အခန်း (၁၇၂၂)
Vol. 123 Ch. 1722
အခန်း(၁၇၂၂)
အစိမ်းရောင်၊ အနီရောင်နှင့် ရွှေရောင် ချိပ်တံဆိပ်သုံးခုက လေထဲမှာ လွင့်မျောနေကြစဉ် ယင်းတို့ထံမှ ထွန်းလင်းတောက်ပသော ရောင်စဉ်တန်းများက သေခြင်းစွမ်းအား၏ ဝါးမျိုခံနေရသော ယွမ်ကျားဘုံ၏ ဖန်ဆင်းရှင်ကို ဖိနှိပ်လိုက်သည်။ သို့သော်…
“ ဝီး ”
သေခြင်းစွမ်းအားက ဖန်ဆင်းရှင်၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ တလိပ်လိပ် မြှောက်တတ်နေသည်။
ထိုသေခြင်းစွမ်းအားက နတ်ဘုရားနိဂုံးမှလွဲ၍ တခြားမဟုတ်ပေ။
ဟန်မူယဲ့၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ ထိုစွမ်းအားက အလွန်အားကောင်းလေရာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခုသည်ပင် ယင်းကို မထိန်းသိမ်းနိုင်ပေ။
“ ပြေးကြဟေ့ ”
“ နတ်ဘုရားနိဂုံးကပ်ဘေး စတင်ပြီ ”
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ကြောက်လန့်တကြား အော်ပြောလိုက်ကြပြီး အဝေးသို့ အမြန်ထွက်ပြေးသွားကြသည်။
နတ်ဘုရားနိဂုံးကပ်ဘေး… ။
“ ဝေယွမ်မြို့စား… နတ်ဘုရားနိဂုံးကပ်ဘေးကို ခင်ဗျားစတင်ခဲ့တာ… တကယ်လို့ အဲ့ဒါကို မဖြေရှင်းဘူးဆိုရင် မိုးမြေအားလုံး ဖျက်ဆီးခံရလိမ့်မယ် ”
အသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်။
မှန်ပေ၏။ အကယ်၍ နတ်ဘုရားနိဂုံးစွမ်းအားကို မတားဆီးနိုင်လျှင် ယင်းက နတ်ဘုရားနိဂုံးကပ်ဘေး ဖြစ်လာလိမ့်မည်။
အထူးသဖြင့် ဤတစ်ကြိမ်တွင် နတ်ဘုရားနိဂုံးနယ်ပယ်ဆီသို့ ဝင်ရောက်သွားသော ဖန်ဆင်းရှင်က သူ့ကိုယ်ပိုင်သေခြင်းစွမ်းအားကို နောက်ထပ် မဖိနှိပ်နိုင်တော့ဘဲ စွမ်းအားမျှခြေညီမှုကို ဆုံးရှုံးသွားသည်။
ဤအခိုက်အတန့်မှာ ဖန်ဆင်းရှင်၏ ခန္ဓာကိုယ်က တိုက်ရိုက် ပြိုကွဲသွားပြီး သူ၏ မူလစွမ်းအားက ဧရာမဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ နတ်ဘုရားနိဂုံးကပ်ဘေး ”
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခုထံသို့ လက်ဆန့်ထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ အဆုံးမဲ့သော မီးတောက်မီးလျှံနှင့် မိုးကြိုးသွားက ထွက်ပေါ်လာပြီး ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခုကို ဝိုင်းရံလိုက်ကြသည်။ ထို့နောက် ထွန်းလင်းတောက်ပသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
သူ၏ အဖြူအနက်ဓားအလင်းက ဧရာမဝဲကတော့ကို ပိုင်းဖြတ်သွားပြီး နတ်ဘုရားနိဂုံးစွမ်းအားကို ပြိုကွဲသွားစေသည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားနိဂုံးစွမ်းအားက ပြန်စုဝေးသွားပြီး ယခင်ကထက် ပိုပြီးအားကောင်းလာသည်။
ဟန်မူယဲ့က သူ၏ ဓားကို ဆက်တိုက် ဝှေ့ယမ်းလိုက်လေရာ အဆုံးမဲ့သော မီးတောက်မီးလျှံနှင့် မိုးကြိုးသွားက သူ့အရှေ့မှ ချိပ်တံဆိပ်သုံးခုနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
“ ဗုန်း ”
ဤအခိုက်အတန့်မှာ မိုင်ပေါင်းဘီလီယံနှင့်ချီ ကျယ်ပြောသော လောကက တုန်ယင်သွားသည်။ ဧရာမချိပ်တံဆိပ်သုံးခုက မီးတောက်နှင့် မိုးကြိုး၏ တိုက်ခိုက်မှုအောက်မှာ တစ်စစီ အက်ကွဲသွားကြသည်။ သို့သော် နောက်အခိုက်အတန့်မှာ ထိုအစိတ်အပိုင်းအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
မကြာမီ မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ရွှေရောင်ချိပ်တံဆိပ်တစ်ခုက အာကာသဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ချိပ်တံဆိပ်၏ အထက်မျက်နှာပြင်ပေါ်တွင် ရွှေရောင်တောင်တန်းပုံရိပ်များရှိပြီး ချိပ်တံဆိပ်၏ အောက်ဘက် မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသော နတ်ဘုရားအင်းသင်္ကေတများ ရှိသည်။
ထိုထဲမှ နတ်ဘုရားအင်းသင်္ကေတတစ်ခုစီက တောင်တန်းများနှင့် မြစ်ချောင်းများကို ဖိနှိပ်နိုင်စွမ်းရှိဟန် ရ၏။ ယင်းက ဘုံတစ်ခုလုံးကိုပင် ဖိနှိပ်နိုင်သည်။
အဆုံးမဲ့သော နတ်ဘုရားအင်းသင်္ကေတများက အတူတကွ ယှက်ထွေသွားကြသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ဧရာမချိပ်တံဆိပ်၏ တိုက်ရိုက် ဖိနှိပ်ခံလိုက်ရသည်။ နတ်ဘုရားနိဂုံးစွမ်းအားသည်ပင် ဖိနှိပ်ခံလိုက်ရသည်။
ယင်းက အစစ်အမှန် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် ဖြစ်သည်။
“ ဟား ဟား… ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ငါ့အတွက်ပဲ ”
ဟင်းလင်းပြင်ထဲတွင် ရယ်မောသံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပုံရိပ်တစ်ခုက ဧရာမရွှေရောင်ချိပ်တံဆိပ်ဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
ထိုပုံရိပ်က ဟင်းလင်းပြင်ထဲတွင် ဝံပုလွေခေါင်းသုံးလုံးရှိသော မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က မိုင်ပေါင်းဘီလီယံနှင့်ချီ ကြီးမားသွားသည်။ သူ၏ ဝံပုလွေခေါင်းသုံးလုံးက ဧရာမရွှေရောင်ချိပ်တံဆိပ်ကို တစ်ပြိုင်နက် ကိုက်လိုက်ကြသည်။
“ ခေါင်းသုံးလုံးဝံပုလွေ… မင်းက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နဲ့ ထိုက်တန်လို့လား ”
ကျယ်လောင်သော အော်သံက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ အော်သံဆုံးသွားသည်နှင့်ချက်ချင်း ဧရာမလက်သီးပုံရိပ်တစ်ခုက ခေါင်းသုံးလုံးဝံပုလွေ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ့ကို မိုင်ပေါင်းဘီလီယံနှင့်ချီ အဝေးသို့ ပစ်လွှတ်လိုက်သည်။
အသစ်ရောက်လာသော ထိုပုဂ္ဂိုလ်က ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ တောက်ပသော နတ်ဘုရားအလင်းက ပေါ်လျှိုးနေသည်။
မနီးမဝေးတွင် ပုံရိပ်အများအပြားက ထွက်ပေါ်လာကြသည်။ သူတို့၏ အရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားသည်။
သူတို့အားလုံးက ဖန်ဆင်းရှင်အဆင့်မှာ ဖြစ်ကြသည်။ သူတို့ထဲမှ တချို့က ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
သူတို့ထဲမှ သုံးယောက်က သူတို့ကိုယ်ပိုင် သေခြင်းရှင်ခြင်းစွမ်းအားကို ဖိနှိပ်ရန် ခက်ခဲနေကြသည်။ သူတို့၏ အသက်ဓာတ်စွမ်းအားနှင့် သေခြင်းစွမ်းအားက မျှခြေညီမှုမရှိပေ။
ရှင်းလင်းစွာပင် သူတို့က နတ်ဘုရားနိဂုံးအဆင့်မှာ ဖြစ်ကြသည်။
သူတို့ထဲမှ တစ်ယောက်က မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ထဲမှာ လှုပ်ရှားခဲ့သော အစွမ်းထက်ပညာရှင် ဖြစ်သည်။
“ ကောင်လေး… မင်း အခု ထွက်သွားလို့ရပြီ ”
“ ကျန်တဲ့ကိစ္စကို ငါတို့အဖိုးကြီးတွေဘာသာ ဖြေရှင်းလိုက်မယ် ”
အာကာသဟင်းလင်းပြင်ထဲတွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် အေးဆေးတည်ငြိမ်စွာ ပြောသည်။ သူ၏ ပုံရိပ်က ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်လောကနှင့် တစ်သားတည်းဖြစ်နေသည်။
ထိုအဖိုးအိုက ကောင်းကင်ပေါ်မှ ရွှေရောင်ချိပ်တံဆိပ်ကို မော့ကြည့်လိုက်လေရာ လိုချင်တပ်မက်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ နှစ်သန်းပေါင်းများစွာကြာပြီးနောက် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က နောက်ဆုံးမှာ ပြန်ဖွဲ့စည်းသွားပြီ… ငါတို့တွေ အသက်ဆက်ရှင်ဖို့ အခွင့်အရေးရှာတွေ့ပြီ ”
“ အတိတ်တုန်းက စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ကြမယ်… အနိုင်ရတဲ့လူက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပိုင်ဆိုင်နိုင်မယ်… ရှုံးနိမ့်သွားတဲ့ လူတွေက နောက်ဆုံးအခွင့်အရေးအနေနဲ့ ထာဝရကောင်းကင်ဘုံဆီ သွားရောက်နိုင်မယ့် အခွင့်အရေးကို ရှာဖွေဖို့ အသင်္ချေအသူရာချောက်နက်ဆီ သွားကြရမယ် ”
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပိုင်ဆိုင်နိုင်မည့် မည်သူမဆို ချိပ်တံဆိပ်၏ စွမ်းအားဖြင့် သေခြင်းရှင်ခြင်းစွမ်းအားကို ဖိနှိပ်နိုင်သွားလိမ့်မည်။ ထိုသူက ဤလောကမှာ အသန်မာဆုံးတည်ရှိမှု ဖြစ်လာလိမ့်မည်။
မည်သို့ဖြစ်ပါစေ အကယ်၍ ဖန်ဆင်းရှင်တစ်ပါးက သေခြင်းရှင်ခြင်းစွမ်းအားကို မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ လွတ်လပ်စွာ ထုတ်သုံးနိုင်မည်ဆိုလျှင် မည်မျှအံ့ဖွယ်ကောင်းလိမ့်မည်နည်း။
နတ်ဘုရားနိဂုံးနယ်ပယ်သို့ ဝင်ရောက်သွားမည်ကို စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်မည်ဆိုလျှင် မည်သူက သူ့ကို ယှဉ်ပြိုင်နိုင်ဦးမည်နည်း။
“ ဟား ဟား… ကောင်းတယ်… ငါတို့တွေ အတိတ်တုန်းက စည်းမျဉ်းအတိုင်း ဆောင်ရွက်ကြမယ်… ဘယ်သူက အချိန်ကြာကြာ အသက်ရှင်နိုင်မလဲ ကြည့်ကြတာပေါ့ ”
ဦးချိုနှစ်ချောင်းရှိသော နတ်မိစ္ဆာပုံရိပ်တစ်ခုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အစွမ်းထက်ဖန်ဆင်းရှင်ဆယ်ပါးနှင့် နတ်ဘုရားနိဂုံးအဆင့် ပညာရှင်သုံးပါး၏ ရောက်ရှိလာမှုက ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်သည်။
ဟန်မူယဲ့က တိတ်တဆိတ် နားထောင်နေသည်။
ထိုအစွမ်းထက်တည်ရှိမှုများ၏ မျက်လုံးထဲမှာ သူက ပုရွက်ဆိတ်တစ်ကောင်သဖွယ် သေးနုတ်ဟန် ရ၏။
မည်သို့ဖြစ်ပါစေ သူက မကြာသေးခင်ကမှ အဆင့်တတ်လှမ်းခဲ့သော ဓားတာအိုဖန်ဆင်းရှင်တစ်ပါး မဟုတ်ပါလော။ သူတို့၏ အမြင်တွင် သူက သေခြင်းရှင်ခြင်းစွမ်းအားကိုပင် ကောင်းမွန်စွာ အသုံးမပြုနိုင်သေးသော ဂျူနီယာတစ်ယောက် ဖြစ်သည်။
ထိုသို့ဖန်ဆင်းရှင်တစ်ပါးက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်အတွက် ယှဉ်ပြိုင်ပွဲမှာ ပါဝင်ရန် အရည်အချင်းမရှိပေ။
နတ်ဘုရားနိဂုံးစွမ်းအားနှင့် ဖန်ဆင်းရှင်စွမ်းအားက ဟင်းလင်းပြင်ထဲမှာ ပေါ်လျှိုးလာကြပြီး ကောင်းကင်ပေါ်မှ ရွှေရောင်ချိပ်တံဆိပ်ဆီသို့ ဦးတည်သွားကြသည်။
ထိုထဲမှ မည်သည့်စွမ်းအားဖြစ်ပါစေ ယင်းတို့ကို နတ်ဘုရားအဆင့်မှ မည်သူမှ မခုခံနိုင်ကြပေ။ ထို့ပြင် ယင်းတို့က အသစ်ပေါ်ထွန်းလာသော ဖန်ဆင်းရှင်တစ်ပါး ခုခံနိုင်သောအရာ မဟုတ်ပေ။
လူတိုင်း၏ အမြင်တွင် ဟန်မူယဲ့က ကြီးမားသော စွမ်းအင်လှိုင်းများဖြင့် ရိုက်ခတ်ခံရပြီး အဝေးသို့ လွင့်စင်သွားလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့က အဝေးသို့ လွင့်ထွက်သွားသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ ရွှေရောင်ချိပ်တံဆိပ်က လက်သီးဆုပ်အရွယ်ခန့် သေးငယ်သွားပြီး သူ၏ လက်ဖဝါးပေါ်သို့ ပြုတ်ကျလာသည်။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ယူဆောင်ခံလိုက်ရသည်။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် သိမ်းယူခံလိုက်ရသည်နှင့်ချက်ချင်း ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်၏ နတ်ဘုရားနိဂုံးစွမ်းအားက တဖန် ပေါ်လျှိုးလာသည်။
နတ်ဘုရားနိဂုံးစွမ်းအား… ။
ဤတစ်ကြိမ်က အစစ်အမှန် နတ်ဘုရားနိဂုံးကပ်ဘေး ဖြစ်သည်။
“ မြန်မြန်… ဒီနတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်ကြ ”
“ ဝေယွမ်မြို့စား… သူ ငါတို့ကို လှည့်စားရဲတယ် ”
“ ဒီကောင့်ကို အသင်္ချေအသူရာချောက်နက်ဆီ မြန်မြန် ပို့ကြ… မဟုတ်ရင် နတ်ဘုရားနိဂုံးကပ်ဘေးက စတင်လိမ့်မယ် ”
“ မြန်မြန်… မင်းတို့စုဆောင်းထားတဲ့ ရတနာတွေအားလုံးကို ထုတ်သုံးကြ… မဟုတ်ရင် ဒီကောင် ပေါက်ကွဲသွားတဲ့အခါ လောကတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ် ”
ဖန်ဆင်းရှင်များက အထိတ်တလန့် အော်ပြောလိုက်ကြသည်။
သူတို့က ယွမ်ကျားဘုံမှ ဖန်ဆင်းရှင်၏ နတ်ဘုရားနိဂုံးစွမ်းအားကို အတင်းအဓမ္မ ဖိနှိပ်လိုက်လေရာ သူတို့၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နှင့်အတူ ဘီလီယံနှင့်ချီသော လောကများကို ဖြတ်သန်းသွားသည်။
သူ၏ ဦးတည်ရာက အသင်္ချေအသူရာချောက်နက်မှလွဲ၍ တခြားမဟုတ်ပေ။
သို့သော်လည်း သူ၏ လမ်းကြောင်းကို ပုံရိပ်တစ်ခုက ပိတ်ဆို့ထားသည်။
ကောင်းယွမ်ဖန်ဆင်းရှင်… ။
“ ဟန်မူယဲ့… ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို မင်းမယူသွားသင့်ဘူး ”
ကောင်းယွမ်ဖန်ဆင်းရှင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
“ ဘုံတစ်ခုကို တည်ဆောက်ဖို့… ပြီးတော့ အဲ့ဒီဘုံကို ဒီလောကရဲ့ အသန်မာဆုံးဘုံဖြစ်လာအောင် ပျိုးထောင်ပေးဖို့ဆိုတာ ငါတို့အတွက် လွယ်ကူတဲ့အရာ မဟုတ်ဘူး… ဒါကြောင့် အဲ့ဒါ ဖျက်ဆီးခံရမှာကို ငါတို့တွေ ခွင့်မပြုနိုင်ဘူး ”
ကောင်းယွမ်ဖန်ဆင်းရှင်၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားသည်။ အဆုံးမဲ့သော အလင်းစီးကြောင်းက သူ၏ အရှေ့မှာ စုဝေးသွားပြီး ရွှေရောင်ခေါင်းလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ ဝိညာဉ်စုစည်းကောင်းကင်ဘုံခေါင်းလောင်း ”
ဟန်မူယဲ့က သူ့အရှေ့မှ ခေါင်းလောင်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“ အဲ့ဒါ ခင်ဗျားတို့တွေ ထာဝရကောင်းကင်ဘုံကနေ ပြန်ယူဆောင်လာခဲ့တဲ့ ရတနာတွေထဲက တစ်ခုမလား ”
“ ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်… ကောင်းကင်ဘုံခေါင်းလောင်း… ကောင်းကင်ဘုံချိပ်တံဆိပ် ”
ဟန်မူယဲ့က ကောင်းယွမ်ဖန်ဆင်းရှင်ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ အရှေ့တွင် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။
“ အမှောင်ရိပ်ဖန်ဆင်းရှင်နဲ့ တိုက်ပွဲကြောင့်မဟုတ်ရင် ထာဝရကောင်းကင်ဘုံက အပျက်အစီးနယ်မြေတစ်ခုထက် မပိုဘူးဆိုတာ ကျုပ်သိခဲ့မှာ မဟုတ်ဘူး ”
“ ကောင်းယွမ်ဖန်ဆင်းရှင်… အဲ့ဒီကိစ္စမှာ ခင်ဗျားလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တယ်မဟုတ်လား ”
ဟန်မူယဲ့၏ စကားကို ကြားသောအခါ ကောင်းယွမ်ဖန်ဆင်းရှင်၏ အမူအရာက ပြောင်းလဲသွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါတို့က ထာဝရကောင်းကင်ဘုံကနေ ရောက်လာတယ်ဆိုတာ သိတဲ့လူအားလုံး သေရမယ် ”
ကောင်းယွမ်ဖန်ဆင်းရှင်က ပြောသည်။ သူ့စကားဆုံးသည်နှင့် ရွှေရောင်ခေါင်းလောင်းက တုန်ယင်သွားပြီး ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသည်။ နတ်ဘုရားစွမ်းအင်စီးကြောင်းများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်လိုက်ကြသည်။
“ ဘန်း ”
ဟန်မူယဲ့၏ ခန္ဓာကိုယ်က တစ်စစီ အက်ကွဲသွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပြန်ဖွဲ့စည်းသွားသည်။
သေခြင်းရှင်ခြင်းစွမ်းအား၏ ပံ့ပိုးမှုအောက်မှာ ဖန်ဆင်းရှင်တစ်ပါးက မသေမျိုးဖြစ်သည်။
“ စိတ်ဝင်စားစရာပဲ… ထာဝရကောင်းကင်ဘုံက ရတနာတစ်ခုလို့ ခေါ်ထိုက်ပါပေတယ် ”
ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး သူ့လက်ထဲမှ ဓားရှည်ကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
“ ထန် ”
ရွှေရောင်ခေါင်းလောင်းက ဓားအလင်းကို ခုခံတားဆီးလိုက်သည်။
“ ထာဝရစွမ်းအား… မပျက်စီးနိုင်ဘူးတဲ့လား ”
ဟန်မူယဲ့က သူ၏ လက်ဖဝါးထဲမှ ရွှေရောင်ချိပ်တံဆိပ်ကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။
“ ဒါဆို ကျုပ်လက်ထဲက ဒီချိပ်တံဆိပ်နဲ့ ဒီနေရာကို ထာဝရကောင်းကင်ဘုံအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်ရော… ကျုပ်ရဲ့ ဓားကို ခင်ဗျားခုခံနိုင်ပါဦးမလား ”
သူ့စကားဆုံးသည်နှင့် ဓားအလင်းများက အပေါ်သို့ မြှောက်တတ်သွားကြသည်။
ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်၊ ကောင်းကင်ဘုံခေါင်းလောင်းနှင့် ကောင်းကင်ဘုံချိပ်တံဆိပ် ထိုသုံးခုက ထာဝရကောင်းကင်ဘုံမှ ရတနာများ ဖြစ်ကြသည်။ ယင်းတို့က နယ်မြေတစ်ခုကို ထာဝရကောင်းကင်ဘုံအဖြစ် ပြောင်းလဲပေးနိုင်သည်။
ယင်းက အတိတ်မှာ သူတွေ့ကြုံခဲ့ဖူးသော ထာဝရဓားစင်မြင့်နှင့် သဘောတရားတူညီသည်။
သူ့လက်ထဲမှ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ဖြင့်ဆိုလျှင် ဟန်မူယဲ့၏ ဓားအလင်းက ထာဝရစွမ်းအားကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။