← Chapters

အခန်း (၁၇၀၉)

Vol. 123 Ch. 1709

အခန်း (၁၇၀၉)

Vol. 123 Ch. 1709

အခန်း(၁၇၀၉)

မဟာပန်သွန်ဘုံ… ။

တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခု၏ အရှေ့တွင်… ။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဒူချန်းကူက စိုးရိမ်ကြောင့်ကြသော မျက်နှာဖြင့် မတ်တတ်ရပ်နေသည်။

သူက မဟာပန်သွန်ဘုံ၏ ဒေသခံကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နှစ်ဆယ်သန်းကြာ ကျင့်ကြံခဲ့သည်။

ထိုနှစ်ဆယ်သန်းအတွင်းမှာ သူက သံသရာစက်ဝန်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် သူ၏ ကျင့်ကြံခြင်းက လွန်ခဲ့သော နှစ်သုံးသန်းကတည်းက အစောပိုင်း သံသရာစက်ဝန်းအဆင့်မှာ ရပ်တန့်နေခဲ့သည်။ နောက်ထပ် မတိုးတတ်တော့ပေ။

အစက သူက မျှော်လင့်ချက်တချို့ ထားရှိခဲ့သည်။ သို့သော်လည်း နှစ်သုံးသန်းကြာအောင် နည်းနည်းမှ တိုးတတ်မလာသည့်အခါ သူက လက်လျော့လိုက်သည်။

သို့သော်လည်း ယင်းက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအား စတင်ယုတ်လျော့လာနေကြောင်း သူခံစားမိသွားသည်အထိ ကြာမြင့်ခဲ့သည်။

အကယ်၍ သူ၏ ကျင့်ကြံခြင်းက နောက်ထပ် မတိုးတတ်နိုင်တော့လျှင် သူက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ရလိမ့်မည်။

ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ပြီး အစမှ ပြန်ကျင့်ကြံမည်လော။

သို့မဟုတ် မြူခိုးကဲ့သို့ ပျောက်ကွယ်သွားမည်လော။

ဒူချန်းကူက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်မည့် အစီအစဉ်ကို အချိန်ကြန့်ကြာစေရန် အကောင်းဆုံး ကြိုးစားနေသည်။

သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့ကို မှီခိုအားထားနေသည့် အင်အားစုများ ရှိသည်။ အကယ်၍ သူက ချက်ချင်း ပြန်လည်မွေးဖွားလိုက်မည်ဆိုလျှင် သူ့ဂိုဏ်းက သေချာပေါက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

နှစ်ပေါင်းများစွာကြာအောင် အချိန်ကြန့်ကြာစေပြီးနောက် နောက်ဆုံးမှာ သူက နောက်ထပ် မဆွဲဆန့်နိုင်တော့ကြောင်း ရှာတွေ့သွားသည်။

အပြင်လူများ မသိကြသည်မှာ သူက သံသရာစက်ဝန်းအဆင့် တိုက်ပွဲစွမ်းအားကို မထုတ်ဖော်နိုင်တော့ပေ။ သူက အထွတ်အထိပ် ကမ္မအဆင့် တိုက်ပွဲစွမ်းအားကိုပင် မထုတ်ဖော်နိုင်တော့ပေ။

လွန်ခဲ့သော ဆယ်စုနှစ်တွင် ဒူချန်းကူက သူ့မှာရှိသော အရာအားလုံးကို အသုံးပြု၍ လေဟာပြင်မြို့တော်ဆီသို့ သွားရောက်နိုင်မည့် အခွင့်အရေးတစ်ခုကို လဲလှယ်ခဲ့သည်။

သို့သော်လည်း ထိုအခွင့်အရေးက တန်းစီစောင့်ဆိုင်းရန် လိုအပ်သည်။ အနည်းဆုံး အနှစ်သုံးရာကြာမြင့်လိမ့်မည်။

သူက နောက်ထပ် မစောင့်နိုင်တော့ပေ။ ထို့ကြောင့် လွန်ခဲ့သော သုံးနှစ်ခန့်တွင် သူက နတ်ဘုရားအမဲလိုက်ပွဲတော်မှာ ပါဝင်ရန် ပြောင်းလဲစာရင်းပေးခဲ့သည်။

နတ်ဘုရားအမဲလိုက်ပွဲတော်အတွက် တာဝန်မှာ မည်သည့်ကန့်သတ်ချက်မှ မရှိပေ။ သို့သော်လည်း တစ်စုံတစ်ယောက်၏ သေခြင်းရှင်ခြင်းက သူ့ကိုယ်သူပေါ်မှာသာ မူတည်လိမ့်မည်။

သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားတစ်ပါးကို အမဲလိုက်မည်။

ယင်းက ကျင့်ကြံခြင်းလောကတွင် ရယ်စရာကောင်းသော ပြက်လုံးဖြစ်သည်။

သို့တိုင် မဟာပန်သွန်ဘုံထဲတွင် ထိုပြက်လုံးကို လူအများအပြားက ယုံကြည်ကြသည်။

“ ဝီး ”

ရွှေရောင်အလင်းတန်းက သူ့အရှေ့မှ ဝင်္ကပါထဲမှ ထွက်ပေါ်လာသည်။

ဒူချန်းကူက သူ့အရှေ့မှ ပုံရိပ်များနောက်သို့ လိုက်၍ မြန်မြန်သွက်သွက် ရွေ့လျားလိုက်ပြီး အလင်းဝင်္ကပါ၏ အလယ်ထဲသို့ ခြေချလိုက်သည်။

လူအားလုံး အလင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်နှင့် ရွှေရောင်အလင်းက ကျင့်ကြံသူထောင်သောင်းချီကို ဖုံးလွှမ်းသွားသည်။ ဆွဲငင်အားက အပေါ်မှ ဆင်းသက်လာသည့်အခါ သူတို့က အချင်းမိုင်တစ်သန်းကျယ်ပြောသော ဟင်းလင်းပြင်ဝင်္ကပါတစ်ခုပေါ်မှာ ပြန်ပေါ်လာကြသည်။

ဝင်္ကပါ၏ အပေါ်တွင် အလွန်အားကောင်းသော သွေးချီစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။ သူတို့က ဝင်္ကပါ၏ ဘေးပတ်ဝန်းကျင်ဧရိယာမှာ စုဝေးလိုက်ကြသည်။

“ နတ်ဘုရားအမဲလိုက်ခရီးကို ကြည့်ရှုမယ့်လူတွေက မင်းတို့ရဲ့ သရုပ်တုံကင်ကို ယူပြီး အရှေ့ဘက် ခန်းဆောင်ထဲမှာ စုဝေးနေကြပါ ”

“ နတ်ဘုရားအမဲလိုက်ခရီးကို စစ်မြေပြင်မှာ သွားကြည့်မယ်လူတွေက အနောက်ဘက် ခန်းဆောင်ထဲမှာ စုဝေးနေကြပါ ”

“ နတ်ဘုရားအမဲလိုက်ပွဲတော်မှာ ပါဝင်ကြမယ့် ဂုဏ်သရေရှိဧည့်သည်တော်တွေအတွက်တော့ ကျုပ်တို့မှာ အထူးပြင်ဆင်မှုရှိပါတယ်… ခင်ဗျားတို့က ဒီနေရာမှာ စောင့်နေပေးကြပါ ”

“ အမြင့်ဆုံးအဆင့် အကာအကွယ်ကို ဝယ်ယူထားကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ပါးရဲ့ အကာအကွယ်ကို ဆယ်ရက်ကြာအောင် ရရှိကြပါမယ်… ကျေးဇူးပြုပြီး ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ဖော်ပြပေးပါ… ကျုပ်တို့ရဲ့ ထိပ်တန်းပညာရှင်တွေက ခင်ဗျားတို့ကို လိုက်စောင့်ရှောက်ပေးပါမယ် ”

…..

ဝင်္ကပါ၏ အပြင်ဘက်တွင် အော်သံများ ထွက်ပေါ်လာသည်။

သတင်းအချက်အလက်များ၏ ညွှန်ကြားမှုအောက်မှာ ဒူချန်းကူက လူအုပ်ကြီးနောက်သို့ လိုက်၍ ခန်းဆောင်တစ်ခု၏ အပြင်သို့ လျှောက်သွားသည်။

ထိုဧရိယာထဲမှာ ကျင့်ကြံသူများက ငန်းအုပ်ကြီးသဖွယ် စုဝေးနေကြသည်။ အရေအတွက်က မသိရပေ။

“ ဒီတစ်ခေါက် အမဲလိုက်မယ့် ပစ်မှတ်က ကောင်းကင်နင်းခြေမျိုးနွယ်ရဲ့ ထျန်းဝူနတ်သခင်ပဲ ”

“ ထျန်းဝူနတ်သခင်က လေဟာပြင်မြို့တော် အပြင်ဘက်ရဲ့ မဟာဝင်္ကပါထဲမှာ လမ်းပျောက်နေပြီး အင်အားစုအသီးသီးရဲ့ အကြိမ်သုံးထောင်ကျော် ဝိုင်းရံမှုကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့တယ် ”

“ မင်းတို့မှာ ဒီအတွေ့အကြုံကို ခံစားဖို့ ရက်တစ်ရာ အခွင့်အရေးရှိမယ်… ဒီရက်တစ်ရာအတွင်းမှာ မင်းတို့က သူ့ကို အမဲမလိုက်နိုင်ဘူးဆိုရင် မင်းတို့ရဲ့ အမဲလိုက်ခရီးစဉ်က အဆုံးသတ်သွားမယ် ”

“ မင်းတို့ထဲက တစ်စုံတစ်ယောက်က ထျန်းဝူနတ်သခင်ကို အမဲလိုက်နိုင်မယ်ဆိုရင် သူ့မှာရှိတဲ့ အရင်းအမြစ်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့်ရမယ်… ဒါ့အပြင် မင်းက မဟာပန်သွန်ဘုံဆီကနေ သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးတွေနဲ့ လေဟာပြင်မြို့တော်ဆီကနေ ဆုလာဘ်တွေ ရရှိဦးမယ် ”

“ အဲ့ဒါတွေပဲ မဟုတ်ဘူး… တခြားအရင်းအမြစ်တွေနဲ့ ဆုလာဘ်တွေလည်း ရှိသေးတယ် ”

“ ဒီအမဲလိုက်တာဝန်မှာ ကျင့်ကြံသူသုံးသန်းခြောက်သိန်းက ပါဝင်ကြလိမ့်မယ်… မင်းတို့ထဲမှာ ဘယ်သူက ထျန်းဝူနတ်သခင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ပြီး အဆုံးမဲ့တဲ့ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်သွားမလဲ… ”

“ ငါတို့စောင့်ကြည့်နေမယ်… ”

ထိုအော်သံက ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေလေရာ ကျင့်ကြံသူအများအပြားက သွေးပွက်ပွက်ဆူသွားကြသည်။

ဒူချန်းကူသည်လည်း စိတ်အားထက်သန်မှုကို ခံစားမိသွားသည်။ သူက နောက်ထပ် မစောင့်နိုင်တော့ဘဲ ထျန်းဝူနတ်သခင်ကို အမဲလိုက်ရန် ဆန္ဒပြင်းပြလာသည်။

“ သူတို့လှည့်စားတာကို မခံနဲ့… အဲ့ဒါက ခင်ဗျားတို့စိတ်ကူးထားသလို မဟုတ်ဘူး… အဲ့ဒီနတ်သခင်နားကို ကပ်ဖို့တောင် ကျုပ်တို့အတွက် မလွယ်ကူဘူး ”

“ ဒါ့အပြင် အာဏာရှင်အဆင့်အောက်က ဘယ်သူမှ အစွမ်းကုန်ထုတ်သုံးရင်တောင် နတ်ဘုရားတစ်ပါးကို အနာတရဖြစ်အောင် မလုပ်နိုင်ဘူး… ကျုပ်တို့ရဲ့ အတတ်ပညာတွေက နတ်ဘုရားကို အယားတောင် ပြေစေမှာမဟုတ်ဘူး ”

“ အဲ့ဒီဝေယွမ်မြို့စားက ကျုပ်တို့ဆီကနေ အရင်းအမြစ်တွေ ခြစ်ကုတ်ယူချင်နေတာ ထင်ရှားတယ် ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ဘေးဘီကို ကြည့်လိုက်ပြီး နောင်တရစွာ ပြောသည်။ သူ၏ မျက်နှာပေါ်မှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။

ဘေးပတ်ဝန်းကျင်မှ လူများက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

“ ကျုပ်က ဝေယွမ်မြို့စားကို အပုပ်ချနေတာ မဟုတ်ဘူး… ကျုပ် ဒီအမဲလိုက်ပွဲတော်မှာ ပါဝင်ခဲ့တာ အကြိမ်ငါးဆယ်ကျော်သွားပြီ ”

“ ကျုပ်ဘာပြောချင်တာလဲဆိုတာ မကြာခင် ခင်ဗျားတို့ နားလည်လာမှာပါ… ”

သူက စကားပြောနေရင်း လက်နှစ်ဖက်ကို အနောက်ပို့လိုက်ပြီး အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။

တခြားလူများက သူ့ထံမှ အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။

“ ကျွတ်… အကြိမ်ငါးဆယ်တောင် ပါဝင်ပြီးမှ အခုမှ လှည့်စားခံရတယ်လို့ ပြောနေတယ်… နတ်ဘုရားတွေကို အလွယ်တကူ အမဲလိုက်နိုင်မယ်လို့ တကယ်ကြီး သူထင်နေတာလား ”

“ ဟုတ်တယ်… နတ်ဘုရားတစ်ပါးနားကို ကပ်ခွင့်ရရုံနဲ့တင် ငါတို့ပေးထားတဲ့ အဖိုးအခနဲ့ တော်တော်လေး တန်နေပြီ… နတ်ဘုရားတစ်ပါးကို တိုက်ခိုက်ဖို့က စဉ်းတောင်မစဉ်းမိဘူး ”

“ ဟုတ်တယ်… ဘာပဲဖြစ်ဖြစ် အဲ့ဒါက နတ်ဘုရားမလား… ပုံမှန်အခြေအနေမှာဆိုရင် နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါအောက်မှာ ငါက မတ်တတ်တောင် မရပ်နိုင်ဘူး… အရင်တစ်ခေါက် အမဲလိုက်ပွဲတော်တုန်းက နတ်ဘုရားတစ်ပါးနဲ့ ငါတွေ့ဆုံခဲ့တယ်… မဟာပန်သွန်ဘုံဆီ ပြန်ရောက်သွားတော့ ငါ့ရဲ့ ကျင့်ကြံခြင်းက အဆင့်ချိုးဖြတ်သွားတယ် ”

“ မင်း နတ်ဘုရားတစ်ပါးကို အနိုင်မတိုက်နိုင်တာနဲ့ တခြားလူတွေက အနိုင်မတိုက်နိုင်တော့ဘူးလို့ မဆိုလိုဘူး ”

နတ်ဘုရားကို သတ်ဖြတ်နိုင်သည့်လူက သူတို့ဖြစ်နိုင်သည်ဟု လူအများအပြားက စိတ်ကူးယဉ်နေကြဆဲပင်။

အဝေးမှ ရွှေရောင်ပုံရိပ်လွှာ၏ အရှေ့တွင် ဟန်မူယဲ့သည် လက်နှစ်ဖက်ကို အနောက်ပစ်လျက် မတ်တတ်ရပ်နေသည်။

သူ၏ ဘေးပတ်ပတ်လည်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ဒါဇင်ခန့်က အရှိန်အဝါဖုံးကွယ်ထားလျက် ရပ်နေကြသည်။

“ ထျန်းဝူနတ်သခင်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ ”

ဟန်မူယဲ့က မေးသည်။

“ ဝေယွမ်မြို့စားကို တင်ပြပါတယ်… ထျန်းဝူနတ်သခင်က ကြိုးအဆုံးကို ရောက်နေပါပြီ… သူ့မှာ ဘာတန်ဖိုးမှ မရှိတော့ပါဘူး ”

နတ်ဘုရားတစ်ပါးက စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် တင်ပြသည်။

ကောင်းကင်နင်းခြေမျိုးနွယ်၏ နတ်ဘုရားတစ်ပါးက ဆက်ပြီး အသက်မရှင်ချင်တော့သည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သူ့ထံမှ တန်ဖိုးရှိသော အရာအားလုံးက ခြစ်ကုတ်ယူဆောင်ခံလိုက်ရကြောင်း သူတို့မြင်တွေ့ခဲ့ရသည်။

ထိုမြင်ကွင်းကို ကြည့်နေစဉ် သူတို့အဖြစ်က ယုန်သေဆုံးမှုအတွက် ဝမ်းနည်းနေသော မြေခွေးနှင့် ဆင်တူသွားသည်။

မှန်ပေသည်။ ထျန်းဝူနတ်သခင်ထံမှ အရင်းအမြစ်များကို ယူဆောင်ခဲ့ကြသည့် လူများထဲမှာ သူတို့ကိုယ်တိုင်လည်း ပါဝင်ကြသည်။ သူတို့က ထျန်းဝူနတ်သခင်ကို အသုံးချ၍ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို လေ့ကျင့်ခဲ့ကြသည်။

ဤနေရာမှာ ရှိနေကြသော နတ်ဘုရားများထဲမှ မည်သူမဆို ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ကြသည်။

ခြေကုန်လက်ပန်းကျနေပြီး ကြိုးအဆုံးသို့ ရောက်နေသော ထျန်းဝူနတ်သခင်အတွက်တော့ သူတို့ထဲမှ မည်သူမဆို သူ့ကို လက်တစ်ဖက်တည်းဖြင့် အဆုံးသတ်ပေးနိုင်သည်။

မူလစွမ်းအား ခမ်းခြောက်နေသော နတ်ဘုရားတစ်ပါးက အတုအယောင် နတ်ဘုရားတစ်ပါးနှင့် မခြားပေ။

“ ဒါဆိုရင် ဒီအခွင့်အရေးကို အသုံးချပြီး နတ်ဘုရားအမဲလိုက်ပွဲတော်ကို ပိုပြီးစည်ကားအောင် လုပ်ကြတာပေါ့ ”

ဟန်မူယဲ့က အလင်းပုံရိပ်လွှာမှတဆင့် ဤတစ်ကြိမ် အမဲလိုက်ပွဲတော်မှာ ပါဝင်ကြမည့် လူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူ၏ အကြည့်က စိုးရိမ်ကြောင့်ကြနေသော ဒူချန်းကူပေါ်သို့ ကျရောက်သွားသည်။

“ သူ့ကို ရွေးလိုက်ပြီ ”

…..

ဒူချန်းကူက အမဲလိုက်စစ်တပ်နှင့်အတူ အရှေ့သို့ ရွေ့လျားသွားသည်။

စစ်သည်တော်သုံးသန်းကျော်က ပြန့်ကျဲနေစဉ် ကျင့်ကြံသူတစ်သောင်းက အတူတကွ စုဝေးနေကြသည်။

သူတို့က လွင့်မျောယာဉ်တစ်စင်း၏ လမ်းညွှန်မှုအောက်မှာ အရှေ့သို့ ဦးတည်သွားနေကြသည်။

စစ်တပ်နောက်မှ ဆယ်ရက်ကျော်ကြာအောင် လိုက်သွားပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံများက အဝေးမှ ထွက်ပေါ်လာသည်။

“ အဲ့ဒါ ထျန်းဝူနတ်သခင် ”

အရှေ့မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ဒူချန်းကူက ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်နင်းခြေနတ်သားရဲက ရုပ်ခန္ဓာကိုယ်ပဲ သန်မာတယ်လို့ သူ့ကို ဘယ်သူပြောခဲ့တာလဲ… ။

နတ်ဘုရားတွေကို အမဲလိုက်နိုင်တယ်လို့ သူ့ကို ဘယ်သူပြောခဲ့တာလဲ… ။

သူ့အရှေ့၌ တည်ရှိနေသည်မှာ ဧရာမကြယ်တစ်လုံး ဖြစ်သည်။

ထိုကောင်းကင်နင်းခြေနတ်သားရဲ၏ အရှေ့မှာ သူက ပုရွက်ဆိတ်တစ်ကောင်ထက်ပင် ပိုပြီးသေးငယ်သည်။

ဒီလောက် သန်မာတဲ့ နတ်ဘုရားတစ်ပါးကို အမဲလိုက်ရမယ်လား… ။

အဲ့ဒါက ရယ်စရာမကောင်းတဲ့ ပြက်လုံးပဲ… ။

သူတစ်ယောက်တည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ လူတိုင်းက တူညီသောအရာကို တွေးနေကြသည်။

“ ထျန်းဝူနတ်သခင်ရဲ့ အနောက်ကို လွတ်လွတ်လပ်လပ် ငါတို့ရွေ့လျားနိုင်တယ်… လေဟာပြင်မြို့တော်ရဲ့ မဟာဝင်္ကပါစွမ်းအားက ငါတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးလိမ့်မယ် ”

“ အားလုံးပဲ အသင့်ပြင်ထားကြ… ငါတို့မှာ ဆယ်ခါအသက်ရှူချိန်ပဲ အခွင့်အရေးရှိတယ်… ဆယ်ခါအသက်ရှူချိန်ထက် ပိုနေမယ်ဆိုရင် နတ်ဘုရားရဲ့ စွမ်းအားအရှိန်အဝါကြောင့် ငါတို့ရဲ့ ခန္ဓာကိုယ်က တိုက်ရိုက် ပြိုကွဲသွားလိမ့်မယ် ”

အော်သံက သူတို့၏ အရှေ့မှ လွင့်မျောယာဉ်ထဲမှ ထွက်ပေါ်လာသည်။

ယာဉ်ပျံနောက်မှ ကျင့်ကြံသူတစ်သောင်းက စိုးရိမ်ကြောင့်ကြစွာ စောင့်ဆိုင်းကြသည်။

“ အသင့်ပြင်ထားကြ ”

“ တစ်ဆယ် ”

“ ကိုး ”

…..

“ တိုက်ကြ ”

မျက်စိမှိတ်ထားသော ဒူချန်းကူက တခြားလူများကဲ့သို့ သူ၏ အသန်မာဆုံး တိုက်ခိုက်မှုကို ဟင်းလင်းပြင်ဆီသို့ စေလွှတ်လိုက်သည်။

ထို့နောက် သူက အင်အားကုန်ခမ်းမှုကို ခံစားမိသွားစဉ် လွင့်မျောယာဉ်ထံမှ ဆွဲငင်အားကြောင့် အဝေးသို့ ပျံသန်းသွားသည်။

“ ဘန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ဒူချန်းကူက မဝံ့မရဲ မျက်လုံးဖွင့်လိုက်ပြီး ကြည့်လိုက်သည်။

သူ၏ အရှေ့တွင် သူ့ဘဝ၌ တစ်ခါမှ မမြင်ဖူးသော အံ့ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ကြယ်တစ်လုံးကဲ့သို့ အရွယ်အစား ကြီးမားသော ကောင်းကင်ဘုံခန္ဓာကိုယ်က သူ့အရှေ့မှာ တစ်လက်မချင်းစီ အက်ကွဲသွားသည်။

ကမ္ဘာတစ်ခု၏ မိုးမြေနှင့် နှိုင်းယှဉ်နိုင်သော ကောင်းကင်နင်းခြေနတ်သားရဲ၏ ဧရာမခန္ဓာကိုယ်က မရေမတွက်နိုင်သော သွေးချီကျောက်တုံးများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။

ထိုမြင်ကွင်းက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်။

နတ်ဘုရားတစ်ပါး၏ ပြိုကွဲမှုမှ ထွက်ပေါ်လာသော အားလှိုင်းဂယက်များကြောင့် ဟင်းလင်းပြင်ထဲမှ မိုးမြေစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ မူလစွမ်းအားက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး ထွက်ပြေးချင်နေကြသော လူများနှင့် ယာဉ်ပျံများကို ဖုံးလွှမ်းသွားကာ သူတို့ကို မူလနေရာဆီသို့ ဆွဲခေါ်သွားသည်။

“ နတ်ဘုရားတစ်ပါးက… တကယ် ကျဆုံးသွားတယ်… ”

All Chapters