အခန်း (၁၃၉-၁၄၃)
Vol. 10 Ch. 139-143
အပိုင်း(၁၃၉): ပြင်ပကမ္ဘာက လူ
“ထန်ဟောက် ဘာတွေ တခစ်ခစ်ရယ်နေတာလဲ၊ မင်း ဒီလအတွင်း လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) နယ်ပယ်အဆင့်ကို မဖြတ်ကျော်နိုင်ဘူးဆိုရင် မင်းကို ကျောင်းကနေ နှင်ထုတ်ရလိမ့်မယ်...”
“အဲ့လိုသာဆို ဘကြီး ဘယ်လောက် စိတ်ပျက်သွားမလဲ”
သူမကို လျစ်လျူရှုနေဆဲဖြစ်သော ထန်ဟောက်ကို ကြည့်ရင်း ထန်ဝူအာ တစ်ယောက် မျက်မှောင်ကြုတ်လို့ နေသည်။
သူမသည် ကိုယ့်ဝမ်းကွဲမောင်အပေါ် အမြဲတမ်း ကောင်းကောင်း ဂရုစိုက်ခဲ့သော်လည်း ၊ ထန်ဟောက်၏ မတိုးတက်ချင်သော စိတ်ကြောင့် သူမ စိတ်ပျက်ခဲ့ရသည်။
“လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) နယ်ပယ် အဆင့်?”
“ နေ့တစ်ဝက်တည်းနဲ့တင် လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) နယ်ပယ် အဆင့်ကို ဖြတ်ကျော်နိုင်တယ် “
ထန်ဟောက်၏မျက်လုံးထဲ၌ မည်သူ့ကိုမဆို အထင်အမြင်သေးပြီး မထီမဲ့မြင်ပြုတတ်သည့် အရိပ်အမြွက်တို့ ရှိနေသည်။
သူသည် ယခင်ဘဝက ကျင့်ကြံမှုများကို ယာယီ ပိတ်သိမ်းခဲ့သောကြောင့် ပျောက်ကွယ်မသွားခဲ့ပေ။
အကယ်၍ သူသာ စည်းတံဆိပ်ကို ပြန်လည် ရုတ်သိမ်းနိုင်မည်ဆိုပါက ၊ သူ၏ ကျင့်ကြံ အဆင့်သည် ဤလောကရှိ သူတော်စင် အရှင် နယ်ပယ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ထားသည်။
ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ သူတော်စင် အရှင် ဖြစ်သွားရင် ၊ ဒါ အလွန်ထက်မြက်တဲ့ ပါရမီရှင် လို့ နာမည်မတွင်ပေဘူးလား?
အတွေးများနှင့်အတူ သူ့မျက်ဝန်းများမှာ ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။
ထန်ဝူအာကတော့ ကယ်မရတော့တဲ့ သူမ၏ ဝမ်းကွဲမောင်လေးအပေါ် မျှော်လင့်ချက်မဲ့စွာ ကြည့်ရင်း ခေါင်းယမ်းနေတော့သည်။
………
ဘုန်း !
ဟင်းလင်းပြင်ကြီးမှာ တသိမ့်သိမ့် ရိုက်ခက်သွားပြီး လေပြင်းများ တိုက်ခတ်သွားသည်။
အလင်းတန်းတစ်ခုသည် ကောင်းကင်ကြီးကို ထိုးဖောက်၍ သွားလာနေသည်။
ဤမျှ တန်ခိုးကြီးမားသော ရောင်ဝါတို့မှာ ငယ်ရွယ်သူ ပါရမီရှင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ၊ တောက်ပသော တိမ်တိုက်များကြားထဲ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာခဲ့ကြရာ သူတို့မျက်စိရှေ့၌ မြို့လေးတစ်မြို့ကို မြင်လိုက်ကြရသည်။
“ဆက်ခံသူ သခင် ၊ ရှေ့က ဒီလောကရဲ့ ကနဦိးနိုင်ငံဖြစ်ရမယ် “
စူးချန်ကဲ က ခေါင်းညိတ်လိုက်သည်။
“အင်း၊ အဲ့ဒီနေရာကို ငါတို့ရဲ့ အမာခံနယ်မြေအဖြစ် အရင်တည်ဆောက်ကြရအောင်”
ထိုစဉ် ရုတ်တရက် ၊ ထိုတိုင်းပြည်ဆီမှ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ လာသူ ဘယ်သူလဲ ! ခု ရပ်လိုက်စမ်း ၊ ချန်ဖုန်းအင်ပါယာက သင် အတင့်ရဲတာကို ခွင့်မလွတ်နိုင်ဘူး”
လှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး၊ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူထွားကြီးတစ်ဦး ထွက်ပေါ်လာပြီး ဝေဟင်တွင် ရပ်နေခဲ့သည်။
ထိုအနှီလူ၏ ကိုယ်ဟန်အနေအထားကို ကြည့်လိုက်ရင်ဖြင့် ၎င်း၏ အရှိန်အဝါကို မည်သူကမှ မတားဆီးနိုင်ပုံပေါက်သည်။
သို့သော် စူးချန်ကဲ၏မျက်ဝန်းများမှာ တချက်ကလေးမှ လှိုင်းထမသွားဘဲ ထိုအနှီလူကို မှေးကြည့်လိုက်သည်။
သူ့အမြင်အရ၊ တဖက်လူ၏ ကျင့်ကြံစွမ်းအားသည် သာ့နိမ်(အနန္တစွမ်းအားရှင် )နယ်ပယ်အဆင့်တွင် ရှိသည်။
စူးချန်ကဲက ဖြည်းဖြည်းချင်း စကားဆိုလိုက်သည်။သူ၏ အသံသည် နတ်ဘုရားတစ်ပါး၏ အမိန့်တော်အတိုင်း ဘေးပတ်ပတ်လည် တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
“ တိုက်မြေ သုံးထောင်က၊ ကွေးယွမ် သူတော်စင်နယ်မြေကပဲ “
“ မင်းရဲ့ ခံစစ်ဖွဲ့စည်းမှုကို ဖျက်သိမ်းဖို့ ငါ မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ် ၊ မဟုတ်ရင်..”
“မင်းရဲ့ အလောင်းက ဟိုးအဝေးထိ ရောက်သွားစေမယ် “
သူ၏စကားအဆုံးတွင် စူးချန်ကဲ နောက်တွင် ရှိနေသော ကွေးယွမ် တပည့်များအားလုံး ၊ ၎င်းတို့၏ စွမ်းအားများကို နှိုးဆွလိုက်ကြသည်။
တခဏအတွင်းမှာပင် ၊
ကမ္ဘာကိုပျက်သုန်းစေမည့် အရှိန်အဝါကို သယ်ဆောင်ထားသော အားကောင်းသော ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီးသည် အရပ်ရပ်သို့ တဟုန်ထိုး ပျံ့နှံ့သွားသည်။
ချန်ဖုန်းအင်ပါယာရှိ ကုန်းမြေတစ်ခုလုံး အဆုံးသတ်တော့မည့် နေ့ကို ရောက်ရှိလာသည့်အတိုင်း ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
မြို့တော်ရှိ သာမန်လူများမှာ ဒူးထောက်ကာ ငိုကြွေးနေကြပြီး ၊ထို့အပြင်၊ ၎င်းတို့၏ အမှားများကို နောင်တရပြီ ဖြစ်သောကြောင့် မိမိအား ခွင့်လွှတ်ပေးပါရန် နတ်ဘုရားထံ ဆုတောင်းနေကြသည်။
မေပယ် သစ်တော ကျောင်းတော် အတွင်းရှိ စာသင်သားများမှာလည်း မြေပြင်ပေါ်သို့ ပစ်လဲကျကုန်၏။
တစ်ချို့က ခေါင်းကို ငုံ့လျက် နာကျင်စွာ အော်ငိုနေကြပြန်သည်။
“ဘာဖြစ်တာလဲ!?”
“ဒီဦိးတည်ရာက.. မြို့တံခါးဘက်...!”
“မကောင်းတော့ဘူး အဖေ!”
ထန်ဝူအာ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ ဖခင်သည် ထန် မိသားစု၏ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ချန်ဖုန်း အင်ပါယာကို စောင့်ကြပ်နေသည့် စစ်သူကြီးလည်း ဖြစ်သည်။
မြို့တံခါးအပြင်ဘက်တွင် ထိုကဲ့သို့သော လှုပ်ရှားမှုမျိုး ထွက်ပေါ်လာခဲ့ရာ တစ်စုံတစ်ခု ဖြစ်နေပြီမှန်း သူမ သိလိုက်သည်။သမီးတစ်ယောက် အနေဖြင့် ဖခင်ဖြစ်သူ အန္တရာယ်ကြုံတွေ့နေသည့်အပေါ် သူမ မည်သို့ ကြည့်နေနိုင်မည်နည်း။
ထန်ဝူအာ သည် ပြင်းထန်စွာ တုန်ခါနေသော မြေကြီးများကို လျစ်လျူရှုပြီး ကျောင်းတော်၏ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
“ အစ်မ ဝူအာ!”
“သေစမ်း! ငါ ပထမဆုံးရောက်ခါမှ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲမျိုးကို ကြုံခဲ့ရတာလဲ?”
“မဖြစ်ဘူး၊ ဒီ ထန်ဝူအာ ရဲ့ ဝိညာဉ်ကွင်းက ငါ့အတွက် အရမ်း အသုံးဝင်တယ်၊ ငါ သူ့ကို ဘာမှ ဖြစ်ခွင့်မပေးနိုင်ဘူး!”
ထန်ဟောက် တစ်ယောက် အံကြိတ်လျက် ပြေးထွက်လာခဲ့သည်။
သို့သော် အပြင်ထွက်လာပြီးပြီးချင်း ၊ သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော တောက်ပသော ဝိညာဉ်စွမ်းအင်များ စုဝေးလျက် ရှိပြီး တသိမ့်သိမ့် တုန်ခါမြည်ဟည်းနေသည်။
တောက်ပသော သမုဒ္ဒရာပြင်၌ ၊နတ်ဘုရားကဲ့သို့ ထွန်းလင်းတောက်ပနေသော ယောက်ျားမိန်းမအပေါင်းတို့သည် ဝေဟင်ပေါ်တွင် တွဲလောင်းအနေအထားဖြင့် ရှိနေသည်။
ငယ်ရွယ်သော နတ်ဘုရား အုပ်စု၏ အလယ်တွင်၊ နတ်ဘုရားတို့၏ အရှင်သခင်ကဲ့သို့ ထင်မှတ်ရသည့် ဝတ်ရုံဖြူ အမျိုးသားတစ်ဦး ရှိနေပြီး ၊ သူ၏မျက်နှာသွင်ပြင်ကို တိမ်ခိုးတိမ်ငွေ့များက ဖုံးလွှမ်းထားလေသည်။
သို့သော် ဤနေရာတွင် မရှိသင့်သည့် ပုဂ္ဂိုလ်တစ်ယောက် လိုမျိုး ၊ နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ပေးစွမ်းနေခဲ့သည်။
ထန်ဟောက်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်ခဲ့ရသည်။
“ဘာလို့ဒီလူတွေ ဒိီမှာရှိနေရတာလဲ!”
သူတို့ဆန္ဒရှိသရွေ့ ၊ ဤကမ္ဘာကြီးကို လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်သော အာဏာများ ပိုင်ဆိုင်ထားပုံပေါ်သည်။
မြို့တံခါးအပြင်ဘက်တွင် ၊
သုံလော့ တိုက်ကြီး၏ ကျယ်ပြောမှုမှာ အကန့်အသက် မရှိပေ။ ၎င်းသည် တိကျသောအချိန်တစ်ခု ရောက်ရှိသည်နှင့် နယ်နိမိတ် ပွင့်လာကာ ပြင်ပကမ္ဘာမှ ပါရမီရှင်များ ဤနေရာသို့ ရောက်ရှိလာမည်ကို ဖြစ်ကြောင်း သူ ကြားဖူး၏။
ထိုသူများကို ပြင်ပကမ္ဘာကလူ ဟုလည်း ခေါ်ဆိုကြသည်။
သို့သော် သူတို့သည် မူလက ၎င်းအကြောင်းအရာကို ရယ်စရာကောင်းသော ဒဏ္ဍာရီပုံပြင် တစ်ခုလို့သာ ထင်မှတ်ခဲ့သည်။
သို့သော်၊ သူ့ရှေ့က မြင်ကွင်းကြောင့် ဤသူသည် ပြင်ပကမ္ဘာမှ တစ်စုံတစ်ယောက်ဖြစ်မည် ဆိုတာကို သူ ယုံကြည်ရတော့မည်။
“မင်းမှာ သုံးစက္ကန့်ကျန်သေးတယ်”
စူးချန်ကဲ၏ အေးစက်သော အသံမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
မြို့ကို စောင့်ကြပ်ရသည့် စစ်သူကြီးခမျာ ချွေးများ တသီတကြီး စီးကျလို့နေသည်။သခင်လေးတစ်ပါး ဖြစ်သော်ငြားလည်း ၊ သူ့စကားသံက ဘာလို့ ငရဲကနေ ထွက်လာတဲ့ နတ်ဆိုးတစ်ကောင်လို ဖြစ်နေရတာတုန်း?
“လူကြီးမင်း ဒီကို ပထမဆုံးအကြိမ် ရောက်လာတာကို ချန်ဖုန်းအင်ပါယာ အနေနဲ့ ကောင်းကောင်း ဧည့်ခံမပေးနိုင်ခဲ့တာ ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို အပြစ်မမြင်ပါနဲ့!”
မြို့ကာကွယ်ရေး ဖွဲ့စည်းပုံမှာ တဖြည်းဖြည်း ဆုတ်လျော့သွားသည်နှင့်အမျှ၊နဂါးဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အမှုထမ်းများစွာနှင့်အတူ စူးချန်ကဲထံ လက်နှစ်ဖက်ကို လျှက်ပြီး ဂါရဝပြုလိုက်သည်။
သူသည် ချန်ဖုန်း အင်ပါယာ၏ ဘုရင်မင်းမြတ်ပင် ဖြစ်သည်။
“ချန်ဖုန်း အင်ပါယာရဲ့ ဘုရင်မင်းမြတ် ချန်းလင် ၊ လူကြီးမင်းကို ဂါရဝပြုပါတယ်”
သူ့နောက်က အမှုထမ်း အများအပြားကလည်း သူနှင့်အတူ ဦိးညွှတ်ခဲ့ကြသည်။
“ မဆိုးဘူး ၊ မင်းရဲ့ ရွေးချယ်မှုက မင်းတိုင်းပြည်ကို ကယ်ခဲ့တာပဲ”
စူးချန်ကဲက ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
ဤရှေးဟောင်းကမ္ဘာ၏ ကနဦး လူမျိုးများမှာ သူ့အတွက်တော့ တန်ဖိုးမရှိသော အရာသာပင်။
တောရိုင်းထဲတွင် ရှိနေသော တိုင်းပြည် သာသာပင်။
ဖျက်ဆိုလည်း ဖျက်ရုံပေါ့ ၊ သူတို့နေရာကို လုယူမယ့် တခြားနိုင်ငံတွေ အများကြီးရှိသေးသည်။
“အဖေ!”
ထိုအချိန်တွင် စိုးရိမ်မှုအပြည့်ဖြင့် ချိုမြိန်သော အမျိုးသမီး အသံ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲတစ်ယောက် အနည်းငယ် မျက်လုံးပြူးသွားသည်။
အဝေးကနေ ပြေးလာသော ထန်ဝူအာကို သူ မြင်လိုက်ရသည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ ၊ ယုန်တစ်ကောင်ပါ့လား ၊ ထူးခြားဆန်းပြားတဲ့ ခံစားမှုဆိုတာ ဒါကို ပြောတာများလား”
ဤလောကရှိ သက်ရှိ သတ္တဝါအားလုံး ဝိညာဉ်စွမ်းအားများကို လေ့ကျင့်မွေးမြူကြသည်။သူ၏ သူတော်စင် ခန္ဓာကိုယ် အသွေးအသားမှာ အာရုံခံနိုင်သည် ဖြစ်၍ ၊ ထိုသူ၏ကိုယ်၌ ပါရှိသော ဝိညာဉ်ကွင်း အမှတ်အသားကို စောင့်ကြည့်နိုင်သည်။
သို့သော် ဤအမျိုးသမီး၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်ကွင်းသည် အနက်ရောင်ဖြစ်ပြီး၊ ဆိုလိုသည်မှာ ၎င်းသည် အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်း ပင် ဖြစ်သည်။
သို့သော် ဤအမျိုးသမီး၏ သွေးစွမ်းအင် ခွန်အားကို သူမ အသက်အရွယ်ကြီးရင့်လာမှသာလျှင် သိနိုင်မည်ဟု ဆိုရပေမည်။သို့သော် ဆန့်ကျင်ဘက်အားဖြင့် ....
“ဒီအမျိုးသမီးက ဒီလောက်ထိ မရိုးရှင်းနိုင်ဘူး ၊ သူမက ဒီရှေးဟောင်းကမ္ဘာရဲ့ ကံကောင်းခြင်း သမီးတော်လေး ဖြစ်နိုင်တယ်”
စူးချန်ကဲတစ်ယောက် ကြိတ်တွေးရင်း ပျော်မြူးနေ၏။
သူ့မျက်လုံးထဲတွင် ရွှေရောင်မှော်သင်္ကေတများ ဖျက်ခနဲ့ လင်းလက်သွားပြီးနောက် ထန်ဝူအာ၏ ခေါင်းထက်တွင် စာကြောင်းတစ်ကြောင်း ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
[ထန်ဝူအာ ၊ ကံကောင်းခြင်းတန်ဖိုး : ၃၆၆ 】
“အိုး? တော်တော် မြင့်တာပဲ”
တချိန်တည်းမှာပင် ၊မထင်မှတ်ဘဲ သူမ၏ ကံကြမ္မာကို ဖတ်မိသွားသည်။
[ ထန်ဝူအာ :ချန်ဖုန်း အင်ပါယာ၏ အဓိက မိသားစုသုံးစု ဖြစ်သော ထန် မိသားစု၏ အကြီးဆုံး သမီး ၊ အနှစ်တစ်သိန်း ဝိညာဉ်ကွင်းပါသော အသန့်စင်ဆုံး ဖြူစင်နှလုံးသား ကျောက်စိမ်းယုန် အသွေးအသားများကို ပိုင်ဆိုင်ထားသူ ၊ငယ်စဉ်အခါက သူမ၏ အသွေးအသားလက္ခဏာများ ကြောင့် အနှစ်တစ်ထောင် သက်တမ်းရှိ ဝိညာဉ်ကွင်းများ ရှိသည့် အခြားထူးခြားဆန်းကြယ်သော သားရဲနှစ်ကောင်နှင့် မိတ်ဖွဲ့ခဲ့ပြီး ၊ ဤကမ္ဘာ၏ အထွတ်အထိပ်အထိ အောင်မြင်နိုင်မည့်သူ ဖြစ်သည်။သို့သော် ဤအရာများအားလုံး ထန်ဟောက် ဆိုသူကြောင့် ပြောင်းလဲသွားခဲ့ရသည် 】
စနစ်၏ အချက်အလက်ကို ဖတ်ပြီးနောက် စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒီရှေးခေတ်ကမ္ဘာရဲ့ အထွတ်အထိပ် ဆိုတာ ပြင်ပလောကအနေနဲ့ ကြည့်ရင် ကျော်ကြားတဲ့ ပါရမီရှင် တစ်ယောက်လို့ မှတ်ယူနိုင်တယ် “
“ ထန်ဟောက် က ဘယ်သူလဲ၊ ဘာလို့ သူ့ကြောင့် ပြောင်းလဲသွားတာလဲ?”
လှပသောမျက်နှာနှင့် ယုန်နားရွက်ရှိသော ထန်ဝူအာ အား သူနောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
ကောင်မလေးအပေါ် သူ အနည်းငယ် စိတ်ဝင်စားနေမိသည်။
ဖအေဖြစ်သူ အဆင်ပြေ မပြေ စစ်ဆေးနေခဲ့သော ထန်ဝူအာ သည်လည်း အနည်းငယ် လန့်သွားခဲ့သည်။
သူမ၏ လှပသောမျက်လုံးလေးများဖြင့် စူးချန်ကဲကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
“အရမ်း ချောတာပဲ...”
သူမ၏ အထူးမှော်အစွမ်းကြောင့် ၊ ရုပ်ရည်ဖုံးကွယ်ထားသည့် အထူး နည်းစနစ်ကို ကျော်လွန်၍ စူးချန်ကဲ၏ မျက်နှာအစစ်အမှန်ကို သူမ မြင်နိုင်သည်။
သူ၏ နက်မှောင်သော ဆံနွယ်များသည် ညို့ဓာတ်များကို ထုတ်လွှတ်ပေးနေခဲ့သည်။
လရောင်ကဲ့သို့ ဖြူဖွေးသော အဝတ်အစား၊ ခေါင်းပေါ်တွင် ဆင်မြန်းထားသော ဆံပင်ထုံးဖွဲ့သည့် ကျောက်စိမ်း အဆင်အယင်၊ ဓားကဲ့သို့ ထက်မြက်ဟန်ရှိသော မျက်ခုံးမွှေးနှင့် ကြယ်စင်အလား ဝင်းလက်တောက်ပသော မျက်ဝန်းအစုံတို့ကို ပိုင်ဆိုင်ထားသည်မှာ လွန်စွာ ချောမောပေသည်။
လရောင်အောက်က ပန်းများသဖွယ် ကျောက်စိမ်းအလား တောက်ပသော မျက်နှာသွင်ပြင် နှင့် သူ၏ ကိုယ်နေကိုယ်ထားမှာ ဩချရပေသည်။
“ နတ်ဘုရား များလား...?”
သို့သော် ဤအခိုက်အတန့်တွင် အခြားလူ တစ်ယောက်၏ အသံက သူမ၏ အတွေးများကို ရှုပ်ထွေးသွားစေခဲ့သည်။
“ အစ်မ ဝူအာ ၊ မင်း အဆင်ပြေရဲ့လား”
လူတစ်ယောက်သည် အဝေးမှ လျင်မြန်စွာ ပြေးလာသည်။
ထိုအနှီလူမှာ ထန်ဟောက် ပင် ဖြစ်သည်။
အပိုင်း(၁၄၀): သားရဲ တောအုပ်ဆီသို့ ။
ထန်ဟောက်၏ ရောက်ရှိလာမှုသည် စူးချန်ကဲ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“အွန်?၊ ဒီရဲ့ စိတ်ဝိညာဉ်က ဘယ်လိုဖြစ်ပြီး ဒီလောက် မတည်မငြိမ် ဖြစ်နေတာလဲ?”
စူးချန်ကဲသည် သူ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းကို တစ်ဖန် ပြန်လည်အသက်သွင်းလိုက်ပြီး ၊ သူ၏ သံသယကို အတည်ပြုလိုက်သည်။
“သူက ဒီဇာတိက လူသား မဟုတ်ဘူးပဲ “
“ဒါ ပြန်လည်မွေးဖွားလာတာပဲ ဒါမှမဟုတ် ငါနဲ့ အလားတူတဲ့ အချိန်ခရီးသွားများလား “
သူ၏ ကံကြမ္မာဖတ် မျက်လုံးကို အသက်သွင်းလိုက်ပြီးနောက် ၊
ထန်ဟောက်၏ ခေါင်းပေါ်တွင် ရွှေရောင်စာသားများ ပေါ်ထွက်လာခဲ့သည်။
[ ထန်ဟောင် ၊ ကံကောင်းခြင်းတန်ဖိုး :၃၃၅ 】
စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။
အချိန် ခရီးသွားသူ နှင့် ပြန်လည်မွေးဖွားလာသူများမှာ သူ့အတွက်တော့ ချမ်းသာသုခကို ပေးစွမ်းနိုင်သည့် ဧရာမ ကြက်သွန်မြိတ်ကြီးများနှင့် တူသည်။
ထန်ဟောက်သည်လည်း စူးချန်ကဲ၏ အကြည့်ကို ခံစားရသည်နှင့် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
“ သေစမ်း၊ ဒီကောင်စုတ် ငါ့အထောက်အထား ရုပ်သွင်အမှန်ကို မြင်နိုင်နေတာလား?”
စူးချန်ကဲသည် စိုးရိမ်ပူပန်နေပုံရသော ထန်ဟောက်အား အဝေးကနေ အေးအေးလူလူ လှမ်းကြည့်နေသည်။
မရင့်မှည့်သေးသော ကြက်သွန်မြိတ်ကို ရိတ်သိမ်းမည်ဆိုပါက တန်ကြေးကောင်းကောင်း ရနိုင်မည်မဟုတ်။
စူးချန်ကဲ က ထပ်ဆိုလိုက်သည်။
“လူတိုင်းက ကျုပ်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်မှတော့ အားလုံ နားလည်အောင် ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ် “
“ကျုပ်တို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ် ၊ ခင်ဗျားတို့အနေနဲ့ ကျုပ်တို့နဲ့ ပူးပေါင်းပြီး ကျုပ်တို့ လိုချင်တဲ့ အခွင့်အလမ်းတွေ ရလာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
စူးချန်ကဲသည် စကားကို ခဏ ရပ်လိုက်ပြီး ၊ အဖြူရောင် ကျောက်စိမ်း ကြွေပုလင်းကို ထုတ်ယူလိုက်သည်။
ပုလင်း၏ ဖော့ကို ဖွင့်လိုက်ရုံဖြင့် ၊ ပြင်းထန်သော ဆေးရနံ့တစ်ခုသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“ဒီ ဆေး ကို စိတ်ဝိညာဉ်အာဟာရဆေး လို့ ခေါ်ပြီး ၊ ကျင့်ကြံသူရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ် “
“ခင်ဗျားတို့အနေနဲ့ ကျုပ်တို့နဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နေသရွေ့ ၊ ခင်ဗျားတို့ ဘဝအတွက် စိတ်ပူစရာ မလိုဘဲ အကျိုးကျေးဇူးတွေ အများကြီး ရမှာပါ”
ချန်ဖုန်း အင်ပါယာရှိ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံး သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ဆေး၏ အစွမ်းသတ္တိသည် သူတို့အတွက် မှော်ဆေးဝါး တစ်ခုလိုပင်။ ဆေး၏ အနံ့တစ်ခုနဲ့တင် သူတို့၏ စိတ်အခြေအနေကို ပြေလျော့သွား စေသည်။
သို့သော် သူတို့ မသိခဲ့သည်မှာ စိတ်ဝိညာဉ်အာဟာရဆေးသည် စူးချန်ကဲ၏ မျက်လုံးထဲတော့ ရွှံ့စေးတစ်ဆုပ်မျှသာ ဈေးတန်ပေသည်။
“ သခင်လေးက ဘာကို အလိုရှိတာလဲ မသိဘူ “
ချန်ဖုန်း အင်ပါယာ၏ ဘုရင်မင်းမြတ်သည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် စူးချန်ကဲ၏ လိုအင်ဆန္ဒကို မေးမြန်းလိုက်သည်။
အမှန်တော့၊ သူသည် ဤကဲ့သို့ ဆေးတစ်မျိုးနဲ့တင် သူသည် နောက်နယ်ပယ်အဆင့်ကို ထပ်ပြီး ချိုးဖြတ်သွားနိုင်လိမ့်မည်။
စူးချန်ကဲက အနည်းငယ် ပြုံးလိုက်ပြီး -
“သားရဲကောင်တွေ စုဝေးရာ နေရာတစ်ခုကို
လိုချင်တယ်”
“ သားရဲကောင်တွေ များလေလေ ပိုကောင်းလေလေပဲ ၊ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်သည်ဖြစ်စေ မထက်သည် ဖြစ်စေ ခင်ဗျားတို့ကမ္ဘာရဲ့ တားမြစ်နယ်မြေမှာ ရှိတယ်ဆိုတောင် ဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသည်နှင့် ၊အနီးနား ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ပြင်ပကမ္ဘာက ဤလူသားသည် ဘာကိုများ အလိုရှိလို့ ထိုကဲ့သို့သော အန္တရာယ်ရှိသည့် နေရာထိ သွားရန် လိုအပ်နေသနည်း။
တားမြစ်နယ်မြေဆိုတောင် သွားမယ်တဲ့လား?
သို့သော် တကယ်လည်း ၊ သူတို့တွင် နေရာ တစ်နေရာတော့ ရှိပေသည်။
၎င်းမှာ သားရဲတောအုပ် ပင် ဖြစ်သည်။
ချန်ဖုန်း ဘုရင်မင်းမြတ်က ဆိုလိုက်သည်။
“တကယ်လို့ လူကြီးမင်းက သားရဲတွေ စုဝေးရာ နေရာတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ၊ သားရဲတောအုပ်က လူကြီးမင်းရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးပဲ”
“ဒါပေမဲ့....”
ချန်ဖုန်း ဘုရင်းမင်းမြတ်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီး ၊ ချီတုံချတုံ ဖြစ်နေသည်။
“ကိစ္စမရှိဘူးပြော ၊ငါကိုယ်တော် ဘာကို ကြောက်စရာရှိလို့တုန်း?”
“လူကြီးမင်း မသိပါဘူး၊ အဲ့ဒီ သားရဲ တောအုပ်က ကျွန်တော်တို့ကမ္ဘာမှာ တားမြစ်ထားတဲ့နေရာ တစ်ခုပဲ ၊ အဲဒီထဲမှာ အနှစ်တစ်သိန်း ဝိညာဉ်ကွင်း ရှိတဲ့ သားရဲ ခြောက်ကောင် ရှိတယ် “
“နောက်ပြီး အဲ့တောအုပ်ရဲ့ အနက်ရှိုင်းတစ်နေရာမှာ နှစ် ၂၀၀,၀၀၀ သက်တမ်း ဝိညာဉ်ကွင်း ရှိတဲ့ သားရဲတစ်ကောင် ရှိတယ်လို့ ကြားဖူးတယ် ၊ အဲ့ဒီနေရာကို ကောင်းကင်သင်္ချိုင်း လို့ လူသိများပြီး၊ ဘယ်သူမှ ဝင်ရောက်ခွင့် မရှိဘူး”
ချန်ဖုန်း ဘုရင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။
“ ဘာတွေများ ထူးခြားလဲဆိုတာ ငါ ကိုယ်တော် ကြည့်ချင်တာနဲ့ အတော်ပဲ “
ထိုအချိန်၊ ချန်ဖုန်း အင်ပါယာ၏ ဘုရင်မင်းမြတ်က ခေါင်းစဉ် ပြောင်းလိုက်သည် -
“ဒါပေမယ့် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့ သူတစ်ယောက်တော့ ရှိတယ်”
သူသည် လူအုပ်ထဲက ထန်ဝူအာ ကို ကြည့်လိုက်သည်။
“ဘုရင်မင်းမြတ် ခင်ဗျား....”
မိမိဘုရင်မှာ သူ့သမီးအား ဒီလို လွယ်လွယ်လေး ရောင်းစားလိမ့်မည် ဟု သူ့ခမျာ မျှော်လင့်မထားခဲ့ပေ။
သူသည် ထန်ဝူအာ ကို အလျင်အမြန် ကာကွယ်လိုက်ကာ စူးချန်ကဲ ကို ဒူးထောက်တောင်းပန်လိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်က အသက်ကြီးပေမယ့် အဲ့ဒီတောတောင်နဲ့ ရင်းနှီးပါတယ်၊ ကျွန်တော် လူကြီးမင်းအတွက် လမ်းပြပေးပါရစေ!”
သို့သော် စူးချန်ကဲသည် ထိုလှည့်ကွက်ကို လက်မခံခဲ့ပေ။
ကံကောင်းတဲ့မိန်းကလေးကို အနိုင်ယူဖို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သူ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ?
“အို? ခင်ဗျားလို မြို့စောင့်တပ်မှူးကလည်း တားမြစ်နယ်မြေတွေနဲ့ ရင်းနှီးတယ်ပေါ့?”
“ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား!?”
စူးချန်ကဲ နှုတ်ခမ်းသားပေါ်က အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေပြီ။
ဘုန်း !
ထိုအခိုက်အတန့်တွင် အမျက်ဒေါသပါသော မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ၊ ကြီးမားသော ဖိအားစွမ်းအားများက တောင်ကြီးသဖွယ် တစ်ဖန် နှိပ်ကွပ်လာပြန်သည်။
သူ့နောက်က ကွေးယွမ် တပည့်သားများသည်လည်း ၎င်းတို့၏ ဝိညာဉ်စွမ်းအားများကို စတင် လှုံ့ဆော်လိုက်ကြတယ်။
တခဏချင်းမှာပဲ၊ ပျက်သုန်းခြင်းများ ပါဝင်သော ကြီးကျယ်ခမ်းနားသော စွမ်းအားတို့သည် အင်ပါယာတစ်ခုလုံးကို တစ်ဖန် လွှမ်းခြုံသွားပြန်သည်။
ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် ပြည်သူများကို တဖန် တုန်လှုပ်သွားစေသည်။
ဤမျှ ကြီးကျယ်သော ဖိနှိပ်စွမ်းအားကြောင့် လူပေါင်းများစွာ မြေပြင်ပေါ်သို့ ပစ်လဲသွားခဲ့ရပြီး ၊ ၎င်းတို့၏ အမူအယာများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ထိုအချိန် ၊ ထန်ဝူအာ သည် လူအုပ်ထဲမှ ထွက်လာခဲ့ပြီး စူးချန်ကဲ အား ဒူးထောက် တောင်းပန်လိုက်သည်။
“လူကြီးမင်း! စိတ်မဆိုးပါနဲ့ ! ကျွန်မအဖေက အသက်ကြီးပြီ ဆိုတော့ စိတ်ထွေပြားသွားလို့ပါ အပြစ်မမြင်ပါနဲ့ !”
“ဝူအာ ၊လူကြီးမင်း အတွက် လမ်းပြပေးဖို့ ဆန္ဒရှိတယ်၊ ကျွန်မအဖေကို ခွင့်လွှတ်ပေးပါ!”
စူးချန်ကဲ ၏ အရှိန်အဝါတို့မှာ ပြန်လည်ငြိမ်သက်သွားခြင်း မရှိသေးသောကြောင့် ၊ သူမသည် အံကြိတ်လျက် ခေါင်းနဲ့ မြေပြင်ကို ဆောင့်ကာ ဉီးညွှတ်လိုက်သည်။
“ကျေးဇူးပြုပြီး အဖေ့ကို ခွင့်လွှတ်ပေးပါ ၊ လူကြီးမင်းအတွက် ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ် “
အောင်မြင်ပြီ ။
စူးချန်ကဲ အနည်းငယ်ပြုံးလိုက်သည်။
ဤမိန်းကလေးကို သူ ပထမဆုံး သင်ကြားပေးမည့် အရာမှာ သူ့ကို လေးစားကြည်ညိုရန်သာ ဖြစ်သည်။
မဟုတ်ရင် နောက်အစီအစဉ်ကို သူ ဘယ်လိုလုပ် ဆက်ဆွဲဖို့ ဖြစ်မှာတုန်း?
“ ကောင်းပြီလေ”
စူးချန်ကဲ၏ စကားအဆုံးတွင် ၊ ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်တိုက်များမှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့သည်။
ပူနွေးသော နေရောင်ခြည်သည် ဤလောကထဲသို့ တဖန် ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အတိုင်း ။
“ဒီလိုဆိုလည်း ၊ ဒီရဲ့ ဆေး နှစ်ပုလင်းကို ငါ မင်းကို ပေးမယ် “
စူးချန်ကဲသည် စိတ်ဝိညာဉ်အာဟာရဆေးများ ဖြည့်ထားသော အဖြူရောင်ပုလင်း နှစ်ဘူးကိုထုတ်ယူကာ ချန်ဖုန်း ဘုရင်မင်းမြတ်နှင့် ထန်ဝူအာ၏ ဖခင်တို့အား ဝေမျှပေးလိုက်သည်။
အမှန်တော့ ပေးသင့်သော ဆုလာဘ် ရှိသေးသည်။မြင်းကို အမြန် ပြေးစေချင်ရင် ၊ မြက်ပင် တော့ ကျွေးရပေလိမ့်မည်။
စူးချန်ကဲသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထန်ဝူအာ အား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရင်း
“နောက်ထပ် ဘာမှမရှိတော့ရင် မိန်းကလေးကပဲ လမ်းပြပေးပါဦး “
စောနက မြေနှင့် ဦိးဆောင့်ချထားသော အရှိန်ကြောင့် ထန်ဝူအာ၏ နဖူးတွင် ဒဏ်ဖြစ်ကာ သွေးနီဥများ ဖြစ်ပေါ်ခဲ့ရသည်။
“ဒီလောက်လှတဲ့ မိန်းမတစ်ယောက်မှာ ဒဏ်ရာဖြစ်သွားခဲ့ရင် နှမြောစရာပဲ”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏ ဝတ်ရုံ လက်အစကို ဝေ့ရမ်းလိုက်သည်။နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအင်တို့သည် သူ၏ ဝတ်ရုံလက်အစထဲမှ ဖြန့်ကျတ်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင် ထန်ဝူအာ၏ နဖူးပေါ် ဖြည်းညှင်းစွာ တို့ ထိလိုက်ရုံဖြင့် ၊ မူလဒဏ်ရာမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းသွားခဲ့သည်။
ခဏကြာပြီးနောက် ၊ လုံးဝပျောက်ကွယ်သွားပြီး သူမ၏ အသားအရည်မှာ အရင်ကထက် ပို၍ ချောမွေ့သွားခဲ့သည်။
“အာ... ကျေးဇူးတင်ပါတယ် သခင်လေး...”
ထိုအခိုက်အတန့်တွင် ထန်ဝူအာ တစ်ယောက် ပြန်လည် တုံ့ပြန်လာခဲ့ပြီ ဖြစ်သည် ။သူမ၏ နဖူးကို တို့ထိလိုက်ရုံဖြင့် ဒဏ်ရာမှာ ပျောက်ကင်းသွားခဲ့သည်။
သူမ၏ ပါးပြင်တို့မှာလည်း အနည်းငယ် နီမြန်းလာခဲ့သည်။
လက်စသတ်တော့ ဒီလူကြီးမင်းက အရမ်း နူးညံ့တတ်တာပဲ....။
သို့သော် သူမကို အစမှအဆုံး စူးချန်ကဲက ထိန်းချုပ်ထားခဲ့တာကိုတော့ သူမ မသိနိုင်ခဲ့ပေ။
“မင်းတို့ ငါ့ကို ဒီမှာစောင့်နေလိုက် ၊ ငါသွားနေတုန်း ဒီကမ္ဘာကြီးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အသေးစိတ်ကို မင်းတို့ ကျွမ်းကျင်ဖို့လိုတယ်”
စူးချန်ကဲ သည် ကွေးယွမ်က တပည့်များကို ထပ်မံ သတိပေးလိုက်သည်။
သို့သော် သူသည် သတိထားကြည့်လိုက်ရင်း။
ယွင်ရှင်းယန် အား နတ်အသိစိတ် အာရုံဖြင့် ဆက်သွယ်ပြောဆိုလိုက်သည်။
“ရှင်းယန် ! ထန်ဟောက် ဆိုတဲ့လူ မင်းကို ကောင်းပြနေရင် ၊ နည်းနည်း တုံ့ပြန့်ပေးလိုက် “
“ဒီကလေးက မရိုးရှင်းဘူး ၊သူ့မှာ လျှို့ဝှက်ချက် တစ်ခုရှိနေတယ်၊ မင်း အဲဒါကို ဖော်ထုတ်ဖို့ နည်းလမ်းရှာရမယ် “
စူးချန်ကဲ သည် အဘယ့်ကြောင့် ကူလင်အာကို မရှာခဲ့သနည်း။
ကူလင်အာ၏ ဒေါသကြောင့် ၊ မတော်တဆ ရင့်မှတ်လာမည့် ကြက်သွန်မြိတ်လေးခမျာ သုတ်သင်ခံလိုက်ရရင်ဖြင့် သူ ရင်ကျိုးရပေမည် မဟုတ်လော။
စူးချန်ကဲ၏ လက်ကြားထဲတွင် နတ်အလင်းရောင်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်များသည် စူးချန်ကဲ၏ လက်ဖဝါးဆီသို့ စုဝေး ရောက်ရှိလာခဲ့သည်။
နောက်ဆုံးတော့ အုံ့ဆိုင်းနေသော တိမ်တိုက်တစ်ခု အဖြစ် ပေါင်းစပ်သွားသည်။
“ဒီခရီးစဉ်မှာ ကျုပ် စူး မျိုးနွယ် မိန်းကလေးကို ကောင်းကောင်း ဂရုစိုက်မှာပါ”
စူးချန်ကဲက ညင်သာစွာ ပြုံးလိုက်သည်။
“ဟုတ် ... ဟုတ်ကဲ့ပါ ကျေးဇူးပြုပြီး လူကြီးမင်း စိတ်ချပါ...”
တန်ဝူအာ၏ ပါးပြင်မှာ နီရဲလာပြန်သည်။
စိတ်ကို ထိန်းချုပ်မရနိုင်တဲ့ သူမကိုလည်း အပြစ်တင်လို့ မရနိုင်ချေ။
စူးချန်ကဲ ၏ ချောမောသော မျက်နှာအသွင်အပြင် နှင့် သူ၏ ဟန်ပန်အမူအယာတို့သည် ပျိုမေတိုင်း၏ နှလုံးသားကို ရင်ခုန်အောင် ပြုစားနိုင်ပေသည်။
စူးချန်ကဲတို့ နှစ်ယောက် ထွက်သွားခဲ့လေပြီ။
လူအုပ်ထဲရှိ ထန်ဟောက်၏ အမူအယာမှာ ဖျော့တော့နေပြီး ၊စိတ်ထဲမှာတော့ ဒေါသမီးများဖြင့် လောင်ကျွမ်းနေသည်။
သူသည် အစ်မဝမ်းကွဲကို တိုက်ခိုက်ကာ သူမ၏ အနှစ်တစ်ထောင် ဝိညာဉ်ကွင်းကို လုယက်ဖို့ ကြံစည်ထားခဲ့သည်။
သို့သော် အစီအစဉ်တောင် မစရသေးခင်မှာ ဖျက်ခုတ်ခံလိုက်ရသည်။
“သေစမ်း! ဒီသကောင့်သားကို ငါ မှတ်ထားတယ်”
သူသည် တခြားသူများကို တချက်ကြည့်လိုက်သည်။
လူအုပ်ကြီးထဲတွင် အမျိုးသမီးလေး တချို့ ရှိနေပြီး မာနကြီးသော ဟန်ပန်အမူအယာများဖြင့် သေမျိုးလောကသို့ ဆင်းသက်လာခဲ့ကြသော နတ်မိမယ်လေးများအလား ထင်မှတ်ရသည်။
ယွင်ရှင်းယန် နှင့် ကူလင်အာ ကို တွေ့လိုက်ရသောအခါတွင် ၊
သူ၏ နှလုံးသားသည် နွေဦးတွင် ပြန်လည်ရှင်သန်လာသော သစ်ပင်တစ်ပင်အလား။
“ဝါး...အရမ်းလှတာပဲ!”
“ ဒီလိုကြည့်ပြန်တော့ ၊ သူ့အဆင့်အတန်းကလည်း စောနက ထွက်သွားတဲ့ အဲ့လူထက် မဆိုးသေးဘူးမလား?”
“သူမလေးတို့ကိုသာ သိမ်းယူနိုင်ခဲ့ရင် ...”
ထန်ဟောက်တစ်ယောက် မဲ့ပြုံးပြုံးလိုက်သည်။
“ပလ္လင်ပေါ်က နတ်ဘုရားလား?”
“ဟာဟား... မင်း လက်အောက်ငယ်သားတွေကို ပုန်ကန်အောင် ငါ လှုံ့ဆော်နေသရွေ့ ၊ နတ်ဘုရားဆိုတောင် သတ်ပစ်နိုင်တယ်!”
ထန်ဟောက်ကတော့ သိလိမ့်မည် မဟုတ်။
သူ၏ ဤအကြံမှာ မည်မျှမိုက်မဲမှန်း။
သို့မဟုတ် ၊
ဤအရာကလည်း အစမှ အဆုံးအထိ စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အပိုင်း(၁၄၁): သုံလော့ တိုက်က ထိပ်တန်းအင်အားစုရဲ့ အမွေဆက်ခံသူလား?
ချန်ဖုန်း အင်ပါယာ၏ ဘေးပတ်ဝန်းကျင် တစ်လျှောက်လုံး လူသူကင်းမဲ့သော်လည်း ၊ သို့သော် တောင်တန်းများစွာ ရှိသည်။
ကြီးကျယ်ခမ်းနားသော မိုးမျှော်စင် တစ်ခု ရှိပြီး ၊အထူးသဖြင့် တောင်တန်းများ ဝန်းရံထားသည့် မိုးထိအောင် မြင့်မားသော ထူးကဲလှသည့် တောအုပ်ကြီး တစ်ခုလည်း ရှိပေသည်။
ဆိတ်ငြိမ်လျက် ရှိသော ရှေးသစ်ပင်များနှင့်အတူ မြူမှုန်ဖြူများက ဖုံးလွှမ်းထားလျက် ရှိသည်။
ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ထားသကဲ့သို့ ရှေးကျသော ဤတောအုပ်ကြီးသည် လူတို့အား ကြောက်ရွံ့ထိတ်လန့်မှုကို ပေးစွမ်းနေသည်။
တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၌ ၊ မှိန်ဖျော့ဖျော့ အလင်းရောင်နှင့်အတူ ဝိညာဉ်စွမ်းအင်များသည် လွတ်လပ်စွာ စီးဆင်းနေသည်။
အထဲတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ကြောက်မက်ဖွယ်ရာ ကောင်းသော သားရဲတို့သည် အင်အားကြီးမားသော သာ့နိမ်(အနန္တစွမ်းအားရှင်)ကိုတောင် ညှဉ်းဆဲနိုင်သည့်အထိ အစွမ်းထက်ပေသည်။
သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်နှင့်အတူ ခပ်ဝါးဝါး ရုပ်သွင်များ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ထဲက တစ်ယောက်ဖြစ်သည့် အရပ်ရှည်ရှည်၊ ဖြောင့်စင်းသော ရုပ်ရည်သွင်ပြင် နှင့် ကြယ်စင်များကဲ့သို့ တောက်ပနေသော မျက်လုံးများ၊ နှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များ ဖြင့် အစိမ်း ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကြီးကျယ်ခမ်းနားစွာ ရပ်နေသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် ကခုန်နေပုံရသည့် လွင့်မျောနေသော မီးရောင်များ ရစ်ဝဲထားသည်မှာ အိမ်မက်တစ်ခုလိုပင်။
သူသည် ဤရှေးဟောင်း ကမ္ဘာ၏ ထိပ်တန်းအင်အားစု ဖြစ်ပြီး ထျန်းဟွိုင် နန်းတော်၏ အမွေ ဆက်ခံသူ ဟွိုင်ချန်ယွီပင် ဖြစ်သည်။
ထို့အပြင် သူ့ဘေးတွင် ၊ စွမ်းအား ညီတူညီမျှ ရှိသော လူငယ် ယောက်ျား မိန်းမ အများအပြားလည်း ရှိနေပြီး ၊၎င်းတို့သည် သူ၏ နောက်လိုက် လူငယ်ပါရမီရှင်များပင် ဖြစ်သည်။
“ယဇ်ပုရောဟိတ်ရဲ့ ထင်မြင်ချက်အရဆို ၊ ဒီနေရာမှာ နှစ်တစ်သိန်း သက်တမ်းရှိတဲ့ သားရဲကောင် ရှိသင့်တယ်”
သားရဲတောအုပ်ထဲက လူးလိမ့်နေကြသော သားရဲများကို ကြည့်ရင်း ဟွိုင်ချန်ယွီသည် တည်ငြိမ်စွာ ဆိုလိုက်သည်။
သူ၏ ဘေးနားတွင် လှပသော အဖော်အချွတ်အင်္ကျီမျိုးကို ၀တ်ဆင်ထားသည့် အမျိုးသမီးလေးက စိုးရိမ်တကြီးဖြင့် ထ ဆိုလာခဲ့သည်။
“သခင် ၊ ပြင်ပကမ္ဘာ တိုက်မြေ သုံးထောင်က ကျင့်ကြံသူ ပါရမီရှင် တွေလည်းရောက်လာပြီလို့ သတင်းထွက်နေတယ် ၊ ကျွန်မတို့ရဲ့ အကြံအစည်တွေ ထိခိုက်သွားနိုင်လား?”
“နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်သားရဲ ရဲ့ တန်ဖိုးက မနည်းဘူး ၊ တကယ်လို့ တိုက်မြေ သုံးထောင်က ပါရမီရှင် တွေရဲ့ ဖြတ်လုခြင်းကို ခံလိုက်ရရင် ဒါဆို ကျွန်မတို့ရဲ့ အနာဂတ် ပျက်စီးသွားမှာ မဟုတ်ဘူးလား?”
ဟွိုင်ချန်က အေးစက်စွာ ကြည့်လိုက်သည်။
ထို့နောက် သူသည် ထိုအမျိုးသမီးလေး၏ လှပသော မျက်နှာကို ဆွဲကိုင်လိုက်ပြီး ၊
“ တိုက်မြေ သုံးထောင်က ပါရမီရှင်တွေဆိုတောင် ဘာဖြစ်လဲ?”
“ငါက အဲဒီလူတွေလောက် မသန်မာဘူးလား? ကိုယ့်သခင်ကိုတောင် မယုံဘူးလား၊ ငါ မင်းကို ဒီည ကောင်းကောင်း သင်ပေးရမယ် “
ထိုအမျိုးသမီး၏ မျက်နှာမှာ ပို၍ နီမြန်းလာခဲ့ပြီး ခြင်ကဲ့သို့ ပျော့ပျောင်းသော အသံဖြင့် ဆိုညည်းလိုက်သည်။
“သခင် ~မုန်းစရာကြီး ၊ ကြည့်နေတဲ့သူတွေ အများကြီးရှေ့မှာ ~”
ဟွိုင်ချန်ယွီက ရယ်လေသည်။
သူသည် ထိုအမျိုးသမီးကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလေသည်။
အလှတရားသည် သူ့ ရင်ခွင်ထဲ၌ ရှိပြီး ၊ အာဏာသည် သူ့လက်ထဲ၌ ရှိ၏။
ဒါဖြင့် တိုက်မြေ သုံးထောင်က ပါရမီရှင်တွေဆိုရင်ရော ဘာဖြစ်လဲ?”
ဘုန်း!
ထိုအခိုက်အတန့်တွင်၊ သားရဲ တောအုပ်၏ အထက်ပိုင်း ကောင်းကင်ယံ၌ မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အာကာသ လမ်းကြောင်း တစ်ခု ရုတ်တရက် ပွင့်လာခဲ့ပြီး ၊ အထဲတွင် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်စွမ်းအားများ ရှိနေခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော တိမ်တိုက်များ ထွက်ပေါ်လာသည်။
နတ်အလင်းတန်းများ အုံ့ဆိုင်းလျက် ၊မှော်သင်္ကေတများ အုံကြွလာခဲ့သည်။
အထူးသဖြင့် ထိုတိမ်များထက်တွင် ရုပ်သွင် နှစ်ခု ရှိနေခဲ့ပြီး ၊ အထူးသဖြင့် နတ်ဘုရားအလား ထင်မှတ်ရသည့် ရုပ်သွင်တစ်ခုသည် ရှေ့တွင် ဦိးဆောင်ရပ်နေသည်။
ခပ်ဝါးဝါး ရုပ်သွင်မျှသာ ဖြစ်သော်လည်း ၊ ဖိနှိပ်စွမ်းအားများသည် ထျန်းဟွိုင် နန်းတော်ရှိ ပါရမီရှင်များစွာ အပေါ် အလွန်အမင်း သက်ရောက်ခဲ့သည်။
“အိုး? တစ်ယောက်ယောက်က အရင် ရောက်လာပုံပဲ “
ထိုအချိန်တွင် ၊ တိမ်တိုက်ပေါ်မှ ထိုအနှီလူ၏ အသံသည် ထျန်းဟွိုင် နန်းတော်ရှိ လူအများ၏ ထိတ်လန့်တုန်လှုပ်နေသော စိတ်များကို ပြန်လည် သတိကပ်စေခဲ့သည်။
ဟွိုင်ချန်ယွီသည်လည်း သိပ်ကျေနပ်ပုံမရပေ။စောနက အာကျယ်အာကျယ် ပြောခဲ့သော်ငြားလည်း ယခုအခါမှာတော့ သူ့ထက် ပိုရေပန်းစားတဲ့သူ တစ်ယောက် ထွက်ပေါ်လာခဲ့ချေပြီ။
ဒါ သူ့အဆင့်အတန်းကို စော်ကားရာ မကျပေဘူးလား? သို့သော် ပြိုင်ဘက်၏ အင်အားကို သူ မသိသေးပေ။
ဟွိုင်ချန်ယွီသည် စူးချန်ကဲ ကို ပြန်ဖြေလိုက်သည်။
“ငါက ထျန်းဟွိုင် နန်းတော်က ဆက်ခံသူပဲ”
“မင်းက ဘယ်သူလဲ၊ မင်း ကျင့်ဝတ်တွေကို မသိဘူးလား ၊ငါ့အထက်ကနေ နေစရာလား?”
“ထျန်းဟွိုင် နန်းတော်?”
ထိုအချိန် ထန်ဝူအာ က စိုးရိမ်တကြီး ရှင်းပြလိုက်သည်-
“ထျန်းဟွိုင် နန်းတော်က သုံလော့ တိုက် အလယ်ပိုင်းပြည်နယ်က အင်အားစု တစ်ခုပါ ၊ လောကီရေးရာကို ဂရုမစိုက်တဲ့ ရှေးအင်အားစု တွေက လွဲရင် သူတို့ကို သုံလော့ တိုက်ရဲ့ ထိပ်တန်းအင်အားစုလို့ သတ်မှတ်လို့ ရတယ် “
စူးချန်ကဲ က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မထီမဲ့မြင်ပြုသော အပြုံးဖြင့်
“ ဒီလိုဆိုတော့ ၊ သူက ရှေးဟောင်းကမ္ဘာရဲ့ ရေတွင်းထဲက ဖားတစ်ကောင်အဆင့်သာ ရှိတာပေါ့”
စူးချန်ကဲ၏ စကားကိုကြားလိုက်ရသော ဟွိုက်ထျန်း နန်းတော်မှ တပည့်များ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ဒေါသ ထွက်ကုန်ကြသည်။
“အတင့်ရဲလိုက်တာ ! ငါတို့ရဲ့ ထျန်းဟွိုင်နန်းတော်ကို အထင်မြင်သေးရဲတယ်!”
သူတို့ ထျန်းဟွိုင် နန်းတော်သည် ထိပ်တန်းအင်အားစု တစ်ခုဖြစ်သည်။
ထျန်းဟွိုင်နန်းတော်၏ ပါရမီရှင် တပည့်များ အနေဖြင်ါ အပြင်ထွက်သည့်အခါတိုင်း ၊သုံလော့ တိုက်မြေမှ လူများသည် ၎င်းတို့ကို မြင်သည်နှင့် ဦိးညွှတ်ကြရသည်။
အခုတော့ တစ်စုံတစ်ယောက်က သူတို့ကို ရေတွင်းထဲက ဖားတဲ့လား ?
ထို့အပြင် တစ်ဖက်လူ၏ လေသံသည် ၎င်းတို့အပေါ် မထီမဲ့မြင် ဆက်ဆံခဲ့သည်။
သို့သော်လည်း လူအုပ်ထဲက ဟွိုင်ချန်ယွီသည် အေးစက်စွာ ပြုံးရယ်လိုက်သည်။
“ရှေးဟောင်းကမ္ဘာက ရေတွင်းထဲက ဖားတစ်ကောင်တဲ့လား? “
“ကြည့်ရတာ...မင်းက တိုက်မြေ သုံးထောင်က ပါရမီရှင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?”
တိုက်မြေ သုံးထောင်က ပါရမီရှင်များကို ရန်သူ မပြုလုပ်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု ဟွိုင်ချန်ယွီ အပြင်သို့ ထွက်မလာခင် သူ့ကို တစ်စုံတစ်ယောက်က သတိပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တချို့သော အင်အားစုများ၏ အမွေဆက်ခံသူများသည် အလွန် ကြောက်စရာကောင်းသော အရည်အချင်းများ ရှိယုံသာမက၊ ကြောက်မက်ဖွယ်ရာ ကောင်းသော နောက်ခံလည်း ရှိကြသည်။
သို့သော် စစချင်း ထိုကဲ့သို့သော လူသားမျိုးဖြင့် ဆုံတွေ့ရလောက်တဲ့အထိ သူ့ကိုယ်သူ ကံမကောင်းဘူး ဟု သူ မယုံကြည်ပေ ။
“ ဒါပေမဲ့....ဒီတိုင်း ပေါက်ကရလေးဆယ်ပဲ!”
ဟွိုင်ချန်ယွီ က သရော်ကာ ဆက်လိုက်လိုက်သည်။
“မင်းတို့က ပြင်ပကမ္ဘာက လူတွေလို့ ပြောကြတယ် ၊ မင်းတို့မှာ ဘာအစွမ်းအစရှိလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ် !”
ရုတ်တရက်၊ သူသည် သူ၏ စိမ်းပြာရောင် လှံတံကို ဆင့်ခေါ်လိုက်သည်။လှံတံ၏ ကိုယ်ထည်မျက်နှာပြင်သည် စိမ်းပြာရောင် အလင်းတန်းများဖြင့် ဝင်းလက်တောက်ပနေပြီး မှော်သင်္ကေတများက တဖျက်ဖျက် တောက်ပနေသည်။
ဟွိုင်ချန်ယွီသည် လှံကို သူ၏ အလုံးစုံသော ကျင့်ကြံ စွမ်းအားများနှင့်အတူ ပစ်လွှတ်လိုက်သည်။
စိမ်းပြာရောင်အလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်း လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။
ဘုန်း!
ထျန်းဟွိုင် နန်းတော်က လူတိုင်း ၊သူတို့၏ သခင်မှာ ဘာစကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းလက်ငင်း တိုက်ခိုက်လိမ့်မည် ဟု မျှော်လင့်မထားခဲ့ပေ။
“ ကောင်းလိုက်တဲ့ သတ္တိ “
စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူ၏ အကြည့်များမှာ အေးစက်နေပြီး ဘာမှမထူးခြားသော စတိုင်ဖြင့် ရှိနေသည်။သူ့နောက်တွင်မူ ၊ ကြောက်စရာကောင်းသော လေပြင်းများ ဖြစ်ပေါ် တိုက်ခတ်နေပြီး၊ ရွှေဝါရောင်အလင်းတန်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းများသည် ကောင်းကင်ကိုတောင် လွှမ်းခြုံသွားခဲ့လေပြီ။
ဘုန်း!
ကောင်းကင်နှင့် မြေကြီးကြားတွင်၊ အနှိုင်းမဲ့ ခိုင်မာသော ဧရာမ ရွှေလက်ဖဝါးကြီး ပေါ်ထွက်လာခဲ့ပြီး နတ်ဘုရားရှင်၏ လက်ဖဝါးတော်ကဲ့သို့ အောက်သို့ ကျရောက်လာသည်။
လွန်စွာ အစွမ်းထက်ပေရာ လူကိုပင် ကြောက်ရွံ့ စေပြီး ၎င်းကို ခုခံဖို့ရာ ခက်ခဲပေသည်။
“ဘယ်လိုလုပ် ...”
ရွှေလက်ဖဝါးအောက်ရှိ ထျန်းဟွိုင်နန်းတော်က လူအားလုံး ဖြူဖျော့သွားကြသည်။ တစ်ဖက်လူသည် ဤမျှ ပြင်းထန်သော ဖိနှိပ်စွမ်းအား ဖြင့် ပေါက်ကွဲနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
ဤကမ္ဘာမြေကြီးကြားက မှော်နည်းစနစ်၏ ဆင့်ကဲဖြစ်စဉ်အလား ထင်မှတ်ရသည်။
စကြဝဠာကိုတောင် နှိပ်ကွပ်နိုင်သည့် ဧကရာဇ်မင်းမြတ်၏ လက်ဖဝါးနှင့် ဆင်တူပေသည်။
မြေကြီးများ ပြိုကျသွားသည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဟွိုင်ချန်ယွီ မှ ပစ်ခတ်လိုက်သော အလင်းတန်းသည် ရွှေလက်ဖဝါးကို ထိမှန်ခဲ့သော်လည်း ၊သို့သော် ပျောက်ကွယ်သွားရသည်။အဆုံးမရှိသော စွမ်းအားများပါရှိသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော တန်ပြန်စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးပစ်ပုံ ရပေသည်
သွေးအန်သံ !!
“ဟင့်အင်း..ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေရတာလဲ!”
ဟွိုင်ချန်ယွီ၏လက်မောင်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော တုံ့ပြန်မှုက သူ့လက်တစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ရသည်။ဤနာကျင်မှုကြောင့် မခံနိုင်စွာဖြင့် သူ့မျက်နှာတစ်ခုလုံး ကြည့်ရဆိုးနေသည်။
အကယ်၍ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ကွင်းသာ သူ့ကို မကာကွယ်နိုင်ခဲ့ရင် ၊ယခုအချိန်တွင် သူ့ခန္ဓာကိုယ် တစ်ဝက်မှာ ပေါက်ကွဲသွားပေလိမ့်မည်။
ဟွိုင်ချန်ယွီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၊ ထိတ်လန့်မှုနှင့် မယုံကြည်မှုတို့ကို သူ့မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။
သူ့ခေါင်းတစ်ခုလုံး ထုံကျင်နေ၏ ။
ဘုန်း!
ကောင်းကင်ကို လွှမ်းခြုံထားသော ရွှေရောင်လက်ဖဝါးကြီးသည် ရုတ်တရက် ပြိုကျလာပြီး၊ ဤကမ္ဘာကြီး တစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
မြေကြီးများမှာ တွင်းနက်များ အဖြစ် ပြိုကျလျက် ၊ တောင်တို့သည်လည်း ပြိုကျပျက်စီးကာ ဖုန့်မှုန့်လုံးကြီးသည် ကောင်းကင်သို့ တလိပ်လိပ် တက်သွားလေသည်။
ထျန်းဟွိုင် နန်းတော်က လူအားလုံးမှာ ခုခံဖို့ရာ ခွန်အားမရှိကြသလို ၊ ပြေးဖို့ မမှီလိုက်လေရာ အရိုးအသားတခြားစီ ဖြစ်သွားခဲ့ရသည်။
“ငါပြောပါတယ်၊ ရေတွင်းထဲက ဖားတစ်ကောင် သာသာပဲ ရှိတယ်လို့”
စူးချန်ကဲ၏ အထင်မြင်သေးသော အသံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်နေပြီး၊မူလက ဆူညံနေကြသော သားရဲကောင်များ၏ အသံပင်လျှင် တိတ်ဆိတ်ငြိမ်ကျသွားသည်။
ထိုစွမ်းအားကို ခံစားမိသော သားရဲတချို့မှာ ခိုက်ခိုက်တုန်လို့နေကြသည်။ ဤလူသားသည် အလွန့်အလွန် ကြောက်စရာကောင်းပေသည်။
ထိုစဉ် ၊ ပြိုကျနေသော အပျက်အစီးကြားထဲမှသွေးစွန်းနေသော လက်တစ်ဖက် ဆန့်ထုတ်လာခဲ့သည်။
ထို့နောက် သွေးများဖြင့် ဖုံးလွှမ်းနေသော အလွန်အမင်း ဖြူဖျော့နေသည့် ဟွိုင်ချန်ယွီ တစ်ယောက် ရှက်ရွံ့စွာ တွားထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင်မူ ၊ သူ့ခမျာ ထနိုင်စွမ်းပင် မရှိတော့ချေ။
အရေးကြီးသော အခိုက်အတန့်၌ ၊ သူသည် တဖက်လူ၏ တိုက်ခိုက်မှုကို ခုခံရန် သူ့ဝိညာဉ်ကွင်း၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့ရသည်။
“ ညီလေး...”
သူသည် ဘေးပတ်ပတ်လည်ကို တချက်ကြည့်လိုက်ရာ ထိတ်လန့်ဖွယ်ရာ ကောင်းသော သွေးအိုင်များကိုသာ တွေ့လိုက်ရသည်။
ထက်မြက်သော သူ၏ နောက်လိုက် ပါရမီရှင်များသာမက ၊ သူ၏ အလှလေးမှာလည်း အဖော်ပြုသွားခဲ့ချေပြီ။
ယခုအခိုက်အတန့်တွင် သူ ကလွဲ၍ ၊
မည်သူမှ အသက်မရှိတော့ပေ။
သူသည် တိမ်ထဲတွင် ရပ်နေဆဲဖြစ်သော နတ်ဘုရားကို မော်ကြည့်လိုက်သည်။
ပြင်းထန်သော ထိတ်လန့်မှုက သူ့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည် ။
“တစ်ခုကျန်သေးတာပဲ “
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
“မင်းရဲ့ တပည့်တွေ အားလုံး သေပြီဆိုမှတော့ မင်းလည်း အတူတူ လိုက်သွားပါ့လား”
ဟွိုင်ချန်ယွီတစ်ယောက် ထိုအသံကို ကြားလိုက်ရသည်နှင့် သူ့ ခန္ဓာကိုယ်အတွင်း ပြင်းထန်သော နာကျင်မှုကိုပင် ဂရုမစိုက်နိုင်သည့်အထိ အလွန်အမင်း ထိတ်လန့်သွားသည်။
သူ့ခေါင်းနှင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ဆောင့်ကာ တောင်းပန်တော့သည်။
“ လူကြီးမင်းက အရမ်းစွမ်းပါတယ် ၊ ကျွန်တော်မျိုး မျက်စိကန်းပြီးထိုက်တောင်ကို မမြင်မိတာပါ !”
“ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ!!”
“ဒီရတနာကို လူကြီးမင်းကို ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ် “
သူသည် ပြောပြောဆိုဆို ၊ သူ၏ နတ်အသိစိတ်ဖြင့် ပုတီးစေ့တစ်ခုကို ဆင့်ခေါ်လိုက်သည်။
၎င်း၏ တစ်ကိုယ်လုံးမှာ စိမ်းဖန်နေပြီး၊ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည်။ ကြယ်ရောင်စုံနေသော ထာဝရ ကောင်းကင်ကြီးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သကဲ့သို့ ၎င်း၏ အတွင်း၌ မရေမတွက်နိုင်အောင် တောက်ပနေသော ကြယ်စင်များ ရှိပေသည်။
အပိုင်း(၁၄၂): ကရုဏာတရားသည် နိယာမတရား မဟုတ်၊ ကောင်းကင်ဘုံ၏ တားမြစ်ချက်
စူးချန်ကဲသည် ဟွိုင်ချန်ယွီ၏လက်ထဲမှ ပုတီးစေ့ကို ယူကာ တစ်ချက်ကြည့်လိုက်သည်။
တချက်ကြည့်ရုံဖြင့် ၎င်းပုတီးစေ့သည် ချို့ယွင်းနေသော ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း သိနိုင်သည်။၎င်း၏ ဝိညာဉ်စွမ်းအင် နှင့် စွမ်းအားသည် မတူညီသောလမ်းကြောင်းများမှ တဆင့် တူညီသော ပန်းတိုင်ဆီသို့ ဦးတည်နေကြပြီး ၊ တည်ငြိမ်စွာ ထုတ်လွှတ်နေသလိုပင်။
သို့သော် ထိုပုတီးလုံးသည် သူ၏ ခံစားချက်ကို လွန်စွာ မတည်မငြိမ် ဖြစ်စေသည်။
“ ဒီလိုချို့ယွင်းနေတဲ့ ပစ္စည်းနဲ့ ငါကိုယ်တော်ကို အပေးအယူလုပ်နေတာလား?”
စူးချန်ကဲ၏ အမေးကြောင့် ဟွိုက်ချန်ယွီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး
“မဟုတ်ပါဘူး... လူကြီးမင်း ၊ကျွန်တော် ရှင်းပြတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါ..”
“ဒီ ပုတီးလုံး အကြောင်း ကျွန်တော် သိပ်မသိဘူး ၊ ကျွန်တော် သိရသလောက် သူက စိတ်ဝိညာဉ်အပေါ် အံ့ဖွယ်အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာပါပဲ ၊နတ်ဆိုးနဲ့ မကောင်းတဲ့အငွေ့အသက်တွေကိုလည်း တွန်းလှန်နိုင်တယ်”
“ဒါကို ရှေးဟောင်း အပျက်အစီးတွေကနေ ကျွန်တော်ရခဲ့တာပါ ၊ ဝိညာဉ်ကွင်းရဲ့ စွမ်းအားအထောက်အပံ့ကို ရနေသ၍ ဒီပုတီးလုံးရဲ့ ရောင်ဝါက ပိုပြီး အားကောင်းလာပါလိမ့်မယ် ..”
ဟွိုင်ချန်ယွှီက ဆက်ရှင်းပြသည်။
“ဒါကြောင့် ကျွန်တော် ဒီနေရာကို နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းတချို့ကို ရှာဖို့ ဒီကိုလာခဲ့တာပါ...”
“နတ်ဆိုးနဲ့ မကောင်းတဲ့အငွေ့အသက်တွေကို တွန်းလှန်နိုင်တယ်?”
ထိုစကားက စူးချန်ကဲ၏ စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။
ဤရှေးဟောင်းကမ္ဘာခရီးစဉ် အပြီးတွင် သူသည် အဆုံးမဲ့ အရိုးဖြူ ပင်လယ်ကို သွားရမည် ဖြစ်သည်။မရဏကမ္ဘာ၏ မူလအစသည် သေမင်းနှင့် သရဲတစ္ဆေများ ရှိရာ နယ်မြေတစ်ခုပင် ဖြစ်သည်။
မရဏလေးပါးထဲက အဆုံးမဲ့ အရိုးဖြူပင်လယ်သာဆိုရင်ဖြင့် စကားနဲ့တောင် ထည့်မဆိုနှင့်။
သို့သော် ဤမှော်ဆန်သောပုတီးစေ့ကြောင့် သူ့မှာ ယုံကြည်မှု ပိုရှိလာခဲ့သည်။
ဟွိုင်ချန်ယွီ၏ ပြောစကားကို အမှားအမှန် စစ်ဆေးရန် စူးချန်ကဲသည် သူအရင်က အမဲလိုက်ခဲ့ဖူးသော သားရဲ၏ ဝိညာဉ်ကွင်းကို ပုတီးလုံး အထဲသို့ ထိုးသွင်းလိုက်သည်။
ပုတီလုံးသည် ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက်၊ ၎င်းပုတီးလုံးထဲရှိ ကြယ်အလင်းရောင်သည် ပို ၍ တောက်ပလာခဲ့သည်။
ထို့နောက် ၎င်းသည် စိမ်းပြာရောင် အလင်းတန်းကို နက်ရှိုင်းစွာ ထုတ်လွှတ်ပေးနေပြီး ၊ ၎င်း၏အတွင်း၌ နားမလည်နိုင်သော စွမ်းအားတစ်ခု ဖြာထွက်လာခဲ့သည်။
“ဒါက သန့်စင်စွမ်းအားလား?”
စူးချန်ကဲ အနည်းငယ် အံ့သြသွားသည် ။မမျှော်လင့်ဘဲ၊ ဤပုတီးလုံးတွင် အလွန် ထူးဆန်းသော သန့်စင်စွမ်းအားများ ပါ၀င်နေခဲ့သည် ။
ဤလောက၌ သူသိသော သန့်စင် စွမ်းအား နှစ်မျိုးသာ ရှိသည်။
ပထမအမျိုးအစားမှာ လူတိုင်း ရင်းနှီးပြီးသား ဖြစ်သော ဗုဒ္ဓ တရားဓမ္မဖြင့် လောကီ စွဲလမ်းမှုကို လျှော့ချခြင်း ဖြစ်သည်။
ဒုတိယအမျိုးအစားမှာ ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော အရာဖြစ်ပြီး ၊ သန္ဓေပါ ဝိညာဉ်နှင့် သက်ဆိုင်သည်။
သန္ဓေပါ ဝိညာဉ်ဆိုသည်မှာ အဘယ့်နည်း။
၎င်းကို ဇာတိပကတိဖြင့် ဖန်တီးထားပြီး၊ ကောင်းကင်နှင့်မြေကြီးတို့၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ တာအိုလမ်းစဉ်ကို ကျင့်သုံးရန်အသွင်ယူထားခြင်း ဖြစ်သည်။ရှေးဟောင်း ကမ္ဘာရှိ အနှစ်တစ်သိန်း သက်တမ်းရှိသော သားရဲကောင်များသည် ထို ဝိသေသနလက္ခဏာနှင့် ကိုက်ညီပေသည်။
“ နေစမ်းပါဦး ... “
စူးချန်ကဲ သည် သူ့ဘေးတွင် ရှိနေခဲ့သော ထန်ဝူအာ ကို သတိထားမိခဲ့သည်။
သူမတွင် သားရဲကောင်တို့၏ အထူးအသွေးအသားပါရှိပြီး ၊ သားရဲကောင်တို့၏ လက္ခဏာများပင်လျှင် ကိန်းအောင်းနေသည် ဖြစ်ရာ ၊ သူမကို သန္ဓေပါ ဝိညာဉ် တစ်ဝက် ဟု မှတ်ယူနိုင်ပေသည်။
သူ့အတွေးကို ချင့်ချိန်နိုင်ရန် စူးချန်ကဲ သည် သူ့ခန္ဓာကိုယ်ထဲက ချန်ရှန်း အရိုးကို တိတ်တဆိတ် အသက်သွင်းလိုက်သည်နှင့် ၊အမှောင်ဓာတ်များ တဖြည်းဖြည်း လျှံထွက်လာခဲ့သည်။
“မိန်းကလေး ဝူအာ၊ မင်းရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ ဒါကို သန့်စင်ပေးလို့ ရ မရ ကြည့်ပေးပါ့လား “
“ဟမ်?....ကောင်း...ကောင်းပါပြီ”
ထန်ဝူအာ သည် စူးချန်ကဲ ၏ ဆိုလိုရင်းကို နားမလည်သော်လည်း ၊ သို့သော် စောနက ထုတ်သုံးသွားခဲ့သော စူးချန်ကဲ ၏ လက်ဖဝါးကိုတော့ သူမ ကြောက်နေဆဲပင် ဖြစ်သည်။
ပုတီးလုံးမှ မှိန်ဖျော့ဖျော့ ရောင်ဝါတစ်ခု ထွက်ပေါ်လာရုံဖြင့် စူးချန်ကဲ လက်ထဲတွင် ရှိနေခဲ့သော အမှောင်ဓာတ်တို့သည် ပူပြင်းသော နေရောင်ကို တွေ့ကြုံလိုက်ရသော နှင်းခဲများကဲ့သို့ တဖြည်းဖြည်း ပျံ့လွင့်သွားခဲ့သည်။
“ ငါ မျှော်လင့်ထားသလိုပဲ!”
စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းမှာ ကျေနပ်သော အပြုံးတစ်ခုအဖြစ် အပေါ်သို့ ရေးရေးလေး မြှောက်တတ်သွားသည်။
သူတောင် ဘာမှလုပ်စရာ မလိုဘဲ ၊ ပစ္စည်းကောင်းသည် သူ့လက်ထဲသို့ အလိုအလျောက် ကျရောက်လာခဲ့သည်။
မူလက သူသည် မရဏကမ္ဘာတွင် ရှိသော မကောင်းသော အငွေ့အသက်များနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ၊ ယခုအခါတွင် သူရှာဖွေနေသည့်အရာကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။
ထန်ဝူအာ သည် အမှန်တကယ်ပင် သန္ဓေပါ ဝိညာဉ် တစ်ဝက်ဖြစ်ပြီး ၊ သူ မျှော်လင့်ထားသည့်အတိုင်း၊ သူမ၏ ခန္ဓာကိုယ်တွင် သန့်စင် စွမ်းအားများ ပါရှိနေသည်။အကယ်၍ သူသာ ထိုပုတီးလုံးဖြင့် သူမကို ပံ့ပိုးကူညီခဲ့မည်ဆိုပါက၊
ထန်ဝူအာသည် ပြီးပြည့်စုံသော သန္ဓေပါ ဝိညာဉ်ကိုတောင် ပြိုင်ဆိုင်နိုင်ပေလိမ့်မည်။
“ ဒီကိစ္စ လောလို့ မရဘူး ၊ ထန်ဝူအာ ငါ့လက်အောက် လုံးလုံးလျားလျား မကျရောက်သ၍ ဒီပုတီးလုံးကို သူမကို လွှဲပေးဖို့ မဖြစ်နိုင်ဘူး”
စူးချန်ကဲ သည် ထိုအကြောင်းကို တိတ်တဆိတ်တွေးလိုက်ရင်း ၊ သူ့စိတ်ထဲ အစီအစဥ်ဆွဲလိုက်သည်။
စူးချန်ကဲ သည် ပျော်ရွှင်နေသော သူ၏ အတွင်းစိတ်ကို ဖုံးကွယ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဟွိုင်ချန်ယွီကို ကြည့်ကာ ဆိုလိုက်သည်။
“မဆိုးဘူး ၊ မင်းရဲ့ဒီပစ္စည်းကို ငါကိုယ်တော် အရမ်းကျေနပ်တယ်”
“လူကြီးမင်း ကျေနပ်ရင်ကို ရပါပြီ”
ထိုစကားများ ကြားပြီးနောက် ဟွိုင်ချန်ယွီ၏ တင်းမာနေသော စိတ်မှာ ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။
“ဟွန်း ၊ ငါသာ ဒီလောက်ထိ ဆိုးရွားတဲ့ အခြေအနေကို မရောက်ရှိခဲ့ဘူးဆိုရင် ၊ မင်းလို ကောင်စုတ်ရဲ့ အခွင့်ကောင်းယူတာကို ခံမတဲ့လား?”
ဟွိုင်ချန်ယွီ၏ စိတ်ထဲမှာတော့ ဒေါသတနုံ့နုံ့ဖြင့် ။
သူသည် ထိုပုတီးစေ့ကို ရရန် အနှစ်နှစ် အလလ ကြိုးစားခဲ့ရပြီး ၊ နောက်ဆုံးမှာတော့ ကံကောင်းထောက်မစွာဖြင့် ရှာတွေ့ခဲ့သည်။
သို့သော် အပြင်လူက ကောင်းစားသွားသတဲ့လား!
“အဲတော့ မင်းအတွက် ဆုလာဘ်ပြန်ပေးမယ် “
ဟိန်းသံ !
စူးချန်ကဲ ခန္ဓာကိုယ်ထဲက နဂါးစွမ်းအင်များ အုံကြွလာခဲ့ပြီး ၊နဂါး တစ်ကောင်၏ အရိပ်သည် တရွေ့ရွေ့ဖြင့် ထွက်ပေါ်လာခဲ့သည်။ထို့နောက် နဂါးစွမ်းအင်များသည် အရပ်ရပ်သို့ ပျံ့နှံ့လွှမ်းခြုံသွားခဲ့ လေသည်။
“ ငါ မင်းကို ကြင်နာစွာနဲ့ ပေးသေမယ်”
“မင်း...ငါ့ကိုသတ်ဦးမယ်ပေါ့!”
ဟွိုင်ချန်ယွီ မှာ မယုံကြည်နိုင်ပေ ။
အဖိုးတန်ဆုံး သူ၏ ရတနာကိုတောင် ပေးခဲ့လျက်သားနဲ့ တဖက်လူသည် အဘယ့်ကြောင့် သူ့ကို အလွတ်မပေးရသနည်း။
“မင်းငါ့ကိုသတ်ရင် ငါ့ ဘိုးဘေးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး!”
သေခြင်းတရား၏ အရိပ်အယောင်ကို ခံစားလိုက်ရသည်နဲ့ ဟွိုင်ချန်ယွီမှာ သူ့နောက်ခံအင်အားဖြင့် ရလိုရငြား ခြိမ်းခြောက်လာခဲ့သည်။
သို့သော် စူးချန်ကဲသည် ဂရုမစိုက်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒီလောကရဲ့ နိယာမအတိုင်း အားနည်းသူက အားကြီးသူတို့ရဲ့ အစာ ဖြစ်ရတာပဲ ၊ ငါကိုယ်တော်ရဲ့ အကြီးမားဆုံးသော ကရုဏာကလည်း မင်းကို သေခွင့်ပေးလိုက်တာပဲ “
“စိတ်အေးအေးထားပြီးသာ သွား ၊ မှတ်ထား မင်းကို သတ်တဲ့သူက နတ်နဂါးကျွန်းစုက လုံပါ့ထျန်းပဲ “
စူးချန်ကဲသည် သူ၏ ညာလက်ကို မြှောက်ကာ နှိပ်ကွပ်လိုက်သည်။
သူ့နောက်က နဂါးကြီး၏ မြည်ဟိန်းသံများက ပဲ့ထင်ထပ်လျက်။
ဝေါင်း!
ဟွိုင်ချန်ယွီ ၏ မျက်နှာမှာ ဖြူဖျော့နေသည်။အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် သူ့တွင် ကျန်ရှိနေသော ခွန်အားအလုံးစုံကို အသုံးပြုလိုက်သည်။
သို့သော် ကျိုးပဲ့နေပြီ ဖြစ်သော သူ၏ ခန္ဓာကိုယ်သည် ဤမျှ တန်ခိုးကြီးမားသော စွမ်းအားကို မည်သို့ ခံယူနိုင်မည်နည်း။အဆုံးမဲ့ ပျက်သုန်းခြင်း အငွေ့အသက်များ ပါဝင်သော နဂါးကြီးသည် အရာအားလုံးကို နှိပ်ကွပ်ခဲ့လေပြီ။
“ ထျန်းဟွိုင် နန်းတော်က မင်းကို ခွင့်မလွှတ်ဘူး!!”
ဤသည်မှာ ဟွိုင်ချန်ယွီ၏ နောက်ဆုံးစကားသာပင် ။
ဝိညာဉ်သည် ကွဲကြေလျက် ၊ ကိုယ်ထည်သည်လည်း သေဆုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ သားရဲတောအုပ်ကို ဆက်လမ်းပြ”
စူးချန်ကဲသည် အရာအားလုံးကို လျစ်လျူရှုလိုက်ပြီး ထန်ဝူအာကို အမိန့်ပေးလိုက်သည်။
“လူကြီးမင်း... သူ တောင်းဆိုခဲ့တာကို... ဘာဖြစ်...?
စူးချန်ကဲသည် သူမ၏ မျက်လုံးများကို တချက်ကြည့်လိုက်သည်။
ဝီ!
အအေးဓာတ်နှင့် သေခြင်းတရားတို့ ရောထွေးနေသော ဖိနှိပ်စွမ်းအားတို့သည် ချက်ချင်းဆိုသလို ဤကမ္ဘာကြီးကို လွှမ်းခြုံသွားလေသည်။
“မင်းက ငါကိုယ်တော်ကို မေးခွန်းထုတ်နေတာလား?”
ဤအကျပ်ကိုင်မှုသည် လွန်စွာ ပြင်းထန်လွန်းပေရာ သူမ၏ နှလုံးသားများကို ခိုက်ခိုက်တုန်သွားစေသည်။အသက်ပင် မရှုဝံ့သည့်အထိ နတ်ဘုရား၏ အမျက်ဒေါသကို ရင်ဆိုင်နေရသလိုပင်။
“မဟုတ်ဘူး... မဟုတ်ပါဘူး! ဝူအာက ဒီတိုင်း...”
ဤမျှ ကြီးမားသော ဖိနှိပ်စွမ်းအားများနှင့် ရင်ဆိုင်ရသောအခါတွင် ၊ ထန်ဝူအာ တစ်ယောက် စကားပြောဖို့ကိုတောင် အတော်လေး ရုန်းကန်ခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက် ၊ စူးချန်ကဲသည် သူ၏ ဖိနှိပ်စွမ်းအားများကို ဖြည်းဖြည်းချင်း လျော့ချခဲ့ပြီး သားရဲတောအုပ်ဆီသို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။
“မင်းအလုပ်သာ မင်း လုပ်”
“နောက်တစ်ခါ ဒါမျိုးရှိခဲ့ရင် ၊ အဲ့ကြ မင်းသိလိမ့်မယ်”
ထိုစကားများသည် ထန်ဝူအာကို တဆက်ဆက် တုန်ခါသွားစေသည်။ နောက်တစ်ခါဆိုရင်ဖြင့် ၊သူမ တခါတည်း သေသွားနိုင်သည်။
စူးချန်ကဲသည် တုန်လှုပ်နေသော ထန်ဝူအာကို လျစ်လျူရှုခဲ့သည်။စူးချန်ကဲ၏ အမြင်တွင် သူမသည် ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေး လောကထဲသို့ မ၀င်ရောက်ဖူးသေးသော ‘စက္ကူဖြူ အလွတ်”မျှသာ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ထဲက စွမ်းအားများကို သူသာ မလိုအပ်ခဲ့ပါက ၊
စူးချန်ကဲအနေဖြင့် ဤမျှ ဖြူစင်သော သူတော်စင်မိခင်ကြီးကို အသုံးချလိမ့်မည် မဟုတ်ပေ။
သူ၏အမြင်အရ၊ ဤကျင့်ကြံလောကသည် လူသားစားလောကတစ်ခု ဟု ဆိုရပေမည်။
ဒါတင်မက လူကိုသတ်၍ ရတနာများကို လုယူပြီး၊မျိုးနွယ်စုများကို လိုက်လံ ဖျက်ဆီးတတ်သော သွေးဆာနေသည့် လူသားစား နတ်ဆိုးကျင့်ကြံသူ များစွာလည်း ရှိသည်။
၎င်းတို့ထံ စည်းမျဉ်းစည်းကမ်းများ ရှိကောင်းရှိနိုင်သော်လည်း ၊ သို့သော် ကြင်နာမှု ဟူသည် မည်သည့်အချိန်အခါမှ ရှိလိမ့်မည် မဟုတ်ပေ။
…
တစ်ချိန်တည်းမှာပင်၊ သုံလော့တိုက်ကြီး၏ အလယ်ပိုင်း၌ ထူးချွန်သူများနှင့် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော နယ်မြေတစ်ခု ရှိသည်။
“ဟွန်းး! ဘယ်သူက ငါတို့ ထျန်းဟွိုင် နန်းတော်ရဲ့ မျိုးဆက်ကို သတ်တာလဲ?”
ရှေးခန်းမကြီးထဲမှ အမျက်ဒေါသ ထွက်နေသော အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
အသံလားရာကို ကြည့်လိုက်တော့ ၊ ထိုအနှီပုဂ္ဂိုလ်သည် အနက်ရောင် ဝတ်လုံတော်ကို ဝတ်ဆင်ထားပြီး ၊ အသားအရေတို့မှာ မွဲခြောက်လျက် အဝါရောင် သန်းနေသည်။
ထိုအနှီလူမှာ ထျန်းဟွိုင် နန်းတော်၏ အရှင်သခင် ပင် ဖြစ်သည်။
ဟွိုင်ချန်ယွီသည် သူ ချစ်ရဆုံးသော တပည့်တွေထဲက တစ်ယောက်ပင် ဖြစ်သည်။
ဟွိုင်ချန်ယွီ၏ ဝိညာဉ် ထွက်သက်မှာ ကြေမွသွားကြောင်း သူ စောစောက ခံစားလိုက်ရသည် ။
ဝိညာဉ်ထွက်သက်သည် ကျင့်ကြံသူ နှစ်ဦးကြား အချက်အလက်များ ချိတ်ဆက်ခြင်းနှင့် ညီမျှပြီး ၊ တဖက်လူ သေဆုံးသွားပါက ဝိညာဉ်ထွက်သက်သည် သူ့အလိုလို ပြတ်တောက်သွားမည် ဖြစ်သည်။
ထျန်းဟွိုင် နန်းတော်၏ အရှင်သခင်သည် စိတ်ကို တည်ငြိမ်အောင် အရင် ထားလိုက်သည်။
“ဒီလောက် ရဲရင့်တဲ့သူကို ငါ ကြည့်ကြည့် ချင်သေးတယ်!”
သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ကွင်းကို စုစည်းလိုက်ပြီး ဟွိင်ချန်ယွီ၏ ကျန်ရှိနေသေးသော ဝိညာဉ်ထွက်သက်များကို စုဆောင်းရန် ရှေးနည်းပညာရပ် တစ်ခုဖြစ်သော နောက်ကြောင်းပြန်ကြည့်နည်းကို အသုံးပြုလိုက်သည်။
ထို့နောက် သူ၏ရှားပါးရတနာကို အသုံးပြု၍ ခန့်မှန်းကြည့်ရှုလိုက်သည်။
ကြေးဝါမှန်ကြီးထဲတွင် အဖြူရောင် အခိုးအငွေ့တွေ ရစ်ဝဲနေပြီး ၊ ထို့နောက်တွင် လူပုံရိပ် သဏ္ဍာန် တစ်ခု ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည် ။
သို့သော် ထိုအနှီလူ၏ ပုံပန်းသွင်ပြင်ကို တိတိကျကျ မမြင်နိုင်ပေ။၎င်းသည် ပုံပျက်ပန်းပျက် ဖြစ်နေသော အရိပ်သဏ္ဍာန်နှင့် တူပေသည်။
“ အမ် ? ပုံရိပ်ပြမှန်က ဘာလို့ ပျက်သွားတာလဲ?”
ထျန်းဟွိုင်နန်းတော်၏ အရှင်သခင် ပဟေဠိဖြစ်နေစဉ်အတွင်းမှာပဲ ၊
မှန်ထဲက လူရိပ်သည် သူ့ကို အနည်းငယ် လှည့်ကြည့်လာခဲ့သည်။
ဘုန်း!
အဝေးတစ်နေရာမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ဤကမ္ဘာကြီး၏ အငွေ့အသက်တို့သည် ရုတ်တရက် ပေါက်ကွဲသွားသည်။
ယင်းသည် ခပ်သိမ်းကုန်သော အရာများထက် သာလွန်ပြီး ၊ အရာအားလုံးကို အုပ်စိုးထားသလိုပင် ။
၎င်းရုပ်သွင်သည် လမ်းစဉ်တို့၏ မူလအစ၊ တရားဓမ္မတို့၏ ရင်းမြစ်၊ လောကရှိ ခပ်သိမ်းကုန်သော အရာတို့၏ အနက်အဓိပ္ပါယ်ကဲ့သို့ ဖြစ်ပြီး နေရာတွင် ရပ်ကြည့်နေသည်။
ဤမြင်ကွင်းသည် ထျန်းဟွိုင်နန်းတော်၏ အရှင်သခင်ပင်လျှင် အလွန် ကြောက်သွားစေခဲ့သည်။
ယင်းသည် စူးစမ်း၍ မရနိုင်သော၊ ရှာဖွေ၍ မရနိုင်သော၊ နားမလည်နိုင်သော တားမြစ်ချက် တစ်ခုတည်းသာ ဖြစ်နိုင်သည်
“ကောင်းကင်ဘုံရဲ့ တားမြစ်ချက်လား...?”
ဝုန်း !
ထိုအခိုက်အတန့်တွင် ၊ အပြင်ဘက်၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးခြိမ်းသံသည် ကောင်းကင်ဘုံ ကိုးထပ်ကိုတောင် ထိုးဖောက်ဝင်ရောက်ကာ ဤကမ္ဘာကြီးကို အဖြူရောင် အလင်းတန်းအဖြစ် အရောင်ဆိုးစေခဲ့သည်။
ယင်းဖြစ်စဉ်သည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သလို ၊ လူအပေါင်းတို့မှာလည်း ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
“ သွေးအန်သံ...!”
ထျန်းဟွိုင်နန်းတော် အရှင်သခင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအားများသည် အရူးအမူး ပြေးလွှားနေကြပြီး ၊ အတွင်းအင်္ဂါမှာလည်း တခဏချင်း ကွဲအက်သွားခဲ့ရသည် ။
“အားးး!!”
ဤမျှ ပြင်းထန်သော နာကျင်မှုကြောင့် နန်းတော်အရှင်သခင်မှာ အော်ဟစ်ငိုယိုခဲ့ရသည့် အထိပင်။
“နန်းတော် သခင်!!”
အပြင်က အစောင့်များက စိုးရိမ်တကြီး ပြေးလာကြသည်။
သို့သော် သူတို့အားလုံး မြင်လိုက်ရသောမြင်ကွင်းကြောင့် သူတို့တစ်ကိုယ်လုံး အေးစက်သွားခဲ့ရသည်။
ဤကမ္ဘာပေါ်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး အဖြစ် သတ်မှတ်နိုင်သော သူတို့၏ နန်းတော်အရှင်သခင်မှာ ယခုအခိုက်အတန့်တွင် သွေးအိုင်ထဲတွင် လဲကျနေခဲ့ပြီ ဖြစ်သည်။သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး ထိတ်လန့်စရာကောင်းသော အက်ကွဲကြောင်းရာများလည်း ရှိနေခဲ့သည်။
“နန်းတော်သခင် ! ဘာဖြစ်တာလဲ!?”
အစောင့်အများအပြားသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ ပြေးတတ်လာကာ နန်းတော်သခင်၏ ဒဏ်ရာများကို ကုစားရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
သို့သော် နောက်ထပ် ထွက်ပေါ်လာခဲ့သော မြင်ကွင်းက သူတို့ကို ပို၍ ထိတ်လန့်စေသည်။
နန်းတော်သခင်၏ နှစ် တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းသည် အမှုန့် အဖြစ် ကွယ်ပျောက်သွားပြီး ၊ သူ့ခန္ဓာကိုယ်ရှိ ကျင့်ကြံသွေးကြောများသည်လည်း အားလုံး ကျိုးပဲ့သွားခဲ့ရသည်။
“နန်းတော်သခင် ဘာဖြစ်လို့လဲ!?”
ပတ်ဝန်းကျင်၏ မေးမြန်းနေကြသည့် အသံများကိုတောင် သူ အာရုံမရှိတော့ပေ။
သူ မသေခင် ကြားလိုက်ရသော နောက်ဆုံးအသံကိုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
“...တရားခံ...နတ်နဂါး...ကျွန်း က .”
“လုံ... လုံပါ့ထျန်း!!”
နန်းတော်သခင်သည် နောက်ဆုံးစကားများကို ထုတ်ပြောရန် အစွမ်းကုန် ကြိုးစားခဲ့ပြီးနောက်မှာတော့၊
ထွက်သက်ကုန်ခဲ့လေသည်။
အပိုင်း(၁၄၃): သားရဲ တိရစ္ဆာန်ကောင်တို့ရဲ့ ယဇ်ပူဇော်မှု
ထျန်းဟွိုင် နန်းတော် သခင်သည် ရှေးဟောင်းကမ္ဘာတွင် ထိပ်တန်း စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း ၊ ယခုအခါတွင်မူ မရှင်းမလင်းသေဆုံးသွားခဲ့ရသည်။
ဤသည်မှာ မုန်တိုင်းတစ်ခုသည် ရှေးဟောင်း ကမ္ဘာ၏ မြင့်မြတ်သော လမ်းစဉ်ကိုပင် ဖြတ်ကျော်ဝင်ရောက်လာပြီ ဟု ယူဆနိုင်ပြီး ၊ တချို့သော လျှို့ဝှက်အင်အားစုများပင်လျှင် တုန်လှုပ်သွားခဲ့ကြသည်။
“ တိုက်မြေ သုံးထောင်ရဲ့ ပါရမီရှင်တွေက တကယ်ကို မရိုးရှင်းဘူးပဲ၊ ထျန်းဟွိုင် နန်းတော် ရဲ့ အရှင်သခင်ကိုတောင် သတိလက်လွှတ် သေအောင်လုပ်နိုင်တာ ၊ တကယ်ကို ကြောက်စရာပဲ!”
“ကျွန်တော်မှာ အချက်အလက်တချို့ ရှိတယ်၊ ထျန်းဟွိုင် နန်းတော်ရဲ့ အရှင်သခင် မသေခင်က လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင် တစ်ယောက် အကြောင်း ပြောခဲ့တယ်တဲ့ ၊ အဲဒါက နတ်နဂါး ကျွန်းစုက …လုံပါ့ထျန်း ဆိုလား…”
“အဲ့လူက ဘယ်က လာတာလဲမသိဘူး”
“…….”
ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ပတ်သတ်ပြီး လုံပါ့ထျန်း၏ နားထဲသို့ သဘာဝအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည် ။
ဤကဲ့သို့ လူသိရှင်ကြား နာမည်ကြီးသည့် ကိစ္စရပ်မျိုးကို သူ သေချာပေါက် ငြင်းပယ်မည် မဟုတ်။သူ့လုပ်ရပ်မှန်ကြောင်း ရက်ရက်ရောရော ဝန်ခံလိုက်သေးသည်။
သို့သော် မကောင်းသော အကျိုးဆက်များ သက်ရောက်လာခဲ့ချိန်မှာတော့ “f*ck!” ဆိုသည့် စကားကို ဆိုပေတော့သည်။
“ နတ်နဂါးကျွန်းက လုံပါ့ထျန်း ၊ လှည့်ကွက်တွေသုံးပြီး ငါတို့နန်းဆောင်သခင်ကိုသတ်ပစ်ခဲ့တယ်! ဒီအမုန်းတရား ဒီတစ်သက် ကျေမှာ မဟုတ်ဘူး !”
“လုံပါ့ထျန်းနဲ့ ပတ်သတ်တဲ့အကြောင်း သဲလွန်စပေးတဲ့ သူတိုင်းကို ငါ ထျန်းဟွိုင် နန်းတော်က ရှေးဟောင်း စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာ ဆုချီးမြှင့်မယ် ၊ တကယ်လို့ လုံပါ့ထျန်းရဲ့ ဦးခေါင်းကို ရိတ်သိမ်းယူနိုင်ရင် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ဆုချီးမြှင့်မယ် !”
ဤဆုလာဘ်အမိန့်သည် ရှေးဟောင်း ကမ္ဘာကြီးကို ပွက်လောရိုက်သွားစေခဲ့သည်။
ရှေးဟောင်း စိတ်ဝိညာဉ် ကျောက်တုံးသည် ဤရှေးဟောင်းကမ္ဘာတွင် ထူးခြားသော သတ္တုရိုင်းဖြစ်ပြီး ၊ ရှေးဟောင်း နတ်အစွမ်းအစများ အရိပ်အမြွက် ပါရှိသောကြောင့် ကျင့်ကြံသူ၏ လုပ်နိုင်စွမ်းကို မြှင့်တင့်ပေးနိုင်သည်။
တစ်သောင်း သာဆိုရင်ဖြင့် !
အနှစ်သာရကို သန့်စင်လိုက်သည်နှင့် ကျင့်ကြံအားထုတ်ရာတွင် မည်သည့်အခက်အခဲကိုမှ ကြုံတွေ့လိမ့်ရမည် မဟုတ်ပေ။
ထို့ကြောင့် ဤကမ္ဘာရှိ မရေမတွက်နိုင်သော နယ်မြေခံ ကျင့်ကြံသူများနှင့် တိုက်မြေသုံးထောင်မှ ကျင့်ကြံသူများမှာ လုံပါ့ထျန်းနှင့် ပတ်သက်၍ မကောင်းသော အကြံအစည်များ ရှိလာခဲ့ကြသည်။
ရလဒ်အနေဖြင့် ၊ လုံပါ့ထျန်းခမျာ အများသူဌာ၏ လိုက်ဖမ်းခြင်းကို ခံနေရသောကြောင့် ညတောင် အေးအေးလူလူ မအိပ်နိုင်ပေ။
“ သေနာကောင် ! ငါ့ကို ဘယ်သူ ထောင်ချောက်ဆင်ခဲ့တာလဲ!”
ဂူတစ်ခုထဲ၌ ၊ နတ်နဂါးကျွန်းစု ပါရမီရှင်တပည့်များ၏ မျက်နှာပေါ်တွင် ရွှံ့များဖြင့် ပေကျံနေပြီး သူတို့၏ အမူအရာများမှာဖြင့် လွန်စွာ ညိုးလျလျ ဖြစ်နေသည်။
ဤကာလအတွင်း ၊ အများတကာ၏ လိုက်ဖမ်းခြင်းကို ခံနေရသော လုံပါ့ထျန်းခမျာ ပို၍ အရှက်ကွဲခဲ့ရသည်။
သို့ဖြစ်ရာ ၊ ယခုအချိန်မှာတောင် စိတ်ထောင်းကိုယ်ကြေ ဖြစ်လို့နေ၏။
ထို့အပြင် ထျန်းဟွိုင်နန်းတော်သည် တိုက်မြေ သုံးထောင်တွင် ထိပ်တန်း အင်အားစု ဖြစ်သော နဂါးမျိုးနွယ်စုကို သတ်ရန် အမိန့်ပေးလိုက်ခြင်းမှာ သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိကြောင်း ပြသနေခြင်းပင် ဖြစ်သည် ။
ကုန်ကုန်ပြောရရင် ၊ နတ်နဂါးကျွန်းစု၏ ထိပ်တန်း ကျွမ်းကျင်သူများ ပါဝင်လာခဲ့ပါက ၊ ဤရှေးဟောင်း ကမ္ဘာတွင် ရှိနေကြသော လျှို့ဝှက်အင်အားစုများ၏ ရန်ဖြင့်တုံ့ပြန်ခြင်းကို ခံရမည်မှာ အသေချာပင်။
သူတို့ နဂါးမျိုးနွယ်စုအနေဖြင့် ဤကဲ့သို့ သတ္တိမျိုး မရှိသည်မှာလည်း သေချာပေသည် ။
…..
တစ်ချိန်တည်းမှာပင် သားရဲတောင် စားကျက် မြေ၌ ၊
နတ်အလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်နှင့် သားရဲတိရစ္ဆာန် တစ်ကောင်မှာ ချက်ချင်းလက်ငင်း သေဆုံးသွားခဲ့ရပြီး ၊ နှစ် ရှစ်ထောင် သက်တမ်းရှိသော ဝိညာဉ်ကွင်း ထွက်ကျလာသည်။
ဤအရာအားလုံးကို လှုံ့ဆော်နေသူမှာ စူးချန်ကဲပင် ဖြစ်သည်။သူသည် ဤအချိန်ကာလ အတောအတွင်း မရေမတွက်နိုင်သော သားရဲများစွာကို သတ်ပစ်ခဲ့သည်။
ကိစ္စများ ဒီလောက်ထိ ချောချောမွေ့မွေ့ ဖြစ်နေရသည့် အကြောင်းရင်းမှာ အပြင်ဘက်တွင် ပွက်လောရိုက်နေသော လုံပါ့ထျန်း၏ သတင်းကြောင့်ပင် ဖြစ်သည်။
“ သူတို့အကုန်လုံး အမှိုက် ငါးတွေချည်းပဲ၊ အချိန်ပဲ ကုန်တယ်!”
စူးချန်ကဲသည် သူ့လက်ထဲက အနှစ်ခုနှစ်သောင်း သက်တမ်းရှိသော သားရဲကောင်၏ ဝိညာဉ်ကွင်းကို ရွံံရှာစွာ စိုက်ကြည့်ရင်း ညည်းလိုက်သည်။
ထိုစကားများသည် သူ့ဘေးတွင် ရှိနေခဲ့သော ထန်ဝူအာ ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ဒါက အနှစ်ခုနစ်သောင်းရှိတဲ့ သားရဲကောင်ရဲ့ ဝိညာဉ်ကွင်းလေ!?
ထို့အပြင် ၎င်းသည် တိုက်မြေ သုံးထောင် တွင် သာ့နိမ် (အနန္တစွမ်းအားရှင်) နယ်ပယ်အဆင့် ရှိသော သတ္တဝါ တစ်ကောင် ဖြစ်သည်။
ဒါကိုတောင် ဒင်းက မကျေနပ်သေးဘူးလား?
“ မင်းပြောတဲ့နေရာနဲ့ ဘယ်လောက် ဝေးသေးတုန်း “
စူးချန်ကဲသည် ထန်ဝူအာကို လှမ်းမေးလိုက်သည်။
သူသည် သားရဲတောအုပ် သွားရာ လမ်းတစ်လျှောက်လုံး မရေမတွက်နိုင်သော သားရဲများကို သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။
၎င်းသားရဲများသည်လည်း တုံးအနေသော သားရဲများ မဟုတ်ချေ။သို့သော် သူတို့အား ယင်ကောင် အလား ရိုက်သတ်နိုင်သော သခင်ဖြစ်သူ၏ လက်ထဲတွင် ၊သူတို့အနေဖြင့် ဘယ်လောက်ဝေးဝေး ပြေးနိုင်မည်နည်း။
ယင်းကို နားမလည်နိုင်သော သားရဲအပေါင်းတို့မှာ သေကြေရလေသည်!
“ လူကြီးမင်း ရှာနေတဲ့နေရာက ရှေ့ဆို ရောက်ပြီ …”
ထန်ဝူအာက ခပ်တိုးတိုးလေး ပြန်ဖြေသည်။
တကယ်တော့ သူမမှာလည်း တခြားအတွေး ရှိနေခဲ့သည်။အဘယ့်ကြောင့်ဆိုသော် ထိုသားရဲတောအုပ်တွင် သူမ၏ သူငယ်ချင်းကောင်း နှစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။
သူမသည် ငယ်စဉ်အခါက သားရဲတောင် စားကျက်မြေဆီသို့ မတော်တဆ ဝင်ရောက်လာခဲ့ရာမှ အနှစ်တစ်သိန်း သက်တမ်းရှိသော ဝိညာဉ်ကွင်းများကို ပိုင်ဆိုင်ထားသည့် စပါးအုံ မြွေစိမ်းနှင့် လူဝံကြီးတို့ကို သိကျွမ်းခဲ့သည်။
သူမသည် သားရဲတောင် စားကျက်မြေကို ရောက်ရောက်ချင်း ၊ သူမ၏ သူငယ်ချင်းကောင်း နှစ်ယောက်ကို အပြင်သို့ မထွက်ရန် သူမ၏ ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုကာ သတင်းပို့ခဲ့သည်။
သို့သော် ဤအရာအားလုံးကို စူးချန်ကဲ မြင်ထားပြီး ဖြစ်သည်။
“ ညဏ်ပြေးတယ် “
သူတို့နှစ်ယောက်လုံး အနက်ရှိုင်းဆုံး နေရာထဲသို့ ဝင်ရောက်လာသည်နှင့် အမျှ ၊ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးအလွှာများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
အုံ့ဆိုင်းနေသော မြူခိုးများနှင့် တိတ်ဆိတ်နေသော ဤတောအုပ်ကြီးသည် လွန်စွာ ထူးဆန်းနေခဲ့သည်။
ရုတ်တရက် ၊ စူးချန်ကဲ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
သူသည် ထန်ဝူအာကို ရှေ့ဆက်မလျှောက်ရန် တားလိုက်သည်။တစ်စုံတစ်ခုကို ခံစားမိသည့်အတိုင်း မျက်မှောင်ကုတ်လို့ နေသည်။
“ မဟုတ်သေးဘူး၊ အတတ်အကျဖြစ်နေတဲ့ ဒီရဲ့ အငွေ့အသက်က နှစ် ခုနှစ်သောင်း သက်တမ်း ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားတဲ့ အရင်က သားရဲတိရစ္ဆာန်တွေထက် ပိုပြီး ထူးကဲနေတယ်…”
“ အရေအတွက်ကို ကြည့်လိုက်ပြန်တော့၊ ခြောက်ကောင်တောင်ပဲ… ဘာလို့ ဒီမှာ အကုန်လုံး စုနေပါလိမ့်?”
စူးချန်ကဲ တစ်ယောက် ထန်ဝူအာ အရင်က သူ့ကို မိတ်ဆက်ပေးခဲ့သော အချက်အလက် တစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
“လွန်ခဲ့သော မရေမတွက်နိုင်တဲ့ ခေတ်ကာလတုန်းက တံဆိပ်ခတ်ခံထားရတဲ့ နှစ်ပေါင်း နှစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားတဲ့ သားရဲတစ်ကောင် ရှိဖူးတယ် ၊ သားရဲ တိရစ္ဆာန်ကောင်တို့ရဲ့ ယဇ်ပူဇော်မှု?”
“ မဟုတ်မှလွဲရော…”
စူးချန်ကဲ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေသော အပျက်အစီးများ အနီးသို့ သူတို နှစ်ဦး နီးကပ်သွားသည်နှင့်အမျှ ၊ ဟိတ်ဟန်ကြီးစွာဖြင့် ရပ်နေကြသော သွေးလရောင်ကဲ့သို့ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ကြီးမားသော သားရဲတိရစ္ဆာန်များကို တွေ့လိုက်ရသည်။
၎င်းတို့၏ ဖိနှိပ်စွမ်းအားများသည် နယ်ပယ်တစ်ခုကဲ့သို့ တည်ဆောက်ထားပုံရပြီး ၊သူ အရင်က ကြုံဖူးခဲ့သော သားရဲတိရစ္ဆာန်များနှင့် လုံးဝ မတူချေ။၎င်းတို့ ထုတ်လွှတ်လိုက်သော အငွေ့အသက်သည် ဤကမ္ဘာမြေကြီးကိုတောင် တုန်ခါသွားစေသည်။
၎င်းတို့ ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ ကျားအသွင် သဏ္ဍာန်ရှိပြီး ၊ ခေါင်းမှာ နဂါးဦးခေါင်း ဖြစ်သည်။တစ်ကိုယ်လုံး ရွှေအကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကောင်နှင့် တူသည်။
၎င်း၏အရွယ်အစားသည် မီတာရာနှင့်ချီ မြင့်ပြီး ၊ အပျက်အစီးများကြားတွင် တည်ရှိနေသော တောင်ကုန်းကြီးသဖွယ် ရှိနေသည်။မျက်လုံးများမှာလည်း သွေးရောင် သန်းနေသော လမင်းအလား ။
ထို့အပြင် သူ၏ ဘေး၌ အနက်ရောင် ခြေ လက်တံများ ပါရှိသော ကင်းခြေကောင် နှင့် သစ်ကိုင်းခြောက်များဖြင့် ဖုံးလွှမ်းနေသော မကောင်းဆိုးဝါး သစ်ပင် တစ်ကောင် ရှိသည် ။
ကျောရိုးနက် ကင်းခြေကောင်၏ အရွယ်အစားမှာ မီတာ နှစ်ထောင်ကျော် ရှည်လျားပြီး ၎င်း၏ ခန္ဓာကိုယ် အဆစ်များမှာ လွန်စွာ မဲနက်ကာ အပျက်အစီးများကြားတွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။
တဖက်တွင် ရှ်ိနေသော မကောင်းဆိုးဝါး သစ်ပင်မှာမူ ၊ ၎င်း၏ ပင်စည်အရင်း၌ ရက်စက်ပြီး ကြောက်စရာကောင်းသော မျက်နှာတစ်ခု ရှိပြီး တွန့်လိမ်နေသော နွယ်ပင်များက မြေကြီးထဲသို့ ဝင်ရောက်နေသည်။
သို့သော် ကြောက်စရာ အကောင်းဆုံး အရာမှာ ယဇ်ပလ္လင်အလယ်တွင် ကြီးမားသော အရိုးဖြူကြီး တစ်ခု ရှိနေပြီး ၊ ပျံ့လွှင့်နေသော ရောင်ဝါကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အနှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားသော သားရဲကောင်ပင် ဖြစ်သည်။
၎င်းသည် တစ်စုံတစ်ခု၏ ဝါးမျိုချခြင်းကို ခံလိုက်ရသကဲ့သို့ အသက်ဝိညာဉ် တစ်စိုးတစိမျှ မကျန်ရစ်ခဲ့ပေ။
သို့ရာတွင်၊ ယဇ်ပလ္လင်၌ နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းများကို ပိုင်ဆိုင်ထားသော သားရဲနှစ်ကောင်သည်လည်း သွေးအိုင်ထဲတွင် လဲလျောင်းလျက် ရှိသည်။
၎င်းတို့သည် ဧရာမ ခန္ဓာကိုယ် ရှိသော စပါးအုံးမြွေ နှင့် နတ်သံကဲ့သို့ သန်မာသော ခန္ဓာကိုယ်ရှိသော လူဝံကြီးတို့ပင် ဖြစ်သည်။
“ ရှောင်ချင် ! ရှောင်ပိုင် !”
ထန်ဝူအာ၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။၎င်းတို့နှစ်ဦးသည် သူမ၏ သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး ၊ ယခုအချိန်တွင်မူ သူတို့သည် သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ အသက်ပင်လျှင် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပုံ ရသည်။
“ပါးစပ်ပိတ်ထား”
စူးချန်ကဲ ၏ အေးစက်သော စကားသံသည် မူလက စိတ်လှုပ်ရှားနေခဲ့သော ထန်ဝူအာ ကို ချက်ခြင်း ရပ်တန့်သွားစေခဲ့သည်။
“မင်းအခုချက်ချင်း ထွက်သွားရင်တောင် ၊ မင်းအနေနဲ့ ဘာလုပ်နိုင်မှာလဲ”
“အားနည်းသူ တစ်ယောက်ရဲ့ အမျက်ဒေါသလား?”
“ငါ…!”
တင်းကျပ်စွာ ဆုပ်ထားခဲ့သော သူမ၏ လက်သီးများမှာ ဖြည်းညှင်းစွာ ဖြေလျော့သွားခဲ့ပြီး ၊ စိတ်ဓာတ်ကျသွားပုံရကာ သူမ၏ ခေါင်းပေါ်ရှိ ယုန်နားရွက်လေးမှာ ထောင်နေရာမှ လဲကျသွားသည်။
စူးချန်ကဲ၏ စကားတစ်ခွန်းသည် သူမကို နာကျင်စေခဲ့သည် ။ တကယ်လည်း သူမ အနေဖြင့် အမှောင် စွမ်းအင်ကို သန့်စင်ပေးနိုင်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပေ။
“လူကြီးမင်း ၊ အရမ်းစွမ်းတာ ကျွန်မ သိပါတယ် ကျေးဇူးပြုပြီး…”
သို့သော် စူးချန်ကဲသည် ၎င်းသားရဲများဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေပြီ ဖြစ်သည်။
အဖြူရောင်ဝတ်စုံသည် လေထဲတွင် လွင့်ပျံနေပြီး ၊ သူ၏ နောက်ကျောသည် အလွန်ကို အားကိုးမှီခိုနိုင်သည့်ပုံ ပေါက်သည်။
“ဒါပေမယ့် ဒီနေ့ မင်း ကံကောင်းတယ်၊ ငါကိုယ်တော် လိုချင်နေတာ ဒီလို သားရဲကောင်တွေပဲ “
“ ငါ မင်းအတွက် ဖြေရှင်းပေးမယ်၊ ဒါပေမယ့် မင်း ဒီကျေးဇူးကို ပြန်ဆပ်ရမယ် “
“အနာပေးလိုက် ဆေးပေးလိုက်” ဟူသော ဆောင်ပုဒ်သည် သူ၏ နည်းပရိယာဉ်တစ်မျိုးပင် ဖြစ်သည်။
ဒါကလည်း ဒီယုန်ကို သူ့ရဲ့ပင်လယ်ဓားပြသင်္ဘောထဲကို ဆွဲခေါ်မလို့ပဲလေ!
သူမသူငယ်ချင်းကို သူ ကယ်တင်ပေးမည်။
နောက်ဆိုရင် သူ့အတွက် သူမအသက်ကို စတေးဖို့ တောင်းဆိုခဲ့မယ်ဆိုတောင် ၊ မလွန်လွန်းဘူးမလား?
“အမ်? ဘယ်သူလဲ?”
သားရဲကောင်များ၏ ခေါင်းဆောင်ဖြစ်သူက စူးချန်ကဲ၏ အရိပ်အယောင်ကို သတိပြုမိပြီး လှမ်းအော်လိုက်သည်။
အနှစ်တစ်သိန်း ဝိညာဉ်ကွင်း ရှိသော သားရဲတိရစ္ဆာန်ကောင် ဖြစ်သောကြောင့် သူ၏
ဝိညာဏပညာကို ပြီးပြည့်စုံစွာ လေ့ကျင့်ပြီး ဖြစ်ရာ လူသားမျိုးနွယ်စု၏ ဘာသာစကားကို နားလည်နိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
“ဘယ်သူလဲ”
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ ကွေးယွမ် သူတော်စင်နယ်မြေက စူးချန်ကဲ ၊ ဝိညာဉ်ကွင်းတွေကို စုဆောင်းဖို့ ဒီကို ရောက်ရှိနေတာပါ “
စူးချန်ကဲသည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်နှင့် ၊ အနီနှင့် အပြာ ဓားစွမ်းအင်နှစ်ခုက သူ၏ လက်ချောင်းထိပ်တွင် ရစ်ပတ်နေသည်။
ဆီးနှင်းခဲ နှင့် တောက်ပသော နေမင်းတို့ ပူးတွဲရှိနေကြသလိုပင်။
ယင်နှင့် ယန် တို့ အတူတူ ရောယှက်နေသည်မှာ ကောင်းကင်ယံတွင် မီးရောင်များကဲ့သို့ လင်းလက်တောက်ပနေသည်။
“ ချိုးဖြတ်စေ!”
စူးချန်ကဲ၏ မျက်လုံးများမှာ ဖျက်ခနဲ့ ဝင်းလက်သွားပြီး ၊ မကောင်းဆိုးဝါးသစ်ပင်ကို ဦးစွာ ဖြတ်ခုတ်ရန် အမိန့်ပေးလိုက်သည်။
မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ဝင်းလက်တောက်ပသော ဓားအလင်းရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး တချွင်ချွင် မြည်တမ်းလျက် တည့်တည့်ကို ဖြတ်တောက်ပစ်လိုက်သည်။
ရွှမ်း!
နတ်အလင်းရောင်များ ထွန်းတောက်ပလျက် ၊ ဓားစွမ်းအင်တို့ သည် လွတ်လပ်စွာ ပျံ့နှံ့သွားပြီး ၊ ဟင်းလင်ပြင်ကြီးမှာ တုန်ခါသွားသည်။
သားရဲတောအုပ်ကြီးကို ဓားဖြင့် နှစ်ခြမ်းပိုင်းဖြတ်လိုက်သလိုပင် ။
ဆက်လက်၍ ၊ ဓားစွမ်းအင်များသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
မကောင်းဆိုးဝါး သစ်ပင်သည်လည်း ထက်ခြမ်းပိုင်းခံလိုက်ရပြီး တစ်ပိုင်းမှာ မီးလျှံများ ဟုန်းဟုန်းတောက်လျက် ၊ တစ်ပိုင်းမှာ ဆီးနှင်းခဲလို အေးခဲသွားသည်။
“ပထမ တစ်ကောင်တော့ ရပြီ “
ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ လျစ်လျူရှုသော စကားလုံးများသည် ဆိတ်ညံနေသော တောအုပ်ကြီးထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
အားနည်းသူသည် အမျက်ဒေါသ ထွက်ရုံမျှသာ တတ်နိုင်မည် ။
အားကြီးသူကရော?
မိုခြိမ်းသံနဲ့တင် နှိပ်ကွပ်နိုင်ပေလိမ့်မည်။