အခန်း (၁၇၁၁)
Vol. 123 Ch. 1711
အခန်း(၁၇၁၁)
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ကြယ်သားရဲတစ်ကောင်က အရှေ့သို့ ပြေးသွားနေသည်။
ဟန်မူယဲ့က အနက်ရောင်ကြယ်သားရဲ၏ ကျောပေါ်မှာ မတ်တတ်ရပ်နေရင်း သူ့အရှေ့မှ စစ်မြေပြင်ကို လှမ်းကြည့်လိုက်သည်။
မရေမတွက်နိုင်သော ကောင်းကင်နင်းခြေနတ်သားရဲများက ဘီလီယံနှင့်ချီကျယ်ပြောသော ဟင်းလင်းပြင်ထဲမှာ တန်းစီနေကြသည်။ အခြားတစ်ဖက်တွင် သန်းနှင့်ချီသော ကျင့်ကြံသူများက ခံစစ်ပုံစံ ပြင်ဆင်ထားကြပြီး ကောင်းကင်နင်းခြေနတ်သားရဲများဆီသို့ ချီတတ်သွားနေကြသည်။
အတိတ်တွင် ဟင်းလင်းပြင်ထဲမှာ ကောင်းကင်နင်းခြေမျိုးနွယ်နှင့် ရင်ဆိုင်ရခြင်းက မရှောင်လွှဲနိုင်သော အန္တရာယ်ဖြစ်ခဲ့သည်။
မည်သို့ဖြစ်ပါစေ ထိုသို့အင်အားကြီးမားသော နတ်သားရဲများကို မည်သူမှ ထိပ်တိုက် မရင်ဆိုင်ချင်ကြပေ။
သို့သော်လည်း ယခု အခြေအနေက ကွဲပြားခြားနားသည်။ သူတို့ဘက်မှာ အရေအတွက် အသာစီးရရှိထားသည်။
ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို အကြိမ်ကြိမ် ဝိုင်းရံပြီး သတ်ဖြတ်နိုင်မည်ဆိုလျှင် သူတို့က နောင်အနှစ်တစ်သိန်းကြာအောင် အရင်းအမြစ်များ ပူပန်စရာ မလိုတော့ပေ။
ကောင်းကင်နင်းခြေမျိုးနွယ်က အလွန်သန်မာသည်။ သို့သော်လည်း သူတို့က အရေအတွက်ထောင်သောင်းချီ ပိုများပြားသော ရန်သူ့စစ်တပ်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို အလွယ်တကူ မတွန်းလှန်နိုင်ကြပေ။
အထူးသဖြင့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အများအပြားက စစ်မြေပြင်၏ အပြင်ဘက်၌ စောင့်ကြပ်နေကြသည်။
“ ဒေါင် ”
“ ဒေါင် ”
“ ဒေါင် ”
ဟင်းလင်းပြင်ထဲတွင် ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည်။
အသစ်ရောက်လာသော ကောင်းကင်နင်းခြေနတ်သားရဲ၏ လည်ပင်းအောက်တွင် အရွယ်အစားကြီးမားသော ရွှေခေါင်းလောင်းက တဒေါင်ဒေါင်မြည်နေသည်။
အရှေ့သို့ ချီတတ်သွားနေကြသော ကောင်းကင်နင်းခြေနတ်သားရဲအားလုံးက ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှ သွေးဆာမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ ထျန်းကူနတ်သခင် ”
“ ထျန်းကူနတ်သခင် ကျုပ်တို့ကို ဦးဆောင်ပြီး တိုက်ပေးပါ ”
“ ထျန်းကူနတ်သခင် ရေကုန်ရေခမ်း တိုက်ရအောင် ”
အော်သံများက ကောင်းကင်နင်းခြေနတ်သားများထံမှ ထွက်ပေါ်လာသည်။
စစ်မြေပြင်၏ ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေကြသော နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသည်လည်း ပျံသန်းထွက်လာကြပြီး ထျန်းကူနတ်သခင်၏ အရှေ့မှာ ရပ်လိုက်ကြသည်။
သို့သော်လည်း လူတိုင်းက ခေါင်းမော့လိုက်သည့်အခါ ထျန်းကူနတ်သခင်၏ ကျောပေါ်တွင် ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေကြောင်း ရှာတွေ့သွားကြသည်။
“ အဲ့ဒါ ဝေယွမ်မြို့စားပဲ ”
အံ့ဩသော အော်သံများ ထွက်ပေါ်လာသည်။
ထျန်းကူနတ်သခင်၏ ကျောပေါ်မှာ ရပ်နေသည့် လူက ဝေယွမ်မြို့စား ဟန်မူယဲ့ ဖြစ်သည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်က အညံ့ခံလိုက်ပြီလား… ။
ပိုပြီးအရေးကြီးသည့်အချက်မှာ တစ်ဖက်လူက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင် ဖြစ်သည်။
ဝေယွမ်မြို့စား ဟန်မူယဲ့က နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များထဲမှာ အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ ယခု သူက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို စီးတော်ယာဉ်အဖြစ် ပိုင်ဆိုင်သွားလေရာ သူ၏ တိုက်ပွဲစွမ်းအားက ဖန်ဆင်းရှင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သွားပြီ မဟုတ်ပေဘူးလား။
“ ဂရောင်း ”
ဟန်မူယဲ့၏ အောက်တွင် ကောင်းကင်နင်းခြေနတ်သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ရွှေခေါင်းလောင်းက တုန်ယင်သွားပြီး ရွှေရောင်နတ်ဘုရားအလင်းတန်းများက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။ ဟင်းလင်းပြင်ထဲမှာ ထိုရွှေရောင်အလင်းတန်းများက ကောင်းကင်နင်းခြေမျိုးနွယ်သာလျှင် နားလည်နိုင်သော သတင်းစကားအဖြစ် ပြောင်းလဲသွားသည်။
“ ဂရောင်း ”
“ ဂရား ”
ကျယ်လောင်သော ဟိန်းသံများက ကောင်းကင်နင်းခြေနတ်သားရဲ သန်းပေါင်းများစွာထံမှ ဆက်တိုက် ပဲ့တင်ထပ်လာသည်။
ထိုဟိန်းသံများထဲမှာ ဒေါသ၊ အထင်သေးမှုနှင့် စိတ်ရှုပ်ထွေးမှု ပါဝင်နေသည်။
ကောင်းကင်နင်းခြေနတ်သားရဲအသွင်ဖြင့် ရှိနေသော ထျန်းကူနတ်သခင်က တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ရွှေရောင်မီးတောက်မီးလျှံကို မှုတ်ထုတ်လိုက်သည်။
“ ဘန်း ”
အရွယ်အစား အလွန်ကြီးမားသော ကောင်းကင်နင်းခြေနတ်သားရဲများက ရွှေရောင်မီးတောက်မီးလျှံများအောက်မှာ ဖိနှိပ်ခံလိုက်ကြရသည်။
ယင်းက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်၏ ခွန်အားထုတ်ဖော်မှု ဖြစ်သည်။
ထိုသို့ခွန်အားထုတ်ဖော်မှုက အစောနက ဟိန်းဟောက်ခဲ့ကြသော ကောင်းကင်နင်းခြေနတ်သားရဲ သန်းပေါင်းများစွာကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
“ ဂရောင်း ”
ထျန်းကူနတ်သခင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေရာ သူ၏ လည်ပင်းအောက်မှ ရွှေခေါင်းလောင်းက အရောင်ထွန်းလင်းလာသည်။
ကောင်းကင်နင်းခြေနတ်သားရဲ တစ်ကောင်ပြီးတစ်ကောင်က ဦးညွတ်လိုက်ကြသည်။
ဟန်မူယဲ့၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက အဝေးမှ ဟွမ်ကျစ်ဟူကို လှမ်းကြည့်လိုက်သည်။
“ ကောင်းကင်နင်းခြေမျိုးနွယ်က အညံ့ခံလိုက်ပြီ… ကောင်းကင်နင်းခြေမျိုးနွယ်ကို တိုက်ခိုက်တဲ့ စစ်ပွဲက ပြီးဆုံးသွားပြီ ”
“ အခုကစပြီး ကောင်းကင်နင်းခြေနတ်သားရဲတွေကို မင်းတို့ရဲ့ စီးတော်ယာဉ်သားရဲအဖြစ် ရွေးချယ်နိုင်ပြီ ”
ထိုသို့ပြောပြီးနောက် ဟန်မူယဲ့၏ ပုံရိပ်က ဝေဝါးသွားသည်။ သူက မူလနေရာမှ ပျောက်ကွယ်သွားသည်။
သူနှင့်အတူ ပျောက်ကွယ်သွားသည်မှာ ကောင်းကင်နင်းခြေနတ်သားရဲအသွင် ပြောင်းလဲထားသော ထျန်းကူနတ်သခင် ဖြစ်သည်။
ကောင်းကင်နင်းခြေမျိုးနွယ်က အညံ့ခံလိုက်ပြီ ဟုတ်လား… ။
ထိုစကားက မိုးခြိမ်းသံဖွယ် ဟင်းလင်းပြင်ထဲမှာ ထစ်ချုန်းသွားပြီး လူတိုင်း၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
မဟာပန်သွန်ဘုံ၏ မဟာရန်သူဖြစ်သော ကောင်းကင်နင်းခြေမျိုးနွယ်က အညံ့ခံသွားပြီးလော။
ရှုထောင့်တစ်ခုမှကြည့်လျှင် ကောင်းကင်နင်းခြေမျိုးနွယ်မှ ထိပ်တန်းပညာရှင်များ လေဟာပြင်မြို့တော်၏ အပြင်ဘက်၌ ပိတ်မိနေကတည်းက မျိုးနွယ်၏ ကံကြမ္မာက သတ်မှတ်ခံထားရပြီးပြီ ဖြစ်သည်။
ထိပ်တန်းပညာရှင်များ၏ ကျရှုံးမှုတစ်ခုတည်းကြောင့် မဟုတ်ပေ။
ပိုပြီးအရေးကြီးသည်မှာ ဝေယွမ်မြို့စား ဟန်မူယဲ့၏ စစ်ရေးနည်းဗျူဟာများက ကောင်းကင်နင်းခြေမျိုးနွယ်ဝင်များကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။
ကောင်းကင်နင်းခြေမျိုးနွယ်က အလွန်သန်မာသော်လည်း သူတို့၏ အားသာချက်များက အချည်းနှီးဖြစ်သွားသည့်အခါ သူတို့၏ အစစ်အမှန်သဘာဝက ပေါ်ထွက်လာသည်။
ဤစစ်ပွဲမှာ ကောင်းကင်နင်းခြေနတ်သားရဲများ၏ မာန်မာနက ရိုက်ချိုးခံခဲ့ရသည်။
…..
လေဟာပြင်မြို့တော်၏ အပြင်ဘက်တွင် ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားများနှင့် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားဒါဇင်ခန့်က စုဝေးနေကြသည်။
ဟန်မူယဲ့က ထိုကိစ္စများကို အရေးမထားတော့ပေ။
လေဟာပြင်မြို့တော်၏ အပြင်ဘက်မှာ တည်ရှိနေသော နတ်ဘုရားများ၏ အရေအတွက်က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို ရင်ဆိုင်ရန် လုံလောက်သည်။
ကောင်းကင်နင်းခြေမျိုးနွယ်က အညံ့ခံပြီး ကောင်းကင်နင်းခြေနတ်သားရဲများက တစ်စုံတစ်ယောက်၏ စီးတော်ယာဉ်ဖြစ်လာခြင်း မဖြစ်လာခြင်းကိုလည်း သူက စိတ်မဝင်စားပေ။
ဟန်မူယဲ့သည် ကျန်းတစ်ရာရှည်လျားသော ဧရာမသားရဲကို စီးနင်းလျက် လေဟာပြင်မြို့တော်ထဲမှ ထွက်သွားသည်။ သူက လေဟာနယ်ဖြတ်သန်းခြင်းအတတ်ပညာကို အသုံးပြု၍ မရေမတွက်နိုင်သော နယ်မြေများကို ဖြတ်ကျော်သွားသည်။ ထိုသို့ဖြင့် နောက်ဆုံးမှာ သူက ဘုံတစ်ခုဆီသို့ ရောက်ရှိသွားသည်။
ထိုနေရာမှာ အဆုံးမဲ့သော အင်မော်တယ်ချီဖြင့် ပြည့်နှက်နေပြီး ခမ်းနားထည်ဝါသည်။
ဧရာမဘီလူးတစ်ကောင်က အာကာသဟင်းလင်းပြင်ထဲမှာ လွင့်မျောနေပြီး ဘုံကို သူ၏ ကျောပေါ်မှာ ထမ်းပိုးထားသည်။
ရှေးဦးအပျက်အစီးကုန်းမြေ… ။
ယင်းက အသစ်ဖွဲ့စည်းသွားသော ကမ္ဘာဦးဘုံ ဖြစ်သည်။
“ ဝီး ”
ဟန်မူယဲ့က ဘုံ၏ အပြင်ဘက်သို့ ရောက်လာသည့်အခါ ဘုံတစ်ခုလုံးက ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ဘုံက သူ၏ ရောက်လာမှုကို ကြိုဆိုနေသည့်အလားပင်။
မိုးမြေကြား၌ အင်မော်တယ်အလင်းက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်လိုက်သည်။
ကမ္ဘာဦးဘုံအောက်မှ ဘီလူးက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။
၎င်းက ဟန်မူယဲ့၏ ကိုယ်ပွားဖြစ်သည်။
ထိုခန္ဓာကိုယ်၏ ဇစ်မြစ်က မဟာပန်သွန်ဘုံ၏ အာဏာရှင်တစ်ပါးထံမှ ဖြစ်သည်။ သူက ကမ္ဘာဦးဘုံဆီသို့ ကျူးကျော်ဝင်ရောက်လာခဲ့စဉ် ကမ္ဘာဦးဘုံထဲမှ ကျွမ်းကျင်ပညာရှင်များ၏ ဖိနှိပ်ခံခဲ့ရသည်။
ထိုခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ငြိမ်းသတ်သွားပြီ ဖြစ်သည်။ သူ့မှာ ကျန်ရှိနေသည်မှာ အလွန်အစွမ်းထက်သော ရုပ်ခွန်းအားဖြစ်သည်။
ဟန်မူယဲ့က ထိုခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် မဟာပန်သွန်ဘုံအကြောင်းနှင့် မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းပညာရပ်များကို နားလည်သွားသည်။
ထို့ကြောင့် သူက မဟာပန်သွန်ဘုံမှ ကောင်းကင်ဘုံတာအို၏ အသိအမှတ်ပြုခံရပြီး မဟာပန်သွန်ဘုံထဲ၌ နေရာတစ်ခု ရလာခြင်း ဖြစ်သည်။
အတိတ်မှာ သူ၏ ခွန်အားက မလုံလောက်သောကြောင့် ဤကိုယ်ပွားကို ပြန်သိမ်းယူရန် သူမလုပ်ဝံ့ခဲ့ပေ။ သို့မဟုတ်လျှင် မဟာပန်သွန်ဘုံမှ ကျွမ်းကျင်ပညာရှင်များနှင့် ကောင်းကင်ဘုံတာအိုက သူ့ကို ပစ်မှတ်ထားလာလိမ့်မည်။
ယခု သူက မည်သည့်အရာကိုမှ ကြောက်စရာ မလိုတော့ပေ။
မဟာပန်သွန်ဘုံထဲ၌ သူပိုင်ဆိုင်ထားသော အရင်းအမြစ်များနှင့် တိုက်ပွဲအကျိုးပြုအမှတ်များကြောင့်ဖြစ်စေ သို့မဟုတ် သူ၏ လက်ရှိစွမ်းအားကြောင့်ဖြစ်စေ ကောင်းကင်ဘုံတာအိုသည်ပင် သူ့ကို မျက်နှာသာပေးရလိမ့်မည်။
“ ဗုန်း ”
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ သူ့အပေါ်သို့ ဦးတည်လာနေသော မိုးမြေစွမ်းအားက တားဆီးခံလိုက်ရသည်။
သူက ကမ္ဘာဦးဘုံကို စူးစိုက်ကြည့်လိုက်သည်။
ယင်းက အသူရာကောင်းကင်ဘုံနှင့် ပေါင်းစပ်ပြီးနောက် အသစ်ဖွဲ့စည်းသွားသော ကမ္ဘာဦးဘုံ ဖြစ်သည်။ ယင်းက ရှေးဦးအပျက်အစီးကုန်းမြေအသစ် ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့သာ ဆန္ဒရှိမည်ဆိုလျှင် သူက ထိုဘုံ၏ မဟာတာအိုဇစ်မြစ်ကို သူ၏ တည်ရှိမှုဖြင့် တိုက်ရိုက် ပေါင်းစပ်နိုင်သည်။
ထိုသို့လုပ်ဆောင်မည်ဆိုလျှင် သူက ကမ္ဘာဦးဘုံ၏ အရှင်သခင်ဖြစ်လာပြီး မူလစွမ်းအားဖြင့် အားဖြည့်ပေးခြင်းခံရမည်။
သို့သော်လည်း ကမ္ဘာဦးဘုံ၏ မူလစွမ်းအားက လက်ရှိ ဟန်မူယဲ့အတွက် အသုံးမဝင်တော့ပေ။
သူ၏ လက်ရှိစွမ်းအားက မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုကို မလိုအပ်တော့ပေ။
“ ဒီဘုံနဲ့ ကိစ္စတွေကို အဆုံးသတ်ဖို့ အချိန်ကျပြီ… ”
ဟန်မူယဲ့က ထွန်းလင်းတောက်ပနေသော ဘုံကို စိုက်ကြည့်နေရင်း နူးညံ့စွာ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက ရှေးခေတ်တွင် မည်သို့ကြောင့် အစွမ်းထက်ပုဂ္ဂိုလ်များက ရွှမ်ထျန်းကမ္ဘာ၊ အင်မော်တယ်လောကနှင့် ရှေးဦးအပျက်အစီးကုန်းမြေထဲမှ စိတ်ဓာတ်ပြတ်သားစွာ ထွက်သွားခဲ့ကြကြောင်း နားလည်သွားသည်။
ယခု သူသည်လည်း ထိုသို့ရွေးချယ်မှုကို ပြုလုပ်ရတော့မည်။
ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူတို့က ဘုံတစ်ခုနှင့် အတွယ်အတာများ ထားရှိရန် မလိုတော့ပေ။
သူလုပ်ဆောင်သင့်သော အရာကို လုပ်ဆောင်ရမည်။ အမှန်မှာ သူက ရှေးဦးအပျက်အစီးကုန်းမြေအပေါ် မည်သည့်အကြွေးမှ တင်မနေပေ။
“ သွားကြစို့ ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ကမ္ဘာဦးဘုံအောက်မှ ဧရာမဘီလူးက ကိုယ်ရောင်တောက်ပလာပြီး ဟန်မူယဲ့နောက်သို့ လိုက်သွားသည်။ နောက်အခိုက်အတန့်မှာ သူတို့၏ ပုံရိပ်က ပျောက်ကွယ်သွားကြသည်။
ရှေးဦးအပျက်အစီးကုန်းမြေထဲမှ အင်မော်တယ်အလင်းက ဆက်လက် ထွန်းလင်းတောက်ပနေဆဲပင်။ ဤသည်မှာ ၎င်းက နောင်တနှင့် ဆုံးရှုံးမှုကို ဖော်ပြနေသည့်အလားပင်။
တဖြည်းဖြည်း အင်မော်တယ်အလင်းက ငြိမ်သက်သွားပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားသည်။
…..
အချိန်ကုန်ဆုံးမှုက အလွန်မြန်ဆန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ အနှစ်တစ်ထောင်ကုန်ဆုံးသွားသည်။
ထိုအတောအတွင်းမှာ မဟာပန်သွန်ဘုံက ပုန်ကန်မှုများကို တားဆီးရန် စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့သည်။
အစတွင် ထိုစစ်ပွဲကို ကောင်းကင်ဘုံအစောင့်တပ်က ဦးဆောင်ခဲ့ပြီး ကောင်းကင်သတ်ဖြတ်မဟာမိတ်ကို အဓိကပစ်မှတ်ထားခဲ့သည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်သည် ရှေးခေတ်၌ အသက်ရှင်ကျန်ရစ်ခဲ့သော ကလန်အများအပြားနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့ထဲမှာ အသန်မာဆုံးက ဝမ်တောင်တန်းကလန်နှင့် ရွှမ်ပုံရိပ်ယောင်ကလန် ဖြစ်သည်။ သူတို့က ဤနှစ်တစ်ထောင်အတွင်းမှာ မကြာမကြာ ထွက်ပေါ်လာကြသည်။
အစွမ်းထက်ကလန်အများကြီး ထွက်ပေါ်လာသည်နှင့်အမျှ မဟာပန်သွန်ဘုံ၏ စစ်တပ်အပေါ် ဦးဆောင်မှုအခွင့်အာဏာက တော်ဝင်မိသားစုဆီသို့ လွှဲပြောင်းသွားသည်။
တော်ဝင်မိသားစုသည် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို တိုက်ပွဲတစ်ပွဲတည်းဖြင့် အမြစ်ဖြတ်သုတ်သင်ရန် စစ်သည်တော်သန်းငါးထောင်ပါဝင်သော စစ်တပ်ကို ဦးဆောင်လိုက်သည်။
ယွမ်ကျားဘုံ… ။
ယင်းက မထင်မရှားဘုံတစ်ခု ဖြစ်သည်။ ဟင်းလင်းပြင်လောကထဲတွင် ယင်းက မည်သည့်ခမ်းနားထည်ဝါမှုမှ မပိုင်ဆိုင်ထားပေ။
သို့သော်လည်း ဤနှစ်များတွင် ထိုနာမည်ကို မကြာခဏ ကြားနေရသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဘုံက ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
မဟာပန်သွန်ဘုံသည် စစ်သည်တော်သန်းထောင်ချီကို ဦးဆောင်လျက် ယွမ်ကျားဘုံကို အမြစ်ဖြတ်ချေမှုန်းရန် ကြံစည်နေသည်။
သို့သော် ကောင်းကင်ဘုံအစောင့်တပ်၏ ခေါင်းဆောင် ဝေယွမ်မြို့စားက နှစ်တစ်ထောင်ကြာအောင် မထွက်ပေါ်လာခဲ့ပေ။ ကောင်းကင်ဘုံအစောင့်တပ်သည်လည်း ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်အား ဝိုင်းရံဖိနှိပ်ခြင်းမှ နှုတ်ထွက်သွားသည်။
သူတို့စုဆောင်းထားသော တိုက်ပွဲအကျိုးပြုအမှတ်က လုံလောက်သွားပြီ ဖြစ်၏။
…..
“ အဲ့ဒါ ဓားရုံးတော် ”
ဘုံတစ်ခု၏ အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။ ဓားတစ်လက်က သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေသည်။
ဓားရုံးတော်… ။
ဓားတာအိုသူတော်စင်ကုန်းမြေဖြစ်သော ဤနေရာကို မည်သို့ကြောင့် သူရောက်မလာရမည်နည်း။
သူက ထာဝရဓားစင်မြင့်အတွက် ရောက်လာခြင်း ဖြစ်သည်။