← Chapters

အခန်း (၇၆-၈၀)

Vol. 6 Ch. 76-80

အခန်း (၇၆-၈၀)

Vol. 6 Ch. 76-80

အပိုင်း(၇၆) : ရွှမ်ယွီ ဧကရီဘုရင်မ၊ ဧကရာဇ်တိုက်ပွဲ

   ဝုန်း!

စကြဝဠာရှိ ကြယ်စင်များအထက်တွင် ကမ္ဘာကြီးကို ဖျက်စီးပစ်မည့် စစ်ပွဲကြီးသည် တဖန် စလာပြန်သည်။

ဤတစ်ခေါက်ရှိ စွမ်းအားများက ပို၍ ကြောက်စရာကောင်းပေသည်။

ဧကရာဇ်မင်း လက်နက်ငါးခုနှင့် အမတ စွမ်းအင် တဝက်ပါသော လက်နက်နှစ်ခုတို့သည်လည်း တိုက်ပွဲတွင် ပါဝင်လို့လာခဲ့ချေပြီ။

နတ်အလင်းများ ဆက်လက်ပေါက်ကွဲနေပြီး၊ ပျက်စီးခြင်း လှိုင်းလုံးကြီးသည် စကြဝဠာအတွင်း ဗြောင်းဆန်အောင် မွှေနေခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!

နှစ်ဦးနှစ်ဖက် တိုက်ခိုက်လိုက်တိုင်းမှာ ကြီးမားသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာရပြီး အာကာသ အက်ကြောင်းများမှာလည်း မရေမတွက်နိုင်သော ဘီလီယံပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။

အံ့သြဖွယ်ရာကောင်းသော နဂါးငွေ့တန်းပင်လျှင် ဤမျှပြင်းထန်သော စွမ်းအားများကြောင့် ပျက်စီးသွားခဲ့ရသည်။

ကြယ်ထောင်ပေါင်းများစွာတို့သည် အမှုန့်အဖြစ်သို့ ကွဲကြေသွားခဲ့သည် ။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ဝတ်ရုံဖြူ ဧကရာဇ်တပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်နှင့် ဝတ်ရုံနက်

ဧကရာဇ်တပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်တို့ကို အဖြူအနက် နတ်ဆိုးစုံတွဲဟု လူသိများကြသည်။

၎င်းတို့သည် ပေါင်းစပ်တိုက်ခိုက်ရာတွင် အကောင်းဆုံးဖြစ်ပြီး၊ ကျန်ထျန်းပုတီးစေ့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ပေါင်းစည်းထားသောကြောင့် ၎င်းတို့၏ စွမ်းအားသည် တကယ့် ဧကရာဇ်မင်းတစ်ပါးနှင့်ပင် နီးစပ်နေပြီဖြစ်သည်။

"အတူတူတတ်မယ်!သူတို့နှစ်ယောက် ဘယ်လောက်ပဲ သန်မာနေပါစေ ငါတို့လေးယောက်ကို ယှဉ်နိုင်မှာတဲ့လား?"

ကွေးယီး ဂိုဏ်းမှ ဧကရာဇ်တပိုင်း အဆင့်ရှိ ပုဂ္ဂိုလ်သည် အခြားတပ်ဖွဲ့များ၏ ဧကရာဇ်တပိုင်း အဆင့်ရှိ ပုဂ္ဂိုလ် သုံးပါးနှင့်အတူ ဧကရာဇ်မင်း လက်နက်နှစ်လက်ကို ကိုင်ဆောင်ကာ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဧကရာဇ်တပိုင်း အဆင့်ရှိ ပုဂ္ဂိုလ် နှစ်ပါးကို တိုက်ခိုက်ခဲ့သည်။

ဘုန်း!

ဘုန်း!

အက်ကွဲသံ !

လျှပ်စီးမိုးကြိုးများ၏ ပေါက်ကွဲသံ၊ ဟာရီကိန်း လေမုန်တိုင်းတို့၏ မြည်ဟည်းသံများ နှင့်အတူ တောက်ပသော မှော်သင်္ကေတများ စသည့် အားကောင်းသော ရောင်ဝါသုံးဖြာက ရောယှက်နေသည်။၎င်းကြောက်မက်ဖွယ်ရာ စွမ်းအားများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာရသည်။

သို့ဆိုတောင် အဖြူအနက် နတ်ဆိုးစုံတွဲ အနေဖြင့် ဘာမှထူးခြားမသွားပေ။

ဝတ်ရုံဖြူပုဂ္ဂိုလ်၏ တစ်ကိုယ်လုံးသည် ထွန်းလင်း တောက်ပသော နေကဲ့သို့ တောက်ပသော အလင်းရောင်များရှိပြီး ၊ ဝတ်ရုံနက် ပုဂ္ဂိုလ်မှာမူ အနက်ရောင် အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။

အဖြူရောင် အလင်းသည် မျှော်လင့်ချက်နှင့် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပြီး၊ အနက်ရောင်အလင်းသည် သေခြင်းနှင့် ပျက်စီးခြင်းတို့ကို ကိုယ်စားပြုသည်။

အဖြူအမဲတို့သည် ယင်နှင့် ယန် အလား ရောယှက်နေပြီး၊ဤကမ္ဘာကြီး၏ အမိန့်အာဏာကို ဖော်ပြနေသကဲ့သို့ပင်။

ဘုန်း!

အင်အားစုနှစ်ခု ထပ်မံပေါင်းစည်းပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားသည် ဤကမ္ဘာ၏ အထွတ်အထိပ်ကို ကျော်လွန်သွားကာ ဒဏ္ဍာရီလာ ဧကရာဇ်မင်း၏ စွမ်းအားအလား။

ကျန်ထျန်းပုတီးစေ့၏ ရောင်ဝါများ ပေါက်ဖွားလာသည်နှင့်အမျှ ယင် ယန် တို့၏ ရောင်ဝါသည် ပို၍ပင် အားကောင်းလာခဲ့သည်။

ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းလုံးကြီးက အင်အားစုကြီး ငါးစု၏ စွမ်းအားကြီးသူများအပေါ် ရိုက်ခတ်သွားလေသည်။

၎င်းမြင်ကွင်းသည် အင်အားစုကြီး ငါးစုမှ လူများစွာကို ဖြူဖျော့သွားစေခဲ့သည်။

အဲဒီ စွမ်းအားက အရမ်းပြင်းတာပဲ!

အချို့သော မဟာ သူတော်စင်များပင်လျှင် ရက်စက်ကြမ်းကြုတ်သော ရှေးသားရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေခဲ့သော ဧကရာဇ်တပိုင်း အဆင့် ပုဂ္ဂိုလ်ပင်လျှင် အဆုံးသတ်မလှမှာ ‌စိုးရသည်။

"ကွေးယီးဂိုဏ်း! မင်းတို့ ဒီအချိန်မှ မလုပ်ဆောင်ရင် ဘယ်တော့လုပ်မှာလဲ?"

စကားမဆုံးခင်မှာပဲ ၊ မထင်မှတ်သော အရာတစ်ခု ဖြစ်ပွားခဲ့သည်။

" ကွေးယွမ် သူတော်စင် နယ်မြေ၊ အတင့်မရဲလွန်းနဲ့ !"

ဘုန်း!

အင်အားစုကြီးငါးစု၏ တပ်ဖွဲ့အပေါ်၌၊ အာကာသ တံခါးတစ်ချပ် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

၎င်းတံခါးချပ်ထဲမှ မျက်ခုံးမွှေးဖြူဖြူ ၊ ဆံပင်ဖြူဖြူ နှင့် အသားအရေများ တွန့်ရှုံ့နေပြီ ဖြစ်သော အဘိုးအိုကြီးတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သို့ဆိုတောင် ၎င်းထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် အလွန် ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းပေသည်။

ကြီးမားကျယ်ပြန့်သော ဧကရာဇ်မင်း၏ စွမ်းအားသည် စကြဝဋာကို လွှမ်းခြုံထားသည်မှာ ကောင်းကင်နှင့်မြေကြီးပင်လျှင် တုန်လှုပ်ခဲ့ရပြီး ၊ မှော်သင်္ကေတများပင်လျှင် ၎င်းအား မတွန်းလှန်ဝံ့ဘဲ ငြိမ်သက်နေသည်။

၎င်းမှာ ဧကရာဇ်မင်းမြတ် ၊ တကယ့် အစစ်အမှန် ဧကရာဇ်မင်းမြတ်တစ်ပါးပင် !

" ဒါ..ဒါက ကွေးယီးဂိုဏ်းရဲ့ ကွေးယီးဧကရာဇ်မင်းမြတ်မလား? ကောလဟာလအရ သူ ကွယ်လွန်ခဲ့တာ ကြာပြီဆို?"

" ဧကရာဇ်မင်းမြတ် ဆိုပေမယ့်၊ သူ့ရဲ့ ဝိညာဉ် စွမ်းအင်နဲ့ သွေးချီစွမ်းအင်က လျော့နည်းနေတယ်လို့ ငါ ဘာလို့ ခံစားမိနေပါလိမ့်?မဟုတ်မှလွဲရော ကွေးယီးဂိုဏ်းက လျှို့ဝှက်ရတနာ ဝိညာဉ်ဆေးလုံးတွေနဲ့ သူ့အသက်ကို အတင်းပြန်သွင်းထားတာ ဖြစ်နိုင်မလား"

""

တချို့သော ရှေးလူကြီးမင်း ပုဂ္ဂိုလ်များက ဝေဖန်သုံးသပ်လိုက်ကြသည်။

အချက်အလက်များအရ ၊ ၎င်းဧကရာဇ်မင်းသည် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။

ဒါပေမဲ့ သူက ဘာလို့ ဒီမှာရှိနေတာလဲ?

ကွေးယီး ဧကရာဇ်မင်းသည် ယင်းယန်အတွဲကို ကြည့်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

၎င်း၏ ပိန်လှီခြောက်ကပ်နေသော လက်မောင်းကို မြှောက်ပြီး လက်ဖဝါးကို ဖွင့်လိုက်ရာ နားမလည်နိုင်သော ရောင်ဝါတစ်ခုက အာကာသတစ်ခုလုံးကို ပြည့်လျှံစေခဲ့သည်။

ဤသည်မှာ ဧကရာဇ်မင်းမြတ် ပိုင်ဆိုင်သော အရာဖြစ်သည့် အာကာသ ထိန်းချုပ်စွမ်းအားပင် ဖြစ်သည်။

ထို့နောက် လက်သီးအဖြစ် ပြောင်းလဲလိုက်သည်။

ယင်ယန် စွမ်းအားလှိုင်းများသည် ခိုင်ခံ့သော အတားအဆီးတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ချက်ခြင်း ရပ်တန့်သွားသည် ။

" ချိုးဖြတ်စေ"

ကွေးယီးဧကရာဇ်မင်း၏ စကားဆုံးသည်နှင့် ဧကရာဇ်မင်းမြတ်၏ စိတ်ဆန္ဒများ ကျယ်လောင်သွားကာ ၊ နတ်အလင်းများ ပေါက်ကွဲသွားပြီး လေဟာပြင်ကြီးမှာဖြင့် တစ်လွှာပြီး တစ်လွှာ ပြိုကျသွားခဲ့ရသည်။

" ကွေးယီး ဧကရာဇ်မင်းမြတ်က အနှိုင်းမဲ့ပဲ"

" ကွေးယီး ဧကရာဇ်ရှေ့မှောက်မှာ၊ ကွေးယွမ် သူတော်စင် နယ်မြေ ဒီနေ့ ပျက်စီးရလိမ့်မယ်"

"သတ်ဟေ့! ဒီနေ့ ကွေးယွမ် သူတော်စင် နယ်မြေကို သိမ်းပိုက်မယ်!"

  “”

ကွေးယီး ဧကရာဇ်မင်း၏ ထွက်ပေါ်လာမှုသည် အင်အားစုကြီး ငါးစုမှ မဟာမိတ်တပ်ဖွဲ့စစ်သည်များ၏ စိတ်ဓာတ်ကို တစ်ဖန်ပြန်လည် မြင့်တက်စေခဲ့သည်။

"သတ်!ငါတို့ သူတော်စင် နယ်မြေကို စော်ကားသူတိုင်း သူတို့ရဲ့ အသွေးအသားနဲ့ ပေးဆပ်ရလိမ့်မယ်"

ကွေးယွမ် သူတော်စင်နယ်မြေ၏ တာအိုစစ်သည်များသည် သေခြင်းတရားကို မကြောက်ဘဲ သွေးစွန်းနေသော ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ဆောင်ထားကြပြီး တပ်ဖွဲ့နှစ်ဖွဲ့သည် ထပ်မံတိုက်ခိုက်ကြပြန်သည်။

တိုက်ပွဲသည် တစ်ဖန်ပြန်စလာခဲ့ပြီး အထွက်အထိပ်ထိ ရောက်လာခဲ့လေပြီ။

"မလုံလောက်တဲ့ သွေးချီ စွမ်းအင်နှင့် ကုန်ဆုံးနေပြီ ဖြစ်တဲ့ ဝိညာဉ်စွမ်းအင် ၊သေလူနဲ့ မခြားနားတဲ့ လူက ဒီလို မဆင်မခြင် ပြုမူဝံ့တယ်ပေါ့!"

ဤအခိုက်အတန့်တွင် အသံတစ်သံသည် တစ်ကမ္ဘာလုံးကို ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

အင်အားစုကြီးငါးစု၏ မျက်နှာများပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ပို၍ တင်းမာလာခဲ့သည်။

အေးစက်သော မိန်းမအသံ ဖြစ်သော်လည်း ၊၎င်း၏ အမိန့်ပေးသံသည် ဧကရီဘုရင်မ တစ်ပါး၏ အာဏာစက်ကွင်းကဲ့သို့ပင်။

   ဘုန်း ဘုန်း!

ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများသည် ကောင်းကင်တခွင်တွင် တောက်လောင်နေပြီး၊လေနှင့် တိမ်တိုက်များက ကြောက်မက်ဖွယ်ကောင်းသော အင်အားကို တိမ်းရှောင်နေသကဲ့သို့ အရူးအမူး ရွေ့လျားနေသည်။

ကွဲအက်သံ !

စကြဝဠာကြီး၏ ဟင်းလင်းပြင်အလယ်တွင် တဖြည်းဖြည်း ကွဲအက်သွားသည်။ထူးကဲသာလွန်သော အငွေ့အသက်များ ပြည့်လျှံသွားသည်နှင့်တပြိုင်နက် ကမ္ဘာကြီး၏ နိယာမများပင်လျှင် ငိုကြွေးမြည်တမ်းလျက် ရှိကြကုန်သည်။

အက်ကွဲကြောင်းသည် အဆက်မပြတ် ကြီးထွားလာနေသည် ။

ပင့်ကူမျှင်များကဲ့သို့ အက်ကွဲနေပြီး၊ ဟင်းလင်ပြင်ထဲတွင် နားမလည်နိုင်သော အရာတစ်ခုပေါ်ထွက်လာခဲ့သည်။ထိုအရာထဲတွင် မှိန်ဖျော့ဖျော့ ထူးကဲသော နတ်ဘုရားအလင်းရောင် တစ်ခုရှိနေခဲ့သည်။

အက်ကွဲကြောင်းများတစ်လျှောက် မရေမတွက်နိုင်သော အချိန် ဆလိုက် အပိုင်းအစတချို့ ရှိနေ၏။

ထိုနေရာမှ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

၎င်းပုံရိပ် နီးကပ်လာသည်နှင့်အမျှ၊ ဤကမ္ဘာကြီးပင်လျှင် ၎င်းပုံရိပ်ကို အလွန်ကြောက်ရွံ့နေသကဲ့သို့ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။

ထိုပုဂ္ဂိုလ်၏ မျက်နှာသည် နတ်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး ၊ သူမ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။သူမသည် ရှေးရိုးရာဘရိုကိတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ငှက်များနှင့် ဖီးနစ်ငှက်ပေါင်းများစွာဖြင့် ယက်လုပ်ထားသော ရွှေရောင်စဉ့်စကတ်ကို ဝတ်ဆင်ထားသည်။

T/N-ဘရိုကိတ် ဆိုတာ ဖောင်း‌ဖောင်း ကြွကြွ ချုပ်လုပ်ထားတဲ့ဟာကို ပြောတာပါ။

ဖီးနစ်ဌက်တို့သည် သူမ၏ ခန္ဓာကိုယ်မှ အချိန်မရွေး ထွက်လာနိုင်သကဲ့သို့ သက်ရှိနှင့် တူလှသည်။

သူမ၏ တစ်ကိုယ်လုံးမှ ဖြာထွက်နေသော ရောင်ဝါများသည် လောကကြီးကို ငုံ့ကြည့်နေသော ဧကရီ ဘုရင်မတစ်ပါးအလား။သို့‌သော် ဆွဲဆောင်မှုရှိသော အသွင်အပြင်၊ ပြိုင်ဘက်ကင်းမဲ့သော ကျက်သရေ ကြော့ရှင်းခြင်းတို့နှင့် ပြည့်စုံသော သူမအား မည်သူမျှ မကြည့်ဝံ့ကြပေ။

ဧကရီ ဘုရင်မတစ်ပါး၏ ဘုန်းတန်ခိုးကို ပေါ့ပေါ့တန်တန် ရှုံ့ချခဲ့သူ ရှိခဲ့ပါက၊ထိုအနှီလူ၏ နတ်အသိစိတ် ပင်လယ်မှာ ညှာတာခြင်းမရှိ အပိုင်းပိုင်း အစစ ကွဲထွက်သွားနိုင်သည်။

ဒေါက် ! ဒေါက် ! ဒေါက် !

ဧကရီ ဘုရင်မ ရွှမ်ယွီသည် ကောင်းကင်ထက်ရှိ ဖောက်ထွင်းမြင်သာသော လှေကားထစ်ပေါ်မှ အသာလေး လျှောက်လှမ်းလာခဲ့သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ ၎င်းလှေကားထစ်ပေါ်တွင် မှော်သင်္ကေတများ ဖျက်ခနဲ့ လင်းလက်သွားသည်။

သူမ၏ ဘုန်းတန်ခိုးရောင်ဝါသည် လူကို စိတ်မသက်မသာ ခံစားရစေသည်။

လူတိုင်း အသက်ရှုကြပ်ခဲ့ရပြီး ၊ ဖြည်းဖြည်းချင်း ရွေ့လျားနေသော ထိုအသွင်အပြင်ကို အာရုံစူးစိုက်ကြည့်နေကြသည်။

သူမ၏ ခြေလှမ်းများသည် အလွန်ပေါ့ပါးသော်လည်း ၊ သူမ ခြေလှမ်း လှမ်းလိုက်တိုင်းမှာ တန်ခိုးကြီးမားသော ဧကရီတစ်ပါး၏ ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ်လာပြီး လျှောက်လမ်းပေါ်တွင် ကြာပန်းများ ပွင့်လန်းလာသည်။

"ဧကရီ ဘုရင်မ ရွှမ်ယွီ!?"

ကွေးယီး ဧကရာဇ်မင်း၏ မျက်နှာသည် တည်ကြည်နေပြီး၊ ထို့နောက်တွင် တစ်စုံတစ်ခုကို တွေးနေပုံရကာ ရက်စက်ကြမ်းကြုတ်သော အမူအယာများကို မြင်တွေ့နေရသည်။

" ကောင်းလိုက်တဲ့ ကွေးယွမ် သူတော်စင်နယ်မြေ ၊ ငါနဲ့ တိုက်ခိုက်ဖို့ ဒီလိုအကွက်ချထားတယ်ပေါ့!"

ဧကရီ ဘုရင်မ ရွှမ်ယွီ ပြောသည့်အတိုင်း၊ သူ၏ သွေးချီစွမ်းအားသည် အလွန်အားနည်းနေပြီ ဖြစ်သည်။အကယ်၍ ကွေးယီးဂိုဏ်းသည် အချိန်နှင့် စွမ်းအင်များစွာကို မဖြည့်သွင်းနိုင်ခဲ့ပါက သူသည် အရင်ကတည်းက သေဆုံးသွားနိုင်သည်။

“ ရှင်နဲ့ တိုက်ခိုက်ဖို့ အကွက်ချထားတယ်?"

"အို၊ သင်္ချိုင်းကုန်းကို ခြေတလှမ်း လှမ်းနေပြီဖြစ်တဲ့ အဖိုးကြီးကများ ၊ ရှင့်ကို တိုက်ခိုက်ဖို့ အကွက်ချရလောက်တဲ့အထိ လိုအပ်လို့လား?"

ဧကရီဘုရင်မက လှောင်ရယ်လိုက်သည်။ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမ၏ မထီမဲ့မြင် လေသံကို အတိုင်းသာ ကြားနေရသည်။

ဧကရီဘုရင်မ ယွမ်ရွှီ၏ ဤစကားများသည် ကွေးယီး ဧကရာဇ်မင်းအား ဒေါသအမျက်ထွက်စေခဲ့သည်။

"မင်းလို ဂျူနီယာပေါက်စက အတင့်ရဲလိုက်တာ!ငါ ဧကရာဇ်မင်းမြတ် တစ်ပါး ဖြစ်လာတုန်းက မင်းက ကလေးမလေးအရွယ်ပဲ ရှိသေးတယ်"

"ဒီလိုဆိုမှတော့ ငါ အဘိုးကြီးက မင်းကိုသင်ခန်းစာပေးပြမယ် ! လာ ဧကရာဇ်တိုက်ပွဲ ဆင်နွဲတာပေါ့!"

ဧကရာဇ်တိုက်ပွဲသည် ဧကရာဇ်မင်းမြတ်တို့ကြားက တိုက်ပွဲတစ်ခုဖြစ်ပြီး စကြာဝဠာအတွင်း တားမြစ်ထားသော မှော်သင်္ကေတများကို နေရာချကာ တဖက်ရန်သူ လုံးဝ မပျက်စီးသ၍ တိုက်ပွဲသည် ပြီးဆုံးမည်မဟုတ်ချေ။

"ဧကရာဇ်တိုက်ပွဲ?"

ဧကရီ ဘုရင်မ ယွမ်ရွှီက မထီမဲ့မြင်ပြုကာ ပြုံးလိုက်ပြီး

"အဘိုးကြီးတစ်ယောက်က ကျွန်မနဲ့ ဧကရာဇ်တိုက်ပွဲကို စချင်နေတယ်ပေါ့?"

" ရှင်နဲ့ ကျွန်မကြားက ကွာခြားချက်ကို ရှင်မသိသေးလို့ ဒီစကားပြောတာပဲ ဖြစ်ရမယ်"

အပိုင်း(၇၇) :ဖီးနစ်ဌက်သည် ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေပြီး၊ ဓားသည်လည်း အေးစက်စွာ တောက်ပနေသည်။

  ဘုန်း!

ဧကရီ ဘုရင်မ ရွှမ်ယွီသည် ထိုစကားကို ဆိုပြီးသည်နှင့် ​ ကြီးမား​သော ဧကရီ တစ်ပါး၏ ဖိနှိပ်စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်​ထဲမှ တဟုန်းထိုး ထကြွလာခဲ့သည်။

သူမ၏ ၀တ်လုံပေါ်တွင် ဆင်ယင်ထားသော ဖီးနစ်ဌက်တို့သည် အသက်ရှိသော သတ္တဝါအလား ရွှေနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သူမကို ဝန်းရံ၍ လှည့်ပတ်ပျံသန်းနေသည်။

အဆုံးမဲ့စကြာဝဠာရှိ ကြယ်များသည် ဤမျှ တန်ခိုးကြီးမားသော ရောင်ဝါကြောင့် တုန်လှုပ်နေကြသည်။

ကြီးမားကျယ်ပြန့်သော သွေးချီ စွမ်းအားသည် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ထကြွနေ၏။

ယခုအချိန်တွင် သူမ၏ ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

" ကျွန်မရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှ အဲ့လိုစကားမျိူး ပြောရတယ်"

"ကလေးတွေ၊ သူ့ကို တစ်စီ ဆုတ်ဖြဲပစ်စမ်း!"

ကြည်လင်ပြတ်သားသော ဖီးနစ်တေးသံသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောင်နေသော ဖီးနစ်ဌက်တို့သည် ၎င်းတို့၏ အတောင်ပံများကို ရိုက်ခက်လျက် ၊ဟင်းလင်းပြင်အတွင်း ဧရာမ မီးမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလေသည်။

နတ်မီးလျှံများသည် ကောင်းကင်ထိ ထိုးတတ်သွားပြီး ဤကမ္ဘာကြီးကို အားရပါးရ လောင်းကျွမ်းနေခဲ့သည်။

လှပပြီး ပြိုးပြိုးပြက်ပြက် တောက်ပသော အတောင်ပံများသည် အဆုံးစွန်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေရာ၊ သွားလေရာ နေရာတိုင်း ဟင်းလင်းပြင်တစ်ခုလုံးကို အက်ကွဲသွားရပြီး ကြယ်များကိုပင် ပေါက်ကွဲစေခဲ့သည်။

ကွေးယီး ဧကရာဇ်မင်းမြတ်သည် အေးစက်စွာ နှာမှုတ်လိုက်ရင်း ၊ကြောက်မက်ဖွယ်ကောင်းသော ၎င်း၏ ဧကရာဇ်ဖိနှပ်စွမ်းအားကို စတင် ထုတ်လွှတ်လာခဲ့ပြီ ဖြစ်သည်။

ကွေးယီးဧကရာဇ်မင်းမြတ်သည် စကြဝဠာအတွင်း မျောလွင့်နေသော ကြယ်အပိုင်းအစများကို စုဝေးလိုက်ပြီး ဧရာမ ကြယ်ဥက္ကာခဲကြီးအဖြစ် ပြောင်းလဲလိုက်သည်။

သို့သော် ၎င်းကြယ်စုကြီးသည် ယခင်က ထုတ်လွှတ်သော ကြယ်များ၏ အရှိန်အဝါနှင့် မတူညီဘဲ ၎င်းအထဲတွင် ကြွယ်ဝသော ဧကရာဇ်မင်း၏ ဖိနှိပ်စွမ်အားနှင့် ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ပါရှိသည်။

ဘုန်း!

ကွေးယီး ဧကရာဇ်မင်းမြတ်သည် သူ၏ စွမ်းအားကို တစ်ဖန်ပြန်လည်အသက်သွင်းလိုက်ရာ၊ သူ့ကို ဝန်းရံထားသော ကြယ်စင်များသည် ကြီးမားသော စွမ်းအားကြီးများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သူ၏အမြင်အရ၊ သူ၏ ကြယ်သည် ကမ္ဘာမြေကြီး၏ ဂုဏ်သတ္တိနှင့် သက်ဆိုင်ပြီး ပြိုင်ဘက်၏ တောက်လောင်နေသော ဖီးနစ်ဌက်သည် မီးဂုဏ်သတ္တိ ရှိသည်။

ကမ္ဘာမြေကြီးသည် မီးကို အောင်နိုင်သည်။၎င်းသည် ဤကမ္ဘာပေါ်ရှိ ဒြပ်စင်ငါးပါး၏ နိယာမပင် ဖြစ်သည်။

ဧကရာဇ် နှစ်ပါး၏ တိုက်ခိုက်မှုသည် မြင့်မြတ်သော တောင်ထွပ်‌တောင်တန်းနှင့် နတ်သားရဲတို့ တိုက်ခိုက်နေသည့်အလား ၊ ကြယ်ရောင်စုံသော စကြဝဠာကြီးပင်လျှင် တဝီဝီ တုန်ခါမြည်ဟည်းနေပြီး အားကြီးသော မုန်တိုင်းများ အစီအရီ ကျရောက်သွားသလိုပင်။

သို့သော် ဖီးနစ်ဌက်၏ အရှိန်အဝါသည် ကောင်းကင်ကိုတောင် လောင်ကျွမ်းစေနိုင်ပုံရကာ၊ မီးလျှံသင်္ကေတများက ကောင်းကင်ကြီးကို ထာဝရ အရည်ပျော်ကျလောက်အောင် အထိ တဟုန်းထိုး ထကြွနေသည်။

တဖက်လူ၏ ဧရာမ ကြယ်စုများမှာ ယခုအခါတွင် နတ်မီးများဖြင့် ထုတ်ပိုးခံထားရပြီး လောင်မြိုက်သော စွမ်းအားများက ၎င်းတို့ကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!?"

ကွေးယီးဧကရာဇ်မင်းမြတ်၏ မျက်နှာမှာ မယုံကြည်လောက်အောင် ဖြစ်နေသည်။

မီးတောက်မီး‌လျှံများက တကယ်ကို အရည်ကျိုပစ်ခဲ့သည်။

၎င်းသည် ဒြပ်စင်ငါးပါး၏ နိယာမကို ချိုးဖောက်ပစ်ခဲ့သည်။

မီးလျှံများဖြင့် တဟုန်ထိုး တောက်လောင်နေသော ဖီးနစ်ဌက်သည် ကြယ်စုများကို ဖြိုခွဲနေသည့် တချိန်တည်းမှာပင် ၎င်း၏ စွမ်းအားသည် လျော့ကျမသွားဘဲ ပို၍ ပြင်းထန်လာခဲ့သည်။

နတ်မီးလျှံများ ကင်းစင်သွားပြီး အချိန်တွင်မူအရာအားလုံးသည် တိတ်ဆိတ်ငြိမ်ကျသွားသည် ။

" မင်းကိုယ်မင်း တကယ်ပဲ အနိုင်ရမယ်လို့ ထင်နေလား!"

ကွေးယီးဧကရာဇ်မင်းမြတ်သည် သူ့လက်ကို အာကာသ ဟင်းလင်းပြင်ထဲသို့ ဆန့်တန်းပြီး ‌ဆုပ်ကိုင်လိုက်ရာ မှော်သင်္ကေတများက တဆက်ဆက် တုန်ခါလျက် ၊အနီရောင် ရောင်ဝါများက လေပွေအလား သူ့လက်ဖဝါးဆီသို့ စုဝေး ရောက်ရှိလာသည် ။

သွေးစွမ်းအင်များက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး ဆိုးဝါးသော အငွေ့အသက်များဖြင့် လွှမ်းခြုံသွားသည်။ ဤသည်မှာ ဧကရာဇ်မင်းမြတ်၏ ဧကရာဇ်မင်းလက်နက် ဖြစ်သော ကောင်းကင်ဖွင့်ဓားပင် ဖြစ်သည်။

အလုံးစုံသော ဝိညာဉ်အားလုံး၏ အသွေးအသားများကို စုဆောင်းထားပြီး၊၎င်းသည် ဝိညာဉ်များကို အရည်ပျော်စေနိုင်ရုံသာမက ရှေးခေတ်သွေးကျောက်များကိုပင် အရည်ကျိုပစ်နိုင်သည်။ စကြဝဋာကြီးကို ဖွင့်ကာ ‌နတ်ဆိုး နှင့် နတ်ဘုရားများကိုပင် သတ်ပစ်နိုင်သည်ဟု ဆိုကြသည်။

" ချိုးဖြတ်စေ!"

ကွေးယီးဧကရာဇ်မင်းမြတ်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး ၊ ကောင်းကင်ဖွင့်ဓားဖြင့် ဖြတ်ခုတ်လိုက်သည်။

ကမ္ဘာဦးအစကဲ့သို့ ဓားကောက်၏ သွေးနီရောင်သည် ပိုမို တောက်ပလာသည်။

ဧကရာဇ်လက်နက်သည် ဧကရာဇ်မင်း၏ နှိုးဆော်မှုအောက်တွင် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာပြီး ၊ ကြီးကျယ်ခမ်းနားသော ၎င်း၏ ဓားစွမ်းအင်သည် အလွန်အမင်း အစွမ်းထက်လာသည်။

ဧကရာဇ်မင်း၏ ဖိနှိပ်စွမ်းအားသည် နဂါးငွေ့တန်းဂလက်ဆီမှ သွန်းလောင်းချလိုက်သလိုမျိူး ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို

ရက်စက်စွာ ဖြိုခွင်းလိုက်သည်။

ဘုန်း!

နတ်မီးလျှံများသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး၊ ဓား၏ အေးစက်မှုသည် လည်း ပို၍ ပြင်းထန်လာသည်။

ရွှေနီရောင် နတ်မီးလျှံများသည် ကောင်းကင်တခွင်ကို ရွှေအိုရောင်အဖြစ် ဆေးခြယ်ထားသည်မှာ ကမ္ဘာမြေကြီးကိုပင် ရောင်ပြန်လင်းလက်သွားစေသည်။

လူးလိမ့်နေသော ရွှေအိုရောင်တိမ်တိုက်ကြားထဲတွင် သွေးချီစွမ်းအင်များက အလိပ်လိပ်ထကြွနေသည် ။ တုနှိုင်းမရသော ဓားအလင်းနှင့် လှပသော နတ်ဖီးနစ်ဌက်တို့က ရပ်စဲခြင်းမရှိ ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ဧကရာဇ်လက်နက်၏ ကောင်းချီးကြောင့် ကွေးယီးဧကရာဇ်မင်း၏ တိုက်ခိုက်မှုသည် ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းလာခဲ့သည်။

နတ်ဖီးနစ်ဌက်သည် တဖြည်းဖြည်း စွမ်းအင်များ ဆုံးရှုံးလာခဲ့ရာ ၊ ထို့နောက်တွင် ဓားချက်ဖြင့် ရက်ရက်စက်စက် ဖျက်ဆီးခြင်းခံလိုက်ရပြီး မီးမိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်မှ ရွာကျလာခဲ့သည်။

"ဟာဟားဟား၊ ဒီလို ခွန်အားမျိုးနဲ့ ကြီးကြီးကျယ်ကျယ် ပြောဝံ့တယ်ပေါ့!?န၀မမြောက်အဆင့် ဧကရာဇ်အဆင့်ကများ အတင့်ရဲလိုက်တာ!"

[ T/N - နဝမြောက် ဖြစ်တဲ့ အဆင့်ကိုးဆင့်မှာ အောက်ဆုံး တတိယအဆင့်ကို ပြောတာပါ

အဆင့်ခွဲပြရရင် -အထက်တန်း ပထမအဆင့်၊အထက်တန်း ဒုတိယအဆင့်၊အထက်တန်း တတိယအဆင့် ၊

အလယ်တန်း ပထမအဆင့် ၊အလယ်တန်း ဒုတိယအဆင့် ၊အလယ်တန်း တတိယအဆင့်၊

အောက်ဆုံး ပထမအဆင့် ၊အောက်ဆုံး ဒုတိယအဆင့်၊ အောက်ဆုံးတတိယ အဆင့် ဆိုပြီး ရှိပါတယ် ]

ကွေးယီး ဧကရာဇ်မင်းမြတ်သည် ရွမ်ယွီ ဧကရီ ဘုရင်မ၏ တိုက်ခိုက်မှုကို ဖြိုခွဲပြီးနောက် ၊ ကဲ့ရဲ့လှောင်ပြောင် ပြောဆိုလိုက်သည်။

ကမ္ဘာပေါ်တွင် ကြီးမြတ်သော ဧကရာဇ်မင်း အဆင့် ကိုးဆင့်ရှိပြီး ၊ ပထမအဆင့်မှာ အသန်မာဆုံးဖြစ်ပြီး နဝမမြောက်အဆင့်သည် အညံ့ဆုံးဖြစ်သည်။ ပထမအဆင့်ထက် သာလွန်သူများမှာ အမတအရှင်ပင် ဖြစ်သည်။

ကွေးယီး ဧကရာဇ်မင်း၏ လှောင်ပြောင်သံကိုကြားတော့ ရွှမ်ယွီ ဧကရီ ဘုရင်မမှာ အနည်းငယ် ခေါင်းကိုက်သွားသည်။

သူမသည် ဤကဲ့သို့ မျိုးဆက်ဟောင်း ဧကရာဇ်လူအိုကြီးများအပေါ် အတော်လေး ကြည့်မရသူ ဖြစ်သည်။ သူတို့အားလုံးတွင် ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။ယခုတွင် ၎င်း၏ အသက်ရှုသံမှာ ဖရိုဖရဲ ဖြစ်နေပြီး တည်ငြိမ်ဖို့ လိုအပ်နေသည်။သို့သော် ၎င်းက တဖက်လူကို လှောင်ပြောင်နေလိုက်သေးသည်။

"အိုင်း~"

"ထားပါတော့၊ ဒီဟာသလည်း အဆုံးသတ်သင့်ပြီ"

သူမ၏ စကားအဆုံးတွင် ၊ သူမသည် ကျောက်စိမ်းပမာ လက်ချောင်းများကို အသာယာ ဆန့်ထုတ်လိုက်သည်။

ကွဲအက်သံ!

ဟင်းလင်းပြင်ကြီးမှာ တဖြည်းဖြည်း ကွဲအက်သွားပြီး ၊ ၎င်းအက်ကွဲကြောင်းများအတွင်းမှ တောက်လောင်နေသော နတ်မီးလျှံများ ဤကမ္ဘာကြီးကို အော်ဟစ်နေသကဲ့သို့ လျှံထွက်လာသည်။

ဝုန်း!

ဟင်းလင်းပြင်ကြီးမှာ မြည်ဟည်းတုန်လှုပ်သွားပြီး၊ အာကာသတွင်းရှိ အက်ကွဲကြောင်းများမှ နတ်မီးလျှံများသည် ဧရာမ သားရဲတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာတော့မည့်အတိုင်း!

အဆုံးတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

အက်ကွဲကြောင်း ဧရာမ အပေါက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။တောက်ပရွှန်းစိုနေသော အလင်းရောင်သည် ပူပြင်း တောက်လောင်နေသော နေရောင်အလား ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားရာ ကမ္ဘာကြီး၏ အပူချိန်ကို လျင်မြန်စွာ မြင့်တက်သွားစေခဲ့သည်။

ဝူး!

ဖီးနစ်ဌက်၏ အော်သံနှင့်အတူ ၊ ၎င်း၏ လှပသော နတ်အမွေးအတောင်များအား အဆုံးစွန်သော မီးစွမ်းအားများက ဝန်းရံထားသည်။

ထုတ်လွှတ်လိုက်သော အလင်းရောင်သည် အလွန်ကို စူးရှလွန်းပေရာ ဤကမ္ဘာကြီးပေါ်သို့ နေမင်းကြီးတစ်ပါး ဆင်းသက်လာသလိုပင် ။

ဤမျှ တောက်ပသော အလင်းရောင်များကြားတွင် ပျံသန်းနေသော ဖီးနစ်ဌက်တို့သည် ဤလောက၌ မီး၏ မူလဇစ်မြစ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း အဆက်မပြတ် လှည့်ပတ်လျက် ရောယှက်နေသည်။

ဝီ!

၎င်းဖီးနစ်ဌက်တို့သည် ရွှေနီဖြင့် ပြုလုပ်ထားသော နတ်မှန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ

မှော်သင်္ကေတများက စူးရှတောက်ပလာသည်။

"ဒါက အံ့ဖွယ်ဖီးနပ်ကြေးမုံ!"

ရှေးလူအိုကြီးတယောက်က ထိုမှန်ချပ်ကို မြင်ပြီး ရုတ်တရက် မှတ်မိသွားခဲ့သည်။

အံ့ဖွယ်ဖီးနပ်ကြေးမုံသည် ရှေးခေတ် ဖီးနစ်ဘိုးဘေးများ၏ စစ်မှန်သော အသွေးအသားများကို အရည်ကျိုပြီးမှ ရလာသော အရာတစ်ခုဖြစ်သည် ။၎င်းသည် ကမ္ဘာပေါ်ရှိ မီးလမ်းစဥ်ကို ပိုမို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ကွေးယွမ် သူတော်စင် နယ်မြေတွင် တန်ခိုးကြီးမားသောဧကရာဇ်မင်း တစ်ပါးရှိခဲ့သည် ။ထိုသူသည် ကမ္ဘာကပ်ဘေးစစ်‌ပွဲတွင် အံ့ဖွယ်ဖီးနပ်ကြေးမုံကို ကိုင်ဆောင်ကာ ဖီးနစ်တို့၏ တဟုန်းထိုးဘတောက်လောက်နေသော မီးတောက်မီးလျှံများကို ထိန်းချုပ်ကာ မရေမတွက်နိုင်သော အမှောင်သတ္တဝါများကို လောင်ကျွမ်းစေခဲ့သည်။

ထိုဧကရာဇ်မင်းမြတ်သည် နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်မှုကြောင့် ကြွေလွှင့်ခဲ့ရပြီး၊ ဤအံ့ဖွယ်ဖီးနစ်ကြေးမုံမှန်တစ်ချပ်သာ ကျန်ရစ်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

၎င်းအံ့ဖွယ်ဖီးနစ်ကြေးမုံမှန်သည် မမျှော်လင့်စွာဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ရွှမ်ယွီ ဧကရီ ဘုရင်မ၏ ဧကရာဇ်လက်နက်တစ်ခုဖြစ်လာခဲ့သည်။

"ဒဏ္ဍာရီအသစ်တစ်ခု မွေးဖွားလာတော့မှာပဲ"

ဟိုး‌ရှေးယခင်က တိုက်ပွဲတွင်လည်း အံ့ဖွယ်ဖီးနစ်ကြေးမုံသည် အလွန် ထက်မြက်သော ဧကရာဇ်မင်း လက်နက်တစ်ခု ဖြစ်ခဲ့ပြီး ၎င်းဧကရာဇ်မင်း လက်နက်ကို ယခုတိုက်ပွဲ၌ ထပ်မံ မြင်တွေ့လာရသည့် အခိုက်အတန့်တွင် သူတို့၏ သွေးများ ပွက်ပွက်ဆူလာခဲ့သည်။

မျက်လုံးထဲတွင် မျှော်လင့်တောင့်တမှုများ ပေါ်ထွက်လာ‌နေသည်။

" မင်းမှာ ဒီလို ဒဏ္ဍာရီဆန်ဆန် ဧကရာဇ်မင်းလက်နက် ရှိတောင် ဘာဖြစ်လဲ?"

" ငါ့ရဲ့ ဓား တစ်ချက် ခုတ်စာပဲရှိတယ်"

"မင်းက ဒီလိုမျိုး ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ဖို့ လုံးဝ မထိုက်တန်ဘူး!"

ကွေးယီးဧကရာဇ်မင်း၏ အကြည့်များသည် အေးစက်နေသော်လည်း ၊သူ့စိတ်ထဲမှာမူ အတော်လေး မကျေချမ်းနိုင်ဖြစ်နေသည်။

သူသည် အဋ္ဌမမြောက် ဧကရာဇ်မင်း တစ်ပါး ဖြစ်ပြီး ဝါရင့်ဧကရာဇ်မင်း တစ်ပါးဟု ယူဆနိုင်သည်။ သို့သော် သူ၏ ဧကရာဇ်မင်းလက်နက်မှာ ပြိုင်ဘက်နှင့်ယှဉ်ရင် ပဉ္စမ‌မြောက် အဆင့်သာရှိသည် ။

"မထိုက်တန်ဘူး ဟုတ်လား?"

ရွှမ်ယွီ ဧကရီ ဘုရင်မက ရယ်၏။

သူမသည် လွန်စွာ အေးစက်သော အပြုံးဖြင့် ပြုံးလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အပူချိန်များ ကျဆင်းသွားပြီး လူကို ခိုက်ခိုက်တုန်အောင် ဖြစ်သွားစေသည်။

"အိုင်ယား! အဲ့ကလေးမ ရွှမ်ယွီက အဲ့စကားလုံးသုံးလုံး ကြားရတာကို အမုန်းဆုံးပဲ"

"ဟုတ်တာပဲ! အဲဒီအချိန်တုန်းက၊ အင်အားကြီးမိသားစုတစ်ခုရဲ့ တာအိုတပည့် တစ်ယောက်က သူမကို အရည်အချင်းမပြည့်မီဘူးလို့ ပြောခဲ့‌တာလေ ၊ နောက်ဆုံးတော့ အဲ့ကလေးမက အဲ့တစ်ယောက်ကို မြေလှန်လိုက်ရှာပြီး နေရာမှာတင် ခေါင်းဖြတ်သတ်ပစ်ခဲ့တယ်လေ"

ကွေးယွမ်၏ ဘိုးဘေးအချို့က ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။ရွှမ်ယီ ဧကရီ ဘုရင်မသည်

အရည်အချင်းမှာ ထက်မြက်သလောက် သူမ၏ ပင်ကိုယ်စရိုက်မှာလည်း အတော်ကြမ်းတမ်းပေသည်။

ထိုအချိန်က ပထမမျိုးဆက် အံ့ဖွယ်ဖီးနပ်ကြေးမုံကို ကိုင်ဆောင်ခဲ့သော ဧကရာဇ်မင်းမြတ်မှာ တခြားသူ မဟုတ် ၊ သူမ၏ အစ်ကိုပင် ဖြစ်သည်။

သူမသည် အစ်ကိုဖြစ်သူ၏ လိုလားတောင့်တခဲ့သော ဆန္ဒကို အမွေဆက်ခံခဲ့ကာ၊ နောက်ဆုံးတွင် ဧကရာဇ်လမ်းစဉ်ကို လိုက်စားခဲ့ပြီး ဧကရီဘုရင်မ တစ်ပါး ဖြစ်လာခဲ့သည်။

ဒါတင်မက သူမအား ပိုပြီး သန်မာလာစေရန် နယ်ခြားစစ်မြေပြင်သို့ သွားရောက်၍ အတွေ့အကြုံယူခဲ့သေးသည်။ဤအရာအားလုံးမှာ အစ်ကိုဖြစ်သူ၏ ကြာရှည်စွာ တောင့်တခဲ့သော ဆန္ဒတစ်ခုတည်းကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုချိန်မှာတော့ အစ်ကိုဖြစ်သူ၏ ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ဖို့ မထိုက်တန်ဘူးလို့ ပြောခံလိုက်ရသည်။

ဘုန်း!

အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော မီးလျှံကြီး တစ်ခု ထွက်‌ပေါ်လာခဲ့သည်။

၎င်းမီးလျှံသည် ကောင်းကင်နှင့် သွယ်တန်းထားပြီး ပျက်စီးခြင်းတရားများ ပါဝင်သော မီးလျှံများက အမှောင်ကမ္ဘာကြီးကို လောင်ကျွမ်းတော့မည့်အလား။

မရေမတွက်နိုင်သော ဖီးနစ်ဌက် အော်ဟစ်သံများနှင့် အဆုံးမဲ့ နတ်မီးလျှံများ၏ အသံများက ပဲ့တင်ထပ်သွားခဲ့သည်။

ဒေါသတရားများ ပါဝင်သော ငရဲမီးလျှံ များသည် ဤကမ္ဘာမြေကြီးဆီသို့ ဆင်းသက်လာခဲ့ချေပြီ။

အပိုင်း(၇၈) : မဟာသူတော်စင် အောက်ကလူတွေ ငါနဲ့ မတန်ဘူး ၊အမတဘုံရဲ့ အထက်

"သိပ်ကြောက်စရာကောင်းတာပဲ! ဒါက ဧကရာဇ်မင်း စစ်ပွဲတဲ့လား ၊ဒီလောက် ကြောက်စရာကောင်းတဲ့ စစ်ပွဲ ငါ ဒီနေ့ အများကြီး သင်ယူခဲ့ရတာပဲ"

တချို့သော အင်အားကြီးပုဂ္ဂိုလ်များ၏ မျက်နှာအမူအယာပေါ်တွင် ၎င်းတို့၏ စိတ်ခံစားချက်များကို မြင်တွေ့နေရသည်။

စကြာဝဠာရှိ ကြယ်များဖုံးလွှမ်းထား‌‌သော ကောင်းကင်ကြီးသည် မီးရှို့ခံလိုက်ရသကဲ့သို့ ကောင်းကင််တခွင်လုံး ရွှေနီရောင်များဖြင့် လွှမ်းခြုံထားသည်မှာ မီးလျှံပင်လယ်အလား။

မရေမတွက်နိုင်သော ဖီးနစ်အရိပ်များသည် တိုက်ပွဲကြားတွင် အော်ဟစ်နေကြသည်။

မြေပြင်မှာလည်း နှစ်ဦးနှစ်ဖက် အဆက်မပြတ် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

ပြင်းထန်သော သွေးနံ့များက နေရာတိုင်းတွင် ရှိနေပြီး ၊ ဤစစ်ပွဲ၏ ရက်စက်မှုကို မီးမောင်းထိုးပြလို့ နေသည်။

ထိုအချိန်တွင် ကွေးယွမ် ဘုရားကျောင်းထဲမှ ဝတ်ရုံဖြူ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။

သူ၏ မျက်လုံးများမှာ အေးစက်နေပြီး ၊၎င်း၏ အမူအရာသည် တည်ငြိမ်လွန်းပေသည်။

" ချန်ကဲ ၊ မြန်မြန်ပြန်သွား ၊ဒီအသေးအမွှားလောက်ကိုတော့ ငါဖြေရှင်းနိုင်တယ်"

ကွေးယွမ်၏ သူတော်စင်အရှင်က စူးချန်ကဲကို အေးစက်စွာ ဆိုလိုက်သည်။

" သူတော်စင်အရှင်၊ ချန်ကဲ မှာ တောင်းဆိုချင်စရာ တစ်ခုရှိပါတယ်"

"ပြော"

ကွေးယွမ် သူတော်စင်အရှင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

စူးချန်ကဲ အပြင်းအထန် မလေ့ကျင့်ဘဲ၊ ဒီလိုအချိန်ကြီး ဘာထပ်တောင်းဆိုမလို့လဲ?

" ချန်ကဲလည်း စစ်မြေပြင်ကိုသွားပြီး ကွေးယွမ် သူတော်စင် နယ်မြေအတွက် တာဝန်ထမ်းဆောင်ချင်ပါတယ်"

"ဘယ်လို?"

ဤတောင်းဆိုချက်သည် ကွေးယွမ် သူတော်စင်အရှင်ကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့ပြီး ၊သူ့ကိုယ်သူ နားကြားမှားသလားဟုတောင် ပြန်မေးယူရသည်။

"မင်းကိုယ်တိုင် စစ်မြေပြင်ကို သွားချင်တယ်ပေါ့?"

စူးချန်ကဲသည် ယတိပြတ် ခေါင်းညိမ့်လိုက်သည်။တကယ်တော့ စနစ်သည် သူ့အား စစ်မြေပြင်ကိုသွားရန် မစ်ရှင်ထုတ်ပေးခဲ့သည်။

သူ့‌အနေဖြင့် နောက်ထပ်ကံစမ်းမဲများရယူရန် အင်အားစုကြီး ငါးစုမှ တာအိုတပ်ဖွဲ့ဝင်များကို လုံလုံလောက်လောက် သတ်ဖြတ်ရန် လိုအပ်သည်။

ဤမျှကောင်းမွန်သော အရာကို သူမည်သို့လက်လွတ်ခံနိုင်မည်နည်း။

လူယုတ်မာကောင်ကို အခွင့်အရေးသွား မပေးမိစေနဲ့ ဆိုတာ ဒါကိုပြောတာ!

သို့သော် ယခုအချိန်တွင် သူသည် တရားမျှတမှုကို လက်ကိုင်ထားသော မောင်ရိုးသားလေး တစ်ယောက်အနေဖြင့် အံ့သြထိတ်လန့်ချင်ယောင်ဆောင်ကာ ၊ တဖက်လူ၏ နှစ်သက်မှုကိုလည်း ပိုပြီးရယူနိုင်ရန် ဂွင်ဆင်နေသည်။

"ဒီအဖြစ်အပျက်က ကျွန်တော်ကြောင့်ဖြစ်ရတာ၊ ကွေးယွမ်မှာရှိတဲ့ စစ်သည်တွေအားလုံး အခု တိုက်ပွဲဝင်နေကြပြီ"  

" ကွေးယွမ်ရဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့၊ ကျွန်တော်လည်း တာဝန် တစိတ်တပိုင်းကို ခွဲယူသင့်တယ်!"

ကွေးယွမ် သူတော်စင် အရှင်မှာ အခက်‌တွေ့နေပုံရသည်။

စူးချန်ကဲက ဆက်ဆိုပြန်သည်။

"ပြီးတော့၊ ကျွန်တော်အနေနဲ့ သွေးနဲ့ မီးတို့ရဲ့ ပြင်းထန်တဲ့ စမ်းသပ်မှု အတွေ့အကြုံမရှိဘဲ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ?"

"ချန်ကဲ မင်း.."

ကွေးယွမ် သူတော်စင် အရှင်သည် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်၊သူတော်စဉ်အရှင်သည် ရှေးဘိုးဘေးတစ်ဦး၏ မှာကြားချက်ကို ရုတ်တရက် ရရှိခဲ့သည်။

သူ၏ အမူအရာမှာ ခေတ္တတုံ့ဆိုင်းသွားပြီးနောက် သူသည် ခေါင်းညိမ့်လိုက်သည်။

"ကောင်းပြီ၊ ငါ သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သိက္ခာရှိလဲဆိုတာ အားလုံးကို သိစေရမယ်!"

" ချန်ကဲ အမိန့်နာခံပါတယ်!"

ထို့နောက် သူသည် ကွေးယွမ် သူတော်စင် နယ်မြေမှ ထွက်ခွာပြီး စစ်မြေပြင်ဆီသို့ ဦးတည်သွားခဲ့သည်။

" သူတော်စင် အရှင် ၊ ဒီလိုပြုမူတာ အရမ်းမိုက်မဲရာ မကျပေဘူးလား?"

ထိပ်တန်း အကြီးအကဲတစ်ဦးက စိုးရိမ်ပြီး မေးလိုက်သည်။ထိုစကားထဲတွင် ဘိုးဘေး၏ စကားများ ပါဝင်နေမှန်း သူ သိသည်။သို့သော်လည်း စူးချန်ကဲသည် သူတို့ သူတော်စင် နယ်မြေ၏ အနာဂတ် ဖြစ်သောကြောင့် သတ္တိရှိရှိ မေးကြည့်လိုက်သည်။

"စိတ်မပူနဲ့ ၊ ရှေးဘိုးဘေးက ချန်ကဲအတွက် အကာအကွယ် မှော်အလွှာကို လျှို့ဝှက်စွာ ချထားပေးပြီပြီ၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သူ့ကို ခြိမ်းခြောက်လို့ မရဘူး"

“ပြီးတော့၊ ကွေးယွမ်က ဒီစစ်ပွဲကို ဦးဆောင်နေပြီးသား၊ ဘယ်သူကမှ လက်လွတ်စပယ် မလုပ်ဝံ့ဘူး "

ထို့နောက် သူသည် အဝေးကို လျှောက်လှမ်းသွားပြီ ဖြစ်သော ဝတ်ရုံဖြူ၏ ပုံရိပ်ကို ကြည့်ရင်း ဆိုလိုက်သည်။

"ခေတ်သစ်က ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို ကြီးစိုးတော့မယ်!"

သူသည် အနာဂတ်ကို မြင်တွေ့လိုက်ရသည်။

ဝတ်ရုံဖြူ လူငယ်တစ်ယောက်သည် ကောင်းကင်နှင့် ကမ္ဘာကြီးတစ်ခုလုံးကို ထာဝရအုပ်စိုးထားသည်။

တစ်ချိန်တည်းမှာပင် ၊ အင်အားစုကြီးငါးစု၏ မဟာမိတ်တပ်ဖွဲ့များသည် တိုက်ခိုက်ရာမှ ခေတ္တရပ်တန့်သွားပြီး ဝတ်ရုံဖြူ အသွင်ပုံရိပ်ဆီသို့ အာရုံရောက်သွားသည်။

သူတို့အားလုံး အနည်းငယ် စိတ်ရှုပ်သွားပြီး ဟိုးအဝေးက ပုံသဏ္ဍာန်အား လှမ်းကြည့်လိုက်ကြသည်။

တစ်ကိုယ်လုံး အဖြူထည်ကိုသာ ဆင်မြန်းထားပြီး ၎င်း၏ ရောင်ဝါသည် ဤကမ္ဘာတစ်ခုကို

လွမ်းခြုံထားသည်။

သူ၏ လက်များကို နောက်ကိုပစ်ထားပြီး ၊၎င်း၏ အေးစက်သော အကြည့်များမှာ သေမျိုးလောကကို စေ့စေ့စပ်စပ် ကြည့်ရှုနေသည့် နတ်ဘုရားအလား အောက်မေ့ရသည် ။

ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ဤကမ္ဘာပေါ်တွင် သူကလွဲ၍ မည်သူမှမရှိပေ။

စူးချန်ကဲသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ ၊ ဟင်းလင်းပြင်တွင် ထွက်ပေါ်လာသော အပြာရောင်ဓားရှည် တစ်ချောင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ထာဝရ ဆီးနှင်းခဲများအလား ထင်မှတ်ရသည့် ရောင်ပြန်ဟပ်နေသော ဓား၏ အလင်းသည် လူကို အေးခဲသွား‌စေပြီး ရင်သပ်ရှုမောဖွယ်ဖြစ်ရသည်။

စူးချန်ကဲ၏ ဓားသည် အင်အားစု ငါးစု၏ မဟာမိတ် တပ်ဖွဲ့များဆီသို့ တိုက်ရိုက် ညွှန်ပြနေသည်။

" မဟာ သူတော်စင်အောက်က လူတွေ ငါနဲ့ မတန်ဘူး "

" မဟာ သူတော်စင်အထက်က လူတွေ ၊တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့"

စူးချန်ကဲသည် သူ့စကားအဆုံးတွင် ၊တစ်လောကလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်မှာ အပ်တစ်ချောင်း ပြုတ်ကျသွားသံကိုပင် ကြားနိုင်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေခဲ့သော စစ်မြေပြင်ကြီးမှာ ယခုအချိန်တွင် အေးခဲသွားပုံရသည်။

ခုနက ဘာကိုကြားလိုက်ပါလိမ့်?

စူးချန်ကဲက တကယ်ပဲ တိုက်ပွဲမှာ ပါဝင်ဆင်နွှဲချင်တယ်ပေါ့လေ?

ဒါတောင် မဟာ သူတော်စင်အောက်က လူတွေက သူနဲ့ တိုက်ခိုက်ဖို့ မတန်ဘူး ?

မဟာသူတော်စင်အထက်က လူတွေသာ သူနဲ့ တစ်ယောက်ချင်းစီ ချမယ်!??

စိတ်ကြီးဝင်နေတဲ့ကောင်!

" ဆက်ခံသူ "

ကွေးယွမ် သူတော်စင်နယ်မြေရှိ တာအို စစ်သည်အပေါင်းတို့နှင့်အတူ ဘုန်းတော်ကြီးတို့၏ အကြည့်များကလည်း စူးချန်ကဲဘက်ဆီသို့ ကျရောက်သွားခဲ့သည်။

၎င်းတို့အားလုံးသည် ကွေးယွမ် သူတော်စင် နယ်မြေမှ လေ့ကျင့်သင်ကြားထားသော စစ်သည်များဖြစ်သည်။ဤစစ်ပွဲသည် တခြားသောအင်အားစုများက ၎င်းတို့၏ ဆက်ခံသူကို ခြိမ်းခြောက်လာခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ရမှန်းအားလုံးသိကြသည်။

ယခုမူကား၊ ဤစစ်ပွဲ၏ အကြောင်းရင်းမှာ သူတို့ဆက်ခံသူ၏ လက်ချက်ဖြစ်မှန်း မျက်မြင်ကိုယ်တွေ့ သိခဲ့ရသည်။

ထိုကဲ့သို့ ရဲစွမ်းသတ္တိဖြင့် ပြည့်စုံသော သူသည် နောက်အနာဂတ်တွင် ဒဏ္ဍာရီထက်ကျော်လွန်သော ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်ရမည်ပင်။

စူးချန်ကဲ၏ ထွက်ပေါ်လာမှုသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့များကို ပို၍ အားကောင်းလာစေသလို တိုက်ခိုက်ရေးစိတ်ဓာတ်များ ပိုပြီး သန်မာလာစေခဲ့သည်။

သူတို့၏ ဆက်ခံသူသည် လူချင်း တိုက်ခိုက်ရန် ထွက်လာခဲ့ပြီ ဖြစ်သောကြောင့် ၊ သူတို့အ‌တွက် ဘာကြောက်စရာရှိဦးမည်နည်း။

" ဆက်ခံသူသည် တုနှိုင်းမဲ့၊ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေသည် ဧကန်မုချ အနိုင်ရလိမ့်မည် ! "

ရုတ်တရက် ကွေးယွမ် သူတော်စင်နယ်မြေ၏ တပ်ဖွဲ့မှ လူတစ်ယောက်သည် ကောင်းကင်ကို ‌မော်ကြည့်ကာ ကြွေးကြော်လိုက်သည်။

ထို့နောက် တပ်ဖွဲ့ကြီးမှာ ထိန်းမနိုင်သိမ်းမရ ကြွေးကြော်ကြလေသည်။

" ဆက်ခံသူသည် တုနှိုင်းမဲ့၊ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေသည် ဧကန်မုချ အနိုင်ရလိမ့်မည် ! "

" ဆက်ခံသူသည် တုနှိုင်းမဲ့၊ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေသည် ဧကန်မုချ အနိုင်ရလိမ့်မည် ! "

""

ကြွေးကြော်သံများက ပဲ့တင်ထပ်လျက် ၊

ကောင်းကင်တွင် လောင်မြိုက်စွာ တောက်ပနေသော နေရောင်ခြည်သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့ကြီးကို ပို၍ တောက်ပစေသည်။

၎င်းတို့၏ ဓားရှည်များသည် သွေးနီရောင် တလက်လက်ဖြင့် ရန်သူကို အနိုင်ယူနိုင်သော တပ်ဖွဲ့ကြီးအလား ထင်မှတ်ရသည်။

"သေချင်နေတဲ့ကောင်တွေ!"

ကွေးယီးဂိုဏ်း၏ သူတော်စင် အရှင် ပုဂ္ဂိုလ်တစ်ယောက်က အမျက်ဒေါသကြီးစွာ ဖြစ်လို့နေသည်။သူသည် စူးချန်ကဲကို မိုးကြိုးလက်ဝါးသိုင်းဖြင့် သုတ်သင်ရန် သူ့လက်ကို မြှောက်တင်လိုက်သည် ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ဟန်ပြင်လိုက်သည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထား‌သော လက်ဖဝါးပြင်ကြီးသည် စူးချန်ကဲကို နှိမ်နှင်းပေတော့မည်။

ဝီ!

ဖူတွန်(ကျင့်ကြံရေး ဖြာ)ပေါ်တွင် ထိုင်နေသည့် မုတ်ဆိတ်ဖြူ တာအိုဆရာသခင် ဟု ယူဆရသည့် ကြီးမားကျယ်ပြန့်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏ အရိပ်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ဘုန်း!

စွမ်းအားကြီးမားသော ဖိနှိပ်စွမ်းအားများ ပေါ်ထွက်လာပြီး၊

တန်ခိုးကြီးမားသော ထိုသူတော်စင် အရှင်မှာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွား‌ခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ထိုမျှ စွမ်းအားကြီးမားသော တန်ခိုးတော်သည် သူတို့ နားလည်နိုင်စွမ်းထက် ပိုပြီး သာလွန်နေခဲ့သည်။တစ်နည်းအားဖြင့်ဆိုရသော တန်ခိုးကြီးမားသော သူတော်စင် အရှင်ကိုတောင် ချက်ချင်း သုတ်သင်ပစ်နိုင်ခဲ့သည်။

တဖက်လူကို လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့ပြီး ၊၎င်း၏ ကံကြမ္မာနှင့် အကြောင်းအကျိုးတရားပင်လျှင် ဗလာ အဖြစ် ပြောင်းလဲခဲ့ရသည်။

စူးချန်ကဲပင်လျှင် အနည်းငယ် စိတ်ရှုပ်သွားပြီး ‌ခဏ ကြောင်အမ်းသွားသည်။

သူ၏ စိတ်ထဲ၌ အသံဟောင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ ၊ ထိုမှသာလျှင် အသိစိတ်ပြန်ကပ်လာခဲ့သည်။

"ဒီကမ္ဘာကြီးရဲ့ ကိစ္စတွေကို ငါအရမ်း စွက်ဖက်လို့ မရဘူး၊ နှစ်ထောင်ပေါင်းများစွာကြာအောင် ဒီရဲ့ အားနည်း နေပြီဖြစ်တဲ့ စွမ်းအားတွေကိုသာ ငါ ထုတ်လွှတ်ပေးနိုင်ခဲ့တယ် ၊ မင်း အမြန်ဆုံး သန်မာမှ ဖြစ်မယ်"

" အမတဘုံက အစမှတ်ပဲ ရှိသေးတယ် ၊ဒီ့ထက် ပိုမြင့်တဲ့ အရပ်မှာ ငါ မင်းကိုစောင့်နေမယ်"

သိပ်မကြာခင်မှာပဲ ၊ လျှို့ဝှက်ဆန်းကြယ်သော အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ပိုပြီး ထူးဆန်းသည်မှာ အသံတစ်ခု ထွက်ပေါ်လာတာမျိူး မဟုတ်ဘဲ ၊ ထိုလျို့ဝှက်ဆန်းကြယ်သော စကားလုံးများသည် သူ့ခေါင်းထဲက ထွက်ပေါ်လာသလိုပင်။သူသည် ထိုစကားလုံးများကို ရေရွတ်မိလိုက်သည်။

"အမတဘုံက အစမှတ်ပဲ ရှိသေးတယ်တဲ့လား?"

စူးချန်ကဲ ခေါင်းကိုက်သွားသည်။ဤကမ္ဘာကြီးသည် သူထင်ထားတာထက် ပို၍ ကျယ်ဝန်းပုံရပေသည်။

"ခွေးကောင်! မင်းတို့ ကွေးယွမ် သူတော်စင် နယ်မြေက သိပ်ကို တော်တာပဲ ငါ့ဂိုဏ်းရဲ့ သူတော်စင် အရှင်ကိုတောင် သတ်ရဲတယ်ပေါ့!"

ကွေးယီးဂိုဏ်း ခေါင်းဆောင်၏ အမျက်ဒေါသမှာ ပို၍ ကြီးထွားလာခဲ့သည်။ သူတို့၏ သူတော်စင် အရှင် ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ဒီလို မရှင်းမလင်းနဲ့ သေအောင်လုပ်ပစ်ခဲ့သည်။

တကယ်တော့ စူးချန်ကဲလည်း အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူက ပေါ့ပေါ့ပါးပါး ပြုံးရင်း ဆိုလိုက်သည်။

"မင်းတို့လို အင်အားစုကြီး ငါးစုက လူငယ်လေးတစ်ယောက်ကို အနိုင်ကျင့်တတ်တာကလွဲရင် ဘာလုပ်တတ်လို့လဲ"

" ဒီလူငယ်လေးကို မကျေနပ်ရင် တတ်လာခဲ့လေ"

စူးချန်ကဲသည် ဓားကို ဆုပ်ကိုင်လျက်သား အင်အားစုကြီးငါးစု၏ မဟာမိတ်တပ်ဖွဲ့များကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

" မဟုတ်သေးဘူး မဟာ သူတော်စင် အောက်မှာ ရှိတဲ့လူ‌တွေကစ ကြိုက်သလို တတ်လာခွင့်ရှိတယ် ၊ ငါ စိတ်ထဲမထားဘူး"

ဤအခိုက်တွင် တိုက်ခက်လာသော လေပြင်းတချက်နှင့်အတူ စူးချန်ကဲ၏ ဝတ်ရုံဖြူမှာ မျှောလွှင့်နေလေသည်။

သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ရန်သူကို မတူမတန်သလို လျစ်လျူရှုထားသော လေသံမှာ အမတဓားအရှင်အလား အောက်မေ့ရသည်။

အပိုင်း(၇၉) :ခေတ်သစ်ကို ဦးဆောင်မည်

"ချီးပဲ! ခုမှ ဖုန်းဟွမ် ပြီးပြည့်စုံအဆင့်ပဲ ရှိသေးတဲ့သူက မဟာသူတော်စင်လက်အောက်ကသူတွေကို သူနဲ့မတန်ဘူးလို့ ပြောရဲတယ်ပေါ့"

စူးချန်ကဲသည် ဘာမှပြန်မပြောဘဲ အပြုံးမပြတ် နေလိုက်သည်။တကယ်တော့ သူ့ခန္ဓာကိုယ်ထဲက ကမ္ဘာ့သစ်မျိုးစေ့သည် ပို၍ ကြီးထွားလာသည်နှင့်အမျှ သူ၏ ခွန်အားသည်လည်း အရင်ကထက် အဆများစွာ ပိုသန်မာလာခဲ့သည်။

အမျိုးမျိုးသော သိုင်းပညာများနှင့် ကောင်းကင်ဘုံကိုတောင် အံတုနိုင်သော လျှို့ဝှက်ရတနာများနှင့်အတူ၊ မဟာ သူတော်စင်အောက်က လူများကို အသာလေး တိုက်ခိုက်နိုင်တယ်ဆိုတာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

" လီဟောက် ရှိနေလား!?"

ကွေးယီးဂိုဏ်းခေါင်းဆောင်၏ စကားအဆုံးတွင် ၊

လီဟန်နှင့် ခပ်ဆင်ဆင်တူသော လူငယ် လေးတစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

ထိုလူငယ်လေး၏ ရောင်ဝါသည် သူတော်စင် ပညာရှိ အဆင့် နယ်ပယ်သို့ စတင် ရောက်ရှိနေပြီမှန်း သိနိုင်သည်။ဤကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုအဆင့်ထိ ကျင့်ကြံအားထုတ်ဖို့ဆိုတာ လူများစွာအဖို့ မဖြစ်နိုင်ချေ။

ထိုအရာကို ကြည့်ခြင်းအားဖြင့် သူ၏ ဉာဏ်ရည်ထက်မြက်မှုကို သိရှိနိုင်သည်။

"မင်းက စူးချန်ကဲ လား?"

"ကောင်းတယ်၊ ငါ့ညီ‌လေး သေပြီ၊ ဒီနေ့ မင်းရဲ့အသက်နဲ့ ငါ့ညီလေးကို ယစ်ပူဇော်မယ်"

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကြွပါ ဆိုသည့် လက်အမူအယာဖြင့် ဖိတ်ခေါ်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ သူသည် လူဆိုးမဟုတ်ပေ ။ ညီအကိုတွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့ စေလွှတ်ပေးတာကလည်း ဒါလည်း ကုသိုလ်တမျိုးပဲ မဟုတ်လား!

"မင်းရဲ့ မောက်မာမှုအတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်!"

လီဟောက်သည် အေးစက်စွာ အော်လိုက်ပြီး လှံတစ်ချောင်းကို ဆွဲထုတ်ကာ စူးချန်ကဲဆီသို့ ဦိးတည်လိုက်သည်။

လှံ၏ ထွက်ပေါ်လာမှုသည် နဂါးတစ်ကောင်အလား ၊ကြယ်ပွင့်များပင်လျှင် လှုပ်ခါသွားသည်။

စူးချန်ကဲ၏ မျက်လုံးများသည် လင်းလက် တောက်ပနေသည်။သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာ့သစ်ပင်၏ စွမ်းအားများက တဟုန်ထိုး မြင့်တတ်လာခဲ့ပြီး ၊ သွေးချီစွမ်းအင်တို့သည် မိုးခြိမ်းသံအလား မြည်ဟည်းနေသည်။

တောက်ပသော ဓားအလင်းတန်း တစ်ခုသည် မျက်စိရှေ့က လေဟာပြင်ကြီးကို ဖြတ်ခုတ်ပစ်လိုက်သည်။

ရွှမ်း !

နဂါးငွေ့တန်းဂလက်ဆီနှင့် တူသော ဓားသည် အတားအဆီးအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။လီဟန်ဘက်က ခွန်အားအပြည့်နဲ့ တိုက်ခိုက်ရင်တောင် ၊ယခုအခါတွင် ထိုအရာများက လုံးဝအရေးမပါတော့သလိုပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လီဟောက်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည် ။

သို့ဆိုတောင် ဓားစွမ်းအင်ထဲ ဤကမ္ဘာကြီး၏ စွမ်းအားတွေ ကြွယ်ဝစွာ ပါဝင်နေတယ်ဆိုတာတောင် ဘာဖြစ်တုန်း?

သူ့အသိစိတ်ကတော့ ငြင်းဆန်နေသော်လည်း

လက်တွေ့မှာတော့ သူသည် ခံနိုင်ရည်မရှိခဲ့ပေ။ဓားစွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းလက်ငင်း ကွဲကြေသွားရပြီး သူ့၏ စိတ်ဝိညာဉ်ပင်လျှင် ပြင်းထန်စွာ ကွဲအက်သွားခဲ့သည်။

မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်တို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"မလုံလောက်သေးဘူး နောက်တစ်ယောက်"

ထိုဖြစ်ရပ်ကို မြင်လိုက်ရသည့် အင်အားစု ငါးစုရှိ မဟာမိတ်တပ်ဖွဲ့များ၏ အမူအရာများမှာ

မှုန်သုန်သွားကြသည်။

ထက်မြက်ပါတယ် ဆိုတဲ့ ပါရမီရှင်တောင် ဓားတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။

"လီဟောက်!!"

ကွေးယီး ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများမှာ နီရဲနေပြီး ရင်တစ်ခုလုံး ကွဲကြေခဲ့ရသည်။

သူ့ ဒုတိယသား၏ စွမ်းအားကို သူ နားလည်သည်။ရန်သူဘက်မှ အပြင်းအထန် ရန်လိုခဲ့ရင်တောင် သူ့အနေဖြင့် ကာကွယ်နိုင်သည်ဟု ယုံကြည်ခဲ့သည်။

သို့သော် ကိစ္စများသည် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ရသည်။သားဖြစ်သူသည် သူ၏မျက်စိရှေ့တွင် အလောင်းပင်မကျန် သေဆုံးသွားခဲ့သည်။

  "စူးချန်ကဲ!!”

  “သေခြင်းဇိုးကောင်!!”

ကွေးယီးဂိုဏ်း ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ရူးသွပ်မှုများ ပြည့်နှက်သွားခဲ့သည် ။စူးချန်ကဲ၏ လက်ထဲတွင် သူ၏ သားအရင်း နှစ်ယောက်လုံးကိုဆုံးရှုံးခဲ့ရသည်။ထိုအချက်က သူ၏လူသတ်ချင်စိတ်ကို ပိုပြီး မြင့်တတ်သွားစေခဲ့သည်။

ရန်သူ၏ အသားကို စားကာ သူ၏ အသွေးကို ယခုချက်ချင်း သောက်သုံးပစ်ချင်သည့်အထိပင်။

သူကိုယ်တိုင် ဝင်ပါပြီး တိုက်ခိုက်မည်ဆိုတောင် ၊ သူလည်းပဲ သူတော်စင် အရှင်ကဲ့သို့ နိဂုံးချုပ်ရမည်ကို နားလည်ပေသည်။

သို့သော် နောက်ဆုံးတွင် သူ၏ ဒေါသနှင့် မလိုလားအပ်သော စိတ်တွေကို လျော့ချလိုက်ရာ ၊ တဆက်ဆက် တုန်လှုပ်နေခဲ့သော သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

" မဟာ သူတော်စင်အောက်က သူတွေလည်း တတ်လာခဲ့ ဟုတ်လား?"

"ဒါဆို ငါအဘိုးကြီးလည်း စည်းမျဥ်းနဲ့အညီ တတ်လာပြီ "

ကွေးယီးဂိုဏ်း၏ အကြီးအကဲဖြစ်သူ အဘိုးကြီးတစ်ယောက် ထွက်လာခဲ့သည်။သူသည် ပြင်ပဂိုဏ်းဝင် အကြီးအကဲတစ်ဦိးဖြစ်ပြီး ၊ သူ၏ ကျင့်ကြံမှုသည် သူတော်စင် ပညာရှိ ပြီးပြည့်စုံအဆင့်ထိ ရောက်ရှိနေပြီဖြစ်သည်။

လီဟောက်၏ ကျင့်ကြံဆင့်နှင့် ယှဉ်မည်ဆိုပါက ၊ သူသည် အဆင့်သုံးဆင့် ပိုအားကောင်းသည်။

သူ၏လက်ဖြင့် မှော်အစီအရင်ကို အသက်သွင်းလိုက်ရာ၊ ကောင်းကင်နဲ့ မြေကြီးကြားက မှော်သင်္ကေတများသည် ရေနဂါးတစ်ကောင်ကဲ့သို့ သူ့ဆီ အရူးအမူး စုဝေးလာခဲ့ပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အက္ခရာလေးလုံး ဖြစ်ပေါ်လာသည်:

အဆုံး ၊ ရဲဘော်၊ တိုက်ပွဲ၊ ပုဂ္ဂိုလ် !

" ဖျက်စေ!"

ဝီ!

အဘိုးအို၏ စကားဆုံးသည်နှင့် ကြီးမားသော

အက္ခရာလေးလုံးသည် အလင်းရောင်နှင့်အတူ ပေါက်ကွဲထွက်ပေါ်လာကာ ၊ တာအို တေးသံစဥ်များသည် သမုဒ္ဒရာအလား လွင့်ပျံသွားခဲ့ပြီး စူးချန်ကဲကို လမ်းကြောင်းလေး‌ကြောင်းမှ ဖိနှိပ်ထားသည်။

စူးချန်ကဲသည် ပြောင်းလဲသွားခြင်း မရှိသောမျက်နှာထားဖြင့် ရှိနေသည်။ထို့နောက် နတ်ဆိုးအလား အောက်မေ့ရသည့် နိုးထလာခဲ့ပြီ ဖြစ်သော ကြီးကျယ်ခမ်းနားလှသော သူ၏ နတ်သတ်ဓားဆန္ဒနှင့်အတူ သူသည် တုံ့ဆိုင်းခြင်းမရှိ ခုတ်ပစ်လိုက်သည်။

ရွှမ်း !

ဓားအလင်းတန်းများသည် သက်ရှိအလား ပြုမှုဆောင်ရွက်နေပြီး ၊ဓားစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်တည်လာသကဲ့သို့ ကောင်းကင်တွင် သန်းပေါင်းများစွာသော ဓားပျံများ စုဝေးရောက်ရှိသွားသည်။

ဓားစွမ်းအင်မုန်တိုင်းထဲတွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများရှိနေပြီး ၊ သက်ရှိဓားအလင်းများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်မှာ လူကိုမျက်စိစူးရလောက်စေသည်။

ဓားစွမ်းအင်များသည် ကြည်လင်‌နေသော ရေများ ဖြေးဖြေးချင်း စီးဆင်းနေသကဲ့သို့ နေရာတိုင်းတွင် လှည့်ပတ်လို့ နေသည်။

နတ်သံကဲ့သို့ မာကျောသော အက္ခရာလေးလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး တစ်စစီ ကွဲကြေသွားခဲ့သည်။

ဓားသည် ဟင်းလင်းပြင်ကို ကွဲကြေသွားစေပြီး၊ အာကာသအတွင်း တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေသည်။

တုနှိုင်းမရသော ဓားအလင်းသည် အဘိုးအိုကို မညှာမတာ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ဤကမ္ဘာပေါ်တွင် တစ်ခါမှ မရှိခဲ့သလိုမျိုး ဖျက်ဆီးခံခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်လာရသူတိုင်း အံ့သြသွားကြသည်။ စူးချန်ကဲသည် ဤမျှလောက်ထိ သန်မာလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ပေ။

" ဇီဖူ ကြယ်ဆယ်လုံး ဖြစ်အောင်အထိ ဖန်တီးနိုင်ခဲ့တဲ့ ကောင်စုတ်လေးလို့ မပြောရဘူး ၊ ဒီလို မကြုံစဖူး အရည်အချင်းတွေနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်" ကြည့်ရှုသူ အများအပြားက ထုတ်ဖော် ပြောခဲ့ကြသည်။

မျိုးဆက်ဟောင်း လူကြီးများက‌တော့ ဆူးခလုပ် မဖြစ်အောင် ရှောင်ရှားကြပေမည် ဖြစ်သည် ။ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းနေသော ရက်စက်ကြမ်းကြုတ်သော သူ့အား တခြား ပါရမီရှင်များက ယှဉ်ပြိုင်နိုင်ရလောက်တဲ့အထိ ထိုက်တန်သော အရည်အချင်းများ ရှိသလော။

"ဒါပဲလား? ထိပ်တန်း အင်အားစု ငါးစုရဲ့ မျိုးဆက်သစ် လူငယ်တွေက ဒါအကုန်ပဲလား?"

စူးချန်ကဲသည် တိုက်ပွဲနှစ်ပွဲသာ ပြီးသွားသည်။သူ၏ ဝတ်ရုံဖြူမှာ အစွန်းအထင်း တစက်လေးမှ ရှိမနေပေ။ အထူးသဖြင့် ကောင်းကင်ဓား၏ ရောင်ပြန်ဟပ်နေသော အအေးဓာတ်ကို မည်သူမှ တိုက်ရိုက်မကြည့်ဝံ့ပေ။

ထိပ်တန်း အင်အားစုငါးစု၏ မဟာမိတ်တပ်ဖွဲ့ထဲမှ ထက်မြက်သော မျိုးဆက်သစ်ပါရမီရှင်များ အားလုံး ရှက်ရွံ့သော အမူအရာများ ပြသ‌နေသည်ကို မြင်လိုက်ရသော စူးချန်ကဲသည် ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

မတိုက်ရဲကြတော့ဘူးလား?

ဒါဆို သူ့စနစ်ရဲ့ ဆုလာဘ်တွေက ဆုံးရှုံးရမယ့်ကိန်း စိုက်နေပြီပေါ့?

"ဒီလိုလုပ်ရအောင်၊ ငါ ဆက်ခံသူက မင်းတို့ကို အခွင့်ကောင်း တစ်ခုပေးမယ်၊ မဟာ သူတော်စင်အောက်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ အကုန်လုံး တတ်ခဲ့ကြ ၊ ငါ တစ်ယောက်တည်း တိုက်မယ် "

စူးချန်ကဲ၏ စကားကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် လူတိုင်း အသက်ရှုရပ်မတတ် ရင်ခုန်သံမြန်သွားသည် ။

အင်အားစုကြီး ငါးစုရဲ့ မျိုးဆက်သစ် လူငယ်တွေ အားလုံးကို စိန်ခေါ်လိုက်တယ်ပေါ့ !?

ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့် အမျှ လူအ‌ယောက် တစ်ရာကို ပိတ်ဆို့ပြီး တိုက်ခိုက်ဖို့ဆိုတာ ကောင်းကင်တတ်ရတာထက် ပိုခက်ခဲသည်။

တာအို ဆရာတော်နယ်ပယ်အဆင့်နှင့် ဇီဖူနယ်ပယ်အဆင့်တို့ကို တိုက်ခိုက်ရန်မှာ လွယ်ကူသော်လည်း ၊

သို့သော် ဖုန်းဟွမ်အဆင့်ထက် သာလွန်သော ပါရမီရှင်များကို တစ်ယောက်တည်း တိုက်ခိုက်မယ်ဆိုတဲ့ သတ္တိမျိုး ဘယ်ကနေတောင် ရလာသလဲ။

  “”

လုံးဝ ထင်မှတ်၍ မရနိုင်သော အရာကြီးသည် ယနေ့တွင် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

စူးချန်ကဲ၏ စကားသည် အင်အားစုကြီးငါးစုမှ ထက်မြတ်သော ပါရမီရှင် လူငယ်များကို ပို၍ အရှက်ရစေကာ အမျက်ဒေါသ ဖြစ်ခဲ့ရသည်။

ဖုန်းဟွမ်အဆင့်ပဲ ရှိသေးတဲ့သူက ဒီလောက်တောင် ပြောင်ပြောင်တင်းတင်း ပြောဆိုဝံ့သလား!

"ဒီကလေးက တကယ်ကို ဘဝင်လေဟက်‌ နေတာပဲ၊ သူ့ဘက်က‌နေ ဒီလိုပြောလာမှတော့ ငါတို့တွေဘက်ကလည်း သူ့ကို ကူညီပေးရတာပေါ့!"

"မှန်တယ်၊ သူ ပါးစပ်ကနေ ဒီလိုအတင့်စီးတဲ့ စကားမျိုး ထွက်လာရဲတယ် ၊ ငါတို့အားလုံးကို သူတစ်ယောက်တည်း တိုက်ချင်တယ် ဆိုမှတော့ ငါတို့အနေနဲ့ ဘာမျက်နှာမှ ထောက်စရာမလို‌တော့ဘူး!"

" စူးချန်ကဲ မသေသ၍ ငါ စားမဝင် အိပ်မပျော်ဘူး!"

""

အများနှင့်တစ်ယောက် တိုက်ခိုက်ချခြင်းသည် အရှက်စရာကိစ္စဖြစ်သော်လည်း ၊သို့သော် သူတို့အားလုံးသည် စူးချန်ကဲအား အတော်လေး မုန်းတီးနေကြသည်။

ဤကမ္ဘာကြီးတွင် ထွန်းလင်း တောက်ပသောနေမင်းကြီးသည် အဘယ်ကြောင့် သူတို့မဖြစ်နိုင်မည်နည်း။

အဘယ်ကြောင့် သူတို့သည် စူးချန်ကဲ၏ အသုံးချခံ ဖြစ်ရမည်နည်း။

၎င်းထံမှ ယခုလို ရိုင်းစိုင်းသော စကားလုံးများ ထွက်လာကတည်းက၊ သူတို့သည် အဘယ့်ကြောင့် ငြိမ်ခံနေရမည်နည်း။

မျိုးဆက်သစ် လူငယ်များသည် တယောက်ပြီး တယောက် သူတို့ရှိရာ တပ်ဖွဲ့ထဲမှ ထွက်လာခဲ့ကြသည်။

နိယာမတရားများ တဟုန်ထိုး တတ်လာပြီး၊ နတ်အလင်းရောင်တို့သည် နေရာအနှံ့ ပြန့်ကျဲလျက်ရှိသည်။

၎င်းတို့ တစ်ကိုယ်လုံးရှိ သွေးချီ စွမ်းအင်များက မြည်ဟည်းနေပြီး ၊ အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ကို ထိုးဖောက်သွားခဲ့လေပြီ။

ထိုသူတို့၏ အကြည့်များသည် အေးစက်နေပြီး၊

အဆုံးမဲ့ လူသတ်ချင်သည့် ဆန္ဒများဖြင့် စစ်မြေပြင်အလယ်က ဝတ်ရုံဖြူနှင့် ရုပ်သွင်ကို စူးစိုက်ကြည့်နေကြသည်။

" စူးချန်ကဲ၊ မင်းရဲ့ဒဏ္ဍာရီက ဒီမှာအဆုံးသတ်လိမ့်မယ်!"

"တစ်လောကလုံးကို ဖိနှိပ်ထားတဲ့ မင်းလိုလူမျိုးကို ဒီကမ္ဘာကြီးက အလိုမရှိဘူး!"

""

ပတ်ဝန်းကျင်တွင် ရှိနေသော ပါရမီရှင်တစ်ဦးက တိုးတိုးလေး ဆိုလိုက်သည်။

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း၊

"မင်းတို့က ရှေးခေတ်ရဲ့ အမြင်ကျဉ်းနေတဲ့ သူတွေလေ ဒါပေမဲ့ ငါကတော့ မတူဘူး"

ထို့နောက် သူ၏ ဓားကို ကောင်းကင်သို့ တည့်တည့် ချိန်ရွယ်လိုက်သည်နှင့် ဓား၏ အလင်းရောင်သည် ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပသွားပြီး စကြဝဋာတစ်ခုလုံးကို အပေါက်ဖြစ်သွားစေခဲ့သည်။

"ငါ ဆိုတဲ့လူက ခေတ်သစ်ကို ဦး‌ဆောင်မယ့်သူပဲ!"

အပိုင်း(၈၀) : ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်နေပြီး၊ဤစကြာဝဠာကြီးပင်လျှင် လှုပ်ခါယမ်းနေခဲ့သည်။

" ကိစ္စတွေက ဒီအထိတောင် ရောက်လာခဲ့ပြီ ၊ဒါတောင် အခုထိ လှောင်ပြောင်သေးရဲတယ်ပေါ့!"

"အပိုတွေပြောမနေနဲ့‌တော့ ၊ သူ့ကိုသတ်ကြ!"

ဘုန်း!

မရေမတွက်နိုင်သော မျိုးဆက်သစ်လူငယ် ပါရမီရှင်များ၏ ခန္ဓာကိုယ်မှ စူးရှသော အလင်းရောင်များ ပေါက်ကွဲထွက်လာကြပြီး၊ သူတို့၏ မျက်လုံးများမှာ သွေးနီရောင်များဖြင့် ပြည့်နှက်နေပြီး စူးချန်ကဲကို တိုက်ခိုက်ရန် ကြောက်စရာကောင်းသော မှော်ပညာများကိုထုတ်သုံးခဲ့ကြသည်။

မီးတောက်မီးလျှံများက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး၊

မိုးခြိမ်းသံများ တဂျိန်းဂျိန်းဖြင့် ၊

ဟာရီကိန်း လေမုန်တိုင်းတို့သည် တဝီဝီ တိုက်ခတ်နေသည့်အပြင် ၊

ဝိညာဉ်စွမ်းအင်များက မြည်ဟည်းတုန်ခါနေသည်။

စစ်မြေပြင်တွင် အမျိုးမျိုးသော မှော်သင်္ကေတများ ရောယှက်နေသလို၊ နတ်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာသည့်အပြင် လျှို့ဝှက်ရတနာများလည်း ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း စူးချန်ကဲသည် တံစိုးတစိမျှလှုပ်ရှားခြင်းမရှိသည့်အပြင် ၊ သူ၏ ကျောနောက်တွင် ဓားကိုချီပိုးထားကာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူတို့အားလုံးသည် ၎င်းအား အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်တော့မည် သကဲ့သို့ ၊ စူးချန်ကဲ၏ ဤအပြုအမူသည် သူ့ကို ဝိုင်းရံထားသော ရန်သူများစွာကို ပိုလို့တောင် သဘောကျစေသည်။

သို့သော် နောက်အခိုက်အတန့်တွင် ၎င်းတို့၏ မှော်စွမ်းအားများ အားလုံး စူးချန်ကဲ၏ ပေအနည်းငယ်အကွာအတွင်း ချဉ်းကပ်သွားသည်နှင့် အေးခဲသွားသည်။ထိုအရာက သူတို့အားလုံးကို ထိတ်လန့်စေခဲ့သည်။

ဓားနယ်ပယ်!

တချို့က စူးချန်ကဲ နှင့် ပတ်သက်သော ကောလာဟလများကို ချက်ချင်း စဉ်းစားမိလိုက်သည်။

စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ် ရှိရုံတင်မက၊ ဓားရေးအရာမှာလည်း အလွန်အစွမ်းထက်သလို ဓားဆန္ဒကို ကျွမ်းကျင်စွာအသုံးချနိုင်သည်။

ဓားဆန္ဒကို နယ်ပယ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်နှင့် တိုက်ခိုက်မှုကို ရပ်တန့်သွားစေသည်။

ဓားနယ်ပယ်တစ်ခုသည် ကိုယ်ပိုင် ဓားစွမ်းအင်ကမ္ဘာအဖြစ် ပြောင်းလဲနိုင်ပြီး၊ အခြားသူများ၏ မှော်စွမ်းအားများကို ပိတ်ဆို့နိုင်သည်။

သို့သော် သူတို့မမျှော်လင့်ထားသည့်အရာမှာ စူးချန်ကဲ၏ ဓားနယ်မြေသည် အလွန်ကြောက်စရာကောင်းပြီး ၊ မှော်အတတ် စွမ်းအားများစွာကို ပိတ်ဆို့ထားခြင်းပင် ဖြစ်သည်။

စူးချန်ကဲသည် တဖက်လူ ထိတ်လန့်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ တုံ့ဆိုင်းခြင်းမရှိ ဓားအစီအရင်ကို အသက်သွင်းလိုက်ရာ ဓားနယ်ပယ်ထဲတွင် မရေမတွက်နိုင်သော နတ်ဓားများ ဖြည်းညှင်းစွာ စုဝေးလာခဲ့သည်။

ဝှစ် ! ဝှစ် ! ဝှစ်

အအေးဓာတ်တို့ လွှမ်းခြုံလို့အပြီးတွင်း ဓားအလင်းများသည် နဂါးတစ်ကောင်အလား ထွက်ပေါ်လာခဲ့သည်။

ထူထပ်သိပ်သည်းလှသော ဓားများသည် ပြင်းထန်သော မုန်တိုင်းကဲ့သို့ သွန်းလောင်းကာ အရာအားလုံးကို ဖောက်ထွက်သွားခဲ့သည် ။

  ဝှစ်!

မြန်ဆန်စွာ မတုံ့ပြန်နိုင်ခဲ့သော ပါရမီရှင်အချို့သည် ချက်ခြင်းဆိုသလို ထိုးဖောက်ခံခဲ့ရပြီး၊သူတို့ဘက်မှ ဘာမှတောင် မအော်နိုင်သေးခင် ဓားစွမ်းအင်များက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သွေးများသည် အခိုးအငွေ့အလား ပြန့်ကြဲသွားသည်။

"သတ်!"

သို့သော် ကျန်ရှိနေခဲ့ကြသော လူတို့မှာ ပိုလို့တောင် ရူးသွပ်သွားပုံရသည်။သူတို့မှာ ရွေးချယ်စရာလမ်းမရှိတော့ပေ။

ဘုန်း!

ကြောက်မက်ဖွယ်ရာ ကောင်းသော မှော် စွမ်းအား အမျိုးမျိုးတို့သည် ဤကမ္ဘာ‌ပေါ်တွင် ပြန့်နှံ့နေပြီး ၊ဟင်းလင်းပြင်ကြီးတောင် ပွက်ပွက် ဆူလာနေသည်။

မျိုးဆက်သစ် လူငယ်ပါရမီရှင်များ၏ ကျင့်ကြံမှုများသည် အလွန်အားကောင်းပြီး ၊ ၎င်းတို့၏ သတ်ဖြတ်ချင်စိတ်များသည် ကောင်းကင်ထိ ရောက်ရှိကာ မြေကြီးပင်လျှင် ပြိုကျရသည်။

အရည်အချင်းများစွာရှိသော ပါရမီရှင် လူငယ်များ ဖြစ်သော်လည်း ၊ ၎င်းတို့သည် တချို့သော ထိပ်တန်းပုဂ္ဂိုလ်များထက် နိမ့်ကျနေဆဲပင် ဖြစ်သည်။

စူးချန်ကဲအတွက်ကတော့ ကြက်နဲ့ ခွေးထက် ဘာမှ မပိုပေ။

" ယင်း ယန် ဓား!"

ကောင်းကင်ဓားသည် တုန်လှုပ်သွားကာ ၊အဆုံးမရှိသော ဓားစွမ်းအင်သည် ကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ တဟုန်းဟုန်း တောက်လောက်လာပြီး၊ ကောင်းကင်နှင့်မြေကြီးတို့ကို ဖြိုခွဲကာ လူအုပ်ကြီးရှေ့သို့ ကျဆင်းသွားခဲ့သည်။

တခဏချင်းတွင်၊ ၎င်းတို့၏ အသွေးအသားတို့သည် အပျက်ပျက် လွင့်ထွက်သွားပြီး ၊ စိတ်ပျက်ဖွယ်ရာကောင်းသော အော်ဟစ်သံများကို အတိုင်းသား ကြား‌နေရသည်။

ဓားစွမ်းအင်၏ ပေါက်ကွဲမှု အကွာအဝေးနှင့် ဝေးကွာသော သူများပင်လျှင် ဒဏ်ရာရခဲ့ပြီး၊

ကြီးမားလှသော ထိုဓားစွမ်းအင်ကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ကျခဲ့ရုံသာမက ပါးစပ်ထဲက သွေးများမှာ အဆက်မပြတ် ယိုစီးလာခဲ့သည်။

"သေစမ်း!"

ထိုအခိုက်အတန့်တွင်၊ ဟင်းလင်ပြင်ထဲတွင်လျှပ်စီးလက်သကဲ့သို့ အေးစက်လှသော အလင်းရောင်တစ်ခုသည် စူးချန်ကဲ၏ လည်မျိုကို တိုက်ခိုက်လာခဲ့သည်။

လေဟုန်ခွင်းဌက်မျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးသည် လေကို ထိန်းချုပ်ကာ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာခဲ့သည်။သူသည် အပြာရောင်ဓားမြှောင် တစ်ချောင်းကို ကိုင်ဆောင်ထားပြီး စူးချန်ကဲကို လှည့်စားတိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။

သို့သော် စူးချန်ကဲသည် ထိုအရာအား စောစောစီးစီး သတိထားမိပုံရကာ ၊ ဘယ်လက်ဖြင့် လက်သီးဆုပ်လိုက်သည်။

တခဏချင်းမှာပဲ ၊သူ၏ သွေးချီစွမ်းအင်များသည် နဂါးတစ်ကောင်အလား ၊သူ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ လှုပ်ရှားထကြွလာခဲ့သည်။

လက်သီးတချက်က ရုတ်ချည်း ထွက်ပေါ်လို့ လာခဲ့ချေပြီ။

ကြောက်မက်ဖွယ်ရာ ကောင်းသော လက်သီးစွမ်းအားသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး အရာအားလုံးကို ဆေးကြောလိုက်သကဲ့သို့ ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

" ဒါ ဘယ်လိုဖြစ်တာလဲ?!"

တချို့သော ပါရမီရှင်များသည် အယောင်ပြပြီး စူးချန်ကဲကို တိုက်ခိုက်ခဲ့ခြင်းမှာ ထိုပုဂ္ဂိုလ်၏ တိုက်ခိုက်လာမှုအပေါ် အာရုံမရောက်စေရန် ဖြစ်သည်။

သို့သော် စူးချန်ကဲသည် ဒီလို လွယ်လွယ်လေး ဖြေရှင်းခဲ့လိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ပေ။

" ဟာသပဲ!"

"အကြွင်းမဲ့စွမ်းအားရဲ့ ရှေ့မှောက်မှာ မင်းတို့ရဲ့ ပညာဥာဏ်စွမ်းက စက္ကူကျားသာသာပဲ"

စူးချန်ကဲသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဓားစွမ်းအားသည် အေးချမ်းမှုသဘောကို ဆောင်‌သော လကဲ့သို့ တောက်ပကာ ၊တဖန် ပူပြင်းမှု သဘောတရားကိုဆောင်သော နေရောင်ကဲ့သို့ တောက်ပသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းသည် ယင်ယန်ဓား၏ ဓားဆန္ဒပင် ဖြစ်သည်။

ထပ်ပြီး ပိုကြောက်စရာကောင်းသော ဓားအလင်းသည် လူအုပ်စုကြီး တစ်စုလုံးကို ထိမှန်သွားပြီး၊ ပါရမီရှင် လူငယ် အများအပြား သေဆုံးခဲ့ရသည်။

စူးချန်ကဲ၏ ဖျော်ဖြေတင်ဆက်မှုသည် ကြည့်ရှုသူ အများအပြားကို ထိတ်လန့်စေခဲ့ပြီး၊ အစစ်အမှန် မဟုတ်သလိုပင် ခံစားရစေသည်။

ဤမျှ များပြား‌သော ထက်မြက်သည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များပင်လျှင် စူးချန်ကဲရှေ့မှောက်တွင်မူ အဘယ့်ကြောင့် အားနည်းရလေသနည်း။

" ဆက်ခံသူ"

ယွင်ရှင်းယန် နှင့် စူးချန်ကဲအပေါ် ချစ်မြတ်နိုးသော အခြားအမျိုးသမီးများစွာတို့၏ မျက်ဝန်းများမှာ ရွှန်းလဲ့တောက်ပလို့ နေသည်။

ဒါကသာလျှင် သူတို့ ကိုးကွယ် ရိုသေထိုက်သော ပုဂ္ဂိုလ်ပေတည်း။

အများနှင့် တစ်ယောက် ၊ ပြင်းပြင်းထန်ထန် ချိုးနှိမ်နိုင်ခဲ့ပေသည်။

" ချီးပဲ ! အားလုံး ထိန်းချန်မထားနဲ့တော့ ၊ကိုယ့် ဝှက်ဖဲကို ထုတ်သုံးကြတော့!"

မိုးကြိုးကျားမျိုးနွယ်စုမှ လူငယ်တစ်ဦးက အော်ဟစ်‌ ပြောဆိုလိုက်သည်။

လူတစ်ဒါဇင်ကျော် စုစည်းလာတာတောင်၊ သူတို့သည် စူးချန်ကဲကို လုံးဝ မနှိမ်နှင်းနိုင်ခဲ့ပေ ။

သို့ဖြစ်၍ သူတို့အနေဖြင့် လူများစွာ စုစည်း၍ တဖန် တိုက်ရန် ပြင်ဆင်လိုက်သည်။

အရည်အသွေး မမှီသေးရင် ၊ အရေအတွက်‌ဖြင့် တိုက်ခိုက်မည် ဖြစ်သည်။

မဟာ သူတော်စင်အောက်ကသူများမှာ ပုရွတ်ဆိတ်အဆင့်သာ ရှိသော်လည်း ၊ ပုရွက်ဆိတ်တောင် အရေအတွက်များလာပါက ၊ မဟာသူတော်စင်အထက်ရှိ ပုဂ္ဂိုလ်များကိုတောင် သွေးကြွေးပြန်ပေးဆပ်နိုင်သည်။

  ဘုန်း!ဘုန်း!ဘုန်း!

ကောင်းကင်နှင့် မြေကြီးကိုတောင် ဖောက်ထွက်လာခဲ့သော နတ်အလင်းတိုင်များကဲ့သို့ များစွာသော အလင်းတန်းတို့ ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးမှာ ပြည့်ကျပ်ပြီး မရေမတွက်နိုင်အောင် ထူထပ်ပေသည်။၎င်းတို့အားလုံးသည် မျိုးဆက်သစ် ပါရမီရှင် တပည့်များပင် ဖြစ်သည်။

၎င်းတို့အားလုံးသည် မိမိ၏ အပြင်းထန်ဆုံး စွမ်းအားများကို အသုံးပြုကာ ဗဟိုတွင် ရှိနေသော စူးချန်ကဲဆီသို့ တခဲနက် ချီတက်တိုက်ခိုက်ကြသည်။

ဤသည်မှာ အတော်လေး ထိတ်လန့်ဖို့ ကောင်းသလို လူကို အစစ်အမှန်မဟုတ်ဘူး လို့တောင် ခံစားစေရသည်။

ဟိုးရှေးခေတ်ကာလတွင် ၊ ပါရမီရှင်လူငယ်များ ဝိုင်းရံကာ လူတစ်ယောက်ကို သတ်ဖို့ လုပ်နေသည့် ဤကဲ့သို့ မြင်ကွင်းမျိုး ရှိခဲ့လေသလား?

ဤသည်မှာ အလွန် ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်ပြီး။ နောက်မျိုးဆက်သစ်များအနေဖြင့် ဒဏ္ဍာရီတွင်နိုင်သော မြင်ကွင်းမျိုး ဖြစ်ပေသည်။

သူ့ဆီသို့ ဦးတည်လာနေသော စွမ်းအားများကို ကြည့်လိုက်ရင်း စူးချန်ကဲ၏ နှုတ်ခမ်းသားပေါ်၌ တည်ငြိမ်သော အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။

သူသည် ကောင်းကင်ဓားကို ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

သူ၏ ဝတ်ရုံအစတို့သည် လေထဲတွင် ကခုန်နေကြပြီး ၊ အနက်ရောင် ဆံချည်မျှင် သုံးထောင်သည် နဂါးငွေ့တန်းအလား တောက်ပမျှောလွှင့်နေသည်။သူ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် အဆုံးမဲ့ တိုက်ပွဲဝင်မည့် တိုက်ပွဲဝင် စိတ်ဓာတ်များက ပြင်းပြစွာ ထွက်ပေါ်နေသည်။

" ‌ကောင်းကင်ဓား"

"မင်းကိုယ်မင်း ယုံတယ်မလား?"

ဝီ!

စူးချန်ကဲကို အမေးကို တုံ့ပြန်လိုက်သလိုမျိုး ကောင်းကင်ဓားသည် အနည်းငယ် တုန်လှုပ်သွားသည်။

ဓားကိုယ်ထည်ပေါ်တွင် ပြင်းပြသော ဓားဆန္ဒများ စုဝေးနေပြီး ၊ ကောင်းကင်နှင့် မြေကြီးတို့၏ အလိုတော်ဆန္ဒပင်လျှင် ၎င်း၏ ပုတ်ခတ်စော်ကားမှုကို ကြောက်ရွံ့နေသကဲ့သို့ အနီးနားသို့ မချဉ်းကပ်ဝံ့ပေ။

" ငါကတော့ မင်းတို့လို ရှုပ်ရှုပ်ထွေးထွေး လုပ်စရာမရှိဘူး ဒါပေမဲ့ ငါ့မှာ ဒီဓားတော့ရှိတယ်"

စူးချန်ကဲသည် သူ့ဓားကို ညွှန်ပြလိုက်ပြီး ၊ သူ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ စိတ်နှလုံးကို ငြိမ်သက်စေကာ ၊ ဓားနှင့် တစ်သားတည်း ပေါင်းစည်းလိုက်သည်။

ဘုန်း!

ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များသည် လေပွေသဖွယ် စုဝေးလာခဲ့သည်။

တခဏအတွင်း ၊ သဲများနှင့် ကျောက်များ ပျံဝဲလာပြီး အခြေအနေမှာ ပြောင်းလဲသွားသည်။

" ငါ့ရဲ့ ဓားကို ဘယ်လိုဖြစ်ပြီး ထိန်းချုပ်လို့ မရတော့တာလဲ!"

" သေစမ်း ! ငါလည်း တူတူပဲ!"

ထိုအချိန်၌ ၎င်းအားလုံးတို့ ကိုင်ဆောင်ထားသော ဓားများမှာ အနည်းငယ် တုန်ယင်နေသည်။ ရံဖန်ရံခါ ဓားသွားသံများ ကျယ်လောင်စွာ ရိုက်ခတ်နေပြီး သခင်၏ လက်ထဲမှ ခွဲထွက်ကာ ကောင်းကင်ပေါ်သို့ တက်ရန် ကြိုးစားနေကြသလိုပင်။

နတ်အလင်းရောင် မုန်တိုင်း၏ ရှေ့တွင် ရှိနေသော ဝတ်ရုံဖြူ လူငယ်လေးသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်တော့မည့် နတ်ဓားအလား အောက်မေ့ရသည်။

အဖြူရောင်ဝတ်ရုံ အစသည် လေနှင့်အတူ တဖျပ်ဖျက် လွှင့်မျောနေပြီး၊ဓား၏ အရှိန်အဝါသည် ကောင်းကင်၏ မြင့်မြတ်သော နတ်ဓားအလား ထင်မှတ်ရသည်။

စူးရှ အေးစက်သော အလင်းတန်းတစ်ခုသည် ဟင်းလင်ပြင်တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်နှင့် တပြိုင်နက် ဆီးနှင်းများ ခဲသွားကာ ဤကမ္ဘာကြီးကို ကွဲအက်သွားစေသည်။

နတ်သတ်ဓား၏ဆန္ဒသည် အတွေးတစ်ခုတည်းဖြင့် နတ်ဘုရားထံ ရောက်ရှိနိုင်သည်!

ထိုအခိုက်အတန့်တွင် အမည်မသိ ဆန်းကြယ်သော ရောင်ဝါတစ်ခုက စူးချန်ကဲ၏ အသွေးအသားထဲတွင် ပေါက်ဖွားလာခဲ့သည်။

စူးချန်ကဲ မှိတ်ထားသော မျက်လုံးအစုံသည် ရုတ်ချည်း ပွင့်လာခဲ့သည်။

ကြေးမုံမှန်အလား ထင်ရသည့် ကောင်းကင်ဓားကိုယ်ထည်သည် စူးချန်ကဲ၏ အေးစက်သော မျက်လုံးများအား ရောင်ပြန်ဟပ်နေခဲ့ပြီး ၊

ဤအခိုက်အတန့်ရှိ စူးချန်ကဲ၏ ထိုမျက်လုံးများထဲတွင် ခံစားချက်တို့ မရှိဘဲ ပြင်းထန်သော ဓားဆန္ဒများသာ ရှိနေခဲ့သည်။

အအေးဓာတ် လွန်ကဲသော ရောင်ဝါတို့သည် ချက်ချင်းဆိုသလို သူ့မျက်လုံးထဲ၌ ‌ဝင်းလက်တောက်ပသွားသည်။

"ငါ့ဓားနဲ့ ကောင်းကင်ကို ဖွင့်မည်!"

ရွှမ်း !

ဓားတစ်​​ချောင်း ထွက်ပေါ်လာခဲ့ပြီး ၊

ဤအခိုက်အတန့်တွင်၊ ကမ္ဘာကြီး တစ်ခုလုံးမှာ မှင်ဆေးပန်းချီတစ်ခုအလား အေးခဲသွားသည်။

အဆုံးမဲ့ အချိန်နှင့် အာကာသ တံခါးကို စတင်ဖွင့်လိုက်သကဲ့သို့ ဟင်းလင်ပြင်ကြီးမှာ တစ်စစီ ပျက်သုန်း‌သွားခဲ့သည်။

ဘုန်း!

တောက်ပသော ဓားအလင်းတစ်ခုသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။အကွာအဝေး တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ လွင့်မျောနေသော တိမ်တိုက်များပင်လျှင် လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့သည်။

စွမ်းအင်လှိုင်းလုံးကြီးသည် တဟုန်းဟုန်း တောက်လောင်လာပြီး ၊ ကြီးမားကျယ်ပြန့်လှသော ဝိညာဉ်စွမ်းအင်များသည် အခြားသူများ၏ စိတ်များကို တုန်လှုပ်ခြောက်ခြား သွားစေသည်။

လေပြင်းများက တဟုန်းဟုန်း တိုက်ခတ်လျက်၊တိမ်များက အလျင်အမြန် လွင့်မျောနေပြီး ၊ ကောင်းကင်နှင့် မြေကြီးတို့သည် တိတ်ဆိတ်ငြိမ်သက်ကုန်သည်။

ထို့နောက် ဤကမ္ဘာကြီးထဲတွင် လေနှင့် တိမ်တို့ ကင်းစင်သွားပြီး ၊ ဗလာအတိုင်းသား ရှိနေခဲ့သည်။

စူးချန်ကဲ၏ အဝတ်အစားသည် ယခုထက်ထိ နှင်းလို ဖြူဖွေးနေပြီး၊သူသည် ဝေဟင်ပေါ်တွင် မတ်တပ်ရပ်နေဆဲပင် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်နေပြီး၊ဤစကြာဝဠာကြီးပင်လျှင် လှုပ်ခါယမ်းနေခဲ့သည်။

All Chapters