← Chapters

ဓားဆန္ဒပြိုင်ပွဲ

Vol. 19 Ch. 205

ဓားဆန္ဒပြိုင်ပွဲ

Vol. 19 Ch. 205

ကျန်းယန် လင်းရှုနှင့်ရှန်ကျင်းချန်တို့၏ ဓားအရှိန်အဝါများကို တိတ်တဆိတ်အကဲခတ်နေခဲ့၏။

တစ်ချိန်တည်းမှာပင် သူထိုဓားနည်းစနစ်များနှင့် သူ့ကိုယ်ပိုင်အမြင်များ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ စဉ်းစားနေခဲ့သည်။

“ငါမင်းရဲ့ဝှက်ဖဲကိုမြင်ချင်တယ်” လင်းရှု ရှန်ကျင်းချန်ကို တိုက်ရိုက် ပြောလိုက်၏။

“ဒီဓားအရှိန်အဝါနဲ့ဆို ငါတို့တစ်ရက်လုံးတိုက်ခိုက်နေတောင် အဖြေထွက်လာမှာ မဟုတ်ဘူး”

ရှန်ကျင်းချန် လင်းရှုကိုပြုံးပြလိုက်ကာ

“မင်းလည်းဝှက်ဖဲကိုမထုတ်ရသေးဘူးမလား”

“ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းကိုငါ့ရဲ့အန္တိမတိုက်ကွက်ပြရသေးတာပေါ့” လင်းရှု လေးလေးနက်နက်ပြောလိုက်သည်။

“မင်းဂရုစိုက်တာကောင်းမယ်နော် မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်”

ပြောပြီးသည်နှင့် ကောင်းကင်မှ ကျယ်ပြန့်လှသော ဓားအရှိန်အဝါလေးခု ကျဆင်းလာခဲ့၏။

အရှေ့ဘက်မှဓားသည် ကြမ်းတမ်းလှသော အရှိန်အဝါကိုသယ်ဆောင်လာပြီး အထဲတွင် အသက်စွမ်းအင်များလည်း ပါ၀င်နေခဲ့သည်။

တောင်ဘက်မှဓားကတော့ အလွန်မာကျောပြီး ယန်စွမ်းအားများပါ၀င်သောဓားဖြစ်၏။

အနောက်ဘက်မှဓားသည် ညင်သာပြီး ယင်စွမ်းအင်ပါ၀င်သောဓားမျိုးဖြစ်ကာ ထိုညင်သာမှုထဲတွင် ဆွေးမြေ့ခြင်းအငွေ့အသက်များလည်း ပါ၀င်ပေသည်။

မြောက်ဘက်မှဓားထဲတွင်တော့ အရာအားလုံးဖျက်ဆီးပစ်နိုင်သည့် အဆုံးစွန်သောအေးခဲမှုမျိုး ပါ၀င်နေခဲ့၏။

ထိုဓားများအားလုံး၏ ဦးတည်ရာကတော့ ရှန်ကျင်းချန်ဆီသို့သာ ဖြစ်ပေသည်။

ရှန်ကျင်းချန်၏အမူအရာပြောင်းလဲသွားခဲ့၏။ ဓားလေးချောင်းကို ကြည့်ရုံဖြင့် ထိုဓားများဘယ်လောက်ကြောက်စရာကောင်းလဲ သူသိပေသည်။

သူဂရုမစိုက်ဘဲမနေရဲခဲ့ဘဲ ‌သူ့ရှေ့တွင် မနက်ခင်းနှင်းစက်နှင့်ညနေဆည်းဆာကိုပေါင်းစပ်လိုက်၏။ ထို့နောက် ထိုဓားဆန္ဒနှစ်ခုက ပြီးပြည့်စုံစွာလည်ပတ်နေရင်းလင်းရှု၏ဓားများကို ခုခံရန် ကောင်းကင်ပေါ် ပျံတက်သွားခဲ့လေသည်။

ထိုအခိုက်တွင် ရှန်ကျင်းချန် လင်းရှုသူ့ကိုဘာလို့စိန်ခေါ်ခဲ့လဲဆိုတာကို နားလည်သွားခဲ့၏။

အကယ်၍ လင်းရှု၏ဓားများကိုသာ သူ့မနက်ခင်းနှင်းစက်နှင့်ညနေဆည်းဆာလို ပေါင်းစပ်နိုင်ခဲ့လျှင် မည်မျှ ကြောက်စရာကောင်းသွားနိုင်ပါမည်နည်း။

သို့သော် ရှန်ကျင်းချန်ကြိတ်၍သာ ရယ်မောလိုက်သည်။ သူ့ဓားဆန္ဒ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့က ဒီလောက်တော့ လွယ်နေမည် မဟုတ်ပေ။

သူ့အတွက်လည်း သိပ်တော့မဆိုးလှပေ။ လင်းရှု၏ ဓားလေးချောင်းကို အတုယူကာ သူ့ဓားဆန္ဒနှင့်ပေါင်းစည်းပြီး သူ့ဓားပညာတိုးတက်လာအောင် ကြိုးစားကြည့်၍ ရနိုင်၏။

နောက်ဆုံးတွင် ရှန်ကျင်းချန်က ဓားများကိုထုတ်လိုက်သည်ကို တွေ့လိုက်ရသောအခါ လင်းရှု အာရုံက ထိုဓားများအပေါ်သို့သာ ရောက်ရှိသွားခဲ့သည်။

သို့သော် အာရုံစိုက်နေရင်း သူရှုပ်ထွေးလာခဲ့၏။

ထိုဓားများက အလွန်သာမန်ဆန်နေခဲ့သည်။

သို့သော် ထိုဓားနှစ်ချောင်းက မည်သို့ အဆုံးမဲ့အောင် ပြီးပြည့်စုံစွာလည်ပတ်နေရပါသနည်း။

ထိုအခိုက်တွင် ထိုဓားများက သူ့ဓားလေးချောင်းနှင့်ထိပ်တိုက်ရင်ဆိုင်မိသွားသည်ကို သူသတိထားမိသွားခဲ့၏။

ထို့နောက် ဖရိုဖရဲမြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိပ်တိုက်တွေ့ဆုံကြရာတွင် သူ့ဓားလေးချောင်း၏ အရှိန်အဝါက ရှန်ကျင်းချန်၏ဓားအရှိန်အဝါအနည်းငယ်ကို ဖျက်ဆီးပစ်လိုက်နိုင်ခဲ့သော်လည်း တစ်ချိန်တည်းတွင်လည်း ထိုဓားနှစ်ချောင်းကို အနည်းငယ် ပိုသန်မာလာအောင်လည်း လုပ်ပေးနေခဲ့သေး၏။ အံ့အားသင့်စရာကောင်းသည်မှာ ဖျက်ဆီးလိုက်သောပမာဏနှင့် အားကောင်းလာအောင်အားဖြည့်ပေးနေသော ပမာဏက တူညီနေခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် လင်းရှု၏ဓားများက အားနည်းလာနေချိန်တွင် ရှန်ကျင်းချန်၏ဓားများကတော့ အားလည်းနည်းမသွားသလို အားလည်းကောင်းမလာခဲ့ပေ။

ဤအခြေအနေက လင်းရှုကိုအံ့အားသင့်‌သွားစေခဲ့ပြီး သူရှန်ကျင်းချန်၏ဓားများမှလျှို့ဝှက်ချက်ကို ပိုပြီးပင် လိုချင်လာခဲ့၏။

ကံဆိုးစွာဖြင့် သူအဖြေကို ရှာမတွေ့ခဲ့ပေ။

လူတိုင်းကလည်း ရှန်ကျင်းချန်၏ဓားဆန္ဒများကို စိတ်၀င်စားနေခဲ့ကြသည်။ လင်းရှု၏ ဓားအရှိန်အဝါက ကြီးမားသည်ဆိုသော်လည်း ထိုအရာတွင် ရှုပ်ထွေးသောနိယာမများမပါ၀င်သောကြောင့် ပိုပြီးရင်ဆိုင်ရလွယ်ကူသည်ဟု လူတိုင်းက ထင်မြင်နေခဲ့ကြ၏။

“နှမြောစရာပဲ သူတော့လမ်းမှားလျှောက်မိပြီ” ကျန်းယန် လင်းရှုကိုကြည့်နေရင်း ပြောလိုက်သည်။

သူ့ဘေးက ချင်းရှုစိတ်၀င်တစားမေးလိုက်၏။

“လင်းရှုနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေလို့လား”

ကျန်းယန်ပြုံးကာ ပြန်ပြောလိုက်သည်။

“သူကရှန်ကျင်းချန်ရဲ့ဓားတွေက လျှို့ဝှက်ချက်ကိုအတုယူပြီး သူ့‌ဓားလေးချောင်းကို ပေါင်းစပ်ချင်နေတာ ဒါပေမယ့် သူတို့ဓားအရှိန်အဝါတွေက တူတာမှမဟုတ်ဘဲ ဘာလို့သူများကိုအတုခိုးဖို့ကြိုးစားနေမှာလဲ အတုယူတာက အဆင်ပြေပေမယ့် အတုတော့မခိုးသင့်ဘူး အဲ့တာက အကြီး‌ဆုံးအမှားပဲ”

ချင်းရှုတခဏ‌တွေးတောပြီးနောက် မေးလိုက်၏။

“မင်းသာ လင်းရှုနေရာမှာဆိုရင် ဘာလုပ်မလဲ”

ကျန်းယန် ချင်းရှုကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်သည်။

“ငါသာလင်းရှုဆိုရင် အခုလိုလုပ်မယ့်အစား ၀င်္ကပါပညာပဲသွားသင်မှာ သူ့ဓားတွေက ပေါင်းစည်းဖို့ရည်ရွယ်ထားတာ မဟုတ်မှတော့ ဘာလို့အတင်းကြီးပေါင်းစည်းနေတော့မှာလဲ ဓားလေးချောင်းဆိုရင် ၀င်္ကပါတစ်ခုတည်ဆောက်ဖို့ လုံလောက်နေပြီပဲ မဟုတ်လား တကယ်လို့သာ လုံလောက်တဲ့ထိန်းချုပ်နိုင်စွမ်းရှိနေရင် ဓားလေးချောင်းနဲ့အရမ်းကြောက်စရာကောင်းတဲ့ ၀င်္ကပါမျိုးတောင်တည်ဆောက်လို့ရတယ် ဟီးး ငါသူ့အခြေအနေနဲ့ ကိုက်ညီတဲ့ ၀င်္ကပါတစ်ခုအကြောင်းတောင် ကြားဖူးသေးတယ်”

“ဘာ၀င်္ကပါလဲ” စစ်ထူမင်ယွဲ့လည်း စိတ်၀င်တစားမေးလိုက်သည်။

ကျန်းယန် ပြန်အဖြေခဲ့ပေ။ သူ့အ‌တိတ်ဘ၀တုန်းက ဒဏ္ဍာရီကတကယ်ဖြစ်နေမလားဆိုတာသာ သူတွေးနေခဲ့၏။

ကျူရှန်းဓား၀င်္ကပါ

မေ့လိုက်ပါတော့ ဒါကိုသူကိုယ်တိုင်သာအဖြေရှာရမှာ မဟုတ်ပါလား။ သူထိုကလေးလင်းရှုကို အလကားသက်သက် အကူအညီပေးနေစရာလည်း မလိုပေ။

ထို့နောက် ကျန်းယန် သူသာ လင်းရှု၏ဓားလေးချောင်းနည်းစနစ်မျိုးကို တတ်မြောက်ခဲ့လျှင် သူကိုယ်တိုင် ကျူရှင်းဓား၀င်္ကပါလို အရာမျိုး တည်ဆောက်နိုင်လောက်မလားဟု တွေးနေခဲ့သည်။

ထိုအခိုက်တွင် တိုက်ပွဲကလည်း လက်ရည်ညီလာခဲ့၏။

လင်းရှု၏ ဓားလေးချောင်းမှ အရှိန်အဝါများ ဆက်လက်ကျဆင်းနေခဲ့သည်။

ရှန်ကျင်းရှန်က လင်းရှုဓားများ၏အရှိန်အဝါကိုဖျက်ဆီးနေသော်လည်း သူ့အတွက် စိတ်ဝိညာဉ်စွမ်းအင်ကုန်ကျမှုကလည်း မသေးလှပေ။

“ငါတို့သရေလို့ သတ်မှတ်လိုက်ရင်ရော” လင်းရှု မေးလိုက်၏။

သူ့ရည်ရွယ်ချက်က ရှန်ကျင်းချန်၏ ဓားဆန္ဒများမှလျှို့ဝှက်ချက်ကိုရှာဖို့ဖြစ်ပြီး အခုအချိန်အတန်ကြာအောင် တိုက်ခိုက်ပြီးတာတောင် ထိုလျှို့ဝှက်ချက်ကို ရှာမတွေ့သေးပေ။ ဆက်တိုက်ခိုက်နေလျှင်လည်း သူတို့တိုက်ပွဲက စိတ်ဝိညာဉ်စွမ်းအားဘယ်သူပိုများသလဲ ယှဉ်သည့်တိုက်ပွဲမျိုးသာ ဖြစ်သွားတော့မည်ဖြစ်သောကြောင့် ဘာအဓိပ္ပာယ်မှမရှိတော့ပေ။

ကောင်းကင်သူရဲ‌ေကာင်းတိုက်ပွဲကွင်းပြင်သည် အလွန်အန္တရာယ်များသောနေရာဖြစ်သောကြောင့်ဤတိုက်ပွဲတွင် သူတို့စိတ်ဝိညာဉ်စွမ်းအားများကိုဖြုန်း၍ မစွန့်စားလိုကြပေ။

ရှန်ကျင်းချန်လည်းထိုအရာကိုကောင်းကောင်းနားလည်ပြီး သူလည်း ရပ်ချင်နေခဲ့သည်။

ထို့နောက် နှစ်ဖက်လုံးဓားဆန္ဒများကိုပြန်သိမ်းလိုက်ပြီး သရေပွဲအဖြစ် သတ်မှတ်လိုက်ကြ၏။

သူတို့နှစ်ယောက်၏ပွဲပြီးသွားချိန်တွင် ကုန်းရှို့ပင်းထွက်လာခဲ့ပြီး ကွေ့ယွမ်ဘုရား‌ေကျာင်းက ဟွေ့ချင်းကိုကြည့်ကာ ပြောလိုက်သည်။

“ကျွန်‌ေတာ်တို့ခွန်အားတွေက အတူတူနီးပါးပဲ ကျွန်‌ေတာ်ကိုယ်တော်နဲ့ လက်ရည်စမ်းချင်ပါတယ်” သူပြောလိုက်၏။

“ကောင်းပါတယ်”ဟွေ့ချင်းလည်း ချက်ချင်း သဘောတူလိုက်သည်။

သူကွင်းပြင်ထဲလျှောက်၀င်လာခဲ့ကာ ကုန်းရှို့ပင်းကိုကြည့်လိုက်ပြီး

“ကိုယ်တော်လည်း သူတော်စင်သခင်ရဲ့နည်းစနစ်ကို တွေ့ကြုံဖူးချင်နေတာ ကြာပါပြီ ကျေးဇူးပြုပြီး စပါ”

“ကျန်း”

ကုန်းရှို့ပင်း ကျန်းစာလုံးကို ထုတ်လွှတ်လိုက်၏။

ဟွေ့ချင်း တပလ္လင်ခွေထိုင်လိုက်ပြီး သူ့လက်ဖဝါးများကိုပူး၍ ဖိချလိုက်ပြီး အသာအယာပြုံးလိုက်ကာ

“ဗုဒ္ဓအလင်းက အရာအားလုံးကို လင်းစေတယ်”

ဟွေ့ချင်းကိုယ်မှ အလင်း‌များတောက်ပလာခဲ့လေသည်။

ထိုအခိုက်တွင် အရင်က ပုံသဏ္ဍာန်မမြင်ခဲ့ရသော စာလုံးများက ပေါ်ထွက်လာခဲ့ကြ၏။ မရေတွက်နိုင်သော ပုံစံမျိုးစုံရှိသည့် ကျန်းစာလုံးများက ဟွေ့ချင်းဘေးက လေထုထဲတွင် ပြည့်နှက်နေပြီး သူ့ကိုလုံး၀ဖျက်ဆီးပစ်တော့မလိုတိုး၀င်လာနေခဲ့ကြသည်။

ကုန်းရှို့ပင်း ဟွေ့ချင်းကိုတစ်ချက်ကြည့်လိုက်ကာ ရှေ့ကိုတက်၍ လက်မြှောက်လိုက်ပြီး လေထဲတွင် ကျန်းစာလုံးများရေးဆွဲလိုက်၏။

ချက်ချင်းဆိုသလို ဟွေ့ချင်းကိုတိုက်ခိုက်နေသော ကျန်းစာလုံးများက ဆတိုး၍ များလာခဲ့သည်။

ဟွေ့ချင်းအသာအယာပြုံးလိုက်ပြီး စတင်ရွတ်ဆိုခဲ့၏။

“ဗုဒ္ဓဟာတစ်ချိန်တုန်းက ”

သူ့အသံကဟိန်းထွက်လာခဲ့ပြီး ထိုစကားသံများက စာလုံးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့ဆီတိုး၀င်လာနေသော ကုန်းရှို့ပင်း၏စာလုံးများဖြင့် ထိပ်တိုက်ဆုံကြလေတော့သည်။

မရေတွက်နိုင်သောစာလုံးများက တစ်ခုနှင့်တစ်ခုတိုက်ခိုက်နေကြပြီး အချိန်အတန်ကြာသည်အထိ ဘယ်ဘက်ကမှ အသာစီးမရခဲ့ပေ။

ကျန်းယန် ထိုတိုက်ပွဲကိုကြည့်နေရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ထို့နောက် သူ့ပေါင်ကို ဖြန်းကနဲရိုက်လိုက်ကာ ရေရွတ်လိုက်သည်။

“အဲ့တာကြောင့် ငါကုန်းရှို့ပင်းရဲ့စွမ်းအားအရင်းအမြစ်ကို ရှာမတွေ့တာပေါ့ သူကဒီလိုအလုပ်လုပ်တာကိုး”

ထိုအရာက ဆရာဒေါ်လေး ၇ ကျင့်ကြံသော စိတ်စွမ်းအားနှင့်အတူတူသာ မဟုတ်ပါလော။

ခြားနားချက်မှာ ကုန်းရှို့ပင်းက ထိုစွမ်းအားကို စာလုံးများရေး၍သုံးပြီး ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးက ဗုဒ္ဓကျမ်းစာများရွတ်၍ သုံးခြင်းသာ ရှိ၏။

အသုံးပြုပုံများက မတူညီကြသော်လည်း အတွင်းကနိယာမကတော့ အတူတူသာ ဖြစ်သည်။

တခဏကြာစောင့်ကြည့်နေပြီးနောက် ကျန်းယန် ရေရွတ်လိုက်၏။

“နောက်တစ်ကြိမ်ဆိုရင် ကုန်းရှို့ပင်းနဲ့ဘယ်လိုရင်ဆိုင်ရမလဲ သိသွားပြီ သူ့ကိုအနိုင်ယူဖို့ အရင်ကလောက်အားစိုက်နေစရာမလိုလောက်တော့ဘူး”

All Chapters