ကြွေလွင့်ကြယ်အင်ပါယာမှ ပါရမီရှင်၏ ယုံကြည်မှု
Vol. 21 Ch. 309
"ခမည်းတော်... ဘာလို့ ကျွန်မတို့ရဲ့ ထိပ်သီးပါရမီရှင်တွေကို သူ့ကို တိုက်ခိုက်ခိုင်းရတာလဲဟင်"
သူမသည် ဧကရာဇ်နှင့် အနီးကပ်ဆုံး ကိုယ်ရံတော်များသာ ကြားနိုင်မည့် အကွာအဝေးမှနေ၍ တိုးတိုးလေး မေးလိုက်သည်။
ဧကရာဇ်၏ မျက်နှာအမူအရာသည် ခဏမျှ ခန့်မှန်းရခက်နေသော်လည်း သူ၏ အသံမှာ တည်ငြိမ်အေးဆေးနေ၏။
"ဘာလို့လဲဆိုတော့ ဒီလူငယ်တွေက ငါတို့အင်ပါယာရဲ့ အနာဂတ်မို့လို့ပဲ ယောင်ချင်းအာ... အင်ပါယာအတွက် အရေးကြုံလာတဲ့အခါ သူတို့ကပဲ ကာကွယ်ကြရမှာ"
ဧကရာဇ်၏ အကြည့်တို့သည် ပိုင်ကျီဟန် ထံသို့ ကျရောက်သွားသည်။
ပိုင်ကျီဟန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ မှန်ကန်ရမည်ဟု ဧကရာဇ် သဘောပေါက်လိုက်သည်။
သူ၏ ကိုယ်နေဟန်ထားနှင့် ထွက်ပေါ်နေသော ယုံကြည်မှုများသည် အစွမ်းထက်သူတစ်ယောက်၏ အရှိန်အဝါမျိုး ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်အင်ပါယာမှ ပါရမီရှင်တစ်ယောက်သည် မည်မျှအထိ စွမ်းဆောင်နိုင်သည်ကို မိမိအင်ပါယာမှ ပါရမီရှင်များ သိစေချင်ခြင်းလည်း ဖြစ်သည်။
စွန်ယောင်ချင်းသည် မျက်မှောင်ကြုတ်လိုက်၏
"ဒါပေမဲ့ ခမည်းတော် ပိုင်မျိုးနွယ်စုကို အမျက်ထွက်အောင် လုပ်မိသလို ဖြစ်နေလိမ့်မယ်"
ဧကရာဇ်သည် ပြုံးလိုက်သော်လည်း ထိုအပြုံးတွင် နွေးထွေးမှုမရှိဘဲ တွက်ချက်မှုများသာ ပြည့်နှက်နေသည်။
"အဲဒါကို ခမည်းတော် မသိဘူးလို့ မင်းထင်နေတာလား။ ဒါပေမဲ့ ဒီလိုစမ်းသပ်ရကျိုး နပ်လိမ့်မယ်လို့ ငါထင်တယ်"
စွန်ယောင်ချင်း မျက်တောင်ခတ်လိုက်မိသည်။ ဖခင်ဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သွားချိန်တွင် သူမ ရင်ထဲ၌ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"ခမည်းတော်က သူတကယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာကိုပဲ ကြည့်ချင်နေတာပဲ"
စွန်ယောင်ချင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမဖခင်တွင် ကြီးကျယ်သော ရည်ရွယ်ချက်တစ်ခုခု ရှိနေပုံရသော်လည်း အဓိကမှာ ပိုင်ကျီဟန်၏ အစွမ်းအပေါ် စပ်စုလိုစိတ်ကြောင့် ဖြစ်နိုင်ခြေ ပိုများသည်။
ဧကရာဇ်၏ အကြည့်တို့သည် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနေပြီး စုဝေးနေသော ပါရမီရှင်များကို မြင်ယောင်နေပုံရသည်။
သမီးဖြစ်သူ ပြောသည်မှာ မမှားဘဲ ပိုင်ကျီဟန်နှင့် ပတ်သက်သည့် ကောလာဟလများ မှန်၊ မမှန် သူ ကိုယ်တိုင် အတည်ပြုချင်နေခြင်း ဖြစ်သည်။
ဒီလောက်အထိ ထူးခြားဆန်းပြားတဲ့ ပါရမီရှင်မျိုး တကယ်ပဲ ရှိနိုင်ပါ့မည်လား။
အသက် (၁၆) နှစ်အရွယ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေစဉ်မှာပင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ကို အနိုင်ယူခဲ့သည်ဟု ဆိုကြသူ...။
၎င်းမှာ မဖြစ်နိုင်သလောက်ပင်။ အနည်းဆုံးတော့ သူ၏ သာမန်အသိအရ ထိုသို့မဖြစ်နိုင်သင့်ပေ။
"နဂါးနှင့်ဖီးနစ် ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ပိုင်ရွှယ်ချင်းက အသက် (၁၉) နှစ်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။ ပိုင်ကျီဟန်က သူမရဲ့မောင်ပဲ။ သတင်းတွေသာ မှန်မယ်ဆိုရင် သူက သူမနဲ့ အဆင့်တူ ဒါမှမဟုတ် သူမထက်တောင် သာနိုင်တယ်လို့ တချို့က ဆိုကြတယ်။ ဒါပေမဲ့ သူ ဘာလို့ ပြိုင်ပွဲမဝင်ခဲ့တာလဲဆိုတာတော့ ငါလည်း မသိဘူး"
စွန်ယောင်ချင်း၏ မျက်နှာ တင်းမာသွားသည်။ ထိုကိစ္စများကို သူမလည်း နန်းတော်ထဲတွင် ကြားဖူးနားဝ ရှိသည်။
သူမကိုယ်တိုင်လည်း ကြယ်ကြွေအင်ပါယာ တွင် ထူးချွန်သော ပါရမီရှင်တစ်ဦးဟု သတ်မှတ်ခံရသော်လည်း ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို မည်သို့ရယူနိုင်သည်ကို သူမ နားမလည်နိုင်ပေ။
အသက် (၂၀) မပြည့်ခင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် မည်မျှအထိ ပါရမီထူးရမည်ကို သူမ မခန့်မှန်းနိုင်ပေ
ထို့အပြင် ပိုင်ရွှယ်ချင်းထက် ငယ်သော ပိုင်ကျီဟန်သည်လည်း ထိုအဆင့်ကို ရောက်နေသည်မှာ သူမအတွက် ယုံရခက်နေဆဲဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်... ဒါက တကယ်ဆိုရင် ငါတို့ရဲ့ ပါရမီရှင်တွေကို သူတို့နဲ့ ယှဉ်ပြီး စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းပဲ"
အမှန်တကယ်တော့ သူတို့ကြားရှိ အသက်အရွယ်ကွာဟချက်သည် အလွန်ကြီးမားလွန်းလှသဖြင့် ရွယ်တူပါရမီရှင်များဟု ခေါ်ဆိုရန်ပင် ခက်ခဲလှသည်။
ပိုင်ကျီဟန်သည် အသက် (၁၈) နှစ်သာ ရှိသေးသော်လည်း တစ်ဖက်တွင်မူ အင်ပါယာ၏ ပါရမီရှင်အများစုမှာ အသက် (၃၀) ဝန်းကျင်များဖြစ်ကြပြီး အချို့ဆိုလျှင် အသက် (၄၀) အရွယ်များပင် ရှိနေကြသည်။
သို့သော်လည်း ပိုင်ကျီဟန်နှင့် အသက်ရွယ်တူ ပါရမီရှင်တစ်ယောက်ကိုသာ ခေါ်ထုတ်လာပါက မည်သို့မျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း လူတိုင်း သိကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအသက်အရွယ်ရှိ သူတို့၏ ပါရမီရှင်အများစုသည် ရွှေအမြုတေအဆင့်တွင်သာ ရှိနေကြသေးသောကြောင့်ပင်။
"ဒါဆိုရင် ဒါက... အတိုင်းအတာတစ်ခုအနေနဲ့ စမ်းသပ်တာပေါ့လေ"
ပိုင်ကျီဟန်ကိုသာမက ကောင်းကင်အင်ပါယာ၏ ပါရမီရှင် အဆင့်အတန်းကိုပါ တိုင်းတာရန်ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အမှန်တကယ်ပင် ရှားပါးပြီး တန်ဖိုးရှိလှသည်။
"အတိအကျပဲ”
ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်လို့ ရှုံးသွားမယ်ဆိုရင်လည်း ငါတို့ပါရမီရှင်တွေအတွက် သင်ခန်းစာရမဲ့ အခွင့်အရေးဖြစ်မယ်။ တကယ်လို့ သူတို့နိုင်ခဲ့မယ်ဆိုရင်တော့ တစ်အင်ပါယာလုံးမှာရှိတဲ့ ပါရမီရှင်တွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်လိမ့်မယ်"
စွန်ယောင်ချင်းသည် အကြောင်းရင်းကို နားလည်သွားသည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူတို့အတွက် အကျိုးရှိပေသည်။
"သေချာကြည့်ထား ယောင်ချင်း။ ဒါက သူတို့အတွက်ရော... မင်းအတွက်ပါ အခွင့်အရေးပဲ"
ကြယ်ကြွေအင်ပါယာ၏ ပါရမီရှင်များသည် ယုံကြည်မှုများ အပြည့်ရှိနေကြသည်။
ပိုင်ကျီဟန်၏ အလားအလာနှင့် ပါရမီမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သိထားကြသော်လည်း လောလောဆယ်တွင် ကျင့်ကြံအဆင့်မှာ အတူတူပင်ဖြစ်ပြီး သူတို့တွင် တိုက်ပွဲအတွေ့အကြုံ ပိုများသဖြင့် ပို၍သန်မာသည်ဟု ထင်မှတ်ထားကြသည်။
"ကျွန်တော် အရင်သွားမယ်”
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင်ရှိသော လူငယ်တစ်ဦးသည် ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။ သူသည် ထိုအုပ်စုထဲတွင် အသန်မာဆုံးနှင့် အတွေ့အကြုံအရှိဆုံး တစ်ဦးဖြစ်သဖြင့် မည်သူမျှ ကန့်ကွက်ခြင်းမရှိကြပေ။
သူ့ထက် ပိုသန်မာသည်ဟု ထင်နေကြသူများပင် အရင်စမ်းသပ်ခိုင်းပြီးမှ နောက်ဆုံးတွင် သူတို့ကိုယ်တိုင် ဝင်ရောက်
အနိုင်ယူရန် စောင့်ကြည့်နေကြသည်။
ကောင်းကင်အင်ပါယာမှ ပါရမီရှင်တစ်ဦးကို အနိုင်ယူနိုင်ခြင်းသည် ဂုဏ်သိက္ခာများစွာ ရရှိစေနိုင်ရုံသာမက မင်းသမီးစွန်ယောင်ချင်း ကိုယ်တိုင် ကြည့်ရှုနေခြင်းကြောင့် သူမ၏စိတ်ကို ဖမ်းစားနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
ဧကရာဇ်ကသာ သဘောကျသွားမည်ဆိုလျှင် မင်းသမီးနှင့်ပင် လက်ထပ်ခွင့်ရနိုင်သည်
သူတို့ စိတ်ကူးယဉ်နေကြသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည် မေးကိုမော့ကာ ယုံကြည်မှုရှိသော ခြေလှမ်းများဖြင့် လေ့ကျင့်ရေးကွင်းအလယ်သို့ လျှောက်လှမ်းလာခဲ့သည်။
သူ၏ အရောင်အဝါသည် တည်ငြိမ်ပြီး ဖိအားပေးနိုင်စွမ်းရှိကာ သူ၏ကျင့်ကြံမှုအဆင့်ကို သိသာစွာ ဖော်ပြနေသည်။
သူသည် ဧကရာဇ်ကို ဦးစွာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်ပြီးနောက် ပိုင်ကျီဟန်ဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော့်နာမည်က လုဖန်းပါ" သူ၏အသံမှာ ကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။ "အသက် (၃၅) နှစ်။ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်။ ဒီနေ့မှာတော့ သခင်လေးပိုင်ရဲ့ လမ်းညွှန်မှုကို ခံယူပါရစေ”
စုဝေးနေသော ပါရမီရှင်များနှင့် အရာရှိများကြားတွင် တီးတိုး ပြောသံများ ထွက်ပေါ်လာသည်။
"လုဖန်းက ဘယ်တုန်းက ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို တက်သွားတာလဲ"
"သူ ဒီလောက် ယုံကြည်မှု ရှိနေတာ မပြောနဲ့တော့"
"တောက်... ပိုင်ကျီဟန်သာ ရှုံးသွားရင် ငါတော့ လူစွမ်းပြခွင့် ဆုံးတော့မှာပဲ"
လုဖန်းသည် ကျင့်ကြံမှုအဆင့် တိုးတက်မှုကို အလွန်လျှို့ဝှက်ထားပုံရပြီး သူ၏ အရင်းနှီးဆုံး သူငယ်ချင်းများကိုပင် အသိမပေးခဲ့ပေ။
အသက် (၃၅) နှစ်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်နေခြင်းမှာ ကြယ်ကြွေအင်ပါယာ၏ တောက်ပသော ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ကြောင်း ငြင်းပယ်၍မရပေ။
ငယ်ရွယ်သော ကျင့်ကြံသူ အများအပြားသည် သူ့ကို အားကျစွာ ကြည့်နေကြပြီး လုဖန်းအနေဖြင့် ပိုင်ကျီဟန်ကို အနည်းဆုံးတော့ အကျိုးအကြောင်း သိသွားအောင် ဆုံးမနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
လုဖန်းသည် မိမိအပေါ် ကျရောက်နေသော မနာလိုသည့် အကြည့်များနှင့် အားကျသည့် အကြည့်များကို ခံစားရင်း ကျေနပ်ပီတိ ဖြစ်နေသည်။
ဒါက သူ စောင့်စားနေသည့် လူစွမ်းပြရမည့် အခွင့်အရေးပင်
သို့သော် ပိုင်ကျီဟန်မှာမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်သည်။ သူ၏ အနီရောင်မျက်လုံးအစုံသည် လုဖန်းကို မမြင်ရသော အလေးချိန်စက်တစ်ခုပေါ်တွင် တင်၍ ချိန်တွယ်နေသကဲ့သို့ ပျင်းရိစွာ ကြည့်လိုက်သည်။
ထို့နောက် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပြောလိုက်သည်။
(ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်လား? ငါ့အချိန်တွေကို ပေးရလောက်အောင်တောင် တန်ဖိုးမရှိဘူး။)
ဒါပေမဲ့ သူ ဘာလုပ်နိုင်မည်နည်း? ထိုကိစ္စကို အမြန်အဆုံးသတ်ပြီး သူ့ကိစ္စသူ ဆက်လုပ်ချင်ရုံသာ ရှိသည်။
လုဖန်း၏ နှုတ်ခမ်းတွင် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ ပို၍ မြင့်တက်လာကာ သူနှင့် ကျန်ရှိနေသူများကြား မည်မျှအထိ ကွာခြားသည်ကို သတိပေးနေသကဲ့သို့ပင်။
"မင်းက ငယ်သေးတော့..." သူ၏ အသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။ "မင်းကို ငါ အခွင့်အရေး နည်းနည်း ပေးသင့်လား? ခုနက မင်းပြောခဲ့တဲ့ ထောင်လွှားတဲ့ စကားတွေကို ပြန်ရုပ်သိမ်းချင်လား? မင်း မှားသွားတယ်လို့ ဝန်ခံမယ်ဆိုရင် မင်းကို ညှာတာပေးရလည်း စိတ်မရှိပါဘူး"
လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အချို့က ခနဲ့တဲ့တဲ့ ပြုံးနေကြကာ အချို့ကမူ ခေါင်းညိတ် ထောက်ခံနေကြသည်။ သူတို့အတွက်မူ လုဖန်း စကားမှာ အကျိုးအကြောင်း သင့်လျော်ရုံသာမက ရက်ရောလွန်းသည်ဟုပင် ထင်နေကြသည်။
အမှန်တကယ်လည်း ပိုင်ကျီဟန်သည် အသက် (၁၈) နှစ်သာ ရှိသေးသည် မဟုတ်ပါလော
သူ၏ ပါရမီ မည်မျှပင် ထူးချွန်ပါစေ ၊ ဆယ်စုနှစ်နှင့်ချီသော ကျင့်ကြံမှု အတွေ့အကြုံကိုမူ မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် ပိုင်ကျီဟန်ကမူ သူ၏ အနီရောင်မျက်လုံးများတွင် ရယ်ချင်နေသော အရိပ်အယောင်များဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"ညှာတာပေးမယ် ဟုတ်လား?"
သူက တိုးတိုးလေး ရယ်မောလိုက်သည်။ ထိုရယ်သံမှာ ဆူညံနေသော လူအုပ်ကြားကို စူးရှစွာ ဖြတ်သန်းသွားသည်။
"မင်းရဲ့ အစွမ်းအကုန်နဲ့သာ လာခဲ့ပါ"
သူ၏ အပြုံးသည် ပို၍ စူးရှလာကာ
အေးစက်ပြီး ထောင်လွှားသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
"အဲဒီလိုမှ မဟုတ်ရင် နောက်မှ အခွင့်အရေး မရခဲ့ဘူးလို့ လာမညည်းနဲ့"
ထိုလှောင်ပြောင်သော စကားသည် ကျာပွတ်နှင့် ရိုက်လိုက်သလို ပြင်းထန်လှသည်။ လုဖန်း မျက်နှာမှာ တင်းမာသွားပြီး စောစောက အပြုံးသည် ပျောက်ကွယ်သွားကာ ထက်မြက်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။ သူ၏ စွမ်းအင်ချီများ တိုးတက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုကို အပူရှိန်နှင့် ဖိအားများဖြင့် ရစ်ပတ်စေသည်။
သူသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်ပလာသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ငါ လက်မနှေးတာကိုတော့ အပြစ်မတင်နဲ့တော့။ မင်းက အရှက်ကွဲချင်နေမှတော့ ငါကပဲ ဖြည့်ဆည်းပေးရတာပေါ့"
လူအုပ်ကြီးကြားတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထသွားသည်။ အခုတော့ တိုက်ပွဲက ရှောင်လွှဲမရနိုင်တော့ပေ။
"ငါ ပြသပေးမယ်" လုဖန်း အသံမှာ ဟိန်းထွက်နေသည်။ "ကြယ်ကြွေအင်ပါယာရဲ့ ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းကို”
ပိုင်ကျီဟန် မှာမူ သူ၏ ကိုယ်နေဟန်ထားကို အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။
သူ၏ အပြုံးသည် ကလေးတစ်ယောက် ဂျီကျနေသည်ကို ကြည့်နေရသကဲ့သို့ ပေါ့ပျက်ပျက်နှင့် ဂရုမစိုက်သော အသွင်အပြင်မျိုး ရှိနေဆဲဖြစ်သည်။
"ဒါဆိုရင်လည်း..." သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အနီရောင်မျက်လုံးများကို အနည်းငယ် မှေးစက်လိုက်ကာ "လာလေ”
ဝူး...
လုဖုန်းသည် အစွမ်းကုန် သူ၏ ဓားကို ဝင့်မြှောက်ကာ ပိုင်ကျီဟန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ပိုင်ကျီဟန် မည်သို့ ကာကွယ်မည်ကို သူ သေချာစွာ စောင့်ကြည့်နေသည်။
သို့သော် ပိုင်ကျီဟန်မှာမူ ပျင်းရိစွာ ရပ်နေဆဲဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန်ပင် မကြိုးစားပေ။
(သူ ငါ့ကို တကယ် အထင်သေးနေတာပဲ)
ထိုသို့ဖြစ်နေမှတော့ လုဖန်းလည်း ညှာတာမနေတော့ဘဲ သူ့ကို အထင်သေးလျှင် ဘာဖြစ်တတ်သည်ကို ပြသရန်သာ စိတ်ပိုင်းဖြတ်
ထားသည်။
သို့သော် သူ နိုင်ပြီဟု ထင်လိုက်သည့် ခဏမှာပင် ပိုင်ကျီဟန်သည် သူ၏ အမြင်အာရုံထဲမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ နောက်ကျောတွင် ပေါ်လာကာ ခြေထောက်ကို ဆွဲလှဲလိုက်သဖြင့် အရှိန်ဖြင့် မြေပြင်ပေါ်သို့ မှောက်ခုံ လဲကျသွားတော့သည်။
ဘုန်း
လုဖန်း လဲကျသွားပြီး သတိလစ်သွားလေသည်။
ဒါသည် ရိုးရိုးလေး အနိုင်ရတာ မဟုတ်ဘဲ အရှက်ခွဲခံလိုက်ရခြင်းပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် သူ၏ အစွမ်းအစများကို များများစားစား ထုတ်မပြဘဲ သူ့ထက် အသက် နှစ်ဆကြီးပြီး ဆယ်စုနှစ်နှင့်ချီသော အတွေ့အကြုံရှိသည့် လုဖန်းကို အနိုင်ယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ အနိုင်ယူလိုက်ခြင်းမှာ လမ်းလျှောက်နေသကဲ့သို့ပင် လွယ်ကူလွန်းလှသည်။
ခဏတာမျှ ငြိမ်သက်သွားကာ သူတို့ ရင်ဆိုင်နေရသူမှာ မည်သူနည်းဆိုသည်ကို အခြားသူများ သဘောပေါက်သွားကြသည်။
လူအများသည် လုဖုန်း ဤမျှလွယ်လွယ်ကူကူ ရှုံးနိမ့်သွားသည်ကို ကြည့်ပြီး ရှက်တောင် ရှက်မိကြသည်။
စွန်ယောင်ချင်းပင်လျှင် အံ့ဩလွန်းသဖြင့် မျက်လုံးများ ဝိုင်းသွားရသည်။
(အဲဒီ အမြန်နှုန်းက...)
"နောက်တစ်ယောက်၊ ငါ သွားမယ်”
သူတို့ အလွယ်တကူ လက်လျှော့မည်မဟုတ်ပေ။ ကြယ်ကြွေအင်ပါယာ၏ နောက်ထပ် ပါရမီရှင်တစ်ဦး ရှေ့သို့ ထွက်လာကာ လုဖန်းထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်သည်။
လုဖန်းမှာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းပြီး အမှားကြီးမှားသွားခြင်းကြောင့် ရှုံးနိမ့်သွားသည်ဟု သူ ယူဆထားသည်။
သူသည် လုဖန်းကဲ့သို့ အမှားမျိုး မလုပ်ရန် ဆုံးဖြတ်ထားသည်။
"ငါက ကြယ်ကြွေအင်ပါယာရဲ့ အစွမ်းကို မင်းကို သေချာပြသပေးမယ်”