အခန်း (၃၈၅)
Vol. 39 Ch. 385
တုပိုင် စိတ်ကို တည်ငြိမ်အောင်ထားပြီး စဉ်းစားလိုက်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာသူ တစ်ယောက်အနေဖြင့် အရင်ဆုံး တိုက်ခိုက်နည်းကို သင်ယူသင့်သလား ၊ တိုက်စစ်ရော ခံစစ်ပါ သင်ယူသင့်သလား ၊ သို့မဟုတ် လမ်းလျှောက်နည်းကို အရင် သင်ယူသင့်သလား။
ဤသို့ တွေးလိုက်သောအခါ အဖြေက ရှင်းလင်းသွားလေ၏။ အရင်ဆုံး လမ်းလျှောက်နည်းကို သင်ယူရမည်။ ပြီးမှ တိုက်ခိုက်နည်းကို သင်ယူရမည်။ ထို့နောက်မှ တိုက်စစ်ရော ခံစစ်ပါ သင်ယူရမည်။ ခြေထောက်အောက်က လမ်းကို အရင် ရွေးချယ်မှသာ အနာဂတ်တွင် ဖြစ်နိုင်ခြေ အားလုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် သိုင်းကျမ်းသုံးအုပ်တွင် လင်းပိုဝေပုသည် အဆင့်နိမ့် ဖြစ်နေပြီး ကျန်နှစ်အုပ်က အဆင့်မြင့်နှင့် အဆင့်လတ် ဖြစ်နေသော်လည်း တုပိုင်သည် လင်းပိုဝေပုကိုသာ ရွေးချယ်သင့်လေ၏။
ဆုံးဖြတ်ချက်ချပြီးနောက် တုပိုင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ ပထမစင်ပေါ်မှ လင်းပိုဝေပုသိုင်းကျမ်းကို ယူလိုက်သည်။
ချက်ချင်းပင် ကျန်ရှိသော သိုင်းကျမ်း နှစ်အုပ်သည် မီးထတောက်ပြီး ပြာကျသွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။ တစ်အုပ်တည်းသာ ရွေးချယ်ခွင့် ရှိသည်မှာ အမှန်ပင်။
တုပိုင် လင်းပိုဝေပုသိုင်းကျမ်းကို ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း နာမည်သာ တူညီခြင်း ဖြစ်သည်။ ဤကိုယ်ဖော့သိုင်းကျမ်းသည် ယီကျင်းကျမ်းနှင့် မသက်ဆိုင်သလို ၊ ယင်နှင့်ယန် ရှစ်ကွက်နှင့်လည်း မသက်ဆိုင်ပေ။
ဤသည်မှာ စစ်မှန်သော ကိုယ်ဖော့သိုင်းကျမ်း တစ်အုပ် ဖြစ်သည်။ ခန္ဓာကိုယ် အတွင်းနှင့် အပြင်တွင် အတွင်းအား ချီစွမ်းအင်စက်ကွင်း တစ်ခုကို တည်ဆောက်ပြီး ခန္ဓာကိုယ်ကို ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးစေခြင်း ဖြစ်သည်။
ပိုပြီး တဲ့တိုး ပြောရလျှင် အတွင်းအား ချီစွမ်းအင်ကို အသုံးပြုပြီး ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းလှန်ခြင်းပင်။ ထို့အပြင် ဤဆန်းကြယ်သော စွမ်းအင်အကာအကွယ်သည် အလွန် ဆန်းပြားသော ခြေကွက်များကိုလည်း ဖန်တီးပေးနိုင်သည်။ ဤခြေကွက်များသည် ပုံသေမရှိဘဲ ပြင်ပပတ်ဝန်းကျင် အပြောင်းအလဲအပေါ် မူတည်ပြီး လုံးဝ ပြောင်းလဲသွားနိုင်သည်။
ဥပမာအားဖြင့် လေပြင်းတိုက်ခတ်လာပါက လေ၏ အားကို အသုံးပြုပြီး ရှေ့သို့ တိုးသွားနိုင်သည်။ ရန်သူနှင့် တိုက်ခိုက်ရာတွင် ရန်သူ၏ တိုက်ခိုက်မှု အရှိန်အဝါကို အသုံးပြုပြီး ရှောင်တိမ်းနိုင်သလို ပြန်ကန်ထွက်စေနိုင်သည်။ အတိုချုပ် ပြောရလျှင် ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ကိုယ်ဖော့ပညာ ဖြစ်သည်။ ခန္ဓာကိုယ် ပေါ့ပါးပြီး မြန်ဆန်ရုံသာမက ခြေကွက်များက အလွန် ဆန်းကြယ်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လေ၏။
တုပိုင် မှန်းဆချက် မမှားဘူးဆိုလျှင် အန်ချိုကျွန်းသခင်သည် သူ့ကို ပင်လယ်ပြင်ပေါ် ခေါ်သွားစဉ်က ဤလင်းပိုဝေပုကိုယ်ဖော့ပညာကို အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သိုင်းကျမ်း တစ်အုပ်လုံးတွင် စာမျက်နှာ ၆၀၀ ခန့် ပါရှိပြီး စာသားတစ်ဝက် ၊ ပုံတစ်ဝက် ဖြစ်သည်။ ပုံမှန် နားလည်သဘောပေါက်ပြီး လေ့လာရန်အတွက် အနည်းဆုံး ခြောက်လခန့် ကြာမြင့်မည် ဖြစ်ပြီး ၊ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် နှစ်နှစ် ၊ သုံးနှစ်မက ကြာမြင့်နိုင်သည်။ မည်သည့် အဆင့်မြင့် သိုင်းကျမ်းမဆို ဤကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်ယူခြင်း လုပ်ငန်းစဉ် သက်သက် မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရွတ်များနှင့် သွေးကြောများကို ပြောင်းလဲခြင်း လုပ်ငန်းစဉ်လည်း ပါဝင်သောကြောင့် ဖြစ်သည်။
သို့သော် တုပိုင်ကမူ မတူညီပေ။ သူသည် တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ဝင်ရောက်နိုင်သူ ဖြစ်သည်။ အလင်းရောင်အရိပ် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း တရားကျင့်ကြံခြင်း ကမ္ဘာ၏ အချိန် အဆ ၂၀ ပိုမြန်ခြင်းနှင့် ဦးနှောက်စွမ်းရည် ၁၀ ဆ ပိုကောင်းခြင်းတို့မှာ ကျန်ရှိနေဆဲ ဖြစ်သည်။
တုပိုင်သည် လင်းပိုဝေပုသိုင်းကျမ်းကို အမြန်လှန်လှော ကြည့်ရှုလိုက်သည်။ ထို့နောက် တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ဝင်ရောက်ပြီး တစ်မျက်နှာချင်းစီ စတင် လေ့လာတော့သည်။
၁၀ ဆ ပိုမို ကောင်းမွန်နေသည့် ဦးနှောက်စွမ်းရည်ဖြင့် နက်နဲခက်ခဲသော အကြောင်းအရာများကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ တရားကျင့်ကြံခြင်း ကမ္ဘာထဲတွင် တစ်ရက်အတွင်းမှာပင် တုပိုင်သည် သိုင်းကျမ်းတစ်အုပ်လုံးကို အလွတ်ကျက်မှတ်နိုင်ခဲ့လေ၏။
ထို့နောက် သိုင်းကျမ်းပါ အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။ သိုင်းကျမ်းတစ်ခုလုံး၏ သဘောတရားကို နက်နက်နဲနဲ သုံးသပ်ပြီး အဏုကြည့်ပုံရိပ်များ ဖန်တီးကာ တစ်ကွက်ချင်းစီ ခွဲခြမ်းစိတ်ဖြာသည်။ ဤသည်မှာ ပြီးပြည့်စုံသော နားလည်သဘောပေါက်မှုပင်။
တရားကျင့်ကြံခြင်း ကမ္ဘာထဲတွင် ရက်ပေါင်း ၂၀ ခန့် ၊ အပြင်လောက တစ်ရက်ခန့်ကြာသောအခါ တုပိုင်သည် လင်းပိုဝေပု၏ သဘောတရားများကို အပြည့်အဝ နားလည်သွားလေ၏။
ထို့နောက် အိပ်မက်ထဲတွင် စတင် လေ့ကျင့်ကြည့်သည်။
“ဝေါ…”
ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့် တုပိုင် တည့်မတ်စွာ ပျံတက်သွားသည်။ အလွန်အမြင့်ကြီးတော့ မဟုတ် ၊ တစ်မီတာအောက်သာ ရှိသေးသည်။ မြေကြီးပေါ် ပြန်ကျလာပြီးနောက် ခြေဖျားဖြင့် ဖွဖွလေး တို့လိုက်ရာ ငါးမီတာ ၊ ခြောက်မီတာခန့် လွင့်ပါသွားသည်။ လေတစ်ချက် ဝေ့လာသည်နှင့် တုပိုင်၏ ခန္ဓာကိုယ်သည် လေကို အသုံးပြုပြီး ရှေ့သို့ တိုးသွားနိုင်သည်။
ဤခံစားမှုက တကယ်ကို အံ့သြဖွယ် ကောင်းလှသည်။ လူသားများသည် မွေးရာပါ ကမ္ဘာမြေကြီးမှ လွတ်မြောက်လိုစိတ် ၊ ဆွဲငင်အားမှ လွတ်မြောက်လိုစိတ် ရှိကြသည်။ ယခု တုပိုင်သည် ဆွဲငင်အားမှ လုံးဝ လွတ်မြောက်ခြင်း မဟုတ်ဘဲ စွမ်းအင်ဖလှယ်ခြင်း သဘောမျိုး ဖြစ်သော်လည်း ဤခံစားမှုသည် စကားလုံးဖြင့် ဖော်ပြမရနိုင်အောင် ကောင်းမွန်လွန်းလှသည်။
အစောက တုပိုင်သည် မြေအောက်ကမ္ဘာလက်ဝါးသိုင်းနှင့် စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ်အစား လင်းပိုဝေပုကို ရွေးချယ်ခဲ့စဉ်က စိတ်ထဲတွင် နောင်တအနည်းငယ် ရခဲ့သော်လည်း ယခုအခါ သူ့ရွေးချယ်မှုအတွက် ကျေးဇူးတင်မိလေ၏။ ဤသည်မှာ ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်သကဲ့သို့ပင်။
တုပိုင်သည် အမောအပန်းမရှိ လင်းပိုဝေပုကို လေ့ကျင့်ပြီး ဆွဲငင်အားမဲ့ ခံစားမှုကို စိတ်ကြိုက် ခံစားနေသည်။ အိပ်မက်ထဲတွင် မရပ်မနား ပျံသန်းခုန်ပျံနေသည်။ အမြန်နှုန်းက အလွန်မြန်ဆန်ပြီး တာတိုပြေးလမ်းတွင် တောရိုင်းမြင်းဘုရင်ထက်ပင် ပိုမြန်နေသေးသည်။ တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ကိုယ်ဖော့ပညာပင်။
သို့သော် ၅ မိနစ်ခန့် ကြာသောအခါ တုပိုင်၏ ချီစွမ်းအင်များ လုံးဝ ကုန်ခမ်းသွားလေ၏။ ဤကိုယ်ဖော့ပညာသည် အစွမ်းထက်သော်လည်း အတွင်းအား ချီစွမ်းအင် ကုန်ကျမှု များလွန်းသည်။
တကယ်တမ်းတွင်မူ တုပိုင်သည် ယခုမှ စတင် တတ်မြောက်ခြင်း ဖြစ်သဖြင့် အတွင်းအား အသုံးပြုမှု စွမ်းရည် နည်းပါးနေပြီး ဖြုန်းတီးမှု များနေသောကြောင့် ဖြစ်သည်။
ကံကောင်းသည်မှာ ဤနေရာသည် တရားကျင့်ကြံခြင်း ကမ္ဘာဖြစ်ပြီး အိပ်မက်ထဲတွင် သရုပ်ပြ လေ့ကျင့်ခြင်း သာ ဖြစ်သဖြင့် တကယ့် ချီစွမ်းအင် ကုန်ဆုံးခြင်း မဟုတ်ပေ။
ထို့ကြောင့် တုပိုင်သည် တရားကျင့်ကြံခြင်း ကမ္ဘာထဲတွင် အကြိမ်ကြိမ်အခါခါ လေ့ကျင့်တော့သည်။ အကြိမ်တိုင်းတွင် အသိပညာသစ်များ ရရှိပြီး အတွင်းအား အသုံးပြုမှု စွမ်းရည် တိုးတက်လာကာ ကြာရှည်ခံမှုလည်း ပိုမို ကောင်းမွန်လာသည်။
အကြိမ် တစ်ဆယ်၊ တစ်ရာ ၊ တစ်ထောင် ၊ နောက်ပိုင်းတွင် တုပိုင်သည် ပိုမို ကြာရှည်စွာ ထိန်းထားနိုင်လာသည်။ နောက်ဆုံးတွင် သူသည် လင်းပိုဝေပုကို မိနစ် ၂၀ ခန့် အပြည့်အဝ အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီးမှသာ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များ ကုန်ခမ်းသွားတော့သည်။ မိနစ် ၂၀ သာ ဖြစ်သော်လည်း သူပြေးလွှားနိုင်ခဲ့သော အကွာအဝေးမှာ လီ ၁၀၀ ကျော်ရှိလေ၏။
သို့သော် တရားကျင့်ကြံခြင်း ကမ္ဘာထဲတွင်ပင် သူသည် အကန့်အသတ် တစ်ခုနှင့် ကြုံတွေ့လာရသည်။ ဆက်လက် လေ့ကျင့်နေသော်လည်း အမြန်နှုန်းဖြစ်စေ ၊ ကြာရှည်ခံနိုင်မှုဖြစ်စေ ထပ်မံ တိုးတက်ရန် ခက်ခဲလာသည်။ တုပိုင် မျက်လုံးဖွင့်ပြီး နိုးထလာသည်။ ခြေဖျားဖြင့် ဖွဖွလေး တို့လိုက်ရာ လူတစ်ကိုယ်လုံး ၆ မီတာ ၊ ၇ မီတာခန့် လွင့်ပါသွားသည်။ ထိုအံ့သြဖွယ်ရာ ဆွဲငင်အားမဲ့ ခံစားမှုကြီး ပြန်ရောက်လာ၏။
ပထမကျောက်ခန်းထဲတွင် လေ့လာမှု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် တုပိုင် ထွက်ခွာရတော့မည်။ ရှေ့တွင် ကျောက်တံခါးတစ်ချပ်သာ ရှိသဖြင့် ရွေးချယ်စရာ မလိုတော့ပေ။
တုပိုင် တံခါးကို ဖွင့်လိုက်သည်။
“ဝေါ…”
တံခါးအနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော မြူထူများ ၊ အစိမ်းရောင် မြူထူများ ရှိနေသည်။ အဆိပ်ပြင်းလွန်းလှသည်။ တုပိုင် ချက်ချင်း အသက်အောင့်ထားလိုက်သော်လည်း အဆိပ်များသည် သူ့အရေပြားထဲသို့ စိမ့်ဝင်လာပြီး မူးဝေလာစေသည်။
အဆိပ်မြူများသည် မီတာ တစ်သောင်းရှည်လျားသော လိုဏ်ဂူကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး လိုဏ်ဂူ၏ အဆုံးသည် အဆိပ်မြူနယ်မြေ၏ ထွက်ပေါက် ဖြစ်လေ၏။
ထွက်ပေါက်ဆီသို့ သွားရာလမ်း မရှိဘဲ ကျဲပါးသော ကျောက်တိုင်များသာ ရှိသည်။ ကျောက်တိုင် တစ်တိုင်နှင့် တစ်တိုင် ၆ မီတာ ၊ ၇ မီတာခန့် ကွာဝေးသည်။ ထိုကျောက်တိုင်များကို နင်းပြီးမှသာ ဤအဆိပ်မြူ လိုဏ်ဂူကို ဖြတ်ကျော်ပြီး ထွက်ပေါက်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ကျောက်တိုင် တစ်တိုင်နှင့် တစ်တိုင် ၇ မီတာကျော် ကွာဝေးသည်က ဘာကို ဆိုလိုသနည်း။
အကယ်၍ တုပိုင်သာ မြေအောက်ကမ္ဘာလက်ဝါးသိုင်းသို့မဟုတ် စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ် ကို ရွေးချယ်ခဲ့ပါက ဤအဆင့်တွင် သေဆုံးသွားမည်မှာ သေချာလှသည်။ လင်းပိုဝေပုကို သင်ယူပြီးမှသာ ဤအဆိပ်မြူ လိုဏ်ဂူကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ဤသည်မှာ တုပိုင်ကို သင်ခန်းစာ ပေးလိုက်ခြင်းပင်။ ခြေထောက်အောက်က လမ်းကို ရွေးချယ်ပြီးမှသာ တိုက်စစ် ၊ ခံစစ် သို့မဟုတ် နှစ်မျိုးစလုံးကို ရွေးချယ်ခွင့် ရှိမည် ဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။
ဤသည်မှာ အသက်နှင့် သေခြင်းဆိုင်ရာ ဒဿနပင်။
“ဟူးးး”
တုပိုင်သည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ကိုယ်ဖော့ပညာကို အသုံးပြုပြီး ခြေဖျားဖြင့် ဖွဖွလေး တို့လိုက်သည်။ ချက်ချင်းပင် တစ်ကိုယ်လုံး ၇ မီတာခန့် လွင့်ပါသွားပြီး နောက်ထပ် ကျောက်တိုင်တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
အသက်အောင့်ထားရင်း တုပိုင်သည် လင်းပိုဝေပုကို ဆက်တိုက် အသုံးပြုလိုက်သည်။ အဆိပ်မြူများက ခန္ဓာကိုယ်ထဲ ဝင်ရောက်နေဆဲ ဖြစ်သော်လည်း တိုတောင်းသော အချိန်အတွင်း အသက်အန္တရာယ် မပေးနိုင်ပေ။
အတွင်းအားဖြင့် ဖလှယ်ယူထားသော ဆွဲငင်အားမဲ့ နယ်ပယ်ကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ သူ၏ တစ်ကိုယ်လုံးသည် ပန်းပွင့်များကြားမှ အရိပ်ကဲ့သို့ ၊ ရေပြင်ပေါ် ဝဲပျံနေသော ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးနေသည်။
တစ်မိနစ်မပြည့်ခင်မှာပင် တုပိုင်သည် အဆိပ်မြူ လိုဏ်ဂူကို ဖြတ်ကျော်ပြီး ထွက်ပေါက်မှ လျှပ်စီးကဲ့သို့ ပြေးထွက်သွားနိုင်ခဲ့လေ၏။ တုပိုင် သက်ပြင်းချလိုက်သည်။ ပထမအဆင့်ကို ပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။
တုပိုင် မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ပြီး လင်းပိုဝေပုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ပထမအဆင့် ထွက်ပေါက်မှ ထွက်လာပြီးနောက် နောက်ထပ် တံခါးနှစ်ချပ် ပေါ်လာပြန်သည်။ တံခါးတစ်ချပ်တွင် နတ်ဘုရားဟု ရေးထားသည်။ နောက်တံခါးတစ်ချပ်တွင် မြေကြီးထဲသို့ ဝင်ရောက်ခြင်းဟု ရေးထားသည်။
အဆုံးအဖြတ်ပေးမည့် အခိုက်အတန့် ရောက်လာပြန်၏။
တုပိုင် မည်သို့ ရွေးချယ်မှုမျိုး လုပ်ရမည်နည်း။
နတ်ဘုရားကို ရွေးမလား။ သို့မဟုတ် မြေကြီးထဲသို့ ဝင်ရောက်ခြင်းကို ရွေးမလား။
မှားယွင်း ရွေးချယ်မိပါက သေဆုံးရန် နေရာပင် ရှိမည် မဟုတ်သလို တစ်ချိန်တည်းတွင် မှန်ကန်စွာ ရွေးချယ်နိုင်ပါက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်လေ၏။
အပိုင်း ၃၈၅ ပြီး။