ယန်ချွန်းမြစ်တွင် နဂါးမျှားခြင်း
Vol. 19 Ch. 182
ချင်ကျိုး ၊ လင်းကျန်းစီရင်စု
နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏စံအိမ်
ချန်ချမ်ခွင်း သည် ချင်ကျိုးမြို့မှ ရောက်ရှိလာသော စာကို ကိုင်၍ ကြည့်နေလေသည်။ ၎င်းမှာ ကျန်းချိုလန် ကိုယ်တိုင် ရေးသားထားသော လက်ရေးဖြစ်ပြီး၊ ထိုစာအရ သူ၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးအသစ်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် လင်းကျန်းစီရင်စုသို့ ရောက်ရှိနေပြီဟု ဆိုထားလေ၏။
ဒါဆို သူ ဘယ်ရောက်နေတာလဲ...
လျိုယွီချွမ် မှာ အဘိုးကြီးချန်၏ မီးခိုးရောင်ဆံပင်များကို ကြည့်ရင်း ဘေးတစ်ဖက်တွင် အနေခက်စွာ ရပ်နေမိ၏။
အဘိုးကြီးချန်သည် ရံဖန်ရံခါ စာကို ထုတ်ကြည့်လိုက်၊ ထုံးစံအတိုင်း သက်ပြင်းချလိုက် လုပ်နေလေသည်။
လျိုယွီချွမ်က နှစ်သိမ့်လိုက်၏။
"လမ်းခရီးမှာ တစ်ခုခု နှောင့်နှေးစရာ ရှိနေလို့ ဖြစ်မှာပါ"
ချန်ချမ်ခွင်း စာကို ပြန်သိမ်းလိုက်၏။
"လူငယ်တွေက အလုပ်များတတ်ကြပါတယ်၊ ပုံမှန်ပါပဲ။ ငါ တကယ်ကို စိတ်ထဲမထားပါဘူး"
ယုတ္တိနည်းကျကျ ပြောရလျှင် သိုင်းဘုံကျောင်း သန့်စင်ခြင်း အတွက် မြို့တော်သို့ သွားပြီးနောက်၊ သူသည် ယခုအချိန်တွင် အမြုတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသင့်ပြီး၊ အမြုတေစုစည်းခြင်း အဆင့်ဖြင့် မိမိ၏တာအိုဝိညာဉ်ကို ပြုစုပျိုးထောင်နေရမည့် အချိန်ဖြစ်လေ၏။
သူ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
အဘိုးကြီးချန်အနေဖြင့် ဤစီရင်စုမှ ရရှိသော အမွှေးတိုင်မီးခိုးများနှင့် ဆုတောင်းမှုများမှာ သူ့အတွက် အနည်းငယ် အချည်းနှီး ဖြစ်နေသည်ဟု ခံစားနေရသည်။
သူသည် အသက်ရှစ်ရာကျော် ရှိနေပြီ ဖြစ်သော်လည်း သူ၏တာအိုသန္ဓေသား၏ တတိယမြောက် အတားအဆီးကို ဖြတ်ကျော်ကာ စစ်မှန်သော ယင်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
အကယ်၍ ရှန်းယီဆိုပါက ဤအမွှေးတိုင်မီးခိုးများနှင့် ဆုတောင်းမှုများကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်လိမ့်မည်ဟု သူ ယုံကြည်နေလေ၏။
ယခု သူသည် ရှန်းယီ ရောက်လာပြီး လင်းကျန်းစီရင်စု၏ အခြေအနေများနှင့် ရင်းနှီးသွားစေရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထို့နောက်မှ ဤလူအိုကြီး အနားယူနိုင်မည်။
"စစ်သူကြီးချန်... စစ်သူကြီးရှန်း ရောက်ပါပြီ"
တပ်မှူးနှစ်ဦး အပြေးအလွှား ရောက်လာပြီး လက်သီးဆုပ်ကာ သတင်းပို့ကြ၏။
ဤစကားကို ကြားသောအခါ လျိုယွီချွမ် နောက်ဆုံး၌ သက်ပြင်းချနိုင်သွားတော့သည်။
ထို့နောက် စိတ်ထဲမထားပါဟု ခုနလေးကမှ ပြောခဲ့သော အဘိုးကြီးချန်သည် ထိုင်ရာမှ လျင်မြန်စွာ ထကာ ခန်းမအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်ကို သူ ကြည့်နေမိ၏။
ဪ... စစ်သူကြီးအိုက တကယ်ကို သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေရှာတာပဲ။
မဟုတ်ရင် ဒီလောက်တောင် အလျင်လိုနေမှာ မဟုတ်ဘူး။
စစ်သူကြီးရှန်း ရောက်လာပြီးရင် အဘိုးကြီးချန် ကောင်းကောင်း အနားယူနိုင်ပါစေလို့ပဲ သူ မျှော်လင့်မိပါတော့တယ်။
...
အိမ်တော်၏ ရှေ့ဘက်ခြံဝန်းတွင်
ချန်ချမ်ခွင်းသည် သူ့ရှေ့တွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ် ချပ်ဝတ်နှင့် ခန့်ညားသော လူငယ်လေးကို ကြည့်ရင်း၊ အဘယ်ကြောင့်မှန်းမသိ ပိုကြည့်လေ ပိုကျေနပ်လေ ဖြစ်နေမိ၏။
ထို့ပြင် ယခင်နှင့် ကွာခြားနေလေသည်။
နှစ်ကြိမ်သုံးကြိမ်ခန့် တွေ့ဆုံဖူးသောကြောင့် သူသည် အရင်ကကဲ့သို့ သိုသိုသိပ်သိပ် မနေတော့ဘဲ၊ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်နေလေ၏။
လူငယ်လေး မည်သည့်အရာကို မျှော်လင့်နေသည်ကို သူ မသိသော်လည်း၊ ချန်ချမ်ခွင်းသည် နှမြောတွန့်တိုမည့်သူ မဟုတ်ပေ။
လင်းကျန်းစီရင်စုမှ ပေးစွမ်းနိုင်သမျှ အရာအားလုံးကို သူ တွန့်ဆုတ်ခြင်းမရှိဘဲ ပေးအပ်မည်။ မည်သည့်အရာပင်ဖြစ်စေ အနာဂတ်တွင် အရာအားလုံးက သူ့အပိုင် ဖြစ်လာမည်သာ ဖြစ်ပေသည်။
"ရှန်းယီက စစ်သူကြီးအိုကို ဂါရဝပြုပါတယ်"
ရှန်းယီ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
"လက်အောက်ငယ်သားလို မနေပါနဲ့တော့ကွာ။ မင်းက အခု ဒီနေရာရဲ့ စစ်သူကြီးလည်း ဖြစ်နေပြီပဲ"
ချန်ချမ်ခွင်း ခေါင်းခါလိုက်သည်။ သူ ဝန်ခံရလျှင် လူငယ်လေးမှာ အနည်းငယ် သိုသိပ်တတ်သော်လည်း၊သူ၏ သဘောထားမှာ အနီးကပ်တွဲဖက်ဒု-စစ်သူကြီး ဘဝမှသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ဖြစ်လာသည်အထိ ဤလူအိုကြီးအပေါ် လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပေ။
"အထဲဝင်ကြရအောင်"
သူ လှည့်ထွက်သွားပြီး ရှန်းယီကို ထိုင်ခုံသို့ ခေါ်သွားကာ စိတ်လှုပ်ရှားမှု အနည်းငယ်ဖြင့် သက်ပြင်းချလိုက်သည်။
"မင်းက ရည်ရွယ်ချက်မရှိဘဲ ဘယ်တော့မှ လာလည်တတ်တဲ့သူ မဟုတ်ဘူးလေ။ ငါ့ကို သီးသန့် လာတွေ့ဖို့ အချိန်ပေးတာ ဒါ ပထမဆုံးအကြိမ်ပဲ ထင်တယ်"
လျိုယွီချွမ်သည် ဘေးတွင် ရပ်နေရင်း တိတ်တဆိတ် ရယ်မောလိုက်၏။
စစ်သူကြီးအိုချန်အား လာတွေ့သည်မှာပထမဆုံးအကြိမ် ဖြစ်ရုံသာမက၊ စစ်သူကြီးရှန်းက လင်းကျန်းစီရင်စုသို့လာခဲ့ဖူးသည်မှာ စုစုပေါင်းမှ နှစ်ကြိမ်သုံးကြိမ်လောက်သာရှိလေ၏။
ရှန်းယီ ခဏမျှ စဉ်းစားလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"တကယ်တော့... ဒီတစ်ခါ ကျွန်တော့်မှာ ကိစ္စတစ်ခု ရှိလို့ပါ"
"..."
ချန်ချမ်ခွင်း၏ လှုပ်ရှားမှုများ အနည်းငယ် တုန့်ဆိုင်းသွားပြီး သက်ပြင်းချလိုက်သည်။
"ချင်ကျိုးမှာ မင်းထက် အလုပ်ပိုများတဲ့သူ ငါ တစ်ခါမှ မမြင်ဖူးသေးဘူး။ ပြောပါဦး၊ စစ်သူကြီးရှန်းက ဒီလူအိုကြီးကို ဘာကိစ္စ လိုအပ်လို့လဲ"
"ယန်ချွန်းမြစ်က ရေနဂါး ကိစ္စပါ" (ကျောင်းနဂါးဆိုတာ ရေနဂါးပါပဲခင်ဗျာ သူတို့နဂါးအစစ်မဟုတ်ကြသေးတာပါ)
ရှန်းယီသည် မျက်နှာပြာခြင်္သေ့ထံမှ သူ ရရှိခဲ့သော သတင်းအချက်အလက်များကို တိုက်ရိုက် ပြန်လည်ပြောပြလိုက်လေ၏။
သူ စကားပြောနေစဉ်မှာပင်။
ချန်ချမ်ခွင်းနှင့် လျိုယွီချွမ်တို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် တင်းမာခက်ထန်သွားလေသည်။
"မဟာလနတ်ဆိုးဘုရင် က အဲဒီ ရေနဂါးအိုကြီးကို အဆင့်တက်အောင် ကူညီပေးချင်နေတာလား"
အဘိုးကြီးချန်၏ အသံမှာ ရုတ်တရက် ပိုမိုလေးနက်သွား၏။ သူသည် အမြုတေစုစည်းခြင်း အဆင့်၏ ဒုတိယမြောက် အတားအဆီးအား ယခုမှသာ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုရေနဂါးအိုကြီးကို ကိုင်တွယ်ရန် မနည်း ကြိုးစားနေရခြင်း ဖြစ်ပေသည်။
အကယ်၍ ၎င်းသာ ထပ်မံ အဆင့်တက်သွားပါက၊ ချင်ကျိုး စစ်သူကြီးများအားလုံးထဲတွင် ယိုလုံထောင် နှင့် ကျန်းချိုလန်တို့သာလျှင် ၎င်းကို ကိုင်တွယ်နိုင်တော့မည်။
သို့သော် စစ်သူကြီးယိုမှာ အလုပ်များနှင့် ပိနေပြီဖြစ်ပြီး၊ ကျန်းချိုလန်မှာလည်း မြစ်ချောင်းများအတွင်း နတ်ဆိုးများကို တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူ မဟုတ်ပေ။
ချန်ချမ်ခွင်းသည် မသိစိတ်ဖြင့် စစ်သူကြီးချုပ် ထံ စာပို့ရန် ကြံရွယ်လိုက်လေ၏။
သို့သော် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော စစ်သူကြီးအို တစ်ဦးအနေဖြင့် သူ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"နတ်ဆိုးဘုရင်က ငါ့ကို အသုံးချပြီး စစ်သူကြီးချုပ်ကို ယန်ချွန်းမြစ်မှာ ခြေရှုပ်ထားချင်တဲ့ ရည်ရွယ်ချက်များ ရှိနေမလား"
သိုင်းဝိဇ္ဇာ တစ်ပါး၏ယင်ဝိညာဉ်မှာ အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း၊ ဤမျှ ကျယ်ပြန့်သော မြစ်ချောင်းများကို ကိုင်တွယ်ရန်မှာ လွယ်ကူပါမည်လော။
အကယ်၍ ရေနဂါးအိုကြီး တစ်ရက်လောက် ထွက်မလာလျှင်၊ စစ်သူကြီးချုပ်၏ ယင်ဝိညာဉ်က မြစ်ကမ်းပါးမှာ တစ်ရက်လုံး စောင့်နေရမည်လော။
"ခင်ဗျား..."
လျိုယွီချွမ် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
စစ်သူကြီးရှန်းမှ ရှင်းလင်းစွာပြောပြီးမဟုတ်လော။ နတ်ဆိုးများထဲမှ သမင်ဖြူတစ်ကောင် သေဆုံးခဲ့သောကြောင့် သူတို့သည်ချင်ကျိုးအား အသက်တစ်ချောင်းဖြင့် ပြန်လည်ပေးဆပ်စေချင်၍ပင်။
အဘိုးကြီးချန်သည် အသက်လည်းကြီး၊ ခွန်အားလည်းသိပ်မရှိတော့ဖြစ်ရာ သဘာဝကျစွာဖြင့် အလွယ်ကူဆုံးပစ်မှတ် ဖြစ်လာ၏။
သူတို့က ခင်ဗျားအသက်ကို လိုချင်နေတာ၊ ခင်ဗျားက တခြားကိစ္စတွေကို စိတ်ပူနေသေးတယ်။
သူ မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
"စစ်သူကြီးရှန်း ဆိုလိုတာက ခင်ဗျားကို ခဏလောက် ရှောင်နေစေချင်တာပါ"
"..."
ရှန်းယီ တိတ်ဆိတ်စွာ ကြည့်နေမိ၏။
သူ ဘယ်တုန်းက အဲဒီလို ဆိုလိုလိုက်တာလဲ။
ချန်ချမ်ခွင်း သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။
"ပွင့်ပွင့်လင်းလင်း ပြောပါ၊ စိတ်မပူပါနဲ့"
ဤစကားကို ကြားသောအခါ ရှန်းယီ အားနာမနေတော့ပေ။ သူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"အဘိုးကြီးချန်... မြစ်ကမ်းဘေးမှာ သွားထိုင်နေပေးပါ၊ ဖြစ်နိုင်ရင် လူသိအောင် အတတ်နိုင်ဆုံး ဟိတ်ဟန်ထုတ်ပြီး နေပေးပါ"
ဤစကားကြောင့် ကျန်နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဆိုးဖမ်းစီးသူ တစ်ယောက်၏အလုပ်လုပ်ပုံမှာ လွန်လက်ရဲနိုင်လှပေ၏။
"ငါ နားလည်ပါပြီ။ မင်းက ရေနဂါးရဲ့ တည်နေရာကို အတိအကျ သိချင်တာပေါ့၊ သူ ငါ့ကို ရှာမတွေ့ဘဲ တခြားနေရာကနေ ထွက်လာပြီး ဖျက်ဆီးမှာကို တားဆီးချင်တာမလား"
ချန်ချမ်ခွင်းသည် စကားလုံးများကို သိမ်မွေ့အောင် ပြောဆိုရန် အစွမ်းကုန် ကြိုးစားနေရှာ၏။
မိမိကိုယ်ကို နဂါးစာအဖြစ် သုံးနေရသည်ဟု သူ ဝန်မခံချင်ပေ။
"ဒါပေမဲ့ စစ်သူကြီးချန်ကို ရေနဂါးအိုကြီး ထွက်လာအောင် မျှားခေါ်ဖို့ သုံးမယ်ဆိုရင်တောင်၊ ပြီးရင် ဘယ်လို လုပ်ကြမလဲ"
လျိုယွီချွမ်က မသိစိတ်ဖြင့် မေးလိုက်မိ၏။ သူ စကားမဆုံးခင်မှာပင် စစ်သူကြီးအိုကြီးက သူ့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရလေသည်။
သူမည်သည့်စကား မှားပြောမိပြန်ပြီလဲ မသိသဖြင့် တိတ်ဆိတ်သွားလေသည်။
ချန်ချမ်ခွင်း သူ၏ အသက်ရှူနှုန်းကို ညှိလိုက်၏။ လူငယ်လေး၏ မျက်လုံးထဲရှိ မျှော်လင့်ချက်က မည်သည့်အရာကို အမှန်တကယ်လိုချင်နေကြောင်း နောက်ဆုံးတွင် သူသိလိုက်ရပြီ ဖြစ်သည်... သူသည် ဤလူအိုကြီး၏အသက်အား လိုချင်နေခြင်းပင်။
သို့သော် သူ အဖြေကိုလည်း သိချင်နေမိ၏။ အဘိုးကြီးချန် လူငယ်လေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ရှန်းယီ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"
"ရှီး"
လျိုယွီချွမ် ခေါင်းကို တဗြင်းဗြင်းခနဲ ကုတ်လိုက်မိ၏။ ဤရင်းနှီးသော ခံစားချက်ကြီးမှာ သူ့အား လွန်ခဲ့သောတစ်လခန့်က ဘိုင်ယွင်ခရိုင်သို့ မြေခွေးနတ်ဆိုးသွားသတ်ချိန်သို့ ချက်ချင်း ပြန်ရောက်သွားစေ၏။
တစ်ဖက်လူမှာ ထိုစဉ်ကကဲ့သို့ အမူအရာ၊ ထိုစဉ်ကကဲ့သို့ လေသံအတိုင်းပင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ထိုမြေခွေးနတ်ဆိုးကို အဝတ်ဗလာကျင်းအောင် လုပ်ပစ်ခဲ့သည် မဟုတ်ပါလော။
သို့သော် ပြဿနာမှာ ယခု သူတို့ ရင်ဆိုင်ရမည်မှာ အမြုတေပြီးပြည့်စုံခြင်းအဆင့် မြေခွေးနတ်ဆိုး မဟုတ်တော့ဘဲ၊ အမြုတေစုစည်းခြင်း အဆင့် ရေနဂါးအိုကြီး ဖြစ်နေခြင်းပင်။
ထို့ပြင် ၎င်းမှာ နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့သော ယန်ချွန်းမြစ်ထဲတွင် ရှိနေခြင်း ဖြစ်လေ၏။
"ဒီအဘိုးကြီး နားလည်ပါပြီ"
ချန်ချမ်ခွင်း ခေါင်းငြိမ့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
"မင်း ငါ့အသက်ကို လိုချင်နေတုန်းပါပဲလား"
ရှန်းယီ စကားမပြောနိုင်ခင်မှာပင် အဘိုးကြီးချန် လွတ်လပ်စွာ ပြုံးလိုက်၏။
"ငါ သိသလောက်ဆိုရင် စစ်သူကြီးရှန်းက ဘယ်သူ့ကိုမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး"
အမှန်ပင် ယခုအချိန်၌ ဤထက်ကောင်းသော နည်းလမ်း မရှိတော့ပေ။
သူ မတ်တပ်ရပ်လိုက်၏။
"ပြဿနာတစ်ခုပဲ ရှိတယ်၊ ငါက ဟိတ်ဟန်ထုတ် တာမျိုး ဘယ်လိုလုပ်ရမလဲဆိုတာ တကယ် မသိဘူး။ငါ့ကို ပြင်ဆင်ဖို့ အချိန်နည်းနည်းလောက် ပေးပါဦး"
ရှန်းယီ မေးစေ့ကို ပင့်ကာ ခေါင်းငြိမ့်ပြလိုက်၏။
"ဒါဆိုရင် စစ်သူကြီးအိုကို မနှောင့်ယှက်တော့ပါဘူး"
သူသည်လည်း ထိုကဲ့သို့ ကိစ္စများတွင် မကျွမ်းကျင်သဖြင့် မည်သည့်အကြံဉာဏ်မှ မပေးနိုင်ပေ။
သို့သော် အဘိုးကြီးချန်က ဤမျှ လွယ်ကူစွာ သဘောတူလိုက်ခြင်းမှာ ရှန်းယီကို အနည်းငယ် အံ့အားသင့်စေခဲ့၏။
စစ်သူကြီးအို၏ နှလုံးသားထဲတွင် သူသည် ဤမျှ ယုံကြည်စိတ်ချရသူ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
သူ ခန်းမအပြင်ဘက်သို့ လျင်မြန်စွာ လျှောက်ထွက်သွားလေသည်။
ခြေလှမ်းဆယ်လှမ်းခန့် အကွာသို့ ရောက်သောအခါ၊ သူ့နောက်မှ တိုးညင်းသော အသံတစ်ခု ရုတ်တရက် ကြားလိုက်ရလေ၏။
"ကျန်းချိုလန်ဆီ စာပို့လိုက်ကွာ၊ ငါ့ကို လာကယ်ဖို့ မြန်မြန် လာခဲ့ပါလို့ ပြောလိုက်"
ရှန်းယီ
"..."