ကျိုးရှစ်ကျီ
Vol. 21 Ch. 302
"ငါ ဘယ်လောက်တောင် ထပ်စောင့်နေရဦးမှာလဲ"
ရှဲ့ဝမ်ရှို့၏ ရုံးခန်းအတွင်းမှအားမလိုအားမရဖြစ်နေသော အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေးတစ်ယောက်က မင်းကို သဘောကျနေလို့သာပေါ့... မဟုတ်ရင် မင်း သေနေလောက်ပြီ"
ထိုသူက သတိပေးလိုက်သည်။
ရှဲ့ဝမ်ရှို့အနေဖြင့် စောဒကတက်ချင်သော်လည်း သူ၏ရှေ့မှ လူကို ယှဉ်ပြိုင်နိုင်စွမ်းမရှိမှန်း သိနေသဖြင့် ဘာမှ ပြန်မပြောခဲ့ပေ
အခြေအနေသည် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ သို့သော် ရှေ့မှလူသည်လည်း ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်
ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသည်ကို မြင်သောအခါ ပိုင်ကျီဟန်ကိုသာ နာခံခြင်းက ပို၍ ပညာရှိရာရောက်မည်ဟု သူမ နားလည်လိုက်သည်။
အကြောင်းမှာ ကျိုးရှစ်ကျီဆိုသူမှာလည်း သူမကို စောင့်ကြည့်ရန် လွှတ်ထားသော လူသတ်သမားနှစ်ဦးနှင့် အဆင့်တူလောက်သာ ရှိပုံရသောကြောင့် ဖြစ်သည်။
(သူတို့နှစ်ယောက် သေသွားပြီဆိုတာ ဒီလူ အခုထိ မသိသေးတဲ့ပုံပဲ)
"သူတို့ မကြာခင် ရောက်လာတော့မှာပါ။ အလတ်စား မိသားစုတစ်ခုကို ဖျက်ဆီးဖို့ ဒီလောက်တောင် ကြာမယ်လို့ မထင်ထားမိဘူး... သူတို့ အချိန်ဆွဲနေကြတာလား မသိဘူး"
သူမ လိမ်ညာပြောဆိုလိုက်သည်။
ကျိုးရှစ်ကျီရောက်လာရသည့် အကြောင်းရင်းမှာ ရှဲ့ဝမ်ရှို့ထံသို့ စေလွှတ်ထားသော ကိုယ်ရံတော်နှစ်ဦးထံမှ သတင်းပို့ချက်များ ပြတ်တောက်သွားသောကြောင့် ဖြစ်သည်။
အချိန်နှောင့်နှေးမှုများ ရှိတတ်သော်လည်း နှစ်ပတ်တိတိ သတင်းအစအန မရရှိခြင်းမှာ လက်ခံနိုင်စရာ မရှိပေ။ ထို့ကြောင့် သူကိုယ်တိုင် လာရောက်စစ်ဆေးခြင်း ဖြစ်သည်။
ထိုစောင့်ကြည့်သူနှစ်ဦးသည် ရှဲ့ဝမ်ရှို့အား စော်ကားသော မိသားစုတစ်ခုအား သွားရောက်တိုက်ခိုက်နေပြီး သူမ၏ အမိန့်ကို ဆောင်ရွက်နေကြကြောင်း ပြောပြထားသည်။
ယခင်ကလည်း ထိုသို့ ပြုလုပ်ဖူးသဖြင့် ကျိုးရှစ်ကျီ ယုံကြည်သွားခြင်း ဖြစ်သည်။
ဒေါက်! ဒေါက်!
ကျိုးရှစ်ကျီသည် စိတ်မရှည်စွာဖြင့် ကြမ်းပြင်ကို ခြေဆောင့်လိုက်သည်။
"တောက်..သခင်လေးက ဘာလို့ ဒီမိန်းမကို တစ်ခါတည်း ခေါ်မသွားတာလဲ မသိဘူး"
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
မကြာမီမှာပင် ရှဲ့ဝမ်ရှို့၏ စိတ်ထဲသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။
(သခင်လေးပိုင် ရောက်နေပြီ)
သူမ မတ်တပ်ရပ်လိုက်မိသည်။ ပိုင်ကျီဟန် အမြန်ရောက်လာသည့်အတွက် အလွန်ပင် စိတ်သက်သာရာ ရသွားသည်။ ကျိုးရှစ်ကျီကို မည်မျှကြာအောင် ထပ်မံ လှည့်ဖြားထားနိုင်မည်ကို သူမ မသိတော့ပေ။ ယခုမူ သူမ လိမ်နေစရာ မလိုတော့ပြီ။
ခဏအကြာတွင် ပိုင်ကျီဟန်သည် ခုန်ကျန်းဟုန်နှင့်အတူ ရှဲ့ဝမ်ရှို့၏ ရုံးခန်းအတွင်းသို့ ဝင်လာသည်။
သူသည် တံခါးပင် မခေါက်ဘဲ မိမိအိမ်ကဲ့သို့ပင် ရဲရဲတင်းတင်း ဝင်လာခဲ့သည်။
"မင်းက ဘယ်သူလဲ"
ပိုင်ကျီဟန်ကို အခြားဧည့်သည်တစ်ဦးဟု ထင်မှတ်ကာ ကျိုးရှစ်ကျီက မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"နောက်မှ ပြန်လာခဲ့... ငါ အခု ရှဲ့ဝမ်ရှို့နဲ့ အရေးကြီးကိစ္စ ပြောနေတယ်"
ကျိုးရှစ်ကျီသည် အမိန့်ပေးသလို ပြောဆိုလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါက ရှဲ့ဝမ်ရှို့ဆီ လာတာမဟုတ်ဘူး"
ပိုင်ကျီဟန်က ကြေညာလိုက်သည်။
"ငါက မင်းဆီကို လာတာ"
တစ်မိနစ်ခန့် ကြာပြီးနောက်
"မင်း... မင်း ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့လေ၊ မင်း နောင်တရစေရမယ်”
ကျိုးရှစ်ကျီ လက်နှစ်ဖက်စလုံး အပိတ်ခံထားရပြီး သူ၏ အကြောများအားလုံး ပိတ်ဆို့ခံထားရသဖြင့် အော်ဟစ်ရုံမှတစ်ပါး ဘာမှမတတ်
နိုင်တော့ပေ။
လက်ရှိ ပိုင်ကျီဟန် အတွက်မူ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူများသည် ဇာတ်လိုက်များကဲ့သို့ အစွမ်းထက်သည့် ဝှက်ဖဲများမရှိလျှင် ဘာအကြောင်းမှ မဟုတ်တော့ပေ။
"ရှဲ့ဝမ်ရှို့... နင် ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ၊ နင်က သခင်လေးရဲ့ မျက်နှာသာပေးမှုကို ခံထားရတယ်ဆိုပေမဲ့ အလွယ်တကူ လွတ်မြောက်သွားမယ်လို့ မထင်နဲ့"
ကျိုးရှစ်ကျီသည် တံတွေးထွေးရင်း ပြောလိုက်သည်။
ရှဲ့ဝမ်ရှို့၏ မျက်နှာမှာ နီမြန်းနေသော်လည်း သူမ၏မျက်ဝန်းများတွင် ကြောက်ရွံ့မှုထက် ဒေါသများက ပို၍တောက်လောင်နေသည်။
"ငါ့ကို ပန်းအိုးထဲမှာ ထည့်သိမ်းထားရမဲ့ အဖိုးတန်ပန်းတစ်ပွင့်လို့ နင် ထင်နေတာလား? နင့်ရဲ့ အဲဒီသခင်လေးကို ငရဲပဲသွားခိုင်းလိုက်"
သူမက ခနဲ့လိုက်သည်။
ပိုင်ကျီဟန်ကတော့ ထိုကိစ္စကို သိပ်ဂရုမစိုက်သော်လည်း သူမသည် ပစ္စည်းတစ်ခုကဲ့သို့ အဆက်ဆံခံရခြင်းကို အလွန်မုန်းတီးသူဖြစ်သည်။
"နင်... နင်၊သခင်လေး သိသွားတဲ့နေ့ကျရင် နင် နောင်တရစေရမယ်"
ကျိုးရှစ်ကျီသည် တိုင်ကိုမှီထားရာမှ ထထိုင်ရင်း တုန်တုန်ရင်ရင် ပြောလိုက်သည်။
"မင်းရဲ့ အပိုစကားတွေကို ရပ်လိုက်တော့။ ငါသိချင်တာကို ပြောမလား၊ ဒါမှမဟုတ် မင်းရဲ့ အသက်ကို နှုတ်ဆက်မလား" ပိုင်ကျီဟန်က ဆိုလိုက်သည်။
"မင်းတို့ရဲ့ ဌာနချုပ် ဘယ်မှာလဲ?" သူက တိုက်ရိုက်မေးလိုက်သည်။
"ငါ အငိုက်မိသွားတာနဲ့ပဲ ဖြေမယ်ထင်နေလား? အခုချက်ချင်း ငါ့ကိုလွှတ်၊ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်" ကျိုးရှစ်ကျီသည် မောက်မာစွာ ပြန်ပြောသည်။
သူကိုယ်သူ လူကောင်ကြီးတစ်ယောက်ဟု ထင်နေဆဲပင်။
"ဟုတ်လို့လား?"
ငါးမိနစ်ခန့် ကြာပြီးနောက်
"ကျွန်တော် ပြောပါ့မယ်! ပြောပါ့မယ်။ ကျေးဇူးပြုပြီး ရပ်ပေးပါတော့”
ပိုင်ကျီဟန်သည် နှိပ်စက်ညှင်းပန်းခြင်းအတတ်ပညာကို ကောင်းစွာ ကျွမ်းကျင်နေပြီဖြစ်သည်။
ခုန်ကျန်းဟုန်နှင့် ရှဲ့ဝမ်ရှို့တို့သည် လူကြီးတစ်ယောက်ကို ကလေးတစ်ယောက်ကဲ့သို့ ငိုယိုအောင် ပြုလုပ်နိုင်သည့် ပိုင်ကျီဟန်၏ နောက်ထပ်စွမ်းဆောင်ရည်တစ်ခုကို ကြည့်နေရသည်။
ယခင်က မောက်မာခဲ့သော ကျိုးရှစ်ကျီသည် ယခုအခါတွင် ဤငရဲခန်းမှ လွတ်မြောက်ရန်သာ တောင်းဆိုနေသည့်သူ ဖြစ်သွားသည်။
ပိုင်ကျီဟန်ကမူ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
"အသုံးဝင်မဲ့ စကားမျိုးကနေ စပြောတာ ပိုကောင်းလိမ့်မယ်" ပိုင်ကျီဟန်က ဆိုသည်။
ကျိုးရှစ်ကျီသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း စိတ်ကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း အဆုံးတွင် အားလုံးကို ဖွင့်ပြောလိုက်ရတော့သည်။
"ကျွန်တော်... ကျွန်တော် ဌာနချုပ် ဘယ်မှာလဲဆိုတာ တကယ်မသိပါဘူး"သူက ဝန်ခံလိုက်သည်။
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
"ကျွန်တော် အမှန်အတိုင်း ပြောတာပါ" ကျိုးရှစ်ကျီက ထပ်လောင်းပြောသည်။ “ဌာနချုပ်ကို သတင်းမပို့တော့တဲ့ လူနှစ်ယောက်ကို လာစစ်ဆေးဖို့ပဲ ကျွန်တော့်ကို လွှတ်လိုက်တာပါ"
ကျိုးရှစ်ကျီ၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူ၏ မာနသည် ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်နေသော ကြောက်ရွံ့မှုကို မယှဉ်နိုင်တော့ပေ။
"ဒါဆို မင်း ဘယ်နေရာမှာ အခြေစိုက်ပြီး အလုပ်လုပ်တာလဲ?"
ပိုင်ကျီဟန်သည် တည်ငြိမ်သော်လည်း သေမိန့်ပေးသူ၏ ဓားသွားကဲ့သို့ လေးလံသော အသံဖြင့် မေးလိုက်သည်။
ကျိုးရှစ်ကျီသည် ခုခံရန် ကြိုးစားရင်း မေးကြောကို တင်းတင်းစေ့ထားသော်လည်း လေထုထဲတွင် ပျံ့လွင့်နေသည့် သေမင်း၏ အအေးဓာတ်ကြောင့် နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူ၏အသံသည် အက်ကွဲကာ ရှုံးနိမ့်မှုကို ဝန်ခံလိုက်ရသည်။
"ကျွန်တော်... ကျွန်တော်က ဌာနချုပ်က မဟုတ်ပါဘူး။ ဌာနခွဲတစ်ခုမှာ အခြေစိုက်တာပါ"
ပိုင်ကျီဟန်၏ အကြည့်များက စူးရှသွားသည်။
"ဘယ်နေရာမှာလဲ?"
ကျိုးရှစ်ကျီ တွန့်ဆုတ်နေသော်လည်း အသက်ရှူကျပ်မတတ် ဖိအားပေးနေသော အရှိန်အဝါအောက်တွင် ပြိုလဲသွားတော့သည်။
"အဲဒါက... ဟိုးကောင်းကင်အင်ပါယာ ရဲ့ အပြင်ဘက်မှာပါ။ ဒီကနေ အနောက်ဘက်မှာရှိတဲ့ ကြယ်ကြွေအင်ပါယာထဲမှာပါ။ ခင်ဗျားတို့ အင်ပါယာနဲ့ ယှဉ်ရင် သေးငယ်ပြီး အားနည်းတဲ့ နေရာလေးပါ၊ ဒါပေမဲ့—" သူ တံတွေးတစ်ချက် မျိုချလိုက်သည်။
"သူတို့က အဲဒီမှာ ဌာနခွဲတစ်ခု ဖွင့်ထားတယ်။ အဲဒီနေရာက အနက်ရောင်မီးအိမ်အဖွဲ့နဲ့ အနီးဆုံး ဖြစ်နေလို့ ကျွန်တော့်ကို စုံစမ်းဖို့ လွှတ်လိုက်တာပါ"
ပိုင်ကျီဟန်သည် စားပွဲကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း ပါးစပ်ဖျားတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
"ကြယ်ကြွေအင်ပါယာ ဟုတ်လား...?"
ခဏမျှ သူ ဘာမှမပြောဘဲ စဉ်းစားနေမိသည်။
အခြားအင်ပါယာတစ်ခုတွင် ဌာနခွဲရှိသည်ဆိုခြင်းမှာ ဤအဖွဲ့အစည်းသည် သာမန် အရိပ်ဂိုဏ်းငယ်လေးတစ်ခု မဟုတ်ကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် နယ်နိမိတ်များကို ကျော်လွန်၍ သူတို့၏ လက်သည်းများကို ဖြန့်ကျက်နိုင်သည့် အင်အားနှင့် ယုံကြည်မှု ရှိနေကြသည်။
(အင်ပါယာအသီးသီးမှာ ဌာနခွဲတွေရှိပြီး ငါ့ရဲ့ ပိုင်မျိုးနွယ်စု ကိစ္စတွေထဲအထိ ဝင်ရှုပ်နေတဲ့ အဖွဲ့အစည်းလား... သူတို့က ဒီက ဘယ်မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းထက်မဆို ပိုအစွမ်းထက်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီလောက် အစွမ်းထက်လို့ မောက်မာနေကြတာပဲ ဖြစ်ရမယ်)
၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်သော်လည်း အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ အကယ်၍ မှန်ကန်ခဲ့လျှင် သူသည် ကနဦးက ထင်ထားသည်ထက် များစွာ အမြစ်တွယ်နေသော ပြိုင်ဘက်တစ်ခုနှင့် တိုးနေပြီဖြစ်သည်။
"အဲဒီဌာနခွဲအကြောင်း ငါ့ကိုပြောစမ်း" ပိုင်ကျီဟန်သည် လိမ်ညာရန် အခွင့်အရေးမပေးသော လေသံဖြင့် နောက်ဆုံးတွင် ပြောလိုက်သည်။"အဲဒီက အင်အား၊ လူဦးရေနဲ့ ခေါင်းဆောင်တွေအကြောင်း... ဘာမှမချန်ဘဲ အကုန်ပြော”
ခြုံငုံကြည့်လျှင် ကြယ်ကြွေအင်ပါယာရှိ ဌာနခွဲသည် ကြောက်လန့်စရာ မဟုတ်သော်လည်း ထိုအင်ပါယာအတွင်း၌မူ အတော်အတန် အစွမ်းထက်သည်ဟု သတ်မှတ်နိုင်သည်။
၎င်းကို ဗလာ သန့်စင်ခြင်းအဆင့်အကြီးအကဲ သုံးဦးခန့်က ကြီးကြပ်ပြီး ကျိုးရှစ်ကျီကဲ့သို့ လူများသည် ဌာနချုပ်မှ အမိန့်များကို နာခံဆောင်ရွက်ကြသည်။ ကျန်ရှိသူများမှာမူ အများအားဖြင့် အသုံးချခံ လက်ပါးစေများသာ ဖြစ်ကြသည်။
ထိုဌာနခွဲကို အမြစ်ပြတ်ချေမှုန်းရန်မှာ ပိုင်ကျီဟန်၏ လက်ရှိအင်အားဖြင့် ခက်ခဲနိုင်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ကျိုးရှစ်ကျီသည် ဌာနခွဲများ တည်ထောင်ရခြင်း၏ စစ်မှန်သော ရည်ရွယ်ချက်ကို မသိသော်လည်း ၎င်းမှာ ကြယ်ကြွေအင်ပါယာကို ထိန်းချုပ်ရန် ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းထားသည်။
အကြောင်းမှာ ၎င်းတို့သည် မင်းသားတစ်ပါးကို ကျောထောက်နောက်ခံပေးထားပြီး သူ၏ ပြိုင်ဘက်များကို ရှင်းလင်းသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးနေသောကြောင့် ဖြစ်သည်။
(ဒါဆို ဘာလို့ ကောင်းကင်အင်ပါယာထဲမှာကျ ဌာနခွဲမရှိရတာလဲ...?)
မရှိခြင်းမဟုတ်ဘဲ ကျိုးရှစ်ကျီကဲ့သို့ လူမျိုးများကို အမှောင်ချထားခြင်းလည်း ဖြစ်နိုင်သည်။
သူသည် ဌာနချုပ်နှင့် တိုက်ရိုက်
အဆက်အသွယ် ရှိပုံမရဘဲ ဤဌာနခွဲသည် အနီးဆုံးဖြစ်သည်ဟု အပြောခံထားရသော လက်ပါးစေတစ်ဦးသာ ဖြစ်သည်။
၎င်းမှာ ကောင်းကင်အင်ပါယာအတွင်းရှိ ဌာနခွဲတည်ရှိမှုကို ဖုံးကွယ်ရန် ပေးထားသော ဆင်ခြေတစ်ခုလည်း ဖြစ်နိုင်သည်။
သို့မဟုတ်လျှင်လည်း ထိုဌာနခွဲရှိ လူများသည် အလွန်အလုပ်များနေ၍လည်း ဖြစ်နိုင်သည်။
ကြယ်ကြွေအင်ပါယာတွင် ၎င်းတို့လုပ်ဆောင်နေသည်များကို ကြည့်ခြင်းအားဖြင့် ဤအင်ပါယာတွင်လည်း ထိုနည်းအတိုင်းပင် ကြိုးပမ်းနေဖွယ်ရှိပြီး မကြာမီ သေဆုံးတော့မည်ဟု ယူဆရသော ဧကရာဇ်မင်း၏ အခြေအနေကြောင့် ဤအစီအစဉ်များမှာ ပို၍ပင် ဖြစ်နိုင်ခြေရှိနေပေတော့သည်။
မင်းသား (သို့မဟုတ်) မင်းသမီးတစ်ပါးကို ထိန်းချုပ်နိုင်ပြီး ထီးနန်းပေါ် တင်ပေးနိုင်သရွေ့ သူတို့သည် ကောင်းကင်အင်ပါယာ၏ အနည်းဆုံး တစ်ဝက်ခန့်ကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
အကြောင်းမှာ အဓိက မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများသည် တော်ဝင်မိသားစု၏ အမိန့်ကို နာခံရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ထိုသူများကို အတင်းအကျပ် အညံ့ခံခိုင်းစေနိုင်မှသာ စစ်မှန်သော ထိန်းချုပ်မှုကို ထူထောင်နိုင်မည်ဖြစ်သည်။ မဟုတ်ပါက လက်ရှိ တော်ဝင်မိသားစုကဲ့သို့ပင် အပေါ်ယံတွင်သာ အထွတ်အထိပ် ရောက်နေပြီး အကြွင်းမဲ့အာဏာနှင့်မူ အလှမ်းဝေးနေပေလိမ့်မည်။
ဥပမာအားဖြင့် ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ပိုင်မျိုးနွယ်စု ကဲ့သို့သော မိသားစုမျိုးကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။
ပိုင်ကျီဟန်၏ အကြည့်များ စူးရှသွားပြီး သူ၏လက်ချောင်းများသည် ကုလားထိုင်လက်တန်းကို သာသာယာယာ ခေါက်နေသည်။ သူသည် အချိန်များစွာ ရှိနေသကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။
"မင်းသိတာ ဒါအကုန်ပဲလား?"
ခပ်တိုးတိုးမေးလိုက်သော်လည်း ထိုတည်ငြိမ်သောအသံမှာ အော်ဟစ်သံများထက်ပင် ပို၍ လေးလံဖိစီးနေသည်။
ကျိုးရှစ်ကျီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
"ကျွန်တော် ကျိန်ပြောရဲပါတယ်။ သိသမျှ အကုန်ပြောပြပြီးပါပြီ။ ဌာနချုပ်က ဘယ်မှာလဲဆိုတာ ဒါမှမဟုတ် ဌာနချုပ်မှာ ဘယ်သူတွေရှိလဲဆိုတာ ကျွန်တော် တကယ်မသိတာပါ"
ထိုစကားအပြီးတွင် လေးလံထိုင်းမှိုင်းသော တိတ်ဆိတ်မှုသည် ကြာရှည်စွာ ဖုံးလွှမ်းသွားသည်။
ထို့နောက် ပိုင်ကျီဟန်က ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး နွေးထွေးမှုမရှိသော အပြုံးဖြင့် ဆိုလိုက်သည်။
"ဒါဆိုရင် မင်းက ငါ့အတွက် ဘာမှအသုံးမဝင်တော့ဘူးပေါ့?"
ကျိုးရှစ်ကျီ၏ နှလုံးသားမှာ ဗုန်းဗုန်းလဲသွားတော့သည်။
သူ၏လက်ကောက်ဝတ်ရှိ သံကြိုးများသည် ရုန်းကန်မှုကြောင့် တချောက်ချောက် မြည်သွားသည်။ ကြောက်ရွံ့မှုသည် သူ၏ မာနနှင့် သစ္စာရှိမှုကို လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။
"ခဏ... ခဏစောင့်ပါ။ သိနိုင်မဲ့သူတစ်ယောက် ရှိပါသေးတယ်”
သူသည် ထိတ်လန့်တကြား ပွင့်အန်ပြောလိုက်သည်။
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောဘဲ ဆက်လက်နားထောင်နေသည်။
"ဌာနခွဲ ခေါင်းဆောင်ပါ" ကျိုးရှစ်ကျီသည် သူ၏ အသုံးဝင်မှုကို သက်သေပြရန် အလျင်အမြန် ဆက်ပြောသည်။
"သူက ဌာနချုပ်က လူတွေနဲ့ ခဏခဏ အဆက်အသွယ်ရှိတယ်။ ခင်ဗျားသိချင်တာကို သိနိုင်တဲ့သူ ရှိတယ်ဆိုရင် အဲဒါ သူပါပဲ”
"အင်း..."
ပိုင်ကျီဟန်သည် ခပ်တိုးတိုးသာ တုံ့ပြန်လိုက်သည်။
ကျိုးရှစ်ကျီသည် အက်ကွဲနေသော အိုးထဲမှ ရေများထွက်လာသကဲ့သို့ စကားများကို အဆက်မပြတ် ဆက်ပြောတော့သည်။
"ကျွန်တော်... ကျွန်တော် လမ်းပြနိုင်ပါတယ်။ဌာနခွဲကို ဘယ်လိုသွားရမလဲဆိုတာ ကျွန်တော်တစ်ယောက်ပဲ သိတာပါ။ ကျွန်တော်မပါရင် ခင်ဗျား ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး။ ကျွန်တော့်ကို ခေါ်သွားရင် ခင်ဗျား သိချင်တဲ့ အဖြေတွေ ရပါလိမ့်မယ်”
ပိုင်ကျီဟန် ခဏမျှ စဉ်းစားလိုက်သည်။ လောလောဆယ် သူ အရေးတကြီး ဖြေရှင်းစရာ ကိစ္စလည်း မရှိပေ။
၎င်းအပြင် ကျိုးရှစ်ကျီ ပျောက်ဆုံးသွားပါက ထိုအဖွဲ့ကို သတိပြုပေးရာ ရောက်နိုင်သည်။
"ကောင်းပြီလေ။ ငါ မျှော်လင့်တာကတော့..." ပိုင်ကျီဟန်က ရှေ့သို့ ကိုင်းလိုက်ပြီး ကျိုးရှစ်ကျီ၏ တုန်ရီနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ "မင်း ငါ့ကို လိမ်မပြောဖို့ပဲ"
ကျိုးစစ်ကျီသည် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားပြီး နားထင်မှ ချွေးစများ စီးကျလာသည်။
"ကျွန်တော်... ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော် လမ်းပြပါ့မယ်၊ ကျိန်ပြောရဲပါတယ်”
ပိုင်ကျီဟန်သည် ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း ထိုအသံမှာ စိတ်ချမ်းသာစရာထက် ခြိမ်းခြောက်မှုက ပို၍ ကဲနေသည်။
"ကောင်းပြီ။ ဘာလို့လဲဆိုတော့ မင်းသာ လိမ်ခဲ့ရင်... မင်းအတွက် သေခြင်းတရားဆိုတာတောင် အလွန်ညှာတာလွန်းတဲ့ လွတ်မြောက်မှုတစ်ခု ဖြစ်သွားစေရမယ်”