မျက်နှာဖုံးစွပ်ကျေးရွာ
Vol. 21 Ch. 315
ရွာကလေးမှာ ဘာမှမဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်း လည်ပတ်နေသည်။ လယ်သမားများသည် နွားများကို စားကျက်သို့ မောင်းထုတ်နေကြပြီး အမျိုးသမီးများသည် ဆေးဘက်ဝင်အပင်များကို အခြောက်လှန်းနေကြကာ ကလေးငယ်များမှာလည်း မြေသားလမ်းများပေါ်တွင် တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။
လယ်ကွင်းထဲတွင် အမျိုးသားတစ်ဦး၏ ပေါက်ပြားသည် ပုံမှန်စည်းချက်အတိုင်း မြေကြီးကို ပေါက်နေပြီး ထိုအသံမှာ တောင်ပေါ်လေညင်းနှင့်အတူ ပဲ့တင်ထပ်နေသည်။
သူ့ဘေးနားရှိ မြေကြီးပေါ်တွင်မူ အမျိုးသမီးတစ်ဦးမှာ ဒူးထောက်ထိုင်ကာ စိုက်ပျိုးထားသော အပင်ငယ်များကြားမှ ပေါင်းမြက်များကို နုတ်နေ၏။
သူမ၏ ရယ်မောသံမှာ သာမန်ရိုးရှင်းသော ဘဝလေး၏ နွေးထွေးမှုကို ဆောင်ကြဉ်းပေးနေသယောင် ရှိသည်။
"ယောက်ျားရယ်... ဒီထက်ပိုပြီး အလုပ်ကြိုးစားနေရင် မြေကြီးတောင် ငြိုငြင်ပါတော့မယ်"
ထိုအမျိုးသားသည် နဖူးမှချွေးကို သုတ်ရင်း တဟားဟား ရယ်မောလိုက်သည်။
"ဟားဟား... ငါသာ အလုပ်မလုပ်ရင် ငါတို့ဆောင်းတွင်းစာ ဘယ်လိုလုပ် လောက်ငပါ့မလဲ။ ငါတို့သားက အစားစားတာ လွန်ရော”
အမျိုးသမီးဖြစ်သူမှာ ခေါင်းခါရင်း ပြုံးလိုက်ပြီး နားနောက်သို့ ဝဲကျလာသော ဆံစတစ်ပင်ကို သပ်တင်လိုက်သည်။
ခေတ္တခဏမျှတော့ နေရောင်အောက်တွင် မိမိတို့၏ လယ်ကွင်းငယ်လေးကို ထွန်ယက်နေကြသည့် ထိုလင်မယားမှာ ငြိမ်းချမ်းမှု၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။
သို့သော် စိုက်ခင်းများပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည့် ခဏချင်းမှာပင် ထိုပုံရိပ်ယောင်သည် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
မြေပြင်မှာ သိမ့်သိမ့်တုန်သွား၏။
အထက်ကောင်းကင်ယံမှ ပုံရိပ်နှစ်ခုသည် လေသင်္ဘောဦးပိုင်းမှ ဆင်းသက်လာကြကာ သူတို့၏ ဝတ်ရုံများသည် ချီစွမ်းအင်များကြောင့် လွင့်ပျံနေပြီး သူတို့၏ တည်ရှိမှုသည် ကောင်းကင်နှင့် မြေကြီး၏ လည်ချောင်းကို ဓားဖြင့်ထောက်ထားသကဲ့သို့ စူးရှလွန်းလှသည်။
ပိုင်ရမ်၏ အေးစက်သော မျက်လုံးများသည် မုန်တိုင်းတစ်ခုကဲ့သို့ လယ်ကွင်းများကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ သူ၏ဘေးတွင်မူ ပိုင်ကျီဟန်၏ နီမြန်းသောမျက်ဝန်းများက ထိုလင်မယားအပေါ် ကျရောက်နေသည်။
ရွာသားအချို့မှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ခဏတာ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ထိန်းချုပ်လိုက်ကြသည်။
တစ်ချက်ကြည့်ရုံဖြင့် ပိုင်ကျီဟန်သည် မြင့်မြတ်သောအဆင့်အတန်းရှိသူမှန်း သိသာလှသည်။ ထို့အပြင် ကျင့်ကြံသူများမှာ ကြယ်ကြွေအင်ပါယာတစ်ခုလုံးတွင် ရိုသေလေးစားခြင်း ခံရသူများ ဖြစ်ကြသည်
ထိုအမျိုးသားမှာ ရှေ့သို့ တိုးထွက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ၏ အသံမှာ တကယ့်ကို ကြောက်လန့်တုန်ရီနေသည့်အတိုင်း အစစ်အမှန်နှင့် မခြားပေ။
"သ... သခင်ကြီးတို့... အခုလို နိမ့်ကျတဲ့ ရွာကလေးကို ဘယ်လိုအကြောင်းကိစ္စနဲ့ ကြွမြန်းလာတာပါလဲခင်ဗျာ"
ဇနီးဖြစ်သူမှာလည်း ဆေးဘက်ဝင်အပင်များ ထည့်ထားသော ခြင်းတောင်းကို မလိုက်ပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ကျွန်မတို့က ရိုးရိုးသားသား တောသူတောင်သားတွေပါ။ သခင်ကြီးတို့ကို တစ်ခုခု အပြစ်စော်ကားမိတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ..."
သာမန်လူများအတွက်ဆိုလျှင် သူတို့၏ သရုပ်ဆောင်မှုမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းသည်။ သို့သော် ပိုင်ကျီဟန်မှာ မျက်တောင်တစ်ချက်ပင် မခတ်ပေ။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အရေပြားကို ဖောက်ထွက်ပြီး အရိုးထိအောင် စူးရှမည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်။
"မင်းတို့ရဲ့ ခေါင်းဆောင်ဆီ ငါ့ကို ခေါ်သွားစမ်း... ဒါဆိုရင် မင်းတို့ အသက်ရှင်ချင်ရှင်လိမ့်မယ်"
ထိုစကားအပြီးတွင် ထွက်ပေါ်လာသော တိတ်ဆိတ်မှုမှာ အသက်ရှူရပင် ကျပ်တည်းစေသည်။
"သ... သခင်ကြီး... ကျွန်တော် နားမလည်လို့ပါ။ ရွာသူကြီးနဲ့ တွေ့ချင်တာကို ပြောတာပါလားခင်ဗျာ"
ထိုအမျိုးသားက ပြန်မေးလိုက်သည်။
"ငါ့စကားကို နှစ်ခါပြန်မပြောခိုင်းနဲ့"
ပိုင်ကျီဟန်က ပြတ်သားစွာ ကြေညာလိုက်သည်။
ဤစကားတစ်ခွန်းတည်းနှင့်ပင် ပိုင်ကျီဟန်သည် သူတို့၏ လျှို့ဝှက်အဖွဲ့အစည်းအကြောင်းကို သိရှိပြီးဖြစ်ကြောင်း လုံလောက်စွာ သက်သေပြနေသည်။
အရပ်ရှည်ရှည်နှင့် ထိုအမျိုးသား၏ အပြုံးများ အေးခဲသွားသည်။ အမျိုးသမီး၏ လက်များမှာလည်း အနည်းငယ် တုန်ယင်သွားပြီး သူမ၏ ခြင်းတောင်းထဲမှ ဆေးဘက်ဝင်အပင်များမှာ မြေသားလမ်းပေါ်သို့ ဖရိုဖရဲ လွင့်စင်သွားတော့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ခဏတာမျှ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထို့နောက်တွင်မူ— သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်ခြည်း ထွက်ပေါ်လာတော့သည်။
အဆိပ်သင့် ချီစွမ်းအင်များ ဖုံးလွှမ်းနေသော မြှားတိုတစ်စင်းသည် ထိုအမျိုးသား၏ အင်္ကျီလက်ထဲမှ ထွက်ပေါ်လာပြီး ပိုင်ကျီဟန်၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာလည်း ဝေဝါးသွားကာ လျှပ်တပြက် လှုပ်ရှားလိုက်၏။
တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ ဆေးဘက်ဝင်အပင်များသည် အဆိပ်ငွေ့များအဖြစ် ပျံ့နှံ့သွားပြီး သူမ၏ လက်ချောင်းများသည် မန္တန်များကို ကျွမ်းကျင်စွာ ရွတ်ဆိုကာ ဝှက်ဖဲဖြစ်သော အဆောင်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအဆောင်မှာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ပိုင်ကျီဟန်ထံသို့ ပြေးဝင်သွားသည်။
တိုက်ကွက်နှစ်ခု ထွက်ပေါ်လာသည့်နှင့်အမျှ လယ်တော၏ ငြိမ်းချမ်းမှုမှာ စက္ကူတစ်ချပ်ကဲ့သို့ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။
"မင်း သိသွားပြီဆိုမှတော့... သေပေတော့”
မြှားတိုမှာ လေထုကို ခွင်းလျက် လျင်မြန်သေချာစွာ ပျံသန်းလာသည်။ မြှားဦးတွင်လည်း အနက်ရောင် ချီစွမ်းအင်များက အရိပ်တစ်ခုလို ကပ်ပါလာသည်။
အဆောင်သည်လည်း တရှူးရှူးမြည်လျက် အသက်ရှူကျပ်စေသော အစိမ်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ ပိုင်ကျီဟန်ထံသို့ သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ တိုးဝင်လာသည်။
ပိုင်ကျီဟန်မှာမူ နေရာမှ မရွေ့ဘဲ ကြည့်ရုံသာ ကြည့်နေသည်။
မြှားတိုမှာ သူ၏ လည်ချောင်းဆီသို့ ဘယ်သောအခါမှ ရောက်မလာခဲ့ပေ။ သူ၏ ချီအကာအကွယ်သည် ကြားဖြတ်ဟန့်တားလိုက်ပြီး မြှားတိုမှာ မမြင်နိုင်သော နံရံတစ်ခုကို ရိုက်မိသလို လေထဲတွင်ပင် ရပ်တန့်သွားသည်။
အနက်ရောင် ချီစွမ်းအင်များသည်လည်း တမြည့်မြည့်လောင်ကျွမ်းပြီး ပျောက်ကွယ်သွားကာ အမှုန်အမွှားများအဖြစ် မြေပြင်ပေါ်သို့ ကြွေကျသွားတော့သည်။
အမျိုးသမီး အသုံးပြုသည့် အဆိပ်မှာမူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။ ထိုကဲ့သို့ အားနည်းသော အဆိပ်မျိုးက သူ၏ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဤအချက်သည် လင်မယားအဖြစ် ဟန်ဆောင်ထားသော ထိုနှစ်ယောက်ကို သတိထားမိသွားစေသည်။
"ငါတို့ တိုက်ကွက်က ဘာမှမဖြစ်ပါလား။ ငါတို့ရန်သူက တော်တော်လေး အစွမ်းထက်ပုံရတယ်။ ဒါပေမဲ့ ကံကောင်းတာက သူတို့က တုံးအကြတာပဲ”
သူတို့ပတ်ဝန်းကျင်ရှိ ရွာသားအတုများမှာလည်း သူတို့၏ မျက်နှာဖုံးများကို ချွတ်ချလိုက်ကြသည်။
ဝှက်ထားသော ဓားမြှောင်များ၊ အဆောင်များနှင့် ဆေးပုလင်းများ ထွက်ပေါ်လာသည်။
အိမ်ခေါင်မိုး ပြင်နေသယောင် ဆောင်ထားသော အမျိုးသားများသည်လည်း ကောက်ရိုးဖျာများအောက်မှ လှံတိုများကို ဆွဲထုတ်လိုက်ကြသည်။
လွန်ခဲ့သော မိနစ်ပိုင်းက အန္တရာယ်ကင်းသော အလုပ်သမားများသည် ယခုအခါ မျက်လုံးများတွင် ရက်စက်မှုနှင့် အေးစက်မှုများ ပြည့်နှက်နေသည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သွားကြပြီဖြစ်သည်။
"ငါတို့ လူမိသွားပြီ" ထိုအမျိုးသားက ခက်ထန်သောအသံဖြင့် ဟိန်းဟောက်လိုက်သည်။
"အဲဒီကောင်လေးကို ဖမ်းဆီးထားလိုက်။ သူက အဆင့်အတန်းရှိပုံရတယ်၊ သူ ဒီနေရာကို ဘယ်လိုသိသလဲဆိုတာ ငါတို့ မေးမြန်းရမယ်။ ဟိုအဖိုးကြီးကိုတော့ သတ်ပစ်လိုက်”
လူသတ်သမားများကြားတွင် အချင်းချင်း ခေါင်းငြိမ့်ပြလိုက်ကြသည်။
သူတို့သည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လူစုခွဲကာ လှုပ်ရှားလိုက်ကြသည်။ ဤသည်မှာ သာမန်ဓားပြအဖွဲ့မျိုး မဟုတ်ဘဲ စနစ်တကျ ဖွဲ့စည်းထားပြီး ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသော ပိုင်ရမ်မှာ မူ ကူညီရန် အမူအရာပင် မပြခဲ့ပေ။ သူ ကူညီရန်လည်း မလိုခဲ့ပေ
သူသည် ပိုင်ကျီဟန် တစ်ယောက်တည်း အရာအားလုံး ဖြေရှင်းနေသည်ကို ချီးကျူးဂုဏ်ယူသော အကြည့်ဖြင့် ကြည့်နေမိသည်။
(သူ အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာပြီပဲ။)
အသက် (၁၈) နှစ်အရွယ်နှင့် ဝိညာဉ်ခွဲခြမ်းစိတ်ခြင်းအဆင့်သို့ ရောက်ရှိနေသော မျိုးဆက်သစ် အမွေခံတစ်ဦး... ထိုစကားကို ကြားရသောအခါ ပိုင်ရမ်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူတို့မျိုးနွယ်တွင် ပိုင်ရွှယ်ချင်းကဲ့သို့သော အရည်အချင်းရှိသူလည်း ရှိနေသေးသည်။
ဤကဲ့သို့သော မျိုးဆက်သစ်များ ရှိနေသရွေ့ ပိုင်ရမ်အနေဖြင့် ပိုင်မျိုးနွယ်စု၏ အနာဂတ်အတွက် စိတ်အေးလက်အေးဖြစ်ကာ အကောင်းမြင်မိသည်။
သူသည် ပိုင်ကျီဟန်ကို အမြဲကာကွယ်ပေးသွားမည် ဖြစ်သော်လည်း ယခုကဲ့သို့ အမှိုက်သရိုက်အဆင့် လူစုအတွက်မူ ပါဝင်ပတ်သက်ရန် မလိုဟု တွေးတောမိသည်။
လုပ်ကြံသတ်ဖြတ်သူများသည် ဝိုင်းရံထားသော ဓားသွားများနှင့် တဖျတ်ဖျတ်လက်နေသော အဆောင်များဖြင့် တစ်ပြိုင်နက်တည်း အနားသို့ တိုးကပ်လာကြသည်။ သူတို့သည် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် စုပေါင်းတိုက်ခိုက်ကြ၏။
ပိုင်ကျီဟန်မှာမူ ထိုတိုက်ကွက်များကို နွေဦးလေပြေကဲ့သို့သာ သဘောထားလိုက်သည်။ လှံများမှာ လေထုကိုသာ ထိုးမိပြီး ဓားမြှောင်များကိုမူ အနည်းငယ်မျှသာ လှုပ်ရှားလိုက်သော လက်ဝါးချက်ဖြင့် ရင်ဆိုင်လိုက်သည်။
လက်တစ်ကမ်းအကွာတွင် ပေါက်ကွဲသွားသော အဆောင်တစ်ခုသည်လည်း မီးရှူးမီးပန်းတစ်ခုကဲ့သို့ ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ လူအများအပြား အတင်းအဓမ္မ ထိုးနှက်ခဲ့ကြသော်လည်း ပြန်လည်ရရှိလာသော ရလဒ်မှာ ပြန့်ကျဲနေသော အဝတ်စများနှင့် ညည်းတွားသံများသာ ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော အမျိုးသားများသည် ခြေချော်ခြင်း၊ လက်နက်ဖျက်ဆီးခံရခြင်း သို့မဟုတ် နှစ်ဦးသုံးဦးတွဲလျက် သတိလစ်သွားခြင်းတို့ကို ကြုံတွေ့လိုက်ရသည်။ ဤအရာအားလုံးမှာ အသက်တစ်ရှူစာအတွင်း၌ပင် ပြီးဆုံးသွားခဲ့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လယ်ကွင်းပြင်တွင် ဒဏ်ရာရနေသော ခန္ဓာကိုယ်များနှင့် ကျိုးပဲ့နေသော လက်နက်များသာ ကျန်ရှိတော့သည်။
အမျိုးသားတစ်ဦးသာလျှင် လွင့်စင်သွားရာ နေရာတွင် တုန်တုန်ယင်ယင်ဖြင့် အသက်ရှင်ကျန်ရစ်သည်။
ပိုင်ကျီဟန်သည် ရှေ့သို့လှမ်းလာပြီး အသက်ရှင်ကျန်ရစ်သူ၏ မျက်နှာနှင့် တစ်တန်းတည်းဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ၏ နီမြန်းသောမျက်ဝန်းများမှာ အေးစက်ကာ ငြီးငွေ့နေသည့်အလား။
"မင်းတို့ရဲ့ စခန်းဆီ ငါ့ကို ခေါ်သွားစမ်း" သူက ခြိမ်းခြောက်လိုက်သည်။ "ဒါမှမဟုတ်ရင် မင်းလည်း တခြားလူတွေလိုပဲ ဖြစ်သွားလိမ့်မယ်။"
ထိုသူမှာ အသက်ရှူရပ်မတတ် ဖြစ်သွားပြီး နှုတ်ခမ်းထောင့်တွင် သွေးနှင့် တံထွေးများ ပေကျံနေကာ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေသည်။
ဤအမိန့်မှာ သူ့ကို အသက်ချမ်းသာခွင့်ပေးခြင်းလော သို့မဟုတ် ပိုမိုဆိုးရွားသော ကံကြမ္မာ၏ နိဒါန်းလောဆိုသည်ကို မဝေခွဲနိုင်တော့ပေ။ ပိုင်ကျီဟန်၏ နောက်ကွယ်တွင်မူ ပိုင်ရမ်က ကျေနပ်သည့်အမူအရာဖြင့် ကြည့်နေသည်။ ရန်သူတွေအပေါ်၊ အထူးသဖြင့် ကိုယ့်အသက်ကို ရန်ရှာတဲ့သူတွေအပေါ် သနားညှာတာနေဖို့ မလိုပေ
အသက်ရှင်ကျန်ရစ်သူမှာ ပိုင်ကျီဟန်၏ တိုက်ကွက်ကြောင့် ကျိုးအက်သွားသော နံရိုးများကို ဖိထားရင်း တုန်တုန်ချိချိဖြင့် မတ်
တပ်ထရပ်လိုက်သည်။
သူသည် ပိုင်ရမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို စူးစိုက်ကြည့်နေသော နီမြန်းသည့် မျက်ဝန်းများဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။
"ကျွန်... ကျွန်တော် ခေါ်သွားပါ့မယ်"သူက အက်ရှရှအသံဖြင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး... ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ သခင်လေး... ကျွန်တော် တောင်းပန်ပါတယ်"
ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ သပ်ရပ်စွာဖြင့် ပြန်လည်မတ်တပ်ရပ်လိုက်သည်။
"ငါတို့ကို အဲဒီဆီ ခေါ်သွားသရွေ့တော့ မင်းရဲ့ အသက်ကို ချန်ထားပေးမယ်။"
ထိုအမျိုးသားသည် တံထွေးတစ်ချက် မျိုချလိုက်မိသည်။ ဤစကားမှာ အမှန်တကယ် ကတိပေးခြင်းလော သို့မဟုတ် လှောင်ပြောင်နေခြင်းလော ဆိုသည်ကို သူ မဝေခွဲနိုင်သော်လည်း မစွန့်စားရဲပေ။ သူသည် ခေါင်းကို အသည်းအသန် ငြိမ့်ပြရင်း သူတို့၏ မြေအောက်စခန်းသို့ ဆက်သွယ်ထားသော ရွာထဲရှိ အိမ်တစ်လုံးဆီသို့ ယိုင်တိုင်တိုင်ဖြင့် ဦးဆောင်သွားကာ သူ့နောက်မှ လိုက်ပါလာသော ခြေလှမ်းတိုင်းကြောင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
အသက်ရှင်ကျန်ရစ်သူမှာ သူ၏ နံဘေးကို ဖိထားရင်း ရှေ့မှ ဦးဆောင်သွားသည်။ သူတို့ ဖြတ်သန်းသွားသော အိမ်တန်းလျားများသည် ပုံမှန်အတိုင်းပင် ရှိနေသေးသည်
မီးဖိုချောင်ခေါင်းတိုင်များမှ မီးခိုးများ လွင့်ပျံနေပြီး နံရံတွင် ကိရိယာတန်ဆာပလာများ မှီထားကာ ဆေးဘက်ဝင် အပင်များကိုလည်း အစုလိုက် အပြုံလိုက် အခြောက်လှန်းထားဆဲ ဖြစ်သည်။
ထိုအမျိုးသားသည် အစွန်ဆုံးရှိ အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်သည်။ ထိုအိမ်၏ တံခါးမှာ အနည်းငယ် စောင်းနေပြီး အိမ်ရှေ့တွင်လည်း စွန့်ပစ်ထားသကဲ့သို့ ဖြစ်နေသော ကောက်နှံခြင်းတောင်းတစ်လုံး ရှိနေသည်။
သူသည် တုန်ယင်နေသော လက်ချောင်းများဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်ထဲတွင် ဖုန်ထူနေသော အခန်းအလွတ်တစ်ခု၊ အက်ကွဲနေသော စားပွဲတစ်လုံးနှင့် ကြမ်းပြင်ပေါ်တွင် ခင်းထားသော ကော်ဇောတစ်ချပ်မှအပ ဘာမျှမရှိပေ။
သူသည် ကော်ဇောကို ဘေးသို့ ကန်ထုတ်လိုက်သည်။
ယင်းအောက်တွင် သစ်သားထောင်ချောက်တံခါးတစ်ခု ရှိနေသည်။ သူသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီး ပိုင်ကျီဟန်ကို အသနားခံသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
"ကျွန်တော် ခေါ်လာပေးပြီ... ကျေးဇူးပြုပြီး သခင်လေး... ကတိပေးထားတဲ့အတိုင်း ကျွန်တော့်အသက်ကို..."
ပိုင်ကျီဟန်၏ နီမြန်းသောမျက်ဝန်းများသည် သူ့အပေါ်တွင် ခဏမျှ ရပ်တန့်နေသည်။
"ရှေ့က ဆက်သွား” ထိုအမျိုးသားမှာ စိတ်သက်သာရာရလွန်းသဖြင့် လဲကျမတတ် ဖြစ်သွားပြီး ထောင်ချောက်တံခါးကို ဆွဲဖွင့်လိုက်သည်။ အထဲမှ သွေးညှီနံ့နှင့် အေးစက်သော သတ္တုနံ့များ ရောနှောနေသည့် လေပုပ်များ ဝှေ့တက်လာသည်။
မြေအောက်သို့ ဆင်းရသောလမ်းမှာ ရှည်လျားပြီး မတ်စောက်လှသည်။ ထွင်းထုထားသော ကျောက်နံရံများတစ်လျှောက် မီးတုတ်ရောင်များမှာ တဖျတ်ဖျတ် လွင့်နေသည်။
မှောင်ရိပ်ထဲတွင် ထူးဆန်းသော သင်္ကေတများသည် မှိန်ပျပျ လင်းလက်နေပြီး အလွှာပေါင်းများစွာသော ခုခံရေး မန္တန်အစီအရင်များကို ဖန်တီးထားသည်။
သို့သော် ထိုအစီအရင်များမှာ ခွင့်ပြုချက်ရရှိထားသကဲ့သို့ တစ်ခုမျှ အလုပ်မလုပ်ကြပေ။
သူတို့ အောက်ခြေသို့ ရောက်ရှိသွားချိန်တွင် လေထုသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လေးလံနေပြီဖြစ်သည်။
မြေအောက်ခန်းမကြီးသည် ကျယ်ပြောလှပြီး ဗဟိုခန်းမတစ်ခုဆီသို့ စုဆုံသွားသည့် လိုဏ်ခေါင်းကွန်ရက် တစ်ခုကဲ့သို့ ထွင်းထုထားသည်။
ထိုနေရာတွင် လုပ်ကြံသတ်ဖြတ်သူ အယောက်ပေါင်းများစွာ စောင့်ဆိုင်းနေကြသည်—ဝတ်ရုံများသည် မင်အိုးကဲ့သို့ နက်မှောင်နေပြီးလက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကာ မျက်နှာဖုံးများအောက်တွင် လူသားဆန်မှု အစအနပင် မရှိကြပေ။
ထိုသူအားလုံး၏ အထက်တွင် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်။
ဗလာသန့်စင်ခြင်းအဆင့်..လုပ်ကြံသတ်ဖြတ်သူများသည် မီးတောက်ရှေ့မှ ဆုတ်ခွာသွားသော အရိပ်များကဲ့သို့ သူ့ရှေ့တွင် လမ်းဖယ်ပေးလိုက်ကြသည်။
သူသည် ပိုင်ကျီဟန်နှင့် ပိုင်ရမ်တို့ကို အေးစက်ကာ အကဲခတ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ အသံမှာ နှေးကွေးပြီး တည်ငြိမ်လှသည်။ သူတို့၏ လည်ပင်းကို ကြိုးကွင်းဖြင့် ခိုင်မြဲစွာ ချည်နှောင်ထားပြီးသည့်အလား။
"သူတို့ သိနေကြပြီပဲ"
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအကြီးအကဲ၏ မျက်လုံးများသည် ပိုင်ကျီဟန်နှင့် ပိုင်ရမ်တို့ဆီသို့ စိုက်ကြည့်နေသည်။
သူ၏ လေသံမှာ တည်ငြိမ်သော်လည်း သေခြင်းတရားကို အမိန့်ပေးနေကျသူတစ်ဦး၏ ဖိအားများ ပါဝင်နေသည်။
"မင်းတို့ လာသင့်သလောက် လာခဲ့ပြီးပြီ။"
သူ၏ အကြည့်မှာ စူးရှသွားသည်။ "အခု ပြောစမ်း... မင်းတို့က ဘယ်သူတွေလဲ? ငါတို့ရဲ့ စခန်းကိုရော ဘယ်လိုလုပ် ရှာတွေ့တာလဲ?"