ပိုင်ကျီဟန် နှင့် စွန်ယောင်းချင်း
Vol. 21 Ch. 311
ကွင်းပြင်အလယ်တွင် ကြက်သွေးရောင် မီးလျှံပင်လယ်ကြီးသည် ပြင်းထန်စွာ တောက်လောင်နေပြီး အရာအားလုံးကို ဝါးမြိုထားသည်။
မျက်လုံးအားလုံးသည် ထိုမီးတောက်များဆီသို့သာ စိုက်ကြည့်နေကြသည်။
စွန်ယောင်းချင်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများသည် လေးကြိုးပေါ်တွင် တုန်ရင်နေသည်။
သူမ၏ နဖူးတောက်လျှောက်တွင် ချွေးစက်များ စီးကျလာသည်။
"ဟူး”
သူမ၏ ထူးကဲသော ခွန်အားထက်စာလျှင် ပရိယာယ်ကို အသုံးပြုပြီး အားကိုးခဲ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
သူမသည် ရင်ခုန်သံများ မြန်ဆန်နေလျက် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
(ထိသွားပြီ... သေချာပေါက် ထိသွားတာ။)
သို့သော်လည်း —
မီးတောက်များအတွင်းမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှပ်... ရှပ်..
နှေးကွေးပြီး သာမန်ကာလျှံကာ လျှောက်လှမ်းလာသည့် ခြေသံများ။
တောက်လောင်နေသော မီးလျှံများသည် မမြင်ရသော အလိုဆန္ဒတစ်ခုကြောင့် လိုက်ကာများသဖွယ် ဘေးသို့ ကွဲထွက်သွားကြသည်။
ထိုမီးတောက်များအတွင်းမှ မတ်မတ်ရပ်လျက် အလျင်စလိုမရှိသော ပုံစံမျိုးဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်
ခန်းမတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။
ပိုင်ကျီဟန်သည် ဖျော့တော့သော မီးလောင်ရာ အမှတ်အချို့မှအပ ကြီးကြီးမားမား ဒဏ်ရာရခြင်းမရှိဘဲ ရှေ့သို့ လျှောက်လာသည်
သာမန်လူတို့ နားမလည်နိုင်သော နည်းလမ်းများဖြင့် သန့်စင်ထားသည့် သူ၏ ခန္ဓာကိုယ်သည် မီးဘေးဒဏ်ကို အတော်အတန် ခုခံနိုင်စွမ်း ရှိသည်။
သို့သော်လည်း စွန်ယောင်းချင်း၏ မီးတောက်များသည် သူ့ကို အမှန်တကယ် မထိခိုက်စေနိုင်သော်လည်း ယခင်က သူရင်ဆိုင်ခဲ့ဖူးသမျှနှင့် မတူသော အပူရှိန်ကို ဆောင်ကြည်းထားသည်။
ပိုင်ကျီဟန်သည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ရာ အနီရောင်အလင်းတန်းများ ဝင်းလက်သွားသည်။
ထိုတိုက်ခိုက်မှုသည် သူ့ကို ဒဏ်ရာမရစေသော်လည်း သူ၏ အာရုံခံစားမှုကို လှည့်စားနိုင်ခဲ့ပြီး တိုက်ရိုက်ထိမှန်အောင် လုပ်နိုင်ခဲ့သည်ကို သူ ဝန်ခံရမည်။
ခဏတာမျှပင် ဖြစ်သော်လည်း အပူရှိန်မှာ သူ၏ အရေပြားကို လောင်မြိုက်သွားခဲ့သည်။
မီးဒဏ်ကို ခုခံနိုင်စွမ်းရှိပြီး ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ၏ မီးတောက်များကိုပင် ပြဿနာမရှိဘဲ ခံနိုင်ရည်ရှိခဲ့သော သူသည် စွန်ယောင်းချင်း၏ လက်ချက်ဖြင့် မီးလောင်ခြင်းကို ခံလိုက်ရသည်။
သူ့အတွက်မူ ၎င်းမှာ မှတ်သားဖွယ်ရာပင်။
(သူ့မှာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခု ရှိနေပုံပဲ။)
ပရိသတ်များသည် တပြိုင်နက်တည်း အသက်ရှုမှားသွားကြသည်။ အချို့မှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံလိုက်ရသကဲ့သို့ မယုံကြည်နိုင်စွာဖြင့် နောက်သို့ ယိုင်သွားကြသည်။
"မဖြစ်နိုင်တာ..."
"အဲဒါက သူ့ကို သေချာပေါက် ထိသွားတာလေ၊ ဒါပေမဲ့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလား? ဒါက ဘယ်လိုမျိုး ခန္ဓာကိုယ်လဲ?"
ဧကရာဇ်မင်း၏ မျက်နှာသည် ပို၍ မဲမှောင်လာပြီး စောစောက ရရှိခဲ့သော မျှော်လင့်ချက် အလင်းရောင်မှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေသည်။
စွန်ယောင်းချင်း၏ နှုတ်ခမ်းများမှာ တုန်ရင်နေသည်။ သူမ၏ လက်ထဲမှ လေးသည်လည်း အနည်းငယ် တုန်ခါနေသည်။
သူမသည် တစ်ခါမျှ သုံးစွဲမည်ဟု မထင်ထားသော ပရိယာယ်များကိုပင် အသုံးပြုခဲ့သော်လည်း ဘာမှ အရေးမပါသကဲ့သို့ပင် ဖြစ်နေသည်။
ပိုင်ကျီဟန်က သူမကို ကြည့်လိုက်သည်။
"မင်းက တကယ်ကို သန်မာတာပဲ။ ဒါကိုတော့ ငါ အသိအမှတ်ပြုပါတယ်" ပိုင်ကျီဟန်က ဆိုလိုက်သည်။
"အဲဒါကြောင့် ငါလည်း တုံ့ပြန်မှုတစ်ခု ပေးရတော့မယ်”
သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏လက်အတွင်း၌ ထာဝရဝိညာဉ်ဓားပေါ်လာသည် ။
သူသည် မင်းသမီး စွန်ယောင်းချင်း၏ အစွမ်းကို နောက်ဆုံးတွင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားလှသည်။
ပြိုင်ဘက်သည် မိမိ၏ခွန်အားကို အသိအမှတ်ပြုရုံမျှဖြင့် မိမိကိုယ်ကိုယ် ဤမျှ စိတ်လှုပ်ရှားမိလိမ့်မည်ဟု စွန်ယောင်းချင်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။
အမှန်စင်စစ် သူမ၏ပါရမီနှင့်ဆိုလျှင် သူမကို အထင်သေးဝံ့သူဟူ၍ မရှိခဲ့ပေ
သို့သော်လည်း ယခုအခါ ပိုင်ကျီဟန်သည် ယခင်ကထက် ပိုမိုသန်မာလာပြီး အနိုင်ရမည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။
ကြက်သွေးရောင် နေမီးတောက် လေးသည် သူမ၏လက်ထဲတွင် ပြန်လည်ဝင်းလက်လာပြီး ချီစွမ်းအင်များ သွန်းလောင်းလိုက်သည် နှင့်အမျှ ကွင်းပြင်တစ်ခုလုံးတွင် မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာသည်။
မြှားများသည် ဥက္ကာခဲများသဖွယ် ကျဆင်းလာပြီး တစ်စင်းချင်းစီသည် သေစေနိုင်သော စွမ်းအားများဖြင့် ဟိန်းဟောက်နေသည်။
သို့သော် ပိုင်ကျီဟန်သည် ရှောင်တိမ်းခြင်းမပြုပေ။
"ထာဝရ စီးဆင်းနေတဲ့ ရေဓားသိုင်း”
ချက်ချင်းဆိုသလိုပင် ဓားချီများသည် အဆုံးအစမဲ့သော မြစ်တစ်စင်းကဲ့သို့ အပြင်ဘက်သို့ တိုးထွက်လာသည်။
ပထမအသုတ် မီးမြှားများသည် သူ့ထံသို့ တိုးဝင်လာရာ
ရှူးးးးး
သူ၏ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုချီမြစ်ကြီးသည် မြှားအားလုံးကို ဝါးမြိုလိုက်ပြီး သူမ၏မီးတောက်များကို ရေစီးကြောင်းပေါ်တွင် လွင့်ပါးနေသော သစ်ရွက်များသဖွယ် သဘောထားကာ အားအင်များကို လမ်းကြောင်းလွှဲပစ်လိုက်
သည်။
သူ၏လက်ကောက်ဝတ်ကို ရုတ်တရက် လှည့်လိုက်သောအခါ ထိုမီးမြှားများသည် ငြိမ်းသတ်ခံရမည့်အစား ဓား၏စီးဆင်းမှုနှင့်အတူ ပါသွားပြီး မူလပိုင်ရှင်ထံသို့ပင် ယခင်ကထက် ပိုမိုပြင်းထန်သောအားဖြင့် ပြန်လည်ပစ်လွှတ်ခြင်း ခံလိုက်ရသည်။
"ဘာလဲ”
စွန်ယောင်းချင်း၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
သူမကိုယ်ပိုင်မြှားများသည်ပင် သူ၏ဓားချီကြောင့် စွမ်းအားပိုမိုကြီးမားလာကာ သူမထံသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။
သူမသည် လည်ပတ်ရှောင်တိမ်းရင်း လေးကြိုးကိုထပ်ဆွဲကာ မြှားများကို ထပ်မံပစ်လွှတ်လိုက်ပြီး ပြန်လည်ဦးတည်လာသော မြှားများကို သူမထံမရောက်မီ လေထဲတွင်ပင် ပေါက်ကွဲသွားစေခဲ့သည်။
ပရိသတ်များမှာ တုန်လှုပ်နေကြပြီး တိုက်ပွဲ၏ အပြန်အလှန် လှုပ်ရှားမှုများကို မျက်စိဖြင့်ပင် မလိုက်နိုင်ကြတော့ပေ
သူတို့အတွက်မူ စွန်ယောင်းချင်း၏ တိုက်ခိုက်မှုကို ကာကွယ်ရန်ပင် မဖြစ်နိုင်သလောက် ရှိနေချိန်တွင် ပိုင်ကျီဟန် လုပ်ဆောင်သွားသကဲ့သို့ တိုက်ခိုက်မှုများကို ပြန်လည်လမ်းကြောင်းလွှဲပြီး တန်ပြန်တိုက်စစ်ဆင်ခြင်းမှာ မတွေးဝံ့စရာပင်။
ဤသည်မှာ မည်သို့သော ကိုယ်ခံပညာ နည်းစနစ်မျိုးနည်း?
သို့သော် ဤမျှနှင့် မပြီးသေးပေ။
သူမ ကိုယ်ဟန်ကို ပြန်လည်မပြင်နိုင်မီမှာပင် ပိုင်ကျီဟန်က ထပ်မံလှုပ်ရှားလိုက်ပြန်သည်။
"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်း ဓားသိုင်း”
ပရိသတ်များအမြင်တွင်မူ ပိုင်ကျီဟန်သည် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ဖြစ်ပြီး သူရှိခဲ့သည့်နေရာတွင် ဝေဝါးနေသော ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။
စွန်ယောင်းချင်း၏ လေးပေါ်မှ မြှားများသည် တစ်စင်းပြီးတစ်စင်း တရစပ်ထွက်ပေါ်လာပြီး ကျောက်တုံးများကိုပင် အရည်ပျော်စေနိုင်သော အားဖြင့် ပေါက်ကွဲနေသော်လည်း တစ်စင်းမျှ မထိမှန်ပေ။
မြှားတိုင်းသည် ပျောက်ကွယ်တော့မည့် ပုံရိပ်ယောင်များကိုသာ ဖြတ်သန်းသွားကြပြီး အစစ်အမှန် ပိုင်ကျီဟန်မှာမူ သူမ၏ လက်လှမ်းမီရာအပြင်ဘက်တွင် အမြဲရှိနေသည်။
အေးစက်သော အငွေ့အသက်တစ်ခုသည် သူမ၏ လည်ပင်းနားသို့ ဖြတ်သန်းသွားသည်။ ဖျော့တော့သော ချီလှိုင်းတစ်ခုသည် သူမ၏ လေးကြိုးကို ဖြတ်သန်းပွတ်တိုက်သွားပြီး ပျောက်ကွယ်သွားသည်။
သူမ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။
(ဒါ... ဒါက ပိုင်ကျီဟန်ပဲ။ ကောင်းကင်အင်ပါယာရဲ့ တကယ့်ပါရမီရှင်။)
နန်းတွင်းတစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးသည် ထိုတိုက်ပွဲဆီသို့သာ စိုက်ကြည့်နေကြသည်။
သူတို့အတွက်မူ ပိုင်ကျီဟန်သည် နောက်ဆုံးတွင် အတည်အပေါက် တိုက်ခိုက်နေပြီဟု ထင်ရသည်။
သို့သော် သူ၏အတွက်မူ ဤသည်မှာ စမ်းသပ်နေရုံမျှသာ ရှိသေးသည်။
သူ့အဖို့ ထာဝရဝိညာဉ်ဓားကို ထုတ်ယူလိုက်ခြင်းသည် တိုက်ပွဲကို အမြန်အဆုံးသတ်ရန် မဟုတ်ဘဲ စွန်ယောင်းချင်း၏ မီးတောက်များကို ဘာက ထူးခြားစေသနည်း၊ ဘာကြောင့် သူ့ကို လောင်မြိုက်စေနိုင်ခဲ့သနည်း ဆိုသည်ကို သိရှိနိုင်ရန် စမ်းသပ်နေခြင်းသာ ဖြစ်သည်။
ခဏတာမျှပင် ဖြစ်သော်လည်း
သူ၏ အနီရောင်မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် ဝင်းလက်နေကာ သူ၏ အရိပ်ကိုးပါးပုံရိပ်ယောင်များက သူမကို ဝိုင်းရံထားပြီး ထာဝရ စီးဆင်းရေလှိုင်းဓားချီသည် သူ၏ ပတ်ဝန်းကျင်တွင် အဆုံးမဲ့သော ဒီရေလှိုင်းများသဖွယ် လှုပ်ခတ်နေသည်။ "မြစိမ်းရောင်နေမင်းဂိုဏ်းက အကြီးအကဲရဲ့ ခွန်အားက သူမထက် သာပေမဲ့ သူတောင် ငါ့ကို မလောင်မြိုက်စေနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူမကတော့ လုပ်နိုင်ခဲ့တယ်" ပိုင်ကျီဟန်က တိုးတိုးရေရွတ်လိုက်သည်။ မင်းသမီး စွန်ယောင်းချင်း၏ မည်သည့်အရာက ထူးခြားနေသနည်းဆိုသည်ကို သူ မခွဲခြားနိုင်သေးပေ။
"တိုက်ခိုက်မှုကို တည့်တည့်ခံယူကြည့်ပြီး နောက်တစ်ခေါက် ထပ်ခံစားကြည့်ရရင် ကောင်းမယ်။"
ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။
သူ၏ လက်ကောက်ဝတ်ကို သာမန်ကာလျှံကာ လှုပ်ခတ်လိုက်ရုံဖြင့် ထာဝရဝိညာဉ်ဓားသည် ဓားအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး သာယာသော အသံလေးနှင့်အတူ သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ပျောက်ကွယ်သွားသည်။
ထိုလှုပ်ရှားမှုမှာ အလွန်ပင် လွယ်ကူချောမွေ့လွန်းလှသဖြင့် နန်းတွင်းရှိ လူအတော်များများ သတိပင်မထားမိလိုက်ကြဘဲ သူတို့၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများသာ ကျန်ရစ်ခဲ့သည်။
စုရုံးနေသော မှူးမတ်များကြားတွင် ရှုပ်ထွေးမှုများ ပျံ့နှံ့သွားသည်။ စွန်ယောင်းချင်း၏ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
(သူ ဓားကို သိမ်းလိုက်တာလား? သူ ဘာလုပ်ဖို့ ကြံနေတာလဲ?)
ပိုင်ကျီဟန်သည် သူ၏ လက်မောင်းနှစ်ဖက်ကို ဘေးသို့ ကျယ်ကျယ်ဖြန့်လိုက်ပြီး သူ၏ လက်ဖဝါးများကို ဖွင့်လျက် မိမိကိုယ်ကို ပေးအပ်ထားသကဲ့သို့ ပြုလုပ်လိုက်သည်။
သူ၏ ကိုယ်ဟန်မှာ အေးဆေးတည်ငြိမ်နေပြီး တိုက်ခိုက်ရန် ဖိတ်ခေါ်နေသကဲ့သို့ပင်။
"လာလေ" သူက လူတိုင်းကြားနိုင်လောက်အောင် တည်ငြိမ်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ "မင်းမှာရှိသမျှ အစွမ်းကုန်နဲ့ ငါ့ကို တိုက်လိုက်ပါ။ ဘာမှ ချန်မထားနဲ့။"
အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားမှုမှာ အရေပြားကို ဖိအားပေးနေသကဲ့သို့ပင်။ ခဏတာမျှ မည်သူမျှ မလှုပ်ရှားကြပေ
ထို့နောက် မြက်ခြောက်ပုံကို မီးတောက်တစ်ခု ကူးစက်သွားသကဲ့သို့ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဒါက စော်ကားတာပဲ..မင်းသမီးတစ်ပါးရဲ့ ရှေ့မှာ လက်ဗလာနဲ့ ရပ်ပြီး တိုက်ခိုက်ဖို့ တောင်းဆိုတယ်ပေါ့လေ?"
အချို့က ၎င်းကို လှောင်ပြောင်မှုဟု ယူဆကြပြီး အချို့ကမူ ရန်စမှုဟု မြင်ကြသည်။
စွန်ယောင်းချင်းသည် ထိုစော်ကားမှုကို သူမ၏ လည်ပင်းပေါ်သို့ ရောက်လာသော ဓားသွားတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ဟန်ဆောင်မှုကင်းမဲ့နေသည့် ပုံစံမှာ စိန်ခေါ်မှုတစ်ခုထက် သူမကို လူပုံအလယ်တွင် အရှက်ခွဲရန် သတ္တိရှိ၊ မရှိ စမ်းသပ်နေသကဲ့သို့ ခံစားရသည်။
ဒေါသတရားများသည် သူမ၏ ရင်ထဲတွင် ပူလောင်ပြင်းထန်စွာ ပြည့်လျှံလာသည်။
တစ်နေ့လုံး ထိန်းသိမ်းခဲ့သော တည်ငြိမ်မှုများမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။
ကျန်ရစ်ခဲ့သည်မှာ သူမ၏ လူမျိုးများရှေ့တွင် ကစားစရာသဖွယ် အလုပ်ခံနေရသဖြင့် ဒေါသ ထွက်နေသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။
သူမ၏ မျက်နှာမှာ နီမြန်းလာပြီး မျက်လုံးများမှာ တောက်လောင်နေသည်။
"မင်းက ငါ့ရဲ့ အစွမ်းကုန်ကို မြင်ချင်တာလား?" သူမက အစပိုင်းတွင် လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း နောက်ဆုံးတွင် ဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွားသည်။
"ကောင်းပြီလေ။ ငါ့မှာရှိတဲ့ အစွမ် နောက်ဆုံးတစ်စက်အထိ မင်းကို ပေးလိုက်မယ်”
သူမ၏ တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ဒေါသများဖြင့် အစားထိုးသွားသည်။
"ငါ မင်းကို သတ်ပစ်မယ်”
ထိုအော်ဟစ်သံမှာ လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် စစ်မြေပြင်မှ ဟိန်းဟောက်သံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
၎င်းသည် နန်းတွင်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေပြီး ကြည့်ရှုနေသူများအား ထိတ်လန့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ခံစားရစေသည်။
ကျက်သရေရှိပြီး စည်းကမ်းကြီးလှသော မင်းသမီးထံမှ ထိုကဲ့သို့သော စကားမျိုးကို မည်သူမျှ တစ်ခါမျှ မကြားဖူးကြပေ။ ပိုင်ကျီဟန်သည် သူမကို လုံးဝပင် ဒေါသထွက်အောင် လုပ်ဆောင်နိုင်ခဲ့ပုံရသည်။
ချီစွမ်းအင်များသည် ပြင်းထန်ပြီး ဆာလောင်နေသော လှိုင်းလုံးကြီးသဖွယ် မြင့်တက်လာသည်။ ကြက်သွေးရောင် နေ
မီးတောက် လေးသည် သူမ၏ ဒေါသကို ပြန်လည်တုံ့ပြန်သည့်အလား သူမ၏ လက်ထဲတွင် ဝင်းလက်လာသည်။
လေးကြိုးပေါ်တွင် မီးတောက်များ စတင်လောင်မြိုက်လာပြီး လေထုမှာပင် တုန်ခါသွားသည်။
စွန်ယောင်းချင်းသည် သူမ၏ မာန၊ ဒေါသနှင့် ကျင့်ကြံမှု အစအနအားလုံးကို ထိုတိုက်ခိုက်မှုအတွင်းသို့ သွန်းလောင်းလိုက်သည်။
ဒါဇင်နှင့်ချီသော မြှားများသည် ပြင်းထန်သော အပူရှိန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုမြှားများ၏ နောက်ကွယ်တွင် မီးတောက်တိုင်ကြီးတစ်ခု စုစည်းနေပြီး ၎င်းမှာ နေအလင်းရောင်ဖြင့် ပြုလုပ်ထားသော လှံတစ်စင်းသဖွယ် ပိုင်ကျီဟန်ထံသို့ တည့်တည့် ဦးတည်နေသည်။
ပရိသတ်များသည် ဆံပင်နီနီများ မီးတောက်ကဲ့သို့ လွင့်ဝဲနေပြီး မျက်လုံးများမှာ ပတ္တမြားများကဲ့သို့ တောက်ပနေသော မင်းသမီးလေး၏ ဒေါသအဟုန်ကို ကြည့်ရုံမှအပ ဘာမျှ မတတ်နိုင်ကြပေ။
ကမ္ဘာကြီးသည် သူမ၏ လေးမှ လက်နှစ်ဖက်ကို ဖြန့်ပြီး ရပ်နေသော အမျိုးသား ပိုင်ကျီဟန် ဆီသို့ ဦးတည်နေသည့် ပြင်းထန်သော မြှားတန်းတစ်ခုအဖြစ် ကျဉ်းမြောင်းသွားတော့သည်။
တိုက်ခိုက်မှုသည် ပစ်မှတ်ကို ထိမှန်သွားချေပြီ။
ထိုတိုက်ခိုက်မှု ထိမှန်သွားချိန်တွင် အားကစားကွင်းတစ်ခုလုံး တုန်ခါသွားပြီး ကြမ်းခင်းကျောက်ပြားများသည် ပြင်းထန်လှသော ဖိအားကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်သည်။
မီးလျှံတိုင်ကြီးသည် ပိုင်ကျီဟန် တစ်ကိုယ်လုံးကို ဝါးမြိုသွားပြီး ထိုမီးတောက်များသည် ကောင်းကင်ယံကိုပါ လောင်ကျွမ်း ပစ်တော့မည့်အလား အထက်သို့ တက်လာသည်။
ပရိသတ်များမှာ ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပေါ်လာသော အပူရှိန်ကြောင့် ၎င်းတို့၏ မျက်နှာများကို ကာကွယ်လိုက်ကြရသည်။
ထိုငရဲမီးတောက်များအတွင်း၌
ပိုင်ကျီဟန် တစ်ခုခုကို ခံစားလိုက်ရသည်။
ယခင်နှင့်မတူတာက ဤမီးမှာ လှည့်စားမှုမဟုတ်ပေ။ ၎င်းသည် သန့်စင်ပြီး အထိန်းအကွပ်မဲ့သော ဒေါသများကို မီးလျှံအဖြစ် သွန်းလုပ်ထားခြင်းဖြစ်ပြီး သူ၏ အသားထဲအထိ ကိုက်ခဲစေမည့် အပူရှိန်မျိုး ပါဝင်နေသည်။
ရွှေကို အရည်ပျော်စေပြီး ဟင်းလင်းပြင်ကိုပင် ချိုးဖျက်နိုင်သော မီးလျှံစမ်းသပ်မှုများကို ကြံ့ကြံ့ခံခဲ့သည့် သူ၏ သန့်စင်ထားသော ခန္ဓာကိုယ်သည် ယခုအခါ လောင်မြိုက်မှုကို ခံစားနေရသည်။
သူ၏ အရေပြားများ တစစ်စစ် ဖြစ်လာပြီးနောက် ပူလောင်လာသည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ နာကျင်မှုကို ခံစားလိုက်ရသည်။
မီးတောက်များ၏ အလယ်တွင် သူ၏ ကြက်သွေးရောင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဤခံစားချက်သည် တစ်နေရာရာတွင် ရင်းနှီးနေသလိုပင်။
မီးတောက်ကြောင့်ချည်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးရန် ကြိုးစားနေသည့် ပြင်းထန်ပြီး ထိုးဖောက်ဝင်ရောက်လာသော အပူရှိန်ကြောင့် ဖြစ်သည်။
ထိုစဉ် လျှပ်စီးလက်သကဲ့သို့ သိမြင်နားလည်မှုတစ်ခု သူ့ထံ ဝင်ရောက်လာသည်။
(နတ်ဘုရား ခန္ဓာကိုယ်... ဒီခံစားချက်က ကျင်းယွဲ့လင်းရဲ့ စွမ်းအားနဲ့ အတူတူပဲ)
အမှန်စင်စစ် နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်သူများသည် ၎င်းတို့၏ စွမ်းအင်ဓာတ်ကို အဆပေါင်းများစွာ ပိုမိုပြင်းထန်အောင် ပြုလုပ်
နိုင်ကြသည်။
ရေခဲပညာရပ်တိုင်း၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သော ပိုင်ရွှယ်ချင်း ကဲ့သို့ပင်၊ အကယ်၍ စွန်းယောင်ချင်းသာ မီးနှင့်ပတ်သက်သော နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါက သူမအတွက်လည်း အတူတူပင် ဖြစ်ပေလိမ့်မည်။
"ဒါက ဖြစ်နိုင်မလား..."
သူသည် အံ့ဩတုန်လှုပ်မှုနှင့် သံသယများ ရောပြွမ်းလျက် တိုးတိုးလေး ရေရွတ်လိုက်
သည်။
တွန့်ဆုတ်မနေဘဲ သူ၏ စိတ်အတွင်းရှိ မသေမျိုး ဧကရာဇ်ကို လှမ်းခေါ်လိုက်သည်။
"မသေမျိုး ဧကရာဇ်"
မီးလျှံများသည် သူ့ခန္ဓာကိုယ်ကို ရက်ရက်စက်စက် လောင်မြိုက်နေသော်လည်း ပိုင်ကျီဟန်၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။
"ကျွန်တော့်ကို ပြောပြပါ၊ အဲဒီမင်းသမီးမှာ မီးနဲ့ပတ်သက်တဲ့ နတ်ဘုရားခန္ဓာကိုယ် ရှိနေတာလား?"
ခဏတာ တိတ်ဆိတ်သွားသည်။
ထို့နောက် မသေမျိုး ဧကရာဇ်၏ လေးနက်လှသော အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
"ငါ မပြောနိုင်ဘူး။ မီးနဲ့ပတ်သက်တဲ့ နတ်ဘုရားခန္ဓာကိုယ်ဆိုလို့ နတ်ဘုရား မီးလျှံခန္ဓာကိုယ်တစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့သူမျိုးကို ငါတစ်ခါမှ မတွေ့ဖူးသေးဘူး။"
အမှန်စင်စစ် မသေမျိုး ဧကရာဇ်သည် ထိုကဲ့သို့သော ခန္ဓာကိုယ်ပိုင်ရှင် နှစ်ဦးကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် သူမကိုယ်တိုင်ပင် အားလုံးကို သိသည်ဟု မပြောနိုင်ပေ။
အသက်နှစ်ဆယ်ပင် မပြည့်သေးသော ပိုင်ကျီဟန် မှာမူ ထိုသို့သောသူ နှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
အကယ်၍ မင်းသမီး စွန်းယောင်ချင်းမှာလည်း တစ်ခုရှိနေပါက စုစုပေါင်း သုံးဦး ဖြစ်သွားပေလိမ့်မည်။
(ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?)
ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုးမှာ... တစ်စုံတစ်ခုကြောင့်မဟုတ်လျှင် မဖြစ်နိုင်ပေ။
ပြင်ပတွင်မူ မီးတောက်များ အရှိန်အဟုန်ဖြင့် တောက်လောင်နေစဉ် ပရိသတ်များမှာ ဟိန်းဟောက် အော်ဟစ်နေကြပြီး ပိုင်ကျီဟန် ကျဆုံးသွားပြီဟု အများစုက ယုံကြည်နေကြသည်။
သူသည် ယခင်ကကဲ့သို့ မီးတောက်များထဲမှ လမ်းလျှောက်ထွက်လာသည်ကို မမြင်သောအခါ သူသည် စွန်းယောင်ချင်းကို လျှော့တွက်ခဲ့မိ၍ အဖိုးအခ ပေးလိုက်ရပြီဟု ထင်မှတ်နေကြသည်။
စွန်းယောင်ချင်း မှာမူ အမောတကော အသက်ရှူရင်း ရပ်နေသည်။ သူမ၏ ချီစွမ်းအင်အားလုံးကို ထိုတိုက်ခိုက်မှုထဲသို့ ပုံအော ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ပထမတွင် သူမ၏ရင်ထဲ၌ ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်—ပိုင်ကျီဟန် တစ်ယောက် သူမ၏ စွမ်းအားကို သိသွားလောက်ပြီဟု တွေးတောမိသောကြောင့်ဖြစ်သည်။
သို့သော် တိတ်ဆိတ်မှု ကြာမြင့်လာသည်နှင့်အမျှ စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။
"သူ... သေတော့မသေဘူးမလား?"
သူမသည် ကြောက်လန့်တကြား တိုးတိုးလေး ရေရွတ်မိသည်။
အားလုံးသိကြသည့်အတိုင်း—ဤသူကား ကောင်းကင် အင်ပါယာ၏ အလေးအမြတ်ထားရသော သခင်လေး ပိုင်ကျီဟန် ဖြစ်သည်။
အကယ်၍ သူမသာ သူ့ကို တကယ်သတ်မိခဲ့ပါက မနက်ဖြန်ရောက်လျှင် ကောင်းကင်အင်ပါယာ၏ စစ်တပ်ကြီးသည် ကြယ်ကြွေအင်ပါယာဆီသို့ ချီတက်လာပေလိမ့်မည်။
သို့သော် သူမအနေဖြင့် ကြာရှည်စွာ စိုးရိမ်နေစရာ မလိုခဲ့ပေ။ မီးလျှံများ ဘေးသို့ ဖယ်ခွာသွားသည်။
ပိုင်ကျီဟန်သည် ဒဏ်ရာအနာတရ လုံးဝမရှိဘဲ လမ်းလျှောက်ထွက်လာသည်။
စွန်းယောင်ချင်း သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ ရှုံးနိမ့်သွားပြီဖြစ်ကြောင်းကိုလည်း နားလည်လိုက်လေတော့သည်။