အခန်း (၁၇၄၀-၁၇၄၂)
Vol. 92 Ch. 1740-1742
အခန်း (၁၇၄၀) - ဒါလည်း ရှင် တွက်ချက်ထားတဲ့ အထဲမှာ ပါလား
~ယဲ့ဖန်သည် နိုင်ငံအသီးသီးမှ သူဌေးများနှင့် ခဏတာမျှ စကားစမြည် ပြောဆိုလိုက်ရုံဖြင့်၊ သူ၏ လက်ထဲတွင် ဇိမ်ခံ လိပ်စာကတ် အထပ်လိုက် ရရှိသွားပြီး၊ မိတ်ဆွေ အများအပြားလည်း ရရှိသွား၏။
ထိုသူဌေးကြီးများ လိမ္မာပါးနပ်စွာ လူစုခွဲသွားကြသောအခါ၊ ချန်းဖေးအယ် မနေနိုင်ဘဲ မေးလိုက်၏။
"ဒါလည်း ရှင် တွက်ချက်ထားတဲ့ အထဲမှာ ပါလား"
"အာလ် အက်ဒီလိတ်ရဲ့ အကူအညီကို ယူပြီး ပြဿနာ ဖြေရှင်းလိုက်တယ်... တစ်ချိန်တည်းမှာပဲ ကမ္ဘာအနှံ့က သူဌေးတွေကိုလည်း ကျေးဇူးတင်စရာ ဖြစ်သွားစေတယ်"
"ကျည်ဆန်တစ်တောင့်တည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ"
ယဲ့ဖန် လိပ်စာကတ်များကို သိမ်းလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
"မဟုတ်ပါဘူးလို့ ပြောရင်... မင်း ယုံမှာလား"
ချန်းဖေးအယ် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။
"မယုံဘူး... ဒီကိစ္စနဲ့ ပတ်သက်ရင် ရှင်က ကျွန်မအပေါ် ယုံကြည်မှု ကုန်ဆုံးသွားပြီ"
"ဒါဆို ဘာလို့ မေးနေသေးတာလဲ"
ယဲ့ဖန် ပြန်ပြောလိုက်၏။
ပြောပြောဆိုဆိုပင် သူသည် ချန်းဖေးအယ်ကို သူမ၏ အစီအစဉ်များအကြောင်း မေးရန် ပြင်လိုက်သော်လည်း... မထင်မှတ်ထားဘဲ စနစ်၏ အသိပေးချက် ရုတ်တရက် ပေါ်ထွက်လာလေတော့သည်။
"တင်း... စနစ်သည် ရတနာရှာဖွေရေး လမ်းညွှန်မှု အသစ်ကို တွေ့ရှိထားပါသည်... ကျေးဇူးပြု၍ ရှေ့တည့်တည့်သို့ ၇ မီတာ သွားပြီး ဘယ်ဘက်သို့ ကွေ့ပါ... ထို့နောက် ၃၉၀၀ မီတာ တည့်တည့် သွားပြီး ညာဘက်သို့ ၉၇၀၀ မီတာ သွားပါ... ထို့နောက် လမ်းလျှောက်၍..."
ယဲ့ဖန်၏ စကားလမ်းကြောင်း ချက်ချင်း ပြောင်းလဲသွား၏။
"မင်းမှာ တခြား အစီအစဉ် ရှိသေးလား... မရှိရင် ကိုယ်နဲ့ လိုက်ခဲ့"
"မြန်မြန် လုပ်"
ချန်းဖေးအယ်ကို ရှင်းပြချိန် မပေးတော့ဘဲ၊ ယဲ့ဖန်သည် ဖုန်းဝင်လာသကဲ့သို့ ဟန်ဆောင်ကာ ဖုန်းကောက်ကိုင်လိုက်ပြီး၊ ဆိုသဘီး လေလံအိမ် အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားလေတော့သည်။
ချန်းဖေးအယ်သည်လည်း လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ပြသလိုက်၏။
သူမ ဘာမှ ထပ်မမေးတော့ပေ။
ချက်ချင်းပင် သူ့နောက်သို့ လိုက်ပါသွားလေတော့သည်။
ယဲ့ဖန် ကားဆီသို့ ရောက်ခါနီးတွင် သူမက အပြင်ဘက် ယာဉ်ကြော အခြေအနေကို ကူညီကြည့်ရှုပေးလိုက်၏။
"ဆိုသဘီး လေလံအိမ် အနောက်ဘက်က ဘေးပေါက်ကနေ ထွက်သွားပါ"
"အဓိက ဝင်ပေါက် အပြင်ဘက်မှာ ယာဉ်ကြောပိတ်ဆို့မှု နည်းနည်း ဆိုးနေတယ်"
"ကိုယ်တို့ အလျင်လိုနေတယ် ဆိုရင်... အဲ့ဒီမှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး"
ယဲ့ဖန် အားနာဟန် မပြတော့ပေ။
ကားဆီသို့ ရောက်သည်နှင့် ချန်းဖေးအယ်သည် လျင်မြန်စွာ ဝင်ထိုင်လိုက်၏။ ယဲ့ဖန်လည်း ထိုင်ခုံခါးပတ် ပတ်လိုက်ပြီး လီဗာကို နင်းကာ မောင်းထွက်လိုက်လေတော့သည်။
ရတနာရှာဖွေရေး လမ်းညွှန်ချက်အတိုင်း မောင်းနှင်သွားလိုက်၏။
ဆယ်မိနစ် မပြည့်မီတွင် မေဘက်ချ် S680 သည် ဖော့ခ်စီးတီး မြို့ပြင်သို့ ရောက်ရှိသွားပြီး... အတော်လေး ယိုယွင်းပျက်စီးနေသော မြို့စွန်ရပ်ကွက် တစ်ခုကို ဖြတ်ကျော်ကာ... နောက်ဆုံးတွင် ထူထပ်သော တောအုပ်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိသွားလေတော့သည်။
ရတနာရှာဖွေရေး လမ်းညွှန်စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်၏။
"ကားပေါ်မှ ဆင်းပါ... ရှေ့လမ်းအတိုင်း ၇၅၀ မီတာခန့် လမ်းလျှောက်သွားပါ... ထို့နောက် ဘယ်ဘက်သို့ ၆၀၀ မီတာ ကွေ့ပါ... ဤလမ်းညွှန်မှု၏ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိပါလိမ့်မည်..."
ယဲ့ဖန် ချက်ချင်း ကားပေါ်မှ ဆင်းလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် အသံတိုးတိုးဖြင့် ချန်းဖေးအယ်ကို ပြောလိုက်၏။
"ကားပေါ်က ဆင်းပါ"
"ပြီးရင် အနောက် လိုက်ခဲ့... ခြေသံ လုံလုံနဲ့ လိုက်ခဲ့နော်"
ချန်းဖေးအယ်သည် ကားပေါ်တွင် ဒေါက်မြင့်ဖိနပ်များကို ချက်ချင်း ချွတ်လိုက်ပြီး၊ ခရီးသည်ခုံပေါ် ပစ်တင်လိုက်၏။ ယဲ့ဖန်၏ လက်ထောက်အဖြစ် ဟန်ဆောင်ထားစဉ် ဝတ်ဆင်ထားသော ခါးကျဉ်း ကုတ်အင်္ကျီ (Slim-fit suit) ကိုလည်း ချွတ်လိုက်သည်။ အိတ်ထဲမှ ဖိနပ်ပြားတစ်ရံကို အမြန် ထုတ်ဝတ်လိုက်ပြီး၊ ရှပ်အင်္ကျီ ကြယ်သီးနှစ်လုံးကို ဖြုတ်ကာ သူ့နောက်သို့ လိုက်ပါသွားလေတော့သည်။
ယဲ့ဖန် အနည်းငယ် အံ့သြသွား၏။
"မင်းက ဖိနပ်အပိုတောင် ဆောင်လာတာလား"
"ဒါပေါ့"
ချန်းဖေးအယ်၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။
"လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက် အနေနဲ့... ဘယ်အချိန်မှာမဆို အန္တရာယ်နဲ့ တိုက်ပွဲကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်... ရုပ်ဖျက်ထားရင်တောင်မှ... စက္ကန့်ပိုင်း အတွင်း တိုက်ပွဲဝင် အနေအထားကို ပြောင်းလဲနိုင်ရမယ်"
"ဒါကြောင့် ရှင့်လက်ထောက် အဖြစ် ဟန်ဆောင်နေတုန်းက ကျွန်မ ကိုင်ထားတဲ့ လက်ဆွဲအိတ်က ဟန်ပြ သက်သက်ပဲ"
"ဒေါက်မြင့်ဖိနပ် အစားထိုးဖို့ ဖိနပ်အပြင်... လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သုံးတဲ့ ကိရိယာ တချို့လည်း ပါတယ်"
"သိပ်ကို ပရော်ဖက်ရှင်နယ် ကျတာပဲ"
ယဲ့ဖန် မနေနိုင်ဘဲ ချီးကျူးလိုက်မိ၏။
တကယ်လို့သာ သူမက ဒေါက်မြင့်ဖိနပ်ကြီး စီးပြီး သူနဲ့အတူ တောထဲ ဝင်လာမယ် ဆိုလျှင်... သူမရဲ့ ဖုံးကွယ်နိုင်စွမ်း ဘယ်လောက်ပဲ ကောင်းကောင်း... အသံချဲ့စက် ဖွင့်ပြီး လမ်းလျှောက်လာသလို ဖြစ်နေမှာ သေချာသည်။
ပြီးတော့ သူမ ဝတ်ထားသော ခါးကျဉ်း ကုတ်အင်္ကျီကလည်း အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ လှုပ်ရှားရ ခက်ခဲစေမှာ အမှန်ပင်
ရိုးရှင်းတဲ့ အဖြေရှာနည်းလေး တစ်ခုနဲ့... ပြဿနာ အားလုံး ချက်ချင်း ပျောက်ကွယ်သွားတာပဲ။
"ဝင်ကြရအောင်"
ယဲ့ဖန်သည် စကားပြောရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ဒီတောအုပ် အဝင်ဝမှာ ယာဉ်သွားလာသည့် ခြေရာလက်ရာ သိပ်မရှိ။ ထို့အပြင်၊ တောအုပ် အဆုံးကို လှမ်းမမြင်နိုင်ချေ။ ပုံမှန် နေ့ရက်တွေမှာ ဆိုလဖှင် ဒီနေရာကို လူဝင်လူထွက် သိပ်ရှိမည် မဟုတ်ပေ။
သို့သော်၊ အဝင်ဝ၏ တစ်ကီလိုမီတာ ပတ်လည် အတွင်းမှာ... တမင်တကာ ဖုံးကွယ်ထားသော ကားသုံးစီးကို သူတို့ တွေ့ရှိခဲ့သည်။
ဒီနေရာမှာ တစ်ခုခု ဖြစ်ပွားနေသည်။
၎င်း သူ၏ အခွင့်အလမ်း လမ်းညွှန်မှုနှင့် သက်ဆိုင်နေဖို့ များ၏။
တောအုပ် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက်၊ အသံထွက်စေနိုင်သော သစ်ကိုင်းခြောက်များကို ရှောင်ကွင်းကာ... ယဲ့ဖန်သည် GPS လမ်းညွှန်အတိုင်း တောထဲသို့ ဝင်ရောက်သွားလိုက်၏။
တောအုပ်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူသည် အာရုံငါးပါးကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။
သူ့နောက်မှ ချန်းဖေးအယ်သည်လည်း သတိကြီးစွာ ထားလျက်၊ အသံတိတ်နီးပါး လိုက်ပါလာ၏။
သူတို့နှစ်ဦးသည် တောအုပ်ထဲမှ အရိပ်နှစ်ခုပမာ... အခွင့်အလမ်း လမ်းညွှန်မှု၏ ဦးတည်ရာ နေရာဆီသို့ တဖြည်းဖြည်း တိုးကပ်သွားကြသည်။
...
တစ်ချိန်တည်းမှာပင်... တောအုပ် နက်နက်ထဲ၌... ခေါင်းပေါ်တွင် ကြောက်မက်ဖွယ်ရာ တက်တူးများ ထိုးထားသော လူထွားကြီး တစ်ဦးသည် လက်အောက်ငယ်သား အချို့ကို ဦးဆောင်လာ၏။ သူတို့သည် မူးယစ်ဆေးသမား တစ်ဦးကဲ့သို့ ပိန်လှီသော လူတစ်ယောက်ကို သေနတ်ဖြင့် ချိန်ကာ ခေါ်ဆောင်လာကြသည်။
ရှေ့ဆက် လျှောက်သွားရင်း... တက်တူးများနှင့် လူထွားကြီးသည် ပိန်လှီသော လူကို တံတွေးဖြင့် လှမ်းထွေးလိုက်၏။
"ကြွက်စုတ်... မင်း ငါ့စိတ်ကို သိတယ်နော်"
"ဒီနေ့ ငါ ညီအစ်ကိုတွေ အများကြီး ခေါ်လာခဲ့တာ... ဖော့ခ်စီးတီး တစ်မြို့လုံးကို ဖြတ်ပြီး ဒီလို လူပြတ်တဲ့ နေရာကို ရောက်လာတာ... တကယ်လို့ မင်းပြောတဲ့ ပစ္စည်းကို မတွေ့ဘူး ဆိုရင်... ငါ ဒီနေရာမှာတင် ကျင်းတူးပြီး မင်းကို မြှုပ်ပစ်မယ်"
သူ 'ကြွက်စုတ်' ဟု ခေါ်သော လူမှာ... သေနတ်ဖြင့် ချိန်ခံထားရသော ပိန်လှီသည့် လူပင် ဖြစ်၏။
တက်တူးနှင့် လူ၏ အသံကို ကြားလိုက်ရသောအခါ၊ သူ ထိတ်လန့်သွားပြီး တောင်းပန် တိုးလျှိုးလိုက်ရှာသည်။
"သခင်ကြီး ဝံပုလွေ (Lord Wolf)... စိတ်မပူပါနဲ့ဗျာ"
"ကျွန်တော့်မှာ သတ္တိတွေ အများကြီး ရှိရင်တောင်... ခင်ဗျားကို မလိမ်ရဲပါဘူး"
"အဲ့ဒီညက ကျွန်တော် ဆေးကြောင်နေတာ... ဘယ်လို ဖြစ်ပြီး ဒီတောအုပ်ထဲ ရောက်လာလဲ မသိဘူး... အဲ့ဒီမှာ လူတချို့က တန်ဖိုးကြီးပုံရတဲ့ ပစ္စည်းတစ်ခုကို သယ်ပြီး ခိုးကြောင်ခိုးဝှက် လာနေတာ တွေ့လိုက်ရတယ်"
"အဲ့ဒီညက... ဘာအကြောင်းကြောင့်လဲ မသိဘူး... သူတို့ ရုတ်တရက် ရန်ဖြစ်ပြီး တိုက်တောင် တိုက်ခိုက်ကြသေးတယ်"
"သူတို့ ပြောပုံအရ ဆိုရင်... သူတို့အဖွဲ့ထဲမှာ အလွန် တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု ပါလာပုံရတယ်... ဒါပေမဲ့ ဝေစုခွဲတဲ့နေရာမှာ အဆင်မပြေလို့ သဘောထားကွဲလွဲကြတာ ထင်တယ်..."
"ဒီနေရာက သူတို့ ပုန်းခိုတဲ့ နေရာ ဖြစ်လောက်တယ်"
သခင်ကြီး ဝံပုလွေ ဟု ခေါ်သော တက်တူးနှင့် လူသည် သံသယ ဝင်နေဆဲပင်။
"မင်း ဆေးချလွန်ပြီး စိတ်ကူးယဉ်နေတာများလား"
"တကယ်လို့ ရတနာ ရှိတယ် ဆိုရင်... အဲ့ဒီည မင်း အမူးပြေသွားတဲ့အခါ ဝင်ကြည့်သင့်တာပေါ့... ဘာလို့ ဒီနေ့ ငါတို့ မင်းဆီ အကြွေးလာတောင်းတဲ့ အချိန်ထိ စောင့်နေရတာလဲ"
"သခင်ကြီး ဝံပုလွေ ရယ်..."
ကြွက်စုတ်သည် သူရဲဘောကြောင်သော မျက်နှာထားဖြင့် ပြောလိုက်ရှာ၏။
"ကျွန်တော့် အကြောင်း ခင်ဗျား မသိတာမှ မဟုတ်တာ"
"ကြွက်တစ်ကောင်လို သတ္တိမရှိတဲ့ လူစားပါဗျာ"
"အဲ့ဒီညက... သူတို့ထဲက တချို့က ဓားတွေ သုံးကြတာ ကျွန်တော် မြင်လိုက်တယ်... တစ်ယောက်ကိုတောင် ထိုးသတ်လိုက်ကြတယ် ထင်တယ်... သွေးနံ့တွေက အရမ်း ပြင်းတာပဲဗျာ... ကျွန်တော် ကြောက်လွန်းလို့ ဘောင်းဘီထဲတောင် သေးထွက်ကျမတတ် ဖြစ်သွားတာ... နောက်ပိုင်း ဘယ်လိုလုပ် ပြန်လာရဲတော့မှာလဲ"
"ပြီးတော့ သူတို့မှာ အဖွဲ့ဝင်တွေ ကျန်နေသေးတယ်လေ"
"ကျွန်တော်က တစ်ယောက်တည်းပါ"
“ဒီနေ့ ခင်ဗျားတို့ အကြွေးလာတောင်းလို့သာ... ကျွန်တော် အကျပ်ရိုက်ပြီး ဒီဒုက္ခတွင်းထဲကို ပြန်လိုက်လာရတာပါဗျာ”
အခန်း (၁၇၄၁) - သိပ္ပံနည်းကျ ယုံစမ်းပါကွ
~ခေါင်းပေါ်တွင် ကြောက်မက်ဖွယ်ရာ တက်တူးများ ထိုးထားသော သခင်ကြီး ဝံပုလွေသည် ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်၏။
ကြွက်စုတ် ဆိုသော နာမည်နှင့် တကယ် လိုက်ဖက်သည့် လူ။ နှစ်ရှည်လများ ဆေးစွဲနေ၍ မြောင်းထဲက ကြွက်လို ပိန်လှီ ခြောက်ကပ်နေရုံတင် မက... ကြွက်တစ်ကောင်လိုလည်း သူရဲဘောကြောင်ပြီး လူတိုင်းရှေ့မှာ ကျုံ့နေတတ်သည်။
လူသေထားသည့် နေရာကို မြင်လျှင်... ထိုနေရာမှာ ရွှေတွေ ရှိနေလျှင်တောင်မှ သူ့စရိုက်အရ ဆိုလျှင် အနားကပ်ရဲမှာ မဟုတ်ပေ။
"သေချာ စဉ်းစားစမ်း... ဒီလမ်းကြောင်းက မှန်ရဲ့လား"
"ငါက ညီအစ်ကိုတွေကို ခေါ်ပြီး ဒီသောက်ကျိုးနည်း နေရာကို မင်းနဲ့အတူ လိုက်လာတာ... ရှာနေတာ နာရီဝက် ရှိနေပြီ... ငှက်ချေးတွေ၊ မြွေတွေ၊ အင်းဆက်တွေ၊ ကြွက်တွေနဲ့ ပုရွက်ဆိတ်တွေကလွဲရင်... လူရှိတဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး... ပုန်းခိုတဲ့ နေရာကို ဆိုရင်တော့ ပြောမနေနဲ့တော့"
"မင်း ငါ့ကို လမ်းမှား လိုက်မပို့မိစေနဲ့နော်"
ကြွက်စုတ်မှာမူ ကြောက်ရွံ့၍ တုန်လှုပ်နေဆဲပင်။ သူ၏ အသံများ တုန်ရီနေ၏။
"မမှားနိုင်ပါဘူး သခင်ကြီး ဝံပုလွေ"
"အဲ့ဒီညက ကျွန်တော် ဆေးကြောင်နေတာ မှန်ပေမယ့်... လုံးဝ အရူးဖြစ်သွားတာမှ မဟုတ်တာ... လမ်းကြောင်းက မမှားနိုင်ပါဘူး"
"ကျွန်တော် မှတ်မိသလောက် အဲ့ဒီညက ကျွန်တော် အလေးသွားခဲ့တဲ့ နေရာကိုတောင် တွေ့လိုက်သေးတယ်"
"ဒီလမ်းကြောင်းအတိုင်း လိုက်သွားသင့်တယ်... နောက်ထပ် မီတာ ၂၀၀ လောက် သွားလိုက်ရင်... အဲ့ဒီညက လူအုပ်ကြီး ရန်ဖြစ်ခဲ့တဲ့ နေရာကို ရောက်နိုင်လောက်တယ်"
သခင်ကြီး ဝံပုလွေ သည် ထိုစကားကို ကြားလိုက်ရသောအခါ ထပ်မံ ခေါင်းညိတ်ပြီး၊ ရှေ့ပြေး အဖြစ် လူတစ်ယောက် လွှတ်ရန် ပြင်လိုက်စဉ်မှာပင်... တောနက်ထဲမှ အပုပ်နံ့ တစ်မျိုး ရုတ်တရက် လွင့်ပျံ့လာလေတော့သည်။
"သောက်ကျိုးနည်းကွာ"
သူ မနေနိုင်ဘဲ ရပ်တန့်လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်၏။
"ဒ... ဒါက အလောင်းပုပ်နံ့ပဲ"
"ဒါက လူသေပြီး ရက်အတော်ကြာမှ ထွက်လာတဲ့ အနံ့မျိုး"
"ငါ ကောင်းကောင်းကြီး မှတ်မိနေတယ်"
"အရင်တုန်းက ငါတို့ဆီက ပိုက်ဆံအများကြီး ချေးထားတဲ့ ဆေးသမားအဘိုးကြီး တစ်ယောက် ရှိတယ်လေ... သူ့ဆီ အကြွေးသွားတောင်းတုန်းက... သူ့အခန်းထဲ ရောက်တော့ သူသေနေတာ ရက်အတော်ကြာနေပြီ... အဲ့ဒီတုန်းက ရတဲ့ အနံ့မျိုးပဲ"
ကြွက်စုတ်သည်လည်း ပျို့အန်ချင်သလို ဖြစ်သွားပြီး၊ မနည်း အားယူကာ ပြောလိုက်၏။
"အဲ့ဒါက အဲ့ဒီည ရန်ဖြစ်တုန်းက သေသွားတဲ့သူ ဖြစ်လောက်တယ်"
"ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး သခင်ကြီး ဝံပုလွေ ရယ်"
"သူတို့ စခန်းက အဲ့ဒီအနားမှာပဲ ရှိလောက်တယ်"
သခင်ကြီး ဝံပုလွေ ချက်ချင်း နှာခေါင်းပိတ်လိုက်၏။
"ဘယ်သူ့လက်ထဲမှာ နှာခေါင်းစည်း (Mask) ၊ ဒါမှမဟုတ် အဝတ်စ အပို ပါလဲဟ"
"မြန်မြန် ထုတ်ပြီး အားလုံးကို ဝေပေးလိုက်စမ်း"
တစ်ချိန်တည်းမှာပင် သူသည် ခြေလှမ်းကျဲကြီးများဖြင့် အနံ့ထွက်ရာ နေရာသို့ အမြန် ဦးတည်သွားလိုက်လေတော့သည်။
အပုပ်နံ့ထွက်ရာ နေရာသို့ ရောက်သောအခါ၊ သူတို့အားလုံး အံ့ဩထိတ်လန့်သွားကြရ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှ မြင်ကွင်းသည် လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေသောကြောင့်ပင် ဖြစ်သည်။
သူတို့ရှေ့တွင် အလောင်း တစ်လောင်း၊ နှစ်လောင်း မက ရှိနေ၏။ စုစုပေါင်း ခြောက်လောင်း တိတိ။
အလောင်းများထဲတွင် ကျားရော ၊ မရော ပါဝင်ပြီး၊ အားလုံးနီးပါး၏ လက်ထဲတွင် လက်နက် တစ်မျိုးမျိုးစီ ကိုင်ဆောင်ထားကြသည်။
လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အမျိုးမျိုး ရရှိထားကြ၏။
မြင်ကွင်းတစ်ခုလုံး ရှုပ်ပွနေသည်။
ယခင်က ဤနေရာမှာ ပြင်းထန်သော ဖရိုဖရဲ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည် ဆိုတာ တစ်ချက်ကြည့်ရုံနှင့် သိသာသည်။
ထိုတိုက်ပွဲရဲ့ ရလဒ်ကတော့... ခြောက်ယောက်စလုံး ဒဏ်ရာပြင်းထန်စွာ ရပြီး သေဆုံးသွားကြခြင်းပင်။
အောင်ပွဲနှင့် အနီးစပ်ဆုံး နေရာတွင် လဲကျနေသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးသည်... လက်တစ်ဖက်တွင် ဖရဲသီးခွဲဓား တစ်ချောင်းကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်တွင် လက်ရာမြောက်သော နှင်းဆီသစ်သား သေတ္တာလေး တစ်ခုကို ကိုင်ထား၏။ သူမ၏ ပခုံးပေါ်တွင် လွယ်အိတ်တစ်လုံး လွယ်ထားပြီး၊ လွယ်အိတ်ဘေးတွင် ပိုက်ဆံအိတ် ငါးလုံး၊ ခြောက်လုံးခန့် ပြန့်ကျဲနေသည်။
သို့သော် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေ၏။ အဆိုးရွားဆုံး ဒဏ်ရာမှာ သူမ၏ နှလုံးတည့်တည့်ကို ထိုးဖောက်ဝင်ရောက်နေသော မြှားတို တစ်စင်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုညက ဖရိုဖရဲ တိုက်ပွဲတွင်... သူမသည် ကျန်လူငါးယောက်ကို သတ်ဖြတ်ပြီးနောက်၊ ရှေ့သို့ ခရီးအနည်းငယ် ဆက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် လဲကျသေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
သူမ၏ အလောင်းနှင့် ကျန်အလောင်းငါးလောင်းကြားတွင် မီတာဆယ်ဂဏန်းခန့် ကွာဝေး၏။
လမ်းတစ်လျှောက်လုံးတွင်လည်း ခြောက်သွေ့နေသော သွေးစွန်းရာများ ထင်ရှားစွာ ကျန်ရှိနေသေးသည်။
"လခွမ်း... ဒီလူတွေ ရူးနေကြတာပဲ"
မူးယစ်ဆေး ရောင်းဝယ်သူ ဖြစ်ပြီး လူဆိုးလူမိုက် အများအပြားကို မြင်ဖူးခဲ့သော သခင်ကြီး ဝံပုလွေ ပင်လျှင်... အခင်းဖြစ်ပွားရာ နေရာကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိလေတော့သည်။
"ခိုးရာပါ ပစ္စည်းကို လုကြရင်းနဲ့... အားလုံး သေကုန်ကြတာပဲ... ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲ ဒီလိုမျိုး ဖြစ်မယ် ထင်ခဲ့တာ"
"ရူးသွပ်လွန်းတယ်"
"..."
သူ့လက်အောက်ငယ်သားများလည်း ထိတ်လန့်နေကြ၏။
"သခင်ကြီး ဝံပုလွေ... သူတို့က ကျိန်စာသင့်နေတဲ့ ပစ္စည်း တစ်ခုခုများ ရခဲ့တာလား"
"ကျွန်တော့် အဘွားရဲ့ အမေ ပြောပြဖူးတာတော့... ဗာတီကန် (Holy See) ကနေ လက်ဆင့်ကမ်းလာတဲ့ မြှားတို တစ်စင်း ရှိဖူးသတဲ့... အဲ့ဒါကို ပိုင်ဆိုင်မိတဲ့သူတိုင်း ကံဆိုးမိုးမှောင် ကျတတ်တယ်တဲ့... ပေါ့ပေါ့ပါးပါး ဆိုရင်တော့ မိသားစု ပျက်စီးတာလောက် ဖြစ်ပေမယ့်... ပြင်းထန်ရင်တော့ ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြပြီး... လူသတ်ကောင်ကြီးတွေ ဖြစ်ကုန်ကြတာတဲ့"
"နောက်ထပ် ထူးခြားတဲ့ သရဖူ တစ်ခုလည်း ရှိသေးတယ်... အဲ့ဒါကို ဆောင်းမိတဲ့သူတိုင်း အရူးဖြစ်သွားပြီး လူသတ်ကောင် ဖြစ်သွားတတ်တယ်တဲ့..."
"ဒီလူတွေရဲ့ အခြေအနေက နည်းနည်း ထူးဆန်းနေသလိုပဲ"
"..."
သခင်ကြီး ဝံပုလွေ သည် ထိုစကားကို ကြားလိုက်ရသောအခါ၊ ထိုကောင်လေးကို ခြေထောက်ဖြင့် လှမ်းကန်လိုက်မိ၏။
"မင်း အဘွားရဲ့ အမေက သိုင်းဝတ္ထုတွေ ရေးသလားကွ"
"အခုက ၂၁ ရာစု ရောက်နေပြီ... သိပ္ပံနည်းကျ ယုံစမ်းပါကွ... နားလည်လား"
"ဒီအချိန်မှာ အဲ့ဒီလို ဆန်းကြယ်တဲ့ ကိစ္စတွေ လာပြောမနေနဲ့... မင်းက လူတွေကို ခြောက်နေတာလား"
ထို့နောက် သူသည် ကြွက်စုတ်ကို မျက်ရိပ်ပြလိုက်၏။
"ဟိုမိန်းမ ကိုင်ထားတဲ့ နှင်းဆီသစ်သား သေတ္တာကို သွားယူလိုက်"
"အနိုင်ရတဲ့သူ အနေနဲ့... မသေခင်အထိ အဲ့ဒါကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ် ဆိုတော့... ဒါက သူတို့ အချင်းချင်း သတ်ဖြတ်ကြရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်"
ကြွက်စုတ် ချက်ချင်း ငိုမဲ့မဲ့ ဖြစ်သွား၏။
"သ... သခင်ကြီး ဝံပုလွေ.. ကျွန်တော် ကြောက်တယ်ဗျာ"
"တခြား ညီအစ်ကို တစ်ယောက်လောက်ကို ခိုင်းလို့ မရဘူးလား"
သခင်ကြီး ဝံပုလွေ မျက်လုံးပြူးလိုက်၏။
"ကြောက်တယ် ဟုတ်လား... မင်း ငါတို့ကို ပေးစရာရှိတဲ့ ဆေးဖိုးတွေ ဒီလောက် အများကြီး တင်နေတာတောင် အချိန်ဆွဲနေသေးတာ... ငါတို့ မင်းကို နောက်ထပ် အလောင်းတစ်လောင်း အဖြစ် ဒီမှာ ထားခဲ့မှာကိုတော့ မကြောက်ဘူးပေါ့"
ကြွက်စုတ် အသံမထွက်ရဲတော့ပေ။
ခဏတာမျှ တုန်ရီနေပြီးနောက်... နောက်ဆုံးတွင် မျက်နှာလွှဲကာ ဖြည်းညှင်းစွာ လျှောက်သွားလိုက်လေတော့သည်။
အမျိုးသမီး အလောင်းနားသို့ ရောက်သောအခါ... အလောင်းကို ကိုက်ဖြတ်စားသောက်နေသော ကြွက်အစစ် တချို့ လန့်ပြီး ထွက်ပြေးသွားကြ၏။ ထို့ကြောင့် အမျိုးသမီး အလောင်း၏ အဝတ်အစားများ လှုပ်ရှားသွားသည်။
"အား..."
ကြွက်စုတ် လန့်လွန်း၍ မြေကြီးပေါ်သို့ ဖင်ထိုင်ရက် လဲကျသွား၏။
အလောင်းကို ကိုက်ဖြတ်နေသော ကြွက်များ ထွက်ပြေးသွားမှသာ သူ တစ်ကိုယ်လုံး ကြက်သီးထလာလေတော့သည်။ သူသည် အမျိုးသမီး အလောင်း၏ လက်ထဲမှ နှင်းဆီသစ်သား သေတ္တာကို အမြန် ဆွဲယူလိုက်ပြီး... မီတာ ၁၀၀ အပြေးပြိုင်ပွဲဝင် တစ်ယောက်ကဲ့သို့ သခင်ကြီး ဝံပုလွေ တို့ ရှိရာသို့ ပြေးလာခဲ့လေတော့သည်။
သခင်ကြီး ဝံပုလွေ မနေနိုင်ဘဲ တုန်လှုပ်သွား၏။
"ဒီသောက်ကျိုးနည်း နေရာက တော်တော် ကြောက်စရာ ကောင်းတာပဲ"
"နောက်ဆုံး ရလာတဲ့ ရတနာက တန်ဖိုးမရှိဘူး ဆိုရင်တော့... တော်တော် ရှုံးမှာပဲ"
"ကြွက်စုတ်... နှင်းဆီသစ်သား သေတ္တာကို ဖွင့်ပြီး ဘာပါလဲ ကြည့်လိုက်စမ်း"
ပြောပြောဆိုဆိုပင် သူသည် ကြွက်စုတ် လက်ထဲမှ သေတ္တာကို လောဘတကြီး ကြည့်လိုက်၏။
ကြွက်စုတ်သည် လန့်နေဆဲ ဖြစ်သော်လည်း၊ အတွင်းထဲတွင် ဘာပါလဲ ဆိုတာကိုတော့ အတော်လေး စူးစမ်းချင်နေမိသည်။
လူခြောက်ယောက်လုံး တစ်ယောက်မကျန် သေဆုံးသည်အထိ တိုက်ခိုက်လုယူကြရလောက်အောင်... ဘယ်လို မှော်အစွမ်းတွေ ပါဝင်နေလို့လဲ။
သူ အသက်ပြင်းပြင်း နှစ်ချက် ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
ထိုအခိုက်အတန့်တွင်... တောက်ပပြီး လက်ရာမြောက်သော ပန်းရောင် စိန်တုံးကြီး တစ်တုံးသည် လူတိုင်း၏ ရှေ့တွင် ပေါ်ထွက်လာလေတော့သည်။
ဧရာမ ပန်းရောင်စိန်တုံးကြီး ပေါ်ထွက်လာသည်နှင့်... မှောင်မိုက်နေသော တောအုပ်တစ်ခုလုံး လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ခဏတာမျှ လူတိုင်းနီးပါး အသက်ရှူ ရပ်တန့်သွားကြလေတော့သည်။
"ဒီစိန်တုံးက အကြီးကြီးပဲ"
"ပြီးတော့ လက်ရာကလည်း အရမ်း သေသပ်တယ်"
"အနည်းဆုံး ၁၀ ကာရက်လောက် ရှိမယ်"
"လက်ရှိ စိန်ပေါက်ဈေးနဲ့ ဆိုရင်... ဒီဟာက ဒေါ်လာ ၁၀ သန်းလောက် တန်ဖိုးရှိလောက်တယ်"
"သခင်ကြီး... ကျွန်တော်တို့ သူဌေးဖြစ်ပြီဗျို့"
“....”
အခန်း (၁၇၄၂) - ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်
~အထူးသဖြင့် သခင်ကြီး ဝံပုလွေ ၏ နှလုံးခုန်သံမှာ မြန်ဆန်ပြင်းထန်နေ၏။
သူသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး၊ အဖွဲ့လိုက် စကားပြောခန်း (Group Chat) တစ်ခုကို အမြန် ဖွင့်လိုက်ကာ ဓာတ်ပုံတစ်ပုံကို နှိပ်ကြည့်လိုက်၏။ ထိုဓာတ်ပုံကို နှင်းဆီသစ်သား သေတ္တာထဲမှ စိန်တုံးနှင့် သေချာ နှိုင်းယှဉ်ကြည့်ပြီးနောက်... သူ လေအေးတစ်ချက် ရှူရှိုက်လိုက်မိသည်။
ထို့နောက် သူသည် မနေနိုင်ဘဲ ပျို့အန်ချင်သလို ဖြစ်သွားပြန်၏။
သူ့လက်အောက်ငယ်သားများသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ သူ့ကျောကို အမြန် ပုတ်ပေးလိုက်ကြပြီး မေးလိုက်ကြ၏။
"ဘာဖြစ်တာလဲ သခင်ကြီး... လက်ဆောင်ကြီး ရလိုက်လို့ ဝမ်းသာလွန်းပြီး အန်ချင်သလို ဖြစ်သွားတာလား"
"အနည်းဆုံး ၁၀ ကာရက်လောက် ရှိတဲ့ ပန်းရောင်စိန်တုံးကြီးလေ... အနည်းဆုံး ဒေါ်လာ ၁၀ သန်းလောက်တော့ တန်မှာ သေချာတယ်"
"ဒါက ကျွန်တော်တို့ ၅ နှစ်၊ ၆ နှစ်လောက် ဆေးရောင်းမှ ရမယ့် ပိုက်ဆံထက်တောင် ပိုများနေသေးတယ်"
"ကျွန်တော်တို့ ချက်ချင်း သူဌေးဖြစ်တော့မယ်ဟေ့"
ကြွက်စုတ်၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်သန်းသွား၏။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး သခင်ကြီး ဝံပုလွေကို မော့ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို ဒီနေရာအထိ လမ်းပြပြီး ရှာပေးခဲ့တာနော်"
"ပြီးတော့ ကျွန်တော် ခင်ဗျားတို့ကို ပေးရမယ့် အကြွေးက ဒေါ်လာ ၅ သောင်းပဲ ရှိတာ"
"ခင်ဗျား ဒီပစ္စည်းကို ရောင်းပြီးရင်... ကျွန်တော့်ကို ဒေါ်လာ ၁ သန်းလောက် ပေးဖို့ တောင်းဆိုတာ မများလွန်းဘူး မဟုတ်လား"
သခင်ကြီး ဝံပုလွေ ချက်ချင်း ပြန်မပြောပေ။ သူသည် ပျို့အန်ချင်စိတ် ပျောက်သွားသည်အထိ အကြိမ်အနည်းငယ် ထပ်မံ ပျို့အန်လိုက်ပြီးမှ... ကြွက်စုတ်ကို လက်ကာပြလိုက်၏။
"ဒေါ်လာ ၁ သန်းလောက်က ကိစ္စ မရှိပါဘူး"
"ဒါပေမဲ့ မပေးခင်မှာ... မင်းဆီကနေ အတည်ပြုစရာ မေးခွန်းတချို့ ရှိသေးတယ်... ရိုးရိုးသားသား ဖြေနော်"
ကြွက်စုတ်သည် သဘောတူကြောင်း ကြားလိုက်ရသောအခါ၊ ဝမ်းသာအားရ ဖြစ်သွားရှာ၏။ ထို့နောက် သတ္တိမွေးပြီး ပြောလိုက်သည်။
"ရပါတယ်"
"ကျွန်တော် ပြန်စဉ်းစားကြည့်လိုက်တာ... ဒီတစ်ခါ ကျွန်တော်က ခင်ဗျားတို့ကို ဒီနေရာထိ ခေါ်လာပေးရုံတင် မကဘူး... ခင်ဗျားတို့ ဒီပန်းရောင်စိန်တုံးကို ရှာတွေ့အောင်လည်း ကူညီပေးခဲ့တာလေ... ပြီးတော့ ဒီပစ္စည်း ရဖို့အတွက် ကျွန်တော် အသက်နဲ့ရင်းပြီး စွန့်စားခဲ့ရတာ"
"ကျွန်တော့်ကို ဒေါ်လာ ၁ သန်းတည်း ပေးတာက နည်းလွန်းနေသလိုပဲ"
သခင်ကြီး ဝံပုလွေ ပြုံးလိုက်၏။
"မင်း ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်... ငါ မင်းကို ဒေါ်လာ ၂ သန်း ပေးမယ်"
"တကယ်လား... ဒါဆို ကျွန်တော် သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပေါ့"
ကြွက်စုတ် ပျော်ရွှင်သွားပြီး အနားသို့ အမြန် တိုးကပ်သွား၏။
သခင်ကြီး ဝံပုလွေ၏ လက်အောက်ငယ်သားများသည် မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်သွားကြသည်။
သူတို့သည် သခင်ကြီး ဝံပုလွေ နောက်လိုက်ခဲ့တာ ကြာပြီ ဖြစ်သဖြင့်၊ သူ့စရိုက်ကို ကောင်းကောင်း သိကြသည်။
‘ဒီလူက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ လူသတ်ရမှာ မျက်တောင်မခတ်ဘူး။ သူ့ဒေါသက ကြောက်စရာ ကောင်းသလို... သူများတွေ သူ့ကို လာပြီး ဈေးဆစ်တာ၊ အပေးအယူ လုပ်တာမျိုးကို လုံးဝ မုန်းတီးတဲ့လူ။
ဒါပေမဲ့ ဒီနေ့ကျမှ ဘာလို့ သူက စကားပြောရတာ ဒီလောက် လွယ်ကူနေရတာလဲ။
ကြွက်စုတ်ကို ဒေါ်လာ ၂ သန်း ပေးမယ်လို့တောင် ကိုယ်တိုင် ကမ်းလှမ်းလိုက်သေးတယ်။
နေက အနောက်ဘက်က ထွက်လာတာများလား။’
သခင်ကြီး ဝံပုလွေသည် လက်အောက်ငယ်သားများ၏ ထူးဆန်းသော မျက်နှာထားများကို သတိမထားမိပုံရ၏။ ကြွက်စုတ် အနားရောက်လာသောအခါ၊ သူသည် နှင်းဆီသစ်သား သေတ္တာကို လှမ်းယူလိုက်ပြီး ပြုံးကာ မေးလိုက်သည်။
"ဒီဘေးနားက တောအုပ်ထဲမှာ မင်း မြင်ခဲ့ရတဲ့ ကိစ္စကို တခြား ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး မဟုတ်လား"
"မပြောပါဘူး... မပြောပါဘူး"
ကြွက်စုတ် အလျင်အမြန် ခေါင်းခါလိုက်၏။
"ကျွန်တော်က သတ္တိနည်းတဲ့ကောင်ပါ... အဲ့ဒီညက ဒီအဖြစ်အပျက်ကို ကြုံရတုန်းက... ကံဆိုးတယ်လို့ပဲ သတ်မှတ်ပြီး နောက်ထပ် ပြန်လာဖို့ မစဉ်းစားခဲ့ပါဘူး... ဒီတစ်ခါ ရွေးချယ်စရာ မရှိလို့သာ လိုက်လာရတာပါ"
"သူများတွေ ကျွန်တော့်ကို လှောင်ပြောင်မှာ စိုးလို့... ဒီအကြောင်း ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ပါဘူး"
"မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုရော... မပြောပြခဲ့ဘူးလား"
သခင်ကြီး ဝံပုလွေ၏ အပြုံး ပိုမို ကျယ်ပြန့်လာ၏။
ကြွက်စုတ်သည် တောင်းပန်တိုးလျှိုးသော အပြုံးဖြင့် ပြန်ပြောလိုက်ရှာသည်။
"သခင်ကြီး ဝံပုလွေ ကလည်းဗျာ... နောက်နေပြန်ပြီ"
"ကျွန်တော့် မိသားစု အခြေအနေကို ခင်ဗျား မသိတာမှ မဟုတ်တာ... ကျွန်တော် ငယ်ငယ်လေး ကတည်းက မိဘတွေက ထားရစ်ခဲ့ကြတာ... သူတို့ ဘယ်ရောက်သွားလဲ ဆိုတာတောင် ကျွန်တော် မသိဘူး"
"ရှိစုမဲ့စု သမီးလေး တစ်ယောက် ရှိခဲ့ပေမယ့်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဆေးလွန်ပြီး သေသွားခဲ့ပါပြီ"
"အခု ကျွန်တော်က တစ်ကောင်ကြွက်ပါ... ဘယ်က မိသားစုနဲ့ သူငယ်ချင်းတွေ ရှိမှာလဲဗျာ..."
"ဒီလိုဆိုရင်တော့ ငါ စိတ်အေးရပြီ"
သခင်ကြီး ဝံပုလွေ၏ အပြုံးသည် အလွန်တရာ တောက်ပလာ၏။
ကြွက်စုတ် ရယ်မောလိုက်သည်။
"ဟုတ်တယ်... စိတ်ချလို့ ရပါတယ်"
"ခင်ဗျား ကျွန်တော့်ကို ဒေါ်လာ ၂ သန်း ပေးပြီးတာနဲ့... ဒီကိစ္စကို ကောင်းကင်နဲ့ မြေကြီးပဲ သိတော့မှာပါ"
"အဲ့ဒီအချိန်ကျရင်... ကျွန်တော်တို့ အားလုံး ချမ်းသာပြီး ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းလို့ ရပြီ..."
"မဟုတ်ဘူး... ငါတို့ပဲ ချမ်းသာပြီး ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းမှာ... မင်း မပါဘူး"
သခင်ကြီး ဝံပုလွေ ရုတ်တရက် သေနတ်ထုတ်လိုက်ပြီး... ကြွက်စုတ်၏ ဦးခေါင်းကို နှစ်ချက် ပစ်ထည့်လိုက်လေတော့သည်။
"ဒိုင်း... ဒိုင်း"
ကြွက်စုတ်၏ မျက်လုံးများ ချက်ချင်းပင် အရောင်မှိန်သွား၏။
"ခင်ဗျား... ကတိမတည်ဘူး"
သူ့အသံမှာ အားနည်းနေသည်။
သို့သော် သခင်ကြီး ဝံပုလွေသည် သူ့ကို တွန်းထုတ်လိုက်ပြီး၊ နောက်ဆုံး ထွက်သက်ကို ပျောက်ကွယ်သွားစေလိုက်၏။ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"မဟုတ်ဘူး... ငါ ကတိတည်ပါတယ်"
"ခဏနေကျရင်... မင်းအတွက် ငွေစက္ကူ (Joss money - တရုတ်ရိုးရာ အသုဘများတွင် ရှို့ပေးလေ့ရှိသော စက္ကူပိုက်ဆံ) ဒေါ်လာ ၂ သန်းဖိုး မီးရှို့ပေးလိုက်ပါ့မယ်"
"ဟားဟားဟား"
ကြွက်စုတ်၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။
"ကျင်းတူးပြီး မြှုပ်လိုက်ကြ"
သခင်ကြီး ဝံပုလွေသည် သာမန် ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ပင်။ သေနတ်ကို ပြန်သိမ်းလိုက်ပြီးနောက်၊ နှင်းဆီသစ်သား သေတ္တာထဲမှ ပန်းရောင်စိန်တုံးကို လောဘတကြီး ပြန်ကြည့်လိုက်၏။
သူ့ညီအစ်ကိုများသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်ကြပြီး၊ ကျင့်သားရနေသကဲ့သို့ ပြုံးလိုက်ကြသည်။
"သခင်ကြီး ဝံပုလွေက ခုနက ဘာလို့ ဒီလောက် သဘောကောင်းနေတာလဲလို့ တွေးနေတာ"
"ဒီငတုံးဆီကနေ သတင်းနှိုက်ချင်လို့ကိုး"
"ဟားဟားဟား... ဒီငတုံးက တကယ် တုံးတာပဲ... သခင်ကြီးက သူ့ကို ဒေါ်လာ ၂ သန်း ပေးမယ်လို့ ထင်နေတာ တော်တော် ရိုးတာပဲ"
"ဆေးတွေ သုံးလွန်းလို့ ဦးနှောက် ပျက်စီးသွားတာ နေမှာပါ... သခင်ကြီး ဝံပုလွေကို ကိုင်တွယ်ရ လွယ်မယ် ထင်နေတာကိုး"
"ကျွန်တော့် အမြင်ကတော့... သခင်ကြီး ဝံပုလွေ အနေနဲ့ သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး... ဟို ကံဆိုးတဲ့ကောင်တွေလိုပဲ တောထဲမှာ ပစ်ထားလိုက်ရင် ရတာပဲ... ဘာလို့ အားစိုက်ပြီး မြှုပ်ပေးနေရဦးမှာလဲ"
သို့သော် သခင်ကြီး ဝံပုလွေသည် စိတ်အခြေအနေ အလွန် ကောင်းမွန်နေပုံ ရ၏။ သူ မျက်လုံးများကို မှေးလိုက်ပြီး ပြောလိုက်သည်။
"အနည်းဆုံးတော့ သူက ငါတို့ကို ဒီနေရာထိ ခေါ်လာပေးတယ်လေ... လမ်းပြတစ်ယောက် အနေနဲ့ သူ့ကျေးဇူးကို ဆပ်တဲ့သဘောပါပဲ"
"အားလုံးပဲ... အားစိုက်ပြီး ကျင်းတူးပေးလိုက်ကြ"
"ဒီ ပန်းရောင်စိန်တုံး ရောင်းထွက်သွားရင်... ညီအစ်ကို တစ်ယောက်ချင်းစီကို ဒေါ်လာ ၅ သိန်းစီ ပေးမယ်"
သူ့လက်အောက်ငယ်သားများသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားကြ၏။
"သခင်ကြီး ဝံပုလွေက ရက်ရောလိုက်တာဗျာ"
"ပြောသင့် မပြောသင့်တော့ မသိဘူး... ဒီအချိန်မှာ ကြွက်စုတ်ကို မြှုပ်နှံပေးချင်တဲ့ စိတ်ထားကကို သခင်ကြီး ဝံပုလွေက မြင့်မြတ်တဲ့ လူတစ်ယောက် ဆိုတာ ပြနေတာပါပဲ"
"ဒါကြောင့်မို့လို့ သခင်ကြီး ဝံပုလွေက ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖြစ်နေတာပေါ့"
"..."
မြှောက်ပင့်သံများ တသီတတန်းကြီး ထွက်ပေါ်လာလေတော့သည်။
မူးယစ်ဆေး ရောင်းဝယ်သူများသည် စိတ်ဓာတ်တက်ကြွသွားကြပြီး၊ ကျင်းတူးရန် ချက်ချင်း စတင်လိုက်ကြ၏။
သခင်ကြီး ဝံပုလွေကမူ အလုပ်ရှုပ်နေသော လက်အောက်ငယ်သားများကို ကြည့်ပြီး လှောင်ပြောင်သော အပြုံးဖြင့် ကြည့်နေမိသည်။
သူ ယခုလေးတင် အတည်ပြုလိုက်၏။. ဒီပန်းရောင်စိန်တုံးက သာမန် ပစ္စည်းတစ်ခု မဟုတ်ပေ။ ဂျယ်ရီ ဘာရိုးစ် မိသားစုကနေ လက်ဆင့်ကမ်းလာသည့် အဖိုးတန်ဆုံး စုဆောင်းမှုတွေထဲက အဋ္ဌမမြောက် ပစ္စည်းပင် ဖြစ်၏။
ဝီလျံဆန် ပန်းရောင်ကြယ်ပွင့် (The Williamson Pink Star)။
၁၁.၁၅ ကာရက် (11.15 carats)။
တန်ဖိုးက ဒေါ်လာ သန်း ၉၀ လောက် ရှိသည်။
ဒေါ်လာ ဆယ်သန်းလောက်သာ တန်တာ မဟုတ်ပေ။
ရောင်းလိုက်သည့် အခါကျလျှင်... သူ့လက်အောက်ငယ်သားတွေကို ဒေါ်လာ ၅ သိန်းစီ ဝေပေးလိုက်လျှင်တောင်မှ... သူ့အတွက် အနည်းဆုံး ဒေါ်လာ ၈၇ သန်းလောက် ကျန်နေဦးမည်။
ဘဝဆက်တိုင်း ချမ်းချမ်းသာသာ နေနိုင်ဖို့ လုံလောက်သော ပမာဏပဲ။
ကံကောင်းတာက... သူ့ရှေ့က ငတုံးတွေက ဘာမှ နားမလည်ကြပေ။ ဒေါ်လာ ၅ သိန်းလောက်နှင့်တင် သူတို့အတွက် လုံလောက်နေကြလေသည်။
...
သခင်ကြီး ဝံပုလွေ လုံးဝ သတိမထားမိပေ။ သူ ဂုဏ်ယူဝင့်ကြွားပြီး စိတ်လှုပ်ရှားနေချိန်တွင်... သူတို့၏ အနောက်ဘက် မလှမ်းမကမ်းတွင် ပုန်းအောင်းနေသော သတ္တိရှိပြီး လှပသည့် ပုံရိပ်တစ်ခုသည် သေနတ်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်၏။
သို့သော် ထိုလှပသော ပုံရိပ်က သေနတ် ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင်... လက်တစ်ဖက်က သူမ၏ ပခုံးကို ဖွဖွလေး လှမ်းဆွဲလိုက်သည်။
ထို့နောက် သူမ လျင်မြန်စွာ တုံ့ပြန်ပြီး သေနတ်ဖြင့် လှည့်ပစ်ရန် ပြင်လိုက်စဉ်မှာပင်... ထိုလက်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ပါးစပ်ကိုပါ အုပ်လိုက်သည်။ သူသည် ပခုံးဖြင့် သူမ၏ ရင်ဘတ်ကို တွန်းကာ မှီထားသော သစ်ပင်နှင့် ဖိကပ်လိုက်၏။ သူ၏ အားမှာ သန်မာလွန်းသဖြင့် သူမ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။