← Chapters

အခန်း (၁၇၄၃-၁၇၄၅)

Vol. 92 Ch. 1743-1745

အခန်း (၁၇၄၃-၁၇၄၅)

Vol. 92 Ch. 1743-1745

အခန်း (၁၇၄၃) - ရှင်က ကျွန်မကို ကျေးဇူးတင်စကား တစ်ခွန်း အကြွေးတင်နေတယ်

~သစ်ပင်တွင် ဖိကပ်ခံထားရသော သူမှာ အရပ် ၁.၇ မီတာ (၅ ပေ ၇ လက်မ) ကျော် မြင့်မား၏။ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ ဆွဲဆောင်မှု ရှိသော်လည်း၊ ဆံပင်တိုနှင့် ခါးတွင် သေနတ် ချိတ်ထားသည်ကို ကြည့်ခြင်းအားဖြင့်... နေမဝင်အင်ပါယာ တော်ဝင် အေးဂျင့် အစ္စဘယ်လ်လာ (Isabella) ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

သူမ၏ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ရာ ဖိကပ်ထားမှုကို ခံစားနေရပြီး၊ ခြေထောက်များကိုလည်း တစ်စုံတစ်ယောက်၏ ဒူးခေါင်းဖြင့် ဖိထားသဖြင့်... သူမ ဒေါသထွက်နေပြီး မျက်နှာ အနည်းငယ် ရဲနေ၏။

မလှုပ်ရှားနိုင်သော်လည်း၊ အလိုအလျောက် တုံ့ပြန်မှုအရ ခေါင်းလှည့်ပြီး ပါးစပ်ကို အုပ်ထားသော လက်ကို ကိုက်ပစ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမ ဘာမှ မလုပ်ရသေးခင်မှာပင် "ရှူး" ဟူသော အသံတိုးတိုးလေးကို ကြားလိုက်ရ၏။

သေချာ ကြည့်လိုက်သောအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခု ဖြစ်နေသည်။

ယဲ့ဖန်...

ယခုအချိန်၌ ယဲ့ဖန်သည် သစ်ပင်ကြီးကို အကာအကွယ်ယူပြီး ရှေ့ကို လှမ်းကြည့်နေ၏။

သူ့ဘေးနားတွင်လည်း သတိကြီးစွာ ထားနေသော တရုတ်အမျိုးသမီး တစ်ဦး ရှိနေသည်။

ထိုအမျိုးသမီးသည် လုပ်ငန်းခွင် ဝတ်စုံ (Business suit) ဝတ်ဆင်ထားသော်လည်း၊ ခြေထောက်တွင် ခြေအိတ်အနက်ရောင်နှင့် ဖိနပ်ပြားတစ်ရံကို စီးထား၏။

အစ္စဘယ်လ်လာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မျက်နှာရဲလာသည်။

ယဲ့ဖန်က သူမ၏ ရင်ဘတ်နှင့် ခြေထောက်များကို ဆက်လက် ဖိကပ်ထားဆဲ ဖြစ်သည်ကို ခံစားမိသောအခါ... သူမ ချက်ချင်း မျက်ရိပ်ပြလိုက်၏။ လွှတ်ပေးဖို့နှင့် သူမ ဘာမှ မလုပ်ပါဘူး ဆိုသည့် သဘောဖြင့် အချက်ပြလိုက်သည်။

ထို့နောက် အသံမထွက်ဘဲ မေးလိုက်၏။

"ရှင် ဘာလို့ ဒီရောက်နေတာလဲ"

"ပြီးတော့... ဘာလို့ ကျွန်မကို ဖိထားရတာလဲ"

ယဲ့ဖန် သူမဘက်သို့ လှည့်ကြည့်လိုက်၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ... သူ ဒီလို ဖိကပ်ထားတာက နည်းနည်း အနေခက်စရာ ကောင်းနေမှန်း သဘောပေါက်လိုက်သည်။

သူ ချက်ချင်း လွှတ်ပေးလိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ နူးညံ့အိစက်မှုကို စွန့်ခွာလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် ဖုန်းပေါ်တွင် စာကြောင်းတစ်ကြောင်းကို အမြန် ရိုက်လိုက်၏။

"ဒီနေရာမှာ ကျွန်တော် ရှာနေတဲ့ ရတနာ တစ်ခု ရှိနိုင်တယ်လို့ သတင်းရထားလို့ လာကြည့်တာ"

"ခင်ဗျားက ကျွန်တော်နဲ့ ကျွန်တော့်လက်ထောက် အချိန်ကိုက် ရောက်လာတာကို ကျေးဇူးတင်သင့်တယ်"

"..."

အစ္စဘယ်လ်လာ နားမလည်နိုင် ဖြစ်သွား၏။

သူမသည် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် ထပ်မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

ယဲ့ဖန် ယခုတစ်ကြိမ်တွင် ပြန်မဖြေတော့ဘဲ၊ ရှေ့ကို ကြည့်ရန် မျက်ရိပ်ပြလိုက်၏။

အစ္စဘယ်လ်လာ ဆက်မေးရန် ပြင်လိုက်စဉ်မှာပင်...

"ဘုန်း"

တုန်လှုပ်ဖွယ်ရာ အသံအုပ်အုပ် တစ်ခု ရှေ့ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။

သူမ လှမ်းကြည့်လိုက်သောအခါ... မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်သော ပုံရိပ်တစ်ခု ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် ကြွက်စုတ်ကို သေနတ်ဖြင့် ချိန်ထားသော သခင်ကြီး ဝံပုလွေ၏ ဘေးနားမှ လူကို ကန်ကျောက်လိုက်ပြီး ဖြစ်၏။

ကန်ချက်တစ်ချက်တည်းဖြင့် ထိုလူကို ၄ မီတာ၊ ၅ မီတာခန့် လွင့်စင်သွားစေပြီး၊ လက်ထဲမှ သေနတ်ကိုပါ လုယူလိုက်သည်။

ထို့နောက် သခင်ကြီး ဝံပုလွေနှင့် အခြားသူများ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင်... အလားတူ လျင်မြန်သွက်လက်သော ပုံရိပ်အချို့သည် ဘေးဘက်ရှိ တောအုပ်ထဲမှ ပြေးထွက်လာကြ၏။

သူတို့၏ လှုပ်ရှားမှုများမှာ အလွန် လျင်မြန်ပြီး၊ သခင်ကြီး ဝံပုလွေ၏ လက်အောက်ငယ်သားများ အားလုံးကို လျှပ်တစ်ပြက် အတွင်း ဖြိုလဲပစ်လိုက်ကြသည်။

...

"အို..."

အစ္စဘယ်လ်လာ အံ့ဩထိတ်လန့်သွားရ၏။ သူမ ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်မိသည်။

သူမသည် သခင်ကြီး ဝံပုလွေ တို့အဖွဲ့ကို တောက်လျှောက် နောက်ယောင်ခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ထိုမတိုင်ခင်တုန်းက တခြားလူတွေ ရှိနေမှန်း သူမ သတိမထားမိခဲ့ပါ။

ဒါကြောင့်မို့လို့ သခင်ကြီး ဝံပုလွေ တို့က ပစ္စည်းရပြီးနောက် ကြွက်စုတ်ကို သတ်ပစ်လိုက်တာ မြင်တော့... သူမ မနေနိုင်ဘဲ တစ်ယောက်တည်း ဝင်တိုက်ဖို့ လုပ်ခဲ့သညါ။

မှောင်မိုက်နေသော နေရာမှာ ဒီလောက် အစွမ်းထက်သည့် မုဆိုးတစ်သိုက် ပုန်းအောင်းနေမယ်လို့ သူမ ထင်မထားခဲ့မိပေ။

ဒီလိုဆိုလျှင်တော့ ယဲ့ဖန်ပြောတာ မှန်သည်။

သူမ အသက်ကို ကယ်တင်လိုက်သည်ဟု ပြော၍ ရသည်။

အကယ်၍သာ သူမက ခုနက စိတ်လိုက်မာန်ပါနှင့် ထွက်တိုက်မိလျှင်... ယခု သခင်ကြီး ဝံပုလွေ တို့အဖွဲ့လို ဖြစ်ပြီး အရေးနိမ့်သွားမှာ သေချာသည်။

ယဲ့ဖန်တို့ ရောက်လာတာ အချိန်ကိုက်ပင်။

အစ္စဘယ်လ်လာ အတွေးထဲ နစ်မြောနေစဉ်မှာပင်... သခင်ကြီး ဝံပုလွေ တို့ဘက်မှ အခြေအနေ လုံးဝ ပြောင်းလဲသွားလေ၏။

ရုတ်တရက် ပေါ်လာသော လူအုပ်စုသည် အလွန် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

သခင်ကြီး ဝံပုလွေ၏ လူများကို ရိုက်နှက်ပြီးနောက်... သူတို့ ရပ်တန့်မသွားကြပေ။ အပြန်အလှန် မတိုက်ခိုက်နိုင်တော့သည့် အခြေအနေကို အခွင့်ကောင်းယူပြီး၊ အားလုံး၏ အသက်ကိုပါ အပြီးတိုင် နှုတ်ယူပစ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း... ပျော်ရွှင်နေခဲ့သော သခင်ကြီး ဝံပုလွေ တို့အဖွဲ့သည် သခင်ကြီး ဝံပုလွေ တစ်ယောက်တည်းသာ ကျန်တော့သည်အထိ ဖြစ်သွား၏။

သခင်ကြီး ဝံပုလွေ ကိုယ်တိုင်လည်း သိသိသာသာ ထိတ်လန့်နေလေပြီ။ သူသည် လက်တစ်ဖက်ဖြင့် သေနတ်ကို ကိုင်ကာ... နှင်းဆီသစ်သား သေတ္တာထဲမှ ‘’ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်’ ကို ချိန်လိုက်၏။ သူ၏ မျက်လုံးများ နီရဲနေသည်။

"ရပ်လိုက်... ရပ်လိုက်ကြစမ်း"

"ငါ သေသွားရင်... ဘယ်သူမှ ဒီပန်းရောင်စိန်တုံးကို မရစေရဘူး"

"ငါ တကယ် လုပ်မှာနော်"

ရုတ်တရက် ပေါ်လာသော လူများသည် ပန်းရောင်စိန်တုံးကို ရယူရန် ရောက်လာကြခြင်း ဖြစ်သဖြင့်၊ ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း ရပ်တန့်လိုက်ကြ၏။

ခဏတာမျှ... တစ်ဖက်သတ် အသာစီးရနေသော အခြေအနေသည် ယာယီ တင်းမာသွားလေတော့သည်။

တင်းမာမှုသည် အချိန်အတော်ကြာ တည်ရှိနေ၏။ ထို့နောက် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများကို နင်းမိသံများ ထွက်ပေါ်လာသည်။ ဆံပင်အဆီပြန်နေပြီး ကုတ်အင်္ကျီရှည် (Trench coat) ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာ၏။ သူ၏ ပုံစံမှာ လောင်းကစားသမား တစ်ယောက်နှင့် တူနေသည်။ ရုတ်တရက် ပေါ်လာသော လူသန်ကြီးများသည် ထိုလူဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

သခင်ကြီး ဝံပုလွေ ပြန်ပြောလိုက်သည်။

"ခင်ဗျားက သူတို့ ခေါင်းဆောင်လား"

"ကျွန်တော့်ကို လွှတ်ပေးပါ"

"ဒီနေရာကနေ ထွက်သွားပါရစေ"

"လွတ်လမ်း ပေးပါဗျာ... ဒီပစ္စည်းကို ခွဲယူလို့ ရပါတယ်"

ဆံပင်အဆီပြန်နှင့် လူသည် ပြုံးလိုက်၏။

"မင်းက ငါတို့နဲ့ ညှိနှိုင်းဖို့ အရည်အချင်း ရှိသေးတယ်လို့ ထင်နေတာလား"

"ကျွန်တော့်လက်ထဲမှာ ပန်းရောင်စိန်တုံး ရှိတယ်... ပြီးတော့ သေနတ်လည်း ရှိတယ်"

သခင်ကြီး ဝံပုလွေသည် မောင်းတံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အော်ဟစ်လိုက်၏။

"ဒါ အလုံအလောက် မရှိသေးဘူးလား"

"ကျွန်တော် မောင်းဖြုတ်လိုက်တာနဲ့... အားလုံး အလကား ဖြစ်ကုန်မှာနော်"

တစ်ဖက်လူ ပြန်မပြောနိုင်ခင်မှာပင် သူ အမြန် ဆက်ပြောလိုက်သည်။

"ကြွက်စုတ်ဆီကနေ ခင်ဗျားတို့ သတင်းရထားလားတော့ မသိဘူး... ဒါပေမဲ့ ကျွန်တော် ပြောချင်တာက... အားလုံးက ပိုက်ဆံလိုချင်လို့ ရောက်လာကြတာလေ... ခင်ဗျားတို့လည်း လက်ဗလာနဲ့ မပြန်ချင်ဘူး မဟုတ်လား"

"ဒီပစ္စည်းက အနည်းဆုံး ဒေါ်လာ သန်း ၉၀ တန်တယ်"

"ကျွန်တော်တို့ ပူးပေါင်းလိုက်ရင်... ခင်ဗျားတို့ ရမယ့် အကျိုးအမြတ်က တွေးလို့တောင် မရနိုင်လောက်အောင် များမှာပါ"

ဆံပင်အဆီပြန်နှင့် လူသည် ထပ်မံ ပြုံးလိုက်ပြန်၏။

"မင်း ပြောတာ အဓိပ္ပာယ် ရှိပါတယ်"

"ဒါပေမဲ့ ပြဿနာ တစ်ခုကို မင်း မေ့နေတယ်"

"ဘာပြဿနာလဲ"

သခင်ကြီး ဝံပုလွေ အလိုအလျောက် မေးလိုက်မိ၏။

"ငါတို့ ကိုယ်တိုင် လုယူလို့ ရနေတာပဲလေ... မင်းကို အရင် ဝေစုပေးစရာ မလိုဘူးပေါ့"

စကားပြောရင်း ဆံပင်အဆီပြန်နှင့် လူသည် ရုတ်တရက် လှုပ်ရှားလိုက်လေတော့သည်။

လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ပင်။

သခင်ကြီး ဝံပုလွေ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင်၊ သူ့လက်ထဲတွင် ဘာမှ မရှိတော့ပေ။

ထို့နောက် သူကိုင်ထားသော သေနတ်နှင့် ပန်းရောင်စိန်တုံးတို့သည် တဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားလေတော့သည်။

"ခင်... ခင်ဗျား..."

သူ အံ့သြတကြီး လှမ်းကြည့်လိုက်သောအခါ... တဖက်လူသည် သူ့နဖူးကို ချိန်ပြီး မောင်းဖြုတ်လိုက်လေပြီ။

"ဒိုင်း... ဒိုင်း"

သခင်ကြီး ဝံပုလွေ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ ဆံပင်အဆီပြန်နှင့် လူသည် အချိန်ဆွဲနေခြင်း မပြုတော့ပေ။ အိတ်ကပ်ထဲမှ လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်လိုက်ပြီး၊ သေနတ်ပေါ်မှ လက်ဗွေရာများကို သုတ်ပစ်ကာ လွှင့်ပစ်လိုက်၏။

ထို့နောက် ပန်းရောင်စိန်တုံးကို ယူဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

...

အစ္စဘယ်လ်လာသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ယဲ့ဖန်ကို အမြန် ကြည့်လိုက်ပြီး၊ မျက်လုံးများဖြင့် မေးလိုက်၏။

"အခု တိုက်လို့ ရပြီလား"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူမ၏ ခါးမှ သေနတ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းပေါ်တွင် စာအမြန် ရိုက်လိုက်၏။

"တစ်ဖက်လူက နာရေး အဖွဲ့အစည်းက လူတွေပဲ... သူတို့က အရမ်း အစွမ်းထက်တယ်"

"ကျွန်တော် ရှေ့ကနေ ပိတ်တိုက်လိုက်မယ်... ခင်ဗျားနဲ့ ကျွန်တော့် လက်ထောက်က ဒီနေရာကနေ စောင့်ကြည့်ပေးထားပါ"

"ဒီနေရာက ပထဝီ အနေအထား ရှုပ်ထွေးတာကို အခွင့်ကောင်းယူပြီး သူတို့ လူခွဲ ထွက်ပြေးမှာ စိုးလို့ပါ"

စာရိုက်ပြီးသည်နှင့် တပြိုင်နက်... အစ္စဘယ်လ်လာ စာဖတ်ပြီးသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူသည် လေပြင်းမုန်တိုင်း တစ်ခုပမာ ပြေးထွက်သွားပြီး... ဆံပင်အဆီပြန်နှင့် လူအပါအဝင် အားလုံးကို ဝိုင်းရံ ပိတ်ဆို့လိုက်လေတော့သည်။

အခန်း (၁၇၄၄) - နောင်ကျမှ နောင်တမရပါစေနဲ့

~ယဲ့ဖန်သည် မြင်းခွာ ဘီယာစက်ရုံဆင်းရဲသားရပ်ကွက်တွင် ကြုံတွေ့ခဲ့ရသော နာရေး အဖွဲ့အစည်း၏ ရွှေရောင် တိုက်ခိုက်ရေးသမားများ နှင့် နှိုင်းယှဉ်လျှင်... ယခုတွေ့နေရသော နာရေး အဖွဲ့အစည်းဝင်များသည် အနည်းငယ် ပို၍ အားနည်းကြောင်း သိရှိလိုက်ရ၏။

အဖွဲ့သားများ၏ ပျမ်းမျှ စွမ်းရည်မှာ အထူးတပ်ဖွဲ့ဝင် လက်ရွေးစင်များလောက်သာ ရှိသည်။

အဖွဲ့ခေါင်းဆောင်မှာ အများကြီး ပိုသန်မာသည် ဆိုသော်လည်း... သာမန် အလင်းကျင့်စဉ် ကိုယ်ဖော့ပညာရှင် တစ်ယောက်လောက်သာ ရှိပေသည်။

ယဲ့ဖန် တစ်ယောက်တည်းနှင့်တင် သူတို့ကို အသာလေး ဖြေရှင်းပစ်လို့ ရနေ၏။

ဆံပင်အဆီပြန်နှင့် လူအပါအဝင် အဖွဲ့သားများ၏ ရှေ့သို့ ရောက်သောအခါ၊ ယဲ့ဖန်သည် သစ်ပင်တစ်ပင်ကို တမင်တကာ မှီလိုက်ပြီး အေးအေးလူလူ စောင့်ဆိုင်းနေလိုက်၏။

ဆံပင်အဆီပြန်နှင့် လူအပါအဝင် အဖွဲ့သားများသည် ယဲ့ဖန်ကို မြင်လိုက်ရသောအခါ အလွန် အံ့အားသင့်သွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သတိထားမှုများ ပြည့်နှက်သွား၏။

"မင်း ဘယ်သူလဲ... ဘာလို့ ဒီရောက်နေတာလဲ"

သတိထား မေးမြန်းနေရင်း... ဆံပင်အဆီပြန်နှင့် လူသည် သူ၏ လက်အောက်ငယ်သားများကို မျက်ရိပ်ပြလိုက်၏။

လက်အောက်ငယ်သား ၂၀ ခန့်သည် ချက်ချင်း ခက်ထန်သွားကြပြီး၊ ယဲ့ဖန်ထံသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။

ယဲ့ဖန်သည် သူတို့၏ အကြံအစည်ကို သိနေသည်။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ သူ ပြုံးလိုက်၏။

"ငါက နေမဝင်အင်ပါယာရဲ့ တော်ဝင် အေးဂျင့် တစ်ယောက်ပဲ"

"ပန်းရောင်စိန်တုံးကို ပေးလိုက်စမ်း"

"ပြီးရင် လိမ္မာပါးနပ်စွာ လက်နက်ချလိုက်တော့"

"တော်ဝင် အေးဂျင့် ဟုတ်လား"

ဆံပင်အဆီပြန်နှင့် လူ၏ လက်အောက်ငယ်သားများသည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ သူတို့သည် ချက်ချင်း ရပ်တန့်လိုက်ပြီး ခေါင်းဆောင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဆံပင်အဆီပြန်နှင့် လူက တံတွေးနှင့် လှမ်းထွေးလိုက်၏။

"ပေါက်ကရတွေကွာ"

"မင်းရုပ်ကို ကြည့်လိုက်ရင် အာရှသား ရုပ်ကြီး ပေါက်နေတာကို"

"နေမဝင်အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့က မင်းကို ဘယ်လိုလုပ် ခေါ်မှာလဲ"

ပြောပြောဆိုဆိုပင် သူသည် ညီအစ်ကိုများဘက်သို့ လှည့်ကြည့်လိုက်၏။

"ငါ ထင်တာတော့ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ငတုံးတစ်ကောင် ဖြစ်လောက်တယ်"

"သူ့ကို ရှင်းပစ်လိုက်စမ်း"

ညီအစ်ကိုများသည် ထိုစကားကို ကြားလိုက်ရသောအခါ အဓိပ္ပာယ်ရှိသည်ဟု ထင်သွားကြပုံရ၏။ ဆက်လက် စစ်ဆေးမေးမြန်းနေခြင်း မပြုတော့ဘဲ၊ ယဲ့ဖန်ထံသို့ တဟုန်ထိုး ပြေးဝင်လာကြလေတော့သည်။

"အမှန်တရားကို ပြောပြရင် ဘယ်သူမှ မယုံကြပါလား"

ယဲ့ဖန် သက်ပြင်းချလိုက်၏။

သို့သော် သူ့လက်များက ရပ်တန့်မနေပေ။

နာရေး အဖွဲ့အစည်း၏ ပထမဆုံး အဖွဲ့ဝင် ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက်... နဂါးတစ်ကောင်ကဲ့သို့ အားပါသော လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်လေတော့သည်။

တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ...

ဦးဆုံး ပြေးဝင်လာသော လူထွားကြီးသည် နောက်သို့ လွင့်ထွက်သွားလေတော့သည်။

"ဘုန်း"

လူထွားကြီး လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက်... သွေးအန်ချလိုက်ပြီး၊ သွေးများနှင့်အတူ ကလီစာ အပိုင်းအစများပါ ပါလာသည်ကို တွေ့လိုက်ရ၏။

သူ့ခန္ဓာကိုယ် မြေကြီးပေါ် ကျရောက်သွားသောအခါ... ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားပြီး ဖြစ်နေသည်။

အတွင်းကလီစာများနှင့် နံရိုးများပါ ကြေမွသွားသကဲ့သို့ ဖြစ်နေပြီး၊ အသက်ပါ ပါသွားလေပြီ။

"သောက်ကျိုးနည်း"

အခြား နာရေး အဖွဲ့အစည်းဝင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား ဖြစ်သွားကြ၏။

ယဲ့ဖန်ထံသို့ ပြေးဝင်လာနေသော လူအုပ်ကြီး ချက်ချင်း ရပ်တန့်သွားသည်။

"ဒါ ဘယ်လို စွမ်းအားမျိုးလဲကွ"

"အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ တိုက်မိရင်တောင်မှ ဒီလောက်အထိ ဖြစ်သွားမှာ မဟုတ်ဘူး"

"လက်သီးတစ်ချက်တည်းနဲ့ ကားလ် (Karl) ရဲ့ ရင်ဘတ်ကြီး ချိုင့်ဝင်သွားတယ်... ပြီးတော့ သူ သွေးအန်တဲ့အထဲမှာ အသားစတွေတောင် ပါလာတာ ငါ မြင်လိုက်သလိုပဲ"

"ဒါ လူ မဟုတ်တော့ဘူး... လူ့အရေခွံ ဝတ်ထားတဲ့ ဘီလူးကောင်ကြီးပဲ"

"..."

တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြ၏။

စောစောက ဂရုမစိုက်သလို နေခဲ့သော ဆံပင်အဆီပြန်နှင့် လူပင်လျှင် မျက်နှာထား လေးနက်သွားပြီး၊ ယဲ့ဖန်ကို သတိထားကာ ကြည့်လိုက်သည်။

"မင်း ဘယ်သူလဲ... ဘာလို့ ငါတို့ကို တားနေတာလဲ"

ပြောရင်းဆိုရင်း ယဲ့ဖန် စကားပြောရန် ပြင်လိုက်သည်ကို မြင်လိုက်ရသောအခါ၊ သူ အမြန် ဖြတ်ပြောလိုက်၏။

"နေမဝင်အင်ပါယာရဲ့ တော်ဝင် အေးဂျင့် ပါလို့တော့ မပြောနဲ့နော်"

"ဘယ်သူမှ မတုံးဘူး... ငါတို့မှာ ခွဲခြားသိမြင်နိုင်တဲ့ အခြေခံ အရည်အချင်း ရှိတယ်"

ယဲ့ဖန် စကားမပြောနိုင် ဖြစ်သွား၏။

"မင်းက အဖြေမှန်ကို ဖယ်ထုတ်ထားပြီးမှ... ငါ့ကို ဘာဆက်ပြောစေချင်သေးတာလဲ"

"ထားလိုက်ပါတော့... မင်း မယုံမှတော့ လိုရင်းကိုပဲ ပြောကြတာပေါ့"

"ပန်းရောင်စိန်တုံးကို ပေးလိုက်စမ်း"

"ပြီးရင် အားလုံး လက်နက်ချလိုက်ကြ"

ဆံပင်အဆီပြန်နှင့် လူသည် အရှက်ခွဲခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး၊ မျက်နှာ ရဲလာ၏။

"မင်း လွန်လွန်းမနေဘူးလား"

"ငါတို့က နာရေး အဖွဲ့အစည်း လက်အောက်က ငွေရောင် တိုက်ခိုက်ရေးသမားတွေ (Silver Fighters) ကွ"

"ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ ရတဲ့ အဆင့် မဟုတ်ဘူး"

ယဲ့ဖန် ဂရုမစိုက်ပေ။

"ငွေရောင် တိုက်ခိုက်ရေး အဖွဲ့ ဟုတ်လား... လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက မင်းတို့ အဖွဲ့အစည်းက ရွှေရောင် တိုက်ခိုက်ရေးသမားတွေကို ငါ သင်ခန်းစာ ပေးခဲ့သေးတယ်"

"သူတို့လည်း အခုဆို လိမ္မာနေကြပြီ မဟုတ်လား... လေတောင် မလည်ရဲကြတော့ဘူးလေ"

ဆံပင်အဆီပြန်နှင့် လူ ကြောင်အသွား၏။

"ငါတို့ အဖွဲ့အစည်းက ရွှေရောင် တိုက်ခိုက်ရေး အဖွဲ့နဲ့ ရင်ဆိုင်ခဲ့ဖူးတယ် ဟုတ်လား"

"အတိအကျ ပြောရရင် ရင်ဆိုင်ခဲ့တာ မဟုတ်ဘူး... ရိုက်နှက် ဆုံးမခဲ့တာ"

ယဲ့ဖန် ပြင်ပြောလိုက်၏။

"သူတို့ ခေါင်းဆောင်က ရွှေသွားကြီးနဲ့လေ"

"အဖွဲ့ဝင် တစ်ယောက်ရဲ့ ညီလေးက ယောက်ျားချင်း ကြိုက်တဲ့ကောင်... နေရာတကာ လိုက်ပြီး ယောက်ျား ရှာနေတတ်တာ"

"မင်းတို့ ငွေရောင် တိုက်ခိုက်ရေး အဖွဲ့က သူတို့ထက် သာသလား၊ ညံ့သလားတော့ ငါ မသိဘူး"

ဆံပင်အဆီပြန်နှင့် လူသည် ယဲ့ဖန်၏ စကားများကို ကြားလိုက်ရသောအခါ မျက်နှာထား လေးနက်သွား၏။

ငွေရောင် တိုက်ခိုက်ရေး အဖွဲ့ အနေနှင့် အဖွဲ့အစည်း အတွင်းက ရွှေရောင် တိုက်ခိုက်ရေး အဖွဲ့ အကြောင်း သိပ်သိခွင့် မရှိသော်လည်း..

ငွေရောင် တိုက်ခိုက်ရေး အဖွဲ့ ခေါင်းဆောင် တစ်ယောက် အနေနှင့် သူ ကောင်းကောင်း သိတာ တစ်ခု ရှိသည်။ နာရေး အဖွဲ့အစည်း လက်အောက်က ရွှေရောင် တိုက်ခိုက်ရေး အဖွဲ့ တစ်ဖွဲ့၏ ခေါင်းဆောင်က တကယ်ပဲ ရွှေသွားကြီး တစ်ယောက် ဖြစ်နေသည်ပဲ။

ပြီးတော့ အဲ့ဒီ ရွှေသွားကြီးရဲ့ အဖွဲ့ဝင် တစ်ယောက်၏ ညီလေးက ကွင်းစ်ရိပ်သာလမ်းမကြီး

(ဘုရင်မ လမ်းမကြီး) (Queen's Avenue) တဝိုက်မှာ နာမည်ကြီးနေသော ဂေးကောင်လေး တစ်ယောက် ဖြစ်နေတာလည်း အမှန်ပဲ...။

ဒီအာရှသား၏စွမ်းရည်က ဒီလောက် မြင့်မားနေပြီး... ယခုလို အတွင်းရေး အသေးစိတ် အချက်အလက်တွေကိုပါ တစ်ဆက်တည်း ပြောပြနိုင်သည် ဆိုတော့... သူ ကြွားနေတာ မဟုတ်လောက်ပေ။

"လူကြီးမင်း.. ဘယ်သူလဲ"

ဆံပင်အဆီပြန်နှင့် လူ၏ မျက်လုံးများထဲတွင် အလွန် သတိထားမှုများ ပြည့်နှက်နေ၏။

သို့သော် ယဲ့ဖန်က လက်ညှိုး ကွေးပြလိုက်သည်။

"မင်း ဒီမေးခွန်း မေးတာ များနေပြီ... ငါ ဖြေတာလည်း တစ်ခါမကတော့ဘူး... ထပ်ပြောနေစရာ မလိုတော့ဘူး... ပန်းရောင်စိန်တုံးကို ပေးလိုက်စမ်း"

"ငါ့သည်းခံစိတ်က အကန့်အသတ် ရှိတယ်"

"မင်း ဆက်ပြီး အချိန်ဆွဲနေမယ် ဆိုရင်... ငါ့ရဲ့ မှတ်တမ်းထဲမှာ 'နာရေး အဖွဲ့အစည်းရဲ့ ငွေရောင် အဖွဲ့တစ်ဖွဲ့ကို ချေမှုန်းခဲ့သည်' ဆိုတဲ့ စာကြောင်း ထပ်ထည့်ရတာ ဝန်မလေးဘူးနော်"

ဆံပင်အဆီပြန်နှင့် လူသည် ယဲ့ဖန်၏ ဆိုလိုရင်းကို နားလည်လိုက်ပြီး၊ မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြတ်သန်းသွား၏။

"ငါတို့ နာရေး အဖွဲ့အစည်းရဲ့ လက်စားချေတာကို မကြောက်ဘူးလား"

ယဲ့ဖန် သူ့ကို ဆက်ပြီး စကားပြောမနေတော့ပေ။ ခါးကို မတ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။

ဆံပင်အဆီပြန်နှင့် လူ၏ လက်အောက်ငယ်သားများသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား ဖြစ်သွားကြပြီး၊ ချက်ချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။

ယဲ့ဖန် သူတို့ကို တိုက်ခိုက်လာမည်ကို ကြောက်ရွံ့နေကြသကဲ့သို့ပင်။

ဆံပင်အဆီပြန်နှင့် လူ၏ မျက်နှာထား ပျက်သွား၏။

သူသည် နေရာတွင် ရပ်လျက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ... နောက်ဆုံးတွင် နှင်းဆီသစ်သား သေတ္တာကို ယဲ့ဖန်ထံ ကမ်းပေးလိုက်လေတော့သည်။

"သေတ္တာကို ပေးလိုက်လို့ ရပါတယ်... ဒါပေမဲ့ နောင်ကျမှ နောင်တမရပါစေနဲ့လို့ မျှော်လင့်ပါတယ်"

ယဲ့ဖန် သေတ္တာကို လှမ်းယူလိုက်၏။

"လွန်ခဲ့တဲ့ တစ်ခေါက်တုန်းက... ရွှေသွားကြီးက မင်းထက် အများကြီး ပိုပြီး အသိဉာဏ် ရှိတယ်"

"အနည်းဆုံးတော့ သူက အလိုက်အထိုက် နေတတ်တယ်"

"ပြီးတော့ သူက သူ မယှဉ်နိုင်တဲ့ ပြိုင်ဘက်ရဲ့ ရှေ့မှာ ဘယ်တော့မှ မာန်မတက်ဘူး"

စကားဆုံးသည်နှင့် တပြိုင်နက်... လက်တစ်ဖက်သည် ဆံပင်အဆီပြန်နှင့် လူ၏ မျက်နှာဆီသို့ မထင်မှတ်ထားဘဲ ရောက်ရှိလာလေတော့သည်။

ဆံပင်အဆီပြန်နှင့် လူသည် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း...

သူ့အမြန်နှုန်းက ယဲ့ဖန်ကို ဘယ်ယှဉ်နိုင်ပါ့မည်လဲ။

သူ ခေါင်းလှည့်ပြီး ရှောင်တိမ်းရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင်... ယဲ့ဖန်၏ လက်သည် အရှိန်မြှင့်လိုက်ပြီး၊ ထိုမျက်နှာကို ဖြတ်။ရိုက်လိုက်လေတော့သည်။

"ဖြောင်း"

ပြတ်သားသော အသံနှင့်အတူ... ဆံပင်အဆီပြန်နှင့် လူသည် လေထဲတွင် ကျွမ်း တစ်ပတ်လည်သွား၏။

“ဘုန်း”

လေထဲတွင် အကြိမ်အနည်းငယ် လည်ပြီးမှ... နောက်ဆုံးတွင် မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်သွားလေတော့သည်။

အခန်း (၁၇၄၅) - စံနှုန်းနှစ်မျိုး ထားလွန်းရာ မကျဘူးလား

~နာရေး အဖွဲ့အစည်း၏ ငွေရောင် တိုက်ခိုက်ရေး အဖွဲ့ဝင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... တံတွေးကို အကြိမ်ကြိမ် မျိုချလိုက်မိကြ၏။

အထူးသဖြင့် သူတို့ခေါင်းဆောင်ဖြစ်သူ ဆံပင်အဆီပြန်နှင့် လူသည် မြေကြီးပေါ်တွင် နှစ်ချက်ခန့် ဆန့်ငင်ဆန့်ငင် ဖြစ်သွားပြီး... လှုပ်ရှားမှု ရပ်တန့်သွားကာ သတိလစ်သွားသည်ကို တွေ့လိုက်ရသောအခါ... သူတို့အားလုံး လေအေးတစ်ချက် ရှူရှိုက်လိုက်မိကြသည်။

လူတိုင်း ယဲ့ဖန်ကို ပြန်ကြည့်လိုက်သောအခါ... သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများသာ ရှိနေတော့၏။

သို့သော် ယဲ့ဖန်သည် အရေးမပါသော ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေသည်။ သူသည် မြေကြီးပေါ်တွင် လဲကျနေသော ဆံပင်အဆီပြန်နှင့် လူကို တစ်ချက် စောင်းကြည့်လိုက်ပြီး ပြောလိုက်၏။

"သူ့ကို ခေါ်သွားလိုက်ကြ... ပြီးတော့ နောက်နောင်ကျရင် သူ့ကို သေချာ သင်ခန်းစာ ပေးထားလိုက်"

"ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်... မာန်မတက်နဲ့... နှိမ့်ချပြီး ဆက်ဆံတတ်အောင် သင်ပေးထား"

"ခေါင်းငုံ့သင့်ရင် ငုံ့လိုက်"

"ဟန်ဆောင် မနေနဲ့... ပြီးတော့ ရက်စက်တဲ့ စကားတွေ လျှောက်မပြောနဲ့"

"အဲ့ဒါက ပိုပြီး ပြင်းပြင်းထန်ထန် အရိုက်ခံရရုံပဲ ရှိမှာ"

"နားလည်လား"

နာရေး အဖွဲ့အစည်း၏ ငွေရောင် တိုက်ခိုက်ရေး အဖွဲ့ဝင်များသည် အသံပင် မထွက်ရဲကြပေ။

သို့သော် သူတို့၏ လုပ်ရပ်များက အလွန် ရိုးသားနေ၏။

သတိလစ်နေသော ခေါင်းဆောင်နှင့် ယဲ့ဖန်၏ လက်ချက်ကြောင့် ရင်ဘတ် ချိုင့်ဝင်သွားသော အဖွဲ့ဝင်ကို တိတ်တဆိတ် တွဲထူလိုက်ပြီး... အခင်းဖြစ်ပွားရာ နေရာမှ အမြန်ဆုံး ထွက်ခွာသွားကြလေတော့သည်။

ထိုလူအုပ်စု ထွက်ခွာသွားပြီးနောက်... ယဲ့ဖန်သည် အစ္စဘယ်လ်လာနှင့် ချန်းဖေးအယ် ဘက်သို့ လှည့်ကြည့်လိုက်၏။

သူသည် အိုကေ (OK) ဟု လက်ဟန်ပြလိုက်သည်။

အစ္စဘယ်လ်လာသည် ချန်းဖေးအယ်ကို ခေါ်ဆောင်ပြီး ချက်ချင်း လျှောက်လာ၏။

အနားသို့ ရောက်သောအခါ... သူမသည် ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ရှင်ကရော မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ လူသား (Genetically Modified Person) လား"

"..."

ယဲ့ဖန် သူမကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

အစ္စဘယ်လ်လာသည် မြေကြီးပေါ်မှ သွေးကွက်များနှင့် အသားစများကို ကြည့်လိုက်သည်။

"ခုနက ရှင့်ရဲ့ လက်သီးချက်ကို ကျွန်မတို့ အားလုံး မြင်လိုက်တယ်"

"နာရေး အဖွဲ့အစည်းက ငွေရောင် တိုက်ခိုက်ရေးသမား တစ်ယောက်ရဲ့ ရင်ဘတ်ကိုတောင် ရှင်က ထိုးခွဲပစ်လိုက်တာလေ"

"ဒီလို ပေါက်ကွဲအားမျိုးက လူသားတွေရဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ"

ယဲ့ဖန် တစ်ခုခု မှားနေသည်ဟု တွေးလိုက်မိ၏။ သူမ ထိုအကြောင်းကို ပြောလာသောအခါ... သူ ချက်ချင်း နောက်ပြောင်လိုက်သည်။

"ကိုယ့်ကို သေချာ ကြည့်စမ်းပါ... ဘယ်နေရာက လူနဲ့ မတူလို့လဲ"

"မဟုတ်ဘူး... ကျွန်မ ဆိုလိုတာက ရှင့်ရဲ့ ပေါက်ကွဲအားက အရမ်း တုန်လှုပ်စရာ ကောင်းနေလို့ပါ"

အစ္စဘယ်လ်လာသည် ဟာသဉာဏ် မရှိသော တည်ကြည်လေးနက်သည့် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမသည် အလွန် အလေးအနက်ထားပြီး ရှင်းပြလေတော့သည်။

"နေမဝင်အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့မှာ... လူ့ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ အလွန် တင်းကျပ်ပြီး ပြည့်စုံတဲ့ လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းတွေ ရှိတယ်"

"သာမန် လူကြီးတစ်ယောက်ရဲ့ ရင်ဘတ်ကို လက်သီးတစ်ချက်တည်းနဲ့ ချိုင့်ဝင်သွားအောင် လုပ်ဖို့ဆိုရင်... အနည်းဆုံး ပေါက်ကွဲအား တစ်တန် (1 ton) လိုတယ်... ရင်ဘတ် ချိုင့်ဝင်သွားရုံတင် မကဘဲ ရင်ခေါင်းထဲက ကလီစာတွေကိုပါ တစ်ချိန်တည်းမှာ ကြေမွသွားအောင် လုပ်ဖို့ဆိုရင်... အနည်းဆုံး ပေါက်ကွဲအား နှစ်ဆလောက် လိုအပ်တယ်"

"သာမန် လူသားတွေက ဒီလိုမျိုး လုံးဝ မလုပ်နိုင်ဘူး"

ယဲ့ဖန် သူမကို ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပေ။

သူမက သူ့ကို အလွန် အလေးအနက်ထားပြီး ရှင်းပြနေသည်ကို မြင်လိုက်ရသောအခါ... သူ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ထားလိုက်ပါတော့... ဒီအကြောင်း ဆက်မပြောကြရအောင်"

"ဒီနေရာက နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လို ရှင်းမလဲ ဆိုတာ ခင်ဗျား ပိုပြီး စဉ်းစားသင့်တယ်"

ပြောပြောဆိုဆိုပင် သူသည် လက်ထဲမှ နှင်းဆီသစ်သား သေတ္တာကို ချိန်ဆကြည့်လိုက်ပြီး ချန်းဖေးအယ် ဘက်သို့ လှည့်လိုက်၏။

"ဒီနေ့ ငါ့ရည်မှန်းချက် အောင်မြင်သွားပြီ... မင်းနဲ့အတူ ဒီနေရာမှာ အချိန်ထပ်ဖြုန်း မနေတော့ဘူး"

ချန်းဖေးအယ်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ ဘေးနားသို့ ချက်ချင်း လျှောက်သွားပြီး၊ သူနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

အစ္စဘယ်လ်လာ အမြန် တားဆီးလိုက်ပြီး၊ သူ့လက်ထဲမှ သေတ္တာကို ကြည့်လိုက်၏။

"နေဦး"

"မစ္စတာယဲ့... ရှင် သွားလို့ မရသေးဘူး"

"ဟင်... ဘာလို့လဲ"

ယဲ့ဖန် ခြေလှမ်း ရပ်တန့်လိုက်သည်။

အစ္စဘယ်လ်လာသည် နှင်းဆီသစ်သား သေတ္တာကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ဒီပစ္စည်းက ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်လေ... ရှင် ယူသွားလို့ မရဘူး"

"အို... ဘာဖြစ်လို့လဲ"

ယဲ့ဖန် ပြန်မေးလိုက်၏။

"ဒါက ဂျယ်ရီ ဘာရိုးစ် မိသားစုကနေ လက်ဆင့်ကမ်းလာတဲ့ စုဆောင်းမှုတွေထဲက တစ်ခုပဲ"

အစ္စဘယ်လ်လာ အမြန် ပြန်ဖြေလိုက်သည်။

"ဂျယ်ရီ ဘာရိုးစ် မိသားစု ပျက်စီးသွားပြီ ဆိုပေမယ့်... ဒါက နေမဝင်အင်ပါယာ ပိုင်ဆိုင်တဲ့ ပစ္စည်းပဲ"

"ရှင် ယူသွားလို့ မရဘူး"

ယဲ့ဖန် စိတ်လောခြင်း မရှိသလို၊ နှေးကွေးခြင်းလည်း မရှိဘဲ ပြောလိုက်၏။

"ဒီ ယုတ္တိဗေဒက မမှန်ဘူးလေ"

"နေမဝင်အင်ပါယာရဲ့ ယုတ္တိဗေဒအရ ဆိုရင်... ဘယ်သူ လုနိုင်ရင် အဲ့ဒီလူ ပိုင်တာ မဟုတ်ဘူးလား"

"နွေရာသီ နန်းတော် (Summer Palace) ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ကာလတွေတုန်းက... နေမဝင်အင်ပါယာက ဂျယ်ရီ ဘာရိုးစ် မိသားစု ဦးဆောင်တဲ့ လူအများအပြားဟာ တရုတ်ပြည်က တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ အများအပြားကို ခိုးယူခဲ့ကြတယ်... ကျွန်တော်တို့က နေမဝင်အင်ပါယာက လူတွေကို ပြန်ပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့တာ တစ်ကြိမ်မက ရှိခဲ့ပြီ... ဒါပေမဲ့ ခင်ဗျားတို့က 'ခိုးယူနိုင်တဲ့သူ ပိုင်ဆိုင်တယ်' ဆိုပြီး ခေါင်းမာမာနဲ့ ငြင်းခဲ့ကြတယ် မဟုတ်လား"

"ဘာလို့ အခု ကျွန်တော့်အလှည့်ကျမှ... ကျွန်တော်က ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်ကို အနိုင်ယူပြီး သိမ်းပိုက်လိုက်နိုင်တော့မှ... ခင်ဗျားက ဒါ နေမဝင်အင်ပါယာ ပိုင်တာပါ၊ ကျွန်တော် ပိုင်တာ မဟုတ်ပါဘူး ဆိုပြီး လာပြောနေရတာလဲ"

"ဒါက စံနှုန်းနှစ်မျိုး ထားလွန်းရာ မကျဘူးလား"

"အာ..."

အစ္စဘယ်လ်လာ မျက်နှာ ရဲသွားပြီး ပြောစရာစကား မရှိ ဖြစ်သွားရှာ၏။

ခဏတာမျှ စကားထစ်နေပြီးမှ... နောက်ဆုံးတွင် သူမ ပြောလိုက်သည်။

"ရှင်ပြောတာ အဓိပ္ပာယ် ရှိပါတယ်... ရှင့်နိုင်ငံကို သွားပြီး မီးရှို့၊ လုယက်ခဲ့တဲ့ ဓားပြတွေ လုပ်တာ လွန်တယ်လို့ ကျွန်မလည်း ထင်ပါတယ်"

"ဒါပေမဲ့ ဒီကိစ္စကို ကျွန်မ ဆုံးဖြတ်လို့ မရဘူးလေ"

ယဲ့ဖန် လက်ထဲမှ နှင်းဆီသစ်သား သေတ္တာကို မြှောက်လိုက်၊ ဖမ်းလိုက် ကစားရင်း မေးလိုက်၏။

"ဒါဆို ဒီကိစ္စကိုရော ခင်ဗျား ဆုံးဖြတ်လို့ ရလား"

အစ္စဘယ်လ်လာ အံ့ဩထိတ်လန့်သွားပြန်၏။

ယဲ့ဖန်၏ ယုတ္တိဗေဒက နည်းနည်း ရယ်စရာ ကောင်းနေသော်လည်း... အဓိပ္ပာယ် ရှိနေသည်မှာ အမှန်ပင်။

ယဲ့ဖန်က နာရေး အဖွဲ့အစည်းဆီကနေ ပန်းရောင်စိန်တုံးကို ခက်ခက်ခဲခဲ လုယူခဲ့ရတာ။

ပြီးတော့ ပစ္စည်းက ယဲ့ဖန် လက်ထဲ ရောက်နေလေသည်။

သူမက ယဲ့ဖန်ကို မနိုင်ပေ၊ ထို့ကြောင့် သူမ ဘာမှ ဆုံးဖြတ်၍ မရဘူး ဖြစ်နေသည်။

ယဲ့ဖန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ထပ်ပြောလိုက်၏။

"ဒီနေ့ ဒီနေရာမှာ နေမဝင်အင်ပါယာ တော်ဝင် အေးဂျင့် ဆိုလို့ ခင်ဗျား တစ်ယောက်တည်း ဘာလို့ ရှိနေရတာလဲ"

"အဖွဲ့အစည်းက ပေးတဲ့ သတင်းအချက်အလက်ကြောင့် ခင်ဗျား ဒီကို ရောက်လာတာလား"

အစ္စဘယ်လ်လာ အလိုအလျောက် ခေါင်းခါလိုက်၏။

"မဟုတ်ဘူး... ကြွက်စုတ်ကို မူးယစ်ဆေး ရောင်းဝယ်သူတွေ လိုက်ဖမ်းနေတာ ကျွန်မ မတော်တဆ တွေ့လိုက်လို့... ရဲခေါ်ပေးရမလား ဆိုပြီး ကြည့်နေတုန်း... ကြွက်စုတ်က မူးယစ်ဆေးသမားတွေရဲ့ အကျပ်ကိုင်မှုကြောင့် ဒီနေရာမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ဖွင့်ပြောလိုက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

"အဲ့ဒီတုန်းက... ဒီနေရာက သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ အဖွဲ့ဝင်တွေနဲ့ ပတ်သက်နေနိုင်တယ်လို့ ကျွန်မ စိတ်ထဲ ထင့်သွားတာနဲ့... သူတို့နောက်ကို တိတ်တဆိတ် လိုက်လာခဲ့တာ"

"တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့က သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို မသိသေးပါဘူး"

"ကျွန်မလည်း သတင်းပို့ဖို့ အချိန်မရလိုက်ဘူး"

"ဒါဆို ပြီးတာပဲလေ"

ယဲ့ဖန် ပြုံးလိုက်၏။

"ဒီပစ္စည်းကို ကျွန်တော် ခိုးယူလိုက်ပြီ... ခင်ဗျားတို့ အဖွဲ့အစည်းလည်း မသိဘူး... ခင်ဗျားလည်း ဒီအတွက် အပြစ်ပေးခံရမှာ မဟုတ်ဘူး... ဘာလို့ ခင်ဗျားရဲ့ ညီမလေးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်... ပြီးတော့ ခင်ဗျား ကိုယ်တိုင်ရဲ့ အသက်သခင် ကျေးဇူးရှင်နဲ့ ဒီပစ္စည်းကို လာလုနေဦးမှာလဲ"

"..."

အစ္စဘယ်လ်လာ ရုတ်တရက် အဓိပ္ပာယ် ရှိသလို ခံစားလိုက်ရ၏။

သူမ တကယ်ပဲ ပြန်လည် ချေပစရာ စကားလုံး ရှာမတွေ့တော့ပေ။

"ဒါ့အပြင်... ခင်ဗျားတို့ အဖွဲ့အစည်းက သိသွားရင်တောင်မှ... ကျွန်တော့်အပေါ် ပုံချလိုက်လို့ ရတာပဲ"

ယဲ့ဖန် ပြုံးလိုက်၏။

"ကျွန်တော်က အရမ်း သန်မာလွန်းလို့... ခင်ဗျား မယှဉ်နိုင်ခဲ့ဘူးလို့ ပြောလိုက်ပေါ့"

"နာရေး အဖွဲ့အစည်းက ရွှေရောင်၊ ငွေရောင် တိုက်ခိုက်ရေးသမားတွေတောင် ကျွန်တော့်လက်ချက်နဲ့ အထိနာသွားတာပဲလေ"

အစ္စဘယ်လ်လာ ပြောစရာ စကား မရှိတော့ပေ။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန်သည် သူမကို ဂရုမစိုက်တော့ဘဲ... ပြုံးလျက် လက်ပြနှုတ်ဆက်လိုက်ကာ... ချန်းဖေးအယ်နှင့် ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်ကို ယူဆောင်ပြီး ထွက်ခွာသွားလေတော့သည်။

ထိုအချိန်၌ ရင်းနှီးနေသော စနစ်၏ အသိပေးသံ ထပ်မံ ထွက်ပေါ်လာ၏။

"ဂုဏ်ယူပါသည်... ပိုင်ရှင်သည် လမ်းညွှန်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး... မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေသော အစ္စဘယ်လ်လာကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါသည်"

"ဆုလာဘ် ရရှိပါသည်…”

All Chapters