အခန်း (၁၇၁၆)
Vol. 123 Ch. 1716
အခန်း(၁၇၁၆)
ပုံရိပ်ယောင်အလွှာ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွားသည်။
ဓားတစ်လက်ပြီးတစ်လက် ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ထာဝရဓားစင်မြင့်ပေါ်သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တတ်သွားသည်။ တစ်ချိန်တည်းမှာ ဓားတာအိုအပေါ် သူ၏ ဆင်ခြင်နားလည်မှုက ပိုပြီးနက်ရှိုင်းလာသည်။
ဤလောကတွင် အရှေ့သို့ သွားရန် တားဆီးနေသောအရာ မရှိပေ။
အတားအဆီးများဆိုသည်မှာ အနှောင်အဖွဲ့များမှလွဲ၍ တခြားမဟုတ်ပေ။
တစ်စုံတစ်ယောက်က အရှေ့သို့ ဆက်သွားရန် ထိုအနှောင်အဖွဲ့များကို ဓားဖြင့် ဖြတ်တောက်ပစ်ရမည်။
မည်သည့်မျိုးနွယ်စုဖြစ်ပါစေ သို့မဟုတ် မည်သည့်အဆင့်အတန်းဖြစ်ပါစေ သက်ရှိအားလုံးဆီမှာ သေမျိုးအနှောင်အဖွဲ့များ ရှိကြစမြဲပင်။ သို့မဟုတ် မိုးမြေအနှောင်အဖွဲ့များ၊ ရန်သူမိတ်ဆွေအနှောင်အဖွဲ့များ ရှိကြသည်။
ဓားသမားတစ်ယောက်အနေဖြင့် လုပ်ဆောင်ရမည်မှာ ထိုအနှောင်အဖွဲ့များကို ထက်ရှရှဓားတစ်လက်ဖြင့် ဖြတ်တောက်ပစ်ရန် ဖြစ်သည်။ သို့မှသာလျှင် အရှေ့သို့ လွတ်လပ်စွာ ဆက်သွားနိုင်လိမ့်မည်။
ပုံရိပ်ယောင်မည်မျှကို သူဖြတ်ကျော်ခဲ့ကြောင်း အချိန်မည်မျှကုန်လွန်သွားကြောင်း ဟန်မူယဲ့ မသိတော့ပေ။
သို့သော်လည်း ယခု သူက ခေါင်းဖြူအဖိုးအိုတစ်ယောက်၏ အရှေ့မှာ ရပ်နေသည်။
“ မင်း မောပန်းနေပြီလား ”
ခေါင်းဖြူအဖိုးအိုက သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ မေးသည်။
မောတယ်လား… ။
မှန်ပေ၏။ သူ အလွန်မောပန်းနေသည်။
ယင်းက ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ် နှစ်မျိုးစလုံးကို စစ်ဆေးသော စမ်းသပ်မှုဖြစ်ကြောင်း သူသိသည်။ ယင်းကို သူပြန်ဖြေရန် မလိုပေ။
“ အဲ့လိုလုပ်ရတာ တန်လို့လား ”
အဖိုးအိုက ထပ်မံ မေးသည်။
ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို ကြည့်လိုက်သည်။
ထိုဓား၏ ပိုင်ရှင်သည် ဓားတာအိုကို နှစ်တစ်ထောင်ကြာ ကျင့်ကြံခဲ့သော ကနဦးမူလအဆင့် ကျင့်ကြံသူတစ်ဦး၏ ဓားဖြစ်သည်။
ထိုဓားကျင့်ကြံသူ၏ ဂိုဏ်းသည် ပုံရိပ်ယောင်နယ်မြေထဲမှာ ဂိုဏ်းငယ်တစ်ခုမှ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် အင်အားကြီးမားလာသည်။
သို့တိုင် ထိုဓားကျင့်ကြံသူသည် အစွမ်းထက်ရန်သူတစ်ယောက်ဖြင့် တွေ့ကြုံခဲ့သည်။ အရေးကြီးအခိုက်အတန့်မှာ သူတည်ထောင်ခဲ့သော ဂိုဏ်းက သူ့ကို မကယ်တင်ပေးသည့်အပြင် သူ့ရန်သူကို ကူညီပေးပြီး သူ့ကို ဒဏ်ရာအပြင်းအထန် ရစေသည်။
ဓားကျင့်ကြံသူက ဒေါသအကြီးအကျယ် ထွက်သွားပြီး သူတည်ထောင်ခဲ့သော ဂိုဏ်းကို သူ့ဓားဖြင့် ဖျက်ဆီးပစ်ခဲ့သည်။
ထိုပုံရိပ်ယောင်နယ်မြေထဲတွင် ဟန်မူယဲ့က ဓားကျင့်ကြံသူ တည်ထောင်ခဲ့သော ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ခဲ့သည်။ သူက ဂိုဏ်းနှင့်အတူ တဖြည်းဖြည်း အင်အားကြီးမားလာပြီး ဓားကျင့်ကြံသူ၏ လက်အောက်တွင် အသန်မာဆုံး အငယ်တန်းတပည့်ဖြစ်လာသည်။
နောက်ဆုံးတိုက်ပွဲတွင် ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ဓားက ဓားကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
“ ကောင်လေး… အခုကစပြီး ဓားဂိုဏ်းက မင်းရဲ့ လက်ထဲမှာပဲ ”
စိတ်ဝိညာဉ် ပျက်စီးသွားနေသော ဓားကျင့်ကြံသူက ဟန်မူယဲ့ကို ကြည့်၍ ပြောသည်။ သူက ဒေါသမထွက်ပေ။ ယင်းအစား သူက စိတ်သက်သာရာရသွားသည်။
“ အဲ့ဒါ ထိုက်တန်လို့လား ”
ယင်းက ထိုဓားကျင့်ကြံသူကို ဟန်မူယဲ့မေးခဲ့သော စကားဖြစ်သည်။
ကျင့်ကြံခြင်းသည် အနှောင်အဖွဲ့များကို စွန့်လွှတ်ပြီး ကိုယ်တစ်ယောက်တည်း အရှေ့သို့ ဆက်သွားရသော ခရီးစဉ်ဖြစ်သည်။
အနှောင်အဖွဲ့များကို လက်ထဲမှ ဓားဖြင့် ဖြတ်တောက်သင့်သည်။ အနှောင်အဖွဲ့က ပိုပြီးများပြားလေ အတားအဆီးများက ပိုပြီးများလေပင်။ သို့မဟုတ်လျှင် တစ်စုံတစ်ယောက်က တွင်းနက်ထဲမှာ နစ်မြုပ်သွားလိမ့်မည်။
ထိုဓားကျင့်ကြံသူသည် အစတွင် အရာအားလုံးကို လက်လွှတ်ပြီး သူ့နှလုံးသားထဲမှ မဟာလမ်းစဉ်နောက်သို့ လျှောက်လှမ်းနိုင်ပေသည်။
“ ကနဦးမူလအဆင့်ကနေ နောက်ထပ် ငါမတိုးတတ်နိုင်တော့ဘူးဆိုတာ သိလိုက်ကတည်းက တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုမျှော်လင့်ထားပြီးသားပါ ”
“ ဒီနေ့ကို အမြဲတမ်း ငါစောင့်ဆိုင်းနေခဲ့တာ ”
ဓားကျင့်ကြံသူက တည်ငြိမ်အေးချမ်းသော အမူအရာဖြင့် ပြောသည်။
“ ကျင့်ကြံခြင်းလောကက ငါတို့ထင်နေသလို မဟုတ်ဘူး… ဒါပေမဲ့ တာအိုက ငါတို့ကို အရှေ့ဆက်မသွားနိုင်အောင် တားဆီးနေတယ် ”
“ ငါတို့ရပ်တန့်လိုက်တဲ့အခါ တာအိုကို ရှာဖွေနိုင်မယ့် အခွင့်အရေးက ဆုံးရှုံးသွားတယ် ”
“ ဒီဘဝမှာ ငါ့အတွက် အခွင့်အရေးမရှိတော့ဘူး… အခု မင်းအလှည့်ပဲ ”
မဟာတာအိုကို ရှာဖွေခြင်း… ။
အကယ်၍ ထိုဓားကျင့်ကြံသူ၏ အရှေ့မှာ ရပ်နေသည့်လူက တခြားတစ်ယောက်ဆိုလျှင် ထိုသူ၏ အတွေးများက ဖရိုဖရဲဖြစ်သွားလိမ့်မည်။
မဟာတာအိုနောက်သို့ လိုက်သွားနေစဉ် ယင်း၏ နာကျင်မှုကို ခံစားမိသွားသည့်အခါ မဟာတာအိုကို စွန့်လွှတ်လိုက်သည်။
ယင်းက တစ်စုံတစ်ယောက်၏ တာအိုအမြူတေကို အက်ကွဲစေနိုင်သည်။
သို့သော်လည်း ဟန်မူယဲ့က ခြားနားသည်။
သူက ကျင့်ကြံခြင်းလမ်းစဉ်တွင် ဖန်ဆင်းရှင်အောက်၌ အသန်မာဆုံးဖြစ်လာသည်အထိ တစိုက်မတ်မတ် လျှောက်လှမ်းခဲ့သည်။ သူ၏ စိတ်ဓာတ်ပြတ်သားမှုက မည်သို့မှ မယိမ်းယိုင်နိုင်အောင် အလွန်မြဲမြံသည်။
သူက မရေမတွက်နိုင်သော ဓားများကို ဆင်ခြင်နားလည်ခဲ့ပြီး အဆုံးမဲ့သော အတွေ့အကြုံများကို ဖြတ်သန်းခဲ့သည်။
မရေမတွက်နိုင်သော ထိုဉာဏ်အလင်းများက သူ့အား ဤလောက၏ မြူခိုးများကို ထွင်းဖောက်မြင်နိုင်စေသည်။
“ တကယ်တော့… ခင်ဗျား ကျုပ်ကို အဲ့ဒီလိုမေးကတည်းက ခင်ဗျားရဲ့ နှလုံးသားထဲမှာ သံသယရှိနေပြီဆိုတာ ထင်ရှားတယ် ”
ဟန်မူယဲ့က သူ့အရှေ့မှ အဖိုးအိုကို ကြည့်လိုက်ပြီး သူ့လက်ထဲမှ ဓားကို ညင်သာစွာ မြှောက်လိုက်သည်။
“ ငါ ဟန်မူယဲ့က ဒီအထိ လျှောက်လာခဲ့ပြီးပြီ… ထာဝရဓားစင်မြင့်ရဲ့ ထိပ်ဖျားဆီ ရောက်ဖို့ ဘယ်လိုအရာကမှ ငါ့ကို မတားဆီးနိုင်ဘူး ”
သူ့စကား ဆုံးသွားသည်နှင့် ဓားရှည်က အဆုံးမဲ့သော ထွန်းလင်းတောက်ပမှုကို ထုတ်လွှတ်လိုက်သည်။
လောကကို ထွန်းလင်းသွားစေမည့် ထိုဓားချက်က သူ့အရှေ့မှ အတားအဆီးအားလုံးကို ဖြတ်တောက်လိုက်သည်။
ဟန်မူယဲ့၏ ဓားချက်ကြောင့် နှစ်ပိုင်းကွဲထွက်သွားသော အဖိုးအိုက ခပ်ရေးရေး ပြုံးလိုက်သည်။
“ ဗုန်း ”
မိုးမြေကြားတွင် အရာအားလုံးက ကြည်လင်ရှင်းလင်းသွားသည်။
အတိတ်မှာ ပျောက်ကွယ်သွားခဲ့သော ထာဝရဓားစင်မြင့်၏ လှေကားထစ်များက ဟန်မူယဲ့၏ အရှေ့မှာ ပြန်ပေါ်လာသည်။
ယခု သူက လှေကားထစ်တစ်သောင်း၏ အပေါ်မှာ မတ်တတ်ရပ်နေသည်။
“ အံ့ဩစရာပဲ… တစ်ရက်တည်းနဲ့ လှေကားထစ်တစ်သောင်းကို တတ်သွားနိုင်တယ်… ဝေယွမ်မြို့စားရဲ့ ဓားတာအိုက ငါတို့စိတ်ကူးမယဉ်နိုင်အောင် အရမ်းသန်မာတယ် ”
“ လွန်ခဲ့တဲ့ အနှစ်တစ်သန်းအတွင်း ထာဝရဓားစင်မြင့်ကို စိန်ခေါ်ခဲ့တဲ့ လူတွေထဲမှာ လှေကားထစ်တစ်သောင်းကို တစ်ရက်တည်းနဲ့ တတ်လှမ်းနိုင်တဲ့လူက ဝေယွမ်မြို့စားတစ်ယောက်တည်းပဲ ရှိတယ် ”
ကျောက်တုံးလှေကားအောက်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး အောက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အပေါ်သို့ တတ်သွားသည်။
“ ဗုန်း ”
သူ့အရှေ့တွင် ကောင်းကင်ဘုံကို ထောက်ပံ့ထားသော ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး သူ့အပေါ်သို့ တန်းမတ်စွာ ခုတ်ပိုင်းလိုက်သည်။
“ လေးလံမှုကို အသုံးပြုပြီး ပေါ့ပါးမှုကို အနိုင်လိုချင်တာလား ”
ဟန်မူယဲ့က တီးတိုးပြောလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ဓားက မျှော်စင်တစ်ခုပမာ အရွယ်အစားကြီးမားသွားပြီး သူ့အရှေ့မှ ဓားရှည်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်ပေါ်မှ ဓားရှည်က အက်ကွဲသွားသည့်အခါ ဟန်မူယဲ့က အပေါ်သို့ ခြေတစ်လှမ်း တတ်လိုက်သည်။
“ ဟမ် ”
ထိုစဉ် ဟန်မူယဲ့၏ ခြေလှမ်းက ရပ်တန့်သွားသည်။
အစောနက အက်ကွဲသွားသော ဓားရှည်က သံကြိုးတစ်ချောင်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။
အရေးကြီးဆုံးမှာ ထိုဓားသံကြိုးက သူမှတ်မိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ ဆရာမိုယွမ် ”
လေးလံခြင်းနိယာမမှ ပေါ့ပါးခြင်းနိယာမသို့ ပြောင်းလဲခြင်းက ဆရာမိုယွမ်တတ်ကျွမ်းသောအရာ ဖြစ်သည်။
ဟန်မူယဲ့က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဓားရှည်တစ်လက်က သူ၏ ရင်ဘက်တည့်တည့်ဆီသို့ တိုးဝင်လာသည်။
ထိုဓားရှည်ကို သူဖျက်ဆီးလိုက်သည့်အခါ ယင်းက နောက်ထပ် သံကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
“ ဟွမ်ခြောက်… ”
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ဓားအလင်းများက ဟန်မူယဲ့သိကျွမ်းသော ဓားအနှစ်သာရများအဖြစ် ပြောင်းလဲသွားသည်။
နောက်ထပ် လှေကားထစ်တစ်သောင်း တတ်လှမ်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဓားသံကြိုးအချောင်းတစ်သောင်း ပြည့်သွားသည်။
လှေကားထစ်တစ်သိန်းကို သူဖြတ်ကျော်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားသံကြိုးများက တစ်သိန်းရှိသွားသည်။ ဓားသံကြိုးများက သူ၏ ခန္ဓာကိုယ်ကို အထပ်ထပ် ရစ်ပတ်ချုပ်နှောင်ထားသည်။ ယင်းတို့က ပုံရိပ်ယောင်ဖြစ်သော်လည်း ဓားသံကြိုးများ၏ တည်ရှိမှုကြောင့် သူ၏ ဓားချက်များက လေးလံနှေးကွေးလာသည်။
ဓားစင်မြင့်၏ အောက်တွင် လူတိုင်း၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ ဓားကျင့်ကြံသူတစ်ယောက်က ဓားနှောင်ကြိုးတစ်သိန်းကို သယ်ဆောင်ပြီး အရှေ့ဆက်သွားနိုင်တာကို အရင်က တစ်ခါမှ ငါမမြင်ခဲ့ဖူးဘူး ”
“ ဒါပေမဲ့ အဲ့ဒါက မမှန်ဘူး… ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ခြေလှမ်းတိုင်းမှာ နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ရမယ်… ဘာလို့ သူက အဲ့လောက်များတဲ့ နှောင်ကြိုးတွေကို သိမ်းဆည်းထားတာလဲ ”
ဓားကျင့်ကြံသူအားလုံးက ဇဝေဇဝါဖြစ်သွားကြသည်။
ဟန်မူယဲ့၏ ခွန်အားက အလွန်ရှိန်လောက်ဖွယ်ကောင်း၏။ သို့တိုင် သူ့မှာ ထိုမျှများပြားသော အနှောင်အဖွဲ့များ ရှိနေသည်။ ယင်းက စင်မြင့်အောက်မှ ဓားကျင့်ကြံသူများကို အံ့ဩသွားစေသည်။
ဤကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်ဆီမှာ ထိုမျှများပြားသော အနှောင်အဖွဲ့များရှိနေလျှင် သူက အရှေ့သို့ ဆက်သွားနိုင်ဦးမည်လော။
“ ဗုန်း ”
ဟန်မူယဲ့က သူ၏ ဓားကို လွှဲယမ်းလိုက်သည်။ သူ့အရှေ့မှ ဓားရှည်က အက်ကွဲသွားပြီး သံကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်လေရာ သူ့အရှေ့မှာ တည်ရှိနေသော အဆုံးမဲ့လှေကားထစ်များကို မြင်သွားသည်။
“ ငါနားလည်ပြီ… တကယ်လို့ ငါ့ကိုယ်ပေါ်က အဲ့ဒီသံကြိုးတွေကို အခု ဖြတ်တောက်လိုက်မယ်ဆိုရင် ငါက ဖန်ဆင်းရှင်တစ်ပါး ချက်ချင်း ဖြစ်လာလိမ့်မယ်မလား ”
“ ဆန့်ကျင်ဘက်အနေနဲ့ တကယ်လို့ ငါက အဲ့လောက်များပြားတဲ့ အနှောင်အဖွဲ့တွေကို ဆက်ပြီး သိမ်းဆည်းထားမယ်ဆိုရင် ဒီဘဝမှာ ဘယ်တော့မှ ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာမှာမဟုတ်ဘူး ”
ဟန်မူယဲ့က နူးညံ့စွာ ရေရွတ်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။ တောက်ပသော အလင်းပုံရိပ်လွှာများက သူ၏ ဓားပေါ်မှာ ထွက်ပေါ်လာကြသည်။
“ ကောင်းပြီ… ဒါဆိုရင် ဘယ်လောက်များပြားတဲ့ အနှောင်အဖွဲ့တွေကို ငါသယ်ဆောင်နိုင်မလဲ… ဘယ်လောက်အဝေးထိ ငါသွားနိုင်ဦးမလဲ ကြည့်ရအောင် ”
“ ဗုန်း ”
ဓားရှည်ထွက်ပေါ်လာသည်နှင့် အဖြူအနက်ဓားအလင်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဓားအလင်းက မရေမတွက်နိုင်သော ဓားများအဖြစ် ပြောင်းလဲသွားသည်။
ဤတစ်ကြိမ်တွင် သူက တစ်လှမ်းချင်း မလျှောက်တော့ပေ။ ယင်းအစား သူက လှေကားထစ်များပေါ်သို့ တစ်ဟုန်ထိုး ပြေးသွားသည်။
သူ့အရှေ့၌ မည်သည့်အတားဆီးများ ထွက်ပေါ်လာပါစေ ကိစ္စမရှိပေ။
သူက ဓားတစ်ချက်ဖြင့် အတားအဆီးမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။
သူ့အရှေ့မှာ လှေကားထစ်များက အဆုံးမဲ့စွာ ဆန့်တန်းနေဟန် ရ၏။ သို့သော်လည်း ယင်းက သူ၏ အမြန်နှုန်းကို မယှဉ်နိုင်ပေ။
အမည်မသိ အချိန်ကာလတစ်ခုကြာပြီးနောက် သူက ရပ်တန့်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ဓားသံကြိုးများက သန်းပေါင်းများစွာ ရှိသွားသည်။
ယင်းတို့အားလုံးက သေမျိုးလောက၊ ကျင့်ကြံခြင်းလောက၏ အနှောင်အဖွဲ့များ ဖြစ်ကြသည်။
နောက်ဆုံးတွင် ဟန်မူယဲ့၏ အရှေ့မှာ အိမ်ငယ်တစ်လုံး ထွက်ပေါ်လာသည်။
ထိုအိမ်သည် အတိတ်မှ အံ့ဖွယ်ကိုးပါးတောင်ပေါ်မှ ဓားစံအိမ်ကဲ့သို့ ရှေးကျသော အရှိန်အဝါနှင့် ဓားတာအိုအနှစ်သာရကို ထုတ်လွှတ်နေသည်။
“ ငါမြန်နိုင်သမျှမြန်မြန် လျှောက်သွားနိုင်သရွေ့… ဝေးနိုင်သမျှအဝေးကို ငါဆက်သွားနိုင်သရွေ့ ဓားတာအိုမှာတောင် အဆုံးသတ်ရှိလာလိမ့်မယ် မဟုတ်လား ”
“ ဖန်ဆင်းရှင်ဓားတာအိုက လူပုဂ္ဂိုလ်ပေါ်မှာ မကန့်သတ်ထားဘူး… ဒီတော့ ငါက ဘာလို့ တခြားလူတွေရဲ့ ဓားတာအိုနောက်ကို လိုက်ရမှာလဲ ”
ဟန်မူယဲ့က သူ၏ ဓားကို အရှေ့သို့ ချိန်ရွယ်လိုက်လေရာ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။
မိုးမြေသည်ပင် သူ့မျက်လုံးထဲမှ အလင်းကို မဖုံးကွယ်နိုင်ပေ။
“ ဒီနေ့ ငါက ဓားတာအိုရဲ့ အထွတ်အထိပ်ကို တတ်လှမ်းပြီး ဖန်ဆင်းရှင်ဓားတာအိုက ဘယ်လိုမျိုးလဲဆိုတာ ငါဘာသာကြည့်မယ် ”