အခန်း (၁၇၃၇-၁၇၃၉)
Vol. 92 Ch. 1737-1739
အခန်း (၁၇၃၇) - မင်းက ငါ့ကို ဘာနဲ့ လာယှဉ်ချင်တာလဲ
~ရေနံနိုင်ငံ သူဌေးကြီး ပြောခဲ့သည့်စကား မှန်ကန်ကြောင်း သက်သေပြလိုက်သကဲ့သို့ပင်…။
ရေနံနိုင်ငံ သူဌေးကြီး တိုင်ကြားစာ ပို့ပြီး မကြာမီမှာပင် အက်ဒီလိတ် လီဘိုရာအို ဆီသို့ ဖုန်းဝင်လာ၏။
သို့သော် ဖုန်းပြောပြီးနောက်... သူ ဂရုစိုက်ပုံ မရပေ။
ဖုန်းချပြီးသည်နှင့် တပြိုင်နက် ရေနံနိုင်ငံ သူဌေးကြီးကို လှမ်းပြောလိုက်၏။
"တော်ဝင်မိသားစုက တိုင်ကြားစာဌာန တာဝန်ခံက... ကျွန်တော့်ကို ခင်ဗျားအပေါ် နည်းနည်းလောက် ပိုပြီး ဖော်ရွေပေးပါလို့ပဲ လိမ္မာပါးနပ်စွာ အကြံပေးတယ်... တခြား ဘာမှ မပြောဘူး"
"ခင်ဗျား ဆက်ပြီး တိုင်ချင်သေးလား"
"ဆက်တိုင်ချင်ရင် ခုနက နံပါတ်ကိုပဲ ထပ်ခေါ်လိုက်"
ရေနံနိုင်ငံ သူဌေးကြီး အံ့ဩထိတ်လန့်သွားရှာ၏။
"မင်း..."
"မင်း ဘာဖြစ်လဲ"
အက်ဒီလိတ် လီဘိုရာအို မဲ့ပြုံး ပြုံးလိုက်၏။
"ခင်ဗျားကို အမှန်အတိုင်း ပြောပြလိုက်တာ ပိုကောင်းမယ်"
"နေမဝင်အင်ပါယာရဲ့ တိုင်ကြားစာဌာန တာဝန်ခံက အန်းကျူ မိသားစုဝင် တစ်ယောက်ပဲ... အမှန်အတိာင်ူ ပြောရရင် သူက ကျွန်တော့်ကို ဝမ်းကွဲအစ်ကို လို့ ခေါ်ရမယ့်သူ"
"ဒီနေရာမှာ ဒိုင်လူကြီးတွေရော... ဆုံးဖြတ်ပေးမယ့် သူတွေရော... အကုန်လုံးက ကျွန်တော့်လူတွေချည်းပဲ... ခင်ဗျားက ကျွန်တော့်ကို ဘာနဲ့ လာယှဉ်ချင်တာလဲ"
ရေနံနိုင်ငံ သူဌေးကြီး စကားမပြောနိုင်တော့ပေ။
အက်ဒီလိတ် လီဘိုရာအို သည် လက်ထဲမှ ဖောင်တိန်ကို စားပွဲပေါ် ပစ်ချလိုက်၏။
"ကဲ... ပြောရရင် ခင်ဗျားတို့ နိုင်ငံခြားသားတွေ အားလုံးအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတယ်"
"တစ်ခုက ကျွန်တော့် စည်းကမ်းအတိုင်း လိုက်နာပြီး... ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ ပိုင်ဆိုင်မှု ရင်းမြစ် အထောက်အထားတွေကို လိမ္မာပါးနပ်စွာ ယူလာပြီး ငွေကြေး စိစစ်အတည်ပြုမှု ခံယူမလား... ဒါမှမဟုတ် အခုချက်ချင်း ဒီကနေ ထွက်သွားမလား"
"မင်းတို့က ဓားပြတွေပဲ"
ရေနံနိုင်ငံ သူဌေးကြီး ရူးသွားမတတ် ဖြစ်နေရှာ၏။
"ဒီလို အဓိပ္ပာယ်မရှိတဲ့ ပရဟိတ လေလံပွဲမှာ ငါ မပါဘူးကွာ"
"မင်းတို့ဘာသာ မင်းတို့ ကစားကြတော့"
ပြောပြောဆိုဆိုပင် သူသည် ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန်မှလွဲ၍ ကျန်သော သူဌေးအများစုမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
နေမဝင်အင်ပါယာတွင် အဆက်အသွယ် ရှိသည်ဟု ထင်သော သူဌေးများသည် ဖုန်းကို ကောက်ကိုင်ကာ အဆက်အသွယ်များထံ ဖုန်းဆက်ကြသည်။
အဆက်အသွယ် အားမကိုးရဟု ထင်သော သူဌေးများသည် အက်ဒီလိတ် လီဘိုရာအို၏ မျက်နှာထားကို တစ်ချက်ကြည့်ပြီး ခေါင်းခါကာ လက်လျှော့လိုက်ကြ၏။
နေမဝင်အင်ပါယာမှ ပြည်တွင်း သူဌေးအချို့သာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားများဖြင့် ကျန်ရှိနေသည်။ သူတို့သည် အက်ဒီလိတ် လီဘိုရာအို နှင့် ခဏတာ စကားစမြည် ပြောဆိုပြီး၊ ငွေကြေး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ကာ လေလံပွဲ ဝင်ခွင့် လက်မှတ်ကို အောင်မြင်စွာ ရရှိသွားကြ၏။
ချန်းဖေးအယ်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
"ဘယ်လို လုပ်ကြမလဲ"
"ဒီလူက နိုင်ငံခြားသားတွေကို မုန်းတီးပြီး ခွဲခြားဆက်ဆံနေတာ သေချာတယ်"
"ဘယ်သူ့ကို သွားပြောရမလဲ"
ယဲ့ဖန် ခေါင်းခါလိုက်၏။
"တောင်းပန် အသနားခံဖို့ မလိုပါဘူး"
"ဒီလူ့ရဲ့ အခြေအနေကို ကိုယ် ကောင်းကောင်း သိပြီးသား... လူအများစုက သူ့ကို ပြောလို့ရမှာ မဟုတ်ဘူး"
"သူ့ဦးနှောက်က နဂိုကတည်းက နည်းနည်း ချို့ယွင်းနေတာ"
"ဒါဆို ဘယ်လို လုပ်မလဲ"
ချန်းဖေးအယ် ပို၍ စိတ်လှုပ်ရှားလာ၏။
"ဒီ နှစ်ပတ်လည် ပရဟိတ လေလံပွဲ အခွင့်အရေးက ကျွန်မတို့အတွက် အရမ်း အရေးကြီးတယ်"
"အနာဂတ်မှာ ကိစ္စတော်တော်များများကို လုပ်ဆောင်ဖို့အတွက်... ဒါက မမြင်ရတဲ့ အကျိုးကျေးဇူးတွေနဲ့ အခွင့်အလမ်းတွေ အများကြီး ပေးနိုင်တယ်"
"ဒီအတိုင်း လက်လျှော့လိုက်ရရင် နှမြောစရာကြီး"
ယဲ့ဖန် ခေါင်းခါလိုက်ပြန်သည်။
"ကိုယ် လက်လျှော့မယ်လို့ မပြောပါဘူး"
"တောင်းပန် အသနားခံမယ့်လူ ရှာလို့ မရပေမယ့်... ဖိအားပေးနိုင်မယ့်လူ ရှာလို့ ရပါသေးတယ်"
"ဖိအားပေးမယ့်လူ ဟုတ်လား"
ချန်းဖေးအယ် နားမလည်နိုင် ဖြစ်နေဆဲပင်။
ထိုအချိန်တွင် ကိုရီးယားနိုင်ငံမှ သူဌေး တစ်ဦးသည် အဆက်အသွယ် တစ်စုံတစ်ရာ ရရှိထားပုံရသည်။ သူသည် အပြုံးပန်း ဆင်မြန်းလျက် အက်ဒီလိတ် လီဘိုရာအို ၏ ရှေ့သို့ လျှောက်သွားလိုက်၏။
"မင်္ဂလာပါ မစ္စတာ လီဘိုရာအို... ကျွန်တော်က ဗိုင်းကောင့် ဆစ်လ်ဗာဆန် (Viscount Silverson) ရဲ့ မိတ်ဆွေပါ"
"ဗိုင်းကောင့် ဆစ်လ်ဗာဆန် က ပြောတယ်... သူက ခင်ဗျားနဲ့ တော်တော် ရင်းနှီးတယ်တဲ့... ခင်ဗျားနဲ့ ဖုန်းပြောချင်လို့တဲ့"
ပြောပြောဆိုဆိုပင် သူသည် ဖုန်းကို လက်နှစ်ဖက်ဖြင့် ယဉ်ကျေးစွာ ကမ်းပေးလိုက်၏။
သို့သော် အက်ဒီလိတ် လီဘိုရာအို သည် ဖုန်းကို ယူပြီး စကားတစ်ခွန်းနှစ်ခွန်းသာ ပြောကာ ပြန်ပစ်ပေးလိုက်သည်။
"အချိန်ဖြုန်းမနေနဲ့... သူငယ်ချင်း မိတ်ဆွေတွေကနေ တဆင့် ငါ့ကို စည်းရုံးဖို့ မကြိုးစားနဲ့... မဖြစ်နိုင်ဘူး"
"ငါ ပြောပြီးသားလေ... ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတယ်"
"တကယ်လို့ ပြစ်မှုကင်းရှင်းကြောင်းနဲ့ ဝင်ငွေ ရင်းမြစ် တရားဝင်ကြောင်း မပြနိုင်ရင်... ပြန်ကြတော့"
ကိုရီးယား သူဌေး၏ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားရှာ၏။
အဆက်အသွယ် ရှာနေကြသော အခြား နိုင်ငံခြားသား သူဌေးများသည်လည်း မျက်နှာပျက်ကုန်ကြသည်။
"ရှင်ပြောတာ မှန်တယ်"
ချန်းဖေးအယ်သည် ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်၏။
"ဒီလူက တကယ် ခေါင်းမာတာပဲ... ဘယ်သူပြောပြော မရဘူး"
ယဲ့ဖန် ပြန်ပြုံးပြလိုက်၏။
"ငါလည်း ဖုန်းတစ်ချက်လောက် ဆက်လိုက်ဦးမယ်"
ပြောပြောဆိုဆိုပင် သူသည် အန်းကျူပရင့်စ်ထံ ဖုန်းဆက်ပြီး အခြေအနေကို ပြောပြလိုက်သည်။
"ဒီလူကတော့လေ"
အန်းကျူပရင့်စ်သည် ဖုန်းထဲမှ အခြေအနေကို ကြားသိလိုက်ရသောအခါ ပြောစရာစကား ပျောက်ရှသွား၏။
"ကျွန်မ.. အာလ် အက်ဒီလိတ်ကို တိုက်ရိုက် ဖုန်းဆက်လိုက်မယ်"
"ခဏလောက် စောင့်နော် အချစ်"
"ဒီကိစ္စကို ကျွန်မ ကိုယ်တိုင် ဖိအားပေးရင်တောင် သိပ်ထိရောက်မှာ မဟုတ်ဘူး"
"အာလ် အက်ဒီလိတ် ကိုယ်တိုင် ဖြေရှင်းမှ ရမယ်"
ယဲ့ဖန်သည် ဘယ်သူပဲ လာရှင်းရှင်း ဂရုမစိုက်ပေ။ ပြဿနာ ပြေလည်သွားဖို့သာ အဓိက ဖြစ်သည်။ သူသည် အန်းကျူပရင့်စ်အား အကျဉ်းချုံး မှာကြားလိုက်ပြီး ဖုန်းချလိုက်၏။
ဖုန်းချပြီးနောက် ချန်းဖေးအယ်သည် သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှင် ဘယ်သူ့ဆီ ဖုန်းဆက်လိုက်တာလဲ"
"ဘာလို့ အသံက ပျိုပျိုမြစ်မြစ် အလှပဂေးလေး တစ်ယောက်ရဲ့ အသံနဲ့ တူနေရတာလဲ"
"အဲ့ဒီလူက အက်ဒီလိတ် လီဘိုရာအို ကို ဖိအားပေးနိုင်လို့လား"
ယဲ့ဖန်က ချန်းဖေးအယ် မနာလို ဖြစ်နေသည်ဟု သံသယ ဝင်မိ၏။ သူမ၏ နှာခေါင်းလေးကို ချက်ချင်း တောက်လိုက်သည်။
"ဘာလို့ 'ပျိုပျိုမြစ်မြစ် အလှပဂေးလေး' ဆိုတဲ့ နေရာမှာ အသံဖိပြီး ပြောရတာလဲ"
"ကိုယ့်ဆီက သတင်းနှိုက်ချင်နေတာလား"
"လာမထိနဲ့"
ချန်းဖေးအယ် သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်စောင်းထိုးလိုက်၏။
"မေးတာကို ရိုးရိုးဖြေ"
"ဘယ်သူ့ဆီ ဖုန်းဆက်လိုက်တာလဲ"
"အဲ့ဒီလူက ကိုယ်တို့ရဲ့ လက်ရှိ ပြဿနာကို ဖြေရှင်းပေးနိုင်မှာလား"
ယဲ့ဖန် သူမ၏ မေးခွန်းထဲမှ ထောင်ချောက်တချို့ကို တမင်တကာ လျစ်လျူရှုလိုက်ပြီး ပြုံးလိုက်သည်။
"ကိုယ်ကို စိတ်ပူနေတုန်းပဲလား"
"ကိုယ်က မသေချာတဲ့ စစ်ပွဲကို ဘယ်တော့မှ မတိုက်ပါဘူး"
"ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်လိုက်ပါ... မကြာခင် အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မယ်ကွ"
ချန်းဖေးအယ်သည် ထိုအဖြေကို ကျေနပ်ပုံ မရပေ။ ဆက်မေးရန် ပြင်လိုက်စဉ်မှာပင်...
ဆိုသဘီး လေလံအိမ်၏ အစည်းအဝေး ခန်းမ အပြင်ဘက်မှ ဆူညံသော ဆွေးနွေးသံများ ထွက်ပေါ်လာ၏။
"ဟာ... ဒါ အာလ် အက်ဒီလိတ် မဟုတ်ဘူးလား"
"ဘာဖြစ်တာလဲ... ဘာလို့ သူ ဒီကို အလျင်စလို ရောက်လာတာလဲ... ပြီးတော့ ကြည့်ရတာ နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲ ယာယီ ရုံးခန်းဆီ တန်းတန်းမတ်မတ် သွားနေတဲ့ ပုံပဲ"
"ဘာဖြစ်ခဲ့လဲ ဆိုတာ သိတဲ့လူ ရှိလား"
"အာလ် အက်ဒီလိတ် လို သူကောင်းမျိုးနွယ် တစ်ယောက်က... ပြီးတော့ ဒီလောက် အသက်ကြီးနေပြီ ဖြစ်တဲ့သူက... ယုတ္တိနည်းကျကျ ပြောရရင် ဒီလို ကိစ္စတွေမှာ ဝင်မပါသင့်တော့ဘူးလေ... ဘာလို့ ဒီနေ့မှ ရောက်လာတာလဲ"
"..."
ဆွေးနွေးသံများနှင့်အတူ ရှုပ်ထွေးပွက်လောရိုက်မှုများလည်း ပါဝင်လာ၏။
ထို့နောက် လူတစ်စုသည် ဆိုသဘီး လေလံအိမ်၏ အစည်းအဝေး ခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြသည်။
ထိုလူအုပ်ကြီး၏ ရှေ့ဆုံးတွင်... အသက်ကြီးသော်လည်း သန်မာ ဖျတ်လတ်နေဆဲ ဖြစ်သော သူကောင်းမျိုးနွယ် အဘိုးအို တစ်ဦး ဦးဆောင်လာလေတော့သည်။
အခန်း (၁၇၃၈) - ဦးနှောက်ကို ခွေးကျွေးထားတဲ့ကောင်
~ဆိုသဘီး လေလံအိမ်၏ အစည်းအဝေး ခန်းမကြီး တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွား၏။
အားလုံးနီးပါး မိမိတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး လှမ်းကြည့်လိုက်ကြသည်။
စောစောက မောက်မာနေခဲ့သော အက်ဒီလိတ် လီဘိုရာအို ပင်လျှင် ထိပ်ဆုံးထိုင်ခုံမှ ထရပ်လိုက်ပြီး၊ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ရ၏။
"အဖေ... ဘာလို့ ဒီထိ ရောက်လာတာလဲ"
အာလ် အက်ဒီလိတ် သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး၊ လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်၏။
လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်ပြီးနောက်၊ တစ်ဦးတည်းသော တရုတ်လူမျိုးများ ဖြစ်ကြသည့် ယဲ့ဖန်နှင့် ချန်းဖေးအယ် တို့ကို လှမ်းကြည့်လိုက်သည်။
"မစ္စတာယဲ့ နဲ့ မစ္စတာယဲ့ရဲ့ လက်ထောက်များလား ခင်ဗျာ"
ချန်းဖေးအယ်သည် ထိုစကားကို ကြားလိုက်ရသောအခါ ကြောင်အနေဆဲ ဖြစ်ပြီး၊ ချက်ချင်း မတုံ့ပြန်နိုင်သေးပေ။
ယဲ့ဖန်ကမူ ချက်ချင်း သဘောပေါက်လိုက်
၏။ အာလ် အက်ဒီလိတ် ဆိုတာ အန်းကျူပရင့်စ် စီစဉ်ပေးလိုက်သော ဖြေရှင်းနည်းပဲ ဖြစ်ရမည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"မင်္ဂလာပါ အာလ် အက်ဒီလိတ်... ကျွန်တော်က ယဲ့ဖန် ပါ... ပရင့်စ်ရဲ့ သူငယ်ချင်းပါ"
အာလ် အက်ဒီလိတ် သည် သူ့အနားသို့ အပြေးအလွှား ရောက်ရှိလာ၏။
ထို့နောက် ယဲ့ဖန်၏ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့... နေမဝင်အင်ပါယာရဲ့ မလှပတဲ့ အခြမ်းကို မြင်တွေ့သွားစေမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"
"ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မမလေး ပရင့်စ် ဆီကနေ ကျုပ် အကုန်ကြားပြီးပါပြီ"
"စိတ်ချပါ... မစ္စတာယဲ့ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုး ပေးပါ့မယ်... ပြီးတော့ မတရား ဆက်ဆံခံခဲ့ရတဲ့ ကမ္ဘာအနှံ့က သူဌေးတွေကိုလည်း ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ပေးပါ့မယ်"
ယဲ့ဖန် ပြန်ပြုံးပြလိုက်ပြီး အလျင်စလို ပြန်မပြောပေ။
သို့သော် အာလ် အက်ဒီလိတ် သည် ယဲ့ဖန်၏ တုံ့ပြန်မှုကို လုံးဝ ဂရုစိုက်ပုံ မရပေ။ ယဲ့ဖန်၏ လက်ကို အားပါပါ ဆွဲနှုတ်ဆက်ပြီးနောက်၊ သူသည် ရုတ်တရက် နောက်လှည့်လိုက်ပြီး... ကြောင်တောင်တောင် ဖြစ်နေသော အက်ဒီလိတ် လီဘိုရာအို ကို ပါးရိုက်ပစ်လိုက်လေတော့သည်။
"ဖြောင်း"
"ကောင်စုတ်လေး"
"ငါ မင်းရဲ့ ပြဿနာတွေကို လိုက်ရှင်းပေးနေရတာ မလောက်သေးဘူးလား... ဘုရင်မကြီးနဲ့ အင်ပါယာ သူကောင်းမျိုးနွယ်တွေ အားလုံးရဲ့ ရှေ့မှာ ငါ့ကို အရှက်ခွဲချင်နေတာလား"
အက်ဒီလိတ် လီဘိုရာအို ကြောင်နေဆဲပင်။
ဖခင်ဖြစ်သူ၏ အားပါသော ပါးရိုက်ချက်ကြောင့် ခေါင်းလည်ထွက်သွားသော်လည်း၊ သူ၏ မျက်နှာပေါ်တွင် နစ်နာသည်ဟူသော အမူအရာ ပေါ်နေဆဲပင်။
"အဖေ... ကျွန်တော် ဘာမှ မလုပ်ပါဘူး..."
"ဖြောင်း"
အာလ် အက်ဒီလိတ် ပိုမို ဒေါသထွက်လာပြီး၊ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်၏။
"မင်းခေါင်းက အရပ်ရှည်အောင်သက်သက် လုပ်ထားတာလား"
"ခုနက မင်း ဘာလုပ်ခဲ့လဲ ဆိုတာ ဒီလောက် မြန်မြန် မေ့သွားပြီလား"
"နေမဝင်အင်ပါယာရဲ့ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းချင်တဲ့ ကမ္ဘာအနှံ့က သူဌေးတွေကို မင်း တမင်တကာ အခက်တွေ့အောင် လုပ်နေတာက ကိစ္စသေးသေးလေးလို့ ထင်နေတာလား"
အက်ဒီလိတ် လီဘိုရာအို သည် ဖခင်ဖြစ်သူ ဘာကြောင့် ဒေါသထွက်နေသည်ကို နားလည်သွားပုံရ၏။ သူသည် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
"အဖေ... ဒါက ကိစ္စကြီး မဟုတ်လောက်ပါဘူး"
"သူတို့က… ဟို အနံ့နံတဲ့ နိုင်ငံတွေက ဓနရှင်တွေပါ"
"သူတို့က နေမဝင်အင်ပါယာမှာ ဘာအခြေခံမှ ရှိတာ မဟုတ်ဘူး"
"ကျွန်တော် သူတို့ကို နည်းနည်းပါးပါး ပိတ်ပင်တားဆီးလိုက်ရုံနဲ့... သူတို့က ကျွန်တော်တို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး"
"..."
အာလ် အက်ဒီလိတ် သွေးတိုးသွားမတတ် ဖြစ်သွား၏။ သူသည် အက်ဒီလိတ် လီဘိုရာအို ကို လက်ညှိုးထိုးပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာသည်။
"အိမ်ထောင်ရေး အဆင်မပြေတာတွေကြောင့် မင်း နည်းနည်းလောက် ရူးသွားတာ နေမှာပါလို့ ငါ တွေးထားခဲ့တာ"
"ဒါပေမဲ့ ဒီနေ့တော့ ငါ အမှန်အတိုင်း သိလိုက်ရပြီ... မင်းက ရူးနေတာ မဟုတ်ဘူး... မင်းက ဦးနှောက်ကို ခွေးကျွေးထားတဲ့ ကောင်ပဲ"
"ဒီ နှစ်ပတ်လည် ပရဟိတ လေလံပွဲရဲ့ မူလ ရည်ရွယ်ချက်ကို မင်း ထည့်စဉ်းစားခဲ့ရဲ့လား... ဒါက အင်ပါယာရဲ့ လျော့နည်းနေတဲ့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းဖို့ပဲ... တခြားနည်းနဲ့ ပြောရရင် ဘုရင်မကြီးရဲ့ ပိုက်ဆံအိတ်ကို ဖြည့်ပေးဖို့ပဲကွ"
"နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲကို စိတ်ဝင်စားပြီး လာကြတဲ့ သူဌေးတွေ အားလုံးက ဘုရင်မကြီးရဲ့ အရေးကြီးတဲ့ ဖောက်သည်တွေပဲ"
"မင်းက အခု ဒီဖောက်သည်တွေကို အခက်တွေ့အောင် လုပ်နေတယ်... သူတို့က လောလောဆယ် မင်းကို ဘာမှ မလုပ်နိုင်တာ မှန်ရင် မှန်လိမ့်မယ်... သူတို့ တိုင်ကြားရင်တောင် မင်းကို ဘာမှ ထိခိုက်မှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီကိစ္စ ဘုရင်မကြီး နားထဲ ရောက်သွားရင် ဘာဖြစ်မလဲ ဆိုတာ မင်း စဉ်းစားဖူးလား"
"..."
အက်ဒီလိတ် လီဘိုရာအို ထိတ်လန့်လာလေ၏။
အရင်တုန်းက သူ သိပ်မစဉ်းစားမိခဲ့။
နိုင်ငံခြား သူခိုးမတွေ
၏ လိမ်လည်မှုနှင့် အမြတ်ထုတ်မှုတွေကို အကြိမ်ကြိမ် ခံခဲ့ရ၍.. နိုင်ငံခြားသားတွေကို မြင်လျှင် စိတ်ဒဏ်ရာ ရသလို ဖြစ်ပြီး မုန်းတီးနေခဲ့သည်။ ဒါကြောင့် အခွင့်အရေး ရတုန်း ဒေါသထွက်ပေါက် ရှာလိုက်ခြင်း ဖြစ်၏။
သို့သော်၊ အခု သူ့အဖေက ပြဿနာ၏ အဓိက အချက်ကို ထောက်ပြလိုက်တော့မှ... သူ ဒီတစ်ခါ ပြဿနာ အကြီးကြီး ရှာမိလိုက်မှန်း သဘောပေါက်သွား၏။
သူက ဘုရင်မကြီး၏ ဖောက်သည်တွေကို ဒုက္ခပေးပြီး... ဘုရင်မကြီး၏ ငွေရှာမည့် လမ်းကြောင်းကို ပိတ်ပင်နေမိသည်ပင်။
ဒီကိစ္စသာ ဘုရင်မကြီး နားထဲ ရောက်သွားရင် မိမိ သေလိမ့်မည်။
မိမိတင် မက၊... အက်ဒီလိတ် မိသားစု တစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်၏။
ထို့ကြောင့်၊ သူ့အဖေ အာလ် အက်ဒီလိတ် ကိုယ်တိုင် အပြေးအလွှား လာရှင်းပေးရသည်ကိုး။
အက်ဒီလိတ် လီဘိုရာအို ၏ ခြေထောက်များ ပျော့ခွေသွားပြီး၊ အသံများ တုန်ရီလာ၏။
"အဖေ... ကျွန်တော် အရင်က အဲ့ဒါကို မစဉ်းစားမိဘူး"
“ဘယ်လို လုပ်ရမလဲ အခု”
"ကျွန်တော် ဘုရင်မကြီးရဲ့ ငွေရှာတာကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး..."
"ဖြောင်း"
အာလ် အက်ဒီလိတ် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြီး၊ နာကြည်းစွာ ပြောလိုက်၏။
"ငါ့ကို လာပြောနေလို့ ဘာထူးမှာလဲ"
"ငါက ဘုရင်မကြီးရဲ့ ဖောက်သည်တွေ ကိုယ်စား မင်းကို ခွင့်လွှတ်ပေးလို့ ရမလား... ငါက ဘုရင်မကြီးရဲ့ ဖောက်သည်တွေရဲ့ မကျေနပ်မှုတွေကို မင်းအစား ဖြေရှင်းပေးလို့ ရမလား"
"မင်း တောင်းပန်ရမယ့်သူကိုတောင် မသိဘူးလား"
ဒီစကားတွေ၏ အဓိပ္ပာယ်က တော်တော် လေးနက်သည်ဟု ပြော၍ ရသည်။
အက်ဒီလိတ် လီဘိုရာအို ဘယ်လောက်ပဲ တုံးအပါစေ... သူ့အဖေ၏ ဆိုလိုရင်းကို နားလည်လိုက်၏။
သူသည် ပါးစပ်ထောင့်မှ သွေးစများကို မသုတ်တော့သလို... ဖခင်ဖြစ်သူ၏ လက်ချက်ကြောင့် ရောင်ရမ်းနေသော မျက်နှာကိုလည်း ဂရုမစိုက်တော့ပေ။ သူသည် ယဲ့ဖန်နှင့် ချန်းဖေးအယ် ဘက်သို့ အလျင်အမြန် လှည့်လိုက်သည်။
"မစ္စတာယဲ့... ကျွန်တော် တကယ် တောင်းပန်ပါတယ်"
"ခုနက ကျွန်တော် မိုက်မဲမိပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတို့၊ ပိုင်ဆိုင်မှု ရင်းမြစ် အထောက်အထားတို့ ဘာမှ မလိုပါဘူး"
"ကျွန်တော်တို့ အင်ပါယာရဲ့ နှစ်ပတ်လည် ပရဟိတ လေလံပွဲမှာ ပါဝင်နိုင်မယ့် သတ်မှတ်ချက် ပမာဏအထိ ပိုင်ဆိုင်မှု ရှိတယ် ဆိုရင်... လေလံပွဲ ဖိတ်ကြားစာ ရရှိနိုင်ပါတယ်"
ချန်းဖေးအယ် အသိပြန်မဝင်သေးပေ။ သူမသည် ယဲ့ဖန်နှင့် အက်ဒီလိတ် လီဘိုရာအို ကို ကြောင်ငေးကြည့်နေမိ၏။
ယဲ့ဖန် ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော်က တန်းစီနေတုန်းပဲလေ... စစ်ဆေးမှု ခံယူရမယ့် အလှည့်တောင် မရောက်သေးပါဘူး"
"မစ္စတာ အက်ဒီလိတ် လီဘိုရာအို တောင်းပန်ချင်တယ် ဆိုရင်... ငွေကြေး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ် ပြီးသွားတဲ့ သူဌေးတွေကို အရင် တောင်းပန်သင့်တယ် ထင်တယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ခင်ဗျားပြောတာ မှန်ပါတယ်"
အက်ဒီလိတ် လီဘိုရာအို သည် ပြုစားခံထားရသကဲ့သို့ လိမ္မာနေ၏။ ယဲ့ဖန်ကို ခေါင်းညိတ် ဦးညွှတ်ပြီးနောက်၊ ရှိနေသော သူဌေးကြီးများဘက်သို့ လှည့်လိုက်သည်။
"လူကြီးမင်းတို့ ခင်ဗျာ... ကျွန်တော် တကယ် တောင်းပန်ပါတယ်"
"ကျွန်တော် အရင်က မိုက်မဲမိပါတယ်"
"ကျွန်တော် အပြစ်ပေးခံရဖို့ ဆန္ဒရှိပါတယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ"
“....”
အခန်း (၁၇၃၉) - အဘွားကြီးက ကျွန်တော့် မာန်မာနကို ဖောက်ထွင်းမြင်လိုက်တယ်
~"ကျွန်တော်... နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲ စီစဉ်သူ ရာထူးကနေ နုတ်ထွက်ပါ့မယ်... ပြီးတော့ ကျွန်တော့်ကြောင့် မတရား ဆက်ဆံခံခဲ့ရတဲ့ ကမ္ဘာအနှံ့က သူဌေးတွေ အားလုံးကိုလည်း တောင်းပန်ပါတယ်"
အက်ဒီလိတ် လီဘိုရာအို သည် စကားပြောရင်း လူတိုင်းကို ၉၀ ဒီဂရီ ကိုင်းညွှတ် ဦးညွှတ်လိုက်၏။
ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်နေသော ဆိုသဘီး လေလံအိမ် ခန်းမကြီးသည် ချက်ချင်းပင် ဆွေးနွေးသံများဖြင့် ဆူညံသွားလေတော့သည်။
"ကောင်းလိုက်တာ"
"ခုနက ငါ့ရှေ့က သူဌေးတချို့က မိတ်ဆွေတွေကနေ တဆင့် အကူအညီ တောင်းတာတောင် အက်ဒီလိတ် လီဘိုရာအို က ငြင်းလွှတ်လိုက်တာ တွေ့ခဲ့ရတယ်... ငါလည်း နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲမှာ ပါဝင်ခွင့် မရတော့ဘူးလို့ ထင်နေတာ... မထင်မှတ်ထားဘဲ အလှည့်အပြောင်း ဖြစ်သွားတာပဲ"
"စိတ်အေးရပြီကွာ"
"ခုနက တကယ် ရင်တုန်နေတာ"
"အာလ် အက်ဒီလိတ် ရောက်လာတာ အချိန်ကိုက်ပဲ"
"ငါတို့ ပြဿနာ ပြေလည်သွားပြီ"
"ဒါပေမဲ့ စကားမစပ်... အာလ် အက်ဒီလိတ် ရောက်လာတာက ဟို တရုတ်လူငယ်လေးကြောင့် မဟုတ်ဘူးလား"
"ခုနက သူ့ရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ... နှစ်ပတ်လည် ပရဟိတ လေလံပွဲ စီစဉ်သူ ရုံးခန်းထဲ ဝင်လာတာနဲ့... ပထမဆုံး လုပ်တာက အဲ့ဒီ တရုတ်လူငယ်လေးကို ရှာပြီး လက်ဆွဲနှုတ်ဆက်တာပဲလေ... သူတို့က အဲ့ဒီ တရုတ်လူငယ်လေးအတွက် လာတာ သိသာတယ်"
"ဟုတ်တယ်... အားလုံးက ဒီ တရုတ်လူငယ်လေးရဲ့ ကျေးဇူးတွေချည်းပဲ"
"ငါ မြင်လိုက်တယ်... အက်ဒီလိတ် လီဘိုရာအို က တခြား သူဌေးတွေကို အခက်တွေ့အောင် လုပ်နေတာ မြင်တော့... အဲ့ဒီ တရုတ်လူငယ်လေးက ဖုန်းတစ်ချက် ဆက်လိုက်တယ်လေ... ပြီးတော့ သူက အရမ်း ယုံကြည်မှု ရှိတဲ့ပုံ ပေါက်နေတာ"
"ပြီးတော့ မင်းတို့ မကြားလိုက်ဘူးလား... အက်ဒီလိတ် လီဘိုရာအို က အဲ့ဒီ တရုတ်လူငယ်လေးကို ချက်ချင်း တောင်းပန်လိုက်တာလေ... တရုတ်လူငယ်လေးက ပြောလိုက်သေးတယ်... အက်ဒီလိတ် လီဘိုရာအို အနေနဲ့ အရင်က သူ အခက်တွေ့အောင် လုပ်ခဲ့တဲ့ သူဌေးတွေကို အရင် တောင်းပန်သင့်တယ်တဲ့"
"သံသယ ဝင်စရာ မလိုတော့ဘူး... ဒီတစ်ခါ ငါတို့ အားလုံး ဒီ တရုတ်လူငယ်လေးကို ကျေးဇူးတင်သင့်တယ်"
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့... ငါတို့လို လူတွေနဲ့ တန်းတူရပ်ပြီး ငွေကြေး စိစစ်အတည်ပြုမှု ခံယူနိုင်တယ် ဆိုမှတော့... သူ့ရဲ့ အဆင့်အတန်းက တကယ် ကြီးမားမှာပဲ"
"ငါတို့ ဝန်ခံချင်သည် ဖြစ်စေ၊ မခံချင်သည် ဖြစ်စေ... ငါတို့ သူ့ကို အကြွေးတင်သွားပြီလို့ ပြောရမှာပဲ"
"..."
အာလ် အက်ဒီလိတ် သည် ထိုစကားများကို ကြားလိုက်ရသောအခါ မတ်တတ်ရပ်လိုက်ပြီး တောင်းပန်သော လေသံဖြင့် ပြောလိုက်၏။
"လူကြီးမင်းတို့ ခင်ဗျာ... ကျွန်တော် တကယ် တောင်းပန်ပါတယ်"
"ခုနက ဖြစ်ခဲ့တဲ့ ကိစ္စတွေက လူတိုင်းကို စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေ ပေးခဲ့မိပါတယ်"
"စိတ်ချပါ... အက်ဒီလိတ် လီဘိုရာအို ကို ကျွန်တော်တို့ အပြစ်ပေးပါ့မယ်"
"ဒါ့အပြင်... ငွေကြေး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်နဲ့ နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲ ကာလတစ်လျှောက်လုံးမှာ... ကျွန်တော် ကိုယ်တိုင် လူကြီးမင်းတို့ကို ဝန်ဆောင်မှု ပေးသွားပါ့မယ်"
"ကျွန်တော်တို့ အင်ပါယာရဲ့ ဧည့်ဝတ်ကျေပွန်မှုကို လူကြီးမင်းတို့ ခံစားရအောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
"..."
ဘယ်သူကများ မကျေနပ်ချက် ထုတ်ပြောရဲတော့မည်နည်း။။
"အာလ် အက်ဒီလိတ်... ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ"
"နေမဝင်အင်ပါယာက တကယ် လှပပြီး၊ သမိုင်းကြောင်း ကြွယ်ဝတဲ့၊ သက်တောင့်သက်သာ ရှိတဲ့ နေရာတစ်ခုပါ"
"ဒီက အလှပဂေးလေးတွေဆီကနေ ဧည့်ဝတ်ကျေပွန်မှုကို ကျွန်တော်တို့ ခံစားပြီးသားပါဗျာ"
"ဒီနေ့ ကိစ္စ ပြေလည်သွားတာ ကောင်းပါတယ်"
"အခွင့်အရေး ရရင် ကျွန်တော်တို့ အတူတူ သောက်ကြတာပေါ့"
"..."
ဆိုသဘီး လေလံအိမ်၏ အစည်းအဝေး ခန်းမကြီးသည် မကြာမီပင် ပျော်ရွှင်ဖွယ်ရာနှင့် သဟဇာတ ဖြစ်သော နေရာတစ်ခု ဖြစ်လာလေတော့သည်။
အာလ် အက်ဒီလိတ် သည် အာလ် တစ်ယောက်၏ ဂုဏ်ဒြပ်နှင့် တကယ် ထိုက်တန်လှပေသည်။ သူသည် ဤကဲ့သို့သော အခမ်းအနားများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် ကျွမ်းကျင်ပြီး... နိုင်ငံအသီးသီးမှ သူဌေးတိုင်းနှင့် မိတ်ဖွဲ့နိုင်စွမ်း ရှိ၏။
ထို့အပြင် စကားပြောဆိုနေစဉ်တွင်... နွေဦးလေပြေညှင်း ခံစားရသကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းနိုင်သည်။
သူ ကိုယ်တိုင် ဦးဆောင်ပြီး ငွေကြေး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးနေသဖြင့်... နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲ ယာယီ ရုံးခန်းသည် ပေါ့ပါးသော ပါတီပွဲလေး တစ်ခုသဖွယ် ဖြစ်သွားလေတော့သည်။
ထို့နောက် ယဲ့ဖန်၏ အလှည့် ရောက်လာ၏။
အာလ် အက်ဒီလိတ် သည် သူ၏ ကတ်ထဲမှ ငွေပမာဏကို စစ်ဆေးပြီး၊ ပိုင်ဆိုင်မှု ကိုယ်စားလှယ်ကို အတည်ပြုကာ... ဘဏ်ကတ်နှင့် နှစ်ပတ်လည် ပရဟိတ လေလံပွဲ ဖိတ်ကြားစာကို ပြန်ပေးလိုက်သည်။ သူ ပြုံးပြီး ပြောလိုက်၏။
"ကျုပ် တရုတ် အစားအစာတွေကို အရမ်း ကြိုက်တယ်"
"ရန်ကျင်း ဘဲကင် (Yanjing Roast Duck)၊ လင်းနန် အိုးကပ်ထမင်း (Lingnan Pot Rice)၊ ကြက်ပေါင်း (Chicken Casserole)၊ ဒင်းဆမ်း (Dim Sum)၊ ခေါက်ဆွဲပူစပ် (Hot Dry Noodles)၊ အလယ်ပိုင်း ဒေသက ကြာစွယ်နံရိုးဟင်းချို (Lotus Root Rib Soup)၊ အနောက်ပိုင်း ဒေသက ပေါင်မုန့်ကင် (Roasted Bun)၊ သိုးနံရိုးထမင်း (Sheep Chop Rice)၊ ကြက်သားပန်းကန်ကြီး (Big Plate Chicken)၊ မြောက်ပိုင်း ဒေသက အသားကင် (Roasted Meat) နဲ့ ဝက်သားချက် (Double Cooked Pork)... တွေးမိတိုင်း သွားရည်ကျချင်လာတယ်"
"အခွင့်အရေး ရရင် တရုတ်ပြည်ကို နောက်တစ်ခေါက်လောက် သွားလည်ချင်သေးတယ်"
ယဲ့ဖန်သည် သူ၏ ပြောပြချက်များကို နားထောင်ရင်း... ဒီလူက တရုတ် အစားအစာ အကြောင်း သူ့ထက်တောင် ပိုသိနေသလားဟု ခံစားလိုက်ရသည်။ သူ ပြုံးပြီး ပြောလိုက်၏။
"အာလ် အက်ဒီလိတ် က ဗဟုသုတ တော်တော် စုံတာပဲ"
"တရုတ်ပြည်သူတွေက အာလ် အက်ဒီလိတ် နဲ့ မိသားစု လာလည်မှာကို ကြိုဆိုနေမှာပါ"
"နေမဝင်အင်ပါယာ ကလည်း မစ္စတာယဲ့ လာလည်တာကို ကြိုဆိုပါတယ်"
အာလ် အက်ဒီလိတ် နွေးထွေးစွာ ပြုံးလိုက်၏။
"မစ္စတာယဲ့ နဲ့ လက်ထောက် ဖြစ်သူတို့ နေမဝင်အင်ပါယာ ခရီးစဉ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ပြောရင်းဆိုရင်း သူတို့နှစ်ဦး ခေတ္တမျှ စကားစမြည် ပြောဆိုလိုက်ကြပြီး၊ ငွေကြေး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ် ပြီးဆုံးသွားလေတော့သည်။
...
ထိုအချိန်ကျမှ ချန်းဖေးအယ်သည် အံ့သြမှုမှ ပြန်လည် သတိဝင်လာပုံရ၏။
သူမသည် ယဲ့ဖန် လက်ထဲမှ ဖိတ်ကြားစာကို ကြည့်လိုက်၊ ယဲ့ဖန်ကို လေးစားသမှု ရှိနေသော အာလ် အက်ဒီလိတ် နှင့် အက်ဒီလိတ် လီဘိုရာအို တို့ကို ကြည့်လိုက်နှင့်... မနေနိုင်တော့ဘဲ ယဲ့ဖန်ကို ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။
"ရှင် ခုနက ဘယ်သူ့ဆီ ဖုန်းဆက်လိုက်တာလဲ"
"အာလ် အက်ဒီလိတ် လို ပုဂ္ဂိုလ်မျိုးကို ကိုယ်တိုင် အပြေးအလွှား ရောက်လာအောင် လုပ်နိုင်တယ် ဆိုတော့... အဲ့ဒီမိန်းမက တော်ရုံ မဟုတ်ဘူးနော်"
ယဲ့ဖန် သူမကို ကြည့်ပြီး ချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူ နောက်ပြောင်လိုသော သဘောဖြင့် ပြောလိုက်၏။
"ချမ်းသာတဲ့ အဘွားကြီး တစ်ယောက်ဆီ ဖုန်းဆက်လိုက်တာလေ"
"အဲ့ဒီ အဘွားကြီးက ပြောတယ်... ငါ့ရဲ့ မာန်မာနတွေကို သူ ဖောက်ထွင်းမြင်နေရတယ်တဲ့... ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးကို ခွာချပြီး သူ့ရင်ခွင်ထဲ ဝင်လာခဲ့ပါတဲ့... ဒါဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခရောက်ရမယ့် လမ်းတွေကနေ ရှောင်လွှဲနိုင်လိမ့်မယ်တဲ့"
"အရင်တုန်းကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ခဲ့တာ... ဒါပေမဲ့ ဒီတစ်ခါတော့ ရွေးချယ်စရာ မရှိတော့ဘူးလေ... ကိုယ့်ကိုယ်ကိုယ် စတေးပြီး သူ့ကို အကူအညီ တောင်းလိုက်ရတာပေါ့"
"ချမ်းသာတဲ့ အဘွားကြီး ဟုတ်လား"
ချန်းဖေးအယ် ချက်ချင်း မျက်စောင်းထိုးလိုက်၏။
"ရှင် ဒီထက် ပိုပြီး ရယ်စရာကောင်းတဲ့ ဇာတ်လမ်း ဆင်လို့ မရတော့ဘူးလား... နေမဝင်အင်ပါယာက မင်းသမီးလေးဆီ ဖုန်းဆက်လိုက်တယ်လို့ ပြောလိုက်ပါလား"
"ထားလိုက်ပါတော့... ရှင် မပြောချင်ရင်လည်း နေပါစေ... ဘာပဲဖြစ်ဖြစ် ကိစ္စ ပြေလည်သွားရင် ပြီးတာပါပဲ"
"ဒီဖိတ်ကြားစာ ရှိရင်... ကျွန်မတို့က နေမဝင်အင်ပါယာ တစ်ခုလုံးရဲ့ ဧည့်သည်တော်တွေလို့ သတ်မှတ်လို့ ရသွားပြီ... နောက်ကျရင် ကိစ္စတော်တော်များများ လုပ်ရတာ အဆင်ပြေသွားလိမ့်မယ်"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်... ကျော့မော့သော ပုံရိပ်အချို့ သူတို့အနားသို့ ရောက်ရှိလာကြ၏။
"မစ္စတာယဲ့... ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်ဗျာ"
"ခင်ဗျားသာ မရှိရင်... ဒီနေ့ ကျွန်တော်တို့ လက်ဗလာနဲ့ ပြန်ရဖို့ သေချာသလောက်ပဲ"
"ကျွန်တော့် နာမည် ဟာ့စ် (Haas) ပါ... ဂျာမနီက လာတာပါ... စက်မှုလုပ်ငန်း နယ်ပယ်မှာ လုပ်ကိုင်ပါတယ်... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
"ဒါ ကျွန်တော့် လိပ်စာကတ်ပါ"
"နောက်ကျရင် အကူအညီ လိုတာရှိရင် လှမ်းပြောပါ... ကျွန်တော် လုပ်ပေးနိုင်သလောက် အကုန် ကူညီပေးပါ့မယ်"
ကြည့်ရသည်မှာ သူဌေးအချို့က စောစောက ကိစ္စအတွက် သူ့ကို လာရောက် ကျေးဇူးတင်ကြခြင်း ဖြစ်ပုံရသည်။
လိပ်စာကတ် အများအပြားသည် နှင်းပွင့်များပမာ ယဲ့ဖန်၏ လက်ထဲသို့ ရောက်ရှိလာကြလေတော့သည်။
"မစ္စတာယဲ့... ကျွန်တော့် နာမည် ပတ်ဆန်ချမ် (Park Sanqian) ပါ... ကိုရီးယားကပါ... ကျွန်တော်တို့ မိသားစုက ပို့ကုန်သွင်းကုန် လုပ်ငန်း လုပ်ပါတယ်... ကိုရီးယားမှာ အာဏာ နည်းနည်းပါးပါး ရှိပါတယ်... တွေ့ရတာ ဝမ်းသာပါတယ်"
"လိုတဲ့အချိန် ဖုန်းဆက်လိုက်ပါ"
"မစ္စတာယဲ့... ကျွန်တော့် နာမည် ဝိန်း (Wayne) ပါ... အမေရိကန်ကပါ... ကျွန်တော်တို့ မိသားစုက သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ပါတယ်ဗျ..."
“...”