← Chapters

အခန်း (၁၇၁၉)

Vol. 123 Ch. 1719

အခန်း (၁၇၁၉)

Vol. 123 Ch. 1719

အခန်း(၁၇၁၉)

ထာဝရကောင်းကင်ဘုံဆီသို့ မရောက်ဖူးသူများသည် ထာဝရကောင်းကင်ဘုံက မည်သည့်အရာဖြစ်ကြောင်း စိတ်ကူးမယဉ်နိုင်ကြပေ။

ဟန်မူယဲ့က သူ၏ စိတ်ထဲမှ မြင်ကွင်းများကို ကြည့်လိုက်လေရာ တဒင်္ဂ ဆွံ့အသွားသည်။

ပြိုကျပျက်စီးနေသော နံရံများနှင့် ခြောက်သွေ့နေသော မြစ်ချောင်းများက ထာဝရကောင်းကင်ဘုံမှ ‘ ထာဝရ ’ဟူသော စကားလုံးနှင့် လုံးဝ မအပ်စပ်ကြောင်း သူရှာတွေ့သွားသည်။

ကျောက်တုံးစင်မြင့်ထံမှ ထွက်ပေါ်လာသော မြင်ကွင်းများက အတိတ်မှာ မရေမတွက်နိုင်သော ဖန်ဆင်းရှင်များ၏ နေအိမ်ဖြစ်ခဲ့သော ထာဝရကောင်းကင်ဘုံကို ဖော်ပြပေးနေသည်။

ထိုနေရာတွင် နတ်ဘုရားနိဂုံး၏ သေခြင်းစွမ်းအားက ဖိနှိပ်ခံထားရသည်။ နတ်ဘုရားနိဂုံးကပ်ဘေးက ထာဝရကောင်းကင်ဘုံမှာ မဖြစ်ပေါ်နိုင်ပေ။

သို့သော်လည်း မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များ၏ ရောက်ရှိလာမှုနှင့်အတူ ပဋိပက္ခက ထိုနေရာမှာ စတင်ဖြစ်ပေါ်လာသည်။

သို့ဖြစ်၍ ထာဝရကောင်းကင်ဘုံသည် အသက်ဓာတ်စွမ်းအားကြွယ်ဝမှုကို မထိန်းချုပ်နိုင်ခဲ့သလို သေခြင်းစွမ်းအားကိုလည်း မဖိနှိပ်နိုင်ခဲ့ပေ။

တစ်ချိန်က မြင့်မြတ်နယ်မြေဖြစ်ခဲ့သော သူတော်စင်ကုန်းမြေက ယခု အပျက်အစီးစစ်မြေပြင်အဖြစ် ပြောင်းလဲသွားသည်။

သူ့အရှေ့မှ ကျောက်တုံးစင်မြင့်ကဲ့သို့ အလားတူ ကျောက်တုံးစင်မြင့်များသည် အတိတ်၌ အင်အားစုကြီးများ၏ လေ့ကျင့်ရေးစင်မြင့်များ ဖြစ်ခဲ့ကြသည်။ သူတို့က အဖွဲ့အစည်းအတွင်းမှ ဂျူနီယာများကို ဘုံအသီးသီးထံမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်စေပြီး လေ့ကျင့်ပေးရန် ဤကျောက်တုံးစင်မြင့်များကို အသုံးပြုခဲ့ကြသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ထာဝရကောင်းကင်ဘုံထဲ၌ ကျောက်တုံးစင်မြင့် ပိုင်ဆိုင်ထားကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ရန် ကျောက်တုံးစင်မြင့်များကို အသုံးပြုနေကြသည်။

ဤကျောက်တုံးစင်မြင့်ကို ဓားတာအိုအင်အားစုကြီးတစ်ခုက ပိုင်ဆိုင်ထားသည်။ ယင်းက ထာဝရကောင်းကင်ဘုံကို ဆန့်ကျင်ရန် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အစောနက ဟန်မူယဲ့နှင့် တိုက်ခိုက်ခဲ့သူသည် ဤဘုံမှာ ပေါ်ထွန်းခဲ့ပြီး အမှောင်ရိပ်ဓားရုံးတော်ကို တည်ထောင်ခဲ့သော ဓားတာအိုဖန်ဆင်းရှင်တစ်ပါး ဖြစ်သည်။

သူ့ကို အမှောင်ရိပ်ဖန်ဆင်းရှင်ဟု ခေါ်ကြသည်။

အမှောင်ရိပ်ဖန်ဆင်းရှင်က ဤလောက၏ ထိပ်တန်းပုဂ္ဂိုလ်များအနက် တစ်ယောက်ဖြစ်ပြီး ဓားတစ်လက်ဖြင့် အမှောင်ရိပ်ဓားရုံးတော်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

သို့တိုင် ထာဝရကောင်းကင်ဘုံထဲတွင် သူက ထိုဓားတာအိုအင်အားစုကြီး၏ ဓားသခင်သုံးရာထဲမှ တစ်ယောက်သာ ဖြစ်၏။

အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ တည်ထောင်သူအရှင်သခင်ကို ဓားသခင်ဟု ခေါ်ဆိုကြောင်း ဟန်မူယဲ့ မှတ်မိနေဆဲပင်။

ဖြစ်နိုင်သည်မှာ ဤလောက၏ ဓားတာအိုအမွေအနှစ်အားလုံးက ထာဝရကောင်းကင်ဘုံမှ ဆင်းသက်လာခြင်းလော။

သူမြင်တွေ့ခဲ့သော မြင်ကွင်းများထဲတွင် ထာဝရကောင်းကင်ဘုံထဲမှ အင်အားစုများက စစ်ပွဲဖြစ်နေကြသည်။ သေးငယ်သော အင်အားစုများသည် ထာဝရကောင်းကင်ဘုံထဲမှာ ရှင်သန်ရန် အခွင့်အရေးမရှိကြပေ။

ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူများက အသတ်မခံရနိုင်သော်လည်း အကယ်၍ သူတို့၏ အသက်ဓာတ်စွမ်းအားက အများကြီး ကုန်ခမ်းသွားမည်ဆိုလျှင် သူတို့က စွမ်းအားမညီမျှမှုပြဿနာကို တွေ့ကြုံရလိမ့်မည်။ ယင်းက သူတို့၏ သေခြင်းစွမ်းအားကို အပြောင်းအလဲဖြစ်စေလိမ့်မည်။

သေခြင်းစွမ်းအားဖြင့် လွှမ်းမိုးခံထားရသော ကျင့်ကြံသူများသည် ပုံမှန်အခြေအနေထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။ အမှန်မှာ သူတို့က ထာဝရကောင်းကင်ဘုံထဲမှာသာ ထိုသို့စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။

သူတို့၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် အဖျက်စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအား၏ မညီမျှပြဿနာကြောင့် သူတို့က တာအိုကို ထိန်းချုပ်နိုင်စွမ်းမရှိကြတော့ပေ။

ထိုသို့စွမ်းအားမညီမျှမှုပြဿနာက အချိန်ကြာကြာ မဖြစ်ပွားပေ။ နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင်စွမ်းအားက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး ထာဝရကောင်းကင်ဘုံ၏ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။

ထိုဖန်ဆင်းရှင်များ၏ မူလဇစ်မြစ်များ ပြိုကွဲသွားသည့်အခါ ယင်းတို့က ပိုင်ရှင်မဲ့ပစ္စည်းများအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ယင်းတို့က မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ လိုချင်တောင့်တသော ရတနာများ ဖြစ်ကြသည်။

ဖန်ဆင်းရှင်တစ်ပါး၏ မူလဇစ်မြစ်အပိုင်းအစတစ်ခုထဲမှာ ထိုဖန်ဆင်းရှင်၏ အမွေအနှစ်အားလုံး ပါဝင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအပိုင်းအစကို ပိုင်ဆိုင်သွားမည်ဆိုလျှင် ဖန်ဆင်းရှင်၏ အမွေအနှစ်အားလုံးကို အမွေဆက်ခံနိုင်သွားလိမ့်မည်။

အထူးသဖြင့် ထာဝရကောင်းကင်ဘုံထဲမှာ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားကြသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က ဖန်ဆင်းရှင်အဆင့်၏ အထွတ်အထိပ်မှာ ရပ်တန့်နေသူများ ဖြစ်ကြသည်။

ထို့ပြင် အစွမ်းထက်ပုဂ္ဂိုလ်အများစုသည် ထာဝရကောင်းကင်ဘုံထဲမှ ကျင့်ကြံခြင်းအမွေအနှစ်များအရ ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သွားသင့်ပြီ ဖြစ်၏။

သို့တိုင် ထိုအဆင့်က ဖန်ဆင်းရှင်အဆင့် ဖြစ်နေဆဲပင်။

“ ဗုန်း ”

ဟန်မူယဲ့က ထာဝရကောင်းကင်ဘုံကို ဆက်ပြီး စူးစမ်းလေ့လာချင်သည်။ သို့သော်လည်း ကျောက်တုံးစင်မြင့်ထံမှ တွန်းကန်အားက သူလက်ခံနိုင်သော အကန့်အသတ်သို့ ရောက်ရှိသွားသည်။

နောက်အခိုက်အတန့်မှာ သူက ကျောက်တုံးစင်မြင့်၏ အပြင်သို့ တိုက်ရိုက် တွန်းထုတ်ခံလိုက်ရသည်။

ကျောက်တုံးစင်မြင့်၏ အပြင်ဘက်… ။

အမှောင်ရိပ်ဓားရုံးတော်တည်ရှိသော ဘုံထဲတွင်… ။

မိုးမြေစွမ်းအင်အလွှာများက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်သွားကြသည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဖိနှိပ်ထားသော နတ်ဘုရားနိဂုံးစွမ်းအားက စတင်ပေါ်လျှိုးလာသည်။

ထာဝရဓားစင်မြင့်၏ အပြင်ဘက်တွင် လူတိုင်းက မိုးကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ယံ၌ ဧရာမဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။

ထိုဝဲကတော့က ဤဘုံမှ ကောင်းကင်ဘုံတာအိုနှင့် မူလစွမ်းအားကို စုပ်ယူနေဟန် ရ၏။

“ အဲ့ဒါ ဖန်ဆင်းရှင်တစ်ပါးလား ”

“ အဲ့ဒါ ဖန်ဆင်းရှင်တစ်ပါးရဲ့ အသက်ဓာတ်စွမ်းအား… အဲ့ဒီစွမ်းအားက မိုးမြေမူလစွမ်းအားနဲ့ ပေါင်းစပ်သွားမယ်ဆိုရင် တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်ဘုံကို ဖွဲ့စည်းပြီး ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာနိုင်လိမ့်မယ် ”

ဟင်းလင်းပြင်ထဲတွင် ထာဝရဓားစင်မြင့်ကို စောင့်ကြည့်နေကြသော ဖန်ဆင်းရှင်များက မျက်နှာတည်ကြည်သွားကြသည်။

ဟန်မူယဲ့က ဖန်ဆင်းရှင်အဆင့်သို့ အမှန်တကယ် တတ်လှမ်းသွားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

“ မဟုတ်ဘူး… အဲ့ဒါ မမှန်ဘူး ”

ထိုအခိုက်အတန့်မှာ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ဝဲကတော့ကို ကြည့်နေရင်း ကြောက်လန့်တုန်လှုပ်စွာ ပြောသည်။

“ အဲ့ဒါ ဖန်ဆင်းရှင်စွမ်းအားပဲ မဟုတ်ဘူး… အဲ့ဒီထဲမှာ နတ်ဘုရားနိဂုံးစွမ်းအားလည်း ပါဝင်နေတယ် ”

“ ဝေယွမ်မြို့စားက နတ်ဘုရားနိဂုံးစွမ်းအားကို ထိန်းချုပ်နိုင်တယ်လို့ ပြောကြတယ်… ဒါကြောင့် သူက မဟာပန်သွန်ဘုံထဲမှာ နေရာတစ်နေရာကို ရယူနိုင်ခဲ့တာ… မဟာပန်သွန်ဘုံထဲက ဖန်ဆင်းရှင်တွေတောင် သူ့ကို ရန်မပြုရဲကြဘူး ”

ဟန်မူယဲ့က နတ်ဘုရားနိဂုံးစွမ်းအားကို ထိန်းချုပ်နိုင်သည်။ သို့ဖြစ်၍ ဖန်ဆင်းရှင်အဆင့်သို့ သူတတ်လှမ်းသည့်အခါ သူ့ကိုယ်ပိုင်စွမ်းအားက နတ်ဘုရားနိဂုံးစွမ်းအားနှင့် ပေါင်းစည်းသွားလိမ့်မည်။

ထို့ကြောင့် ဝေယွမ်မြို့စား ဖန်ဆင်းရှင်အဆင့်သို့ တတ်လှမ်းသည့်အခါ သူက နတ်ဘုရားနိဂုံးကပ်ဘေးကို စတင်လိမ့်မည်။

ယင်းကို ဟန်မူယဲ့သည်လည်း သိထားသည်။

သူက မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။

သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးသွားပြီး သုံးပေရှည်လျားသော ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။

ထိုဓား၏ ကိုယ်ထည်က အစောနက ကျောက်တုံးစင်မြင့်ပေါ်တွင် သူ့ကိုယ်ပိုင် အသက်ဓာတ်စွမ်းအားဖြင့် ဖန်တီးခဲ့သော ဓားနှင့် တစ်ထပ်တည်း တူညီသည်။

ထိုဓားဖြင့်ဆိုလျှင် သူက သေခြင်းရှင်ခြင်းစွမ်းအင်အားလုံးကို ခုခံနိုင်လိမ့်မည်။

ထိုနည်းလမ်းက အတိတ်တွင် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် မူလဝိညာဉ်ဓားခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့စဉ်ကနှင့် အတူတူပင်။

ယင်း၏ ဆိုလိုရင်းမှာ သူ၏ အဓိကဓားကျင့်ကြံခြင်းက ထိုဓားပေါ်မှာ အခြေခံသည်။ သူ့ကိုယ်ပိုင်စွမ်းအားက မူလဝိညာဉ်ဓားခန္ဓာကိုယ်နှင့် ဆက်သွယ်နေရုံသာ ဆက်သွယ်သည်။ သို့သော်လည်း သူ့ကိုယ်ပိုင်စွမ်းအားက ယင်းပေါ်မှာ မမူတည်ပေ။

ထိုဓားက သူ့လက်ထဲမှာဆိုလျှင် သူက ဖန်ဆင်းရှင်တစ်ပါဖြစ်လိမ့်မည်။

အကယ်၍ သူက ထိုဓားကို လက်လွှတ်လိုက်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက အထွတ်အထိပ် နတ်ဘုရားအဆင့်မှာ ဖိနှိပ်ခံရလိမ့်မည်။

ထိုနည်းလမ်း၏ အားသာချက်မှာ သူက နတ်ဘုရားနိဂုံးစွမ်းအား၏ နိုးကြားမှုကို စိုးရိမ်စရာမလိုတော့ပေ။ အကယ်၍ သူက ဖန်ဆင်းရှင်တစ်ပါးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သေခြင်းရှင်ခြင်းစွမ်းအားကို စိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်လိမ့်မည်။

သို့သော် ထိုဓားကို သူဆုပ်ကိုင်ထားမည်ဆိုလျှင် သူ့မှာ အသက်ဆယ်ခါရှူချိန်သာ အချိန်ရှိလိမ့်မည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးလျှင် ထိုဓားကို သူလက်လွှတ်ရလိမ့်မည်။ သို့မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားနိဂုံးစွမ်းအားက သူ့ကို စတင်ဝါးမျိုလိမ့်မည်။

ဟန်မူယဲ့အတွက်တော့ အသက်ဆယ်ခါရှူချိန်က လုံလောက်ပေသည်။

အကယ်၍ သူသာ ဖန်ဆင်းရှင်အဆင့် တိုက်ပွဲစွမ်းအားကို ကျင့်သားရသွားမည်ဆိုလျှင် ဤလောကထဲတွင် မည်သူမှ သူနှင့် အသက်ဆယ်ခါရှူချိန်ကြာအောင် တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ဟု ဟန်မူယဲ့က ယုံကြည်ချက်ရှိသည်။

ကျောက်တုံးစင်မြင့်ပေါ်တွင် သူက ဖန်ဆင်းရှင်အဆင့် တိုက်ပွဲစွမ်းအားနှင့် အများကြီး ကျင့်သားရခဲ့သည်။

ဖန်ဆင်းရှင်စွမ်းအားက ဓားရှည်ထဲသို့ စီးဆင်းသွားသည်နှင့် ဟန်မူယဲ့ကြောင့် နိုးကြားလာသော နတ်ဘုရားနိဂုံးစွမ်းအားက ပြန်ငြိမ်သက်သွားသည်။

ထိုမြင်ကွင်းက သူ့အား စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို ဇဝေဇဝါဖြစ်သွားစေသည်။

ဝေယွမ်မြို့စားက ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာတာလား… ။

ဒါမှမဟုတ် သူကျရှုံးသွားတာလား… ။

“ ဝီး ”

ဟန်မူယဲ့က စံအိမ်အပြင်သို့ ထွက်လျှောက်လာသည်။ သူထွက်လာသည်နှင့်ချက်ချင်း စံအိမ်၏ ဘေးပတ်လည်မှာ စုဝေးနေကြသော ဓားဆန္ဒများနှင့် ဓားအလင်းများက မူလနေရာဆီသို့ အသီးသီးပြန်သွားကြသည်။

ဓားကျင့်ကြံသူများက သူတို့၏ ဓားကို ပြန်ဖမ်းယူလိုက်ကြသည်။ ဝမ်းသာပျော်ရွှင်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့က ဓားချည်းသက်သက် ပြန်ရသွားကြခြင်း မဟုတ်ပေ။ သူတို့၏ ဓားများက ယခင်ကထက် သိသိသာသာ ပိုတောက်ပလာကြသည်။

သူတို့၏ ဓားများက ဓားတာအိုဖန်ဆင်းရှင်တစ်ပါး၏ မွေးဖွားမှုကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ကြသည်။ သို့ဖြစ်၍ ယခု ထိုဓားများဆီမှာ ဖန်ဆင်းရှင်စွမ်းအင်အမျှင်တန်းတစ်ခု ကိန်းအောင်းနေသည်။

ထိုစွမ်းအင်အမျှင်တန်းက သူတို့အပေါ် ဟန်မူယဲ့၏ လက်ဆောင်ဖြစ်သည်။

“ ဝေယွမ်မြို့စား… ခင်ဗျား ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်သွားပြီလား ”

ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်သည်။

ထိုမေးခွန်းကြောင့် လူတိုင်း၏ စိတ်ဝင်စားမှုက ဟန်မူယဲ့အပေါ်မှာ စုဝေးသွားသည်။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းက ဖန်ဆင်းရှင်အဆင့်မှာလော သို့မဟုတ် နတ်ဘုရားအဆင့်မှာလော… ။

လူအများစုအတွက်တော့ ယင်းက သာမန်စူးစမ်းသိလိုစိတ်သာ ဖြစ်၏။

သို့သော်လည်း လူအနည်းစုအတွက်တော့ ထိုအဖြေက အလွန်အရေးကြီးသည်။

အကယ်၍ မဟာပန်သွန်ဘုံထဲမှာ နောက်ထပ် ဖန်ဆင်းရှင်တစ်ပါး ထွက်ပေါ်လာမည်ဆိုလျှင် မဟာပန်သွန်ဘုံ၏ စုပေါင်းအင်အားက အလွန်ကြောက်စရာကောင်းသွားလိမ့်မည်။

ထို့ပြင် အကယ်၍ ဤဖန်ဆင်းရှင်က ဓားတာအိုဖြင့် ဖန်ဆင်းရှင်အဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည်ဆိုလျှင် အတိတ်မှ ထိုဓားတာအိုဖန်ဆင်းရှင်က ထာဝရကောင်းကင်ဘုံထဲမှာ ကျဆုံးသွားပြီလော။

“ အမှောင်ရိပ်ဖန်ဆင်းရှင်ရဲ့ ဓားတာအိုက တကယ့်ကို အံ့မခန်းပါပဲ ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“ ဖန်ဆင်းရှင်ကျူးဟုန်… ဒီဘုရင်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲဆိုတာ ဘာလို့ ခင်ဗျားကိုယ်တိုင် မစစ်ဆေးကြည့်တာလဲ ”

ယင်းက ဖန်ဆင်းရှင်တစ်ပါးကို တိုက်ရိုက် စိန်ခေါ်ခြင်းပင်။

ထာဝရဓားစင်မြင့်၏ အရှေ့မှ ဗလာလေဟာနယ်က ရုတ်တရက် အေးစက်သွားသည်။

All Chapters