ဝိညာဉ်ဓား
Vol. 44 Ch. 605
မိုင်တစ်သန်းသည် ဝေးကောင်း ဝေးနိုင်သော်ငြား ကျန်းရီကဲ့သို့ သိုင်းပညာရှင် တစ်ဦးအတွက် ဝေးသည်ဟု မဆိုတာပေ။
ကောင်းကင်ကြယ်တာရာ နယ်မြေသည် အရှေ့အရပ်မှ အနောက်အရပ်ဆီဆန့်တန်းလျှင် မိုင်ငါးသန်းခန့် ကျယ်ဝန်းသည်။ ယာ့ဇီသားရဲသာဆိုလျှင် နယ်မြေကို ဖြတ်ကျော်ရန်အတွက် ၁၂ရက်ဝန်းကျင် အချိန်လိုအပ်သည်။ ကျန်းရီ၏ အရှိန်က ယာ့ဇီသားရဲအောက် နှစ်ဆခန့် နှေးနေရုံသာ ဖြစ်သော်ငြား အလွန်မြန်ဆန်နေပြီဖြစ်သည်။ ထို့ကြောင့် ဖုန်းတုမြို့ကို ရောက်ရန်အတွက် လေး၊ ငါးရက်ခန့် လိုအပ်သည်။
လေဆင်နှာမောင်း၏ အရှိန်က ကျန်းရီထက် ပိုမြန်သော်ငြား သူ့ကိုလိုက်မှီရန် အနည်းဆုံး လဝက်ခန့် လိုသေးသည်။ ကျန်းရီက လေး၊ ငါးရက်တာ ပြေးခြင်းက သူ့အတွက် လွယ်ကူသည့် အလုပ်တစ်ခု ဖြစ်နေသောကြောင့် စိတ်အေးလက်အေး အခြေအနေတွင် ရှိနေလေသည်။
ဤအတိုင်း ပြေးရခြင်းက ပျင်းစရာကောင်းနေရုံသာရှိသည်။ သူပြေးနေစဉ် လုပ်စရာတစ်ခုခု ရှာသင့်၏။
မှော်အတတ်တွေ ဆင်ခြင်သုံးသပ်ရမလား။
မဖြစ်နိုင်ပေ။ မှော်အတတ်များ နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းသည် စိတ်ကြည်လင်သည့် အနေအထားတွင် ရှိရမည်ဖြစ်ကာ စိတ်အနှောက်အယှက်များ ဖြစ်၍မရပေ။ သူက မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ခဲ့လျှင်တောင် ပတ်ဝန်းကျင်ကို စစ်ဆေးရအုံးမည် မဟုတ်ပါလော။ မကောင်းဆိုးဝါးတစ်ကောင်က ရုတ်တရက် ပေါ်လာပြီး သူ့ကိုသတ်ဖြတ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ထိုလေဆင်နှာမောင်းက မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာတာဖြစ်သည်။
သူ့တွင် နဂါးညှိုးရော်မြက် မရှိသောကြောင့် အတွင်းအားကို မကျင့်ကြံနိုင်ပေ။ ယခု မှော်အတတ်များကိုလည်း လေ့လာနိုင်ခြင်း မရှိလေရာ သူလုပ်နိုင်သည့်အရာ ဘာမှမရှိမှန်း သဘောပေါက်သွားသည်။
နေ့ဝက်ခန့် ပြေးနေပြီးနောက် ဉာဏ်ကွန့်မြူးမှု ရုတ်တရက် ရလာပြီး ပျော်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေးမိသွားတော့သည်။
ယခင်က သူ၏စိတ်ဝိညာဉ် အတွင်းရှိ မီးနဂါးဓား ၃၆လက်ကို အနီးကပ်ကြည့်ရန် အချိန်မရှိခဲ့ပေ။ ယခုသူ့၌ အချိန်ပိုရှိလာသောကြောင့် သူတို့ကို သေချာကြည့်နိုင်လေသည်။ သူ၏စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ထူးဆန်းလွန်းနေ၏။ သူက စမ်းတစ်ဝါးဝါးဖြင့် သူတို့အတွက် အသုံးပြုနိုင်မည့် နည်းလမ်းအသစ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါက ဖုန်းတုမြို့ထဲတွင် သူဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ခြေက တိုးလာပေလိမ့်မည်။
ရှေးဦးစွာ နေရာတစ်ဝိုက်ကို ထောက်လှမ်းရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး လုံခြုံကြောင်း အတည်ပြုပြီးနောက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူကမျက်လုံးမှိတ်ထားပြီး ပြေးနေစဉ် အတွေးများက စိတ်ဝိညာဉ်ထဲသို့ ရောက်သွားလေ၏။
သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲတွင် ပဲပိစပ် အရွယ်အစားခန့်ရှိသည့် မီးနဂါးဓားတစ်စင်းက မျောလွင့်နေသည်။ တစ်ဖက်တွင်မူ လှုပ်ရှားမှု ကင်းမဲ့နေသော မီးနဂါးဓားလေး ၃၆လက်ရှိပေ၏။ ကျန်းရီသည် ထိုဓား၃၇လက်ကို မထိန်းချုပ်ထားသည့် အချိန်တွင် သူတို့က ဆိတ်ငြိမ်စွာ မျောလွင့်နေ၏။ မည်သည့်ရောင်ခြည်ကိုမှတောင် ထုတ်ဖော်ခြင်း မရှိလေရာ အလွန်သာမာန် ကျနေလေသည်။
“သွား”
အတွေးတစ်ချက်ဖြင့် ပင်မစိတ်ဝိညာဉ်က အကောင်းပကတိ ရှိနေစဉ် မီးနဂါးဓား ၃၆လက်က ချက်ချင်းပင် ထပျံလာလေ၏။ သူတို့က အလင်းစီးကြောင်း ၃၆ခုအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ ဖြတ်ခနဲ လှုပ်ရှားသွားလာနေတော့သည်။
ကျန်းရီက သူ၏စိတ်ကို မည်သို့ ခွဲထုတ်ရမည်မှန်း နားလည်သဘောပေါက်သွားလေရာ သူ၏ကိုယ်ခွဲ တစ်ရာနီးပါးကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်၏။ ထို့ကြောင့် ထိုဓား၃၆လက်လေးကို ထိန်းချုပ်ခြင်းက သူ့အတွက် စိန်ခေါ်မှုတစ်ရပ် မဟုတ်ပေ။ သူတို့က တိုက်မိတာမျိုးတောင် မရှိပေ။
“ဒီဓားလေးတွေက စိတ်ဝိညာဉ်ကနေ ပြုလုပ်ထားတာ ဖြစ်လောက်တယ်။ ပင်မစိတ်ဝိညာဉ်ကို ကာကွယ်တာအပြင် ကျန်တဲ့လုပ်ဆောင်ချက်တွေရော ရှိတဲ့ပုံ မပေါ်ပါလား”
အတော်ကြာ လေ့လာပြီးနောက် ကျန်းရီသည် သိသာသည့် အရာတစ်ခုကိုမှ သတိမပြုမိပေ။ ထိုဓားလေးများက ပင်မစိတ်ဝိညာဉ်နှင့် ကွဲပြားခြားနားနေပြီး စိတ်ဝိညာဉ်စွမ်းအင် ၃၆စုနှင့် တူနေပေ၏။ သူတို့က စွမ်းအင်စစ်စစ်မဟုတ်။ သူတို့၌ ကြမ်းတမ်းသော တိုက်ခိုက်ရေး စွမ်းအားမျိုး မရှိလောက်ပေ။ ဝိညာဉ်ဝါးမျို မိချောင်းများက ချေမှုန်းခံလိုက်ရသည်က အခြေအနေ နောက်တစ်ဆင့် ဖြစ်နေလေ၏။
“ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်ရေး စွမ်းအားလား။ ဒါဆို ဒီဓားလေးတွေကို တိုက်ခိုက်ဖို့အတွက် သုံးလို့ရတာလား”
ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခါသွားသည်။ တိုက်ခိုက်ခြင်းက အကောင်းဆုံး ခုခံမှုလည်းဖြစ်၏။ ထိုစိတ်ဝိညာဉ်ဓားများကို တိုက်ကွက်များအဖြစ် အသုံးပြုနိုင်မည်ဆိုလျှင် သူတို့ကသေချာပေါက် ကြမ်းတမ်းနေမှာဖြစ်သည်။ စိတ်ဝိညာဉ် တိုက်ကွက်များက အမြဲတမ်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး နည်းလမ်းများဖြစ်ပြီး ရန်သူ၏ ဝိညာဉ်စွမ်းအင် ဖျက်ဆီးခံလိုက်ရသည်နှင့် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ်တောင် သေပေလိမ့်မည်။
“ဓားလေး ခွဲထွက်စမ်း”
ကျန်းရီက ရဲရင့်သော နှလုံးသားဖြင့် မွေးဖွားလာတာဖြစ်သည်။ သူသည် စိတ်ဝိညာဉ် ပင်လယ်ထဲမှ ထွက်ရန် ဓားလေးတစ်လက်ကို ထိန်းချုပ်လိုက်တော့သည်။ ယခင်က ထိုသို့ပြုလုပ်ရဲခြင်း မရှိပေ။ သို့သော် ယခုအချိန်တွင် အကြောက်အလန့် ကင်းမဲ့နေ၏။ အကြောင်းမှာ ပင်မစိတ်ဝိညာဉ်သည် ကျန်စိတ်ဝိညာဉ် ဓားလေးများနှင့် ကွဲပြားခြားနားနေကြောင်း သတိပြုမိသောကြောင့် ဖြစ်သည်။ သူတို့၌ ဆက်နွယ်မှုအချို့ ရှိ၏။ သို့သော် ထိုဓားလေးတစ်လက် ဖျက်ဆီးခံလိုက်ရလျှင်တောင် ပင်မစိတ်ဝိညာဉ်ပေါ် သက်ရောက်မှု ရှိမှာမဟုတ်ပေ။
ထင်သည့်အတိုင်းပင်။
စိတ်ဝိညာဉ်ဓားလေးက ကျန်းရီ၏ စိတ်ဝိညာဉ် ပင်လယ်ထဲမှ အလွယ်တကူ ထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။ ထိုစိတ်ဝိညာဉ်ဓားသည် ဝိညာဉ်ဝါးမျို မိချောင်းကဲ့သို့ပင် ရုပ်ခန္ဓာမရှိပေ။ ခန္ဓာကိုယ်အတွင်း လွယ်လွယ်ကူကူ လှုပ်ရှားသွားလာနိုင်သည်။ တစ်ကိုယ်လုံး လှည့်လည်သွားလာပြီးနောက် လျှပ်ပြက်သည့် အရှိန်ဖြင့် စိတ်ဝိညာဉ်ထဲသို့ ပြန်ရောက်သွားတော့သည်။
“ဘာသက်ရောက်မှုမှ မရှိဘူးပဲ”
ဓားလေးက သူ၏ခန္ဓာကိုယ်တစ်ဝိုက် လှည့်လည်သွားလာနေချိန်တွင် ကျန်းရီက ပင်မစိတ်ဝိညာဉ်ကို ထိန်းချုပ်ရန်အတွက် သူ၏ကောင်းကင် စိတ်အာရုံကို အသုံးပြုနေသည်။ ဘာပြဿနာမှ မရှိကြောင်း အတည်ပြုပြီးသည့်အချိန်တွင် သူကပိုတောင် ရဲတင်းလာပြီး ဓားလေးများကို ပျံသန်းရန် ထိန်းချုပ်လိုက်တော့၏။ ယခုအခေါက်တွင် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ပျံသန်းစေတော့၏။
“အမ် အဆင်ပြေတာပဲ။ ဒီဓားဝိညာဉ်လေးက ဓားဝိညာဉ်နဲ့ ကြီးကြီးမားမား ဆက်သွယ်မှု မရှိဘူး။ ပြောရရင် ပင်မစိတ်ဝိညာဉ်ကို ထိခိုက်မှု မရှိစေဘူးပဲ”
စိတ်ဝိညာဉ်ဓားက သူ၏ခန္ဓာကိုယ်ထဲမှ ထွက်လာသည့်အချိန်တွင် ကျန်းရီက ပျော်ရွှင်သွားသည်။ ထိုစိတ်ဝိညာဉ်ဓားသည် ဝိညာဉ်ဝါးမျို မိချောင်းကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်နိုင်ပြီး ကောင်းကင်စိတ်အာရုံ ထိန်းချုပ်မှုနားတစ်ဝိုက်တွင် ပျံသန်းနိုင်၏။
ဝှစ်
ခန္ဓာကိုယ်နားတစ်ဝိုက် လှည့်ပတ်နေပြီးနောက် ကျန်းရီက ထိုဝိညာဉ်ဓားလေးကို သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ပြန်သွားရန် ထိန်းချုပ်လိုက်၏။ စိတ်ဝိညာဉ်ဓားလေးက ပင်မစိတ်ဝိညာဉ်ဘေးသို့ ရောက်သွားသည့် အချိန်တွင် ကျန်းရီက ဘာမှအမှားအယွင်း မရှိကြောင်း အတည်ပြုရန် အနီးကပ်ကြည့်လိုက်သည်။ ရလဒ်ကြောင့် သူအလွန် ပျော်ရွှင်သွားတော့သည်။
ဤစိတ်ဝိညာဉ် ဓားမည်မျှ အစွမ်းထက်ကြောင်း သူမသိသော်ငြား သေချာတာတစ်ခုက ယခုမှစပြီး စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခု သူပိုင်ဆိုင်သွားပြီဖြစ်သည်။ ဤအကန့်အသတ်နှင့် မည်သည့်နယ်ပယ်၏ စိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်ကြောင်း သူမသိသေးပေ။ ဓားဝိညာဉ်လေး ထိခိုက်သွားလျှင် သူ၏စိတ်ဝိညာဉ် မည်ကဲ့သို့ သက်ရောက်မည်မှန်း မသိ။ အားလုံးကို စမ်းသပ်ရန် လိုအပ်နေသည်။
စမ်းသပ်မှုက ပြဿနာကြီးတစ်ရပ် ရှိနေ၏။ သူ၏စိတ်ဝိညာဉ်လေးက ဖျက်ဆီးခံလိုက်ရပြီး သူ၏စိတ်ဝိညာဉ်ကို ထိခိုက်မှု ဖြစ်သွားစေခဲ့လျှင် စိတ်ဝိညာဉ် ပြိုကွဲမှုကြောင့် သူသေတောင် သေသွားနိုင်သည်။
“အရင်ဆုံး တွေးမနေတော့ဘူး။ ငါ့အတွက် စမ်းသပ်စရာ လူတွေ နတ်ဆိုးသားရဲတွေ ရှိမနေဘူး ဆိုမှတော့ ဒီစိတ်ဝိညာဉ်ဓား ဘယ်လောက်ဝေးဝေး ပျံသန်းနိုင်လဲဆိုတာ အရင်ကြည့်တာပေါ့”
ကျန်းရီသည် စိတ်လှုပ်ရှားမှုကို တွေ့ကြုံနေကြဖြစ်သည်။ ဤပျင်းရိငြီးငွေ့ဖွယ် ခရီးစဉ်က ရုတ်တရက် အလွန်စိတ်ဝင်စားစရာ ကောင်းလာတော့သည်။
ဝှစ်
အနီရောင် ဓားတစ်စင်းက ကောင်းကင်ကို ထိုးဖောက်လျက် အံ့သြဖွယ်ကောင်းသည့် အရှိန်ဖြင့် ပျံသန်းသွားတော့သည်။ ကျန်းရီက ထိုဓားလေးကို အကန့်အသတ်ထိ တွန်းထုတ်လိုက်ရာ သူ၏အရှိန်က ဝိညာဉ်ဝါးမျို မိချောင်းထက် ပိုမြန်ဆန်ပြီး ဖုန်းလန်နှင့် အရှိန်တူညီကြောင်း သိလိုက်ရသည်။
စိတ်ဝိညာဉ်ဓားက အနားတစ်ဝိုက်၌ လှည့်ပတ်သွားလာနေသည်။ ပြီးနောက် ကျန်းရီက တန်းတန်းမတ်မတ် ပျံသန်းခိုင်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ဆယ်မိုင်ကျော် အကွာကိုတောင် သွားနိုင်ပေ၏။ ခဏအကြာတွင် စိတ်ဝိညာဉ် ဓားလေးသည် မိုင်ရှစ်ဆယ်ကျော် ပျံသန်းပြီးဖြစ်ကာ ကျန်းရီက သူထပ်မံ မထိန်းချုပ်နိုင်တော့ဟု ခံစားလိုက်မိ၏။ စိတ်ဝိညာဉ်ဓားလေး လေထဲတွင် ရပ်တန့်သွားစဉ် ကျန်းရီက ၎င်းကိုအမြန် ဆွဲယူပြီး သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ထည့်လိုက်တော့သည်။
ကျန်းရီက မျက်လုံးဖွင့်ပြီး ရှေ့ကိုကြည့်လိုက်သည်။ သူက လွှမ်းမိုးခံလိုက်ရတော့သည်။
“အမ် ဒီစိတ်ဝိညာဉ်ဓားက ပျံသန်းနိုင်တဲ့ အကွာအဝေးက ကောင်းကင်စိတ်အာရုံနဲ့ တူတူပဲ။ မိုင်ရှစ်ဆယ်က လုံလောက်အောင် ကောင်းနေပြီ။ ရန်သူရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်မယ်ဆိုရင် မိုင်တစ်ဒါဇင် အကွာကနေ ရန်သူတွေကို သတ်ဖြတ်နိုင်မှာပဲ”
“ဒီစိတ်ဝိညာဉ်ဓားကို အခုကစပြီး ဝိညာဉ်ဓားလို့ အမည်ပေးသင့်တယ်။ သူက တိုက်ခိုက်နိုင်ပြီး ဖျက်ဆီးခံရပြီးတဲ့နောက် ပင်မစိတ်ဝိညာဉ်ကို မထိခိုက်စေဘူးဆိုရင် အလစ်တိုက်ခိုက်ဖို့အတွက် တကယ်ကောင်းတဲ့ စွမ်းရည် ဖြစ်လာမှာပဲ”
ကျန်းရီက လွှမ်းမိုးခံလိုက်ရပြီး ဆက်လက် လေ့လာနေရာ သူ၏စိတ်ထဲ၌ မြင်ကွင်းတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။ ကောင်းကင်၌ အဖြူရောင်အလင်းတန်း ဖြတ်ခနဲ ပေါ်လာပြီး ကောင်းကင်ထဲရှိ အက်ကွဲကြောင်းမှ ဧရာမ ပုဆိန်တစ်လက် ကျလာတော့သည်။ အက်ကွဲကြောင်း ပျောက်ကွယ်သွားပြီးနောက် သူ၏စိတ်ထဲရှိ မြင်ကွင်းပါ ပါသွားတော့သည်။
“အမ် နောက်ထပ် ရတနာတစ်ပါး ရသွားတာလား။ ဒါပဉ္စမအဆင့် ရတနာမလား။ ဘယ်သူရသွားလဲဆိုတာ သိချင်လိုက်တာ”
ကျန်းရီ၏ မျက်လုံးထဲတွင် စိတ်ပျက်သည့် အရိပ်အယောင် ပေါ်လာသည်။ သူသည် နဂါးညှိုးရော် မြက်ပင်ရရန် မျှော်လင့်ချက်အပိုများ မရှိသော်ငြား ရချင်စိတ်တော့ ရှိသည်။
ရတနာရသွားသည့် လူအားလုံးကို မြင်ပြီး ထိုသခင်လေးများနှင့် သခင်မလေးများ အဆင့်ကို ဖြတ်သန်းသည့်အရှိန်က မည်မျှမြန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်နိုင်သည်။ ထိုအဆင့်များကို သူဖြတ်သန်းနိုင်မည် ဆိုလျှင်တောင် ထိုရတနာများကို ရယူနိုင်မည်ဆိုတာ မသေချာဟု သူပြောနိုင်သေးသည်။
“မီးတိမ်လေနဲ့ မီးတိမ်သံချပ်ကာကို ဘယ်သူရသွားလဲဆိုတာ သိချင်မိတယ်။ ကောင်းကင်ရှောင်တိမ်း နတ်ဘုရားသိုင်းက ဘယ်လိုလျို့ဝှက် သိုင်းမျိုးလဲ။ နဂါးညှိုးရော် မြက်ကရော ဘယ်လိုပုံစံမျိုးလဲ။ သခင်မလေး ရီချန်းကရော ဘယ်နေရာမှာများလဲ”
ကျန်းရီ၏ စိတ်ထဲတွင် သံသယများစွာ ရှိနေပြီး သူက ခမ်းနားဆန်းကြယ်သော ဖုန်းတုမြို့ဆီသို့ တစ်ဟုန်ထိုး သွားလိုက်တော့၏။
***