← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း ၃၄။ ။ အလင်းလိုက်တန်း

“လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံ ဟုတ်လား၊ ဒါက ကောင်းလို့လား” ရှဖေးသည် ဖန်တန်၏ အကြည့်များကို လိုက်ကြည့်ရင်း မေးလိုက်သည်။

ဖန်တန်က ခေါင်းညိတ်ပြလျက် “လေအရိပ်စီးရီး တိုက်ခိုက်ရေးဝတ်စုံတွေက အရှိန်အဟုန် စွမ်းအားရှင်တွေအတွက် သီးသန့် ထုတ်လုပ်ထားတာပဲ၊ အဲဒါက လေထု ခုခံမှုကို အများကြီး လျှော့ချပေးနိုင်သလို ဝတ်ဆင်သူအတွက်လည်း အလွန်ကောင်းမွန်တဲ့ ခုခံမှုကို ပေးစွမ်းနိုင်တယ်၊ မကြာခင်မှာ မင်းက အရှိန်အဟုန် စွမ်းအားရှင်တစ်ယောက်အနေနဲ့ ပထမဆုံး အဟန့်အတားကို ကျော်ဖြတ်ရတော့မယ်၊ မင်းရဲ့ အရှိန်က အသံထက် မြန်သွားတဲ့အခါ အသံလွန်ပေါက်ကွဲမှု ဖြစ်လာလိမ့်မယ်”

“အဲဒီအချိန်ရောက်လို့ မင်းက တိုက်ခိုက်ရေးဝတ်စုံကို ဝတ်မထားဘူးဆိုရင် ပြင်းထန်တဲ့ အားလှိုင်းတွေက မင်းရဲ့ ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေလိမ့်မယ်၊ ပြီးတော့ မင်းဆီက ထွက်လာတဲ့ ကျယ်လောင်တဲ့ အသံက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပြီး ရန်သူကို အလစ်အငိုက် တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး” ရှင်းပြလိုက်သည်။

ရှဖေးသည် အသံလွန်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုကို တစ်ခါက ကြည့်ဖူးခဲ့သည်။ လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ် အသံထက်မြန်သော အရှိန်သို့ ကူးပြောင်းသည့်အခါ အသံအတားအဆီးကို ဖြတ်ကျော်ရသော ထိုအခိုက်အတန့်တွင် လေယာဉ်၏ ပတ်ပတ်လည်၌ မြူတိမ်တိုက်များ ဖြစ်ပေါ်လာတတ်သည့် အံ့ဩဖွယ်ရာ မြင်ကွင်းကို မြင်တွေ့ရတတ်သည်။

ထိုမြူတိမ်တိုက်များနောက်တွင် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုကြောင့် တိုက်လေယာဉ်မှာ သိသိသာသာ တုန်ခါသွားတတ်ရာ ၎င်းက အသံလွန်ပေါက်ကွဲမှု၏ ကြီးမားသော အားမာန်ကို ပြသနေခြင်းပင် ဖြစ်၏။

“လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းဖြစ်ပြီး အခု ဈေးကွက်မှာ မရနိုင်တော့ဘူး၊ အဲဒါက ရှားပါးတဲ့ ဘလက်စတား ပင့်ကူမျှင်ကို ကုန်ကြမ်းအဖြစ် သုံးထားတာ၊ ဒီလိုပင့်ကူမျိုးကို အလွန်အေးမြတဲ့ ဂြိုဟ်တွေမှာပဲ တွေ့နိုင်တယ်၊ တိုက်ခိုက်ရေးဝတ်စုံ တစ်စုံစာ ရဖို့အတွက် ဒီပင့်ကူ အကောင်တစ်ထောင်က တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးရတာပဲ”

“ထုတ်လုပ်မှု စုန်စရိတ် ကြီးမြင့်လွန်းတာကြောင့် အခုနောက်ပိုင်းမှာ ဒီကုန်ကြမ်းကို သုံးတဲ့သူ မရှိသလောက် ရှားသွားပြီ၊ အဲဒီအစား အဆင့်မြင့် ဓာတုချည်မျှင်တွေကိုပဲ အစားထိုး သုံးစွဲကြတော့တယ်၊ ဓာတုချည်မျှင်တွေက ကောင်းတယ်ဆိုပေမဲ့ သဘာဝအတိုင်း ရတဲ့ ကုန်ကြမ်းရဲ့ အရည်အသွေးကိုတော့ မမီနိုင်သေးဘူး၊ ဒီ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို တစ်စုံတစ်ယောက်က စုဆောင်းထားတာ ဖြစ်ရမယ်”

“ဒီဝတ်စုံရဲ့ စွမ်းဆောင်ရည်က ဒဏ္ဍာရီလာ တိုက်ခိုက်ရေးဝတ်စုံ အများစုနဲ့ ယှဉ်နိုင်တယ်၊ ဈေးနှုန်းက သန်း ၃၀၀ ထက် မကျော်ဘူးဆိုရင် ဒါကို အရင်ဆုံး လေလံဆွဲသင့်တယ်” ဖန်တန်က ဆိုသည်။

ရှဖေးသည် လေလံစာရင်းကို ကြည့်လိုက်ရာ ထိုတိုက်ခိုက်ရေးဝတ်စုံ၏ အခြေခံလေလံဈေးမှာ ကြယ်တာရာဒင်္ဂါး သန်း ၅၀ ဖြစ်နေသည်ကို တွေ့ရ၏။ အကယ်၍ သူသာ ၎င်းကို အမှန်တကယ် လိုချင်ပါက အနည်းဆုံး သန်း ၁၀၀ ကျော်ခန့် သုံးရပေလိမ့်မည်။

ဈေးနှုန်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းသော်လည်း ရှဖေးကမူ အထူးတလည် ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် "အကျပ်အတည်း" အဆင့် သတ်မှတ်ချက် စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုရတော့မည် ဖြစ်ရာ သူပိုင်ဆိုင်သော အသုံးအဆောင်များ၏ အရည်အသွေးမှာ သူ၏ အသက်ရှင်သန်မှုနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့် ပေါ့ပေါ့ဆဆ လုပ်၍ မရနိုင်ချေ။

ဖန်တန်က စာရင်းကို ဆက်လက်ကြည့်ရှုနေရင်း “ဟေး သူတို့က ငွေရောင်ညပန်းပွင့်ကိုတောင် ရထားတာပဲ” ဟု ရုတ်တရက် အော်လိုက်သည်။

“ဒါက မင်းအတွက် အများကြီး အသုံးဝင်လိမ့်မယ်၊ အဲဒါက မင်းရဲ့ အရှိန်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်တယ်၊ ပိုအရေးကြီးတာက အဲဒါကို မြစိမ်းရောင် ခရစ်စတယ်နဲ့ တွဲဖက် အသုံးပြုလို့ ရတယ်၊ သူတို့ရဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေက တစ်ခုနဲ့တစ်ခု အားဖြည့်ပေးပြီး ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး”

“အကယ်၍ မင်းက မြစိမ်းရောင် ခရစ်စတယ်နဲ့ ငွေရောင်ညပန်းပွင့် နှစ်ခုစလုံးကို ပေါင်းစပ်ပြီး ဆေးဖော်စပ်နိုင်မယ်ဆိုရင် မင်းရဲ့ အရှိန်နဲ့ ခံနိုင်ရည်ကို တစ်ပြိုင်တည်း တိုးတက်စေမှာပဲ၊ စစ်ဆေးမှု မစခင်မှာ မင်းရဲ့ ခန္ဓာကိုယ်က ဆေးအကြွင်းအကျန် အားလုံးကို စုပ်ယူနိုင်ဖို့ မျှော်လင့်ရတာပဲ၊ ဘာလို့လဲဆိုတော့ ကြယ်တာရာ အခြေခံ အဆင့်နဲ့ အကျပ်အတည်း အဆင့် စစ်ဆေးမှုကို ဝင်ဖြေတာက မင်းအတွက် အလွန် အန္တရာယ်များလို့ပဲ” ဟု ဖန်တန်က ရှင်းပြလေသည်။

“ဆဲလ်အရှိန်မြှင့်ဆေးက လုံးဝစုပ်ယူနိုင်ဖို့ ခြောက်လလောက် ကြာတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား” ဟု ရှဖေးက မေးလိုက်၏။

ဖန်တန်က ခေါင်းမော့ကာ ရှဖေးကို စိုက်ကြည့်ရင်း “မင်းရဲ့ သတ္တမမြောက် ဦးနှောက် အစိတ်အပိုင်းက လုံးဝ ပွင့်သွားပြီ ဖြစ်တဲ့အတွက် ဆေးစုပ်ယူမှုနှုန်းက သာမန်လူတွေထက် အများကြီး ပိုမြန်တယ်၊ အခုကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၂ လလောက် အချိန်ကျန်သေးတယ်၊ အဲဒီတော့ မင်း အကုန်စုပ်ယူနိုင်မလား ဆိုတာကတော့ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်” ဟု ဆိုသည်။

ဤစစ်ဆေးမှုမှာ အခြေခံကြယ်တာရာ အဆင့်မှ အဆင့်မြင့်ကြယ်နယ်မြေ အဆင့်ရှိသူများအထိသာ ကန့်သတ်ထားသဖြင့် ရှဖေး၏ အဆင့်မှာ မှတ်ပုံတင်ရန် လုံလောက်သော်လည်း ကျင့်ကြံမှု အဆင့်အရမူ သူသည် ထောင်ပေါင်းများစွာသော လျှောက်ထားသူများထဲတွင် အနိမ့်ဆုံး၌ ရှိနေပေလိမ့်မည်။

ထို့ကြောင့် စစ်ဆေးမှု မစတင်မီ သူ၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန်မှာ အလွန်ပင် အရေးကြီးလှသည်။

ဆေးဖက်ဝင် ပစ္စည်းများနှင့် တိုက်ခိုက်ရေးဝတ်စုံကို အတည်ပြုပြီးနောက်တွင် အောက်တိုဘာ ၁၅ ရက်၌ စတင်မည့် မာစတာပိစ် လေလံပွဲကို စောင့်ဆိုင်းရန်သာ ကျန်တော့သည်။

လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံနှင့် ငွေရောင်ညပန်းပွင့် နှစ်ခုစလုံးမှာ အခြေခံလေလံဈေး သန်း ၅၀ စီ ရှိနေပြီး မထင်မှတ်ထားသည်များ မဖြစ်လာခဲ့ပါက အဆုံးသတ်ဈေးမှာ သန်း ၁၀၀ ကျော်သွားနိုင်ခြေ ရှိသည်။

လက်ရှိတွင် ရှဖေး၌ ကြယ်တာရာဒင်္ဂါး ၃၈၀ သန်း ရှိနေပြီး အကယ်၍ မလောက်ငပါက ဝိညာဉ်နှလုံးသားကို ရောင်းချရပေလိမ့်မည်။ လိုအပ်သော ရန်ပုံငွေကို ရှာဖွေရာတွင် ရှဖေးသည် ဤစစ်ဆေးမှု တစ်ခုတည်းအတွက်သာ သူ၏ အရင်းအနှီးအားလုံးကို အသုံးပြုရန် ဆုံးဖြတ်ထားသည်။

အရည်အသွေးမြင့် အရေးပေါ် ရှေးဦးသူနာပြုသေတ္တာနှင့် အကောင်းဆုံး တောတွင်းရှင်သန်ရေး ကိရိယာများကို ဝယ်ယူပြီးနောက် ရှဖေး၏ အကောင့်ထဲရှိ လက်ကျန်ငွေမှာ ၄.၇ သန်း ထပ်မံ လျော့နည်းသွားခဲ့ရသည်။

အခု နောက်ဆုံး ကျန်နေသည်မှာ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သည့် လက်နက်ပင် ဖြစ်၏။

ရှဖေးမှာ အရှိန်အဟုန် စွမ်းအားရှင် ဖြစ်သည်။ အရှိန်အဟုန် စွမ်းအားရှင် တစ်ယောက်၏ အားသာချက်မှာ လျင်မြန်ဖြတ်လတ်မှုနှင့် လိုက်လျောညီထွေရှိမှုတို့ ဖြစ်သောကြောင့် လေးလံလှသော လက်နက်ကြီးများမှာ ရှဖေး၏ စဉ်းစားချက်ထဲတွင် မရှိပေ။

လက်နက်ကြီးများသည် အလွန်ပင် အစွမ်းထက်သော်လည်း ၎င်းတို့သည် ရှဖေး၏ အရှိန်ကို နှေးကွေးစေနိုင်သည့်အပြင် တိုက်ခိုက်မှု အကြိမ်အရေအတွက်ကိုလည်း လျော့နည်းစေနိုင်သဖြင့် အကျိုးထက် အပြစ်က ပိုများနေသည်။

ရှဖေး လိုအပ်သည်မှာ ပေါ့ပါးပြီး ကိုင်တွယ်ရ လွယ်ကူသော၊ ထက်မြက်ရုံတင်မကဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိပြီး ရန်သူက ခုခံရန် ခက်ခဲစေမည့် လက်နက်မျိုး ဖြစ်သည်။

ထိုကဲ့သို့သော လက်နက်မျိုးမှာ ပြောရသည်မှာ လွယ်ကူလှသော်လည်း လက်တွေ့တွင် ဝယ်ယူရန်မှာ လုံးဝ မလွယ်ကူလှချေ။ ဈေးကြီးလွန်းသော အရာများကို သူ မဝယ်နိုင်သလို ဖန်တန် သဘောကျမည့် လက်နက်မျိုးမှာလည်း ရှားပါးလှသည်။ ရှဖေးသည် လက်နက်အရောင်းဆိုင် ပေါင်းများစွာကို လိုက်လံကြည့်ရှုခဲ့သော်လည်း သူ စိတ်တိုင်းကျမည့် လက်နက်ကို မတွေ့ခဲ့ရချေ။

ထို့နောက် သူသည် ဆိုင်ငယ်လေး တစ်ဆိုင်ထဲသို့ ဝင်ခဲ့ရာ ထိုဆိုင်ထဲတွင် ရှဖေးမှအပ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသာ ရှိနေသည်။

ထိုအမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရပြီး လမ်းလျှောက်သည့်အခါတွင် ခါးကို ကိုင်း၍ လျှောက်နေကာ သူ၏ ခြေထောက်များမှာလည်း ပြဿနာ တစ်စုံတစ်ရာ ရှိနေသကဲ့သို့ ဟန်ချက်မညီဘဲ ရှိနေချေသည်။

ထိုလူသည် ဆိုင်ထဲတွင် ဟိုကြည့်ဒီကြည့် လုပ်နေဟန် ပြုမူနေပြီးမှ ဆိုင်ရှင်ကို ခေါ်ရန် သူ၏ ဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်လေသည်။

ထိုအမျိုးသားသည် ဆိုင်ရှင်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေပြီး တစ်ခုခုကို ရောင်းချရန် ကြိုးစားနေပုံ ရသည်။ ဆိုင်ရှင်သည် ထိုပစ္စည်း၏ ပုံရိပ်ကို ကြည့်ပြီးနောက် ခေါင်းခါပြကာ ထိုအမျိုးသားအား ဘာမှမပြောဘဲ ပြန်လွှတ်လိုက်လေတော့သည်။

ရှဖေးသည် စပ်စုလိုစိတ်ဖြင့် ဆိုင်ရှင်၏ အနားသို့ သွားကာ “စောစောက အဲဒီလူ ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။

“ဩော် သူက ကျွန်တော့်ကို လျှို့ဝှက် ဓားမြှောင်တစ်လက် လာရောင်းနေတာပါ၊ ကြည့်ရတာ အလွန်ဟောင်းနွမ်းနေပြီးတော့ ဈေးက ကြယ်တာရာဒင်္ဂါး ၆ သန်းတောင် တောင်းနေတာ၊ သူကတော့ တော်တော်ကို လောဘကြီးတာပဲ” ဟု ဆိုပြီးနောက် ဆိုင်ရှင်က ဆက်လက်၍ “ဒါပေမဲ့ ဓားမှာ သုံးထားတဲ့ ကုန်ကြမ်းကတော့ မဆိုးပါဘူး၊ နီယွန် သတ္တုစပ်နဲ့ လုပ်ထားပုံ ရတယ်” ဟု ဆိုလေသည်။

လျှို့ဝှက် ဓားမြှောင်ဆိုသည်မှာ အင်္ကျီလက်ထဲတွင် ဝှက်ထားနိုင်သော ဓားတို အမျိုးအစား ဖြစ်သည်။ ၎င်းမှာ ဝတ်ဆင်သူ၏ လက်မောင်းတွင် တပ်ဆင်ထားနိုင်ပြီး အလွယ်တကူ မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်သည်။ လိုအပ်သည့် အခါတွင် ယန္တရားကို နှိပ်လိုက်ရုံဖြင့် ဓားမှာ ထွက်ပေါ်လာမည် ဖြစ်သောကြောင့် ခန့်မှန်းရ ခက်ခဲလှသည်။

ထိုကဲ့သို့သော ဓားမျိုးကို ပြုလုပ်ရန်မှာ အလွန်ပင် ကျွမ်းကျင်မှု လိုအပ်လှသည်၊ အဘယ်ကြောင့်ဆိုသော် အတွင်းပိုင်း ယန္တရားမှာ အလွန်ပင် ရှုပ်ထွေးလှပြီး အနည်းငယ်မျှ အမှားအယွင်း ရှိ၍ မဖြစ်သောကြောင့် ဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်နေစဉ် မတော်တဆ ယန္တရား ပွင့်သွားပြီး ဓားတိုမှာ အင်္ကျီလက်ထဲမှ ထွက်လာပါက အလွန်ပင် အရှက်ရဖွယ် ဖြစ်ပေလိမ့်မည်။

လျှို့ဝှက် ဓားမြှောင်သည် စက်မှုစပရင်ကို အသုံးပြုထားသောကြောင့် ၎င်းတွင် အသုံးပြုသော ကုန်ကြမ်းမှာ အလွန်ပင် ကောင်းမွန်ရန် လိုအပ်လှပေရာ ကျုံ့နိုင်ဆန့်နိုင်စွမ်းနှင့် ခိုင်ခံ့မှု မြင့်မားရန် လိုအပ်သည်။

နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ရှေးဟောင်း ထုတ်လုပ်မှု နည်းပညာ အများအပြားမှာ အလိုအလျောက် ထုတ်လုပ်မှု စနစ်များသို့ ပြောင်းလဲသွားခဲ့သော်လည်း အချို့မှာမူ ချွင်းချက်အနေဖြင့် ရှိနေဆဲပင် ဖြစ်၏။ အချို့သော အထူးပညာရပ်များကို စက်ယန္တရားများဖြင့် အစားထိုး၍ မရနိုင်ချေ။

ဥပမာအားဖြင့် လျှို့ဝှက် ဓားမြှောင်ကို ကြည့်ပါက ထိုလက်နက်ကို ပြုလုပ်ရန် လိုအပ်သော လက်မှုပညာမှာ မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ လျှို့ဝှက်ချက်ကိုလည်း ပြင်ပသို့ မပေါက်ကြားစေခဲ့ပေ။

ပညာရှင် အများအပြားသည် ထိုကဲ့သို့သော လက်နက်မျိုးကို ပြုလုပ်နိုင်ရန် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ရပြီးနောက် နည်းပညာဖြင့် အစားထိုး၍ မရနိုင်သော အရာများ ရှိနေသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြရသည်။

ရှဖေးသည် ထိုလူ ကိုင်ဆောင်လာသော လျှို့ဝှက် ဓားမြှောင်ကို စိတ်ဝင်စားပုံရသည်ကို ဆိုင်ရှင်က သတိထားမိသွားပြီးနောက် “ကျွန်တော့်အထင်တော့ အဲဒီလက်နက်က ရိုးရိုးသားသား ရထားတာ မဟုတ်ဘူး ထင်တယ်၊ သူ့ရဲ့ အမူအရာက တိတ်တိတ်ပုန်း လုပ်နေတာကို ကြည့်ရင် အဲဒါက ခိုးလာတာ ဖြစ်ရမယ်” ဟု အလျင်အမြန် ထပ်ပြောလိုက်သည်။

ရှဖေးက ပြုံးလိုက်ပြီး ဆိုင်ရှင်၏ ခေါ်နေမှုကို ဂရုမစိုက်ဘဲ ဆိုင်ထဲမှ ထွက်လာခဲ့လေတော့သည်။

လမ်းမလယ်တွင် ရပ်၍ ဝေ့ဝဲကြည့်လိုက်ရာ ထိုအလယ်အလတ်အရွယ် အမျိုးသားမှာ လမ်းတစ်ဖက်သို့ သွားနေသည်ကို တွေ့လိုက်ရပြီး သူ၏ ပါးစပ်မှလည်း တတွတ်တွတ် ဆဲဆိုနေကာ အလွန်ပင် စိတ်တိုနေဟန် ရှိသည်။

ရှဖေးသည် ခြေလှမ်းအနည်းငယ်ဖြင့် ထိုလူ၏ နောက်သို့ လိုက်သွားပြီး သူ၏ အာရုံကို ဆွဲဆောင်ရန်အတွက် တမင်တကာ ချောင်းနှစ်ချက် ဟန့်လိုက်၏။

“ခင်ဗျား လက်ထဲမှာ ရှိနေတာက လျှို့ဝှက် ဓားမြှောင် တစ်လက်လား” ရှဖေးက မေးလိုက်သည်။

ထိုအမျိုးသားမှာ အလွန်ပင် သတိကြီးစွာဖြင့် ရှဖေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် “ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျွန်တော် မသိဘူး” ဆိုသည်။

“မကြောက်ပါနဲ့၊ ကျွန်တော်က ခင်ဗျားဆီမှာ ရှိတဲ့ အရာကို တကယ် ဝယ်ချင်လို့ပါ၊ ဒါ့အပြင် အခုက ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲမှာမို့လို့ ကျွန်တော်က ခင်ဗျားဆီက ပစ္စည်းကို လုသွားမှာလည်း ခင်ဗျား ကြောက်စရာ မလိုပါဘူး မဟုတ်လား” ရှဖေးက ရယ်မောလိုက်ရင်း ပြောလိုက်၏။

“ကျွန်တော့်အဖေက အရမ်း နေမကောင်းဖြစ်နေလို့ ပိုက်ဆံ အရေးတကြီး လိုနေတာသာ မဟုတ်ရင် ကျွန်တော့် ဘိုးဘွားပိုင် ပစ္စည်းကို ရောင်းဖို့ စိတ်ကူးမှာတောင် မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလမ်းပေါ်မှာတော့ အမြင်ရှိတဲ့သူ တစ်ယောက်မှ မရှိဘဲ ကျွန်တော့် ပစ္စည်းကို တန်ဖိုးမရှိဘူးလို့ ပြောကြတဲ့အပြင် တချို့ကဆိုရင် ခိုးလာတာလို့တောင် စွပ်စွဲနေကြတယ်” ထိုအမျိုးသားမှာ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဆိုသည်။

အမှန်တကယ်တော့ ထိုလူများကိုလည်း အပြစ်တင်၍ မရနိုင်ချေ။ သူသည် ပစ္စည်းကို ရောင်းရန်သာ ဖြစ်သော်လည်း လူသိထင်ရှား ထုတ်ပြပြီး ရောင်းချမည်ဆိုပါက မည်သူမျှ သံသယဝင်မည် မဟုတ်ပေ။ သို့သော် သူက အလွန် တိုးတိုးတိတ်တိတ် လုပ်ဆောင်နေသောကြောင့် လူများမှာ ထိုပစ္စည်းကို မရိုးသားသော နည်းလမ်းဖြင့် ရထားသည်ဟု သံသယဝင်သွားကြခြင်း ဖြစ်သည်။

“ခင်ဗျားရဲ့ ပစ္စည်းအကြောင်း အချက်အလက်တွေကို ကျွန်တော် မြင်ချင်တယ်” ရှဖေးက ပြောလိုက်သည်။

မကြာမီ ထိုလျှို့ဝှက် ဓားမြှောင်နှင့် ပတ်သက်သော အချက်အလက်များမှာ ရှဖေး၏ အီးမေးလ်သေတ္တာထဲသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ လက်တွေ့ လက်နက်ကို အရှေ့တွင် ချထားသကဲ့သို့ စိတ်ကြိုက် လှည့်ပတ် ကြည့်ရှုနိုင်သော သုံးဖက်မြင် ပုံရိပ်တစ်ခု ဖြစ်၏။

ဖန်တန်သည် ထိုလက်နက်ကို စိုက်ကြည့်ရင်း အကြိမ်ပေါင်းများစွာ လေ့လာပြီးနောက် ရုတ်တရက်ဆိုသလို တည်ငြိမ်လှသော အသံဖြင့် အော်ပြောလိုက်လေသည်။

“ငါ ဒီလက်နက်ကို မှတ်မိတယ်၊ အဲဒါကို 'အလင်းလိုက်တန်း' လို့ ခေါ်တယ်”

အခန်း ၃၅။ ။ ဒဏ္ဍာရီလာအဆင့် အသုံးအဆောင်

ဖန်တန်သည် ထိုလက်နက်ကို စိုက်ကြည့်လျက် အကြိမ်ပေါင်းများစွာ လေ့လာပြီးနောက် ရုတ်တရက်ဆိုသလို တည်ငြိမ်လှသော အသံဖြင့် “ငါ ဒီအရာကို မှတ်မိတယ်၊ အဲဒါကို အလင်းလိုက်တန်း လို့ ခေါ်တယ်” ဟု အော်ပြောလိုက်လေသည်။

“အလင်းလိုက်တန်း ဟုတ်လား” ရှဖေးမှာ အနည်းငယ် အံ့အားသင့်သွားရချေသည်။ ၎င်း၏ အမည်ကို ကြားလိုက်ရုံမျှဖြင့်ပင် ဤလျှို့ဝှက်ဓားမြှောင်မှာ အလွန်ကောင်းမွန်သော လက်နက်တစ်ခု ဖြစ်ရမည်ကို သူ သိလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် အမည်မှာလည်း အလွန်ပင် ခန့်ညားထည်ဝါလှသောကြောင့် ဖြစ်၏။

“အလင်းလိုက်တန်း ဆိုတာ တာမေးနီးယားလို့ ခေါ်တဲ့ ဂြိုဟ်က ကျွမ်းကျင်တဲ့ လက်မှုပညာရှင် အဖွဲ့တစ်ဖွဲ့ ပြုလုပ်ခဲ့တဲ့ လက်နက်ပဲ၊ ဒီလို လျှို့ဝှက်ဓားမြှောင် တစ်လက် ဖြစ်လာဖို့အတွက် ထိပ်တန်း လက်မှုပညာရှင် သုံးယောက်က တစ်နှစ်ပတ်လုံး အချိန်ပေးပြီး လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုကြတယ်၊ ဓားသွားမှာ သုံးထားတဲ့ သွေးပြာသတ္တုစပ် တစ်ခုတည်းတင် ကြယ်တာရာဒင်္ဂါး သန်း ၁၀၀ ကျော် တန်ဖိုးရှိတယ်” ဟု ဖန်တန်က ရှင်းပြလေသည်။

ထိပ်တန်း လက်မှုပညာရှင် သုံးယောက်က တစ်နှစ်ပတ်လုံး အချိန်ပေး၍ ဤမျှ သေးငယ်သော အရာကို ပြုလုပ်ခဲ့ရသည်ဟူသောအချက်မှာ ၎င်း၏ ရှုပ်ထွေးမှုနှင့် စေ့စပ်သေချာမှုကို ပြသရန် လုံလောက်လှသည်။

“ဒီလက်နက်က ဘယ်အဆင့်လဲ” ဟု ရှဖေးက မေးလိုက်၏။

“ဒဏ္ဍာရီလာအဆင့် ပဲ” ဖန်တန်က ပြန်ဖြေလိုက်သည်။

တိုက်ပွဲများတွင် အသုံးပြုသော လက်နက်နှင့် တိုက်ခိုက်ရေးဝတ်စုံ ကဲ့သို့သော အသုံးအဆောင်များ၏ အရည်အသွေးကိုလည်း စွမ်းအားများကဲ့သို့ပင် အဆင့်များဖြင့် ခွဲခြားနိုင်သည်။ အဆင့်မြင့်လေလေ ဈေးနှုန်းကြီးမြင့်ကာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။

ရှဖေး၏ ကျင့်ကြံမှုမှာ အခြေခံကြယ်တာရာ အဆင့်သို့ ရောက်ရှိရုံသာ ရှိသေးသော်လည်း အခြေခံကြယ်တာရာ အဆင့်ရှိသော စွမ်းအားရှင်တစ်ဦးအနေဖြင့် ဒဏ္ဍာရီလာအဆင့်ရှိသော လက်နက်တစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိခြင်းမှာ အလွန်ပင် ထူးခြားဆန်းပြားလှသော အခြေအနေပင် ဖြစ်ချေတော့သည်။

လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံမှာ ကြယ်စင်မြစ် အဆင့်သာ ရှိသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ အလယ်အလတ် ဒဏ္ဍာရီလာအဆင့် စံနှုန်းကို ရရှိနိုင်သည်။ ထို့ကြောင့် အကယ်၍ သူသာ ၎င်းကို ဒဏ္ဍာရီလာအဆင့်ရှိသော အလင်းလိုက်တန်း နှင့် တွဲဖက် အသုံးပြုနိုင်မည်ဆိုပါက ဒဏ္ဍာရီလာအဆင့်ရှိသော ပညာရှင်အစစ်အမှန်များပင် မနာလိုဖြစ်ရမည့် ပေါင်းစပ်မှုမျိုး ဖြစ်လာပေလိမ့်မည်။

အမှန်စင်စစ် ဤအသုံးအဆောင် နှစ်ခုမှာ အဆင့်မြင့်ရုံတင်မကဘဲ အလွန်ပင် ရှားပါးလှသည်။ တစ်ခုမှာ လက်မှုပညာဖြင့် အပြည့်အဝ ပြုလုပ်ထားသော လက်နက်ဖြစ်ပြီး အခြားတစ်ခုမှာ သဘာဝကုန်ကြမ်း စစ်စစ်ဖြင့် ပြုလုပ်ထားသော တိုက်ခိုက်ရေးဝတ်စုံ ဖြစ်သည်။ ဤအရာများသည် ပညာရှင်အစစ်အမှန် အမြောက်အမြား အိပ်မက်မက်ကြရသော အရာများပင် ဖြစ်ချေသည်။

“ဒဏ္ဍာရီလာအဆင့် ဆိုတော့ ဈေးကတော့ မနည်းလောက်ဘူး မဟုတ်လား” ဟု ရှဖေးက မေးလိုက်၏။

“ကဲကဲ လွန်ခဲ့တဲ့ အချိန်အတော်ကြာက အလင်းလိုက်တန်း တစ်လက်ကို ရဖို့အတွက် ဝယ်ယူသူက ကြယ်တာရာဒင်္ဂါး သန်း ၂၀၀ သုံးခဲ့ရတယ်၊ အခုဆိုရင် အလင်းလိုက်တန်းကို ပြုလုပ်တဲ့ လက်မှုပညာလည်း ပျောက်ကွယ်သွားပြီ ဖြစ်တဲ့အတွက် ဈေးနှုန်းက အဲဒီထက်တောင် ပိုမြင့်နေဦးမှာပဲ”

သန်း ၂၀၀ တောင်လား ဟု ဆိုကာ ရှဖေး၏ စိတ်ထဲတွင် ဝမ်းသာပီတိ ဖြစ်သွားရသည်။ ဤအလယ်အလတ်အရွယ် အမျိုးသားမှာ ယခုအခါ ၎င်းအတွက် ၆ သန်းသာ တောင်းဆိုနေသဖြင့် စုစုပေါင်း သန်း ၁၉၄ သန်းခန့် ကွာခြားနေသည်၊ ၎င်းမှာ အလကားရသကဲ့သို့ပင် ဖြစ်ချေတော့သည်။

“ကျွန်တော် ဒါကို ဝယ်ချင်ပါတယ်၊ ဘယ်လောက်လဲ” ရှဖေးက ထိုအမျိုးသားကို မေးလိုက်သည်။

ထိုအမျိုးသားမှာ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။ သူသည် စောစောက လက်နက်ဈေးကွက်တွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး သူတို့အားလုံးက အလင်းလိုက်တန်းမှာ ၆ သန်း မတန်ဟု ယူဆခဲ့ကြကာ ဈေးပေးဝယ်လိုသည့် ဆိုင်ရှင်တစ်ဦးကလည်း ၅ သောင်းသာ ပေးခဲ့သည်။

အမှန်စင်စစ် ထိုဆိုင်ရှင်များ ပြောသည်မှာ မှန်သည်။ အလင်းလိုက်တန်းမှာ ၆ သန်း မတန်ဘဲ သန်း ၂၀၀ တန်ခြင်း ဖြစ်သည်။

သန်း ၂၀၀ နှင့် ၆ သန်းကြား ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် အဆပေါင်း ၃၀ ကျော် အမြတ်ထွက်နေခြင်း ဖြစ်ပေရာ ထိုကဲ့သို့သော ကောင်းကင်ဘုံက ပေးသည့် လက်ဆောင်မျိုးကို ရရှိခဲ့သော ရှဖေးမှာ ယနေ့တွေ့ခဲ့သော ဆိုင်ရှင်များ၏ မသိနားမလည်မှုအပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေရသည်။

အကယ်၍ သူတို့သာ မရှိခဲ့ပါက ရှဖေးအနေဖြင့် အလင်းလိုက်တန်းနှင့် အဆင့်ချင်း မတူသော လက်နက်တစ်ခုအတွက်ပင် သန်း ၂၀၀ အထိ သုံးစွဲရဖွယ် ရှိသည်။

“ကြယ်တာရာဒင်္ဂါး ၆ သန်း ဆိုရင်ကော” ထိုအမျိုးသားက စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။

ရှဖေးမှာ ခေတ္တမျှ တွေဝေနေဟန် ဆောင်လိုက်သည်၊ ၎င်းမှာ ပစ္စည်းဝယ်ယူရာတွင် အသုံးပြုသော နည်းဗျူဟာတစ်ခုပင် ဖြစ်၏။ လူသားတို့သည် လောဘကြီးတတ်ကြသဖြင့် အကယ်၍ သူသာ ဈေးနှုန်းကို ချက်ချင်း သဘောတူလိုက်ပါက တစ်ဖက်လူမှာ သူတောင်းသည့်ဈေးမှာ နည်းလွန်းသဖြင့် အရှုံးပေါ်သွားပြီဟု ထင်သွားနိုင်သောကြောင့် ဖြစ်သည်။

“ဒီလျှို့ဝှက်ဓားမြှောင်က တော်တော်လေး ဟောင်းနေပြီပဲ၊ ကျိုးကြောင်းဆီလျော်အောင် ပြောရရင်တော့ ဒီလောက်အထိ မတန်ဘူးထင်တယ်” ရှဖေးက ခေါင်းခါရင်း ခက်ခဲနေသည့် အမူအရာကို ပြသလိုက်၏။

ထိုအမျိုးသားမှာ ရှဖေးက ငြင်းပယ်သွားမည်ကို စိုးရိမ်သဖြင့် စိုးရိမ်စိတ်များ မြင့်တက်လာခဲ့ရသည်။ သို့သော် သူသည် ဈေးလျှော့ပေးလိုသည့် စိတ်ကို ထိန်းချုပ်ထားပြီး ရှဖေး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

“ကောင်းပါပြီ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီပစ္စည်းကို သဘောကျနေမိလို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာပေါ့၊ ဈေးနည်းနည်း ကြီးနေရင်လည်း ဘာဖြစ်လဲ” ရှဖေးက ခေတ္တမျှ စဉ်းစားဟန် ပြုမူပြီးနောက် ပြုံးပြလျက် “ခင်ဗျား သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲ ယူမယ်၊ အပေးအယူ တည့်ပြီ” ဟု ဆိုလိုက်လေတော့သည်။

ထိုအမျိုးသားမှာ စိတ်သက်သာရာ ရသွားပြီး သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာလျက် ရှဖေးအား အပေးအယူ လုပ်ပေးသည့်အတွက် အဖန်ဖန် ကျေးဇူးတင်နေသည်။

အသုံးအဆောင်တစ်ခုမှာ မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းကို အသုံးပြုမည့်သူ လိုအပ်သည်သာ ဖြစ်၏၊ လူတို့သည် မည်မျှပင် ပါရမီပါစေကာမူ စဉ်ဆက်မပြတ် လေ့ကျင့်ကျင့်ကြံမှသာ တိုးတက်လာနိုင်မည် ဖြစ်သည်။

ရှဖေးသည် ဤအမှန်တရားကို ကောင်းစွာ နားလည်ထားသဖြင့် အခွင့်အရေး ရသည်နှင့် ပြင်းထန်သော ကျင့်ကြံမှုများတွင် နစ်မြုပ်နေခဲ့သည်။ ရှဖေးသည် သူ၏ ကျင့်ကြံချိန်ကို တစ်နေ့လျှင် ၆ နာရီမှ ၁၆ နာရီအထိ တိုးမြှင့်လိုက်သည်။

၈ နာရီ အိပ်ချိန်မှအပ ကျန်ရှိသော စက္ကန့်တိုင်းကို ကျင့်ကြံမှုတွင်သာ အသုံးပြုခဲ့ပြီး သူ၏ အစားအသောက်များကိုပင် ကျင့်ကြံရေးအခန်းထဲတွင် စားသောက်သည်အထိ ဖြစ်သည်။

ရူးသွပ်ဖွယ် ကျင့်ကြံမှု၊ မရပ်မနား ကျင့်ကြံမှုတို့ပင် ဖြစ်ချေသည်။

အသက်ရှူထိန်းချုပ်ခြင်းနှင့် ကောက်ကျစ်သော ထိုးနှက်ချက် တို့အပြင် ရှဖေးသည် သူ၏ နေ့စဉ် လုပ်ငန်းဆောင်တာတွင် အခြားသော အလုပ်တစ်ခုကို ထပ်မံ ထည့်သွင်းလိုက်သည်၊ ၎င်းမှာ သားရဲဝိညာဉ်ကျမ်း ကို ကျင့်ကြံခြင်းပင် ဖြစ်၏။

ထိုစာအုပ်မှာ သာမန်တောရိုင်း တိရစ္ဆာန်များမှစ၍ စကြဝဠာအတွင်းရှိ အလွန်ထူးဆန်းသော သားရဲများအထိ ပါဝင်သော သားရဲများဆိုင်ရာ စွယ်စုံကျမ်းတစ်ခုနှင့် တူသည်။ ၎င်းတို့ တစ်ခုချင်းစီအတွက် အသေးစိတ် မှတ်တမ်းများ ပါဝင်ပြီး ဖန်တန်ပင် တစ်ခါမျှ မကြားဖူးသော ထူးဆန်းသော သားရဲများစွာလည်း ရှိနေသည်။

ထို့ပြင် ထိုစာအုပ်ထဲတွင် ထိုသားရဲများနှင့် မည်သို့ ဆက်သွယ်ရမည်၊ အပြန်အလှန် ယုံကြည်မှု ရှိအောင် မည်သို့ တည်ဆောက်ရမည်နှင့် နောက်ဆုံးတွင် ထိုသားရဲမှာ အသုံးပြုသူအပေါ် ထာဝရ သစ္စာရှိစေရန်အတွက် ပဋိညာဉ် မည်သို့ ပြုလုပ်ရမည်ကိုလည်း အသေးစိတ် ဖော်ပြထားသည်။

သားရဲဝိညာဉ်ကျမ်း ကို အဆင့် ၉ ဆင့် ခွဲခြားထားပြီး အသုံးပြုသူသည် အဆင့် ၃ သို့ ရောက်ရှိသည့်အခါ သားရဲဝိညာဉ်မျက်လုံး ကို ဖွင့်နိုင်မည် ဖြစ်သည်။

ထိုအခါ အသုံးပြုသူသည် သူ၏ မျက်လုံးနှစ်လုံးကို အသုံးပြု၍ သားရဲများ၏ ခန္ဓာကိုယ်အတွင်းရှိ သားရဲဝိညာဉ်မီးတောက် ကို တိုက်ရိုက် မြင်တွေ့နိုင်မည် ဖြစ်ပြီး မီးတောက်၏ အရောင်နှင့် ပြောင်းလဲမှုများကို ကြည့်ကာ ၎င်းတို့၏ အဆင့်၊ အမူအကျင့်နှင့် ကျန်းမာရေး အခြေအနေတို့ကို သိရှိနိုင်မည် ဖြစ်သည်၊ ၎င်းတို့ ဖျားနာနေခြင်း ရှိမရှိ၊ ဖျားနာမှု အမျိုးအစားနှင့် သားရဲ၏ စိတ်ခံစားချက်ကိုပင် ပြောပြနိုင်မည် ဖြစ်၏။

အသုံးပြုသူသည် အဆင့် ၆ သို့ ရောက်ရှိသည့်အခါ သားရဲများနှင့် ပဋိညာဉ် တည်ဆောက်နိုင်မည် ဖြစ်သည်။သားရဲတစ်ကောင်နှင့် ပဋိညာဉ် တည်ဆောက်ပြီးပါက ပိုင်ရှင်နှင့် သားရဲမှာ စိတ်ချင်း ချိတ်ဆက်နိုင်မည် ဖြစ်ပြီး သိစိတ်မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်ကာ အမိန့်ပေးနိုင်မည် ဖြစ်သည်။

သားရဲတစ်ကောင်သည် တစ်စုံတစ်ဦးကို သခင်အဖြစ် အသိအမှတ်ပြုပြီးပါက အလွန် သစ္စာရှိသွားမည်ဖြစ်ပြီး သခင် အသက်ရှင်ပါက အတူရှင်၍ သခင် သေဆုံးပါက အတူလိုက်ပါ သေဆုံးမည် ဖြစ်သည်။

နောက်ဆုံးတွင် အသုံးပြုသူသည် အဆင့် ၉ သို့ ရောက်ရှိပါက ကြယ်တာရာကြားခံ သားရဲများကို အမိန့်ပေးနိုင်မည် ဖြစ်ပြီး အားကောင်း၍ သစ္စာရှိသော သားရဲစစ်တပ်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ရှဖေး လက်ထဲရှိ သားရဲဝိညာဉ်ကျမ်းမှာ မပြည့်စုံဘဲ အဆင့် ၆ နောက်ပိုင်းအတွက် မန္တန်များ ပါဝင်ခြင်း မရှိပေ။ ရှဖေးကမူ သူ၏ သားရဲဝိညာဉ်ကျမ်းမှာ မိတ္တူစာအုပ် ဖြစ်သောကြောင့် နောက်ဆုံး ၃ ဆင့်အတွက် အရေးကြီးသော မန္တန်များ လိုအပ်နေခြင်း ဖြစ်မည်ဟု ယူဆထားသည်။

နှမြောစရာ ကောင်းသော်လည်း သားရဲဝိညာဉ်ကျမ်း၏ ပထမ ၆ ဆင့်ကိုသာ အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုပါက ရှဖေးအတွက် တစ်သက်တာ အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။

သတ်မှတ်ထားသော ကျင့်ကြံမှုကို အဆုံးသတ်ပြီးနောက် ရှဖေးသည် ချွေးများ ရွှဲနစ်စွာဖြင့် ကျင့်ကြံရေးအခန်းထဲမှ ထွက်လာခဲ့သည်၊ သူဝတ်ထားသော စွပ်ကျယ်မှာလည်း ချွေးများဖြင့် စိုရွှဲနေပြီး သူ၏ ခြေလှမ်းတိုင်းတွင်လည်း ချွေးစက်များမှာ ပြန့်လွင့်နေသည်။

သူသည် ရေစင်ဆီသို့ သွားကာ ရေအေးတစ်ခွက်ကို အားရပါးရ သောက်လိုက်ပြီးနောက် နောက်ထပ် နှစ်ခွက်ကိုလည်း ဆက်တိုက် သောက်လိုက်သည်။

ရှဖေးသည် ရေခြောက်ခွက်ကို လျင်မြန်စွာ သောက်လိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုကြောင့် ဆိုဖာပေါ်သို့ လဲကျသွားခဲ့ရသည်၊ သူ၏ မျက်လုံးနှစ်လုံးမှာလည်း ဆက်လက် ဖွင့်ထားနိုင်ရန်အတွက် ခက်ခဲနေချေပြီ ဖြစ်၏။

“မင်းရဲ့ သားရဲဝိညာဉ်ကျမ်း ကျင့်ကြံမှုက အခုထိ ဘယ်လောက်အထိ ရောက်သွားပြီလဲ” ဟု အခန်းထောင့်တွင် ပေါ်လာသော ဖန်တန်က မေးလိုက်သည်။

ရှဖေးသည် စီးကရက်တစ်လိပ်ကို ယူကာ နှုတ်ခမ်းတွင် တပ်လိုက်ပြီး မီးညှိကာ အားရပါးရ တစ်ချက် ရှိုက်လိုက်ရင်း “ပထမအဆင့်ကို အခုတင် ကျော်ဖြတ်နိုင်ခဲ့ပြီ” ဟု ဆိုလိုက်၏။

“ဟုတ်လား” ဖန်တန်က ခေါင်းညိတ်လိုက်သည်။ သားရဲဝိညာဉ်ကျမ်းတွင် အမြင်အာရုံ သိမြင်မှုနှင့် စိတ်ချင်း ဆက်သွယ်မှုဟူသော အဓိက နည်းပညာ နှစ်ခု ပါဝင်သည်။ ၎င်းတို့မှာ ကျင့်ကြံရန် အလွန် ခက်ခဲလှပေရာ ရှဖေးအနေဖြင့် အချိန်တိုအတွင်း မိမိဘာသာ စမ်းတဝါးဝါးဖြင့် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခြင်းမှာ နှေးကွေးသော တိုးတက်မှုဟု မဆိုနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် လမ်းပြပေးမည့် ဆရာတစ်ဦး ရှိခြင်းနှင့် မိမိဘာသာ နားလည်အောင် ကြိုးစားခြင်းမှာ လုံးဝကို ကွဲပြားခြားနားလှသောကြောင့် ဖြစ်သည်။

ရုတ်တရက်ဆိုသလို ဖုန်းမြည်သံ ထွက်ပေါ်လာသောကြောင့် ရှဖေးသည် ဖုန်းကို ယူကာ “ဒါက ရှဖေး ပါ၊ ဘယ်သူပါလဲ” ဟု မေးလိုက်သည်။

တစ်ဖက်မှ ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာပြီး “ငါက ဒီတစ်ခေါက် တရားစီရင်ရေးသမဂ္ဂရဲ့ အကျပ်အတည်းအဆင့် စစ်ဆေးမှုမှာ ဒုတိယ စစ်ဆေးရေးမှူး ဘိုစင်ဝါ ပါ၊ မင်းကို တစ်ချို့အရာတွေ အသိပေးဖို့ ဆက်သွယ်လိုက်တာပါ” ဟု ဆိုသည်။

“ဩော် ဟုတ်ကဲ့၊ ဘာများ သိခွင့်ရမလဲ ခင်ဗျာ” ဟု ရှဖေးက မျက်မှောင်ကြုတ်လျက် ဒုတိယ စစ်ဆေးရေးမှူးလား၊ သူက ဘာတွေ ပြောချင်တာပါလိမ့် ဟု သူ့ဘာသာ တွေးနေမိသည်။

“ဒါက ဒီလိုပါ၊ လာမယ့်နှစ် ဇွန်လကျရင် ကမ္ဘာပေါ်မှာ အလုပ်သင် တရားစီရင်ရေးသမား စစ်ဆေးမှုတစ်ခုကို ထပ်ပြီး ကျင်းပဖို့ ရှိပါတယ်၊ အဲဒါကလည်း အလုပ်သင် တရားစီရင်ရေးသမား သုံးယောက်ကိုပဲ ရွေးချယ်မှာပါ၊ ဒါပေမဲ့ နောက်တစ်ခါကတော့ ဘေးကင်းသောအဆင့် စစ်ဆေးမှု ဖြစ်မှာပါ၊ ဆိုလိုတာက မင်းအနေနဲ့ အခု အကျပ်အတည်းအဆင့် စစ်ဆေးမှုကို ဝင်ဖြေစရာ မလိုတော့ဘဲ နောက်တစ်ကြိမ်မှာ တရားစီရင်ရေးသမား ဖြစ်လာဖို့ အခွင့်အရေး ရှိနေသေးတယ် ဆိုတာပါပဲ” ဟု ဘိုစင်ဝါက ရှင်းပြလေသည်။

ရှဖေးက ရယ်မောလိုက်ရင်း “စစ်ဆေးရေးမှူး ဘိုစင်ဝါ၊ ကျွန်တော် ဒီတစ်ခါ စစ်ဆေးမှုကို ဝင်ဖြေဖို့ ဆုံးဖြတ်ပြီးပါပြီ၊ အကယ်၍ ကျွန်တော် မအောင်မြင်ခဲ့ဘူးဆိုရင်တော့ လာမယ့်နှစ် စစ်ဆေးမှုအတွက် သေချာပေါက် မှတ်ပုံတင်မှာပါ” ဟု ဆိုလိုက်သည်။

ဖုန်းတစ်ဖက်မှ အသံမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သိသာသည်မှာ ရှဖေး၏ အဖြေမှာ ဘိုစင်ဝါ မျှော်လင့်ထားသည့် အရာ မဟုတ်ပေ။ “မင်း ဒီစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အချက်အလက်တွေကို ဖတ်ပြီးပြီလား၊ အဲဒါကို အကျပ်အတည်းအဆင့် အဖြစ် ပြန်ပြီး သတ်မှတ်လိုက်တာနော်”

“ဖတ်ပြီးပါပြီ” ဟု ရှဖေးက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ငါ ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး၊ ဒီစစ်ဆေးမှုမှာ မှတ်ပုံတင်ထားတဲ့ ကမ္ဘာသား စစ်စစ်ဆိုလို့ စုရိုယွီ နဲ့ မင်း နှစ်ယောက်ပဲ ရှိတာပါ၊ မင်းတို့ နှစ်ယောက်လုံး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”

ဖုန်းချလိုက်ပြီးနောက် ရှဖေးသည် “စုရိုယွီ လား၊ မိန်းကလေး နာမည်နဲ့ တူတယ်” ဟု သူ့ဘာသာ ရေရွတ်နေမိသည်။

ထိုအချိန်တွင် စားပွဲပေါ်ရှိ အီလက်ထရွန်နစ် နှိုးစက်မှာ ရုတ်တရက် မြည်လာခဲ့သည်။ မာစတာပိစ် လေလံပွဲ၏ ပထမအဆင့် လေလံဆွဲမှုမှာ စတင်တော့မည် ဖြစ်သည်။

အခန်း ၃၆။ ။ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော အထူးထုတ်

ရေချိုးပြီးနောက် ရှဖေးသည် သူ၏ လက်တွေ့ကမ္ဘာအတု မျက်မှန်ကို ဝတ်ဆင်ကာ ကြယ်တာရာကြားခံ အင်တာနက်ထဲသို့ ဝင်ရောက်လိုက်ပြီး မာစတာပိစ် လိုင်း၏ လေလံပွဲတွင် ပါဝင်ရန် ပြင်ဆင်လိုက်သည်။

လက်တွေ့ကမ္ဘာအတုမျက်မှန်ဆိုတာ ကျွန်တော့်စိတ်ထင် ဖေ့စ်ဘုတ်က ထုတ် ARမျက်မှန်မျိုးဖြစ်မယ်ဗျ။

ယနေ့သည် လေလံပွဲ၏ ပထမဆုံးနေ့ ဖြစ်၏။ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံမှာ လေလံပစ္စည်း စာရင်း၏ ၉၇ ခုမြောက်တွင် ရှိနေပြီး ငွေရောင်ညပန်းပွင့် အတွက်မူ နောက်တစ်နေ့အထိ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ အမှန်စင်စစ် လေလံတင်မည့် ပစ္စည်းများမှာ များပြားလွန်းလှသဖြင့် အကယ်၍ မာစတာပိစ် လိုင်းကသာ အားလုံးကို တစ်ပြိုင်တည်း လေလံတင်မည်ဆိုပါက မည်သည့်နားရက်မျှမရှိဘဲ နာရီပေါင်းများစွာ ဆက်တိုက် လုပ်ဆောင်ရပေလိမ့်မည်။ သံမဏိလူသားပင် ဖြစ်ပါစေ ထိုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ယေဘုယျ လေလံပွဲ စည်းမျဉ်းများအရ ပစ္စည်းတစ်ခုမှာ တန်ဖိုးကြီးလေလေ နောက်ကျမှ ထွက်ပေါ်လာလေလေ ဖြစ်သည်။ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံ၏ အစီအစဉ်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ အခြားသော ပစ္စည်းများထဲတွင် ဈေးနှုန်း အတော်အတန် မြင့်မားသော အရာတစ်ခု ဖြစ်ကြောင်း သိနိုင်သည်။

တစ်ချိန်တည်းမှာပင် ဝေးကွာလှသော နယူးယောက် မြို့၌တရားစီရင်ရေးသမဂ္ဂ၏ အမှုဆောင်ဌာန အဖွဲ့ ၁၃ ၏ အဖွဲ့ခေါင်းဆောင်နှင့် ဤ "အကျပ်အတည်း" အဆင့် စစ်ဆေးမှု၏ အထွေထွေ တာဝန်ခံ ဖြစ်သူ ရှောင်ဟိုင်လီ သည် အချက်အလက် လုပ်ဆောင်ရေး အခန်းသို့ ရောက်ရှိလာခဲ့သည်။

အချက်အလက် လုပ်ဆောင်ရေး အခန်းထဲတွင် အသိဉာဏ်တု ကွန်ပျူတာ ၁၀ လုံးကို စနစ်တကျ ထားရှိထားပြီး ရှောင်ဟိုင်လီသည် ကွန်ပျူတာတစ်လုံး၏ ဘေးတွင် ထိုင်ကာ လက်တွေ့ကမ္ဘာခေါင်းဆောင်းအတု ဦးထုပ်ဆောင်းကို ယူ၍ ဝတ်ဆင်လိုက်သည်။

သူသည် ကြယ်တာရာကြားခံ အင်တာနက်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေစဉ်မှာပင် အဖွဲ့ ၁၃ ၏ အခြားသော အဖွဲ့ဝင် နှစ်ဦး ဖြစ်သည့် ဘိုစင်ဝါ နှင့် ကွီရို့ဇ် တို့သည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာကြသည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ငါတို့ မင်းကို လိုက်ရှာနေတာ အနှံ့ပဲ၊ ငါတို့ ခွင့်ရက် တစ်ရက် ရထားတာကို သုံးယောက်သား ဆုံပြီး အတူတူ သောက်ကြရအောင်လေ၊ ငါတော့ တော်တော်လေး အသက်ရှူကျပ်နေပြီ၊ ကမ္ဘာဂြိုဟ်က ခေတ်နောက်ကျတယ် ဆိုပေမဲ့ ဒီက ကောင်မလေးတွေကတော့ မဆိုးလှဘူးကွ” အမြဲတမ်း မိန်းကလေး လိုက်စားတတ်သော ကွီရို့ဇ်က ဆိုသည်။

“ဟုတ်တယ်၊ ငါတို့ ဒီစစ်ဆေးမှုအတွက် ပြင်ဆင်နေရတာနဲ့တင် တော်တော်လေး ပင်ပန်းနေပြီ၊ အနားယူဖို့ အချိန်တန်ပြီလေ၊ မင်းက ဘာဖြစ်လို့ အင်တာနက်ထဲ ဝင်နေတာလဲ၊ လာပါ သွားသောက်ကြရအောင်” ဟဘိုစင်ဝါကလည်း ထောက်ခံလိုက်၏။

ရှောင်ဟိုင်လီသည် သူ ဝတ်ဆင်ထားသော ဦးထုပ်ဆောင်းကို ပြန်ချွတ်လိုက်ပြီး ထိုနှစ်ဦးအား

“ငါ မလိုက်တော့ဘူး၊ လေလံပွဲတစ်ခုမှာ ပစ္စည်းတစ်ခု ဝယ်ဖို့ ရှိနေလို့ပဲ”

“သောက်တာထက် ပိုအရေးကြီးတဲ့ လေလံပွဲက ဘာရှိလို့လဲ” ဟု ကွီရို့ဇ်က ဇဝေဇဝါဖြင့် မေးလိုက်၏။

“ငါ အခုမှ သတိရတယ်၊ ဒီနေ့က မာစတာပိစ် လေလံရုံရဲ့ ဖွင့်ပွဲနေ့ပဲ၊ သူတို့ရဲ့ စံနှုန်းတွေက တော်တော်လေး မြင့်ပြီး နာမည်လည်း ကြီးတယ်၊ မင်းက ဘာဝယ်ဖို့ စဉ်းစားထားတာလဲ” ထိုနှစ်ဦးသည် ရှောင်ဟိုင်လီ၏ ဘေးတွင် ထိုင်လိုက်ကြပြီး ဘိုစင်ဝါက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားဟန်ဖြင့် ဆိုသည်။

ရှောင်ဟိုင်လီက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ရင်း “ကဲကဲ ဘာမှ မဟုတ်ပါဘူး၊ သူတို့ရဲ့ စာရင်းထဲမှာ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံ တစ်စုံ ပါနေတာ တွေ့လိုက်လို့ပါ၊ အရည်အသွေးလည်း ကောင်းပုံရတာနဲ့…”

“ဒါဆို မင်းက အဲဒါကို ရဲ့ရှောင်ဟန် အတွက် လက်ဆောင်အဖြစ် ဝယ်ပေးဖို့ စဉ်းစားနေတာပေါ့ ဟုတ်လား” ဟု ဘိုစင်ဝါနှင့် ကွီရို့ဇ်တို့က တစ်ပြိုင်တည်း ဖြည့်ပြောလိုက်ကြသည်။

ကွီရို့ဇ်က ဘိုစင်ဝါအား တံတောင်ဖြင့် တွတ်လိုက်ပြီး ပြုံးစိစိဖြင့် “သူ့မျက်နှာကို ကြည့်ဦး၊ ငါတို့ မှန်အောင် ခန့်မှန်းလိုက်နိုင်ပုံပဲ၊ လှပတဲ့ မစ္စ ရဲ့ ကလွဲလို့ သူက ဘယ်သူ့ကို လက်ဆောင်ပေးမှာလဲ” ဟု ဆိုလေသည်။

“အဲဒါတော့ သေချာမှာ မဟုတ်ပါဘူး၊ ငါကလည်း အရှိန်အဟုန် စွမ်းအားရှင် တစ်ယောက်ပဲလေ၊ ဒါကြောင့် ရှောင်ဟိုင် က ငါ့အတွက် ဝယ်ပေးတာလည်း ဖြစ်နိုင်တာပဲ” ဘိုစင်ဝါက နောက်ပြောင်လိုက်သည်။

သူတို့ သုံးဦးမှာ အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။ ဘိုစင်ဝါမှာ အကြီးဆုံး ဖြစ်သောကြောင့် ရှောင်ဟိုင်လီကို ရှောင်ဟိုင် ဟု ခေါ်ပြီး ကွီရို့ဇ်ကမူ သူတို့မှာ ညီအစ်ကို အရင်းအချာများကဲ့သို့ ရင်းနှီးသဖြင့် ဟိုင်အစ်ကိုကြီး ဟု ခေါ်လေ့ရှိသည်။

ကွီရို့ဇ်က ရှေ့သို့ ကိုင်းလျက် ပြုံးရင်း ဘိုစင်ဝါ၏ ပုခုံးကို ပုတ်ကာ “မင်းအတွက် လက်ဆောင် ဟုတ်လား၊ မင်းက သူ့ကို လက်ထပ်မှာမို့လို့လား” ဟု မေးလိုက်ပြန်သည်။

ရှောင်ဟိုင်လီမှာ သူတို့၏ စနောက်မှုများကြောင့် စကားမပြောနိုင်ဘဲ ဖြစ်သွားရပြီး သူ၏ လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်ရင်း “ကဲပါ နှစ်ယောက်လုံး ငါ့ကို လွှတ်ပေးကြပါဦး၊ လေလံပွဲက စတော့မယ်၊ မင်းတို့ အရင်သွားနှင့်ကြ၊ ငါ ဒီ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို ဝယ်ပြီးတာနဲ့ မင်းတို့ဆီကို လိုက်ခဲ့မယ်” ဟု ဆိုလိုက်၏။

ကြပြီး “ငါတို့ နှစ်ယောက်တည်း ဆိုရင်တော့ ပျင်းစရာကြီး ဖြစ်မှာပဲ၊ လေလံပွဲ ပြီးတဲ့အထိပဲ စောင့်လိုက်ပါ့မယ်” ဘိုစင်ဝါနှင့် ကွီရို့ဇ်တို့က ခေတ္တမျှ စဉ်းစားကာပြောလိုက်သည်။

ထို့နောက် သူတို့ နှစ်ဦးသည်လည်း လက်တွေ့ကမ္ဘာခေါင်းဆောင်းအတု ဦးထုပ်ဆောင်းများကို အသီးသီး ဝတ်ဆင်လိုက်ကြပြီး သုံးယောက်သား လေလံပွဲကို တစ်ပြိုင်တည်း ကြည့်ရှုနိုင်ရန်အတွက် စနစ်ကို ချိတ်ဆက်လိုက်ကြသည်။

ရှောင်ဟိုင်လီသည် အင်တာနက်ထဲသို့ ဝင်ရောက်လိုက်ပြီးသည်နှင့် မာစတာပိစ် လေလံရုံသို့ ရောက်ရှိသွားခဲ့ကာ နောက်ဆုံးတန်းရှိ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။

လေလံပွဲ၏ ပထမဆုံးနေ့ ဖြစ်သောကြောင့် လူအုပ်ကြီးမှာ အလွန်ပင် များပြားလှသည်။ ထိုနေရာတွင် လူပေါင်း ၁၀,၀၀၀ ထက်မနည်း ရှိနေပြီး ချောင်းဆိုးသံများ၊ ဆွေးနွေးသံများ၊ ဟောက်သံများဖြင့် ပြည့်နှက်နေကာ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

“ရှောင်ဟိုင်၊ ဒီ လေအရိပ် အမှတ် ၄ က လွန်ခဲ့တဲ့ အချိန်အတော်ကြာက ထုတ်လုပ်ခဲ့တဲ့ ပုံစံဟောင်းပဲ၊ အခြေခံလေလံဈေးကလည်း မနည်းဘူး၊ မင်း ဒီတစ်ခါ ဘယ်လောက် ပြင်ဆင်ထားလဲ” ဘိုစင်ဝါက မေးလိုက်၏။

“ငါ့ရဲ့ ဘဏ်အကောင့်ထဲမှာ ကြယ်တာရာဒင်္ဂါး သန်း ၂၀၀ ရှိသေးတယ်၊ အဲဒါဆိုရင်တော့ လောက်ငမှာပါ” ရှောင်ဟိုင်လီက ဆိုသည်။

“သန်း ၂၀၀ တောင်လား” ဟု ကွီရို့ဇ်က အံ့အားသင့်စွာ အော်လိုက်သည်။ “ငါတို့ သုံးယောက်လုံး အလုပ်အတူတူ စဝင်ခဲ့တာတောင် မင်းက သန်း ၂၀၀ တောင် စုမိနေပြီလား၊ ငါ့အကောင့်ထဲမှာ ဘာဖြစ်လို့ ၂ သန်းတောင် မရှိရတာလဲ၊ အား… တကယ်ပါပဲ၊ တခြားလူနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်မိတာက စိတ်ဆင်းရဲစရာပဲ”

ဘိုစင်ဝါက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း “မင်းက မေးနေသေးတယ်လား၊ မင်း တစ်နှစ်တစ်နှစ် မိန်းကလေးတွေအတွက် ဘယ်လောက် သုံးပစ်လဲ ဆိုတာကော သိရဲ့လား” ဟု ဆိုလေသည်။

ထိုအချိန်တွင် ဆံပင်ရွှေဝါရောင်နှင့် အလှပဂေးတစ်ဦးသည် ပြုံးရွှင်စွာဖြင့် လေလံစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ သူမ၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ကွီရို့ဇ်မှာ မနေနိုင်ဘဲ “ဒီကောင်မလေးကတော့ မဆိုးဘူးဟ” တိုးတိုးလေး လေချွန်လိုက်သည်။

“မာစတာပိစ် လိုင်း ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်၊ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မာစတာပိစ် လိုင်း လေလံပွဲကြီးက အခု စတင်တော့မှာ ဖြစ်ပါတယ်၊ ထုံးစံအတိုင်းပဲ ဒီတစ်ခါမှာလည်း လူတိုင်းအတွက် ထိပ်တန်း ထုတ်ကုန်များစွာကို ပြင်ဆင်ထားပါတယ်၊ ဒါကြောင့် အားလုံးပဲ တက်ကြွစွာနဲ့ လေလံဆွဲပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ထိုအလှပဂေးက ပြောကြားပြီးနောက် ပရိသတ်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ လူအမြောက်အမြား၏ စိတ်ကို လှုပ်ရှားသွားစေခဲ့သည်။

လေလံပွဲသည် အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းသော အခြေအနေတွင် လျင်မြန်စွာ ဆက်လက်သွားနေသည်။ မာစတာပိစ် လိုင်း လေလံပွဲသို့ တက်ရောက်လာသူတိုင်းမှာ ချမ်းသာကြွယ်ဝကြသူများ ဖြစ်ကြသဖြင့် လေလံပစ္စည်း တစ်ခုချင်းစီမှာ အခြေခံဈေးထက် သုံးဆမှ လေးဆအထိ မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချသွားခဲ့ရသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် လေလံပစ္စည်း စာရင်း၏ ၉၇ ခုမြောက် ဖြစ်သော၊ ရှဖေးနှင့် ရှောင်ဟိုင်လီ တို့ နှစ်ဦးစလုံး မျက်စိကျနေသော လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံသို့ ရောက်ရှိလာခဲ့သည်။

လူငယ်တစ်ဦးသည် ထူးခြားဆန်းပြားသော ပန်းပွင့်ပုံစံများ ထွင်းထုထားသည့် လက်ရာမြောက်လှသော အနက်ရောင် သတ္တုသေတ္တာလေး တစ်လုံးကို ကိုင်ဆောင်ကာ စင်မြင့်ရှေ့သို့ ထွက်လာခဲ့သည်။

“ဟိုင်အစ်ကိုကြီး၊ နောက်ဆုံးတော့ လေအရိပ် အမှတ် ၄ အလှည့် ရောက်လာပြီပဲ၊ အကယ်၍ မင်းသာ အဲဒါကို ရဲ့ရှောင်ဟန် ဆီ လက်ဆောင်ပို့လိုက်မယ်ဆိုရင် သူမက အရမ်းပျော်ပြီး ချက်ချင်းပဲ မင်းကို လက်ထပ်ချင်သွားမှာ အသေအချာပဲ” ကွီရို့ဇ်က စနောက်လိုက်၏။

“ရဲ့ရှောင်ဟန် ရဲ့ အဖိုးက သူမအတွက် လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံ တစ်စုံ ချန်ထားပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမက အဲဒါကို နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့ရတယ်၊ သူမက အဲဒီကိစ္စအတွက် အမြဲတမ်း နောင်တရနေခဲ့တာ၊ ဒါကြောင့် ငါ အဲဒီအကြောင်း သိကတည်းက လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို လိုက်ရှာနေခဲ့တာပဲ၊ နှမြောစရာကောင်းတာက ဒီပုံစံက အရမ်းဟောင်းနေပြီ ဖြစ်လို့ ဘယ်လိုပဲ ကြိုးစားရှာရှာ မတွေ့ခဲ့ဘူး၊ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခါ မာစတာပိစ် လိုင်း လေလံစာရင်းမှာ ပါလာလို့ပေါ့၊ မဟုတ်ရင် ဘယ်လောက်အထိ ထပ်ရှာနေရဦးမလဲ မသိနိုင်ဘူး” ရှောင်ဟိုင်လီ၏ မျက်လုံးများတွင် အရောင်တစ်ချက် တောက်ပသွားပြီး ပြောလိုက်သည်။

“ရှောင်ဟိုင်၊ မင်းက ရဲ့ရှောင်ဟန် အပေါ် တကယ်ကို စိတ်ရင်းမှန်ပြီး စေတနာ ထားတာပဲ၊ အကယ်၍ သူမသာ မင်းကို လက်ထပ်ဖို့ ငြင်းမယ်ဆိုရင်တော့ ငါက အရင်ဆုံး သူမကို ကန့်ကွက်မယ့်သူပဲ” ဘိုစင်ဝါက သက်ပြင်းချလိုက်ရင်း ဆိုလိုက်၏။

စင်မြင့်ထက်ရှိ အမျိုးသမီးက လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို သေတ္တာထဲမှ အလွန် သတိထားကာ ထုတ်ယူလိုက်ပြီး စင်မြင့်ပေါ်တွင် တစ်ပတ်ပတ်၍ ပရိသတ်အား ပြသလိုက်သည်။

ဝတ်စုံကို သေတ္တာထဲသို့ ပြန်ထည့်ပြီးနောက် သူမသည် အတွင်းမှ သတ္တု နာမည်ပြားလေး တစ်ခုကို ထုတ်ယူကာ လူတိုင်းကို ပြသလိုက်သည်။ ထိုပြားပေါ်တွင် ပင့်ကူအနက်ရောင်ကြီး တစ်ကောင်က သူ၏ ပါးစပ်မှ ချည်မျှင်များကို တဖြည်းဖြည်း ထုတ်လွှတ်နေသည့် ပုံစံ ထွင်းထုထားသည်။

“ကျွန်မတို့ အခုတင် အကြောင်းကြားစာ ရရှိထားတာကတော့ ဒီ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံဟာ အမှန်တကယ်တော့ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားတဲ့ အထူးထုတ် တစ်စုံ ဖြစ်ပါတယ်” ထိုရွှေဝါရောင် ဆံပင်နှင့် အမျိုးသမီးက စိတ်လှုပ်ရှားစွာ ကြေညာလိုက်သည်။

“အထူးထုတ် ဟုတ်လား” စင်အောက်ရှိ လူအုပ်ကြီးက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

အချို့လူများကမူ “လေအရိပ် အမှတ် ၄ မှာ အထူးထုတ် ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး၊ ခင်ဗျားတို့ ငါတို့ကို လိမ်နေတာလား” ဟု သံသယဖြင့် မေးခွန်းထုတ်ကြသည်။

အမျိုးသမီးက နူးညံ့စွာ ပြုံးပြလိုက်ပြီး “ဒီတိုက်ခိုက်ရေးဝတ်စုံက တကယ်ပဲ အထူးထုတ် တစ်စုံပါ၊ လေအရိပ် ကုမ္ပဏီဟာ အဲဒီနှစ်မှာ အထူးထုတ် စုစုပေါင်း ၉၉ စုံပဲ ထုတ်လုပ်ခဲ့တာပါ၊ ဒီအထူးထုတ် ဝတ်စုံတွေကို ဈေးကွက်မှာ လူသိရှင်ကြား ရောင်းချခဲ့တာ မဟုတ်ဘဲ ကုမ္ပဏီရဲ့ အဓိက ဖောက်သည်ကြီးတွေကိုပဲ လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီမှာရှိတဲ့ လူတွေ တစ်ခါမှ မကြားဖူးတာက လုံးဝကို ပုံမှန်ပါပဲ”

“ဘလက်စတား ပင့်ကူမ တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ချည်မျှင် မထုတ်လွှတ်နိုင်ဘူး ဆိုတာ လူတိုင်း သိထားတဲ့ အချက်ပါ၊ သူတို့ရဲ့ အဓိက တာဝန်က မျိုးပွားဖို့ပဲ ဖြစ်ပြီး အစာရှာဖို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘာကြောင့်ရယ်မှန်း မသိဘဲ ဘလက်စတား ပင့်ကူမ ၁၀ ရာခိုင်နှုန်းလောက်ကတော့ ချည်မျှင်ထုတ်ပြီး သားကောင်ကို ရှာဖွေနိုင်ကြပါတယ်၊ အဲဒီ ပင့်ကူမတွေကတော့ မျိုးပွားခြင်း မရှိဘဲ တစ်ကောင်တည်း နေထိုင်တတ်ကြတာမို့ သူတို့ကို 'မုဆိုးမနက်' လို့ ခေါ်ကြပါတယ်” ရှင်းပြသည်။

စင်အောက်ရှိ ပရိသတ်များကြားတွင် ဆွေးနွေးသံများ ဆူညံသွားခဲ့ရသည်။ ထိုအမျိုးသမီး၏ ဆွဲဆောင်မှုရှိသော ရှင်းပြချက်ကြောင့် လူအမြောက်အမြားမှာ ထိုဝတ်စုံကို ဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြသည်။

“ကဲ အခု လေလံစတင်ပါပြီ၊ အခြေခံဈေးက သန်း ၅၀ ပါ”

“ကောင်းပါပြီ၊ ဒီက လူငယ်လေးက သန်း ၅၀ ပေးပါတယ်”

“၅၂ သန်း”

“၅၃ သန်း”

“ဖန်တန်၊ ဒီအထူးထုတ် တိုက်ခိုက်ရေးဝတ်စုံနဲ့ မူလဝတ်စုံကြားမှာ ဘာကွာခြားချက် ရှိလို့လဲ” ဟု ရှဖေးက မေးလိုက်၏။

“မုဆိုးမနက် ရဲ့ ချည်မျှင်က အလွန်ကို ရှားပါးတယ်၊ အကယ်၍ အဲဒါကို တိုက်ခိုက်ရေးဝတ်စုံ ထုတ်လုပ်ဖို့ သုံးမယ်ဆိုရင် ၎င်းရဲ့ ခုခံနိုင်စွမ်းက မူလဝတ်စုံထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုပြီး မြင့်မားသွားမှာ ဖြစ်တဲ့အပြင် အဆင့်မြင့် ဒဏ္ဍာရီလာအဆင့် စံနှုန်းကို ရောက်ရှိသွားမှာပဲ” ဖန်တန်က တည်ငြိမ်သော အသံဖြင့် ဖြေလိုက်သည်။

“အဆင့်မြင့် ဒဏ္ဍာရီလာအဆင့် ဟုတ်လား၊ ဒါဆိုရင် ဒါက အဆင့်မြင့် ဒဏ္ဍာရီလာ တိုက်ခိုက်ရေးဝတ်စုံပေါ့” ရှဖေးက အံ့အားသင့်စွာ ဆိုသည်။

“ဒီဝတ်စုံက တကယ်ကို ကောင်းမွန်ပြီးတော့ ၎င်းရဲ့ အားကောင်းတဲ့ ခုခံမှုက မင်းအတွက် အတိအကျ လိုအပ်နေတဲ့ အရာပဲ၊ ရှဖေး မင်း ဒါကို သေချာပေါက် ရအောင် ယူရမယ်” ဖန်တန်က ပြောလိုက်သည်။

“ဟုတ်ကဲ့” ရှဖေးက လေးနက်စွာ ခေါင်းညိတ်လိုက်၏။

မလှမ်းမကမ်း တစ်နေရာတွင်မူ ရှောင်ဟိုင်လီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး “မုဆိုးမနက် အထူးထုတ် ဟုတ်လား၊ မင်းတို့ သိလား၊ ရှောင်ဟန် ပျောက်ဆုံးသွားတဲ့ ဝတ်စုံကလည်း ဒီ မုဆိုးမနက် အထူးထုတ် တိုက်ခိုက်ရေးဝတ်စုံပဲ၊ ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ၊ ငါ ဒါကို သေချာပေါက် ရအောင် ယူရမယ်” ဟု ဆိုလိုက်လေတော့သည်။

All Chapters