သေမျိုးကမ္ဘာမှာကျတဲ့နှင်း
Vol. 19 Ch. 197
လန်ချင်းဖုန်းစိတ်ထဲအတော်လေးမအီမသာဖြစ်သွားခဲ့ရသည်။ ဤကလေးသည် သူနှင့်တစ်ကြိမ်သာတိုက်ခိုက်ခဲ့ဖူးသော်လည်း သူ့ရေခဲနှင့်နှင်းစွမ်းအားကို နားလည်သွားခဲ့ခြင်းပေလော။
သူ့ရေခဲနှင့်နှင်းစွမ်းအားထဲတွင် ကိုယ်ပိုင်နက်နဲသောဆန်းကြယ်မှုများရှိနေသေးသော်လည်း ယခုကျန်းယန်အသုံးပြုနေသော သေမျိုးကမ္ဘာမှာကျတဲ့နှင်း အကွက်က သူ့တိုက်ကွက်နှင့် ဘာမှကွဲပြားမှု မရှိလု နီးနီးပင်။
ကုန်းရှို့ပင်းလည်း ထိုသို့သာ တွေးနေခဲ့၏။
ကုန်းရှို့ပင်း လှောင်ပြောင်လိုက်ပြန်သည်။
“တစ်ယောက်ယောက်ရဲ့ တိုက်ကွက်ကိုခိုးပြီး ငါ့ကိုရင်ဆိုင်လို့ရမယ်ထင်နေတာလား ရေခဲနဲ့နှင်းစွမ်းအားလေးပဲမဟုတ်လား ငါဘယ်လိုချိုးဖြတ်ပြမလဲဆိုတာ ကြည့်နေ”
“ပို(ချိုးဖြတ်)”
ကုန်းရှို့ပင်း ပိုစာလုံးတိုက်ကွက်ကို ထုတ်သုံးလိုက်၏။
ကုန်းရှို့ပင်း ပိုစာလုံး ကိုထုတ်သုံးသည်ကို မြင်လိုက်ရသည်နှင့် အနည်းဆံုး ထိုနေရာရှိ လူတစ်၀က်လောက်၏ အမူအရာများကတော့ ရုတ်တရက် ပြောင်းလဲသွားခဲ့ကြသည်။
ထိုအရာက ပိုစာလုံးသည် မည်မျှစွမ်းအားကြီးသလဲဆိုတာ ညွှန်ပြနေခဲ့၏။
ဒါပေါ့ ထိုအကွက်က စွမ်းအားကြီးသော်လည်း ထိုအကွက်ကို ဘယ်သူမှ အနိုင်မယူနိုင်တာတော့ မဟုတ်ပေ။
သို့သော် ထိုအခိုက်တွင် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့လေသည်။
ကုန်းရှို့ပင်း ပိုစာလုံးကိုအသုံးပြုပြီးနောက် သူ့ဘေးနားတစ်ဝိုက်ကနှင်းများ ပျောက်ကွယ်သွားခဲ့ပါသော်လည်း တခဏအကြာတွင် လေထဲ၌ ကခုန်နေသော မရေတွက်နိုင်လောက်အောင်များသည့် နှင်းပွင့်များ ထပ်မံပေါ်ပေါက်လာခဲ့ပြန်၏။
ကုန်းရှို့ပင်း ထိတ်လန့်သွားကာ အကာအကွယ်အလွှာကိုဖွင့်လိုက်ပြီး ပိုစာလုံးကိုထပ်မံအသုံးပြုလိုက်ပြန်သည်။
“ချိုးဖျက်”
နှင်းပွင့်များပျောက်ကွယ်သွားပြီးနောက် ထပ်မံပေါ်ပေါက်လာခဲ့ပြန်၏။
“ငါမင်းအကွက်ကိုချိုးဖျက်ပစ်မယ်ကွ”
ထို့နောက် နှင်းပွင့်များပေါ်ပေါ်လာခဲ့ပြန်လေသည်။
………
ကုန်းရှို့ပင်း ပိုစာလုံးကိုဘယ်လောက်ပဲသုံးသုံး နှင်းပွင့်များကတခဏသာပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ပြန်ပြန်ပေါ်လာနေခဲ့ဆဲသာ။
ကုန်းရှို့ပင်းအမူအရာတောင့်တင်းလာခဲ့၏။ အော်ရလွန်း၍ သူ့လည်ချောင်းများပင် ခြောက်သွေ့နေခဲ့ချေပြီ။ နှင်းပွင့်များကတော့ အခုထိ ပျောက်ကွယ်မသွားသေးပေ။
ထိုနေရာရှိလူများအားလုံး တိတ်ဆိတ်ကုန်ကြသည်။
သူတို့တိုက်ပွဲကွင်းပြင်ကိုအတန်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် သူတို့အကြည့်က လန်ချင်းဖုန်းဆီ ရောက်ရှိသွားခဲ့၏။
လူတိုင်း၏အမြင်တွင် ကျန်းယန်၏သေမျိုးကမ္ဘာမှာကျတဲ့နှင်းက လန်ချင်းဖုန်း၏အကွက်ကို ခိုးထားခြင်းဟု မြင်နေကြခြင်း မဟုတ်ပါလော။ ထို့ကြောင့် အားလုံးက လန်ချင်းဖုန်းအကွက်ဆိုလျှင် ပိုတောင်အစွမ်းထက်နေဦးမည်ဟု တွေးမိနေကြခြင်း ဖြစ်သည်။
“လန်ချင်းဖုန်း ငါမင်းကိုအရင်ကအထင်သေးခဲ့မိတယ်” ကုန်းပိုင်ဟေး လေးလေးနက်နက်ပြောလိုက်၏။
“မင်းကတကယ့်ထိုက်တန်တဲ့ပြိုင်ဘက်ပဲ” လင်းရှု လန်ချင်းဖုန်းကိုကြည့်ကာ အသာအယာခေါင်းညိတ်ပြလိုက်သည်။
“ငါမင်းနဲ့တိုက်ခိုက်ရဖို့ မစောင့်နိုင်တော့ဘူး” ၀မ်လင်းဂိုဏ်းက ကျိုးလင်လည်း လန်ချင်းဖုန်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ပိုစာလုံးနှင့်ပင်ချိုးဖျက်မရသော ဥပဒေသစွမ်းအားမျိုးက အမှန်တကယ်ပင် လေးစားစရာကောင်းသော စွမ်းအားမျိုးသာ ဖြစ်ပေသည်။
ပင်လယ်ကောင်းကင်မျှော်စင်က ချီလန်လည်း လန်ချင်းဖုန်းကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
“ရေခဲက ရေကမွေးဖွားလာတာဆိုပေမယ့် ရေထက်အေးတယ် မင်းကငါ့ထက်သာတယ်ဆိုတာ ငါ၀န်ခံပါတယ်”
“အချိန်ရတဲ့အခါ ကျွန်မတို့အတူတူထိုင်ပြီး တာအိုအကြောင်းဆွေးနွေးကြတာပေါ့” ကောင်းကင်နှလုံးသားကျွန်းက ယိလင်လည်း လက်သီးဆုပ်ကာ ပြောလိုက်သည်။
လန်ချင်းဖုန်း ဆွံ့အသွားခဲ့ကာ အမြန်ပြောလိုက်၏။
“အားလုံးပဲ ဒီအကွက်က ငါ့ဆီကခိုးသွားတာလုံး၀မဟုတ်ဘူးနော် အထင်မမှားကြနဲ့”
သူ့ရေခဲနှင့်နှင်းစွမ်းအားက ပိုစာလုံးကိုတောင့်မခံနိုင်မှန်း
သူကောင်းကောင်းကြီး သိပေသည်။
တကယ်တော့ သူလည်း ကျန်းယန်၏ သေမျိုးကမ္ဘာမှာကျတဲ့နှင်းကအဘယ်ကြောင့် ပိုစာလုံးကိုတောင့်ခံနိုင်နေရသလဲ စိတ်၀င်စားနေခြင်း ဖြစ်၏။
“ဒကာလေးက နှိမ့်ချလွန်းနေပါပြီ” ဟွေ့ချင်း လန်ချင်းဖုန်းကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဒကာလေးရဲ့ စိတ်နေစိတ်ထားက လေးစားအားကျစရာပါပဲ”
သေစမ်းကွာ
လန်ချင်းဖုန်းကြိတ်၍ ကျိန်ဆဲလိုက်မိ၏။
ငါအမှန်အတိုင်းပြောနေတာကို ဘာလို့ဘယ်သူမှ မယုံကြတာလဲဟ
“အားလုံးပဲ ကုန်းရှို့ပင်း သေမျိုးကမ္ဘာမှာကျတဲ့နှင်းကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်သင့်တယ်” လင်းရှုပြောလိုက်ကာ သူ့အကြည့်က တိုက်ပွဲကွင်းပြင်ဆီ ပြန်ရောက်သွားခဲ့သည်။
အခြားသူများလည်း တိုက်ပွဲကို ပြန်ကြည့်လိုက်ကြ၏။ လန်ချင်းဖုန်းအကွက်သည် စွမ်းအားကြီးလွန်းသောကြောင့် ကုန်းရှို့ပင်း၏တုန့်ပြန်ပုံကို ကြည့်ကာ သူတို့ပညာယူနိုင်ပေသည်။
ထိုအခိုက်တွင် ကုန်းရှို့ပင်း လုံး၀ကြောင်အသွားခဲ့၏။
သူ့အဖေသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်ပြီး ပိုစာလုံး သည် သူ့အဖေကိုယ်တိုင်ကောင်းကင်နှင့်မြေပြင်နိယာမများကိုသုံး၍ ဖန်တီးထားသောအရာဖြစ်ပေသည်။ ထိုအကွက်၏ စွမ်းအားသည် အလွန်ကြီးမားပြီး အသုံးပြုလိုက်တဲ့အခါတိုင်း အလုပ်မဖြစ်သည်ဟူ၍ မရှိခဲ့ဖူးပေ။ ဒီနေ့မှ အဘယ်ကြောင့် အလုပ်ဖြစ်မနေရပါသနည်း။
သူ့အဖေအကွက်က တစ်ခုခုမှားနေတာလို့ သူလုံး၀ မယုံပေ။ ထို့ကြောင့် ပြဿနာက ကျန်းယန်၏တိုက်ကွက်တွင်သာ ရှ်ိနေရခြင်း ဖြစ်ပေလိမ့်မည်။
သူကျန်းယန်၏ သေမျိုးကမ္ဘာမှာကျတဲ့နှင်းကိုသေချာအကဲခတ်လိုက်ပြီး သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
ကျန်းယန်၏ သေမျိုးကမ္ဘာမှာကျတဲ့နှင်းအကွက်တွင် ရေခဲနှင့်နှင်းစွမ်းအားသာ ပါ၀င်နေခြင်းမဟုတ်ဘဲ အဆုံးစွန်အေးခဲမှုဖြစ်သော ယင်အေးခဲခြင်းစွမ်းအားပါ ပါ၀င်နေခဲ့ခြင်း ဖြစ်သည်။
သူအေခြအေနကိုချက်ချင်း သဘောပေါက်သွားခဲ့၏။ ထိုယင်စွမ်းအားကြောင့်သာ နှင်းပွင့်များက ထပ်ခါထပ်ခါ ပေါ်ပေါက်လာနေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူထိုအကွက်၏ပိုကြောက်စရာကောင်းသော အရာတစ်ခုကိုလည်း တွေ့လိုက်ရ၏။
လေထဲရှိ နှင်းပွင့်များကခုန်နေသောလမ်းကြောင်းက လွင့်ချင်သလို လွင့်နေခဲ့ခြင်း မဟုတ်ပေ။
နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်းတွင် လေနိယာမစွမ်းအားကိုသယ်ဆောင်ထားပြီး လေစီးကြောင်း၏ ဆန်းကြယ်မှုများနှင့်အတူ စည်းချက်ကျကျ ရွေ့လျားနေခဲ့ခြင်း ဖြစ်သည်။
ပိုစာလုံးက ထိုအကွက်ကို မချိုးဖြတ်နိုင်တာ အံ့ဩစရာ မဟုတ်တော့ပေ။
နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်းတွင် မတူညီေသာ နိယာမစွမ်းအားသုံးမျိုးပါဝင်နေခဲ့ပြီး သူက ထိုထဲက တစ်မျိုးကိုသာ ချိုးဖြတ်နေလေရာ မည်သို့ အလုပ်ဖြစ်နိုင်ပါမည်နည်း။
သို့သော်လည်း သူသည် ပိုစာလုံးဖြင့် နိယာမတစ်မျိုတည်းကိုသာ ချိုးဖျက်နိုင်ခြင်းဖြစ်ပြီး သူ့အဖေလို တစ်ချက်တည်းဖြင့် နိယာမများစွာကို ချိုးဖျက်ပစ်နိုင်သည့် ကြောက်စရာစွမ်းအားမျိုး သူ့တွင်မရှိသေးပေ။
ကုန်းရှို့ပင်း ငေးကြောင်နေစဉ်တွင် နှင်းပွင့်များက သူ့အကာအကွယ်အလွှာကို စုတ်ဖြဲကာ သူ့ကိုယ်ဆီ တိုး၀င်လာခဲ့လေသည်။
နှင်းပွင့်တစ်ပွင့်က ပေါ့ပေါ့ပါးပါးပင် ကုန်းရှို့ပင်း၏လက်မောင်းကို လာရောက်ထိမှန်ခဲ့၏။ ထိုအခါ ချက်ချင်းဆိုသလို သူ့လက်မောင်းတွင်ဒဏ်ရာတစ်ချက်ပေါ်လာပြီး သွေးများ ပန်းထွက်လာခဲ့သည်။
နာကျင်မှုကြောင့် ကုန်းရှို့ပင်း သတိပြန်၀င်သွားခဲ့ပြီး ချက်ချင်း သူ့အကာအကွယ်အလွှာကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်၏။
သို့သော် ပိုမိုကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုပေါ်လာခဲ့ပြန်သည်။
သူ့လက်မောင်းက နှင်းပွင့်ထိမှန်ထားသော ဒဏ်ရာသည် လေပူဖြင့်တိုက်စားခံရသလို ခြောက်သွေ့လာကာ ကျုံ့လာခဲ့၏။
ကုန်းရှို့ပင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ နှင်းပွင့်တစ်ပွင့်က ထိုမျှကြောက်စရာကောင်းနိုင်ပါသလော။
အကယ်၍ သူသာ ထိုနှင်းပွင့်များအားလုံးထိမှန်ခြင်းကို ခံလိုက်ရပါက ချက်ချင်းသေသွားနိုင်ပါသလော။
သူအလျင်အမြန်ပင် သူ့အကာအကွယ်အလွှာကို အားပိုဖြည့်လိုက်၏။ သူနောက်ထပ်နှင်းပွင့်တစ်ပွင့်မှ ထိမှန်မခံရဲတော့ပေ။
သို့သော် ပြဿနာတစ်ခုက ပေါ်ပေါက်လာခဲ့ပြန်သည်။
သူအကာအကွယ်အလွှာကို အဓိကထား၍ အားဖြည့်လိုက်ချိန်တွင် သူ့ ကျန်းစာလုံး ဖုန်းစာလုံး များက အားနည်းလာခဲ့၏။
အစက သူစွမ်းအားကုန်သုံးထားသောကြောင့် သူ့စာလုံးများက ကျန်းယန်ကိုလှုပ်မရလုနီးနီးဖြစ်သွားအောင် ချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်ယခုထိုစွမ်းအားက အားနည်းလာလေရာ ကျန်းယန် သက်တောင့်သက်သာဖြစ်လာခဲ့၏။
ကျန်းယန် ကုန်းရှို့ပင်းဆီလမ်းလျှောက်လာနေရင်း ခေါင်းကိုယမ်းကာ ပြောနေခဲ့သည်။
“မင်းခွန်အားကအတော်လေးကောင်းပါတယ် ဒါပေမယ့် ငါကလည်းအားနည်းမနေဘူး ငါမင်းအဖေကို ရူးမသွားစေချင်ဘူး ဆိုတော့ လစ်လိုက်တော့”
ဖျောင်း
သူခြေကန်ချက်တစ်ချက်တည်းဖြင့် ကုန်းရှို့ပင်းကို သူ့အကာအကွယ်နှင့်အတူ စည်းဝိုင်းအပြင်လွင့်ထွက်သွားအောင် ကန်ထုတ်ပစ်ခဲ့၏။
ထို့နောက် နှင်းများကျဆင်းနေမှုကလည်း ရပ်တန့်သွားခဲ့လေသည်။
ကျန်းယန် တိုက်ပွဲကွင်းပြင်အစွန်နားသွားကာ တံဆိပ်ပြားများကိုယူလိုက်ပြီး ထိုတံဆိပ်ပြားများကို တံဆိပ်ပြားပုံထဲ ပစ်ချပြီးနောက် အော်ပြောလိုက်၏။
“နောက်တစ်ယောက်”
ထိုစဉ် စည်း၀ိုင်းအပြင်ကအတော်လေး အရုပ်ဆိုးနေသော ကုန်းရှို့ပင်းအမူအရာကိုကြည့်ပြီး ဘယ်သူမှပြဿနာကို လက်ယက်မခေါ်ရဲကြတော့ပေ။
ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တုနှိုင်းမဲ့ပါရမီရှင်တစ်ယောက်ဖြစ်သလို ဂိုဏ်းချုပ်၏သားတစ်ယောက်လည်းဖြစ်သော သူတစ်ယောက်ကို ခြေတစ်ချက်တည်းဖြင့် ဝိုင်းအပြင်ကန်ထုတ်ပစ်လိုက်ခြင်းမျိုးကအနိုင်ကျင့်လွန်းခြင်းသာ ဖြစ်၏။
“ငါတစ်ချက်လောက် ကြိုးစားကြည့်မယ်” လန်ချင်းဖုန်း တိုက်ပွဲကွင်းပြင်ထဲ ခုန်၀င်သွားခဲ့သည်။
ကျန်းယန်၏ သေမျိုးကမ္ဘာမှာကျတဲ့နှင်းနဲ့ သူ့ရေခဲကမ္ဘာကြားက ကွာခြားချက်ကို သူတကယ်သိချင်နေခဲ့မိ၏။
အကယ်၍ သူသာ သေမျိုးကမ္ဘာမှာကျတဲ့နှင်း၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လျှင် အနာဂတ်တွင် သူကုန်းရှို့ပင်း၏ ပိုစာလုံးကိုကြောက်စရာလိုတော့မည် မဟုတ်ပေ။
“ငါတံဆိပ်ပြားတစ်ပြားလောင်းမယ်” လန်ချင်းဖုန်း စည်းဝိုင်းပြင်သို့ တံဆိပ်ပြားတစ်ပြားပစ်ရန်ပြင်ကာ ပြောလိုက်သည်။
“ရပ်လိုက်” ကျန်းယန် လက်မြှောက်ကာ တားလိုက်၏။
“လန်ကျားအထွတ်အမြတ်မြေကိုကြည့် သူတို့က ပြန်ပြိုင်ချင်တော့ တံဆိပ်ပြားငါးပြားလောင်းတယ်လေ မင်းလည်းပြန်ပြိုင်ချင်တာပဲကို တံဆိပ်ပြားတစ်ပြားတည်းလား”
“ပေါက်လိုပဲစားပြောမနေနဲ့” လန်ချင်းဖုန်း ဒေါသထွက်သွားပြီး တိုက်ရိုက်ပင် စတင်တိုက်ခိုက်ခဲ့သည်။ သူသည် လောင်းကြေးဘယ်လောက်ရှိသလဲဆိုသောအချက်ပေါ် စိတ်၀င်စားမနေပေ။ သူ့ရည်ရွယ်ချက်က တိုက်ခိုက်ဖို့တစ်ခုတည်းသာ ဖြစ်၏။
ရေခဲနှင့်နှင်းစွမ်းအားများက တိုက်ပွဲကွင်းပြင်တစ်ခုလုံးဆီ စတင်ပျံ့နှံ့သွားခဲ့ချေပြီ။