အခန်း (၁၇၂၀)
Vol. 123 Ch. 1720
အခန်း(၁၇၂၀)
ကျူးဟုန်အမည်ရသော ဖန်ဆင်းရှင်က အမူအရာပြောင်းလဲသွားသည်။ ပုံမှန်မဟုတ်သော စွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။
ဖန်ဆင်းရှင်စွမ်းအား… ။
သေခြင်းရှင်ခြင်းစွမ်းအား… ။
ထိုအရှိန်အဝါ ပေါ်ထွက်လာတော့မည့်အချိန် ဟန်မူယဲ့၏ စကားသံက ထပ်မံ ထွက်ပေါ်လာသည်။
“ ဖန်ဆင်းရှင်ကျူးဟုန်… ခင်ဗျားထိန်းချုပ်ထားတဲ့ သေခြင်းရှင်ခြင်းစွမ်းအားက မျှခြေမညီတော့ဘူး… ခင်ဗျား ပိုပြီးဂရုစိုက်သင့်တယ် ”
သေခြင်းရှင်ခြင်းစွမ်းအားက မျှခြေမညီဘူးလား… ။
တစ်စုံတစ်ယောက်က ဖန်ဆင်းရှင်အဆင့်သို့ မဝင်ရောက်ရသေးလျှင် ဖန်ဆင်းရှင်အဆင့်၏ လျှို့ဝှက်ချက်များကို သိနိုင်လိမ့်မည် မဟုတ်ချေ။
အနီးနားမှ ဖန်ဆင်းရှင်အားလုံးက အမူအရာပြောင်းလဲသွားကြသည်။ သူတို့က ချက်ချင်း အနောက်ဆုတ်သွားကြသည်။
ဖန်ဆင်းရှင်ကျူးဟုန်၏ မျက်လုံးထဲမှာ ထက်ရှသောအလင်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သေခြင်းရှင်ခြင်းစွမ်းအားက ချက်ချင်း ပြန်ငြိမ်သက်သွားသည်။
သူက ဟန်မူယဲ့ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
“ ကြည့်ရတာ တာအိုရောင်းရင်းဟန်က ဖန်ဆင်းရှင်အဆင့်ရဲ့ စွမ်းအားကို ဖမ်းဆုပ်မိသွားပြီထင်တယ် ”
“ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်အရ အနာဂတ်မှာ ကျုပ်တို့တွေ မကြာခဏ အတွေးဖလှယ်ကြရအောင် ”
ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
တခြားဖန်ဆင်းရှင်များသည်လည်း တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ဖန်ဆင်းရှင်အဆင့်သို့ ဟန်မူယဲ့ တတ်လှမ်းသွားသည့်အတွက် သူတို့က အစီအစဉ်တချို့ကို ကြိုပြင်ဆင်ထားသင့်သည်။
မဟာပန်သွန်ဘုံ၌ ဖန်ဆင်းရှင်အသစ်တစ်ပါး ထွက်ပေါ်လာခြင်းက သူတို့အတွက် ဝမ်းသာစရာသတင်းမဟုတ်ပေ။
“ ဝေယွမ်မြို့စား… အမှောင်ရိပ်ဓားရုံးတော်ရဲ့ စည်းမျဉ်းတွေအရ… ဓားတာအိုဖန်ဆင်းရှင်အသစ်တစ်ပါး ထွက်ပေါ်လာတာက ဓားရုံးတော်သခင်အသစ် ထွက်ပေါ်လာတာပါပဲ ”
ကျောက်တုံးလှေကားအောက်တွင် ဓားရုံးတော်မှ အကြီးအကဲများက စိတ်လှုပ်ရှားသော အမူအရာဖြင့် ဟန်မူယဲ့ကို လှမ်းကြည့်လိုက်ကြသည်။
ဓားရုံးတော်သခင်လား… ။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ဘေးဘီသို့ ကြည့်လိုက်သည်။
အကယ်၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားက နတ်ဘုရားအဆင့်မှာသာ ဆက်ရှိနေဦးမည်ဆိုလျှင် သို့မဟုတ် သူ၏ တိုက်ပွဲစွမ်းအားက အလုံအလောက် မသန်မာသေးလျှင် သူက ဓားကျင့်ကြံသူအများအပြား စုဝေးရှိနေသော ဓားရုံးတော်ကို အမှန်တကယ် တန်ဖိုးထားလိမ့်မည်။
သို့သော်လည်း ယခု သူက နတ်ဘုရားအဆင့်တွင် ပြိုင်ဘက်ကင်းသွားပြီး မည်သည့်ဖန်ဆင်းရှင်မှ သူ့အား အန္တရာယ်မပေးနိုင်သော အဆင့်သို့ ရောက်ရှိသွားလေရာ သူက နောက်ထပ် အနှောင်အဖွဲ့များကို မလိုချင်တော့ပေ။
ဖန်ဆင်းရှင်အဆင့်သို့ သူဝင်ရောက်သွားသည့်အချိန်မှာ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်ထံမှာ အနှောင်အဖွဲ့အများကြီး ရှိနေမည်ဆိုလျှင် သူက ထာဝရကောင်းကင်ဘုံသို့ ဝင်ရောက်ရန် အများကြီး ပိုပြီးခက်ခဲလိမ့်မည်။
ယခု သူက ဖန်ဆင်းရှင်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသော်လည်း စစ်မှန်သော ဖန်ဆင်းရှင်တစ်ပါး မဟုတ်သေးပေ။
“ ဓားရုံးတော်ကို အမှောင်ရိပ်ဖန်ဆင်းရှင်က တည်ထောင်ခဲ့တာပါ… သူက နောက်ထပ် အစွမ်းမြှင့်တင်ဖို့ ထာဝရဓားစင်မြင့်ရဲ့ အကူအညီကို လိုအပ်နေတုန်းပါပဲ ”
ဟန်မူယဲ့က မထူးမခြားနား အမူအရာဖြင့် ပြောသည်။
ထိုစကားက ဝမ်းသာပျော်ရွှင်နေကြသော ဓားရုံးတော်မှ လူများကို ကျောက်ရုပ်ဖြစ်သွားစေသည်။
အစောနက ဟန်မူယဲ့သည် ဓားစင်မြင့်ပေါ်မှာ အမှောင်ရိပ်ဖန်ဆင်းရှင်နှင့် တွေ့ဆုံခဲ့သည်ဟု ပြောခဲ့သည်။
ထိုစကားက တကယ်အမှန်လား… ။
အမှောင်ရိပ်ဖန်ဆင်းရှင်က မသေဆုံးသေးဘူးပေါ့… ။
“ ဝေယွမ်မြို့စား… ခင်ဗျားက အမှောင်ရိပ်ဓားရုံးတော်ရဲ့ အရှင်သခင်ဖြစ်လာဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်တို့နဲ့ ဓားတာအိုဆွေးနွေးဖို့ ဓားရုံးတော်ထဲမှာ ရက်အနည်းငယ်လောက် နေပေးနိုင်မလား… ”
ခေါင်းဖြူအကြီးအကဲက ဟန်မူယဲ့ကို ရိုသေလေးစားစွာ မေးသည်။ သူ၏ မျက်နှာပေါ်မှာ မျှော်လင့်သော အရိပ်အမြွက်ရှိသည်။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူက ဓားတာအိုစင်မြင့်ထံမှ အကျိုးအမြတ်အများကြီး ရရှိခဲ့သည်။ ဓားတာအိုစင်မြင့်ထံမှ ဉာဏ်အလင်းများက သူ့အား ဖန်ဆင်းရှင်အဆင့်သို့ ပိုပြီးစောစီးစွာ ရောက်စေခဲ့သည်။
ယင်းက အမှောင်ရိပ်ဓားရုံးတော်နှင့် သူ့ကြားမှာ ကမ္မတစ်ခု ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ထိုကမ္မကို သူခံယူရမည်။
တစ်နှစ်ကြာပြီးနောက် ဟန်မူယဲ့က ဓားရုံးတော်ထဲမှ ပြန်ထွက်သွားသည်။ ဓားအလင်းတစ်သောင်းက သူ၏ ထွက်ခွာမှုကို နှုတ်ဆက်ကြသည်။
…..
“ ဒေါင် ”
“ ဒေါင် ”
“ ဒေါင် ”
ဟန်မူယဲ့က မဟာပန်သွန်ဘုံဆီသို့ ခြေချလိုက်သည့်အခါ ဘုံတစ်ခုလုံး၌ ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ယံတစ်ခွင်လုံးမှာ ရောင်စုံအလင်းများနှင့် ပြည့်နှက်သွားသည်။ ကောင်းချီးမင်္ဂလာတိမ်တိုက်များက မဟာပန်သွန်ဘုံ၏ နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။
ယင်းက ဖန်ဆင်းရှင်အသစ်တစ်ပါး ပေါ်ထွန်းလာမှုအပေါ် မဟာပန်သွန်ဘုံမှ ကောင်းကင်ဘုံတာအို၏ ကြိုဆိုနှုတ်ဆက်မှု ဖြစ်သည်။
မဟာပန်သွန်ဘုံမှ အင်မော်တယ်မင်းဆက်၏ ထိပ်တန်းပုဂ္ဂိုလ်များသည်လည်း ဝေယွမ်မြို့စားကို တခမ်းတနား ထွက်ကြိုဆိုကြသည်။
နတ်ဘုရားတစ်ပါးပြီးတစ်ပါးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။
ဟန်မူယဲ့က နန်းမြို့တော်၏ ဦးတည်ရာဆီသို့ လျှောက်သွားနေစဉ် ဖန်ဆင်းရှင်ငါးပါး၏ တည်ရှိမှုအငွေ့အသက်ကို အာရုံခံမိသွားသည်။
သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားနေစဉ် မိုးမြေမဟာတာအို၏ စွမ်းအားက သူ့အနောက်သို့ လိုက်ပါလာသည်။ မိုးမြေစွမ်းအားက သူ၏ ဦးခေါင်းပေါ်မှာ ရောင်စုံအလင်းခုံးများအဖြစ် အသွင်ပြောင်းလဲသွားသည်။ မဟာပန်သွန်ဘုံတစ်ခုလုံးက တုန်ယင်နေပြီး မရေမတွက်နိုင်သော ဓားအလင်းများက ကုန်းမြေပေါ်သို့ ဆင်းသက်သွားကြသည်။
အနာဂတ်တွင် မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းလမ်းစဉ်ထဲမှာ ဓားလမ်းစဉ်လည်း ထပ်တိုး ပါဝင်သွားလိမ့်မည်။
ယင်းက မဟာပန်သွန်ဘုံအပေါ် သူ၏ လက်ဆောင်ဖြစ်သည်။
ယင်းက ဤဘုံနှင့် သူ့ကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်သော လျော်ကြေးလည်း ဟုတ်၏။
ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသွားသည့်အခါ တစ်စုံတစ်ယောက်သည် မလိုအပ်သော အနှောင်အဖွဲ့များကို တိုက်ရိုက် ဖြတ်တောက်သင့်သည်။ အထူးသဖြင့် ဘုံတစ်ခုလုံးနှင့် ချိတ်ဆက်နေသော အနှောင်အဖွဲ့များ ဖြစ်သည်။
နန်းမြို့တော်ဆီသို့ ရောက်ရှိသွားသည့်အခါ ဟန်မူယဲ့က ရွှေခန်းဆောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဤတစ်ကြိမ်တွင် နတ်သခင်အယောက်(၃၆၀)က စုဝေးရှိမနေကြပေ။ ဖန်ဆင်းရှင်ငါးပါးသာလျှင် ပလ္လင်ပေါ်မှာ ထိုင်နေကြသည်။
“ ဝေယွမ်မြို့စား… အခုကစပြီး ခင်ဗျားက မဟာပန်သွန်ဘုံရဲ့ အင်မော်တယ်မင်းဆက်ကို ထိန်းချုပ်နိုင်တဲ့ ဆဌမမြောက် ဖန်ဆင်းရှင်ဖြစ်သွားပြီ ”
ထိပ်ဆုံးနေရာမှာ ထိုင်နေသော ဖန်ဆင်းရှင်က စကားပြောသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ပလ္လင်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အသက်ဓာတ်စွမ်းအားကို အသုံးပြု၍ အရာဝတ္ထုများ ဖန်ဆင်းခြင်း ဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် ကောင်းယွမ်ဖန်ဆင်းရှင် ”
ကောင်းယွမ်ဖန်ဆင်းရှင်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက တခြားဖန်ဆင်းရှင်များထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းကြောင်း ဟန်မူယဲ့ အာရုံခံနိုင်သည်။
ထို့ပြင် ကောင်းယွမ်ဖန်ဆင်းရှင်၏ ခန္ဓာကိုယ်က ဤဘုံနှင့် တစ်သားတည်း ပေါင်းစပ်နေသည်။ သို့ဖြစ်၍ သူက မဟာပန်သွန်ဘုံ၏ မူလစွမ်းအားကို တိုက်ရိုက် အသုံးပြုနိုင်သည်။
သူက မဟာပန်သွန်ဘုံထဲမှာ ကြီးပြင်းလာခဲ့သော ဖန်ဆင်းရှင်တစ်ပါးဖြစ်ရမည်။ ထို့ကြောင့် သူ၏ အသွေးအသားတစ်လက်မစီတိုင်းက မဟာပန်သွန်ဘုံနှင့် ပေါင်းစပ်နေသည်။
ထို့ကြောင့် မဟာပန်သွန်ဘုံထဲတွင် ကောင်းယွမ်ဖန်ဆင်းရှင်က မသေဆုံးနိုင်သော တန်ခိုးရှင်ဖြစ်သည်။
ဟန်မူယဲ့က ဆဌမမြောက် ပလ္လင်ပေါ်မှာ ဝင်ထိုင်လိုက်ပြီး သူ့အရှေ့မှ တခြားဖန်ဆင်းရှင်များကို ကြည့်လိုက်သည်။
“ အရင်က သဘောတူညီမှုတွေအရ တကယ်လို့ မင်းသာ တတိယမြောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် မင်းက မဟာပန်သွန်ဘုံရဲ့ စစ်မှန်တဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ် ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဖန်ဆင်းရှင်က မထူးမခြားနား ပြောသည်။
တတိယမြောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ဆီမှာ ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
တတိယမြောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို သူရှာတွေ့မှသာလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်။ သို့မှသာ သူက ဖန်ဆင်းရှင်တစ်ပါး၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်။
“ ယွမ်ကျားဘုံထဲက စစ်ပွဲက အရမ်းအရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ… ဖန်ဆင်းရှင်တစ်ပါးကို မဟာပန်သွန်ဘုံရဲ့ စစ်တပ်ကို အမိန့်ပေးဖို့ ကျုပ်တို့တွေ စီစဉ်ထားတယ် ”
“ အခု တာအိုရောင်းရင်းဟန် ပြန်ရောက်လာပြီဆိုတော့ မဟာပန်သွန်ဘုံရဲ့ စစ်သည်တော်သန်းငါးထောင်စစ်တပ်ကို ခင်ဗျား ကိုယ်တွယ်လိုက်ပါ ”
“ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို ခင်ဗျား အမြစ်ဖြတ်သုတ်သင်ပြီး တတိယမြောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပြန်ယူလာနိုင်မယ်ဆိုရင် ခင်ဗျားက မဟာပန်သွန်ဘုံရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ် ”
ကောင်းယွမ်ဖန်ဆင်းရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ အဲ့ဒီအခါကျရင် ဒီအဖိုးကြီးက ဘုံကနေ စိတ်အေးလက်အေး ထွက်သွားပြီး ထာဝရကောင်းကင်ဘုံဆီ သွားနိုင်လိမ့်မယ် ”
ထာဝရကောင်းကင်ဘုံဆီ သွားမှာလား… ။
ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။
ဘုံတစ်ခုလုံးနှင့် ပေါင်းစပ်ထားသော ဖန်ဆင်းရှင်တစ်ပါးက ထာဝရကောင်းကင်ဘုံဆီ မည်သို့ဝင်ရောက်နိုင်မည်နည်း။
သို့သော်လည်း သူက ထိုအကြောင်းကို ထုတ်မပြောပေ။
သူက ခေါင်းညိတ်လိုက်သည်။
ဆယ်ရက်ကြာပြီးနောက်… ။
ဟန်မူယဲ့သည် ကောင်းကင်ဘုံအစောင့်တပ်နှင့် ရှေးဦးအပျက်အစီးကုန်းမြေမှ စစ်သည်တော်သန်းသုံးဆယ်ကို ဦးဆောင်လျက် မဟာပန်သွန်ဘုံမှ ထွက်သွားပြီး ယွမ်ကျားဘုံဆီသို့ ဦးတည်သွားသည်။
မဟာပန်သွန်ဘုံ၏ စစ်သည်တော်သန်းငါးထောင်က ထိုနေရာမှာ စခန်းချထားကြပြီးပြီ ဖြစ်၏။ ထိုထဲမှာ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ရာပေါင်းများစွာလည်း ပါဝင်ကြသည်။
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို တကယ်ပဲ သူပြန်ယူလာနိုင်မလား ”
တီးတိုးစကားသံများက နန်းမြို့တော်၏ ရွှေခန်းဆောင်ထဲမှာ ထွက်ပေါ်လာသည်။
“ ဟဲ ဟဲ… အဲ့ဒါက ဘယ်လိုလုပ် လွယ်ကူမှာလဲ… ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခု အတူတကွ ပေါင်းစည်းသွားတဲ့အခါ နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်လိမ့်မယ်… အခု ဖန်ဆင်းရှင်ဆယ်ပါးနဲ့ နတ်ဘုရားနိဂုံးအဆင့် ပညာရှင်သုံးပါးက ဝေယွမ်မြို့စားကို မျက်စိကျနေကြတယ် ”
“ ပြီးတော့… မဟာပန်သွန်ဘုံကို ဝါးမျိုဖို့ ကြိုးစားခဲ့တဲ့ နတ်ဘုရားနိဂုံးအဆင့် အဲ့ဒီပညာရှင်လည်း စလှုပ်ရှားပြီမလား ”
“ အတိတ်မှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ငါတို့ကာကွယ်နိုင်ခဲ့မယ်ဆိုရင် တတိယမြောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ဘယ်လိုလုပ် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ရဲ့ လက်ထဲ ကျရောက်သွားမှာလဲ ”
တီးတိုးစကားသံများက ရွှေခန်းဆောင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် ခန်းဆောင်က တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
…..
ယွမ်ကျားဘုံ… ။
စစ်သည်တော်သန်းပေါင်းများစွာက ဘုံ၏ အတွင်းဘက်နှင့် အပြင်ဘက်မှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။
အဆုံးမဲ့လေဟာနယ်က အပျက်အစီးနယ်မြေများအဖြစ် ပြောင်းလဲသွားသည်။
မဟာပန်သွန်ဘုံ၏ စစ်သည်တော်သန်းငါးထောင် ချီတတ်လာသည့်အခါ ယင်း၏ အင်အားကို မည်သည့်ဘုံကမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ယွမ်ကျားဘုံ၏ မဟာကောင်းကင်ဘုံတာအိုက အပြင်းအထန် တုန်ယင်နေသည်။ ဤသည်မှာ ၎င်းက အချိန်မရွေး ပျက်စီးသွားတော့မည့်အလားပင်။
“ ဗုန်း ”
ရွှေရောင်အလင်းစီးကြောင်းတစ်ခုက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ရာ၏ တစ်ပြိုင်နက် တိုက်ခိုက်မှုအောက်မှာ ထွက်ပေါ်လာပြီး ယွမ်ကျားဘုံ၏ အလယ်ဗဟိုတည့်တည့်သို့ ကျဆင်းသွားသည်။
အကယ်၍ ထိုအလင်းစီးကြောင်းသာ ယွမ်ကျားဘုံကို အမြူတေကို ထိမှန်သွားမည်ဆိုလျှင် ယွမ်ကျားဘုံတစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလိမ့်မည်။
ဘုံ၏ မူလစွမ်းအားက ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ ယွမ်ကျားဘုံက ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားလိမ့်မည်။
“ ကောင်းယွမ်က ဘာလို့ မရောက်လာသေးတာလဲ ”
အသံတစ်သံက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
သေခြင်းရှင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ယောက်က လေဟာနယ်ထဲမှာ ထွက်ပေါ်လာပြီး အလင်းစီးကြောင်းကို တားဆီးရန်အလို့ငှာ အကာအကွယ်အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
ဖန်ဆင်းရှင်တစ်ပါး… ။
နတ်ဘုရားအယောက်တစ်ရာ၏ ပေါင်းစပ်စွမ်းအားဖြစ်သော အလင်းစီးကြောင်းက အကာအကွယ်အလွှာ၏ အရှေ့မှာ တဒင်္ဂ ရပ်တန့်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အလင်းစီးကြောင်းက အရှေ့သို့ ဆက်လက် ဦးတည်သွားသည်။
“ ဗုန်း ”
ယွမ်ကျားဘုံတစ်ခုလုံး ပျက်စီးသွားသည်။
ဖန်ဆင်းရှင်တစ်ပါးသည်ပင် မဟာပန်သွန်ဘုံမှ နတ်ဘုရားအယောက်တစ်ရာ၏ ပေါင်းစပ်စွမ်းအားကို မခုခံနိုင်ပေ။
“ ဒါဆိုရင် မင်းတို့အားလုံး ယွမ်ကျားဘုံနဲ့အတူ ပျောက်ကွယ်သွားလိုက်တော့ ”
လေဟာနယ်ထဲမှာ မတ်တတ်ရပ်နေသော ဖန်ဆင်းရှင်က ရုတ်တရက် လက်မြှောက်လိုက်သည်။ သေခြင်းစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
သူက နတ်ဘုရားအယောက်တစ်ရာနှင့် ထိပ်တိုက် ရင်ဆိုင်မည့်အစား သေခြင်းစွမ်းအားကို အသုံးပြု၍ မဟာပန်သွန်ဘုံမှ စစ်သည်တော်သန်းငါးထောင်ကို တိုက်ခိုက်လိုက်သည်။
အကယ်၍ ထိုတိုက်ခိုက်မှုသာ အမှန်တကယ် ထိမှန်သွားမည်ဆိုလျှင် အနည်းဆုံး မဟာပန်သွန်ဘုံ၏ စစ်သည်တော်သန်းငါးဆယ်ခန့်က သေကြေပျက်စီးသွားကြလိမ့်မည်။
ဖန်ဆင်းရှင်တစ်ပါး၏ သေခြင်းစွမ်းအားက နတ်ဘုရားများသည်ပင် အလွယ်တကူ တွန်းလှန်နိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်လေရာ အာဏာရှင်အဆင့်အောက်မှ စစ်သည်တော်များအတွက်တော့ ယင်းက လုံးဝ မခုခံနိုင်သော တိုက်ခိုက်မှု ဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် မဟာပန်သွန်ဘုံမှ နတ်ဘုရားများသည် ထိုတိုက်ခိုက်မှုကို တားဆီးရန် မည်သူမှ အရှေ့မထွက်ကြချေ။
သူတို့က ဖန်ဆင်းရှင်တစ်ပါး၏ သေခြင်းစွမ်းအားကို မရပ်တန့်နိုင်ကြပေ။ သူတို့က သာမန်စစ်သည်တော်များအတွက် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို အလဟဿ မဖြုန်းတီးချင်ကြပေ။
မည်သို့ဖြစ်ပါစေ သူတို့က မြင့်မြတ်ထည်ဝါသော နတ်ဘုရားများ မဟုတ်ကြပါလော။
“ ကောင်းယွမ်ဖန်ဆင်းရှင်ရောက်မလာပေမဲ့ ကျုပ်ရောက်လာတယ်ဆိုရင်ရော… ”
အသံတစ်သံက ပြိုကွဲပျက်စီးသွားသော ယွမ်ကျားဘုံ၏ အပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါ ဝေယွမ်မြို့စား ”
“ ဝေယွမ်မြို့စား ရောက်လာပြီ ”
စိတ်လှုပ်ရှားသော အော်သံများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
နှစ်ပေါင်းတစ်ထောင်ကြာအောင် ပျောက်ကွယ်နေခဲ့သော ဝေယွမ်မြို့စားက ယခု ယွမ်ကျားဘုံဆီသို့ အမှန်တကယ် ရောက်ရှိလာလေသည်။