အခန်း (၁၇၁၅)
Vol. 123 Ch. 1715
အခန်း(၁၇၁၅)
ထိုဓားသန္ဓေသားလောင်းက ပုံရိပ်ယောင်နယ်မြေထဲမှာ ဟန်မူယဲ့သန့်စင်ခဲ့သောအရာ မဟုတ်ပါလော။ ဓားသန္ဓေသားလောင်းကို ပုံရိပ်ယောင်၏ အပြင်သို့ ထုတ်ယူနိုင်သည်လော။
ဟန်မူယဲ့က ဘေးသို့ ခေါင်းလှည့်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဤနေရာက ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ သို့သော်လည်း ယင်းက အစောနကနှင့် မတူညီပေ။
ယင်း၏ ဆိုလိုရင်းမှာ ဓားသန္ဓေသားလောင်းက အစစ်အမှန် ဖြစ်သည်။
ဟန်မူယဲ့က ဓားသန္ဓေသားလောင်းကို ဖမ်းဆုပ်လိုက်ပြီး ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။ ထိုအခါ မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားသန္ဓေသားလောင်းက သူသန့်စင်ခဲ့သော ဓားသန္ဓေလောင်း အမှန်ဖြစ်သည်။
ထာဝရဓားစင်မြင့်… စိတ်ဝင်စားစရာပဲ… ။
ဓားက မည်သည့်အရာကိုမဆို နှစ်ပိုင်းဖြတ်နိုင်သည်။
အစစ်အမှန်နှင့် ပုံရိပ်ယောင်… ။
ယင်းက သေချာပေါက် ဖန်ဆင်းရှင်စွမ်းအား ဖြစ်သည်။
ဖန်ဆင်းရှင်စွမ်းအား သို့မဟုတ် ဖန်ဆင်းရှင်ထက် ပိုပြီးအားကောင်းသော စွမ်းအားသာလျှင် ဗလာနတ္ထိမှတဆင့် ရုပ်ဝတ္ထုများ ဖန်တီးနိုင်လိမ့်မည်။
ဟန်မူယဲ့က ဓားသန္ဓေသားလောင်းကို ကိုင်လျက် အရှေ့သို့ လျှောက်သွားသည်။
“ ဗိုလ်ချုပ် ”
“ ဗိုလ်ချုပ် ”
စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် အော်ပြောလိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းငုံ့လိုက်လေရာ ဤတစ်ကြိမ်တွင် သူက အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားကြောင်း မြင်တွေ့သွားသည်။
“ ဗိုလ်ချုပ်… ကျူးမိသားစုရဲ့ လူငယ် လူကြီးတွေကို မြို့ဂိတ်တံခါးအရှေ့ဆီ ခေါ်ဆောင်လာပါပြီ ”
“ ဗိုလ်ချုပ်… ကျူးချီက အညံ့ခံဖို့ ငြင်းဆန်နေတုန်းပါပဲ… ကျုပ်တို့တွေ ကျူးမိသားစုတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ကြမလား ”
စစ်သူကြီးများက တည်ကြည်သော မျက်နှာဖြင့် ချဉ်းကပ်လာကြသည်။
“ ဘာပဲပြောပြော အကြီးအကဲကျူးက ခင်ဗျားရဲ့ ဆရာမဟုတ်လား… ကိုယ်ကျင့်သိက္ခာမဲ့တဲ့ အဲ့ဒီလိုအလုပ်ကို ခင်ဗျားမလုပ်နိုင်ဘူးမလား… ”
ဆရာကို ပြန်သတ်တာလား… ။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ငါးမီတာမြင့်သော မြို့တံတိုင်းဆီသို့ ဦးတည်သွားသည်။
မြို့တံတိုင်းက အရောင်မွဲပြာနေပြီး စစ်သည်တော်များက မြို့တံတိုင်းပေါ်မှာ ပြန့်ကျဲနေကြသည်။
မြို့တံတိုင်းအောက်တွင် စစ်တပ်များ စုဝေးနေကြသည်။
စစ်တပ်များ၏ အရှေ့တွင် လူခုနစ်ယောက် ရှစ်ယောက်က စစ်သည်တော်များ၏ စောင့်ကြည့်မှုအောက်မှာ ကြိုးတုပ်ခံထားကြရသည်။
သူတို့က ကျူးမိသားစုက လူတွေလား… ။
ဟန်မူယဲ့က မြန်မြန်သွက်သွက် လျှောက်သွားသည်။ သူက လမ်းလျှောက်နေရင်း သူ့ဘေးမှ စစ်သည်တော်တစ်ယောက်၏ ခါးပေါ်မှ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
“ ချွင် ”
ဓားရှည်က ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
ဓားဆန္ဒကို ဓားထဲသို့ ထည့်သွင်းလိုက်သည့်အခါ ဤပုံရိပ်ယောင်နယ်မြေ၏ မှတ်ဉာဏ်များက ဟန်မူယဲ့၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ဤအခိုက်အတန့်မှာ သူက သစ်တောနီစစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်သည်။
သစ်တောနီစစ်တပ်ကို တိုင်းပြည်ပုန်ကန်သည့် စစ်တပ်ဟု သတ်မှတ်နိုင်သည်။ သို့တိုင် ယင်းက အပြည့်အဝ မမှန်ပေ။
သစ်တောနီစစ်တပ်သည် အိမ်ရှေ့စံမင်းသားအပေါ် သစ္စာရှိစွာ အမှုထမ်းသည်။
ယခု အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်၏ အမိန့်တော်ကြောင့် ကောင်းကင်ဘုံအကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ခံထားရသည်။ ဧကရာဇ်သည် ရောဂါကြောင့် ရုတ်တရက် နတ်ရွာမစံသွားမီ အိမ်ရှေ့စံမင်းသားအကြောင်းကို ဘာမှမထုတ်ပြန်ခဲ့ပေ။
ဧကရာဇ် နတ်ရွာစံသွားပြီးနောက် တိုင်းပြည်၏ စစ်တပ်အာဏာတစ်ဝက်ကို ပိုင်ဆိုင်ထားသော တတိယမင်းသားက ဧကရာဇ်အသစ်ဖြစ်လာရန် ကြိုးစားသည်။ သူက ရှေ့တန်းမှ စစ်တပ်ကို ဦးဆောင်ပြီး နန်းမြို့တော်ဆီသို့ ချီတတ်လာနေသည်။
ဟန်မူယဲ့၏ သရုပ်က သစ်တောနီစစ်တပ်၏ ခေါင်းဆောင် ရွှယ်ယန် ဖြစ်သည်။ သူ၏ တာဝန်က တတိယမင်းသား နန်းမြို့တော်ဆီ မရောက်မီ သူက ဦးစွာ အရင်ရောက်၍ အိမ်ရှေ့စံမင်းသားကို ကယ်တင်ရန် ဖြစ်သည်။
ထို့နောက် သူက အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံနိုင်ရန် ကူညီပေးမည်။
အနှစ်ချုပ်ဆိုရသော် ရွှယ်ယန်ဖြစ်စေ သို့မဟုတ် တတိယမင်းသားဖြစ်စေ နန်းမြို့တော်သို့ အရင်ရောက်သွားသည့်လူက ဧကရာဇ်အသစ်ကို ဆုံးဖြတ်နိုင်လိမ့်မည်။
သို့သော် ယခု သစ်တောနီစစ်တပ်သည် နန်းမြို့တော်နှင့် လီနှစ်ရာဝေးကွာသော မင်းယုမြို့တော်၏ တားဆီးခံထားရသည်။
မင်းယုမြို့တော်၏ အုပ်ချုပ်သူအရာရှိက ကျူးချီဖြစ်ပြီး တတိယမင်းသား၏ နောက်လိုက်တစ်ယောက် ဖြစ်သည်။
ရွှယ်ယန်သည် အတိတ်တွင် ကျူးချီ၏ ဖခင် ကျူးချန်းလန်ဆီမှာ ပညာသင်ကြားခဲ့ဖူးသည်။
မင်းယုမြို့တော်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် ကျရှုံးသွားပြီးနောက် ရွှယ်ယန်သည် ကျူးမိသားစုဝင်အားလုံးကို မြို့ဂိတ်တံခါးအရှေ့သို့ ခေါ်ဆောင်လိုက်သည်။
အကယ်၍ ကျူးချီက မြို့ဂိတ်တံခါးကို မဖွင့်လျှင် ကျူးမိသားစုဝင်အားလုံး ကွပ်မျက်ခံရလိမ့်မည်။
“ ဗိုလ်ချုပ်… ကျူးမိသားစုဝင်တွေကို ခင်ဗျားသတ်ပစ်မယ်ဆိုရင်တောင် အဲ့ဒါကို ခင်ဗျားလက်နဲ့ ကိုယ်တိုင်သတ်စရာ မလိုပါဘူး ”
ဓားဆွဲထုတ်ခံလိုက်ရသော စစ်သည်တော်က အမူအရာပြောင်းလဲသွားပြီး ဟန်မူယဲ့ကို အလျင်စလို ပြောသည်။
ဟန်မူယဲ့၏ အနောက်မှ တခြားစစ်သည်တော်များသည်လည်း အမူအရာပြောင်းလဲသွားကြသည်။
ဟန်မူယဲ့က မထူးမခြားနား အမူအရာဖြင့် ခေါင်းဖြူနေသော အဖိုးအိုတစ်ယောက်၏ အရှေ့သို့ လျှောက်သွားသည်။ သူက အဖိုးအို၏ အရှေ့မှာ ရပ်လိုက်ပြီး အနည်းငယ် ခါးညွတ်လိုက်သည်။
“ ဆရာ ”
အဖိုးအိုက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ မင်းက ဆရာကို မှတ်မိသေးတယ်ပေါ့ ”
အခြားတစ်ဖက်တွင် ကြိုးတုပ်ခံထားရသော ကျူးမိသားစုဝင်တစ်ယောက်က ဒေါသထွက်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး အော်ပြောသည်။
“ မင်းရဲ့ ဆရာကို အသိအမှတ်ပြုသေးတယ်ဆိုရင် ငါ့ရဲ့ အကိုကြီးကို မင်းလွှတ်ပေးသင့်တယ် ”
“ ဟုတ်တယ်… ကျူးချီက မင်းယုမြို့တော်ကို သိမ်းပိုက်ပြီးပြီ… မင်းအညံ့ခံမယ်ဆိုရင် တတိယမင်းသား ထီးနန်းဆက်ခံတဲ့အခါ မင်းလည်းပဲ မြို့တစ်မြို့ကို အုပ်ချုပ်နိုင်လိမ့်မယ် ”
ကျူးမိသားစု၏ တခြားအကြီးအကဲတစ်ယောက်က ပြောသည်။
“ ရွှယ်ယန်… မင်းက ကျူးမိသားစုဆီမှာ သုံးနှစ်ပညာသင်ကြားခဲ့တယ်… ကျူးမိသားစုက မင်းကို ပညာမသင်ပေးခဲ့ဘူးဆိုရင် မင်းက ဘယ်လိုလုပ် သစ်တောနီစစ်တပ်ကို အုပ်ချုပ်နိုင်မှာလဲ… အခု ကျေးဇူးကြွေး ပြန်ဆပ်ဖို့ အချိန်ကျပြီ ”
ကျူးမိသားစုဝင်များက တစ်ယောက်ပြီးတစ်ယောက် အော်ပြောကြသည်။
ဟန်မူယဲ့က နှုတ်ဆိတ်နေသည်။ သူက ခေါင်းမော့လိုက်ပြီး အရှေ့မှ မြို့တံတိုင်းကို ကြည့်လိုက်သည်။
“ ဆရာ… ကျွန်တော် ဘာလုပ်သင့်လဲ ”
မြို့တံတိုင်းပေါ်တွင် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရပ်နေသည်။ သူ၏ မျက်နှာပေါ်မှာ မကျေနပ်မှု၊ ဒေါသဖြင့် ပြည့်နှက်နေသည်။
“ ကျူးမိသားစုဆီ မင်းရောက်လာပြီး ဓားကျင့်ကြံတာကို စတင်ခဲ့တဲ့ ပထမဆုံးနေ့မှာ ငါမင်းကို ဘာပြောခဲ့သလဲ ”
ခေါင်းဖြူအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ပထမဆုံးနေ့မှာ ဘာပြောခဲ့သလဲ… ။
ဟန်မူယဲ့က ယင်းကို မသိပေ။
သူက ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲမှ ဓားကို ကြည့်လိုက်သည်။
သူ၏ လက်ထဲမှ ဓားက ကြည်လင်တောက်ပသည်။
“ ဆရာ… ကျွန်တော် ဘယ်လိုရွေးချယ်မှုမျိုး လုပ်မလဲဆိုတာ ဆရာသိတယ်မလား ”
ဟန်မူယဲ့က ပြန်ပြောသည်။
သူ့စကားက အဖိုးအိုကို ပြုံးသွားစေသည်။
သို့သော်လည်း အဖိုးအို၏ အနောက်မှ ကျူးမိသားစုဝင်များက မျက်နှာပျက်ယွင်းသွားကြသည်။
“ သစ်တောနီစစ်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းလုပ်သင့်တာကို လုပ်ရမယ် ”
“ ဓားတွေက အလွယ်တကူ ကျိုးပျက်နိုင်တယ် ”
“ လက်ထဲမှာ ဓားရှိနေရင် တစ်စုံတစ်ယောက်ရဲ့ စိတ်က ဘယ်တော့မှ မယိမ်းယိုင်ရဘူး ”
ခေါင်းဖြူအဖိုးအိုက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပနေသည်။
“ အိမ်ရှေ့စံမင်းသားက သနားကြင်နာတတ်ပြီး မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်… ပြီးတော့ သူက မင်းကို ဒီနေရာထိ ရောက်လာအောင် ဆွဲတင်ပေးတယ်… ဒါ့အပြင် တိုင်းပြည်ရဲ့ စည်းမျဉ်းတွေအရ အိမ်ရှေ့စံမင်းသားကပဲ ထီးနန်းဆက်ခံခွင့်ရှိတယ် ”
“ တတိယမင်းသားက သူ့ရဲ့ စစ်တပ်အင်အားကြောင့် မောက်မာထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်တယ်… တကယ်လို့ သူသာ ဧကရာဇ်ဖြစ်လာမယ်ဆိုရင် ပြည်သူတွေ ဒုက္ခခံစားရမှာ ငါစိုးရိမ်တယ် ”
ခေါင်းဖြူအဖိုးအိုက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး မြို့တံတိုင်းပေါ်မှ လူငယ်ကို မော့ကြည့်လိုက်သည်။
“ ချီအာက ငါအသက်ကြီးတဲ့အချိန်မှာ ရခဲ့တဲ့ ကလေးပဲ… ငါသူ့ကို အများကြီး အလိုလိုက်ခဲ့တယ်… ငါသူ့ကို တတိယမင်းသားနောက်ကို လိုက်စေပြီး သူ့ဘာသာ ရပ်တည်နိုင်ဖို့ မျှော်လင့်ခဲ့တယ်… ဒါပေမဲ့ အာဏာပါဝါကို သူရူးသွပ်သွားမယ်လို့ ငါမမျှော်လင့်ထားဘူး ”
“ မင်း ငါတို့အားလုံးကို သတ်ပစ်မယ်ဆိုရင်တောင် သူက အညံ့ခံမှာ မဟုတ်ဘူး ”
“ ငါ့ကို လွှတ်ပေးပါ… ငါသူ့ကို ဆွဲချပေးမယ် ”
အဖိုးအို၏ စကားက သူ့အနောက်မှ ကျူးမိသားစုဝင်များကို အံ့ဩသွားစေသည်။
“ အကိုကြီး… အဲ့ဒါ မင်းရဲ့ ကလေးနော် ”
“ အကိုကြီး… ကျူးချီက နဂါးကို အမှုထမ်းနေတာပါ… တတိယမင်းသား ထီးနန်းဆက်ခံတဲ့အခါ ကျုပ်တို့ရဲ့ ကျူးမိသားစုက တော်ဝင်မိသားစုတစ်ခု ဖြစ်လာလိမ့်မယ် ”
“ ခေါင်းဆောင်… ခင်ဗျား အသိစိတ်လွတ်သွားပြီလား ”
အော်သံများက သူ့အနောက်မှ ကျူးမိသားစုဝင်များထံမှ ထွက်ပေါ်လာသည်။
ကျူးချန်းလန်က ဟန်မူယဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ၏ ဓားက အောက်သို့ ကျဆင်းသွားပြီး ကျူးချန်းလန်၏ လက်နှစ်ဖက်အား တုတ်နှောင်ထားသော ကြိုးကို ဖြတ်တောက်လိုက်သည်။
ကြိုးက ပြတ်တောက်သွားသည်။
“ ချလွင် ”
ဟန်မူယဲ့က ဓားကို ကျူးချန်းလန်၏ အရှေ့သို့ ပစ်ချလိုက်သည်။
ကျူးချန်းလန်က ဓားကို ကောက်ယူလိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
မြို့တံတိုင်း၏ အောက်သို့ ရောက်ရှိသွားသည့်အခါ ကျူးချန်းလန်က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မြို့တံတိုင်းပေါ်မှ ပုံရိပ်ကို မော့ကြည့်လိုက်သည်။
“ အဖေ ”
မြို့တံတိုင်းပေါ်မှ သံချပ်ကာဝတ် လူငယ်က အော်ခေါ်လိုက်သည်။
ကျူးချန်းလန်က သူ့လက်ထဲမှ ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
“ ချီအာ… သစ်တောနီစစ်တပ် မြို့ထဲဝင်ရောက်မှာကို မင်းမတားဆီးသင့်ဘူး ”
“ မင်းကို အဝေးခေါ်သွားဖို့ ရွှယ်ယန်ကို ငါကတိပေးပြီးသွားပြီ ”
သူ့စကားက မြို့တံတိုင်းပေါ်မှ လူတိုင်းကို ကျောက်ရုပ်ဖြစ်သွားစေသည်။
မြို့တံတိုင်းပေါ်တွင် လူငယ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မြားတံကို ကျူးချန်းလန်ထံသို့ ချိန်ရွယ်လိုက်သည်။
“ အဖေက ရွှယ်ယန်ကိုယ်စား ကျုပ်ကို လာဖမ်းတာလား ”
ကျူးချန်းလန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ပေသုံးဆယ်အမြင့်သို့ မြန်ဆန်စွာ တတ်သွားသည်။
“ အတိတ်မှာ ငါ ကျူးချန်းလန်က သိုင်းလောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တယ်… ဓားတစ်လက်နဲ့ စစ်သည်တော်တစ်ထောင်ကို ရင်ဆိုင်ခဲ့တယ် ”
မြို့တံတိုင်း၏ ထိပ်ပေါ်သို့ သူရောက်သွားသည်နှင့် ကျူးချန်းလန်၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
မြို့တံတိုင်းပေါ်တွင် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်က အံကြိတ်လိုက်သည်။ သူက လေးကြိုးကို လွှတ်ချလိုက်သည်။
“ ရွှီး ”
မြားက ပျံသန်းထွက်သွားသည်။
မြားက ဓားကိုင်ထားသော ကျူးချန်းလန်ထံသို့ တန်းမတ်စွာ ပျံသန်းသွားပြီး သူ၏ ရင်ဘက်ထဲသို့ စိုက်ဝင်သွားသည်။
ကျူးချန်းလန်က ဆက်လက် ပြုံးထားသော်လည်း သူ၏ လက်ထဲမှ ဓားက ရပ်တန့်သွားသည်။
“ ဒုတ် ”
မြားက သူ၏ ရင်ဘက်ကို ထိုးဖောက်သွားပြီး ကျူးချန်းလန်၏ ခန္ဓာကိုယ်ကို ဆယ်ပေအကွာအဝေးသို့ သယ်ဆောင်သွားသည်။ မြေပြင်ပေါ်သို့ သူပြုတ်ကျသွားသည့်အခါ ဖုန်မှုန့်က လေထဲသို့ တလိပ်လိပ် မြှောက်တတ်သွားသည်။
“ ချလွင် ”
ကျူးချန်းလန်၏ လက်ထဲမှ ဓားက အောက်သို့ ပြုတ်ကျသွားသည်။
ဟန်မူယဲ့က မြေကြီးပေါ်သို့ ပြုတ်ကျသွားသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာရှိသည်။
“ ဓားသွားက ထက်ရှတော့ ဘာကောင်းလို့လဲ ”
“ တစ်စုံတစ်ယောက်က ဓားခုတ်ပိုင်းဖို့ တုံ့ဆိုင်းနေမယ်ဆိုရင် အရာအားလုံးက အချည်းနှီးဖြစ်သွားမယ် ”
“ လက်ထဲက ဓားက ထက်ရှပေမဲ့ မခုတ်ပိုင်းနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ အန္တရာယ်ပြန်ပေးလိမ့်မယ်… ”
ဟန်မူယဲ့က နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက လက်ထဲမှ ဓားကို မြှောက်တင်လိုက်ပြီး မြို့တံတိုင်းပေါ်သို့ ချိန်ရွယ်လိုက်သည်။
“ စစ်တပ်အားလုံး မြို့ကို ဝင်တိုက်ခိုက်ကြ ”
…..
စစ်တပ်စေလွှတ်လိုက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် မင်းယုမြို့တော်က သစ်တောနီစစ်တပ်၏ လက်အောက်သို့ ကျရောက်သွားသည်။ ကျူးချီအမည်ရသော လူငယ်က ဟန်မူယဲ့၏ အရှေ့မှာ ငိုကြွေးပြီး သူ့ကို မသတ်ရန် အသနားခံသည်။
သစ်တောနီစစ်တပ်က အရှေ့သို့ ဆက်လက် ချီတတ်သွားပြီး နန်းမြို့တော်ကို သိမ်းပိုက်လိုက်သည်။ အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံနိုင်သွားပြီး ဧကရာဇ်ဖြစ်လာသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ကျူးချန်းလန်၏ လက်ထဲမှ ပြုတ်ကျသွားခဲ့သော ဓားကို ဆုပ်ကိုင်ထားသည်။
“ တရားမျှတမှုတွေ သစ္စာတရားတွေက ဓားလမ်းစဉ်အပေါ် အနှောင်အဖွဲ့တွေလား ”
ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ အရှေ့မှ ပုံရိပ်ယောင်က ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။