ကြယ်ကြွေအင်ပါယာ ဧကရာဇ်နှင့် အတူလမ်းလျှောက်ခြင်း
Vol. 21 Ch. 307
ခန်းမဆောင်အတွင်းရှိ အကြည့်တိုင်းသည် ပိုင်ကျီဟန် ထံတွင်သာ ကပ်ငြိနေပြီး ဧည့်သည်တစ်ဦးထက် ပြသထားသော ရှားပါးသားရတစ်ကောင်နှင့်ပင် တူနေတော့သည်ကို စွန်းယောင်ချင်း သတိထားမိ၏
(ဒါက နည်းနည်းတော့ ရိုင်းရာကျနေပြီ...)
သူ့ကို ဤနေရာသို့ ဆင့်ခေါ်ခဲ့ကြပြီး ယခုမူ စိုက်ကြည့်ရုံသာ ကြည့်နေကြသည်။
အကယ်၍ သူမသာ ထိုသို့သော စောင့်ကြည့်နေသည့် အကြည့်ပေါင်းများစွာအောက်တွင် တစ်ယောက်တည်း ရပ်နေရပါက တောင့်ခံနိုင်ပါ့မလား မသေချာပေ။
သို့သော် ပိုင်ကျီဟန်ကမူ...
"တောက်”
သူ၏ ပြတ်သားသော တောက်ခေါက်သံက တိတ်ဆိတ်မှုကို ဖြတ်တောက်သွားသည်။ သူ၏ အနီရောင်မျက်ဝန်းများသည် စိုးရိမ်စိတ်ကြောင့်မဟုတ်ဘဲ သိသာထင်ရှားသော စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် ကျဉ်းမြောင်းသွားသည်။
"ဘာကိစ္စရှိလို့ ကျွန်တော်ကို ခေါ်တာလဲ?"
ထိုစကားလုံးများသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ခန်းမတစ်ခုလုံးတွင် အံ့အားသင့်မှုများ ချက်ချင်း ပျံ့နှံ့သွားသည်။
လူအများသည် အသက်ရှူပင် မှားသွားကြပြီး အမတ်အချို့မှာမူ ဒေါသကြောင့် မျက်နှာများ ဖြူလျော့သွားကြသည်။ ကြယ်ကြွေအင်ပါယာ၏ ဧကရာဇ်မင်းမြတ်ကို ဤကဲ့သို့သော လေယူလေသိမ်းမျိုးဖြင့် မည်သူမျှ မပြောဆိုဝံ့ကြပေ။
အမတ်တစ်ဦးသည် မိမိကိုယ်ကိုယ် မထိန်းနိုင်တော့ပေ။ မျက်နှာနီမြန်းလျက် စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
"သခင်လေးပိုင်၊ ဒါက ဧကရာဇ်ရဲ့ ညီလာခံခန်းမပဲ၊ မင်းရဲ့ရှေ့မှာ ရှိနေတာက ကောင်းကင်ရဲ့ သားတော် ဧကရာဇ်မင်းမြတ်ပဲ။ သင့်တင့်တဲ့ ရိုသေမှုကို ပြပြီး မင်းရဲ့ အမူအရာကို ဆင်ခြင်ပါအုံး”
ထိုသူ၏ အသံသည် မိုးကြိုးပမာ ဟိန်းထွက်လာပြီး တရားမျှတမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ မှူးမတ်အချို့သည်လည်း သူတို့၏ မကျေနပ်မှုကို ထိန်းထားရင်း ပြတ်သားစွာ ခေါင်းညိတ်ထောက်ခံကြသည်။
သို့သော် ပိုင်ကျီဟန်သည် ထိုသူကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ပေ။
"သူက ခင်ဗျားတို့ရဲ့ ဧကရာဇ်လေ၊ ကျွန်တော်ရဲ့ ဧကရာဇ်မှ မဟုတ်တာ။"
တစ်ခန်းမလုံး ရေခဲရိုက်သွားသလို ငြိမ်သက်သွားသည်။
ထိုတိတ်ဆိတ်မှု မကုန်ဆုံးမီမှာပင် သူက ဆက်ပြောလိုက်သည်။ သူ၏ အသံသည် တိုးညင်းသော်လည်း ခန်းမအတွင်း ဓားတစ်
လက်ကဲ့သို့ ထိုးဖောက်သွားသည်
"သူက ကျွန်တော်ရဲ့ ဧကရာဇ် ဖြစ်နေရင်တောင်မှ ကျွန်တော်အပေါ် အခုလို မလေးမစား လုပ်တာကို သည်းခံမှာ မဟုတ်ဘူး။"
ထိုစကားလုံးများ၏ အရှိန်အဝါသည် လေးလံလွန်းလှသဖြင့် လူတို့ကို အသက်ရှူကျပ်မတတ် ခံစားရစေသည်။
စွန်းယောင်ချင်းသည် သူမ၏ မျက်နှာကို တည်ငြိမ်အောင် ထိန်းထားသော်လည်း သူမ၏ ဂုတ်သားများ ရှိန်းခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
(ဒီစကားတစ်ခွန်းက... အရာအားလုံးကို ပြောပြနေတာပဲ။)
ယခုအချိန်အထိ ပိုင်မျိုးနွယ်စု၏ ဂုဏ်သတင်းသည် ကောင်းကင်အင်ပါယာ၏ ဧကရာဇ်
မိသားစုနှင့် အင်အားချင်းတူသည် သို့မဟုတ် ပို၍ပင် ကြီးမားသည်ဟူသော အချက်ကို တီးတိုးစကားများ၊ ကောလာဟလများနှင့် ချဲ့ကားပြောဆိုမှုများအဖြစ်သာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ သူ၏ အင်ပါယာရှိ မှူးမတ်အားလုံးရှေ့တွင် ဧကရာဇ်ကိုပင် ဂရုမစိုက်ဟန် ပြသလိုက်ခြင်းအရ ယင်းမှာ ကောလာဟလသက်သက် မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ပိုင်ကျီဟန်သည် တုန်လှုပ်ခြင်းမရှိ၊ နောင်တရခြင်းလည်းမရှိဘဲ ထိုနေရာတွင် မတ်မတ်ရပ်နေသည်။ သူသည် တည်ငြိမ်နေပြီး ပျင်းရိငြီးငွေ့နေသည့် ပုံပင် ပေါက်နေသည်။
သူ တောင်းပန်လိမ့်မည် မဟုတ်သည်မှာ အလွန်ပင် သိသာလှပေသည်။
စွန်းယောင်ချင်းသည် သူမ၏ ခမည်းတော်အား ဤကဲ့သို့ ဆက်ဆံဝံ့သူမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော်လည်း... ထူးဆန်းသော နည်းလမ်းတစ်ခုဖြင့် ယင်းမှာ လန်းဆန်းမှုကို ပေးစွမ်းနေသည်။
ညီလာခံခန်းမတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။
"ဒီလောက်အထိ မောက်မာတာလား— ခွင့်မလွှတ်နိုင်စရာပဲ”
"သူ တောင်းပန်ကို တောင်းပန်ရမယ်”
"အရှင်မင်းကြီး၊ သူက အင်ပါယာတစ်ခုလုံးကို စော်ကားနေတာပါ”
ထိုဆူညံသံများသည် မုန်တိုင်းတစ်ခုကဲ့သို့ အရှိန်မြင့်တက်လာရာမှ
"တိတ်စမ်း”
ဧကရာဇ်မင်းမြတ်၏ အသံသည် ဆူညံသံများကို ဖြတ်တောက်လိုက်သည်။ ခန်းမအတွင်း ချက်ချင်းပင် ငြိမ်သက်သွားချေသည်။ အမတ်များ ခေါင်းငုံ့သွားကြပြီး စစ်သူကြီးများ မတ်မတ်ရပ်လိုက်ကြကာ မှူးမတ်တို့၏ သမီးပျိုများမှာလည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်။
ဧကရာဇ်၏ အကြည့်သည် ပိုင်ကျီဟန်ထံသို့ စူးစိုက်သွားသည်။ ထိုအကြည့်မှာ ခန့်မှန်းရခက်သော်လည်း အရှိန်အဝါ အလွန်ပင် ကြီးမားလှသည်။
"ပိုင်ကျီဟန်..." သူက ဖြည်းညင်းသော်လည်း တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ "မင်း ကြယ်ကြွေအင်ပါယာကို ရောက်လာတဲ့အတွက် ငါကိုယ်တော် ဝမ်းမြောက်မိသလို ငါတို့နဲ့ တွေ့ဆုံဖို့ သဘောတူခဲ့တဲ့အတွက်လည်း ပိုပြီးတော့ ဝမ်းမြောက်မိပါတယ်”
သူ၏ လေသံသည် မုန်တိုင်းကို ငြိမ်သက်စေသော်လည်း တင်းမာမှုများကိုမူ ပျောက်ကွယ်သွားစေခြင်း မရှိပေ။ ယင်းမှာ လှိုင်းတံပိုးများကို အတင်းအကျပ် ငြိမ်သက်စေသည့် အုပ်ချုပ်သူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။
"မင်းကို ငါ ဘာလို့ ခေါ်လိုက်ရသလဲဆိုရင်တော့..." သူ၏ မျက်ဝန်းများသည် သိန်းငှက်ကဲ့သို့ စူးရှစွာ ကျဉ်းမြောင်းသွားသည်။
"ရိုးရိုးလေးပါပဲ။ မင်းကို ကောင်းကင်အင်ပါယာက အကြီးကျယ်ဆုံး ပါရမီရှင်တစ်ယောက်လို့ တင်စားကြတယ်။ အဲ့ဒါကို ငါကိုယ်တော် တကယ်ဟုတ်မဟုတ် ကိုယ်တိုင် မြင်တွေ့ချင်သလို... မင်း ဒီကိုလာရတဲ့ အကြောင်းရင်းကိုလည်း သိချင်လို့ပါ။"
ခန်းမတစ်ခုလုံး အသက်ရှူသံပင် မကြားရအောင် တိတ်ဆိတ်သွားပြီး လူတိုင်းက နားစွင့်နေကြသည်။
စွန်းယောင်ချင်းပင်လျှင် အနည်းငယ် ရှေ့သို့ တိုးထိုင်မိလိုက်သည်။
(ဟုတ်တယ်... ပိုင်ကျီဟန်၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?)
ထိုလူငယ်၏ အနီရောင်မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ စကားပြောလိုက်ချိန်တွင် သူ၏ အသံမှာ တည်ငြိမ်နေဆဲပင်။
"ခင်ဗျားတို့ရဲ့ အင်ပါယာထဲမှာ ကျွန်တော့်ရဲ့ အသက်ကို ရန်ရှာနေတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်" သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "အဲ့ဒီအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ ကျွန်တော် ဒီကို လာတာပါ။"
ခန်းမအတွင်း ထပ်မံ၍ ဆူညံသွားပြန်သည်။
"ဘာလဲ”
"သူက ဘယ်လိုတောင်လဲ”
"ပြင်ပက လူတစ်ယောက်က ငါတို့ နယ်နိမိတ်ထဲမှာ သူ့သဘောအတိုင်း လာပြီး လုပ်ချင်တိုင်း လုပ်လို့ မရဘူး”
ဧကရာဇ်သည် လက်ကို မြှောက်လိုက်ပြီး သူတို့ကို ထပ်မံ တိတ်ဆိတ်စေပြန်သည်။ သူ၏ မျက်လုံးများကတော့ ပိုင်ကျီဟန်ထံမှ ခွာခြင်းမရှိပေ။
"မင်းကို ရန်ရှာနေတဲ့ အဖွဲ့အစည်းရဲ့ နာမည်ကို သိသလား?"
ပိုင်ကျီဟန်သည် လက်တစ်ဖက်ကို ပျင်းရိပျင်းတွဲ ဖြန့်ပြကာ ပခုံးတွန့်ပြလိုက်
သည်။
"မသိဘူး။ ဒါပေမဲ့ သူတို့ ဘယ်မှာရှိလဲဆိုတာတော့ သိတယ်။" သူ၏ လေသံတွင် အကြွင်းမဲ့ ယုံကြည်မှုများ ပါဝင်နေသည်။
ထိုစကားကြောင့် ပို၍ပင် မငြိမ်မသက်ဖြစ်မှုများ တိုးပွားလာစေသည်။
(သူက နာမည်တောင် မသိတဲ့ အဖွဲ့အစည်းတစ်ခုကို ချေမှုန်းဖို့ ငါတို့ အင်ပါယာဆီကို လာတာလား...?)
စွန်းယောင်ချင်းသည် နောက်ကွယ်မှ မျက်မှောင်ကြုတ်လိုက်မိသည်။
(ဒီလောက်အထိ မဆင်မခြင်နိုင်တာလား... ဒါမှမဟုတ် ဒါက လုံးဝဥဿုံ ယုံကြည်မှုရှိနေတာလား?
အမတ်တစ်ဦးသည် မိမိကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ
"မင်း...”
သူ၏ အသံမှာ ဒေါသကြောင့် တုန်ခါနေသည်။
"မင်းက ဒီလိုစကားမျိုးတွေနဲ့ ငါတို့ အင်ပါယာထဲကို ဘယ်လိုတောင် ဝင်ရဲတာလဲ။ မင်းရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတာပဲ။ အရှင်မင်းကြီး... ဒီလူငယ်ကို ယုံကြည်လို့ မရပါဘူး၊ သူ့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်
မပေးသင့်ပါဘူး”
ခန်းမအတွင်း ထောက်ခံသည့် တီးတိုးသံများ ပြန်လည်ပြည့်နှက်လာပြီး ရန်လိုမှုများမှာလည်း မြင့်တက်လာသည်။
ဧကရာဇ်သည် မျက်လုံးကို ခဏတာ မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ရာ သူ၏ အကြည့်တို့မှာ ဆီးနှင်းကဲ့သို့ အေးစက်
နေသည်။
"ပိုင်ကျီဟန်..." သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းရဲ့ လုပ်ရပ်တွေက စစ်ကြေညာတာလို့ အယူဆခံရနိုင်တယ်ဆိုတာ မင်းသိရဲ့လား?"
ခန်းမတစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
အားလုံး၏ အကြည့်များသည် ပိုင်မျိုးနွယ်စု၏ အမွေခံလူငယ်ထံသို့ ရောက်ရှိသွားကြသည်။
ပိုင်ကျီဟန်ကမူ... ပြုံးလိုက်ရုံသာ။
ယင်းမှာ အလွန်ပင် မိစ္ဆာဆန်သော အပြုံးမျိုးဖြစ်သည်။ တိတ်ဆိတ်မှုသည် ပို၍ လေးလံလာပြီး ပြတ်တောက်တော့မည့် လေးကြိုးတစ်မျှ တင်းမာနေသည်။
ထို့နောက်
"ဟားဟားဟား”
ဧကရာဇ်၏ ရုတ်တရက် ရယ်မောသံသည် ခန်းမတစ်ခုလုံး ဟိန်းထွက်သွားပြီး လူတိုင်းကို အံ့အားသင့်သွားစေသည်။ ထိုရယ်သံမှာ သြဇာအပြည့်ရှိပြီး အားရပါးရရှိလှသဖြင့် လွန်ခဲ့သော စက္ကန့်ပိုင်းက အသက်ရှူကျပ်မတတ် တင်းမာမှုများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
အမတ်များမှာ မယုံနိုင်သကဲ့သို့ မျက်တောင်တခတ်ခတ် ဖြစ်သွားကြပြီး ရှုပ်ထွေးသော အကြည့်များဖြင့် အချင်းချင်း ဖလှယ်လိုက်ကြသည်။ အရှင်မင်းကြီးက...ရယ်မောနေတာလား?
ဧကရာဇ်သည် သူ၏ ရာဇပလ္လင်ထက်မှ ထရပ်လိုက်ရာ တော်ဝင်ဝတ်ရုံကြီးသည် ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ဝေ့ယမ်းသွားသည်။
သို့သော် သူ၏ မျက်ဝန်းများသည် ပိုင်ကျီဟန် ထံသို့ စူးစိုက်ကြည့်လိုက်ချိန်တွင် စူးရှကာ အရာအားလုံးကို သိမြင်နေသော အရိပ်အယောင်များဖြင့် တောက်ပနေသည်။
"ငါကိုယ်တော်က မင်းကို စမ်းသပ်ကြည့်ရုံတင်ပါ လူငယ်လေး" သူက ပြောလိုက်သည်။ သူ၏ အသံတွင် ရယ်မောသံစွက်နေသော်လည်း သံမဏိကဲ့သို့ မာကျောသော အရှိန်အဝါလည်း ပါဝင်နေသည်။
"မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ အမှန်ပဲ... ပိုင်မျိုးနွယ်စုက နဂါးတွေကိုပဲ မွေးထုတ်ပေးတာကိုး။"
သူသည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းသည် အေးဆေးတည်ငြိမ်သော်လည်း သြဇာအပြည့်ရှိလှသည်။
သူ ဖြတ်လျှောက်သွားချိန်တွင် မှူးမတ်များမှာ အလိုအလျောက် ဦးညွှတ်လိုက်ကြပြီး မည်သူမျှ အသက်ပြင်းပြင်း မရှူဝံ့ကြပေ။
ပိုင်ကျီဟန်၏ ရှေ့တွင် ရပ်လိုက်ရင်း ဧကရာဇ်သည် သူ့ကို အနီးကပ် လေ့လာကြည့်ရှုပြီးနောက် ဖော်ရွေမှုနှင့် တွက်ချက်မှုတို့ ရောယှက်နေသော အပြုံးမျိုးဖြင့် ပြုံးလိုက်
သည်။
"ငါ့ရဲ့ အင်ပါယာထဲမှာ ရှိနေတဲ့ ရန်သူကို မင်းက ရှာဖွေနေတာလား? အဲ့ဒါဆိုရင်တော့ မင်းရဲ့ လှုပ်ရှားမှုတွေကို ဘယ်သူမှ အနှောင့်အယှက် မပေးနိုင်အောင် ငါကိုယ်တော် အာမခံပါတယ်။ ဒါပေမဲ့..." သူ၏ လေသံမှာ ပို၍ နွေးထွေးလာပြီး "ဒီလူအိုကြီးနဲ့အတူ လမ်းခဏလောက် လျှောက်ကြည့်ရင် ဘယ်လိုလဲ? ကြယ်ကြွေအင်ပါယာရဲ့ အနှစ်သာရကို ငါကိုယ်တိုင် မင်းကို လိုက်ပြပါရစေ။"
အခြားသူများသည် ဧကရာဇ်ကို တားဆီးရန် ကြိုးစားကြသော်လည်း သူ၏ လက်တစ်ချက် ဝေ့ယမ်းလိုက်မှုကြောင့် အားလုံး ငြိမ်ကျသွားကြသည်။
ပိုင်ကျီဟန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
နန်းတော်ကို လှည့်ပတ်ကြည့်ရှုရမည်လား? အချိန်ဖြုန်းတီးခြင်းဟုသာ သူ ထင်မြင်မိသည်။ သူ၏ ရင်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်မှုများ စတင် ခံစားနေရပြီဖြစ်သည်။ သို့သော်လည်း...
(ဧကရာဇ်ကိုယ်တိုင်က ခွင့်ပြုချက်ပေးနေတာဆိုတော့ ငြင်းလိုက်ရင် မလိုအပ်ဘဲ ပြဿနာတွေ တိုးလာနိုင်တယ်။)
သူသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အနီရောင်မျက်ဝန်းများမှာ တည်ငြိမ်နေဆဲပင်။
"ကောင်းပါပြီ”
ဧကရာဇ်၏ အပြုံးသည် အနည်းငယ် ပို၍ ကျယ်ပြန့်သွားသည်။ သူ၏ လက်ကို ဝေ့ယမ်းလိုက်ပြီး ညီလာခံကို ရုပ်သိမ်းလိုက်သည်။
"ကျန်တဲ့သူတွေ အားလုံး ပြန်ကြတော့။ နိုင်ငံတော်ကိစ္စတွေကို ခေတ္တ ဆိုင်းငံ့ထားလိုက်မယ်။ စွန်းယောင်ချင်း၊ မင်းလည်း ငါတို့နဲ့ လိုက်ခဲ့ပါ။ စစ်သူကြီးဝူနဲ့ အကြီးအကဲဟန် မင်းတို့လည်း လိုက်ခဲ့ကြ။"
မှူးမတ်များသည် ဦးညွှတ်နှုတ်ဆက်ကြသော်လည်း အများစုမှာ မကျေနပ်သော မျက်နှာထားများဖြင့် အပြင်သို့ ထွက်ခွာသွားကြသည်။
လေထုထဲတွင် တင်းမာမှုများသည် မုန်တိုင်းတိမ်တိုက်များကဲ့သို့ ကျန်ရှိနေသေးသော်လည်း မည်သူမျှ ဧကရာဇ်၏ အမိန့်ကို မဆန့်ကျင်ဝံ့ကြပေ။
မကြာမီတွင် ကြီးမားလှသော ညီလာခံခန်းမကြီးသည် လူသူကင်းမဲ့သွားပြီး လူနည်းစုသာ ကျန်ရှိတော့သည်။
စွန်းယောင်ချင်းသည် ကျော့ရှင်းစွာ ထရပ်
လိုက်သည်။ သူမ၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ စပ်စုလိုစိတ်များဖြင့် လှုပ်ရှားနေသည်။
(ခမည်းတော်နဲ့အတူ... ပြီးတော့ ပိုင်ကျီဟန်နဲ့ရောလား?)