အခန်း (၁၇၁၂)
Vol. 123 Ch. 1712
အခန်း(၁၇၁၂)
ဓားရုံးတော်သူတော်စင်ကုန်းမြေ… ။
ထာဝရဓားစင်မြင့်… ။
အတိတ်တွင် အမှောင်ရိပ်ဓားရုံးတော်သည် ဤလောက၏ အသန်မာဆုံး ဓားအမွေအနှစ်ကို ပိုင်ဆိုင်ခဲ့သည်။
ကံမကောင်းစွာပင် ထိုသို့ဓားတာအိုအမွေအနှစ်က နောက်ဆုံးမှာ ပြိုကွဲပျက်စီးသွားပြီး ယခု အမွေအနှစ်စုဝေးရာဖြစ်သော ထာဝရဓားစင်မြင့်တစ်ခုတည်းသာ ကျန်ရှိတော့သည်။
အသက်ရှင်ကျန်ရစ်သော ဓားကျင့်ကြံသူများက သူတို့၏ ဓားအမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းခဲ့ကြပြီး ထာဝရဓားစင်မြင့်ပေါ်မှာ စုဝေးခဲ့ကြသည်။ သူတို့အားလုံးက ဓားတာအိုပြန်လည်ရှင်သန်ရန် မျှော်လင့်နေကြသည်။
ဓားတာအို နိမ့်ကျသွားသည့်အချိန်မှစ၍ ယင်းက တဖန်မြင့်တတ်လာရန် မဖြစ်နိုင်တော့ပေ။
မည်သည့်အမွေအနှစ်ဖြစ်ပါစေ တစ်ခါပြိုကွဲသွားသည်နှင့် နောက်တစ်ကြိမ် ပြန်စုဝေးသွားရန် မလွယ်ကူတော့ပေ။
“ ဝီး ”
အရှေ့တွင် ဓားအလင်းတစ်ခုက ပေါ်လျှိုးလာပြီး ဟန်မူယဲ့ကို တန်းမတ်စွာ ထိုးသွင်းလိုက်သည်။
ဓားအလင်းက မြန်ဆန်ပြီး ထိုထဲမှာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သော မူလစွမ်းအားက ကိန်းအောင်းနေသည်။
ထိုသို့ဓားအလင်း၏ အရှေ့တွင် အာဏာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ကူကယ်ရာမဲ့သွားလိမ့်မည်။
ဟန်မူယဲ့က အာဏာရှင်အဆင့်မှာ မဟုတ်ပေ။ သို့ဖြစ်၍ ထိုဓားအလင်းက သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
မည်သို့ဖြစ်ပါစေ ဓားအလင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက လက်မြှောက်လိုက်သည်။
“ ထန် ”
ဓားအလင်းနှစ်ခု တွေ့ဆုံသွားသည့်အခါ သူ့အရှေ့မှ ဓားအလင်းက အက်ကွဲသွားသည်။ ဟန်မူယဲ့၏ ခန္ဓာကိုယ်က တစ်လက်မမှ မရွေ့လျားသွားပေ။
ဓားကိုင်ထားသော သက်လတ်ပိုင်းအမျိုးသားက မျက်နှာသုန်မှုန်သွားသည်။ သူက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။
“ ငါ့ဓားကို ချိုးပစ်လိုက်တယ်… မင်းဘယ်သူလဲ ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည်။
“ ဝီး ”
ထိုစဉ် ဓားအလင်းဆယ်သန်းခန့်က ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားလေရာ မိုးမြေတစ်ခွင်လုံး ဓားအလင်းဖြင့် ပြည့်နှက်သွားသည်။
“ ဓားအလင်းဆယ်သန်းနဲ့ ဧည့်သည်ကို ကြိုဆိုတယ်လား… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… နတ်ဘုရားတစ်ပါးဆိုရင်တောင် အဲ့ဒီလို ကြိုဆိုခံရမှာ မဟုတ်ဘူး… ဓားရုံးတော်မှာ အဲ့လိုအဖြစ်အပျက်မျိုး မဖြစ်ပျက်ခဲ့တာ နှစ်တွေဘယ်လောက်တောင် ကြာသွားပြီလဲ ”
သက်လတ်ပိုင်းအမျိုးသားက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
“ ဟား ဟား… ဝေယွမ်မြို့စား ရောက်လာတာက ကျုပ်တို့ရဲ့ ဓားရုံးတော်အတွက် ကောင်းချီးတစ်ခုပါပဲ… ခင်ဗျားကို ကျုပ်တို့တွေ တခမ်းတနား ကြိုဆိုပါတယ် ”
အသံတစ်သံက အဝေးမှ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုပြီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြပြီး ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်ကြသည်။ သူတို့အားလုံးက ဝတ်စုံဖြူဝတ်ဆင်ထားကြပြီး ရွှေသရဖူကို ဆောင်းထားကြသည်။ သူတို့၏ အနောက်တွင် သုံးပေရှည်လျားသော ဓားများက လွင့်မျောနေကြသည်။
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
ယင်းက ဓားအမွေအနှစ်ကို ယခုထိ စောင့်ရှောက်နေကြသော ထိုပုဂ္ဂိုလ်များအပေါ် သူ၏ ရိုသေလေးစားမှု ဖြစ်သည်။
“ ဝေယွမ်မြို့စား ကျေးဇူးပြုပြီး ကြွပါ ”
ခေါင်းဆောင်အကြီးအကဲက ပေါ့ပါးစွာ ရယ်လိုက်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။
အတိတ်မှာ အမှောင်ရိပ်ဓားရုံးတော်က ပြိုကွဲသွားခဲ့သော်လည်း ယင်း၏ အမွေအနှစ်က ဘုံတစ်ခုထဲမှာ ကျန်ရှိနေဆဲပင်။
ဘုံ၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားသည့်အခါ ဟန်မူယဲ့က အဆုံးမဲ့သော ဓားအရှိန်အဝါနှင့် ဓားအလင်းကို ခံစားမိသွားသည်။
ဤဘုံ၏ မူလစွမ်းအားက ဓားတာအိုဖြစ်ကြောင်း သံသယရှိရန် မလိုပေ။
“ ဝေယွမ်မြို့စားက ဓားနတ်ဘုရားဖြစ်တယ်လို့ အစောကတည်းက ကျုပ်ကြားဖူးပါတယ်… အကန့်အသတ်မဲ့ ကျယ်ပြောတဲ့ ဒီဟင်းလင်းပြင်ထဲမှာ ဓားတာအိုနဲ့ နတ်ဘုရားတစ်ပါးဖြစ်လာတဲ့လူက အရမ်းရှားပါးတယ် ”
“ အကြီးအကဲတွေက ဝေယွမ်မြို့စား ရောက်လာမှာကို စောင့်နေကြပါတယ် ”
ထိုအကြီးအကဲက အပြုံးဖြင့် ပြောသည်။
“ ဓားနတ်ဘုရားတစ်ပါးက ဘယ်လိုလုပ် ထာဝရဓားစင်မြင့်ဆီ မလာဘဲ နေနိုင်မှာလဲ ”
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အရှေ့တွင် ကျောက်တုံးလှေကားထစ်များ ထွက်ပေါ်လာသည်။
အမှန်မှာ ယင်းက ကျောက်တုံးလှေကားထစ်များ မဟုတ်ပေ။
ယင်းတို့က ဓားများဖြင့် ဆောက်လုပ်ထားသော ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကား ဖြစ်သည်။
မရေမတွက်နိုင်သော လှေကားထစ်များ၏ အပေါ်တွင် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသော စံအိမ်တစ်လုံး ရှိသည်။
“ ကောလဟာလအရ ဓားစင်မြင့်ရဲ့ ထိပ်ဖျားပေါ်မှာ ဓားတာအိုဖန်ဆင်းရှင်တစ်ပါးရဲ့ ဉာဏ်အလင်းတွေ ရှိတယ်တဲ့… ကံမကောင်းစွာပဲ ထာဝရကောင်းကင်ဘုံဆီ ဝင်သွားတဲ့ ဓားရုံးတော်သခင်ဟောင်းကလွဲရင် ဘယ်သူမှ ထိပ်ဖျားပေါ်ကို မရောက်ခဲ့ဘူး ”
ခေါင်းဖြူအကြီးအကဲတစ်ယောက်က သူ့အရှေ့မှ ကျောက်တုံးလှေကားကို ကြည့်နေရင်း နူးညံ့စွာ သက်ပြင်းချလိုက်သည်။
ဓားရုံးတော်သခင်ဟောင်း… ။
ဟန်မူယဲ့က အစောနက စကားပြောခဲ့သော အကြီးအကဲကို လှည့်ကြည့်လိုက်သည်။
“ ဓားရုံးတော်အကြောင်းကို ကျုပ်နည်းနည်း သိထားပါတယ်… ဒါပေမဲ့ ဘာလို့ ဓားရုံးတော်သခင်ဟောင်းအကြောင်းကို ကျုပ်မကြားဖူးတာလဲ ”
သူ၏ လက်ထဲတွင် အမှောင်ရိပ်ဓားရုံးတော်အကြောင်း ပါဝင်သော ဓားနှစ်လက်ရှိသည်။ သို့သော်လည်း ထိုဓားနှစ်လက်၏ မှတ်ဉာဏ်များထဲမှာ ဓားရုံးတော်သခင်ဟောင်း၏ နာမည် မပါဝင်ပေ။
“ တကယ်တော့ ဝေယွမ်မြို့စားမှ မဟုတ်ပါဘူး… ဒီလောကရဲ့ နတ်ဘုရားအများစုကတောင် သူ့ကို မသိကြပါဘူး ”
“ ဓားရုံးတော်သခင်ဟောင်းက အဆုံးမဲ့ဟင်းလင်းပြင်ကနေ ရောက်လာတယ်လို့ ပြောကြပါတယ်… သူက ဓားစင်မြင့်ရဲ့ ထိပ်ဖျားပေါ်ကို တတ်သွားနိုင်ခဲ့ပါတယ်… အဲ့ဒီနောက် သူက ဓားတစ်လက်နဲ့အတူ မိုးမြေကို ဖြတ်သန်းပြီး ‘ ဓားတာအိုက နိမ့်ကျသွားပြီ… အစစ်အမှန် ကောင်းကင်ဘုံတာအိုကို ရှာဖွေဖို့ ထာဝရကောင်းကင်ဘုံဆီ ငါသွားတော့မယ် ’လို့ ကြေညာခဲ့ပါတယ် ”
“ သူ့နာမည်က လုယွဲ့ပါ ”
လုယွဲ့… ။
ဟန်မူယဲ့က အံ့ဩသွားသည်။
လုယွဲ့က ဤနေရာကို ရောက်ခဲ့ပြီး ဓားစင်မြင့်ပေါ်သို့ပင် တတ်လှမ်းခဲ့သည်လော။
ထို့ပြင် သူက ဓားရုံးတော်၏ အရှင်သခင်ဖြစ်လာခဲ့သည်။
လောကဖန်ဆင်းရှင်၏ ပြောကြားမှုအရ လုယွဲ့က ထာဝရကောင်းကင်ဘုံဆီသို့ ထွက်သွားခဲ့သည်။
“ ကြည့်ရတာ ဝေယွမ်မြို့စားက ဓားရုံးတော်သခင်ဟောင်းရဲ့ နာမည်ကို ကြားဖူးတဲ့ပုံပဲ… ဒါပေမဲ့ လုယွဲ့က ဓားရုံးတော်ရဲ့ အရှင်သခင်ဖြစ်နေမယ်လို့ ခင်ဗျားမမျှော်လင့်ထားဘူးမလား ”
ခေါင်းဖြူအကြီးအကဲက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ ဝေယွမ်မြို့စား… ခင်ဗျားရော ဓားစင်မြင့်ပေါ်ကို တတ်ချင်လား ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
ဓားရုံးတော်ဆီသို့ သူရောက်လာသည့် အဓိကရည်ရွယ်ချက်က ရှေးခေတ်ကာလတွင် နာမည်ကျော်ကြားခဲ့သော ထာဝရဓားစင်မြင့်ကို ကိုယ်တိုင်တွေ့ကြုံချင်သောကြောင့် ဖြစ်သည်။
သူက လှေကားထစ်များပေါ်မှ ဓားများမှတဆင့် ဓားရုံးတော်၏ အမွေအနှစ်က မည်မျှအားကောင်းကြောင်း အာရုံခံနိုင်ပေသည်။
“ ဒါဆိုရင် ဝေယွမ်မြို့စား… ဓားရုံးတော်ရဲ့ စည်းမျဉ်းတွေအရ ဓားတစ်သောင်းဝင်္ကပါကို အရင်ဆုံး ရင်ဆိုင်ရပါမယ် ”
အကြီးအကဲက အရှေ့သို့ လျှောက်သွားပြီး တည်ငြိမ်စွာ လက်ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းများက ကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားပြီး ဟန်မူယဲ့ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြသည်။
ဓားတစ်သောင်းဝင်္ကပါလား… ။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ သူ၏ မျက်လုံးက တလက်လက် တောက်ပသွားသည်။ ဓားတစ်သောင်းက သူ၏ အနောက်မှ ပျံသန်းထွက်လာကြသည်။
ဓားအလင်းအချင်းချင်း ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဓားအလင်းတစ်သောင်းက လေဟာနယ်ထဲမှာ ရပ်တန့်သွားကြသည်။ ယင်းတို့က အောက်သို့ မကျဆင်းနိုင်ကြတော့ပေ။
ထိုမြင်ကွင်းက အကြီးအကဲကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေသည်။
“ ဒီနှစ်တွေမှာ ဓားတစ်သောင်းဝင်္ကပါကို တစ်ယောက်တည်း ခုခံတားဆီးနိုင်တဲ့ လူတွေ အများကြီး ရှိခဲ့တယ်… ဒါပေမဲ့ ဓားတစ်သောင်းဝင်္ကပါရဲ့ ဆင်းသက်မှုကို ဒီလောက်မြန်မြန် ရပ်တန့်နိုင်တဲ့လူက ခင်ဗျား ပထမဆုံးပဲ ”
“ ဝေယွမ်မြို့စားက အစွမ်းထက် ဓားနတ်ဘုရားတစ်ပါးလို့ တကယ်ခေါ်ထိုက်ပါပေတယ် ”
ဟန်မူယဲ့က ဓားအလင်းတစ်သောင်းကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ကြောင်း မြင်သောအခါ လူအုပ်ကြီးက တီးတိုးဆွေးနွေးလိုက်ကြသည်။ ကောင်းကင်ပေါ်တွင် ဓားတစ်သောင်းဝင်္ကပါက ရပ်တန့်နေပြီး အောက်သို့ ဆက်လက် မဆင်းသက်နိုင်တော့ပေ။
ထိုမျှသာ မဟုတ်ပေ။ နောက်အခိုက်အတန့်မှာ ဟန်မူယဲ့၏ ဓားအလင်းတစ်သောင်းက အပေါ်မှ ဓားတစ်သောင်းဝင်္ကပါကို ဖုံးလွှမ်းလိုက်သည်။
“ ပေါင်း… ပေါင်းစည်းသွားတယ်လား ”
ခေါင်းဖြူအကြီးအကဲက အလန့်တကြား အော်လိုက်သည်။
မကြာမီ အဆုံးမဲ့ဓားအလင်းက ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ယင်းက ဓားတစ်သောင်းဝင်္ကပါမဟုတ်တော့ပေ။ ယင်းအစား အသင်္ချေဓားအလင်းတန်းများ၏ စုဝေးမှု ဖြစ်သည်။
ဟန်မူယဲ့က သဘောကျစွာ ရယ်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
သူ၏ အရှေ့တွင်လည်း အသင်္ချေဓားအလင်းတန်းများ ထွက်ပေါ်လာကြသည်။
ဟန်မူယဲ့က သူ၏ ဓားတာအိုကို ဖန်ဆင်းရှင်စွမ်းအားဖြင့်သော်လည်းကောင်း နတ်ဘုရားနိဂုံးစွမ်းအားဖြင့်သော်လည်းကောင်း ထုဆစ်သန့်စင်ထားသည်။ ထို့ကြောင့် ဓားတာအိုအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက တခြားလူများ စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်ရှိနေသည်။
ဓားအလင်းတစ်ခုက အသင်္ချေဓားအလင်းတန်းများအဖြစ် ကွဲထွက်နိုင်သည်။
“ ထန် ”
ဓားအလင်းချင်း ထိခတ်သံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဘုံအတွင်းမှာ စုဝေးနေသော ဓားအလင်းအားလုံးက ပြိုကွဲသွားတော့မည့်ဟန် ရသည်။
ဟန်မူယဲ့က အရှေ့မှာ တစ်ယောက်တည်း မတ်တတ်ရပ်နေသည်။ သူလက်ညှိုးညွှန်လိုက်သည့်အခါ ဘုံအတွင်းမှာရှိသော ဓားအလင်းအားလုံးက တားဆီးခံလိုက်ရသည်။
လူတစ်ယောက် ဓားတစ်လက်ဖြင့် ဘုံတစ်ခုလုံးကို ဖိနှိပ်နေလေသည်။
ရှေးခေတ်၌ နာမည်ကျော်ကြားခဲ့သော အမှောင်ရိပ်ဓားရုံးတော်က ဟန်မူယဲ့၏ အရှေ့မှာ ဘာမှမဟုတ်ပေ။
“ ဘန်း ”
အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေသော ဓားအလင်းများက နောက်ဆုံးမှာ အက်ကွဲသွားကြသည်။
အဆုံးမဲ့စွာ ကျယ်ပြောသော မိုးမြေတွင် ဓားအလင်းက လွင့်ပြယ်သွားသည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။ သူ၏ လက်ထဲမှ ဓားအလင်းက ဘုံအတွင်းထဲသို့ ကျဆင်းသွားသည့်အခါ မိုးမြေစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ကြည့်ရသည်မှာ ယင်းက ဓားရုံးတော်၏ အခြေခံအုတ်မြစ်ဖြစ်ဟန် တူသည်။
သူတို့က ဓားရုံးတော်ဆီသို့ ရောက်လာကြသော ဓားကျင့်ကြံသူများထံမှ စွမ်းအားကို ချေးငှား၍ ဘုံ၏ မိုးမြေစွမ်းအားကို ပြန်လည်အားဖြည့်ချင်ကြသည်။
“ ဝေယွမ်မြို့စား… ကျေးဇူးပြုပြီး ကျုပ်တို့ကို နားလည်ပေးပါ… ဒီလိုလုပ်မှပဲ ဒီဘုံထဲမှာ ဓားစင်မြင့်ကို ဆက်ပြီး ထိန်းသိမ်းနိုင်မှာမို့လို့ပါ ”
ခေါင်းဖြူအကြီးအကဲက တောင်းပန်သော အမူအရာဖြင့် ပြောသည်။
“ ဓားစင်မြင့်က ဘုံရဲ့ မိုးမြေစွမ်းအားကို အများကြီး စုပ်ယူခဲ့တယ်… မိုးမြေစွမ်းအားအသစ်ကို မထောက်ပံ့ပေးဘူးဆိုရင် ဒီဘုံက အစောကြီးကတည်းက ပျက်စီးသွားပါပြီ ”
ဓားရုံးတော်သည် ၎င်းဘာသာ ရပ်တည်နိုင်စွမ်းမရှိပေ။ သို့ဖြစ်၍ ရုံးတော်သည် ဤဘုံနှင့် ဓားအမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းရန်အလို့ငှာ အပြင်လူများထံမှ စွမ်းအားကိုသာ ချေးငှားရတော့သည်။
“ ကိစ္စမရှိဘူး ”
ဟန်မူယဲ့က သာမန်ကာလျှံကာ လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားပြီး ကျောက်တုံးလှေကား၏ အရှေ့မှာ ရပ်လိုက်သည်။
ထိုလှေကားထစ်များကို ဓားရှည်များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
သူက လှေကားထစ်များပေါ်သို့ ခြေချလိုက်သည်။
“ ဗုန်း ”
ချက်ချင်းဆိုသလို ကျောက်တုံးလှေကားတစ်ခုလုံး တုန်ယင်သွားသည်။ ထို့နောက် ဓားအလင်းက အဆုံးမဲ့စွာ ကျယ်ပြောသော မိုးမြေကြားမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က မည်သည့်သဲလွန်စမှ ကျန်မနေဘဲ မူလနေရာမှ ပျောက်ကွယ်သွားသည်။
“ ဝေယွမ်မြို့စား… သူဘယ်လောက်ဝေးဝေး သွားနိုင်မလဲ ငါသိချင်မိတယ် ”
“ အနည်းဆုံးတော့ လှေကားထစ်တစ်သောင်းဖြစ်မယ်… ”
“ အဲ့ထက် ပိုလောက်တယ်… သူ့ရဲ့ ဓားနတ်ဘုရားအဆင့်အရ အနည်းဆုံး လှေကားထစ်ငါးသောင်းလောက် သွားနိုင်လောက်တယ် ”
ကျောက်တုံးလှေကား၏ အရှေ့တွင် လူတိုင်းက ဗလာလေဟာနယ်ကို ကြည့်နေရင်း နူးညံ့စွာ ပြောကြသည်။
ဟန်မူယဲ့အတွက်တော့ သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက မီးတောက်အလင်းအဖြစ် ပြောင်းလဲသွားသည်။
သူက ကျောပေါ်တွင် သတ္ထုတုံးများ သယ်ဆောင်ထားသော အုပ်စုတစ်စုကို မြင်သွားသည်။
“ လူသစ်လား ”
“ မင်းဘာရပ်ကြည့်နေတာလဲ… မြန်မြန်လုပ် ”
“ တောင်အရှင်သခင်က ဓားထုဆစ်မီးဖိုကို ဖန်တီးသန့်စင်ဖို့ ကမ္ဘာဦးသတ္ထုတုံးတွေ လိုအပ်နေတယ်… တကယ်လို့ မင်းမြန်မြန် သွားမပို့နိုင်ရင် ကြာပွတ်နဲ့ အရိုက်ခံရလိမ့်မယ် ”
အော်သံတစ်သံက ဟန်မူယဲ့၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။
မှန်ပေသည်။ သူက လူသစ်ဖြစ်သည်။