← Chapters

အခန်း (၁၇၁၇)

Vol. 123 Ch. 1717

အခန်း (၁၇၁၇)

Vol. 123 Ch. 1717

အခန်း(၁၇၁၇)

“ ဗုန်း ”

မိုးမြေကြားတွင် အဆုံးမဲ့သော လျှပ်စီးတန်းများ ထွက်ပေါ်လာကြသည်။

တောက်ပသော အလင်းစီးကြောင်းတစ်ခုက ဘီလီယံနှင့်ချီသော ဟင်းလင်းပြင်အလွှာများကို ဧရာမနဂါးတစ်ကောင်သဖွယ် ဆုတ်ဖြဲလိုက်ပြီး ထာဝရဓားစင်မြင့်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ ထာဝရဓားစင်မြင့်အောက်မှ ကျင့်ကြံသူအားလုံးက မျက်လုံးပြူးသွားကြသည်။

ဓားဆန္ဒက သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဖရိုဖရဲ လှုပ်ခတ်သွားသည်။

သူတို့၏ လက်ထဲမှ ဓားများသည်ပင် ထိန်းချုပ်မရအောင် တုန်ယင်သွားကြသည်။ ဓားအားလုံးက ကျယ်လောင်သော ပဲ့တင်သံကို ထုတ်လွှတ်လိုက်ကြသည်။

“ ဓားဟိန်းသံပဲ့တင်ပြန်မှု ”

“ ဓားတာအိုဖန်ဆင်းရှင်တစ်ပါး ထွက်ပေါ်လာတော့မှာလား ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဓားတာအိုက နောက်ထပ် ဖန်ဆင်းရှင်တစ်ပါးကို မမွေးထုတ်ပေးနိုင်တော့ဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား ”

ကျောက်တုံးလှေကားအောက်တွင် ဓားကျင့်ကြံသူအားလုံးက အလန့်တကြား အော်ပြောလိုက်ကြသည်။

အကယ်၍ ဓားတာအိုဖန်ဆင်းရှင်တစ်ပါးက ထာဝရဓားစင်မြင့်ပေါ်မှာ မွေးဖွားလာမည်ဆိုလျှင် ယင်းက အမှောင်ရိပ်ဓားရုံးတော်၏ ဂုဏ်ကျက်သရေကို မယုံကြည်နိုင်သော အဆင့်ထိ မြင့်တတ်သွားစေလိမ့်မည်။

ဖြစ်နိုင်သည်မှာ ဓားရုံးတော်က အတိတ်မှ ရွှေရောင်နေ့ရက်များကို ပြန်ရရှိသွားလိမ့်မည်။

ဓားတာအိုက ဤလောက၏ အထွတ်အထိပ်သို့ ပြန်ရောက်သွားလိမ့်မည်။

“ ဗုန်း ”

ဟင်းလင်းပြင်ထဲတွင် ပုံရိပ်အများအပြား ထွက်ပေါ်လာကြသည်။

ထိုပုံရိပ်များ ထွက်ပေါ်လာသည်နှင့် ဓားတာအိုနတ်ဘုရားအလင်းက မိုးမြေကြားထဲမှာ စုဝေးသွားသည်။

ဖန်ဆင်းရှင်… ။

ယခု ရောက်ရှိလာကြသော ပုံရိပ်များက ဤလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်များဖြစ်ကြသော ဖန်ဆင်းရှင်များ ဖြစ်ကြသည်။

သူတို့တစ်ယောက်စီက အသင်္ချေဘုံများကို ဖိနှိပ်ထားကြသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က ဤလောက၏ မဟာလမ်းစဉ်ကို ကိုယ်တိုင်ရှာတွေ့ထားသူများ ဖြစ်ကြသည်။

ဖန်ဆင်းရှင်သည် ဤလောက၏ အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

ဖန်ဆင်းရှင်က နတ်ဘုရားနိဂုံးနယ်ပယ်သို့ ဝင်ရောက်သွားလျှင် ဤလောကထဲမှ အရာအားလုံးက စတင်ဖျက်ဆီးခံရလိမ့်မည်။

“ ဝေယွမ်မြို့စားက ဓားတာအိုကို အခြေပြုပြီး ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာလား ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက ပြောသည်။ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

“ လမ်းစဉ်တစ်ခုပေါ်မှာ ဖန်ဆင်းရှင်တစ်ပါးပဲ ရှိနိုင်တယ်… ဓားတာအိုနဲ့ ဖန်ဆင်းရှင်တစ်ပါးဖြစ်လာခဲ့တဲ့ အဲ့ဒီပုဂ္ဂိုလ်က ထာဝရကောင်းကင်ဘုံမှာ ကျင့်ကြံနေတာ မဟုတ်ဘူးလား… မဟုတ်မှ အဲ့ဒီဖန်ဆင်းရှင်က… ”

ဖြစ်နိုင်သည်မှာ ထိုဓားတာအိုဖန်ဆင်းရှင်က သေဆုံးသွားပြီလော။

ထာဝရကောင်းကင်ဘုံက ဖန်ဆင်းရှင်များအတွက် နောက်ဆုံးအနားယူရာနေရာ မဟုတ်ပေဘူးလား။

ဖန်ဆင်းရှင်များဖြစ်စေ သို့မဟုတ် နတ်ဘုရားနိဂုံးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြစ်စေ သူတို့က ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ရန်အလို့ငှာ ထာဝရကောင်းကင်ဘုံဆီသို့ သွားရောက်ချင်နေကြသည် မဟုတ်ပါလော။

အကယ်၍ ထာဝရကောင်းကင်ဘုံက ထာဝရအသက်ကို ပေးစွမ်းနိုင်သည့်နေရာဆိုလျှင် သေဆုံးမှုက မည်သို့ရှိနိုင်မည်နည်း။

အကယ်၍ သေဆုံးမှုမရှိလျှင် မည်သို့ကြောင့် ဤလောကမှာ နောက်ထပ် ဓားတာအိုဖန်ဆင်းရှင်တစ်ပါး ထွက်ပေါ်လာနိုင်မည်နည်း။

“ သူ့ရဲ့ ဓားတာအိုစွမ်းအားက အရမ်းအားကောင်းတယ်… ဒါပေမဲ့ အဲ့ဒါက သူ့ကို ဖန်ဆင်းရှင်တစ်ပါးဖြစ်လာစေဖို့ မလုံလောက်သေးဘူး ”

ရွှေရောင်သရဖူဆောင်းထားသော ဖန်ဆင်းရှင်တစ်ပါးက ခေါင်းယမ်းလိုက်သည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။

“ နောက်ဆုံးပေါ်ထွန်းလာခဲ့တဲ့ ဓားတာအိုဖန်ဆင်းရှင်က အမှောင်ရိပ်ဓားရုံးတော်ရဲ့ တည်ထောင်သူပဲ ”

“ သူက ဒီထာဝရဓားစင်မြင့်ကို နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ နောင်လာနောင်သားတွေက သူ့ရဲ့ ဓားတာအိုအမွေကို ဆက်ခံပြီး ဖန်ဆင်းရှင်အဆင့်ကို မရောက်နိုင်ခဲ့ကြဘူး ”

တခြားဖန်ဆင်းရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ခေါင်းလှည့်လိုက်လေရာ သူတို့အားလုံး၏ အကြည့်က ထာဝရဓားစင်မြင့်ပေါ်မှ စံအိမ်ဆီသို့ ကျရောက်သွားသည်။

“ ဝီး ”

မရေမတွက်နိုင်သော ဓားများနှင့် ဓားဆန္ဒများက သဏ္ဍာန်မဲ့စွမ်းအားတစ်မျိုး၏ ဆွဲဆောင်ခံလိုက်ကြရသည်။ ဤအခိုက်အတန့်မှာ ယင်းတို့က စံအိမ်ထဲမှာ စုဝေးသွားကြသည်။

ဟန်မူယဲ့က စံအိမ်အရှေ့မှာ ရပ်နေသည်။ နောက်အခိုက်အတန့်မှာ သူက စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။

“ သူက ဓားဉာဏ်အလင်းစံအိမ်ထဲ ဝင်သွားပြီ ”

“ သူက ဓားတာအိုဖန်ဆင်းရှင်တစ်ပါးမဖြစ်လာရင်တောင် ဓားဉာဏ်အလင်းစံအိမ်ဆီကနေ ဖော်မပြနိုင်တဲ့ အကျိုးအမြတ်တွေ သေချာပေါက် ရရှိသွားလိမ့်မယ် ”

“ ဓားဉာဏ်အလင်းစံအိမ်ထဲ ဝင်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်အားလုံးက ဓားတာအိုလမ်းစဉ်မှာ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ် ”

“ သူက အမှောင်ရိပ်ဓားရုံးတော်ရဲ့ အရှင်သခင်ဟောင်းဆီကနေ အသိအမှတ်ပြုမှုကို ရရှိပြီး ဓားရုံးတော်ရဲ့ အရှင်သခင်အသစ် ဖြစ်လာမယ်လို့ မင်းတို့ထင်လား ”

ထာဝရဓားစင်မြင့်အောက်တွင် မရေမတွက်နိုင်သော စကားသံများ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ဓားတာအိုဖန်ဆင်းရှင်တစ်ပါး ဖြစ်လာခြင်း မဖြစ်လာခြင်းက အဓိကမဟုတ်ပေ။ သူက ဓားဉာဏ်အလင်းစံအိမ်ထဲသို့ ဝင်ရောက်နိုင်သည်ဟူသော အချက်က သူ့အား ဤလောက၏ အသန်မာဆုံး ဓားကျင့်ကြံသူအဖြစ် သတ်မှတ်ရန် လုံလောက်ပေသည်။

…..

ဓားဉာဏ်အလင်းစံအိမ်ထဲတွင်… ။

ဟန်မူယဲ့က ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။

ဤနေရာမှ အပြင်အဆင်သည် အတိတ်မှ အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်ဟောင်းနှင့် အတော်လေး ဆင်တူသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ဤစံအိမ်ထဲတွင် ဓားများကို သစ်သားစင်များပေါ်မှာ မတင်ထားပေ။ ယင်းအစား ဓားများက လေထဲမှာ လွင့်မျောနေကြသည်။

ထို့ပြင် ဤနေရာမှ ဓားများသည် အံ့ဖွယ်ကိုးပါးဓားစံအိမ်ထဲမှ အဆင့်နိမ့်ဓားများ မဟုတ်ကြပေ။ ဓားတစ်လက်စီက အလွန်အမင်း သန်မာကြသည်။

ထိုဓားများမှ ထုတ်လွှတ်နေသော ဓားအလင်းက မိုးမြေကို ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။

ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

သူလက်မြှောက်လိုက်သည့်အခါ ဓားရှည်တစ်လက်က သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။

“ ဝီး ”

ဓားဆန္ဒကို ထည့်သွင်းလိုက်သည့်အခါ ထိုဓားထဲမှ မှတ်ဉာဏ်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဖူရှင်းဘုံတွင် ဓားတာအို၌ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ပါး မွေးဖွားလာခဲ့သည်။ သူ၏ နာမည်က ဒူချုံး ဖြစ်သည်။

ဒူချုံးသည် ဓားတာအိုကို အခြေခံထား၍ အာဏာရှင်အဆင့်သို့ တတ်လှမ်းခဲ့သည်။ သူက ပုံရိပ်ယောင်စွမ်းအားကို ချိုးဖြတ်နိုင်ခဲ့ပြီး ခြေလှမ်းဝက် နတ်ဘုရားအဆင့်ထိ ရောက်ရှိခဲ့သည်။ သို့သော် သူက ထာဝရဓားစင်မြင့်ကို စိန်ခေါ်ရာမှာ ကျဆုံးသွားခဲ့ပြီး သူ၏ ဓားသာ ကျန်နေခဲ့သည်။

မောက်မာထောင်လွှားသော ထိုဓားပါရမီရှင်က ထာဝရဓားစင်မြင့်ပေါ်မှာ ကျဆုံးသွားခဲ့သည်။ သူမကျဆုံးသွားမီ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေခဲ့သည်။

ဟန်မူယဲ့က ဓားရိုးအား ဆုပ်ကိုင်ထားသော သူ၏ လက်ကို ဖြေလွှတ်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ တခြားဓားတစ်လက်က သူ၏ လက်ထဲသို့ ကျဆင်းလာသည်။

ထိုဓားသည် ငါးပေရှည်လျားပြီး ပုံမှန်ဓားများထက် အနည်းငယ် ပိုပြီးလေးလံသည်။

ဓားက သူ၏ လက်ဖဝါးထဲသို့ ကျဆင်းလာသည့်အခါ အဆုံးမဲ့သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ဒီရေသဖွယ် ထွက်ပေါ်လာသည်။

ထိုဓားပိုင်ရှင်က သာမန်ကျင့်ကြံသူဘဝမှ စတင်ခဲ့သည်။ သူက အသက်(၁၂၀) ပြည့်သည်အထိ ဂိုဏ်းတစ်ဂိုဏ်းမှာ အစေခံလုပ်ခဲ့သည်။ သူက ဂိုဏ်းထဲမှ အခြေခံအကျဆုံး ဓားကွက်များကိုသာ သင်ကြားခွင့်ရခဲ့သည်။

အသက်(၁၂၀)က သူ့ဘဝ၏ နောက်ဆုံးအကန့်အသတ် ဖြစ်သည်။ သို့သော်လည်း ကံကောင်းသွားသည်မှာ သက်တမ်းမပြည့်မီ ဓားဆန္ဒကို သူဖမ်းဆုပ်နိုင်သွားသည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းအဆင့်က တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အခက်အခဲများစွာနှင့် သေခြင်းရှင်ခြင်းအခြေအနေများစွာကို ဖြတ်ကျော်ပြီးနောက် သူက ဓားနတ်ဘုရားလမ်းစဉ်ပေါ်သို့ ခြေချနိုင်သွားခဲ့သည်။

သူက အတိတ်ကို ပြန်လှည့်ကြည့်လိုက်လေရာ ခမ်းနားထည်ဝါသော လောကကို မြင်တွေ့သွားသည်။

သူက ထာဝရဓားစင်မြင့်ကို စိန်ခေါ်ပြီး အနှစ်သုံးထောင်ကြာအောင် သူ၏ ဓားကို ထုဆစ်သန့်စင်ခဲ့သည်။ သို့သော်လည်း အဆုံးမှာ သူက ရှုံးနိမ့်သွားသည်။ ထို့နောက် သူက ဓားကို စွန့်လွှတ်၍ ထွက်သွားသည်။

ဟန်မူယဲ့က ထိုဓားကို ပြန်လွှတ်ပေးလိုက်ပြီး သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။

သူက ဓားတစ်ချောင်းပြီးတစ်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

ဤနေရာမှ ဓားတစ်လက်စီက ဓားကျင့်ကြံသူတစ်ယောက်၏ ဘဝနှင့် အတွေ့အကြုံများကို ကိုယ်စားပြုသည်။

တစ်စုံတစ်ယောက်က မည်မျှပါရမီရှိပါစေ၊ တစ်စုံတစ်ယောက်က မည်မျှကြိုးစားပါစေ သို့မဟုတ် တစ်စုံတစ်ယောက်က မည်မျှကြွယ်ဝချမ်းသာပါစေ သူတို့အားလုံးက ထာဝရဓားစင်မြင့်ပေါ်မှာ ရှုံးနိမ့်သွားခဲ့ကြသည်။

“ ဒီဟာတွေနဲ့ ငါ့ရဲ့ ဓားတာအိုအမြူတေကို ဖျက်ဆီးပစ်ချင်တာလား ”

“ ရယ်စရာကောင်းလိုက်တာ ”

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် သူ့အရှေ့မှ မီးခိုးရောင်ကျောက်တုံးစင်မြင့်ကို ကြည့်လိုက်သည်။

ထိုကျောက်တုံးစင်မြင့်ပေါ်တွင် ဓားကိုင်ထားသော ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။

ဟန်မူယဲ့က လေထဲသို့ လှမ်းခုန်လိုက်ပြီး ကျောက်တုံးစင်မြင့်ပေါ်သို့ ညင်သာစွာ ဆင်းသက်သွားသည်။ သူက သူ့အရှေ့မှ ပုံရိပ်ယောင်ဓားတစ်လက်ကို ဖမ်းဆုပ်လိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသော ပုံရိပ်က စတင်လှုပ်ရှားလိုက်ပြီး သူ့ဓားကို ဟန်မူယဲ့၏ လည်ပင်းဆီသို့ ထိုးသွင်းလိုက်သည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး တစ်ဖက်လူ၏ ဓားကို ခပ်ထုတ်လိုက်သည်။

ဓားနှစ်လက် တွေ့ဆုံသွားသည့်အခါ သူတို့၏ ပုံရိပ်များက နေရာပြောင်းရွှေ့သွားကြသည်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ အနောက်သို့ ဓားထိုးစိုက်လိုက်သည်။

ပုံရိပ်သည်လည်း အနောက်လှည့်လိုက်ပြီး သူ၏ ဓားကို လွှဲခုတ်လိုက်သည်။

“ ထန် ”

ဓားနှစ်လက်က ထပ်မံ တွေ့ဆုံသွားပြန်သည်။

ပုံရိပ်နှစ်ခုသည် ကျောက်တုံးစင်မြင့်ပေါ်တွင် အခြေခံဓားကွက်များကို အသုံးပြု၍ အပြန်အလှန် တိုက်ခိုက်နေကြသည်။

ဓားထိုးသွင်းခြင်း… ဓားပင့်မြှောက်ခြင်း… ဓားလွှဲယမ်းခြင်း…

ယင်းတို့က အခြေခံဓားကွက်များဖြစ်သော်လည်း ဓားထဲမှာ ကိန်းအောင်းနေသော ဓားအလင်းကြောင့် ဓားချက်တိုင်းက မိုးမြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

အကယ်၍ သူတို့သာ တခြားနေရာမှာ တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ ဓားပွတ်တိုက်မှုမှ ထွက်ပေါ်လာသော အားလှိုင်းများက ဘုံတစ်ခုကို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သည်။

ရှင်းလင်းစွာပင် ဤကျောက်တုံးစင်မြင့်က သာမန်မဟုတ်ပေ။ ယင်းက စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ခုခံနိုင်စွမ်းရှိသည်။

ဓားကွက်တစ်သောင်း ပညာဖလှယ်ပြီးနောက် ဟန်မူယဲ့က အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏ ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။

“ ဒီနေရာက ဘုံထဲမှာ မဟုတ်ဘူးမလား ”

“ ဒီကျောက်တုံးစင်မြင့်ကလည်း ဘုံထဲမှာ မဟုတ်ဘူးမလား ”

အကယ်၍ ဤနေရာက ဘုံထဲမှာဆိုလျှင် သူတို့၏ ဓားကွက်ဖလှယ်မှုမှ ထွက်ပေါ်လာသော ဓားအလင်းက ဘုံကို သေချာပေါက် ပျက်စီးသွားစေလိမ့်မည်။

သူ့အရှေ့မှ ပုံရိပ်သည် နောက်ဆုံးမှာ အပြည့်အဝ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ထိုသူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းထားသည်။

“ ဟုတ်တယ်… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ထာဝရကောင်းကင်ဘုံထဲမှာ… ဒီနေရာက ထာဝရကောင်းကင်ဘုံပဲ ”

“ နောက်ဆုံးအကြိမ် ငါ့ကို စိတ်အားထက်သန်စွာ တိုက်ခိုက်စေခဲ့တဲ့လူက လုယွဲ့ ”

“ မင်းလည်းပဲ သူ့ထက် မနိမ့်ပါဘူး ”

ထိုပုံရိပ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ဒါပေမဲ့ မင်းက သူ့လိုမျိုး စိတ်ဓာတ်ပြတ်သားမှုမရှိဘူး… မင်းက အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပစ်ဖို့ ဆန္ဒမရှိဘူး ”

“ ဒါကြောင့် မင်းက ဖန်ဆင်းရှင်အဆင့်ကို ခြေမချနိုင်ဘူး ”

ဒီနေရာက ထာဝရကောင်းကင်ဘုံလား… ။

ဒီကျောက်တုံးစင်မြင့်က ထာဝရကောင်းကင်ဘုံက ပစ္စည်းလား… ။

နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီနေရာက ထာဝရကောင်းကင်ဘုံဆိုတော့ ဒီနေရာမှာ နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်လောက်လား ”

သူ့စကားက တစ်ဖက်လူကို တစ်ခဏ နှုတ်ဆိတ်သွားစေသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်သည်။

“ ထာဝရကောင်းကင်ဘုံက ဘာလဲဆိုတာ မင်းနားမလည်ပါဘူး ”

“ ထာဝရကောင်းကင်ဘုံက မင်းတို့စိတ်ကူးယဉ်နေတဲ့အရာ လုံးဝ မဟုတ်ဘူး… ”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက နောက်ထပ် ဆက်မပြောပေ။ ထို့နောက် သူက ဓားကို မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ချိန်ရွယ်လိုက်သည်။

“ တကယ်လို့ မင်းက ဒီနေရာမှာ ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်မယ်ဆိုရင် ဒီနေရာကနေ မင်းထွက်သွားတဲ့အခါ မင်းရဲ့ ကျင့်ကြံခြင်းကို ဖန်ဆင်းရှင်အဆင့်အောက်မှာ အမြဲဖိနှိပ်ထားရလိမ့်မယ် ”

“ မဟုတ်ရင် နတ်ဘုရားနိဂုံးစွမ်းအားက မင်းကို ဝါးမျိုသွားလိမ့်မယ် ”

All Chapters