← Chapters

ခြွင်းချက်တစ်ခုထား‌‌ေပးမယ် မင်းတို့အားလုံးပေးတယ်

Vol. 19 Ch. 198

ခြွင်းချက်တစ်ခုထား‌‌ေပးမယ် မင်းတို့အားလုံးပေးတယ်

Vol. 19 Ch. 198

“အမြန် မင်းရဲ့ သေမျိုးကမ္ဘာမှာကျတဲ့နှင်းကိုသုံးလိုက် ငါ့ရဲ့ ရေခဲကမ္ဘာနဲ့ မင်းရဲ့ အကွက်ကြားကခြားနားချက်ကို ကြည့်လိုက်ကြတာပေါ့” တိုက်ပွဲကွင်းပြင်ကို ရေခဲကမ္ဘာအဖြစ်ပြောင်းလဲပစ်ပြီးနောက် လန်ချင်ဖုန်း အမြန်ပြောလိုက်သည်။

ကျန်းယန် အထင်အမြင်သေးစွာ ပြုံးလိုက်ကာ

“မင်းက ငါ့ကိုအပိုတံ‌ဆိပ်ပြားတစ်ပြားတောင်မပေးဘဲ မင်း‌ေပြာတဲ့အတိုင်း လာလုပ်ခိုင်းနေတာလား”

သူသည် သေမျိုးကမ္ဘာမှာကျတဲ့နှင်းအကွက်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်လိုနေခြင်း မဟုတ်ပေ။ ဤနေရာရှိ လူတိုင်းသည် ကမ္ဘာကြီးတစ်ခုလုံးမှ ထိပ်တန်းပါရမီရှင်များဖြစ်ကြပြီး သူတို့မျက်စိအောက်မှ ထိုအကွက်၏ လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားဖို့က ဖြစ်နိုင်သော အရာမဟုတ်ပေ။

သို့သော် ထိုအကွက်၏လျှို့ဝှက်ချက်ကိုသိသွားလျှင်တောင် ခုခံချေဖျက်ဖို့က ခက်ခဲနေဦးမည်သာ။

ထိုအရာက သူ၏ ထိုက်ယင် ရေခဲ နှင့် လေ နိယာမစွမ်းအားနားလည်မှုများကို ပေါင်းစည်းပြီး ဖန်တီးထားသော အကွက်သာ ဖြစ်၏။

ထိုအကွက်ကို ချိုးဖျက်ဖို့က များစွာသော နိယာမများကို နားလည်ဖို့ ဒါမှမဟုတ် သူ့ထက်ပိုကောင်းသော ကောင်းကင်နှင့်မြေပြင်နိယာမကို အသုံးပြုနိုင်ဖို့ လိုပေသည်။

လန်ချင်းဖုန်း ကျန်းယန်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။

“ငါမင်းကိုနောက်ဆုံးတစ်ခေါက်တုန်းက ရှုံးနိမ့်ခဲ့ပေမယ့် ငါတတ်နိုင်တာ အဲ့တာအကုန်လို့ မင်းထင်နေတာလား မင်းငါ့ကိုအထင်သေးနေတာပဲ ဒါဆိုရင်တော့ ငါ့ရဲ့အခြားအန္တိမတိုက်ကွက်တွေကို ပြလိုက်ရတာပေါ့”

သူ့ကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်နိယာမများက စတင်ရွေ့လျားလာခဲ့သည်။

တိုက်ပွဲကွင်းပြင်ထဲက ရေခဲကမ္ဘာသည် ပိုပြီးပင်အားကောင်းလာခဲ့၏။

သို့သော် ရေခဲကမ္ဘာတစ်ခုလုံးက အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး အရင်လို ရေခဲဆူးချွန်များ ထွက်ပေါ်လာခြင်းမျိုး မရှိခဲ့ပေ။

ထိုအရာက လန်ချင်းဖုန်းနောက်ဆုံးတစ်ခေါက် တိုက်ခိုက်ခဲ့တုန်းကနှင့် လုံး၀ ခြားနားနေခဲ့သည်။

တိုက်ပွဲကွင်းပြင်တစ်ခုလုံးက စွန့်ပစ်ရေခဲပြင်တစ်ခုလို ဖြစ်နေပြီး တိတ်ဆိတ်လွန်းနေခဲ့၏။

သို့သော် ကျန်းယန်အမူအရာကတော့ ပိုမိုလေးနက်လာခဲ့သည်။

သူလန်ချင်းဖုန်း၏ရည်ရွယ်ချက်ကို နားလည်‌၏။ ထိုကောင်သည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးရှိ ကောင်းကင်နှင့်မြေပြင်နိယာမများအားလုံးကို အေးခဲပစ်ချင်နေခြင်းဖြစ်ပြီး အေးလွန်း၍ နိယာမများကိုယ်တိုင်ပင် ခဲသွားအောင် လုပ်နေခြင်းဖြစ်သည်။

သေချာတာပေါ့ လန်ချင်းဖုန်း၏ လက်ရှိခွန်အားအရ နိယာမများအားလုံး အေးခဲသွားအောင်တော့ လုပ်နိုင်စွမ်းရှိဉီးမည် မဟုတ်ပေ။ သို့သော် သူ့ကြိုးစားမှုအောက်တွင် နိယာမစွမ်းအားများက သိသိသာသာ နှေးကွေးသွားခဲ့၏။

နိယာမစွမ်းအားများတင်မကဘဲ ကျန်းယန် သူ့ကိုယ်ထဲစီးဆင်းနေသော သွေးများပင် လည်ပတ်နှုန်းလျော့သွားသလို ခံစားလိုက်ရသည်။

သူချက်ချင်း ထိုက်ယင်အမတပညာရပ်ကို လှည့်ပတ်ကာ လန်ချင်းဖုန်း၏ရေခဲစွမ်းအားကိုခုခံလိုက်ပြီး တစ်ချိန်တည်းမှာပင် အေးခဲစွမ်းအားကို စတင်နားလည်သဘောပေါက်လာခဲ့၏။

အကယ်၍ အေးခဲခြင်းစွမ်းအားကိုသာ သူ့ထိုက်ယင်အမတပညာရပ်နှင့်သုံးပါက ပိုပြီးပင် ကြောက်စရာကောင်းနေမည် မဟုတ်ပါလော။

ထို့အပြင် အေးခဲစွမ်းအားကို သူ့သေမျိုးကမ္ဘာမှာကျတဲ့နှင်း နှင့်တွဲဖက်အသုံးပြုလိုက်ပါက မည်သို့သောမြင်ကွင်းမျိုး ဖြစ်ပေါ်လာနိုင်ပါမည်နည်း။

ကျန်းယန် တိတ်တဆိတ်အေးခဲစွမ်းအားကို ဆင်ခြင်သုံးသပ်နေခဲ့သည်။ သူ၏ နက်ရှိုင်းလှသောစိတ်ဝိညာဉ်စွမ်းအားကြောင့် သူဘယ်အရာကိုမှ မကြောက်ပေ။ အကယ်၍ ခုနကလို တိုက်ခိုက်ခဲ့ရသလို ပြင်းထန်လှသောတိုက်ပွဲမျိုးဖြစ်လာခဲ့လျှင်တောင် သေမျိုးကမ္ဘာမှာ ကျတဲ့နှင်းကို နောက်တစ်ကြိမ်သုံးလိုက်ရုံသာ။

လန်ချင်းဖုန်း ကျန်းယန်ကိုကြည့်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးလာခဲ့၏။

ပုံမှန်အားဖြင့် သူအေးခဲစွမ်းအားကိုထုတ်သုံးလိုက်လျှင် ရေခဲကမ္ဘာထဲရှိပြိုင်ဘက်က အေးခဲသွားကာ မလှုပ်နိုင်လောက်အောင် တောင့်တင်းသွားရမှာ ဖြစ်သည်။

သူ့အေးခဲစွမ်းအားကို ခုခံဖို့ဆိုလျှင် တစ်ဖက်လူက သူ့ထက်ပိုများသော စိတ်ဝိညာဉ်စွမ်းအားထုတ်၍ ခုခံရမည်ဖြစ်ပြီး ထိုအခါ စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုက သိသိသာသာ များပြားသွားပေလိမ့်မည်သာ။

ကျန်းယန်သည် ကုန်းရှို့ပင်းနှင့်လည်း တိုက်ခိုက်ထားရသေးသောကြောင့် သူ့တွင် ထိုမျှများပြားသော စိတ်ဝိညာဉ်စွမ်းအားပမာဏမျိုးလည်း မရှိလောက်တော့ပေ။

သို့သော်လည်း သူ့အေးခဲစွမ်အားကို အဘယ်ကြောင့်အခုလို တည်တည်ငြိမ်ငြိမ် ခုခံနိုင်နေရပါသနည်း။

ကျန်းယန်ကိုအတန်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး ထိုကောင်ကမျက်ခုံးပင်တစ်ချက်မှ တွန့်မသွားတာကိုမြင်လိုက်ရသောအခါ လန်ချင်းဖုန်း ဆွံ့အသွားခဲ့၏။

သူကျန်းယန်ထက်မှ နိယာမစွမ်းအားလှိုင်းတစ်ခုတစ်လေကိုမှပင် အာရုံမခံခဲ့မိပေ။ ထိုကလေးသည် သူ့အကွက်ကို နောက်တစ်ကြိမ်ခိုးယူနေခြင်းပေလော။

လန်ချင်းဖုန်း ကျန်းယန်ဆီပြေးသွားကာ လက်သီးချင်းယှဉ်၍ တိုက်ခိုက်လိုစိတ်ပင် ဖြစ်သွားခဲ့သည်။

သို့သော် ကျန်းယန်၏ကြောက်မက်ဖွယ် အပြင်အားအကြောင်း တွေးမိသောအခါ သူထိုအတွေးကို လက်လျှော့လိုက်၏။ ထို့နောက် သူစည်းဝိုင်းထဲမှ တိတ်တဆိတ်သာ ခုန်ထွက်သွားလိုက်သည်။ သူမတိုက်ခိုက်လိုတော့ပေ။

အခုလို တိုက်ခိုက်လိုက်မိသည်က အလွန်မှားသွားသည်ဟုပင် ခံစားလိုက်ရ၏။

အေးခဲစွမ်းအားများပျောက်ကွယ်သွား၍ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လန်ချင်းဖုန်းသည် စည်းဝိုင်းထဲတွင် ရှိမနေတော့သည်ကို တွေ့လိုက်ရလေသည်။

“ဟမ် မင်းမတိုက်ခိုက်တော့ဘူးလား” ကျန်းယန် မေးလိုက်၏။

“ငါသင်လို့မပြီးသေးဘူးလေ”

လန်ချင်းဖုန်းအေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ

“မင်းသတ္တိရှိရင် ငါ့မှော်ရတနာကိုသုံးခွင့်ပေးလိုက်လေ”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး သူ့ချင်းရှူမျှော်စင်ကို တစ်ချက်ကြည့်လိုက်ကာ

“မင်းမှာ နတ်ဝိညာဉ်အဆင့်တစ်ယောက်ရဲ့စွမ်းအားကို ခုခံနိုင်စွမ်းရှိလား”

လန်ချင်းဖုန်း တခဏဆွံ့အသွားခဲ့ပြီး အမြန်ပြောလိုက်၏။

“အပြင်ရောက်လို့ ငါ့မှော်ရတနာပြန်ရရင် ငါတို့ထပ်တိုက်ခိုက်မယ်”

အပြင်ဘက်တွင်ဆိုလျှင် သူ့တွင် သူ့ရေခဲစွမ်းအားကို အဆများစွာတိုးသွားအောင်လုပ်ပေးနိုင်သော မှော်ရတနာမျိူးရှိပေသည်။

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

“မင်းဘာလို့ရယ်တာလဲ” လန်ချင်းဖုန်း ဒေါသတကြီးအော်ပြောလိုက်၏။

“အင်း” ကျိုးလင် ခပ်ဖြည်းဖြည်း၀င်ပြောလိုက်သည်။

“သူ့မှာ စိတ်ဝိညာဉ်အဆင့်ရတနာ ၇ခု ၈ခုလောက်ရှိတယ်လို့ ငါတို့သတင်းရထားတယ် သူက အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးရဲ့ကံကြမ္မာကို သယ်ပိုးထားတာ”

လန်ချင်းဖုန်း ကျန်းယန်ကိုတုန်လှုပ်စွာ စိုက်ကြည့်လိုက်မိ၏။ စိတ်ဝိညာဉ်ရတနာဆိုသည်မှာ မြင်တွေ့ဖို့ပင် အလွန်ခက်သော ရတနာဖြစ်ပြီး ထိုကဲ့သို့သောအရာမျိုးက ကျန်းယန်ထံတွင် ၇ ခု ၈ခုရှိနေခြင်းပေလော။

သူချက်ချင်း နောက်လှည့်ထွက်သွားခဲ့လေသည်။ ထိုကဲ့သို့သော အဓိပ္ပာယ်မရှ်ိသည့်ကိစ္စမျိုးကို သူဆက်မပြောနိုင်တော့ပေ။

ကျန်းယန် ထွက်ခွာသွားသော လန်ချင်းဖုန်းကိုနောင်တရနေဟန်ဖြင့် ခေါင်းယမ်း၍ ကြည့်နေခဲ့၏။

အဲ့ဒီ‌ေအးခဲစွမ်းအားထိုစွမ်းအားကို သူဖမ်းဆုပ်လို့ ရလုနီးနီးပင်။

ဒီနေ့အတွက် တိုက်ပွဲပြီးဆုံးပြီဟု ကြေငြာတော့မည့်အချိန်တွင် ကျိုးလင် တိုက်ပွဲကွင်းပြင်ထဲ ခုန်၀င်လာခဲ့ပြီး ပြုံးဖြဲဖြဲဖြင့် ခပ်ရိုင်းရိုင်း ပြောလိုက်သည်။

“ငါ တံဆိပ်ပြားငါးပြားလောင်းမယ် ဒါပေမယ့် ငါက မင်းတံဆိပ်ပြားနဲ့လောင်းချင်တာမဟုတ်ဘူး မင်းဘေးကမိန်းမနှစ်ယောက်နဲ့လောင်းမှာ ငါနိုင်ရင် အဲ့ဒီမိန်းမတွေက ငါ့အပိုင်ပဲ”

ကျန်းယန်အမူအရာချက်ချင်းမည်းမှောင်သွားခဲ့ကာ အေးစက်စက်ပြန်ပြောလိုက်၏။

“ငါနောက်ဆုံးအခေါက်တုန်းကမင်းတို့ကောင်တွေကို တစ်ဖက်လူကို လေးစားဖို့ ပြောခဲ့တယ်မဟုတ်လား မင်းတို့မကြားလိုက်ကြဘူးလား”

နောက်ဆုံးအခေါက်တုန်းက တစ်ယောက်ယောက်က ချင်းရှုနှင့်လောင်းဖို့ပြောခဲ့ပြီး အခုလည်း နောက်တစ်ယောက်ပေါ်လာခဲ့ပြန်ချေပြီ။

ထို့အပြင် ထိုလူ့မျက်နှာအမူအရာအရ သူ့ထံတွင် ကောင်းမွန်သောရည်ရွယ်ချက်ရှိမနေတာလည်း သေချာလှသည်။ ကျန်းယန်ချက်ချင်းဆိုသလို ရွံစရာကောင်းသလို ခံစားလိုက်ရ၏။

“အဲ့တာ ကျိုးချင်ပဲ” ချင်းရှု သူ့ကို အမြန်သတိပေးလိုက်သည်။

ထိုလူက ကျိုးချင်းဟုသိလိုက်ရသောအခါ ကျန်းယန်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

“ငါက ကျိုးချင်ဆိုတော့ ဘာဖြစ်လဲ” ကျိုးချင် ထေ့လိုက်သည်။

“ဒါလည်းလောင်းကစားပဲလေ ဘာကိုထည့်လောင်းရမယ် မလောင်းရဘူးလို့ ဘယ်သူကသတ်မှတ်ထားလို့လဲ မင်းလက်ခံမှာလား မခံဘူးလား”

သူသည် ဤပြီးပြည့်စုံသောအခွင့်အရေးကို စောင့်နေတာ ကြာခဲ့ချေပြီ။

ကျန်းယန်တိုက်ခိုက်ခဲ့ရသော တိုက်ပွဲနှစ်ပွဲအရ သူ့တွင် စိတ်ဝိညာဉ်စွမ်းအား အများကြီးမကျန်တော့တာ သေချာ၏။

အခုအချိန်က ထိုအခွင့်အရေးကိုယူပြီး သူ့ကိုတိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်သာဖြစ်သည်။

ထို့အပြင် ကျန်းယန်ဘေးက မိန်းမနှစ်ယောက်ကလည်း အလှလေးများဖြစ်သောကြောင့် သူ့အနေနှင့်ထိုအလှလေးနှစ်ယောက်ကို လက်လွှတ်မပေးလိုပေ။

“ဂါးး…”

ကျန်းယန် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ချက်ချင်း တစ္ဆေနှင့်နတ်ဘုရားများ၏သက်ပြင်း ကိုသုံးလိုက်၏။

ကုန်းရှို့ပင်းနှင့်တိုက်ပွဲတုန်းက သူ့စိတ်ဝိညာဉ်စွမ်းအားအများအပြားကုန်ဆုံးခဲ့ရတာ အမှန်ဖြစ်သော်လည်း လန်ချင်းဖုန်းနှင့်တိုက်ပွဲတွင်တော့ သူဘာစိတ်ဝိညာဉ်စွမ်းအားမှ သိပ်မကုန်ခဲ့ပေ။

သူဤအကွက်ကို ထုတ်သုံးလိုက်သည့်ရည်ရွယ်ချက်ကတော့ တိုက်ပွဲကို အမြန်အဆုံးသတ်ချင်၍ ဖြစ်သည်။

တစ္ဆေနှင့်နတ်ဘုရားများ၏သက်ပြင်း နှင့်တိုက်ခိုက်ခြင်းကိုခံလိုက်ရသောအခါ ကျိုးချင်၏ဝိညာဉ်ဖရိုဖရဲဖြစ်သွားပြီး တိုက်ခိုက်လိုစိတ်များလည်း ပျောက်ဆုံးသွားခဲ့၏။

ကျန်းယန် နောက်ဆုံးအကြိမ်ဤအကွက်ကိုအသုံးပြုခဲ့တုန်းကလို အဖြစ်မခံတော့ပေ။ သူချက်ချင်းဆိုသလို ကြက်သေသေနေသော ကျိုးချင်နားရောက်သွားခဲ့ပြီး သူ့လည်ပင်းကို ဖမ်းချုပ်လိုက်လေသည်။

ကျိုးချင် သတိပြန်၀င်သွားသောအခါ သူ့လည်ပင်းက ကျန်းယန်လက်ထဲ ရောက်ရှိနေခဲ့ချေပြီ။ သူကြောက်လန့်တကြားဖြင့် အော်ပြောလိုက်၏။

“ငါ့ကိုလွှတ်ပေး”

ဖြန်း

“အခြားသူတွေကို လေးစားတတ်ဖို့ သင်ယူပြီးပြီလား”

ဖြန်း

“မင်းမိဘတွေကမင်းကိုကောင်းကောင်းသင်မပေးခဲ့ဘူးလား သူတို့အစား ငါမင်းကိုသင်ပေးရမလား”

ဖြန်း

“မင်းကဒီလို မိန်းမပျိုလေးတွေကိုဖျက်ဆီးတဲ့ ကျင့်စဉ်ကိုကျင့်တယ် မင်းဟာမင်း ဒါမျိုးကိုလျှို့ဝှက်ပြီးလုပ်နေရင်အဆင်ပြေသေးပေမယ့် မင်းက ဒါမျိုးကိစ္စကို လူရှေ့သူရှေ့မှာပါ ထုတ်ပြောရဲရလား မင်းအစား မင်းအဖေမရှက်ဘူးလား”

ဖြန်း

“မင်းအဖေကအရှက်မရှိရင်တောင် မင်းက ငါ့အဖွဲ့ထဲကမိန်းကလေးတွေကို ပစ်မှားဖို့ ကြံရဲသလား”

ကျိုးချင် လည်ပင်းကိုချုပ်ထားရင်း ကျန်းယန် သူ့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ကာ အားရပါးရ ဆူငေါက်နေခဲ့သည်။ အချက်အနည်းငယ်ရိုက်ပြီးချိန်တွင်တော့ ကျိုးချင်မျက်နှာက ၀က်တစ်ကောင်လို ဖူးယောင်လာခဲ့၏။

အစကတော့ ကျိုးချင်သူ့မျက်နှာပေါ်က နာကျင်မှုကို ခံစားရသေးသော်လည်း နောက်ပိုင်းတွင်တော့ သူ့မျက်နှာထုံကျင်သွားခဲ့သည်။

ထို့နောက် ဒေါသခိုးများက သူ့ခေါင်းပေါ်မှတိုးထွက်လာခဲ့ပြီး အော်ဟစ်လိုက်၏။

“ငါ့ကိုလွှတ် အဇူရာတိမ်ဂိုဏ်းကခွေးကောင် ငါ့ကိုလွှတ်ပေးစမ်း ငါ့အဖေကို မင်းတို့အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကို အပြတ်ရှင်းခိုင်းပစ်မယ်ကွ ပြီးတော့ ငါ့ဦးလေးရောပဲ သူကမင်းတို့တစ်ဂိုဏ်းလုံးကို အပြတ်ရှင်းပစ်လိမ့်မယ်”

ကျန်းယန် မျက်လုံးထဲ ကြမ်းကြုတ်သောအလင်းတစ်ချက် လက်သွားခဲ့သည်။ သူကျိုးချင်ကို လည်ပင်းမှဆွဲမြှောက်လိုက်ပြီး အားပြင်းပြင်းဖြင့် ပေါင်ကြားထဲသို့ ကန်ထည့်လိုက်၏။

“အားးးးးး”

ကျိုးချင် အားကုန်အော်ဟစ်လိုက်ကာ မျက်ဖြူပင်စိုက်သွားခဲ့ပြီး သူ့ခေါင်းလည်းငိုက်စိုက်ကျသွားခဲ့လေသည်။

“သူ့ကိုလွှတ်လိုက်…” ကျိုးလင် တိုက်ပွဲကွင်းပြင်ထဲ ခပ်ဖြည်းဖြည်းလျှောက်၍ ၀င်လာခဲ့ပြီး သူ့ကိုယ်မှစိတ်ဝိညာဉ်စွမ်းအားများ ခပ်ကြမ်းကြမ်းထွက်ပေါ်လာခဲ့၏။ အကယ်၍ ကျန်းယန်သာ ကျိုးချင်ကိုလွှတ်မပေးလျှင် သူလှုပ်ရှားတော့မှာ သေချာပေသည်။

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး လက်သီးတစ်ချက်တည်းဖြင့် ကျိုးချင်ခေါင်းကိုထိုးခွဲပစ်လိုက်၏။

ထို့နောက် သူအလျင်အမြန်ပင် ၀င်္ကပါထဲပြန်ကာ ချင်းရှုမျှော်စင်ကိုပြန်သွားယူလိုက်ပြီးနောက် ပြန်ထွက်လာချိန်တွင် အားလုံးကို သတ်ဖြတ်လိုစိတ်များပြည့်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လာစမ်း ဒီနေ့ ငါခြွင်းချက်တစ်ခုထားပေးမယ် မင်းတို့၀မ်လင်းဂိုဏ်းကကောင်တွေနဲ့ ၃ ၄ ချီ တိုက်ပေးရုံတင်မဟုတ်ဘူး မင်းတို့အားလုံးပေးတယ် မင်းတို့၀မ်လင်းဂိုဏ်းကကောင်တွေအားလုံးတက်ခဲ့ကြ တက်ခဲ့ကြစမ်း

All Chapters