ပြိုင်စံရှား အလှလေးများ
Vol. 44 Ch. 609
“ရီသခင်မလေး အဲ့ဒါ ရီသခင်မလေးပဲ။ ဟား ဟား ငါလောင်ကြေး နိုင်ပြီ”
“ရီသခင်မလေးက ယောကျာ်းတွေ အားလုံးကို ဖယ်ထုတ်နိုင်တဲ့ အရည်အချင်း ရှိတာပဲ။ ရှီးဖေးနဲ့ တခြားသူတွေ ဝင်ပြီးမှ စတုတ္ထအလှည့်ကို သူဝင်ခဲ့တာ။ ဒါပေမဲ့ တာဝန်ကို အောင်မြင်တဲ့ ပထမဆုံးလူပဲ။ အခုဆို ရှစ်မှတ်ရသွားပြီ။ မီးတိမ်ဓားကို ရသွားခဲ့ပြီ”
“နှမြောစရာပဲ လျိုရှင်း အဲ့ဒီမြင်းနက်သာ ဘယ်တော့မှ ပေါ်မလာခဲ့ရင် ရီသခင်မလေးက စတုတ္ထမြောက်နဲ့ ပဉ္စမမြောက်ရတနာကို သူကိုယ်တိုင် ရလောက်တယ်”
“သူက အလှည့်တွေကို ဖြတ်ကျော်ပြီး ရတနာတစ်ခုပဲ ရခဲ့တာ။ ဒါပေမဲ့ ဒီမီးတိမ်ဓားက အတုအယောင် နတ်ဘုရား လက်နက်လိုပဲ။ ရတနာ ရှာဖွေမှုထဲမှာ အတုအယောင် နတ်ဘုရားလက်နက်တွေ ရှိတယ်။ ဒုတိယအကောင်းဆုံးက နတ်ဘုရား စွမ်းရည်တွေပဲ။ နဂါးညှိုးရော်မြက်ကတော့ အကောင်းဆုံးပေါ့။ မီးတိမ်လေးနဲ့ မီးတိမ်သံချပ်ကာကပဲ အတုအယောင် နတ်ဘုရား လက်နက်တွေလေ”
“ကျွတ် ကျွတ် အတုအယောင် နတ်ဘုရား လက်နက်။ မီးတိမ်လေးနဲ့ဆိုရင် သခင်မလေး ရီချန်းရဲ့ စွမ်းအားက တက်သွားမှာ သေချာတယ်။ သူအခုလောက်ဆို အတော်ဆုံး ဖြစ်နေလောက်ပြီ။ ရတနာ ရှာဖွေမှုက အံ့သြစရာတောင် မလိုတော့ဘူး။ လုံလောက်သွားပြီပဲ။ ရီသခင်မလေးက ရတနာတွေ အားလုံးကို ယူသွားမှာ”
ကျန်းရီသည် ဖုန်းတုမြို့ထဲ၌ ပိတ်မိနေသည့် ပဉ္စမမြောက်နေ့တွင် ကျောက်စိမ်းဖြူ ရင်ပြင်ထဲ၌ ရုတ်ရုတ်သဲသဲ ထပ်ဖြစ်ပြန်သည်။ ယခုအချိန်၌ ရီချန်းက စတုတ္ထအလှည့်ကို ဖြတ်ကျော်ပြီး ရှစ်မှတ်ရသွားကာ မီးတိမ်လေးကို ရယူသွားခဲ့၏။
ထိုရီသခင်မလေး အမှန်တကယ် စွမ်းဆောင်ရည်ရှိသည်ဟု ဆိုရပေမည်။ ဖေးချီ အပါအဝင် သခင်လေးများစွာက တိတ်တဆိတ် ရှက်ရွံ့နေကြ၏။ ပြိုင်စံရှား မိန်းမလှလေးက ဤလောကထဲရှိ အမျိုးသားများ အားလုံးကို အရှက်ရစေသည်။ အနည်းဆုံးတော့ ရှီးဖေး၊ ဝူနီ၊ ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများက သူမထံ အညံ့ခံနေရသည်။
သူတို့အားလုံးက ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များ ဖြစ်ကြသည်။ ထိုသခင်လေးများက ရီချန်းထက် အသက်ပိုကြီးသော်ငြား သူမတစ်ဦးထဲဖြင့် ရတနာသုံးမျိုးကို ရယူခဲ့ပြီး ယခုအချိန်တွင် လုံလုံခြုံခြုံ ဦးဆောင်နေပြီဖြစ်သည်။ ထိပ်တန်း ရတနာသုံးမျိုးကို သူမရနိုင်ချေက အဆပေါင်းများစွာ ဖြစ်နေသည်။
အတုအယောင် နတ်ဘုရားလက်နက်
ဤလောကထဲတွင် ယင်းက အဆင့်အမြင့်ဆုံး ရတနာများဖြစ်သည့် အတုအယောင် နတ်ဘုရား လက်နက်၏ စွမ်းအားက အမျိုးမျိုး ရှိသော်ငြား သူတို့က သာလွန်သူတော်စင် လက်နက်များထက် အဆင့်မတူပေ။ ရီချန်း၏ စွမ်းအား အစစ်အမှန်ကို မည်သူမှ မသိသော်ငြား သူမသည် ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ရောက်ပြီးတာသေချာသည်။ ဤမီးတိမ်လေးကို သန့်စင်ပြီးနောက် သူမသည် အလယ်အဆင့် အလယ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ဦးနှင့်တောင် ယှဉ်နိုင်လာမှာပဲဖြစ်သည်။
ကောင်းကင်ဧကရာဇ် နယ်ပယ်တွင် ကောင်းကင်ဧကရာဇ်များကို အဆင့်လေးမျိုး ခွဲခြားထား၏။ ပထမမှ တတိယအဆင့်ထိက အဆင့်နိမ့် ကောင်းကင်ဧကရာဇ် တတိယမှ ဆဋ္ဌမမြောက် အဆင့်ထိသည် အလယ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး ဆဋ္ဌမမှ နဝမ ကောင်းကင်ဧကရာဇ်များက အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့အထက်တွင် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ်များ ရှိကြပေ၏။
သံသယဖြစ်ဖွယ် မလိုပေ။
ထူလုံ၊ ဝူနီ၊ လင်းချီကျန့်၊ ရှီးဖေးနှင့် ကျန်သည့်သူများက ရတနာမျိုးစုံ မှော်ပစ္စည်းမျိုးစုံကို ပိုင်ဆိုင်ထားသည့်တိုင် သူတို့ပေါင်းစည်းထားသော တိုက်ပွဲဝင် စွမ်းရည်က အဆင့်နိမ့် ကောင်းကင်ဧကရာဇ်လောက်သာ ရှိလောက်သည်။ ရီချန်းသည် အစကတည်းက သူတို့နှင့် ခွန်အားချင်း ဆင်တူ၏။ ယခုအချိန်တွင် သူမသည် မီးတိမ်လေးကြောင့် ခွန်အားတစ်ဆင့် တက်လှမ်းသွားကာ အလယ်အဆင့် ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ရောက်သွားသည်။ ကျန်ရှိသည့် ရတနာသုံးမျိုးကို သူမ ယူသွားလောက်၏။
သူမသာ မီးတိမ်သံချပ်ကာ ကောင်းကင်ရှောင်တိမ်း နတ်ဘုရားစွမ်းရည်နှင့် နဂါးညှိုးရော်မြက်တို့ကို ရခဲ့လျှင် ရီချန်း၏ တိုက်ပွဲဝင်ခွန်အား မည်မျှအစွမ်းထက်မည်ဆိုတာ လူအုပ်ကြီးက မမှန်းဆနိုင်တော့ပေ။
နဂါးညှိုးရော်မြက်သည် ဤလောကထဲရှိ တန်ဖိုးအကြီးဆုံး ဝိညာဉ်ဆေးပင်များထဲမှ တစ်မျိုးဖြစ်သည်။ သူ၏အကြီးမားဆုံး အသုံးဝင်ပုံက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို တိုးတက်စေကာ ရိုးတွင်းချင်ဆီကို သန့်စင်ပေးပြီး သွေးကြောများကို ပြောင်းလဲပေး၏။ ကောင်းချီး အပေးခံရဆုံး အကောင်းဆုံး ခန္ဓာကိုယ်ကတောင် သူတို့၏ ခန္ဓာကိုယ်ထဲတွင် မသန့်စင်မှုများ ရှိနေသည်။ သူတို့၏ လူသားပုံစံ ဖွဲ့စည်းမှုက ပြီးပြည့်စုံသည့် အခြေအနေတွင် မရှိပေ။ သို့သော် နဂါးညှိုးရော်မြက်ကို သန့်စင်ပြီးနောက် ချုပ်နှောင်ခံထားရသော နဂါးသည် ကောင်းကင်သို့ တက်လှမ်းကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည့် အခြေအနေထိရောက်အောင် လုပ်ပေးမည်။ ကျင့်ကြံနေစဉ် ကာလအတွင်း တစ်ဝက် အားစိုက်ထုတ်ရုံဖြင့် နှစ်ဆရလဒ် ရနိုင်သည်။ စိတ်ဝိညာဉ်ကတောင် ကြည်လင်သွားမည်ဖြစ်ရာ ခန္ဓာကိုယ်က တိုးတက်လာမည်ဖြစ်ပြီး ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး အခြေအနေ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် နဂါးညှိုးရော်မြက်သည် လိုချင်သူ အများဆုံးဖြစ်နေပြီး ရနိုင်ချေက အနိမ့်ဆုံး ဖြစ်နေ၏။ နဂါးညှိုးရော်မြက် ပေါ်ပေါက်လာသည့် အချိန်တိုင်း မျိုးနွယ်စုကြီးများကြားထဲ၌ စစ်ပွဲများ ဖြစ်စေ၏။
“ဖေးထူ”
ရင်ပြင်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေလေ၏။ ဖေးချီက လှည့်ကြည့်နေပြီး သူ့နောက်ရှိ မျိုးနွယ်စုဝင်ကို အချက်ပြလိုက်သည်။
“ငါ့ရဲ့အမိန့်ပြားကို ယူသွားပြီး တော်ဝင်မြို့တော်ကိုပြန် ပြီးရင် ဖုန့်ရှန့်ကျယ် ၁၈ယောက်ကို ဒီနေရာလွှတ်ပေးဖို့ ဖခမည်းတော်ကို ပြောလိုက်”
“ဖုန်းရှန့်ကျယ် ၁၈ယောက်လား”
ဖေးထူ၏ မျက်ဝန်းများ ကျုံ့သွားသည်။ ဖုန်းရှန့်ကျယ် ၁၈ယောက်သည် နတ်မြင်းပျံ အင်ပါယာအတွင်းရှိ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များဖြစ်ပြီး ဖြုံလောက်သည့် စွမ်းအားရှိသည်။ တော်ဝင်မိသားစုများ၏ ဖုန်းရှန့်ကျယ်များကို အလွယ်တကူ အသုံးမပြုကြပေ။ သို့သော် ဖေးချီကမူ သူတု့ိအားလုံးကို ဤနေရာသို့ ဆင့်ခေါ်လာသည်။
“ဘာကြောင့် ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
ဖေးချီ၏ မျက်ဝန်းများက အေးစက်သွားကာ သူကပြောလိုက်၏။
“မင်း ဖခမည်းတော်ကိုပဲ ပြောလိုက်။ ဒါကသခင်လေးကျန်းရဲ့ အကြံပဲ။ သူနားလည်မယ်”
“ကောင်းပါပြီ”
ဖေးထူက ခေါင်းညိတ်ပြီးနောက် မြို့ရင်ပြင် အပြင်ဘက်ရှိ ချောက်ကမ်းပါးဆီသို့ ပြေးသွားလိုက်သည်။ သို့သော်သူက အလွန်စိတ်ရှုပ်ထွေးနေ၏။ ဖေးချီသည် ထိုမျှများပြားသည့် သိုင်းပညာရှင်များကို အဘယ့်ကြောင့် လိုအပ်သနည်း။ သူသည် ရတနာများ အားလုံးကို လုယူရန် ကြိုးစားနေသည်လော။
ဖေးချီသည် အမှန်တကယ်ပင် ရတနာများကို လုယူရန် ကြိုးစားနေတာပဲဖြစ်သည်။
သူသည် ရီချန်းနှင့် ရှီးဖေးကို လုယူရလောက်သည်အထိ သတ္တိမရှိပေ။ ဖုန်းရှန့်ကျယ် ၁၈ဦးက ဓားဧကရာဇ်၏ မြေးအတွက်ဖြစ်သည်။
ဓားဧကရာဇ်၏မြေးနှင့် ရက်အတော်ကြာ အချိန်ဖြုန်းပြီးနောက် ထိုသခင်လေး၏ စိတ်နေစိတ်ထားကို သူအလွန် ကောင်းကောင်းမွန်မွန် သိလာ၏။ သူက စစ်မှန်သော နက္ခတ်ခန္ဓာရှိပြီး နှစ်တစ်သိန်းလျှင် တစ်ယောက်သာ ပေါ်ထွက်လာတတ်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ဖြင့် ကျင့်ကြံနိုင်ပြီး အသက်၇နှစ် ၈နှစ်အရွယ်တွင် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်။ ဓားဧကရာဇ် ချစ်မြတ်နိုးတာ ခံရပြီး လူပေါင်းများစွာ၏ အလေးထားခြင်း ခံရပြီး ယင်းကသူ့ကို ရိုင်းစိုင်း မောက်မာထောင်လွှား မတူမတန် အကျင့်စရိုက်မျိုး ဖြစ်ပေါ်လာစေသည်။
မျိုးနွယ်စုထဲမှ ထွက်လာတာ သူ၏ပထမဆုံး အကြိမ်ဖြစ်သည်။ ခရီးစထွက်သည်နှင့် သူက နဂါးညှိုးရော်မြက်ကို ရအောင်ယူမည်ဟု မောက်မာထောင်လွှားစွာ ကြေညာခဲ့သည်။
ယခုအခြေအနေအရ ထိုကဲ့သို့ လုပ်နိုင်တော့မှာ မဟုတ်ပေ။ ဓားဧကရာဇ်၏ ကျော်ကြားသော ဝိညာဉ်ချိတ်ဖြင့်တောင် ပြုလုပ်နိုင်မှာ မဟုတ်ပေ။ သူက အားနည်းပြီး ငယ်ရွယ်၏။ ရတနာက သုံးမျိုးသာ ကျန်တော့သည်။ ထို့ကြောင့် သူဝေစုမရမှာ သေချာသည်။ ထို့ကြောင့်သူ ယခုအခေါက်တွင် လက်ဗလာဖြင့် ပြန်သွားရလောက်၏။ သူစိတ်ပျက်နေပြီး ကျန်သည့်သူများ၏ ရတနာကို လုယူရန် တွေးနေလောက်သည်။
ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုက တစ်သားတည်း ပေါင်းစည်းနေတာပဲဖြစ်သည်။
မျိုးနွယ်စုကိုးခုသည် သီးသန့် တိုက်ခိုက်နေကြသော်ငြား သူတို့က အပေါ်ယံတွင်မူ သဟဇာတ ဖြစ်ကြသည်။ ထို့ကြောင့် ရီချန်းနှင့် ရှီးဖေးကို သူဘယ်သောအခါမှ လုယူမှာမဟုတ်ပေ။ ကျန်သည့် ရတနာများအတွက်မူ ကျန်းရီ၌ တစ်ခုရှိပြီးသား ဖြစ်သော်ငြား သူကဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှ အသက်ရှင်လျက် ထွက်မလာနိုင်လောက်ပေ။ ကျန်သည့်တစ်ယောက်က လျိုရှင်းဖြစ်ရာ သူ့ကိုသူတို့ လုယက်မှာဖြစ်သည်။
လျိုရှင်းက ရှေးမျိုးနွယ်စု၏ မျိုးဆက်ဝင် တစ်ဦးဖြစ်သည်။ ဖေးချီက သူသည် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုနှင့် အဆက်အသွယ် ရှိမရှိ မသိသော်ငြား လျိုရှင်းက ရှိနေလျှင်တောင် ဖေးချီက ဓားဧကရာဇ်၏ မြေးကိုယ်စား စောင့်ကြပ်ပေးရန် ဆုံးဖြတ်ထား၏။ သူက ထိုသခင်လေး ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်လျှင် ဖေးမျိုးနွယ်စုက ဓားဧကရာဇ်အောက်၌ နံပါတ်တစ် အစုအဝေး ဖြစ်လာလိမ့်မည်။ တစ်စုံတစ်ခု မှားယွင်းသွားလျှင် ဓားဧကရာဇ်က နောက်မှ အမြဲတမ်း ရှိနေမှာပဲဖြစ်သည်။ ထို့ကြောင့်သူ မည်သည်ကို ကြောက်ရွံ့ရမည်နည်း။
“ဟား ဟား လျိုရှင်းသခင်လေး သင်တကယ် ကံဆိုးတာပဲ။ ဘာကြောင့်များ ရှေ့ထွက်ရပ်ချင်ရတာလဲ”
ဖေးချီက နှာခေါင်းရှုံ့လိုက်ပြီး ဘယ်ဘက်ခြမ်းရှိ ပထမဆုံး ပို့ဆောင်ရေး အစီအရင်ကို ကြည့်လိုက်သည်။ သူက ကျန်းရီ ဘာဖြစ်နေလဲဆိုတာ သိချင်နေ၏။ သူက တတိယအလှည့် ထွက်လာနိုင်လျှင် ချူလောင်နှင့် ကျန်သည့်သူများက သူ့ကိုအေးအေးဆေးဆေး သတ်ပြီး ထာဝရကြေးမှုံကို ယူလိုက်မှာပဲဖြစ်သည်။ ၎င်းကို ဓားဧကရာဇ်၏မြေးအား ပေးလိုက်လျှင် သခင်လေးက ပိုတောင် ပျော်သွားမည်ဆိုတာ လောင်းရဲသည်။
“တစ်ယောက်ယောက်က စတုတ္ထမြောက် ရတနာကို ရသွားပြီ။ မီးဝိညာဉ်လေးလား”
ကျန်းရီက အခြေအနေ မကောင်းပေ။ သူ၏စိတ်ထဲ၌ ပုံတစ်ခုပေါ်လာပြီး မီးတိမ်လေးကို ကျန်သည့်သူများ ရသွားမှန်း သိလိုက်ရ၏။ သူကပိုတောင် အားတက်သွားတော့သည်။
ကျန်သည့်သူများက အလှည့်များကို ဆက်တိုက် ကျော်ဖြတ်ပြီး ရတနာများ ရယူနေသည်။ သူက ဤနေရာ၌ ငါးရက်တာ ရုန်းကန်နေရပြီး တိုးတက်မှု မရှိပေ။ ငါးရက်၊ ငါးညတိုင်တိုင် တိုက်ပွဲက သူ့ကို စုတ်ပြတ်စေ၏။ အတွင်းအားများက နောက်ထပ် ဆယ်ရက် ခံနိုင်သော်ငြား သူ၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အင်မတန် အားအင်ကုန်ခမ်းနေပြီဖြစ်သည်။ ငါးရက်တာက ကြမ်းတမ်း ရက်စက်သော တိုက်ပွဲဖြစ်နေပြီးသားပင်။ ကျန်းရီသည် သူ၏လမ်းတောက်လျှောက် ထပ်ခါထပ်ခါ တိုက်ခိုက်ခဲ့ရသည်။ သူက လမ်းရှည်ကို လျှောက်လျက် ဖြတ်ကျော်ကာ မြင့်မားသော မြို့ရိုးကိုသာ ရှာနေရ၏။ ကျန်းရီ၏ နေရာတွင်သာ တခြားလူများဆိုလျှင် ပင်ပန်းနေလောက်ပြီ ဖြစ်သည်။
ငါးရက် ကျော်လွန်သွားပြီးနောက် သူ့ဓား အကြိမ်ရေမည်မျှ လွှဲယမ်းမှန်း မသိတော့။ ဖုတ်ကောင် စစ်သည်တော် မည်မျှများများ သတ်ခဲ့မှန်း မသိတော့ပေ။ သူစိတ်ကြွရမည့် အကြိမ်ရေ မည်မျှများခဲ့ပြီမှန်း မသိတော့ပေ။ သူကထုံထုံအအတောင် ဖြစ်သွားတော့သည်။ သူက စက်ယန္တရား တစ်ခုပမာ တိုက်ခိုက်ပြီး ပြေးနေဖို့သာ သိသည်။
ဖုန်းတုမြို့က တစ္ဆေမြို့ဖြစ်ပြီး သူဘယ်တော့မှ မလွတ်မြောက်နိုင်သည့် အရာဖြစ်သည်။ မြို့ရိုးမှ ခုန်တက်ပြီး ခေါင်းမိုးပေါ် ခုန်တက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မြို့အထက် ဆယ်မီတာသို့ ရောက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သူ့ကို ဖိချထားလေ၏။
ဖြေရှင်းနည်းများစွာကို တွေးခဲ့ပြီး တတိယအလှည်ကို ဖြိုခွဲရန် ဘဝတံခါးကို ရှာဖွေခဲ့ပြီး ဖြစ်သော်ငြား ဘာမှရှာမတွေ့ပေ။ သေသူများကို ဆက်တိုက် သတ်ဖြတ်ပြီး ရှေ့သို့ပြေးနေကာ သူ၏ကံကို ကြိုးစားခြင်းမှအပ အခြားသော ရွေးချယ်စရာ မရှိပေ။
“ဒါမျိုးမဟုတ်ဘူး ဒီလို မဖြစ်သင့်ဘူး”
ကျန်းရီ၏စိတ်က လျင်မြန်စွာ လည်ပတ်နေလေ၏။ သူသည် အစကတည်းက တစ်စုံတစ်ခု မှားယွင်းနေတာ ခံစားမိသည်။ စမ်းချောင်းဝါ လမ်းကြောင်းတွင် သူတွေးခဲ့စဉ်က ဆန်းကြယ်ဧကရာဇ်သည် လူငယ်မျိုးဆက်များကို သတ်ဖြတ်ရန်အတွက် ထိုအရာများ တည်ဆောက်ထားတာ မဟုတ်ပေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်သည် ပါရမီများ ဖန်တီးထားခဲ့ပြီးဖြစ်ပြီး သူတို့ကို ဖျက်ဆီးရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် ဘဝတံခါးက ရှိကိုရှိရမည်။ သူရှာမတွေ့ရုံသာ ဖြစ်သည်။
“ဘဝတံခါးက ဘယ်မှာများလဲ”
မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ သူထွက်လိုက်သည်။ နွမ်းနယ်နေသော မျက်ဝန်းများဖြင့် အလောင်းများကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ခေါင်းခါကာ ရူးသွပ်သည့် အကြံတစ်ခု ရောက်လာ၏။ ယခုအချိန်တွင် တိုက်ခိုက်နေတာအားလုံး ရပ်တန့်ပြီး ကျောက်ရုပ်ကြီးပမာ ရပ်နေလျက် သူက သတိလက်လွတ် ရေရွတ်ပြောလိုက်တော့သည်။
“ဒီအလှည့်အတွက် ဘဝတံခါးက အကန့်အသတ်မဲ့ ဖုတ်ကောင် စစ်သည်တော်တွေများလား”
***