ကြယ်ကြွေအင်ပါယာ၏ ပါရမီရှင်များနှင့် တိုက်ပွဲ
Vol. 21 Ch. 308
ဧကရာဇ်မင်းမြတ် မိန့်ကြားခဲ့သလိုပင်... ဤခရီးသည် လမ်းလျှောက်ထွက်ရုံထက် မပိုခဲ့ပေ။
ကြယ်ကြွေနန်းတော်၏ ခန့်ညားထည်ဝါမှုသည် အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လျက်ရှိသည်။ မြင့်မားလှသော ကျောက်စိမ်းတိုင်များ၊ ရွှေရောင်ဝင်းပနေသော မုခ်ဦးဝိုင်းများနှင့် အဆုံးမရှိ စီးဆင်းနေသော ပန်းပင်လယ်ပြင်သဖွယ် ဥယျာဉ်များမှာ အလွန်တရာ ခမ်းနားလှ၏။
သို့သော် ထိုသို့သော တင့်တယ်လှပမှုများ ရှိနေသော်ငြား စကားဝိုင်းမှာမူ ထူးဆန်းစွာပင် သာမန်အကြောင်းအရာများ၌သာ ဝဲလည်နေခဲ့သည်။
ဧကရာဇ်သည် ဗိသုကာပညာအကြောင်း၊ ရာသီဥတုအကြောင်းနှင့် နန်းတွင်းနေ့စဉ်လုပ်ငန်းဆောင်တာများအကြောင်းကိုသာ ပြောဆိုနေခဲ့သည်။
ပိုင်ကျီဟန်ကမူ စကားကို လိုရင်းသာ ပြန်ပြော၏။ သူ၏ နီရဲသောမျက်ဝန်းအစုံသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသော်လည်း မည်သည့်အရာကမျှ သူ့ကို အထင်ကြီးစေပုံမရပေ။
စွန်ယောင်ချင်းသည် သူတို့၏နောက်တစ်လှမ်းအကွာမှ တိတ်ဆိတ်စွာ လိုက်ပါလာ၏ သူမ၏ နုနယ်သောလက်ကလေးများကို ရှေ့တွင်ယှက်ထားလျက် စကားလုံးတိုင်းကို စိတ်ဝင်တစား နားထောင်နေမိသည်။
ထို့နောက် ခရမ်းရောင်ပန်းနွယ်များ တွဲလောင်းကျနေသော အဆောင်တစ်ခုအနီးသို့ အရောက်တွင် ဧကရာဇ်၏ လေယူလေသိမ်းမှာ ပြောင်းလဲသွားလေသည်။
"ပြောပါဦး ပိုင်ကျီဟန်..." ဧကရာဇ်က သာမန်ကာလျှံကာ မေးလိုက်သော်လည်း သူ၏မျက်လုံးများကမူ အကဲခတ်နေဆဲပင်။ "ဒီနန်းတော်ထဲမှာ မင်းရဲ့စိတ်ကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးတစ်ယောက်ယောက်ကိုများ တွေ့မိသေးလား?"
"ကျွန်တော့်မှာ စေ့စပ်ထားတဲ့ဇနီး ရှိပြီးသားပါ အရှင်မင်းကြီး။"
ဧကရာဇ်သည် တဟားဟား ရယ်မောလိုက်သည်။
"မင်းလို အရည်အချင်းရှိတဲ့သူက တစ်ယောက်တည်းနဲ့တင် မတင်းတိမ်သင့်ပါဘူး။ မင်းလည်း သိတဲ့အတိုင်းပဲ... မင်းလိုအဆင့်အတန်းမျိုးရှိတဲ့သူက ဇနီးတွေ၊ မယားငယ်တွေ အများကြီး ယူလို့ရတာပဲ မလား။"
ထိုစကားကြောင့် ပိုင်ကျီဟန် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ခဏတာမျှသာဖြစ်သော်လည်း သေချာပေါက် စွန်ယောင်ချင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။
သူမ၏ ရင်ခုန်သံများ မြန်လာကာ ပါးပြင်ပေါ်သို့ အပူရှိန်များ ဖြတ်ပြေးသွားသည်။
(ဖြစ်နိုင်မလား... သူ ငါ့ကို စိတ်ဝင်စားနေတာလား?)
ခဏတာမျှ သူမ၏ တည်ငြိမ်မှုများ ယိုင်နဲ့သွားခဲ့သည်။ သို့သော်လည်း
ပိုင်ကျီဟန်၏ နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားပြီး သူ၏အသံသည် မဆိုင်းမတွပင် လေထုထဲသို့ တိုးဝင်လာသည်။
"မရှိပါဘူး..ကျွန်တော်တွေ့ခဲ့တဲ့သူတွေထဲမှာ ကျွန်တော့်စေ့စပ်ထားသူရဲ့ အလှတရား ငါးဆယ်ရာခိုင်နှုန်းလောက်တောင် ရှိတဲ့သူ တစ်ယောက်မှ မတွေ့သေးဘူး။"
ထိုစကားလုံးများသည် ဓားတစ်လက်ကဲ့သို့ ပြတ်သားစွာ ကျရောက်လာသည်။
စွန်ယောင်ချင်း တစ်ကိုယ်လုံး တောင့်တင်းသွားကာ ပိုင်ကျီဟန်၏ စကားလုံးများသည် သူမကို လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရ၏။
(ငါးဆယ်ရာခိုင်နှုန်း?)
ထိုအရှက်ရမှုသည် သူမ မျှော်လင့်ထားသည်ထက် ပို၍ နက်ရှိုင်းသည်။ သူမသည် မိမိကိုယ်မိမိ ယုံကြည်မှု၊ တည်ငြိမ်မှုနှင့် အလှအပတို့အပေါ် ဂုဏ်ယူခဲ့သူဖြစ်သည်။
သူမသည် အလှအပသက်သက်ကိုသာ ဂရုစိုက်သူမဟုတ်သော်လည်း ယခုကဲ့သို့ ဗြောင်ကျကျ ငြင်းပယ်ခံလိုက်ရခြင်း၊ အခြားအမျိုးသမီးတစ်ဦး၏ အလှတရား တစ်ဝက်စာလောက်တောင် တန်ဖိုးမရှိသကဲ့သို့ အဆက်ဆံခံလိုက်ရခြင်းသည် များစွာ နာကျင်စေခဲ့သည်။
သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင်ခင်မှာပင် အတွေးထဲ၌ တိုးတိုးလေး ရေရွတ်မိလိုက်သည်။
(အချစ်ရူး ရူးနေတဲ့ လူအ။ သူ့ရှေ့မှာ ဘာရှိနေလဲဆိုတာတောင် သူ မမြင်နိုင်ဘူးပဲ။)
သူမ၏ မျက်နှာအမူအရာသည် အပြင်ပန်းတွင် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်မူ သူ့ကို ကျိန်ဆဲနေမိတော့သည်။
ပိုင်ကျီဟန်ကမူ သူမ၏ တုံ့ပြန်မှုကို အမှုမထားဘဲ အကြည့်လွှဲကာ ဧကရာဇ်ထံသို့သာ အာရုံပြန်ရောက်သွားသည်။
သို့သော် စွန်ယောင်ချင်းမှာမူ ရင်ဘတ်ထဲ၌ တလှိုက်လှိုက် တက်လာသော အရှက်ရမှုနှင့် ဒေါသကို ဖယ်ထုတ်၍ မရနိုင်သေးပေ။
(သူ ဘယ်လိုတောင် သတ္တိရှိရတာလဲ...)
သူတို့နောက်မှ လိုက်လာရင်း စွန်ယောင်ချင်း၏ လက်သည်းများသည် အင်္ကျီလက်ပေါ်သို့ ခပ်ဖွဖွ ဖိထားမိပြီး သူမ၏ အကြည့်များသည် ပိုင်ကျီဟန်၏ ဖြောင့်စင်းသော ကျောပြင်ပေါ်၌သာ စွဲထင်နေသည်။
(ရှင်လည်း ပြည့်စုံနေတာမှ မဟုတ်တာ)
သူမသည် သူ၏ရုပ်ရည်ကို ဝေဖန်ချင်ပြီး တစ်ခုခုသော အပြစ်အနာအဆာကို ရှာဖွေချင်မိသည်။ သို့သော် သူမ စိုက်ကြည့်လေလေ၊ အမှားရှာရန် ပိုခက်ခဲလေလေ ဖြစ်နေသည်။
သန်းခေါင်ယံကဲ့သို့ နက်မှောင်သော ဆံနွယ်ရှည်များကြားမှ သူ၏မျက်နှာသည် နူးညံ့လွန်းခြင်းလည်း မရှိ၊ ထက်မြက်လွန်းခြင်းလည်း မရှိဘဲ ခန့်ညားသော အလှတရားတစ်ခုကို ဆောင်ကြဉ်းထားသည်။
သူ၏ မျက်နှာပုံကျမှုတိုင်းသည် ကျော့ရှင်းမှုနှင့် အရှိန်အဝါတို့ကြား မျှတနေပြီး အပြစ်ဆိုဖွယ်မရှိ သွေးထားသော ဓားသွားတစ်လက်
ကဲ့သို့ပင်။
နတ်ဘုရားတို့ကိုယ်တိုင် ထုဆစ်ထားသည့် မျက်နှာမျိုး...။
(...စိတ်တိုစရာကြီး)
ထိုအတွေးကြောင့် သူမ ပို၍ပင် စိတ်တိုလာရသည်။
(အပြင်ပန်းက အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေရင်ကော ဘာဖြစ်လဲ? နူးညံ့သိမ်မွေ့မှုမရှိဘဲ သူတွေ့သမျှ အမျိုးသမီးတိုင်းကို နှိမ်ချရဲလောက်အောင် မောက်မာတဲ့သူ... သူ့ရဲ့ စေ့စပ်ထားသူဆိုရင်လည်း သူ့လက်အောက်မှာ ဒုက္ခရောက်နေမှာပဲ။)
သူမသည် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ပြီး စိတ်ထဲတွင် ဒေါသများ ဝေနေသော်လည်း မျက်နှာကို ပြန်လည် တည်ငြိမ်အောင် ပြုပြင်လိုက်သည်။
ထိုစဉ် လမ်းသည် ရုတ်တရက် ပွင့်ထွက်သွားပြီး ခရမ်းရောင်ပန်းရိပ်များမှတစ်ဆင့် နန်းတွင်း လေ့ကျင့်ရေး ကွင်းပြင်ကြီးဆီသို့ ရောက်ရှိသွားသည်။
အေးမြသော လေပြည်နှင့်အတူ သံမဏိနံ့နှင့် ချွေးနံ့များသည် လေထုထဲ၌ ခပ်ဖျော့ဖျော့ လွင့်ပျံနေ၏။
လေ့ကျင့်ရေးကွင်းတွင် လူအများအပြားသည် စီတန်းရပ်နေကြပြီး သူတို့၏ ကိုယ်ဟန်အနေအထားမှာ မတ်စောက်ကာ အကြည့်များသည်လည်း ဓားသွားများကဲ့သို့ ထက်မြက်လှသည်။
အချို့မှာ မြင့်မြတ်သော မိသားစုဝင်များ၏ ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အချို့မှာ ဂိုဏ်းကြီးများ၏ အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ သို့သော် လူတိုင်းသည် ထူးခြားသော စွမ်းအားအရှိန်အဝါများ အသီးသီး ထွက်ပေါ်နေကြသည်။
စွန်ယောင်ချင်း အသက်ရှူမှားသွားရသည်။
(ခမည်းတော်က ဘယ်တုန်းကများ... ?)
ကြယ်ကြွေအင်ပါယာ၏ ထိပ်တန်းပါရမီရှင် အားလုံးနီးပါး ဤနေရာ၌ စုဝေးနေကြသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်သည်။
ထိုသူများသည် တစ်တိုက်လုံးတွင် နာမည်ကျော်ကြားနေကြသည့် လူငယ်သူရဲကောင်းများဖြစ်ပြီး အင်ပါယာ၏ ဂုဏ်ဆောင်များနှင့် အနာဂတ် မျှော်လင့်ချက်များ ဖြစ်ကြသည်။
ဧကရာဇ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်လိုက်ပြီး မျက်ဝန်းများက တောက်ပနေသည်။ သူသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ပိုင်ကျီဟန် ဘက်သို့ လှည့်လိုက်သည်
"သူတို့ကိုရောမင်း ဘယ်လိုထင်လဲ?"
အကြည့်အားလုံးသည် သူတို့ထံသို့ ရောက်ရှိသွားသည်။ ထိုလူငယ်အထက်တန်းလွှာများသည် စွမ်းလျှင် ငါတို့ကို တိုင်းတာကြည့်စမ်းဟု တိတ်တဆိတ် ကြွေးကြော်နေသကဲ့သို့ မေးခွန်း၏ ဖိအားအောက်တွင် ပိုမို မတ်မတ်ရပ်လိုက်ကြသည်။
ပိုင်ကျီဟန်၏ နီရဲသောမျက်ဝန်းများသည် သူတို့အပေါ်သို့ အလေးမထားသလို ဝေ့ကြည့်သွားသည်။
သူသည် ထိုသူများကို မျက်လုံးနှင့် အမှန်တကယ် တိုင်းတာနေပုံရသည်။
နောက်ဆုံးတွင် သူ စကားပြောလိုက်သည်။
"အားနည်းတယ်”
စကားလုံး တစ်လုံးတည်းသာ။
သို့သော် ထိုစကားလုံးသည် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး မည်သည့် အော်ဟစ်သံထက်မဆို ပို၍ ကျယ်လောင်သော တိတ်ဆိတ်မှုကို ချန်ရစ်ခဲ့သည်။
စွန်ယောင်ချင်းသည် မယုံကြည်နိုင်လောက်အောင်ပင် ပါးစပ်အနည်းငယ် ဟသွားရသည်။
သူ့၏ မောက်မာမှုကြောင့်လား သို့မဟုတ် မသိနားမလည်မှုကြောင့်လား ဆိုသည်ကို သူမ မဝေခွဲနိုင်တော့ပေ။
ထိုလူစုထဲတွင် အသက် ၄၀ အောက် အခြေတည်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ပါဝင်နေပြီး ၎င်းမှာ ကြယ်ကြွေအင်ပါယာတွင် အလွန်ရှားပါးသော အဆင့်အတန်းများ ဖြစ်သည်။
သူတို့အားလုံးသည် အင်ပါယာ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသော်လည်း ပိုင်ကျီဟန်မှာမူ ထိုသို့သော စကားလုံးကို ပြောထွက်ရဲလေသည်။
ကောင်းကင်အင်ပါယာတွင် ပိုမိုသန်မာသော ကျင့်ကြံသူများရှိသည်ကို စွန်ယောင်ချင်း သိထားသော်လည်း သူတို့၏ ထိပ်တန်းပါရမီရှင်များသည် အားနည်းသူဟု ခေါ်ဆိုခံရမည့်သူများ မဟုတ်ပေ။ စုဝေးနေသော ပါရမီရှင်များသည် ခန္ဓာကိုယ်များ တောင့်တင်းသွားကာ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားကြသည်။ သို့သော် ဧကရာဇ် စောင့်ကြည့်နေသဖြင့် မည်သူမျှ စကားမဟရဲကြချေ။
ဧကရာဇ်သည် အလေးအနက် စဉ်းစားနေပုံရပြီး နောက်ဆုံးတွင် စကားဆိုလာသည်။
"ပိုင်ကျီဟန်... မင်း အဆင်ပြေမယ်ဆိုရင် သူတို့နဲ့ လက်ရည်စမ်းကြည့်ဖို့ ဘယ်လိုလဲ?”
ဧကရာဇ်သည် အကြံပြုလိုက်သည်။
သို့သော် ပိုင်ကျီဟန်မှာမူ စိတ်ဝင်စားပုံ လုံးဝမရပေ။
"ဒါက ကျွန်တော့်ရဲ့ အချိန်ကို ဖြုန်းတီးတာပဲ ဖြစ်လိမ့်မယ်။ သူတို့မှာ အခွင့်အရေး လုံးဝမရှိဘူး။"
ပိုင်ကျီဟန်က မောက်မာစွာ ပြောဆိုလိုက်သည်။
ထိုစကားလုံးများသည် မြင့်မြတ်သော စေတီပုထိုးတစ်ခုကို စော်ကားလိုက်သကဲ့သို့ လေထုထဲ၌ ပဲ့တင်ထပ်သွားသည်။ စုဝေးနေသော ပါရမီရှင်များအဖို့ သူတို့၏ ဂုဏ်သိက္ခာမှာ တစ်ခဏအတွင်း အာဃာတအဖြစ် ပြောင်းလဲသွား၏။
သူတို့ထဲမှ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး နာမည်ဂုဏ်သတင်းတစ်ခုတည်းနှင့်ပင် စစ်တပ်တစ်ခုကို စည်းရုံးနိုင်စွမ်းရှိသော လူငယ်တစ်ဦး ရှေ့သို့ တက်လာသည်။
သူ၏ ရင်ဘတ်တွင် မြင့်မြတ်သော မျိုးရိုးအိမ်တော်တစ်ခု၏ တံဆိပ်ကို တပ်ဆင်ထားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တည်ငြိမ်မှုကို ဆောင်ထားသည်။ သူ၏ မေးရိုးများမှာ တင်းမာနေပြီး မျက်ဝန်းများမှာလည်း တောက်လောင်နေ၏။
"သခင်လေး ပိုင်”သူက လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားအောင် အော်ပြောလိုက်သည်။ "ကျွန်တော်တို့ကို အားနည်းတယ်လို့ ထင်ရင်... ခင်ဗျား မှားနေတယ်ဆိုတာ သက်သေပြခွင့်ပေးပါ။ ကျွန်တော်တို့နဲ့ ယှဉ်ပြီး ခင်ဗျားကိုယ်ခင်ဗျား စမ်းသပ်ကြည့်လိုက်စမ်းပါ။"
ထိုစကားနောက်တွင် ထောက်ခံသည့်အသံများမှာ ထက်မြက်စွာနှင့် စိတ်အားထက်သန်စွာ ထွက်ပေါ်လာသည်။
"ဟုတ်တယ်။ မင်းရဲ့ မောက်မာမှုက အပြောသက်သက်မဟုတ်ဘူးဆိုတာ ပြစမ်းပါ”
"ဒါမှမဟုတ် သခင်လေးပိုင်က ကြောက်နေတာလား?"
အချို့ဆီမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာပြီး အခြားစိန်ခေါ်သူများလည်း ရှေ့သို့ တက်လာကြသည်။ သူတို့အားလုံးသည် စိတ်အားထက်သန်နေကြပြီး တိုက်ခိုက်မှုတစ်ခုတည်းနှင့် သူတို့၏ ဂုဏ်သတင်းကို ရင်းနှီးရန် အသင့်ဖြစ်နေကြသည်။
သူတို့၏ လက်ချောင်းများမှာ ဓားရိုးများနှင့် အဆောင်လက်ဖွဲ့များဆီသို့ ဦးတည်နေကြသည်။ သူတို့သည် ယခုကဲ့သို့ အချိန်မျိုးအတွက် တစ်သက်လုံး စောင့်ဆိုင်းခဲ့ကြရသည် မဟုတ်ပါလော
စွန်ယောင်ချင်း၏ ရင်ဘတ်မှာ ဒိန်းခနဲ ဖြစ်သွားသည်။ သူမသည် ဒေါသပေါက်ကွဲမှုများကို မြင်ဖူးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုမူ တစ်ခါမျှ မကြုံဖူးပေ။ အင်ပါယာ၏ အချစ်တော် ပါရမီရှင်တစ်စုလုံးသည် ပြင်ပလူတစ်ယောက်၏ မောက်မာမှုကို သူတို့၏ လက်ဝါးဖြင့် ချေမှုန်းရန် ပြာယာခတ်နေကြသည်။
သာမန် လက်ရည်စမ်းပွဲတစ်ခုထက်မက ဆိုးရွားသွားနိုင်သည်။ စော်ကားမှုမှသည် သွေးမြေကျ ရန်ငြိုးများ၊ သံတမန်ရေးရာ ပြဿနာများနှင့် နန်းတွင်းအရာရှိများမှ လက်စားချေရန် တောင်းဆိုကြသည့် အထိ ဖြစ်သွားနိုင်သည်။
သူမ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
(ခမည်းတော်... ကျေးဇူးပြုပြီး ဒါကို ထိန်းမနိုင်သိမ်းမရ ဖြစ်မသွားပါစေနဲ့။)
ဧကရာဇ်ကမူ ခန့်မှန်းရခက်သော မျက်နှာပေးဖြင့် သူတို့အားလုံးကို စောင့်ကြည့်နေသည်။
"သခင်လေး ပိုင်... သူတို့ရဲ့ ဆန္ဒကို မင်း ဖြည့်ဆည်းပေးနိုင်မလား?"
"ကျွန်တော် မလုပ်ချင်ဘူး”
ထိုစကားသည် ကျန်ရှိနေသော ပါရမီရှင်များ၏ ဒေါသကို ပို၍ လောင်စာထည့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ပိုင်ကျီဟန်သည် စကားကို မောက်မာစွာ ပြောဆိုပြီးနောက် ထွက်ပြေးရန် ကြိုးစားနေသည်ဟု သူတို့ ထင်မြင်သွားကြသည်။
"မင်း သူတို့ကို အနိုင်ယူနိုင်ရင်... မင်းတောင်းဆိုတဲ့ ခွင့်ပြုချက်ကို ငါပေးမယ်။ ပြီးတော့ အဲ့ဒီအဖွဲ့အစည်းကို ဖျက်ဆီးဖို့လည်း ငါကိုယ်တိုင် ကူညီပေးမယ်။ ဘယ်လိုလဲ?"
ပိုင်ကျီဟန်၏ နီရဲသောမျက်ဝန်းများသည် ဧကရာဇ်နှင့် အကြည့်ချင်းဆုံသွားသည်။ အေးစက်သော အပြုံးတစ်ခုသည် သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာကာ စိတ်ဝင်စားသွားပုံရသလို အနည်းငယ်လည်း ပျင်းရိနေပုံရသည်။
"ကောင်းပြီလေ”
သူက ရိုးရှင်းစွာပင် ပြောလိုက်သည်။
ထို့နောက် စုဝေးနေသော ပါရမီရှင်များကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး သူ၏ လေယူလေသိမ်းသည် ပို၍ အေးစက်ကာ ထက်မြက်သွားသည်။
"ဒါပေမဲ့ ခင်ဗျားတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်”