ကြယ်ကြွေအင်ပါယာသို့ ချီတက်ခြင်း
Vol. 21 Ch. 305
“တခြားအင်ပါယာတစ်ခုကို သွားရတာ ဒီလောက် အလုပ်ရှုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?”
ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ကြယ်ကြွေအင်ပါယာသို့ အလွယ်တကူသွားရောက်ပြီး ထိုအဖွဲ့အစည်း၏ ဌာနခွဲကို ရှာဖွေကာ သူတို့ခေါင်းဆောင်ကို ခြိမ်းခြောက်၍ ဌာနချုပ်တည်နေရာကို မေးမြန်းရင်း ပြန်လာရုံသာဖြစ်သည်ဟု ရိုးရိုးလေး တွေးခဲ့မိသည်။
သို့သော် လက်တွေ့တွင် ထိုမျှ မရိုးရှင်းပေ။
ကြယ်ကြွေအင်ပါယာသို့ ဝင်ရောက်ရန် ခွင့်ပြုချက် လိုအပ်ပြီး မဟုတ်ပါက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
ကောင်းကင်အင်ပါယာထံမှ ခွင့်ပြုချက်ရရန်မှာ လွယ်ကူသော်လည်း ကြယ်ကြွေ အင်ပါယာထံမှလည်း ခွင့်ပြုချက် လိုအပ်နေပြန်သည်။
အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင်မူ ခွင့်ပြုချက် ရရှိခဲ့သော်လည်း ကမ်းလှမ်းချက်တစ်ခု ရှိနေ၏။
ကြယ်ကြွေအင်ပါယာ၏ ဧကရာဇ်သည် သူ့ကို တွေ့ဆုံချင်နေခြင်းပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် ဤခရီးစဉ်ကို သတင်းအချက်အလက် စုဆောင်းရန် သာမန်လည်ပတ်မှုတစ်ခုအဖြစ်သာ သဘောထားခဲ့သော်လည်း ကြယ်ကြွေအင်ပါယာအတွက်မူ ကြီးကျယ်ခမ်းနားသော သံတမန်ရေးရာ အခမ်းအနားတစ်ခု ဖြစ်သွားခဲ့သည်။
(ငါ လာရတဲ့အကြောင်းရင်းကို ဘယ်လိုပြောရမလဲ?)
သူ့ရည်ရွယ်ချက်ကို ရိုးရိုးသားသားပဲ ပြောပြသင့်သလား?
သူတို့အင်ပါယာ နယ်နိမိတ်အတွင်း၌ ဝင်ရောက်စွက်ဖက်မှုကို ဧကရာဇ်က ခွင့်ပြုပေးနိုင်ခြေ အလွန်နည်းပါးသည်။
သို့သော် သူတို့အင်ပါယာ၏ အင်အားနည်းပါးမှုကို ထောက်ထားပြီး လက်ခံကောင်း လက်ခံနိုင်မည်လော?
လိုအပ်ပါက သူ လျော်ကြေးပေးရန် ကမ်းလှမ်းနိုင်သည်။ သို့သော် သူတို့က ငြင်းဆန်ခဲ့လျှင်မူ... အတင်းအဓမ္မ လုပ်ဆောင်ရုံသာ ရှိတော့သည်။
“သခင်လေး... လက်ဖက်ရည် သောက်ဦးမလား”
လောင်ချင်းက မေးလိုက်သည်။
ဤခရီးစဉ်တွင် လောင်ချင်းသည် ပိုင်ကျီဟန်နှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။ သူမတစ်ဦးတည်းတင်မကဘဲ မဟာအကြီးအကဲ ပိုင်ရမ် အပါအဝင် ပိုင်မျိုးနွယ်စု၏ အစွမ်းထက်သော အဖွဲ့ဝင်တစ်စုလည်း ပါဝင်သည်။
ဤအစီအစဉ်အားလုံးကို သူ၏ဖခင် ပိုင်ထျန်းဟမ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
သူနှင့် ပိုင်ရှင်းယွဲ့ကို လုပ်ကြံရန် စေလွှတ်လိုက်သော လူသတ်သမားများ၏ နောက်ကွယ်တွင် ထိုအဖွဲ့အစည်း ရှိနေနိုင်ကြောင်း ရှင်းပြပြီးနောက် ဖခင်ဖြစ်သူက သဘောတူခဲ့ခြင်း ဖြစ်သည်။
ဘေးကင်းလုံခြုံရေးအတွက် လူအနည်းငယ် ထည့်ပေးလိုက်ခြင်း ဖြစ်သော်လည်း မဟာအကြီးအကဲ ပိုင်ရမ် ပါဝင်နေသဖြင့် သူတို့အား လိုအပ်ချင်မှလည်း လိုအပ်ပေလိမ့်မည်။
အမှန်တကယ်တွင်မူ ပိုင်ရမ်ကိုယ်တိုင်က ပိုင်ကျီဟန်၏ အသက်အန္တရာယ်ကို မစိုးရိမ်ရစေရန်အတွက် မိမိသဘောဖြင့် လိုက်ပါလာခြင်း ဖြစ်ပုံရသည်။
ထိုသို့ဆိုရာတွင် သူ့ကို အန္တရာယ်မှန်သမျှမှ ကာကွယ်ပေးထားမည်ဟု မဆိုလိုပေ။ အဆုံးတွင်မူ အန္တရာယ်နှင့် မတွေ့ကြုံရဘဲ တစ်ဦးတစ်ယောက်မျှ မည်သို့ကြီးပွါးတိုးတက်
နိုင်ပါမည်နည်း။
ပိုင်မျိုးနွယ်စု အိမ်တော်မှ ကြယ်ကြွေအင်ပါယာ နယ်စပ်အထိ ခရီးစဉ်သည် အလွန်ရှည်လျားလှသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် လိုအပ်သည့် အရာမှန်သမျှ ပြည့်စုံစွာပါရှိသော ပျံသန်းနိုင်သည့် သင်္ဘောတစ်စီးဖြင့် ခရီးနှင်ခဲ့ကြသည်။ ပိုင်ကျီဟန်သည် ပြင်ပရှုခင်းများကို မကြည့်ရှုသည့်အချိန်များ၌ သူ၏အခန်းထဲသို့ဝင်၍ အနားယူလေ့ရှိသည်။
ပိုင်မျိုးနွယ်စု၏ ပျံသန်းသင်္ဘောသည် ငွေရောင် အလင်းတန်းတစ်ခုကဲ့သို့ တိမ်တိုက်များကြား ပျံသန်းနေပြီး ပျံတက်နေသော နဂါးဖြူအမှတ်အသားပါသည့် အလံများသည်လည်း တလူလူ လွင့်ပျံနေ၏။
ကောင်းကင်အင်ပါယာ၏ ကျယ်ပြန့်သော နယ်စပ်ဒေသ မြင်ကွင်းထဲသို့ ရောက်ရှိလာသောအခါ တပ်စွဲထားသည့် စစ်သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် ကျင့်ကြံသူ စစ်သည်တန်းများသည် ခံတပ်တံတိုင်းများပေါ်တွင် တန်းစီရပ်နေကြပြီး သူတို့၏ လှံဖျားများသည် နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်
သင်္ဘောကြီး၏ ဧရာမအရိပ်ကြီးသည် မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ စစ်တပ်တစ်ခုလုံး ခဏတာ ငြိမ်သက်သွားကြသည်။
သို့သော် မည်သူ့သင်္ဘောဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိသွားကြ၏
“ဒါ ပိုင်မျိုးနွယ်စုပဲ...”
“ကြည့်စမ်း။ အဲဒါ ပိုင်မျိုးနွယ်စုရဲ့ ပျံသန်းသင်္ဘောပဲ!”
ထိုကဲ့သို့ ဂုဏ်သရေရှိလှသော မျိုးနွယ်စုကြီးတစ်ခု ရုတ်တရက် ရောက်ရှိလာမှုကြောင့် တပ်ဖွဲ့ဝင်များကြားတွင် အံ့အားသင့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့နှံ့သွားသည်။
“ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူက ကြယ်ကြွေအင်ပါယာကို သွားချင်တယ်ဆိုတာ တကယ်ပဲဖြစ်မယ်။”
“သူက ဘာလို့ အဲဒီလို အားနည်းတဲ့အင်ပါယာကို သွားချင်ရတာလဲ? အားလပ်ရက် အနားယူဖို့လား?”
“ဒါမှမဟုတ် သူတို့အပေါ် တစ်ခုခု ကြံစည်နေတာလား? မင်းသိတဲ့အတိုင်းပဲ သူက သခင်လေး ပိုင်ကျီဟန် မလား။”
ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တပ်မှူးသည် ကောင်းကင်ပေါ်သို့ အလျင်အမြန် ပျံတက်လာပြီး သူ၏ အရှိန်အဝါများမှာလည်း လှိုင်းတံပိုးကဲ့သို့ ပျံ့လွင့်နေသည်။
သူသည် လေထဲတွင် ကိုယ်ကိုကိုင်းညွှတ်ကာ သင်္ဘောဆီသို့ လက်အုပ်ချီ၍ အရိုအသေပြုလိုက်သည်။
“ပိုင်မျိုးနွယ်စုမှ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ခင်ဗျား။ ကျွန်တော်တို့ မြို့တော်ကနေ သတင်းရရှိထားပြီးပါပြီ။ ခွင့်ပြုချက် ပေးထားပြီးသားဖြစ်လို့ ဘာအတားအဆီးမှမရှိဘဲ ဆက်လက်ထွက်ခွာနိုင်ပါတယ်”
ပျံသန်းသင်္ဘောသည် ရှေ့သို့ ချောမွေ့စွာ တိုးဝင်သွားသည်။ တပ်မှူးနှင့် စစ်သားများသည် ဒီရေတက်လာသကဲ့သို့ ဘေးသို့လမ်းဖယ်ပေးလိုက်ကြပြီး သင်္ဘောကြီး နယ်စပ်ကို ကျော်ဖြတ်သွားသည်အထိ ရိုသေစွာဖြင့် ကြည့်ရှု ကျန်ရစ်ခဲ့ကြသည်။
သို့သော် ပျံသန်းသင်္ဘောသည် ကြယ်ကြွေအင်ပါယာ၏ ဝေဟင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လေထုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ဤနေရာတွင်လည်း ခံတပ်တံတိုင်းများသည် ထပ်တူနီးပါး မြင့်မားလှပြီး စစ်သားများသည် အင်အားတောင့်တင်း လှသော်လည်း သူတို့၏ မျက်နှာများမှာမူ တစ်မျိုးတစ်ဖုံ ဖြစ်နေကြ၏။
၎င်းမှာ... မလုံခြုံမှု။
သတိကြီးစွာ ထားနေမှု
ဤနေရာတွင် တပ်စွဲထားသော ကျင့်ကြံသူများသည် သူတို့၏ လက်နက်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားကြပြီး ပိုင်မျိုးနွယ်စု သင်္ဘော၏ အရိပ်ကြီး ခေါင်းပေါ်ဖြတ်သန်းသွားချိန်တွင် အနည်းငယ် တုန်ရင်နေကြသည်။ ကောင်းကင်ယံကြီးတစ်ခုလုံးသည် သူတို့အင်ပါယာအပေါ် ဖိနှိပ်ထားသကဲ့သို့ပင်။
လူတိုင်း သိထားသင့်သည်မှာ ပိုင်မျိုးနွယ်စု၏ ပျံသန်းသင်္ဘောသည် နျူကလီးယားလက်နက်တစ်ခုကဲ့သို့ပင် ဖြစ်၏။ မည်သူမျှ မတားဆီးနိုင်ခင်မှာပင် ကြယ်ကြွေအင်ပါယာ၏ အစိတ်အပိုင်း အတော်များများကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
ဤစခန်း၏ တပ်မှူးဖြစ်သူ သံမဏိရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သင်္ဘောကို ကြားဖြတ်နှုတ်ဆက်ရန် ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။
သူ၏ မျက်လုံးများသည် ဧရာမ ပိုင်မျိုးနွယ်စု အမှတ်အသားနှင့် သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသော အမိန့်တော်ပြန်တမ်းတို့ကြားတွင် ပျာပျာသလဲ တုန်လှုပ်စွာ လှည့်လည်ကြည့်ရှုနေသည်။
သူသည် မားမားမတ်မတ် ရပ်တည်ရန် ကြိုးစားနေသော်လည်း သူ၏ အရှိန်အဝါများကမူ တုန်ခါနေပြီး သူ့အပေါ် ကျရောက်နေသော ဖိအားများကို သက်သေပြနေ၏။
သင်္ဘောဦးပိုင်း လက်ရန်းတွင် တည်ငြိမ်စွာ ရပ်နေသော ပိုင်ကျီဟန်ကို သူ၏အကြည့်များ ရောက်ရှိသွားချိန်တွင် ချက်ချင်းပင် ဆွံ့အသွားလေသည်။
သူ့အသက်ရှူသံများပင် ရပ်တန့်မတတ် ဖြစ်သွားရ၏ - ဤသူသည် သာမန်ဧည့်သည်တစ်ဦး မဟုတ်ပေ။
ကြယ်ကြွေအင်ပါယာ ဧရာဇ်၏ တံဆိပ်ခတ်နှိပ်ထားသော အင်ပါယာ အမိန့်တော်ပြန်တမ်းကို ကိုင်ထားသည့် သူ၏လက်များမှာ အနည်းငယ် တုန်ရင်နေသည်။
“ပိုင်... ပိုင်မျိုးနွယ်စုရဲ့ သခင်လေး...” သူသည် စကားလုံးများကို အားယူ၍ နောက်ဆုံးတွင် ပြောလိုက်နိုင်တော့သည်။ သူ၏အသံမှာ ကျယ်လောင်သော်လည်း တင်းမာမှုများ ပြည့်
နှက်နေ၏။
“ခွင့်ပြုချက် ရရှိထားပြီးပါပြီ။ ကြယ်ကြွေအင်ပါယာထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါ့အပြင်...”
သူသည် စကားကို ခေတ္တရပ်ကာ ဂါရဝပြုလိုက်ပြီးနောက် ဆက်ပြောသည်။
“အရှင်မင်းကြီးရဲ့ အမိန့်တော်အရ... သခင်လေးတို့အနေနဲ့ စော်ကားရာမရောက်ဘူးလို့ ယူဆမယ်ဆိုရင် ကျွန်တော်မျိုးကိုယ်တိုင် လုံခြုံရေးအရ အတူတူလိုက်ပါ စောင့်ရှောက်ပေးပါရစေ။”
တပ်မှူးသည် တရားစီရင်မှုကို စောင့်ဆိုင်းနေသည့်အလား ခေါင်းကို ငုံ့ထားကာ ဆက်လက် ဦးညွှတ်နေဆဲ ဖြစ်သည်။
ပိုင်မျိုးနွယ်စုဝင်များကမူ ချက်ချင်းအဖြေမပေးဘဲ စောင့်ဆိုင်းနေကြသည်။ ဆုံးဖြတ်ချက်မှာ ပိုင်ကျီဟန်အပေါ်တွင်သာ မူတည်နေ၏။
“ကောင်းပြီလေ။ လမ်းပြတစ်ယောက်ရှိတော့လည်း ကောင်းတာပေါ့။”
တပ်မှူးတစ်ယောက်ကို လမ်းပြဟု ခေါ်ဆိုခြင်းမှာ စော်ကားမှုတစ်ခုဟု ဆိုနိုင်သော်လည်း တပ်မှူးကိုယ်တိုင်ကမူ ထိုအရာကို စိတ်ထဲမထားပေ။
အကြောင်းမှာ ပျံသန်းသင်္ဘောပေါ်တွင် ပါလာသည့် ပိုင်မျိုးနွယ်စုဝင် အများစုသည် သူနှင့်အဆင့်တူ ဗလာသန့်စင်ခြင်းနယ်ပယ်တွင် ရှိနေကြသည်။
ထို့အပြင် သူ၏ကျင့်ကြံမှုအဆင့်ကို မည်သို့မျှ ခန့်မှန်း၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးလည်း ထိုသင်္ဘောပေါ်တွင် ပါဝင်နေသေးသည်။
“ဒီတပ်မှူးက အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ်။”
ပျံသန်းသင်္ဘောကြီးသည် ရှေ့သို့ ဆက်လက်ခရီးနှင်ခဲ့ရာ ယခုအခါတွင် ကြယ်ကြွေအင်ပါယာ၏ တပ်မှူးကိုယ်တိုင်သည် လမ်းပြအဖြစ်လည်းကောင်း၊အစောင့်အရှောက်အဖြစ်လည်းကောင်း၊ စောင့်ကြည့်သူအဖြစ်လည်းကောင်း ရိုသေစွာဖြင့် ဘေးမှ လိုက်ပါလာခဲ့ပြီဖြစ်သည်။
အောက်ခြေရှိ စစ်သားများမှာမူ တိုးတိုးလေးပင် စကားမပြောရဲကြချေ။
သူတို့၏ နယ်မြေအတွင်းသို့ သားရဲကြီးတစ်ကောင် ချင်းနင်းဝင်ရောက်လာသကဲ့သို့ သူတို့၏ မျက်လုံးများသည် ကြောက်ရွံ့မှု၊ အံ့ဩမှုများဖြင့် သင်္ဘောကြီးနောက်သို့ ငေးကြည့်နေကြသည်။
ပျံသန်းသင်္ဘောကြီးသည် တုန်ဟည်းသံနှင့်အတူ တိတ်ဆိတ်မှုကို ချန်ထားခဲ့ပြီး ကြယ်ကြွေအင်ပါယာအတွင်းသို့ အပြည့်အဝ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
ပိုင်ကျီဟန်သည် သင်္ဘောလက်ရန်းကို ခပ်ဖွဖွမှီထားပြီး သူ၏အကြည့်များသည် တည်ငြိမ်နေသော်လည်း အနည်းငယ် သဘောကျနေဟန်ရှိသည်။
“ကွာခြားချက်က နေ့နဲ့ညလိုပဲ...”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် နှစ်ဖက်စလုံး၏ စစ်အင်အား ကွာခြားမှုကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။
ကောင်းကင်အင်ပါယာတွင် အဓိကပေါင်းစည်းခြင်းနယ်ပယ်နှင့် ရွှေအမြုတေနယ်ပယ်ကျင့်ကြံသူ အမြောက်အမြားရှိသော်လည်း ကြယ်ကြွေအင်ပါယာတွင်မူ အများစုမှာ အဓိကဖွဲ့စည်းခြင်းအဆင့်မှာပင် အကန့်အသတ်ရှိနေ၏
ထို့အပြင် ကောင်းကင်အင်ပါယာဘက်တွင် အားအနည်းဆုံးနှင့် အပစ်ပယ်ခံရဆုံး နယ်စပ်သည် ကြယ်ကြွေအင်ပါယာနှင့် မျက်နှာချင်းဆိုင်နေသည့် နယ်စပ်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကြယ်ကြွေအင်ပါယာဘက်၌ ကောင်းကင် အင်ပါယာနှင့် ထိစပ်နေသော နယ်စပ်သည် သူတို့၏ အတောင့်တင်းဆုံးသော တပ်ဖွဲ့များကို ချထားသည်။
သို့သော်လည်း ကြယ်ကြွေအင်ပါယာ၏ အတောင့်တင်းဆုံး စစ်တပ်သည်ပင် ကောင်းကင်အင်ပါယာ၏ အားအနည်းဆုံးစစ်တပ်နှင့် ယှဉ်လျှင် မယှဉ်သာပေ။ ၎င်းမှာ အင်ပါယာနှစ်ခုကြားရှိ အင်အားကွာခြားချက်ပင် ဖြစ်သည်။
(ဒီလောက် သေးငယ်တဲ့အင်ပါယာထဲမှာ သူတို့ ဘာတွေလုပ်နေကြတာလဲ?)
ပိုင်ကျီဟန် တွေးတောနေမိသည်။ သို့သော် သူသည် အဖြေကို မကြာမီ သိရှိရတော့မည်ဖြစ်သောကြောင့် အကြာကြီး တွေးတောနေရန် မလိုတော့ပေ။