← Chapters

အခန်း (၁၃၄-၁၃၈)

Vol. 10 Ch. 134-138

အခန်း (၁၃၄-၁၃၈)

Vol. 10 Ch. 134-138

အပိုင်း (၁၃၄): ကျန့်ရှင်းဘိုးဘေး

လူတိုင်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားကြသည်။

ထျန်းကျီကျွန်းမှ လူများသာမက လုံပါ့ထျန်း နှင့် အခြားရှေးဟောင်းပါရမီရှင်များစွာတို့သည် လည်း ကောင်းကင်ယံထက်ရှိ အပြောင်းအလဲများကို မှုန်မှိုင်းသော အမူအရာဖြင့် ကြည့်နေကြသည် ။ထိုလက်ကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် သူတို့ကို ခိုက်ခိုက်တုန်သွားစေသည်။

ဒါ ဘာကြီးလဲ! ?

ငါက ထျန်းကျီ ကျွန်းက လူမဟုတ်ဘူးလေ၊ ဘာလို့ အတူတူ အသတ်ခံရမှာလဲ?

လာတုန်းက အကောင်း ၊ ခုတော့ ကောင်းရော ၊ပြန်မသွားနိုင်တော့ဘူး!

သို့‌သော် ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။

" ထျန်းကျီကျွန်းက ငါ သူတော်စင် နယ်မြေရဲ့ ချန်ကဲဆက်ခံသူ ထံ လက်နက်ချပြီးသွားပြီ ၊ ခုလို လုပ်ရပ်က ကွေးယွမ် သူတော်စင် နယ်မြေကို မထီမဲ့မြင်ပြုနေတယ်လို့ ဆိုလိုတာလား?"

ရွှမ်း!!

ထိုစဉ် မိုးကုတ်စက်ဝိုင်း တစ်နေရာမှ အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဓား၏ ကြွေးကြော်သံနှင့် အတူ ၊

နှိပ်ကွပ်ရန် ဆင်းသက်လာသော လက်ကြီးမှာ လေထုထဲမှာတင် ဖြတ်တောက်ခံခဲ့ရသည်။

ဘုန်း!

ဓားအလင်း၏ အရှိန်မှာ လွန်စွာ မြန်လွန်းသဖြင့် တုံ့ပြန်ဖို့ကိုတောင် အချိန်မရလိုက်ပေ။

ဤအခိုက်အတန့်တွင်၊ ဓားအလင်း ဖြတ်သန်းသွားသော ပင်လယ်မျက်နှာပြင်မှာ လှိုင်းထသွားခဲ့ရပြီး ၊ လှိုင်းလုံးကြီးများသည် ကောင်းကင်ကိုတောင် ရိုက်ခတ်သွားစေသည်။

ဝူး ! ဝူး!!

တဖန် မိုးများ သဲသဲမဲမဲ ရွာချလိုက်သလိုမျိုး အောက်သို့ ပြန်ကျလာခဲ့သည်။

သို့သော် မိုးသည်းထန်စွာရွာသွန်းနေသော ပင်လယ်ပြင် မျက်နှာပြင်ထက်ဝယ် ၊ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သော လူတစ်ယောက် ရှိ‌နေခဲ့သည်။

ထိုအနှီသူသည် လက်ကို နောက်သို့ အေးအေးလူလူ ပစ်ထားသည်။ ဓားသွားမျက်ခုံး ၊ ရှည်လျားသော ငွေဖြူရောင် ဆံနွယ် များ ရှိနေသော်လည်း ၊သို့သော် သူ၏ မျက်နှာသွင်ပြင်မှာ အလွန်နုနယ်ပေသည်။

ထိုအနှီသူ၏ ချောမောသော မျက်နှာပြင်ပေါ်တွင် အပျော်အပါး၌ မွေ့လျော်တတ်သော အသွင်အပြင်မျိုး ရှိသည်။

ပိုလို့တောင် အံ့ဩသွားစေသည့် အရာမှာ ထိုအနှီသူသည် ပင်လယ်ပြင် မျက်နှာထက် ဖြည်းညှင်းစွာ လမ်းလျှောက်လာတိုင်း ၊ လှိုင်းထန်နေသော လှိုင်းလုံးကြီးများမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

ထိုအနှီသူ၏ ‌နင်းခြေသွားခဲ့သော ပင်လယ်မျက်နှာပြင်ပေါ်တွင် ရေလှိုင်းကလေးများသာ ကျန်ရစ်ခဲ့လေသည်။

" သူက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ဘိုးဘေး?"

"မင်းကရော ဒီကိစ္စထဲ ပါဝင်ချင်လို့လား!?"

တိမ်တိုက်ပေါ်က ဒေါသကြီးသော မေးသံများ ထွက်ပေါ်လာခဲ့သော်လည်း ၊ သို့‌သော် အတော်လေး ကြောက်ရွံ့နေသကဲ့သို့ မည်သည့် လှုပ်ရှားမှုမျိုးမှ မရှိခဲ့ပေ။

ထိုအနှီလူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

" ငါ့ကို ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ဘိုးဘေးလို့ ခေါ်တာ မကြိုက်ဘူး ၊ ငါ့ကို ချူးကျန့်ရှင်း လို့ခေါ်တာ ပိုကြိုက်တယ် "

" ချူကျန့်ရှင်း? အဲ့ဒါက ဘယ်သူလဲ"

ငယ်ရွယ်သော ပါရမီရှင်များစွာက မေးခွန်း ထုတ်နေကြသည်။

သို့သော် ၎င်းတို့၏ ဘိုးဘေးများ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက ထိုနာမည်ကြားရုံနဲ့တင် တုန်လှုပ်သွားနိုင်သည်။

ချုးကျန့်ရှင်း !

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ထိုခေတ်၏ အနှိုင်းမဲ့ ပုဂ္ဂိုလ်။

သူသည် ဓားကျင့်ကြံသူ မဟုတ်သော်လည်း ၊သို့သော် သူ၏ ဓားကျင့်ကြံစွမ်းအားသည် တိုက်မြေသုံးထောင်ရှိ ဓားသမားအားလုံးကို ခေါင်းမထောင်နိုင်သည့်အထိ နှိပ်ကွပ်နိုင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် သူ့၏ တစ်ဦးတည်းသော တပည့် ဖြစ်သည့် ဟွမ်ထျန်း ဧကရာဇ်မင်းသည်လည်း ဓားစွမ်းရည် ပါရမီရင့်သန်ပေရာ ၊ သူသည်လည်း ထိုခေတ်အခါက ဓားသမားများကို သူ၏ ဓားစွမ်းရည်ဖြင့် အသက်ရှုကြပ်စေသည့်အထိ နှိပ်ကွပ်နိုင်ခဲ့သည်။

ဤသို့ဖြင့် ၎င်းကို ဓားဧကရာဇ်၏ ဆရာသခင်အဖြစ် လူသိများခဲ့ကြပြီး ၊ သူ့အား ချုးကျန့်အမတ ဆိုသည့် ဘွဲ့အမည်ကို ပေးအပ်ခဲ့ကြသည်။

တိမ်တိုက်ပေါ်က ထိုလူသည်လည်း ချူးကျန့်ရှင်း၏ ဂုဏ်သတင်းကို သိပြီး ဖြစ်သော်လည်း သို့သော် သူသည်လည်း ဤနေရာကို သူ၏ တာဝန်ကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဒီအတိုင်း ပြန်သွားခဲ့မည်‌ ဆိုပါက ၊ သူ့အထက်လူကြီးတွေကို ရှင်းပြဖို့ရာအခက်တွေ့ပေတော့မည်။

" ချူးကျန့်ရှင်း၊ မင်း ငါတို့ကို တကယ်ပဲ တားဖို့ ကြံစည်ထားပြီလား?"

" ကွေးယွမ် သူတော်စင် နယ်မြေက ဒီရဲ့ အကျိုးဆက်ကို လက်ခံနိုင်မနိုင် မင်း သေချာချိန်‌ဆသင့်တယ် !"

ချူးကျန့်ရှင်းက ထိုစကားကို ကြားတော့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သေမှာမကြောက်တဲ့ ဒီလို လူတစ်ယောက်ကို သူ မတွေ့တာ ကြာခဲ့ပြီပင်။

"ကြည့်ရတာ မင်း ဒီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထဲကို ဝင်ခဲ့တာ မကြာသေးဘူးမလား?"

ထိုစကားကို ကြားတော့ တိမ်ပေါ်က လူက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

မှန်၏ ။ သူသည် မကြာသေးမီကမှ အဖွဲ့ထဲတွင် ပါဝင်ခဲ့ပြီး ၊ ဤတာဝန်တွင် ပါဝင်ဖို့ အစပြုခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် မည်မျှ တန်ခိုးကြီးမားသည်ကို သူသိသည် ။သို့သော် သူ့နောက်ခံက အင်အားသည်လည်း ဒီလောက်ထိ ပျောညံ့လိမ့်မည် မဟုတ်ကြောင်း ခံစားမိသည်။

သို့သော်၊ သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ စကားကို လျော့တွက်မိခဲ့သည်။

"မရေမတွက်နိုင်တဲ့ နှစ်တွေကတည်းက၊ ငါကွေးယွမ်မြေကို ခြိမ်းခြောက်ခဲ့တဲ့ အင်အားစုတွေ ဘယ်လောက်တောင် ရှိခဲ့ပြီလဲ မသိဘူး "

"ဒါပေမယ့်၊ သူတို့အားလုံးကို အချိန်စီးကြောင်း ရှည်လျားတဲ့ မြစ်ထဲမှာ မြှုပ်နှံခံလိုက်ရတယ်"

စကားပြောနေစဉ် အတွင်းမှာပဲ ၊ချူးကျန့်ရှင်းသည် သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကြီးကျယ်ခမ်းနား‌သော ဓားစွမ်းအင်များ အဆက်မပြတ် စုစည်းလိုက်ပြီး၊ အာကာသကိုပင် ၎င်းဓားစွမ်းအင်ဖြင့် ဖိနှိပ်ချုပ်ချယ်လိုက်သည်။

"ငါ ကွေးယွမ်မြေကို စော်ကားတဲ့သူတိုင်း ခေါင်းဖြတ်ခံရမယ်!"

ထိုစဉ် ဓား ထွက်ပေါ်လာခဲ့သည်။

ရွှမ်း ! !

ထိုအခိုက်အတန့်တွင် အာကာသတစ်ခုလုံး ငြိမ်ကျသွားပြီး ၊ အချိန်စီးကြောင်းတို့သည် ရပ်တန့်ကုန်လေသည်။

ထိုဓားသည် အာကာသကို ကွဲအက်သွားစေပြီး ၊ အချိန်စီး‌ကြောင်းကိုတောင် ဖောက်ထွင်းဝင်ရောက်ခဲ့လေသည်။

ရပ်တန့်သွား‌သော အဖြူအမဲသာ ရှိသည့် ဤကမ္ဘာပေါ်တွင် ၊ တောက်ပသော ဓားအလင်းတစ်ခုသည်သာ ကောင်းကင်နှင့် မြေကြီး၌ ဝင်းလက်သွားခဲ့သည်။သို့သော် ၎င်းသည် အဖြူရောင်အလင်း တစ်ခုမျှသာဖြစ်သော်လည်း ဤ ကမ္ဘာပေါ်ရှိ အရာအားလုံး၏ အရောင်များကို အဓိပ္ပာယ်ဖွင့်ဆိုလိုက်သလိုပင်။

လူတိုင်း တုံ့ပြန်လာခဲ့သည့် အချိန်တွင်မူ၊ကျန့်ရှင်းဘိုးဘေးသည် သူ့လက်ကို နောက်သို့ တဖန် ပစ်ထားဆဲပင် ဖြစ်သည်။

သူသည် ထျန်းကျီကျွန်း၏ ဦးတည်ရာဆီသို့ တစ်လှမ်းချင်း လှမ်းလိုက်သည်။

လူတိုင်းသံသယများစွာဖြင့် စဉ်းစားနေစဉ် ၊

ဘုန်း! !

ထူထပ်လှသော တိမ်တိုက်များသည် ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် ကွဲအက်သွားပုံ ရသည် ။

သိပ်မကြာမီ ၊

သွေးမိုးများ တဖွဲဖွဲ ရွာကျလာခဲ့သည် ။

ကောင်းကင်ကြီးသည် ကျိုးပဲ့နေသော မှန်ကဲ့သို့ ဗလာဖြစ်နေပြီး ၊ ကောင်းကင်နှင့်မြေကြီးတို့မှာ တုန်လှုပ် ငိုကြွေးနေ၏။

အနက်ရောင် အရိပ်တစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ကြီးမားသော လှိုင်းလုံးများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ဓားတစ်ချောင်းတည်းနဲ့တင်၊ ရန်သူကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ၊ အရာအားလုံးမှာ အသံမဲ့လျက်။

လူတိုင်း ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ တိမ်တိုက်ထဲက ထိုပုဂ္ဂိုလ်မှာ မည်မျှ အစွမ်းထက်တယ်ဆိုတာကို သူတို့ အားလုံး သိထားကြသည်။သို့ဆိုတောင် တဖက်လူက အသာလေး လှုပ်ရှားလိုက်ရုံဖြင့် ၎င်းမှာ ကမ္ဘာပျက်ခဲ့ရလေပြီ။

ဒါပေမဲ့ ဒီလောက် စွမ်းအားကြီးမားတဲ့ သူတစ်ဦးက ကွေးယွမ် သူတော်စင်နယ်မြေက ဘိုးဘေးရဲ့ ဓားလက်ချက်နဲ့ တကယ်ပဲ သေဆုံးသွားပြီတဲ့လား!?

လုံပါ့ထျန်း နှင့် ရှေးခေတ် ပါရမီရှင်များစွာတို့၏ အမူအရာများမှာ သိသိသာသာပြောင်းလဲကုန်သည်။သူတို့ နောက်ကွယ်မှာရော ဒီလောက်အင်အားကြီးမားတဲ့ ဘိုးဘေးများ ရှိလေသလား မသိ။

" မဖြစ်ဘူး၊ ဒီကိစ္စကို ဖီးနပ်ဆရာသခင် ကို အကြောင်းကြားရမယ်!"

ဟွမ်လော့ရှင်းက တွေးလိုက်သည်။

သို့သော် ချူးကျန့်ရှင်းသည် သူမ၏ အတွေးကို ခန့်မှန်းမိပုံရကာ ၊ လူတိုင်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။

သူသည် ‌ဟင်းလင်းပြင်ကို အသာယာ ပုတ်လိုက်သည်နှင့် ဓားစွမ်းအင်သည် ကြာပန်းတစ်ပွင့်အဖြစ်သို့ ရောယှက်သွားကာ ၊ ပြီးနောက်တွင် ကြာ ပွင့်ချပ်တို့ ပေါက်ကွဲသွားခဲ့ပြီး ပါရမီရှင်များစွာ၏ စိတ်အနက်ရှိုင်းဆုံး နေရာထိ နစ်မြုပ်သွားသည်။

သူတို့ စိတ်ထဲက ကန့်သတ် အလွှာများကိုတောင် လျစ်လျူရှုလျက်၊ ယခု မြင်ကွင်း၏ အမှတ်တရ အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

ပါရမီရှင်များအားလုံး မူးမေ့ လဲကျသွားပြီးနောက်၊ ၎င်းဓားစွမ်းအင်သည်လည်း တစ်ခါမှ ပေါ်ထွက်လာခြင်း မရှိသကဲ့သို့ သူ့အလိုလို ကွယ်ပျောက်သွားခဲ့သည်။

တန်ခိုးကြီးမားလှသော ဧကရာဇ်မင်း ကိုယ်တိုင် စစ်ဆေးကြည့်မည် ဆိုတောင် မည်သည့်သဲလွန်စကိုမျှ ရှာတွေ့လိမ့်မည် မဟုတ်။

ချူးကျန့်ရှင်းက ပြုံးနေသော မျက်ဝန်းများဖြင့် စူးချန်ကဲကို ကြည့်လိုက်သည်။

"ဒါက မင်း ကောင်းဖို့ အတွက်ပဲ မဟုတ်လား? ငါ အသက်ရှင်နေသေးတယ် ဆိုတဲ့ သတင်းတွေ ထွက်လာရင် အဲ့အဘိုးကြီး တချို့က သူ့ရဲ့ သားစဉ်မြေးဆက်တွေကို မင်းနဲ့ ကစားခွင့်ပေးမှာတဲ့လား?"

"လူငယ်တွေ အနေနဲ့ မင်းလုပ်ချင်တာ လုပ်နိုင်တယ်၊ ငါတို့ လူကြီးတွေက လိုက်ထိန်းပေးမယ်"

ကွေးယွမ်တွင် ဘိုးဘေးမည်မျှရှိသည်ကို ခန့်မှန်းနေခဲ့သော စူးချန်ကဲ သည်လည်း ထိုစကားကြောင့် အံ့အားသင့်သွားသည်။

"ငါ့နောက်ခံက အရမ်းသန်မာလွန်းလို့ ၊ တခြားသူတွေ ငါ့ကို အဆက်အသွယ် မလုပ်မှာကို စိုး ‌တယ်တဲ့လား?"

သို့သော် စူးချန်ကဲသည် ကျန့်ရှင်း ဘိုးဘေး၏ မျက်ဝန်းထဲမှ မတူညီသော ခံစားချက်တချို့ကို ခံစားလိုက်ရသည်။

လူဟောင်း အဘိုးကြီး‌တွေ မိမိထံ ရောက်လာပြီး ဒုက္ခပေးဖို့ကို သူ မျှော်လင့်နေသလိုပင်။

ဒါ ထောင်ချောင်ဆင်ဖမ်းချင်တာ မဟုတ်ဘူးလား?

စူးချန်ကဲက သံသယဖြင့် မေးလိုက်သည်။

"ဘိုးဘေး ကျန့်ရှင်းရဲ့ နယ်ပယ် အဆင့်က ဧကရာဇ်မင်းမြတ် လား ?"

သူ နည်းနည်း စပ်စုလိုက်သည်။ သူ့မျက်စိရှေ့တွင် မြင်ရသော တန်ခိုးကြီးမားသူ ဆိုလို့ ဧကရာဇ်မင်းမြတ် အဆင့်ပဲ ရှိသေးတယ် မဟုတ်လော။

" နယ်ပယ် အဆင့်?"

ကျန့်ရှင်းဘိုးဘေးသည် ခေါင်းယမ်းလိုက်ပြီး ပြုံးပြုံးကြီး ထျန်းကျီမျှော်စင်ဆီသို့ လျှောက်သွားလိုက်သည်။

" မသေမျိုးသည် အတွေးတစ်ခုမျှသာ”

ထိုစကားက စူးချန်ကဲ၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းတံပိုးများကို ရိုက်ခတ်သွားစေခဲ့သည်။

သူတို့ ကွေးယွမ် နယ်မြေရဲ့ နောက်ခံက ဘယ်လောက်တောင် နက်ရှိုင်းနေတာတုန်း!?

【 တင်း! စနစ်တာဝန် ပြီးမြောက်သွားခဲ့တာကြောင့် ဆုလာဘ်- ချန်ရှန်းအရိုးကို လက်ခံရရှိသည့်အတွက် ဂုဏ်ယူပါသည် 】

" အိုင်း !"

" ဒီလောက် သန်မာလွန်းတဲ့နောက်ခံ၊ ငါပါ ထပ် ထူးချွန်နေရင် လူယုတ်မာဖြစ်သွားနိုင်တယ်!"

စနစ်- (ー_ー)!!

စကားမဲ့လျက် ။

......

တစ်ချိန်တည်းမှာပင် ကျန့်ရှင်းဘိုးဘေး သည် ထျန်းကျီ မျှော်စင်၏ ၃၃ မြောက်ထပ်သို့ ရောက်ရှိလာခဲ့သည်။

သူသည် အမြင့်ဆုံးနေရာ၌ ထိုင်လျက် ၊လက်ဖက်ရည်ပူပူကို မှုတ်သောက်ရင်း နတ်ဘုရားတစ်ပါး ဟန်ပန်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထျန်းကျီကျွန်း၏ သခင်ကို ငုံ့ကြည့်နေ၏။

ယခုအခါတွင်မူ သူ၏ အသံနေအသံထားသည် စူးချန်ကဲနှင့်စကားပြောတုန်းကလို နူးညံ့တဲ့ အသံမဟုတ်ဘဲ ၊ဘုန်းတန်ခိုးအာနုဘော်များဖြင့် ပြည့်နှက်နေသည်။

" ချန်ကဲက ငါ သူတော်စင် နယ်မြေရဲ့ မျှော်လင့်ချက်၊ ကောင်းကင်ဘုံရဲ့ မျှော်လင့်ချက် ဆိုလည်း ဟုတ်တယ် ၊ တကယ်လို့ မင်းစိတ်ထဲ မဟုတ်တဲ့ အတွေးတွေ ရှိနေခဲ့ရင် ..."

ကျန့်ရှင်းဘိုးဘေးသည် သူ၏ စကားကို ခဏရပ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

အဆုံးစွန်သော ဓားဆန္ဒများဖြင့် ပြည့်နှက်နေသည့် ထိုအသွင်အပြင်သည် သူ၏တာအို စိတ်နှလုံးသားကိုတောင် အပိုင်းပိုင်း ပြိုကွဲလုမတတ် ဖြစ်ခဲ့ရသည် ။

"စိတ်ချပါ လူကြီးမင်း၊ ကျွန်တော်တို့ သေတဲ့အထိ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ‌ နောက်ကို လိုက်သွားမှာပါ"

သို့သော် ကျန့်ရှင်းဘိုးဘေးသည် အေးစက်သော မျက်လုံးများဖြင့် ကြည့်နေဆဲပင်။

ထျန်းကျီကျွန်းပိုင်ရှင်သည် အလွန် ထိတ်လန့်သွားပြီး ပျာပျာယာယာ ထပ်ဆိုလိုက်သည်။

" ကျွန်တော်တို့ သေတဲ့အထိ ချန်ကဲဆက်ခံသူရဲ့ နောက်ကို လိုက်သွားပါမယ်!"

ထိုမှသာလျှင် ကျန့်ရှင်းဘိုးဘေးသည် ဘာမှမပြောတော့ဘဲ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

စူးချန်ကဲ ဘက်ကို တချက်လှည့်ကြည့်လိုက်ရင်း -

"ကောင်လေး ကွေးယွမ်ကို ပထမဆုံး စဝင်တုန်းကထက် အများကြီး သန်မာလာတာပဲ ၊ဒီလို တိုးတက်မှုမျိုးက ထာဝရမှာ ဒါမှမဟုတ် အနာဂတ်မှာ လူတစ်ဦးတည်းသာ ရှိနိုင်တယ်"

ကျန့်ရှင်းဘိုးဘေး၏ မျက်လုံးထဲတွင် သက်သာရာရသော အရိပ်အမြွက်တချို့ ရှိနေခဲ့သည်။

" လူကို တကယ်ပဲ မျှော်လင့်စေတယ် ၊ အဲဒါက မင်းရဲ့အနာဂတ်ပဲ "

အပိုင်း(၁၃၅): အမှောင်တိုက်စားခြင်း ၊ အလင်းနှင့် အမှောင်ထု၏ အတတ်အကျ ၊ နတ်အရှင် နှင့် နတ်ဆိုးတို့ ဆက်လက် ဖြစ်တည်နေကြသလိုမျိုး

တစ်ချိန်တည်းမှာပင် ၊ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု၌။

ဤနေရာရှိ မြင့်မြတ်သောလမ်းစဉ်၏ စွမ်းအားများသည် ရိုက်ခတ်လှုပ်ရှားထကြွနေကြသည်။

ခန်းမကြီးတစ်ခုထဲတွင်၊ ကြီးမားသော စားပွဲဝိုင်းကြီးကို ဗဟိုပြု၍ ဝန်းရံထားသော နဂါးနှင့် ဖီးနစ် ရောယှက် ထွင်းထုထားသော ရွှေကုလားထိုင် ဆယ်သုံးလုံး ရှိနေသည်။

၎င်းရွှေကုလားထိုင် ဆယ်သုံးလုံးပေါ်တွင်၊ နားမလည်နိုင်သော ရောင်ဝါများ ရှိသည့် ပုဂ္ဂိုလ်၁၃ဦး ရှိနေခဲ့သည် ။

ဤအခိုက်အတန့်တွင်မူ ၊ လေထုမှာ အနည်းငယ် လေးလံနေပြီး စိတ်ပျက်နေပုံရသည်။

အဘိုးအို တစ်ဦး၏ စကားသံက ပထမဦးစွာ ထွက်ပေါ်လာခဲ့သည် -

"ထောင်မှူးသေပြီ၊ နောက်ဆုံးပေးပို့လာခဲ့တဲ့သတင်းကို မင်းတို့သိကြမှာပါ ၊ ကွေးယွမ် သူတော်စင်နယ်မြေက ကြားဝင်စွက်ဖက်ခဲ့တာပဲ"

သူသည် စကားကို ခေတ္တရပ်လိုက်ပြီး ၊တဖန် ဆက်ဆိုလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဘယ်လိုလုပ်သင့်လဲ”

ပတ်ဝန်းကျင်မှာ တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

သူတို့ကိုယ်သူတို့ တာအိုလမ်းစဉ်၏ ကွပ်ကဲသူလို့ ခေါ်ရလောက်အောင် အစွမ်းထက်သူများ ဖြစ်ကြသော်လည်း ၊ သူတို့ထက် ပိုပြီးအစွမ်းထက်သော အင်အားစုသည်လည်း တိုက်‌မြေ သုံးထောင်၏ နယ်ပယ်ထဲတွင် ရှိနေသေး၏။

ထို့အပြင်၊ သူတို့အနေဖြင့် တိုက်‌မြေ သုံးထောင် နယ်ပယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ထိပ်တန်း အင်အားစုတချို့ကို အလွန်အမင်း ဝင်ရောက် စွက်ဖက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ဒါတင်မက ၊ ကွေးယွမ် သူတော်စင် နယ်မြေနှင့်ပတ်သတ်၍ သူတို့ သိပ်မသိကြပေ။

သူတို့ ရရှိထားသော အချက်အလက်တွေအရ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် တိုက်မြေ သုံးထောင် နယ်ပယ်တွင် ရုတ်တရက် ပေါ်ထွက်လာပုံရသည်။

"စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြမယ် ၊ ကွေးယွမ် သူတော်စင်နယ်မြေနဲ့ ပတ်သက်ပြီး၊ အရင်ဆုံး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားမယ် "

တတိယခုံရှိ ပုဂ္ဂိုလ်က ထဆိုလိုက်သည်။

"နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ အဲ့ဘက်ကို စစ်ဆေးခိုင်းရမယ် "

"ဒီိလိုလုပ်တာ မသင့်တော်ဘူး မဟုတ်လား၊နတ်ဘုရားအချုပ်ထောင် နန်းတော်သာ ဖျက်ဆီးခံလိုက်ရရင် ငါတို့ရဲ့ ကျားစေ့တစ်ခု ဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်"

တစ်စုံတစ်ယောက်က စိတ်ပူစွာဖြင့် ဆိုလိုက်သည်။

သို့သော် တတိယမြောက် ခုံပေါ်က ထိုပုဂ္ဂိုလ်က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။

“စိတ်မပူနဲ့၊ တိုက်‌မြေ သုံးထောင်မှာ ငါတို့ ချထားတဲ့ ကျားစေ့တွေ နည်းတာမှ မဟုတ်တာ"

သူ၏ မျက်လုံးများသည် စူးရှစွာ ဝင်းလက် တောက်ပလာပြီး ထပ်ဆိုလိုက်သည်။

" တိုက်မြေ သုံးထောင် ၊ စည်းမျဥ်းတွေကို ဖောက်ဖျက်တဲ့ မည်သည့် တည်ရှိမှုကိုမဆို ခွင့်ပြုဖို့ မဖြစ်နိုင်ဘူး"

......

ထျန်းကျီ ကျွန်းပေါ်ရှိ ဂူတစ်ခု၌ ၊

ကိုယ်လုံးတီးဖြင့် ရှိနေဆဲဖြစ်သော တုကိုယ်တော်ခမျာ ရှက်ရွံ့စွာဖြင့် ဂူထဲမှ ထွက်လာခဲ့သည်။

သူသည် မူလက နတ်တစ္စေသွေးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကြွယ်ဝသော တစ္ဆေစွမ်းအင်များကို အာရုံခံစားမိခဲ့သည်။

သို့သော် နတ်တစ္စေသွေးနှင့် ရောစပ်ထားသော စွမ်းအားသည် ပြင်းထန်လွန်းသဖြင့် ၊ သူ၏ တရားဓမ္မကို ဖြန့်ကျက်၍ နာရီများစွာ ကြာအောင် သန့်စင်ပေးခဲ့သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

နောက်ဆုံးတော့ သူလက်လျှော့ရန် စဉ်းစားလိုက်သည်။

ခန့်မှန်းကြည့် ! ဘာဆက်ဖြစ်မယ် ထင်လဲ ?

နတ်တစ္စေသွေးက သူ့ဘာသာသူ ပေါက်ကွဲသွားတယ်လေ!

အကယ်၍ သူသာ မပျက်စီးနိုင်သော ရွှေကိုယ်ထည်ကို ကျင့်ကြံအားမထုတ်ခဲ့ပါက ၊သူ တကယ်ကို ဆုံးပါးသွားပေလိမ့်မည် ။

"အန္တရာယ်များလိုက်တာ ၊ငါကိုယ်တော် အခုထိ ရှိနေသေးတယ် ၊ မဟုတ်လို့ကတော့ ဆရာတော်က သီလရှင်ဖြစ်အောင် ပို့လိုက်ရင်ဖြင့်..."

ထိုအတွေးကြောင့် သူ တုန်လှုပ်သွားသည်။

ထျန်းကျီ မျှော်စင်၏ ဦးတည်ရာဆီသို့ တစ်ဖန် လှမ်းကြည့်လိုက်ရင်း ၊ သူ၏ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အမြွက်တို့ ရှိနေခဲ့သည်။

"ဒီတခေါက် ခရီးက အဆင်မပြေခဲ့ဘူး ၊ ငါ ကျောင်းကို ပြန်သွားပြီး သတင်းပို့ရမယ်"

ထိုသို့ပြောပြီးနောက် တုကိုယ်တော်သည် ထျန်းကျီကျွန်း အပြင်ဘက်သို့ လျှောက်သွားခဲ့လေသည်။

သို့သော် သူမသိခဲ့သည့် အရာမှာ ။

ယခင် နတ်တစ္ဆေသွေးများ ပေါက်ကွဲသွားစဉ်က ၊သူ၏ စိတ်ဝိညာဉ်တွင် ထူးခြားဆန်းကြယ်‌သော အရာ တစ်ခု ရှိနေခဲ့သည်။

အကယ်၍ စူးချန်ကဲသာ ရှိနေခဲ့မည်ဆိုပါက ၊ သေချာပေါက် တွေ့ရှိသွားနိုင်သည်။

ဤအရာမှာ အရင်က သေသွားပြီဟု ယူဆရ‌သော ကွေချီး၏ အငွေ့အသက်နဲ့ တစ်ပုံစံတည်း တူသည်ဟု ဆိုရပေလိမ့်မည်...

စူးချန်ကဲသည် ထျန်းကျီ ကျွန်း၏ နောက်ဆုံး ခြောက်ထောင့်ကြယ်အား အလျင်စလို အသုံးမပြုခဲ့ချေ။

ထျန်းကျီကျွန်းကို သူဆုပ်ကိုင်ထားသ၍ ဟောကိန်း၏ လျှို့ဝှက်ချက်များကို အချိန်မရွေး နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစိသည်။

မေ့လဲခဲ့ကြသော ပါရမီရှင် တပည့်များမှာ တယောက်ပြီး တယောက် နိုးလာကြပြီ ဖြစ်သော်လည်း ၊ အရေးကြီးသောအရာကို မေ့သွားသကဲ့သို့ ဝေဝေဝါးဝါး ဖြစ်လို့နေသည် ။

နောက်ဆုံး ခြောက်ထောင့်ကြယ်မှာ ကွေးယွမ်၏ ဆက်ခံသူ ၊ စူးချန်ကဲလက်ထဲ ကျရောက်သွားပြီ ဖြစ်ကြောင်း သူတို့ သိထားသည်။

" စူးချန်ကဲ... ကောင်းကင်ဘုံ အာဏာရှင် နဂါးရဲ့ အသွေးအသားတွေ ပြီးပြည့်စုံတဲ့ တစ်နေ့ ၊ငါ မင်းကို သေချာပေါက် သတ်မယ်.."

လုံပါ့ထျန်းသည် အဝေးတစ်နေရာသို့ ပျံသန်းသွားပြီ ဖြစ်သော ကွေးယွမ် စီးတော်ယာဉ်ကြီး၏ ဦးတည်ရာဘက်ကို အေးစက်စွာ ငေးကြည့်လိုက်သည်။

ဤခရီးစဉ်မှ သူ ရရှိခဲ့သော အရာမှာ စူးချန်ကဲအပေါ် မုန်းတီးခြင်းသာ ဖြစ်သည်။

သို့သော်၊ ဟွမ်လော့ရှင်းသည် ထူးဆန်းသောခံစားချက်မျိုးကို ရရှိနေခဲ့ပြီး ၊ သူမသည် အဖြူရောင် အခိုးအငွေ့များဖြင့် တစ်ဖန် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သော ထျန်းကျီကျွန်း ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"ထားပါတော့ အဲ့ထက် စူးချန်ကဲကို အာရုံစိုက်ရလိမ့်မယ်..."

ဟွမ်လော့ရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။၎င်း၏ ခွန်အားသည် ငယ်ရွယ်သူ တစ်ယောက် ပိုင်ဆိုင်ထားသင့်သော မြင့်မြတ်သော နယ်ပယ်ထက်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။တချို့သော မျိုးဆက်ဟောင်းများပင်လျှင် စူးချန်ကဲ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

" ပြန်ပြီး အစကနေ ထပ်စီစဉ်ရမှာပဲ"

........

အဝေးတစ်‌နေရာသို့ ပျံသန်းထွက်ခွာသွားကြပြီ ဖြစ်သော ပါရမီရှင်များစွာကို ငေးကြည့်ရင်း။

ကျန့်ရှင်းဘိုးဘေး၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ပြုံးသွားလေသည်။

"မင်းတို့ ထျန်းကျီကျွန်းက တခြားသူတွေဆီကနေ ပုန်းအောင်းတဲ့ နည်းလမ်းက ဘယ်ဆိုးလို့တုန်း "

ထျန်းကျီ ကျွန်းပိုင်ရှင်သည် ရှက်ရွံ့စွာဖြင့် လက်နှစ်ဖက် လျှက်လျက် ဆိုလိုက်သည်။

" ဒီတိုင်း လှည့်ကွက်အသေးစားလေးတွေပါ လူကြီးမင်းကို ရယ်စေမိပြီ "

"ကဲ ဒီလိုဆိုမှတော့ သွားကြစို့ "

ကျန့်ရှင်းဘိုးဘေး၏ ဆိုလိုရင်းကို နားမလည်ပေရာ ထျန်းကျီ ကျွန်းပိုင်ရှင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သို့သော် ကျန့်ရှင်း ဘိုးဘေးမှာမူ ၊ သူ့လက်ဖြင့် ဓားကို ညွှန်ကြားကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်သည်။

ကွဲအက်သံ!

ကောင်းကင်ကြီးမှာ သူ့အလိုလို ကွဲအက်သွားသည် ။

ပြိုင်ဘက်ကင်းသော ဓားစွမ်းအင် မုန်တိုင်းသည် အာကာသအတွင်း အက်ကွဲကြောင်းများကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့ပြီး ၊ နောက်ဆုံးတွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဝဲဂယက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူကို ထိတ်လန့်စေသည့် အရာမှာ ထိုဝဲဂယက်အတွင်း တခြား နယ်ပယ်တစ်ခုနှင့် ချိတ်ဆက်ထားပုံရသော အာကာသ ပို့ဆောင် ဆက်သွယ်ရေး တံခါးတချပ် ရှိနေခဲ့သည်။

ဝီ!

ထျန်းကျီကျွန်းကို စူးရှတောက်ပသောအလင်းရောင်တစ်ခုက လွှမ်းခြုံသွားခဲ့ပြီး ၊ ထျန်းကျီကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာခဲ့သည်။

နောက်ဆုံးတွင် ထိုစွမ်းအားကြောင့် ထျန်းကျီကျွန်း တစ်ခုလုံး အပေါ်သို့ မြှောက်သွားပြီး ၊ ၎င်းဝဲဂယက်၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားခဲ့သည်။

"ဓားစွမ်းအင်နဲ့တင် ဒီလောက် ကြီးမားတဲ့ အာကာသ ပို့ဆောင် ဆက်သွယ်ရေး တံခါးကြီးကို ဖွင့်ပေးနိုင်တယ်ပေါ့!"

ထျန်းကျီကျွန်းပိုင်ရှင်သည် ထိုမြင်ကွင်းကြောင့် မယုံနိုင်လောက်အောင် ထိတ်လန့်နေသည်။

တစ်ကမ္ဘာလုံးက ကြောက်စရာကောင်းပါတယ် ဆိုတဲ့ အရာတောင် ၊

ကွေးယွမ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကျော်လွန်နိုင်မည် မဟုတ်။

.......

စူးချန်ကဲသည် ကွေးယွမ်သို့ ပြန်လာပြီးနောက် ၊ တံခါးပိတ်လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ပြန်သည်။

ဒီတစ်ခါမှာလည်း အပြည့်ရိတ်သိမ်းနိုင်ခဲ့သော်လည်း ၊နောက်တစ်ကြိမ်မှာမူ နှစ်‌ဆရိတ်သိမ်းနိုင်ရန် သူ မျှော်လင့်ထားသည်။

"ကောင်းကင်ဘုံ ခန္ဓာကိုယ် နဲ့ ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ် တဲ့လား?"

သို့သော် ယင်းနှင့် နှိုင်းယှဉ်ပါက ၊ သူ့မျက်စိရှေ့တွင် ရှိနေသော ချန်ရှန်းအရိုးကို သူ ပိုပြီး မျှော်လင့်နေမိသည်။

" ချန်ရှန်းအရိုးကို ထုတ်ယူမည် "

ဝီ!

စူးချန်ကဲ၏ စကားအဆုံးတွင် ၊ လေဟာပြင်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၊သူ၏ ခန္ဓာကိုယ်ထဲကို ချက်ချင်းလက်ငင်း ထိုးဖောက်ဝင်ရောက်သွားသည်။

[ချန်ရှန်းအရိုး - မသေနိုင်သောလမ်းစဉ်ကို ရှာဖွေခြင်း ၊ ကောင်းကင်လမ်းစဉ်ကို ရှာဖွေခြင်း ၊ လောက၏ မူလဝိညာဉ်စွမ်းအင်ကို ရှာဖွေခြင်း၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ အမျိုးအစားနှင့် လုံးဝ ကွဲပြားပြီး အသစ်စက်စက် ဖြစ်တည်မှု ဖြစ်လာမည် ။အသက်ရှည်ခြင်း၏ မူလဇစ်မြစ်ကို ရယူပြီး မသေမျိုး၏ အဓိပ္ပာယ်ကို ကာရန်အဖြစ် ပြောင်းလဲမည် 】

"ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ အမျိုးအစားနှင့် လုံးဝ ကွဲပြားတယ်?"

သို့ဆိုတောင် ဤကိစ္စကို သူ စိတ်ထဲမထားပေ။သူ၏ ခန္ဓာကိုယ်ထည်နှင့် မကိုက်ညီပါက စနစ်မှ သူ့ကို သေချာပေါက် လှုံ့ဆော်ပေးလိမ့်မည်ပင်။

" ချန်ရှန်းအရိုးနှင့် ပေါင်းစပ်ခြင်း"

ထို့နောက် စူးချန်ကဲ၏ အာရုံတို့မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဝီ!

အလင်းတန်းအုပ်စုသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက် ပေါင်းစပ်သွားသည်။

သူ၏ဘေးပတ်ပတ်လည်တွင် ကြယ်ကလေးများလို တောက်ပနေသော ရှေးဟောင်းစာလုံးလေးများပေါ်လာပြီး ၊ တဖျပ်ဖျပ် လတ်နေသော ကြယ်များကဲ့သို့ အလင်းရောင်များ ဖြာထွက်လာသည်။

သူ၏ အနက်ရှိုင်းဆုံး အတွေးထဲ၌ ကြီးကျယ်ခမ်းနားသော ဝါးမျိုးခြင်း စွမ်းအားများ ရှိနေပြီး ၊ ပရမ်းပတာ ချောက်နက်ကြီး ကဲ့သို့ ဝဲဂယက်များ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာကာ ၊ ၎င်းဝဲဂယက်ထဲတွင် ထူးဆန်းသော ရှုပ်ထွေးမှုများနှင့် နတ္ထိတို့ ပြည့်နှက်နေသည်။

ဝိညာဉ်စွမ်းအင်များသည်လည်း အစုလိုက်အပြုံလိုက် များပြားလာခဲ့သည်။

များမကြာမီပင် ၊ ထိုပရမ်းပတာ ဖြစ်နေသော ဝဲဂယက် အတွင်း၌ ဗုဒ္ဓ အရိပ်သဏ္ဍာန် တစ်ခု စုဝေးလာခဲ့ပြီး ရှေးသုတ္တန်ရွတ်ဆိုသံများ ဆိတ်ညံသွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် ၊

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော ဝါးမျိုဝဲဂယက်သည် ထူးဆန်းသော အမှောင်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး၊ ၎င်းအတွင်း၌ အအေးဓာတ်နှင့် မှောင်မိုက်သော သေခြင်းစွမ်းအင်များလည်း ရှိသေး၏။

"သေစမ်း! အရင်က စုပ်ယူ သူတော်စင်ခန္ဓာကနေ ဝါးမျိုမိခဲ့တဲ့ သေခြင်းတရား စွမ်းအားတွေက ပြန်ပေါ်လာပြီ!"

ယခုအခိုက်အတန့်တွင် စူးချန်ကဲသည် ပေါင်းစည်းခြင်း၏ အရေးကြီးဆုံး အဆင့်တွင် ရှိနေပြီး၊ ဤကဲ့သို့ အမှားမျိုးသည် အသက်အန္တရာယ်အထိ ဖြစ်နိုင်သည်။

"အခု တောင် အနှောင့်အယှက် ဖြစ်နေရင် နောက်ဆို ဒီထက်ပိုပြီး ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ် ၊ တိုက်ထုတ်ရုံပဲ တတ်နိုင်တော့တယ် !"

စူးချန်ကဲသည် တဟုန်ထိုး တတ်လာသော တစ္ဆေစွမ်းအင်များကို ဖိနှိပ်ရန် သူ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။

သို့သော် မသိနိုင်သော အကြောင်းအရင်း တစ်ခုကြောင့်၊ ချန်ရှန်းအရိုးသည် တစ္ဆေစွမ်းအင်နှင့်အတူ တဟုန်ထိုး တုန်ခါနေပြီး ၊ တစ္ဆေစွမ်းအင်များက ပို၍ ပြင်းထန်လာခဲ့သည်။

ကမ္ဘာကို ပျက်သုန်းစေမည့် မြစ်ရေကဲ့သို့ တစ္စေစွမ်းအင်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အသိစိတ်ပင်လယ်ကို အဆက်မပြတ် လှုပ်ခတ် နေခဲ့သည်။

သွေးအန်သံ!!

ဒီတစ်ကြိမ်မှာတော့ စူးချန်ကဲ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ နာကျင်နေခဲ့သည်။

သူ၏ ကိုယ်တွင်းအင်္ဂါတို့မှာ အပိုင်းပိုင်း ကွဲထွက်သွားသလို‌မျိုး ခံစားနေရသည်။

သူ၏ စိတ်သာ အားပျော့နေခဲ့မည် ဆိုပါက ၊သူသည် ​ လွန်​ခဲ့​သော အချိန်ကပင်​ ဆုံးပါးသွားပေလိမ့်​မည်​။

သို့သော် စူးချန်ကဲသည် လက်မလျှော့ခဲ့ပေ။သူ၏ ပင်ကိုယ်စွမ်းအားဖြင့် ထိုအမည်မသိ စွမ်းအားများကို အဆက်မပြတ် တိုက်ထုတ်ခဲ့သည်။

ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် အကြိမ်တိုင်း ၊ သူသည် ထိုအမည်မသိ စွမ်းအားကို တဖန် နှိပ်ကွပ်ပြန်သည်။

ဆယ်ကြိမ်!

အကြိမ်တစ်ရာ!

အကြိမ်ထောင်ပေါင်းများစွာ အထိ !

နောက်ဆုံးအချိန်ထိ ၊ ဘယ်နှစ်နာရီ ကြာမြင့်သွားခဲ့လဲဆိုတာတောင် မသိတော့ပေ။

ချန်ရှန်းအရိုး၏ တုန်ခါမြည်ဟည်းသံမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် စူးချန်ကဲ ပျော်လို့ မပြီးသေးခင်မှာပဲ၊ ချန်ရှန်း အရိုးထဲမှ ပြင်းထန်‌သော အမှောင်ဓာတ်များ ထွက်လာခဲ့ပြန်သည်။

ထူးဆန်းသည်မှာ ထိုအမှောင်ဓာတ်သည် မည်သည့်စွမ်းအား အတတ်အကျမှ မရှိသလို ၊ မည်သည့် အသက်ဓာတ်မှလည်း ရှိမနေပေ။ဒါတင်မက မှော်အစွမ်းများလည်း ကျန်ရှိမနေချေ။

ထူးဆန်းသော အနက်ရောင် အလင်းတန်းများက စူးချန်ကဲအား လွှမ်းခြုံသွားလေသည်။

မူလက တောက်ပကြည်လင် ပြတ်သားသော ချန်ရှန်းအရိုးမှာ မှင်နက်ရည်များ၏ တိုက်စားခြင်းကို ခံလိုက်ရသလိုပင်။

၎င်းအပေါ်တွင် အနက်ရောင်လိုင်းများ စွန်းထင်းနေပြီး ၊ ၎င်းအနက်ရောင် လိုင်းများသည် မကောင်းဆိုးဝါးနှင့် နက်နဲသော အမှောင်ထု၏ ပြင်းထန်သော ခံစားချက်ကို ဖော်ထုတ်ပြသနေ၏။

အလင်းနှင့် အမှောင်ထု၏ အတတ်အကျ ၊ နတ်အရှင် နှင့် နတ်ဆိုးတို့ ဆက်လက်ပြီး ပြောင်းလဲ ဖြစ်တည်နေကြသလိုပင်။

အပိုင်း(၁၃၆): မဟာနိဗ္ဗာန နတ်ဆိုးအလင်း၊ ရှေးဟောင်းကမ္ဘာ၊ သုံလော့ တိုက်ကြီး

သို့သော် ယခုအခိုက်တွင်၊ စူးချန်ကဲ၏ နတ်ဝိညာဉ်အရင်းအမြစ်၏ အနက်ရှိုင်းဆုံးနေရာမှ ပရမ်းပတာ ဖြစ်နေစဉ် အတောအတွင်း အရာအားလုံးကို သန့်စင်နိုင်သည့် ခရမ်းရောင်စွမ်းအင်များက အဆုံးမရှိ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထို့နောက် မြင့်မြတ်သော ရောင်ခြည်မျှင်များက ချန်ရှန်းအရိုးကို ရစ်ပတ်လျက် ၎င်းကို ဖိနှိပ်ထားသည်။

ကျူးကျော်လာ‌သော မကောင်းသော အငွေ့အသက်မှန်သမျှ သန့်စင်ပစ်နေသည်။

ချန်ရှန်းအရိုးပေါ်တွင် ရစ်ပတ်ထားသော အနက်ရောင် ကမ္ပည်းစာများသည် တဖြည်းဖြည်း မှိန်ဖျော့သွားသော်လည်း ၊သို့သော် ၎င်းသည် လူ၏ နှလုံးကို ရပ်တန့်စေနိုင်သော အငွေ့အသက်ကို ပေးစွမ်းနေဆဲပင်ဖြစ်သည်။

သန့်စင်မှု ၊ နတ္ထိ ၊ တိတ်ဆိတ်မှု ။

စူးချန်ကဲ ပင်လျှင် ထိုအခက်အခဲများကို ခံစားခဲ့ရပြီး ၊ သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရင်တဒိတ်ဒိတ်ဖြင့် တုန်ရီလျက် ရှိပေရာ မအောင့်နိုင်ဘဲ မျက်မှောင်ကြုတ်လို့ နေသည်။

" ရှင်းပြလို့ မရနိုင်တဲ့ ဒီရဲ့ ထူးဆန်းမှု ၊ ဒီလောကမှာ ဘာလို့ ဒီလို ဆန့်ကျင်ဘက်တွေ ဖြစ်ပေါ်လာရတာလဲ?"

" နတ်အရှင် နဲ့ နတ်ဆိုးတို့ရဲ့ အငွေ့အသက် ၊ အတူတူ ယှဉ်တွဲနေထိုင်လို့ ရလို့လား?"

စူးချန်ကဲ က သူ့ကိုယ်သူ ရေရွတ်နေလေ၏။ထိုကဲ့သို့‌သော တိတ်ဆိတ်မှုမျိုးသည် ကြယ်ရောင်ကောင်းကင်အောက်တွင် ရပ်နေသော လူတစ်ယောက်လိုမျိုး ခံစားနေရပြီး ၊ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားကို အသက်သွင်းခဲ့ပြီး ၊ သူ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်မှ မွေးဖွားလာခဲ့သော မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် မြင့်မြတ်သော လမ်းစဉ်၏ အခြေခံမူများနှင့် နိယာမများကို သယ်ဆောင်ကာ ယခုအခိုက်အတန့်တွင် အရူးအမူး ပေါ်ထွက်လာလေသည်။

စူးချန်ကဲ ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံး နေရာမှ ဓမ္မ၏ အဓိပ္ပာယ်တို့မှာ ဖြန့်ကျက်လျက် ထွက်ပေါ်လာခဲ့ပြီး ၊ ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော အဓိပ္ပါယ်များဖြင့် သူ့ကို လွှမ်းခြုံထား၏။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်၏ ဖိနှိပ်စွမ်းအားကြောင့် ချန်ရှန်းအရိုးပေါ်ရှိ ထူးဆန်းသော စွမ်းအားများမှာ ပျောက်ကွယ်သွားမည့် လက္ခဏာများ စတင်ပြသလာခဲ့ပြီ ဖြစ်သည် ။

အမှောင်ထုကြီးကို တိုက်ဖျက်ရန် ဆန့်ကျင်ဘက် အလင်းရောင်ကို ယူဆောင်လာသော နတ်ဘုရား ဘုရင်ငယ်လေးကဲ့သို့ စူးချန်ကဲ၏ ကိုယ်‌ပေါ်၌ စူးရှ တောက်ပသော နတ်အလင်းရောင်က ပြိုးပြိုးပျက်ပျက် တောက်လောင်နေသည်။

ဤအခိုက်အတန့်ရှိ စူးချန်ကဲ၏ အမူအယာမှာ မျက်မှောင်ကြုတ်လျက် ရှိနေပြီး ၊ သူ့မျက်နှာ တစ်ခုလုံး ချွေးများဖြင့် ရွှဲစိုနေသည်။

သို့သော် သူ့တစ်ကိုယ်လုံး ကြီးမား‌သော အပြောင်းအလဲများစွာ ဖြစ်ပေါ်နေခဲ့သည် ။

ဉာဏ်အလင်းတို့သည် တချက်တချက် တောက်ပသွားပြီး လောကီမှ လွတ်မြောက်သွားသလိုမျိုး ၊

တဖန် ခဏအကြာတွင်၊ ကိုးထပ်မြောက် ငရဲဘုံမှ တွားတတ်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ နတ်ဆိုးစွမ်းအင်များက ပြင်းထန်လာပြီး ဆိုးရွားလာပြန်သည်။

အလင်းနှင့် အမှောင်၏ အတက်အကျသည် နတ်အရှင်လား နတ်ဆိုးလား ဖြစ်တည်မှုလိုမျိုး၊ထိုအတွက်‌ကြောင့် ချန်ရှန်းအရိုးမှာလည်း အဆုံးမရှိသော အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်။

ဤသို့ဖြင့် နာရီဝက်ကြာမြင့်ခဲ့ပြီးနောက် ၊

ဝီ!

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်သည် နတ်အလင်း၏ နောက်ဆုံး ရောင်ခြည်နှင့်အတူ ပွင့်လန်းလာသည်နှင့်အမျှ ချန်ရှန်း အရိုးပေါ်ရှိ အမှောင်ထုကြီးသည် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့သည်။

သို့သော် စူးချန်ကဲအနေဖြင့် ထူးဆန်းသော တစ်စုံတစ်ခုကို ခံစားမိနေသေးသည်။

" မမှန်သေးဘူး ......"

ချန်ရှန်းအရိုးသည် ရုတ်တရက် ထူးဆန်းစွာ ပြုမှုလာခဲ့ပြီး အနှစ်သာရနှင့် သွေးများက ဖရိုဖရဲ ရောင်စဉ်များနှင့်အတူ ထွက်ပေါ်လာခဲ့သည်။အနက်ရောင် မှော်အလင်းတို့သည်လည်း ထပ်မံ ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးစွန်ထိ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ နတ်ဝိညာဉ် အတွေးအာရုံသည် စူးချန်ကဲ၏ စိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်နှင့် သူ၏ အမူအယာတို့ကို အနည်းငယ် ပြောင်းလဲသွားစေခဲ့ပြီး မနေနိုင်ဘဲ သက်ပြင်းချရသည့်အထိပင်။

ကံကောင်းခြင်း နှင့် ကံဆိုးခြင်းက တစ်ခုနှင့်တစ်ခု မှီခို‌နေကြသည် ။

လောလောဆယ်တွင် ချန်ရှန်းအရိုးကို နတ်အလင်း နှစ်ရောင် ဖြစ်သည့် အဖြူ နှင့် အနက် တို့က ဝန်းရံထားသည်မှာ လူဝင်စားခြင်း လမ်းစဉ်ကဲ့သို့ သက်ရှိသတ္တဝါ အားလုံး တလှည့်စီ လှည်ပတ်နေကြသလိုပင်။

အာရုံသည် နတ္ထိ ဖြစ်သလို ၊ အာရုံသည် ဘဝတစ်ခုကို ပြန်လည်မွေးဖွားနိုင်သည်။

" မဟာနိဗ္ဗာန နတ်ဆိုးအလင်း"

ထိုစကားလုံးက သူ၏ စိတ်ထဲသို့ အလိုအလျောက် ဝင်ရောက်လာခဲ့သည်။

၎င်းသည် နတ္ထိနှင့် ဖျက်ဆီးခြင်း၏ စွမ်းအားကို ထိန်းချုပ်လိုက်ပြီး ၊

မှော်မီးရောင်အောက်တွင် အရာအားလုံးမှာ ငြိမ်သက်လျက် နတ္ထိအဖြစ်သို့ ပြောင်းလဲခဲ့ချေပြီ။

‌မွေးရာပါ သူတော်စင် တာအိုသန္ဓေသားလောင်း ခန္ဓာကိုယ်၏ အမွေအနှစ် ဖြစ်သော ဖျက်စီးခြင်း နတ်ဘုရား အလင်းနှင့် နှိုင်းယှဉ်မည် ဆိုပါက ၊ မဟာနိဗ္ဗာနနတ်ဆိုးအလင်းနှင့် သိပ်ကွာဟချက် မရှိပေ။

စူးချန်ကဲ စိတ်ထဲ အတွေးတစ်ခု ရှိနေခဲ့သည်။

"တကယ်လို့ ဖျက်ဆီးခြင်း နတ်ဘုရားအလင်းနဲ့ မဟာနိဗ္ဗာန်န နတ်ဆိုးအလင်းကို ပေါင်းစပ်လိုက်ရင် ဖြစ်လာမှာက..."

သို့သော်​ သူ ခေါင်းခါလိုက်သည်။ ဤကိစ္စသည် အလွန်အန္တရာယ်များပေသည်။

ဒီလိုလုပ်လို့​ ဘယ်လို အကျိုးဆက်တွေ ဖြစ်​လာမလဲဆိုတာ ဘယ်သူ​သိမှာလဲ?

ထို့အပြင်၊ သူသည် သူတော်စင် အရှင် နယ်ပယ်အဆင့်ထိ မအောင်မြင်သေးပေ။သို့သော်လည်း သူသည် အရင်က မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်နှင့် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်တို့ကို ပေါင်းစပ်ခဲ့ခြင်းကြောင့် ၊ သူသည် တန်ခိုးကြီးမားသော သူတော်စင်အရှင် နယ်ပယ်အဆင့်ကို ချိုးဖောက်နိုင်မည်ဟု သူ့ကိုယ်သူယုံကြည်ချက်ရှိသည်။

ယခု သူ့တွင် ချန်ရှန်းအရိုး ရှိခဲ့ပြီဖြစ်ရာ ၊မဟာသူတော်စင် နယ်ပယ်အဆင့် ရှိသူကိုတောင် တစ်ပွဲတစ်လမ်း ဆင်နွဲနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

မျိုးဆက်သစ် လူငယ်များအနေဖြင့် ၊ ဤကဲ့သို့ အဖျက် အတားအဆီးများကို သူ့လို တွန်းလှန်နိုင်လိမ့်မည် မဟုတ်ပေ။

“နောက်လုပ်စရာတွေ အများကြီးရှိသေးတာပဲ"

"ကြေးဝါ ဗိမ္မာန် ၊ အဆုံးမဲ့ အရိုးဖြူ ပင်လယ်၊ ရှေးဟောင်း အမတကမ္ဘာ... ကောင်းကင်ဘုံ အာဏာရှင် ခန္ဓာကိုယ်ထည်တွေကိုလည်း အမဲလိုက်ရဦးမယ်..."

စူးချန်ကဲ တစ်ယောက် အေးအေးလူလူ ရေရွတ်နေသည်။

"ကောင်းကင်ဘုံ ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံ အာဏာရှင် နဂါးခန္ဓာကိုယ်တို့ရဲ့ အသွေးအသားတွေကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ဖို့ မဖြစ်နိုင်တော့ဘူး ချန်ချင်း ပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်ရဲ့ ဓမ္မကာယ ကို ပိုပြီး ခိုင်ခံ့စေမယ့် နည်းလမ်းကို အရင်ဆုံး ရှာဖွေရမယ် "

သူသည် ပြီးပြည့်စုံသော ဓမ္မကာယ ခန္ဓာကို ဖွဲ့စည်းနိုင်သည်နှင့် ၊နောက်တွင် ကောင်းကင်ဘုံ ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာ ကိုယ်ထည် များကို ရယူ၍ ပေါင်းစပ်ရန် စီစဉ်လိုက်သည်။

နောက်ဆုံး သူကိုယ်တိုင် ဘာမှလုပ်စရာ မလိုတော့ဘဲ မတ်တပ်ရပ်နေယုံဖြင့် သူ၏ ဓမ္မကာယကို ခိုင်းစေနိုင်တော့မည် ဖြစ်သည်။

"ဒါပေမယ့် ဓမ္မကာယ ခန္ဓာကို ပေါင်းစည်းဖို့ စွမ်းအင်နဲ့ သွေးများစွာ လိုအပ်တယ် "

"ဒါကို ဘယ်မှာရှာရမလဲ..."

စူးချန်ကဲ စဉ်းစားပြီး သိပ်မကြာမီ ၊ သူ၏ မျက်လုံးများမှာ အနည်းငယ် ဝင်းလက်သွားခဲ့သည်။သူ့ကို ရတနာရှာပေးနိုင်တဲ့ ထျန်းကျီကျွန်းက သူ့လက်ထဲ ရှိနေတာမဟုတ်ဘူးလား?

သူသည် အာကာသ နတ်ဘုရားကျောက်စိမ်းဖြင့် ထွင်းထုထားသော အဖိုးတန် မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။

နေရာအထားအသိုကို တချက် ချိန်ညှိလိုက်သည်နှင့် အလင်းသည် ရောင်ပြန်ဟပ်ကာ ရုတ်တရက် အာကာသ ပို့ဆောင် ဆက်သွယ်ရေး တံခါးတချပ် အဖြစ်သို့ ဖွဲ့စည်းပြောင်းလဲသွားသည်။

စူးချန်ကဲသည် ထိုတံခါးချပ်ကို ဖြတ်သန်းလိုက်သည်နှင့် သူသည် ထျန်းကျီမျှော်စင်၏ ၃၃ မြောက်ထပ်သို့ တန်းပြီးရောက်ရှိသွားခဲ့သည်။

ဤအာကာသ မှန်ချပ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ဖွဲ့စည်းမှုများ ရှိ‌ပေရာ ၎င်းသည် ထျန်းကျီမျှော်စင်ထံ လျင်မြန်စွာ ပို့ဆောင်ပေးနိုင်ပြီး ၊တခြား နေရာရွှေပြောင်းခြင်း အစီအရင်များကိုတော့ အသုံးပြုလို့ မရနိုင်ချေ။

" ဆက်ခံသူကို နှုတ်ဆက်ပါတယ် "

ထျန်းကျီကျွန်းပိုင်ရှင်သည် စူးချန်ကဲ လာရောက်သည့်အပေါ် အံ့သြခြင်းမရှိဘဲ တလေးတစားဖြင့် နှုတ်ဆက်လိုက်သည်။

သို့သော် သေချာကြည့်မည်‌ဆိုပါက ၊ သူ့မျက်လုံး၏ အနက်ရှိုင်းဆုံး အတွင်းထဲ၌ သဘာဝမကျသော အရိပ်အယောင်များ နည်းပါးသွားပြီး ကြောက်ရွံ့ရိုသေခြင်းများ ရှိနေခဲ့သည်။

ကွေးယွမ် သူတော်စင်နယ်မြေသည် တကယ်ကို ကြောက်စရာ ကောင်းပြီး စူးချန်ကဲ၏ ပင်ကိုယ်စွမ်းရည်မှာလည်း အလွန်ကို ကြောက်စရာ ကောင်းလွန်းသည် ။

"တကယ်လို့ ကျုပ် ခင်ဗျားကို အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အခွင့်အလမ်းတစ်ခု ရှိမယ့် နေရာကို စမ်းသပ်ခိုင်းရင် ၊ခင်ဗျားအနေနဲ့ ဘယ်လောက် သေချာမှုရှိမတုန်း "

စူးချန်ကဲမှ ရုတ်တရက် မေးလာသော မေးခွန်းကို မမျှော်လင့်ထားသကဲ့သို့ ထျန်းကျီကျွန်းပိုင်ရှင်မှာ အံ့အားသင့်သွားသည်။

သို့သော် သူသည် ရိုးသားစွာ ပြန်ဖြေခဲ့သည်-

" ဆက်ခံသူ အနေနဲ့ ဘယ်လို အခွင့်အရေးမျိုးကို ရှာချင်တာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်"

"ဒဏ္ဍာရီမှတ်တမ်းထဲက အမတ နဲ့ သက်ဆိုင်တယ် ‌ဆိုရင်ရော?"

ထျန်းကျီ ကျွန်းပိုင်ရှင်သည် ထိုစကားကို ကြားပြီးနောက် ခဏတာ တိတ်ဆိတ်သွားပြီး ၊စူးချန်ကဲအား ထူးထူးခြားခြား ကြည့်လိုက်သည်။

အမတ?

ဒဏ္ဍာရီမှတ်တမ်း၊

ဒဏ္ဍာရီထဲက အမတ ကျင့်ကြံကမ္ဘာ ၊

စူးချန်ကဲ၏ နောက်ခံအကြောင်းကို သူ မသိခဲ့ပါက ၊ စူးချန်ကဲအား ယဉ်ယဉ်လေးနဲ့ ရူးနေသော

အရူးတစ်ယောက် ဖြစ်မည် ဟု သူ မှတ်ယူပေလိမ့်မည် ။

" ချန်ကဲ ဆက်ခံသူ အနေနဲ့ အထောက်အထား ပစ္စည်း တစ်ခုခုရှိမယ်ဆိုရင် ကျုပ် အဘိုးကြီး ရှာနိုင်လောက်မယ် ဆိုပေမဲ့ အချိန်တော့ ယူရလိမ့်မယ် "

စူးချန်ကဲ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွားပြီး ၊ နောက်ထပ် မမျှော်လင့်ထားသော အံ့သြမှုကို ခံစားလိုက်ရသည်။

မူလက သူသည် သဲလွန်စတစ်ခုမျှသာ ရှာတွေ့လိမ့်မည်ဟု ထင်ခဲ့သည်။သို့သော် တစ်ဖက်လူက ကိုင်တွယ်နိုင်မည် ဆိုသည့် စကားကို ပြောလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ထူးဆန်းတဲ့ အလုပ်ကို လုပ်တဲ့ ယောက်ျားလေးတချို့ကို သိမ်းပိုက်ရသည်မှာလည်း အတော်လေး မဆိုးလှပေ။

"ရပါတယ်၊ ဒီပစ္စည်းကို တစ်ချက်ကြည့်လိုက်ပါဦး ၊ ‌ဒါကို အထောက်အထား တစ်ခုအနေနဲ့ သုံးလို့ရမလား "

စူးချန်ကဲသည် အလင်းလုံးကို ထုတ်ယူကာ တဖက်လူဆီသို့ တွန်းပို့လိုက်သည်။

ရှန်းချန်လျို့ဝှက်သော့သည် ကြယ်ရောင်များကို သွန်းလောင်းထားသကဲ့သို့ ထျန်းကျီကျွန်းပိုင်ရှင်ဆီသို့ တဖြည်းဖြည်း ကျဆင်းလာသည်။

" ဆက်ခံသူ သခင် ဒါက!?..."

ထျန်းကျီကျွန်းပိုင်ရှင်သည် ထိုအလင်းလုံးကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်နှင့် အမြင့်တကာ အမြင့်မြတ်ဆုံး အရာကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်ကာ တစ်ခေါင်းလုံး ထူပူသွားသည်။

တုန်ရီနေသော လက်များဖြင့် သူ့ထံသို့ ကျရောက်လာသော အလင်းလုံးကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။

သူ့ခမျာ မျက်ရည်ကျလုမတတ်!

ဤမျှ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် သူ့ကိုယ်သူ အရေးမပါသလို ခံစားစေသည့်အထိ ပြုစားနိုင်ခဲ့သည်။၎င်းသည် လောကီနှင့် ကင်းကွာပြီး လူ့လောကကို ကျော်လွန်သည့် စည်းချက်တစ်ခုလိုပင်။

ဤသည်မှာ ဒဏ္ဍာရီမှတ်တမ်းထဲ ရေးမှတ်ထားသည့် အမတဆန္ဒ ပင်တည်း !

သူ့အ‌‌နေဖြင့် နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီးနောက် ၊ သူများ ပြောတာကိုသာ အမြဲ ကြားဖူးခဲ့သော်လည်း ယခုလို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြုံဖူးခြင်း မရှိခဲ့ပေ။

ယခုမူကား၊ ဤကဲ့သို့ အမတ နှင့် ဆက်နွယ်သော ဒဏ္ဍာရီလာပစ္စည်းကို သူ ကိုင်ခွင့်ရခဲ့ပြီ ဖြစ်သည်။

ဒါက သူ့ကို ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမှာတုန်း?

စူးချန်ကဲ တစ်ယောက် ထျန်းကျီကျွန်းပိုင်ရှင် ဖြစ်သူ အဘိုးကြီးကို ကြည့်လျက် ခါးသီးစွာဖြင့် ပြုံးလိုက်ရင်း ခေါင်းယမ်းနေမိသည်။

သူ အရင်ကတည်းက ခံနိုင်ရည်ရှိခဲ့တဲ့ အရာဟာ တခြားသူတွေရဲ့ အမြင်မှာတော့ အလွန်အထင်ကြီးသော အရာဖြစ်မှန်း သိလာခဲ့ရသည်။

ဒါမှမဟုတ် သူကပဲ ရွှေပင်လယ်ထဲမှာ နေ့တိုင်း ကူးခတ်နေရလို့ ဘယ်လောက် ချမ်းသာလဲဆိုတာ မသိလေသလား။

"စကားမစပ်၊ ကျွန်တော် သွေးချီစွမ်းအင်တွေ ပြည့်ဝနေတဲ့ နယ်ပယ်တစ်ခု လိုအပ်တယ် ၊ မကြာမီ ဖွင့်လှစ်မယ့် ရှေးဟောင်းကမ္ဘာတစ်ခု ရှိတယ် မဟုတ်လား"

"ကျွန်းပိုင်ရှင်အနေနဲ့ ပြင်းထန်တဲ့ သွေးချီစွမ်းအင်တွေ ရှိလောက်မယ့် နေရာကို ခန့်မှန်းနိုင်မလား "

စူးချန်ကဲ၏ စကားများသည် ရှန်းချန်လျို့ဝှက်သော့ကို စွဲလမ်းနေသော ထျန်းကျီကျွန်း ပိုင်ရှင်အား လက်တွေ့ဘဝထဲသို့ ပြန်ရောက်သွားစေသည်။

"အိုး...အိုး...ရှိတာပေါ့!"

" ဆက်ခံသူ ခဏစောင့်ပါ "

ရှိနိုင်မည့် အလားအလာကို နှိုးဆွလိုက်သလိုမျိုး ခြောက်ထောင့်ကြယ် ( ဗေဒင်တွက်သည့်) လုပ်ငန်းစဉ်သည် သူ စိတ်ကူးထားတာထက် ပို၍ မြန်ဆန်ခဲ့သည်။

ထျန်းကျီ ကျွန်းပိုင်ရှင်သည် လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုတစ်ခုကို ထုတ်ယူလာခဲ့ပြီး ၊ ပဉ္စလက် အစီအရင် စကားလုံးများကို မထင်မရှား ရွတ်ဆိုလိုက်ပြီးနောက် သိပ်မကြာမီ သူသည် သြဒီနိတ် တည်နေရာကို စူးချန်ကဲဆီသို့ အမြန် လွှဲပြောင်းပေးခဲ့သည်။

" ချန်ကဲ ဆက်ခံသူ ၊ ဒါက မင်းရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့်ရှေးဟောင်းကမ္ဘာပဲ"

"ဒီကျောက်စိမ်းပုရပိုက်ထဲမှာ အဲ့ဒီ နယ်ပယ်နဲ့ ပတ်သက်တဲ့ ယေဘုယျ အချက်အလက်တွေ ပါဝင်တယ် ၊ အဲ့တာက ပြည်မ တည်ရှိမှုနဲ့ ဆင်တူတယ် ကျေးဇူးပြုပြီး ဆက်ခံသူ သတိထားပါ"

" ဒါဆို ဘာမှမရှိတော့ရင် ကျွန်တော်..."

ထျန်းကျီကျွန်းပိုင်ရှင်က သူ့လက်ထဲက ရှန်းချန်လျှို့ဝှက်သော့ကို ကြည့်ပြီး စူးချန်ကဲ ကို တဖန် ထပ်ကြည့်လိုက်သည်။

သူ့ခမျာ စိတ်မရှည်ပုံရပေသည်။

စူးချန်ကဲသည် ခေါင်းညိမ့်ကာ အသာလေး ပြုံးပြလိုက်သည်။ရှန်းချန်လျှို့ဝှက်သော့က တစ်ဖက်သား၏ မြုံနေသော စိတ်အားထက်သန်မှုကို နှိုးဆွလိုက်ပုံ ရ‌ပေသည်။

အနည်းငယ် ရှင်းပြပြီးနောက်။

စူးချန်ကဲ သည် ကွေးယွမ် ဘုရားကျောင်းဆီသို့ တစ်ဖန် ပြန်လာခဲ့သည်။

သူသည် သူ၏ နတ်အသိညဏ်ဖြင့် ကျောက်စိမ်း ပုရပိုက်ထဲက အကြောင်းအရာများကို အသေးစိတ် စတင်လေ့လာခဲ့သည်။

ခဏအကြာတွင်မူ ၊ စူးချန်ကဲ တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

" ဤရှေးခေတ်ကမ္ဘာကို သုံလော့ တိုက်မြေ ဟုခေါ်ဆိုပြီး အဆုံးမရှိသည့် တိုက်ကြီးတစ်ခု ဖြစ်သည် ၊ သူတို့ ကျင့်ကြံသည့် ဝိညာဉ်စွမ်းအင်သည် တိုက်မြေ သုံးထောင်နှင့် ကွဲပြားသည် ၊ကျင့်ကြံသူတိုင်း သူတို့ အမှတ်အသားနဲ့ သူတို့ မွေးဖွားလာကြသည် "

" ဝိညာဉ်စွမ်းအင်၏ 'ကျွီရွှမ့်ဟွ' ဟု ခေါ်ဆိုသည့် အရာသည် ၊ သုံလော့ တိုက်မြေရှိ ကျင့်ကြံသူများကတော့ 'ဝိညာဉ်ကွင်း' ဟု ခေါ်ဆိုကြသည် "

" စွမ်းအားအကြီးမားဆုံး သူများက အနှစ်တစ်ထောင် သက်တမ်းရှိသည့် ထူးခြားဆန်းကြယ်သော သားရဲကောင်များ၏ ဝိညာဉ်ကွင်းများကို သူတို့၏ တာအိုအခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြသည် ၊ သားရဲကောင်များ၏ စွမ်းအားကို ထိန်းချုပ်ကာ ၊ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲ၍ ကောင်းကင်ကိုတောင် ဆန့်ကျင် တိုက်ခိုက်နိုင်သည်.... "

စူးချန်ကဲသည် သူ့မေးစေ့သူ ပွတ်လိုက်ရင်း သူ၏ နှုတ်ခမ်းထောင့်မှာ အပြုံးများ လှစ်ဟသွားသည်။

"ဒါဆို ကြက်သွန်မြိတ်ကြီးတွေလည်း ရှိကောင်းရှိနေနိုင်မလား"

အပိုင်း (၁၃၇) : တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခြင်း၊ ရှေးဟောင်း ကမ္ဘာကြီး ပွင့်လာပြီ၊

တစ်လခွဲကြာပြီးနောက် ၊

စူးချန်ကဲတို့ အဖွဲ့သည် ရှေးဟောင်းကမ္ဘာ တည်ရှိရာ သုံလော့တိုက်မြေဆီသို့ ထွက််လာခဲ့ကြသည်။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ဆက်ခံသူ စူးချန်ကဲသည် နောက်ဆုံး ခြောက်ထောင့်ကြယ်ကို ရရှိထားကြောင်း အင်အားစု အားလုံးသိရှိကြပြီး ဖြစ်ရာ ၊ မည်သည့်အင်အားစုမဆို စူးချန်ကဲ၏ လှုပ်ရှားမှုကို အနီးကပ် အာရုံစိုက်ထားကြသည်။

ထို့ကြောင့် စူးချန်ကဲ ထွက်ခွာပြီး သိပ်မကြာမီ ၊ အင်အားစုဝင် အများအပြားက သူ့နောက်ကို လိုက်ကြည့်ရန် ၎င်းတို့၏ တပည့်ငယ်များကို စေလွှတ်ခဲ့ကြသည်။

" ခြောက်ထောင့်ကြယ်ကို ဆက်ခံသူ သခင် ရထားတာ သိသိရဲ့နဲ့ ၊ ဘာလို့ သူတို့တွေကို ကောင်းစားခွင့်ပေးရမှာလဲ?'"

ကူလင်အာက ညည်းတွားလိုက်သည်။

စူးချန်ကဲက အပြုံးမပျက် ခေါင်းခါလိုက်ပြီး

" ရှေးဟောင်းကမ္ဘာ ထွက်ပေါ်လာတာနဲ့ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်‌မှုတွေ ဖြစ်လာလိမ့်ယ်"

“အဲဒီအခါကြရင် အင်အားစုတွေ အများကြီး ထွက်ပေါ်လာလိမ့်မယ် "

မည်သို့ပင်ဖြစ်စေ သူက‌တော့ ဂရုမစိုက်။ဘယ်သူလာ ပြိုင်ပြိုင် ၊

သူ့မျက်လုံးထဲမှာတော့ ၊ သူ့ကို အကျိုးပြုမည့် ကြက်သွန်မြိတ်သာသာပင် ။

ထို့အပြင်၊ သူသည် ထျန်းကျီကျွန်း၏ နောက်ဆုံး ခြောက်ထောင့်ကြယ် အလိုရှိရခြင်း အကြောင်းရင်းမှာ ကြေးဝါဗိမ္မာန်နှင့် ပတ်သတ်သော သဲလွန်စများ ရရှိရန်ပင် ဖြစ်သည် ။

ရှေးဟောင်းကမ္ဘာကြီး ပွင့်လာမည့်အချိန်ကို စောင့်မျှော်ရင်း ။

များပြားလှသော ကျင့်ကြံသူများ တယောက်ပြီး တယောက် ထွက်ပေါ်လာခဲ့ပြီး၊ နတ်အခိုးအငွေ့များက ကောင်းကင်ထက်ဝယ် တလိပ်လိပ် အုံ့ဆိုင်းလျက် ၊ အမျိုးမျိုးသော စီးတော်ယာဉ်တို့သည် ဝေဟင်ကို ဖောက်ထွင်းကာ ပျံသန်းလာကြသည်။

နွားနက်ကြီးနှင့်တူသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသော ထူးဆန်းသော သားရဲတစ်ကောင်လည်း ရှိသည်။

ဘေးပတ်ပတ်လည်တွင် လျှပ်စီးများ တဖျက်ဖျက်ဖြင့် အတောင်ပံ ဖြန့်ထားသော ငှက်တစ်ကောင်လည်း ရှိသည်။

ကြီးမားသော စီးတော်ယာဉ်လှေကြီးသည်လည်း ကောင်းကင်နှင့် နေကို ဖုံးလွှမ်းထားလျက် ရှိသည်။

တန်ခိုးကြီးမားသော ခံ့ညားထည်ဝါသည့် စစ်သင်္ဘောလည်း ရှိပေသည်။

သူတို့အားလုံးသည် ဂိုဏ်းပေါင်းစုံမှ စေလွှတ်လိုက်သည့် လူငယ် တပည့်များဖြစ်ကြပြီး ၊ ၎င်းတို့ အနက်မှ ထိပ်တန်း ပါရမီရှင် လူငယ်များနှင့် ရှေးခေတ် တမူထူးခြားသော သနွေသားလောင်းမှ မွေးဖွားလာသူ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။

သို့သော် အရင်ကအတိုင်း။

ထိုသူတို့အထဲတွင် မျိုးဆက်ဟောင်းများ မရှိပေ။

ရွှေခေတ် ဟူသည် မူလကတည်းက မျိုးဆက်သစ် လူငယ်များအတွက် စင်မြင့်တစ်ခု ဖြစ်ပေသည်။အကယ်၍ မျိုးဆက်ဟောင်းတို့ ဝင်ရောက်စွက်ဖက်ပါက မျိုးဆက်သစ်များအတွက် ကြီးပွားရန် နေရာ ရှိမည်မဟုတ်။ဤသည်မှာ ဂိုဏ်းပေါင်းစုံမှ လက်ခံကျင့်သုံးသော ပုံသေစည်းမျဉ်း တစ်ခုလည်း ဖြစ်သည်။

သို့သော်၊ သူတို့သည် ကွေးယွမ်သူတော်စင် နယ်မြေကိုတော့ တမင်တကာ မချဉ်းကပ်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ အရှိန်အဝါသည် အလွန် ကြီးမားသောကြောင့်ပင် ဖြစ်သည်။

ရပ်နေရုံဖြင့် နတ်ဘုရားအလား ထူးကဲလှသော တန်ခိုးကြီးမားသော အားကောင်းမောင်းသန် လူငယ်တစ်စု ရှိနေခဲ့သည်။

ထိုလူငယ်တစ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ ချောမောသော မျက်နှာသွင်ပြင်နှင့် သူ၏ ခန္ဓာကိုယ်မှာ သွယ်လျဖြောင့်စင်းသည်။

ထိုအနှီသူ ဆင်မြန်းထားသော အဖြူရောင် ၀တ်စုံသည် ဤလောကသားများထက် ပို၍ ထူးကဲသာလွန်နေကြောင်းကို ဖော်ပြနေသည်။

သူ၏ နောက်လိုက် လူတစ်စုသည် သူ့အား ကြယ်စင်များသည် လမင်းကို ဝန်းရံထားသလိုမျိုး လိုက်ပါဝန်းရံထားသည်။

သူတို့အားလုံးသည် ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ရှိကြပြီး၊ ၎င်းတို့၏ သွေးချီ စွမ်းအင် အတတ်အကျသည် လူကို အံ့အားသင့်စေသလို ၊ သူတို့ တစ်ကိုယ်လုံး ပြောင်လက်တောက်ပသော ရတနာများဖြင့် ဖုံးအုပ်ထားသည်။

"ဒါဒဏ္ဍာရီထဲက ကွေးယွမ်ရဲ့ ဆက်ခံသူ စူးချန်ကဲ ဆိုသူလား.."

“ ရှေးခေတ် တမူထူးခြားသော သနွေသားလောင်းမှ မွေးဖွားလာသူတွေထဲက အတော်ဆုံးသူကသာလျှင် သူနဲ့ ယှဉ်ပြိုင်ဝံ့မှာ သေချာတယ် "

စူးချန်ကဲကို မမြင်ဖူးသော ပါရမီရှင်တချို့ သက်ပြင်းချနေကြသည်။

၎င်း၏ရောင်ဝါသည် သူတို့ကို တကယ်ပဲ ခြိမ်းခြောက်စေနိုင်ခဲ့သည်။

ကွဲအက်သံ!!

ဤအခိုက်အတန့်တွင် အာကာသထဲ၌ အမည်မသိ ကြီးမားသော အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာသကဲ့သို့ ကောင်းကင်ကြီးမှာ ထူးထူးခြားခြား အက်ကွဲ ပွင့်လာခဲ့သည်။

တဟုန်းဟုန်း တောက်ပနေသော အလင်းရောင်များနှင့်အတူ ၊အထဲရှိ မြင်ကွင်းကို သူတို့ အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။

သူတို့ မျက်စိနဲ့ မြင်ရသလောက် ၊ အထဲတွင် အဆုံးမရှိသော ရှေးဟောင်းတောင်များစွာ ရှိ‌ပေသည်။

တစ်မျိုးပြီး တစ်မျိုး ကြီးကျယ်ခမ်းနားလှပြီး စိမ်းညိုရောင်များဖြင့် သန်းနေသည်။သို့သော်လည်း အရောင်အဆင်း အစုံရှိသော တောင်တန်းများလည်း ရှိပေရာ လူကို မိန်းမောသွားစေသည်။

၎င်းတို့အထဲတွင် ထူးဆန်းသော ပုံစံအမျိုးမျိုးဖြင့် သားရဲများစွာ ရှိနေသည်။

၎င်းတို့ထံမှ ပျံ့လွင့်လာသော ရောင်ဝါတို့သည် အလွန်ကို ထူးဆန်းပေသည် ။ဤသည်မှာ သုံလော့ တိုက်မြေတွင် ဝိညာဉ်စွမ်းအား ဟု လူသိများသော တည်ရှိမှုတစ်ခုပင် ဖြစ်နိုင်သည်။

တိုက်မြေ သုံးထောင်၏ ပါရမီရှင်များစွာထဲမှ တချို့သော ပါရမီရှင်များသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ စိုက်ကြည့်နေကြသည်။

"တော်သေးတယ်၊ ဘိုးဘေးက ငါ့ကို ကောင်းကင်ဘုံ အာဏာရှင်နဂါးရဲ့ နောက်ဆုံးသွေးအနှစ်ကို ပေးခဲ့လို့သာပေါ့ ၊ သွေး စွမ်းအားက မတည်ငြိမ်သေးပေမယ့် စူးချန်ကဲကို ရင်ဆိုင်ဖို့ လုံလောက်တယ်!"

စူးချန်ကဲ၏ နောက်ကျောကို ငေးကြည့်ရင်း လုံပါ့ထျန်း၏ နှုတ်ခမ်းထောင့်မှာ သူ့ကိုယ်သူ ယုံကြည်မှုရှိသော အပြုံးတို့ဖြင့် ဝင့်ကြွားလျက် ရှိသည်။

သူနှင့်မဝေးသော တစ်နေရာတွင် ရပ်နေသော ဟွမ်လော့ရှင်းကတော့ လုံပါ့ထျန်း အား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ရင်း ရေရွတ်နေ၏။

" ‌ဒီလုံပါ့ထျန်းတော့ စူးချန်ကဲ ကို ထပ်ပြီး အကျိုးအမြတ်တွေ ပေးနေဦးမှာကို ငါ စိုးမိတယ်"

"ကံကောင်းတာက ဒီတစ်ခေါက်ခရီးစဉ်မှာ ဖီးနပ်သခင်က စူးချန်ကဲရဲ့ ခွန်အားကို အရင်စမ်းသပ်ဖို့ ထိပ်တန်း လူငယ်များစွာကို စေလွှတ်ခဲ့တယ် ၊ တကယ်လို့ ဒီခရီးစဉ်ကနေ စူးချန်ကဲကိုသာ သတ်ပစ်နိုင်ခဲ့ရင်..."

သူမသည် ကျန့်ရှင်းဘိုးဘေး အကြောင်းကိုသတိမရခဲ့သော်လည်း ၊ သို့သော် စူးချန်ကဲ ၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကို သူမ သတိပြုမိခဲ့သည်။

ထို့အပြင်၊ကွေးယွမ် အကြီးအကဲများသည် မျိုးဆက်ဟောင်းများကို ပါဝင်ခွင့် မပြုထားသည့်အတွက် ကြိုက်သလို လုပ်ဆောင်ခွင့်ရှိသည်။

ပါရမီရှင် များစွာနဲ့ မိတ်ဖွဲ့ပြီး စူးချန်ကဲကို သတ်ဖို့ စဉ်းစားထားတဲ့ သူမရဲ့ နည်းလမ်းက သိပ်တော့ မလွန်လွန်ဘူးမလား?

"အာမိထော်ဖော်၊ ကျန့် ကိုယ်တော် ၊ ဒါ ငါ မင်းကို ပြောဖူးတဲ့ ချန်ကဲ ဒကာလေးပဲ "

တု ကိုယ်တော်က သူ့ဘေးက ကိုယ်တော်တစ်ပါးကို ပြောလိုက်သည်။

အနက်ရောင်သင်္ကန်းကို ၀တ်ဆင်ထားသော တည်ကြည်ပြတ်သား‌သော မျက်နှာထားဖြင့် ဘုန်းတော် တစ်ပါးပင် ဖြစ်သည်။

လူကို သတိထားမိစေသည့်အရာမှာ သူ့နောက်တွင် တုတ်ရှည်နှင့် တူသော အရာဝတ္ထုတစ်ခုကို သယ်ဆောင်ထားပြီး ၊၎င်းအား အနက်ရောင် ကျမ်းစာများ ပါရှိသော အဖြူထည်ဖြင့် ထုပ်ပိုးထားသည်။

အထူးသဖြင့် ၎င်း၏ သွေးချီစွမ်းအားသည် နေရာတွင် ရပ်နေရုံဖြင့် စစ်နတ်ဘုရားများကို တိုက်ခိုက်နိုင်သည့် ရဟန္တာတစ်ဦးကဲ့သို့ပင်။

"တကယ်လား ၊ မင်းပြောသလိုပဲလား ဆိုတာ ငါ ကြည့်ကြည့်ဦိးမယ် "

ကျန့်ကိုယ်တော်က တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် ကျန့်ကိုယ်တော်ကို ပိုပြီးအာရုံစိုက်‌နေသည့် သူမှာ သူ့ဘေးက တု ကိုယ်တော်ပင် ဖြစ်သည်။

ကျန့်ကိုယ်တော်သည် မွေးဖွားလာစဉ်ကတည်းက စစ်သည်တော် တစ်ယောက်အနေဖြင့် မွေးဖွားလာခဲ့ပြီး ၊ သူ၏ ပင်ကိုယ်ဥာဏ်သည် အမြဲတမ်း တိကျလွန်းသဖြင့် ကျန့်ကိုယ်တော်နှင့် ပတ်သက်၍ ထူးဆန်းသောအရာတစ်ခု ရှိနေသည်ဟု သူအမြဲတမ်း ခံစားနေမိသည်။

လူအုပ်ကြီး၏ ထောင့်တစ်နေရာတွင် သစ်သားဖြင့် တည်ဆောက်ထားသော စီး‌တော်ယာဉ်လှေသည် လေထဲတွင် လွင့်မျောကာ ပျံသန်းနေသည်။

သို့သော် ၎င်းသည် မှိန်ဖျဖျ ပျံသန်းနေသော စီး‌တော်ယာဉ် လှေတစ်စင်းဖြစ်သော်လည်း ၊၎င်းအတွင်းတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများဖြင့် ပြည့်နှက်နေသော လူငယ် ပါရမီရှင်တစ်စု ရှိနေသည်။

သူတို့ထဲက တယောက်သည် စူးချန်ကဲ ၏ အသိအကျွမ်းဟောင်း လို့ ဆိုရပေမည်။

မျက်နှာအပြောင်းအလဲအမြန်ဆုံး ဘုရင်ကြီး ယဲ့ပုချိုင်သာ ပင်။

သို့သော် ယခုအခိုက်အတန့်တွင် တခြားပါရမီရှင်များနည်းတူ ၊ ဒူးထောက်ကာ ခေါင်းကို ငုတ်ထားသည်။ အပေါ်တွင် ထိုင်နေသော လူငယ်လေး တစ်ယောက်ကို သူ မော့မကြည့်ဝံ့ပေ။

"ယဲ့ပုချိုင်၊ မင်းပြောနေတဲ့ စူးချန်ကဲ ဆိုတာက ကွေးယွမ် အုပ်စုထဲက ဝတ်ရုံဖြူ ​လူငယ်​​လေးလား?"

ချူးချန်ချင်း၏ မေးခွန်းကိုကြားတော့ ယဲ့ပုချိုင် တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်...ဟုတ်ပါတယ်...သူက ကဲကျင်းယွင်ကို သတ်တဲ့သူပဲ..."

ယဲ့ပုချိုင်က တံတွေးကို မျိုချလိုက်ပြီး ဆက်ပြောလိုက်သည်။

" သူက ပြောသေးတယ် ၊ တကယ်လို့ အစ်ကိုကြီး က ကဲကျင်းယွင်အတွက် သူ့ကို လက်စားချေချင်ရင် အချိန်မရွေး သူ့ဆီလာနိုင်တယ်တဲ့ ..."

ထိုစကားကြားတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထျန်းရှန်း ဂိုဏ်း၏ တပည့်များ အလွန်ပင် ထိတ်လန့်သွားကာ အသက်ပင် မရှုဝံ့ပေ။ထျန်းရှန်းဂိုဏ်း၏ ပထမဆုံး တပည့်ကြီး ချူးချန်ချင်း၏ အမျက်ဒေါသကို သူတို့အားလုံး ကောင်းကောင်းကြီး သိသည်။

သူသည် စာသင်သား တစ်ယောက်နှင့်တူသော်လည်း ၊ ဒေါသထွက်သည်နှင့် အလွန် ရက်စက်တတ်သည်။

"ကောင်းတယ် ၊ အရမ်းကောင်းတယ်!"

ချုးချန်ချင်းက ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။

"လူတစ်ယောက်က ငါ့ကိုယ်တော်ကို ဒီလို ရန်စဖို့အထိ သတ္တိရှိတာ ဒါပထမဆုံးပဲ"

" သူတော်စင် ခန္ဓာကိုယ် အသွေးအသားချင်းအတူတူ ၊ သူတော်စင် ခန္ဓာကိုယ် စာရင်းမှာ ပထမအဆင့် ရှိတဲ့ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနဲ့ ငါ့ရဲ့ ကောင်းကင်ဘုံ ခန္ဓာကိုယ်ကြားက ကွာဟချက် ဘယ်လောက်ရှိမလဲ ဆိုတာ သိချင်သေးတယ်!"

ဘုန်း ! !

ကြောက်စရာကောင်းသော သွေးချီ စွမ်းအားများ ထကြွသွားသော်လည်း သို့သော် ၎င်း၏ အရှိန်အဝါသည် လူတိုင်း၏ နှလုံးသားကို ဖိနှိပ်ထားသော မြင့်မြတ်သော တောင်ကြီးတစ်ခုလိုပင်။

ဤအခိုက်အတန့်ရှိ ချူးချန်ချင်သည် ပလ္လင်ပေါ်က အုပ်စိုးသူ တစ်ပါးနှင့် တူပေသည်။

သို့သော်လည်း နောက်ဆုံးတွင် သူသည် သူ၏အာဏာကို စွန့်လွှတ်ရမည်သာပင်။

"ဒီဂိမ်းကို ဖြည်းဖြည်းချင်း ကစားတာပေါ့"

" ချန်ကဲ ဆက်ခံသူ ငါ့ကို အရမ်းစိတ်ပျက်အောင် မလုပ်ဘူးလို့ ငါမျှော်လင့်ပါတယ် "

သူသည် ထျန်းရှန်း ဂိုဏ်းမှ ငယ်ရွယ်သူ ပါရမီရှင်များကို ဦးဆောင်သူ အဖြစ် လိုက်ပါခဲ့သည်။

ထို့ပြင် သူသည် လူများစွာ၏အာရုံကို မဆွဲဆောင်လိုသောကြောင့် ဤစီးတော်ယာဉ်လှေကို အထူးရွေးချယ်ခဲ့သည်။

ဤလျှို့ဝှက်နည်းဖြင့် ရှေးဟောင်းကမ္ဘာထဲသို့ ဝင်ရောက်ခြင်းသည် မထင်မှတ်ထားသော ရလဒ်‌ကောင်းများ ရလာပေလိမ့်မည် ဖြစ်သည်။

........

ရှေးဟောင်းကမ္ဘာ၏ အငွေ့အသက်များ ယိုစိမ့်လာသည်နှင့်အမျှ ၊ အင်အားစုများကို ပို၍ ဆွဲဆောင်လာနိုင်ခဲ့သည်။

ရွှေဝါရောင် အမွှေးအမျှင်များ ပိုင်ရှင် ရှိီးရှောက်ချန်လည်း ရောက်လာခဲ့သည်။

ကွေးရွှီလျို့ဝှက်နယ်မြေတွင် သူ ရရှိခဲ့သော အရာများက သူ့အား သာ့နိမ်(အနန္တစွမ်းအားရှင်) အထွတ်အထိပ် အဆင့်ထိ ဖြတ်ကျော်နိုင်စေခဲ့သည်။

သို့သော် သူ၏ မျက်လုံးများမှာ စူးချန်ကဲကို ‌တသွေမသိမ်း စိုက်ကြည့်နေပြီး ၊ သူ့မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တချို့ ရှိနေခဲ့သည်။

"ဒီကောင်က ပိုပြီး သန်မာလာပြန်ပြီ ၊ တကယ်လို့ ငါ့ကိုသာ သူ့ရဲ့ စီးတော်ယာဉ် ပြန်လုပ်ခိုင်းရင်တော့..."

"ဒါဆို ငါက သူ့အတွက် စီးတော်ယာဉ် လုပ်ပေးရမှာပေါ့?"

သူ့နောက်က မျိုးနွယ်စုဝင်တချို့မှာ ထိုစကားကို ကြားသည်နှင့် သူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲကုန်သည်။

တကယ်ကိုပဲ!

သူတို့သခင် နောက်ဆုံးအကြိမ် ပြန်ရောက်ပြီးကတည်းက၊ အတော် ထူးဆန်းလာတယ်!

ဘုန်း !

ထိုအချိန်တွင်၊ အက်ကွဲကြောင်းများမှ ထောင်ပေါင်းများစွာသော တိမ်ခိုးတိမ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။

အာကာသ အတားအဆီးများ တစ်လွှာပြီး တစ်လွှာ ကွဲအက်သွားသကဲ့သို့ ကြောက်စရာကောင်းသော လေပြင်းများ တိုက်ခတ်လာခဲ့သည်။

"ရှေးဟောင်းကမ္ဘာကြီး ပွင့်လာပြီ!"

အပိုင်း(၁၃၈): စူးချန်ကဲ ၏ အမဲလိုက်နယ်မြေ ၊ဂိုဏ်းခေါင်းဆောင် ပြန်လည်မွေးဖွားလာပြီး သူ့ကိုယ် ဖြည့်ဆည်းပေးမယ့် အနစ်နာခံပေးမယ့် အရာ ရှိနေတယ်

သုံလော့ တိုက်ကြီးသည် အလွန်ကျယ်ဝန်းပေသည်။ နဂါးတစ်ကောင် ကျောဆန့်နေသကဲ့သို့ မြင့်မားသော တောင်တန်းများမှာ အဆုံးမရှိ ၊ ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်ရှိသွားသလိုပင်။

ရိုးရှင်းသော လေထုထဲတွင် ဝိညာဉ်စွမ်းအားများ ကြွယ်ဝစွာပါရှိပြီး ၊ ဤကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို မွေးထုတ်ပေးနေသလိုပင်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ထူထပ်သော အဖြူရောင် မြူခိုးများ ရှိနေပြီး ၊ ထို့အပြင် တောအုပ်ထဲ၌ လျှောက်သွားနေကြသော ထူးဆန်းသော သားရဲတိရစ္ဆာန်များလည်း ရှိသည်။

တိုက်မြေ သုံးထောင်က ငယ်ရွယ်သော ပါရမီရှင်တို့၌မူကား ၊

သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ နယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဂိုဏ်းတူအဖော်များ စုဝေးဆုံစည်းကာ ၊ သူတို့သွားမည့် ဦးတည်ရာဘက်ကို ရွေးချယ်ကြလေသည်။

ပထမအချက်မှာ အချိန်မတန်မီ အခြားအင်အားစုများနှင့် ထိပ်တိုက်ရန်တွေ့ခြင်းမှ ရှောင်ကြဉ်နိုင်သလို တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးရမည့်အခွင့်ကိုလည်း ကာကွယ်ပြီးရာ ရောက်သည်။

ဤနေရာတွင် သူတို့၏ ရန်သူမှာ သူတို့လိုလုပ်ဖော်ကိုင်ဖက်တွေတင်မကဘဲ ၊ ဤနေရာတွင် နေထိုင်သော မျိုးနွယ်စုများလည်း ရှိသေးသည်။

မကြာမီ စူးချန်ကဲသည် ကွေးယွမ် တပည့်များနှင့်အတူ ရောက်လာခဲ့ကြသည်။

ဤနေရာသည် မြေပြန့် တစ်နေရာဖြစ်သည်။

မြေမျက်နှာသွင်ပြင်သည် ပြန့်ပြူးပြီး ၊ အကွာအဝေး တစ်နေရာတွင် မြ-နှင့်တူသော ရေကန်တစ်ကန် ရှိသည်။ ၎င်းအပေါ်၌ ဤကမ္ဘာမြေကြီး၏ စွမ်းအင်များ ဖြန့်ကျက်လျက်ရှိရာ တိုက်မြေ သုံးထောင်၏ စွမ်းအင်နှင့် ဆင်တူပေသည်။

ရေကန်၏ အလယ်တွင် နွားနက်ကဲ့သို့ သန်မာသော အစိမ်းရောင် အကြေးခွံများရှိသည့် ဧရာမ မိကျောင်းကြီးလည်း ရှိသည်။

၎င်းသည် ဤကမ္ဘာမြေကြီး၏ စွမ်းအင်များကို စုပ်ယူနေသလိုပင် ။

ထိုအချင်းအရာကို မြင်တော့ စူးချန်ကဲသည် သူ၏ လက်ချောင်းထိပ်၌ စွမ်းအားများကို စုဝေးလိုက်သည်နှင့် နတ်အလင်းရောင်များ ထွက်ပေါ်လာသည်။

တခဏချင်းမှာပင် ထိုဧရာမ မိကျောင်းမှာ အပိုင်းပိုင်း ဖြတ်ခံလိုက်ရသညိ။

ထိုဧရာမ မိကျောင်းမှာ မရှင်းမလင်းနဲ့ သေသွားခဲ့လေပြီ ။သူ့ခမျာ နေပူစာ ထွက်ထိုင်ရုံလေးပဲကို ဘာများ အမှားလုပ်မိလို့လဲ?

စူးချန်ကဲကို အံ့အားသင့်စေခဲ့သည့်အရာမှာ ဧရာမ မိကျောင်းသေဆုံးပြီးနောက်တွင် ဝိညာဉ်စွမ်းအင်များ စုဝေးသွားပြီး အပြာရောင် စက်ဝိုင်းကြီး တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

"ဒါက သုံလော့တိုက်မြေရဲ့ ဝိညာဉ်ကွင်း ဆိုတာများလား "

"အပြာက အနှစ်တစ်ရာ ဝိညာဉ်ကွင်း၊ ခရမ်းရောင်က အနှစ်တစ်ထောင်၊ အနီရောင်က အနှစ်တစ်သောင်း၊ အနက်ရောင်က နှစ်တစ်သိန်းပဲ..."

၎င်းဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက်၊ စူးချန်ကဲက ညည်းညူလိုက်သည်။

"ပြင်ပကမ္ဘာမှာရှိတဲ့ သားရဲနဲ့ ယှဉ်ရင် ဒီနေရာက သားရဲကောင်တွေရဲ့ သွေးချီစွမ်းအင်တွေကို အဓိက အာရုံစိုက်ရမယ် ၊တကယ်လို့ ငါသာ အနှစ်တစ်သိန်းရှိတဲ့ဟာနဲ့ ဆုံခဲ့မယ်ဆိုရင်.."

"ချန်ချင်း ပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်ရဲ့

ဓမ္မကာယ ခန္ဓာကိုယ်ကို အမြန်ဆုံး ပေါင်းစည်းနိုင်လိမ့်မယ် "

စူးချန်ကဲသည် ခဏလောက်စဉ်းစားပြီး အားလုံးကို ဆိုလိုက်သည်။

" အရင်က ငါ့နတ်အသိစိတ်ရဲ့ သတိထားမိချက်အရ မြောက်ဘက်ပိုင်းမှာ သက်ရှိတွေရဲ့တုံ့ပြန်မှုကို ခံစားမိတယ် "

"မြောက်ဘက်ပိုင်းကို သွားကြမယ်"

ရှေးဟောင်းကမ္ဘာ၏ ကနဦး လူမျိုးများမှာ အရမ်းကြီး ညံ့ဖျင်းလိမ့်မည် မဟုတ်ပေ။သို့ဖြစ်၍ အနည်းဆုံးတော့ ကံကောင်းခြင်း၏ သားတော်သမီးတော်လေးများ တည်ရှိနေမည်မှာ မလွဲမသွေပင် ဖြစ်သည်။

ထို့အပြင် ဤကမ္ဘာကြီးတွင်လည်း ပုံသေချမှတ်ထား‌သော စည်းမျဉ်းများ ရှိပေသည်။ဆိုလိုသည်မှာ မျိုးဆက်ဟောင်းများ ဝင်ပါခွင့်မရှိပေ ။

တကယ်တန်းတွင်မူ ၊ တိုက်မြေ သုံးထောင် ရှိ ထိပ်တန်းအင်အားစုများ၏ အမျက်ဒေါသကို နှိုးဆွ၍ ဤကမ္ဘာကြီးကို ဖျက်ဆီးရန်မှာ ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပေ ။

စူးချန်ကဲအတွက်တော့ ဤနေရာကို ရှေးဟောင်းကမ္ဘာဟု ဆိုမည့်အစား၊သူ၏ အမဲလိုက်ရာနေရာ ဖြစ်သည်ဟု ဆိုရရင် ပိုမှန်သည်။

......

တစ်ချိန်တည်းမှာပင် ။

သုံလော့ တိုက်ကြီး၏ တစ်နေရာတွင် လူသွားလူလာများသော ၊ လူ စည်ကားရာ နေရာ တစ်ခု ရှိသည်။

ထိုနေရာကို ချန်ဖုန်းအင်ပါယာ ဟု ခေါ်ဆိုသည်။

ချန်ဖုန်း အင်ပါယာတွင်၊ ကျင့်ကြံသူ အားလုံးအတွက် အိပ်မက်တစ်ခု ဖြစ်သည့် မြင့်မြတ်သော နေရာတစ်နေရာမှာ မေပယ်သစ်တော ကျောင်းဆောင်ပင် ဖြစ်သည်။

စာသင်ခန်းထဲတွင် လူငယ် အမျိုးသား အမျိုးသမီး တစ်စုက ကောင်းစွာ နားထောင်နေပြီး ၊ ဆရာ တစ်ဦးက အဖိုးတန် ကျင့်ကြံနည်းစနစ်များကို ရှင်းပြပေးနေသည်။

ထိုအနှီဆရာသည် ငယ်ရွယ်နုပျိုပြီး ၀တ်ရုံဖြူကို ၀တ်ဆင်ထားသည်။သူ၏ မျက်နှာမှာ အလွန်လှပပြီး မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားကာ ဖြူစင်၍ အသားအရေ နှင့် ချောမွတ်‌ ဖြောင့်ဆင်းသော ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။

သို့သော် လူကိုပိုပြီး အံ့အားသင့်‌စေသည်မှာ ဆရာဖြစ်သူ ထိုမိန်းကလေး၏ ဦိးခေါင်းပေါ်၌ ယုန်နားရွက်တစ်စုံ ရှိနေသည်။

နှင်းဖြူရောင် ယုန်နားရွက်လေးသည် နက်မှောင်သော ဆံပင်ရှည်နှင့် ဆန့်ကျင်ဘက် ‌စူးရှတောက်ပလျက် ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေသည်။

သို့သော်လည်း သူမ၏ ခြေထောက်တွင် ပိုးသား ခြေအိတ်လေးကို ဝတ်ဆင်ထားသည်မှာ ဤကမ္ဘာပေါ်က ရင်သပ်ရှုမောဖွယ်ရာ အလှများထဲက တစ်ခုလို့ ဆိုရမလို ဆွဲဆောင်မှု အရိပ်အမြွက်များ ပေးစွမ်းလို့နေသည်။

ထိုအချိန်၊ စားပွဲခုံပေါ်တွင် အိပ်ပျော်နေသော လူငယ်လေး တစ်ဦးကို သူမ ရုတ်တရက် တွေ့လိုက်ရသည်။

လှပသော မျက်ဝန်းအစုံ၌ ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

"ထန်ဟောက် ၊ နင်ဘာလို့ အတန်းထဲ အိပ်နေပြန်ပြီတုန်း?"

ဤ‌သုံလော့တိုက်မြေသည် ကျယ်ပြောသည့်အလျောက် ရှေးရိုးစွဲ အင်အားစုများစွာ ရှိသည်။

၎င်းတို့၏ ချန်ဖုန်းကျောင်းတော်ကြီးကို ပါရမီရှင် ကျောင်းတော်ကြီး လို့တောင် ခေါ်ဝေါ်ကြပြီး ၊ ပါရမီရှင်များနှင့် သူရဲကောင်းများ စုဝေးရာ နေရာလည်း ဖြစ်ပေသည်။

အားမနာတမ်းပြောရလျှင်ဖြင့် ၊ဤနေရာသို့ လာရောက် လေ့ကျင့်နိုင်သော ယောက်ျားလေး မိန်းကလေးများပါမကျန် သူတို့အားလုံးသည် အရည်အချင်းရှိသူများ ဖြစ်ကြပြီး သူတို့၏ အနာဂတ် အောင်မြင်မှုများမှာဆိုရင်ဖြင့် ဘယ်တော့မှ မှေးမှိန်သွားလိမ့်မည် မဟုတ်ပေ။

သို့သော် ဤစာသင်ခန်းတွင်မူ ၊ ခြွင်းချက်တစ်ခုတော့ ရှိသည် ။ ယင်းမှာ သူမမိသားစုထဲက မောင်ဝမ်းကွဲ ထန်းဟောက်ပင် ဖြစ်သည်။

စာသင်သားအားလုံး စားပွဲပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သော ဆံပင်အပြာရောင် ကောင်လေးကို ရွဲ့စောင်းကြည့်လိုက်ကြသည်။

"ဒီလို အရှုံးသမားက ဒီကိုလာပြီး လေ့ကျင့်နေတာ ၊ ငါတို့အတွက် ရှက်စရာ‌ကောင်းတာပဲ"

" ထန် မိသားစုရဲ့ နောက်ခံကို အားကိုးနေတာလေ ၊ ဆရာဝူအာ ကြောင့်သာ မဟုတ်ရင် သူ ဘယ်လိုလုပ် ဒီမှာ လေ့ကျင့်နိုင်မှာလဲ?""

" ဒီလိုဝမ်းကွဲမောင်မျိုး ရှိနေတဲ့

ဆရာဝူအာအတွက် တကယ်ကို စိတ်မကောင်းဖြစ်ရတယ် "

လူတိုင်း အသံတိုးတိုးလေးနဲ့ ပြောဆိုနေကြ၏။

ထန်‌ဟောက်။

သူသည် မေပယ်သစ်တော ကျောင်းတော်ကြီး တွင် အလွန်ကျော်ကြားသူတစ်ဦး ဖြစ်သည်။

ငယ်စဉ်အခါက ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် အချိန်မှစ၍ ၊ သူ့အတွက် အကြီးမားဆုံး ဒဏ်ရာဒဏ်ချက် ဖြစ်သွားခဲ့ပုံရသည်။ထိုအချိန်မှစ၍ ယခုလို ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် ချန်ဖုန်း အင်ပါယာရှိ ထိပ်တန်း မိသားစုသုံးစုထဲမှ တစ်စုဖြစ်သော ထန် မိသားစုမှ တိုက်ရိုက် ဆင်းသက်လာသူဖြစ်သောကြောင့် လေ့ကျင့်ရေး အရင်းအမြစ်များနှင့် ပတ်သတ်၍ သူ့မှာ စိတ်ပူစရာမရှိပေ။

သို့သော်လည်း သူ၏ ကျင့်ကြံမှု အရည်အချင်းမှာ အလွန် ညံ့ဖျင်း‌ပေသည်။ခါတိုင်း ဘာမှမလုပ်ဘဲ အတန်းထဲတွင်သာ အမြဲလိုလို အိပ်နေတတ်သည်။သို့ဖြစ်၍ မေပယ် သစ်တောကျောင်းတော်ကြီး၏ နံပါတ်တစ် အရှုံးသမားအဖြစ် သတ်မှတ်ခံထားရသည်။

သူ့အစ်မ ထန်ဝူအာ ၏ ဦးခေါင်းပေါ်တွင် ယုန်နားရွက်တစ်စုံ ရှိသည်။ ယင်းက သူမသည် အသန့်စင်ဆုံး ဖြူစင်နှလုံးသား ကျောက်စိမ်းယုန် အသွေးအသားများ ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြနေသည်။

ဖြူစင်နှလုံးသား ကျောက်စိမ်းယုန်သည် သုံလော့တိုက်တွင် ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်ပြီး ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမသွားခဲ့ဘူးဆိုရင် သူမသည် အနှစ်တစ်သိန်း သက်တမ်း ရှိသော ဝိညာဉ်ကွင်းကို အသာလေး ရနိုင်သည်။

ထိပ်တန်း အင်အားစုများ၏ သားစဉ်မြေးဆက် အများအပြားက သူမနောက်ကို လိုက်ခဲ့ကြသည်။ဒီအတိုင်းသာဆို ၎င်းတို့၏ အနာဂတ်မှာ အကန့်အသတ်မရှိဘူး ဟု ဆိုရနိုင်သည်။

နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်မည် ‌ဆိုပါက ၊တစ်‌ယောက်သည် ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ဖီးနပ်တစ်ကောင် ဖြစ်ပြီး ၊ နောက်တစ်ယောက်သည် တောရိုင်းထဲတွင် ပျံသန်းနေ‌သော ကျေးငှက်တစ်ကောင်ပင်။

" ထန်ဟောက်!"

ယခုထက်ထိ အေးအေးလူလူ အိပ်နေဆဲဖြစ်သော ထန်ဟောက်ကို မြင်တော့ ၊ထန်ဝူအာ၏ အသံမှာ ပိုကျယ်လာခဲ့ပြီး ၊ ပို၍ အေးစက်လာခဲ့သော မျက်နှာထားဖြင့် ထန်ဟောက်ဆီသို့ အမြန် လျှောက်သွားလိုက်သည်။

ထိုအချိန် လှုပ်လှုပ်ရှားရှား အပြုအမှုကြောင့် ၊ လူငယ်လေးမှာ နိုးလာခဲ့သည်။

"အာ! ငါ ကျွယ်ထျန်းထန် ဂိုဏ်းဆီကို ပြန်လာခဲ့မယ်..."

ထန်ဟောက် တစ်ယောက် အော်ဟစ်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းထောင်လာခဲ့သည်။ သူ၏ အမူအရာမှာ အိမ်မက်လား လက်တွေ့လား အနည်းငယ် ရှုပ်ထွေးနေပုံရသည်။

"ဒီနေရာက?"

"မင်းဘယ်သူလဲ?"

သူ့မျက်စိရှေ့က အမည်မသိ လူအုပ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။

"ကျွယ်ထျန်းထန် ဂိုဏ်း? ဟားဟားဟား! အိပ်ပျော်ပြီးနောက် ရူးသွားတာများလား?"

"ဒါဆို ကျွန်တော်မျိုးကပဲ ထန်သခင်လေးကို ဒီနေရာက ဘယ်နေရာလဲဆိုတာ ပြောပြပေးပါ့မယ် ၊ ဒီနေရာက ပါရမီရှင် ကျောင်းတော်ကြီး ဖြစ်ပြီး မင်းက ငါတို့ရဲ့ အသုံးမဝင်လေးပဲ !"

ရယ်သံများက ပတ်ဝန်းကျင်တစ်လျှောက် လွှမ်းမိုးသွားသည်။

ထန်ဝူအာ ၏ အမူအရာမှာ ပိုကြည့်ရဆိုးလာခဲ့သည်။

သူ့အတန်းထဲ အိပ်ရုံတင်မကဘဲ ၊ အခုတော့ သူ့ကိုယ်သူ မမှတ်မိသလို ဟန်ဆောင်နေပြီပေါ့လေ?

ထန်ဟောက် ငယ်စဉ်က အဖေဖြစ်သူ ဆုံးပါးသွားပြီး ၊ ဒဏ်ရာကြီးကြီးမားမား ရသွားသည့်အပေါ် ဝမ်းကွဲ အစ်မတစ်ယောက် အနေဖြင့် သူမ နားလည်ပေးနိုင်သည်။သို့သော် ယနေ့ သူ၏ အပြူအမူမှာ နည်းနည်းတော့ လွန်လွန်းပေသည်။

"ရှေးဟောင်း ကမ္ဘာ... ‌သုံလော့ တိုက်မြေ... ချန်ဖုန်း အင်ပါယာ..."

" ဒီလိုကိုး "

ဤအချိန်တွင် ထန်ဟောက်အနေဖြင့် သူ့မျက်စိရှေ့က လူများကို မမြင်တော့ပေ။

သူ့ကိုယ်သူ သံသယတချို့ဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ အမြင်အာရုံမှာ လျင်မြန်စွာ ကြည်လင်လာခဲ့သည်။

သူသည် တစ်ချိန်က ကျွယ်ထျန်း ထန် ဂိုဏ်း၏ အကြီးအကဲ ဖြစ်ခဲ့ပြီး ၊ သူ၏ ကျင့်ကြံအဆင့်သည် ကမ္ဘာ့ထိပ်တန်း လူဆယ်ယောက်ထဲတွင် ပါဝင်နိုင်ခဲ့သည်။နောက်ပိုင်းတွင် သူသည် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ရသည်။

သို့သော် ဤကမ္ဘာကြီးတွင် ပြန်လည်မွေးဖွားခဲ့မည် ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မှန်၏။သူသည် အရင်က အမှိုက်သာသာ ဖြစ်ခဲ့သော ထန်ဟောက် မဟုတ်တော့ပေ ။

သူသည် မူလကမ္ဘာတွင်လည်း ဝိညာဉ်စွမ်းအားဖြင့် လွှမ်းမိုးထားပြီး ၊ သူ၏ ကျင့်ကြံမှုသည်လည်း တစ်ချိန်က ထိုကမ္ဘာတွင် ထိပ်တန်း ဖြစ်ခဲ့ဖူးသည်။

ယခုလည်း ဤလောက၌၊ သူ၏ ကျင့်ကြံမှုကို အထောက်အကူပြုရန် သားရဲကောင်များ၏ ဝိညာဉ်ကွင်းများကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့်၊ သူ၏ယခင်ဘဝက အသိညဏ် နှင့် လက်ရှိကမ္ဘာ့က ကျင့်ကြံနည်းစနစ် တို့ကို ပေါင်းစပ်လိုက်မည် ‌ဆိုပါက ၊ သူသည် ထိပ်ဆုံးသို့ ပြန်သွားရန် မလွယ်ကူပေလော။

ထိုအချက်ကို တွေးရင်း ၊ ထန်ဟောက်၏ မျက်ဝန်းထဲ၌ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

"အမျိုးတွေရဲ့ မထီမဲ့မြင်ပြုခြင်းကို ခံရတယ် ၊ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် အမှိုက်တစ်ကောင် အဖြစ် လှောင်ပြောင်ခြင်း ခံနေရတယ်တဲ့လား?"

သူက ကျွယ်ထျန်းထန် ဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦးလေ ၊ သူ့ကို နှိမ့်ချသူတိုင်း မကြာဘူး ပါးပြန်ရိုက်ပေးမယ် !

ကျင့်ကြံအဆင့် နိမ့်သေးတယ်?

အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်းကို အမဲလိုက်နိုင်တာနဲ့ ၊ ဒီလောက်ကတော့ အေး‌ဆေးပဲ မဟုတ်လား?

ဒါတင်မကဘူး ၊သူ့အစ်မတော်က အနှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းနဲ့ အသန့်စင်ဆုံး ဖြူစင်နှလုံးသား ကျောက်စိမ်းယုန် အသွေးအသား ပိုင်ရှင်လေ !

ဒါဘယ်လိုလုပ် သွေးသားဆက်ဆံရေး ဖြစ်မည်နည်း။

မိမိကိုယ်ကို ဖြည့်ဆည်း‌ရန် အနစ်နာခံပေးမည့် အရာတစ်ခုကို အသုံးပြုရခြင်းသည်မှာလည်း သိပ်ကို အရသာရှိသည် မဟုတ်လော?

All Chapters