အခန်း (၁၇၁၄)
Vol. 123 Ch. 1714
အခန်း(၁၇၁၄)
အဲ့ဒီဓားသန္ဓေသားလောင်းက ဘယ်ကနေ လာတာလဲ… ။
လူတိုင်းက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။
ယွမ်ကျန်းမြို့တော်အရှင်သခင်က တည်ကြည်လေးနက်သော အမူအရာဖြင့် တောင်အရှင်သခင်၏ အနောက်မှာ ရပ်လိုက်သည်။ သူက ဓားမော့ရှည်တစ်လက်ကို ဆုပ်ကိုင်လိုက်ပြီး ဓားဖျားကို တောင်အရှင်သခင်၏ ကျောပေါ်သို့ ချိန်လိုက်သည်။
“ တကယ်လို့ အဲ့ဒီဓားသန္ဓေသားလောင်းက မင်းသန့်စင်ထားတာဆိုရင် သူက ငါ့အတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး ”
သူက ပြောသည်။
“ တကယ်လို့ အဲ့ဒီဓားသန္ဓေသားလောင်းကို သူသန့်စင်ထားတာဆိုရင် မင်းက သေရမယ် ”
အကယ်၍ ထိုဓားသန္ဓေသားလောင်းကို သန့်စင်ခဲ့သူက ဟန်မူယဲ့ဆိုလျှင် သူ့မှာ တောင်အရှင်သခင်ကို အသက်ရှင်လျက် ဆက်ထားရန် အကြောင်းမရှိတော့ပေ။
အကယ်၍ တောင်အရှင်သခင်က ဓားသန္ဓေသားလောင်းကို သန့်စင်ခဲ့သူဆိုလျှင် ဟန်မူယဲ့ကဲ့သို့ အလုပ်သင်တစ်ယောက်က သူ့အတွက် ဘာတန်ဖိုးမှ မရှိပေ။
တောင်အရှင်သခင်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သွေးစီးကြောင်းတစ်ခုက သူ၏ ပါးစပ်ထောင့်နားမှာ စီးကျနေသည်။
ဟန်မူယဲ့က ခေါင်းငုံ့လိုက်ပြီး တောင်အရှင်သခင်ကို ကြည့်လိုက်သည်။
“ သူ့အတွက် ဓားသွန်းလုပ်ပေးဖို့ ငါဘာကြောင့် ငြင်းဆန်ခဲ့လဲဆိုတာ မင်းသိလား ”
တောင်အရှင်သခင်၏ အသံက ထွက်ပေါ်လာသည်။
“ ခင်ဗျားနဲ့ ဖုန်းယန်ချင်းက သိုင်းလောကကို အတူတူ စွန့်စားသွားလာခဲ့ကြတဲ့ ညီအကိုကောင်းတွေလို့ ကျုပ်ကြားဖူးတယ်… ခင်ဗျားတို့က သေခြင်းရှင်ခြင်းကို အတူတူ ဖြတ်ကျော်ဖူးကြတယ် ”
ဟန်မူယဲ့က ပြောသည်။
သူက ထိုပုံပြင်ကို ဇာတ်ကွက်အမျိုးမျိုးဖြင့် ကြားခဲ့သည်။
တောင်အရှင်သခင်က ဖုန်းယန်ချင်းကို အနိုင်ယူနိုင်သော သို့မဟုတ် သတ်ပစ်နိုင်သော အစွမ်းထက်ဓားတစ်လက်ကို ယွမ်ကျန်းမြို့တော်အရှင်သခင်အတွက် အမှန်တကယ် သွန်းလုပ်ပေးမည်လော လူအများစုက စူးစမ်းသိချင်နေကြသည်။
“ မင်းပြောတာ မှန်တယ် ”
တောင်အရှင်သခင်က ခေါင်းညိတ်လိုက်သည်။ အတိတ်ကို လွမ်းဆွေးသတိရသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သိုင်းလောကထဲမှာ အပူအပင်မဲ့စွာ ငါစွန့်စားသွားလာခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ်… ”
နောက်အခိုက်အတန့်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါတို့ရဲ့ ဆရာက သေဆုံးသွားပြီး ဓားကျိုးတောင်က ရန်သူတွေရဲ့ ဝိုင်းရံမခံထားရဘူးဆိုရင် ဒီကို ငါပြန်လာဖြစ်မှာ မဟုတ်ဘူး ”
“ ဟွန့်… ယွမ်ကျန်းမြို့တော်… မင်းက ငါတို့ရဲ့ ဓားကျိုးတောင်ကို မင်းရဲ့ အနောက်ခြံဝန်းလို့ အမြဲတမ်း သဘောထားတယ်… ငါတို့က မင်းရဲ့ မျက်လုံးထဲမှာ ဓားသွန်းလုပ်ပေးနေတဲ့ အစေခံတွေထက် မပိုဘူး ”
တောင်အရှင်သခင်က ဒေါသတကြီး ပြောသည်။
“ အဲ့တော့ ဘာဖြစ်လဲ ”
တောင်အရှင်သခင်က သူ့အနောက်တွင် ဓားမော့ကိုင်ထားသော ယွမ်ကျန်းမြို့တော်အရှင်သခင်၏ အေးစက်စက် မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ မင်းအတွက် ငါ့ကို လက်နက်သွန်းလုပ်ပေးစေချင်တာလား ”
“ ဟွန့်… မင်းရဲ့ အဲ့ဒီမျှော်လင့်ချက်ကို စွန့်လွှတ်လိုက်တော့ ”
“ ငါတို့ဆရာရဲ့ နောက်ဆုံးဆန္ဒက ငါ့ကို ဒီနေရာကနေ ထွက်သွားခိုင်းပြီး ဓားကျိုးတောင်ကို ဘယ်တော့မှ ပြန်မလာဖို့ပဲ… အဲ့ဒီကတည်းက ဓားကျိုးတောင်ကို ဝိုင်းရံတိုက်ခိုက်ခဲ့တဲ့ အင်အားစုတွေရဲ့ နောက်ကွယ်က လူက ယွမ်ကျန်းမြို့တော်ဆိုတာ ငါသိခဲ့တယ် ”
ယွမ်ကျန်းမြို့တော်အရှင်သခင်က သူ၏ ဓားမော့ကို အောက်သို့ ဖိချလိုက်ပြီး တောင်အရှင်သခင်ကို အတင်းအဓမ္မ ခေါင်းငုံ့စေသည်။
သူ၏ မျက်နှာက တည်ငြိမ်သည်။ သို့သော်လည်း စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ အဲ့ဒီဓားသန္ဓေသားလောင်းကို ဘယ်သူသွန်းလုပ်ခဲ့တာလဲ ”
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး တောင်အရှင်သခင်ကို ညွှန်ပြလိုက်သည်။
တောင်အရှင်သခင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး သူ၏ ဦးခေါင်းကို ယွမ်ကျန်းမြို့တော်အရှင်သခင်၏ လက်ထဲမှ ဓားမော့ဆီသို့ တန်းမတ်စွာ ပစ်သွင်းလိုက်သည်။
ယွမ်ကျန်းမြို့တော်အရှင်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဓားမော့ကို အနောက်သို့ ပြန်ဆွဲယူလိုက်သည်။
တောင်အရှင်သခင်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် အကြံအစည်က မအောင်မြင်သွားပေ။
သို့တိုင် သူက မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို အနောက်သို့ လွှဲယမ်းလိုက်သည်။
“ ရွှတ် ”
သူ၏ လက်မောင်းက သူ့အနောက်မှ စစ်သည်တော်တစ်ယောက်၏ ဓားမော့ဖြင့် ထိမှန်သွားပြီး အရင်းမှ ပြတ်တောက်သွားသည်။
သူက ကိုယ့်လက်ကို ကိုယ်ဖြတ်လိုက်သည်။
ထိုမြင်ကွင်းက ယွမ်ကျန်းမြို့အရှင်သခင်ကို ဒေါသအကြီးအကျယ် ထွက်သွားစေသည်။
သူက ဓားမော့ကို လွှဲယမ်းလိုက်ပြီး ထိုစစ်သည်တော်၏ လည်ပင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ သွေးက ရေပန်းသဖွယ် ဖြန်းခနဲ ပန်းထွက်လာပြီး ခေါင်းနှင့် ခန္ဓာကိုယ်က တခြားစီ ဖြစ်သွားသည်။
ယွမ်ကျန်းမြို့တော်အရှင်သခင်၏ ဓားမော့က တောင်အရှင်သခင်၏ မျက်နှာကို ချိန်ရွယ်ထားဆဲပင်။ သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြောသည်။
“ ကောင်းတယ်… တကယ်လို့ ဒီနေ့ သူ အရည်အသွေးပြည့်မီတဲ့ ဓားတစ်လက်ကို မသွန်းလုပ်နိုင်ဘူးဆိုရင် ဓားကျိုးတောင် နောက်ထပ် တည်ရှိနေစရာ မလိုတော့ဘူး ”
ယွမ်ကျန်းမြို့တော်အရှင်သခင်က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ဓားမော့ကို ဓားကျိုးတောင်မှ တပည့်များနှင့် အမှုထမ်းများထံသို့ ချိန်ရွယ်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ငါလိုချင်တဲ့ ဓား မထွက်ပေါ်လာဘူးဆိုရင် ဒီနေရာက လူအားလုံး ငါနဲ့အတူ မြေမြှုပ်ခံရမယ် ”
…..
ပြိုကွဲပျက်စီးနေသော မီးဖိုကို ပြန်လည်ပြုပြင်လိုက်ကြပြီး မီးညှိလိုက်ကြသည်။
ဝိညာဉ်သတ္ထုတုံးများကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ကြသည်။
လက်မောင်းကို ပတ်တီးဖြင့် စည်းထားသော တောင်အရှင်သခင်က ဧရာမအနက်ရောင်တူတစ်လက်၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူက စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ မင်းဘာလို့ ဒီကို ပြန်လာတာလဲ ”
အကယ်၍ ဟန်မူယဲ့ ပြန်ရောက်မလာလျှင် ယနေ့ ဓားကျိုးတောင်က သေချာပေါက် ပျက်စီးသွားလိမ့်မည်။
သို့သော် ဓားကျိုးတောင်၏ လက်နက်သန့်စင်ခြင်းအတတ်ပညာသည်တော့ မျိုးတုန်းသွားလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု ဟန်မူယဲ့က ပြန်ရောက်လာသည်။
ဟန်မူယဲ့ပြန်ရောက်လာသဖြင့် ဓားကျိုးတောင်၏ အမွေအနှစ်က အမှန်တကယ် ပျက်သုန်းသွားနိုင်လောက်၏။
“ ခင်ဗျားက ကျုပ်ကို လက်နက်သန့်စင်ခြင်းအတတ်ပညာ သင်ကြားပေးတယ်… ခင်ဗျားသေတော့မှာကို ကျုပ်က ရပ်ကြည့်မနေနိုင်ဘူး ”
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ပြောသည်။
တောင်အရှင်သခင်က မျက်ရည်ဝဲသွားပြီး သူ၏ ပါးနှစ်ဖက်က အနည်းငယ် နီမြန်းသွားသည်။
တစ်ခဏ တွေးတောပြီးနောက် တောင်အရှင်သခင်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ မင်းက လက်နက်သန့်စင်ပါ… ငါက ဘေးကနေ ကြည့်မယ်… ငါပြောတာတွေကို မှတ်ထားပါ… ငါတစ်ကြိမ်ပဲ ပြောမယ် ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
သူက ဧရာမအနက်ရောင်တူ၏ အရှေ့တွင် ရပ်လိုက်ပြီး တူကို ဆုပ်ကိုင်လိုက်သည်။ ယွမ်ကျန်းမြို့တော်အရှင်သခင်သည် ဓားမော့ကို ကိုင်ထားလျက် အနီးနားမှ စောင့်ကြည့်နေသည်။
ရံဖန်ရံခါ တောင်အရှင်သခင်က ဟန်မူယဲ့ကို တိုးတိုးလေး ညွှန်ကြားပေးသည်။ သူက မီး၏ အပူချိန်ထိန်းညှိမှုနှင့် အင်အားထိန်းညှိပုံကို ပြောပြသည်။
တစ်ခါတစ်ရံ သူက စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြန်ပြောသည်။ ကြည့်ရသည်မှာ သူက ဟန်မူယဲ့မေ့သွားမည်ကို စိုးရိမ်နေဟန် ရ၏။
ဟန်မူယဲ့၏ တူထုရိုက်မှုကို ကြည့်နေစဉ် သူ၏ မျက်လုံးက ပိုပြီးထွန်းလင်းတောက်ပလာသည်။
ဟန်မူယဲ့၏ တူအောက်တွင် ဓားသန္ဓေသားလောင်းက တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ ယင်းက ယခင်တစ်ခေါက် သူပြုလုပ်ခဲ့သော ဓားသန္ဓေသားလောင်းထက် ပိုပြီးထွန်းလင်းတောက်ပသည်။
တူထုရိုက်ခြင်း… အကြမ်းပုံဖော်ခြင်း… အချောသတ်ခြင်း…
အစရှိသည်တို့ကို အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် ဟန်မူယဲ့၏ လက်ထဲမှာ တောက်ပသော ဓားတစ်လက် ထွက်ပေါ်လာသည်။
တောင်အရှင်သခင်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူက စိတ်အေးသွားသည်။
“ ပြီးပြီ… ”
သူ၏ အမူအရာမှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။
ယွမ်ကျန်းမြို့တော်အရှင်သခင်က ဓားကို ယူဆောင်လိုက်ပြီး လွှဲယမ်းလိုက်သည်။ ထို့နောက် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တောင်အရှင်သခင်ကို ကြည့်လိုက်သည်။
“ ဖုန်းယန်ချင်းကို မင်းရဲ့ ဦးခေါင်း ငါလက်ဆောင်ပေးမယ်ဆိုရင် အဲ့ဒီကောင် ဘာဖြစ်သွားလိမ့်မယ်ထင်လဲ ”
တောင်အရှင်သခင်၏ မျက်နှာပေါ်မှာ စိတ်ပျက်မှုဖြင့် ပြည့်နှက်သွားသည်။ သူက ဆက်ပြီး နှုတ်ဆိတ်နေသည်။
“ မြို့တော်အရှင်သခင်… ဒီဓားနဲ့ ဖုန်းယန်ချင်းကို ခင်ဗျားအနိုင်ရသွားတဲ့အခါ ဒီဓားကို တောင်အရှင်သခင်ကိုယ်တိုင် သန့်စင်ပေးခဲ့တာလို့ ခင်ဗျားပြောရင် ဖုန်းယန်ချင်းရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားမယ်လို့ ခင်ဗျားထင်လဲ ”
ဟန်မူယဲ့က ဘေးမှ ဝင်ပြောသည်။
ယွမ်ကျန်းမြို့တော်အရှင်သခင်က အစတွင် အံ့ဩသွားသည်။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ ကောင်းတယ်… ဖုန်းယန်ချင်းရဲ့ ဦးခေါင်းနဲ့ ငါပြန်လာခဲ့မယ် ”
မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြင်းခွာသံများ ထွက်ပေါ်လာသည်။ ထို့နောက် မြင်းခွာသံက တဖြည်းဖြည်း တိုးညင်းသွားသည်။
သို့တိုင် စစ်သည်တော်အုပ်စုတစ်စုက ဓားကျိုးတောင်ကို ဝိုင်းရံထားဆဲပင်။
မီးဖိုအရှေ့တွင် တောင်အရှင်သခင်က ခါးသီးသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက စိတ်မကောင်းဖြစ်စွာ သက်ပြင်းချလိုက်သည်။
“ ဓားကျိုးတောင်ရဲ့ အမွေအနှစ်ကို ငါကာကွယ်နိုင်တယ်လို့ တွေးခဲ့တယ်… အကိုဖုန်းကို ငါ့ဓားနဲ့ ဘယ်တော့မှ အန္တရာယ်မပေးဘူးလို့ ငါတွေးခဲ့တယ်… ဒါပေမဲ့… ”
အကယ်၍ ယွမ်ကျန်းမြို့တော်အရှင်သခင်က ဖုန်းယန်ချင်းကို အနိုင်ရသွားမည်ဆိုလျှင် ဓားကျိုးတောင်၏ အမွေအနှစ်က သေချာပေါက် ပျက်သုန်းသွားလိမ့်မည်။
သူရော ဟန်မူယဲ့ရော အသတ်ခံကြရလိမ့်မည်။
သူ၏ အကြံအစည်များက နောက်ဆုံးမှာ အချည်းနှီးသာ ဖြစ်၏။
ဟန်မူယဲ့က တောင်အရှင်သခင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ရလဒ်မထွက်ပေါ်ခင် အဖြေကို ကျုပ်တို့ မသိနိုင်ဘူးမဟုတ်လား ”
…..
ဆယ်ရက်ကြာပြီးနောက် သိုင်းလောကထဲတွင် ထူးခြားသော သတင်းများ ထွက်ပေါ်လာသည်။ ယွမ်ကျန်းမြို့တော်အရှင်သခင်သည် ရတနာဓားတစ်လက်နှင့်အတူ သိုင်းပညာရှင်ဒါဇင်ခန့်ကို သုတ်သင်ပစ်ခဲ့သည်။
ထို့နောက် သူက ဖုန်းယန်ချင်းနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲက မိုးမြေကို တုန်ဟီးသွားစေပြီး လေနှင့် သဲကို မိုင်ထောင်ပေါင်းများစွာ အဝေးထိ ပျံ့လွင့်သွားစေသည်။
နောက်ဆုံးအချိန်တွင် ယွမ်ကျန်းမြို့တော်အရှင်သခင်၏ လက်ထဲမှ ဓားက အက်ကွဲသွားပြီး ထိုနေရာမှာတင် သူက အသက်ဆုံးရှုံးသွားသည်။
ဖုန်းယန်ချင်းသည် သိုင်းပညာရှင်များနှင့် သူ့လက်အောက်မှ စစ်ဗိုလ်ချုပ်များကို ဦးဆောင်လျက် ယွမ်ကျန်းမြို့တော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
“ မင်း… မင်း ဘယ်လိုလုပ်လိုက်တာလဲ ”
တောင်အရှင်သခင်က ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူက ဟန်မူယဲ့၏ ဓားသွန်းလုပ်ခြင်းကို ဘေးမှ ကိုယ်တိုင် ကြည့်ခဲ့သည်။ ထိုဓားက ချို့ယွင်းချက်မရှိသော အဆင့်မြင့်ဓားတစ်လက် ဖြစ်သည်။ ဖုန်းယန်ချင်း၏ ဓားက ထိုဓားကို မတောင့်ခံနိုင်ပေ။
“ ဖြစ်နိုင်တာက အဲ့ဒါက ဓားလမ်းစဉ်ရဲ့ အနှစ်သာရပဲ ”
ဟန်မူယဲ့က တောင်အရှင်သခင်ကို မကြည့်ပေ။ ယင်းအစား သူက အဝေးမှ တောင်တန်းကို လှမ်းကြည့်လိုက်သည်။
သိုင်းပညာရှင်အုပ်စုတစ်စုက ဓားကျိုးတောင်ဆီသို့ အမြန်ချီတတ်လာနေကြသည်။ သူတို့၏ အနောက်တွင် ဓားတစ်လက် ကိုင်ဆွဲထားသော ပုဂ္ဂိုလ်တစ်ယောက် ရှိသည်။
“ လက်ထဲမှာ ဓားရှိနေရင် တရားမျှတမှုနဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းဖို့ ခက်ခဲတယ် ”
“ ဓားမှာ အသွားနှစ်ဖက်ရှိတယ်… ဓားက တခြားလူတွေကို အန္တရာယ်ပေးနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်ပေးနိုင်တယ် ”
တောင်အရှင်သခင်သည် ဖုန်းယန်ချင်းအား အနိုင်ယူနိုင်သော ဓားတစ်လက်သွန်းလုပ်ရန် ဖိအားပေးခံခဲ့ရသည်။ သို့သော်လည်း အကယ်၍ ထိုသို့လုပ်ဆောင်မည်ဆိုလျှင် သူက ကိုယ်ကျင့်သိက္ခာမဲ့သော လူဆိုးတစ်ယောက် ဖြစ်သွားလိမ့်မည်။
သို့သော် ထိုသို့မလုပ်ဆောင်လျှင် ဓားကျိုးတောင်၏ အမွေအနှစ်က ပျက်သုန်းသွားလိမ့်မည်။
ယင်းက ရွေးချယ်ရခက်ခဲသော အခြေအနေဖြစ်သည်။
ဟန်မူယဲ့၏ အရှေ့မှ မြင်ကွင်းက တဖြည်းဖြည်း ဝေဝါးသွားသည်။
ဓားကျိုးတောင်၊ တောင်အရှင်သခင်၊ ဓားမီးဖို အစရှိသော အရာအားလုံးက ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ယင်းတို့က တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလားပင်။
“ ငါ့နှလုံးသားထဲက ဓားမှာ အဲ့လိုစိုးရိမ်ပူပန်မှုတွေ မရှိဘူး ”
“ ဘယ်လိုအန္တရာယ်မျိုးကိုမဆို ငါ့ဓားက ဖြတ်တောက်နိုင်တယ် ”
“ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ဓားဟာ ဓားပါပဲ… ဓားကို ကိုင်ဆောင်မယ့်လူမရှိရင် ဓားက သာမန်သတ္ထုချောင်းတစ်ခုပဲ မဟုတ်ဘူးလား ”
“ ဗုန်း ”
ဟန်မူယဲ့၏ အရှေ့မှ မြင်ကွင်းအားလုံးက လွင့်ပြယ်သွားသည်။
တောင်အရှင်သခင်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
သူ့အရှေ့တွင် ဓားရှည်ကိုင်ထားသော ပုံရိပ်တစ်ခုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားကို တောင်အောက်သို့ ပစ်ချလိုက်သည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်လေရာ ယိုယွင်းပျက်စီးနေသော ဓားရှည်တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ဓားဆန္ဒကို ထည့်သွင်းလိုက်သည့်အခါ ဓားထဲမှ မှတ်ဉာဏ်များက ထွက်ပေါ်လာသည်။
ဓားကျိုးတောင်အရှင်သခင်က အသတ်ခံလိုက်ရပြီး သူ့ကိုယ်ပိုင် အမွေအနှစ်က ပျက်သုန်းသွားသည်။ ဖုန်းယန်ချင်းသည် ယွမ်ကျန်းမြို့တော်အရှင်သခင်ကို အနိုင်ယူပြီးနောက် ဓားကျိုးတောင်ဆီသို့ အမြန်ရောက်လာသည်။
သို့သော် ဓားကျိုးတောင်က အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
ဖုန်းယန်ချင်းက သူ့ဓားကို စွန့်လွှတ်လိုက်လေရာ သိုင်းလောကက ပြိုင်စံရှားဓားသမားတစ်ယောက်ကို ဆုံးရှုံးသွားသည်။
“ လေဝိညာဉ်ဓား ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
ယင်းက ဓားထဲမှ အစစ်အမှန် မှတ်ဉာဏ်များ ဖြစ်သည်။ သို့ဖြစ်၍ အစောနက ပုံရိပ်ယောင်က အစစ်အမှန် ပုံရိပ်ယောင်မဟုတ်ပေ။ ယင်းက အမှားအမှန် ရောထွးနေသော ပုံရိပ်ယောင် ဖြစ်သည်။
သူက တောင်အရှင်သခင်ကို ကယ်တင်ခဲ့ပြီး လက်နက်တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း ယင်းက တဒင်္ဂအိမ်မက်သာ ဖြစ်သည်။
သူ့လက်ထဲမှ ဓားက ကျိုးပဲ့သွားသည့်အခါ ဟန်မူယဲ့က မတ်တတ်ရပ်လိုက်သည်။
“ ဟမ် ”
မြေကြီးပေါ်မှ ဓားသန္ဓေသားလောင်းကို စိုက်ကြည့်လိုက်စဉ် ဟန်မူယဲ့၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။