ကြယ်ကြွေအင်ပါယာရှိ ရည်မှန်းချက်
Vol. 21 Ch. 316
သူတို့ကို ခေါ်ဆောင်လာခဲ့သော အသက်ရှင်ကျန်ရစ်သူသည် ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ၏ ခြေရင်းတွင် ဒူးထောက်လဲကျသွားပြီး တောင်းပန်တိုးလျှိုးတော့သည်။
"အ...အကြီးအကဲ... သူတို့က ကျွန်တော့်ကို အတင်းအကျပ် ခိုင်းစေခဲ့တာပါ။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါ”
သူသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ကျောက်ကြမ်းပြင်ပေါ်သို့ နဖူးနှင့် အားပြင်းပြင်း ဆောင့်ချလိုက်ရာ အရေပြားများ ကွဲထွက်သွားသည်။ သွေးများ စီးကျလာသော်လည်း သူ မရပ်ရဲပေ။
"ကျေးဇူးပြုပြီး... ခွင့်လွှတ်ပေး—"
ရိပ်ခနဲ လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။
အကြီးအကဲ၏ လက်အင်္ကျီစမှာ ခါယမ်းသွား၏။
အသက်ရှင်ကျန်ရစ်သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ လည်ချောင်းတွင် နီရဲသော အမှတ်အသားတစ်ခု ပေါ်လာကာ အော်ဟစ်သံမှာ ရုတ်ချည်း ပြတ်တောက်သွားသည်။
နောက်တစ်စက္ကန့်တွင် သူ၏ခေါင်းသည် ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားပြီး မျက်လုံးများက ထိတ်လန့်တကြား ပွင့်လျက်သား ဖြစ်နေကာ ခန္ဓာကိုယ်မှာ သက်မဲ့အတိုင်း လဲကျသွားတော့သည်။
အကြီးအကဲ၏ အေးစက်သော အကြည့်သည် ပိုင်ကျီဟန်ထံသို့ ပြန်ရောက်လာသည်။
"လူငယ်လေး..." သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ "ငါ ကောင်းကောင်းမွန်မွန် ပြောနေတုန်း ဖြေစမ်းပါ— မဟုတ်ရင် မင်း သေရတာ မသက်သာဘူး ဖြစ်လိမ့်မယ်။"
ပိုင်ရမ်က လှောင်ပြုံး ပြုံးလိုက်သည်။
"ငါ့ရှေ့မှာ ငါတို့မျိုးနွယ်စုရဲ့ ဆက်ခံသူကို ခြိမ်းခြောက်နေတာလား? မင်းက ဘယ်လောက်တောင် သတ္တိရှိနေလို့လဲ”
အော်ဟစ်သံ တစ်ချက်တည်းနှင့်ပင် သူတို့အများစုမှာ ဒူးထောက်ကျသွားကြပြီး ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ၏ ယုံကြည်မှုကိုပင် တုန်လှုပ်သွားစေသည်။
ထိုအကြီးအကဲသည် ပိုင်ရမ်၏ ကျင့်စဉ်အဆင့်ကို လုံးဝ ခန့်မှန်း၍ မရပေ။
သူက မဟာကောင်းကင်တက်လှမ်းခြင်းအဆင့် လား? မဟုတ်ဘူး... အင်မော်တယ် ကောင်းကင် တက်လှမ်းခြင်းအဆင့်လား
သူ သေချာမသိသော်လည်း မဟာကောင်းကင် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ယခင်က ရင်ဆိုင်ဖူးသည်။ သို့သော် သူတို့၏ ချီအရှိန်အဝါမှာ ရှေ့တွင်ရှိနေသော လူကဲ့သို့ ဖိနှိပ်မှု မပြင်းထန်ပေ။
"မဖြစ်နိုင်တာ”
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကြယ်ကြွေအင်ပါယာရှိ အသန်မာဆုံးသူများသည် မဟာကောင်းကင်တက်လှမ်းခြင်းအဆင့်မှာသာရှိသည်ဟု ထင်ထားခဲ့သည်။
အင်မော်တယ် ကောင်းကင်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားသော လျှို့ဝှက်အကြီးအကဲကြီးများ ရှိနေသည်ဟု ကောလာဟလများ ရှိသော်လည်း သူသည် ထိုကဲ့သို့သောသူနှင့် တိုးမိလောက်အောင် ကံမဆိုးနိုင်လောက်ဟု တွေးနေမိသည်။
"မကြောက်ကြနဲ့။ ဒါက တစ်ခုခု လှည့်စားထားတဲ့ နည်းလမ်းဖြစ်ရမယ်။ သူတို့က နှစ်ယောက်တည်းပဲ ရှိတာ။ သတ်လိုက်ကြစမ်း”
အကြီးအကဲက အမိန့်ပေးလိုက်သည်။
"ဟဲဟဲ၊ ဒီအသိဉာဏ်မဲ့တဲ့ လူမိုက်ကို ကြည့်စမ်းပါဦး။ တစ်စက္ကန့်ပဲ ကြာလိမ့်မယ်။"
ပိုင်ရမ်က သူပြောလိုက်သော စကားလုံးများထက် ပိုမို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော လေသံဖြင့် ပြောလိုက်သည်။
"မဟာအကြီးအကဲ.. သူ့ကို မသတ်ပါနဲ့ဦး။"
ပိုင်ကျီဟန်က ပြောလိုက်သည်။
ထိုအကြီးအကဲသည် ဤနေရာတွင် သတင်းအချက်အလက် အများဆုံးရှိမည့်သူ ဖြစ်ရမည်။ အကယ်၍ မဟာအကြီးအကဲသာ သူ့ကို မတော်တဆ သတ်မိသွားပါက သူတို့ ယခုအချိန်အထိ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"ဟားဟား... ငါ အကောင်းဆုံး ကြိုးစားကြည့်တာပေါ့။"
"ကျေးဇူးပြုပြီး အဲ့ဒီအတိုင်း လုပ်ပေးပါ”
ထိုအချိန်တွင် လုပ်ကြံသတ်ဖြတ်သူများအုပ်စုသည် သူတို့၏ စိတ်ဓာတ်များ ပြန်လည် နိုးထလာပုံရပြီး ပိုင်ကျီဟန် နှင့် ပိုင်ရမ်တို့ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သူတို့အထဲမှ အများစုသည် အခြေတည်ဝိညာဉ်အဆင့်များ ဖြစ်ကြပြီး အချို့မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များဖြစ်ကာ
လေးဦးသာလျှင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်တွင် ရှိကြသည်။
ပိုင်ကျီဟန် အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိသူများကိုသာ ကိုင်တွယ်ရန် လိုအပ်ပြီး ကျန်ရှိသူများကမူ မဟာကောင်းကင်တက်လှမ်းခြင်းအဆင့်ဟု သူတို့ထင်မှတ်ထားသော ပိုင်ရမ်ကို အကြီးအကဲနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ထားပုံရသည်။
တိုက်ပွဲမှာ အလွန်ပြင်းထန်လိမ့်မည်ဟု ထင်ရသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
"... ကျေးဇူးပြုပြီး၊ ကျွန်တော် အကုန်လုံး ပြောပြပါ့မယ်။ ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ”
တစ်ချိန်က မာန်တက်ခဲ့သော အကြီးအကဲသည် ယခုအခါ ပိုင်ကျီဟန်၏ ခြေရင်းတွင် တောင်းပန်တိုးလျှိုးနေရပြီဖြစ်သည်။
မဟာ အကြီးအကဲ ပိုင်ရမ်သာ အားကုန်သုံးလိုက်ပါက သူတို့၏ အဆင့်အတန်းနှင့်ဆိုလျှင် မတ်တပ်ရပ်နိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။
သို့သော် ပိုင်ရမ်သည် အင်အားအကုန် မသုံးခဲ့ပေ— သူသည် ရန်သူများကို ကစားစရာသဖွယ် လုပ်နေခဲ့ပြီး ပိုင်ကျီဟန်သည် တစ်ဖက်လူများကို ရှင်းလင်းသည်အထိသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ပိုင်ကျီဟန်သည်လည်း ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုသာ အားကိုးတတ်သည့် ဤအမှိုက်များကို ရှင်းလင်းရန် အင်အားအများကြီး သုံးစွဲစရာမလိုခဲ့ပေ။
"အဲ့ဒီလိုဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့" ပိုင်ကျီဟန်သည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြောလိုက်သည်။
ဂလု!
အကြီးအကဲသည် ဗလာသန့်စင်ခြင်းအဆင့် ဖြစ်ပြီး သူ့ရှေ့မှ ကောင်လေးသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်သာ ဖြစ်သော်လည်း ပိုင်ကျီဟန်ကို အထင်သေး၍မရမှန်း သူသိလိုက်သည်။
သူ နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားခဲ့သော လက်ရွေးစင်များကို ရှင်းလင်းရန် ပိုင်ကျီဟန် အတွက် တစ်မိနစ်ပင် မကြာခဲ့ပေ။
သူကိုယ်တိုင်ပင် ထိုမျှမြန်မြန် ရှင်းလင်းနိုင်ရန် ယုံကြည်ချက်မရှိခဲ့ပေ
ထို့အပြင် အစွမ်းအစကို ခန့်မှန်း၍မရနိုင်သော ပိုင်ရမ်ဆိုသည့် မိစ္ဆာအိုကြီးလည်း ရှိနေသေးသည်။
"ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါက ပိုင်ကျီဟန် ပါ။ မင်း ငါ့နာမည်ကို ကြားဖူးတန်ကောင်းရဲ့။"
အကြီးအကဲသည် ပိုင်ကျီဟန်ကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ အမှန်ပင် သူ၏ ရုပ်ရည်သွင်ပြင်မှာ ပိုင်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်နေသည်။
ပိုင်မျိုးနွယ်စုသည် ကြယ်ကြွေအင်ပါယာအတွင်းသို့ ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသည်ဟူသော သတင်းများကို သူကြားသိထားသော်လည်း သူတို့ဆီသို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
(ဒါ ကျိုးရှစ်ကျီကြောင့် ဖြစ်ရမယ်)
သူသည် အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ပြီးနောက်
ကောင်းကင်အင်ပါယာသို့ သွားရောက်သည့် တာဝန်ကို မပြီးမြောက်ခဲ့သော ကျိုးရှစ်ကျီကြောင့် ဖြစ်ရမည်ဟု နားလည်သွားသည်။
(ဒါပေမဲ့ ပိုင်မျိုးနွယ်စုရဲ့ သခင်လေးက ဘာလို့ ငါတို့နောက်ကို လိုက်နေရတာလဲ?)
သူတို့ဖြစ်စေ သို့မဟုတ် ကျိုးရှစ်ကျီပင်ဖြစ်စေ ပိုင်မျိုးနွယ်စု၏ ဆက်ခံသူကို ပြစ်မှားရဲမည်မဟုတ်ဟု သူထင်ထားခဲ့သည်။
"ဟားဟားဟား... သခင်လေးပိုင် ဖြစ်နေတာကိုး။ အသက်ငယ်ငယ်နဲ့ ဒီလောက်တောင် သန်မာနေတာ မဆန်းတော့ပါဘူး။ သခင်လေးမှန်း မသိခဲ့တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။"
အကြီးအကဲသည် ချက်ချင်းပင် အညံ့ခံသည့် ပုံစံသို့ ပြောင်းလဲလိုက်တော့သည်။
ဘာကြောင့်လဲ?
သူ့ကို အနိုင်ယူခဲ့သော အမျိုးသားကို ပိုင်ကျီဟန်က မဟာအကြီးအကဲဟု ခေါ်ဝေါ်သည်ကို သူ ကြားလိုက်ရသည်။
ပိုင်မျိုးနွယ်စုတွင် မဟာအကြီးအကဲဟူသော ဘွဲ့အမည်ကို အင်မော်တယ် ကောင်းကင် တက်လှမ်းခြင်းအဆင့်ထက် မြင့်မားသောသူများကိုသာ ပေးအပ်ခြင်းဖြစ်သည်။
သူ တွေ့မြင်ခဲ့ရသော စွမ်းအားအရဆိုလျှင် ဤအချက်မှာ သေချာသလောက်ရှိနေပြီ။ ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပိုင်ကျီဟန် စိတ်ကျေနပ်အောင် လုပ်ဆောင်ပြီး အသက်ဘေးမှ လွတ်မြောက်ရန်သာ ဖြစ်သည်။
"ကျွန်တော်တို့ သခင်လေးကို ဘယ်လိုများ ပြစ်မှားမိလို့လဲဆိုတာ ပြောပြပေးနိုင်မလားခင်ဗျာ? ကျွန်တော် သေချာပေါက် ပြန်လည် တောင်းပန်ပါ့မယ်။"
အကြီးအကဲက ပြောလိုက်သည်။ သူသည် ပိုင်ကျီဟန် စိတ်ကျေနပ်စေရန် ဘာမဆိုလုပ်ပေးဖို့ အသည်းအသန် ဖြစ်နေပုံရသည် “ အဲ့ဒါတွေ မလိုဘူး။ မင်းတို့ရဲ့ ဌာနချုပ် ဘယ်မှာလဲဆိုတာ ငါသိဖို့ပဲ လိုတယ်။ အဲ့ဒါပြောရင် မင်းအသက်ကို ချမ်းသာပေးမယ်”
ပိုင်ကျီဟန်က တောင်းဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် အကြီးအကဲမှာ သတိကြီးစွာ ထားလိုက်
မိသည်။
(ကြည့်ရတာ ကျိုးရှစ်ကျီတစ်ယောက် အကုန်ဖွင့်ပြောလိုက်ပြီ ထင်တယ်)
ကျိုးရှစ်ကျီ၏ အမှားမဟုတ်သော်လည်း ကျိုးရှစ်ကျီကိုသာ အပြစ်တင်နေမိသည်။ သို့သော် သူသည် အဖြစ်မှန်ကို မသိပေ။
"သခင်လေးပိုင်... ကျွန်တော်တို့ရဲ့ ဌာနချုပ်ကို ဘာကြောင့် ရှာနေရတာလဲခင်ဗျာ?"
"ငါမေးတာကိုပဲ ဖြေစမ်း”
ပိုင်ကျီဟန်က ပြတ်သားစွာ ပြောလိုက်သည်။
အကြီးအကဲသည် သူ၏ ခေါင်းနောက်ဘက်ကို ကုတ်ရင်း ပြန်ဖြေလိုက်သည်။
"သခင်လေးပိုင်... ကျွန်တော် မဖြေချင်လို့ မဟုတ်ပါဘူး၊ တကယ်ကို မသိလို့ပါခင်ဗျာ။"
"မသိဘူး ဟုတ်လား?"
ပိုင်ကျီဟန်က ဒေါသတကြီး မေးလိုက်သည်။
"တ... တကယ်ပါ။ လူအနည်းစုပဲ ဌာနချုပ်ကို သွားခွင့်ရတာပါ။ ကျွန်တော်က ဒီနေရာကို တာဝန်ယူ စောင့်ကြည့်ပေးရုံသက်သက်ပါ" အကြီးအကဲသည် အလျင်အမြန် ရှင်းပြလိုက်သည်။
ပိုင်ကျီဟန် သူ့ကို ကြည့်လိုက်ရာ သူ အမှန်အတိုင်း ပြောနေပုံရသည်။ အကယ်၍ သူ လိမ်ညာနေပါက ပိုင်ရမ်က တစ်ခုခု ပြောပေလိမ့်မည်။
(ကြည့်ရတာ အဲ့ဒီအဖွဲ့အစည်းက တကယ်ကို လျှို့ဝှက်လွန်းနေပုံပဲ)
"မင်းကတော့ တကယ်ကို အသုံးမကျတာပဲ”
ပိုင်ကျီဟန် ဒေါသတကြီး ပြောလိုက်ရာအကြီးအကဲ၏ အသက်ကို ရန်ရှာတော့မည့်အတိုင်းပင်။
"ဒါ... ဒါပေမဲ့ သိနိုင်မယ့်သူတစ်ယောက်ကိုတော့ ကျွန်တော် သိပါတယ်!"
အကြီးအကဲသည် ပိုင်ကျီဟန်၏ ချမ်းသာပေးမှုကို ရရှိရန် သူကိုယ်သူ အသုံးဝင်ကြောင်း ချက်ချင်းပင် ပြောလိုက်သည်။
"ပြောစမ်း”
အကြီးအကဲသည် တုန်တုန်ရင်ရင်ဖြင့် မျက်လုံးများက ဘယ်ညာ ဝဲကြည့်နေပြီးနောက် နောက်ဆုံးတွင် စကားလုံးများကို အားယူကာ ထုတ်ဖော်ပြောလိုက်တော့သည်။
"အကြီးအကဲ ရှုဟိုင်”
သူက စတင်ပြောဆိုလိုက်သည်။
"သူက ဒီဌာနခွဲရဲ့ အကြီးအကဲ သုံးဦးထဲက တစ်ယောက်ပါ။ ကျွန်တော်တို့ထဲမှာ သူက ဌာနချုပ်နဲ့ အနက်ရှိုင်းဆုံး ဆက်နွှယ်မှု ရှိသူပါ။ အစီရင်ခံစာတွေ၊ တာဝန်တွေ၊ အမိန့်တွေ အားလုံးက သူ့လက်ထဲကပဲ ဖြတ်သွားတာပါ ။ဌာနချုပ်က စကားဆိုလာရင် အကြီးအကဲ ရှုဟိုင်ကပဲ နားထောင်ပြီး သူတို့ရဲ့ အလိုဆန္ဒကို ကျွန်တော်တို့ဆီ ပို့ဆောင်ပေးတာပါ"
"သူကတော့ ဌာနချုပ်ရဲ့ တည်နေရာကို သေချာပေါက် သိမှာပါ”
အကြီးအကဲက ခိုင်ခိုင်မာမာ ပြောလိုက်သည်။
ပိုင်ကျီဟန် ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"သူ ဘယ်မှာလဲ?"
အကြီးအကဲသည် စကားလုံးများကို ထိန်းထားချင်သကဲ့သို့ နှုတ်ခမ်းများ တုန်ရီလျက် တုံ့ဆိုင်းနေသည်။ သို့သော် ပိုင်ရမ်ထံမှ အေးစက်ပြီး အသက်ရှုကျပ်မတတ် ဖိနှိပ်လွန်းသော အကြည့်တစ်ချက်ကပင် သူ၏ လည်ချောင်းထဲမှ အဖြေကို အတင်းအကျပ် ထွက်လာစေသည်။
"န... နန်းတော်ထဲမှာပါ”
ပိုင်ကျီဟန်၏ မျက်ခုံးများ ပင့်တက်သွားသည်။
"နန်းတော်ထဲမှာ? သူ အဲ့ဒီမှာ ဘာလုပ်နေတာလဲ?"
အကြီးအကဲသည် တံတွေးများ ခက်ခက်ခဲခဲ မျိုချနေရသည်။ သူ၏ ဗီဇစိတ်က နှုတ်ပိတ်နေရန် အော်ဟစ်နေသော်လည်း ပိုင်ရမ်ရှေ့တွင် သူ့မှာ ရွေးချယ်စရာ မရှိပေ။ သူ မျက်တောင်တစ်ချက် မခတ်ခင်မှာပင် သူ့ခေါင်း ပြတ်သွားနိုင်သည် မဟုတ်ပါလော။
"ဒုတိယမင်းသား... ထီးနန်းကို သိမ်းပိုက်နိုင်အောင် ကူညီပေးဖို့ပါ”
ပိုင်ကျီဟန်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အဘယ်ကြောင့် ဤမျှ နက်နဲသော အဖွဲ့အစည်းသည် ကြယ်ကြွေအင်ပါယာတွင် ခြေကုပ်ယူထားရသနည်း? သူတို့၏ ရည်ရွယ်ချက်က အဘယ်နည်း? နောက်ဆုံးတွင်တော့ အဖြေက ထွက်ပေါ်လာခဲ့ပြီ။
ပိုင်ကျီဟန်သည် ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ပြတ်သားသော လေသံဖြင့် မေးလိုက်သည်။
"မင်းတို့ရဲ့ ဌာနခွဲက ဒီမှာ ဘာလို့ ရှိနေရတာလဲ? ကြယ်ကြွေအင်ပါယာမှာ မင်းတို့ရဲ့ ရည်မှန်းချက်က ဘာလဲ?"
အကြီးအကဲသည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။ ထိုမျှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါအောက်တွင် အမှန်တရားမှာ ရေလျှံသကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က... ဒီအင်ပါယာကို နောက်ကွယ်ကနေ ထိန်းချုပ်ဖို့ပါ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့သူကို ထီးနန်းပေါ် တင်ပေးတာက အကောင်းဆုံးနည်းလမ်းပါ”
အကြီးအကဲသည် ထိုစကားကို ပြောလိုက်စဉ်က များများစားစား မစဉ်းစားမိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်သည် ကြယ်ကြွေအင်ပါယာမှ မဟုတ်သဖြင့် မည်သူ ဧကရာဇ်ဖြစ်လာသည်ကို ဂရုစိုက်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။
သူ့အတွေး မှန်ပါသည်။ ပိုင်ကျီဟန် ဂရုမစိုက်ပေ ..ထိုအစီအစဉ်ကို မကြားခင်အထိပေါ့။
မည်သို့ပင်ဖြစ်စေ ထိုအဖွဲ့အစည်းသည် သူ့ကို သတ်ရန် ကြိုးစားခဲ့သောကြောင့် ရန်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
သူတို့၏ အကြံအစည် အောင်မြင်အောင် သူ မည်သို့မျှ ခွင့်ပြုမည်မဟုတ်ပေ။
သူတို့သည် ကြယ်ကြွေအင်ပါယာကို ထိန်းချုပ်လိုက်လျှင်ပင် ရရှိလာမည့် အာဏာသည် သူ့ကို အခက်အခဲ မဖြစ်စေနိုင်သော်လည်း သူတို့၏ အစီအစဉ်ကို သိလိုက်ရပြီဖြစ်၍ သူတို့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးမည် မဟုတ်ပေ။
"ဟဲဟဲ... ငါ့မှာ စိတ်ဝင်စားစရာ အစီအစဉ်တစ်ခု ရှိသွားပြီ"
ပိုင်ကျီဟန်သည် ကျောချမ်းသွားစေလောက်သည့် ယုတ်မာသော ရယ်သံတစ်ခုကို ထုတ်ဖော်ရယ်မောလိုက်သည်။
"မဟာအကြီးအကဲ၊ သူ့ကို တုပ်နှောင်ပြီး ကျင့်စဉ်အဆင့်ကို ချိတ်ပိတ်ထားလိုက်ပါ။ သူ့ကို သုံးဖို့ လိုကောင်း လိုလာဦးမယ်။ သူ ပြောတာတွေက အမှန်လား အလိမ်လား ဘယ်သူမှ သိတာ မဟုတ်ဘူး"
ပိုင်ကျီဟန်က ပြောလိုက်သည်။
အကြီးအကဲသည် လုံးဝ အငိုက်မိသွားတော့သည်။
"သခင်လေးပိုင်... ကျွန်တော်တို့ သဘောတူထားကြတယ်လေ။ မေးတာတွေ ဖြေရင် အသက်ချမ်းသာပေးမယ်ဆို”
သူသည် မတရားသဖြင့် ခံရသကဲ့သို့ အော်ဟစ်လိုက်မိသည်။
သူသည် မရေမတွက်နိုင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော်လည်း ဂုဏ်သရေရှိ မျိုးနွယ်စုကြီးမှ သခင်လေးတစ်ယောက်သည် ကတိတည်လိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။ သို့မဟုတ်လျှင်လည်း သူ ဆုပ်ကိုင်ထားဆဲဖြစ်သော မျှော်လင့်ချက်အတုအယောင်
ကြောင့်လည်း ဖြစ်နိုင်ပါသည်။
"ငါ သိပါတယ်။ ဒါပေမဲ့ မင်းပြောတာတွေကို အရင်ဆုံး အတည်ပြုရဦးမယ်။ မင်း ငါ့ကို အလိမ်အညာတွေ ပြောနေသလား ဘယ်သူသိမှာလဲ”
"မင်းပြောတာတွေသာ အမှန်ဆိုရင် ငါ မင်းကို သေချာပေါက် ပြန်လွှတ်ပေးမှာပါ”