အခန်း (၁၇၁၈)
Vol. 123 Ch. 1718
အခန်း(၁၇၁၈)
ထာဝရကောင်းကင်ဘုံက တကယ်ပဲ ဘာလဲ… ။
ဟန်မူယဲ့သည် မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ကို စောင့်ကြပ်နေသော ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ထံမှတဆင့် ထာဝရကောင်းကင်ဘုံကို အာရုံခံမိခဲ့သည်။ သို့တိုင် သူက ယင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ဤသည်မှာ အကာအကွယ်အလွှာတစ်ခုက ထာဝရကောင်းကင်ဘုံကို ဖုံးကွယ်ထားဟန် ရသည်။
သူသေချာသော တစ်ခုတည်းသောအရာမှာ ထာဝရကောင်းကင်ဘုံထဲမှ စွမ်းအားစနစ်က လက်ရှိ သူနေထိုင်သော မိုးမြေထက် သေချာပေါက် သာလွန်သည်။
သူ၏ အကြည့်က သူ့အရှေ့မှ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။ တိုက်ပွဲစိတ်ဆန္ဒက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ အဆုံးမဲ့သော ဓားစွမ်းအားက ဒီရေသဖွယ် မြှောက်တတ်လာသည်။
ထာဝရကောင်းကင်ဘုံကို နားမလည်နိုင်မှတော့ မည်သို့ကြောင့် သူက ထာဝရကောင်းကင်ဘုံမှ ပုဂ္ဂိုလ်ဖြင့် မတိုက်ခိုက်ရမည်နည်း။
“ ဝီး ”
ဟန်မူယဲ့သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ထပ် တုံ့ဆိုင်းမနေပေ။ အဖြူအနက်ဓားက သူ၏ အရှေ့၌ ပေါက်ကွဲသွားပြီး အဖြူရောင်နှင့် အနက်ရောင်ဓားအလင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဆင်းသွားသည်။
အသက်ဓာတ်စွမ်းအားနှင့် ဖန်ဆင်းရှင်စွမ်းအားကို ကိုယ်စားပြုသော အဖြူရောင်ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ အကန့်အသတ်မဲ့သော စကြာဝဠာနယ်မြေများကို လှုံ့ဆော်လိုက်သည်။
နတ်ဘုရားနိဂုံးစွမ်းအားကို ကိုယ်စားပြုသော အနက်ရောင်ဓားအလင်းသည် ဤလောကမှ စွမ်းအင်အားလုံး၏ အဆုံးသတ်ဖြစ်သည်။
မတူညီသော စွမ်းအားနှစ်မျိုးက အပြန်အလှန် ယှက်ထွေသွားပြီး လှည့်ပတ်သွားသည်။ စွမ်းအားနှစ်မျိုးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ မီးနှင့်ရေကဲ့သို့ ထိပ်တိုက် တွေ့ဆုံသွားပြီး ပေါက်ကွဲသွားသည်။
အကန့်အသတ်မဲ့ စကြာဝဠာများဖြစ်စေ သို့မဟုတ် နတ်ဘုရားနိဂုံးစွမ်းအားဖြစ်စေ ယင်းတို့က ဤအခိုက်အတန့်မှာ ဟန်မူယဲ့အတွက် ကျင့်ကြံခြင်းစွမ်းအင်ဖြစ်လာသည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် ဉာဏ်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ယင်းက ဖန်ဆင်းရှင်ဖြစ်သည်။
ယင်းက သေခြင်းရှင်ခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်သည် သူ့ကိုယ်ပိုင်စွမ်းအားကို ဗဟိုချက်အဖြစ် အသုံးပြု၍ မွေးဖွားခြင်းနိယာမနှင့် သေဆုံးခြင်းနိယာမကို အပြန်အလှန် ဆန့်ကျင်စေသည်။
ဖန်ဆင်းရှင်တစ်ပါးသည် သူ့ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားကို အသုံးပြု၍ ဤလောကထဲမှ အရာအားလုံးကို ဖန်ဆင်းနိုင်ပြီး ထိန်းချုပ်နိုင်သည်။ ယင်းက နတ်ဘုရားနှင့် ဖန်ဆင်းရှင်ကြားမှ ကွာခြားမှုဖြစ်သည်။
နတ်ဘုရားနယ်ပယ်၏ အရှေ့တွင် အရာအားလုံးကို ဖန်ဆင်းနိုင်သော ဖန်ဆင်းရှင်က မသေမျိုးတစ်ပါးနှင့် မခြားပေ။
နတ်ဘုရားအဆင့် စွမ်းအားက ဖန်ဆင်းရှင်တစ်ပါးကို ဒဏ်ရာရစေနိုင်သည်။ သို့သော်လည်း ယင်းက ဖန်ဆင်းရှင်တစ်ပါးကို မသတ်ပစ်နိုင်ပေ။
အတိအကျဆိုရသော် ဖန်ဆင်းရှင်တစ်ပါးကို မသတ်နိုင်ပေ။ ဖန်ဆင်းရှင်တစ်ပါးကို သတ်ပစ်နိုင်သူက ဖန်ဆင်းရှင်ကိုယ်တိုင်နှင့် တခြားဖန်ဆင်းရှင်များသာ ဖြစ်ကြသည်။
မွေးဖွားခြင်းရှိလျှင် သေဆုံးခြင်းရှိရမည်။
သို့ဖြစ်၍ ဖန်ဆင်းရှင်တစ်ပါး ထိန်းချုပ်ထားသော အသက်ဓာတ်စွမ်းအားက ပိုပြီးများပြားလာလေ သူ၏ ခန္ဓာကိုယ်ပေါ်၌ သေခြင်းစွမ်းအားက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။
ဖန်ဆင်းရှင်က ပိုပြီးသန်မာလေ သူ၏ အသက်ဓာတ်စွမ်းအား ထိန်းချုပ်မှုက ပိုပြီးအားကောင်းလေ ဖြစ်သည်။ ထို့အတူ သူတို့ဖန်ဆင်းနိုင်သော လောကများသည်လည်း ပိုပြီးများပြားလာလိမ့်မည်။
တစ်ချိန်တည်းမှာ သေခြင်းစွမ်းအားက သူတို့နှင့်အတူ ပိုပြီးအားကောင်းလာလိမ့်မည်။ နောက်ဆုံးကျလျှင် သေခြင်းစွမ်းအားက သူတို့ကို ဝါးမျိုသွားလိမ့်မည်။
ထိုသို့အခြေအနေကို ရှောင်လွှဲရန်အလို့ငှာ ဖန်ဆင်းရှင်တစ်ပါးက သူ့ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားကို အသုံးမပြုမှ ရလိမ့်မည်။
ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
တကယ်လို့ သူက အသက်ဓာတ်စွမ်းအားကို အသုံးမပြုဘူးဆိုရင် ဖန်ဆင်းရှင်ဖြစ်လာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က အချည်းနှီးဖြစ်သွားလိမ့်မယ်… ။
အကယ်၍ ဖန်ဆင်းရှင်တစ်ပါးက သူ့ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားကို အသုံးမပြုလျှင် သူ၏ တိုက်ပွဲစွမ်းအားက အထွတ်အထိပ် နတ်ဘုရားများထက် အများကြီး ပိုအစွမ်းထက်တော့မည် မဟုတ်ချေ။
ဖန်ဆင်းရှင်တစ်ပါး၏ လှုပ်ရှားမှုတိုင်းက သူ၏ အသက်ဓာတ်စွမ်းအားကို ကုန်ဆုံးစေသည်။ သူတို့က မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းမှာ အသက်ဓာတ်စွမ်းအား၏ ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်။
အကယ်၍ ထိုမျှခြေက ကျိုးပျက်သွားမည်ဆိုလျှင် သို့မဟုတ် အသက်ဓာတ်စွမ်းအားကို နောက်ထပ် ပြန်မဖြည့်နိုင်တော့ဘဲ သေခြင်းစွမ်းအားက ပိုပြီးအားကောင်းလာမည်ဆိုလျှင် ထိုဖန်ဆင်းရှင်က နတ်ဘုရားနိဂုံးနယ်ပယ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။
လောကဖန်ဆင်းရှင် ပြောခဲ့သည်မှာ အစွမ်းထက် ဖန်ဆင်းရှင်တစ်ပါးက စိုးရိမ်ကြောင့်ကြလာသည့်အခါ နတ်ဘုရားနိဂုံးက စတင်လာလိမ့်မည်။ သူ၏ စကားက လုံးဝ မှန်ကန်သည်။
ဖန်ဆင်းရှင်နယ်ပယ်တွင် တစ်စုံတစ်ယောက်၏ အသက်ဓာတ်စွမ်းအားက မလုံလောက်သည့်အခါ သို့မဟုတ် အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအားက မျှခြေမညီသည့်အခါ သူတို့က စိတ်ဓာတ်ကျမှုကို ခံစားမိကြလိမ့်မည်။ ယင်းက သူတို့အား ကိုယ့်ကိုယ်ကိုယ် လက်လျော့သော အခြေအနေဆီသို့ တွန်းပို့လိမ့်မည်။
ထိုသို့ဖြစ်လာသည့်အခါ နတ်ဘုရားနိဂုံးက စတင်လိမ့်မည်။
ဟန်မူယဲ့သည် အတိတ်တွင် သူ့ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားကို အသုံးပြုရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ယခု အခြေအနေက ခြားနားသည်။
ယခု သူက ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
သို့ဖြစ်လေရာ သူက မည်သို့ကြောင့် အသက်ဓာတ်စွမ်းအားကို အသုံးပြုရန် နှမြောနေမည်နည်း။
မျှခြေကျိုးပျက်သွားမည်ကို သူစိတ်မပူပေ။
ပိုပြီးအရေးကြီးသည်မှာ သူက တခြားဖန်ဆင်းရှင်များနှင့် ခြားနားသည်။
တခြားဖန်ဆင်းရှင်များသည် အဆင့်မတတ်မီ သူတို့၏ အနှောင်အဖွဲ့များကို ဖြတ်တောက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က အသက်ဓာတ်စွမ်းအားကို အချိန်ကြာကြာ အသုံးမပြုနိုင်ကြပေ။
သို့သော်လည်း ဟန်မူယဲ့ဆီမှာ မရေမတွက်နိုင်သော အနှောင်အဖွဲ့များရှိသည်။ ထိုသို့ဆိုမှတော့ မည်သို့ကြောင့် သူက အသက်ဓာတ်စွမ်းအားကို အသုံးမပြုရမည်နည်း။
မျှခြေကို မထိန်းညှိနိုင်မှတော့ ယင်းကို သူအသုံးပြုသင့်သည်။
ဟန်မူယဲ့က သူ့အရှေ့မှ ဗလာလေဟာနယ်ကို ကြည့်လိုက်သည်။ သူက နူးညံ့စွာ ရေရွတ်လိုက်သည်။
“ ဓားလာစမ်း ”
အပြာရောင်ဓားရှည်တစ်လက်က ဟန်မူယဲ့၏ အရှေ့မှ ဗလာလေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားက အလျား သုံးပေနှင့် ရှစ်လက်မ ရှည်လျားသည်။ ဓားကိုယ်ထည်က ပေါ့ပါးသေးသွယ်သည်။ ဓား၏ မျက်နှာပြင်ပေါ်တွင် တိမ်တိုက်ပုံစံ သင်္ကေတအမှတ်အသားများ ရှိသည်။
ယင်းက သာမန်ဓားတစ်လက် ဖြစ်ပုံပေါ်သည်။ သို့သော် ယင်းက သာမန်မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုဓား၏ ကိုယ်ထည်က အသက်ဓာတ်စွမ်းအားမှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ဓားဖျားပေါ်မှာတော့ သေခြင်းစွမ်းအားက စုဝေးနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုဓားဖြင့် ထိုးစိုက်ခံရမည်ဆိုလျှင် သေခြင်းစွမ်းအားဖြင့် တိုက်ရိုက် သက်ရောက်ခံရလိမ့်မည်။ ယင်းက ရုပ်ခန္ဓာကိုယ်ကို ချက်ချင်း အက်ကွဲသွားစေလိမ့်မည်။
ယင်းက နတ်ဘုရားနိဂုံးစွမ်းအား မဟုတ်ပေ။ ယင်းက ဟန်မူယဲ့ကိုယ်တိုင် ထိန်းချုပ်နိုင်သော သေခြင်းစွမ်းအား ဖြစ်သည်။
အတိတ်မှာ သူထိန်းချုပ်ခဲ့သော နတ်ဘုရားနိဂုံးစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ၌ ဓားတာအိုစွမ်းအားဖြင့် ဖိနှိပ်ခံထားရဆဲပင်။
နတ်ဘုရားနိဂုံးစွမ်းအားကို မဖျက်ဆီးနိုင်သလို မတွန်းလှန်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက သေခြင်းစွမ်းအား ဖြစ်သည်။
“ ဝီး ”
ဟန်မူယဲ့၏ အရှေ့မှ ဓားရှည်က တုန်ယင်သွားစဉ် အပြာရောင်အလင်းစီးကြောင်းက ဓားဖျားပေါ်မှ ထွက်ပေါ်လာသည်။
သူ့အရှေ့တွင် ရွှေရောင်ပုံရိပ်က ပြုံးလိုက်သည်။ သူက နောက်တစ်ကြိမ် ဓားကို ပင့်မြှောက်လိုက်သည်။
“ ဒီလိုဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပြီး ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်ရဲတယ်… ငါမင်းကို မချီးကျူးဘဲ မနေနိုင်ဘူး ”
“ တကယ်လို့ မင်း ငါ့ဆီကနေ ဓားကွက်တစ်ရာကို ခုခံနိုင်မယ်ဆိုရင် ဖန်ဆင်းရှင်အဆင့်အကြောင်း ငါသိထားတာအားလုံး မင်းကို ပြောပြပေးမယ် ”
သူ့စကားဆုံးသွားသည်နှင့် ရွှေရောင်ပုံရိပ်က ဟန်မူယဲ့၏ ဘေးမှာ ထွက်ပေါ်လာသည်။ သူက ဓားကို ဟန်မူယဲ့၏ လည်ပင်းထံသို့ ထိုးသွင်းလိုက်သည်။
ထိုဓားထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အစောနကနှင့် လုံးဝ ခြားနားသွားသည်။
“ ဗုန်း ”
ဟန်မူယဲ့၏ အရှေ့မှ လေဟာနယ်က တိတ်ဆိတ်ငြိမ်သက်မှုအဖြစ် ပြောင်းလဲသွားသည်။
ထိုတိတ်ဆိတ်ငြိမ်သက်မှုထဲမှာ အန္တိမအဖျက်စွမ်းအားက ကိန်းအောင်းနေသည်။ ယင်းက သေခြင်းစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။
သေခြင်းစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ခြင်းက ဖန်ဆင်းရှင်အများစု၏ တိုက်ခိုက်မှုနည်းလမ်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သေခြင်းစွမ်းအားကို မတောင့်ခံနိုင်လျှင် နေရာမှာ ချက်ချင်း အသတ်ခံရလိမ့်မည်။
ဖန်ဆင်းရှင်များက အလွယ်တကူ မသေဆုံးနိုင်ပေ။ သို့သော်လည်း သူတို့၏ အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအားက မျှခြေမညီတော့လျှင် သူတို့က သေဆုံးသွားလိမ့်မည်။
“ ထန် ”
ရွှေရောင်ပုံရိပ်၏ ဓားကို အပြာရောင်ဓားရှည်က ခုခံတားဆီးလိုက်သည်။
ဓားနှစ်လက် တွေ့ဆုံသွားသည့်အခါ ရွှေရောင်အလင်းက ပေါက်ကွဲသွားပြီး စွမ်းအားနှစ်မျိုးက အပြန်အလှန် ယိုယွင်းတိုက်စားလိုက်ကြသည်။
ထိုသို့စွမ်းအားပွတ်တိုက်မှုက အစောနက တိုက်ပွဲနှင့် လုံးဝခြားနားသည်။
အကယ်၍ အစောနက ဟန်မူယဲ့သာ သူ၏ အထွတ်အထိပ် နတ်ဘုရားအဆင့်စွမ်းအားဖြင့် ထိုဓားချက်ကို ရင်ဆိုင်ရမည်ဆိုလျှင် အကယ်၍ သူမရှုံးနိမ့်သွားလျှင်ပင် သေချာပေါက် ချောင်ပိတ်မိသွားလိမ့်မည်။
ဤတစ်ကြိမ်တွင် သူက ထိုဓားချက်ကို ပိုပြီးသက်တောင့်သက်သာရှိစွာ ရင်ဆိုင်နိုင်သွားသည်။
သူက ဓားကို ရိုးရှင်းစွာ တစ်ချက်ဝှေ့ယမ်းလိုက်လေရာ သေခြင်းစွမ်းအားက တလိပ်လိပ်မြှောက်တတ်လာပြီး တစ်ဖက်လူ၏ ဓားအလင်းကို မီးခိုးရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားစေသည်။
သေခြင်းစွမ်းအားချင်း အားပြိုင်မှု… ။
အစောနက တိုက်ပွဲအကြောင်း ပြန်တွေးကြည့်မည်ဆိုလျှင် ထိုအကြီးအကဲက အစွမ်းကုန် မထုတ်သုံးခဲ့ကြောင်း ထင်ရှား၏။
ယခုက ဖန်ဆင်းရှင်နှစ်ပါးကြားမှ အစစ်အမှန် တိုက်ပွဲဖြစ်သည်။
ဖန်ဆင်းရှင်အဆင့်သည် ဤလောက၏ အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။
“ ဗုန်း ”
ဓားကွက်ပေါင်းမရေမတွက်နိုင်အောင် ဖလှယ်ပြီးနောက် ဟန်မူယဲ့နှင့် အကြီးအကဲက အနောက်သို့ ခြေတစ်လှမ်းစီ ပြန်ဆုတ်လိုက်ကြသည်။
“ ဒီလိုတိုက်ပွဲစွမ်းအားနဲ့ဆိုရင် မင်း ထာဝရကောင်းကင်ဘုံဆီ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ် ”
အကြီးအကဲက ပြောသည်။
“ ထာဝရကောင်းကင်ဘုံက မင်းကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးနေရာပဲ ”
“ ထာဝရကောင်းကင်ဘုံကို မင်းရောက်တဲ့အခါ ဘယ်ဟာက အစစ်အမှန် ဘယ်ဟာက အတုအယောင်ဆိုတာ နားလည်သွားလိမ့်မယ် ”
အကြီးအကဲက ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ထာဝရကောင်းကင်ဘုံရဲ့ ဝင်ပေါက်က အသင်္ချေအသူရာချောက်နက်ထဲမှာ တည်ရှိတယ်… တည်နေရာက… ”
ထိုအကြီးအကဲ၏ စကားမဆုံးမီ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။
“ မင်းမှတ်ထားပါ… ဖန်ဆင်းရှင်စွမ်းအားကို ဒီနေရာရဲ့ အပြင်ဘက်မှာ အသုံးမပြုပါနဲ့… မဟုတ်ရင် မင်းက နတ်ဘုရားနိဂုံးစွမ်းအားရဲ့ ဝါးမျိုခံရလိမ့်မယ် ”
အကြီးအကဲက နောက်ဆုံးအနေနှင့် သတိပေးပြီးနောက် ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့သည် သူ့အရှေ့မှ ကျောက်တုံးစင်မြင့်ထံမှ တွန်းကန်အားကို ခံစားမိသွားသည်။ ယင်းက သူ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။
နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။ သူက အနောက်မဆုတ်သွားပေ။
ယင်းအစား သူက သူ့ကိုယ်ပိုင် သေခြင်းရှင်ခြင်းစွမ်းအားကို ချိပ်ပိတ်လိုက်သည်။ ယင်းက သူ့အား အထွတ်အထိပ် နတ်ဘုရားအဆင့်သို့ ပြန်နိမ့်ကျသွားစေသည်။
ထိုအကြီးအကဲ၏ စကားက မှန်ကန်သည်။ အကယ်၍ ယခု သူက ဖန်ဆင်းရှင်စွမ်းအားကို အသုံးပြုမည်ဆိုလျှင် နတ်ဘုရားနိဂုံးစွမ်းအားက တန်ပြန်ဝါးမျိုခြင်း ခံရလိမ့်မည်။
သူလုပ်ဆောင်ရမည်မှာ နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်ရန် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်၏ နောက်ဆုံးအပိုင်းအစကို ရှာဖွေရန် ဖြစ်သည်။
“ ငါတကယ်ပဲ သိချင်မိတယ်… ဒီကျောက်တုံးစင်မြင့်က ဘယ်လိုရတနာလဲ… ဒါမှမဟုတ် ထာဝရကောင်းကင်ဘုံဆီမှာ အပြင်လူတွေ မသိထားတဲ့ လျှို့ဝှက်ချက်တချို့ ရှိနေတာလား ”
ဟန်မူယဲ့က ခါးညွတ်လိုက်ပြီး သူ၏ လက်ဖဝါးကို ကျောက်တုံးစင်မြင့်ပေါ်သို့ ဖိကပ်လိုက်သည်။
ကျောက်တုံးစင်မြင့်က တုန်ယင်သွားသည်။ ဤသည်မှာ အဆုံးမဲ့သော မှတ်ဉာဏ်ဒီရေက ဟန်မူယဲ့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အလားပင်။
“ အဲ့ဒါက ထာဝရကောင်းကင်ဘုံလား ”