ချုန်ရှန်
Vol. 21 Ch. 313
ကြွယ်ကြေအင်ပါယာ၏ တောက်ပလှပသော နန်းတော်များ၊ ခန့်ညားသော ပျံသန်းနိုင်သည့် သင်္ဘောကြီးများနှင့် ဝေးကွာလှသော အရပ်တွင် အခြားကမ္ဘာတစ်ခု ရှိနေသည်။
ပျက်စီးနေသော ကျောက်ခင်းလမ်းများ။ ဆွေးမြည့်နေသော သစ်သားတဲစုတ်များ။ ညစ်ပတ်နံစော်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့၏ အနံ့အသက်များ။
ထိုအထဲတွင် သူရှိနေသည်—သူ့ပတ်ဝန်းကျင်ရှိ လူများအတွက် အမည်နာမပင် မှတ်သားထားရန် မလိုလောက်အောင် နိမ့်ကျလှသော သာမန်အရပ်သားတစ်ဦး။
သူသည် လူအများလေးစားကြသော ကျင့်ကြံသူမျိုးနွယ်စု တစ်ခုဖြစ်သည့် ချွမ်မိသားစုမှ အစေခံတစ်ဦး ဖြစ်သည်။
သူ့အလုပ်က ရိုးရှင်းပါသည်—ကြမ်းပြင်လှည်းရမည်၊ မြင်းဇောင်းများကို ဆေးကြောရမည်၊ ဖိနပ်များကို ပြောင်လက်အောင် တိုက်ရမည်။ ခွေးတစ်ကောင်၏ တာဝန်မျိုးပင်။ သို့သော် ခွေးများကိုပင် သူ့ထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံလေ့ရှိကြသည်။
သူရရှိသော လုပ်ခမှာ သူ့ကို ငတ်မသေရုံတိုင်အောင် ကျွေးသည့် ဆန်ပြုတ်တစ်ခွက်မျှသာ။
သူ့ကျောပြင်ပေါ်တွင်မူ နှစ်ပေါင်းများစွာ ကြိမ်ဒဏ်သင့်ခဲ့သော အမာရွတ်များ ပြည့်နှက်နေသည်။ သူ ရေတွက်ခြင်းကို ရပ်တန့်ခဲ့သည်မှာ ကြာလှပြီ။ သူ ဘာများတတ်နိုင်ဦးမည်နည်း?
ဒါက သူ့ကံကြမ္မာပင်။ ရွှံ့နွံထက်ပင် တန်ဖိုးနည်းလှသော အရပ်သားတစ်ယောက်၏ ဘဝ။
သို့သော် ထိုနေ့သည် ယခင်နေ့များထက် ပို၍ဆိုးရွားနေခဲ့သည်။
ချွမ်မိသားစု၏ ရက်စက်ရာတွင် နာမည်ကျော်သော သခင်လေးသည် လောင်းကစားတစ်ခုတွင် ရှုံးနိမ့်ခဲ့သည်။
သူ၏ဒေါသကို ထွက်ပေါက်ရှာရန် လိုအပ်နေပြီး အနီးဆုံးတွင်ရှိနေသော အသုံးမကျသည့် အစေခံထက် ကောင်းသော ထွက်ပေါက် မည်သူရှိဦးမည်နည်း?
ပထမတစ်ချက် ရိုက်နှက်မှုက သူ့ကို လွင့်စဉ်သွားစေသည်။ ဒုတိယတစ်ချက်မှာမူ နံရိုးများကို ကျိုးအက်သွားစေသည်။ တတိယတစ်ချက်တွင်မူ သွေးများ အော့အန်လာတော့သည်။
သူ ပြန်မခုခံခဲ့ပေ။ သူ ဘယ်သောအခါမှ မခုခံဖူးခဲ့ပေ။
ကန်ကျောက်မှုတိုင်းသည် သူ့ကို သေမင်းထံသို့ ပိုမိုနီးကပ်သွားစေပြီး နောက်ဆုံးတွင် သူ၏အမြင်အာရုံများ ဝေဝါးလာကာ အသက်ရှူသံများမှာလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။
(ဒီလိုမျိုး ဖြစ်သွားတာကပဲ ပိုကောင်းပါလိမ့်မယ်) သူ တိုးတိုးလေး တွေးလိုက်မိသည်။
(ဒီလိုဘဝမျိုးနဲ့ နောက်ထပ်တစ်နေ့ကို ဆက်ရှင်သန်နေမယ့်အစား ဒီမှာတင် အဆုံးသတ်လိုက်တာက ပိုကောင်းပါတယ်)
အစေခံ၏ ခန္ဓာကိုယ်မှာ ကျိုးပဲ့နေသော အရိုးများနှင့် စုတ်ပြဲနေသော အသားစများ စုစည်းထားသည့် အိတ်တစ်လုံးကဲ့သို့ ဖြစ်သွားသည်အထိ ရိုက်နှက်မှုမှာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
နောက်ဆုံးတွင် ချွမ်မိသားစု၏ သခင်လေးသည် သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်သည်။
"ဟွန့်”
သူက ဘေးသို့ တံတွေးတစ်ချက် ထွေးလိုက်ရင်း မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
"ဒီနေ့ ငါ စိတ်သဘောထား ကောင်းနေလို့ မင်းကံကောင်းသွားတယ်လို့ မှတ်လိုက်။ ဒါကို ငါ့ရဲ့ ကရုဏာလို့ပဲ သဘောထားလိုက်တော့"
ထိုစကားကို ပြောပြီးနောက် သူသည် ဝတ်ရုံလက်စကို ခါထုတ်ကာ လှည့်ထွက်သွားပြီးအစေခံများကလည်း လှောင်ပြောင် ရယ်မောလျက် နောက်မှ လိုက်ပါသွားကြသည်။
အစေခံလေးမှာမူ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလျက် အသက်ရှူ ခပ်မှန်မှန်ဖြင့် လဲလျောင်းနေရစ်ရသည်။
(ကရုဏာ ဟုတ်လား?)
သူ ရယ်မောချင်မိသည်၊ ကျိန်ဆဲချင်မိသည်၊ သူ့နှလုံးသားထဲတွင် သိုဝှက်ထားသော မုန်းတီးမှုများဖြင့် ပြန်လည်ထွေးထုတ်ပစ်ချင်မိသည်။ သို့သော် ဘဝ၏ နောက်ဆုံးအချိန်တွင်ပင် ထိုအရာများကို ထုတ်ဖော်ပြောဆိုရန် သတ္တိကို သူ မစုဆောင်းနိုင်ခဲ့ပေ။ သူ၏ နှုတ်ခမ်းများ တုန်ရီနေသော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့ပေ
ထိုအခါမှ သူ သဘောပေါက်လိုက်သည်။ သူ့အပေါ် ပစ်ပေါက်သမျှ အရာအားလုံးကို ခုခံမှုမရှိ၊ ဂုဏ်သိက္ခာမရှိ၊ ဆန့်ကျင်လိုစိတ်ပင် မရှိတော့ဘဲ ကြံ့ကြံ့ခံနေခဲ့သည့် ခွေးတစ်ကောင်သာ
သူ့မျက်လုံးများ မှိတ်ကျသွားသည်။ သူ၏ အသက်ဝိညာဉ်မှာ လွင့်ပျယ်သွားပြီး တည်ရှိမှု၏ နောက်ဆုံး ချည်မျှင်တန်းလေးမှာလည်း ဘာမှမရှိသော ဟင်းလင်းပြင်ထဲသို့ ပျော်ဝင်သွားတော့သည်။
ထိုစဉ် ရုတ်တရက် တုန်ခါမှုတစ်ခုသည် သူ့ကို ဆွဲနှုတ်လိုက်သည်။ မတည်ရှိသင့်တော့သော အသက်ရှူသံတစ်ခုကို အတင်းအကျပ် ရှူသွင်းလိုက်ရသကဲ့သို့ သူ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
"—ဘာ... ဘာလဲ”
စိမ်းသက်ပြီး ဇဝေဇဝါဖြစ်နေသော အသံတစ်ခုက အလန့်တကြား ထွက်ပေါ်လာလေတော့သည်။
မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ဝေဝါးနေပြီး သွေးများဖြင့် စွန်းထင်နေသော်လည်း ထိုမျက်ဝန်းများမှာ ယခင်ကနှင့် မတူတော့ပေ။
"ငါ... ငါ မသေဘူးလား?"
ထိုဝိညာဉ်သည် မယုံကြည်နိုင်လောက်အောင် အက်ရှရှအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟားဟား... အာဏာရှင်တွေ! မင်းတို့အားလုံး ကျရှုံးသွားပြီ”
ခဏတာမျှ သူသည် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထို့နောက်
"အား! ကျွတ်စ်..ဘာကြီးလဲ...”
သူသည် နံရိုးများကို ဖိထားရင်း ကျိုးပဲ့နေသော ခန္ဓာကိုယ်တစ်ခုလုံးမှ အပြင်းအထန် နာကျင်မှုများကြောင့် မျက်နှာပျက်သွားသည်။ "ငါ့ကိုယ်ထဲက အရိုးတွေအားလုံး ကြေမွသွားသလိုပဲ ဘာလို့ ဒီလောက် ခံစားနေရတာလဲ? တောက်... တကယ်ကို နာတာပဲ”
ဝိညာဉ်သည် လူးလွန့်ကာ ကိုယ်ကို အနည်းငယ် ကြွရန် ကြိုးစားသော်လည်း နာကျင်စွာ ညည်းတွားရင်း ပြန်လည်လဲကျသွားသည်။
"ဒါ... ဒါက ဘယ်နေရာလဲ? ဒီခန္ဓာကိုယ်ကရော? ငါ့ကိုတော့ မပြောနဲ့ဦး..."
သူသည် သွေးစွန်းနေသည့် လက်များကို စိုက်ကြည့်လိုက်သည်။ လက်ဖဝါးပေါ်တွင် တစ်သက်လုံး အစေခံလုပ်လာခဲ့ရသည့် ကြမ်းတမ်းသော အသားမာများက ထင်ထင်ရှားရှား ရှိနေသည်။
"ငါ... ပြန်လည်ဝင်စားတာလား?"
စိုးရိမ်ထိတ်လန့်မှုနှင့် အမှန်တရားကို သိမြင်လာမှုတို့ကြားတွင် သူ၏ စိတ်အစဉ်မှာ ပတ်လည်ချာရိုက်နေသည်။
အမှန်စင်စစ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာသည် သူ ယခင်က ရှိခဲ့သည့် နေရာနှင့် လုံးဝ မနီးစပ်ပေ။ သူ့အိမ်က အိမ်သာသည်ပင် ဤကဲ့သို့ ညစ်ပတ်သော နေရာထက် ပို၍ ကောင်းဦးမည်။
သူ ညည်းတွားလိုက်သည်။ နံရိုးများမှ နာကျင်မှုသည် ပူပြင်းသော အပ်များဖြင့် ထိုးနေသကဲ့သို့ ရှိနေဆဲပင်။
"တောက်... အကျိုးနည်းတာပဲ။ ငါ ပြန်လည်ဝင်စားနိုင်တဲ့ နေရာတွေ အများကြီးထဲကမှ ဘာလို့ ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ တွင်းထဲမှာ လာဖြစ်နေရတာလဲ?"
ပုပ်စော်နံကာ လေထဲတွင် လွင့်မျောနေသော အနံ့ဆိုးများကြောင့် သူ၏ နှာခေါင်းကို ရှုံ့လိုက်မိသည်။
သူ့ပတ်ဝန်းကျင်ရှိ သစ်သားနံရံများမှာ ပြိုကျပျက်စီးနေပြီး လူနေသည့်အခန်းထက် ဝက်ခြံနှင့် ပိုတူနေသည်။ သူ၏ မူလကမ္ဘာမှ အိမ်သာသည်ပင် ဤလူနေအိမ်ထက် များစွာ ပိုမို သန့်ရှင်းနေဦးမည်။
သို့သော်—သူ အသက်ရှင်နေဆဲပင်။
သွေးစွန်းနေသော သူ၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။
(အနည်းဆုံးတော့... ငါ အသက်ရှင်သေးတယ်။ ဒါက ငါ့မှာ အခွင့်အရေးရှိသေးတယ်လို့ အဓိပ္ပာယ်ရတာပဲ။ ငါ့ရဲ့ အငြိုးအတေးတွေကို ရှင်းထုတ်ဖို့ အခွင့်အရေး။ ပြန်လည်
ထမြောက်ပြီး ငါ့ရဲ့ ကလဲ့စားကို ချေဖို့ပေါ့။)
သူသည် ခေါင်းကိုမော့ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဤနေရာမှ လေထဲတွင် ရှိနေသော ချီစွမ်းအင်မှာ အလွန်အားနည်းပြီး ကျဲပါးလှသည်—သူ ယခင်က နှစ်မြှုပ်ခဲ့သည့် ပြည့်ဝသော ဝိညာဉ်စွမ်းအင်များနှင့် ဘာမှမဆိုင်ပေ။
"ဟွန့်။ ငါ့ရဲ့ အာရုံခံစားမှုအရဆိုရင် ဒီချီသိပ်သည်းဆက...အနက်ရှိုင်းဆုံး နတ်ဆိုးဂိုဏ်းရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိတယ်။ ဒါဆို ဒီလို ခေါင်ဖျားတဲ့နေရာကို ခေါ်တာက..."
သူ ယခုပိုင်ဆိုင်ထားသော ခန္ဓာကိုယ်၏ မှတ်ဉာဏ်အပိုင်းအစများ ပေါ်လာချိန်တွင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကြယ်ကြွေအင်ပါယာ။"
ဒါကတော့ သူ့ လှောင်အိမ်အသစ်ပင်
(ငါ ကျရောက်ရတဲ့ နေရာက ဒီမှာဆိုရင်လည်း ဖြစ်သလောက်ပေါ့။ လုံလောက်တဲ့ အပူရှိန်ရှိရင် ရွှံ့နွံကိုတောင် ကျောက်သားဖြစ်အောင် ပုံဖော်လို့ရတာပဲ။)
သို့သော် ပထမဦးဆုံးအနေဖြင့် သူသည် ယခု မည်သူဖြစ်လာသည်ဆိုသည်ကို အတိအကျ သိရန် လိုအပ်နေသည်။
သူသည် မျက်လုံးများကို မှိတ်ကာ စိတ်ကိုအတွင်းသို့ နှစ်ဝင်လိုက်ပြီး ဤခန္ဓာကိုယ်ကို ယခင်က ပိုင်ဆိုင်ခဲ့သော ဝိညာဉ်၏ အကြွင်းအကျန် အပိုင်းအစများကို လိုက်လံရှာဖွေကြည့်ရှုလိုက်သည်။
တစ်ဝက်တစ်ပျက် ပုံရိပ်များ၊ ကျိုးပဲ့နေသော အခိုက်အတန့်များနှင့် ခါးသီးလှသော ခံစားချက် မှတ်ဉာဏ်များ စီးဝင်လာသည်။
လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ပိန်လှီပြီး အထီးကျန်နေသည့် ကလေးငယ်တစ်ဦးကို သူမြင်လိုက်ရသည်။ လက်တစ်ဖက်က ထိုကလေးကို ချွမ်မိသားစု၏ တံခါးဝဆီသို့ ဆွဲခေါ်သွားသည်။
လှောင်ရယ်သံများ၊ ခိုင်းစေမှုများ၊ ရိုက်နှက်မှုများ…ကြမ်းတိုက်ခြင်း၊ မြင်းဇောင်းရှင်းခြင်း၊ လက်ချောင်းများမှ သွေးထွက်သည်အထိ ဖိနပ်တိုက်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ရသော အစေခံဘဝ နှစ်ပေါင်းများစွာ။
မောက်မာရိုင်းစိုင်းသော သခင်လေးများက သူ့ကို ထပ်ခါတလဲလဲ ရိုက်နှက်ရင်း လှောင်ပြောင်နေကြသည်ကို သူမြင်နေရသည်
၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအား မြင့်မားလာသည်နှင့်အမျှ ရက်စက်မှုများကလည်း ပိုမိုဆိုးရွားလာသည်။ သာမန်ရိုက်ချက်တစ်ခုစီတိုင်းတွင် ချီစွမ်းအင်များ ပါဝင်နေပြီး ရိုက်ချက်တိုင်းသည် ရက်သတ္တပတ်ပေါင်းများစွာ ပြည်တည်နေမည့် ဒဏ်ရာများကို ချန်ရစ်ခဲ့သည်။
သို့သော်လည်း မည်သူကမှ တားမြစ်ခြင်း မရှိခဲ့ပေ။
အစေခံများက မျက်နှာလွှဲထားကြသည်။ လူကြီးများက လျစ်လျူရှုထားကြသည်။ ချွမ်မိသားစု၏ ဧည့်သည်များပင်လျှင် မျက်တောင်တစ်ချက် မခတ်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤအရာမှာ ကြယ်ကြွေအင်ပါယာ၏ ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ သန်မာသူက အားနည်းသူကို နင်းခြေသည်။ အားနည်းသူကမူ မခံမရပ်နိုင်ဖြစ်ပြီး ပျက်စီးသွားသည်အထိ အောင့်အည်းသည်းခံရသည်။
ဝိညာဉ်သစ်၏ နှုတ်ခမ်းထက်မှ ခါးသီးသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟင်း... ဒါက ရင်းနှီးနေသားပဲ။ ဒီကမ္ဘာ၊ ဒီမိသားစု... ငါသိခဲ့တဲ့ ဂိုဏ်းတွေနဲ့ ဘာမှမခြားပါလား။ စွမ်းအားရှိသူက အုပ်စိုးတယ်။ အားနည်းသူကတော့ ခွေးပဲ။ ဒါထက်လည်း မပိုဘူး၊ ဒါထက်လည်း မလျော့ဘူး။"
သူ၏ ကြက်သွေးရောင် အကြည့်များတွင် ပိုမိုမှောင်မိုက်သော အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာသည်။
"ငါက နတ်ဆိုးကျင့်ကြံသူအားလုံးကို အုပ်စိုးခဲ့တဲ့ နတ်ဆိုးဘုရင်တစ်ပါးပဲ။"
သူ၏ လက်ဖဝါးကို ရင်ဘတ်ပေါ်သို့ ဖိကပ်လိုက်ရာ လက်ချောင်းများအောက်တွင် စေးကပ်နေသော သွေးများကို ခံစားလိုက်ရသည်။
"ဒါပေမဲ့ ငါက ဒီခန္ဓာကိုယ်ကို ယူလိုက်ပြီဆိုမှတော့၊ ဒီခန္ဓာကိုယ်ရဲ့ နောက်ဆုံးဆန္ဒကို ငါ လေးစားမှုပေးရမှာပေါ့။"
သူ၏အသံမှာ ကတိတစ်ခုကဲ့သို့ စူးရှလျက် တိုးညှင်းသွားသည်။
"ချုန်ရှန် မင်းရဲ့ နာမည်နဲ့ မုန်းတီးမှုတွေကို ငါ မင်းအတွက် ဆက်လက်သယ်ဆောင်သွားပေးမယ်။ ကြိမ်ဒဏ်တစ်ခုချင်းစီ၊ ရိုက်ချက်တစ်ခုချင်းစီ၊ အရှက်ခွဲမှုတစ်ခုချင်းစီအတွက်... သွေးနဲ့ ပြန်ပေးဆပ်ခိုင်းစေရမယ်။"
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ မြင့်တက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ လေထုမှာ အနည်းငယ် တုန်ခါသွားသည်။ အမှောင်ထုထဲတွင် ရေရွတ်လိုက်သော သားရဲတစ်ကောင်၏ ကတိစကားပင် ဖြစ်သည်။
"အေးအေးချမ်းချမ်း အနားယူတော့။ ဒီနေ့ကစပြီး မင်းရဲ့ရန်သူတွေဟာ ငါ့ရဲ့ရန်သူတွေပဲ။"
ညတာမှာ တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။
ချုန်ရှန် သည် ညစ်ပတ်စုတ်ပြတ်နေသော ကောက်ရိုးဖျာပေါ်တွင် ကျောကို ကိုင်းလျက် တုန်ရီစွာဖြင့် တင်ပျဉ်ခွေ ထိုင်နေသည်။
အသက်ရှူတိုင်းတွင် နံရိုးများက နာကျင်နေသော်လည်း သူ၏ အာရုံစူးစိုက်မှုမှာ ယိမ်းယိုင်ခြင်း မရှိပေ။
သူ မျက်လုံးများကို မှိတ်လိုက်သည်။
ရှူသွင်း! ရှူထုတ်!
ကြယ်ကြွေအင်ပါယာ၏ လေထုမှာ ကျဲပါးလှပြီး ၎င်းတွင်ပါဝင်သော ချီစွမ်းအင်မှာလည်း ယခင်က နက်ရှိုင်း နတ်ဆိုးဂိုဏ်းတွင် ရရှိခဲ့သော စွမ်းအား၏ လေးပုံတစ်ပုံမျှသာ ရှိသည်။
ထို့အပြင် ချုန်ရှန်သည် အနိုင်နိုင်ရှင်သန်နေရသော အစေခံတစ်ဦးဖြစ်သဖြင့် ကျင့်ကြံခြင်းအတွက် မည်သည့်ဆေးလုံးမျှ မရှိပေ။
သို့သော် ကိစ္စမရှိပေ။ နှေးကွေးကောင်း နှေးကွေးနိုင်သော်လည်း သူ လုပ်နိုင်သည်ကို သူသိသည်။
ဖြည်းဖြည်းချင်းနှင့် မှန်မှန်ကန်ကန်ပင် သူသည် ချီစွမ်းအင်မျှင်လေးများကို သူ၏ နာကျင်နေသော ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်သွင်းယူလိုက်သည်။
ထိုစွမ်းအင်များမှာ အားနည်းပြီး မသန့်စင်သော်လည်း တစ်ပတ်ပြီးတစ်ပတ် လည်ပတ်လာသည်နှင့်အမျှ နံရိုးများမှ နာကျင်မှုက လျော့ပါးလာသည်။ ဒဏ်ရာရထားသော အသားစများမှာ တဖြည်းဖြည်း ပြန်လည်စေ့စပ်လာပြီး ပေါက်ပြဲနေသော သွေးကြောများမှာလည်း တစ်စက်ချင်း ပြန်လည်ပိတ်သွားသည်။ နာရီပေါင်းများစွာ ကုန်လွန်သွားသည်။ ချွေးများက သူ၏ စုတ်ပြဲနေသော အဝတ်အစားများကို ရွှဲနစ်သွားစေသည်။ နံရံစုတ်များ၏ အက်ကြောင်းများမှတစ်ဆင့် အရုဏ်ဦးအလင်းတန်းများ ကျရောက်လာချိန်တွင် ချုန်ရှန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။
သွေးများ အော့အန်ခြင်းမရှိဘဲ အသက်ရှူနိုင်ချေပြီ။ နာကျင်မှုကြောင့် မျက်နှာမပျက်ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်နိုင်ချေပြီ။
ဒဏ်ရာများ လုံးဝပျောက်ကင်းသွားသည်မဟုတ်သော်လည်း အနည်းဆုံးတော့ သူ မတ်
တပ်ရပ်နိုင်ပြီဖြစ်သည်။
"ကောင်းပြီ" သူက အက်ရှရှအသံဖြင့် တိုးတိုးလေး ဆိုလိုက်သည်။ "အနည်းဆုံးတော့ ငါက တီကောင်တစ်ကောင်လို တွားသွားရင်း သေမှာမဟုတ်တော့ဘူး။"
နောက်တစ်နေ့တွင် သူသည် အစေခံတစ်ဦးထံမှ မျှော်လင့်ထားသည့် နာခံမှုရှိသော အမူအရာဖြင့် အစေခံနားနေဆောင်မှ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။ မည်သူကမျှ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ကြချေ။
ချွမ်မျိုးနွယ်စု၏ အိမ်ရာဝင်းသည် တောင်တန်းနှင့် လျှိုမြောင်များအကြား ကျယ်ပြန့်စွာ တည်ရှိသည်။
ကျင့်ကြံသူများသည် ပင်မခန်းမများနှင့် လေ့ကျင့်ရေးကွင်းများကို စောင့်ကြပ်နေကြသော်လည်း တောနက်ပိုင်းနှင့် ကမ်းပါးယံများမှာမူ များသောအားဖြင့် လူသူမနီးဘဲ ရှိနေဆဲဖြစ်သည်—တကယ့်တပည့်များအတွက်မူ ထိုနေရာများက အရေးမပါလှဘဲ သာမန်အစေခံများအတွက်မူ အလွန်အန္တရာယ် များလွန်းလှသည်။
ချုန်ရှန် အတွက်မူ ၎င်းမှာ အခွင့်အရေးတစ်ခုပင်။
သူသည် သတိကြီးစွာဖြင့် အပြင်ဘက် တောင်တန်းတောအုပ်ထဲသို့ စွန့်စားဝင်ရောက်ခဲ့သည်။
အားနည်းသော ဤခန္ဓာကိုယ်ကြောင့် သူ၏အာရုံခံစားမှုများမှာ ထုံထိုင်းနေသော်လည်း အာဏာရှင်တစ်ဦး၏ ဗီဇစိတ်များမှာ ရှိနေဆဲဖြစ်သည်။
သူသည် သံအမြစ်မြက်၏ ခါးသက်သော အညှာများ၊ လရောင်သစ်ခွအရွက်များနှင့် ကျောက်ဆောင်များတွင် တွယ်ကပ်နေသော သွေးခြည်ဥနွယ်ပင်တို့ကို မှတ်မိနေသည်။
ဆေးဖက်ဝင်အပင်တိုင်းတွင် တန်ဖိုးရှိသည်။ တစ်ခုချင်းစီတွင် ဝိညာဉ်စွမ်းအင် အနည်းငယ်စီ ပါဝင်နေသည်—နည်းပါးလှ
သော်လည်း အသုံးမဝင်သည်တော့ မဟုတ်ပေ။
"ဘယ်တပည့်မှ ဒီလိုအကြွင်းအကျန်တွေအတွက် ဒီကိုလာမှာမဟုတ်ဘူး" သူသည် ထိုအပင်များကို ထုပ်ပိုးရင်း တွေးလိုက်သည်။ "ဒါပေမဲ့ ကျွမ်းကျင်သူလက်ထဲမှာတော့ ဒါတွေက ရတနာတွေပဲ။"
သူ၏ တဲစုတ်အတွင်းသို့ ပြန်ရောက်သောအခါ သူ စတင်အလုပ်လုပ်တော့သည်။
အက်ကြောင်းထပ်နေသော သံအိုးဟောင်းမှာ သူ၏ဆေးဖိုဖြစ်လာပြီး ကျောက်ခဲများကို ငရုတ်ဆုံအဖြစ် အသုံးပြုလိုက်သည်။
သူသည် တည်ငြိမ်ကျွမ်းကျင်စွာဖြင့် အမြစ်များကို ထောင်းခြင်း၊ အရွက်များကို ကြိတ်ခြင်းများ ပြုလုပ်ကာ အရုဏ်တက်
ချိန်က ခပ်ယူလာသော စမ်းရေဖြင့် ရောစပ်လိုက်သည်။ အပင်များမှ ချီစွမ်းအင်များ အနည်းငယ် ထွက်ပေါ်လာပြီး ထိုကြမ်းတမ်းသော ဆေးအရည်များမှာ တဗွက်ဗွက် ဆူပွက်လာသည်။
သူသည် မိမိ၏ ကိုယ်ပိုင်ချီ စွမ်းအင်မျှင်လေးများဖြင့် အညစ်အကြေးများကို ဖယ်ရှားကာ ဆေးဖက်ဝင် အဆီအနှစ်များ ကျန်ရှိနေစေရန် ထိုဖြစ်စဉ်ကို ထိန်းကျောင်းလိုက်သည်။
ညမှောင်လာချိန်တွင် ပုံပျက်ပန်းပျက်နှင့် ကြမ်းတမ်းသော ဆေးလုံးသုံးလုံးမှာ အိုးခြမ်းပဲ့တစ်ခုပေါ်တွင် အအေးခံလျက် ရှိနေပြီဖြစ်သည်။
၎င်းတို့မှာ ရုပ်ဆိုးပြီး မျက်နှာပြင်များတွင် အက်ကြောင်းများဖြင့် မညီမညာ ဖြစ်နေသော်လည်း ဆေးဖက်ဝင်အလင်းတန်းများ မှိန်ဖျော့ဖျော့ တောက်ပနေသည်။
အစေခံတစ်ဦးအတွက်မူ ၎င်းတို့မှာ အဖိုးမဖြတ်နိုင်သော ရတနာများပင်။
အနိမ့်ဆုံးဈေးနှင့် ရောင်းလျှင်ပင် ထိုရရှိသောငွေမှာ မိသားစုတစ်ခုကို တစ်လစာ ပြဿနာမရှိ ကျွေးမွေးနိုင်ရန် လုံလောက်ပေသည်။
ချုန်ရှန် သည် ဆေးတစ်လုံးကို တစ်ကျိုက်တည်း မျိုချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ခါးသက်သော အပူရှိန်သည် သူ၏ရင်ဘတ်မှတစ်ဆင့် သွေးကြောများအတွင်းသို့ ပေါက်ကွဲစီးဝင်သွားသည်။
သူသည် သောင်းကျန်းနေသော စွမ်းအင်များကို ထိန်းချုပ်ရန် သွားကို တင်းတင်းကြိတ်ထားပြီး သူ၏ စွမ်းအင်လမ်းကြောင်းများအတွင်းသို့ အတင်းအကျပ် သွင်းလိုက်သည်
နာကျင်မှုမှာ အလွန်ပြင်းထန်လှသော်လည်း သူ အောင့်အည်းသည်းခံခဲ့သည်။
တစ်ည... နှစ်ည... သုံးည...။
သူသည် ဒုတိယဆေးလုံး၊ ထို့နောက် တတိယဆေးလုံးကို ဆက်တိုက် မျိုချလိုက်သည်။
အကြိမ်တိုင်းတွင် သူ၏ခန္ဓာကိုယ်မှာ လူးလွန့် ပူလောင်နေသော်လည်း အကြိမ်တိုင်းတွင် ထိုနာကျင်မှုကို သူ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။
သူ၏ အရိုးများ မာကျောလာသည်။ ကြွက်သားများ သန်စွမ်းလာသည်။ ကျောပြင်ပေါ်မှ အမာရွတ်များမှာလည်း မှိန်ဖျော့သော အစင်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
သတ္တမမြောက်ညသို့ ရောက်သောအခါ သူ၏ခန္ဓာကိုယ်မှာ သာမန်လူသားတို့၏ နုနယ်မှုများမှ ကင်းစင်သွားခဲ့ပြီဖြစ်သည်။
သူ၏ စွမ်းအင်စုရပ်သည် အသစ်တဖန် နိုးထလာသော သားရဲတစ်ကောင်အလား အဆုံးမဲ့ ဆာလောင်မှုများဖြင့် လှုပ်ရှားလာသည်။
ထို့နောက်—
ဝုန်း
သူ၏အတွင်းပိုင်းမှ ချီ စွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးထွက်လာသည်။ တဲစုတ်လေးသည် တုန်ခါသွားပြီး ထုတ်တန်းများပေါ်မှ ဖုန်မှုန့်များ လွင့်စင်ကျလာသည်။
ချုန်ရှန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ အမှောင်ထုထဲတွင် ကြက်သွေးရောင် အလင်းတန်းများ ဖျတ်ခနဲ တောက်ပသွားသည်။
ချွမ်မိသားစု၏ အားနည်းလှသော အစေခံလေးမှာ မရှိတော့ပြီ။
သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တစ်ဖန် ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့်
သေးငယ်သော နယ်ပယ်၊ အားနည်းသော အစပြုမှုဖြစ်သော်လည်း သူ့ကို သာမန်လူသားများထက် သာလွန်စေရန် လုံလောက်လှသည်။
သူ့ကို နင်းခြေခဲ့သူများကို သွေးထွက်သံယိုဖြစ်အောင် လုပ်ရန် လုံလောက်လှသည်။
သူသည် မတ်တပ်ရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏သွေးကြောထဲတွင် ချီစွမ်းအင်များ တုန်ခါနေသည်။
"ပထမခြေလှမ်းတော့ ပြီးသွားပြီ" သူက အေးစက်သော အပြုံးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကဲ... ချွမ်မိသားစု၊ ရွှံ့နွံထဲကနေ ဘာတွေ ရုန်းထွက်လာနိုင်လဲဆိုတာ မင်းတို့ သိစေရမယ်။"