မင်းသမီး စွန်းယောင်ချင်း
Vol. 21 Ch. 304
ကြယ်ကြွေအင်ပါယာတွင် လူအများသိရှိထားကြသည့် ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်မှာ မဟာကောင်းကင်တက်ခြင်းအဆင့် ဖြစ်သည်။
ဒေသတွင်းတွင် အင်အားအကြီးဆုံးဖြစ်သော ကောင်းကင်အင်ပါယာတွက် ပိုင်ကျီဟန်၏ ဖခင်အပါအဝင် ထိုအဆင့်သို့ ရောက်ရှိသူ အများအပြားရှိသော်လည်း ကြယ်ကြွေအင်ပါယာရှိ ကျင့်ကြံသူများအတွက်မူ အရင်းအမြစ် ကန့်သတ်ချက်များကြောင့် ထိုနယ်ပယ်သို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲလှပေသည်။
၎င်းသည် ဒေသတွင်း၌ အင်အားအကြီးဆုံးဖြစ်သော ကောင်းကင်အင်ပါယာနှင့်အားအနည်းဆုံး ကြယ်ကြွေအင်ပါယာတို့ကြားရှိ ကွာဟချက်ပင် ဖြစ်သည်။
ကြယ်ကြွေအင်ပါယာသည်လည်း ထိုအချက်ကို ကောင်းစွာသိရှိထားသဖြင့် မိမိတို့ကို အချိန်မရွေး ချေမှုန်းပစ်နိုင်သည့် အိမ်နီးချင်းနိုင်ငံကို မပတ်သက်မိစေရန် အစွမ်းကုန် ကြိုးစားကြသည်။
မည်သို့ပင်ဆိုစေကာမူ မဟာကောင်းကင်တက်ခြင်းအဆင့် ကျင့်ကြံသူများကို အင်အားအကြီးဆုံးဟု သတ်မှတ်ကြပြီး ကြယ်ကြွေအင်ပါယာတွင် ထိုအဆင့်သို့ ရောက်ရှိနိုင်သူ အလွန်နည်းပါးလှသည်။
ထိုနယ်ပယ်သည် လူအများစုအတွက် လက်လှမ်းမမီနိုင်သော အရာဖြစ်ပြီး အဝေးမှသာ အားကျနိုင်သည့် အလှမ်းဝေးသော အိပ်မက်တစ်ခု ဖြစ်သည်။
သို့သော်လည်း မင်းသမီး စွန်းယောင်ချင်းမှာမူ သူမ၏ လူငယ်ဘဝမှာတင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤအချက်ကပင် အင်ပါယာသူ အင်ပါယာသားတို့၏ မျက်လုံးထဲတွင် သူမ၏ အနာဂတ်ကို အသေအချာ မြင်ယောင်စေခဲ့ပြီး အနှေးနှင့်အမြန် သူမသည် မဟာကောင်းကင်တက်ခြင်းအဆင့်သို့ ရောက်ရှိလာပေတော့မည်။
ထို့ထက်ပင် ကျော်လွန်၍ အင်မော်တယ်အဆင့် သို့ပင် ရောက်ရှိသွားနိုင်ချေ ရှိသည်။
လူအများအတွက် သူမသည် မျှော်လင့်ချက်တစ်ခု ဖြစ်၏ အခြားသူများအတွက်မူ သူမသည် သူမ၏ အစ်ကိုများထက်ပင် ပို၍ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေသည်။
မြို့တော်၏ ကျောက်ခင်းလမ်းမများပေါ်တွင် ငြိမ့်ညောင်းစွာ ခုတ်မောင်းနေသော ခမ်းနားထည်ဝါသည့် ရထားလုံးအတွင်း၌ အခြေအနေမှာ တင်းမာနေသည်။
ကတ္တီပါလိုက်ကာများသည် လမ်းမပေါ်မှ ဆူညံသံများကို ဖုံးကွယ်ထားသော်လည်း သူမ၏ အစေခံမလေး မင်ကျူ၏ စူးရှသောအသံကိုမူ မဖုံးကွယ်နိုင်ပေ။
"မင်းသမီးလေး... ဘယ်လိုလုပ်ပြီး ဘာသတင်းမှမပေးဘဲ ထပ်ထွက်သွားရတာလဲရှင့်?"
မင်ကျူ မျက်နှာမှာ စိုးရိမ်တကြီး ဖြစ်နေရုံသာမက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသည်။
သူမသည် သာမန်အစေခံတစ်ဦး မဟုတ်ဘဲ ဗလာသန့်စင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်ကာ ယောင်ချင်း၏ ကိုယ်ရံတော်လည်း ဖြစ်သည်။
အင်ပါယာအတွင်းရှိ အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦးကို ကိုယ်ရံတော်အဖြစ် ထားရသည်ကို ကြည့်ရုံဖြင့် ဧကရာဇ်မင်းမြတ်သည် မင်းသမီး စွန်းယောင်ချင်းကို မည်မျှအထိ ချစ်မြတ်နိုးကြောင်း သိသာစေသည်။
"မင်းသမီး နားလည်ပေးရပါမယ်၊ မင်းသမီးက အင်ပါယာမှာ အားအကောင်းဆုံးသူတွေထဲက တစ်ယောက် ဖြစ်နေရင်တောင် အန္တရာယ်ဆိုတာ နေရာတိုင်းမှာ ရှိနေတာပါ။ မင်းသမီးရဲ့ မောင်နှမတွေက ထီးနန်းတက်လှမ်းနိုင်ဖို့ လုပ်ကြံ သတ်ဖြတ်သူတွေကို လွှတ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ဒါမျိုးတွေက အရင်ကလည်း ဖြစ်ဖူးသလို နောက်လည်း ထပ်ဖြစ်နေဦးမှာပဲ။ အဲဒီလို အန္တရာယ်တွေကို ကျွန်မတို့ ပေါ့ပေါ့တန်တန် သဘောမထားနိုင်ပါဘူး”
အခြားအစေခံတစ်ဦးဖြစ်သူ မိန်လင်းကလည်း သူမ၏စကားကို လျင်မြန်စွာ ထောက်ခံပြီး လေသံမှာ ပိုမိုနူးညံ့သော်လည်း ပြတ်သားမှုကတော့ လျော့မသွားပေ။
"မင်းသမီးလေးရယ်... ကျွန်မတို့ တောင်းပန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲကို မတွန်းပို့ပါနဲ့။ ခမည်းတော် ဧကရာဇ်မင်းမြတ်က မင်းသမီးလေးကို ဘယ်အရာထက်မဆို ပိုပြီး တန်ဖိုးထားတာပါ။ တကယ်လို့ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်..."
စွန်းယောင်ချင်းသည် သူမ၏သွယ်လျသော လက်ချောင်းလေးများကို ပေါင်ပေါ်တွင်တင်ကာ တိတ်ဆိတ်စွာ ထိုင်နေသည်။
သူမ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်မူ မယိမ်းယိုင်သော ခိုင်မာသည့် ယုံကြည်ချက်များ ကိန်းအောင်းနေသည်။
"မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါနားလည်ပါတယ်" သူမက တည်ငြိမ်အေးဆေးသော အသံဖြင့် ပြောလိုက်သည်။
သူမကို အပြစ်တင်နေကြခြင်းမှာ သူမအတွက် စိုးရိမ်သောကြောင့် ဖြစ်သည်ကို သိသော်လည်း သူမကိုယ်တိုင် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာအချို့ ရှိနေသည်။
"နန်းတော်ထဲမှာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ ငါကောင်းကောင်းသိတယ်။ ဘယ်နှစ်ယောက်က ငါ့ကို စောင့်ကြည့်နေသလဲဆိုတာလည်း ငါသိတယ်၊ တချို့က မနာလိုတဲ့မျက်လုံးတွေနဲ့၊ တချို့ကတော့ သတ်ဖြတ်လိုတဲ့ စိတ်တွေနဲ့ပေါ့"
အစေခံများ တိတ်ဆိတ်သွားကြသည်။
စွန်းယောင်ချင်း၏ အကြည့်သည် လိုက်ကာများ အနည်းငယ် ဟသွားသောပြတင်းပေါက်ဆီသို့ ရောက်သွားရာ မြို့တော်၏ လမ်းမများပေါ်မှ မြင်ကွင်းများကို တွေ့လိုက်ရသည်— ဆင်းရဲမွဲတေမှုများ၊ မျှော်လင့်ချက်ကင်းမဲ့နေမှုများ၊ ပြီးတော့ တောင်းရမ်းသူများ ၊ လှည့်တောင်မကြည့်ဘဲ ဖြတ်မောင်းသွားကြသည့် မှူးမတ်မျိုးနွယ်စုဝင်များ၏ အနှစ်သာရမရှိသော ရယ်မောသံများ.."ဒါပေမဲ့ ငါသာ ရွှေရောင်နံရံတွေနောက်ကွယ်မှာ ပုန်းနေမယ်ဆိုရင်... ဒီအင်ပါယာရဲ့ ဆင်းရဲဒုက္ခတွေကို ငါဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ? ဘာတွေ ပြောင်းလဲပစ်ဖို့ လိုအပ်သလဲဆိုတာကိုရော ငါဘယ်လို သိနိုင်ပါ့မလဲ?"
သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သဖြင့် ငွေဖြူရောင်လက်ကောက်သည် သူမ၏လက်ကောက်ဝတ်ပေါ်တွင် တင်းကျပ်သွားသည်။ "ငါ့မျက်လုံးနဲ့ကိုယ်တိုင် မြင်တွေ့ရမယ်။ ဒါမှသာ ပုပ်ပွနေတဲ့ ဒီအင်ပါယာကို ကယ်တင်နိုင်ဖို့ ငါမျှော်လင့်နိုင်မှာ။" သူမ၏စကားများကြောင့် ရထားလုံးအတွင်း တိတ်ဆိတ်သွားပြီး သူမ၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုမှာ လေထုထဲတွင် လေးလံသွားသည်။ ဆက်လက် ထွက်ခွာလာသည်နှင့်အမျှ မြို့တော်၏ ဆူညံသံများမှာ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သည်။ ဘေးမှလိုက်ပါလာသော ကိုယ်ရံတော်များမှာမူ လက်နက်များကို လက်အနီးတွင် အသင့်ထားကာ သတိအပြည့်ဖြင့်
လိုက်ပါလာကြလေသည်။
သို့သော် မင်းသမီး စွန်းယောင်ချင်းသည် ခေါင်းကို အနည်းငယ်ငုံ့ကာထိုင်နေပြီး မျက်ဝန်းများထဲတွင် အင်ပါယာတစ်ခုလုံး၏ ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်တွင်တင်ထားရသည့် ဝမ်းနည်းရိပ်နှင့် ခိုင်မာပြတ်သားမှုတို့ ဒွန်တွဲနေသည်။
ရထားလုံးအတွင်းမှ တိတ်ဆိတ်မှုသည် အမွှေးတိုင်မီးခိုးများကဲ့သို့ပင် ထူထပ်စွာ လွှမ်းမိုးနေသည်။ အစေခံများသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ဆက်လက်၍ ငြင်းခုံရန် မဝံ့ရဲကြတော့ပေ။
နောက်ဆုံးတွင် အစေခံနှစ်ဦးထဲမှ အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသောမိန်လင်းသည် ဟိုစကားလုံးများကို ထိန်းမထားနိုင်တော့သကဲ့သို့ပင် ဗြုန်းခနဲ ပြောချလိုက်သည်။
"မင်းသမီးလေး... နောက်ဆုံးရသတင်းကို ကြားပြီးပြီလား”
စွန်းယောင်ချင်း၏ မျက်လုံးများသည် သူမထံသို့ ပျင်းရိငြီးငွေ့စွာ ရောက်ရှိလာပြီး သူမသည် မိန်လင်းနှင့်မတူဘဲ အတင်းအဖျင်းပြောကာ အချိန်ဖြုန်းရသည်ကို မနှစ်သက်ပေ။
"သတင်း...?"
မိန်လင်းသည် သူမ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ယှက်သန်းလျက် အသံကို နှိမ့်လိုက်သည်။
"နန်းတော်ထဲမှာ လူတိုင်း ဒါကိုပဲ ပြောနေကြတာ။ ကောင်းကင်အင်ပါယာက ပိုင်မျိုးနွယ်စုရဲ့ သခင်လေး ပိုင်ကျီဟန်က ကျွန်မတို့ ကြယ်ကြွေအင်ပါယာကို လာနေတယ်လို့ ပြောနေကြတယ်”
မင်ကျူ မျက်နှာမှာ တင်းခနဲ ဖြစ်သွားသည်။
"လျှောက်မပြောနဲ့၊ အဲဒီလိုလူမျိုးက ငါတို့အင်ပါယာကို ဘာလာလုပ်မှာလဲ? သတင်းတွေကို ဒီအတိုင်း စည်းကမ်းမရှိ မလွှင့်ပါနဲ့”
သို့သော် မိန်လင်းသည် ခေါင်းခါလိုက်ပြီး လေသံကို မြှင့်ကာ အတင်းအကျပ် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး၊ တကယ်ပြောတာ။ ကောင်းကင်အင်ပါယာရဲ့ သခင်လေးက ရုတ်တရက် အလည်အပတ်လာမယ့်ကိစ္စကြောင့် ဧကရာဇ်မင်းမြတ်နဲ့ မှူးမတ်တွေတောင် အတော်လေး ဇဝေဇဝါ ဖြစ်နေကြတယ်လို့ ကြားတယ်"
အမှန်စင်စစ် ပိုင်မျိုးနွယ်စုဆိုသည်မှာ ၎င်းတို့မျိုးနွယ်စုတစ်ခုတည်း၏ အင်အားနှင့်တင် အင်ပါယာတစ်ခုလုံးကို ယှဉ်နိုင်သည်ဟု ဆိုစမှတ်ပြုကြရသူများ ဖြစ်သည်။
ထိုသို့သော မျိုးနွယ်စု၏ အမွေဆက်ခံသူ လာရောက်လိုသည်ကို ၎င်းတို့အနေဖြင့် ပေါ့ပေါ့တန်တန် ငြင်းပယ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် ပိုင်ကျီဟန်ဆိုသူမှာ ကြယ်ကြွေအင်ပါယာတွင် အမည်မသိ လူစိမ်းတစ်ယောက်တော့ မဟုတ်ပေ။
သူနှင့်ပတ်သက်သည့် ကောလာဟလအချို့မှာ ကြယ်ကြွေအင်ပါယာသို့ ပျံ့နှံ့ရောက်ရှိနေပြီးသား ဖြစ်သည်။ သို့သော် လူအများစုမှာမူ နဂါးနှင့်ဖီးနစ် ပြိုင်ပွဲတွင် အနိုင်ရမည်ဟု နာမည်ကြီးနေသူ၏ မောင်တော်စပ်သူအဖြစ်သာ သိထားကြသည်။
သို့သော် ပိုင်မျိုးနွယ်စုသည် ကောင်းကင်အင်ပါယာတွင် အင်အားအကြီးဆုံး ဖြစ်နိုင်ခြေရှိသည့် အလွန်ဩဇာကြီးမားသော မျိုးနွယ်စုဖြစ်ကြောင်းကိုမူ အားလုံးက သိရှိထားကြသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် ပိုင်ကျီဟန်၏ အရေးပါမှုကို သိရှိရန် လုံလောက်နေပြီဖြစ်သည်။
မင်းသမီး စွန်းယောင်ချင်းသည် အစပိုင်းတွင် အမူအရာမပျက်ဘဲ ငြိမ်သက်စွာ ထိုင်နေ၏ ထို့နောက် ဖြည်းညှင်းစွာပင် သူမ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ပြုံးယောင်သန်းသွားကာ ရယ်မောခြင်းမျိုး မဟုတ်ဘဲ စူးစမ်းလိုခြင်းသာ
"ပိုင်ကျီဟန်..."
ထိုကဲ့သို့ မြင့်မြတ်သော အဆင့်အတန်းရှိသည့် သခင်လေးတစ်ဦးသည် ၎င်းတို့အင်ပါယာသို့ ဘာကြောင့် လာရသည်ကို နားလည်ရန် ကြိုးစားနေသကဲ့သို့ သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ အကြည့်များသည် ပြတင်းပေါက်ဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွား၏ အပြင်ဘက် လမ်းမများပေါ်တွင် မီးတုတ်ရောင်များက ဝေဝေဝါးဝါး ဖြတ်သန်းသွားနေသည်။
"ကောင်းကင်အင်ပါယာက အရမ်းအင်အားကြီးတယ်" သူမက တိုးညှင်းစွာ ပြောလိုက်
သည်။
"တကယ်လို့ အဲဒီက အရေးပါတဲ့ သခင်လေးတစ်ယောက်သာ ထိခိုက်ဒဏ်ရာရသွားရင်... ဒီအင်ပါယာရဲ့ ငြိမ်းချမ်းရေးက ကြာရှည်ခံမှာ မဟုတ်ဘူး"
အကယ်၍ ပိုင်ကျီဟန်သာ အသတ်ခံရခြင်း သို့မဟုတ် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရသွားခြင်းမျိုးသာ ဖြစ်ခဲ့ပါက ကောင်းကင်အင်ပါယာအနေဖြင့် ၎င်းတို့အင်ပါယာကို ကျူးကျော်ဝင်ရောက်လာနိုင်သည့် အခွင့်အရေး အလွန်များပါသည်။
(ဒါကပဲ သူတို့ရဲ့ ရည်ရွယ်ချက် ဖြစ်နေမလား?)
မင်းသမီး စွန်းယောင်ချင်း တွေးလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရောက်ရှိလာခြင်းမှာ ကြယ်ကြွေအင်ပါယာအတွက် ဒုက္ခမှတစ်ပါး အခြားမရှိနိုင်ကြောင်း သူမ ကောင်းကောင်းသိသည်။
"မကောင်းတဲ့ အကြံအစည်တစ်ခုခု မဟုတ်ဖို့ပဲ ငါမျှော်လင့်ပါတယ်”