၁၀)နှစ်ခန့် ကြိုးစား ကျင့်ကြံရပေလိမ့်မည်။

ထို့ထက်ပင် ပိုကြာနိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် ဤအဆင့်တွင် အချိန်အကြာကြီး ပိတ်မိနေနိုင်ပြီး မချိုးဖျက်နိုင်ပင် ဖြစ်နေနိုင်ချေသည်။

သို့သော် ယခုအခါ ဤသန့်စင်သော ယင်အနှစ်သာရကို ရရှိပြီးနောက် ဤကြီးမားသော စွမ်းအင်သည် ရွှေအမြုတေ အလယ်အလတ်အဆင့် အတားအဆီးကို တူးမြောင်းထဲ ရေစီးဝင်သကဲ့သို့ သဘာဝကျကျ ချိုးဖျက်သွားခဲ့လေသည်။

ဤယင်အနှစ်သာရကို နှစ်တစ်ထောင် စိတ်ဝိညာဉ်ဆေးမြစ်၊ သို့မဟုတ် နှစ်သောင်းချီ သက်တမ်းရှိသော စိတ်ဝိညာဉ်ဆေးမြစ်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ၎င်းသည် သူ့အား မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမည့် ကျင့်ကြံခြင်းမှ သက်သာစေခဲ့ပြီး ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တစ်ခါတည်း တက်လှမ်းစေခဲ့သည်။

ထို့အပြင်၊ ဤသန့်စင်သော ယင်စွမ်းအင်သည် အကုန်လုံး စုပ်ယူ‌ချေဖျက်ပြီးစီးခြင်း မဟုတ်သေးချေ။

အကယ်၍ အကုန်လုံး စုပ်ယူပြီးပါက သူ၏ အတွင်းပိုင်း ကျင့်ကြံခြင်းစွမ်းအားသည် သံသယဖြစ်ဖွယ်မရှိဘဲ ပိုမို တိုးတက်လာဦးမည် ဖြစ်သည်။

သူ ဆက်လက်ပြီး တစ်ဆင့်ချင်း ကျင့်ကြံသွားမယ်ဆိုလျှင် ရွှေအမြုတေ ပြီးပြည့်စုံခြင်းအဆင့်ကို အမြန်ဆုံး ရောက်ရှိသွားမည်ဟုပင် ပြောနိုင်ပေသည်။

ထိုအချိန်ကျလျှင် သူသည် ဝိညာဉ်သန္ဓေသားကို ဖွဲ့စည်းနိုင်ပေမည်။

"မဆိုးဘူး... ငါ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအားမှာ အညစ်အကြေးတွေ မရှိဘူး… ယုံနိုင်စရာမရှိလောက်အောင် သန့်စင်နေတုန်းပဲ…"

"ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူတွေဆီက မျှော်လင့်ထားတဲ့အတိုင်း… သူတို့ရဲ့ အတွင်းပိုင်း ကျင့်ကြံခြင်းစွမ်းအားက တကယ် သန့်စင်တာပဲ…"

"ငါသာ ဒါကို စောစောရခဲ့ရင် ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို စောစော ရောက်နိုင်မှာ…"

ကျိုးစွေ့သည် သူ၏ ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်စေလိုက်သည်။ ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအား အမျှင်တန်းများသည် သူ၏ သွေးကြောများထဲတွင် စီးဆင်းနေသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအား တစ်ပတ်ပြည့်တိုင်း သူ၏ အတွင်းစွမ်းအင်များ ပိုမို သန်မာလာပြီး သူ၏ စွမ်းအား သိသိသာသာ တိုးတက်လာလေသည်။

သူ၏ တိုးတက်မှုသည် အနည်းငယ် နှေးကွေးနေသေးသဖြင့် သူ အနည်းငယ် ဝမ်းနည်းမိသည်။

အကယ်၍ သူ့တိုးတက်မှုသာ ပိုမြန်ခဲ့လျှင် သူ ဤမျှအကြာကြီး ပင်ပင်ပန်းပန်း ကျင့်ကြံနေစရာ လိုမည် မဟုတ်ပေ။

သို့သော်ငြား ဤသို့သောကိစ္စမျိုးကို အလျင်လို၍ မရနိုင်ချေ။

ချက်ပြုတ်ခြင်းလိုပင်၊ အလျင်လိုလျှင် အမှားပါတတ်ပေသည်။ အရမ်းမြန်လွန်းလျှင် အရသာ ပျက်သွားနိုင်သည်။ သဘောတရားချင်း အတူတူသာ ဖြစ်၏။

‘ချစ်ခြင်းမေတ္တာကူ’ ကူးစက်ခံထားရလျှင်ပင် ချစ်ခင်မှုအတိုင်းအတာ ရာနှုန်းပြည့်ရောက်ထိတိုင် စောင့်ဖို့ လိုအပ်သည်။ ထိုမှသာ အကျိုးကျေးဇူးအစစ်အမှန်ကို ရရှိနိုင်ပေမည်။

သို့မဟုတ်ပါက၊ အနည်းနှင့်အများ ချို့ယွင်းချက်များ ရှိလာနိုင်သည်။ ယခုကဲ့သို့ သဘာဝကျကျ ဖြစ်လာမှသာ အကျိုးကျေးဇူးများကို အများဆုံး ရရှိနိုင်မည် ဖြစ်သည်။

သူသည် ဤအခြေအနေကို တွေ့ကြုံဖူးပြီးသား ဖြစ်ရာ သဘာဝအတိုင်း အလျင်လိုနေမည် မဟုတ်ချေ။ ထို့အပြင့် ယခုမှ အဆင့်တက်ခြင်းသည်လည်း များစွာ နောက်မကျသေးပေ။

အခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် သူ၏အရှိန်သည် အဆပေါင်းများစွာ တိုးတက်နေသည်မှာ သေချာပေ၏။

"ကျင့်ကြံခြင်းစွမ်းအားတင် မကဘူး.. ငါ့ရဲ့ နတ်ဘုရားအာရုံတောင် နှစ်ဆကျော် တိုးလာတာပဲ…"

ကျိုးစွေ့၏ အသိစိတ် လှုပ်ရှားသွားပြီး သူ၏နတ်ဘုရားအာရုံ တိုးတက်မှုကို အာရုံခံမိလိုက်သည်။

သူ၏ နတ်ဘုရားအာရုံသည် တားဆီးမရနိုင်အောင် ကျယ်ပြန့်သွားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကို လွှမ်းခြုံသွားလေသည်။

ယခင်က သူ၏ နတ်ဘုရားအာရုံသည် မိုင် (၂၀၀)၊ (၃၀၀)ခန့်သာ လွှမ်းခြုံနိုင်သော်လည်း ယခုအခါ မိုင်(၈၀၀)အထိ ချက်ချင်း တိုးချဲ့သွားခဲ့သည်။ ဤသည်မှာ သူ၏ နတ်ဘုရားအာရုံအတွက် အမှန်တကယ် အံ့မခန်းဖွယ် အတိုင်းအတာ ဖြစ်သည်။

ထိုအတိုင်းအတာသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။

အကယ်၍ သူ၏ နှလုံးသားမျက်လုံးစွမ်းအားကိုပါ ပေါင်းထည့်လိုက်လျှင် သူ၏ အာရုံခံနိုင်စွမ်းသည် မိုင်(၈၀၀၀)အထိ လွှမ်းခြုံနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော အချက်အလက်များသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထင်ရှားသည်မှာ၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေး စွမ်းအားများသည် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခုကို ကြုံတွေ့ခဲ့ရသည်။

"ဟုတ်ပြီ... အချက်အလက်ပြမျက်နှာပြင်ပေါ်က အချက်အလက်တွေကို စစ်ဆေးကြည့်ရအောင်…"

ထိုအတွေးဖြင့် ကျိုးစွေ့သည် သူ၏ အချက်အလက်ပြ မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်လေသည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ရွှေအမြုတေ နှောင်းပိုင်းအဆင့် (တိုးတက်မှု ၁%)၊ သက်တမ်း - ၈၅ (၈၀၀၀ နှစ်) ]

[ ပင်ကိုပါရမီ - စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ် (၄၀%) ]

[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၉၅%) ]

[ အဆောင်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၄၀%) ]

[ အစီအရင်ပညာ - စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် (၉၉%) ]

[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အထွတ်အထိပ်အဆင့် (၄၀%) ]

[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - မဟာဆရာသခင်အဆင့် (၁၀%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၈၀%) ]

[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း ပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]

[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး အာရုံခံခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကား ]

[ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - အကြီးစားအောင်မြင်မှုအဆင့် ၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့် ၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့် ၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့် ၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့် ၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့် ၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့် … ]

[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အထွတ်အထိပ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်လေး အောက်‌ခြေအဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ 'မိုးကြိုးကပ်ဘေးကူ’- အဆင့်သုံး အထွတ်အထိပ်အဆင့်။ ]

"အမှန်ပဲ... ငါ့သက်တမ်းလည်း တိုးလာပြီ…"

ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ချက်ချင်း ကျေနပ်အားရသွားလေသည်။

ထင်ရှားသည်မှာ၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်းဖြင့် သူသည် သူ၏ကိုယ်ပိုင် သက်တမ်း ကန့်သတ်ချက်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤအချက်က သူ၏ သက်တမ်းကို နှစ်ပေါင်း (၈၀၀၀)အထိ တွန်းပို့ပေးလိုက်သည်။

ဤကဲ့သို့သော သက်တမ်းမျိုးကို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများပင် ပိုင်ဆိုင်နိုင်ခြင်း မရှိပေ။

အကယ်၍ သူသာ လူ့လောကတွင် နေထိုင်မည်ဆိုပါက မင်းဆက်ပေါင်း မည်မျှကို မျက်မြင်ကြုံတွေ့နိုင်မည်ကို ဘယ်သူ သိနိုင်မည်နည်း။

တစ်နည်းအားဖြင့် သူသည် ကျင့်ကြံခြင်းလောက၏ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ဖြစ်ပြီး၊ ၎င်း၏ သမိုင်းကြောင်းကိုပင် ကိုယ်စားပြုနေလေသည်။

အသက်ရှည်ခြင်းနှင့်အတူ ပါလာသော အကျိုးကျေးဇူးများသည် စိတ်ကူးကြည့်ရုံဖြင့် သိနိုင်ပေသည်။

သူသည် မိမိကိုယ်တွင်း၌ အကန့်အသတ်မရှိသော သက်စောင့်စွမ်းအားကို ခံစားလိုက်ရသည်။

သာမန်လောကတွင် အသက် (၈၅)နှစ်ရှိသော အဘိုးအိုတစ်ဦးအဖြစ် ထင်ရသော်လည်း သူ၏ နှစ်ပေါင်း (၈၀၀၀)သက်တမ်းနှင့် နှိုင်းယှဉ်လျှင် သူသည် ကလေးတစ်ယောက်သာ ရှိသေးသည်။

ရှည်လျားသော ဘဝခရီးလမ်းအား စတင်ရုံသာ ရှိသေးသည်။

"အဓိက ကူကောင်တွေ အားလုံးရဲ့ စွမ်းအားလည်း တိုးတက်လာပြီပဲ…"

ကျိုးစွေ့ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကူကောင် (၁၂)ကောင်သည်လည်း သူ၏ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ စွမ်းအား မြင့်တက်လာကြသည်။ သူတို့အားလုံး အဆင့်တက်သွားကြပြီး အဆင့်သုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားကြကာ သူတို့၏ စွမ်းအားသည် ကမ္ဘာမြေကို တုန်လှုပ်စေသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။

သို့သော် စွမ်းအား အများဆုံး တိုးတက်လာသည်မှာ 'အိပ်မက်ဝိညာဉ်ကူ'ဖြစ်ပြီး အဆင့်လေး အောက်ခြေနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားသည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်ပေသည်။

"အဆင့်လေး အောက်ခြေအဆင့် 'အိပ်မက်ဝိညာဉ်ကူ’က ဘယ်လို စွမ်းအားမျိုး ပိုင်ဆိုင်ထားမလဲ…"

ဤအကြောင်း တွေးမိသောအခါ ကျိုးစွေ့ အလွန် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။

သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး 'အိပ်မက်ဝိညာဉ်ကူ'နှင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။

All Chapters