← Chapters

အခန်း (၁၄၄-၁၄၇)

Vol. 10 Ch. 144-147

အခန်း (၁၄၄-၁၄၇)

Vol. 10 Ch. 144-147

အပိုင်း(၁၄၄) : သွေးနတ်ဆိုးနဂါး

ထိုအခိုက်အတန့်မှာပင် တခြား သားရဲနှစ်ကောင်၏ ပျံ့လွှင့်နေခဲ့သော အတွေးများသည် လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာခဲ့သည်။

အမျက်ဒေါသတို့သည် မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ ၏နှလုံးသားတစ်ခုလုံးကို ပြည့်လျှံသွားစေခဲ့သည်။

အရမ်းကိုရက်စက်တဲ့ လူသားပေတည်း။

ဟိန်းသံ! !

ကင်းခြေနက် သားရဲကောင်သည် အရင်ဆုံး ဦးဆောင်တိုက်ခိုက်ခဲ့သည် ။ သေးနုပ်သော လူသားတစ်ယောက်က မည်သည့် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အပေါင်းအဖော်အား ယခုလိုမျိုး သတ်ပစ်ခဲ့လိမ့်မည် ဟု သူ တခါမှ ထင်မထားခဲ့ပေ။

မူလကတည်းက ကြမ်းတမ်းနေပြီ ဖြစ်သော သူ၏ အမူအရာသည် ပို၍ပင် ရူးသွပ်ကြမ်းတမ်းလာခဲ့သည်။

ထောင်ပေါင်းချီသော သူ၏ ခြေထောက်များကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို စူးချန်ကဲဘက်သို့ လှည့်လိုက်ပြီးသည်နှင့် စတင် တိုက်ခိုက်တော့သည်။

“ ကိုယ့်သေလမ်းကို ရှာနေတာပဲ “

စူးချန်ကဲသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အေးအေးလူလူ ဆိုလိုက်ရင်း သူ့လက်ချောင်းများကို တဖန် ဆန့်ထုတ်လိုက်သည်။

ထပ်ပြီး ခုတ်ဖြတ်လိုက်ပြန်သည် !

ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသော ဓားအလင်းတို့သည် ရှည်လျားသော မြစ်ချောင်းသဖွယ် ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ၊ကင်းခြေနက် သားရဲကောင်သည် သတိဖြင့် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

ရှက်စ် ! ရှက်စ်! ရှက်စ်!

၎င်း၏ နောက်ကျောပေါ်ရှိ မာကျောသောအကြေးခွံ အလွှာတို့ အပေါ်၌ လုပ်ဆောင်နေသော နိယာမစည်းမျဉ်းများသည် သံချပ်ကာဒိုင်း အဖြစ်သို့ ဖွဲ့စည်းသွားလေသည်။

ထို့နောက် ၎င်း၏ ပတ်၀န်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် တုန်ခါသွားပြီး ၊ သူ့ခန္ဓာကိုယ်ဘေး၌ ကောင်းကင်ကို ဖြိုခွင်းနိုင်သော စူးချွန်သဏ္ဍာန်ကဲ့သို့ ခရမ်းရောင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း!

ကြီးမားသော အသံ ထွက်ပေါ်လာခြင်းနှင့်အတူ ၊ ဓားစွမ်းအင်သည် ၎င်း၏ မာကျောသော အခွံကို မချိုးဖျက်နိုင်ခဲ့သော်လည်း သို့သော် ၎င်း၏ အကြေးခွံများကို အပိုင်းပိုင်း ကွဲကြေသွားစေခဲ့သည်။

အနှစ်တစ်သိန်း သက်တမ်းရှိသည့် နဂါးဦးခေါင်းနဲ့ ကျားကိုယ်ထည် ရှိသော သားရဲကောင်သည်လည်း ဒီတိုင်း ရပ်ကြည့်မနေဘဲ ကြွေးကြော်သံနှင့်အတူ စူးချန်ကဲဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လာခဲ့သည်။

၎င်း၏ ဦးခေါင်းပေါ်ရှိ ချိုနှစ်ချောင်းသည် ခရုပတ် ပုံသဏ္ဍာန်ရှိပြီး တောက်ပသော ရွှေရောင် လျှပ်စီးကြောင်းများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ကြောက်စရာကောင်းသော လျှပ်စီးမိုးကြိုးများသည် ကောင်းကင်တွင် စုဝေးသွားပြီး စူးချန်ကဲ ကို လာထိမှန်သည်။

ဤသားရဲကောင်သည် အလွန် အစွမ်းထက် ရုံသာမက ၊ မိုးကြိုးလျှပ်စီးများကိုပင် လှုံ့ဆော်နိုင်သည့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။

ဘုန်း!

ဤနေရာ၏ လှုပ်ရှားတိုက်ခိုက်မှုသည် မိုင်တစ်ရာအတွင်းရှိ လူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

“ဒါ ဘာဖြစ်သွားတာလဲ ၊ ဒီလျှပ်စီးမိုးခြိမ်းသံက ပျက်သုန်းခြင်း ကပ်ဆိုးများလား?”

“ဒီမိုးခြိမ်းသံက အားကောင်းတယ်ဆိုပေမဲ့ ကောင်းကင် ကပ်ဘေးထက် စာရင် အဆပေါင်းများစွာ နိမ့်ကျသေးတယ် ပြီးတော့လည်း ဒါက တိုက်မြေ သုံးထောင်ရဲ့ နိယာမ စွမ်းအားနဲ့ လုံးဝကွဲပြားတယ် ၊ ကြည့်ရတာ ဒီကမ္ဘာကြီးရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာ ဖြစ်ရမယ်”

အံ့အားသင့်နေကြသော လူအုပ်ကြီး ကြားထဲ ၊ တခြားသော ပညာရှိ ပါရမီရှင်တစ်ဦးက ဝင်ဆိုလိုက်သည်။

“ဒါက ဒီရှေးဟောင်းကမ္ဘာရဲ့ နှစ်တစ်သိန်းသက်တမ်း ဝိညာဉ်ကွင်း ရှိတဲ့ သားရဲတိရစ္ဆာန်ကောင်ကနေ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားပဲ ဖြစ်ရမယ် ၊ ဒီလောက် ကြွယ်ဝတဲ့ ဝိညာဉ်ကွင်း စွမ်းအားတွေ ပါနေတာ သေချာတယ် မလွဲဘူး “

“နှစ်တစ်သိန်းသက်တမ်း ဝိညာဉ်ကွင်း ရှိတဲ့ သားရဲကောင်?တချို့ အကောင်တွေဆိုရင် သူတော်စင် အရှင် နယ်ပယ်အဆင့်ရှိတဲ့ သူတွေကိုတောင် ယှဉ်နိုင်တယ်၊ ဒီလိုသားရဲကောင်တွေကို ရန်သွားစရဲတဲ့အထိ သတ္တိရှိတာ ဘယ်သူများ ဖြစ်နိုင်မလဲ?”

တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်ကို စဉ်းစားကြည့်ရုံဖြင့် လူတချို့မှာ တုန်လှုပ်နေကြပြီ ဖြစ်သည်။

ထိုစွမ်းအားသည် အလွန် ကြောက်စရာကောင်းပြီး သူတို့ကိုယ် သူတို့ အလွန်အရေးမပါသော အရာတစ်ခုလို့‌တောင် ခံစားမိစေသည် ။

သို့သော် စူးစမ်းလိုစိတ် အပြည့်ရှိကြသော ရဲရင့်သော လူတချို့မှာ ၎င်းတို့၏ မှော်စွမ်းအားကို အသက်သွင်း၍ ပွဲကြည့်ရန် လာရောက်နေကြပြီ ဖြစ်သည်။

တောင်ကုန်းလမ်းပေါ်ရှိ စားသောက်ဆိုင် တစ်ခုတွင် ၊ ခမောက်ဆောင်းထားပြီး အနက်ရောင် ဝတ်လုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သောက်လက်စ အရက်ခွက်ကို ချလိုက်သည်။သူ၏ မျက်လုံးများထဲတွင် အံ့သြမှုအရိပ်အယောင်များ ရှိနေခဲ့သည်။

“အမ်? အလွန်အစွမ်းထက်တဲ့ ဓားစွမ်းအင်… စိတ်ဝင်စားစရာပဲ… လော့ဟယ်ဓားဂိုဏ်းက လွဲရင် မျိုးဆက်သစ် လူငယ်တွေကြားမှာ ဒီလောက် အစွမ်းထက်တဲ့ ဓားသမားတစ်ယောက် ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“ဟာဟားဟား၊ စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ၊ အောက်ထျန်းလည်း ငါနဲ့ သင်ခန်းစာတစ်ခုသင်ယူဖို့ လိုက်လာတာပဲ “

“စားပွဲထိုး၊ ရှင်းမယ်!”

ဘေးက ဝူကျီအောက်ထျန်းကတော့ စားပွဲပေါ်တွင် “囧” ဟူသော စာလုံးကြီးကို ရေးနေလေ၏။

မှန်၏ ၊ ဓားသမားကဲ့သို့ ၀တ်ဆင်ထားတဲ့ ဤလူသည် သူ၏ ဆရာဦးလေးပင် ဖြစ်သည်။

လော့ဟယ် ဓားဂိုဏ်း၏ဓားဆရာကြီး လေးဦးအနက် တစ်ဦးဖြစ်သည့် ယဲ့ဝူချန် ၊ ဓားဘွဲ့အမည်မှာ ဟုန်ချန်ဓား ဟု ခေါ်ဆိုသည် ။

“အိုင်း! ရင်းနှီးနေတဲ့ ဒီအနံ့က သေချာတယ် ..ဟိုကောင် စူးချန်ကဲ ပဲ ဖြစ်ရမယ် “

“ကွာဟချက်က ပိုပြီး ကြီးမားလာတာပဲ၊ ငါလည်း နေ့တိုင်း ဓားရေးကျင့်တာပဲ ဘာလို့ စူးချန်ကဲကို အနိုင်မယူနိုင်တာလဲ?”

ဝူကျီအောက်ထျန်း တစ်ယောက် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ၊ အဝေး တစ်နေရာဆီသို့ လျှောက်သွားနေပြီ ဖြစ်သော သူ၏ ဆရာဦးလေးနောက်သို့ အမြန် ပြေးလိုက် သွားခဲ့တော့သည်။

လောကကြီးက သိပ်ကို အန္တရာယ်များလွန်းတယ် ၊ လျစ်လျူမရှုနိုင်ရင် သာမာန်လူယုတ်မာတစ်ယောက် လုပ်ရုံပေါ့!

…..

သားရဲတောအုပ်ကြီးတွင်မူ ဆက်လက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

စူးချန်ကဲ၏ အစွမ်းထက်သော ခွန်အားကို ခံစားမိသောကြောင့် ၊ သားရဲနှစ်ကောင်သည် အချင်းချင်း တိတ်တဆိတ် နားလည်မှု ယူကာ အတူတကွ ပေါင်းစည်းတိုက်ခိုက်ခဲ့ကြသည်။

စိတ်ဝိညာဉ်စွမ်းအင်အများစုကို အသုံးပြုကာ မိမိကိုယ့်ကိုယ် ကာကွယ်စေသည်။

“မင်းရဲ့ အသုံးမကျတဲ့ အခွံနဲ့တင် အဆင်ပြေမယ်လို့ ထင်နေတာလား”

စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးသားများကို စုစည်းလိုက်ပြီး လုံရှန့်ဖိနှိပ်စွမ်းအားကို အသက်သွင်းလိုက်သည်။

ရုတ်တရက်၊ အားကြီးသော အငွေ့အသက်တို့သည် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ပြင်းထန်သောလေများ တိုက်ခတ်လာသည်။

ထိုအခိုက်အတန့်မှာပင် ၊ စူးချန်ကဲသည် မူလနေရာမှ ပျောက်ကွယ်သွားပြီး ၊ ချက်ချင်းဆိုသလို ကင်းခြေနက်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။ထို့နောက် သန်းပေါင်းများစွာသော စွမ်းအားများ ပါဝင်နေသော လက်သီးချက်သည် ပေါက်ကွဲသံနှင့်အတူ ဆင်းသက်လာခဲ့သည်။

ဘုန်းး!

မူလက မပျက်စီးနိုင်သော အခွံသည် ချက်ချင်းဆိုသလို ကွဲကြေသွားပြီး ၊ အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး ပျံ့လွင့်သွားလေသည်။ကင်းခြေနက်၏ ဦးခေါင်းမှာမူ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူသည် ရပ်တန့်ခြင်း မရှိဘဲ လက်သီးမှတဆင့် လက်ဖဝါး အဖြစ်သို့ ပြောင်းလဲကာ ဆက်တိုက်ခိုက်လိုက်သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ နတ်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး ၊သူ့နောက်တွင် ကြီးကျယ်ခမ်းနားသော ခပ်ဝါးဝါး အသွင်အပြင် တစ်ခု ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ ၏ လှုပ်ရှားမှုနှင့်အတူ လက်ဖဝါး တချက် ထွက်ပေါ်လာခဲ့လေသည်။

ဤကမ္ဘာပေါ်ရှိ နေ နှင့် လ တို့၏ အလင်းရောင် သာမက အရာအားလုံးသည် နတ္ထိအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အတိုင်း။

ကျားနှင့် နဂါး ပေါင်းစပ်ထားသော ဧရာမ သားရဲကောင်ကိုလည်း ထိုစွမ်းအားဖြင့် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသည် ဖြစ်ရာ ၊ ၎င်းအနေဖြင့် မည်မျှပင် ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပေ။ အဆုံးတွင် ၎င်းသားရဲကောင်၏ မျက်လုံးထဲ၌ ထိတ်​လန့်​ တုန်​လှုပ်​​နေသော အကြည့်များ ပေါ်ထွက်ခဲ့လေပြီ။

မည်သို့ပင် ဆိုစေကာမူ၊ ထိုစွမ်းအား အပေါ် သူသည် တွန်းလှန်နိုင်စွမ်းမရှိခဲ့သလို သေခါနီး အော်ဖို့ အချိန်တောင် မရှိလိုက်ဘဲ ၊ ရှေ့က သားရဲကောင်များ နည်းတူ မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးအမှုန်များ အဖြစ်သို့ ဘဝဆုံးခဲ့ရသည်။

သွေးညှီနံ့များက တထောင်းထောင်း ထလျက်။

နေရာသို့ ရောက်လာခဲ့ကြသော ကျင့်ကြံသူ တချို့မှာဖြင့် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သွေးအမှုန်ထဲတွင် ရပ်နေသော အဖြူရောင်ရုပ်သွင်သည် သေမင်းနတ်ဘုရားအလား အောက်မေ့ရသည် ။

သူ့နားသို့ ချဉ်းကပ်လိုက်ခြင်းသည် သူ့ကို စော်ကားရာ ရောက်သည့်အတိုင်း။

ထန်ဝူအာသည် သူမ၏ သူငယ်ချင်း နှစ်ယောက်ကို ကယ်တင်ပြီးနောက် ၊

အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။

လေထဲတွင် လွင့်မျောနေသော သွေးမှုန်များသည် အမည်မသိ စွမ်းအားတစ်ခု၏ စေခိုင်းခြင်းကို ခံနေရပုံပေါ်သည်။

သူတို့အားလုံးသည် လမ်းကြောင်းတစ်ခုတည်းကို ဦီးတည်သွားလာနေကြပြီး စုဝေးနေကြသည် ။

အသေးစိတ် ကြည့်မည်ဆိုပါက ၊ ၎င်းတို့သည် ယဇ်ပလ္လင်၏ တွင်းဝထဲသို့ ဝင်ရောက်သွားကြသည်။

လေထဲတွင် ရှိသော သွေးအမှုန်အမွှားများအားလုံးကို စုပ်ယူခံလိုက်ရပြီးနောက်၊ တွင်းဝ၏ ကျောက်သားပြားချပ်ပေါ်တွင် သွေးရောင် အလင်းများ ထွက်ပေါ်လာပြီး အလွှာလိုက် အလွှာလိုက် ကွဲအက်သွားခဲ့သည် ။

“ကျစ် ကျစ် ကျစ်…!!”

“ငါ! သွေးနတ်ဆိုးနဂါး ၊ နောက်ဆုံးတော့ လွတ်မြောက်ပြီကွ!!”

ဝုန်း!

စကားသံအဆုံးတွင် ၊ ဖွဲ့စည်းမှုတို့သည် ပျက်ပြယ်သွားခဲ့သည်။

သွေးရောင် အလင်းတန်းတစ်ခုသည် မြေပြင်မှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းဝင်ရောက်ကာ လွင့်မျောနေသော တိမ်တိုက်ဖြူများအားလုံး ‌သွေးနီရောင်တိမ်တိုက်များ ဖြစ်သွားခဲ့သည် ။

ဟိန်းသံ!

ထိုနေရာမှ နက်မှောင်သော အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းသည် မှင်ကဲ့သို့ နက်မှောင်ပြီး ၊ ဧရာမ နဂါးနက်ကြီး တစ်ကောင် ဖြစ်နေခဲ့သည်။

နဂါးအတောင်များသည် သက်ရှိသတ္တဝါတိုင်း၏ ဝိညာဉ်ကို အလွယ်တကူ ရိတ်သိမ်းနိုင်သော သေမင်းတံစဉ်နှင့် ဆင်တူသည်။

ဦးခေါင်းထိပ်တွင် ကြီးမားသော ဦးချိုတစ်စုံ ပါရှိပြီး ၊အဆုံးမရှိသော သွေးစွမ်းအင်များက ၎င်းပေါ်တွင် ရစ်ဝဲနေသည် ။

အထူးသဖြင့် အနီရောင် မျက်လုံးတစ်စုံသည်အရာအားလုံးက သူ၏အစာ သို့မဟုတ် သားကောင်ကဲ့သို့ ရူးသွပ်စွာ ကြည့်ရှုနေသည်။

“ဒါ…ဒါက…အနှစ် နှစ်သိန်း ​ဝိညာဉ်​ကွင်း ​ပါရှိတဲ့ သားရဲတိရစ္ဆာန်…”

“ဒဏ္ဍာရီက အမှန်ပဲ…”

ထန်ဝူအာ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။သူမ အရင်က ပြောခဲ့သည့် အတိုင်း ၊ ၎င်းသည် တံဆိပ်ခတ်ခံထားရသည့် အနှစ် နှစ်သိန်း သက်တမ်း ဝိညာဉ်ကွင်း ပါရှိသော သားရဲတိရစ္ဆာန်ပင်။

မူလအစတွင် သူမသည် သံသယမျှသာ ဖြစ်ခဲ့သော်လည်း ၊ မျက်စိရှေ့က မြင်ကွင်းသည် ဤအဖြစ်မှန်ကို အသိအမှတ်ပြုရန် သူမကို တွန်းအားပေးနေခဲ့သည်။

“သွေးနတ်ဆိုးနဂါး!”

“ သူ့ကို ရှေးဟောင်း ကမ္ဘာရဲ့ ဘေးဥပဒ်သားရဲကောင် အဖြစ် လူသိများတယ် ၊ ဒါပေမဲ့ သူ့ရဲ့ အစွမ်းသတ္တိက ရှေး‌ဟောင်း ကမ္ဘာရဲ့ ထိပ်တန်းအင်အားစုတွေကို မဖျက်ဆီးနိုင်ပေမဲ့ “

“ဒါပေမယ့် ဒီကမ္ဘာကြီးရဲ့ ၉၀%ကို သူ့စွမ်းအားနဲ့ စိုးမိုးထားနိုင်ပြီး အသက်ရှုကျပ်အောင် လုပ်နိုက်တယ် “

“ပြီးတော့ ဒီသွေးနတ်ဆိုးနဂါးမှာ လူကို အဆုံးစွန်ထိ နာကျင်စေနိုင်တဲ့ သွေးပုံစံသစ်ပြောင်းလဲခြင်း စွမ်းရည်လည်း ရှိသေးတယ်!”

“သူ့အသက် သေဆုံးပြီး ခန္ဓာကိုယ် မရှိတော့ရင်တောင် ၊ သူရဲ့ သွေးတစက် ဒီလောကထဲ ကျန်ရှိနေသ၍ အဲ့ရဲ့ သွေးတစ်စက်ကနေ တစ်ဆင့် သူ့စိတ်ဝိဥာဉ်ကို ပြန်လည်စုစည်းပေးနိုင်တယ်”

“ တခြားသူရဲ့ သွေးကို စတေးလိုက်တာနဲ့ အဲ့နတ်ဆိုး နဂါးက လူ့လောကထဲကို ပြန်ရောက်လာနိုင်တယ်တဲ့ .."

မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လျက်သား ရှိနေသော ထန်ဝူအာသည် တစ်ယောက်တည်း အဆက်မပြတ် ရေရွတ်နေသည်။

သူမကို ကြည့်ရသည်မှာ စိတ်ပျက်အားငယ်မှု အငွေ့အသက်များကို ခံစားလိုက်ရသလိုပင်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ ၊ ဒီသားရဲတွေက ဘာလို့ ဒီကိုလာပြီး ယစ်ပူဇော်နေတာလဲလို့ ငါ တွေးနေတာ “

“လက်စသတ်တော့ ၊ မင်း ရေးဆွဲထားတဲ့ ပြန်လည်မွေးဖွားမယ့် စီမံကိန်းကိုး “

သွေးနတ်ဆိုးနဂါးသည် စူးချန်ကဲ ကို မထီမဲ့မြင်ပြုကာ စိုက်ကြည့်နေသည်။

“ မင်းသိတော့ရော ဘာဖြစ်လဲ၊ မင်းလည်း ငါ့အစာဖြစ်မယ့် အထဲက ပြေးမလွတ်ပါဘူးကွာ “

စူးချန်ကဲ၏ ထူးကဲသော စွမ်းအားကို သူ ခံစားမိသည်။အကယ်၍ သူသာ ဝါးမျိုနိုင်ခဲ့ပါက ၊ သူသည် အချိန်တိုအတွင်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

စူးချန်ကဲ က ခေါင်းတယမ်းယမ်းပြီး ပြုံးလေသည်။

“မဆိုးဘူး ၊ ရမ်းကားတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရှိတယ်၊ အပြင်ပန်းကို ကြည့်ပြန်ရင်လည်း မိမိုက်တယ် ၊ မင်းရဲ့ အသွေးအသား ခွန်အားကလည်း အတော်ကောင်းတယ် “

“ ဒီလို အရည်အသွေးမျိုးနဲ့ ငါကိုယ်တော်ရဲ့ စီးတော်ယာဉ် လုပ်ဖို့ တန်တယ် “

အပိုင်း(၁၄၅): လွတ်လပ်စွာ ပြုမှုနိုင်တဲ့ ဓားနယ်ပယ် အဆင့် ၊တကယ်ကို ကြီးစိုးနိုင်လွန်းပေတယ်

“လက်တောက်လောက်က ‌သေချင်နေတာလား!”

ထိုစကားကို ကြားလိုက်ရသော သွေးနတ်ဆိုးနဂါးမှာ ဒေါသူပုန်ထသွားလေသည်။

သူက ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုတာ သိရောသိရဲ့လား?

သုံလော့ တိုက်ကြီးတွင် တစ်ခုတည်းသော အနှစ် နှစ်သိန်း သက်တမ်း ဝိညာဉ်ကွင်းရှိသည့် သားရဲတစ်ကောင် ဖြစ်ပြီး ၊ သူကိုယ်ပိုင် အထူးလက္ခဏာ ဖြစ်သော အသွေးအသားစွမ်းအားဖြင့် ပေါင်းစပ်လိုက်မည် ဆိုပါက အာဏာရှင်အဆင့် လို့တောင် ဆိုရပေမည်။

သူ့ရှေ့က သေးနုပ်သော လူသားက သူ့ကို စီးတော်ယာဉ် လုပ်ခိုင်းမတဲ့လား?

သေချင်နေတာပဲ !

ဟိန်းသံ!

သွေးနတ်ဆိုးနဂါး၏ ပါးစပ်ထဲမှ နီမြန်းသောလေလှိုင်းလုံးကြီးသည် တလိပ်လိပ် ထကြွလာခဲ့ပြီး၊သွေး၏ အနံ့သည် ငရဲ၌ ပွင့်သော သွေးနတ်ဆိုးပန်းကဲ့သို့ ကြွယ်ဝစွာ ပါဝင်နေသည်။

ဟူး!

နဂါး၏ လေမှုတ်ထုတ်သံ တချက်သည် နေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

သို့သော် စူးချန်ကဲ၏ မျက်ဝန်းထဲ၌ ဂရုမစိုက်‌သော အရိပ်အယောင်များ ရှိနေခဲ့သည်။

ပြင်းထန်သော နဂါး၏ ဝင်သက်ထွက်သက်တို့သည် သူ့မျက်လုံးထဲ၌ အားဖြည့်စာ တစ်ခုထက် မပိုချေ။

စူးချန်ကဲသည် ၎င်း၏ ထွက်သက်အား သူ့ညာလက်ဖြင့် ကာစီးလိုက်သည်။ဝါးမျိုခြင်း စွမ်းအားတို့သည် အဆက်မပြတ် အသက်ဝင်လာခဲ့ပြီး သူ့လက်ဖဝါးပေါ်တွင် နက်မှောင်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် စုပ်ယူသူတော်စင်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီပင် !

ဝုန်း!

ကြီးမားသော တုန်ဟည်းသံနှင့်အတူ ၊ တစ်ကမ္ဘာလုံး သွေး မုန်တိုင်းကြောင့် တုန်လှုပ်သွားသကဲ့သို့ နီမြန်းသော အလင်းတန်းများ ပေါက်ကွဲသွားခဲ့သည်။

မြင်ကွင်းသည် လူတိုင်းကို မေးရိုးပြုတ်ကျမတတ် ဆွံ့အသွားစေခဲ့သည်။

ကြီးကျယ်ခမ်းနားသော နီမြန်းသောအလင်းရောင်တန်းသည် အဆုံးမဲ့ချောက်ထဲသို့ ကျသွားသကဲ့သို့ တစ်ချက်မျှ မလှုပ်နိုင်ခဲ့ပေ ။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”

“ငါ့ရဲ့ ဝင်သက်ထွက်သက်က ဘယ်လိုဖြစ်ပြီး သက်ရောက်မှု မရှိတာလဲ! “

သွေးနတ်ဆိုးနဂါးမှာ ဤမြင်ကွင်းကို မြင်ပြီး အသစ်အဆန်းဖြစ်ခဲ့ရသည်။

သူ၏ ခွန်အားသည် တိုက်မြေ သုံးထောင်ရှိ မဟာ သူတော်စင် ကိုတောင် ယှဉ်နိုင်သည့် တည်ရှိမှုတစ်ခုလည်း ဖြစ်သည် ။

သူ့ရှေ့က ဤလူသားသည် မဟာ သူတော်စင် အဆင့် မဟုတ်မှန်း သိသာထင်ရှားသော်လည်း ၊ အဘယ့်ကြောင့် ယခုလို လွယ်လွယ်ကူကူဖြင့် တားဆီးနိုင်ခဲ့သနည်း။

သူ၏ခွန်အား အလုံးစုံကို အသုံးမပြုခဲ့သော်လည်း ၊သို့သော် သူတော်စင် နယ်ပယ်အဆင့်ကို မရောက်သေးသော လူငယ်တစ်ယောက်က ရပ်တန့်နိုင်သော အရာတော့ မဟုတ်ချေ။

“အံ့ဩသွားတာလား၊ ကျုပ်အတွက်တော့ သာမန်ပါပဲ”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

စူးချန်ကဲသည် သူ့ကိုယ်ပိုင် အရည်အချင်းနှင့် ပတ်သတ်ပြီး ၊ ဘယ်လိုဆိုတာ သူ့ကိုယ်သူ ကောင်းကောင်းသိပေသည်။

ဤမျှ သေးငယ်သော ဇာတ်ရုပ်လေးကိုတောင် မနှိပ်ကွပ်နိုင်ရင် ၊ စနစ်ရဲ့ ဆုလာဘ်တွေက ဘာအသုံးဝင်တော့မှာလဲ?

ထို့နောက် စူးချန်ကဲသည် လက်ဟန်ခြေဟန်ဖြင့် ထပ်ပြီး စိန်ခေါ်လိုက်သည်။

“ငါ က ပြိုင်ဘက်ကင်းပဲ ၊ မင်းကြိုက်သလို တိုက်နိုင်တယ်”

ဤစကားသည် ကြည့်ရှုသူတချို့ကို ထိတ်လန့်သွားစေသည်။

“ဒီလူငယ် ရူးနေတာ မဟုတ်ဘူးလား၊ ဒါက သွေးနတ်ဆိုး နဂါးလေ၊ သူ့ကို ဒီလို ရန်စဖို့ ဘယ်လိုတောင် သတ္တိရှိနေတာတုန်း?”

စူးချန်ကဲ၏ ခွန်အားကို မသိသော နယ်မြေခံတချို့က ရွဲ့စောင်းစွာ ဆိုကြလေသည်။

“ ကိုယ့်သေလမ်းကို ရှာနေတာပဲ ၊ စောနတုန်းက သွေးနတ်ဆိုးနဂါးက ‌သူ့ရဲ့ ခွန်အားကို အကုန်အစင် အသုံးမချခဲ့ဘူးဆိုတာ သိသာတယ် ၊ ဒါတောင် တစ်ဖက်လူကို သွားရန်စနေတာ တကယ်ကို မိုက်ရူးရဲဆန်တယ် “

“ဟားဟား။ တိုက်မြေ သုံးထောင်က ပါရမီရှင်တဲ့လား?မိုက်ရူးရဲဆန်တဲ့ ကလေးတစ်ယောက် သာသာပါပဲ “

စူးချန်ကဲ၏ မျက်နှာသာပေးခြင်း ခံရသော တိုက်‌မြေ သုံးထောင်မှ ပါရမီရှင် တချို့က ငြင်းဆန်ပြောဆိုလိုက်သည်။

“ ချန်ကဲဆက်ခံသူရဲ့အစွမ်းကို မင်းတို့လို ဒေသခံတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”

“ဟုတ်တယ် ၊ချန်ကဲဆက်ခံသူက နတ်ဘုရားတစ်ပါးသာဆိုရင် မင်းတို့က မြေပြင်ပေါ်မှာ တွားသွားနေတဲ့ ပုရွက်ဆိတ်အဆင့်သာသာပဲ ရှိတယ် ၊ ကောင်းကင်က ဘယ်လောက်တောင် မြင့်သလဲဆိုတာ ဘယ်သိမလဲ!”

စူးချန်ကဲသည် တိုက်မြေသုံးထောင်၏ နံပါတ်တစ် လူငယ်မျိုးဆက်သစ် တစ်ယောက် ဖြစ်ပေရာ ၊ သူ၏ ခွန်အား ဘယ်လိုဆိုတာ သူတို့ အားလုံး သိထားကြသည်။

စူးချန်ကဲ၏ စိန်ခေါ်သံကိုကြားတော့ သွေးနတ်ဆိုးနဂါးက ဒေါသတကြီးဖြင့် ရယ်လေသည်။

“ဟားဟား ၊ငါ သုံလော့ တိုက်ကြိီးမှာ မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လာခဲ့တာ ဒီလို အရှက်မဲ့တဲ့ စကားမျိုးကို လူသားတစ်ယောက်ဆီက ဒါပထမဆုံးအကြိမ် ကြားခဲ့ရတာပဲ!”

“ငါ့ကို အမျက်ဒေါသကို နှိုးဆွခဲ့တဲ့ မင်းရဲ့ မိုက်ရူးရဲဆန်တဲ့ ဆုံးဖြတ်ချက်အတွက် ၊ ငါ မင်းကို ပေးသိစေမယ် !”

နဂါးဟောက်သံသည် ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။

သွေးနတ်ဆိုးနဂါးသည် တံစဉ်နှင့်တူသော ၎င်း၏ အတောင်ပံများကို အပြည့်အ၀ ဖြန့်ကျက်လိုက်သည်။ နဂါး၏အတောင်ပံများပေါ်တွင် သွေးကြောများက ဒေါင်လိုက် ၊ အလျားလိုက် ပြေးလွှားနေကြသည်။

ဧရာမ နဂါးခေါင်းကြီးသည် ရှေးနွား၏ ဦးချိုကြီးကဲ့သို့ ဝှေ့ယမ်းကာ မြင့်သထက် မြင့်လာပြီး ၊ အာကာသအတွင်းရှိ သွေး‌ဓာတ်များကို အရူးအမူး စုစည်းလိုက်သည်။

ဝီ!

နဂါးဦးချိုနှစ်ခုသည် ပို၍ နီရဲနေသော အလင်းတန်းများနှင့်အတူ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်နှင့်အမျှ၊ သူ၏ ရောင်ဝါကို ထုတ်လွှတ်ဖြန့်ကျတ်လိုက်သည် ။

ဤသွေးနီရောင် မုန်တိုင်းကြီးသည် ၎င်းအနီးတစ်ဝိုက်ရှိ ရှေးဟောင်းသစ်ပင် အများအပြားကို ဖျက်ဆီးပစ်ခဲ့သည်။

တခဏချင်းမှာပင် ၊ နေရာတစ်ခုလုံး ဗြောင်းဆန်သွားသည်။

“ဒါဆိုလည်း မင်းလို အင်းဆက်ကောင်က ငါ ပြန်လည်မွေးဖွားခြင်းရဲ့ ပထမဆုံးပွဲတော် လို့ သဘောထားရုံပေါ့ !”

သွေးနတ်ဆိုးနဂါးသည် ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ပြုံးလိုက်သည်။

နဂါး၏ ဦးချိုနှင့် အတောင်ပံများသည် တချိန်တည်းမှာပင် ၊ နီမြန်းသော အလင်းရောင်တို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။

ဤကမ္ဘာပေါ်ရှိ အသွေးအားလုံးမှာ သုတ်သင်ရှင်းလင်း ခံလိုက်ရသကဲ့သို့ သွေးနတ်ဆိုးနဂါးဆီသို့ အရူးအမူး စုဝေးသွားကာ ၊ နောက်ဆုံးတွင် သူ့ရဲ့ ရင်ဘတ်ရှေ့၌ သွေးအလင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သွေးမြေကျသည်နှင့် ကြယ်တံခွန်များ ကြွေရမည်!”

တောက်လောင်နေသော အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက်တွင် ၊ ဧရာမ သွေးအလင်းလုံးကြီးသည် ရုတ်တရက် ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော သွေးအလင်းစုများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ဝင်ရောက်သွားပြီး သွေးနဂါးကောင်၏ အသွင်အပြင် အဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးဖြင့် စူးချန်ကဲဆီသို့ ဟောက်ဟိန်းလိုက်သည်။

၎င်းထံမှ ထွက်လာသော ဖိနှိပ်စွမ်းအားသည် အလွန် ကြောက်စရာကောင်းပေသည်။

သို့သော် စူးချန်ကဲမှာမူ ၊ “ ဖွဲ့စည်းစေ” ဆိုသည့် စကားတစ်ခွန်းကိုသာ အေးအေးလူလူ တိတ်တိတ်လေး ဆိုလိုက်သည်။

စကားအပြီးတွင် ၊ ဤကမ္ဘာကြီး၏ အာကာသစွမ်းအင်တို့သည် အမည်မသိ စွမ်းအားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပုံပေါ်သည်။

ဤအရာကို မည်သူမျှ သတိမထားမိပေ။

သို့သော် လူအုပ်ထဲက ‌ခမောက်ဆောင်းထားသော လော့ဟယ် ဓားဂိုဏ်း၏ ဓားသခင်ငယ်သည် အံ့သြမှုအပြည့်ဖြင့် ၊

“ဓားနယ်ပယ်!?”

“လွတ်လပ်မှု အဆင့်ကိုတောင် ရောက်နေပြီပေါ့…”

တိုက်‌မြေ သုံးထောင် မှ အသိအမှတ် ပြုထားသော ဓားဆန္ဒနယ်ပယ်မှာ ၊

ပထမ အဆင့်:ဓားဝင်ရောက်ခြင်း

ဒုတိယ အဆင့်: စိတ်ကို လေ့ကျင့်ခြင်း

တတိယ အဆင့် - လူနှင့်ဓား တစ်သားတည်းဖြစ်တည်ခြင်း

စတုတ္ထ အဆင့်- လွတ်လပ်စွာ ပြုမှုခြင်း

ဒဏ္ဍာရီလာ ဖြစ်သော ပဉ္စမ အဆင့် - စိတ်ကို ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲခြင်း

လွတ်လပ်စွာ ပြုမှုခြင်းအဆင့်တွင် ကျင့်ကြံသူသည် ဓားလမ်းစဉ်တွင် ကျွမ်းကျင်ပြီး၊ ဓားသွားလေရာ နေရာတိုင်း စိတ်သည် ဖောက်ထွင်းမြင်နိုင်သလို ၊ ဓား၏ နှလုံးသားသည် ပိုမိုမြင့်မားသော တည်ရှိမှုအဆင့်သို့ ရောက်ရှိနေပြီ ဟု ဆိုနိုင်သည်။

စိတ်ကို ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲခြင်း ဟူသည်မှာ စိတ်ကို လမ်းပြအဖြစ် အသုံးပြုကာ ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားစေပြီး ၊ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဓားလမ်းစဉ်တစ်ခု ဖြစ်လာပေမည်။

ဤနယ်ပယ်အဆင့်ကို အသေခံဓားဝင်ရောက်ခြင်း ဟုလည်း ခေါ်ကြသည်။ တကယ်ကို သန်မာလှပါသည် ဟူသော ပုဂ္ဂိုလ်ပင်လျှင် သူ၏ မူလနေရာသို့ ပြန်လည်ရောက်ရှိရပေမည်။

သို့သော် စူးချန်ကဲသည် တန်ခိုးကြီးမားသော သူတော်စင် ခန္ဓာကိုယ်ကို ကျင့်ကြံသူ ဖြစ်လျက်သားနဲ့ ၊

ဓားရေးတွင် အဘယ့်ကြောင့် ဒီလောက်ထိ အစွမ်းထက်နေရသနည်း။

…..

တစ်ချိန်တည်းမှာပင် ၊ စစ်မြေပြင်၌

သွေးနဂါးသည် စူးချန်ကဲ၏ ဓားနယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် အခိုက်အတန့်တွင်

ဝှစ် !

စူးချန်ကဲသည် လက်ညိုးထိုးကာ ညွှန်ကြားလိုက်သည်နှင့် ၊

လေဟာပြင်ထဲတွင် ဝှက်ထားခဲ့သော ဓားသွားသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ မည်သူမျှ တုံ့ပြန်ဖို့ မမှီလိုက်ခင်မှာပဲ ဓားသည် အရာအားလုံးကို မရေမတွက်နိုင်အောင် ဖြတ်တောက်သွားခဲ့သည်။

လူတိုင်းတုံ့ပြန်လာချိန်မှာတော့ ၊

ကောင်းကင်ကို ဖုံးလွှမ်းထားခဲ့သော သွေးနဂါး၏ အရိပ်သည် အမှုန့်သဖွယ် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ လေထဲတွင် လွင့်မျောသွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်း၏ အမြင်အာရုံသက်ရောက်မှုက လူတိုင်း၏ ဦးနှောက်ကို ထုံထိုင်းသွားစေသည်။

ထိုအခိုက်အတန့်အတွင်း ဖြစ်ပျက်သွားသမျှကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

သူတို့ သိတာဆိုလို့ သွေးနတ်ဆိုးနဂါး၏ တိုက်ခိုက်မှုကို တဖက်လူသည် တချက်တည်းဖြင့် ဖြေရှင်းလိုက်နိုင်ခြင်းသည်သာ ။

“မင်းက….တကယ်ပဲ ဘယ်သူလဲ …!”

သွေးနတ်ဆိုးနဂါးသည် နောက်ဆုံးတွင် အနည်းငယ် ကြောက်ရွံ့လာခဲ့ပြီ ဖြစ်သည်။သူ၏ မသိစိတ်မှ အလိုလို နောက်ဆုတ်သွားခဲ့သည်။

သူ၏ခွန်အား မည်မျှ ပမာဏအထိ သုံးထားသည်ကို သူကိုယ်တိုင် ကောင်းကောင်း သိသည်။သို့သော် အဆုံးသတ်ကို မြင်လိုက်ရသည့်အခါတွင် ၊

စိတ်တစ်ခုလုံး ထိခိုက်သွားခဲ့ရလေပြီ !

စူးချန်ကဲက ၎င်း၏ စကားကို ပြန်မဖြေဘဲ အေးစက်စွာ ဆိုသည် -

“အရှုံးပေးမလား ဒါမှမဟုတ်

“သေမလား?”

သူ၏ နောက်ဆုံးစကားလုံးသည် လူတိုင်း၏ ဦိးခေါင်းထက်တွင် ချိန်ရွယ်ထားသော ဓားတစ်လက်အလား ။

လူကိုသတ်တော့မည့် ဤမျှ ပြင်းထန်သော အရှိန်အဝါသည် လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း သွေးနတ်ဆိုးနဂါးက သူ့ခေါင်းကို မော့လိုက်ပြီး ၊

“ငါက စွမ်းအားကြီးမားတဲ့ သွေးနတ်ဆိုးနဂါးပဲ မင်းကများ …”

သို့သော် သူ့စကား မဆုံးခင်မှာပဲ ၊

ရွှမ်း !

ဓားအလင်းတန်းသည် ဟင်းလင်ပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

အရှိန်မှာ မြန်ဆန်လွန်းပေရာ ၊ဓားစွမ်းအင်၏ အလင်းတန်းများသာ လေဟာပြင်၌ အရိပ်အယောင် တစ်ခု အဖြစ် ကျန်ရစ်ခဲ့သည်။

ဘုန်း !

သွေးနတ်ဆိုးနဂါး၏ ဦးချိုကြီးများထဲမှ တစ်ခုသည် ရုတ်တရက် ကွဲထွက်သွားပြီး ၊ မြေပြင် ပေါ်သို့ ဘုန်းခနဲ့ ကျရောက်သွားပြီး ဖုန်များ ထူထပ်သွားသည်။

အဝေးတစ်နေရာ၌ ၊

ပေထောင်ပေါင်းများစွာမြင့်သော ဧရာမတောင်ကြီးသည် တဟုန်းဟုန်း မြည်တမ်းလျက် ၊ ဓားသည် တောင်စောင်းကို ဝှစ်ခနဲ့ ခုတ်ထွင်းသွားခဲ့လေပြီ ဖြစ်ရာ ၊

ထို့နောက်တွင် ၊ တောင်မှာ ပြိုကျသွားပြီး မီးခိုးလုံးကြီးများ တလိပ်လိပ် ထွက်ပေါ်လာခဲ့သည်။

ဆန့်တန်းထားသော သူ၏ ညာလက်သည် ဓားကို ကိုင်ဆောင်ထားသည် ။

အဖြူရောင်အဝတ်အစားသည် လေထဲတွင် တဖျပ်ဖျပ် ဖြင့် လှုပ်ရှားကခုန်နေသည်။

သူ၏ အေးစက်သော မျက်ဝန်းထဲ၌ ဓားဆန္ဒများ အုံကြွနေသည်။

“မင်း ပြန်စဉ်းစားဖို့ သုံးစက္ကန့် အချိန်ရှိတယ် “

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

ဝတ်ရုံဖြူ ပုံရိပ်လွှာကို ကြည့်ရင်း ၊ မည်သူမျှ အသက်ပင် မရှုဝံ့ ။

ဒါ စူးချန်ကဲ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတယ် ဆိုတာ ဘယ်သူ မသိဘဲ နေလိမ့်မတုန်း။

ရှင်သန်ခြင်း နှင့်သေဆုံးခြင်းကို သူကသာလျှင် ဆုံးဖြတ်ခွင့်ရှိသည့်အတိုင်း ။

တကယ်ကို ကြီးစိုးနိုင်လွန်းပေတယ်!

အပိုင်း(၁၄၆): တာအိုသတ်ဖြတ်ခြင်း ဗျူဟာ ၊ ဟယ်တောက်

စူးချန်ကဲ၏ ဓားသည် သွေးနတ်ဆိုးနဂါး၏ နောက်ဆုံးလက်ကျန် ကံကြမ္မာကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်ပေသည်။

အကယ်၍ သူသာ ဆုံးဖြတ်မပြီးသေးပါက ၊ ဓားချက်အောက်တွင် အသက်ပျောက်သွားနိုင်သည့် သူ၏အနာဂတ်ကို မြင်ယောင်နေမိသည်။

“ အပေးရှိရင် အယူလည်း ရှိမှာပဲ ၊ စီးတော်ယာဉ်လုပ်တာများ ဘာခက်တာကြလို့ “

“ငါ! ငါ လုပ်မယ် !”

ထိုစကားသည် ပတ်ဝန်းကျင်ရှိ နယ်မြေခံတချို့ကို ဆွံ့သွားစေခဲ့သည်။

ဒင်းက ဒီသုံလော့ တိုက်ကြီးမှာ ကျင်လည်ကျက်စားနေတဲ့ အာဏာအရှိဆုံး သားရဲကောင်ကြီးလေ!

ဒီကမ္ဘာကြီးရဲ့ ဘေးဥပဒ်လို့တောင် အမည်တွင်ပြီး ၊ ရိုက်သတ်လို့တောင်မသေနိုင်တဲ့ အင်အားအကြီးဆုံး သားရဲကြီးလေ!

ဒီလိုလွယ်လွယ်လေး အရှုံးပေးလိုက်ပြီတဲ့လား?

ဆုံးဖြတ်ချက်ချပြီးနောက် ၊ သွေးနတ်ဆိုးနဂါးသည် ၎င်း၏ ရောင်ဝါကို ရုတ်သိမ်းလိုက်ပြီး ၊ဖြန့်ကျက်ထားသော အတောင်ပံများကို အောက်သို့ ချကာ သူ၏ ဦးခေါင်းကို လေးလေးနက်နက် ငုံ့လျက် စူးချန်ကဲအား ဂါရဝပြုလိုက်သည်။

“ ဒီလောက်လည်း မိမိုက်ပုံ မပေါ်ပါဘူး “

စူးချန်ကဲ၏စကားကိုကြားတော့ သွေးနတ်ဆိုးနဂါးခမျာ မျက်ဖြူလှန်ပြနေလေရဲ့ ။

သူသည် ရှေးဟောင်း ကမ္ဘာတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်သော်လည်း ၊ စောနက အခိုက်အတန့်တွင် သူသည် သေခြင်းတရားကို ရင်ဆိုင်နေခဲ့ရမှန်း အမှန်တကယ် သိလိုက်ရသည်။

ဒီလူသားမှာ တခြားဘာနည်းလမ်းတွေ ရှိနေသေးဦးမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ?

“ဒါပေမယ့် မင်း နဂါးဦးချိုတစ်ချောင်းက မရှိတော့ဘူးဆိုတော့ ၊ မင်းပုံစံက မမိုက်တော့ဘူး ၊ ထားလိုက်ပါတော့ “

သွေးနတ်ဆိုးနဂါးသည် ထိုစကားကို ကြားသည်နှင့် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး၊

“သခင်၊ ကျွန်‌တော် ဦးချိုက ထပ်ပြီး ပေါက်လာမှာလေ!”

မင်း ငါ့ကို လာနောက်နေတာလား?

လူသားတစ်‌ယောက်ကို အရှုံးပေးပြီလို့ သူ ဝန်ခံပြီးကာမှ ၊ ဒင်းက သူ့ကို မလိုချင်တော့ဘူးတဲ့လား?

“ချန်ကဲ ဆက်ခံသူက ဓားရေးအရာမှာ ဒီလောက်ထိ ထူးချွန်တာ ၊ ကျွန်တော် အလွန်လေးစားမိပါတယ် ၊ ကျွန်တော် အနေနဲ့ သင်ယူလေ့လာခွင့် ရှိမလားဗျ “

ထိုအချိန် ၊ လူအုပ်ထဲမှ ယောကျာ်းတစ်ယောက် ၏ အသံထွက်လာခဲ့သည်။

“အိုး? လော့ဟယ် ဓားဂိုဏ်း?”

စူးချန်ကဲ သည် မျက်ခုံးပင့်လိုက်သည်။စကားပိုင်ရှင်၏ ဘေးတွင် ရပ်နေသူမှာ သူ၏ အသိမိတ်ဆွေဖြစ်သော ဝူကျီအောက်ထျန်းပင်။

“ဟို... မတွေ့တာကြာပြီ နော် ...”

ဝူကျီအောက်ထျန်း တစ်ယောက် နေရခက်သော အပြုံးဖြင့် နှုတ်ဆက်ရှာလေသည်။အမှန်အတိုင်းဆိုရလျှင်ဖြင့် စူးချန်ကဲကို သူ တစ်သက်လုံး မတွေ့ရလေလေ ပိုကောင်းလေပင် ဖြစ်သည်။

သူ စူးချန်ကဲကို တွေ့ရသည့်အချိန်တိုင်း ၊ ယခုလို ပွဲကြီးမျိုးနှင့် အမြဲ ကြုံရတတ်သည် ဟု ဆိုရပေမည် ။သူ့လို လျစ်လျူအရှုနိုင်ဆုံး ဘုရင်ကြီး အတွက်တော့ ကောင်းသောကိစ္စလို့ ဆိုလို့မရနိုင်ချေ။

ယဲ့ဝူချန်က ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး

ဆိုသည် ။

“ ကျွန်တော် ယဲ့ဝူချန် ‘ ချန်ကဲ ဆက်ခံသူ’ရဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပြီ၊ အဆတစ်ရာကြားရတာထက် တစ်ကြိမ် မြင်လိုက်တာက ပိုကောင်းတယ် ဆိုတဲ့အတိုင်း ချန်ကဲ ဆက်ခံသူက တကယ်ကို ထူးကဲလွန်းပါပေတယ် !”

“ ကျွန်တော် ယဲ့မျိုးနွယ်က အခြားသူနဲ့ ဓားရေး ယှဉ်ပြိုင်ရတာကို နှစ်သက်တယ် ၊ချန်ကဲ ဆက်ခံသူ အနေနဲ့ ကျွန်တော်နဲ့ ဓားရေးယှဉ်ပြိုင်လိုသလား မသိဘူး “

စူးချန်ကဲ စိတ်ထဲ နားလည်သွားခဲ့ပြီပင်။

လော့ဟယ် ဓားဂိုဏ်း၏ ဓားဆရာလေးဦးထဲက အငယ်ဆုံးဓားသခင် ဖြစ်သည့် ၊ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်သည်။

ဝမ်ချွမ် ဓား၊ ဖုန်းရွှမ်းဓား၊ ပါ့ဝမ်ဓားနှင့် ဟုန်ချွမ်ဓား စသည်တို့သည် ဓားဆရာကြီး လေးဦး၏ ဓားဘွဲ့အမည်များ ဖြစ်သည်။

၎င်းတို့အထဲတွင် ဝမ်ချွမ် ဓားသည် အသန်မာဆုံးဖြစ်ပြီး ၊ မျိုးဆက်သစ် လူငယ်များကြားတွင် နံပါတ်တစ် ဓား ဟု သတ်မှတ်ခြင်းခံထားရပြီး တန်ခိုးကြီးမားသော သူတော်စင်အရှင် အဆင့် ပုဂ္ဂိုလ်နှစ်ဦးကိုပင် သတ်ပစ်နိုင်ခဲ့သည် ဟု အဆိုရှိသည်။

ဤဟုန်ချွမ်ဓားမှာမူ ၊ ဝိုင်ကောင်းကို နှစ်သက်သောကြောင့် ကမ္ဘာက “ အရက်မူးဓား”ဟု ခေါ်ဝေါ်ကြသည်။

စူးချန်ကဲ က ခဏလောက် စဉ်းစားလိုက်ပြီး

“အဲဒါဆိုလည်း တိုက်ကြတာပေါ့!”

တိုက်မြေ သုံးတောင်တွင် ထိပ်တန်း ဓားအင်အားစုမှာ လော့ဟယ် ဓားဂိုဏ်းဖြစ်ပြီး ၊ ထို့အပြင်၊ ဤဓားသခင်လေးသည် ဓားကို ထကိအောင် သွေးဖို့ အသုံးချလို့ ကောင်းမည့် ကျောက်ကောင်းတစ်ခု အဖြစ် မှတ်ယူနိုင်သည်။

“ကောင်းပြီ! ချန်ကဲ ဆက်ခံသူ စပါ ! “

ချက်ခြင်းဆိုသလို ၊ယဲ့ဝူချန်သည် သူ့နောက်ကျောက အဖြူထည်ဖြင့် ထုတ်ပိုးထားသော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ဓားကို ထုတ်ယူလိုက်စဉ် ၊ သူ့လက်ထဲက အရှိန်အဝါ‌ကြောင့် အဖြူထည်မှာ တစ်စစီ ပျက်စီးသွားပြီး ကောင်းကင်ယံတွင် ပြန့်ကျဲသွားလေသည်။

သုံးပေခန့် ရှည်သော ဓားရှည်တစ်လက်သည် လူတိုင်း၏ အမြင်တွင် ပေါ်ထွက်ခဲ့‌လေပြီ။

ဓားလက်ကိုင်ကို လွန်ကဲစွာ အလှမဆင်ထားဘဲ သေမျိုးလောကရှိ သစ်သားဖြင့် ထွင်းထုထားကာ ၊ ၎င်းပေါ်က အငွေ့အသက်သည် သဘာဝတရား၏ အနံ့အသက်မျိုးကို ခံစားမိစေသည်။

“ဒါက ဂိုဏ်းကပေးခဲ့တဲ့ ဓားပဲ”

“နာမည် ဟုန်ချန် တဲ့ “

နိုးထစေ !

ဓား၏ တုန်ခါသံနှင့် အတူ အလင်းတချက် စူးရှတောက်ပသွားပြီး ၊ ဖိတ်ဖိတ်တောက်နေသော ဓားရှည်တလက်သည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

သာမန်ဓားတစ်လက်ဖြစ်သော်ငြားလည်း ၊ ကမ္ဘာကြီးကို အနိုင်ယူဝံ့‌သော အစွမ်းသတ္တိများဖြင့် ပြည့်နှက်နေပုံရသည်။

စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ၊ သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူသည် သုံးပေခန့်ရှည်သော စိမ်းပြာရောင် ဓားတစ်လက်ကို လေဟာပြင်ထဲမှ ဆွဲထုတ်ယူလိုက်သည်။

ဓား၏ ထွက်ပေါ်လာမှုသည် ဆောင်းရာသီ၏ ဒွါဒသမစန္ဒြလသို့ ဝင်ရောက်သွားသည့်အတိုင်း ဤကမ္ဘာကြီး၏ အပူချိန်သည် ရုတ်ချည်းဆိုသလို ထိုးကျသွားလေရာ လူအားလုံးကို ထိတ်လန့်သွားစေခဲ့သည် ။

“ ဒီဓားရဲ့ အမည်နာမက ကောင်းကင်ဓားတဲ့ “

နိုးထစေ !

စူးချန်ကဲလည်း ပြန်လည် တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။ကောင်းကင်ဓားသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော ဓားအလင်းနှင့်အတူ ပြတ်သားသော တုန်ခါသံကို ထုတ်လွှတ်လိုက်သည်။

“ ကောင်းလိုက်တဲ့ ဓား !”

“ဒါပေမယ့် ငါ့ရဲ့ ဟုန်ချန်ဓားကလည်း မင်းထက် အားနည်းမှာ မဟုတ်ဘူး!”

ယဲ့ဝူချန်သည် ကောင်းကင်ဓား၏ အသွင်အပြင်ကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ၊ သို့သော် သူ၏ ဓားအဖော် အပေါ် သူ လုံးဝ ယုံကြည်မှု ရှိသည်။

ဓားကျင့်ကြံသူများ အနေဖြင့် ၊ ဓားသည် မိမိအသက်တမျှဖြစ်ပြီး ၊ ဓားအပေါ် ယုံကြည်ခြင်းသည် မိမိကိုယ်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။

သူတို့နှစ်ယောက်လုံး အသင့် ပြင်ဆင်ပြီးနောက် ၊ ငြိမ်သက်စွာဖြင့် မျက်နှာချင်းဆိုင်ထားကြသည်။

လေပြေများ၏ တိုက်ခတ်မှုကြောင့် ၎င်းတို့နှစ်ဦး၏ အဝတ်အစားများမှာ တဖျက်ဖျက် လွင့်ပျံနေပြီး ၊ လက်ထဲတွင် ဓားများကို အသင့်ကိုင်ဆောင်ထားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး၊ လူတိုင်း ရင်တဒိတ်ဒိတ်ဖြင့်။ ဤသည်မှာ ထိပ်တန်းဓားသမား မျိုးဆက်သစ်များ၏ အထွတ်အထိပ်ပွဲပင် ဖြစ်သည်။

လူတိုင်း အံ့သြစရာကောင်းသော ပြပွဲကြီးကို လွတ်သွားမည် စိုး၍ ၊ ၎င်းတို့၏ မျက်လုံးများကို အစွမ်းကုန် ပြူးထားကြသည် ။

သစ်ရွက် တစ်ရွက် ကြွေကျသွားသည့်အခိုက်တွင် ၊

ယဲ့ဝူချန်၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပသွားသည် ။ ခန္ဓာကိုယ်သည် ဖျက်ခနဲ့ လှုပ်ရှားလာခဲ့ပြီး ဖြစ်ရာ ဓားသည် နဂါးအလား ထွက်ပေါ်လာခဲ့သည်။

ချွင်!

လက်နက်နှစ်ခု တိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည် ။ ဆိုလိုသည်မှာ စူးချန်ကဲသည် တဖက်လူထံမှ တိုက်ခိုက်လာသော ဓားချက်ကို အမှီ ပြန်ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

စူးချန်ကဲသည် ‌မလှုပ်မရှားဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး တဖက်လူ၏ ဓားစွမ်းအင်ကို ချက်ချင်း ဖြတ်ခုတ်လိုက်သည်။

ဓားစွမ်းအင်သည် လေထဲတွင် လရောင်အလား ထောင်ပေါင်းများစွာသော အလင်းရောင်များ လင်းလက်သွားစေခဲ့သည်။

ယဲ့ဝူချန်သည် ထိုအချင်းအရာကို မြင်တော့ အေးစက်စွာ နှာမှုတ်လိုက်ရင်း ၊ တူညီသောဓား စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝုန်း ! !

ဓားစွမ်းအင်တို့သည် တဟုန်ထိုး ပျံ့နှံ့သွားပြီး နေရာတိုင်းကို ဖြိုခွင်းလေသည်။

သို့သော် စူးချန်ကဲသည် လက်ဦးမှု ယူထားပြီး ဖြစ်သည် ။ဓားကို ပစ်ပေါက်လိုက်သလိုမျိုး၊

ဓားသည် လေထဲတွင် လှုပ်ရှားသွားလာနေပြီး ပိုမို ပြင်းထန်သော အရှိန်အဝါတို့ဖြင့် ရှေ့တတ်လာခဲ့သည်။

ဓား၏ လှုပ်ရှားသံတို့သည် စကြဝဠာတစ်ခုလုံး ပဲ့တင်ထပ်နေပြီး ၊ လုံးဝကွဲပြားခြားနားသော ဓားစွမ်းအင်တို့မှ အဆုံးမရှိသော ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

အခိုးအငွေ့များကြားတွင် ဓားစွမ်းအင်များက ကြယ်စင်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသကဲ့သို့ အဆက်မပြတ် ဖြစ်ပေါ်နေသည် ။

ဓားနှစ်စင်း ဆုံတွေ့လိုက်တိုင်း ၊ အခိုးငွေ့ တ‌ထောင်းထောင်းဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ၏။

ဓားသွားသံများ တချွင်ချွင်ဖြင့် ၊ ပေါက်ကွဲသံများ ၊ မြေပြိုကျသံများ စသည့် အသံမျိုးစုံ တဆက်တည်း ဖြစ်ပေါ်နေကာ ကျယ်လောင်စွာ ဆူညံနေတော့သည်။

အခိုးအငွေ့များ ကြားထဲတွင် ဧရာမ ရှေးသားရဲကြီးနှစ်ကောင် တိုက်ခိုက်နေကြသည့်အတိုင်း၊ ၎င်းတို့၏အရှိန်ကြောင့် မြေကြီးပင်လျှင် ပြိုကျပျက်စီးခဲ့ရသည်။

အမည်မသိသော ဓားအလင်းတန်းများ ထွက်ပေါ်လာလာပြီးနောက် ၊လူနှစ်ယောက်သည် အခိုးအငွေ့ကြားထဲမှ လွင့်ပျံထွက်သွားသည်။

သို့သော် စူးချန်ကဲ ထက်စာရင် ၊ ယဲ့ဝူချန်၏ ဝတ်ရုံ၌ အပေါက်များစွာ ရှိနေပြီး အနည်းငယ် မျက်နှာပျက်စေသည်။

တစ်ဖက်က စူးချန်ကဲမှာမူ ၊အဖြူရောင် နှင်းပွင့်များကဲ့သို့ အညစ်အကြေး ကင်းစင်သော ဝတ်ရုံကို ၀တ်ဆင်ထားဆဲပင် ဖြစ်သည်။

“ဟားဟား၊ အရမ်း ပျော်တယ်!”

“ဒီလို တတ်တတ်ကြွကြွနဲ့ မတိုက်ခိုက်ရတာ ကြာခဲ့ပြီ ၊ ချန်ကဲ ဆက်ခံသူ ခင်ဗျားရဲ့ အရည်အချင်းတွေကို ဖုံးကွယ်မနေပါနဲ့တော့၊ ကျုပ်တို့ ဓားတစ်ချောင်းတည်းနဲ့ အနိုင် အရှုံး ဆုံးဖြတ်ရအောင်လား ဘယ်လိုလဲ?”

ထိုစကားသည် ပတ်ဝန်းကျင်က လူတိုင်းကို အနည်းငယ် မှင်တက်သွားစေခဲ့သည်။

သူတို့နှစ်ဦး တိုက်ခိုက်နေစဉ် အတောအတွင်း ၊ဓားပေါင်း ရာနှင့်ချီကာ အကြိမ်ကြိမ် ဖလှယ်ခဲ့ကြပြီး ဖြစ်သည်။

ဒါပေမဲ့ စူးချန်ကဲက သူ့ရဲ့ခွန်အား အလုံးစုံကို အကုန် အသုံးမချရသေးဘူးလို့ တဖက်လူက ဆိုလိုက်တာလား?

သို့သော် စူးချန်ကဲ၏ အစွမ်းသတ္တိကို သိသော တိုက်မြေ သုံးထောင်ထဲမှ ကျင့်ကြံသူ တချို့သည် မျက်မှောင်ကြုတ်သွားကြသည်။

စူးချန်ကဲသည် သူ၏ ခွန်အား အလုံးစုံကို မသုံးရသေးမှန်း သူတို့ ရဲရဲကြီး အာမခံနိုင်သည်။စူးချန်ကဲသာ ခွန်အားအစစ်အမှန်ကို ပေါင်းထည့်လိုက်မည်ဆိုပါက ဒီထက် ကြောက်စရာကောင်းပေတော့မည်။

အကယ်၍ စူးချန်ကဲသာ သူ၏ သူတော်စင် ခန္ဓာကိုယ်နှင့် ဓားစွမ်းရည်ကို ပူးပေါင်းလိုက်မည် ဆိုပါက ၊ ဟုန်ချန်းဓားသခင်လေး၏ အဖြစ်ကို သူတို့ မတွေးဝံ့ပေ။

“ကောင်းပြီလေ”

“ဒါဆို ဓားတစ်ချောင်းနဲ့ ရလဒ်ကို ဆုံးဖြတ်ကြမယ်”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည် ။

သူသည် သူ၏ ကာယခွန်အားကို အသုံးချရန် စိတ်ကူးမရှိပေ။ ဤတစ်‌ခေါက် အခွင့်အရေးတွင်၊ စစ်မှန်သော ဓားပညာ ပြိုင်ဆိုင်မှုဖြင့် သူ၏ ဓားပညာရပ်ကို မြှင့်တင်မည် ဖြစ်သည်။

ယဲ့ဝူချန်၏ မျက်ဝန်းထဲ၌ ဓားအလင်းတန်းများ ဖြင့် တောက်ပနေပြီး တုနှိုင်းမရသော ဓားစွမ်းအင်သည် သူ၏ ဘေးပတ်ပတ်လည်ကို ဝန်းရံထားသည်။

“ညီလေး အောက်ထျန်းရဲ့ ခိုင်းထျန်းဓားက အရင်တုန်းက မင်းကို ရှုံးခဲ့တာဆိုတော့ ဒီနေ့ ငါ ခိုင်းထျန်းဓား နဲ့ပဲ ထပ်တိုက်မယ်!”

[ T/N -ခိုင်းထျန်း ဓား - ကောင်းကင်တံခါးကို ဖွင့်လှစ်နိုင်သော /အပိုင်း(၂၃)တုန်းက ဖော်ပြခဲ့ဖူးတယ် ]

ဟုန်ချန်းဓား နှင့် ယဲ့ဝူချန်သည် ရင်းနှီးသော ဆက်သွယ်မှုရှိပြီး ၊ ၎င်းသည် ယဲ့ဝူချန်၏ အတွေးများကို သတိပြုမိပုံရသည်။

ဟုန်ချန်းဓားရှည်သည် ယဲ့ဝူချန်၏ရှေ့တွင် တုန်ခါနေပြီး တောက်ပသော အလင်းရောင်နှင့်အတူ ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်မည်ဟု ကတိပြုထားသလိုပင်။

ယဲ့ဝူချန်သည် ဘာမှမထူးခြားသော အမူအယာဖြင့် ဓားကို လှမ်းကိုင်လိုက်သည်။

ချက်ခြင်းဆိုသလို၊ ပြင်းထန်သော ဓားစွမ်းအင်တို့သည် နေရာတစ်ခုလုံး ပြန့်နှံ့သွားသည်။

ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ အရူးအမူး ယိမ်းယိုင်နေလေသည်။

“ကောင်းကင်ကို ဖွင့်စေ!”

ယဲ့ဝူချန်လက်ထဲတွင် ရှိသော ဓားရှည်သည် အပြာရောင် အလင်းတန်းများဖြင့် ပွင့်ထွက်လာခဲ့သည်။

ကောင်းကင်ကို ဖွင့်လှစ်မည့် အနက်အဓိပ္ပာယ်ကို သယ်ဆောင်ထားသော ပေထောင်ချီသော ဓားစွမ်းအင်များသည် စူးချန်ကဲဆီသို့ ကျရောက်သွားသည်။

ထိတ်လန့်စရာကောင်းသော ဓားကို ကြည့်နေသော စူးချန်ကဲ၏ မျက်ဝန်းများမှာမူ ရေပြင်ညီအလား ငြိမ်သက်နေသည်။

သူသည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်ရာ ၊ ဤအခိုက်အတန့်တွင် အချိန်များ နှေးကွေးသွားသကဲ့သို့ အေးစက်သော အလင်းတန်းများသည် ကောင်းကင်ဓားပေါ်တွင် ရောင်ပြန်ဟက်လို့ နေသည်။

ဓားသည် စစ်သည်တို့ကြားထဲတွင် ဘုရင်တစ်ပါး အလား။

ဓား၏ အဆုံးစွန်သော ကျင့်စဉ်ကို ကျင့်ကြံနိုင်သူသည် ကောင်းကင်ကို ပိုင်းဖြတ်၍ ၊ကမ္ဘာမြေကို ဖျက်စီးကာ ၊ နတ်ဘုရားကိုတောင် သုတ်သင်နိုင်ပြီး ၊ ဗုဒ္ဓ ပင်လျှင် သတ်ဖြတ်နိုင်သည်။

ဓားတွေ့ဆုံရာ ရဲရင့်သူသာလျှင် အနိုင်ရပေမည် ။

“ တာအိုသတ်ဖြတ်ခြင်း ဗျူဟာ ၊ ဟယ်တောက်!”

ဤသည်မှာ အရင်က စူးချန်ကဲ ရရှိခဲ့သော တာအိုသတ်ဖြတ်ခြင်း ဗျူဟာ ၏ ဒုတိယမြောက် အဆင့်ပင် ဖြစ်သည်။

[T/N : အပိုင်း(၂၄)မှာ ဖော်ပြပြီးသားပါ ၊ ထပ်ဖော်ပြလိုက်ပါတယ်

တာအိုသတ်ဖြတ်ခြင်းဗျူဟာတွင် ဖိန်းဝေဝူတောက် ၊ဟယ်တောက်၊ကျန့်တောက် ဟူ၍ ဓားသုံးမျိုး ခွဲထားသည် ၊

ဖိန်းဝေဝူတောက် -ညဏ်အလင်းကို ခွဲခြားခြင်း၊

ဟယ်တောက် - သဘာဝတရားကြီးနဲ့ လူအရေးကိစ္စတွေကို ကိုက်ညီအောင် ပေါင်းစည်းခြင်း

ကျန့်တောက် - လမ်းစဥ်ကို ဖြတ်တောက်ခြင်း ]

ဤအခိုက်အတန့်တွင် သူသည် ဤအဆင့်၏ အနှစ်သာရကို သဘောပေါက်သွားခဲ့သည်။

“ချိုးဖြတ်!”

ဓားအလင်း ဖြတ်သွားရာ နေရာတိုင်း ၊ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး အာကာသ အပိုင်းအစများသည် အက်ကွဲသွားသော မှန်တချက်ကဲ့သို့ ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားဆန္ဒအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ၊ အဆုံးမရှိသော အလင်းရောင် အဖြစ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ကွဲအက်သံ!

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဓားအလင်းသည် ပိုမိုတောက်ပလာသည်နှင့် အမျှ ၊ ယဲ့ဝူချန်၏ ဓားသည် ကောင်းကင်ယံတွင် ပျံဝဲနေသော ကြယ်ပွင့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

“ဒါက အောက်ထျန်း ပြောဖူးတဲ့ အဲ့ဓားရဲ့ ပုံစံဆိုတာလား...”

“မဆိုးဘူး....”

အပိုင်းပိုင်းကွဲသွားပြီ ဖြစ်သော သူ့ဓားကို မြင်လိုက်ချိန်တွင် ၊ ထိုအချိန်မှစ၍ သူ ကျရှုံးသွားပြီ မှန်း ယဲ့ဝူထျန်း သိလိုက်ရသည်။

……

အဆုံးမရှိသော အဖြူရောင်အလင်းတန်းကြီး ပေါက်ကွဲလို့ အပြီးတွင် ၊ လူတိုင်း သူတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ကြသည်။

ဝတ်ရုံဖြူ အမျိုးသားတစ်ဦးသည် စိမ်းပြာရောင် ဓားရှည်တစ်လက်ဖြင့် ယဲ့ဝူချန်၏ မျက်နှာအား ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုရှိနေပြီး ၊ သို့သော် ထိုအပြုံးသည် ယခုအချိန်မှာတော့ ချစ်စရာကောင်းလွန်းပေသည်။

“မင်းရှုံးပြီ”

စူးချန်ကဲ၏ အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိပ်တန်းပြိုင်ပွဲကြီးမှာ အိပ်မက်တစ်ခုလို ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အပိုင်း(၁၄၇): ရှေးခေတ် ပါရမီရှင်များ၏ ပူးပေါင်းကြံစည်မှု

ယဲ့ဝူချန်သည် ဝမ်းသာအားရ ပြုံးကာ ဦးညွှတ်လိုက်သည်။

“ချန်ကဲ ဆက်ခံသူရဲ့သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ် “

ယဲ့ဝူချန်အနေဖြင့် သူ၏ ရှုံးနိမ့်ခြင်းအပေါ် ဂရုမစိုက်ပေ။ရှေ့ဆက်ရမည့် ခရီးလမ်းတွင် ဓားရေး ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရန် ဓားကို စဉ်ဆက်မပျက် လေ့ကျင့်ရန်သာ ဖြစ်သည်။

နောက်ဆုံး ဓားချက်တွင် သူသည် ကမ္ဘာကြီး၏ စွမ်းအားကို ခံစားခဲ့ရသည်။

ထိုဓားချက်ကို ထုတ်သုံးခဲ့စဉ် ၊ စူးချန်ကဲသည် ဓားစွမ်းအင်၏ အများစုကို ထိန်းချုပ်မထားခဲ့ဘူး ဆိုပါက ၊ သူသည် ယခုအချိန်လောက်ဆို အန္တရာယ်ဖြင့် ကြုံတွေ့ရနိုင်သည်။

……

အချင်းချင်း နှုတ်ဆက်ပြီးနောက်။

အဝေးကိုထွက်သွားပြီဖြစ်သော စူးချန်ကဲ၏ ပုံရိပ်ကို ငေးကြည့်ရင်း ၊ယဲ့ဝူချန်၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ရောထွေးဝင်ရောက်နေခဲ့သည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ... ဆက်ခံသူ?

“တကယ်ကို ရွှေခေတ်ပဲ...”

သို့သော် ယဲ့ဝူချန် သက်ပြင်းမချခင် ၊ သူ့ပခုံးကို တစ်စုံတစ်ယောက်က လှမ်းပုတ်လာခဲ့သည်။

ဝူကျီအောက်ထျန်းက ဟုန်ချန်ဓားကို ကြည့်ရင်း ပြောရှာသည်။

“ဆရာ ဦးလေး၊ စိတ်ဓာတ်မကျနဲ့ ၊ ဒီကောင် စူးချန်ကဲက နတ်မိစ္ဆာတစ်ကောင်ပဲ၊ ဖြည်းဖြည်းချင်း ကျင့်သားရလာမှာပါ!”

ပါရမီရှင်တွေကြားက ပြိုင်ဆိုင်မှုဆိုတာ ဘာတုန်း?

ကောင်းကောင်းမွန်မွန် နေထိုင်ပြီး ထာဝရအသက်ရှင်ဖို့က ပိုပြီးအရေးကြီးတာ မဟုတ်လား?

သူသာ ဒီလို လူထူးဆန်းတွေထက် နည်းနည်းပိုပြီး အသက်ရှင်သန်နိုင်နေသ၍ ၊ ဒါလည်းအောင်နိုင်ခြင်း တစ်မျိုးပဲ !

ဝူကျီအောက်ထျန်း တစ်ယောက် သူ၏ အနာဂတ်ကမ္ဘာလေးကို စိတ်ကူးယဉ်လာခဲ့ပြီ ဖြစ်သည် ။ရလဒ်သည် နှေးကွေးနိုင်သော်လည်း ၊သို့သော် ဉာဏ်အလင်းရရှိ၍ မသေမျိုးနွယ် တစ်ယောက် ဖြစ်လာနိုင်ခဲ့ရင် ၊ သူ၏ အိမ်မက်လေးအတွက် ပြသနာမရှိနိုင်ပေ။

နူးညံ့သောနှလုံးသားပိုင်ရှင် ဝူကျီအောက်ထျန်းကို ကြည့်ရင်း ယဲ့ဝူချန်မှာ ခေါင်းတယမ်းယမ်းဖြင့် ခါးသီးစွာ ပြုံးနေမိသည် ။

သူ အရင်ကတည်းက တူဖြစ်သူထံမှ စူးချန်ကဲ မည်မျှ ကြောက်စရာကောင်းသည်ကို အမြဲလိုလို ကြားခဲ့ရသည်။ယခုတွင်မူ ၊ဝူကျီအောက်ထျန်း၏ ကြောက်စိတ်ကို သူနားလည်သွားပုံ ရပေသည်။

“ ဝမ်ချွမ်ဓား ၊ ဒီကောင်လည်း စူးချန်ကဲကို စိတ်ဝင်စားလောက်မလား?”

“ ထားပါတော့...ဒီကောင်က ငါ့ထက် ဓားကို ပိုစွဲလန်းနေတာ”

“ ရှင်ဘုရင် အချင်းချင်း မမြင်တာ ကောင်းပေမည် ၊ မဟုတ်ရင် သွေးစွန်း ပေတော့မည် “

…….

မကြာမီတွင်၊ စူးချန်ကဲသည် သွေးနတ်ဆိုးနဂါးကို သိမ်းပိုက်ခဲ့ပြီး ၊လော့ဟယ် ဓားဂိုဏ်း၏ ဓားသခင်ငယ်ကို အနိုင်ယူခဲ့သည့် သတင်းသည် ဟာရီကိန်း မုန်တိုင်းသဖွယ် ပျံ့နှံ့သွားလေသည်။

ရှေးဟောင်းကမ္ဘာ၏ နယ်ပယ်အသီးသီးတွင် ပြင်းထန်သော ဂယက်များဖြစ်ပေါ်စေခဲ့သည်။

ထိုသတင်းကို ကြားလိုက်ရသော မျိုးဆက်သစ်လူငယ် အပေါင်းတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ၊ မျက်လုံးအပြူးသားဖြင့် ငူငူငိုင်ငိုင် ဖြစ်လို့နေသည်။

နေ့ခင်းကြောင်တောင် အေးစက်မှုကို ရုတ်ချည်း ခံစားလိုက်ရသလိုမျိုး ၊ ၎င်းတို့၏ စိတ်ဝိညာဉ်ပင်လျှင် အေးစက်သွားရသည်။

သွေးနတ်ဆိုးနဂါးသည် ရှေးဟောင်း ကမ္ဘာ၏ ဘေးဥပဒ်အဆင့်ရှိ သားရဲကောင်အဖြစ် လူသိများပြီး ၊ ၎င်း၏ အစွမ်းထက်သော အသွေးအသားများဖြင့် ပါရမီရှင် ၉၀%ကျော်ကို ဖယ်ရှားပစ်နိုင်သည်။

သို့သော် စူးချန်ကဲသည် ဤကဲ့သို့သော သူမျိုးကို အလွယ်တကူ အနိုင်ယူခဲ့သည်။

ထို့အပြင် လော့ဟယ်ဓားဂိုဏ်း၏ ဓားသခင်ငယ် နှင့် ပတ်သတ်သော ထူးချွန်သော နောက်ခံ‌အကြောင်းအရာများကို ကြားသိဖူး‌သော ပါရမီရှင်တချို့က ပြန်လည် ဖောက်သည် ချခဲ့ကြသည်။

တိုက်မြေ သုံးထောင်တွင် ထိပ်တန်း ဓားဂိုဏ်းဖြစ်သော ရှေးခေတ် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ၊သာ့နိမ်(အနန္တစွမ်းအားရှင်) ပြီးပြည့်စုံနယ်ပယ်အဆင့်ကို ရောက်ရှိပြီး ဖြစ်ရာ ၊ ထို့အပြင် ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့သော သူတော်စင် လက်နက် ဖြစ်သည့် ဟုန်ချန်ဓားကို လက်လွှဲယူခဲ့သည်။

သို့သော် နောက်ဆုံးတွင်မူ ၊ စူးချန်ကဲ၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။

စူးချန်ကဲ သည် ထိုစဉ်အခါက သူ၏ သူတော်စင် ခန္ဓာကိုယ် အသွေးအသားများကို အသက်မသွင်းဘဲ တိုက်ခိုက်ခဲ့သည်ကို သင် သိထားရမည် ။

ဤတိုက်ပွဲကနေ တဆင့် ပြသနိုင်ခဲ့သော စူးချန်ကဲ၏ ခွန်အားသည် ရှေးခေတ် ပါရမီရှင်များတင်မက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

ဤသည်မှာ လူငယ်အဓိပတိ အဖြစ် တည်ရှိမှုတင် မဟုတ်တော့ဘဲ ၊ တားမြစ်အဆင့်တောင် ရောက်ရှိနေပြီ ဖြစ်သည်။

ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများ ပေါ်ပေါက်လာခြင်းသည် ယနေ့ခေတ် လူငယ် မျိုးဆက်များအပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သည် ။

ယခုအခါတွင် စူးချန်ကဲသည် သူတို့ဖြတ်ကျော်၍ မရနိုင်သောတောင်ကြီးသဖွယ် ဖြစ်လာခဲ့ပြီး ၊ ခေတ်ပြိုင်လူငယ်များ အနေဖြင့် အသက်ရှုမဝအောင် ဖြစ်လို့ နေချေပြီ။

“ အားလုံး ကြားဖူးပြီးသားဖြစ်မှာပါ၊ အခု စူးချန်ကဲကို လူငယ် တားမြစ်ချက် တစ်ခုအဖြစ် သတ်မှတ်ခံနေပြီ “

“ဒီတိုင်း လွှတ်ထားဦးမယ်ဆိုရင် ၊ ငါတို့အတွက် ဘာအကျိုးမှ ရှိလာမှာ မဟုတ်ဘူး “

မြူမှုန်များ အုံ့ဆိုင်းနေသော ရှေးဟောင်း ဂူတစ်ခုတွင် ရှေးခေတ် ပါရမီရှင် အုပ်စုတစ်စုသည် ကျောက်ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်။

ဟွမ်လော့ရှင်း၏ စကားများကို နားထောင်ပြီးနောက် ၊ လူတိုင်း မျက်မှောင်ကြုတ်ကာ လေးနက်သော အကြည့်များဖြင့် ဘာမှပြန်မပြောကြပေ။

“ဟွန်း ! ဟွမ်လော့ရှင်း လေကြီးလေကျယ်လုပ်မနေနဲ့ ၊ မင်းသတ္တိမရှိရင် ငါ စူးချန်ကဲကို သွားပြီး နှိပ်ကွပ်နိုင်တယ်!”

လုံပါ့ထျန်းသည် ကျောက်စားပွဲအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး၊ အော်ပြောလိုက်သည်။

“ ငါ့ရဲ့ ကောင်းကင်ဘုံ အာဏာရှင် နဂါးရဲ့ အသွေးအသားကို ပြီးပြည့်စုံအောင် ပေါင်းစပ်ပြီးပြီ ၊ ပြိုင်ဘက်က သူတော်စင် ခန္ဓာကိုယ်ရှိတယ် ဆိုတောင် ငါ သူနဲ့ တစ်ပွဲတစ်လမ်း စမ်းရဲတယ်!”

ဟွမ်လော့ရှင်းက တခ်ခ်ခ်ဖြင့် ရယ်မောလိုက်သည်။

“ နင် အရင်က သူ့လက်ထဲမှာ သေဖို့ နည်းနည်းပဲ လိုတော့တာနော် ၊အခု မြန်မြန် သက်သာသွားပြီ ဆိုတော့ ဒဏ်ရာကို မေ့ချင်နေပြီပေါ့?”

“ပြီးတော့ စူးချန်ကဲမှာ တခြား ဝှက်ဖဲမရှိဘူးဆိုတာ ရှင် ဘယ်လိုလုပ် သိတုန်း ၊ ပြီးတော့ သူက အဲ့လောက်ထိ သန်မာတဲ့ ခွန်အားမျိုး မရှိဘူးဆိုတာကိုလည်း ရှင် ဘယ်လိုသိတုန်း “

ဤစကားများသည် မူလက “မာန်မာနအပြည့်” ဖြင့် ရှိနေခဲ့သော လုံပါ့ထျန်း ကို ရုတ်တရက် ညှိုးငယ်သွားစေခဲ့သည်။

စူးချန်ကဲသည် လုံပါ့ထျန်း အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီး တစ်ခု ဖြစ်ပြီး ၊ စူးချန်ကဲကို အနိုင်ယူခြင်းသည် သူ့ကိုယ်သူ သက်သေပြရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

“ငါ့ရဲ့ ထျန်းရှန်းဂိုဏ်းမှာ ရှေးကျတဲ့ သတ်ဖြတ်အစီအရင် တစ်ခုရှိတယ် ၊စူးချန်ကဲကို သတ်ဖို့ မခက်ဘူးလို့ ငါ ယုံကြည်တယ်”

လူအုပ်ကြားထဲမှာ ချူချန်ချင်းသည် လက်ဖက်ရည် ‌သောက်ရင်း အေးအေးလူလူ ဆိုလိုက်သည်။

“ဒါပေမယ့် မင်းတို့အားလုံးက ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတယ်”

ရှေးခေတ် ပါရမီရှင် တစ်ဦးက ထိုစကားကို ကြားတော့ အေးစက်စွာ နှာမှုတ်လိုက်ရင်း

“ မင်းတို့ ထျန်းရှန်းဂိုဏ်းက အကျင့်သီလကို ဘယ်လိုသင်ကြားပေးထားလဲ ဆိုတာ ငါသိပ်မရှင်းဘူး ၊ မင်းနဲ့ ပူးပေါင်းရမယ်ဟုတ်လား? တကယ်လို့ မင်း ငါတို့ကို လှည့်စားဖို့ကြိုးစားရင် ဘယ်လိုလုပ်မလဲ?”

ထျန်းရှန်း ဂိုဏ်းသည် ချန်ဖုန်း ရှေးခေတ် အင်အားစု တစ်ခု ဖြစ်သော်လည်း၊ သို့သော်ဂိုဏ်း၏ ဂုဏ်သတင်းမှာ တကယ်ကို မကောင်းလှပေ။

စူးချန်ကဲသည် ထိုစကားကိုကြားတော့ မှုန်ကုပ်ကုပ်ပြုံးလိုက်ပြီး ၊ လက်ဖက်ရည်ကို ပြန်သောက်ရင်း ဘာမှထပ်မပြောတော့ပေ ။

သူ့အတွက်တော့ ပူးပေါင်းသည်ဖြစ်စေ ၊မပူးပေါင်းသည် ဖြစ်စေ အရေးမကြီးပေ။

သူ့တွင် ကောင်းကင်ဘုံ ခန္ဓာကိုယ် ရှိပြီး၊ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ အနေဖြင့် မာနတရားလည်း ရှိသေးသည်။

သူသည် စူးချန်ကဲ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်နှင့် မှတ်တမ်းတင်ထားသော သူတော်စင် တာအို သန္ဓေသားကြားက ခြားနားချက်ကို အမှန်တကယ် ခံစားကြည့်ချင်ခဲ့သည်။

“ ငါ့အမြင်အရတော့ ကွေးယွမ် သူတော်စင် နယ်မြေက ဟာတွေကို အကုန်ရှင်းပစ်သင့်တယ် ၊ ရှေးဟောင်းကမ္ဘာမှာ သေမှာလား ရှင်မှာလားဆိုတာ ကံကြမ္မာအတိုင်းပဲ ၊ ကွေးယွမ် သူတော်စင် နယ်မြေ ရှိနေသ၍ ငါတို့အတွက် အခက်အခဲတွေ ဆက်ရှိနေဦးမှာပဲ”

“မိုက်မဲလိုက်တာ! ကွေးယွမ်မှာ စူးချန်ကဲ တင် မကဘူး ယဲ့လင်ထျန်းနဲ့ တခြားသူတော်စင်တွေကလည်း ကွဲဖို့ခက်တဲ့ အခွံမာသီးတွေချည်းပဲ!”

“ဒါဆို စူးချန်ကဲ ရဲ့ နောက်လိုက် မိန်းကလေးကို ပြန်ပေးဆွဲပြီး သူ့ကို ငါတို့ရဲ့ နေရာကို ဆွဲခေါ်ကြမလား?”

“…..”

ရှေးခေတ် ပါရမီရှင်များစွာသည် ၎င်းတို့၏ “အကြံအစည်များ”ကို ထုတ်ဖော်ခဲ့ကြသည်။

စူးချန်ကဲသည် အလွန်ကို သန်မာလွန်းသည်။ ပြင်းထန်လွန်းပြီး သူတို့၏ အလင်းရောင်ကို ပိတ်ဆို့ထားသောကြောင့် ဤကမ္ဘာကြီးတွင် ထိုကဲ့သို့ အလွန်အစွမ်းထက်သော ဇာတ်ကောင်မျိုးကို ထားရန်မသင့်ပေ ။

သို့သော် ထိုအချိန် ၊ ရုန်းရင်းဆန်ခတ် ဖြစ်နေသော လူအုပ်ကြီးထဲ အသံတစ်ခု ထွက်ပေါ်လာသည်။

“အားလုံးလည်း ရှင်သန်လာတာ ကြာခဲ့ပြီဆိုတော့ ဒီကမ္ဘာကြီးအကြောင်း နားလည်လောက်မှာပါ ၊မကြာသေးမီက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ခွင်းလွင် တောင်အကြောင်း ဘာသိထားကြလဲ”

လူတိုင်းက တု ကိုယ်တော် ကို နားမလည်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။

“ ငပြောင်မြည်း၊ မင်းပြောချင်ရင် တိုက်ရိုက်ပြော၊ ဝေ့ပတ်မနေနဲ့”

လူတိုင်း၏ သံသယများကို ကြားရသော်လည်း တု ကိုယ်တော်သည် ဒေါသမထွက်ဘဲ အေးအေးလူလူ ရှင်းပြလိုက်သည်။

“ခွင်းလွင် တောင်က ကမ္ဘာပေါ်မှာ အနှစ်သုံးထောင် မှ တစ်ကြိမ်သာ ပေါ်တဲ့ အခွင့်အရေး တစ်ခုပဲ ၊ ပြောကြတာက အဲ့မှာ အမတဖြစ်နိုင်မယ့် လျို့ဝှက်ချက် တစ်ခုရှိတယ်တဲ့”

“ ဒီလိုအခွင့်အရေးက တိုက်မြေ သုံးထောင်မှာ အလွန်ကို ရှားပါးတဲ့ တည်ရှိမှုပဲ ၊အဲ့က အခွင့်အရေးက ဒီတခေါက် ခရီးစဉ်ထက် ပိုပြီး ကြီးမားတဲ့ အခွင့်အရေးဖြစ်မယ်လို့ ယုံကြည်တယ်”

“ငါတို့တွေ ဘာလို့ ကောင်းကောင်း လှည့်ပတ်မကြည့်ရမှာလဲ ၊ ဒီလောက် အခွင့်အရေးကြီးအတွက် စူးချန်ကဲ အဲ့ကို သွားမှာ သေချာတယ် ၊ ငါတို့လုပ်ရမှာက သားကောင်ကို ဂူထဲ ဝင်အောင် ဖိတ်ခေါ်နိုင်ဖို့ပဲ “

“ဒါပေမယ့် ကိုယ်တော်မှာ နောက်ထပ် တောင်းဆိုချက် တစ်ခု ရှိတယ် ၊ အဲ့ဒီအချိန်ကြရင် စူးချန်ကဲကို ကိုယ်တော်ရဲ့ ဗုဒ္ဓလမ်းစဉ်ကို ဝင်ရောက်ဖို့ ကူညီပေးရမယ်”

ရှေးခေတ်ပါရမီရှင်များစွာသည် ခဏလောက်စဉ်းစားပြီးနောက် ၊ တုကိုယ်တော်၏ တောင်းဆိုမှုကို အလွယ်တကူ သဘောတူခဲ့ကြသည်။

သူတို့အလိုရှိသည်မှာ စူးချန်ကဲသည် ဤကမ္ဘာကနေ အနားယူဖို့သာ ဖြစ်ပြီး ၊ ကျန်တဲ့အပိုင်း သူတို့စိတ်မဝင်စားပေ။

သို့သော် ထောင့်နားတွင် ရပ်နေသော ကျန့်ကိုယ်တော်၏ မျက်နှာမှာ အနည်းငယ် ညိုးနွမ်းနေသည်။

“ တု ကိုယ်တော်ကို ကြည့်ပြီး ဘာလို့ ထူးဆန်းနေသလို ခံစားနေရပါလိမ့်..”

သူသည် တုကိုယ်တော် အကြောင်း များများစားစား မသိသော်လည်း ၊ သို့သော် တု ကိုယ်တော်၏ နည်းလမ်းများကို သူ မကြိုက်သည်မှာ အာမခံနိုင်သည်။

သို့သော် ထျန်းကျီ ကျွန်းကို ခရီးထွက်ပြီးကတည်းကစ ၊ တု ကိုယ်တော်၏ အမူအကျင့်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်....။

All Chapters