နေကောင်းကင်ပညာရပ်
Vol. 19 Ch. 200
စိတ်ဝိညာဉ်စွမ်းအားပြန်လည်ဖြည့်တင်းနေရင်း ကျန်းယန် သူ့ဝိညာဉ်စွမ်းအားကိုပါ ပြည့်ဖြည့်နေခဲ့သည်။
ကျိုးလင်၏အခြေအနေကို ဘာမှမသိရသောကြောင့် တွေးပူနေခြင်းက ဘာမှအသုံးမ၀င်ပေ။ မနက်ဖြန်ရောက်လျှင် သူကျိုးချင်ကို သူ့အကောင်းဆုံးအခြေအနေနှင့် ရင်ဆိုင်နိုင်ဖို့ကသာ အရေးကြီး၏။
ညဉ့်အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ နေအလင်းရောင် စတင်ထွက်ပေါ်လာချိန်တွင် တိုက်ပွဲကြည့်ရှုရန် နေရာကောင်းများလာဦးထားသော လူများက ရောက်ရှိနေခဲ့ကြချေပြီ။
မနေ့ကအဖြစ်အပျက်ဖြစ်ပြီးသည့်နောက် ယနေ့တိုက်ပွဲက ဘယ်လိုမှသာမန်အတိုင်း ပြီးမသွားနိုင်မှန်း အားလုံး သိနေခဲ့ကြ၏။
ဤတစ်ခေါက်တွင် ဂိုဏ်းကြီးကိုးဂိုဏ်းမှလူများသာမကဘဲ အခြားဂိုဏ်းများမှ လူများလည်း တိုက်ပွဲကိုအနီးကပ်ကြည့်ရှုရန် ရောက်ရှိနေခဲ့ကြသည်။
လူတိုင်းက ကျိုးလင် ကျန်းယန်ကိုလာစိန်ခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
သို့သော် အတန်ကြာချိန်အထိ တိုက်ခိုက်မည့်နှစ်ယောက်လုံးက ထွက်မလာခဲ့ကြသေးပေ။
ကျန်းယန်က တိုက်ပွဲကွင်းပြင်အပြင်ဘက်တွင် အသင့်စောင့်နေပြီဖြစ်သော်လည်း ကျိုးလင်ကတော့ လုံး၀ကိုပေါ်မလာခဲ့သေးပေ။
လူတိုင်းက ၀မ်လင်းဂိုဏ်းစခန်းဘက်သို့ ပဟေဠိဖြစ်နေဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
၀မ်လင်းဂိုဏ်းကလူများအားလုံးရှိနေကြချိန်တွင် ကျိုးလင်ကအဘယ်ကြောင့် ထွက်မလာသေးပါသနည်း။
လူတိုင်းက တိတ်တဆိတ်သာစောင့်ဆိုင်းနေခဲ့ကြ၏။
မွန်းတည့်ချိန်ရောက်သည်အထိ ကျိုးလင်က ပေါ်မလာခဲ့သေးပေ။
ထိုအခိုက်တွင် ကြည့်ရှုနေသူများ ထိုင်စောင့်မနေနိုင်ကြတော့ပေ။
“ကျိုးလင်က ထွက်မလာရဲတော့ဘူးလား ဒါမှမဟုတ် ကိုယ့်စကားကိုယ်မတည်နိုင်တာလား”
“ဟေး ၀မ်လင်းဂိုဏ်းကကောင်တွေ ဘာလို့ ကျိုးလင်ကိုသွားမခေါ်တာလဲ သူအိပ်ပျော်နေတာလား”
“သူတရားထိုင်နေရင်း ဈာန်၀င်သွားလို့ မထနိုင်တာလား”
တကယ်တော့ ကျန်းယန်လည်းအနည်းငယ်စိတ်၀င်စားနေခဲ့သည်။ ကျိုးလင်သည် သူ့စိတ်အခြေအနေကိုနှောင့်ယှက်ရန် တမင်တကာ စောင့်ခိုင်းနေခြင်းပေလော။
ဒီလိုသာဆိုလျှင်တော့ သူ့နည်းလမ်းက အတော်လေးအဆင့်နိမ့်သည်ဟု ပြောရပေလိမ့်မည်။
သူကလည်း ထိုတိုက်ပွဲကို အလောတကြီးတိုက်ခိုက်လိုနေခြင်းမဟုတ်ပေ။ ထိုအခြေအနေတွင် သူ့ကိုအချိန်ဆွဲနေခြင်းက ဘာအသုံး၀င်ပါမည်နည်း။
လူတိုင်းက ၀မ်လင်းဂိုဏ်းစခန်းထဲသွားပြီး ကျိုးလင်ဘာလုပ်နေလဲ ကြည့်ကြတော့မည့်အချိန်တွင် ကျိုးလင် ထွက်ပေါ်လာခဲ့လေသည်။
လူအုပ်ကြီး၏ သံသယမျက်လုံးများအောက်တွင် သူတိုက်ပွဲကွင်းပြင်ဆီ မနှေးမမြန်ခြေလှမ်းများဖြင့် လျှောက်လာခဲ့၏။
တိုက်ပွဲကွင်းပြင်ထဲရောက်လာပြီးနောက် သူ့နောက်ကျမှုအတွက် သူဘာမှရှင်းမပြခဲ့ပေ။ ထိုအစား တံဆိပ်ပြားတစ်ပြားကိုသာ ကွင်းပြင်ထောင့်ဆီပစ်လိုက်ပြီး သူ့အကြည့်က ကျန်းယန်ဆီရောက်ရှိသွားခဲ့သည်။
ကျန်းယန်လည်း တံဆိပ်ပြားကိုပစ်လိုက်ပြီး ပြောလိုက်၏။
“စလိုက်ကြရအောင်”
“ငါအစကတော့ ငါ့အကွက်ကိုနောက်ဆုံးမှထုတ်ဖို့ စီစဉ်ထားခဲ့တာ” ကျိုးလင်ေအးေအးေဆးေဆးပြောလိုက်သည်။
“မင်းကျိုးချင်ကို မသတ်ခဲ့သင့်ဘူး မင်းသတ်လိုက်တော့ အဲ့ဒီကိစ္စကို ငါငါ့ဆရာဦးလေးဆီ ပြန်ရှင်းပြဖို့ခက်သွားပြီ မင်းအတွက်ကတော့ ငါ့လက်နဲ့သေဆုံးခွင့်ရတာ ကံကောင်းခြင်းပါပဲ”
“ဘုရားဘုရား မင်းကလေကျယ်တဲ့နေရာမှာ ငါထင်ထားတာထက်တောင် ပိုကောင်းနေသေးတာပဲ” ကျန်းယန် သူ့နှဖူးကိုအုပ်လိုက်ကာ
“မင်းတိုက်မယ်ဆိုလည်းတိုက် မတိုက်ရင်လည်း လစ်လိုက်တော့”
“ကောင်းပြီ” ကျိုးလင် ပြန်ပြောလိုက်သည်။
သူပြောပြီးသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး တောက်ပသွားခဲ့ကာ လူတိုင်းမျက်လုံးများ စူးသွားခဲ့၏။
လူအုပ်ကြီး ငေးကြောင်သွားခဲ့သည်။ ဘယ်အရာက တောက်ပနေပါသနည်း။
သေချာကြည့်လိုက်သောအခါ တောက်ပနေသောအရာက ကျိုးလင်ကိုယ်တိုင်ဖြစ်နေမှန်း တွေ့လိုက်ကြရ၏။
“အလင်းနိယာမ” တစ်ယောက်ယောက် တုန်လှုပ်သွားဟန်ဖြင့် ရေရွတ်လိုက်မိသည်။
“၀မ်လင်းဂိုဏ်းက နောက်ထပ် အလင်းနိယာမကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးလိုက်နိုင်ပြန်ပြီလား”
“မှားတယ်…အဲ့တာက နေကောင်းကင်ပညာရပ်” လင်းရှု အမှားထောက်ပေးလိုက်၏။ သူ့အမူအရာကတော့ ကျိုးလင်ကို ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။
တစ်ချိန်တည်းမှာပင် လူအုပ်ကြီးထဲမှ ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
“အဲ့တာကတကယ်ကြီး နေကောင်းကင်ပညာရပ်ပဲ”
“အဲ့တာက ၀မ်လင်းဂိုဏ်းတည်ထောင်သူချန်ထားခဲ့တဲ့ ပညာရပ်ပဲ ၀မ်လင်းဂိုဏ်းက ဘယ်သူမှ အဲ့ဒီပညာရပ်ကိုမကျင့်ကြံနိုင်ကြတော့ဘူးလို့ ပြောကြတယ်မဟုတ်လား”
“ငါနောက်တုံးတော့ ကျိုးလင်ကဘာလို့မွန်းတည့်ချိန်မှပေါ်လာလဲဆိုတာ နားလည်သွားပြီ နေကောင်းကင်ပညာရပ်က မွန်းတည့်ချိန်မှာသူ့ရဲ့အကြီးဆုံးစွမ်းအားကို ထုတ်လွှတ်ပေးနိုင်တာ ကျိုးလင်က တကယ်ကြီး သူ့ကိုသတ်ဖို့ရည်ရွယ်ထားတာပဲ”
“မနေ့က ကျန်းယန်က ၀မ်လင်းဂိုဏ်းကလူတွေအများကြီးကို သတ်ထားခဲ့တာ သူအခုလိုပြုမူတာလည်း ဆန်းတော့မဆန်းပါဘူး”
မရေတွက်နိုင်သောလူများက ထိုအကြောင်း ဆွေးနွေးနေကြ၏။
ဂိုဏ်းကြီးကိုးဂိုဏ်းလုံးထဲတွင် လူတိုင်း တိတ်ဆိတ်နေခဲ့ကြသည်။
နေကောင်းကင်ပညာရပ်သည် အလွန်နာမည်ကျော်ကာ လူသိများသောပညာရပ်တစ်ခု ဖြစ်၏။
ထိုစဉ်က ၀မ်လင်းဂိုဏ်း၏တည်ထောင်သူဘိုးဘေးသည် ဤနေကောင်းကင်ပညာရပ်ကိုသုံးကာ ကောင်းကင်အောက်က သူရဲကောင်းများအားလုံးကို လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်တော့ ဤပညာရပ်ကို ဘယ်သူမှ မကျင့်ကြံနိုင်ကြတော့ပေ။
အခုတော့ ထိုပညာရပ်ကိုကျင့်ကြံနိုင်သော ကျိုးလင် ပေါ်ထွက်လာခဲ့ချေပြီ။ ကျိုးလင်သည် ထိုပညာရပ်ကိုသုံး၍ ၀မ်လင်းဂိုဏ်း၏ ယခင်အောင်မြင်မှုမျိုးကို ပြန်လည်ရယူပေးနိုင်မည်လော။
တိုက်ပွဲက မစတင်သေးသော်လည်း ဘယ်သူမှကျန်းယန်အပေါ် မျှော်လင့်ချက်မရှိတော့ပေ။
ဒဏ္ဍာရီလာကျင့်စဉ်တစ်ခုနှင့် ထိုကျင့်စဉ်၏အစွမ်းထက်ဆုံး အချိန်ကာလဖြစ်သော မွန်းတည့်ချိန်တွင် ထိုပညာရပ်ကိုခုခံနိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
ကျန်းယန်က စည်းမျဉ်းများကိုဖောက်ဖျက်၍ သူ့မှော်ရတနာကိုထုတ်သုံးမှသာ ခုခံနိုင်ပေလိမ့်မည်။
၀င်္ကပါထဲတွင် စစ်ထူမင်ယွဲ့တို့ ဒဏ္ဍာရီလာနေကောင်းကင်ပညာရပ်ကိုကြည့်နေရင်း အမူအရာများ ချက်ချင်း ပြောင်းလဲကုန်ကြ၏။
“နေကောင်းကင်ပညာရပ် ဒါမှတကယ့်ပြဿနာပဲ”
စစ်ထူမင်ယွဲ့ တခဏငေးကြောင်သွားခဲ့သည်။ ထိုပညာရပ်၏အမည်က အဘယ်ကြောင့် သူမသင်ကြားခဲ့သော ထိုက်ယင်အမတပညာရပ်နှင့် ဆင်တူနေရပါသနည်း။ (translation note - တရုတ်လိုဆို အဲ့ဒီအသံထွက်နှစ်ခုက ဆင်တူနေတာပါ)
ချင်းရှု ခါးသက်သက်ပြုံးလိုက်ကာ
“အဲ့တာက တုနှိုင်းမဲ့တဲ့ အထွတ်အထိပ်ပညာရပ်တစ်ခုပဲ ပြီးတော့ မွန်းတည့်ချိန်ဆိုရင် အဲ့ဒီပညာရပ်က သူ့စွမ်းအားရဲ့ ၁၂၀ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးနိုင်တယ် တကယ့်ကို အနိုင်ယူဖို့မဖြစ်နိုင်တဲ့ ပညာရပ်မျိုးပဲ”
စစ်ထူမင်ယွဲ့ ကြောက်ရွံ့သွားခဲ့၏။ သူမ၏ ထိုက်ယင်အမတပညာရပ်က ထိုပညာရပ်ကို တန်ပြန်တိုက်ခိုက်နိုင်မလား သူမ သိချင်သွားခဲ့သည်။
သို့သော် ထိုက်ယင်အမတပညာရပ်သည် သူမ၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူမအစ်ကိုကြီးတစ်ယောက်တည်းသာ သိ၏။
“ငါတို့ဘာလို့ စီနီယာအစ်ကိုကြီးကို ချင်းရှုမျှော်စင်မပေးရမှာလဲ ဒီအခြေအနေရောက်နေမှတော့ စည်းမျဉ်းတွေကို လိုက်နာနေစရာမလိုတော့ဘူး”
“ကျွန်မလည်း အဲ့လိုပဲထင်တယ် ဒီအခြေအနေမှာဘယ်သူကစည်းမျဉ်းတွေအကြောင်းဂရုစိုက်နေတော့မှာလဲ” ကျိယန် လေးပင်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
ပထမဆုံးအကြိမ်အနေနှင့် စစ်ထူမင်ယွဲ့ ကျိယန်၏စကားကို သဘောတူလိုက်မိ၏။ သူကျန်းယန်ဆီ ချင်းရှုမျှော်စင်ပစ်ပေးဖို့ ပြင်လိုက်ချိန်တွင် ကျန်းယန်၏ အသံပြဲကြီးနှင့်အားရပါးရရယ်မောသံကြီးကို ကြားလိုက်ရလေသည်။
“ငါက မင်းဘာလို့ဒီလောက်အကြာကြီးစောင့်နေတာလဲလို့ တွေးနေတာ တကယ်တော့မင်းက အခွင့်အရေးယူဖို့ စောင့်နေတာကိုး
၀မ်လင်းဂိုဏ်းရဲ့ အဓိက ပါရမီရှင်တစ်ယောက်အနေနဲ့ မင်းကဒီလောက်တောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူးလား မင်းနဲ့တစ်ခေတ်တည်းမှာ ပါရမီရှင်ဖြစ်ရတာ ရှက်မိတယ်
အခုကစပြီး မင်းလိုကောင်က ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”
ကျိုးလင် အေးစက်စက် လှောင်ပြောင်လိုက်၏။
“ငါက ယုံကြည်မှုမရှိတာမဟုတ်ဘူး ငါ့၀မ်လင်းဂိုဏ်းကလူတွေကို မင်းအသက်ကိုသုံးပြီး ဖြေရှင်းချက်ပေးချင်ရုံပဲ”
“ဟားဟား အဓိပ္ပာယ်မရှ်ိတဲ့စကားတွေ” ကျန်းယန် ကျယ်လောင်စွာရယ်မောလိုက်ကာ
“ကောင်းကင်နဲ့မြေပြင်ရဲ့ လေတွေ ငါ့အမိန့်ကိုနာခံ”
နားကွဲလုမတတ် အသံကြီးများထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်အောက်က စွမ်းအင်များ ဝုန်းဒိုင်းကြဲလာခဲ့သည်။ ထို့နောက် စည်းဝိုင်းထဲတွင် လေပွေများ စတင်ပေါ်ပေါက်လာခဲ့၏။
ကျိုးလင်အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့ကာ သူ့လက်များကို ကောင်းကင်ပေါ်ဆန့်တန်းလိုက်လေရာ ကောင်းကင်မှ နေရောင်များ ဖြာကျလာခဲ့သည်။
ထိုအလင်းတန်းများက လေပွေများကိုလျစ်လျူရှုထားပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။
လျက်တပြတ်အတွင်းပင် ကြမ်းတမ်းလှသော နေရောင်ခြည်တန်းများအောက်တွင် မြေပြင်မှ မီးများစတင်တောက်လောင်လာခဲ့သည်။ အလွန်တိုတောင်းသော အချိန်ခဏလေးအတွင်း မြေပြင်က ခြေရည်ပူများအဖြစ် ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် တိုက်ပွဲကွင်းပြင်ထဲရှိ ကောင်းကင်နှင့်မြေပြင်နိယာမများအားလုံးသည် အလင်းနိယာမ၏သန့်စင်ခြင်းကိုခံလိုက်ရပြီး တိုက်ပွဲကွင်းပြင်အပြင်ဘက်သို့ မောင်းထုတ်ခံလိုက်ရကာ အလင်းစွမ်းအားသာ ကွင်းပြင်ထဲ ကျန်ရစ်ခဲ့လေသည်။
ကျန်းယန် သူ့ပတ်ပတ်လည်က မီးတောက်နေသော မြေပြင်ကိုကြည့်ပြီး ရှုံ့မဲ့လာခဲ့၏။
“ကောင်းပြီ ဒီနေ့တော့ ငါဘာကိုမှဂရုမစိုက်တော့ဘူး” ကျန်းယန်ကိုယ်က လေပေါ် ခုန်တက်သွားခဲ့ကာ သူ့ကိုယ်မှမီးတောက်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဘယ်သူမှ မှော်ရတနာအသုံးပြုခွင့်မရှ်ိသောကြောင့် ချည်သားဖြင့်ပြုလုပ်ထားသော သူ့၀တ်စုံက ချက်ချင်း ပြာဖြစ်သွားခဲ့ကာ သူ့ကိုယ်ကို မီးတောက်များက ဖုံးအုပ်ထားခဲ့၏။
မီးလောင်နေသော ကျန်းယန်ကိုကြည့်နေရင်း သူတော့ ပြီးဆုံးသွားပြီဟု လူတိုင်းတွေးနေမိကြသည်။ တစ်ယောက်ပြီးတစ်ယောက်ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး
“နှမြောစရာပဲ သူ့ခွန်အားကအတော်လေး လေးစားစရာကောင်းခဲ့တာ”
“အဇူရာတိမ်ဂိုဏ်းရဲ့ မျိုးဆက်ကတော့ ပြီးဆုံးသွားပြီ”
“ငါတို့ခေတ်ရဲ့ ပြိုင်ဘက်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ နှမြောစရာပဲ”
ကျိုးလင်ကတော့ ဂုဏ်ယူစွာပြုံးနေခဲ့ကာ
“လွယ်ကူတဲ့ နိုင်ပွဲပါပဲ…ဒီထက်မပိုဘူး”