← Chapters

အခန်း (၈၀၁-၈၀၂)

Vol. 49 Ch. 801-802

အခန်း (၈၀၁-၈၀၂)

Vol. 49 Ch. 801-802

အခန်း (၈၀၁) လက်ရည်ယှဉ်ပွဲ

ဆိုင်ရွန်းနစ် တံဆိပ်ခတ်ကွင်း၏ အပြင်ဘက်တွင် ဟန်ရှောင်းနှင့် ဗီရူးတို့သည် စကြဝဠာအာကာသထဲ၌ ပျံဝဲနေကြသည်။ မလှမ်းမကမ်းတွင် အာကာသယာဉ်တစ်စင်းက ထိုနေရာသို့ ကြည့်ရှုနေ၏။

ထိုအာကာသယာဉ်ပေါ်တွင် ကလော့တီနှင့် အခြား အဆင့် အေ အထက်ဆင့်များ ပါဝင်သလို နောက်မှရောက်လာသည့် အေးမီစ်၊ အီဆော့နှင့် အခြားသူများလည်း ပါဝင်သည်။

"မတွေ့တာတောင် ကြာပြီပဲ အီဆော့။" ထို ရှေးဟောင်းပုဂ္ဂိုလ်များ အဖွဲ့ဝင်က ဟန်ဆောင်အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"ရာဗင်လော့ဒ်၊ မင်းအသက်ရှင်နေသေးတာပဲ။" အီဆော့က ပြန်ပြောလိုက်သည်။

"ခင်ဗျား ရှေးဟောင်းပုဂ္ဂိုလ်များဆီကနေ ထုတ်ပယ်ခံရတဲ့အချိန်ကစပြီး ခင်ဗျားသတင်း မကြားရတော့ဘူး။ အဲဒါကြောင့် ခင်ဗျားက အခေါင်အဖျားအကျဆုံး ကွဲအက်ကြယ်စင်ကွင်းကို ရောက်သွားတာကိုး။ ဘာလို့လဲ၊ တခြား ကြယ်နယ်မြေတွေမှာ အသက်မမွေးနိုင်လို့လား။" ရာဗင်လော့ဒ်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းအသက်ရှင်လာတာ ကြာလွန်းလို့ မင်းရဲ့မှတ်ဉာဏ်တွေ လျော့ရဲကုန်ပြီပဲ။ ငါမှတ်မိတာကတော့ ငါ့သဘောနဲ့ငါ ရှေးဟောင်းပုဂ္ဂိုလ်များဆီကနေ ထွက်လာခဲ့တာပါ။" အီဆော့က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့ထဲတွင် အီဆော့သည် ထိုလူနှင့် ဆက်ဆံရေး သိပ်မကောင်းလှပေ။

အီဆော့ အဖွဲ့မှ ထွက်လာစဉ်က သူပြဿနာရှာသည့်အခါ ဤဘွဲ့ထူးက အတားအဆီးမဖြစ်စေရန်အတွက် ဆိုသည်ထက် အခြားအဖွဲ့ဝင်အချို့နှင့် ဆက်ဆံရေး မပြေလည်သောကြောင့်လည်း ပါဝင်သည်။ စွမ်းအားကြီးသော နတ်ဆိုးပရောဖက်တစ်ဦးအနေဖြင့် သူသည် မသက်ဆိုင်သူများအတွက် သူ့စွမ်းရည်ကို မသုံးချင်ပေ။ သူငြင်းပယ်သည့် အကြိမ်အရေအတွက် များလာသောအခါ ၎င်းသည် ပဋိပက္ခ၏ အရင်းအမြစ် ဖြစ်လာခဲ့သည်။

အေးမီစ်သည် မည်သူ့ကိုမျှ မသိသဖြင့် ဘေးတွင်ရပ်ကာ တစ်ယောက်တည်း ကြည့်နေလိုက်သည်။

ဤသည်မှာ ဘလက်စတား၏ စွမ်းအားကို လေ့လာရန် အခွင့်အရေးဖြစ်သည်။ သိပ်စိတ်မဝင်စားသည့် ကလော့တီမှလွဲ၍ ကျန်လူအားလုံးသည် အာရုံစိုက်ထားကြပြီး သူတို့နှစ်ဦး တိုက်ပွဲစတင်မည်ကို မျှော်လင့်နေကြသည်။

ဗီရူး မည်မျှသန်မာကြောင်း သူတို့သိကြသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တိုက်ပွဲပေါင်းများစွာဖြင့် သက်သေပြပြီးဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသော မေးခွန်းမှာ ဘလက်စတား မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း ဆိုသည်သာ။

ဘလက်စတားတွင် 'မပျက်စီးနိုင်သော ခန္ဓာကိုယ်' ဟူသည့် ဘွဲ့နာမည်ရှိကြောင်းနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အာဏာရှင်နှင့် တန်းတူဖြစ်ပုံရကြောင်း သူတို့ ကြားဖူးကြသည်။ သူသည် ဗီရူး၏ ကောင်းကင်ခွဲ ဓါးချက်ကို တားဆီးနိုင်မလားဟု သူတို့ တွေးတောနေကြသည်။

ဟန်ရှောင်းသည် သူ၏ ယန္တရားဝတ်စုံကို အသက်သွင်းလိုက်သည်။ ဦးထုပ်က သူ၏မျက်နှာကို ဖုံးအုပ်သွားပြီး သူ၏ မျက်နှာထားကို ဖုံးကွယ်လိုက်သည်။ ထို့နောက် သူသည် ဒုတိယ ဒိုင်မင်းရှင်း တံခါးပေါက်ကို ဖွင့်လိုက်သည်။ ယန္တရားတပ်မတော်သည် အုံနဲ့ကျင်းနဲ့ ထွက်လာပြီး စစ်မြေပြင်ကို ချက်ချင်း ပြည့်နှက်သွားစေသည်။

‘တော်တော်များသားပဲ၊ ဒါပေမဲ့ ငါ့ရှေ့မှာတော့ ဒါတွေအားလုံးက အသေးအဖွဲလေးတွေပဲ။’ ဗီရူးက စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ကြွက်သားများ ကြမ်းတမ်းစွာ ဖောင်းကားလာပြီး အပြာနုရောင် မီးတောက်တစ်ခုသည် သူ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် လောင်ကျွမ်းလာသည်။

လှိုင်းထနေသော မီးတောက်များသည် သူ၏လက်ဝါးပေါ်တွင် စုစည်းသွားပြီး ဆက်လက် ရှည်ထွက်လာကာ ရုပ်ဝတ္ထုစစ်စစ်ကဲ့သို့ သိပ်သည်းလွန်းလှသည့် မီတာရာချီရှည်လျားသော အပြာရောင် စွမ်းအင်ဓါးတစ်လက် ဖြစ်ပေါ်လာသည်။

'စစ်သည်တော်'များတွင် မတူညီသော လမ်းခွဲများရှိသည်။ စစ်သည်တော်လမ်းစဉ်သည် ဓါးများဖြင့် တိုက်ခိုက်ခြင်းကို အာရုံစိုက်သော်လည်း တိုက်ခိုက်ရေးယန္တရားပညာရှင် ဖြစ်ခြင်းနှင့် မတူပေ။ တိုက်ခိုက်ရေးယန္တရားပညာရှင်များသည် တိုက်ခိုက်ရန် လက်နက်များကို လုံးဝမှီခိုပြီး ၎င်းတို့၏ လက်နက်များကို အားဖြည့်ရန် ယန္တရားစွမ်းအားကို အသုံးပြုကြသည်။ သာမန် 'စစ်သည်တော်'များကမူ ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်ကို ပိုကောင်းမွန်စေရန် လက်နက်များကို အသုံးပြုခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ပျက်စီးထိခိုက်စေမှု အရင်းအမြစ်မှာ ၎င်းတို့၏ ကိုယ်ပိုင် 'စစ်သည်တော်' မီးတောက်သာ ဖြစ်နေဆဲပင်။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မီးတောက်များသည် မီတာရာချီ ရှည်လျားသော ဓါးသွားထဲသို့ တိုးဝင်သွားသည်။ ဗီရူးသည် အကြိမ်ပေါင်းများစွာ ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။ အလင်းရောင် ဓါးသွားများသည် ပစ်လွှတ်ထွက်သွားပြီး ယန္တရားတပ်မတော်၏ ဖွဲ့စည်းပုံအတွင်း၌ နေရာလွတ်များကို ဖန်တီးလိုက်သည်။ ထိုအလင်းရောင် ဓါးသွားများ၏ စွမ်းအားသည် ယန္တရားစစ်သည်များကို ဖျက်ဆီးလိုက်သည့်အခါ လျော့ကျသွားပြီး ပထမဆုံးအကောင်များကို လုံးဝ မှုန့်မှုန့်ညက်ညက် ဖြစ်သွားစေရာမှ နောက်ပိုင်းအကောင်များကို ပြင်းထန်စွာ ထိခိုက်ရုံသာ ဖြစ်စေတော့သည်။

ဟန်ရှောင်းသည် အမျိုးမျိုးသော အပိုဆု စွမ်းရည်များကို ချက်ချင်း အသက်သွင်းလိုက်ပြီး တိုက်ပွဲတွင် သူ့ကို ပူးပေါင်းကူညီရန် ယန္တရားတပ်မတော်ကို ထိန်းချုပ်လိုက်သည်။

ဗီရူးသည် များစွာသော ယန္တရားစစ်သည်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ သူ၏ဓါးသည် အလွန်လျင်မြန်စွာ ကခုန်နေသဖြင့် စက်လုံးသဏ္ဌာန် ဖြစ်ပေါ်လာသည်။ အလင်းရောင် ဓါးသွားများသည် ၎င်းမှနေ၍ မပြတ်တမ်း ပစ်လွှတ်ထွက်လာပြီး ယန္တရားစစ်သည်များ၏ ဖွဲ့စည်းပုံကို ဖျက်ဆီးကာ ကြီးမားသော ပျက်စီးထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ စကြဝဠာအာကာသထဲတွင် လေဆင်နှာမောင်းတစ်ခု ပေါ်လာသကဲ့သို့ပင်။

တိုက်ပွဲသတင်းအချက်အလက်များ မပြတ်တမ်း တက်လာနေစဉ် ဟန်ရှောင်းက စိတ်ထဲတွင် စုပ်သပ်လိုက်သည်။ ဒီကောင်ရဲ့ ပျက်စီးထိခိုက်စေနိုင်စွမ်းက တကယ်ကို မြင့်တာပဲ။ ဒီအချက်မှာ ဟီဘာတောင် သူ့ထက် အားနည်းလောက်တယ်။

ဟီဘာ၏ လေးလံပြီး ခိုင်မာသော တိုက်စစ်နှင့် ယှဉ်လျှင် ဗီရူးသည် လျင်မြန်မှုနှင့် ထက်ရှမှုကို အဓိက အာရုံစိုက်သည်။ သူ၏ ဧရိယာလိုက် တိုက်ခိုက်မှုများက မဆိုးလှသလို သူ၏ တစ်ဦးချင်း ပစ်မှတ်ထား ထိခိုက်စေနိုင်စွမ်းက ပို၍ပင် ကြောက်စရာကောင်းသည်။ စောစောက ကာကွယ်ရေး အထူးပြု ဧရာမစစ်သည်တစ်ကောင်သည် ဗီရူး၏ တိုက်ခိုက်မှုကို တားဆီးရန် ၎င်း၏ ဒိုင်းကို စွမ်းအားအကုန် ဖွင့်လိုက်သည့်အခါ ဗီရူးက အရှိန်မသတ်ဘဲ လွယ်လွယ်ကူကူပင် နှစ်ပိုင်းပိုင်းလိုက်သည်။

သို့သော်လည်း ဟန်ရှောင်းသည် ဤပြိုင်ဘက်ကို ကျပန်းရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဗီရူး၏ တိုက်ခိုက်မှု ပျက်စီးထိခိုက်စေနိုင်စွမ်းသည် တကယ်ပင် မြင့်မားသော်လည်း သူသည် ဟီဘာနှင့် ယှဉ်လျှင် ကဏ္ဍတစ်ခု၌ နိမ့်ကျနေသည်... ၎င်းမှာ သူ၏ အမာခံစွမ်းရည်ပင်။

ဤလူသည် 'စစ်သည်တော်' ဖြစ်ပြီး ပျက်စီးထိခိုက်မှု လျှော့ချရေး အရည်အချင်းများ အများအပြား ရှိသော်လည်း သူ၌ အလွန်အရေးကြီးသော အဓိက အမာခံစွမ်းရည် ပါရမီတစ်ခု မရှိပေ... သူသည် အစစ်အမှန် ထိခိုက်မှုကို မခံနိုင်ခြင်းပင်။

ဗီရူးတွင် ၅၀ ရာခိုင်နှုန်း အစစ်အမှန် ထိခိုက်မှု လျှော့ချရေး အရည်အချင်း ရှိသော်လည်း ၎င်းသည် အစစ်အမှန် ထိခိုက်မှုကို ခံနိုင်ရည်ရှိခြင်းထက် များစွာ အားနည်းသည်။ အစစ်အမှန် ထိခိုက်မှုသည် ထက်ဝက်လျှော့ချလိုက်သည့်တိုင် သာမန် ထိခိုက်မှုထက် များစွာ ပို၍ ကြောက်စရာကောင်းနေဆဲပင်။

ဟီဘာနှင့် ဗီရူးကို ယှဉ်ကြည့်လျှင် ဟန်ရှောင်းသည် ဟီဘာကို ထိပ်တိုက်ရင်ဆိုင်ရုံသာ တိုက်နိုင်သော်လည်း နောက်တစ်ယောက်အတွက်မူ သူသည် ဟန်ရှောင်း သွယ်ဝိုက်၍ နိုင်စားသည့် ရန်သူအမျိုးအစား ဖြစ်နေပေသည်။

အလင်းရောင် ဓါးသွားများသည် အရပ်မျက်နှာ အားလုံးသို့ ပစ်လွှတ်ထွက်လာသည်။ ယန္တရားတပ်မတော် ဖွဲ့စည်းပုံသည် တော်တော်များများ ထိခိုက်သွားသဖြင့် ယန္တရားတပ်မတော်သည် ဖြန့်ခွဲလိုက်ပြီး ပိုဝေးသော အကွာအဝေးများမှ တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။

ဆိုင်ရွန်းနစ် အမြောက်များ၏ ပြင်းထန်သော ပစ်ခတ်မှုအောက်တွင် ဗီရူး၏ ဓါးသည် ပြီးပြည့်စုံသော စက်လုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် စွမ်းရည်တစ်ခုကို အသုံးပြုပြီး သူ့ပတ်လည်ရှိ အလင်းရောင် ဓါးသွားများကို အထူးဒိုင်းအမျိုးအစားတစ်ခုအဖြစ် ပြောင်းလဲကာ ဆိုင်ရွန်းနစ် တိုက်ခိုက်မှု အများစုကို ပိတ်ဆို့လိုက်သည်။ ပေါက်ကွဲမှုများကို အလင်းရောင် စက်လုံးက တားဆီးလိုက်သည်။

သို့သော် ယန္တရားတပ်မတော်သည် ကြီးမားလွန်းပြီး ၎င်းတို့၏ တိုက်ခိုက်မှုများက အလွန် သိပ်သည်းလွန်းသည်။ ဗီရူး၏ ကာကွယ်ရေးသည် ၎င်းတို့အားလုံးကို မတားဆီးနိုင်ပေ။ ရံဖန်ရံခါတွင် ဆိုင်ရွန်းနစ် တိုက်ခိုက်မှုများသည် ဓါးသွားဒိုင်းကို ဖောက်ထွက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ သူ၏ ကာကွယ်ရေး စွမ်းအင်မီးတောက်များကို တုန်ခါသွားစေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ ပျက်စီးသွားသည်ကို ခံစားလိုက်ရသဖြင့် ဗီရူး၏ မျက်လုံးများထဲမှ အကြည့်များ ပြောင်းလဲသွားသည်။

‘သိပ်စွမ်းတာပဲ... အချိန်ကြာကြာ တိုက်ရတာ ငါနဲ့မကိုက်ဘူး။ ငါသူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တိုက်ခိုက်ဖို့ လိုတယ်။’

အဲဒါကို သဘောပေါက်လိုက်ပြီး ဗီရူး၏ စွမ်းအင်မီးတောက် တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ဒိုင်းသည် ကျယ်ပြန့်လာပြီး ရိုက်ခတ်မှုလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ပတ်လည်ရှိ ယန္တရားစစ်သည်များကို လွင့်စဉ်သွားစေသည်။

ထို့နောက် သူက ဓါးကို ပြောင်းပြန်ကိုင်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် အပြာရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်ရှောင်းဆီသို့ ပြေးဝင်သွားကာ နောက်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ချန်ထားခဲ့သည်။ သူသည် ယန္တရားတပ်မတော်၏ ရှေ့တန်းသို့ ရောက်သောအခါ ဓါးကို ပြောင်းပြန်ကိုင်ထားရာမှ ပုံမှန်အတိုင်း ပြောင်းကိုင်လိုက်ပြီး ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ ပုံရိပ်ယောင်အားလုံးသည် ဤတိုက်ခိုက်မှုအပေါ်တွင် စုစည်းသွားသကဲ့သို့ပင်။

ကြယ်ခုတ်ပိုင်းသူ စတိုင် နည်းစနစ် - ဓါးရိပ်။

ထောင်ပေါင်းများစွာသော အလင်းရောင် ဓါးသွားများသည် တစ်ချိန်တည်း ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားကာ အရပ်မျက်နှာတစ်ခုရှိ ယန္တရားတပ်မတော်၏ ဖွဲ့စည်းပုံကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး ကာကွယ်ရေး အလွှာများစွာကို ထွင်းဖောက်သွားသည်။ ပျက်စီးသွားသော စက်ပစ္စည်း အစိတ်အပိုင်းများသည် နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

ဟန်ရှောင်းက ချက်ချင်း လက်သီးဆုပ်လိုက်သည်။ အပြာနှင့်ရွှေရောင် ရောစပ်နေသော ယန္တရားစွမ်းအားများသည် ဟင်းလင်းပြင် ဒိုင်မန်းရှင်းမှ ပစ်လွှတ်ထွက်လာပြီး အစိတ်အပိုင်းအားလုံးကို လျှပ်စီးကွန်ရက်တစ်ခုကဲ့သို့ ဖမ်းယူကာ ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ပြန်ဆက်ပေးလိုက်သည်။

[စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း]။

[အဆင့်မြင့် စက်ယန္တရား တည်ဆောက်ရေး]။

ပျက်စီးသွားသော အစိတ်အပိုင်းများသည် ယန္တရားစစ်သည်များ ပြန်ဖြစ်လာသည်။

သို့သော် ဤခဏတာ အချိန်တိုလေးအတွင်းတွင် ဗီရူး ပျောက်ကွယ်သွားသည်။ တယ်လီပို့ လုပ်လိုက်သကဲ့သို့ပင် သူသည် ကာကွယ်ရေးအလွှာများကို ဖြတ်ကျော်ပြီး ဟန်ရှောင်း၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူ့လက်ထဲရှိ ဓါးသည် မီတာရာချီအရှည်မှ ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းသွားသည်။ ပိုမိုသိပ်သည်းသော 'စစ်သည်တော်' စွမ်းအင်ဓါးကို လက်ထဲတွင် ကိုင်ဆောင်လျက် သူက တည့်တည့် ခုတ်ချလိုက်သည်။

"ငါ ယန္တရားပညာရှင် တစ်ယောက်နဲ့ တိုက်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်ဘူး။" ဗီရူးက ခံစားချက်မရှိသော မျက်နှာဖြင့် ပြောလိုက်သည်။ ယန္တရားပညာရှင်များတွင် [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] စွမ်းရည် ရှိသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဖြစ်သည့်အားလျော်စွာ ယန္တရားပညာရှင်တစ်ယောက်သည် အဲဒါကို သေချာပေါက် သုံးမည်ကို သူသိသည်။ ထိုအခွင့်အရေးကို အသုံးချပြီး သူသည် အထူး ရွေ့လျားမှုစွမ်းရည်တစ်ခုကို သုံးကာ ဟန်ရှောင်းနှင့် ချက်ချင်း အနီးကပ် ဖြစ်သွားသည်။ သူသည် အမြန်နှုန်းကို အဓိကထားသော 'စစ်သည်တော်' ဖြစ်သဖြင့် အကွာအဝေးကို ချဉ်းကပ်ရန် ဟီဘာထက် နည်းလမ်းပိုများသည်။

ရွှမ်း

ဓါးသည် ဟန်ရှောင်း၏ ခန္ဓာကိုယ်ကို တားဆီးခံရခြင်းမရှိဘဲ ဖြတ်သန်းသွားပြီး သူ့ကို နှစ်ပိုင်းပိုင်းလိုက်သကဲ့သို့ပင်။ သို့သော် ဗီရူးသည် မည်သည့်အရာကိုမျှ ပိုင်းဖြတ်လိုက်ရသည်ဟု မခံစားရပေ။ သူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။

နှစ်ပိုင်းပြတ်သွားသော 'ဟန်ရှောင်း' သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်အစစ်သည် မီတာဆယ်ဂဏန်းလောက် အကွာအဝေးတွင် ရှိနေသည်။

စောစောက ဟန်ရှောင်းသည် ပုံရိပ်ယောင် ကိရိယာ တစ်မျိုးမျိုးကို အသုံးပြုခဲ့ပြီး ဗီရူး၏ အာရုံခံစားမှုများကို လမ်းမှားရောက်စေခဲ့သည်။ ပစ်မှတ်ကို စွမ်းအင်ဖြင့် ချိန်မှတ်ထားနိုင်သော အဆင့် အေ အထက်ဆင့် 'စစ်သည်တော်' တစ်ယောက်ကို လှည့်စားခြင်းသည် အလွန်ခက်ခဲသော်လည်း ဤအထူး ပုံရိပ်ယောင်ကိရိယာသည် အဆင့် အေ အထက်ဆင့် တိုက်ပွဲများတွင် အသုံးပြုနိုင်ရန် ဟန်ရှောင်း တည်ဆောက်ထားသော အဆင့်မြင့် စက်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် သူ၏ ကိုယ်ပိုင်စွမ်းအင် အရှိန်အဝါကိုပင် ပြီးပြည့်စုံစွာ တုပနိုင်သော ပုံရိပ်ယောင်ကို ဖန်တီးနိုင်ပြီး ၎င်းတွင် အတော်လေးကြာသော ပြန်လည်အသုံးပြုနိုင်ချိန် ရှိသည်။

တိုက်ခိုက်မှုတစ်ကြိမ် လွဲချော်သွားသော်လည်း ဗီရူး၏ လှုပ်ရှားမှု ရပ်မသွားပေ။ သူလှည့်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ပိုမိုမြန်ဆန် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ သူ၏ဓါးသည် ရှည်ထွက်လာပြီး ဟန်ရှောင်း၏ ရင်ဘတ်ပေါ်သို့ ကြာပွတ်ကဲ့သို့ ရိုက်ချလိုက်သည်။

ကြယ်ခုတ်ပိုင်းသူ စတိုင် နည်းစနစ် - ကြာပွတ်ရိုက်ချက်။

ဤတိုက်ခိုက်မှုသည် ကနဦးက ဟန်ရှောင်း၏ ရင်ဘတ်ကို ပစ်မှတ်ထားသော်လည်း ဗီရူးက လမ်းကြောင်းပြောင်းလိုက်ပြီး ဟန်ရှောင်း၏ ခေါင်းကို ပစ်မှတ်ထားလိုက်သည်။

သို့သော် ဟန်ရှောင်း၏ တုံ့ပြန်မှုက သူ့ကို လှုပ်ရှားသွားစေသည်... သူလုံးဝ မရှောင်တိမ်းဘဲ တိုက်ခိုက်မှုဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ဓါးသည် ဟန်ရှောင်း၏ ယန္တရားဝတ်စုံကို ကွဲအက်သွားစေပြီး နဖူးကို ဖြတ်သွားသည်။ သူ့ခေါင်းမှ သွေးများ ပန်းထွက်လာသည်။

ဗီရူး လန့်သွားသည်။ သူဓါးကို ပြန်မရုတ်သိမ်းမီ ဟန်ရှောင်းက လုံးဝ ထိခိုက်ဒဏ်ရာ မရထားသကဲ့သို့ သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ရင်ဘတ်ကို တည့်တည့် ထိုးလိုက်သည်ကို မြင်လိုက်ရသည်။

ဘုန်း။

တုန်ခါမှုသည် ဗီရူး၏ ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ဗီရူး၏ စွမ်းအင်မှတစ်ဆင့် တန်ချီသော ဆဲလ်များ ပျက်စီးသွားပြီး လျင်မြန်စွာ ပြန်လည်မွေးဖွားလာသည်။ ထိုလုပ်ငန်းစဉ် ထပ်ခါတလဲလဲ ဖြစ်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

[ယန္တရား တမန်တော်ဖြစ်တည်မှု ပြောင်းလဲခြင်း] နှင့် [ယန္တရားစွမ်းအား- ဧကရာဇ်၏ ခွန်အား] တို့သည် ဟန်ရှောင်းကို ပင်ကိုယ်အရည်အချင်း အများအပြား ပေးစွမ်းသဖြင့် သူ၏တိုက်ခိုက်မှုများမှာ များစွာ ပိုမိုပြင်းထန်သည်။

ထို့နောက် ဟန်ရှောင်း၏ သွေးထွက်သံယို ဒဏ်ရာသည် ဗီရူး၏ မျက်စိရှေ့မှောက်မှာပင် ပြန်လည်ကောင်းမွန်သွားသည်။ ယန္တရားဝတ်စုံ၏ နာနိုမှုန်များသည် ကျိုးပဲ့သွားသော အစိတ်အပိုင်းကိုပါ ပြုပြင်လိုက်သည်။

ဗီရူး၏ မျက်ဆံများ ကျုံ့သွားသည်။ ဒီလို ပြန်လည်ကောင်းမွန်နှုန်းမျိုး...

ဤအချိန်တွင် ဗီရူး၏ နောက်ဘက်ရှိ ယန္တရားတပ်မတော်သည် ၎င်းတို့၏ ပြောင်းများကို လှည့်ပြီး သူတို့နှစ်ယောက်လုံးကို ပစ်ခတ်လိုက်သည်။

ဗီရူး နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် အဆင့်မြှင့်တင်ထားသော သစ္စာစောင့်သိသူ နှစ်ကောင်သည် ဟန်ရှောင်း၏ ဘေးတွင် ပေါ်လာပြီး သူ့ကို ချုပ်ထားလိုက်သည်။

ဓါးတစ်ချက် ဝှေ့ယမ်းလိုက်ပြီး သစ္စာစောင့်သိသူ တစ်ကောင်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သော်လည်း ကြီးမားလှသော ခုခံအားတစ်ခုနှင့် တွေ့လိုက်ရသည်။ သူသည် ဓါးတစ်ချက်တည်းနှင့် နှစ်ပိုင်းပြတ်အောင် မခုတ်နိုင်ခဲ့ပေ။ အပြာနှင့်ရွှေရောင် ရောစပ်နေသော ယန္တရားစွမ်းအားများသည် ဤသစ္စာစောင့်သိသူ နှစ်ကောင်၏ ဒဏ်ရာများထဲတွင် လက်ခနဲ ဖြစ်သွားသည်။

ဤသစ္စာစောင့်သိသူ နှစ်ကောင်သည် [ဧကရာဇ်၏ လက်ဆောင်] မှ အပိုဆုများ ရရှိထားသော လက်ရွေးစင် ယန္တရားစစ်သည်များ ဖြစ်သည်။ အဆင့် အေ အထက်ဆင့်များပင်လျှင် ၎င်းတို့ကို တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

သစ္စာစောင့်သိသူများကို ဓါးတစ်ချက်တည်းနှင့် အပိုင်းပိုင်းအစစ ဖြစ်အောင် မလုပ်နိုင်သဖြင့် ဗီရူးသည် လျင်မြန်စွာ တုံ့ပြန်ပြီး စွမ်းအင် ရိုက်ခတ်မှုလှိုင်းဖြင့် ၎င်းတို့ကို ကမန်းကတန်း လွင့်စဉ်သွားစေသည်။ သို့သော် သူသည် သစ္စာစောင့်သိသူများ၏ တိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်တည်း ခံလိုက်ရသည်။ ဆိုင်ရွန်းနစ် အမြောက်ချက်များသည် သူ့ရင်ဘတ်ပေါ်သို့ ကျရောက်ပြီး သူ့လှုပ်ရှားမှုသည် တစ်ခဏမျှ ထပ်မံ ရပ်တန့်သွားသည်။

ဆိုင်ရွန်းနစ် အမြောက်သည် သူ့နောက်ကျောဘက်မှ ပစ်ခတ်လိုက်သည်။ ပစ်ချက်များ ဆက်တိုက်ဆိုသလို သူ့ကျောကုန်းပေါ်သို့ ကျရောက်လာသည်။ ဗီရူးသည် ဟန်ရှောင်းကို အနီးကပ် အကွာအဝေးမှ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို လက်မလွှတ်လိုသဖြင့် ဟန်ရှောင်းကို ကြမ်းတမ်းစွာ မတိုက်ခိုက်မီ သူ့နောက်ဘက်တွင် ပစ်မှတ်ထား တိုက်ခိုက်မှုများကို တစ်ခဏမျှ သီသီလေး တားဆီးပေးနိုင်မည့် ကာကွယ်ရေး ဒိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

စစ်မြေပြင်သည် မူလနေရာမှ ထွက်ခွာသွားပြီး နေရာရွေ့လျားနေသည်။

သူတို့နှစ်ဦးသည် အနီးကပ် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ ဗီရူး၏ ဓါးသည် ဟန်ရှောင်း၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ခုတ်ပိုင်းပြီး ယန္တရားဝတ်စုံ အစိတ်အပိုင်းများနှင့် အသားစများကို ထပ်ခါတလဲလဲ လှီးဖြတ်ပစ်သည်။ သို့သော် သူသည် မျက်မြင်ကိုယ်တွေ့ မြင်ရသောနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာပြီး ဒဏ်ရာများသည် စက္ကန့်ပိုင်းအတွင်း ပျောက်ကင်းသွားသည်။

ဗီရူး ကြာကြာတိုက်လေလေ ပိုလန့်လေလေ ဖြစ်လာသည်။ ဟန်ရှောင်း၏ 'မပျက်စီးနိုင်သော ခန္ဓာကိုယ်' ဘွဲ့နာမည်အကြောင်း သူကြားဖူးသော်လည်း ဤမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

လွန်ခဲ့သော အချိန်အနည်းငယ်ကတည်းက အဝေးမှ ကြည့်နေသော ကလော့တီသည် စိတ်မဝင်စားသလို နေခြင်းကို ရပ်တန့်လိုက်သည်။ ယခုအခါ သူသည် လေးနက်သော မျက်နှာထားဖြင့် သူတို့၏ တိုက်ပွဲကို အာရုံစိုက်နေပြီ ဖြစ်သည်။

ဟန်ရှောင်း၏ ပြန်လည်ကောင်းမွန်နှုန်းသည် သူ့ကိုပင် တုန်လှုပ်သွားစေသည်။

'စစ်သည်တော်' တစ်ယောက်နှင့်ပင် ယှဉ်နိုင်လောက်အောင် သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်သည့် မည်သည့် ယန္တရားပညာရှင်ကိုမျှ သူတစ်ခါမှ မမြင်ဖူးပေ။

"အခုမှ အဆင့်တက်လာတဲ့ လူသစ်တစ်ယောက်က ဒီလို တိုက်ခိုက်ရေးစွမ်းရည်မျိုး မရှိသင့်ဘူး။" သူတို့ထဲမှ တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။ လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော အတွေးကို သူက ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

ဟန်ရှောင်းသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် [ပြန်ကန်ခြင်း - ဆူး] နှင့် [ဟင်းလင်းပြင်ဒိုင်မန်းရှင်း ခုန်ကူးခြင်း] တို့ကို ဆက်တိုက် သုံးလိုက်သည်။ သူတို့နှစ်ဦးသည် အချိန်တိုအတွင်း အနီးကပ် တိုက်ခိုက်ခဲ့ကြပြီး ဧရာမ ယန္တရားတပ်မတော်ကြီးက ဗီရူးကို နောက်ဆုံးတွင် ထပ်မံ ထိန်းထားလိုက်သည်။ ဟန်ရှောင်းသည် အနီးကပ် တိုက်ပွဲမှ နောက်ဆုံးတွင် လွတ်မြောက်လာသည်။

ဗီရူး၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက် ခံယူပြီးနောက် ဟန်ရှောင်းသည် ထိခိုက်မှုမရှိသလောက် ဖြစ်နေသည်။ အနည်းဆုံးတော့ အခြားသူများက သူအပေါ်ယံတွင် မည်သို့သော ဒဏ်ရာရထားသည်ကို မမြင်နိုင်ကြပေ။

ဟန်ရှောင်းသည် သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး လက်မောင်းများကို ဖြန့်ကားလိုက်သည်။

ဗီရူး မတုံ့ပြန်နိုင်မီ ယန္တရားတပ်မတော်၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်။ ထောင်ချောက် အမျိုးအစားစုံလင်၏ အကူအညီဖြင့် ဗီရူးသည် ယာယီအားဖြင့် ခံစစ်အနေအထား ရောက်သွားသည်။

ဤအချိန်တွင် ကြီးမားလှသော စက်ရုပ် အမြောက်ပြောင်း အများအပြားသည် ဟန်ရှောင်း၏ နောက်ဘက်တွင် ပေါ်လာသည်။ ဆိုင်ရွန်းနစ် စွမ်းအင်များ စတင် စုစည်းလာပြီး စွမ်းအားပြင်းထန်သော စွမ်းအင်တုံ့ပြန်မှုကို ထုတ်လွှတ်လိုက်သည်။

ဂြိုလ်ဖျက်အမြောက်။

ဗီရူး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။

‘နေပါဦးဟ၊ ဒီလို စစ်ပွဲအဆင့် လက်နက်မျိုး သုံးတာက လက်ရည်ယှဉ်ပွဲ ဆိုတာထက် ကျော်နေပြီလေ...’

ရုတ်တရက် ဗီရူးပတ်လည်ရှိ ယန္တရားတပ်မတော်ထဲမှ လျှပ်စစ်သံလိုက် သံကြိုးရာပေါင်းများစွာ ပြေးထွက်လာပြီး အရပ်မျက်နှာ အားလုံးမှ ဗီရူးကို ချည်နှောင်လိုက်သည်။

ဗီရူးသည် လွတ်မြောက်ရန် ကြိုးစားသော်လည်း မျက်စိတစ်မှိတ်အတွင်း ၎င်းမှ မလွတ်မြောက်နိုင်ကြောင်း သိလိုက်ရသဖြင့် လန့်သွားသည်။ ဤသံကြိုးများသည် ရေဘဝဲလက်တံများ ကဲ့သို့ပင်။ ၎င်းတို့သည် သူ၏ အားကို လမ်းကြောင်းလွှဲပေးနိုင်သည်။

အစွန်းရောက် လျှပ်စစ်သံလိုက် သော့ခတ်ဖမ်းယူစက်၊ တစ်ဦးချင်း ပစ်မှတ်ထား ထိန်းချုပ်မှုအမျိုးအစား ယန္တရား ထောင်ချောက်။ ၎င်းသည် ဟန်ရှောင်းက နောက်ဆုံးပေါ်အသိပညာ [သက်ဝင်လှုပ်ရှားမှု သီအိုရီ] ဖြင့် တည်ဆောက်ထားသော ကိရိယာဖြစ်သည်။ ၎င်းသည် အဆင့် အေ အထက်ဆင့်များကိုပင် ယာယီ ထိန်းချုပ်ထားနိုင်ပြီး အဆင့်မြင့် စက်ပစ္စည်းအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် ယန္တရားတပ်မတော် အတွင်း၌ ပုန်းအောင်းနေပြီး အရေးကြီးသော အခိုက်အတန့်တွင် အသက်ဝင်လာကာ ဗီရူးကို ချက်ချင်း ဖမ်းချုပ်လိုက်သည်။

နောက်တစ်ခဏတွင် ယန္တရားစစ်သည် အဖွဲ့များသည် ဗီရူးကို ပစ်ခတ်လိုက်ကြပြီး ဆိုင်ရွန်းနစ် တိုက်ခိုက်မှုများသည် မိုးကြိုးမုန်တိုင်းကဲ့သို့ ရွာချလိုက်သည်။

အလင်းရောင်သည် ဗီရူး၏ အကြီးအကျယ် ပြောင်းလဲသွားသော မျက်နှာကို ဖြတ်သန်းသွားသည်။ သူ့တစ်ကိုယ်လုံးရှိ မီးတောက်များသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး မီးတောက်ဓါးများ အဖြစ်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်ပြီး ဒိုင်းကဲ့သို့ ကာကွယ်ရေးအလွှာတစ်ခု ဖြစ်ပေါ်စေသည်။

ဓါးထိန်းချုပ်မှု - စွမ်းအင် အတားအဆီး။

အလင်းရောင်စက်လုံး ကျယ်ပြန့်လာသည်။ ဟန်ရှောင်းသည် စွမ်းအင်အားဖြည့်ခြင်း ပြီးဆုံးသွားသော ဒုတိယ ကောင်းကင် ဂြိုလ်ဖျက်အမြောက်များကို ပစ်လွှတ်လိုက်သည်။ ကြီးမားလှသော အပြာရင့်ရောင် အလင်းတန်းများသည် ပန်းထွက်လာပြီး ဗီရူးဆီသို့ တည့်တည့် ဦးတည်သွားသည်။

အလင်းတန်းများ လမ်းတစ်ဝက်သို့ ရောက်သောအခါ အမှောင်စွမ်းအင် အစုအဝေးများသည် တိုက်ခိုက်မှု လမ်းကြောင်းပေါ်တွင် ရုတ်တရက် ပေါ်လာပြီး ဆိုင်ရွန်းနစ် စွမ်းအင်အလင်းတန်းများနှင့် ထိပ်တိုက်တွေ့သွားသည်။ စွမ်းအင် ပုံသဏ္ဌာန် နှစ်မျိုးသည် ပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပေါ်စေပြီး စကြဝဠာအာကာသထဲတွင် တောက်လျောက်ကျယ်ပြန့်သွားသည်။

အခြားတစ်ဖက်တွင် အမှောင်စွမ်းအင် အတားအဆီး ဒါဇင်ပေါင်းများစွာသည် တပ်မတော်၏ ပစ်မှတ်ထား ပစ်ခတ်မှုကို တားဆီးလိုက်ပြီး ဗီရူးကို အသက်ရှူချိန် ရသွားစေသည်။

ဗီရူးသည် ထောင်ချောက်မှ ကမန်းကတန်း လွတ်မြောက်လာပြီး ရွေ့လျားမှု စွမ်းရည်တစ်မျိုးကို အသက်သွင်းကာ အပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲပြီး စစ်မြေပြင်မှ ထွက်ပြေးလိုက်သည်။ သာမန်ထက်ပိုသော ဒဏ်ရာအနည်းငယ် ရထားပုံပေါက်ကာ ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ဘေးတစ်ဖက်တွင် ပျံဝဲနေသည်။

အကယ်၍ ဟီဘာသာ ဖြစ်ပါက ဤတိုက်ခိုက်မှုများသည် ယားရုံလောက်သာ ရှိမည်ဖြစ်သည်။ သို့သော် ဗီရူး၏ သွေးသည် အစစ်အမှန် ထိခိုက်မှု တိုက်ခိုက်များကြောင့် တော်တော်များများ လျော့ကျနေပြီ ဖြစ်သည်။

ဟန်ရှောင်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ယန္တရားတပ်မတော်ကို တိုက်ခိုက်ခြင်း ရပ်တန့်စေကာ အာကာသယာဉ်ကို ကြည့်လိုက်သည်။

ကလော့တီသည် ပြတင်းပေါက်နောက်တွင် ရပ်နေပြီး လက်တစ်ဖက် မြှောက်ထားသည်။ သူသည် စောစောက အမှောင်စွမ်းအင်ကို ထိန်းချုပ်ပြီး သူတို့၏ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့သူ ဖြစ်သည်။

"လက်ရည်ယှဉ်ပွဲ ပြီးပြီ။" ကလော့တီက ဆက်သွယ်ရေး လိုင်းထဲတွင် ပြောလိုက်သည်။ "ဒါကို... သရေပွဲလို့ သတ်မှတ်လိုက်မယ်။"

သရေပွဲလား...

အခြားသူများ၏ မျက်နှာပေါ်တွင် မတူညီသော အမူအရာများ ရှိနေကြသည်။

ဒါက ဗီရူး အရှက်မကွဲစေဖို့ ပြောလိုက်တဲ့ နည်းလမ်းတစ်ခုမှန်း သူတို့ ကောင်းကောင်းသိသည်။ စောစောက အခြေအနေကို ကြည့်ရုံနှင့် ဟန်ရှောင်းက သံသယဝင်စရာမလိုဘဲ အနိုင်ရခဲ့သည်။ ဟန်ရှောင်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြခဲ့ပြီးဖြစ်သည်။

သူ၏ စွမ်းအားကြီးသော ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် ကြီးမားလှသော ယန္တရားတပ်မတော်၊ ထို့အပြင် သူ၏ ထူးဆန်းစွာ ပြင်းထန်သော တိုက်ခိုက်မှုများနှင့်အတူ သူကဲ့သို့ ယန္တရားပညာရှင် တစ်ယောက်တွင် အားနည်းချက် မရှိသလောက်ပင်။ သူတို့ အံ့သြသွားကြပြီး ဟန်ရှောင်းကို လူသစ်တစ်ယောက် ဖြစ်ခြင်းကြောင့်နှင့် ကွဲအက်ကြယ်စင်ကွင်း ဇာတိဖြစ်ခြင်းကြောင့် သူတို့ထားရှိခဲ့သော အထင်သေးမှု အနည်းငယ်ကို ဘေးဖယ်လိုက်ကြသည်။

ဟန်ရှောင်းသည် သူ၏ စွမ်းအားဖြင့် သူတို့၏ လေးစားမှုကို ရယူနိုင်ခဲ့သည်။

ဗီရူး၏ မျက်နှာထားက ကြည့်မကောင်းလှပေ။ စိန်ခေါ်ခံရသူ တစ်ယောက်အနေဖြင့် ကနဦးက သူသည် လုံးဝ ယုံကြည်မှု ရှိခဲ့သည်။ သို့သော် သူသည် လူသစ်အတွက် စွမ်းရည်ပြသရန် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ သူ အလွန် အရှက်ရပြီး မကျေမနပ် ခံစားနေရသည်။

သို့သော် ပြိုင်ဘက်က တရားဝင်နည်းလမ်းများဖြင့် အသာစီး ရသွားခြင်း ဖြစ်သောကြောင့် သူ့တွင် ပြောစရာမရှိဘဲ စိတ်ထဲတွင်သာ မကျေမနပ် ဖြစ်နေရသည်။

ကလော့တီ ပြောသည်ကို ကြားသောအခါ ဟန်ရှောင်းက မငြင်းဆန်ဘဲ သူ့ယန္တရားတပ်မတော်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ရလဒ်က အရေးမကြီးပေ။ သူ့စွမ်းအားကို ထုတ်ပြရန်ဟူသော ရည်မှန်းချက် အောင်မြင်သမျှ ကာလပတ်လုံး သူ့အတွက် လုံလောက်သည်။

ထို့အပြင် အကယ်၍ ဗီရူးသာ အစွမ်းကုန် တိုက်ခိုက်ခဲ့ပါက သူ၏ ပေါက်ကွဲထွက်သော စွမ်းအားသည် ဟီဘာထက်သာ ပိုမြင့်နေလိမ့်မည်။ ဟန်ရှောင်း၏ စွမ်းအားကြီးသော ပြန်လည်ကောင်းမွန်နှုန်းနှင့်ပင် သူ့အတွက် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

လက်ရည်ယှဉ်ပွဲတွင် သူအသာစီးရခဲ့သည့် အကြောင်းရင်းတစ်ခုမှာ တိုက်ခိုက်ရေးပုံစံချင်း နိုင်စားနေသောကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ တိုက်ပွဲ၏ သဘောသဘာဝကြောင့် ဖြစ်သည်။ သူက ဗီရူးကို လုံးဝ အနိုင်ယူလိုက်ပုံ ပေါက်နေသော်လည်း အကယ်၍ တကယ့်တိုက်ပွဲသာ ဖြစ်ပါက ဗီရူးသည် အလားတူ အမှားမျိုး လုပ်ချင်မှ လုပ်မိမည်။

ငါပိုသန်မာလာဖို့ လိုတယ်။

အဆင့် အေ အထက်ဆင့်များ အကြားတွင် သူသည် ကြာရှည်ဆွဲတိုက်ရသော တိုက်ပွဲများ၌ အလွန် သန်မာသော်လည်း သူ၏ မူလစွမ်းအားမှာ လုံလောက်အောင် မမြင့်မားသေးပေ။

သူသည် အတွေ့အကြုံအမှတ် အများအပြား စုဆောင်းထားသည်။ အတွေ့အကြုံအမှတ် ပြစ်ဒဏ် ပြီးဆုံးသွားသည့်အခါ သူထပ်မံ အဆင့်တက်နိုင်မည် ဖြစ်သည်။

ထိုအချိန်ကျမှသာ အဆင့် အေ အထက်ဆင့်များကြားတွင် ပိုမြင့်သော နေရာတစ်ခု ရယူနိုင်မည်ဟု သူခန့်မှန်းထားသည်။

သူသည် အာကာသယာဉ်ဆီသို့ ပြန်လာပြီး အခန်းထဲသို့ ဝင်လာသည်။ အခြားသူများက သူ့အနားသို့ လာကြသည်။

သူတို့မျက်လုံးများထဲတွင် စူးစမ်းစစ်ဆေးမှုများ မရှိတော့ဘဲ ယခုအခါ လေးစားမှုအချို့ ရှိနေသည်ကို ဟန်ရှောင်း သတိထားမိလိုက်သည်။ ဟန်ရှောင်း စိတ်ထဲတွင် ခေါင်းညိတ်လိုက်သည်။

ဤလက်ရည်ယှဉ်ပွဲမှတစ်ဆင့် သူ၏ စွမ်းအားကို အသိအမှတ်ပြုခံလိုက်ရပြီ။ ယခုအခါ သူသည် ဤအသိုင်းအဝိုင်းထဲသို့ တရားဝင် ဝင်ဆံ့သွားပြီ ဖြစ်သည်။

ဗီရူးသည် ဟန်ရှောင်း၏ နောက်မှ ဝင်လာသည်။ မျက်နှာရှည်ကြီးဖြင့် သူက လှည့်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "နောင်အနာဂတ်မှာ အခွင့်အရေးရှိရင် ငါတို့ ထပ်ပြီး လက်ရည်ယှဉ်ကြရအောင်။"

"ဒါဆို အခွင့်အရေး ရှိတော့မယ် မထင်ဘူး။" ဟန်ရှောင်းက မျက်ခုံးပင့်လိုက်သည်။ ဘာအကျိုးအမြတ်မှ မရှိဘဲနဲ့ ငါက ဘာလို့ မင်းနဲ့ တိုက်ရမှာလဲ။ ငါက တိုက်ပွဲအရူးမှ မဟုတ်တာ။

ပြောရမယ်ဆိုရင် 'စစ်သည်တော်' အများစုက တိုက်ပွဲအရူးတွေ ဖြစ်ပုံရတယ်...

စာစဉ် (၄၉)၊ အခန်း (၈၀၁) ပြီးပါပြီ။

လင်းဆက်

+++++

အခန်း (၈၀၂) အက်စ်ဂေါ့ဒ်ကို မတိုက်ခိုက်ခင် စားမယ် အိပ်မယ်

အာကာသယာဉ်သည် မိခင်ဂြိုလ်သို့ ပြန်လည်ရောက်ရှိလာသည်။ အာကာသယာဉ်ပေါ်ရှိ အဆင့် အေ အထက်ဆင့် မဟာမိတ် အနည်းငယ်သည် မာနထောင်လွှားခြင်း မရှိတော့ပေ။ သူတို့သည် ဟန်ရှောင်းကို ရဲဘော်ရဲဘက်အဖြစ် အမှန်တကယ် လက်ခံလိုက်ပုံရပြီး တရားဝင် မိတ်ဆက်ကြသည်။

ဟန်ရှောင်းသည် ထိုလူများ၏ အမည်များကို ကာလကြာရှည် သိထားပြီးဖြစ်သော်လည်း ဟန်ပြအနေဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ အချို့မှာ အင်ပါယာနှင့် ပတ်သက်ပြီး အချို့မှာ ဗဟိုဂလက်ဆီတွင် ဩဇာအာဏာရှိသော သူများဖြစ်သည်။ သို့သော် သူတို့ထဲမှ နှစ်ဦးသာ ကြယ်ကွင်းပြင် အနည်းငယ်အထိ ကျော်ကြားသော နာမည်ကြီးများ ဖြစ်ကြသည်။

သူတို့သည် ကြယ်ဝိညာဉ်ပင်လယ်နှင့် ရှေးဦးကြယ်မြစ်တို့မှ အသီးသီး လာရောက်ကြခြင်း ဖြစ်သည်။ နောက်တစ်ယောက်မှာ စစ်ရေးစစ်ရာကို ဝါသနာပါသော အဆင့် အေ အထက်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့သားများထဲတွင် သူ၏သဘောထားမှာ အကောင်းဆုံးဖြစ်သည်။

ဤလူသည် သိပ်မအိုသေးပေ။ သူ့နာမည်မှာ ဘီယွန်နီ ဖြစ်သည်။ သူ၏ အက်စ်ပါစွမ်းရည် ဖြစ်သော 'မူလအရင်းအမြစ် မီးလျှံ' ကြောင့် 'ပြာကျမီးလျှံ' ဟူသော ဘွဲ့အမည်ကို ရရှိထားသည်။ ပထမကြည့်လိုက်လျှင် မီးလောင်နိုင်စွမ်းမရှိဟု ထင်ရသော အရာများအားလုံးကိုပင် အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရသည့် အဆင့်အထိ သူက မီးလောင်ကျွမ်းစေနိုင်သည်။ ၎င်းမှာ ဒြပ်ဝတ္ထုများတွင်သာ ကန့်သတ်ထားသည်မဟုတ်ဘဲ စွမ်းအင်ကိုပင် မီးလောင်ကျွမ်းစေနိုင်သည်။ အကျော်ကြားဆုံး ဇာတ်လမ်းမှာ သူက လှည့်လည်သွားလာနေသော ဂြိုလ်တစ်လုံးကို မီးရှို့ခဲ့ဖူးခြင်း ဖြစ်သည်။ သစ်ပင်များ၊ မြေကြီးများနှင့် သတ္တုများ အားလုံး မီးလောင်ကျွမ်းသွားပြီး မီးကျွမ်းထားသော ဂြိုလ်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သော အချိန်တစ်ခုက ဟန်ရှောင်းသည် အင်ပါယာ၏ လက်ရွေးစင်များနှင့် အချိန်အတိုင်းအတာတစ်ခုအထိ အတူရှိနေခဲ့သည်။ မျက်မြင်သက်သေများက သူသည် တန်နီကို မည်သို့ ဂရုစိုက်ပေးခဲ့ကြောင်း သူ့ကို ပြောပြကြသည်။ တန်နီသည် အထက်တန်းလွှာများအတွင်းသို့ အမှန်တကယ် မဝင်ရောက်သေးသော်လည်း အဓိက ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သို့မဟုတ်ပါက သူသည် ဆင့်ကဲဖြစ်စဉ် လုပ်ငန်းစဉ်ကို ခံယူခွင့်ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းကို အင်ပါယာအတွက် စေတနာထားခြင်းဟု အဓိပ္ပာယ်ကောက်ယူကြသည်။

ထို့ကြောင့် အဖွဲ့အစည်း အကြောင်းပြချက်များကြောင့် ဘီယွန်နီသည် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ခဲ့ပြီး ဟန်ရှောင်းကလည်း ငြင်းပယ်မည် မဟုတ်ပေ။ သူတို့နှစ်ဦးသည် အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။

သူ့အပြင် ဟန်ရှောင်း သတိထားရန် လိုသည်ဟု ခံစားရသော နောက်တစ်ယောက်မှာ ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့မှ ရာဗင်လော့ဒ် ဖြစ်သည်။ သူသည် ဟန်ရှောင်းအပေါ် အေးစက်ခြင်း မရှိသလို နွေးထွေးခြင်းလည်း မရှိပေ။ ထို့ကြောင့် သူသည် အခြားတစ်ဖက်နှင့် တမင်တကာ ရင်းနှီးအောင် မနေပေ။

ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့သည် အဖွဲ့ဝင်များအားလုံး ထူးဆန်းသော လူများဖြစ်ကြသည့် လျော့ရဲသော မဟာမိတ်အဖွဲ့ဖြစ်သည်။ အချို့မှာ အဆင့် အေ အထက်ဆင့် စူပါများ ဖြစ်ကြပြီး အချို့မှာ အထူးစွမ်းရည်များ ပိုင်ဆိုင်ကြသည်။ သူတို့၏ တူညီသောအချက်မှာ သူတို့အားလုံးသည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ကြပြီး အခြားသတ္တဝါများထက် များစွာပို၍ အသက်ရှည်ကြသည်။ ဂလက်ဆီတွင် ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့သည် စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုမှ အဖွဲ့ဝင်များလည်း ပါဝင်သော အထင်ရှားဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။

ဥပမာအားဖြင့် ကြက်သွေးနီအင်ပါယာဘက်တွင် ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့၏ အဖွဲ့ဝင် နှစ်ဦးရှိသည်။ တစ်ဦးမှာ ရာဗင်လော့ဒ် ဖြစ်ပြီး အခြားတစ်ဦးမှာ အသန်မာဆုံး နိုင်ငံတော် မဏ္ဍိုင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

အလင်း ဖက်ဒရေးရှင်းနှင့် အာကိန်းဘုရားကျောင်းတို့တွင်လည်း ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့ အတွင်း၌ လူအနည်းငယ် ရှိသည်။ သူတို့ထဲမှ တစ်ဦးမှာ ယန္တရားအင်ပါယာ ခေါင်းဆောင် မန်နီဆန် ဖြစ်ပေလိမ့်မည်။ သူတို့၏ အင်ပါယာကို အသန်မာဆုံး မဟာမိတ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း သူတို့သည် မြင့်မားသော လွတ်လပ်မှုကို ပိုင်ဆိုင်ထားကြသည်။ တကယ်တော့ သူသည် ယန္တရားအင်ပါယာ တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သည်။ သူ့လက်ထဲတွင် အာဏာများစွာ ရှိနေသဖြင့် ၎င်းသည် သဘာဝကျကျပင် ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရှေးဟောင်းပုဂ္ဂိုလ်များအဖွဲ့သည် ကြီးမားသော အရင်းအမြစ်များနှင့် အဆက်အသွယ်များကို ကိုယ်စားပြုသည်။ ဟန်ရှောင်းကိုယ်တိုင် လိုအပ်သော အသက်အရွယ်သို့ မရောက်သေးသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူကြိုးစားကြည့်မိလိမ့်မည်။

ယခင် လက်ရည်ယှဉ်ပွဲကြောင့် ဟန်ရှောင်းသည် လေးစားမှုကို အတိုင်းအတာ တစ်ခုအထိ ရရှိခဲ့သည်။ လူအုပ်ကြီး မိခင်ဂြိုလ်သို့ ပြန်လာသောအခါ အာကာသယာဉ်ပေါ်တွင် ဆွေးနွေးမှုတစ်ခု စတင်ကြသည်။ လူတိုင်းက ဟန်ရှောင်းကို အသိအမှတ်ပြုပြီးဖြစ်သဖြင့် သူသည် ကျန်လူများနှင့် ရောနှောနေထိုင်နိုင်ခဲ့သည်။

သူတို့ထဲမှ အနည်းငယ်သည် အသုံးပြုရန်အတွက် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို ငှားရမ်းလိုကြသော်လည်း ဟန်ရှောင်း ချက်ချင်း သဘောမတူခဲ့ပေ။ အဆင့် အေ အထက်ဆင့်များအတွက် ၎င်းသည် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင်။ ဤကမ္ဘာကြီးတွင် အလကားရသော နေ့လည်စာ မရှိပေ။ ကလော့တီသည် အင်ပါယာနှင့် တိုက်ရိုက် ပတ်သက်မှု ရှိပြီး ထိုကဲ့သို့သော အခွင့်ထူးကို ခံစားနိုင်သော်လည်း အခြားမဟာမိတ်များအတွက်မူ ထိုသို့ ပြော၍မရနိုင်ပေ။ မည်သည့် အကျိုးအမြတ်မှ မရှိဘဲ ဟန်ရှောင်းသည် သူတို့၏ စွမ်းရည်များကို တိုးတက်စေခွင့်ပြုမည် မဟုတ်ပေ။ တကယ်တော့ သူတို့မှာ ဘာပတ်သက်မှုမှ မရှိပေ။

ဟန်ရှောင်းက အပြန်အလှန်အနေဖြင့် အကျိုးအမြတ်အချို့ လိုချင်ကြောင်း ကြားရသောအခါ အဖွဲ့သည် မတူညီသော အတွေးများ ရှိကြပြီး သူတို့၏ ရပ်တည်ချက်ကို ချက်ချင်း ထုတ်မပြောကြပေ။

သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ဘလက်စတားသည် ပိုမိုလိုက်လျောညီထွေ ရှိလိမ့်မည်ဟု အများစုက မူလက ထင်မှတ်ထားကြပြီး သူတို့ကို ကျေနပ်စေရန် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို ချက်ချင်း ထုတ်ပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဘလက်စတားသည် ကိုင်တွယ်ဖြေရှင်းရန် ပိုမိုခက်ခဲကြောင်း ပေါ်လွင်လာသဖြင့် သူတို့၏ အစီအစဉ် လွဲချော်သွားကာ ကုဗတုံးကို အသုံးပြုရန် နောက်ပိုင်းအချိန်အထိ စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။ ကြီးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အလျောက် သူတို့သည် မည်သည့် စိတ်ပျက်အားငယ်မှု ပုံစံကိုမျှ ပြသ၍ မရနိုင်ပေ။

အဖွဲ့ကို နှုတ်ဆက်ပြီးနောက် ဟန်ရှောင်းနှင့် အေးမီစ်တို့သည် သူတို့၏ နေအိမ်သို့ ပြန်လာကြသည်။ နှစ်ယောက်သား ပြန်လာသည်ကို မြင်သောအခါ ဟီလာနှင့် ကျန်လူများသည် စိတ်သက်သာရာ ရသွားကြသည်။

‘ဒါက အဆင့်မြင့် လူမှုအဖွဲ့အစည်းတွေထဲက အဆင့်မြင့် တိုက်ခိုက်ရေးသမားတွေရဲ့ အသိုင်းအဝိုင်းထဲမှာ ငါ့ရဲ့ တရားဝင် ပွဲထွက်ခြင်းလည်း ဖြစ်တယ်။ ငါအခု ဗဟိုဂလက်ဆီရဲ့ စင်မြင့်ပေါ်ကို တက်လှမ်းနေပြီ။’ ဟန်ရှောင်းက သူ့ဘာသာ တွေးလိုက်သည်။ ဤအရာသည် သူ၏ အစီအစဉ်များထဲတွင် ရှိနေသည်မှာ ကြာပြီဖြစ်သည်။

မိတ်ဆွေများများ ရှိခြင်းသည် ကိစ္စရပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေလိမ့်မည်။ ဤအဖွဲ့ကို မိတ်ဖွဲ့ခြင်းအားဖြင့် သူသည် သူတို့၏ အဆက်အသွယ် အချို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ သေချာသည်မှာ သူသည်လည်း အခြားသူများ၏ မျက်လုံးထဲတွင် အတူတူပင် ဖြစ်နေလိမ့်မည်။ ၎င်းမှာ တစ်ဦး၏ အကျိုးအတွက် တစ်ဦး၏ ကွန်ရက်များကို အသုံးပြုခြင်းပင် ဖြစ်သည်။

သို့သော်လည်း အားနည်းချက်များလည်း ရှိသည်။ သူတို့သည် အခြားအဖွဲ့အစည်းများအတွက် အင်ပါယာ၏ စားပွဲပေါ်ရှိ ကြွေစေ့များအဖြစ် ဆက်ဆံခံရမည်ဖြစ်ပြီး ပိုမိုကြီးမားသော အဖွဲ့အစည်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိမ့်မည်။ သူတို့ပြိုင်ဘက်များ၏ ရန်လိုမှုနှင့် စွမ်းအားသည် အနာဂတ်တွင် သဘာဝကျကျပင် ပိုမိုမြင့်မားလာလိမ့်မည်။

ရှောင်လွှဲစရာ နည်းလမ်းမရှိပေ။ အင်ပါယာထံမှ အရင်းအမြစ်များစွာ ရယူရန်အတွက် ၎င်းနှင့် တွဲဖက်ထားသော အခြေအနေများ မရှိဟု တွေးထင်ခြင်းသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်လိမ့်မည်။

ဗဟိုဂလက်ဆီကို စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုက ထိန်းချုပ်ထားပြီး ၎င်း၏ အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်ရန် လွတ်လပ်ခွင့်မရှိသလို အဓိက စစ်ဆင်ရေးများအတွက်လည်း မသင့်လျော်ပေ။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကွဲအက်ကြယ်စင်ကွင်းနှင့် ကြယ်ရောင်တောက်ပကမ္ဘာ အပြင်ဖက်သို့ မျှော်ကြည့်ရန် လိုအပ်နေဆဲပင်။ ဒီဧရိယာအတွက်... ငါက ဆက်သွယ်ရေး အမှတ်တစ်ခုပဲ ချန်ထားခဲ့မယ်။ ဒီကိစ္စပြီးရင် မလိုအပ်ဘဲနဲ့ ဒီဧရိယာနဲ့ ဝေးဝေးနေတာ ငါ့အတွက် ပိုကောင်းလိမ့်မယ်။

ဗဟိုဂလက်ဆီ အတွင်း၌ တစ်စုံတစ်ယောက်က ၎င်းတို့၏ ရပ်တည်မှုကို မြှင့်တင်လိုပါက ဧရိယာအတွင်း၌ ပြုလုပ်ရန် မလိုအပ်ပေ။ အကောင်းဆုံး နည်းလမ်းမှာ ဧရိယာတစ်ခုကို ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ယောက်၏ တန်ဖိုး တက်လာပါက ရပ်တည်မှု မြင့်တက်လာရန် ရိုးရှင်းပေလိမ့်မည်။

…

ထိုညမှာပင် ကလော့တီသည် ဟန်ရှောင်းက ဗီရူနှင့် လက်ရည်ယှဉ်ခဲ့သော သတင်းအချက်အလက်များကို အူရန်ရယ်အား မျှဝေခဲ့ပြီး တစ်ချိန်တည်းမှာပင် ဟန်ရှောင်းနှင့် ပတ်သက်သော သူ၏ အမြင်ကို ပေးခဲ့သည်။

ညဉ့်နက်နေသည့်တိုင် အူရန်ရယ်၏ ရုံးခန်းသည် လင်းထိန်နေဆဲပင်။ သူက ကလော့တီကို စိုက်ကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။ "အနာဂတ်မှာ ဘလက်စတားက ပိုမြင့်တဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်မယ့် အခွင့်အလမ်းတွေအပေါ် ရှင်ဘယ်လို ထင်လဲ။"

"ဖြစ်နိုင်ခြေ ရှိပါတယ်။" ကလော့တီက ရိုးရှင်းစွာ ပြောလိုက်သည်။

ရှေ့ဆောင်လမ်းပြများသည် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီ ကတည်းက ဤအဆင့်သို့ ဖောက်ဝင်ရောက်ရှိခဲ့ကြသည်။ ကာလကြာရှည် သုတေသနပြုပြီးနောက် သူတို့သည် အဆင့် အေ အထက်ဆင့် နယ်ပယ်အတွက် အဆင့်များကို သင့်လျော်သော ခွဲခြားသတ်မှတ်မှု ပေးရန် စတင်ခဲ့ကြသည်။ ဘလက်စတား၏ လက်ရှိ အသက်အရွယ်နှင့် သူ၏ တိုက်ခိုက်ရေးပုံစံတွင် သိသာထင်ရှားသော အားနည်းချက် မရှိခြင်းတို့ကြောင့် အနာဂတ်တွင် ကြီးထွားရန် နေရာလွတ် ရှိနေသည်မှာ သေချာသည်။ အများစုသည် သူ၏ အရှိန်အဟုန်ကို လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။

ကလော့တီသည် ဟန်ရှောင်းအပေါ် အကဲဖြတ်ရာတွင် ဝန်တိုခြင်း မရှိပေ။ သူ၏ ရှည်လျားသော သက်တမ်းတစ်လျှောက်တွင် သူသည် မရေမတွက်နိုင်သော အဆင့် အေ အထက်ဆင့်များကို တွေ့ဖူးသည်။ အချို့မှာ ကပ်ဘေးအဆင့်မှ ဖောက်ထွက်ရာတွင် သူတို့၏ အလားအလာအားလုံးကို ကုန်ဆုံးသွားခဲ့ပြီး လက်ရှိအဆင့်တွင် ထာဝရ နေရစ်ရန် ကံပါလာသူများ ဖြစ်သည်။ အချို့မှာ နောက်ပိုင်းတွင်ပင် ဆက်လက်ကြီးထွားနိုင်ပြီး ထိုသူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။ သူ့မျက်လုံးထဲတွင် ဘလက်စတားသည် ဒုတိယအုပ်စုတွင် ပါဝင်သည်။

သို့သော် သူသည် ထိုကဲ့သို့သော သူများကို များစွာ တွေ့ဖူးပြီးဖြစ်သဖြင့် လူသစ်များနှင့် ဆက်သွယ်ရန်နှင့် တွေ့ဆုံရန် မနှစ်သက်တော့ပေ။ ထို့အပြင် ကလော့တီသည် အင်ပါယာနှင့် တိုက်ရိုက် သက်ဆိုင်ပြီး သူ၏ ရာထူးကြောင့် မည်သူ့ကိုမျှ ဖားရန် မလိုပေ။ ထို့ကြောင့် သူသည် ဟန်ရှောင်းအပေါ် အာရုံစိုက်မှု သိပ်မပြခဲ့ပေ။

တကယ်တော့ အဆင့် အေ အထက်ဆင့် တိုင်းသည် ပံ့ပိုးမှုနှင့် ပြုစုပျိုးထောင်မှုကို နှစ်သက်သော ကျွန်တော်တို့၏ မဟာယန္တရားပညာရှင် ဟန်ကဲ့သို့ မဟုတ်ပေ။

အူရန်ရယ်သည် ကုလားထိုင်ပေါ်တွင် နောက်မှီလိုက်ပြီး စဉ်းစားဟန်ပါသော မျက်နှာထား ဖြစ်ပေါ်နေသည်။

"အဲဒီလို ဖြစ်နေမှတော့ သူက ကြယ်ကွင်းပြင်တွေရဲ့ အစွန်အဖျားမှာ နေတာက သူ့အတွက် ပိုအသုံးဝင်လိမ့်မယ်။ သူ့ရဲ့ လက်ရှိ စိတ်နေသဘောထားက ကြယ်ရောင်တောက်ပကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ဦးတည်ထားပေမဲ့ အဲဒီနောက်ပိုင်းကျရင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဗဟိုဂလက်ဆီကို ရောက်လာနိုင်တယ်... ဒါပေမဲ့ ဒီမှာက လူအင်အား လုံလောက်နေပြီး ကျွန်မတို့ သူ့ကို မလိုအပ်ဘူး။"

စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုသည် ဗဟိုဂလက်ဆီ အတွင်း၌ ရံဖန်ရံခါ ပွတ်တိုက်မှုများ ရှိတတ်သော်လည်း ၎င်းသည် သူတို့၏ အခြေစိုက်စခန်း ဖြစ်သောကြောင့် စစ်ပွဲကြီးအဖြစ်သို့ ဘယ်တော့မှ အရှိန်မြင့်တက်လာမည် မဟုတ်ပေ။ ထို့ကြောင့် အင်ပါယာတွင် ဦးဆောင်ရန် အဆင့် အေ အထက်ဆင့် အများအပြား မလိုအပ်ပေ။ ဟန့်တားရန်အတွက် လုံလောက်သော အရေအတွက်သာ လိုအပ်ပြီး အရေအတွက် များလွန်းပါက သူတို့၏ အရင်းအမြစ်များကို ဖြုန်းတီးရာသာ ရောက်လိမ့်မည်။ အင်ပါယာ၏ ထိန်းချုပ်မှုကို ချဲ့ထွင်ရန် အဆင့် အေ အထက်ဆင့်များကို အခြား ကြယ်ကွင်းပြင်များသို့ စေလွှတ်ခြင်းက ပိုကောင်းလိမ့်မည်။ ဤသည်မှာ နိုင်ငံတော် မဏ္ဍိုင်များဟူသော စကားရပ်၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ပင်။

သို့သော် ဗဟိုဂလက်ဆီသည် စကြာဝဠာ၏ နှလုံးသည်းပွတ် ဖြစ်သောကြောင့် မရေမတွက်နိုင်သော လူများက ထိုနေရာ၌ စကားပြောခွင့်ရရန် ဆန္ဒရှိကြသည်။ အူရန်ရယ်အတွက်မူ သူတို့ရရှိထားသော မဟာမိတ်အရေအတွက်သည် ပြည့်နှက်လွန်းနေပြီဖြစ်ပြီး ဤနေရာ၌ သူတို့၏ အဖွဲ့အစည်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အင်ပါယာ၏ နာမည်ကို မှီခိုနေသူ အများအပြား ရှိနေသည်ကို သူသဘောမကျပေ။

ဘလက်စတားသည် သူ၏ သယ်ဆောင်ရလွယ်ကူသော ရွေ့လျား ခံတပ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်သဖြင့် သူက ထိုနေရာ၌ ဌာနခွဲတစ်ခု တည်ထောင်ချင်ကြောင်း ဆိုလိုသည်။ သူ့မဟာမိတ်များကို မျက်နှာသာပေးရန်အတွက် အူရန်ရယ်သည် အကူအညီအချို့ ပေးရန် ဆန္ဒရှိသော်လည်း ဗဟိုဂလက်ဆီရှိ ဘလက်စတား စစ်တပ်၏ ချဲ့ထွင်မှုနှုန်းကို တိတ်တဆိတ် ကန့်သတ်ရန် စီစဉ်နေသည်။ ဤသည်မှာ သူ ဗဟိုဂလက်ဆီသို့ လာရောက်ခြင်းမှ တားဆီးရန်ဖြစ်ပြီး ကွဲအက်ကြယ်စင်ကွင်း သို့မဟုတ် ကြယ်ရောင်တောက်ပကမ္ဘာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သူ၏ အတွေးများကို ထိန်းသိမ်းထားစေရန် ဖြစ်သည်။

အူရန်ရယ်သည် ကလော့တီ၏ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။ ဘလက်စတားတွင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေရှိကြောင်း သူပြောခဲ့သဖြင့် သူက သေချာပေါက် မှားလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ပင် ဘလက်စတားသည် သူတို့အတွက် အရေးကြီးသော ကျားစေ့တစ်ခု ဖြစ်လာလိမ့်မည်...

သူသည် အရေးကြီးသော ကျားစေ့တစ်ခု ဖြစ်သောကြောင့် အကောင်းဆုံး သက်ရောက်မှုများကို ပြသရန် သူ့ကို သင့်လျော်သော နေရာ၌ ထားရှိရန် သဘာဝကျကျပင် လိုအပ်ပေသည်။

…

ဘလက်စတားကို အင်ပါယာ အုပ်စိုးသူက တရားဝင် လက်ခံတွေ့ဆုံခဲ့သော သတင်းသည် အင်ပါယာ၏ လိုင်းများတစ်လျှောက် ပျံ့နှံ့သွားသည်။ ဟန်ရှောင်း သိထားသည့်အရာအပေါ် အခြေခံရလျှင် သူတို့သည် ဤကဲ့သို့သော အရာကို ဖုံးကွယ်ထားမည် မဟုတ်ဘဲ သူတို့တွင် ကျားစေ့အသစ်များ ရှိကြောင်း ကြေညာရန် ပိုနှစ်သက်ကြသည်။

ယခုအခါ သူ့နာမည်သည် ဗဟိုဂလက်ဆီရှိ အဓိက အဖွဲ့အစည်း အားလုံး၏ အမြင်အာရုံထဲသို့ တရားဝင် ဝင်ရောက်လာသည်။ သို့သော် ဟန်ရှောင်းတွင် ဗဟိုဂလက်ဆီ၌ အခြေခံအုတ်မြစ် မရှိသဖြင့် ဤအဖွဲ့အစည်းများ၏ တုံ့ပြန်မှုများကို နားမလည်နိုင်ပေ။

နောက်ရက်အနည်းငယ်အတွင်း အင်ပါယာသည် မိခင်ဂြိုလ်၏ တပ်စွဲထားသော တပ်ဖွဲ့များကို ဆင့်ကဲဖြစ်စဉ် ကုဗတုံးဖြင့် အသွင်ပြောင်းလဲမှု ခံယူရန် စီစဉ်ပေးပြီး ဟန်ရှောင်းက သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အာရုံစိုက်နေသည်။

အင်ပါယာ၏ တပ်စွဲထားသော တပ်ဖွဲ့များ အားလုံး၏ ဆင့်ကဲဖြစ်စဉ်ကို နောက်ဆုံးတွင် ပြီးမြောက်ရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။

ဤအချိန်အတွင်း ဘလက်စတား စစ်တပ်သည် အားလပ်မနေခဲ့ပေ။ အင်ပါယာ၏ အကူအညီဖြင့် သူတို့သည် ရိုးရှင်းသော ရုံးခန်းတစ်ခု ဖန်တီးရန် အင်ပါယာရှိ မြေကွက်ငယ်တစ်ခုကို အသုံးပြုခဲ့ပြီး လွယ်ကူသော ဆက်သွယ်ရေးအတွက် ရေရှည်နေထိုင်ရန် ဝန်ထမ်းအနည်းငယ်သာ ထားခဲ့သည်။ သူတို့မထွက်ခွာမီ ဤလူအုပ်စုကို အကဲဖြတ်ခဲ့ပြီး ဗဟိုဂလက်ဆီတွင် နေထိုင်ရန် ဆန္ဒရှိသူများကိုသာ ရွေးချယ်ခဲ့သည်။

ဘလက်စတား စစ်တပ်၏ ရွေ့လျား ဂြိုလ်တုအခြေစိုက်စခန်းများ အတွက်မူ အင်ပါယာသည် မိခင်ဂြိုလ်ဘေးတွင် အခြေချရန် ခွင့်ပြုမည် မဟုတ်သဖြင့် သူတို့က ဟန်ရှောင်းကို ကြယ်မြေပုံတစ်ခု ပေးပြီး အရန်အခြေစိုက်စခန်း တည်ဆောက်ရန် အင်ပါယာ၏ နယ်မြေအတွင်း နေရာတစ်ခုကို ရွေးချယ်စေသည်။

ဟန်ရှောင်းသည် ပုံစံကြမ်းတစ်ခုကို ဟိုးအရင်ကတည်းက ရေးဆွဲထားပြီးဖြစ်သဖြင့် ရွေးချယ်ရာတွင် တုံ့ဆိုင်းနေစရာ မလိုပေ။

လယ်လုပ်ရန် ကြက်သွန်မြိတ်များ ပိုမိုတူးဖော်ရန် ရည်ရွယ်ထားသဖြင့် အရန်အခြေစိုက်စခန်း၏ တည်နေရာသည် ကစားသမားများ၏ အဓိက လှုပ်ရှားမှု ဧရိယာ ဖြစ်လိမ့်မည်။

ကိစ္စရပ်အချို့ကြောင့် ဟန်ရှောင်းသည် မိခင်ဂြိုလ်တွင် ယာယီနေရစ်ရန် ရွေးချယ်ခဲ့သည်။ သူမပါဘဲ ထွက်ခွာသွားရန် သူ့တပ်ဖွဲ့များကို အမိန့်ပေးခဲ့သည်။ အင်ပါယာအတွင်းရှိ တည်ငြိမ်မှုနှင့် လုံခြုံရေး မြင့်မားမှုကြောင့် သူ့တပ်ဖွဲ့သည် သူ့ကို ထိုနေရာ၌ အခြေစိုက်စခန်း ဖွင့်ရန် မလိုအပ်ပေ။

အေးမီစ်နှင့် ကျန်လူများကို ရှုခင်းကြည့်ရှုရာတွင် အဖော်ပြုပေးရန်အပြင် သူနေရစ်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် အန္တိမအသိပညာ အချို့ကို ရယူရန် စီစဉ်နေသောကြောင့် ဖြစ်သည်။

အူရန်ရယ်သည် သူမ၏ လူများ စီစဉ်ပေးထားသော တာဝန်များ စာရင်းကို ဟန်ရှောင်းထံ ပေးပို့ခဲ့ပြီး ရွေးချယ်ပြီးနောက် သူသည် မစ်ရှင်တစ်ခုကို နောက်ဆုံးတွင် ရွေးချယ်လိုက်သည်။

သာမန် အထွေထွေ တာဝန်များသည် မလုံလောက်ဘဲ ပိုမိုခက်ခဲသော တာဝန်များကသာ သူတို့ကို အန္တိမအသိပညာ ရယူခွင့် ပေးလိမ့်မည်။ ဟန်ရှောင်း ရွေးချယ်ခဲ့သည့်အရာမှာ အဆင့် အေ အထက်ဆင့် တစ်ယောက် ပါဝင်ရန် လိုအပ်သော တာဝန်တစ်ခု ဖြစ်သည်... ကျန်ရှိနေသော ဖောလန်းအာ့ခ် အဖွဲ့အစည်း တပ်ဖွဲ့များကို ရှင်းလင်းခြင်း။

တခြားစကားဖြင့် ပြောရလျှင် အက်စ်ဂေါ့ဒ်ကို တိုက်ခိုက်ခြင်း။

ဗဟိုဂလက်ဆီ၏ ကြယ်ကွင်းပြင် သုံးခုကို အကဲဆတ်ပြီး စီမံခန့်ခွဲရန် ခက်ခဲသော လူသူမဲ့ စကြဝဠာခါးပတ် တစ်ခုဖြင့် ပိုင်းခြားထားသည်။ ရလဒ်အနေဖြင့် ကြယ်ကွင်းပြင် သုံးခုတွင် မနေရဲသော ဓားပြများနှင့် ဝရမ်းပြေးများသည် နယ်စပ်ခါးပတ်သို့ ဝင်ရောက်လာပြီး ဆိုးညစ်သော နယ်မြေတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။

ဤလူသူမဲ့ စကြဝဠာခါးပတ်သည် ကြီးမားသော ဧရိယာတစ်ခုကို ယူထားသည်။ စစ်ပွဲ၏ ကနဦး ကာလများတွင် စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုသည် သူတို့၏ တံခါးဝတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ စစ်မြေပြင်သည် ဤလူသူမဲ့ စကြဝဠာခါးပတ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုများကြောင့် မရေမတွက်နိုင်သော ဂြိုလ်များသည် မြုံသော မြေရိုင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝရမ်းပြေး အများအပြားသည် အတွင်း၌ ပုန်းအောင်းနေကြသဖြင့် သူတို့ကို ရှာဖွေရန် ခက်ခဲစေသည်။ နယ်စပ်ဒေသသည် ဗဟိုဂလက်ဆီ၏ လူသူမဲ့ စကြဝဠာခါးပတ်နှင့် ဆက်စပ်နေသဖြင့် ထိုနှစ်ခုကြားရှိ ဆက်နွယ်မှုက သူတို့ကို အမြစ်ပြတ် သုတ်သင်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။

ဤအကဲဆတ်သော နယ်မြေကို အလွယ်တကူ အုပ်ချုပ်၍ မရပေ။ ထို့အပြင် စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော ကြယ်တံခါးများ ရှိသဖြင့် လူအများစုသည် လူသူမဲ့ စကြဝဠာခါးပတ် တစ်လျှောက် ခရီးသွားရန်ပင် ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဗဟိုဂလက်ဆီ၏ လုံခြုံရေးအပေါ် ၎င်း၏ သက်ရောက်မှုသည် သိပ်မကြီးမားပေ။

အက်စ်ဂေါ့ဒ်၏ အဖွဲ့သည် များသောအားဖြင့် လူသူမဲ့ စကြဝဠာခါးပတ် တစ်လျှောက် နယ်စပ်ဒေသ အက်ကြောင်းများအတွင်း ပုန်းအောင်းနေလေ့ရှိသည်။ သူတို့၏ တည်ရှိမှုသည် အမြဲတမ်း လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး မကြာသေးမီကမှ သူတို့၏ ခြေရာများကို ရုတ်တရက် ထုတ်ဖော်ခဲ့ရာ အင်ပါယာ၏ စောင့်ကြည့်ရေးတွင် မိသွားခြင်း ဖြစ်သည်။

အက်စ်ဂေါ့ဒ်၏ နာမည်ဆိုးကြောင့် စကြဝဠာ လူမှုအဖွဲ့အစည်းများ သုံးခုသည် ဤအလုပ်ကို သာမန်အလုပ်အဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများမှာ စားခြင်း၊ အိပ်ခြင်းနှင့် အက်စ်ဂေါ့ဒ်နှင့် တိုက်ခိုက်ခြင်း ဖြစ်နေသည်။ ထို့ကြောင့်ပင် 'ပုံမှန် ရှင်းလင်းရေး' ဟု အမည်ပေးထားသည်။

ဟန်ရှောင်းတွင် အက်စ်ဂေါ့ဒ်နှင့် ဖြေရှင်းရန် အငြိုးအတေး ရှိနေသေးသည်။ အက်စ်ဂေါ့ဒ်သည် သူ့ကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ဟန်ရှောင်းသည် အက်စ်ဂေါ့ဒ်ကို မဟာမိတ် သို့မဟုတ် မိတ်ဆွေအဖြစ် သတ်မှတ်မည် မဟုတ်ပေ။ သူသည် လက်ရှိတွင် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းအတွင်း အခြေစိုက်ထားသဖြင့် သူနှင့် ဤကဲ့သို့သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဝရမ်းပြေးကြားတွင် စည်းတစ်ခုခြားထားရမည်။

ပြောရမယ်ဆိုရင် ပြဿနာဖန်တီးဖို့ သူ့ကို လိုက်ရှာနေတာက အမြဲတမ်း အက်စ်ဂေါ့ဒ်ပင်။ ဒါက သူပေးစရာရှိတာကို ပြန်ပေးဆပ်တဲ့ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။

အကယ်၍ အင်ပါယာက ပေးသော အခွင့်အရေးသာ မဟုတ်ပါက သူသည် ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ကျောထောက်နောက်ခံ ရှိခြင်းသည် တကယ်ကို ကောင်းသည်။

သို့သော် သူသည် အက်စ်ဂေါ့ဒ်၏ ထူးဆန်းသော စွမ်းရည်များကို အနည်းငယ် စိုးရိမ်နေသဖြင့် တစ်ကိုယ်တော် မလှုပ်ရှားဘဲ ဤစစ်ဆင်ရေးအတွက် သူ့မဟာမိတ် အဆင့် အေ အထက်ဆင့် အနည်းငယ်ကို ဖိတ်ခေါ်ခဲ့သည်။

ကလော့တီတွင် ရာထူးတစ်ခု ရှိသဖြင့် စဉ်းစားမနေဘဲ ငြင်းပယ်ခဲ့သည်။ ကျန်လူများသည်လည်း အက်စ်ဂေါ့ဒ်ကို ရန်မစလိုကြသဖြင့် ဆင်ခြေပေးခဲ့ကြသည်။ တစ်ယောက်တည်းကသာ သူ့ဖိတ်ခေါ်မှုကို သဘောတူခဲ့သည်။

"ငါတို့ ဘယ်တော့ ထွက်ကြမလဲ။"

ဆက်သွယ်ရေးစက်တွင် ဘီယွန်နီ၏ ဦးချိုများ ဖုံးလွှမ်းနေသောခေါင်း၊ မီးတောင်ကဲ့သို့ အသားအရေနှင့် သူ့ပတ်လည်တွင် လှုပ်ရှားနေသော ဖျတ်လတ်သည့် မီးမြွေများကို ပြသနေသည်။ သူသည် လူသားမဟုတ်ဘဲ မီးပုံမျိုးနွယ်စုမှ အက်စ်ပါတစ်ဦး ဖြစ်သည်။

"မနက်ဖြန်။ ငါအင်ပါယာက လူတွေကို အသိပေးပြီးပြီ၊ သူတို့ ငါတို့ကို ပို့ပေးလိမ့်မယ်။" ဟန်ရှောင်းက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူသည် အင်ပါယာ၏ မိခင်ဂြိုလ်တွင် အရာအားလုံးကို ဖြေရှင်းပြီးပြီဖြစ်ရာ သူ့အတွက် လုပ်စရာ ဘာမှမကျန်တော့ပေ။ နောက်တစ်ဆင့်မှာ ဗဟိုဂလက်ဆီတွင် သူရှိထားသော အစီအစဉ်နှစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

ပထမတစ်ခုမှာ အန္တိမအသိပညာကို ရယူရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူ၏ ကြက်သွန်မြိတ်များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။ နောက်ပိုင်းတစ်ခုသည် ဘလက်စတား စစ်တပ်၏ တံဆိပ်သာ လိုအပ်ပြီး သူကိုယ်တိုင် ထိုနေရာ၌ ရှိနေရန် မလိုအပ်ပေ။

"ငါတို့နှစ်ယောက်တည်းနဲ့ဆို အန္တရာယ်များလိမ့်မယ်။ အက်စ်ဂေါ့ဒ်ရဲ့ ရေယာဉ်စုက ကြီးလွန်းတယ်၊ ပြီးတော့ သူကိုယ်တိုင်က အန္တရာယ်များတယ်။" ဘီယွန်နီက ခေါင်းခါလိုက်သည်။

"ငါတို့ဆီမှာ အဆင့် အေ အထက်ဆင့် နှစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။"

သူက ဘေးရှိ အေးမီစ်ကို လှမ်းကြည့်လိုက်သည်။ ဤကိစ္စကို သိလိုက်ရသောအခါ အေးမီစ်သည် ချန်လှပ်ထားခံရမည်ကို စိုးရိမ်နေသကဲ့သို့ အလိုအလျောက် စေတနာ့ဝန်ထမ်းခဲ့သည်။ လူပိုများခြင်းကို အမြဲတမ်း ကြိုဆိုနေမည်ဖြစ်သည်။

သူလှမ်းကြည့်သည်ကို မြင်သောအခါ အေးမီစ်က သွားချင်စိတ်ပြင်းပြနေသကဲ့သို့ အပြုံးနုနုလေး ပြုံးလိုက်သည်။

စာစဉ် (၄၉)၊ အခန်း (၈၀၂) ပြီးပါပြီ။

လင်းဆက်

+++++

All Chapters