အခန်း (၄၆-၅၀)
Vol. 4 Ch. 46-50
အပိုင်း(၄၆) : ရက်စက်ကြမ်းကြုတ်သော သားရဲ တိရစ္ဆာန်များ၏ တိုက်ပွဲ
နတ်ဆိုးမြို့တွင် ယခုထက်ထိ လမ်းကြောင်းပွင့်နေဆဲပင် ဖြစ်သည်။
ထိုအချိန် မည်းနက်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“စူးချန်ကဲ၊ ကွေးရွှီ လျှို့ဝှက်နယ်မြေက မင်းရဲ့သင်္ချိုင်းပဲ ၊ငါကို အပြစ်တင်ချင်ရင်၊ ချင်မင်းဆက်ရဲ့ မင်းသားလမ်းကို ပိတ်ဆို့ထားတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်!”
ထို့နောက် ချက်ချင်းပင် ၎င်းသည် ဝိညာဉ်စွမ်းအားများကို စုစည်း၍ ဓားတစ်ခုအဖြစ် ပုံဖော်လိုက်ကာ သူ့ကိုယ်သူ တန်းထျန်းအမှတ်ကို ပြင်းထန်စွာ ဖြတ်တောက်လိုက်လေသည်။
သူ၏စွမ်းအားသည် သာ့နိမ် (အနန္တတန်ခိုးရှင် )အဆင့်မှ သူတော်စင် ပညာရှိ အဆင့်သို့ကျဆင်းသွားခဲ့သည်။၎င်းသည် ကွေးရွှီ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရရန် သူ၏ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းကို သူကိုယ်တိုင်
ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ၏ စွမ်းအားကို ပြန်လည်ရရှိရန် ဝိဉာဉ်ဆေးလုံးကို မျိုချမည် ဖြစ်သည်။
ထိုမှသာလျှင် သူသည် လျှို့ဝှက်နယ်မြေရှိ အရာအားလုံးကို သုတ်သင်နိုင်လိမ့်မည် ။
“စူးချန်ကဲ မင်းသေနေ့စေပြီ “
စကားဆုံးသည်နှင့် ၊သူ၏မျက်နှာကို ဖုံးအုပ်လိုက်ပြီး ထို လျို့ဝှက် နယ်မြေ လမ်းကြောင်းထဲသို့ ပြေးဝင်သွားခဲ့သည် ။
ကွေးရွှီ လျှို့ဝှက်နယ်မြေ၊
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော ရှေးခေတ်ကမ္ဘာတစ်ခု ဖြစ်သည်။
အထဲတွင် ပေပေါင်း သောင်းနဲ့ချီ မြင့်သော တောင်ကုန်း တောင်တန်းများစွာ ရှိသည်။
မိုးကောင်းကင်ထိ မားမားမတ်မတ် ကြီးထွားရှင်သန်နေကြသော ရှေးဟောင်းသစ်ပင်များလည်းရှိသည်။
ရံဖန်ရံခါ ထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အသံမှာ ၎င်းတို့၏ ရိုင်းစိုင်းသော အငွေ့အသက်ကို ဖော်ထုတ်နေခဲ့သည်။
ဤကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအားသည် ပြင်ပကမ္ဘာထက် ပို၍ ကြွယ်ဝသည်။အကယ်၍ ဒီနေရာတွင်သာ ကျင့်ကြံအားထုတ်မည်ဆိုပါက တစ်ဝက်အားထုတ်ယုံဖြင့် အောင်မြင်နိုင်သည်။
ဝေါင်း!ဝေါင်း ဝေါင်း !
ကွေးရွှီ လျှို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော သားရဲဟောက်သံများကို ကြားလိုက်ရသည်။
မြင်ကွင်းနှင့် မလှမ်းမဝေးသော တစ်နေရာတွင် အခိုးအငွေ့များက ဒီရေအလား ထူထပ်စွာ ထွက်ပေါ်လာသည်။
ပို၍ ကြောက်စရာအကောင်းဆုံးမှာ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ဆိုးသွမ်းသော အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး ၎င်းတို့၏ မျက်လုံးများမှာ ရက်စက်ပြီး အလွန်သွေးဆာနေသည့် ပုံပေါက်ပေသည် ။
“သားရဲတိရစ္ဆာန်ပဲ!”
“ဆိုးလိုက်တာ!ခုတင်လေးရောက်လာတာ ဘယ်လိုလုပ် သားရဲတိရစ္ဆာန်နဲ့ လာဆုံနေရတာတုန်း!”
ကျင့်ကြံသူအားလုံး စစချင်းမှာပင် သေချင်စော် နံသွားသည်။ဤကမ္ဘာကြီးတွင် မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေရုံသာမကဘဲ ၊ ယင်း၌ နေထိုင်သော ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ သတ်ဖြတ်ချင်စိတ် အငွေ့အသက်များလည်း ပြည့်နှက်နေသည်။
သူတို့လည်း တကယ် ကံဆိုးသကိုး ၊ဝင်ဝင်ခြင်း သားရဲတိရစ္ဆာန်ကောင်နဲ့ တွေ့ရသတဲ့လား!
“မမိတော့ဘူး!မြန်မြန်! ဝိုင်းလိုက်ကြ!”
တိုက်ပွဲသည် ချက်ခြင်းပဲ စတင်ခဲ့ရသည်။
သားရဲအချို့သည် အသိစိတ်မရှိသော်လည်း ၎င်း၏ သန်မာသော ခန္ဓာကိုယ်သည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာအမွှာ ဖြစ်အောင် စုတ်ဖြဲနိုင်သည်။
“လူယုတ်မာတစ်စုက နားထင်သွေးရောက်နေတယ်ပေါ့”
ဝေါင်း!
ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းသော သားရဲ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်နှင့် ၊ နတ်အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ရှီးရှောက်ချန်သည် သူ၏စွမ်းအားကို ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။
သူ့ကို ဝန်းရံထားသည့် ရွှေရောင်လျှပ်စီးမိုးကြိုးများသည် မြေကြီးကို တုန်ခါသွားစေပြီး သူ၏ ပါးစပ်မှ ကြီးမားသော လှိုင်းလုံးကြီးကဲ့သို့ အသံလှိုင်း တိုက်ခိုက်မှု တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်ကြီးသည် အလွှာ တစ်ခုပြီးတစ်ခု ကွာကျလာခဲ့ပြီး ၊ ဤကမ္ဘာပေါ်ရှိ အရာဝတ္ထု အားလုံးကို ဖျက်ဆီးနိုင်ပုံရသော ဗုံးတစ်လုံးနှင့်တူသည် ။
ဘုန်း ဘုန်း ဘုန်း!
မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များသည် ချက်ချင်းလက်ငင်း လွင့်ထွက်သွားကြပြီး ၊၎င်းတို့၏ ဒွါရ ခုနှစ်ပေါက်မှ သွေးများ စီးယိုလာခဲ့သည်။
ကျင့်ကြံမှု အားနည်းသော သားရဲအချို့မှာမူ ခုတ်ထစ်ခံထားသော အသားအဖြစ် ပြောင်းလဲခံခဲ့ရသည်။
“သေစမ်း!”
ရှီရှောက်ချန်းသည် ၎င်း၏ လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ဟင်းလင်းပြင်ထက်တွင် ရွှေဝါရောင်အလင်းတန်းသည် အဆက်မပြတ် စုဝေးနေပြီး သားရဲတစ်ကောင်၏ ခြေသည်းများကဲ့သို့ ဖွဲ့စည်းသွားကာ ပေါက်ကွဲသံနှင့်အတူ ရိုက်ချလိုက်သည်။
မြေကြီးများ ကျိုးပဲ့ပျက်စီးသွားပြီး သွေးများက ပြန်ကြဲလို့နေကာ သားရဲတိရစ္ဆာန်၏ အကြွင်းအကျန်များက နေရာအနှံ့ရှိနေခဲ့သည်။
ထိုထိုးနှက်မှုကြောင့် ဧရာမ သားရဲကောင်ကြီးသည် စုတ်ပြတ်သွားခဲ့သည်။
“ရှင်းရှောက်ချန် လူကြီးမင်းက ငါတို့အတွက် သွေးလမ်း ခင်းပြီးပြီ ၊သတ်ကြဟေ့ ! “
“သတ်ကြဟေ့ !!”
ရှင်းရှောက်ချန်၏ နောက်လိုက်ဖြစ်သော မကောင်းဆိုးဝါးများသည် ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ တိုက်ခိုက်ကြ လေသည်။
ဝုန်း ဝုန်း!
လီဟန်၏ လက်တစ်စုံသည် အဖြူရောင်မီးတောက် စွမ်းအားကို ညှစ်ထုတ်လိုက်သည် ။၎င်းစွမ်းအားသည် ဟင်းလင်းပြင်ကိုတောင် လောင်ကျွမ်းနိုင်သည့် အစွမ်းသတ္တိမျိုးရှိသည် ။
သူ့လက်ကို မြှောက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော မီးတောက်များ ထွက်ပေါ်လာခဲ့သည်။၎င်းမီးတောက်များသည် သူ့ရှေ့တွင် ရှိနေသော ဒါဇင်ပေါင်းများစွာသော သားရဲတိရစ္ဆာန်များကို ချက်ချင်း လက်ငင်း လောင်ကျွမ်းသွားစေပြီး မီးတောက်များက တဟုန်းဟုန်း ထကြွလျက်ရှိသည် ။
ချက်ချင်းဆိုသလို၊ သားရဲတိရစ္ဆာန်များသည် ပြာအဖြစ်သို့ ဘဝကူးကာ လေထဲ ပျံ့နှံ့သွားတော့သည် ။
သူ၏ ဦးဆောင်မှုအောက်တွင်၊ ကွေးယီး ဂိုဏ်းက တပည့်သားချင်းများမှာလည်း အဝေးတစ်နေရာဆီသို့ ရွေ့ပြောင်းလာနိုင်ခဲ့သည်။
ဝူကျီအောက်ထျန်း၏ ဓားအလင်းသည် သူ့ခန္ဓာကိုယ်အနှံ့ တောက်လောင်နေပြီး ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများက ဟင်းလင်းပြင် အလယ်တွင် ပေါ်ထွက်လာခဲ့သည် ။ဤကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းတန်းသည် ဓားစက်ကွင်း အဖြစ် ပြောင်းလဲသွားသည်။
ဝှီး!
ဓားစက်ကွင်းထဲက ဓားစွမ်းအင်သည် တုန်ခါနေသည်မှာ သားရဲတိရိစ္ဆာန်များ၏ အသက်ကို လွယ်လင့်တကူ နိဂုံးချုပ် ပေးလိုက်သည်။
လော့ရှဂိုဏ်းက နတ်မိမယ် ယွင်ကွေ့၏ ဝန်းကျင်တွင် ကြယ်စင်များ ဝန်းရံထားသောကြောင့် သန့်ရှင်းစင်ကြယ်နေသည်မှာ အတုမရှိပေ။
သူမ၏ နူးညံ့သော ကျောက်စိမ်းလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် လရောင် အလားဟု ထင်မှတ်ရသည့် ကြာပွင့်ဖြူများ ပွင့်လန်းလာခဲ့သည်။
ထိုတောက်ပမှုနဲ့ သန့်ရှင်းစင်ကြယ်မှုထဲတွင် အလွန်ပြင်းထန်သော လူသတ်ချင်သည့် ဆန္ဒများ ပါဝင်ပေသည်။
လရောင် အလား ထင်မှတ်ရသည့် ပန်းပွင့်များသည် သားရဲကောင်၏ နှလုံးသားကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားပြီး ဇီဝ ချုပ်ငြိမ်းပေးလိုက်သည်။ထောင်ပေါင်း များစွာသော ရက်စက် သားရဲများသည် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့ကြသည်။
သို့ရာတွင်၊ သားရဲတိရစ္ဆာန်များက ပိုများလာခဲ့သောကြောင့် အဖွဲ့အများအပြားမှ တပည့်သားချင်းများသည်လည်း အသေအပျောက်များ ရှိခဲ့သည်။
သူတို့၏ ကံဇာတာသည် မကောင်းဘူးလို့ ဆိုရပေမည်။စဝင်ဝင်ချင်းမှာပင်၊ ယခုလို အန္တရာယ်များသော နေရာဆီသို့ ပို့ဆောင်ခံခဲ့ရသည်။
တစ်ချိန်တည်းမှာပင်၊
တစ်ဖက်တွင်၊ စူးချန်ကဲ ဦးဆောင်သော ကွေး ယွမ် သူတော်စင် နယ်မြေက အဖွဲ့ကတော့ အတော်လေး ကျေနပ် နေကြသည်။
“ကျစ် ကျစ် ၊ ဒီထိတ်လန့်စရာကောင်းတဲ့ သားရဲကောင်ရဲ့ မြည်ဟိန်းသံအရဆို သူတို့တွေ ရှေးဟောင်းသားရဲတိရစ္ဆာန် တွေနဲ့ ကြုံတွေ့နေတာ မဟုတ်လား?”
“တော်သေးတယ် ငါ့မှာ မြေပုံရှိလို့သာပေါ့ ၊ ငါ့ကို နောက်မှဝင်ဖို့ သတိပေးချက် ပေးလို့သာ “
“မဟုတ်ရင် ၊ အဲ့နေရာကိုသာ ရောက်သွားလို့ကတော့ အဲဒီမှာရှိတဲ့ သားရဲကောင်တွေကို အတော်လေး သတ်နေရဦးမှာ “
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဘယ်နေရာတွင် အခွင့်အရေး ရှိသလဲဆိုတာ မြေပုံပေါ်တွင် ရှင်းရှင်းလင်းလင်း ရေးထားသည်။
ထိုအချိန်တွင် သူတို့သည် ထူထပ်သော တောအုပ်ကြီး၏ တစ်နေရာတွင် ရှိနေကြသည်။
ထိုနေရာတွင် အလင်းရောင်သည် မှေးမှိန်လွန်းလှသည်။
သို့သော် နဂါးငွေ့တန်း ဂလက်စီကဲ့သို့ အလင်းရောင် အစက်ကလေးများ ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် မှော်အပင်များစွာ ရှိနေပြီး တချို့ ဧရာမ မှိုပင်ကြီးများသည် အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ် ပေးနေသောကြောင့် ဖြစ်သည်။
“ဆက်ခံသူ သခင်၊ ကြည့်ပါဦး။ !”
ယွင်ရှင်းယန်က အံ့အားသင့်စွာဖြင့် ရှေ့ကို ညွှန်ပြလိုက်သည်။
မြက်ပင်ငယ်လေး များက အပြာရောင် အလင်းတန်းများ ထုတ်လွှတ်ပေးနေသည်ကို မြင်လိုက်ရသည်။
လူကို မှော်ဆန်သည်ဟု ခံစားမိစေသည့် အရာမှာ ထိုမြက်ပင်များသည် ဝိညာဉ်စွမ်းအားများကို စုပ်ယူနေခြင်းပင် ဖြစ်သည်။
“ဘုရားရေ! ဒီလောက်များတဲ့ နဂါး ဝိညာဉ်မြက်ပင်တွေ”
“ပုံစံကိုကြည့်ရတာ သက်တမ်းက နှစ်ပေါင်းတစ်ထောင်ကျော် ရှိလောက်တယ်!”
“မြန်မြန်ယူ ! ဒါတွေက အလွန် ကောင်းမွန်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေပဲ!”
ကွေးယွမ် တပည့်သားများ ပျော်ရွှင်နေကြသည်။
သူတော်စင် အမျိုးသားနှင့် အမျိုးသမီးများမှာလည်း သူတို့ ဆက်ခံသူအပေါ် ကြည်ညိုလေးစားသော အမူအယာကို ဆင်ယင်ထားကြသည်။
အရင်ကတော့ သူတို့သည် အနည်းငယ် မကျေနပ်ခဲ့ကြပေ။ အခွင့်အလမ်းတွေကို တစ်ယောက်တည်း သီးသန့် ရှာဖွေချင်ခဲ့သည်။
ဤလျှို့ဝှက်နယ်မြေသည် အလွန်အန္တရာယ်များသည် ။ သို့ပေမဲ့ သူတို့အားလုံး ဆက်ခံသူရဲ့ နောက်ကို လိုက်ခဲ့ကြသည်။လမ်းခရီးတစ်လျှောက် အန္တရာယ်ကင်းခဲ့ပြီး ဒါတင်မက အချိန်တိုအတွင်း ဒီလောက် များပြားသော နဂါးဝိညာဥ် မြက်ပင်များဖြင့် ကြုံတွေ့ခဲ့ရသည်။
ဒါ ဘယ်လောက်တောင် ကောင်းလိုက်လဲ!
“လျှို့ဝှက် နဂါးတောင်ကြားမှာ စစ်မှန်တဲ့ နဂါးရဲ့ သွေးစွမ်းအင်တွေ ရှိတယ်လို့ မြေပုံပေါ်မှာ ပြောထားတယ်”
“တကယ်လို့ ငါသာ အဲဒါကို အောင်အောင်မြင်မြင်နဲ့ ရယူနိုင်ရင် ငါ့ရဲ့ ခန္ဓာကိုယ်က ဒီထက်ပိုပြီး ကြံ့ခိုင်လာလိမ့်မယ်”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ မြေပုံပေါ်ရှိ လမ်းညွှန်ချက်များအရ ဤတောနှင့် မနီးမဝေးတွင် လျှို့ဝှက် နဂါးတောင်ကြား ရှိပေသည်။
အထဲတွင် ဒဏ္ဍာရီလာ အစွမ်းထက်သော နဂါးမျိုးနွယ်စုများ နေထိုင်ကြသည်။
ဤနေရာတွင် ပေါက်ရောက်နေသော နဂါးဝိညာဥ်မြက်ပင်မှာ ထိုအရာမှ စီးဆင်းလာသော နဂါးစွမ်းအင်များမှ အသွင်ပြောင်းဖြစ်တည်လာခြင်းပင် ဖြစ်သည်။
အပိုင်း(၄၇): မက်မွန်ပန်းပွင့် ဧကရီဘုရင်မ
နဂါးဝိညာဉ်မြက်ကို စုဆောင်း သိမ်းယူပြီးနောက်၊ အဖွဲ့လိုက် ရှေ့ခရီးဆက်ခဲ့ကြသည်။
“ဟားဟားဟား!”
ထိုအချိန်တွင် အရှေ့ဘက် တစ်နေရာမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဟွားချန်ကူရဲ့ နတ်မိမယ်လေးက တကယ်ကို လှပလွန်းတယ် ! “
“အကိုတို့နဲ့ အဖော်ပြုပြီး ကစားပါ့လား?”
မကောင်းဆိုးဝါးမျိုးနွယ်စုက လူလေးယောက် ငါးယောက်သည် ညစ်ညမ်းသော အပြုံးဖြင့် မိန်းမလှလေးကို ဝန်းရံထားသည်။
၎င်းတို့အားလုံးသည် မိန်းမလှလေး၏ အသွင်အပြင်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ကြသည်။
အထူးသဖြင့် တောင်တန်းအသွယ်သွယ်က သိသာထင်ရှားနေပြီ ဖြစ်သော ရင့်မှည့်နေပြီ ဖြစ်တဲ့ မက်မွန်သီးလေးက သူတို့ကို ပိုလို့တောင် စိတ်လှုပ်ရှားစေပြီး ၎င်းတို့၏ ရူးသွပ်သော အကြည့်များက ပိုလို့တောင် ပြင်းထန်လာခဲ့သည်။
“ငါ ဒီနေ့ သေရင် သေပါစေ ၊နင်တို့စော်ကားတာ ငါ မခံဘူး!”
မိန်းမလှလေးသည် ဓားရှည်ကို ဆွဲထုတ်ကာ သူ့လည်သူ ပြန်လှီးဖို့ ကြံရွယ်လိုက်သည်။
“မကောင်းဆိုးဝါး မျိုးနွယ်စုကလည်း ငါတို့ လူသားမျိုးနွယ်က အမျိုးသမီးလေးကို အနိုင်ကျင့်ဖို့ အဲ့လောက် သတ္တိ ရှ်ိနေတယ်ပေါ့ “
“ ကျုပ် စူး မျိုးနွယ် ပြောတာ မှားသလား”
တောအုပ်ထဲက လူတချို့ ထွက်လာတာကို ၎င်းတို့အားလုံး မြင်လိုက်ရသည်။
ပုံစံကြည့်ရတာ ငယ်ရွယ်ပုံရသော်လည်း၊ သို့သော် လူကို တုန်လှုပ်ချောက်ချားစေသည့် ကြောက်စရာကောင်းသော ရောင်ဝါများ ပိုင်ဆိုင်ထားကြသည်။သူတို့အားလုံးက စွမ်းအားရှင် မျိုးဆက်သစ် လူငယ်များပင်။
သူတို့အားလုံးသည် ဝတ်ရုံဖြူ လူ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် အံ့သြသွားကြသည်။
“စူး စူး ...”
“စူးချန်ကဲ!”
မကောင်းဆိုးဝါးမျိုးနွယ်စုက ကျင့်ကြံသူအားလုံး အလွန်ထိတ်လန့်သွားခဲ့ပြီး ၎င်းတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
စူးချန်ကဲ၏ ဂုဏ်သတင်းကို မကြားဖူးသူ မရှိ။
သူသည် လက်သီးတချက်တည်းနဲ့ ရွှေတောင်ပံ ဌက် မျိုးနွယ် ဖြစ်သည့် ကျင်းအောက်ယန်ကို ထိုးသတ်ခဲ့သည့်အပြင် ကောင်းကင်ကြေးမုံ၏ စံချိန်ကိုတောင် ချိုးဖျက်ခဲ့နိုင်သည်။
“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ “
မိမိကိုယ်ကို သတ်သေရန် ကြံစည်နေသည့် ထိုအမျိုးသမီးလေးသည် သူမ၏ ဓားကို ဆိုင်းငံ့ထားသည်။
ယခုအချိန်တွင် စူးချန်ကဲ၏ မျက်နှာသည် တိမ်ခိုးတိမ်ငွေ့များ ဖုံးကွယ်ထားခြင်း မရှိ သောကြောင့် သူ၏ ချောမောလွန်းသော အသွင်အပြင်ကို ဤကမ္ဘာကြီး၏ လူတွေရှေ့ ထုတ်ပြနိုင်ခဲ့သည်။
အထူးသဖြင့် နွေဦးလေညင်းအလား ခံစားမိစေသည့် သူ၏ အပြုံးသည် လူ၏ စိတ်ကို အေးချမ်း စေသည် ။
“စူးချန်ကဲ၊ ကိုယ်ကိစ္စကိုယ် လုပ် ၊ဒီနေရာက ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ နယ်မြေပဲ၊မင်းကို ရပ်တန်းက ရပ်ဖို့ ငါ အကြံပေးလိုက်မယ်”
သို့သော် ၎င်းတို့၏ စကားမဆုံးသေးမှာပဲ၊
ဝီ!
စူးချန်ကဲ၏ လက်ချောင်းထိပ်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့ထဲက လူ့ တစ်ဝက်လောက် ချက်ချင်းလက်ငင်း အသတ်ခံလိုက်ရသည်။
သူတို့နောက်က သစ်ပင်ကြီးတွေတောင် လဲပြိုသွားခဲ့ရသည်။ကောင်းကင်ပေါ်က လွင့်မျောသွားလာနေသော တိမ်တိုက်များပင်လျှင် ခုတ်ထစ်ခံလိုက်ရပြီး အပြာရောင်ကောင်းကင်ကြီးသည် ရေဆေးချလိုက်သကဲ့သို့ ကြည်လင်သွားခဲ့သည်။
ဓားစွမ်းအင်၏ ဖိနှိပ်စွမ်းအားသည် ဖေဖော်ဝါရီလတွင် ကျသော ဆီးနှင်းခဲများကဲ့သို့ အရိုးထဲ အထိ အေးစိမ့်သွားခဲ့သည်။
“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ထျန်းလန် မျိုးနွယ်စုက မကောင်းဆိုးဝါး မျိုးနွယ်စု ကြားမှာ အလယ်အလတ်တန်းစား အင်အားတစ်ခုပဲ”
“မင်းတို့ကများ ငါကိုယ်တော်ကို ခြိန်းခြောက် ဝံ့တယ်ပေါ့?”
ရွှမ်း!
ပိုကြောက်စရာကောင်းသော ဓားစွမ်းအင် ဖိနှိပ်အင်အား တစ်ခု ရုတ်ချည်း ကျရောက်လာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော ဓားဆန္ဒသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းသွားခဲ့သည် ။
အထူးသဖြင့် သူ၏ အကြည့်များသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို လစ်လျူရှုထားသလိုပင်။
“ ဒီကောင်တွေကို မင်းတို့လေ့ကျင့်ရအောင် ငါ ပေးလိုက်မယ် “
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့နောက်က သူတော်စင်များက ထွက်လာခဲ့သည် ။
တောက်ပသော နတ်အလင်းတန်းများက ရောယှက်လျက်၊ မိုးခြိမ်းသံများ မြည်ဟိန်းလျက် ၊မီးတောက်များက တဟုန်းဟုန်း ထလောင်နေသည် ။
သူတို့ထဲက မည်သူမဆို ထိုမကောင်းဆိုးဝါး မျိုးနွယ်စုများထက် သန်မာပေသည် ။
“မင်းတို့က အုပ်စုလိုက်ကြီး အနိုင်ကျင့်နေတာပဲ ၊ဒီလိုလုပ်တာက အကျင့်စာရိတ္တ မကောင်းတာပဲ !”
“အကျင့်စာရိတ္တ?”
စူးချန်ကဲက ရယ်သည်။အုပ်စုလိုက်ရှိနေတာကို ဘာလို့တစ်ယောက်ချင်းစီ တိုက်နေရဦးမှာတုန်း။
သူလို ဇာတ်ကောင်မှ လွဲ၍ ၊ အခြားသူများသည် တစ်ယောက်ချင်း တိုက်ခိုက်မည် ဆိုပါက အန္တရာယ်ရှိနိုင်သည်။
“ကောင်းပြီလေ ဒါဆို ဒီလိုလုပ်ကြရအောင်!”
စူးချန်ကဲသည် လက်နှစ်ဘက်ကို နောက်သို့ပစ်လျက် အေးအေးလူလူ ဆိုလိုက်သည် ။
“လာ ၊ငါ ကွေးယွမ်က သူတော်စင်ထဲက မင်းကြိုက်ရာ တစ်ယောက်ကိုရွေးလိုက်”
မကောင်းဆိုးဝါး မျိုးနွယ်စု၏ ခေါင်းဆောင်သူက မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။ထို့နောက် သူတော်စင်များထဲက ပျော့ညံ့ဆုံးဟု ထင်ရသည့် သူတော်စင် မိန်းကလေးကို ရွေးချယ်လိုက်သည်။
“နင်ရှင်း ထွက်လာခဲ့”
သူမသည် ရှေ့သို့ထွက်လာစဉ် စူးချန်ကဲက စကားကို ပြန်ပြောင်း ပြောလိုက်သည်။
“သူက လွဲလို့ ၊အကုန် တတ်ကြ “
ဂျိန်း!
ဂျိန်း!
သူတို့၏ ရင်ထဲ မိုးကြိုးမုန်တိုင်းများ ပစ်ချသွားသလိုပင်။ စူးချန်ကဲထံမှ အလှည့်စားခံခဲ့ရသောကြောင့် သူတို့ အကုန်လုံး ဒေါသ ထွက်သွားကြသည် ။
တဖက်လူက သူတို့ကို ဒီလိုကစားလိမ့်မယ်လို့ ထိုမကောင်းဆိုး လူငယ်လည်း မျှော်လင့်မထားခဲ့ပေ။
စူးချန်ကဲကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ကျိန်ဆဲလိုက်သည်။
“မင်းဒါက ရိုးသားတဲ့လူကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား!?”
“ယို့ ကောင်လေး မင်း ဘယ်ဆိုးတုန်း”
“ငါမင်းရဲ့ စရိုက်ကိုတော့ ကြိုက်သွားပြီ”
စူးချန်ကဲသည် လက်ကို ဝေ့ယမ်းလိုက်သည် ။
“သွား ၊မှတ်ထား သူတို့အကုန်လုံးကို အမှုန့်ချေပစ်”
“အမိန့်အတိုင်းပါ”
ထျန်းလန် မျိုးနွယ်စု၏ ကျင့်ကြံသူများမှာ သေခြင်း၏ အငွေ့အသတ်ကို အနံ့ရနေပြီဖြစ်သောကြောင့် ၎င်းတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည် ။
“မင်းတို့”
“ငါက ထျန်းလန် မျိုးနွယ်စုရဲ့ ဆက်ခံသူပဲ မင်းတို့ လုပ်ရဲလား..”
သူ၏ စကားမဆုံးသေးခင်မှာပဲ သူတော်စင်များက သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ချက်ချင်းဆိုသလို အသက်သွင်းပြီးပြီ ဖြစ်သည်။
ဘုန်း!
အမျိုးမျိုးသော စွမ်းအားများက ပေါက်ကွဲထွက်လျက် ၊ နိယာမများ တုန်ခါမြည်ဟိန်းနေပြီး ကမ္ဘာ မြေကြီးမှာလည်း တုန်ယမ်းသွားခဲ့သည် ။
သိပ်မကြာမီ၊ ထျန်းလန် မျိုးနွယ်စုက အဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်။
ပြာမှုန့်အနေနဲ့တောင် မကျန်ရစ်ခဲ့ပေ။
“ကျွန်တော်မျိုးမ မော့ရန်ရှီး ဆက်ခံသူ သခင်ကို ကျေးဇူးတင်ပါတယ် “
မော့ရန်ရှီးသည် ဦးညွှတ် အလေးပြုလိုက်သည် ။သူမ၏ မျက်ဝန်းများက ကျေးဇူးတင်ကြောင်းကို ပြသလို့နေသည်။
စူးချန်ကဲသည် သူ့မျက်စိ ရှေ့က မိန်းမပျိုလေးကို ကြည့်လိုက်သည်။
တောက်ပသော မျက်ဝန်း ၊ ပုလဲလေးလို သွားများနှင့် သန့်ရှင်းဖြူစင်ပြီး ဂုဏ်သရေရှိ မိန်းမပျိုလေးတစ်ယောက်လိုပင်။
သူမ၏ ဟန်ပန်သည် ပြေပြစ်သည်။သို့သော် သူမ၏ စိတ်ဝိညာဉ်သည် တတ်လိုက်ကျလိုက် ဖြစ်နေသည်မှာ လူကို ထူးဆန်းစေသည်။ဒီလို အသက်အရွယ်မျိုးနဲ့ စိတ်ဝိညာဉ် မတည်မငြိမ် ဖြစ်နေတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စသာ ဖြစ်သည်။
စူးချန်ကဲ၏ မျက်ဝန်းများထဲတွင် ရွှေအိုရောင် မှော်သင်္ကေတများ ဖျက်ခနဲ့ စီးဆင်းလည်ပတ်သွားသည်။
သိပ်မကြာမီ တစ်ဖက်လူ၏ ခေါင်းပေါ်တွင် ရွှေအိုရောင်စာတန်း တစ်ကြောင်း ပေါ်လာသည်ကို မြင်လိုက်ရသည် ။
【မော့ရန်ရှီး:ကံကောင်းခြင်းတန်ဖိုး - ၄၉၆】
“ဘုရား”
စူးချန်ကဲ အသက်ရှူဖို့မေ့သွားခဲ့သည် ။
ဒီရဲ့ ကံကောင်းခြင်းတန်ဖိုးက လော့ယန်ထက် နှစ်ဆပိုများတာပဲ!
ဒါ ရိုးရိုး ကြက်သွန်မိတ်တောင် မဟုတ်ဘူး ၊ ဒါ ကံအကောင်းဆုံး မိန်းကလေးပဲ !
“ဆက်ခံသူ သခင် ရှင်...”
စူးချန်ကဲက သူမကို အနီးကပ် စိုက်ကြည့်နေတာကို မြင်တော့ မော့ရန်ရှီး တစ်ယောက် ရှက်သွားသည် ။
လှပသော အရာများအပေါ် မည်သူမဆို ယိမ်းယိုင်တတ်ကြသည်။စူးချန်ကဲ၏ လှပသော အသွင်အပြင်သည် သူမကို နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းနေရုံသာ မက ပိုလိုတောင် နီးကပ်ချင်မိသည် ။
“ရပါတယ် ၊ မိန်းကလေးလည်း ပင်ပန်းသွားလောက်ပြီ၊ ကျွန်တော် စူး မျိုးနွယ် ရိုင်းပြမိပါတယ်”
“ဒါကကွေးယွမ်ရဲ့ အားဖြည့် ဆေးလုံးပါ၊ယူလိုက်ပါ၊မိန်းကလေးရဲ့ ဝိညာဉ်စွမ်းအား အချို့ကို ပြန်လည်ရယူဖို့ ကူညီပေးနိုင်ပါတယ် “
“ရှင်းယန်၊ မင်းသူ့ကို တစ်ချက် ကြည့်ပေးပါဦး”
ယွင်ရှင်းယန်သည် သူမအား အနားယူရန် ကူညီပေးပြီးနောက်၊ စူးချန်ကဲသည် သူမ၏ ကံကြမ္မာကို အသေးစိတ် ပြန်လည်ကြည့်ရှုခဲ့သည်။
ထိုသို့ ကူညီပေးခြင်းသည် တဖက်လူမှ သံသယမဝင်အောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။
[ မော့ရန်ရှီး : ဟွားချန်ကူရဲ့ နတ်မိမယ် ဆယ့်နှစ်ပါးထဲက တစ်ယောက် ၊သူမသည် ဟွားချန်ကူရဲ့ ဒဏ္ဍာရီလာ ဧကရီဘုရင်မ ဖြစ်သည်။မက်မွန်ပွင့် ဧကရီ ဘုရင်မ ဟွားချန်းယွဲ့ ၏ ပြန်လည်ဝင်စား သူ ဖြစ်သည်။မကြာမီတွင်၊ ယခင် ဧကရီ ဘုရင်မ အဖြစ်သို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်ပြီး၊ ထာဝရ မသေဆုံးနိုင်မည့် ဒဏ္ဍာရီတစ်ခုကို ဖန်တီးသွားပေလိမ့်မည် ]
ဟွားချန်ယွဲ့?
စူးချန်ကဲသည် မျက်မှောင်ကြုတ်လိုက်သည်။သူမသည် တစ်ခေတ် တခါက ရက်စက်ကြမ်းကြုတ်သော ဧကရီ ဘုရင်မ တစ်ဦး ဖြစ်ခဲ့ပြီး ထိုအချိန်တွင် သူမသည် ကံကြမ္မာ၏ အမိန့်ကို လက်ခံရရှိခဲ့သည်။
သူမ၏ အရင်ဘဝတုန်းက၊ သူမသည် သူမအပေါ် စော်ကားခဲ့သူ မှန်သမျှ ညှာတာမှု မရှိ မစုလိုက် အပြုံလိုက် သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
သူမသည် အမတ လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့သည် စသော ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သည်။ထို့နောက်တွင် သူမနှင့် ပတ်သက်သော မည်သည့် သတင်းကိုမှ မကြားခဲ့ရတော့ပေ။
စူးချန်ကဲက သူ့မေးစေ့သူ ပွတ်ရင်း တွေးလိုက်သည် ။သူမပုံစံကြည့်ရတာ အန္တရာယ် မရှိသလို၊ ရှက်ရွံ့တတ်ပြီး အားနည်းသော ပုံစံ ပေါက်ပေသည်။
“ကျွတ် ကျွတ် ကျွတ် ၊ ရက်စက်ကြမ်းကြုတ်သော ဧကရီဘုရင်မတဲ့လား ၊ အခုတော့ နူးညံ့သိမ်မွေ့ပြီး သနားစရာကောင်းနေတယ်”
“သူမရဲ့ စိတ်ဝိညာဥ်ကတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေလောက်တယ် ၊ သူမရဲ့ စိတ်ဝိညာဥ်အပြည့်အဝ မနိုးထသေးခင် ငါ့မှာ အခွင့်အရေး ရှိသေးတယ် “
“မက်မွန်ပန်းပွင့် ဧကရီဘုရင်မ တဲ့လား”
စူးချန်ကဲတစ်ယောက် နည်းလမ်းစဉ်းစားလို့ နေသည်။
အကယ်၍ သူသာ သူမကို လိုသုံးအဖြစ် သုံးနိုင်ခဲ့ရင် ၊သူ့ဘက်မှာ ဧကရီဘုရင်မလို လူမိုက်တစ်ယောက် ရှိတာ မကောင်းပေဘူးလား!
ထိုအချက်ကို စဉ်းစားရင်း စူးချန်ကဲ၏ နှုတ်ခမ်းထောင်စွန်းတို့မှာ ပြုံးသွားခဲ့လေသည်။
“ဆက်ခံသူ သခင် ငါ့ကိုကြည့်နေတဲ့အကြည်က ဘာလို့ ပြောင်းလဲသွားပြန်တာလဲ”
“ငါ့ကို ကြည့်မရလို့လား?”
မော့ရန်ရှီးက စူးချန်ကဲကို မဝံ့မရဲ စိုက်ကြည့်နေခဲ့သည်။
ဒါနဲ့ ဆက်ခံသူရဲ့ အကြည့်တွေက လူယုတ်မာ အကြည့်နဲ့ တူနေသလားလို့??
အပိုင်း(၄၈) : နဂါးအသွင်ပြောင်းလဲခြင်း
“ မိန်းကလေး မင်း ဘယ်လိုလုပ် ဒီမှာတစ်ယောက်တည်းဖြစ်နေတာလဲ?”
ထိုအချိန် စူးချန်ကဲက ရုတ်တရက် မေးလိုက်သည်။
“အစက ကျွန်မတို့ သားရဲတိရစ္ဆာန်တွေနဲ့ ပက်ပင်းဆုံမိလို့ တိုက်ခိုက်ကြရင်းနဲ့ လူကွဲလာခဲ့တာ”
မော့ရန်ရှီးက မဝံ့မရဲ ရှင်းပြလိုက်သည်။
“ကျွန်မတစ်ယောက်တည်း လမ်းလည်း မသိတော့ ၊အဲ့တာနဲ့ပဲ ....”
စူးချန်ကဲက ရယ်ရယ်မောမော ဆိုလိုက်သည်။
“ ရပါတယ် မိန်းကလေးသာ ဆန္ဒရှိမယ်ဆိုရင် ငါတို့ မင်းကို ခေါ်သွားပေး လို့ရပါတယ်”
သူသည် သူမနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောရန် ကြိုးစားလိုက်သည်။
ပုံမှန် အကြောင်းအရာများသည် တစ်ဖက်လူကို ပို၍ သက်တောင့်သက်သာ ဖြစ်စေသလို တဖက်လူ၏ သတိထားမှုအပေါ် လျှော့ချပေးနိုင်သည် ။ထိုမှသာလျှင် ရင်းနှီးမှုကို သက်တောင့်သက်သာဖြင့် အမြန် ရနိုင်ပေလိမ့်မည် ဖြစ်သည်။
ဒါပေမဲ့ ဒီထက် ပိုပြီး နီးကပ်လာအောင် မလုပ်နိုင်ရင် ဘယ်လိုလုပ်ရပါ့?
ဒါဆို ငါက ပါးစပ်ထဲရောက်လာတဲ့ ငါးအကြီးကြီးကို လွတ်ချလိုက်တာနဲ့ မတူဘူးလား?
ဝေါင်း!
ထိုအချိန်တွင် အရှေ့ဘက် တောင်ကြားမှ ဧရာမ နဂါးဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုတောင်ကြားအပေါ်တွင် ပေထောင်ချီမြင့်သော နဂါးကြီးတစ်ကောင်သည် ကောင်းကင်သို့ ဆန်တက်လာခဲ့သည်။
ထူးဆန်းသော ရောင်ဝါများ စုဝေးနေပြီး ၎င်း၏ ပုံသဏ္ဍာန်ကို ဖောက်ထွင်းမြင်နေရသည်။ဒါတင်မက ၎င်းပေါ်တွင် နဂါးအကြေးခွံများကိုလည်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ဧရာမ နဂါးကြီးသည် လေထဲတွင် ပျံဝဲနေပြီး ကောင်းကင်ပေါ်က တိမ်စိုင်များပင်လျှင် မွှေနှောက်ခံလိုက်ရသည်။နဂါးကြီး၏ ကြီးမားသော စွမ်းအားသည် လူရဲ့ စိတ်ကို တုန်လှုပ်စေသည့်အထိ အားပြင်းလွန်းသည်။
“ ကြည့်ရတာ တစ်စုံတစ်ယောက်က နဂါးတောင်ကြားရဲ့ ကန့်သတ်စည်းကို ချိုးဖောက်နေပုံပဲ “
“ ဒါ နဂါးသွေးနဲ့ ပတ်သတ်နေပုံရတယ် ၊ မဟုတ်မှလွဲရော.....”
“သွားမယ် ၊အဲ့ဘက်ကို သွားကြည့်ကြမယ် “
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ အချက်ပြလိုက်သည်နှင့် အုပ်စုလိုက် လျှို့ဝှက် နဂါးတောင်ကြား ရှိရာဘက်သို့ အမြန်ပြေးလာခဲ့ကြသည်။
ဤလက်ရှိကမ္ဘာသည် သူတို့ပြင်ပ ကမ္ဘာနှင့်မတူဘဲ သူတို့၏ စွမ်းအင်များကို ဖိနှိပ်ချုပ်ချယ်နိုင်သော အကျိုးသက်ရောက်မှုရှိသည်။ဤကမ္ဘာက သားရဲတိရစ္ဆာန်များကလွဲ၍ မည်သူမှ ဝေဟင်ပေါ်သို့ ပျံသန်းနိုင်သော စွမ်းအားများ အလုံအလောက်မရှိပေ ။
တစ်ချိန်တည်း၌ လျှို့ဝှက်နဂါးတောင်ကြား တွင် ၊
လူတချို့သည် ကြီးကျယ်ခမ်းနားသော ရန်သူနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ကောင်းကင်တွင် ဖြစ်ပျက်နေသမျှ အလုံးစုံကို စောင့်ကြည့်နေကြသည်။
၎င်းတို့၏ ခေါင်းဆောင်မှာ ရှေးခေတ် ချင် မင်းဆက်၏ အကြီးဆုံး မင်းသား ချင်ထိုက်ယီ။
သူသည် ဒေါသထွက်နေပုံရကာ သူ့ဘေးနားက လူတွေကို အော်ဟစ် ကြိမ်းမောင်းလိုက်သည် ။
“အသုံးမကျတဲ့ ကောင်တွေ!”
“ဒီလောက် လွယ်တဲ့ကိစ္စလေးကိုတောင် မင်းတို့ ကောင်းကောင်း မလုပ်နိုင်ကြဘူးလား?!”
သူသည် ဘိုးဘေးစဉ်ဆက် ဆက်ခံခဲ့သော လျှို့ဝှက်ရှာဖွေနည်းကို အသုံးပြုကာ ဤနေရာကို ရှာတွေ့ခဲ့သည်။ဒီရဲ့ဂိတ်တံခါးကို ချိုးဖျက်နိုင်သည်နှင့် သူသည် နန်းဆောင်ထဲကို ဝင်ရောက်ကာ အထဲက စစ်မှန်သောနဂါး၏ အနှစ်နှင့် ၎င်း၏ သွေးအစစ်ကို ရယူနိုင်ပေတော့မည်။
သို့သော် လုပ်ငန်းစဉ်အတွင်း အမှားအယွင်းရှိသွားခဲ့သောကြောင့် ၊ဤနေရာ၏ တားမြစ်စည်းကို အသက်သွင်းသလို ဖြစ်သွားခဲ့လိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။
ချင်ထိုက်ယီ၏ ကြိမ်းမောင်းပြောဆိုမှုအောက်တွင် အားလုံး အသက်ကိုပင် မရှုဝံ့ပေ။
“မင်းတို့ နောက်ကြမှ ငါနဲ့တွေ့မယ်!”
ချင်ထိုက်ယီသည် သူ့လက်ကို မြှောက်တင်လိုက်ချိန် ရွှေဝါရောင် အလင်းတန်းများ စုဝေးလာခဲ့ပြီး ရွှေဝါရောင် မှော်သင်္ကေတ တစ်ခုပေါ်ထွက်လာသည်။ထိုနောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော နဂါးစွမ်းအင်များ ထွက်ပေါ်လာခဲ့သည် ။
သူနောက်က ဟင်းလင်းပြင်သည် တစ်သိမ့်သိမ့် ရိုက်ခတ်တုန်လှုပ်သွားပြီး ကြီးမားသော ရွှေအိုရောင် နဂါးကြီး ဖြစ်တည်လာခဲ့သည်။ရွှေအိုရောင် နဂါး ကိုယ်ထည်ကြီးသည် တစ်ခါ လှည့်လိုက်တိုင်း၊ပတ်ဝန်းကျင် တစ်ခုလုံး မြည်ဟိန်းတုန်လှုပ်သွားသည် ။
“နဂါးအသွင်ပြောင်းခြင်း ပထမအကွက် ၊နဂါးတစ်ကောင်၏ တိုက်ကွက် ! “
ချင်ထိုက်ယိ၏ စကားဆုံးသည်နှင့် ။
ဟုန်း!
ရွှေအိုရောင် နဂါးကြီးက ချက်ချင်းဆိုသလို ကောင်းကင်ကို ထိုးဖောက်ကာ ပျံသန်းသွားသည်။
သူသည် ကန့်သတ်စည်းကို သူ၏ အသွင်ပြောင်း အဖြူရောင် နဂါးနှင့် အတူတကွ တိုက်ခိုက်လိုက်သည်။
နဂါးနှစ်ကောင်၏ စွမ်းအားကြောင့် လေထဲတွင် အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လို့နေသည်။
ဘုန်း ! ဘုန်း !
ဧရာမ အဖြူရောင် နဂါးနှင့် ရွှေဝါရောင် နဂါး နှစ်ကောင်သည် ၎င်းတို့၏ စွမ်းအားများကိုအစွမ်းကုန် ပြသလို့နေသည် ။
ရွှေဝါရောင် နဂါးကြီး၏ တောက်လောင်နေသော ရွှေဝါရောင် အလင်းတန်းနှင့် အဖြူရောင် နဂါး၏ ပြင်းထန်သော မိုးခြိမ်းသံတို့သည် အဆက်မပြတ် ရောယှက်သွားကြကုန်သည်။
နိယာမများ ကွဲအက်လျက် ၊ဟင်းလင်းပြင်သည် ပုံပျက်သွားခဲ့ရသည် ။ ၎င်း၏ အရှိန်အဟုန် နှုန်းထားမှာ မိုင်ရာနှင့်ချီ ကွာဝေးသော နေရာအထိ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
“ ဒါသားရဲတိရစ္ဆာန် တစ်ကောင်ရဲ့ တိုက်စစ်လား ?”
“ဝိညာဥ်စွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့ ဒီလို သားရဲတိရစ္ဆာန်ကောင်မျိုးကို မင်းမြင်ဖူးရဲ့လား?”
“ဒါက ရှေးခေတ် ချင် မင်းဆက်ရဲ့ နဂါးအသွင်ပြောင်းခြင်း သိုင်းကွက် ထင်တယ် ! နဂါးအသွင်ပြောင်းခြင်းရဲ့ စွမ်းအားက သိပ်ကြောက်စရာ ကောင်းလွန်းတယ် “
“ဟုတ်တယ်! ဒီနဂါးကြီးက တကယ့်အစစ်အတိုင်းပဲ!”
လက်ရှိ တိုက်ပွဲသည် လူတော်တော်များများ၏ အာရုံကို ဆွဲခေါ်ခဲ့သည်။ဒီလောက်ကြီးမားတဲ့ တိုက်ပွဲကြီး ဖြစ်နေပြီ ဆိုကတည်းက ထိုနေရာတွေ အလွန်ကို ကြောက်စရာကောင်းသော အခွင့်အလမ်းကြီး တစ်ခု ရှိနေတယ်ဆိုတာ မည်သူမဆို အတပ်ပြောနိုင်သည် ။
ကွေးရွှီလျို့ဝှက်နယ်မြေတွင် မရေမတွက်နိုင်သော အခွင့်အလမ်းများစွာ ရှိသည့် အနက်၊ လုယူခြင်း ဆိုသည့်အရာသည် တခြားအရာများထက် လာတာ သိပ်ကို မြန်လွန်းသည် ။
ဘုန်း ဘုန်း!
ကောင်းကင်ယံ ထက်တွင် ရှိနေခဲ့သော နဂါးကြီးသည် သူ၏ ပါးစပ်ထဲက တောက်လောင်နေသော အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဧရာမ အဖြူရောင် နဂါးကြီးသည် ပျက်ပြည်သွားပြီး ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုနဂါးကြီးသည် အပြီးတိုင် သေဆုံးမသွားခဲ့ချေ။
ဝေါင်း! ဝေါင်း! ဝေါင်း !
မြည်ဟိန်းလိုက်သော အသံလှိုင်းများသည် ကောင်းကင်ကြီးကို ဂယက်ထားသွားစေသည်။
နဂါး၏ ဖိနှိပ်စွမ်းအားသည် စိတ်ဝိညာဉ်ကိုတောင် တုန်လှုပ်သွားစေပြီး ကောင်းကင်ကြီးပင်လျှင် တုန်ခါမြည်ဟိန်းလို့နေသည်။
ထိုနေရာကို လာရန် ကြံစည် နေကြသော ကျင့်ကြံသူ အများအပြား၏ ခြေလှမ်းများသည် ရပ်တန့်သွားကြသည်။
“ဒါခြိမ်းခြောက်လိုက်တာပဲ !”
“ဒါ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်တာပဲ !”
တဖက်လူသည် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးအစွမ်းကို တမင်ဖြန့်ပြခဲ့သည်မှာ သူတို့ကို ပြောပြဖို့သာ ဖြစ်သည် : ဒီကိုလာတဲ့သူ မှန်သမျှ ၊ သေရမည် !
လူတော်တော်များများ ကြောက်လန့်ကုန်ကြသည်။ ချင်ထိုက်ယိ သည် ရှေးခေတ် ချင် မင်းဆက်၏ ဆက်ခံသူ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ဟိုးယခင်က မင်းသားတွေလောက် မမှီဘူးဆိုပေမဲ့၊ဒါပေမဲ့ သူရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားများကို စော်ကားဖို့ ဆိုတာ သူတို့ မလုပ်နိုင်သည့် အရာတစ်ခုပင်။
သူသည် နဂါးအသွင်ပြောင်းခြင်း ဒုတိယအကွက် ဖြစ်သည့် မြင့်မြတ်သော နဂါးအသွင်ပြောင်းခြင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကြောင်း ကောလဟာလရှိခဲ့ဖူးသည်။
ဒါကိုတွေးမိကာ ၊ လူတော်တော်များများသည် လုယူမည့် သူတို့၏ စိတ်ကူးကို လက်လျော့လိုက်ကြသည်။
သို့သော် ရှေ့ဆက်သွားသူ လူနည်းစုတော့ ရှိခဲ့သည် ။သူတို့သည် စွမ်းအားကြီးမားသော အမွေခံ ဆက်ခံသူများ ဖြစ်ကြပြီး အရည်အချင်းပေါ်မှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်ချက် အပြည့်ရှိသည်။
“သေမှာကို မကြောက်တဲ့ ပုရွက်ဆိတ်တွေ ရှိနေဦးမယ်လို့ မမျှော်လင့်ထားဘူး”
“သေချင်နေမှတော့ ဒါဆို ငါ့ကိုအပြစ်မပြောနဲ့တော့ ! “
“နဂါးအသွင်ပြောင်းလဲခြင်း ဒုတိယအကွက် !”
“မြင့်မြတ်သော နဂါးအသွင်ပြောင်းလဲခြင်း!”
ဘုန်း!
သူ၏ စကားအဆုံးတွင် ၊ ကြီးမားသော ရွှေ၀ါရောင် နဂါးကြီးအဖြစ် ထပ်ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ယံထက်တွင် တရွေ့ရွေ့ သွားလာနေသော တိမ်မျှင်များသည် ထောင်ပေါင်းများစွာသော မြင်းများ ကခုန်နေသကဲ့သို့ လျင်မြန်စွာ ဝေ့ပတ်နေသည်။
ထို့နောက် တိမ်တိုက်များမှ လျှပ်စီးမိုးကြိုးများ သွန်းလောင်းလိုက်သကဲ့သို့ ထောင်နှင့်ချီသော မိုးခြိန်းသံများ ပေါက်ကွဲထွက်လာခဲ့သည်။
တဖျက်ဖျက် ဝင်းလက်သွားသော လျှပ်စီးမိုးကြိုးများက လူ၏ မျက်စိကို စူးခနဲ့ ဖြစ်သွားစေသည်။
မိုးခြိမ်းလိုက်တိုင်း ရွှေဝါရောင် နဂါးကြီး၏ အရှိန်အဝါသည် ပို၍ ကြောက်စရာကောင်းလာခဲ့သည်။
နဂါး၏ ခြေသည်းများသည် အလွန်ထက်မြက်ပြီး ၎င်း၏ ရွှေဝါရောင် မျက်ဝန်းအစုံ၌ လျှပ်တစ်ပြက် လင်းလက်သွားသော မိုးကြိုးများကို မြင်တွေ့နေသည်။ဒါတင်မက တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
“ဒီအနီးနားကို ရောက်လာသူတိုင်းကို အကုန်သတ်ပစ်မယ် “
ချင်ထိုက်ယီသည် ထိုစကားတစ်ခွန်းကို အေးစက်စွာ ဆိုလိုက်သည်။
ကောင်းကင်ထက်တွင် ပျံဝဲနေသော နဂါးကြီးမှာ လှုပ်ရှားလာခဲ့သည်။
ကြီးမားသော နဂါးကိုယ်ထည်သည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မြည်ဟိန်းကာ မကောင်းဆိုးဝါးမျိုးနွယ်စု ကျင့်ကြံသူတွေဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
“သေးနုတ်တဲ့ လူသားမျိုးနွယ်စုက
ဒီလောက် အထက်စီးဆန်ရသလား !?”
ဂျိန်း !
မိုးခြိမ်းသံများက ဝေဆာလျက်။
ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ ပုံရိပ်သည် ထိုနေရာတွင် ထွက်ပေါ်လာခဲ့သည် ။
နတ်ဆိုးအငွေ့အသက်ကို ဖြန့်ကျက်ထားသော ၎င်း၏ ခန္ဓာကိုယ်သည် ဤကမ္ဘာကြီးကို ဖန်တီးထားသကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။
“မိုးကြိုးကျားမျိုးနွယ်စု လေဝမ်ကျွိမ်!”
မိုးကြိုးကျား မျိုးနွယ်စုသည် ထိပ်တန်း မကောင်းဆိုးဝါးမျိုးနွယ်စု တစ်ခု ဖြစ်သည်။ယခုအခါတွင် သီးသန့်ရပ်တည်သော မျိုးနွယ်စုဖြစ်သော်လည်း သို့သော် ၎င်း၏ စွမ်းအားများသည် မကောင်းဆိုးဝါး မျိုးနွယ်စုတွေထဲမှာ စွမ်းအားအကြီးမားဆုံး အဖြစ် ရပ်တည်နေသည်။
“ဟွန်း!သခင် လေဝမ်ကျွိမ်က ငါတို့ မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ ထိပ်တန်း ပါရမီရှင် တစ်ဦးပဲ!ဒီရဲ့ရွှေနဂါးက သူ့ရှေ့မှာတော့ ပုရွက်စိတ်သာသာပဲ ရှိတယ်
မကောင်းဆိုးပါမျိုးနွယ်စု၏ တပည့်သားချင်းများသည် မျှော်လင့်ချက်အပြည့်ဖြင့် ၊ လေဝမ်ကျွိမ်ကို သူတို့ အကြွင်းမဲ့ ယုံကြည် နေကြသည်။
ဘုန်း!
နဂါးနှင့် ကျားတို့၏ တိုက်ပွဲမှာ စတင်ခဲ့လေပြီ။
ရွှေဝါရောင်အလင်းတန်းများက ဟုန်းခနဲ့ ထတောက်လျက် ၊မိုးခြိမ်းသံများက တဝုန်းဝုန်း မြည်ဟိန်းလို့နေသည် ။
ဧရာမ သားရဲကြီးနှစ်ကောင် အချင်းချင်း တိုက်ခိုက်နေကြသည်မှာ ဤကမ္ဘာကြီးပင်လျှင် တုန်လှုပ်ခဲ့ရသည်။
အာကာသပြင်ကြီးမှာ ယိုယွင်းပျက်စီးလျက်။
အချင်းချင်း တိုက်ခိုက်ကြရင်း ၊ထိုကျားကြီး၏ အားနည်းချက်များသည် နည်းနည်းချင်းစီ ပေါ်ထွက်လာခဲ့သည်။
ထိုအားနည်းချက်ကို အခွင့်ကောင်းယူကာ၊ ရွှေဝါရောင် နဂါးကြီးသည် ပျက်စီးခြင်းမုန်တိုင်းကို ဆောင်ယူလိုက်သကဲ့သို့ သူ၏အမြီးကို ပစ်လွဲလိုက်သည်နှင့် တပြိုင်နက် ၎င်းကျား၏ အရိပ်ကို ချက်ချင်းလက်ငင်း အပိုင်းပိုင်း ဖြတ်ခုတ်ပစ်လိုက်သည်။
“သွေးအန်သံ ”
လေဝမ်ကျွိမ်အပေါ်သို့ ကြီးကြီးမားမား သက်ရောက်သွားပုံရသည်။သူ၏ သွေးကြောများ အချင်းချင်း ဆန့်ကျင်မှု ဖြစ်သွားခဲ့ သောကြောင့် ပါးစပ်ထဲမှ သွေးများ ထွက်ကျလာခဲ့သည် ။
“ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ရသလား?”
ယခုအခါတွင် သူ၏ အသက်ရှုသံသည် ဗြောင်းဆန်လို့နေသည်။သူသည် ချင်ထိုက်ယီကို ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖပ်နေသည် ။ တဖက်လူသည် ဖုန်းဟွမ် အထွပ်အထိပ် နယ်ပယ်အဆင့်သာ ရှိသေးသည်ဟု သူ မှတ်ယူခဲ့သည်။
T/N : [ အဆင့် အပိုင်းအခြား : လင်ထျီ(စိတ်ဝိညာဥ်ခန္ဓာကိုယ် ) ၊ လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) ၊ ရှိန်ထုံ ( သာလွန် အဆင့်) ၊ တာအိုဆရာတော်၊ ဇီဖူ(မသေနိုင်သူ) ၊ ဖုန်းဟွမ်(ဧကရာဇ်) ၊ သူတော်စင် ပညာရှိ ၊ သာ့နိမ်(အနန္တတန်ခိုးရှင် )၊ရှိန့်ရမ်(မဟာ သူတော်စင်) ၊ ရှိန့်ကျူ(သူတော်စင် အရှင်) ]
သို့သော် သူ၏ပြိုင်ဘက်မှာ သူတော်စင်ပညာရှိကနဦး နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည် ။
“ပုန်းလျှိုးကွယ်လျှိုး ?”
“ဟာသပဲ ၊မင်းတို့ရဲ့ စွမ်းအားကိုက ဒီလောက်ထိ ညံ့ဖျင်းနေတာ ငါနဲ့တိုက်ခိုက်ရလောက်တဲ့အထိ တန်လို့လား?”
ချင်ထိုက်ယိသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးလူလူ ရပ်နေခဲ့သည် ။သူ၏ဘေးပတ်ပတ်လည်က နဂါးရောင်ဝါများသည် ဤကမ္ဘာကြီးကို မတူမတန်သလို ငုံ့ကြည့်နေသည့် ဘုရင်တစ်ပါးအလား။
သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“သေမှာကိုမကြောက်တဲ့သူရှိလား?ရှိရင် တက်ခဲ့လိုက်!”
လူတချို့မှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
၎င်းတို့၏ ပြိုင်ဘက်မှာ သူတော်စင်ပညာရှိအဆင့် ဖြစ်သည့်အပြင် သူ၏ နဂါးအသွင်ပြောင်းခြင်း ဒုတိယအဆင့်သည် အရမ်းကိုအစွမ်းထက်ပေသည်။
“ကျုပ် စူးမျိုးနွယ် စမ်းကြည့်ချင်သေးတယ်”
ငယ်ရွယ်သူ အမျိုးသားတစ်ယောက်၏ အသံ သည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
ထိုလူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ရောင်ဝါများဖြာထွက်လျက် အထူးသဖြင့် တည်ငြိမ်နေသော ၎င်း၏ဟန်အမူအရာသည် သူ့ကိုယ်သူဘယ်လောက်တောင် ယုံကြည်ချက်ရှိလဲဆိုတာ ပြသလို့ နေသည်။
“ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲ! “
“ဒီလောက်ကြီးမားတဲ့ တိုက်ပွဲကြီးက သူ့ကိုတောင် ဆွဲခေါ်နိုင်ခဲ့တာလား?”
“ဒါနဲ့ ဒီစူးချန်ကဲက အတော်လေးချောတယ်ဆိုတာ မင်းတို့သတိထားမိကြလား?”
“ဟုတ်သားပဲ!ငါတောင်သတိထားမိတယ်၊ဒါနဲ့ နည်းနည်းတော့လွဲနေသလားလို့ ?ဒီလိုအခြေအနေအောက်မှာ သူ့ရဲ့ရုပ်ရည်ကို ငါဘာလို့ သတိထားမိသွားတာပါလိမ့်?”
လူတော်တော်များများ တီးတိုးပြောဆိုနေကြသည်။
စူးချန်ကဲ၏ အသွင်အပြင်ကို ပထမဆုံး မြင်လိုက်ရသူတိုင်း ဖုံးမနိုင်ဖိမနိုင် ခေါင်းထောင်ပြီး ကြည့်နေကြသည် ။
“စူးချန်ကဲ?”
“မင်းရောက်လာတာ ကောင်းတာပဲလား ကံဆိုးတာပဲလား ၊ ဒီနေရာမှာတင် မင်းကို အမှုန့်ကြိတ်ပစ်ရမှာလည်း မဆိုးပါဘူး”
“ငါ့ကိုအမှုန့်ကြိတ်ပစ်မယ်?”
စူးချန်ကဲက ရယ်လိုက်သည်။
ကြည့်ရတာ တစ်ဖက်လူသည် သူ၏တည်ရှိမှုကို အလွန်မုန်းတီးနေပုံရသည်။
ဟွိမ့်ယွမ် ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်ကြောင့် ဖြစ်နိုင်သည်။သူမှတ်မိသလောက် အဲ့တုန်းက သူ့နာမည် ကျောက်စာတိုင်ပေါ်သို့ မရောက်ခင် ထောင့်တစ်နေရာတွင် နာမည်တစ်ခု ရှိနေခဲ့သည်။ထိုနာမည်မှာ ချင်ထိုက်ယီ ။
၎င်းသည် သူ၏နာမည် ကျောက်စာတိုင်ပေါ်မှ နှင်ထုတ်ခံလိုက်ရသည့်အပေါ် သူအား မကျေမနပ်ဖြစ်နေပုံရသည်။
စူးချန်ကဲက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
“ငါးတစ်ကောင်က အာခံရဲတယ်တဲ့လား?”
“ငါး? “
စူးချန်ကဲသည် တဖက်လူကို ပြောင်ပြောင်တင်းတင်း အရှက်ခွဲနေသည်မှာ ကြည့်ရှုသူများကို မှင်သက်သွားစေခဲ့သည်။
ဒီလောက်နာမည်ကြီးတဲ့ ချင် မင်းဆက်ရဲ့ နဂါးအသွင်ပြောင်းခြင်း ကျင့်စဉ်ကို ငါးတစ်ကောင်နဲ့နှိုင်းပြီး လှောင်ပြောင်နေသတဲ့လား ?
ချင်ထိုက်ယီသည် အပြုံး မရှိ အေးစက်စွာဖြင့် စိုက်ကြည့်နေသည် ။
“ဒါဆိုလည်း ငါလို ငါးတစ်ကောင်ရဲ့ အရည်အချင်းကို ပြရတာပေါ့!”
ကောင်းကင်တွင် ပျံဝဲနေသော ရွှေဝါရောင် နဂါးကြီးသည် စူးချန်ကဲဆီသို့ ဦးတည်ကာ ဟစ်ကြွေးလိုက်သည်။
“လာစမ်းပါ!”
အပိုင်း(၄၉) :ရွှေဝါရောင် နဂါးကြီးကို နှိပ်ကွပ်ခြင်း
စူးချန်ကဲသည် သူ၏ လက်သီးဖြင့် ကောင်းကင်ကို တည့်တည့် ပစ်ခွင်းလိုက်သည်။
ကောင်းကင်ပေါ်တွင် ပျံဝဲနေခဲ့သော ရွှေဝါရောင် နဂါးကြီးသည် ချက်ခြင်းလက်ငင်း ပြုတ်ကျသွားခဲ့သည်။
“အရမ်း အစွမ်းထက်တာပဲ!”
ကွေးယွမ်၏ တပည့်သားများအားလုံး ထိတ်လန့်သွားကြသည်။
သူတို့ရဲ့ဆက်ခံသူဆိုတာ ဒါပဲလေ!
ငြိမ်ချင်လို့သာ ငြိမ်လိုက်မယ် ၊တကယ်တမ်းထွက်လာလိုက်ရင် အားလုံးကို အံ့အားသင့်သွားစေရမယ်!
“ဒါက?”
“ငါ ဆက်ခံသူက သနားညှာတာသောအားဖြင့် မင်းကို တိုက်ခိုက်ဖို့အခွင့်အရေးပေးလိုက်မယ်”
ချင်ထိုက်ယီသည် သူ့အတွက်တော့ ဤလျို့ဝှက်နယ်မြေတွင် သူ၏အာဏာကို ပြသရန် အသုံးချမည့် လိုသုံးတစ်ယောက်သားဖြစ်သည်။ဒီလိုလွယ်လွယ်လေး အနိုင်ယူလိုက်ရင် ပွဲက ဘယ်စိတ်ဝင်စားဖို့ ကောင်းတော့မှာလဲ။
“ကောင်းတယ် ကောင်းတယ် !”
“မင်းကအစောကြီး သေချင်နေပြီဆိုမှတော့၊ငါကမင်းကို ဖြည့်ဆည်းပေးရမှာပေါ့!”
ချင်ထိုက်ယိ၏ အကြည်များသည် အေးစက်လွန်းပေသည်။သူက ချင်မင်းဆက်ရဲ့ တော်ဝင် မင်းသားလေ ၊သူ့လိုလူကို အထင်သေးရဲတဲ့ သူရှိလား !?
ရှိခဲ့ရင် ဒါဆိုသေခြင်းတရားကသာ သူ၏အမုန်းတရားကို သက်သာရာ ရစေလိမ့်မည်။
ချင်ထိုက်ယီသည် သူ့လက်ဖြင့် မှော် အစီအရင်ကို ပြန်လည်အသက်သွင်းလိုက်သည်။
ရွှေဝါရောင် နဂါးကြီး၏ အရှိန်အဝါသည် ပို၍ ပို၍ ကြောက်စရာကောင်းလာပြီး လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝေါင်း!
ရွှေဝါရောင် နဂါးကြီး၏ မြည်ဟိန်းသံသည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ကောင်းကင်ပေါ်တွင် တိမ်မဲများ ထူထပ်စွာ စုဝေးလာခဲ့သည်။
ရွှေဝါရောင်နဂါးကြီး၏ မြည်ဟိန်းသံကို ပြန်လည် တုံ့ပြန်လိုက်သကဲ့သို့ ပြင်းထန်သော လျှပ်စီးမိုးကြိုးများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော လေမုန်တိုင်းကြီးသည် ဤနေရာတွင် လာရောက် စုဝေးကုန်လေသည်။
ဝတ်ရုံဖြူလူငယ်လေးသည် လေမုန်တိုင်း၏ အလယ်ဗဟိုတွင် ရောက်နေသော်လည်း တုန်လှုပ်သွားခြင်းမရှိပေ။
“အိုး ၊ ချင်ထိုက်ယီက ဒီလောက်ထိ အဝှက်ကောင်းမယ်လို့ ငါ ထင်မထားဘူး၊ဒီ နဂါးအသွင်ပြောင်းခြင်းရဲ့ ဒုတိယအကွက်မှာ အသွင်ပြောင်းလဲထားတဲ့ နဂါးရဲ့ရောင်ဝါက သူတော်စင် ပညာရှင် ကနဦးနယ်ပယ်အဆင့် ရှိတယ် ! “
“စူးချန်ကဲ ပုံစံကြည့်ရတာ တဖက်လူကိုတိုက်ခိုက်ဖို့ ကြောက်နေတာမဟုတ်ဘဲ ပျင်းတောင်ပျင်းသေးတယ်ဆိုတဲ့ အမူအရာမျိုးဖြစ်မနေဘူးလား?”
“တစ်နေရာရာလွဲနေသလိုပဲ သူ့မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်နေတဲ့ အရိပ်အယောင်ကို မတွေ့ရဘူး ၊သူ့ကိုယ်သူ့ အရမ်းယုံကြည်ချက်တွေ ရှိနေတာမဟုတ်ဖူးလား?”
ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော ပွဲကြည့်ပရိသတ်များသည် မျိုးစုံထင်ကြေးပေးလို့နေသည်။ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေဝါရောင်နဂါးကြီးသည် တိမ်မဲများ၊လျှပ်စီးမိုးကြိုးမုန်တိုင်းများနှင့်အတူ ရောယှက်လို့နေသည်။
စူးချန်ကဲသည် ဒီလောက် အားပြင်းတဲ့တိုက်ခိုက်မှုကိုတောင် လျစ်လျူရှုသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“ တကယ်လို့ ဓားစွမ်းအင်နဲ့ ဖန်ထျန်းလက်ဝါးသိုင်းကို ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင်”
ဓားစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့သည် ပန်းတိုင်တူညီသော်လည်း သွားရာလမ်းကြောင်းမှာ မတူညီပေ။သူတို့အားလုံးသည် သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံစွမ်းအားကို လှုံ့ဆော်ပေးသည်။
ရွှမ်း!
စွမ်းအားကြီးမားသော ဓားဆန္ဒသည် ဆင်းသက်လာခဲ့သည်။
နတ်သက်ဓား၏ဆန္ဒသည် ဤကမ္ဘာပေါ်က နတ်ဘုရားအားလုံးကို သုတ်သင်ပစ်နိုင်သည်။
ပေါက်ကွဲတုန်ခါသံ!
သူ့ ခန္ဓာကိုယ်တွင်းရှိ ဇီဖူကမ္ဘာကြီးသည် ကျယ်လောင်လာသည်နှင့်အမျှ ကြွယ်ဝသော ခရမ်းရောင် စွမ်းအားများသည် အလွန်ကြောက်စရာကောင်းသော လှိုင်းလုံးကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအပြင် သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားများနှင့်အတူ ပေါင်းစည်းလိုက်သောကြောင့် သူ့ဘေးပတ်ပတ်လည်က ဟင်းလင်းပြင်ကြီးမှာ တဖြည်းဖြည်း ပုံပျက်သွားခဲ့သည်။
“နှိမ်နင်းစေ!”
ရုတ်တရက် စူးချန်ကဲသည် သူ့လက်ဝါးကို
မြှောက်တင်လိုက်သည်။
ပေါက်ကွဲသံ!
ချက်ချင်းဆိုသလို ၊ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်ထားသည့် လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ရွှေဝါရောင် နဂါးကို သုတ်သင်ရန် ဦးတည်လာခဲ့သည်။
အရာအားလုံးကို ဖိနှိပ်ချုပ်ချယ်ထားသော သွေးချီစွမ်းအင်သည် တကယ်တော့ ကြောက်စရာကောင်းသော ဓားစွမ်းအင်များဖြင့် ရောစပ်နေပြီး၊ ကြယ်စင် ၊ နေနှင့် လကိုတောင် ချေမှုန်းပစ်နိုင်တဲ့ စက်ကွင်း ဖွဲ့စည်းပုံအဖြစ် ဖန်တီးလိုက်သည်။
ဟူး!
ရွှေဝါရောင် နဂါးကြီးသည် သူ့ ပါးစပ်ကို ကျယ်ကျယ် ဖွင့်လိုက်ပြီး တောက်လောင်နေသော ရွှေရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဤတစ်လောကလုံးကို နတ်အလင်းရောင်များက ခြုံလွှမ်းလိုက်သကဲ့သို့ ။
ဘုန်း!
ရွှေဝါရောင် လက်ဝါးကြီးနှင့် နဂါးကြီးတို့၏ ထိပ်တိုက် တွေ့ဆုံမှုသည် ကြယ်နှစ်စင်း တိုက်မိသွားပြီး တစ်ခုပြီး တခု ပြိုကျလာသော ဥက္ကာခဲများလိုပင်။
စူးရှတောက်ပစွာ ဝင်းထိန်နေသော နတ်အလင်းတန်းကြီးသည် ဟင်းလင်းပြင် အလယ်တွင် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော ထိုပေါက်ကွဲမှုကြီးသည် အရပ်ရပ်သို့ လိုင်းထသွားကာ တသိမ့်သိမ့် ရိုက်ခတ်သွားသည်။
ပိုပြီးအံ့သြစရာကောင်းသည်မှာ ရက်စက်ကြမ်းကြုတ်သော လှိုင်းလုံးကြီး ရိုက်ခတ်သွားပြီးနောက်၊ နောက်ထပ် ပြင်းထန်သော ဓားစွမ်းအင်သည် ထွက်ပေါ်လာပြီး အရာအားလုံးကို ခုတ်ဖြတ်ပိုင်းလိုက်သည်။
“ဘုရားရေ ၊ ရွှေဝါရောင် နဂါးကြီး ..”
တစ်စုံတစ်ယောက်က ထိတ်လန့်စွာဖြင့် ကောင်းကင်ကို ညွှန်ပြခဲ့သည်။
ရွှေဝါရောင် နဂါးကြီးသည် အပိုင်းပိုင်း အပျက်ပျက် ကွဲအက်သွားသည်ကို မြင်လိုက်ကြရသည်။ဓားအလင်းတန်းသည် ရွှေဝါရောင် နဂါးကြီး၏ ကိုယ်ထည်ပေါ်တွင် တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာတိုင်း ၎င်းကိုယ်ထည်ကြီးသည် တစ်ချက်ပြီး တစ်ချက် ပျက်သုန်းသွားခဲ့ရသည် ။
ယခင်က အရမ်းကို ခမ်းနားထည်ဝါခဲ့သော ရွှေနဂါးကြီးသည် ယခုတော့ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်နေခဲ့သည်။
“ဒီလက်ဝါးတချက်က အရင်က ကျင်းအောက်ယန်ကို သတ်ခဲ့တဲ့ လက်သီးထက် ပိုလို့တောင် ကြောက်စရာကောင်းတယ်!”
“ကြည့်ရတာ ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက သူ့ကိုယ်ပိုင် တာအိုလမ်းစဉ်ကို ကျွမ်းကျင်တတ်မြောက်သွားပုံရတယ်!”
“ဒါ ငါရဲ့ဉာဏ်အစွမ်းနဲ့ လိုက်မမီတဲ့အရာပဲ!”
“သူများတွေရဲ့အရည်အချင်းက ဒီလောက်တောင် စွမ်းအားကြီးနေပြီ ၊ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်သွားတယ်မလား?”
ကြည့်ရှုသူအပေါင်း ဆွံ့အနေကြသည်။ စူးချန်ကဲသည် သူတို့နားလည်နိုင်စွမ်းထက် ပို၍သာလွန်နေသည်မှာ သံသယမရှိပေ။
တာအိုလမ်းစဉ်များ ထောင်ချီမကရှိသည့်အနက် စူးချန်ကဲသည် မတူညီသော လမ်းစဉ်နှစ်ခုကို ပေါင်းစည်းခဲ့ပြီး သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို တတ်မြောက်သွားခဲ့သည်။ထိုကဲ့သို့
ပါရမီမျိုးသည် သူတို့အားလုံးကို သိမ်ငယ်စေခဲ့သည်။
“စူးချန်ကဲ၊မင်းက တကယ်ကို အဲဒီငါးပုပ်၊ ပုဇွန်ပုပ်တွေလို မဟုတ်ဘူးပဲ “
“စောစောက ငါရဲ့ တိုက်ကွက်ကိုသာညမင်းမခံနိုင်ခဲ့ရင် ၊ငါ အတော်လေး စိတ်ပျက်မိမှာ”
စူးချန်ကဲက သူ၏တိုက်ကွက်ကို ခုခံခဲ့သည့်အပေါ် တုန်လှုပ်ခြင်းမရှိဘဲ ချင်ထိုက်ယီသည် အပြုံးမပျက် ဆိုလိုက်သည်။
စောနက တိုက်ကွက်သည် သူ့ကို စမ်းသပ်ရန်အတွက်သာ ဖြစ်ပြီး ၊အကယ်၍ ပြိုင်ဘက်၏ အားနည်းချက်ကို ရှာဖွေနိုင်ခဲ့လျှင် သူ့အတွက် ပိုပြီး အကောင်းဆုံး ဖြစ်သွားနိုင်သည်။
အားနည်းချက်ကို ရှာမတွေ့ခဲ့ရင်တောင် ကိစ္စမရှိပေ။အနည်းဆုံးတော့ ပြိုင်ဘက်၏ စွမ်းအားကို သူ ခန့်မှန်းတွက်ဆနိုင်သည်။
ထို့ကြောင့် သေသေချာချာ စဉ်းစားကာ ပြတ်ပြတ်သားသား အကွက်ရွှေ့ဖို့ လိုအပ်ပေသည်။
“ဟုတ်လား?”
“ငါကိုယ်တော် ဒီနေ့ စိတ်အခြေအနေ ကောင်းနေတယ်၊အဲ့တော့ ငါ မင်းကိုထပ်ပြီး အခွင့်အရေး ပေးလိုက်မယ်
“မင်းကသာ ငါ့ကိုယ်တော်ကို အနိုင်မယူနိုင်ရင် ငါအရမ်းစိတ်ပျက်မိမှာ”
စူးချန်ကဲသည် ရယ်မောကာ ဆိုလိုက်သည်။
သူသည် တစ်ဖက်လူ၏ စကားအတိုင်း သူ့ကို ပြန်ပေးလိုက်သည်။
ငါ့ကိုများ အခွင့်ကောင်းယူချင်နေသေးတယ်!
လုံးဝမဖြစ်နိုင်ဘူး!
ချင်ထိုက်ယီက အေးစက်စွာ နှာမှုတ်လိုက်ပြီး -
“ဟွန်း!ဒီနေ့ ပုရွက်ဆိတ်နဲ့ နဂါးအစစ်တို့ရဲ့ ကွာဟချက်ကို ငါ မင်းကို ပြောပြလိုက်မယ်!”
ဘုန်း!
ကြီးမားသော လှိုင်းလုံးများ လှိမ့်ဝင်လာသကဲ့သို့ နဂါးစွမ်းအင်များသည် တစ်ဖန် အားကောင်းလာခဲ့ပြီး စွမ်းအားများကို ဖြန့်ကျက်ထားကာ ချင်ထိုက်ယီ၏ ရောင်ဝါမှာလည်း ပို၍အားကောင်းလာခဲ့သည်။
“ဒီကောင်လေး တကယ်ကို လျှိုထားနိုင်တာပဲ”
တစ်ဖက်လူသည် သူတော်စင်ပညာရှင် ကနဦးအဆင့်ကို ရောက်ရှိနေပြီမှန်း စူးချန်ကဲ ရိပ်မိခဲ့သည်။သို့သော် ချင်ထိုက်ယီသည် သူ၏စွမ်းအားများကို လျှိုဝှက်ထားခဲ့ပုံရသည် ။ယခုအခါတွင် သူသည် စွမ်းအားများကိုအစွမ်းကုန် အသုံးချခဲ့ပြီဖြစ်သည်။
စွမ်းအားများသည် အရင်ကထက် နှစ်ဆတိုးပွားလာပြီး သူတော်စင်ပညာရှင် နယ်ပယ်အဆင့် ရှိသူ သာမာန်ကျင့်ကြံသူများထက် ပို၍သာလွန်နေခဲ့သည်။
စူးချန်ကဲ စိတ်ဝင်စားသွားသည်။ဤပါရမီရှင်များသည် အလွန်ပါးနပ်ပြီး ၎င်းတို့၏ ဝှက်ဖဲများမှာ အဆုံးမရှိပေ။
“နဂါးအသွင်ပြောင်းလဲခြင်း တတိယအကွက် !”
“နဂါးနှစ်ကောင် ကခုန်ခြင်း !”
ချင်ထိုက်ယီ၏ ခမ်းနားလှသော အရှိန်အဟုန်သည် အချုပ်အနှောင်ကင်းမဲ့သော တကယ့်နဂါးအစစ်နှင့်တူသည်။
ချင်ထိုက်ယီသည် သူ၏ခန္ဓာကိုယ်ထဲရှိ အနှိုင်းမဲ့ ချစ်ချစ်တောက် ပူပြင်းသော အလင်းစွမ်းအားများကို အသုံးချကာ ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်အဖြစ် ထုတ်လွှတ်လိုက်သည်။
“နဂါး အနှစ်သာရ !”
“ ချင်ထိုက်ယီက နဂါး အနှစ်သာရကိုအသုံးချလိုက်ပြီပဲ !”
“ဒါတင်မကဘူး ၊သူက နဂါးအသွင်ပြောင်းလဲခြင်း တတိယအကွက်ကို တတ်မြောက်သွားခဲ့ပြီပဲ!ဒီလိုတတ်မြောက်ဖို့ ကြောက်စရာကောင်းတဲ့
ပါရမီမျိုးနဲ့နားလည်နိုင်စွမ်း လိုအပ်တယ်!”
“ နဂါးအသွင်ပြောင်းလဲခြင်း တတိယ အကွက်ကို အသက်သွင်းဖို့ နဂါး အနှစ်သာရရဲ့ စွမ်းအားနဲ့ ပူးပေါင်းလိုက်တာပဲ”
ဤမျှ တန်ခိုးကြီးမားသော နဂါး၏ ဖိနှိပ်စွမ်းအားသည် အစွမ်းထက်သော အင်အားစုများမှ ကျင့်ကြံသူများကို တစ်ကိုယ်လုံး အေးစက်သွားစေခဲ့သည်။
အကယ်၍ ထိုနေရာတွင် သူတို့သာဖြစ်ခဲ့ပါက တိုက်ခိုက်ဖို့ မပြောနဲ့ ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်တစ်ခုနဲ့တင် သူတို့ကို သေသည်အထိ နှိပ်စက်နိုင်သည်။
ဝူး!
ရွှေဝါရောင် နဂါးနှစ်ကောင်သည် ကောင်းကင်သို့ ပျံတက်သွားသည်။
ထူထပ်သော နဂါးအကြေးခွံများ၊ ကြီးမားသော နဂါးဦးချိုများ အထူးသဖြင့် ၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးခြေသည်းများသည် ဤလက်ရှိကမ္ဘာငယ်လေးကိုတောင် တစ်စစီ ဆွဲဖြဲပစ်နိုင်သည်။
နဂါးနှစ်ကောင်သည် အရှိန်အဟုန်ပြင်းစွာ ကောင်းကင်၌ လှည့်ပတ်နေသောကြောင့် ကောင်းကင်ကြီးမှာ မြည်ဟိန်းတုန်ခါနေသည်။
နဂါးခန္ဓာကိုယ် ဖြတ်သန်းသွားလိုက်တိုင်း အာကာသပြင်ကြီးသည် တသိမ့်သိမ့် ရိုက်ခတ်သွားသည် ။
အရမ်းကို အစွမ်းထက်တာပဲ !
ကောင်းကင်မှာ နဂါးနှစ်ကောင် ကခုန်နေတာ တကယ့်ကို ထူးထူးခြားခြား မြင်ကွင်းပဲ!
ဤမြင်ကွင်းသည် ခေါင်းမှခြေအဆုံး ရေအေးဇလုံးဖြင့် လောင်းချလိုက်သကဲ့သို့ တချို့ သော ပါရမီရှင်များကိုတောင် သွားများ ခိုက်ခိုက်တုန်သည့်အထိ အေးခဲတုန်လှုပ်သွားစေသည်။
တဖက်လူ၏ ရန်သူမှာ သူတို့ မဟုတ်ဘဲ စူးချန်ကဲ ဖြစ်သောကြောင့် သူတို့ကိုယ်သူတို့ကံကောင်းသည်ဟု ဆိုရပေမည်။
အကယ်၍ သူတို့သာဖြစ်ခဲ့လို့ကတော့ အစောကြီးကတည်းက နုပ်နုပ်စင်းခံလိုက်မှာ သေချာသည်။
“ဆက်ခံသူ သခင်”
ကွေးယွမ် တပည့်သားများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
ချင်ထိုက်ယိ၏ စွမ်းအားသည် သူတို့ စိတ်ကူးထားတာထက် ကျော်လွန်နေခဲ့သည်။
တန်ခိုးကြီးမားသော နဂါး၏ ဖိနှိပ်စွမ်းအားသည် သူတို့၏ စိတ်ကို တုန်လှုပ်စေပြီး အကျပ်အတည်းကြီး တစ်ခု လို့ ခံစားမိနေသည်။
“ဆက်ခံသူ”
မော့ရန်ရှီးသည် အလွန်စိတ်ပူနေခဲ့သည် ။အကယ်၍ စူးချန်ကဲသာ အသက်အန္တရာယ်နှင့်
ကြုံတွေ့ခဲ့မည် ဆိုပါက ၊သူမ အသက်ကို စတေးပြီး ကာကွယ်ပေးဖို့ထိ ပြင်ဆင်ထားသည်။
စူးချန်ကဲသည် သူမ၏ ကယ်တင်ရှင် ဖြစ်သည် ။သို့ဖြစ်၍ သူ့အတွက်ဆို သူမ ဘာမဆို စွန့်လွှတ်ရဲပေသည်။
ယ္ငင်ရှင်းယန်သည် ဝတ်ရုံဖြူ လူငယ်လေးကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် အပြုံးများကို ဆင်ယင်ထားသည်။ သူမ စူးချန်ကဲကို အကြွင်းမဲ့ ယုံကြည်သည်။
“ ဆက်ခံသူ သခင်ကို နင်တို့အားလုံး နားလည်နိုင်မယ်လို့ ထင်နေလား?”
“သူက အံ့ဖွယ်တစ်ပါးပဲ!”
အပိုင်း(၅၀) :အနောက်အရပ်မှ လာသော ဓားသည် ဒီနေ့ နဂါးကို သတ်မည်
“နဂါးအစစ် နဲ့ ပုရွက်ဆိတ်?”
စူးချန်ကဲသည် မဲ့ပြုံးပြုံးလိုက်သည်။အကြွင်းမဲ့ တန်ခိုးကြီးသော စွမ်းအင်ကသာလျှင် အရာရာကို အမြဲတစေ လွှမ်းမိုးနိုင်ပေလိမ့်သည်။
“ကောင်းကင်ဓား ၊ ဒီနေ့ မင်းကို နဂါးကို သတ်ဖို့ ခေါ်သွားမယ်!”
သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် အာကာသပြင်ထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။
စူးချန်ကဲ၏ လက်ထဲတွင် ဓားရှည်တစ်ချောင်း ဆုပ်ကိုင်ထားသည်။ထိုဓားတွင် အေးစက်သော
ရောင်ဝါများရှိနေပြီး ၊ ရောင်ပြန်ဟပ်နေသော ဓား၏ အလင်းရောင်သည် ကောင်းကင်ဘုံ၏ လမ်းကြောင်းများကိုတောင် ဖြတ်တောက်နိုင် ပုံရသည်။
ဓားသွားတစ်ဝိုက်တွင် တဖျပ်ဖျပ်ဖျပ် ခတ်နေသော မှော်သင်္ကေတများနှင့် နိယာမများသည် တုန်တုန်ယင်ယင် အော်ဟစ်နေကြသည်။
ဝီ!
စူးရှသော ဓား၏ ဟစ်အော်သံနှင့်အတူ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်သည် သူ၏ သခင်ကို ပြန်တုံ့ပြန်လိုက်သကဲ့သို့ ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားခဲ့သည်။
“ဒီဓားကို ကြည့်ရတာ တကယ်ကို သာမန်အရာမဟုတ်ဘူးပဲ ! စူးချန်ကဲရဲ့ မှော်လက်နက်များလား?”
“အရင်က ငါ ကြားဖူးတယ် ၊စူးချန်ကဲရဲ့ ဓားပါရမီက အရမ်း အစွမ်းထက်တာတဲ့ ၊သူရဲ့ အသွေးအသားထဲကနေ မွေးဖွားလာတဲ့ မှော်လက်နက် တစ်ခုရှိတယ်ဆိုပဲ ၊ ဒီဓားပဲ ဖြစ်ရမယ်”
ဘေးနားက တစ်ယောက်တစ်ခွန်း ပြောဆိုနေကြသည်။
“ကြည့်ရတာ စူးချန်ကဲက ဒါကို အလေးအနက်ထားပုံပဲ”
အားလုံးသည် ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရင်း အသက်ရှူဖို့ကိုပင် မေ့နေကြသည်။
အားကောင်းသူ ပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုသည် ဘယ်လိုအဆုံးသတ်မျိုး ဖြစ်လာမလဲ ဆိုတာ အားလုံး မျက်တောင်မခတ် စောင့်ကြည့်နေကြသည်။
ဤမြင်ကွင်းမျိုးသည် မြင်တွေ့ရခဲပေသည်။
တဝီဝီ မြည်သံ!
မတူညီသော ယင် နှင့် ယန် နှစ်ခု ထွက်ပေါ်လာသည်။
စူးချန်ကဲ တစ်ကိုယ်လုံး တောက်ပသော ဓားရောင်ဝါ နှစ်ခုက လွှမ်းခြုံထားသည်။
အနီရောင် ဓားစွမ်းအင်သည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို မီးရှို့ပစ်နိုင်သော
တောက်ပသော နေရောင်နှင့် တူသည်။
အပြာရောင် ဓားစွမ်းအင်သည် ဤကမ္ဘာပေါ်က သက်ရှိ သတ္တဝါအားလုံးကို အေးခဲပစ်နိုင်သည့် ဆီးနှင်းခဲနှင့် တူသည်။
ပြင်းထန်သော ရောင်ဝါ နှစ်ခုသည် ယင်နှင့်ယန်ကို ကိုယ်စားပြုပြီး ဤကမ္ဘာတစ်ခုလုံးကိုတောင် စုတ်ဖြဲပစ်နိုင်သည်။
“ဝှစ်”
စူးချန်ကဲသည် သူ၏ဓားကို ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။
သူ့နောက်က ဟင်းလင်းပြင်သည် လေဆင်နှာမောင်းကဲ့သို့ ချာလည်လှည့်နေပြီး မှော်သင်္ကေတ သွားရာလမ်းကြောင်းများသည် ထကြွလာခဲ့ပြီး ဝိညာဉ်စွမ်းအင်များသည် ရေ၀ဲကြီးကဲ့သို့ စုဝေးလာခဲ့သည်။
ထိုအချိန် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပြိုင်ဖက်ကင်းသော ဓားအမတရှင် တစ်ပါးအလားဟု အောက်မေ့ရသည်။
ဓား၏ လှုပ်ရှားမှုများသည် စူးချန်ကဲ လက်၏ လှုပ်ရှားဟန်အတိုင်း အံသြစရာ ကောင်းလောက်အောင် လိုက်လျောညီထွေရှိပေသည်။
သူ့လက်ထဲက ဓားအလင်းတန်းသည် ကောင်းကင်ကို တိုက်ရိုက် ညွှန်ပြနေသည်မှာ ကမ္ဘာကိုတောင် အံတုနိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားပုံရသည်။
အထူးသဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓား၏ ဆန္ဒကို ကမ္ဘာအရပ်ရပ်က အားလုံး သူ၏ ရှေ့မှောက်တွင် လက်မြောက်အရှုံးပေးရသည်။
“ ဓားဆန္ဒအသွင်ပြောင်းလဲခြင်း?!” ဒါကို ဓားပညာကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့ ဆရာ့ ဆရာကြီးတွေကသာ လုပ်နိုင်တာ ၊ ဓားကျင့်ကြံသူ ပါရမီရှင်တွေတောင် ဒါကို မလုပ်နိုင်ဘူး!”
“ဒီရဲ့ ဓား ဆန္ဒမှာ ပြင်းထန်တဲ့ ပျက်သုန်းခြင်း အရိပ်အယောင် တွေ ပါနေတယ် !”
“သူ့ရဲ့ဓားသိုင်းစွမ်းရည်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ထက် ပိုကောင်းနေတာပဲ!”
ပါရမီရှင် တပည့်များစွာသည် တုန်လှုပ်နေကြပြီး၊ မျက်နှာများမှာ ဖြူဖျော့နေကြသည်။အကယ်၍ ဓား၏ဆန္ဒကိုသာ သူတို့ဘက်သို့ဦးတည်၍ ဖောက်ခွဲလိုက်မည်ဆိုပါက သူတို့သေချာပေါက် သေရနိုင်မည်။
ဤအခိုက်အတန့်တွင်၊
စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် စွမ်းအားများက တောက်လောင်နေသည်။ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် ဟင်းလင်းပြင်တစ်ခုလုံးကို စုတ်ပြတ်သွားစေခဲ့သည်။
ထိုကဲ့သို့သော ရောင်ဝါသည် ဤကမ္ဘာကြီးကိုပိုင်းဖြတ်တော့မည့် ရှင်းထျန်း၏ ဓားစွမ်းအားနှင့် ရင်ဆိုင်လိုက်ရသလိုပင်။
T/N -ရှင်းထျန်း - ဒဏ္ဍာရီပုံပြင်ထဲက ခေါင်းမပါတဲ့ ဧရာမ သူရဲကောင်း
“မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ ဓားရှိတော့ရော ဘာဖြစ်လဲ?”
“ဒီနေ့၊ မင်းသေချာပေါက် သေရမယ် !”
ချင်ထိုက်ယီလည်း ထိုမြင်ကွင်း အပေါ် အနည်းငယ် ထိတ်လန့်ခဲ့သည်။
သို့ဆိုတောင် သူသည် ပြင်ဆင်မှု အားလုံးကို လုပ်ထားပြီးခဲ့ပြီ ဖြစ်သည်။ရန်သူကို သူ အနိုင်မယူနိုင်ခဲ့ရင်တောင် ၊ ရန်သူမှာ လွတ်မြောက်နိုင်မှာတော့ မဟုတ်ပေ။
ဒီနေ့ စူးချန်ကဲကို သူ သတ်လိုက်နိုင်သည်နှင့် အရာအားလုံးက သူ့အတွက် တန်ဖိုးရှိနေမှာ အသေချာပင်။
ချင်ထိုက်ယီသည် သူ့ခန္ဓာကိုယ်အတွင်းရှိ နဂါး အနှစ်သာရ၏ စွမ်းအားကို အကြွင်းမဲ့ စုစည်းလိုက်ရာ ကြီးကျယ်ခမ်းနားသော နဂါးဖိနှိပ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။
ဝေါင်း!
ကောင်းကင်တွင် ပျံဝဲနေသော ရွှေဝါရောင် နဂါးနှစ်ကောင်သည် စူးချန်ကဲဆီသို့ အော်ဟစ်ကာ ပြေးဝင်လာခဲ့သည်။
စကြဝဠာထဲသို့ ကြယ်နှစ်စင်း လျင်မြန်စွာ ကျဆင်းသွားသကဲ့သို့ ၊ ၎င်းတို့၏ ခန္ဓာကိုယ်မှာလည်း ကြောက်စရာကောင်းလောက်အောင် ပေတစ်ထောင်ခန့် မြင့်မားပေသည်။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
“ဒီကမ္ဘာထဲမှာရှိတဲ့ နဂါးမှန်သမျှ ဒီနေ့အကုန်သုတ်သင်ပစ်မယ်!”
“ချိုးဖျက်စေ!”
ရွှမ်း!
စူးချန်ကဲ၏ နောက်တွင် ရှိနေခဲ့သော အရိပ်သည် ဓားနှင့် အတူ လိုက်ပါသွားခဲ့သည်။
မူလက ကောင်းကင်ကြီးကို ဖုံးလွှမ်းထားခဲ့သော တိမ်မည်းများသည် တုန်လှုပ်ချောက်ချားသော စွမ်းအား၏ မောင်းထုတ်ခြင်းကို ခံလိုက်သကဲ့သို့ ။
စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ဖြတ်သွားတဲ့ နေရာတိုင်း အလွန်အားပြင်သော ဓားဆန္ဒ၏ စွမ်းအားများက ဤကမ္ဘာပေါ်တွင် ဝေဆာသွားခဲ့သည်။
ကွေးရွှီလျို့ဝှက်နယ်မြေတွင် ရှိနေခဲ့ကြသော မရေတွက်နိုင်သော ကျင့်ကြံသူများအားလုံး ၊
ရက်စက်ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များပင်လျှင် တုန်လှုပ်သော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့် နေကြသည်။
ထိုကြောက်စရာကောင်းသော ဓား၏ ဆန္ဒသည် ကောင်းကင်၏ အမျက်ဒေါသကဲ့သို့ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အတိုင်း။
တစ်ချိန်တည်းမှာပင်၊ လျှို့ဝှက်နယ်မြေ၏ ထောင့်တစ်နေရာ၌။
“ကျွတ် ကျွတ် ကျွတ်၊ အကျွမ်းတဝင်ရှိဖူးတဲ့ ကောင်းလိုက်တဲ့ ဒီရဲ့ ဓားဆန္ဒက ၊ စူးချန်ကဲ အဲ့ကောင်လေးပဲ ဖြစ်ရမယ်”
ဝူကျီအောက်ထျန်း တစ်ကိုယ်လုံး ဆက်ဆက်တုန်ခါသွားသည်။သူ့ရဲ့ ပစ်မှတ်ထားခံရလောက်တဲ့အထိ ကံမကောင်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလိမ့်!
“ခက်ခဲတဲ့ အချိန်ပါ့လား အိုင်း~”
“ဟေးဟေး!ဘယ်သူက နင်တို့ကို ရပ်ကြည့်ခိုင်းလို့လဲ?ဆက်တူးနေ!”
ဝူကျီအောက်ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် မောကြည့်နေကြသော လော့ဟယ်ဓားဂိုဏ်းက တပည့်များကို ကြိမ်းမောင်းလိုက်သည်။
ယခုအခိုက်အတန့်တွင် သူတို့သည် လေနှင့် သဲများ နစ်မြုပ်နေသည့် အပျက်အစီးတွေကြားထဲတွင် ရှိနေခဲ့သည်။
ဘာလို့များ လုယက်နေကြတာတုန်း?
စူးချန်ကဲက လူထူဆန်းဆိုတာ မသိတဲ့သူ ရှိသေးတာလား?
သတ်လိုက် ဖြတ်လိုက်နဲ့ ဘာကောင်းတာ ကြလို့တုန်း၊အေးအေးချမ်းချမ်းလေး နေတာက
ပိုမကောင်းဘူးလား?
ဝူကျီအောက်ထျန်း၏ ဘဝ၏ စံနှုန်းသတ်မှတ်ချက်ကို ပြန်လည် ဖော်ပြပါရစေ-
တတ်နိုင်သလောက် လျစ်လျုရှုလိုက်စမ်းပါ ၊ ဒါမှသာ လျစ်လျုရှုနိုင်ဆုံး သူတွေ ကြားထဲက လျစ်လျူအရှုနိုင်ဆုံး ဘုရင် ဖြစ်လိမ့်မယ်!
ကောင်းကင်ပေါ်က ကမ္ဘာကြီးကို ဖျက်ဆီးနေပုံရသည့် ထိုရွှေဝါရောင် နဂါးနှစ်ကောင်မှာ သဲလွန်စ တစိုးတစိ မှမကျန်ပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ဓားစွမ်းအင်ဖြင့် ဘယ်နေရာမှမကျန်အောင် လုံး၀ သုတ်သင်ခံခဲ့ရသည်။
မူလက မိုးခြိမ်းသံနှင့် တိမ်မဲများ ဖုံးလွှမ်းနေသည့် ကောင်းကင်ကြီးသည် ဘယ်အချိန်ကမှန်းမသိ ကောင်းကင်တံခါး မုခ်ပေါက်ကြီးမှာ ရုတ်တရက် ပွင့်ဟနေခဲ့သည်။
ထိုကောင်းကင်တံခါးထဲတွင် ရှိနေခဲ့သော သက်တံတစ်စင်းသည် မိုင်ကိုးသောင်းလောက် ရှည်လျားပြီး အလွန်ကြီးမားသော ဓားစွမ်းအင်က အဲဒီကနေ ပြန်ထွက်လာခဲ့သည်။
အိပ်မက်ထဲ ရောက်သွားသလိုမျိုး အားလုံး တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။
ရွှမ်း!
ဓားရှည်၏ ခုတ်ဖြတ်လိုက်သံသည် လူတိုင်း၏ အာရုံကို စွဲဆောင်သွားပြန်သည်။
အမတ နတ်ဘုရားကဲ့သို့ မှတ်ယူနိုင်လောက်သည့် အလွန် ချောမောလှပပြီး အထင်ကြီးစရာကောင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသော ဝတ်ရုံဖြူလူငယ်လေးသည် ကောင်းကင်တံခါး၏ အောက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
“သွေးအန်သံ”
ချင်ထိုက်ယီ အသွင်ပြောင်းထားသော ရွှေဝါရောင် နဂါးကြီးကို စူးချန်ကဲသည် အပြင်းအထန် ဖြိုခွင်းလိုက်သောကြောင့် ယခုအခိုက်အတန့်တွင် သူ၏ နှလုံးသွေးကြောများ မှာ တစ်ဝက်ကျော်လောက် ပျက်စီးသွားခဲ့ရသည်။
သူ့ခန္ဓာကိုယ်တွင်း၏ အင်္ဂါများသည် ကမောက်ကမ ဖြစ်လို့ နေသည် ။ဒီလိုနာကျင်မှုမျိုးကို သူ ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ။
ချင် မင်းဆက်၏ အကြီးဆုံး မင်းသားအဖြစ် သူသည် တခြားသူများကိုသာ အမြဲတစေ သတ်ဖြတ်နိုင်ခဲ့သော တစ်ဦးတည်းသော သူ ဖြစ်ခဲ့သည်။သို့သော် တစ်စုံတစ်ယောက်က သူ့ကို ဒီလိုအရှက်ရစရာ ကောင်းတဲ့အထိ အနိုင်ယူနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ
တွေးမထားဖူးခဲ့ချေ။
နဂါးအနှစ်သာရကို နှိုးဆွနိုင်ခဲ့ရင်တောင် ၊
အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာဖို့ မသေချာပေ။
“ မင်းသားကြီး!”
“မင်း မင်းသားကြီးကို ထိချင်ရင် ၊ ငါတို့ သေမှ ရလိမ့်မယ် “
ထိုလူသည် စကားမဆုံးမီတွင် သူ၏ လက်သီးစွမ်းအားဖြင့် ထိုးရန် ဟန်ပြင်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ သွေးကြောများပေါက်ထွက်သွားပြီး သွေးများ စိမ့်ယိုလာခဲ့သည် ။
ကောင်းကင်ကို ဖြိုခွဲခြင်းလက်သီးသိုင်း!
ဘုန်း!
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး နတ်အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး လက်သီးစွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
စူးချန်ကဲကို ရပ်တန့်ရန် တားဆီးခဲ့ကြသော ချင် မင်းဆက်၏ တပည့်များသည် ချက်ချင်းဆိုသလို အမှုန့်အဖြစ် ကြေမွသွားခဲ့သည်။
စူးချန်ကဲ၏ မျက်ဝန်းများမှာ ခံစားချက် ကင်းမဲ့နေသည်။
အောင်နိုင်သူသာ ဘုရင် ၊ရှုံးနိမ့်သူသည် ဓားပြ ဆိုသည်အတိုင်း၊ အောင်နိုင်သူက ချမှတ်ထားသည့် စည်းကမ်းများကို အားနည်းသူများသည် သေချာပေါက်နာခံရမည်။
“ ချင် မင်းဆက်ရဲ့ တပည့်တွေအားလုံးက ဖုန်းဟွမ် နယ်ပယ်အဆင့်မှာ ရှိနေတာတောင် စူးချန်ကဲရဲ့ လက်သီးချက်ကို မခံနိုင်ကြဘူး!”
“ရွှေတောင်ပံ ဌက် မျိုးနွယ်စုက ကျင်းအောက်ယန်တောင် သူ့လက်သီးချက်ကို ခံနိုင်ရည် မရှိခဲ့ဘူး!”
အားလုံး အံ့အားသင့်နေကြသည်။
ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းရည်နဲ့အတူ ပြင်းထန်သော ကာယခွန်အားနှင့် ပေါင်းစပ်ထားသည်မှာ အနှိုင်းမဲ့ ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင်လိုပင်။
“အဟွတ် အဟွတ် “
ချင်ထိုက်ယီ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး သူ၏ အသက်ရှုသံမှာ အနည်းငယ် အားနည်းသွားပုံရသည် ။
“မင်းအထင်...”
“ ...ငါ့ကို သေချာပေါက် အနိုင်ရပြီလို့ ထင်နေလား?”
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။
ဒီကောင်က သူ့ရဲ့ ကျင့်ကြံစွမ်းအားတွေကို ပြန်လည်ကုသပေးနိုင်တဲ့ ဆေးများ ရှိနေလို့လား။
“သေစမ်း!”
ရုတ်တရက် ဟင်းလင်းပြင်မှ ရက်စက်ကြမ်းကြုတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံထွက်လာသည်နှင့် တပြိုင်နက် စကြဝဠာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ပို၍ ပြင်းထန်သော နဂါးဖိနှိပ်စွမ်းအားများက ကျဆင်းလာခဲ့သည်။
အားလုံး ကြောက်လန့်တကြား ကြည့်နေကြသည်။
ကြီးမားသော အနက်ရောင် နဂါးအရိပ်ကြီးသည် ကောင်းကင်ကို ဖြိုခွင်းကာ စူးချန်ကဲ၏ တည်နေရာဆီသို့ တဟုတ်ချင်း ရောက်ရှိလာခဲ့သည်။
ဘုန်း ဘုန်း!
ချက်ချင်းဆိုသလို တုန်လှုပ်ချောက်ချားသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသော လှိုင်းလုံးကြီးသည် အရာအားလုံးကို လွှမ်းမိုးသွားခဲ့သည်။
နေဝင်သွားသကဲ့သို့ နိယာမများသည် မတည်မငြိမ် ပြောင်းလဲသွားခဲ့ရပြီး တောက်လောင်နေသော အလင်းစုကြီးသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
“ ဆက်ခံသူ!”
“ ဆက်ခံသူ သခင်!”
ရုတ်တရက် ပြောင်းလဲမှုကြီးသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
အနက်ရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးသည် လေဟာပြင်တွင် ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။သူ ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်အားများသည် သာ့နိမ်(အနန္တတန်ခိုးရှင် ) ပြီးပြည်စုံသော နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
T/N - [ အဆင့် အပိုင်းအခြား : လင်ထျီ(စိတ်ဝိညာဥ်ခန္ဓာကိုယ် ) ၊ လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) ၊ ရှိန်ထုံ ( သာလွန် အဆင့်) ၊ တာအိုဆရာတော်၊ ဇီဖူ(မသေနိုင်သူ) ၊ ဖုန်းဟွမ်(ဧကရာဇ်) ၊ သူတော်စင် ပညာရှိ ၊ သာ့နိမ်(အနန္တတန်ခိုးရှင် )၊.ရှိန့်ရမ်(မဟာ သူတော်စင်) ၊ ရှိန့်ကျူ(သူတော်စင် အရှင်) ]
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?”
“ ကွေးရွှီ လျှို့ဝှက်နယ်မြေက သူတော်စင် ပညာရှိ နယ်ပယ်အဆင့် အထက်က ပုဂ္ဂိုလ်တွေကို ဝင်ခွင့်မပြုဘူးမဟုတ်လား!?”
“ဒိီတခေါက်တော့ သာ့နိမ်(အနန္တတန်ခိုးရှင် )ရဲ့ ထိုးနှက်ချက်ကို စူးချန်ကဲ ခံနိုင်မှာ မဟုတ်လောက်ဘူး !”