← Chapters

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း (၃၈၁)

Vol. 39 Ch. 381

တကယ်တမ်းတွင်မူ တုပိုင်သည် စတုတ္ထအဆင့်ရာဇဝတ်သားသာ ဖြစ်ပြီး ကောင်းကင်အဆင့် ရာဇဝတ်သား ဖြစ်လာရန် အဝေးကြီး လိုသေး၏။

ဤသည်မှာ ထောင်ဒဏ် ၃ လသာ ကျခံသင့်သည့် လူတစ်ယောက်ကို ရုတ်တရက် သေဒဏ်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ တုပိုင်သည် ခန်းမဆောင်ထဲတွင် ဟိန်းဟောက်ခဲ့ပြီး အန်ချိုကျွန်းသခင်၏ မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။ ပေမင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကိုလည်း စော်ကားခဲ့သည်။ ထို့ကြောင့် သူသည် စတုတ္ထအဆင့် ရာဇဝတ်သားမှ တတိယအဆင့်ရာဇဝတ်သားအဖြစ် တိုးမြှင့်ခံလိုက်ရပြီး ကြိုးပေးကွပ်မျက်ခြင်းမှ ခေါင်းဖြတ်သတ်ခြင်း ပြစ်ဒဏ်သို့ ပြောင်းလဲသွားလေ၏။

သို့သော် တုပိုင်က ကောင်းကင်ပြစ်ဒဏ်ကို တိုက်ရိုက် ခံယူလိုနေသည်။ သို့သော် ကောင်းကင်ပြစ်ဒဏ်ဆိုသည်မှာ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုနှင့် ယှဉ်တွဲနေသည်။ အကယ်၍ ကောင်းကင်ပြစ်ဒဏ်ကို ခံယူပြီး မသေဆုံးပါက ထိုလူကို ကောင်းကင်ဘုံ၏ အလိုဆန္ဒဟု သတ်မှတ်ကြသည်။

ကောင်းကင်ဘုံက ထိုလူကို မသတ်ချင်သလို ၊ ကောင်းကင်ဘုံက ထိုလူကို လက်မခံဘူးဟု ဆိုလိုခြင်း ဖြစ်သည်။ အနာဂတ်တွင် အန်ချိုကျွန်းသည် ထိုလူကို အရေးယူခွင့် မရှိတော့သလို ၊ ထိုလူသည် အန်ချိုကျွန်း၏ သတ်ဖြတ်ခြင်းစာရင်းတွင် ဘယ်တော့မှ ပါဝင်တော့မည် မဟုတ်ပေ။

ဤသည်မှာ တစ်ခါတည်းနှင့် အပြီးအစီး ရှင်းလင်းလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ကောင်းကင်ပြစ်ဒဏ် ခံယူပြီး မသေသူ ရှိဖူးပါသလား။ အနည်းဆုံးတော့ လွန်ခဲ့သည့် နှစ်ရာချီအတွင်း တစ်ခါမှ မရှိခဲ့ဖူးပေ။ အန်ချိုကျွန်းပေါ်မှ လျှပ်စီးများသည် လူတစ်ယောက် မဆိုထားနှင့် ၊ လူတစ်ရာလောက် စုပြုံနေလျှင်ပင် အားလုံးကို ပြာကျသွားစေနိုင်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ခန့်က ပေမင်ဓားဂိုဏ်းမှ တပည့်တစ်ယောက်သည် ကောင်းကင်ပြစ်ဒဏ် ပေးခံခဲ့ရသော်လည်း အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ ထိုဂိုဏ်းတပည့်သည် မသေဆုံးခဲ့ရုံသာမက နောက်ဆုံးတွင် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်ကလည်း ပေမင်ဓားဂိုဏ်းမှ တပည့်တစ်ယောက်သည် ကောင်းကင်ပြစ်ဒဏ်ကို ခံယူခဲ့သော်လည်း အသက်မသေခဲ့ပေ။ သူသည်လည်း အပြစ်မှ လွတ်ကင်းခွင့် ရခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူသည် ပေမင်ဓားဂိုဏ်း၏ အကြီးမားဆုံးသော သစ္စာဖောက် ဖြစ်လာခဲ့ပြီး ပေမင်ဓားဂိုဏ်းကို နှစ်ရာပေါင်းများစွာ ဒုက္ခပေးခဲ့သည်။

ထိုလူနှစ်ယောက်က ကောင်းကင်ပြစ်ဒဏ်ကို ခံယူပြီး အဘယ်ကြောင့် မသေဆုံးခဲ့သလဲ ဆိုသည်မှာတော့ ယနေ့ထက်ထိ ပဟေဠိ ဖြစ်နေဆဲပင်။ အန်ချိုကျွန်းသခင်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းက နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုကို ခံယူချင်လို့ ကောင်းကင်ပြစ်ဒဏ်ကို ရွေးလိုက်တာပေါ့လေ။ မင်းသာ ကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်ခဲ့ရင် ငါ့အနေနဲ့ မင်းကို တရားစီရင်ခွင့် မရှိတော့ဘူး။ မင်းကို သတ်ဖြတ်ခွင့် မရှိတော့ဘူးလို့ တွေးနေတာလား"

တုပိုင် ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။

"ဟုတ်တယ်။ ဒါကြောင့် ကျွန်တော် ပြောခဲ့တာပေါ့။ ကျွန်တော့်ရဲ့ ကံကြမ္မာကို ကျွန်တော်ကိုယ်တိုင် စီရင်မယ်။ ပြီးတော့ ကောင်းကင်ဘုံက စီရင်လိမ့်မယ်။ အကယ်၍ ကောင်းကင်ဘုံက ကျွန်တော့်ကို သေစေချင်ရင်လည်း ကျွန်တော် ပျက်စီးသွားပါစေ။ ကျွန်တော့်မှာ နောင်တ မရှိဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ စီရင်မှုကိုတော့ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားရှေ့မှာ ကျွန်တော်က အပြစ်မရှိလို့ပဲ"

အန်ချိုကျွန်းသခင်က ပြောလိုက်သည်။

"ကြိုးပေးတာဖြစ်ဖြစ် ၊ ခေါင်းဖြတ်တာဖြစ်ဖြစ် လုပ်လိုက်ရင် မင်းက ဝင်စားဖို့ အခွင့်အရေး ရှိသေးတယ်။ တကယ်လို့ ကောင်းကင်ပြစ်ဒဏ်ကို ခံယူလိုက်ရင် မင်းက ပြာကျသွားရုံတင် မကဘဲ ဝိညာဉ်ပါ လွင့်စဉ်သွားလိမ့်မယ်။ ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် ရမှာမဟုတ်ဘူး။ အဲ့ဒါကို ကောင်းကင်ပြစ်ဒဏ်လို့ ခေါ်တာပဲ။ မင်း သိရဲ့လား"

တုပိုင်က ပြန်ဖြေလိုက်သည်။ "ကျွန်တော် ကောင်းကင်ပြစ်ဒဏ်ကို ရွေးတယ်။ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုကို ရွေးတယ်။ ကောင်းကင်အဆင့် ရာဇဝတ်သား ဖြစ်လာဖို့က အရမ်းလွယ်တယ်ဆိုတာ ကျွန်တော် သိတယ်။ ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို အဲ့လို လုပ်စေချင်တာလား"

ကောင်းကင်အဆင့် ရာဇဝတ်သား ဖြစ်လာရန်မှာ တကယ်ကို ရိုးရှင်းလှသည်။ ပေမင်ဓားဂိုဏ်း၏ အဓိပတိ ခေါင်းဆောင်ကို တိုက်ရိုက် စော်ကားလိုက်ရုံသာ ဖြစ်သည်။ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကမ္ဘာ့သိုင်းလောက၏ အဓိပတိ ခေါင်းဆောင် ဖြစ်သည်။ မည်သူမဆို ပေမင်ဓားဂိုဏ်းသားများရှေ့တွင် ၊ အထူးသဖြင့် အန်ချိုကျွန်းပေါ်တွင် လူသိရှင်ကြား စော်ကားရဲလျှင် ဂုဏ်ယူပါသည်။ ထိုလူသည် ကောင်းကင်အဆင့် ရာဇဝတ်သားအဖြစ် တိုက်ရိုက် တိုးမြှင့်ခံရပြီး ကောင်းကင်ပြစ်ဒဏ်ကို စိတ်ကြိုက် ခံစားရမည် ဖြစ်သည်။

"တော်တော့... ပါးစပ်ပိတ်ထားလိုက်..." အန်ချိုကျွန်းသခင်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

အကယ်၍ တုပိုင်သာ အန်ချိုကျွန်း ခန်းမဆောင်ပေါ်တွင် ဂိုဏ်းချုပ်ကို စော်ကားခွင့် ရသွားလျှင် ကြီးမားသော နိုင်ငံရေး အရှုပ်အထွေး ဖြစ်လာနိုင်သည်။ သူကိုယ်တိုင်လည်း ဒုက္ခရောက်နိုင်သည်။

"မင်းက ပြာကျပြီး ဝိညာဉ်ပါ လွင့်စဉ်သွားချင်တာလား။ ကောင်းပြီလေ... မင်းဆန္ဒ ပြည့်ဝစေရမယ်" အန်ချိုကျွန်းသခင်က ပြောလိုက်သည်။ "ကောင်းကင်ပြစ်ဒဏ် စီရင်ဖို့ ပြင်ဆင်ကြ"

အန်ချိုကျွန်းပေါ်တွင် တစ်နှစ်လျှင် ၁၀ ကြိမ်ခန့် ကွပ်မျက်လေ့ ရှိသည်။ အတိုးအလျော့ မရှိ ၊ တစ်နှစ်လျှင် ၁၀ ကြိမ် တိတိ ဖြစ်ပြီး တာဝန်တစ်ခု ရှိနေသကဲ့သို့ပင်။

ထို့ကြောင့် ကောင်းကင်အဆင့် ရာဇဝတ်သား မပြည့်မီပါက အရည်အချင်း မပြည့်မီသော သူတစ်ယောက် နှစ်ယောက်ကို အဆင့်တိုးမြှင့်ပြီး ကွပ်မျက်လေ့ ရှိသည်။

အကယ်၍ ထိုနှစ်တွင် ရာဇဝတ်သား အရေအတွက် များနေလျှင် နောက်နှစ်သို့ ရွှေ့ဆိုင်းလိုက်သည်။ ကောင်းကင်အဆင့် ရာဇဝတ်သား ဖြစ်နေလျှင်ပင် ပထမအဆင့် ရာဇဝတ်သားအဖြစ် လျှော့ချ သတ်မှတ်လိုက်သည်။

တိုက်ဆိုင်စွာပင် ယခုနှစ်တွင် အန်ချိုကျွန်း၌ ကောင်းကင်အဆင့် ရာဇဝတ်သား မပြည့်မီ ဖြစ်နေသည်။ ယခုဆိုလျှင် အောက်တိုဘာလ ကုန်တော့မည်။ ကောင်းကင်ပြစ်ဒဏ် စီရင်ခြင်း ၇ ကြိမ်သာ ရှိသေးသည်။ တုပိုင်နှင့် ပေါင်းလိုက်မှ ၈ ယောက်သာ ရှိဦးမည်။ သတ်မှတ်ချက် ပြည့်ရန် ၂ ယောက် လိုနေသေးသည်။ တုပိုင်အတွက်တော့ ကံကောင်းသည်ဟု ဆိုရမည်။

ကောင်းကင်ပြစ်ဒဏ် စီရင်မည့် အချိန်မှာ ညနေ ၄ နာရီ ဖြစ်သည်။ အန်ချိုကျွန်း၏ ရာသီဥတုသည် အလွန်တရာ တည်ငြိမ်လွန်းလှသည်။ ဤအချိန်ရောက်သည်နှင့် ကောင်းကင်ကို ခွဲမတတ် ပြင်းထန်သော လျှပ်စီးများ ဝင်ရောက်လာပြီး နာရီဝက်ခန့် ကြာအောင် ရိုက်ခတ်လေ့ ရှိသည်။ ညနေ ၅ နာရီခန့်တွင် လျှပ်စီးများ ရပ်တန့်သွားတတ်သည်။

ကောင်းကင်ပြစ်ဒဏ် ကျရောက်တိုင်း ခံ့ညားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ မီတာသောင်းချီ ရှည်လျားသော လျှပ်စီးများက ရက်စက်စွာ ရိုက်ခတ်လိုက်သည်နှင့် ကောင်းကင်အဆင့် ရာဇဝတ်သားများသည် ပြာကျသွားပြီး အလောင်းမပြောနှင့် ပြာမှုန့်တစ်စက်တောင် ရှာမတွေ့နိုင်တော့ချေ။

ညနေ ၃ နာရီ ဝန်းကျင်။

တုပိုင်သည် ဝေါယာဉ်တစ်စီးပေါ်တွင် ထိုင်ကာ အန်ချိုကျွန်း၏ အမြင့်ဆုံးတောင်ထိပ်သို့ ပို့ဆောင်ခံလိုက်ရသည်။ အန်ချိုကျွန်း သံတမန် ဒါဇင်ပေါင်းများစွာသည် အခမ်းအနားကို ကြည့်ရှုရန် လိုက်ပါလာကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄ ကီလိုမီတာခန့် မြင့်သော နေရာသို့ ရောက်သောအခါ သစ်ပင်ပန်းမန်များ လုံးဝ မရှိတော့ပေ။ နောက်ဆုံး မီတာရာဂဏန်းခန့် ကျန်သော တောင်ထိပ်သည် မိုးကောင်းကင်ကို ထိုးဖောက်ထားသော ဓားမည်းကြီးတစ်လက်နှင့် တူနေပြီး အပေါ်သို့ ရောက်လေလေ ပါးလွှာလေလေ ဖြစ်သည်။

ဤဓားသွားတောင်ထိပ်သည် အန်ချိုကျွန်းတစ်ကျွန်းလုံးကို လျှပ်စီးဒဏ်မှ ကာကွယ်ပေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးများအားလုံးသည် ဤတောင်မည်းကြီးကိုသာ ပစ်မှတ်ထား ရိုက်ခတ်ပြီး မြေကြီးထဲသို့ စီးဆင်းသွားသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက အန်ချိုကျွန်းပေါ်တွင် နေ့စဉ်နေ့တိုင်း လျှပ်စီးများ ကျရောက်နေမည် ဖြစ်ပြီး လူပေါင်းများစွာ သေဆုံးနေမည် ဖြစ်သည်။

လီတောက်ယွဲ့၏ ရှုပ်ထွေးပူပန်နေသော အကြည့်များ ၊ ဖန်းချင်းယီ၏ စိတ်လှုပ်ရှားပြီး ကျေနပ်နေသော အကြည့်များအောက်တွင် ကျွန်းပေါ်မှ သိုင်းပညာရှင်အချို့က တုပိုင်ကို သန့်စင်ဆေးကြောပေးလိုက်ကြသည်။

တုပိုင် သေဆုံးမည့်ပုံစံက ဖန်းချင်းယီအတွက် အကျေနပ်ဆုံး ဖြစ်ပုံရသည်။ သို့သော် တုပိုင်၏ မိခင် ကျီမင်းကျစ်ကမူ ပါဝင်မလာခဲ့ပေ။ သူမသည် ခန်းမဆောင်ထဲတွင် ဒူးထောက်ကျန်ရစ်ခဲ့သည်။

ညနေ ၃ နာရီ မိနစ် ၂၀ အချိန်။

တုပိုင်ကို အန်ချိုကျွန်းရှိ ဓားသွားတောင်ထိပ်၏ အမြင့်ဆုံးနေရာသို့ ခေါ်ဆောင်သွားကြသည်။ ဤနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၄,၅၀၀ မီတာ မြင့်မားပြီး ခြေချစရာ တစ်နေရာသာ ရှိသည်။ ဤနေရာသည် ကျောက်သားမဟုတ်တော့ဘဲ အထူးသတ္တုတစ်မျိုး ဖြစ်နေပြီ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီကြာအောင် လျှပ်စီးရိုက်ချက်ပေါင်း များစွာကို ခံနိုင်ရည်ရှိခဲ့သဖြင့် မင်ရည်ကဲ့သို့ မည်းနက်နေသည်။

ခန္ဓာကိုယ်တစ်ခုလုံး နီရဲနေသော တုပိုင်ကို တောင်ထိပ်တွင် သံကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။

ထို့နောက် ကမ္ဘာပျက်မတတ် ပြင်းထန်သော လျှပ်စီးများ လာမည့်အချိန် ၊ ကောင်းကင်ပြစ်ဒဏ် စတင်မည့်အချိန်ကို စောင့်ဆိုင်းရတော့မည် ဖြစ်သည်။ သိုင်းပညာရှင် ၄ ယောက်သည် တုပိုင်ကို သံကြိုးများဖြင့် ချည်နှောင်ပြီးသည်နှင့် ချက်ချင်းပင် အောက်သို့ ပြန်ဆင်းသွားကြသည်။ မတော်တဆ လျှပ်စီးအပစ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့နောက် ကောင်းကင်ပြစ်ဒဏ်ကို စောင့်ကြည့်မည့် သူများအားလုံးသည် အောက်ဘက်ရှိ ဂူထဲတွင် ပုန်းအောင်းနေကြသည်။ ဤနေရာမှ လျှပ်စီးများသည် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းလှသည်။

ညနေ ၃ နာရီ ၄၅ မိနစ်။

ကောင်းကင်ပေါ်မှ မိုးတိမ်မည်းများသည် ပိုမိုသိပ်သည်းလာသလို ထူထဲလာပြီး ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် မိုင်ရာချီ ရှည်လျားသော မိုးတိမ်မည်းကြီးများသည် နေရောင်ခြည်ကို လုံးဝ ဖုံးအုပ်သွားတော့သည်။

အန်ချိုကျွန်းတစ်ခုလုံး ညရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ ဤသည်မှာ နတ်ဘုံနတ်နန်းမှ ငရဲပြည်သို့ တန်းရောက်သွားသကဲ့သို့ပင် မြန်ဆန်လှ၏။ အဝေးမှ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ထန်နေသည်။ ကြောက်မက်ဖွယ် မိုးတိမ်မည်းများသည် ပင်လယ်ပြင် ၊ အန်ချိုကျွန်းနှင့် တုပိုင် ရှိနေသော ဓားသွားတောင်ထိပ်ကို လွှမ်းခြုံထားလိုက်ပြီ ဖြစ်သည်။

အန်ချိုကျွန်း၏ ရာသီဥတုက ဆန်းကြယ်စွာပင် ပုံသေဖြစ်နေသည်။ နေ့စဉ် ညနေ ၄ နာရီတွင် မိုးကြိုးမုန်တိုင်း ကျရောက်မြဲ ဖြစ်သည်။

၃ နာရီ ၅၀ မိနစ်။

ယခုအချိန်တွင် မိုးတိမ်မည်းများသည် အစွန်းဆုံးအထိ သိပ်သည်းနေပြီ ဖြစ်သည်။ မကြာခင် လျှပ်စီးများ ဝင်ရောက်လာတော့မည်။ ကောင်းကင်ပြစ်ဒဏ် မကြာခင် ကျရောက်လာတော့မည်။ ထိုအချိန်တွင် တုပိုင်သည် စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

အပိုင်း ၃၈၁ ပြီး။

All Chapters