၀မ်လင်းဂိုဏ်းကို အတင်းအကြပ်ပြန်ဆုတ်စေခြင်း
Vol. 19 Ch. 199
ကျိုးလင်အစကတော့ တိုက်ပွဲကွင်းပြင်ထဲ တိုက်ခိုက်ဖို့၀င်လာခြင်းဖြစ်သော်လည်း ကျန်းယန်က ချင်းရှုမျှော်စင်ကိုကိုင်ပြီးထွက်လာချိန်တွင်တော့ သူချက်ချင်း စိတ်တည်ငြိမ်သွားခဲ့၏။
သူ့တွင် စိတ်ငြိမ်ငြိမ်ထားဖို့မှလွဲ ရွေးစရာမရှိတော့ပေ။ ထိုအရာက နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည့် ရတနာသာ မဟုတ်ပါလော။
သို့သော်လည်း သူအခုလို လမ်းလျှောက်၀င်လာပြီး တိုက်ခိုက်တော့မလိုလုပ်ပြီးမှ ပြန်ဆုတ်သွားလျှင်လည်း မျက်နှာပျက်ရပေဦးမည်။
ထိုအခိုက်တွင် သူကျဉ်းထဲကြပ်ထဲရောက်သွားခဲ့ကာ တိုက်ခိုက်ရမလား နောက်ဆုတ်ရမလား မသိတော့ပေ။
“စီနီယာအစ်ကိုကြီး သူ့ကိုတိုက်” ၀မ်လင်းဂိုဏ်းမှတပည့်တစ်ယောက် တိုက်ပွဲကွင်းပြင်ဆီ ပြေးတက်လာခဲ့၏။
“သူကတိုက်ပွဲနှစ်ပွဲတောင်တိုက်ပြီးပြီ သူ့မှာ စိတ်ဝိညာဉ်စွမ်းအားဆက်ရှိနေဦးမယ်လို့ ကျွန်တော်မယုံဘူး ကျွန်တော်တို့အားလုံး ပူးပေါင်းလိုက်ရင် သူ့ကိုဘာလို့သတ်မရရမှာလဲ”
ကျန်းယန် ချက်ချင်း ချင်းရှုမျှော်စင်ကိုအသက်သွင်းကာ ထိုစကားပြောလိုက်သော ကျင့်ကြံသူဆီချိန်၍ ပစ်လိုက်လေသည်။ ထိုအခါ လက်မလောက်တုတ်သော မိုးကြိုးတစ်တန်းက လေဆာတန်းတစ်ခုလိုပင် ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ဖောက်ထွင်းသွားခဲ့၏။ ထိုကျင့်ကြံသူ ကွင်းပြင်ထဲခြေလှမ်းလိုက်သည်နှင့်အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
နောက်တစ်ယောက် သေဆုံးသွားခဲ့ပြန်ချေပြီ။
ကျန်းယန် ချင်းရှုမျှော်စင်ကို ကိုင်ထားရင်း ထိုထဲသို့စိတ်ဝိညာဉ်စွမ်းအားများထည့်နေရင်း ၀မ်လင်းဂိုဏ်းသားများကို အေးစက်စက်စိုက်ကြည့်နေခဲ့၏။
တိုက်ပွဲကွင်းပြင်ထဲ ခြေချလာရဲသူမှန်သမျှကို သူကသတ်ပစ်မည်သာ။
သူတို့ဂိုဏ်းသားနောက်တစ်ယောက်သေဆုံးသွားသည်ကို တွေ့လိုက်ရသောအခါ ၀မ်လင်းဂိုဏ်းသားများ ဒေါသအိုးပေါက်ကွဲကုန်ကြပြီး အလုံးအရင်းဖြင့် တိုက်ပွဲကွင်းပြင်ထဲ ပြေး၀င်လာဖို့ ပြင်လိုက်ကြလေသည်။
စစ်ထူမင်ယွဲ့တို့လည်း ကျန်းယန်နောက်ရှိ ၀င်္ကပါထဲမှ အဆောင်များကိုကိုင်၍ ထွက်လာခဲ့ကြ၏။
တိုက်ပွဲကွင်းပြင်ထဲ ၀င်လာသော ဝိညာဉ်အခြေတည်အဆင့်နှစ်ယောက်ကို သူတို့လေးယောက် အဆောင်တစ်ခုစီဖြင့် ပစ်လိုက်သောအခါ ထိုကျင့်ကြံသူနှစ်ယောက် ချက်ချင်း တိုက်ပွဲကွင်းပြင်ထဲမှ ပြန်ဆုတ်လိုက်ရသည်။
ကျန်းယန် သူ့ရှေ့ကလူအုပ်ကို အထင်အမြင်သေးစွာကြည့်ပြီး အေးစက်စက်ပြောလိုက်၏။
“မဆိုင်တဲ့လူတွေဘေးဖယ်ကြ ခဏနေလို့ ငါ့ရတနာရဲ့စွမ်းအားကို အစွမ်းကုန်ထုတ်မိလို့ မင်းတို့ကိုပါ ထိခိုက်စေမိရင် အပစ်မတင်ကြနဲ့”
အခြားဂိုဏ်းကြီးများမှ လူများကြောင်အကုန်ကြသည်။
တစ်လကျော်ကြာချိန်အထိ လူသေဆုံးမှုမရှိခဲ့သော တိုက်ပွဲကွင်းပြင်ထဲတွင် ရုတ်တရက်လူများ စတင်သေဆုံးလာလိမ့်မည်ဟု သူတို့စိတ်ကူးမထားမိကြပေ။
ထို့အပြင် သေဆုံးသွားသူကလည်း ၀မ်လင်းဂိုဏ်း၏ နာမည်ကျော်ကျိုးချင်ဖြစ်နေခဲ့သည်။
ဒါပေါ့ ကျိုးချင်နာမည်ကျော်သည်က သူ့ခွန်အားကြောင့်တော့ မဟုတ်ပေ။ သူသည် သူ၏ ယင်ယန်နှစ်မွှာကျင့်စဉ်နှင့် စွမ်းအားကြီးအဖေရှိခြင်းကြောင့် နာမည်ကျော်ခြင်းဖြစ်၏။
ထို့နောက်တွင်တော့ ၀မ်လင်းဂိုဏ်းသားများက ကျန်းယန်တို့နှင့် တိုက်ခိုက်ဖို့ စတင်ပြင်ဆင်လိုက်ကြပုံပေါ်သည်။
ကျန်းယန်တို့ကလည်း အဆောင်များ ရတနာများကို ထုတ်ကာ အသင့်ပြင်ထားကြပြီး လုံး၀ကြောက်ရွံ့နေပုံ မပေါ်ပေ။
အချို့ဂိုဏ်းများကတော့ ထိုအခိုက်တွင် တိတ်တဆိတ်နောက်ဆုတ်သွားခဲ့၏။
သူတို့သည် အဇူရာတိမ်ဂိုဏ်းနှင့်ပဋိပက္ခများရှိပြီး အဇူရာတိမ်ဂိုဏ်းက သူတို့ခံတပ်များကိုဖျက်ဆီးသွားခြင်းဖြစ်သော်လည်း သူတို့နှင့်ထိုဂိုဏ်းကြား အမုန်းတရားက အရမ်းတော့မနက်ရှိုင်းလှပေ။
တခဏကြာအောင် တွေးတောပြီးနောက်တွင်တော့ အဇူရာတိမ်ဂိုဏ်းနှင့် ရန်ငြှိုးကြီးကြီးမားမားရှိသော ၀မ်လင်းဂိုဏ်း သူတို့လူများကိုအဇူရာတိမ်ဂိုဏ်းသတ်သည်ဟုသံသယရှိနေသော မဟာနှင်းတောင်ဂိုဏ်းတို့ပင် နောက်ဆုတ်သွားခဲ့ကြပြီး နောက်ဆုံးတွင် ထိုတိုက်ပွဲကွင်းပြင်နား၌ ၀မ်လင်းဂိုဏ်းတစ်ဂိုဏ်းတည်းသာ ကျန်ရစ်ခဲ့လေ၏။
ထိုအခိုက်တွင် ၀မ်လင်းဂိုဏ်း၌ ဂိုဏ်းသားစုစုပေါင်း ၇၀ ကျန်ရှိနေသေးသည်။
သူတို့ထဲမှ တစ်၀က်ကျော်တွင် မှော်ရတနာများရှိနေပြီး တိုက်ပွဲကွင်းပြင်ထဲသို့ ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့သည်။
အရင်ကအခုလိုတစ်ခါမှအေစာ်ကားမခံခဲ့ရဖူးသောကြောင့် သူတို့အလွန်စိတ်တိုနေခဲ့ကြ၏။
ကျန်းယန် ၀မ်လင်းဂိုဏ်းကလူအုပ်ကိုစိုက်ကြည့်နေရင်း လှောင်ပြောင်လိုက်သည်။
“မင်းတို့ကောင်တွေက ရွံစရာဂိုဏ်းတစ်ဂိုဏ်းကလွဲလို့ဘာမှမဟုတ်ဘူး ငါမင်းတို့ကောင်တွေနဲ့ ရင်ဆိုင်ချင်နေတာကြာပြီ မင်းတို့က အဇူရာတိမ်ဂိုဏ်းကတပည့်ကိုခိုးတယ် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းတွေကို ထွက်သွားဖို့ ဆွဲဆောင်တယ်… မင်းတို့ကောင်တွေမှာ အရှက်နည်းနည်းမှမရှိမှတော့ ငါကလည်း အားနာနေစရာမလိုတော့ဘူးပေါ့ သတ္တိရှိရင် ရှေ့တက်လာခဲ့ကြ ဒီတစ်ခေါက် မင်းတို့ဆန္ဒကိုဖြည့်ဆည်းပေးမယ် ၀မ်လင်းဂိုဏ်းကကောင်တွေ တစ်ကောင်မှ ဒီနေရာကအသက်ရှင်လျက် ထွက်မသွားစေနိုင်ရဘူး”
ကျိုးလင် အနည်းငယ်တုန်ရီသွားခဲ့သည်။ ထို့နောက်သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါတို့၀မ်လင်းဂိုဏ်းကမင်းရဲ့စည်းမျဉ်းတွေကို လိုက်နာတယ် မနက်ဖြန်မနက် ငါကမင်းကိုပထမဆုံးစိန်ခေါ်မယ့်သူပဲ”
အခြားဂိုဏ်းကြီးများ၏ အပြုအမူများအရ သူတို့သည် အမြှောက်ဆံဖြစ်မှန်းမသိဖြစ်သွားမှန်း သူသတိထားမိ၏။
အကယ်၍ သူတို့ အဇူရာတိမ်ဂိုဏ်းကို အနိုင်တိုက်နိုင်ခဲ့လျှင်တောင် သူတို့သည် အခြားဂိုဏ်းများအတွက် အဆင်သင့်လမ်းဖောက်ပေးလိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ကျန်းယန်လက်ထဲက ချင်းရှုမျှော်စင်ကိုလည်း သူရင်မဆိုင်နိုင်ပေ။
အကယ်၍ တကယ့်သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုသာဖြစ်ပေါ်လာခဲ့လျှင် ၀မ်လင်းဂိုဏ်းကလူတိုင်းဤနေရာတွင် အမှန်တကယ်ပင် သေသွားနိုင်ပေသည်။
ဤနေရာရှိ လူတိုင်းသည် ဂိုဏ်းတစ်ဂိုဏ်း၏အနာဂတ်ကိုကိုယ်စားပြုသောသူများသာ ဖြစ်ကြ၏။ အကယ်၍သာ ဤနေရာတွင် သူတို့ဂိုဏ်းကလူတိုင်းသေသွားခဲ့လျှင် ၀မ်လင်းဂိုဏ်းသည် မျိုးဆက်တစ်ခုစာ ပြတ်ကျန်သွားရပေလိမ့်မည်။
ထို့အပြင် အပြင်ဘက်တွင်စောင့်ဆိုင်းနေသော ၀မ်လင်းဂိုဏ်းအကြီးအကဲများက ရှ်ိနေသေးသည်။ သူတို့ဒီနေရာတွင် သည်းခံလိုက်ရုံနှင့် အပြင်သို့ပြန်ရောက်လျှင် ကျန်းယန်တို့အတွက်လွတ်မြောက်စရာလမ်းရှိတော့မည် မဟုတ်ပေ။
ဒီလိုဆိုမှတော့ ဘာကြောင့် သူတို့အသက်များကိုစွန့်စားနေရပါဦးမည်နည်း။
ထို့ကြောင့် ကျိုးလင် နောက်ဆုတ်ဖို့သာ ရွေးချယ်လိုက်သည်။
“ငါတို့ဂိုဏ်းသားတွေရဲ့ အလောင်းတွေကိုပြန်ပေးပါ ငါသူတို့အလောင်းတွေကို ပြန်ယူသွားချင်တယ်” ကျိုးလင် ဆက်ပြောလိုက်၏။
“တကယ်လို့ မင်းဒါလေးကိုတောင်သဘောမတူရင်တော့ ငါမင်းတို့နဲ့ သေတဲ့အထိတိုက်ခိုက်မှာ”
ဤအရာက သူ့အောက်ခြေစည်းသာဖြစ်သည်။
ကျန်းယန် အေးစက်စက်တစ်ချက်ရယ်မောလိုက်ကာ
“စိတ်မပူပါနဲ့ ငါကမင်းတို့ထက်အရှက်ပိုရှိပါတယ် ပြီးတော့ မင်းတို့ထက်လည်း အကျိုးအကြောင်းပိုသင့်တယ် မနက်ဖြန်မနက် ငါမင်းစိန်ခေါ်မှုကို လက်ခံမယ်”
ပြောပြီးသည့်နောက် ကျန်းယန်သူ့လူများနှင့်အတူ ၀င်္ကပါထဲ ပြန်၀င်သွားခဲ့၏။
ကျိုးလင်လည်း သူ့လူများကိုခေါ်ကာ ၀မ်လင်းဂိုဏ်းစုရပ်ဆီ ပြန်သွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကိုမြင်သောအခါ အခြားဂိုဏ်းကြီးများ နှမြောတသဖြစ်နေဟန်ဖြင့် ကြိတ်၍သက်ပြင်းချလိုက်ကြပြီး သူတို့စုရပ်များဆီ ကိုယ်စီပြန်သွားခဲ့ကြ၏။
ဒီနေ့အဖြစ်အပျက်ဖြစ်ပြီးသည့်နောက် နောက်နေ့စိန်ခေါ်ပွဲများသည် သွေးချောင်းစီးတော့မည် ဖြစ်မှန်း လူတိုင်း ကောင်းကောင်းကြီး သိရှိနေခဲ့ကြသည်။
တိုက်ပွဲကွင်းပြင်တွင် ဂိုဏ်းကြီး ၉ဂိုဏ်းအပြင် အခြားဂိုဏ်းများလည်း ရောက်ရှိနေကြပြီဖြစ်သည်။
ယနေ့အဖြစ်အပျက်ကိုမြင်လိုက်ရသောအခါ သူတို့အားလုံး ငေးကြောင်နေခဲ့ကြ၏။
လက်တစ်ဆုပ်စာလူဦးေရသာရှိသော အဇူရာတိမ်ဂိုဏ်းလေးက ၀မ်လင်းဂိုဏ်းကိုအတင်းအကြပ်နောက်ဆုတ်စေခဲ့ခြင်းပေလော။
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက ပါရမီရှင်များက ကျန်းယန်တို့လူစုကို ဘယ်တော့မှ မေ့နိုင်ကြတော့မည် မဟုတ်ပေ။
ပါချင်းယန်နှင့်နှင်းနယ်မြေမှလူများ ကျန်းယန်တို့၏လုပ်ရပ်များကို လေးစားအားကျဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
“ငါတို့အဇူရာတိမ်ဂိုဏ်းနဲ့ မိတ်ဆွေမဖွဲ့နိုင်တာ နှမြောစရာပဲ” ပါချင်းယန် နှမြောတသဖြစ်နေဟန်ဖြင့် ပြောလိုက်၏။
အကယ်၍ သူတို့သာ အဇူရာတိမ်ဂိုဏ်းနှင့်နီးကပ်သောဆက်ဆံရေးရှိလာပါက မဟာနှင်းတောင်ဂိုဏ်းက သူတို့ကိုဖိနှိပ်တော့မှာ သေချာပေသည်။
“ငါတို့ သူ့ကိုပေးထားတဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေကရော” တစ်ယောက်ယောက် စိတ်ပူနေဟန်ဖြင့် မေးလိုက်၏။
“သူကကြမ်းလွန်းတယ်တကယ်လို့ သူသာငါတို့ကိုပြန်ပေးဖို့ငြင်းခဲ့ရင် ငါတို့ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
ပါချင်းယန်ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“ပြဿနာမရှိနိုင်ပါဘူး”
ထိုအခိုက်တွင် ၀မ်လင်းဂိုဏ်းစခန်း၌ ၀မ်လင်းဂိုဏ်းသားများ ကျိုးချင်နှင့်အခြားသူများ၏အလောင်းများကိုကြည့်ကာ တိတ်ဆိတ်နေကြသည်။ ဂိုဏ်းသားတိုင်းက သူတို့ဒေါသများကို ဖိနှိပ်ထားနေရခြင်း ဖြစ်၏။
ကျိုးလင် လူတိုင်းကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
“အသုံးမ၀င်တဲ့ ဒေါသတွေထွက်နေမှာထက် မင်းတို့ခွန်အားပိုတိုးလာအောင် လေ့ကျင့်နေသင့်တယ် ငါ့ကိုမနှောင့်ယှက်ကြနဲ့ ငါတံခါးပိတ်ကျင့်ကြံခြင်း ၀င်တော့မယ်”
မနက်ဖြန်ရောက်လျှင် သူသည် ကြမ်းတမ်းသောတိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မှာဖြစ်သောကြောင့် သူ့အတွက် အချိန်ကအလွန်အရေးကြီးနေခဲ့ချေပြီ။
၀င်္ကပါထဲတွင် ကျန်းယန် တင်ပလ္လင်ခွေထိုင်၍ ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေး သောက်လိုက်ပြီး ချင်းရှုကိုမေးလိုက်သည်။
“မင်းကျိုးလင်အကြောင်းတစ်ခုခုသိလား”
ချင်းရှု ခေါင်းယမ်းကာ အကူအညီမဲ့စွာ ပြောလိုက်၏။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို၀င်မယ့် ထိပ်တန်းပါရမီရှင်တွေရဲ့ သတင်းအချက်အလက်တွေကို ဂိုဏ်းကြီးတွေက တင်းတင်းကြပ်ကြပ်ဖုံးကွယ်ထားတာ ဘာသတင်းအချက်အလက်မှ စုံစမ်း မရနိုင်ဘူး ဥပမာပြောရရင် ငါကျိုးလင်ဆိုတဲ့နာမည်ကို အရင်ကတစ်ခါမှ မကြားခဲ့ဖူးဘူး သူဘာကျင့်စဉ်ကိုကျင့်လဲ သူ့ခွန်အားကဘယ်လောက်ရှိလဲ ဆိုတာလည်း မသိဘူး ဒါပေမယ့် လန်ချင်းဖုန်းနဲ့ကုန်းရှို့ပင်းတို့ရဲ့ခွန်အားနဲ့ ချိန်ထိုးကြည့်ရင် အဲ့ဒီအဓိကပါရမီရှင်တွေ ဘယ်လောက်သန်မာမလဲ မင်းသိမှာပါ”
ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်ကာ ထပ်မေးလိုက်ပြန်သည်။
“၀မ်လင်းဂိုဏ်းမှာ အဓိကသုံးတဲ့ သိုင်းတွေကျင့်စဥ်ေတွရှိလား ဒါမှမဟုတ် တမူထူးခြားတဲ့ နည်းစနစ်မျိုးရောရှိလား”
“၀မ်လင်းဂိုဏ်းက ရှည်လျားတဲ့သမိုင်းအမွေအနှစ်ရှိတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းဆိုတော့ သူတို့မှာ ကျော်ကြားတဲ့သိုင်းတွေအများကြီးရှိတယ် အဲ့ဒီအရာတွေကနေ မင်းဘာအသုံး၀င်တာမှ ရှာနိုင်မှာမဟုတ်ဘူး” ချင်းရှု အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ကာ ပြောလိုက်၏။ သူသည် အရင်က အခုလိုအရာမျိုးအပေါ် တစ်ခါမှစိတ်၀င်တစားမရှိခဲ့ဖူးပေ။ သူဘယ်လိုလုပ် သိပါမည်နည်း။
ချင်းရှု ဆက်ပြောလိုက်သည်။
“အဲ့ဒီကျိုးချင်က တကယ့်ပြဿနာကြီးတစ်ခုပဲ…မင်းသူ့ကိုသတ်ပစ်လိုက်မယ်လို့ ငါတကယ် ထင်မထားခဲ့မိဘူး”
ကျန်းယန် ဘာမှမတတ်နိုင်ဟန်ဖြင့် လက်များကို ဖြန့်ကားလိုက်ကာ
“ငါလည်း အစကတော့ သူ့ကို၀က်ခေါင်းလိုဖြစ်သွားအောင်ရိုက်နှက်ဖို့ပဲ စိတ်ကူးထားတာပါ ဒါပေမယ့် သူက မသတ်သတ်အောင်တွန်းအားပေးနေတာကိုး အဲ့တော့ငါလည်း စိတ်ထိန်းမနေတော့ဘူး မင်းပြောပုံအရ အဲ့ဒီကလေးမှာ နောက်ခံကြီးကြီးမားမားရှိနေလို့လား”
ချင်းရှု ခါးသက်သက်ပြုံးလိုက်ကာ
“၀မ်လင်းဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင် ၂ယောက်ရှိတယ် အဲ့ဒီထဲကတစ်ယောက်က ကျိုးချင်းရဲ့အဖေပဲ ပြောရရင် ဒီလောက်ပြဿနာတွေရှာနေတာတောင် သူဘာလို့ ကောင်းကောင်းနေနေရတယ် ထင်လဲ မင်းအတွက် တစ်ခုတည်းသောသတင်းကောင်းကတော့ သူ့အဖေ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုတက်သွားတာက သိပ်မကြာသေးဘူး”
ကျန်းယန် တခဏငေးကြောင်သွားပြီး အကူအညီမဲ့စွာ ပြုံးလိုက်ကာ
“ဆရာအခြေအနေတွေကို ထိန်းထားနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့”
ကပ်ေဘးဖြတ်ေကျာ်ခြင်း အေစာပိုင်းအဆင့်ေလာက်ဆိုလျှင် သူ့ဆရာကိုင်တွယ်နိုင်သည်ဟု အရင်က ပြောခဲ့ဖူးပေသည်။
ထို့အပြင် သူတို့အခုရရှိခဲ့သောကောင်းကင်နှင့်မြေပြင်ရတနာများလည်း ရှိနေသေး၏။
အကယ်၍သာ သူ့ဆရာ ထိုရတနာများကိုသုံး၍ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ချိုးဖြတ်သွားနိုင်လျှင်တော့ ကျိုးချင်၏အဖေကို လုံး၀ ချေမွပစ်နိုင်လိမ့်မည်သာ။