အခန်း (၃၈၃)
Vol. 39 Ch. 383
ကျွန်းသခင်က ဆက်ပြော၏။ “ဒါပေမဲ့ သမိုင်းမှာ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ခဲ့သူ နှစ်ယောက် ရှိခဲ့ဖူးတာကို မင်း သိထားသင့်တယ်။ တစ်ယောက်က ပေမင်ဓားဂိုဏ်းရဲ့ အကြီးမားဆုံး အပြစ်သား ဖြစ်လာပြီး နောက်တစ်ယောက်က ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာခဲ့တယ်။ ဒီသုံးရက်လုံး ငါတို့ မင်းကိစ္စကို အစည်းအဝေး ထိုင်ခဲ့ကြတယ်။ လူတော်တော်များများက စွန့်စားမခံဘဲ မင်းကို သတ်ပစ်ဖို့ အကြံပြုခဲ့ကြတယ်”
တုပိုင် ဘာမှပြန်မပြောပေ။
အန်ချိုကျွန်းသခင်က ပြောသည်။ “ဒါပေမဲ့ မင်းက သေကံမပါလို့ အန်ချိုကျွန်းက မင်းကို ဘယ်တော့မှ မသတ်ဘူးဆိုတဲ့ စကားအတိုင်း ငါက အဲ့ဒီအကြံပြုချက်ကို ပယ်ချခဲ့တယ်”
ထို့နောက် ကျွန်းသခင်က မေးလိုက်၏။ “တုပိုင်… ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ။ မင်းရဲ့ စိတ်ထဲမှာ ပေမင်ဓားဂိုဏ်းအပေါ် ရန်လိုမုန်းတီးမှု ရှိနေသလား ၊ လေးစားမှု ရှိနေသလား”
တုပိုင်က ဖြေလိုက်သည်။ “လောလောဆယ်တော့ ရန်လိုမှု ရှိနေပါတယ်”
အန်ချိုကျွန်းသခင်က ပြော၏။ “လူသားတွေရဲ့ ကံကြမ္မာဆိုတာ မသိကိန်းတွေနဲ့ ပြည့်နှက်နေပေမဲ့ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ပုံရတယ်။ ငါတို့ မင်းကို မသတ်ဘူး။ ဒါပေမဲ့… မင်းကို ပေမင်ဓားဂိုဏ်းရဲ့ ဘေးအန္တရာယ်ဆိုး ဖြစ်လာအောင်လည်း အခွင့်အရေး ပေးမှာမဟုတ်ဘူး။ မင်းရဲ့ ကံကြမ္မာကို မင်းဘာသာမင်း ပိုင်စိုးရမယ်။ နတ်ပြည်တက်မလား ၊ ငရဲဆင်းမလားဆိုတာပေါ့… ငါ့နောက်လိုက်ခဲ့”
တုပိုင်လည်း သူ့နောက်သို့ လိုက်သွားလိုက်သည်။
အန်ချိုကျွန်းမကြီးသည် စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပြီး အလွန်ကြီးမားသည်။ ကျွန်းပေါ်တွင် မဏ္ဍပ်များ ၊ နန်းဆောင်များနှင့် ဂူများ ထူထပ်စွာ ရှိပြီး တပည့်ပေါင်း ထောင်ချီ ရှိကြသည်။
အန်ချိုကျွန်းသခင်သည် တုပိုင်၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး အရှေ့ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သူ၏ သိုင်းပညာမှာ တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အဆင့်ပင်။ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လျှောက်သွားရုံသာမက တုပိုင်ကိုပါ ခေါ်ဆောင်ပြီး လှိုင်းလုံးများအပေါ် ခြေချသွားလာနေခြင်း ဖြစ်သည်။ ထိုခရီးစဉ်တစ်လျှောက်လုံး သူရော တုပိုင်ပါ ရေထဲမကျသည့်အပြင် ဖိနပ်များပင် ရေမစိုခဲ့ပေ။
သူတို့ နှစ်ယောက်သား အရှေ့ဘက်သို့ တောက်လျောက် ဆက်သွားနေသည်။ ကောင်းကင်ကြီး မှောင်လာပြီး လခြမ်းကွေးလေး ထွက်ပေါ်လာချိန်တွင် အန်ချိုကျွန်းသခင်သည် တုပိုင်ကို ခေါ်ဆောင်ပြီး အရှေ့ဘက်ကမ်းရိုးတန်းဆီသို့ လီ ၂၀၀ ကျော် ခရီးနှင်ခဲ့ပြီး ဖြစ်သည်။
ဤနေရာရှိ ရှုခင်းများမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ လှပသော နတ်သမီးကျွန်းအဖြစ်မှ မီးခိုးရောင်သမ်းပြီး အုံ့မှိုင်းသော နေရာတစ်ခု ဖြစ်လာသည်။ အရှေ့ဘက်တွင် သီးခြားဖြစ်နေသော ကျွန်းတစ်ကျွန်း ရှိပြီး ထိုကျွန်းပေါ်ရှိ အရာအားလုံးမှာ အုံ့မှိုင်းနေသည်။ မြေကြီးက မီးခိုးရောင် ၊ ကျောက်တုံးများက မီးခိုးရောင် ဖြစ်ပြီး သစ်ပင်ဟူ၍ တစ်ပင်မှ မရှိပေ။
အန်ချိုကျွန်းသခင်သည် တုပိုင်ကို ထိုကျွန်းပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။
“အန်ချိုကျွန်းသခင် ဟယ်ကျင်း… ဦးလေးတော်ကျန်းကို လာရောက် ဂါရဝပြုပါတယ်” အန်ချိုကျွန်းသခင်က ကျယ်လောင်စွာ ပြောလိုက်သည်။
မည်သူမျှ ပြန်မထူးပေ။
အန်ချိုကျွန်းသခင်က အတွင်းအားကို ထုတ်လွှတ်လိုက်ပြီး ထပ်မံအော်ပြောလိုက်၏။ “ဟယ်ကျင်း… ဦးလေးတော်ကို လာရောက် တွေ့ဆုံပါတယ်”
ရုတ်တရက် ပင်လယ်ပြင်တစ်ခုလုံး တုန်ခါသွားပြီး ကျွန်းတစ်ကျွန်းလုံးရှိ မြေကြီးများ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို တုပိုင် ခံစားလိုက်ရသည်။ အန်ချိုကျွန်းသခင်၏ သိုင်းပညာက မည်သည့်အဆင့်ထိ ရောက်နေပြီနည်း။ အံ့မခန်းပင် ဖြစ်သည်။
ခဏအကြာတွင် အလွန်အိုမင်းဟောင်းနွမ်းနေသော အသံရှတတ တစ်ခု ထွက်ပေါ်လာသည်။
“အရှင်မင်းကြီး… ကျွန်တော်မျိုးလို သေခါနီး လူအိုကြီးက အရှင်မင်းကြီးကို လက်မခံတော့ပါဘူး။ ပြီးတော့ ကျွန်တော်မျိုးက အပြစ်လုပ်ထားတဲ့သူပါ ၊ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့မိတဲ့ နိမိတ်မကောင်းတဲ့သူပါ”
အန်ချိုကျွန်းသခင်က ပြောလိုက်သည်။ “ဦးလေးတော်ရဲ့ ရှေ့မှောက်မှာ တူတော်မောင်က အရှင်မင်းကြီးလို့ အခေါ်မခံဝံ့ပါဘူး”
အသံအိုကြီးက ပြော၏။ “ပြန်တော့… ငါက ဒီမှာပဲ သေမယ့်နေ့ကို စောင့်နေတာ။ ကိစ္စရှိရင် ငါ့ဆီ မလာနဲ့”
အန်ချိုကျွန်းသခင်က ပြောလိုက်သည်။ “ဦးလေးတော်ကျန်း… လူတစ်ယောက်က ကောင်းကင်ပြစ်ဒဏ်ကို ခံယူပြီး မသေဘဲ ကျန်ရစ်ခဲ့ပါတယ်။ တူတော်မောင်အနေနဲ့ ဒါက ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ မဝေခွဲတတ်ပါဘူး။ ဦးလေးတော်ကျန်းက ကံတရားကို ဟောကိန်းထုတ်နိုင်ပြီး ကောင်းကင်လျှို့ဝှက်ချက်တွေကို မြင်နိုင်သူမို့လို့ ဦးလေးတော်ကို အထူးတလည် လာရောက် ကြည့်ရှုခိုင်းတာပါ”
“ဘာ…” ဦးလေးတော်ကျန်းက အာမေဋိတ်သံဖြင့် အော်လိုက်သည်။ “လူတစ်ယောက်က နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ခဲ့တယ် ဟုတ်လား”
“ဟုတ်ပါတယ်… သမိုင်းမှာ တတိယမြောက်ပါပဲ” အန်ချိုကျွန်းသခင်က ပြော၏။ “မဟုတ်ရင် တူတော်မောင်က ဦးလေးတော်ရဲ့ ငြိမ်းချမ်းတဲ့ဘဝကို ဘယ်လိုလုပ် လာနှောင့်ယှက်ရဲမှာလဲ”
ဦးလေးတော်ကျန်း၏ အိုမင်းသောအသံက မေးလိုက်သည်။ “ကောင်းကျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဆိုးကျိုးဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ”
အန်ချိုကျွန်းသခင်က ဖြေလိုက်၏။ “ကောင်းကျိုးဖြစ်နေရင် အစွမ်းကုန် ပျိုးထောင်ပေးပါမယ်။ ဆိုးကျိုးဖြစ်နေရင်တော့… အန်ချိုကျွန်းက သူ့ကို မသတ်ပါဘူး ၊ ဒါပေမဲ့ သူ့ကို အသေသတ်မှာ မဟုတ်ပါဘူး”
သူက စကားကို မရေမရာ ၊ ရှုပ်ထွေးစွာဖြင့် အလွန် ပါးနပ်စွာ ပြောလိုက်ခြင်း ဖြစ်သည်။ ဦးလေးတော်ကျန်းက ပြောလိုက်သည်။ “ဝင်ခဲ့”
အန်ချိုကျွန်းသခင်သည် တုပိုင်ကို ကျွန်း၏ အလယ်ဗဟိုသို့ ခေါ်ဆောင်သွားလိုက်သည်။
“ဂျိန်းးးး” ကျောက်တံခါးကြီး ပွင့်သွားသည်။
“မင်းတစ်ယောက်တည်း ဝင်သွားလို့ရပြီ” အန်ချိုကျွန်းသခင်က ပြောလိုက်သည်။ “ဦးလေးတော်ကျန်း… ဒီတူတော်မောင် တုပိုင်ကို ဦးလေးတော်လက်ထဲ အပ်လိုက်ပါပြီ။ ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ သူ့ကံကြမ္မာကို ဦးလေးတော်ပဲ ဆုံးဖြတ်ပေးပါတော့”
ပြောပြီးသည်နှင့် အန်ချိုကျွန်းသခင်သည် လျင်မြန်စွာ ထွက်ခွာသွားပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းပြီး နိမိတ်မကောင်းသော အငွေ့အသက်များ ပြည့်နှက်နေသည့် ကျောက်တံခါးဝသို့ ခြေတစ်လှမ်းသော်မျှ မချခဲ့ပေ။
အရာအားလုံးက ဆန်းကြယ်ပြီး ကြောက်စရာ ကောင်းနေသည်။
“ကလေး… မင်း တဖြည်းဖြည်း လျှောက်ဆင်းလာခဲ့” အသံအိုကြီး ထွက်ပေါ်လာသည်။
တုပိုင်သည် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ လျှောက်ဆင်းသွားလိုက်သည်။ လျှောက်ရင်း လျှောက်ရင်းနှင့် ဂူတစ်ခုထဲသို့ ရောက်သွားသည်။ အတွင်း၌ မှောင်မိုက်နေဆဲပင်။
“စားပွဲပေါ်မှာ ဆီမီးခွက် ရှိတယ်။ မင်းဘာသာမင်း မီးညှိလိုက်” အသံအိုကြီး ထွက်ပေါ်လာပြန်သည်။
တုပိုင်က ဆီမီးခွက်ကို ရှာဖွေပြီး မီးညှိလိုက်ရာ ဂူထဲတွင် အလင်းရောင် အနည်းငယ် ရရှိလာသည်။ ထို့နောက်… တုပိုင် တကယ်ကို လန့်ဖျပ်သွားသည်။ တုပိုင် နှစ်သက်နှင့် နှစ်ကိုယ် ဤကဲ့သို့လူမျိုးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဤလူက လူရော ဟုတ်ရဲ့လား။
ယခင်က တုပိုင်သည် သွေးစုပ်မိစ္ဆာ မိုယင်စော်ဘွားကို မြင်ဖူးသော်လည်း ထိုအရာက လူမဟုတ်ဘဲ မိစ္ဆာကောင်နှင့် တူသည်။ သို့သော် ယခု သူ့ရှေ့မှ မိစ္ဆာကောင်က လူနှင့် ပိုပြီး မတူပေ။
ခေါင်းမရှိ ၊ မျက်နှာအသွင်အပြင် မရှိသလောက် ဖြစ်နေပြီး မျက်နှာမဲ့ ဖြစ်နေသည်။ မျက်လုံးနှစ်လုံး နေရာတွင် အပေါက်ငယ်နှစ်ခုသာ ရှိပြီး နှာခေါင်း မရှိ ၊ ပါးစပ်နေရာတွင် အပေါက်တစ်ပေါက်သာ ကျန်တော့သည်။ ခေါင်းထိပ်က ပြောင်တင်းနေပြီး ဦးခေါင်းခွံ မရှိသကဲ့သို့ပင်။
‘ဒါ… ဒါက လူ ဟုတ်သေးရဲ့လား။’
“ကြောက်သွားတာလား” မျက်နှာမဲ့လူ ဦးလေးတော်ကျန်းက အက်ရှရှအသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်ချက်တွေ အများကြီးကို ခိုးကြည့်ခဲ့မိလို့ မျက်လုံးတွေက ပျက်စီးပြီး မမြင်ရတော့ဘူး။ နှာခေါင်းက ပျက်စီးပြီး ပျောက်ကွယ်သွားတယ်။ ပါးစပ်က အပေါက်ဖြစ်သွားပြီး နားရွက်တွေ မရှိတော့ဘူး။ အရှင်လတ်လတ် မိစ္ဆာတစ်ကောင် ဖြစ်နေပြီပေါ့”
တုပိုင်က စိတ်ထဲမှ မေးလိုက်သည်။ “အိပ်မက်စနစ်… ဒီကမ္ဘာမှာ နိမိတ်ဖတ်တဲ့ ဗေဒင်ဆရာဆိုတာ တကယ်ရှိလို့လား”
သို့သော် စနစ်ထံမှ တုံ့ပြန်မှု မရှိပေ။
ခွေးအိမ်သခင်ကြီးနှင့် တွေ့စဉ်ကလည်း ဤကဲ့သို့ပင် စနစ်နှင့် အဆက်အသွယ် ပြတ်တောက်သွားဖူးသည်။ ယခု ထိုကဲ့သို့အခြေအနေ ထပ်ဖြစ်လာပြန်လာ၏။
အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ သူ့ရှေ့မှ မျက်နှာမဲ့လူသည် အလွန်တရာ စွမ်းအားကြီးမားသော ဝိညာဉ်ပညာရှင် ဖြစ်ပြီး တုပိုင်၏ ဝိညာဉ်ကမ္ဘာကို တိုက်ရိုက် ဖြတ်တောက်နိုင်စွမ်း ရှိသူ ဖြစ်ပေလိမ့်မည်။
“ငါက နိမိတ်မကောင်းတဲ့လူပဲ။ ဒါကြောင့် အန်ချိုကျွန်းသခင် ဟယ်ကျင်းက မင်းကို ဒီအထိ လိုက်ပို့ပြီးတာနဲ့ ငါ့ဂူထဲကို ခြေတစ်လှမ်းတောင် မလှမ်းရဲဘဲ ထွက်ပြေးသွားတာပေါ့”
မျက်နှာမဲ့လူက ဖြည်းညှင်းစွာ ပြောလိုက်၏။ “သူက မင်းကို ပေမင်ဓားဂိုဏ်းအတွက် ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ ဟောကိန်းထုတ်ခိုင်းတယ်။ မင်းရဲ့ ကံကြမ္မာကို ငါ့ကို ဆုံးဖြတ်ခိုင်းတယ်။ ကဲ… မင်းက ပေမင်ဓားဂိုဏ်းအတွက် ကောင်းကျိုးလား ၊ ဆိုးကျိုးလား”
တုပိုင်က ပြန်ဖြေလိုက်သည်။ “တကယ်တော့ ကျွန်တော် ပေမင်ဓားဂိုဏ်းအတွက် ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး”
“ဒီကိုလာခဲ့… မင်းမျက်နှာကို ငါ့ကို စမ်းသပ်ခွင့်ပေး” မျက်နှာမဲ့လူက ပြောလိုက်သည်။
တုပိုင် လျှောက်သွားလိုက်ရာ အေးစက်နေသော လက်တစ်ဖက်က သူ့မျက်နှာကို လာရောက် ထိတွေ့သည်ကို ခံစားလိုက်ရသည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်က သူ့မျက်နှာကို လာထိနေသကဲ့သို့ပင်။
“ဟေ… ထူးဆန်းလိုက်တာ။ မင်းက သေပြီးသား ဖြစ်နေသင့်တာ” မျက်နှာမဲ့လူက ရေရွတ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် တုပိုင် လန့်ဖျပ်သွားသည်။ ဤလူက ကောင်းကင်လျှို့ဝှက်ချက်တွေကို တကယ်ကြီး ဖောက်ထွင်းမြင်နိုင်သူဖြစ်နေသည်လား။
“လေဆင်နှာမောင်းကြောင့် မင်းမသေဘဲ လွတ်မြောက်လာတာက သိပ်ပြီး အထူးအဆန်းတော့ မဟုတ်ပါဘူး။ လေဆင်နှာမောင်းက မင်းကို ဆွဲခေါ်သွားပြီး လျှပ်စီးဒဏ်ကနေ ကယ်တင်လိုက်တာပဲ။ ဒီလေဆင်နှာမောင်းက ပုံသေမရှိသလို ထင်ရပေမဲ့ သေချာတွက်ချက်ကြည့်ရင် ပုံသေနည်း ရှိတယ်။ ဆယ်နှစ်ကျော်မှ တစ်ကြိမ်လောက် ဓားသွားတောင်ထိပ်မှာ ဖြစ်ပေါ်လေ့ရှိတယ်”
ယခုအချိန်တွင် တုပိုင် တကယ်ကို တုန်လှုပ်သွားပြီး အံ့သြမှင်သက်သွားမိသည်။ ဤလူက ကောင်းကင်လျှို့ဝှက်ချက်တွေကို တကယ်မြင်နိုင်ပြီး နက္ခတ္တဗေဒနှင့် ပထဝီဝင် သဘောတရားများကို တကယ် နားလည်သူ ဖြစ်ပေသည်။
“ဒါပေမဲ့ ဒီလေဆင်နှာမောင်းကို မင်းကြုံတွေ့ရပြီး ကြိုတင်သိရှိနေတာကတော့ တကယ် ကြောက်စရာကောင်းတယ်။ မင်းရဲ့ ကံတရားက အံ့မခန်းပဲ”
မျက်နှာမဲ့လူက ထပ်ပြောလိုက်သည်။ “ငါသာ မင်းကို ပေမင်ဓားဂိုဏ်းရဲ့ ဘေးအန္တရာယ်ဆိုးလို့ ဟောကိန်းထုတ်လိုက်ရင် မင်းရဲ့ ဇာတ်သိမ်းက ဘာဖြစ်မလဲဆိုတာ မင်းသိလား”
တုပိုင်က ဖြေလိုက်၏။ “ကျွန်တော့်ကို မသတ်ဘူး ၊ ဒါပေမဲ့ အသေသတ်မှာ မဟုတ်ဘူး”
မျက်နှာမဲ့လူက ပြောသည်။ “ဟုတ်တယ်။ မင်းရဲ့ ဝိညာဉ်နဲ့ စိတ်ကို ဖျက်ဆီးပစ်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်အောင် လုပ်ပစ်လိမ့်မယ်။ ပြီးတော့ အဲ့ဒါကို လုပ်မယ့်သူက ငါပဲ။ ကျွန်းသခင်နဲ့ မဆိုင်တော့ဘူး”
ထို့နောက် မျက်နှာမဲ့လူက မေးလိုက်ပြန်သည်။ “ဒါဆို အနာဂတ်မှာ မင်းက ပေမင်ဓားဂိုဏ်းအတွက် ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ မင်းသိလား။ မင်းရဲ့ ကံကြမ္မာက ဘာလဲဆိုတာ မင်းသိလား”
တုပိုင်က ဖြေလိုက်၏။ “ကျွန်တော် မသိဘူး။ သိလည်း မသိချင်ဘူး”
မျက်နှာမဲ့လူက တုပိုင်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးနေရာတွင် ပဲစေ့ခန့် အပေါက်နှစ်ပေါက်သာ ရှိပြီး ဘာမှမမြင်ရပေ။ ရုတ်တရက် သူ့မျက်လုံးအပေါက်ငယ်လေးများက လင်းလက်လာသည်။
“အားးးးးးးးး”
ထို့နောက် သူ အော်ဟစ်လိုက်လေ၏။
သူ့မျက်လုံးအလင်းရောင်များ လုံးဝ မှိန်ဖျော့သွားပြီး ပဲစေ့ခန့် မျက်လုံးအပေါက်များမှ သွေးများ စီးကျလာသည်။
“ကောင်းကင်လျှို့ဝှက်ချက်… ဒါက ကောင်းကင်လျှို့ဝှက်ချက်ပဲ”
“ဒါ… ဒါက လောကကြီးရဲ့ အန္တိမ လျှို့ဝှက်ချက်ပဲ။ ငါ ဒီလျှို့ဝှက်ချက်ကို ရှာဖွေနေတာ နှစ်ပေါင်း ရာချီနေပြီ။ ဒါပေမဲ့ ဒါက…”
“ငါ… ငါ သေရတော့မယ်”
“ငါ မမြင်သင့်တာကို မြင်လိုက်မိပြီ။ ငါ့ရဲ့ အသက်က ကုန်ဆုံးတော့မယ်”
ထို့နောက် မျက်နှာမဲ့လူ၏ ပဲစေ့ခန့် မျက်လုံးအပေါက်နှစ်ခုစလုံး သွေးများဖြင့် လုံးဝ ပိတ်ဆို့သွားသည်ကို တုပိုင် တွေ့လိုက်ရသည်။
“ကလေး… မင်းရဲ့ အနာဂတ်တချို့ကို ငါ မြင်လိုက်ရပြီ။ ငါ မကြာခင် သေတော့မယ်” မျက်နှာမဲ့လူက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါက မမြင်သင့်တဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ခိုးကြည့်လိုက်မိလို့ပဲ”
“ကလေး… ငါ မင်းရဲ့ ကံကြမ္မာကို မဆုံးဖြတ်နိုင်တော့ဘူး။ မင်းပြောတာ မှန်တယ်။ မင်းရဲ့ ကံကြမ္မာကို မင်းပဲ ထိန်းချုပ်နိုင်တယ်”
“ဝုန်း… ဝုန်း…”
ဂူကြီးက စတင် ပြိုကျလာသည်။ တုပိုင် ဝင်လာခဲ့သော လမ်းကြောင်းသည် လုံးဝ ပိတ်ဆို့သွားလေ၏။ တစ်ချိန်တည်းမှာပင် တုပိုင်၏ ရှေ့တွင် ကျောက်တံခါး နှစ်ချပ် ပေါ်လာသည်။
“ရှေ့မှာ ကျောက်တံခါး နှစ်ချပ် ရှိတယ်။ တစ်ချပ်က နတ်ပြည်ကို ကိုယ်စားပြုပြီး တစ်ချပ်က ငရဲကို ကိုယ်စားပြုတယ်”
“တံခါးတစ်ချပ်ရဲ့ အနောက်မှာ မင်းရဲ့ သိုင်းပညာကို တိုးတက်စေနိုင်ပြီး အဆုံးမဲ့ အကျိုးကျေးဇူးတွေ ရနိုင်လိမ့်မယ်”
“တံခါးတစ်ချပ်ရဲ့ အနောက်မှာတော့ မင်းက မြေမြှုပ်သင်္ဂြိုဟ်စရာ နေရာမရှိဘဲ သေဆုံးသွားရလိမ့်မယ်။ အမှောင်ထုနဲ့ ပျက်စီးခြင်းရဲ့ ဝါးမြိုတာကို ခံရလိမ့်မယ်”
“ဘယ်တံခါးကို ဝင်မလဲဆိုတာ မင်းသဘောပဲ။ မင်းကံကြမ္မာကို မင်းဘာသာ ရွေးချယ်ပေတော့”
ထို့နောက် မျက်နှာမဲ့လူ သေဆုံးသွားလေ၏။ ပါးစပ်အပေါက် ပျောက်ကွယ်သွားပြီး မျက်လုံးအပေါက်များလည်း ပျောက်ကွယ်သွားကာ သူသည် စစ်မှန်သော မျက်နှာမဲ့လူအဖြစ် လုံးဝ ပြောင်းလဲသွားတော့သည်။
တုပိုင်သည် ရှေ့မှ ကျောက်တံခါးနှစ်ချပ်ကို ကြည့်လိုက်သည်။ အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသည်။
သူ ဘယ်လို ရွေးချယ်မှုမျိုး လုပ်သင့်သနည်း။
တံခါးတစ်ချပ်က နတ်ပြည်ကို ကိုယ်စားပြုပြီး ၊ တံခါးတစ်ချပ်က ငရဲကို ကိုယ်စားပြုသည်။ တံခါးတစ်ချပ်က အဆုံးမဲ့ အကျိုးကျေးဇူးကို ပေးမည်ဖြစ်ပြီး ၊ တံခါးတစ်ချပ်က မြေမြှုပ်သင်္ဂြိုဟ်စရာ မရှိဘဲ သေဆုံးစေမည်။ အရာအားလုံးက သူ့ကံကြမ္မာအတိုင်းပင်။ သူကိုယ်တိုင် ရွေးချယ်ပြီး သူကိုယ်တိုင် စီရင်ရမည်။
သူ ဘယ်တံခါးကို တွန်းဖွင့်သင့်သနည်း။ ဘယ်ဘက်လား ၊ ညာဘက်လား။ အမည်းလား ၊ အဖြူလား။
အပိုင်း ၃၈၃ ပြီး။