← Chapters

အခန်း (၁၇၂၁)

Vol. 123 Ch. 1721

အခန်း (၁၇၂၁)

Vol. 123 Ch. 1721

အခန်း(၁၇၂၁)

ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့က အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ သွေးချီအနှစ်သာရနှင့် နတ်ဘုရားအလင်းက ပေါ်လျှိုးလာသည်။ သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။

ဖန်ဆင်းရှင်တစ်ပါးကို ရင်ဆိုင်ရန် ဖန်ဆင်းရှင်အဆင့် စွမ်းအားကိုသာ အသုံးပြုနိုင်ပေသည်။

သေခြင်းစွမ်းအားက စစ်သည်တော်များကို လွှမ်းခြုံသွားနေစဉ် သုံးပေရှည်လျားသော ဓားတစ်လက်က ဟန်မူယဲ့၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဓားတစ်ချက် ထုတ်ဖော်လိုက်သည်။

အပြာရောင်အလင်းက ဓားကိုယ်ထည်ပေါ်မှာ စီးဆင်းနေစဉ် ဓားဖျားပေါ်မှာ သေခြင်းရှင်ခြင်းစွမ်းအားက ကိန်းအောင်းနေသည်။

ဓားချက် ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူ၏ သေခြင်းစွမ်းအားက တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။

စွမ်းအားကျိုးပျက်သွားသည်နှင့် ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်၏ သေခြင်းရှင်ခြင်းစွမ်းအားက မျှခြေညီမျှမှုကို ဆုံးရှုံးသွားသည်။

ထိုဖန်ဆင်းရှင်က မျက်နှာမည်းမှောင်သွားသည်။ အသက်ဓာတ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။

“ မင်းက သေချင်နေတာပဲ ”

ထိုဖန်ဆင်းရှင်က ဒေါသတကြီး အော်လိုက်လေရာ သူ့အနောက်မှ ဘုံအပိုင်းအစများက တစ်စစီ အက်ကွဲသွားကြသည်။

သူ၏ စွမ်းအားက ယွမ်ကျားဘုံနှင့် ပေါင်းစပ်နေကြောင်း ထင်ရှားသည်။

သူက ရန်သူကို ရင်ဆိုင်ရန် ယွမ်ကျားဘုံ၏ မူလစွမ်းအားကို ချေးငှားလိုက်သည်။

မိုးမြေမဟာတာအို၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး အနက်ရောင်သံချပ်ကာတစ်စုံအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က အရွယ်အစား ကြီးမားသွားသည်။

ပေတစ်ထောင်ရှည်လျားသော ဘီလူးတစ်ကောင်က ဟန်မူယဲ့၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာပြီး လက်သီးတစ်လုံး ထိုးသွင်းလိုက်သည်။

ထိုသို့နည်းလမ်းက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် ထိုထက်နိမ့်သော ပညာရှင်များ အသုံးပြုကြလေ့ရှိသော နည်းလမ်းနှင့် ဆင်တူသည်။ သို့သော်လည်း ထိုထဲမှာ ကိန်းအောင်းနေသော စွမ်းအားက နတ်ဘုရားအဆင့်မှာ မဟုတ်ပေ။

ထိုလက်သီးထဲမှာ အစောနက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့သော ယွမ်ကျားဘုံအပိုင်းအစများထံမှ အဆုံးမဲ့မိုးမြေစွမ်းအားက ကိန်းအောင်းနေသည်။

ထိုလက်သီးက အဆင့်မြင့်ဘုံတစ်ခုကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။

“ ဗုန်း ”

ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အားလုံးက အနောက်ဆုတ်ရန် ဖိအားပေးခံလိုက်ကြရသည်။ သူတို့က ကြောက်လန့်စွာ ထွက်ပြေးသွားကြသည်။

သူတို့မှာ အနောက်ဆုတ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။ ထိုလက်သီးထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူတို့ခုခံနိုင်သောအရာ မဟုတ်ပေ။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်သည် ဖန်ဆင်းရှင်များ၏ တိုက်ပွဲထဲမှာ မပါဝင်နိုင်ပေ။

“ သံချပ်ကာပေါင်းစပ်ခြင်းလား ”

ဟန်မူယဲ့က ပြုံးလိုက်သည်။ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ပေါက်ကွဲသွားသည်။

“ ဒါဆိုရင် မင်းမှာ သံချပ်ကာအလွှာ ဘယ်နှစ်ခုရှိလဲ ကြည့်ရအောင် ”

သူ့စကားဆုံးသွားသည်နှင့် ဟန်မူယဲ့က နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။ ထွန်းလင်းတောက်ပသော ဓားအလင်းက အရှေ့သို့ ပျံသန်းသွားသည်။

သေခြင်းရှင်ခြင်းစွမ်းအား… ။

အသက်ဆယ်ခါရှူချိန်… ။

ယင်းက သူ့ကိုယ်ပိုင် သေခြင်းရှင်ခြင်းစွမ်းအားကို အသုံးပြု၍ ရန်သူတစ်ယောက်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။

“ သူက တကယ် ဖန်ဆင်းရှင်ပဲ ”

“ ဓားတာအိုဖန်ဆင်းရှင်တစ်ပါးက ဖန်ဆင်းရှင်အဆင့်မှာ အသန်မာဆုံး သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်တယ် ”

အပြင်ဘက်ဟင်းလင်းပြင်ထဲတွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသော ဖန်ဆင်းရှင်များက သူတို့၏ နတ်ဘုရားစိတ်အာရုံဖြင့် အချင်းချင်း ဆက်သွယ်နေကြသည်။

ဖန်ဆင်းရှင်များကြားမှ တိုက်ပွဲက အလွန်ရှားပါးသည်။

မည်သို့ဖြစ်ပါစေ ဖန်ဆင်းရှင်အဆင့်က ဤကျင့်ကြံခြင်းလောက၏ အထွတ်အထိပ် ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်သွားသည့်အခါ သူတို့က တိုက်ခိုက်ရန် သိပ်မလိုအပ်တော့ပေ။

ဖန်ဆင်းရှင်များကြားမှာ မပြေငြိမ်းနိုင်သော ရန်ငြိုးများရှိနေလျှင်ပင် သူတို့က တိုက်ခိုက်ကြလေ့ မရှိပေ။

အကြောင်းမှာ သူတို့၏ စွမ်းအားက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ သူတို့၏ သာမန်လှုပ်ရှားမှုတိုင်းက ကြီးမားသော အပျက်အစီးကို ဖြစ်ပေါ်စေနိုင်သည်။

ပိုပြီးအရေးကြီးသည့်အချက်မှာ သူတို့အတွက် သေခြင်းရှင်ခြင်းစွမ်းအားက အလွန်တန်ဖိုးကြီးမားသည်။ သူတို့က မဖြစ်မနေ မလိုအပ်လျှင် သေခြင်းရှင်ခြင်းစွမ်းအားကို အသုံးမပြုချင်ကြပေ။

သို့ဖြစ်၍ ဤဖန်ဆင်းရှင်တိုက်ပွဲသည် နှစ်ပေါင်းသန်းတစ်ထောင်အတွင်း ပထမဆုံး ထွက်ပေါ်လာခဲ့သော တိုက်ပွဲဖြစ်သည်။

“ ဝီး ”

ဟန်မူယဲ့၏ ဓားဖျားက တုန်ယင်သွားပြီး အပြာရောင်ဓားအလင်းက တိုက်ရိုက် ပေါ်လျှိုးလာသည်။

အပြာရောင်ဓားအလင်း၏ အရှေ့တွင် အတိုင်းအဆမဲ့ ကျယ်ပြောသော ဟင်းလင်းပြင်က အက်ကွဲသွားသည်။

ဟင်းလင်းပြင်တစ်ဝက်က စိမ်းလန်းစိုပြေသော နယ်မြေအဖြစ် ပြောင်းလဲသွားပြီး အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။ တခြားဟင်းလင်းပြင်တစ်ဝက်က သေခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသော ဖုန်းဆိုးမြေအဖြစ် ပြောင်းလဲသွားသည်။

သေခြင်းရှင်ခြင်းစွမ်းအားက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။

ထိုဓားချက်က ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်ကို မျက်လုံးပြူးသွားစေသည်။

ဟင်းလင်းပြင်ထဲမှ စောင့်ကြည့်နေကြသော ဖန်ဆင်းရှင်များသည်လည်း မယုံကြည်နိုင်စွာ အံ့ဩသွားကြသည်။

“ သေခြင်းရှင်ခြင်းစွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်သုံးတယ်… သူက ဘာလုပ်ချင်နေတာလဲ ”

“ အသက်ဓာတ်စွမ်းအားနဲ့ သေခြင်းစွမ်းအားကို မျှခြေညီအောင် ထိန်းသိမ်းတယ်လား… အဲ့ဒီဓားချက်က ဘာအဓိပ္ပာယ်လဲ… ”

ထိုဓားချက်က မည်သည်ကိုဆိုလိုကြောင်း မည်သူမှ မသိနိုင်ပေ။

ဖန်ဆင်းရှင်များသည် သူတို့၏ ကိုယ်ပိုင်အသက်ဓာတ်စွမ်းအား သို့မဟုတ် သေခြင်းစွမ်းအားကို အသုံးပြု၍ ရန်သူများကို တိုက်ခိုက်ကြလေ့ ရှိသည်။

သို့သော်လည်း သူတို့က ဟန်မူယဲ့ကဲ့သို့ သေခြင်းရှင်ခြင်းစွမ်းအားကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သော ဖန်ဆင်းရှင်တစ်ပါးကို ယခင်က မမြင်ဖူးကြချေ။

“ ဟွန့်… မင်းက ငချွတ်လေးပါပဲ… သေခြင်းရှင်ခြင်းစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ မသိဘဲနဲ့ ငါ့ကို လာရင်ဆိုင်ရဲတယ် ”

ယွမ်ကျားဘုံ၏ ဖန်ဆင်းရှင်က တိုးညင်းစွာ အော်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ လက်တစ်ဖက်ထဲ၌ မီးခိုးရောင်အလံတိုင်တစ်တိုင် ထွက်ပေါ်လာသည်။ အလံတိုင်၏ ထိပ်ဖျားပေါ်တွင် အလွန်အားကောင်းသော သေခြင်းစွမ်းအားက စုဝေးသွားပြီး ဟန်မူယဲ့၏ ဓားအလင်းဆီသို့ ပျံသန်းသွားသည်။

သေခြင်းစွမ်းအားက အလွန်သိပ်သည်းလေရာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည်ပင် မည်းမှောင်သွားသည်။

ထိုသေခြင်းစွမ်းအားက အလွန်သိပ်သည်းလေရာ သူ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအားမညီမျှမှုပြဿနာက စတင်ထွက်ပေါ်လာပြီဖြစ်ကြောင်း ထင်ရှားသည်။

ထိုသို့ဖန်ဆင်းရှင်တစ်ပါးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားလျှင် နတ်ဘုရားနိဂုံးနယ်ပယ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။ ထိုအခါကျလျှင် သူက နတ်ဘုရားနိဂုံး၏ ကပ်ဘေးကို မည်သို့မှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ဖန်ဆင်းရှင်များက မသေဆုံးနိုင်ပေ။ သို့သော်လည်း ဖန်ဆင်းရှင်များက နတ်ဘုရားနိဂုံးနယ်ပယ်သို့ ကျဆင်းသွားနိုင်သည်။

ယင်းက မရှောင်လွှဲနိုင်သော ပြဿနာ ဖြစ်သည်။

ဖန်ဆင်းရှင်များသည် စွမ်းအားမညီမျှမှုပြဿနာရှိနေသော ရန်သူ၏ သေခြင်းစွမ်းအားကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။

မည်သို့ဖြစ်ပါစေ အကယ်၍ ရန်သူက နတ်ဘုရားနိဂုံးနယ်ပယ်သို့ ကျဆင်းသွားမည်ဆိုလျှင် အနီးနားဝန်းကျင်မှ သက်ရှိအားလုံးနှင့် ဘုံအားလုံးက ဖျက်ဆီးခံရလိမ့်မည်။

ယခု ဟန်မူယဲ့၏ အရှေ့မှာ ရပ်နေသော ဖန်ဆင်းရှင်က စွမ်းအားမညီမျှမှုပြဿနာကို ရင်ဆိုင်နေရသည်။ သူက နတ်ဘုရားနိဂုံးနယ်ပယ်သို့ အချိန်မရွေး ဝင်ရောက်သွားနိုင်သည်။

“ သေခြင်းစွမ်းအားကို အဲ့လိုအသုံးပြုရတာ မဟုတ်ဘူး ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး သူ့အရှေ့မှ မီးခိုးရောင်မြူခိုးကို ဓားအလင်းဖြင့် ပိုင်းဖြတ်လိုက်သည်။

ထာဝရဓားစင်မြင့်၏ မှတ်ဉာဏ်များထဲတွင် သူက ထာဝရကောင်းကင်ဘုံမှ ဖန်ဆင်းရှင်များ၏ သေခြင်းရှင်ခြင်းစွမ်းအားအသုံးပြုပုံကို မြင်တွေ့ခဲ့သည်။

ထိုစွမ်းအားက မိုးမြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ယင်းက သူ့အရှေ့မှ ဖန်ဆင်းရှင်၏ သေခြင်းစွမ်းအား ယှဉ်ပြိုင်နိုင်သောအရာ မဟုတ်ပေ။

မည်သို့ဖြစ်ပါစေ ဤလောက၏ အသိပညာဗဟုသုတက ထာဝရကောင်းကင်ဘုံကို မယှဉ်နိုင်ပေ။

ဓားအလင်းက မီးခိုးရောင်မြူခိုးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့၏ အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအားက အတူတကွ ယှက်ထွေသွားကြပြီး ပေါင်းစည်းသွားကြသည်။

ဟန်မူယဲ့၏ သေခြင်းစွမ်းအားက ရန်သူ၏ သေခြင်းစွမ်းအားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ပြိုကွဲသွားသည်။ သို့သော်လည်း သူ၏ သေခြင်းစွမ်းအားက အသက်ဓာတ်စွမ်းအားကြောင့် ပြန်နိုးကြားလာသည်။

အသက်ဓာတ်စွမ်းအား ကုန်ခမ်းသွားသည့်အခါ သေခြင်းစွမ်းအားက အသက်ဓာတ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ရန်သူ၏ စွမ်းအားကို စုပ်ယူလိုက်သည်။

ယင်းက အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအားကြားမှ အာနိသင်ဖလှယ်မှု ဖြစ်သည်။ ထာဝရကောင်းကင်ဘုံမှ ဖန်ဆင်းရှင်အားလုံးနီးပါးက ထိုနည်းစနစ်ကို တတ်ကျွမ်းထားကြသည်။

ထို့ကြောင့် ထာဝရကောင်းကင်ဘုံမှ ဖန်ဆင်းရှင်များကို စစ်မှန်သော မသေမျိုးများဟု သတ်မှတ်နိုင်ပေသည်။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

ယွမ်ကျားဘုံ၏ ဖန်ဆင်းရှင်က အလန့်တကြား အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာအလွှာများက ဓားအလင်းကြောင့် တိုက်ရိုက် အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာ ဓားရှည်က သူ၏ ရင်ဘက်ဆီသို့ တိုးဝင်လာသည်။

“ ရွှတ် ”

သူ၏ တိုက်ပွဲချပ်ဝတ်က နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိုးမြေစွမ်းအင်အလွှာများက အက်ကွဲသွားကြသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးက မြန်ဆန်စွာ နိမ့်ကျသွားသည်။

“ မဟုတ်ဘူး… ငါ နတ်ဘုရားနိဂုံးနယ်ပယ်ဆီ မဝင်ချင်ဘူး… နတ်ဘုရားနိဂုံးနယ်ပယ်ဆီ မဝင်ချင်ဘူး… ”

ယွမ်ကျားဘုံ၏ ဖန်ဆင်းရှင်က ကြောက်လန့်တုန်လှုပ်စွာ အော်လိုက်သည်။ သူ၏ အရှိန်အဝါက ဖရိုဖရဲဖြစ်လာပြီး စိတ်ကူးမယဉ်နိုင်အောင် များပြားသော သေခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။

ယင်းက နတ်ဘုရားနိဂုံး၏ အစဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲတွင် ဤတိုက်ပွဲကို စောင့်ကြည့်နေကြသော ဖန်ဆင်းရှင်အားလုံးက ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ သူတို့က ဤနေရာမှာ နောက်ထပ် ဆက်မနေဝံ့ကြတော့ပေ။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသည်လည်း ဤအခိုက်အတန့်မှာ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ သူတို့က နတ်ဘုရားနိဂုံးစွမ်းအား၏ ဝါးမျိုခံရမည်ကို စိုးရိမ်ကြောင့်ကြကြသည်။

နတ်ဘုရားနိဂုံးစွမ်းအားသည် သူတို့ခုခံနိုင်သောအရာ မဟုတ်ပေ။

“ နတ်ဘုရားနိဂုံး ”

ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်၏ ဦးခေါင်းကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဟန်မူယဲ့က နောက်ထပ် တိုက်ခိုက်နေသည်လော။

သူက နတ်ဘုရားနိဂုံးစွမ်းအားဖြင့် စွန်းထင်ခံရမည်ကို မကြောက်ဘူးလော။

သေခြင်းစွမ်းအားကို ဖိနှိပ်ရန် သူ့ကိုယ်ပိုင် စွမ်းအင်အားလုံးကို အသုံးပြုထားသော ယွမ်ကျားဘုံ၏ ဖန်ဆင်းရှင်သည် ဟန်မူယဲ့၏ ဓားချက်ကို မတိမ်းရှောင်နိုင်ပေ။

ဓားရှည်က သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း မြင်သောအခါ ထိုဖန်ဆင်းရှင်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းတမ်းမှုနှင့် စိတ်ပျက်အားလျော့မှု ထွက်ပေါ်လာသည်။

“ ကောင်းပြီ… ငါသေရမယ်ဆိုရင်လည်း နတ်ဘုရားနိဂုံးနယ်ပယ်ဆီ ငါဝင်ရောက်ပြီး မင်းတို့အားလုံးကို ငါနဲ့အတူ ခေါ်သွားမယ် ”

ထိုဖန်ဆင်းရှင်က ကျယ်လောင်စွာ အော်လိုက်ပြီး ဟန်မူယဲ့၏ ဓားအလင်းနှင့် တိုက်ရိုက် ထိမှန်သွားသည်။

ဖန်ဆင်းရှင်များက မသေမျိုးများဖြစ်သောကြောင့် သူက ဟန်မူယဲ့၏ ဓားချက်ကြောင့် အသတ်ခံရမည်ကို မစိုးရိမ်ပေ။

“ ဗုန်း ”

သူ၏ ပေတစ်ထောင်ရှည်လျားသော ဘီလူးခန္ဓာကိုယ်က ဓားအလင်း၏ အရှေ့မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်စုဝေးသွားသည်။

ထို့နောက် သေခြင်းစွမ်းအားက ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ယိုယွင်းတိုက်စားလိုက်သည်။ သူက တဖြည်းဖြည်း နတ်ဘုရားနိဂုံးကပ်ဘေးဖြစ်လာသည်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။

ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နှစ်ခုက အပြင်သို့ ပျံသန်းထွက်လာကြသည်။

ထိုဖန်ဆင်းရှင်၏ ခန္ဓာကိုယ်ထဲတွင် အနီရောင် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်တစ်ခုက ပျံသန်းထွက်လာသည်။

ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခုက တစ်ပြိုင်နက် ထွန်းလင်းတောက်ပသွားလေရာ အစိတ်အပိုင်းများ ပြန်စုဝေးနေသော ထိုဖန်ဆင်းရှင်၏ ခန္ဓာကိုယ်က ဖိနှိပ်ခံလိုက်ရသည်။

သေခြင်းစွမ်းအားသည်ပင် ဖိနှိပ်ခံလိုက်ရသည်။

ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်များက သေခြင်းစွမ်းအားကို ဖိနှိပ်နိုင်ကြသည်။

All Chapters