← Chapters

အခန်း (၁၄၈-၁၅၂)

Vol. 11 Ch. 148-152

အခန်း (၁၄၈-၁၅၂)

Vol. 11 Ch. 148-152

အပိုင်း(၁၄၈) :ညနှင့် သံစုံတေးသွားတို့သည် လိုက်ဖက်ညီစွာ စတင် တီးခတ်နေတော့သည်

ဤမုန်တိုင်းကြီး၏ ဇာတ်ဆောင် မင်းသား စူးချန်ကဲမှာမူ၊ ယင်းအကြောင်းကို မသိရှာပေ။

ယခုအချိန်တွင် သူသည် ချန်ဖုန်းအင်ပါယာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ၏ ပြန်လည် ရောက်ရှိလာခြင်းသည် မြို့သူမြို့သားများကို တုန်လှုပ်စေခဲ့သည်။

ကောင်းကင်နှင့် နေမင်းကြီးကိုတောင် ဖုံးလွှမ်းထားသော ဧရာမ သွေးနီရောင် နဂါးကြီး၏ စွမ်းအားသည် မရေတွက်နိုင်သော သက်ရှိသတ္တဝါများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

သို့သော် စူးချန်ကဲမှာမူ တစ်စုံတစ်ခုကို စိတ်ရှုတ်နေပုံရသည်။

ဒီလောက်ကြီးတဲ့ အကောင်ကြီးကို သူ ဘယ်လိုခေါ်ပြီး ဝင်ရမှာပါလိမ့်?

“လူကြီးမင်း၊ အဲ့တာကို ဝိညာဉ်ကွင်းအဖြစ် ပြောင်းလဲလို့ ရတယ်လေ၊ လိုအပ်မှ ဆင့်ခေါ်လိုက်ရုံပဲ...”

ထန်ဝူအာ သည် စူးချန်ကဲ၏ အခက်အခဲကို နားလည်သဘောပေါက်ကာ ကမန်းကတန်း ရှင်းပြရှာသည်။

“မလုပ်နဲ့ လေ ၊ ကျွန်တော်ကို ဝိညာဉ်ကွင်း အဖြစ် ပြောင်းလဲလိုက်ရင် ၊ကျွန်တော် သခင်ကို ခေါ်ပြီး လွတ်လွတ်လပ်လပ် ပျံသန်းလို့ မရတော့ဘူးလေ !”

သွေးနတ်ဆိုးနဂါးကြီးခမျာ ကမန်းကတန်း တောင်းပန်ရှာသည်။

ဝိညာဉ်ကွင်း အဖြစ် ပြောင်းလဲခြင်း ဆိုသည်မှာ၊ ရုပ်ခန္ဓာကို စွန့်လွှတ်ကာ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲခြင်းကို ဆိုလိုသည် မဟုတ်လော။

သူ့ခမျာ အခုမှ လွတ်မြောက်လာတာလေ ၊ ဘယ်လက်ခံနိုင်မတုန်း!

“ဒါပေမယ့် ရှောင်ပိုင် နဲ့ ရှောင်ချင် တို့လည်း ကျွန်မရဲ့ ဝိညာဉ်ကွင်း အဖြစ် ပြောင်းလဲပြီးတာတောင် ၊ ခန္ဓာအသွင် ပြန်ရတာပဲလေ..”

ထန်ဝူအာ က တိုးတိုးလေး ဆိုလိုက်သည်။

ထို့နောက် သူမ၏ လက်ဖဝါးကိုဖွင့်လိုက်ရာ၊ တောက်ပသော အလင်းရောင်နှင့်အတူ အပြာရောင်နှင့် အဖြူရောင် ဝိညာဉ်ကွင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။

ဦးချိုများပါသော မြွေ ကြီး တစ်ကောင် နှင့် မျောက်ဝံကြီး တစ်ကောင်သည် လေဟာပြင် ရပ်ဝန်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် အနှစ်တစ်သိန်း သက်တမ်း ဝိညာဉ်ကွင်းများကို ပိုင်‌ဆိုင်ထားကြသော သားရဲများ ဖြစ်သည့်အပြင် ထန်ဝူအာ၏ သူငယ်ချင်းကောင်း နှစ်ဦးလည်း ဖြစ်သည်။

စူးချန်ကဲကိုတွေ့ပြီးနောက် ၊ သူတို့အားလုံးသည် သူတို့၏ ကျေးဇူးကိုဖော်ပြရန် ဦးညွှတ်ထားကြသည်။ စူးချန်ကဲ‌‌ ကြောင့်သာ မဟုတ်ပါက ၊သူတို့သည် အစောကတည်းက သူများအစာ ဖြစ်နေလောက်ပြီပင်။

ထိုမြင်ကွင်းကို ကြည့်နေသော စူးချန်ကဲက စိတ်ဝင်တစား ဆိုလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ ဒါက မင်းရဲ့ထူးခြားတဲ့ စွမ်းရည်လား “

သူသည် ဤကမ္ဘာ၏ အခြေခံ ဗဟုသုတလောက်ကိုတော့ သိထားသည် ။ သွေးနတ်ဆိုးနဂါးပြောသည့်အတိုင်း ၊ ဝိညာဉ်ကွင်း အဖြစ်သို့ ပြောင်းလဲသွားခြင်းသည် ရုပ်ခန္ဓာ နှင့် မိမိကိုယ်ကို ဆုံးရှုံးခြင်းပင် ဖြစ်သည်။

သို့သော် ထန်ဝူအာတွင် ဝိညာဉ်ကွင်းအဖြစ်ပြောင်းလဲပြီးနောက်မှာလည်း ဆင့်ခေါ်နိုင်သော အထူးစွမ်းရည်မျိုး ရှိနေခဲ့သည် ။

ဒါ ဆင့်ခေါ်သူ အဖြစ် တည်ရှိမှု မဟုတ်လား?

ထန်ဝူအာက ရှင်းပြခဲ့သည်။

“ကျွန်မမှာ ရှိနေတဲ့ အသန့်စင်ဆုံး ဖြူစင်နှလုံးသား ကျောက်စိမ်းယုန် အသွေးအသားကြောင့် ဖြစ်နိုင်တယ်... ဝိညာဉ်ကွင်းအပေါ် မူတည်ပြီး ကျွန်မရဲ့ ထိန်းချုပ်မှုက နည်းနည်းတော့ ကွဲပြားတယ်ဆိုပေမဲ့....”

သူမ၏ စကားများသည် စူးချန်ကဲအား ရုတ်တရက် ဉာဏ်အလင်းရစေခဲ့သည်။

အသန့်စင်ဆုံး ဖြူစင်နှလုံးသား ကျောက်စိမ်းယုန်သည် ထူးကဲသော အရည်အသွေးများ ရှိသည့် အနှစ်တစ်သိန်း ဝိညာဉ်ကွင်းကို ပိုင်ဆိုင်သော သားရဲကောင်ဟု ဟု ဆိုကြပြီး ၊ထို့အပြင် ၎င်းသည် အလွန်ရှားပါးသော ဖြစ်တည်မှု တစ်ခုလည်း ဖြစ်သည်။

သူအရင်က ပြောခဲ့သည့်အတိုင်း ၊ ထန်ဝူအာ သည် သန္ဓေပါ ဝိညာဉ် ဟု ဆိုရနိုင်သော်လည်း သို့သော် မပြည့်စုံသေးပေ။

အကယ်၍ သူသာ ထန်ဝူအာကို ဆွဲခေါ်နိုင်မည်ဆိုပါက ၊ သူသည် အနှစ်တစ်သိန်း ဝိညာဉ်ကွင်း ရှိသော သားရဲကောင် နှင့် လူမိုက် သုံးကောင်ကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်လော။

“ ထန်ဝူအာ မင်း ဒီကမ္ဘာကြီး အကြောင်းကို တကယ်ပဲ နားလည်လား”

စူးချန်ကဲသည် အပြုံးမပျက် အမှတ်မထင် မေးလိုက်သည်။

“ကမ္ဘာကြီးအကြောင်းကိုလား?”

“ဝူအာက တုံးအလွန်းတယ် ၊ လူကြီးမင်း ရဲ့ ဆိုလိုရင်းကို နားမလည်ဘူး...”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကောင်းကင်ကို လက်ညိုးထိုးပြလိုက်သည်။

“ မင်းနေထိုင်တဲ့ ရှေးဟောင်း ကမ္ဘာကြီးက စကြာဝဠာတစ်ခုလုံးနဲ့ ယှဉ်ရင် ဖုန်မှုန့်သာသာပဲ ရှိတယ် ၊ ကမ္ဘာကြီးရဲ့ ခမ်းနားလှတဲ့ အကျယ်အဝန်းက မင်းစိတ်ကူးထားတာထက် ကျော်လွန်တယ်”

“မင်းရဲ့ ခွန်အားနဲ့ အရည်အချင်းတွေကို ဒီကမ္ဘာမှာ မြှုပ်နှံမထားသင့်ဘူးလို့ ငါထင်တယ် ၊မင်းက ဟိုးကောင်းကင်ထက်မှာ ရှိနေတဲ့ ကြယ်တွေထက် ပိုပြီး လင်းလက်နိုင်တယ် “

ထိုအကြောင်းကို ပြောရင်း စူးချန်ကဲသည် တဖက်ကို လှည့်လိုက်ပြီး၊

“သွေးနတ်ဆိုးနဂါး၊ မင်း အခုကစပြီး ထန်ဝူအာရဲ့ စကားကိုနားထောင်ရမယ် ၊ သူ့အမိန့်က ငါ့အမိန့်ပဲ”

ပြောပြီးသည်နှင့် မည်သည့်စကားမှ ထပ်မဆိုတော့ပဲ လှည့်ထွက်သွားခဲ့လေသည်။

တချို့ကိစ္စရပ်များအတွင် ၎င်းတို့ ကိုယ်တိုင် ပုံဖော်ခွင့် ပေးလိုက်ခြင်းသည် အကောင်းဆုံးသော ဗျူဟာတစ်ခုပင် ဖြစ်သည်။

လှည့်ထွက်သွားပြီ ဖြစ်သော စူးချန်ကဲ၏ ပုံရိပ်ကို ကြည့်ရင်း ထန်ဝူအာ၏ နှလုံးသားထဲတွင် “ ဟိုးကောင်းကင်ထက်မှာ ရှိနေတဲ့ ကြယ်တွေထက် ပိုပြီး လင်းလက်နိုင်တယ် “ ဆိုသည့် စကားကို ပြန်လည် ကြား‌ယောင်နေမိသည်။

သို့သော် ထန်ဝူအာ မသိခဲ့သည်မှာ အရာအားလုံးသည် စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲသာ ဖြစ်သည်။

ကံကောင်းခြင်း၏ သမီးတော်လေးကို ဖမ်းစားလိုပါက ၊သူ့အနေဖြင့် တစ်ဆင့်ပြီးမှ တစ်ဆင့် တတ်လှမ်းရန် လိုအပ်ပေသည်။

…..

တစ်ချိန်တည်းမှာပင် ၊ အနက်ရှိုင်းဆုံး ဝင်းကြီးထဲ၌ ၊

ချောမောလှပသော ဆံပင်အပြာရောင် ကောင်လေးသည် သူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများကို ငြိမ်သက်အောင် ပြုလုပ်လိုက်သည်။သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်တွေ့နေရသည်။

“မိန်းကလေး ရှင်းယန် ဘယ်လိုလဲ၊ ကျွန်တော်ရဲ့ အရည်အချင်းက မဆိုးဘူး မဟုတ်လား!”

“ ဇီဖူနယ်ပယ်ကိုတောင် ဖြတ်ကျော်နိုင်ခဲ့ပြီ ၊ သုံးရက်တည်းနဲ့ ဒီလို အောင်မြင်မှုမျိုးကို ရနိုင်တာ ၊ ထန်သခင်လေးက တကယ်ကို ထက်မြက်တာပဲ “

ယွင်ရှင်းယန်၏ သူမ ပါးစပ်ကို အသာလေး အုပ်ကာ နူးညံ့စွာ ပြုံးရယ်လိုက်သည်။

စိတ်ထဲမှာတော့ အထင်မြင်သေးစွာဖြင့် ။

သူမ၏ ချန်ကဲ ဆက်ခံသူ နှင့် ယှဉ်ပြိုင်ခိုင်းလိုက်ချင်သေးသည်။

အမှန်အတိုင်း ပြောရလျှင်ဖြင့်၊၎င်းသည် စင်ပေါ်တတ်ဖို့ အဆင့်တောင် မရှိသေးပေ။

“ဒါနဲ့ ဆက်ခံသူ သခင် က ကိစ္စတွေကို ကြိုတင်ခန့်မှန်းတဲ့အရာမှာ အရမ်းတော်တာပဲ”

ယွင်ရှင်းယန် စိတ်ထဲ အနည်းငယ် ရှုပ်ထွေးနေမိသည်။

စူးချန်ကဲ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ၊ ထန်ဟောက်သည် သူမတို့ဆီသို့ တကယ်ပဲ ချဉ်းကပ်လာခဲ့သလို ၊ ထို့အပြင် သူသည် အမည်မသိ လျှို့ဝှက်နည်းလမ်းဖြင့် မှော်ဆေးဝါး များစွာကို ရှာတွေ့ခဲ့သည်။

ထိုပစ္စည်းများကို သူမတို့အား လက်ဆောင် အနေဖြင့် ပေးအပ်ခဲ့ပြီး ၊ ရင်းနှီးမှုရယူရန် လုပ်ဆောင်ခဲ့သည်။

သို့သော် ကွေးယွမ်၏ တခြားသော တပည့်များ၏ အမြင်တွင် ထန်ဟောက်ကို လူရွှင်တော်အဆင့် အဖြစ်သာ မှတ်ယူထားကြသည်။

အကယ်၍ စူးချန်ကဲသည် ထန်ဟောက်ကို အာရုံစိုက်ရန် သူမအား မမှာကြားခဲ့ပါက ၊

သူမအနေဖြင့် ဤ’ပုရွက်ဆိတ်’ကို လှည့်တောင်ကြည့်မည် မဟုတ်။

သို့သော် ဤရက်ပိုင်းအတွင်း စုံစမ်းမေးမြန်းရာမှ တဆင့် ထန်ယောက်တွင် လျှို့ဝှက်ချက်အနည်းငယ်ရှိကြောင်း သိလာရသည်။

သူ မကြာခဏ ပြောလေ့ရှိသည့် အချက်မှာ သူ၏ ကျင့်ကြံမှုကို စည်းတံဆိပ် မခတ်ထားပါက ၊သူသည် ပါရမီရှင် တစ်ဦး ဖြစ်မည်မှာ သေချာပေသည်။ ဤစကားက ယွင်ရှင်းယန်ကို တုန်လှုပ်သွားစေခဲ့သည်။

ယခုအခိုက်အတန့်တွင်မူ ၊သူမသည် ဆက်ခံသူ ပြန်လာသည့် သတင်းကို ကြားလိုက်ရသည်နှင့် မတ်တပ်ထရပ်လိုက်ပြီး ခရီးဦိးကြိုဆိုရန် ထွက်မသွားခင် စကားဆိုလိုက်သည်။

“ ထန်သခင်လေးက အရမ်းထက်မြက်တာပဲ ၊အနာဂတ်မှာ ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ သေချာတယ် ၊ သခင်လေးရဲ့ ဂုဏ်သတင်း ဒီသုံလော့ တိုက်ကြီးတစ်ခွင်လုံး ပျံ့နှံ့သွားမယ့် အချိန်ကို စောင့်မျှော်နေပါ့မယ် “

ပြောရင်းဆိုရင်း ၊ ယွင်ရှင်းယန်သည် မှော်သင်္ကေတများ ပါဝင်သော ခြေရာခံ ကျောက်စိမ်းဆွဲပြားကို ထန်ဟောက် အား လွှဲပြောင်း ပေးအပ်လိုက်သည်။

“ဒီရက်ပိုင်း စကားလက်ဆုံကြရတာ အရမ်း ပျော်ဖို့ကောင်းခဲ့တယ် ၊ဒီကျောက်စိမ်းဆွဲပြားက စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနိုင်တဲ့ အာနိသင်ရှိတယ် ၊ ကျေးဇူးပြုပြီး လက်ခံပါ”

“ရှင်းယန် မိန်းကလေး ...”

ယွင်ရှင်းယန်၏ လှပသော ကျောပြင်ကို ငေးကြည့်ရင်း ထန်ဟောက်၏ မျက်ဝန်းထဲ၌ နူးညံ့မှု အရိပ်အယောင်များ ပေါ်ထွက်လို့နေသည်။

“ဒီလောက် လှပတဲ့ နှလုံးသားရှိပြီး ကြင်နာတတ်တာ.. ဒီလို မိန်းကလေးမျိုးကသာ ငါ ထန်ဟောက် နဲ့ ထိုက်တန်တယ်...”

ရုတ်တရက် ၊စူးချန်ကဲ၏ ပုံရိပ်ကို မြင်ယောင်မိရင်း ၎င်း၏ မျက်လုံးများမှာ အေးစက်သွားပြန်သည်။

“ဟွန်း၊ ဒီကောင်ကို တချက်ကြည့်ရုံနဲ့ လူကောင်း မဟုတ်ဘူး ဆိုတာ တန်းသိသာတယ် ၊ ဒီကောင် အစ်မ ဝူအာ အပေါ် မှာလည်း မရိုးရှင်းဘူး..”

“ ဒီရက်ပိုင်း ခွင်းလွင် တောင် ပေါ်ထွက်လာမှုနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေတယ် ၊ အမှောင်ထဲက တစ်နေရာရာမှာ ၊ ငါနဲ့ ရင်းနှီးနေတဲ့ စွမ်းအားတစ်ခုက ငါ့ကို ခေါ်ယူနေသလိုပဲ...”

“ အဲ့အရာက ငါ့အရင်ဘဝ ဖြစ်ခဲ့တဲ့ ကျွယ်ထျန်း ထန် ဂိုဏ်းက လျှို့ဝှက်ရတနာလည်း ဖြစ်နေနိုင်သလို ၊ လူဝင်စားခြင်း စည်းတံဆိပ်လည်း ဖြစ်နိုင်တယ်...”

ထန်ဟောက်သည် သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။ ဤလူဝင်စားခြင်း စည်းတံဆိပ်သည် သာမာန်ပစ္စည်း မဟုတ်ပေ။သူ့အရင်ဘဝက ဂိုဏ်းခေါင်းဆောင် ရာထူးကို ရယူနိုင်ခဲ့သည့် အကြောင်းရင်းမှာ ထိုစည်းတံဆိပ်ကြောင့်ပင် ဖြစ်သည်။

နောက်ဆုံးတွင် ၊ သူသည် ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့ရာမှ ၊ ဤစည်းတံဆိပ်သည် သူ၏ ဝိညာဉ်အား ဤကမ္ဘာမြေပေါ်သို့ ယူဆောင်လာခဲ့ပုံ ရသည်။

“ လူဝင်စားခြင်း စည်းတံဆိပ်က ငါ ပိတ်သိမ်းထားခဲ့တဲ့ ကျင့်ကြံစည်းချိပ်ကို ပြန်လည် ရုတ်သိမ်းဖို့ ကူညီပေးနိုင်လောက်တယ်...”

“ ယွင်ရှင်းယန်... အစ်မ ဝူအာ ... မင်းတို့အားလုံး က ငါ့အပိုင်ပဲ!”

ယွင်ရှင်းယန် ထွက်ခွာသွား‌သော ဦးတည်ဘက်ကို ကြည့်ရင်း ထန်ဟောက်၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ဆုံးဖြတ်လိုက်လေသည်။

……

ချန်ဖုန်း အင်ပါယာ၏ နန်းတော်၌။

ရွှေ၊ ကျောက်စိမ်းတို့က ပြိုးပြိုး ပျက်ပျက် တောက်ပနေကြပြီး ၊ ဖယောင်းတိုင်မီးများက တဖျပ်ဖျပ် ရိုက်ခတ်နေသည်။

ထန်ဟောက် မြတ်နိုးရပါသော အလှလေးသည် ယခုအခိုက်အတန့်တွင် ပါးလွှာသော အင်္ကျီစလေးကို ဝတ်ဆင်ထားပြီး ၊ သူမ၏ ကျောက်စိမ်း အသားရေလေးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို အမှီသဟဲ ပြုထားလေသည်။

“ထိုက်ယန် ကိုယ်ထည်က တကယ်ကို ထူးကဲတာပဲ”

“ဒီတစ်‌ခေါက် စွမ်းအားက ငါ့ရဲ့ကျင့်ကြံမှုကို သူတော်စင် နယ်ပယ်အဆင့် အစပိုင်းထိ ရောက်နိုင်စေခဲ့တယ်...”

ယွင်ရှင်းယန် ၏ လှပသော မျက်နှာလေးသည် နီမြန်းနေပြီး ၊ အိပ်ရာမှာ စိုစွတ်နေကာ သူမသည် အနည်းငယ် ရှက်ရွံ့နေပုံ ရပေသည်။

“ဆက်ခံသူ သခင်... ထန်ဟောက်က သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတာပဲ ....”

“လွန်​ခဲ့တဲ့ ရက်​အနည်းငယ်​ကတည်းက ကျွန်မကို ​ခေါင်းကိုက်​​အောင် လုပ်နေတာ...”

ယွင်ရှင်းယန်သည် မပြီးဆုံးသေးသော အမူအရာဖြင့် သူမကိုယ်သူမ အားယူလိုက်သည်။

တဖန် သူမသည် စူးချန်ကဲ၏ လည်ပင်းကို အနောက်ကနေ ထပ်ပွေ့ဖက်လိုက်သည်။ နူးညံ့သော အထိအတွေ့သည် အရေပြားကို နမ်းနေသည့် တိမ်တိုက်များကဲ့သို့ပင် ။

“ဒါပေမယ့် ရှင်းယန် ၊သခင်ပေးတဲ့ တာဝန်ကို ကောင်းကောင်းကြီး ထမ်းဆောင်နေပါတယ်..”

“ အဲ့တာကြောင့်...”

“ကျွန်​​မတို့ ထပ်​ပြီး ...”

စူးချန်ကဲသည် အနည်းငယ် ပြုံးလိုက်ပြီး ၊ ယွင်ရှင်းယန်၏ မေးစေ့ကို မော့စေသည်။

ကြက်သွေးရောင် တိမ်တိုက်များကဲ့သို့ ၊ ရေနှင့်တူသော ဤအလှလေးသည် လူကို အိပ်ပျော်ရန် ခက်ခဲစေသည်။

ဖယောင်းတိုင်မီးတို့သည် တဖန် ငြိမ်းသွားခဲ့ပြန်ပြီ။

ညနှင့် သံစုံတေးသွားတို့သည် လိုက်ဖက်ညီစွာ စတင် တီးခတ်နေတော့သည်။

အပိုင်း(၁၄၉) : ခွင်းလွင်တောင် ၊ ကြေးဝါဗိမ္မာန်

နောက်နေ့မနက် ၊

မနက်ခင်းအလင်းရောင်သည် မှိန်ဖျော့စွာဖြင့် ဝင်းထဲသို့ ကျရောက်လျက်ရှိသည်။

တစ်ကိုယ်လုံး အဖြူထည်ကိုသာ ဝတ်ဆင်ထားသော စူးချန်ကဲသည် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ဂရုတစိုက် လေ့လာကြည့်ရှုနေသည်။

အချိန်အတော်တန် ကြာပြီးနောက် ၊ စာအုပ်ကို ဖြည်းညှင်းစွာ ပိတ်ချလိုက်သည် ။ စိတ်ထဲတွင်မူ အတွေးပေါင်းများစွာဖြင့် ။

“ရှေးခေတ်က ခွင်းလွင်လို့ ခေါ်သည့် မြင့်မြတ်သော တောင်တစ်ခုရှိပေရာ ၊ ခေတ်အဆက်ဆက်က ဝိညာဉ်စွမ်းအားများကို စုဆောင်းကာ ပင်ကိုယ်စွမ်းအင်အဖြစ် စုဝေးစေသည် ၊သူ၏ ဝိညာဉ် စွမ်းအားကို အသုံးပြုပါက သူတော်စင် အထွတ်အထိပ် အဆင့် ဖြစ်နိုင်မည့် အခွင့်အရေးများကို ရရှိစေမည်....”

“တခါက သုံးနှစ်ကြာသည့်အထိ ပျောက်ကွယ်မသွားသော အဖိုးတန် အလင်းတန်းကြီး တစ်ခု ရှိခဲ့ရာ ၊ စူးစမ်းလေ့လာချက်အရ... ထာဝရ ဗိမာန်တော်ကြီးကို တွေ့ဆုံခွင့် ရသည်နှင့် တုနှိုင်းမရသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာပေမည်...”

ဤသည် ချန်ဖုန်းအင်ပါယာ၏ ဘဏ္ဍာတိုက်ထဲတွင် တွေ့ရှိခဲ့ရသော လျှို့ဝှက်စာအုပ်များ ဖြစ်ပြီး ၊စာအုပ်ထဲတွင် ခွင်လွင် တောင်နှင့် ပတ်သက်သော ဒဏ္ဍာရီများကို မှတ်တမ်းတင်ထားသည်။

ခွင်းလွင်တောင်သည် ဤရှေးဟောင်း ကမ္ဘာကြီး၏ ဗဟိုချက် ဖြစ်ပြီး ၊ ပင်ကိုယ်စွမ်းအင်ကို စုဆောင်းနိုင်သည်။ထိုနေရာတွင် ဉာဏ်အလင်းရရှိပြီး သူတော်စင် တစ်ပါးဖြစ်လာပါက ၊ မြင့်မြတ်သော အခွင့်အရေးများကို ရရှိနိုင်မည့် အခွင့်အလမ်းများ ပို၍ တိုးပွားလာပေလိမ့်မည်။

သို့သော် စူးချန်ကဲ ပိုစိတ်ဝင်စားသည့် အရာမှာ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ထာဝရ ဗိမ္မာန်ပင် ဖြစ်သည်။

“ ဒါ ငါရှာနေတဲ့ ကြေးဝါ ဗိမ္မာန်နဲ့ ဆက်စပ်နေ နိုင်မလား”

ဝီ!

ထိုအချိန်တွင် သူ့လက်ထဲတွင် ရှိသော ကျောက်စိမ်းသည် နူးညံ့သော အဖြူရောင် အလင်းများ နှင့် အတူ တုန်ခါလာခဲ့သည်။

ဤသည်မှာ ထျန်းကျီကျွန်း ပိုင်ရှင်မှ သူ၏တမန်တော် လျှို့ဝှက်ကျောက်စိမ်းဆီသို့ သတင်းအချက်အလက် ပေးပို့လိုက်ခြင်း ဖြစ်သည်။

စူးချန်ကဲသည် ပေးပို့မှုကို အတည်ပြုပြီးသည်နှင့် ၊ စိတ်လှုပ်ရှားနေသော ထျန်းကျီကျွန်း ပိုင်ရှင်၏ အသံသည် စူးချန်ကဲ၏ အာရုံထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ချန်ကဲ ဆက်ခံသူ သတင်းကောင်းပါလာတယ် !”

“နောက်ဆုံးတော့ ဒီရဲ့ ရှန်းချန်လျို့ဝှက်သော့ နဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းကို ရှာတွေ့ခဲ့ပြီ “

သူ၏ အသံမှာ အလွန်စိတ်လှုပ်ရှားနေပုံ ရသည်-

“ ကျွန်တော် ထောက်လှမ်းချက် အရ ၊ ဒီတခေါက် ခရီးစဉ်ဖြစ်တဲ့ ရှေးဟောင်း ကမ္ဘာရဲ့ ခွင်းလွင်တောင်ပေါ်မှာ ရှိနေနိုင်တယ် !”

“တကယ်?”

စူးချန်ကဲ၏ စိတ်ထဲတွင်လည်း လှိုင်းတံပိုးများ လှုပ်ခတ်လာခဲ့လေပြီ ။

ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော ထာဝရ ဗိမ္မာန်သည် သူရှာဖွေနေသည့် ကြေးဝါ ဗိမ္မာန် နှင့် အလွန်ဆင်တူကြောင်းကို ခံစားချက် ရရှိနေမိသည်။

ခုတော့ ဘာမှအားထုတ်စရာတောင် မလိုဘဲ ၊မျက်စိရှေ့သို့ လွယ်လင့်တကူ ရောက်လာခဲ့လေပြီ ။

“ အဲ့ဒီ လျှို့ဝှက်နေရာက ခွင်းလွင် တောင်တန်းမှာ ရှိနေတယ် ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပေမယ့် ၊ သီးခြားစီ ရှိနေတဲ့ သူ့ရဲ့တည်နေရာကိုတော့ အမည်မသိ အငွေ့အသက်တွေက ဖုံးလွှမ်းထားလို့ ကျွန်တော် ထောက်လှမ်းမရခဲ့ဘူး”

“ကိစ္စမရှိဘူး “

၎င်း၏ သီးခြားတည်နေရာကို မသိတောင် စူးချန်ကဲ စိတ်ထဲမထားပေ။ခွင်းလွင် တောင်ပေါ်တွင် ရှိနေကြောင်း အတည်ပြုနိုင်သ၍ သူ ကျေနပ်ပြီ ဖြစ်သညိ။

မြေ သုံးပေတူးရမည် ဆိုတောင် ၊ ထိုကြေးဝါး ဗိမ္မာန်အား သူ ရအောင် တူးဖော်ပေမည်။

“ ဆက်ခံသူ ... “

ထိုအချိန် ၊ ယွင်ရှင်းယန် သည် သဘာဝမကျသော အမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။

မနေ့ညက ပြင်းထန်သော လေ့ကျင့်ခန်းသည် သူမကို အနည်းငယ် လှုပ်ရှားရခက်စေရာ၊ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ချွေးအနည်းငယ် ရွှဲစိုလို့နေသည်။

“ ထန်ဟောက်က ဒီနေ့ မနက်အစောပိုင်းက ချန်ဖုန်း အင်ပါယာကနေ ထွက်ခွာသွားပြီတဲ့ ၊ ကြည့်ရတာ အလယ်ပိုင်းဒေသဆီကို ဦးတည်နေပုံရတယ်...”

“ ရတနာရှာမယ့် ခရီးစဉ်က ဒီလောက် အမြန်ကြီး စပြီးတဲ့လား ? တော်တော် အရည်အချင်း ရှိတာပဲ ၊ ငါ မှန်းဆရသလောက်ဆို ခွင်းလွင်တောင်ကို သွားတာပဲ ဖြစ်ရမယ် “

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

ထန်ဟောက်၏ လှုပ်ရှားမှုတိုင်းသည် သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည် ဟု ဆိုရ‌ပေမည်။

ထန်ဟောက် တစ်ယောက် သူ့လက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

“ဒီရှေးဟောင်းစာအုပ်မှာ မှတ်တမ်းတင်ထားတဲ့ ခွင်လွင်တောင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ငါ သိခဲ့တယ် ၊သူက အနှစ်သုံးထောင် နေမှ တစ်ကြိမ်ပဲ ပွင့်တယ်တဲ့”

“ ခွင်လွင်တောင် ထွက်ပေါ်ဖို့ လဝက် ကျန်သေးတယ် “

“ရှင်းယန်၊ ဒီကာလမှာ ကျန်တဲ့သူတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခိုင်း ၊ ဒီလဝက်အတွင်းမှာ သူတို့ တိုးတက်လာတာကို ငါ မြင်ချင်တယ်”

စူးချန်ကဲသည် ခွင်လွင် တောင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု လှစ်ဟသွားခဲ့သည် ။ခွင်လွင်တောင်သည် ဤရှေးဟောင်းကမ္ဘာတွင် အကြီးမားဆုံးအခွင့်အရေးဟု ဆိုနိုင်သည်။

ပင်ကိုယ်စွမ်းအင် မှ သူတော်စင်ဖြစ်နိုင်မည့် အခွင့်အရေးမှာ အလွန်ရှားပါးပေသည်။ထို့အပြင်၊ ခွင်းလွင် တောင်တွင် သူတော်စင်ဖြစ်ပြီးနောက် အခွင့်အလမ်းကောင်း များစွာကိုလည်း ရရှိနိုင်သေးသည်။

ဤကဲ့သို့‌သော အကြောင်းအရာများကို ပါရမီရှင်များစွာ သိထားသင့်သည် ။ ဤနေရာတွင် ဖြစ်ပျက်မည့် အကြောင်းအရာ အကုန်လုံး တိုက်မြေ သုံးထောင်ဆီသို့ ပြန်လည်ရောက်ရှိသွားမည် ဆိုပါက ၊ ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ပါရမီရှင်များလည်း ဤနေရာသို့ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။

“ဒါပေမဲ့...”

“ ပိုပြီး ဆူညံ‌လေလေ၊ အမဲလိုက်ပွဲတော်ကြီးကို ကျင်းပရမှာ ထိုက်တန်လေပဲ”

စူးချန်ကဲ၏ စိတ်ထဲတွင် ကြိုတင်သတိပေးချက် တစ်ခု ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။ဤသည်မှာ ခွင်းလွင် တောင် ထွက်ပေါ်မှုသည် “ ခမ်းနားသော ပွဲကြီး တစ်ခု “ ဖြစ်လာပေလိမ့်မည်။

…..

ဤကာလအတွင်း ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ပါရမီရှင်များလည်း နိုးထလာခဲ့ပြီဖြစ်သည်။

လော့ဟယ် ဓားဂိုဏ်း ၊

ကောင်းကင်နှင့် တသားတည်း ဖြစ်နေပုံရသော တုနှိုင်းမရသော ဓားအလင်းသည် စကြာဝဠာကို ပိုင်းဖြတ်ပစ်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးသည် လုံးလုံးလျားလျား ဖြတ်တောက်ခံ လိုက်ရသကဲ့သို့ ၊ ကောင်းကင်ကို ပိုင်းဖြတ်လိုက်သော ဓားတစ်လက်သည် တိမ်တိုက်မှ ပြန်လည် သက်ဆင်းလာခဲ့သည်။

ပြိုင်ဘက်ကင်းသော ဓားအလင်း နှစ်ခုသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းသွားကာ ၊ ထောင်ပေါင်းများစွာသော မုန်တိုင်းများကို နှိုးဆော်လျက် ရှိသည်။

သို့သော် ရုတ်တရက်၊ အဆုံးမဲ့ ဓားစွမ်းအင်တစ်ခုက တစ်ဖန် ဝင်ရောက်လာခဲ့ပြီး ၊ ဤနေရာတစ်ခုလုံးကို ဓားစွမ်းအင် ပင်လယ်အဖြစ် ပြောင်းလဲစေခဲ့သည်။

ချပ်စ်!

ခြေနင်းသံ တစ်ချက် နှင့်အတူ ၊ သားရဲနှင့် တူသော ၎င်းဓားစွမ်းအင်သည် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

မူလက ရှိနေခဲ့သော ဓားစွမ်းအင် နှစ်ခု၏ ပိုင်ရှင်တို့သည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ ၊ အသစ်ပေါ်ထွက်လာခဲ့သော ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်ပိုင်ရှင်ထံ ဒူးထောက်လိုက်ကြသည်။

“ ဖုန်းရွှမ် ဓား၊ လူကြီးမင်းကို ဂါရဝပြုပါတယ်”

“ပါ့ဝမ်ဓား ၊လူကြီးမင်းကို ဂါရဝပြုပါတယ်”

သူတို့နှစ်ဦး လေးစားကိုးကွယ်‌နေသည့်သူမှာ အလွန်ချောမောသော လူငယ်လေး တစ်ယောက် ဖြစ်ပြီး ၊ လေထဲတွင် ပျံ့လွင့်နေသော အနက်ရောင် ဆံနွယ်ပေါ်ရှိ ဖဲကြိုးဖြူလေးသည် အထိန်းအကွပ်မရှိ ကခုန်နေသည်။

သို့သော် သူ၏ ခံစားချက်မဲ့‌သော မျက်နှာသွင်ပြင်သည် လွန်စွာ အေးစက်ပြီး ၊ သူ၏ ရောင်ဝါသည် ကောင်းကင်ဓားအလား။

သူ့ခါးတွင် ရိုးရှင်း‌ပြီး ရှည်လျားသော ဓားရှည်တစ်ချောင်း ချိတ်ဆွဲထားပြီး ၊ဓားပေါ်တွင် ထွင်းထုထားသော စာလုံးနှစ်လုံးသည် လူကို ဖမ်းစားထားသည်။ ၎င်းမှာ ‘ငါသာလျှင် ဤကမ္ဘာ၌ တစ်ဦးတည်းသော မြင့်မြတ်သူ ‘ ဆိုသည့် သဘောတရားဖြင့် ပြည့်နှက်နေပုံရသော “ ဝမ်ချွမ် “ဆိုသည့် အမည်ပင် ဖြစ်သည်။

…..

ယောင်ချီတိုက်မြေ၌ ၊

“ရန်ယွီ၊ ရှေးဟောင်း ကမ္ဘာမှာ ကြီးမားတဲ့ အခွင့်ရေးတစ်ခု ပေါ်ထွက်လာလိမ့်မယ် ၊ အဲ့မှာ အမတ ဖြစ်နိုင်မယ့် လျို့ဝှက်ချက် ရှိတယ်တဲ့ ၊မင်းလည်း အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကြည့်ဖို့ အချိန်တန်ပြီ”

ယောင်ချီသူတော်စင် နယ်မြေ၏ သူတော်စင် အရှင်က နူးညံ့စွာ ဆိုလိုက်သည်။

“မင်းကို အနိုင်ကျင့်တဲ့လူနဲ့တွေ့ရင် မင်း အနေနဲ့ ကြောက်စရာ မလိုဘူး၊ ရဲရဲဝံ့ဝံ့ ပြန်တိုက်ခိုက် ၊တစ်ခုခုဖြစ်ရင် ငါတို့ တာဝန်ယူတယ် “

လော့ရန်ယွီသည် မျက်ရည်လေး တဝဲဝဲဖြင့်။

“ အာ့ဆို ခုတလော နာမည်ကြီးနေတဲ့ ကွေးယွမ်ရဲ့ ဆက်ခံသူက ကျွန်မကို အနိုင်ကျင့်ရင်ရော?”

ဤဝါကျသည် မူလက “ ငါ့ကို ယုံလိုက် “ ဆိုသည့် ယောင်ချီသူတော်စင် နယ်မြေ၏ သူတော်စင် အရှင်ကို ပြောစရာစကားမဲ့သွားစေသည်။

အချိန်အတော်ကြာပြီးနောက် ၊ ရှက်ကိုးရှက်ကန်းဖြင့် ဖြေရှာသည်။

“အင်း… အဲ့တာက…အဲ့တာက သူ မင်းကို ရန်မစရင် ၊ မင်းလည်း သွားရန်မစသင့်ဘူးလေ…”

“ရန်ယွီ၊ မင်းက ဉာဏ်ကောင်းတဲ့ ကလေးမှန်း ငါသိတယ် ၊မင်း ဒီလိုမျိုး မလုပ်မိမှာ သေချာတယ် မလား?”

ယောင်ချီ သူတော်စင် နယ်မြေ၏ သူတော်စင် အရှင် ခမျာ ခါးသီးစွာ ပြုံးရယ်လိုက်သည်။

ဤတိုက်မြေသုံးထောင်တွင် ကွေးယွမ် သူတော်စင် နယ်မြေ မှလွဲပြီး ၊ သူမတို့ ကြောက်ရသည့် အင်အားစုဆို၍ မရှိချေ။

သူမ၏ ဘိုးဘေးများပင်လျှင် ကွေးယွမ်ကို မဆန့်ကျင်ဖို့ အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။

ဤအရာက သူမတို့ကို စိတ်ရှုပ်ထွေးစေသလို တစ်ချိန်တည်းမှာပင် ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ ပုံရိပ်မှာလည်း ပို၍ နက်ရှိုင်းလာခဲ့သည်။

သို့သော်လည်း လော့ရန်ယွီ၏ စိတ်ထဲတွင် အနည်းငယ် စိတ်ပူနေမိသည်။

“မှတ်တမ်းတွေထဲက မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနဲ့ မတူဘူး ဆိုတောင် သူမရဲ့ ဟွိုင့်တွိုင့်ခန္ဓာကိုယ်နဲ့ ဆိုရင်ရော ဘယ်လိုနေမလဲ မသိဘူး”

(T/N - ဟွိုင့်တွိုင့်ခန္ဓာကိုယ် - အရာခပ်သိမ်းကို ဖျက်စီးနိုင်စွမ်းရှိပြီး၊ ကောင်းကင်နှင့် မြေကြီးထံမှ ကောင်းချီးပေးခံရသော ခန္ဓာကိုယ် )

“ တကယ်လို့ ငါ့ကို အနိုင်ယူနိုင်ရင် ၊ ငါ နတ်မိမယ် ဆက်ခံသူနဲ့ လက်တွဲမယ် ... အွန်း မဟုတ်ပါဘူး စဉ်းစားကြည့်ပေးမယ်..”

ထိုအကြောင်းများကို တွေးရင်း စူးချန်ကဲကို လှည့်စားချင်သည့် လော့ရန်ယွီ၏ ဆန္ဒများက ပို၍ ပြင်းထန်လာခဲ့သည်။

…..

နတ်ဆိုးကမ္ဘာတွင်၊

အဆုံးမရှိသော တွင်းနက်ကြီးထဲ၌ ၊ နတ်ဆိုးစွမ်းအင်များက သဲသဲမဲမဲ ပျံ့လွင့်လို့နေသည်။

အမှောင်သားရဲတစ်ကောင်သည် ထိုနေရာမှ တွားသွား ထွက်လာခဲ့သည်။ပိုပြီး အံ့သြစရာကောင်းသည်မှာ ၎င်းဧရာမ သားရဲကြီး၏ နောက်ကျောတွင် ကြီးမားသော ‌အမှောင်နန်းဆောင်ကြီး တစ်ခုကို သယ်ဆောင်ထားခြင်းပင် ဖြစ်သည်။

၎င်းအမှောင်နန်းဆောင်ထဲတွင် အလွန် တန်ခိုးကြီးမားသော ပါရမီရှင်များစွာ ရှိနေသည်။

သို့သော် ယခုအခိုက်အတန့်တွင် သူတို့အားလုံးသည် မလုံမခြုံဝတ်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးလေးထံ၌ ဒူးထောက်ခစားနေကြသည် ။

“သခင်မလေး၊ ဧကရာဇ်မင်း မနိုးသေးဘူး... အခုချိန် ရှေးဟောင်း ကမ္ဘာကို သွားတာ မသင့်တော်ဘူး မဟုတ်လား”

သို့သော် မိန်းကလေးသည် ချစ်စဖွယ် အပြုံးဖြင့် ၊

“ မင်းတို့ဧကရာဇ်မင်း အိပ်နေတာလေးက ချစ်စရာ မကောင်းဘူးလား~”

“သူ့ကို မနှောင့်ယှက်နဲ့တော့ ၊ သူများကဖြင့် ခွင်းလွင် တောင်ကို သွားတော့မယ် ၊ ဒါကလည်း ငါ သူ့အတွက် လက်ဆောင်‌ ပေးချင်လို့ပဲလေ~”

ထိုလူသည် နတ်ဆိုးကမ္ဘာ ၊ နတ်ဆိုးချောက်နက်ထဲက ဧကရာဇ်မင်း၏ သမီးတော် မိုချင်းဝမ်မှလွဲ၍ တခြားသူ မဟုတ်ပေ။

“ ကွေးယွမ်မှာ ဆက်ခံသူ တစ်ဦး ထွက်ပေါ်လာတယ်တဲ့... သူများက အရမ်းကို မျှော်လင့်နေပြီလေ~~”

….

အင်အားစုများစွာ ဆက်လက် ပေါ်ထွန်းလာခဲ့ပြီးနောက်၊ မရဏကမ္ဘာရှိ နတ်ဘုရားအချုပ်ထောင် နန်းတော်သည်လည်း ရှေးခေတ် သင်္ဘောပျံ တစ်စင်းဖြင့် ရှေးဟောင်းကမ္ဘာဆီသို့ ဦးတည်လာခဲ့သည်။

“သခင် ယင်ထျန်းဇီ... ဒဏ်ရာက...”

အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ယင်ထျန်းဇီသည် အေးစက်သောအကြည့်ဖြင့်

“ကိစ္စမရှိဘူး၊ ဒီခရီးစဉ်က ငါ့အတွက် အရမ်းအရေးကြီးတယ် ၊ ခ္ငင်းလွင် တောင်မှာ ရှိတဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတရားကို သူတော်စင်အဆင့်ရောက်အောင် အသုံးချနိုင်ခဲ့ရင် “

“ငါ့ရဲ့ တစ္ဆေဘုရင်ကိုယ်ထည်ကို နောက်တစ်ကြိမ် အသွင်ပြောင်းဖို့ အခွင့်အရေးရှိနိုင်တယ်”

“ ဒါ့အပြင်...”

သူ၏ ဓမ္မကာယ ခန္ဓာကိုယ်ကို ဖြိုခွဲပစ်ခဲ့သော ဝတ်ရုံဖြူကို ပြန်လည်တွေးမိရင်း အမုန်းတရားများ ပြန်လည်နိုးထလာခဲ့သည်။

ဤမသိနားမလည်သော ကောင်အား ကောင်းကောင်းကြီး လက်စားချေရဦးမည်ပင်။ ဒါတင်မက ယင်ထျန်းဇီသည် မျိုးဆက်သစ် တစ္ဆေဘုရင် ခုနစ်ပါး ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။

သူ့တွင် ပန်းတိုင်နှစ်ခု ရှိသည်။

တစ်ခုမှာ ကြီးမားသော အခွင့်အရေးကို ဆုပ်ကိုင်ပြီး ၊

ကျန်တစ်ခုမှာ စူးချန်ကဲကို သတ်ပစ်ရန်သာ။

……..

ကွေးယွမ် သူတော်စင်နယ်မြေ၌ အဖိုးတန်သည့် အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး ၊၎င်း၌ ပါဝင်သော ကောင်းကင်လမ်းစဉ်၏ စွမ်းအားများသည် ကောင်းကင်ဘုံတစ်ခုလုံးကို ပြည့်လျှံသွားစေခဲ့သည်။

မြည်ဟိန်းတုန်လှုပ်သံများကြားတွင် ပြိုးပြိုးပျက်ပျက် ဝင်းလက်တောက်ပနေသော ငယ်ရွယ်သော ရုပ်သွင်များ ပေါ်ထွက်လာသည်။

၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများပင် ဖြစ်သည်။

အင်အားစုများစွာ၏ ရှေးခေတ် ပါရမီရှင်များစွာ ထွက်ပေါ်လာခြင်းသည် သူတို့ကို နိုးကြားစေခဲ့သည်။

များစွာသော နတ်အလင်းတန်းများထဲမှ တစ်ခုသည် ကောင်းကင်တစ်ခုလုံးကို ရွှေရောင်အဖြစ် ဆေးခြယ်ခဲ့သည်။

“ဟာဟား~ ချင်းရှ ဒီကောင်မလေးလည်း နောက်ဆုံးတော့ နိုးလာခဲ့ပြီလား?”

“ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ၊သူမက ပထမဦးဆုံး သူတော်စင်တပည့်တို့ရဲ့ ခေါင်းဆောင် အဖြစ် တတ်လှမ်းလာတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ!”

“ကြည့်ရတာ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံမှုက သူမရဲ့ အရည်အချင်းတွေကို ပိုပြီး အားကောင်းစေပုံ ရတယ် ၊ခွင်းလွင်တောင် ခရီးစဉ်ကနေ သူတော်စင် ဖြစ်လာနိုင်ရင် သူမရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်!”

ဝုန်း!

ထိုအချိန်တွင်၊ နဂါးနှင့် ဖီးနစ်တို့၏ ဟစ်ကြွေးသံတို့သည် ဤကမ္ဘာကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ဒါတင်မက အလွန် ကြောက်စရာကောင်း‌သော သွေးချီစွမ်းအင်များလည်း အရူးအမူး ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံ ကိုးပါးထက်တွင် လေနှင့် တိမ်စိုင်တိမ်ခဲများ ပြောင်းလဲနေကြပြီး ၊ မိုးခြိမ်းသံများဖြင့် ဆူညံလျက်ရှိသည်။ မူလကတည်းက ကြွယ်ဝစွာ ရှိနေသော မြင့်မြတ်‌သော လမ်းစဉ်တို့၏ စွမ်းအားသည် ပို၍ အားကောင်းလာခဲ့ပြီး အရာအားလုံးကို လွှမ်းခြုံသွားလေတော့သည်။

“ဟားဟား၊ ဟောက်ထျန်း ဒီကလေးလည်း နိုးထလာပြီပဲ!”

“ဒီကမ္ဘာပေါ်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကြားထဲမှာ ဘယ်သူကများ ကွေးယွမ်ကို ယှဉ်ပြိုင်နိုင်မလဲ ဆိုတာ ငါ စောင့်ကြည့်လိုက်ဦးမယ်”

ဤလီဟောက်ထျန်းသည် ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူ မဟုတ်သော်လည်း ၊ ဒဏ္ဍာရီလာ သူတော်စင် ခန္ဓာကိုယ်ဆယ်ပါးထဲက တစ်ခုဖြစ်သည့် ရှေးဟောင်းသူတော်စင် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဒဏ္ဍာရီလာ သူတော်စင် ခန္ဓာကိုယ်ဆယ်ပါးထဲက သုံးခုသည် ကွေးယွမ် သူတော်စင် နယ်မြေ၌ ရှိပြီး ဖြစ်သည်။

စူးချန်ကဲ၏ အရည်အချင်းသည် ခေတ်ပြိုင် မျိုးဆက်သစ် လူငယ်များကြားတွင် လွန်စွာ ထူးချွန်ပေသည်။

ဤတစ်‌ခေါက် ကံကြမ္မာသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ လက်ထဲတွင်သာ ရှိရပေမည် !

ဒဏ္ဍာရီထဲက အမတလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့်သူမှာ သူတို့ ကွေးယွမ်သူတော်စင် နယ်မြေကသာလျှင် အရင်ဦးဆုံး ဖွင့်လှစ်နိုင်ရမည်ပင် !

အပိုင်း(၁၅၀): မြင့်မြတ်သော တောင်ကြီး ဆင်းသက်လာချေပြီ

လဝက်ကုန်ပြီးနောက်၊

ခွင်းလွင်တောင် ထွက်ပေါ်လာမှုသတင်းသည် ရှေးဟောင်းကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့သွားရုံသာမက ၊ ရှေးဟောင်းကမ္ဘာတွင် ရှိသော လျှို့ဝှက်ဂိုဏ်းများစွာကို ထွက်ပေါ်စေခဲ့သည်။

တိုက်မြေ သုံးထောင်မှ ရှေးခေတ် ပါရမီရှင်များလည်း နိုးထလာခဲ့ပြီး ၊ ရှေးဟောင်းကမ္ဘာဆီသို့ ဦးတည်လာကြသည်။

တန်ခိုးကြီးမားသော စွမ်းအားရှင်များ ဝင်ရောက်လာခြင်းကြောင့် ၊ ဤကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမများပင်လျှင် တုန်လှုပ်ခဲ့ရသည်။

ဤနေ့တွင်မူ၊ အဆုံးမဲ့ နတ်အလင်းများ ပွင့်လန်းလာပြီး ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ဆူညံစွာ ထွက်ပေါ်နေသည်။

အားလုံး မျှော်လင့်ထားသည့်အတိုင်း ၊ ခွင်းလွင် တောင်သည် နောက်ဆုံးတွင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

၎င်းသည် ဤရှေးဟောင်းကမ္ဘာ၏ ဗဟိုချက်တွင် တည်ရှိပြီး ၊ မြင့်မြတ်သော လမ်းစဉ်တို့၏ ကြွေးကြော်သံများက ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိသည်။ထာဝရကာလကို ဖြတ်သန်းနေပုံရသော မြင့်မြတ်သော တောင်တန်းကြီး၏ အသွင်ရိပ်သည် ကောင်းကင်ယံမှ ဖြည်းဖြည်းချင်း စုဝေးကျရောက်လာသည် ။

မူလက ကြည်လင်နေသော ကောင်းကင်ကြီးသည် ရွှေပင်လယ်ထဲ ရောက်ရှိသွားသကဲ့သို့ အကန့်အသတ်မရှိ တောက်ပနေသည်။

ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော ရောင်ဝါတို့သည် အိမ်မက်တစ်ခုလို တောင်ကြီးပေါ်မှ ဖြာထွက်နေပြီး ၊ မြင့်မြတ်သော လမ်းစဉ်၏ မရေမတွက်နိုင်သော နိယာမတရားများနှင့်အတူ သက္ကတသံစဉ်များ ပဲ့တင်ထပ်လို့နေသည်။

ဤမျှ လှပသော မြင်ကွင်းများ ပေါ်ထွက်လာသည်နှင့်အမျှ ခွင်းလွင်တောင်၏ အရိပ်သဏ္ဍာန်သည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။

ဝုန်း!

တခဏအတွင်းမှာပင် ၊ မြင့်မြတ်သော တောင်ကြီးမှ ဝိညာဉ်စွမ်းအင်လှိုင်းများစွာ ထွက်ပေါ်လာပြီး ၊ ဤကမ္ဘာမြေပေါ်သို့ အလွန် ကြီးကျယ်ခမ်းနားသော တောင်ကြီးသဖွယ် တည်ရှိပြနေသည်။

စွမ်းအင်များစွာ ဝန်းရံထားပြီး ၊ ၎င်း၏ အမြင့်သည် အဆုံးမရှိသော ခံ့ညားထည်ဝါမှုနှင့်အတူ ကောင်းကင်ကြီးနှင့် ချိတ်ဆက်ထားလေသည်။

“နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီ ဟေ့!”

မရေမတွက်နိုင်သော ပါရမီရှင်များစွာသည် ဤအခိုက်အတန့်ကို အချိန်အတော်ကြာအောင် စောင့်မျှော်နေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ခွင်းလွင် တောင်ပေါ်သို့ ပျံတတ်ကြလေသည်။

တချို့သော အရပ်မျက်နှာဘက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းများ ထွက်ပေါ်လာလေသည်။

မိုးကုပ်စက်ဝိုင်း တစ်နေရာမှ နဂါးစွမ်းအင်များ လှိုင်လှိုင်ထနေပြီး ၊ နဂါးတစ်‌ကောင်၏ အရိပ်သည် နဂါးကြွေးကြော်သံနှင့်အတူ ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်၊ ရွှေဝါရောင် နဂါးစွမ်းအင်များကိုဖြန့်ကျက်လိုက်သည်မှာ ဤကမ္ဘာကြီးကို ဖြိုခွင်းတော့မည့်အလား ။ဤသူမှာ ကောင်းကင်ဘုံ အာဏာရှင် နဂါးကိုယ်ထည်ကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သော လုံပါ့ထျန်းပင် ။

ငယ်ရွယ်သော နဂါးသခင် အလား ထင်မှတ်ရသည်။

ဌက်အော်သံ!

တဖန် ဖီးနစ် အော်ဟစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြန်သည်။ကောင်းကင် တစ်ခုလုံး နီမြန်းနေပြီး ၊ မီးလျှံများဖြင့် တောက်လောင်နေသော တောင်ပံတစ်စုံသည် တဖျက်ဖျက် ရိုက်ခတ်လျက် ထွက်ပေါ်လာခဲ့သည်။

အဆုံးမဲ့ မီးလျှံများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၊ ၎င်း၏ အပူချိန်သည် ပင်လယ်ကိုတောင် ဆူပွက်စေနိုင်သည်။

“ ဒါ စစ်မှန်သော ဖီးနစ်လှိုဏ်းဂူက ဟွမ်လော့ရှင်းပဲ!”

“သူမ ပိုပြီး သန်မာလာပုံပဲ!”

တစ်စုံတစ်ယောက်က ထိတ်လန့်စွာဖြင့် ကြွေးကြော်လိုက်သည်။

သူတို့မသိသည်မှာ ဟွမ်လော့ရှင်းသည် ယခင်ကနှင့် မတူတော့ပေ။

သူမ ဖီးနစ်ဂူ၏ ဖီးနစ်သခင်သည် သူမ၏ အသွေးအသားကို ပြောင်းလဲစေမည့် လျှို့ဝှက်ရတနာ တစ်ခုကို ပေးခဲ့သည် ။ ယခုအချိန်တွင် သူမသည် ပြီးပြည်စုံ‌သော နေဖီးနစ်၏ အသွေးအသားများကို ရထားပြီး ဖြစ်သည်။

တစ်ဖက်တွင်မူ ၊ မှော်အလင်းများက တဟုန်းဟုန်း တောက်လျက် ၊ အမှောင်ထုကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။

အမှောင်နန်းဆောင်ကြီးကို သယ်ဆောင်ထားသော ဧရာမ သားရဲတစ်ကောင်သည် ဝေဟင်မှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

အမှောင်နန်း‌‌ဆောင်၏ ရှေ့တွင် အမျိုးသမီးတစ်ယောက် ရပ်နေသည်။

သူမ၏ ရဲရင့်သော ( ဖော်ချွတ်ထားသော) ၀တ်စုံသည် သူမ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပိုမို ထင်ရှားပေါ်လွင်စေသည်။သို့သော် မည်သူမျှ သူမကို ရိုင်းရိုင်းစိုင်းစိုင်း မပြောရဲကြပေ။ အကြောင်းမှာ သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အငွေ့အသက်တို့သည် လူတိုင်း၏ နှလုံးသားကို လွှမ်းမိုးချုပ်ကိုင်ထားသောကြောင့်ပင် ဖြစ်သည်။

“ဒီရဲ့ အငွေ့အသက် ... နတ်ဆိုးချောက်နက်?”

“ဒါပေမယ့် ဒီကိုယ်ဟန်အနေအထားကို ကြည့်ရရင်၊ သူက နတ်ဆိုးချောက်နက်က ဧကရာဇ်မင်းရဲ့သမီးတော် ဖြစ်ရမယ်”

ရှေးခေတ် ပါရမီရှင်တစ်ဦးသည် သူ၏ ယခင်က မှတ်ဉာဏ်များကို ပြန်တူးဖော်လိုက်သည်။

နတ်ဆိုး‌ ချောက်နက်တွင်၊ သူတို့၏ ဘိုးဘေးလက်ထပ်ကတည်းက ထွက်ပေါ်ခဲ့သော နတ်ဆိုးသခင်နှစ်ပါး ရှိခဲ့သည်။ ဤဧကရာဇ်မင်း သမီးတော်၏ အဆင့်အတန်းသည် ပိရမစ်ထိပ်တွင် တည်ရှိပေသည်။

၎င်း၏ စကားအဆုံးတွင် ၊

နောက်ထပ် ကောင်းကင်ယံတွင် တွဲလောင်းကျနေသော နတ်ကျွန်း သဏ္ဍာန်တစ်ခု ဆင်းသက်လာခဲ့ပြန်သည်။

၎င်းပေါ်တွင် မရေမတွက်နိုင်သော နန်းဆောင် နှင့် မဏ္ဍပ်များရှိပြီး ၊ ဖြူဖွေးသော မြူခိုးများဖုံးလွှမ်းနေသည်မှာ နတ်သမီးကျွန်းစွယ် အလား ထင်မှတ်ရသည်။

ထို့အပြင် ၎င်းအပေါ်မှ ငြိမ့်ညောင်းစွာ စီးဆင်းနေသော နတ်တေးဂီတသံနဲ့ အတူ ပန်းရနံ့များ လွှင့်ပျံလို့ နေသည်။

“ဒါ ...”

“ဒါက ယောင်ချီသူတော်စင် နယ်မြေ!?”

ပါရမီရှင် တစ်ဦး၏ ‌ရှင်းပြသံကို ကြားလိုက်ရပြီးနောက်၊ ယောင်ချီ သူတော်စင် နယ်မြေကို သိသော ကျင့်ကြံသူ တချို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

ယောင်ချီ သူတော်စင် နယ်မြေသည် ယောင်ချီတိုက်မြေတွင် ထိပ်တန်းအင်အားစု တစ်ခု ဖြစ်သည်။

ယောင်ချီ သူတော်စင် နယ်မြေ၏ တပည့်များအားလုံးသည် အမျိုးသမီးများ ဖြစ်ကြသော်လည်း ၊ သူမတို့အား အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်‌ချေနှင့်။တစ်ချိန်က ထာဝရ အင်အားစု ဖြစ်သည့် သခင်တစ်ပါးသည် သေမှာကို မကြောက်ဘဲ ယောင်ချီသူတော်စင် နယ်မြေကို စော်ကားခဲ့သည်။

ဒုတိယမြောက် နေ့မှာပဲ ၊ ထိုအနှီသူ၏ ဂိုဏ်းသည် ပျက်စီးသွားခဲ့ရပြီး ၊ ထောင်ပေါင်းများစွာသော တပည့်များ သေဆုံးခဲ့ရသည်။၎င်းတို့ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့ကြသော ရှေးအစဉ်အလာသည်လည်း အမှုန့်များသဖွယ် ပျောက်ကွယ်သွားခဲ့ရသည်။

ထိုညက ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိကြသော်လည်း ၊ ယောင်ချီ သူတော်စင် နယ်မြေသည် ထိုအချိန်မှစ၍ အင်အားစုအားလုံး၏ အကြောက်ဆုံးအရာ ဖြစ်လာခဲ့သည်။

ရွှမ်း !

ထိုအခိုက်အတန့်တွင် ပြိုင်ဘက်ကင်းသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သွားသည်။

ဟင်းလင်းပြင်သည် ရုတ်တရက် ပွင့်လာခဲ့ပြီး၊ နတ်ဓားသုံးစင်းသည် ဝေဟင်တွင် ထွက်ပေါ်လာခဲ့သည်။အဆုံးမဲ့ ဓားစွမ်းအင်များ ဝန်းရံထားသော ဓားရောင်ဝါတို့၏ အလယ်တွင် လူသုံးယောက် ထွက်ပေါ်လာခဲ့သည်။

ထိုအနှီပုဂ္ဂိုလ်သုံးယောက်၏ အလယ်တွင် အနက်ရောင် အဝတ်အစားကို ၀တ်ဆင်ထားကာ ရေခဲတစ်မျှ အေးစက်သော မျက်နှာထားပိုင်ရှင်မှာ နတ်ဓားရှင်အလား ထင်မှတ်ရသည်။ဤလူသည် လော့ဟယ် ဓားဂိုဏ်း၏ အစွမ်းထက်ဆုံး လူငယ် ဓားသမား ဝမ်ချွမ်ဓားပင် ဖြစ်သည်။

ဝုန်း!

တဖန် မိုးကုတ်စက်ဝိုင်း၏ အဝေးတစ်နေရာမှ အနက်ရောင် စစ်သင်္ဘောပျံတစ်စင်း ထွက်ပေါ်လာခဲ့သည်။

တစ္ဆေလောကမှ ဆင်းသက်လာသကဲ့သို့ တစ္ဆေစွမ်းအင်တို့သည် သရဲတစ္စေများ အဖြစ်သို့ စုဝေးကာ သောင်းကျန်းနေပုံရသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော်က ယင်ထျန်းဇီ ရောက်ရှိလာခဲ့လေပြီ !

…….

ဘက်ပေါင်းစုံမှ ထွက်ပေါ်လာသော ထိပ်တန်းအင်အားစုများ၏ အမွေဆက်ခံသူများ၏ ရောင်ဝါတို့သည် ဤကမ္ဘာကြီးကို ကြောက်လန့်အောင် ပြုစားလို့နေသည်။

“ ထိပ်တန်းအင်အားစုတွေရဲ့ မျိုးဆက်တွေ ဒီလောက် အများကြီး ရောက်ချလာတာ ၊ ဒီတခေါက် ခွင်းလွင်တောင် ခရီးစဉ်မှာ ဟင်းချိုတောင် သောက်နိုင်မယ်လို့ မထင်ဘူး “

“အိုင်း! အခု မျှော်လင့်ရတာဆိုလို့ ဒီလူတွေ အချင်းချင်း မပူးပေါင်းဖို့ပဲ ဆုတောင်းရတော့မယ် ၊ မဟုတ်ရင် ဟင်းရည် မပြောနဲ့ အမှိုက်တောင် ကျန်မယ် မထင်ဘူး...”

“ဒါပေမယ့် အဲ့တစ်ယောက် မလာသေးဘူးလား?”

သူတို့ စောင့်မျှော်နေကြသော သူမှာ ယနေ့ခေတ်လူငယ်တို့၏ တားမြစ်ချက် အဖြစ် သိထားကြသော စူးချန်ကဲ ပင် ။

ယခင်က အောင်မြင်မှုများနှင့် အတူ လတ်တလော လုပ်ဆောင်မှုများကြောင့် မျိုးဆက်သစ်လူငယ်များကြားတွင် တားမြစ်ချက် ဟု ခေါ်ခံရခြင်းမှာ ချဲ့ကားတယ်လို့လည်း မဆိုနိုင်ပေ။

ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများ၏ ရှေ့တွင်တောင် စူးချန်ကဲသည် တောက်ပနေဦးမည်ဟု လူအများက ယုံကြည်ထားကြသည်။

ဟိန်းသံ !

တဖန် ထိတ်လန့်စရာကောင်းသော နဂါးဟောက်သံသည် နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ပြန်သည်။ နဂါးတောင်ပံသည် ကောင်းကင်ကို ဖုံးလွှမ်းသွားစေပြီး၊ကောင်းကင်ကြီးပင်လျှင် တုန်လှုပ်ရသည့် စွမ်းအားများဖြင့် ပြည့်လျှံနေသော အနက်ရောင် နဂါးကြီးသည် ဝေဟင်မှ ရုတ်တရက် ပျံထွက်လာခဲ့သည်။

ဝတ်ရုံဖြူ လူငယ်တစ်ယောက်သည် ထိုဧရာမ နဂါးကြီး၏ ခေါင်းပေါ်တွင် လက်ကို နောက်ပစ်လျက် အေးအေးလူလူ မတ်တပ်ရပ်နေပြီး၊ သူ၏ လျစ်လျူရှုသော အကြည့်များသည် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ဆူလိုပင်။

ထိုအနှီသူ၏ နောက်တွင် နောက်လိုက်များစွာ မရှိဘဲ လူနည်းစု‌ ဆိုတောင် ၊ သို့သော် ၎င်းတို့ အားလုံးသည် ထိပ်တန်း လူငယ်အဖြစ် တည်ရှိပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများကို ဖြန့်ကျတ်ထားသည်။

စူးချန်ကဲသည် တောက်ပသော ကြယ်စင်များ၏ ဝန်းရံခြင်းကို ခံထားရသော နေမင်းကြီးနှင့် တူပေသည်။

“ ကွေးယွမ်ရဲ့ ဆက်ခံသူ ၊ စူးချန်ကဲ လာပြီ !”

“ကောလဟာလတွေက မှန်တာပဲ ၊ ရှေး ဟောင်းကမ္ဘာရဲ့ ဘေးဥပဒ်လို့တောင် ‌ဆိုလို့ရတဲ့ သွေးနတ်ဆိုး နဂါးကို တကယ်ပဲ အောင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

စူးချန်ကဲ၏ ထွက်ပေါ်လာမှုသည် ၊ အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

စူးချန်ကဲ အကြောင်း ကြားဖူးသော ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများပင်လျှင် လေးနက်သော အမူအရာများဖြင့် ကြည့်နေကြသည်။

စူးချန်ကဲ၏ အရှိန်အဝါသည် ၊ သူတို့အား တဖက်လူ၏ အဆုံးမရှိသော ချောက်နက်တစ်ခုကဲ့သို့ စွမ်းအားများကို ခံစားရစေသည်။

ဒီလူ အရမ်းကို သန်မာတာပဲ!

ယောင်ချီ သူတော်စင် နယ်မြေ၏ နတ်သမီးကျွန်းတွင် ရှိနေသော လော့ရန်ယွီ ၏ မျက်ဝန်းများမှာ ဝင်းလက် တောက်ပနေသည်။

“ဒီလူ ... အတော်ချောတာပဲ!”

“သူ့ရဲ့ခွန်အားကို ဒီနေ့ မျိုးဆက်သစ် လူငယ်တွေကြားမှာ တားမြစ်ချက် တစ်ခုလို့တောင် တင်စားခေါ်ဝေါ်နေကြပြီ ၊ ငါ သူ့ကို အနိုင်ယူဖို့ သေချာပေါက် နည်းလမ်းရှာရမယ်!”

လော့ရန်ယွီသည် စူးချန်ကဲကို မြင်သည်နှင့် စိတ်ထဲတွင် တွက်ချက်ကြံစည်မှုများက ပို၍ နက်နဲလာသည်။

သေချာသည်မှာ သူမသည် တိုက်ပွဲစိတ်ဓာတ် အပြည့်ရှိသည့်အလျောက် ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး တဖန် တာအိုအရိုးကိုလည်း ပိုင်‌ဆိုင်ထားသူလည်း ဖြစ်သည်။

သို့ဖြစ်၍ သူမကိုယ်သူမ မိမိအစွမ်းအစနှင့် ပတ်သတ်ပြီး အကြွင်းမဲ့ ယုံကြည်မှု ရှိပေသည်။

…..

“ဒီမျက်နှာဖြူကောင်က ငါကိုယ်တော်ရဲ့ ဓမ္မကာယ ခန္ဓာကိုယ်ကို ပျက်စီးအောင် လုပ်လိုက်တဲ့သူလား?”

စူးချန်ကို လှမ်းအော်ပြီး မေးလိုက်သော ယင်ထျန်းဇီ၏ အေးစက်သော အသံသည် တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်သွားသည်။

စူးချန်ကဲသည် တချက် လှမ်းကြည့်လိုက်သည်။ ထိုအနှီသူ၏ ခန္ဓာကိုယ်ပေါ်က တစ္ဆေရောင်ဝါများကို မြင်လိုက်သည်နှင့် အကြောင်းရင်းကို သူ ခန့်မှန်းမိသည်။

သူ ပစ်‌ကျွေးလိုက်သည့်လက်သီးသည် ၎င်းကို အလွန် နာကျင်စေခဲ့ပုံ ရသည်။

သူ့ကို ဖြိုခွင်းဖို့ ဒီလောက် အမြန်ကြီး ထွက်ချလာသည်ကို ကြည့်ခြင်းအားဖြင့် ၊ ၎င်းမှာ စိတ်မရှည်နိုင်ပုံ ရပေသည်။

ထိုအကြောင်းကို စဉ်းစားမိရင်း စူးချန်ကဲသည် လှောင်ပြောင်ရယ်မောလိုက်သည်။

“ ဟုတ်တော့ရော မဟုတ်တော့ရော ဘာဖြစ်လဲ”

“ ငါကိုယ်‌တော် ပုရွက်ဆိတ် တစ်ကောင်ကို နင်းချေပစ်ခဲ့တဲ့ အကြောင်းကို မင်းကို ဘာလို့ရှင်းပြရမှာလဲ”

ထိုစကားကို ကြားလိုက်ရသူ အပေါင်း အမောစို့သွားသည်။

အရမ်းကို လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းတယ်!

အရမ်း ကြမ်းတယ် ဟ !!

ယင်ထျန်းဇီသည် တမင်သက်သက် စူးချန်ကဲကို မျက်နှာပျက်ရန် ဆိုလိုက်သည့် စကားဖြစ်သည်ကို သူတို့အားလုံး သိသည်။သို့သော် စူးချန်ကဲသည် ယင်ထျန်းဇီအား ပုရွက်ဆိတ်တစ်ကောင်နှင့် ခိုင်းနှိုင်း ပြောဆိုခဲ့သည်။

ယင်ထျန်းဇီ၏ အဆင့်အတန်းကား အဘယ်နည်း။

နတ်ဘုရားအချုပ်ထောင် နန်းတော်သည် အမြင့်မြတ်ဆုံး တည်ရှိမှုဖြစ်ပြီး ၊ သူ၏ အဆင့်အတန်းအရ စူးချန်ကဲနှင့် သိပ်မကွာပေ။သို့သော် သူသည် လူအများရှေ့တွင် ကဲ့ရဲ့ခြင်းခံလိုက်ရသည်။

မှန်၏ ၊ယဲ့ထျန်းဇီ၏မျက်နှာမှာ ချက်ချင်းဆိုသလို အေးစက်သွားသည် ။

သူ့နောက်တွင် ရပ်နေသော မျိုးဆက်သစ် တစ္ဆေဘုရင်ခုနစ်ပါးဟု အမည်တွင်သော ပါရမီရှင်များသည်လည်း ၎င်းတို့၏ သခင်ကို ကာကွယ်ရန် စိတ်အားထက်သန် နေကြသည်။

ဤအခိုက်အတန့်တွင် ရှေ့မှ ထွက်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

“အတင့်ရဲလိုက်တာ ! မင်းကများ ငါတို့ ထျန်းဇီလူကြီးမင်းကို စော်ကားရဲတယ် ၊စူးချန်ကဲ မင်း စည်းမျဉ်းတွေကို နားမလည်ဘူးလား!”

“ရယ်စရာကောင်းလိုက်တာ ၊ ကွေးယွမ်ရဲ့ ဆက်ခံသူ ဖြစ်တဲ့ ငါက မင်းတို့လို ပုရွက်ဆိတ်တွေအတွက် စည်းမျဥ်းစည်းကမ်းတွေ လိုက်နာစရာလား?”

ဘုန်း !

သို့သော် ထိုအခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့ ကြောက်စရာ ကောင်းသော အသံတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အာကာသ လမ်းကြောင်းတစ်ခု ရုတ်တရက် ပွင့်လာခဲ့ပြီး ၊ ၎င်းဟင်းလင်းပြင် ရပ်ဝန်းမှ အလွန်ပြင်းထန်သော ဖိနှိပ်စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ရှေးကျသော တိုက်ယာဉ်ကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ ပျံဝဲနေလေ၏။

ထိုတိုက်ယာဉ်ကြီးပေါ်၌ အလံတစ်ခုသည် လေထဲတွင် လွင့်ပျံလျက် ရှိပြီး ၊ “ ကွေးယွမ် “ ဆိုသည် ရှေးအက္ခရာ နှစ်လုံးကို ရေးထွင်းထားသည်။

ထို့နောက်တွင်မူ ၊ ကောင်းကင်နဲ့ နေကို ပိတ်ဆို့ထားသည့် ရှေးကျသော အငွေ့အသက်များကို ဖြန့်ကျက်ထားသော အစွမ်းထက်သော သားရဲမျိုးစုံ ထွက်ပေါ်လာခဲ့သည်။

“ဒါ... ဒါ...”

“ကြောက်စရာကောင်းလွန်းတယ်!”

“ဒါ ကွေးယွမ် သူတော်စင် နယ်မြေကပဲ!”

“ဒီကိုလာဖို့ မိုင်ဘီလီယံချီတဲ့ အာကာသ လမ်းကြောင်းကို တိုက်ရိုက်ဖွင့်ခဲ့တာ ၊ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည်ပါ့လား! “

မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ တုန်လှုပ်သွားကြသည်။ ဤတန်ခိုးသည် တကယ်ပင် ကြောက်စရာ ကောင်းပေသည် ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ နောက်ထပ် လူငယ်တပည့်များသည် ခွင်းလွင်တောင်တွင် ထပ်မံပေါ်ထွက်လာခဲ့ချေပြီ။

ရှေးကျသော တိုက်ယာဉ်ကြီးတစ်ခု ဖြစ်သည့်အလျောက် ၊ရှေးယခင်ကတည်းက တိုက်ပွဲမျိုးစုံကို ကြုံဆုံခဲ့ရသည့်အတိုင်း ၎င်းပေါ်တွင် သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

တိုက်ယာဉ်ကြီးပေါ်တွင် ရပ်နေကြသော လူငယ်တစ်ဦး တစ်ယောက်ချင်းစီတိုင်းတွင် မြင့်မားသော ယုံကြည်ချက်များကို ပိုင်‌ဆိုင်ထားပုံ ရသည်။တမင်တကာ ထုတ်ဖော်မပြသော်လည်း ၊တခြားသော ကျင့်ကြံသူများနှင့် မတူဘဲ လုံးဝကွဲပြားသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

မိမိကိုယ့်ကိုယ် ယုံကြည်မှုသည် လွန်စွာ နက်ရှိုင်းပေသည်။

တိုက်ယာဉ်ကြီး၏ နောက်တွင်၊ လွန်စွာ အစွမ်းထက်ပုံရသော ရှေးဟောင်းသားရဲကြီး တစ်ကောင် ရှိနေသည်။၎င်း၏ ချပ်ဝတ်တန်ဆာမှာ အလွန်ထူးကဲသော တောက်ပသော နတ်အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။

ထို့အပြင် ၊ လှည်းတစ်စင်းလည်း ရှိသေးသည်။ လှည်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လှပသော ရုပ်သွင်သည် ပါရမီရှင် လူငယ်များစွာကို သဘောကျသွားစေသည်။

“အို ဘုရားရေ ၊ ကွေးယွမ်ရဲ့ နာမည်အကြီးဆုံး၊ ထိပ်တန်း လူငယ်ဖြစ်တဲ့ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ပီချင်းရှပဲ! တစ်ချိန်က ပေရွှမ်းတိုက်မြေ ပထမမင်းဆက်ရဲ့ မင်းသမီးနဲ့ သုံးရက်သုံးည တိုက်ပွဲဝင်ခဲ့ပြီး ၊ နောက်ဆုံးမှာတော့ သူမကို နှိပ်ကွပ်နိုင်ခဲ့တယ်လေ !”

“ကျောက်စိမ်း တိုက်ယာဉ်ကြီးပေါ်မှာရှိတဲ့ လူငယ်က ... ငါ့ကို ဘာလို့ ရှေးဆန်လွန်းတဲ့ ခံစားချက်ကို ပေးနေတာပါလိမ့်”

“အရူးရဲ့ ၊ အဲဒါက ကွေးယွမ်ရဲ့ ချန်ဖုန်း ထိပ်တန်းမျိုးဆက်ဖြစ်တဲ့ ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် လီဟောက်ထျန်းလေ၊ သူလည်း တစ်ချိန်က ခေတ်တစ်ခုကို လွှမ်းမိုးနိုင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အင်အားကြီးမားတဲ့ လူငယ်တချို့‌ဆို သူ့လက်အောက်မှာ အသက်ပေးခဲ့ရတာချည်းပဲ “

ရှေးဟောင်းကမ္ဘာကြီးတစ်ခုလုံး ဆူညံပွက် လော ရိုက်နေလေ၏။ကွေးယွမ် သူတော်စင် နယ်မြေမှ ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းသည် သူတို့ကို ထိတ်လန့်စေခဲ့သည်။

အပိုင်း(၁၅၁): မိန်းကလေးတစ်ယောက် သွားချောင်းရာမှ အခွင့်ကောင်းယူခံလိုက်ရသည်

“ ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် လီဟောက်ထျန်း ၊ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ပီချင်းရှ ၊ရှေးဟောင်း မျက်စံနှစ်မြွာပိုင်ရှင် ယဲ့လင်ထျန်း ၊ပြီးတော့ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း စူးချန်ကဲ ပါရှိသေးတယ် ! သူတော်စင် ခန္ဓာကိုယ် ​လေး​ပါးတောင် စုဝေးနေကြတာပဲ!”

“သူတို့တွေထဲမှာ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်ထက် မလျော့တဲ့ အစွမ်းသတ္တိတွေရှိတဲ့ တခြားသူတော်စင် တပည့်တွေလည်း ရှိသေးတယ်”

ယင်းသည် သူတို့ကို တုန်လှုပ်ခြောက်ခြား စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြောက်ရွံ့သွားစေသည်။

ဤမျှ တန်ခိုးကြီးမားသော အင်အားစုကြီးသည် ခွင်းလွင် တောင်သို့ ဝင်ရောက်ခဲ့လေရာ ၊ သူတို့ခမျာ ဘေးတိုက်လျောက်ရပေတော့မည်။

ထိုအုပ်စုကြီး၏ ရှေ့တွင် ၊ နဂါးရော ကျားရော အမြီးကုတ်ရပေလိမ့်မည်။

သို့သော် သူတို့ မသိခဲ့သည်မှာ စူးချန်ကဲတွင် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်တစ်ခုတည်းတင် မဟုတ်ခဲ့ပေ။

“ဆက်ခံသူကို ဂါရဝပြုပါတယ်!”

ကောင်းကင်ယံထက်တွင် ရှိကြနေသော လူငယ်များစွာသည် စိတ်လှုပ်ရှားနေပုံရကာ ၊ အောက်ဘက်တွင် ရှိနေသော ဝတ်ရုံဖြူ လူငယ်ကို ကြည့်ကာ ဂါရဝပြုလိုက်ကြသည်။

၎င်းတို့ထဲက ချန်ဖုန်းမျိုးဆက် တချို့သည် သိပ်မကြာသေးကမှ နိုးထလာသူများ ဖြစ်သည်။ ဤအကြိမ်တွင် သူတို့အကုန်လုံး စူးချန်ကဲအား ပထမဆုံး အကြိမ်တွေ့ဖူးခြင်း ဖြစ်သော်လည်း ၊ သူတို့ နိုးထလာစဉ်ကတည်းက စူးချန်ကဲနှင့် ပတ်သတ်သော သတင်းတော်တော်များများကို သူတို့ ကြားသိခဲ့ရသည်။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်သည် သူတော်စင် ခန္ဓာကိုယ် ဆယ်ပါးတွင် ပထမမြောက် ခန္ဓာကိုယ်ထည်ပင် ဖြစ်သည်။

ထာဝရစံချိန်ကို ချိုးဖျက်ပြီး ၊ ဆယ်ခုမြောက် ဇီဖူကြယ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

ထို့အပြင် သူသည် ထျန်းကျီ မျှော်စင်အား သူ့လက်သီး တစ်ချက်တည်းဖြင့် အပိုင်းပိုင်း ခွဲပစ်ဖူးသည်။

ထာဝရ တိုက်ပွဲတွင်လည်း မရေမတွက်နိုင်သော ပါရမီရှင်များစွာကို သူ၏ ဓားဖြင့် သတ်ပစ်ခဲ့သည်။

ရွှေခေတ် ဖြစ်သည်နှင့် အလျောက် ၊ သူသည် ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများကိုလည်း အေးအေးလးလူလူ နှိမ်ကွပ်နိုင်သေးသည်။၎င်းအား ခေတ်ပြိုင်လူငယ် မျိုးဆက်သစ် ခေါင်းဆောင်အဖြစ်လည်း လူသိများကြပြီး ၊တဖန် လူငယ် တားမြစ်ချက် အဖြစ်နဲ့လည်း တည်ရှိနေသူ ဖြစ်သည်

“ လီဟောက်ထျန်း၊ ကွေးယွမ်ရဲ့ ဆက်ခံသူကို ဂါရဝပြုပါတယ် “

“ ပီချင်းရှ ၊ ကွေးယွမ်ရဲ့ ဆက်ခံသူကို ဂါရဝပြုပါတယ် “

လီဟောက်ထျန်းနှင့် ပီချင်းရှိတို့သည် အရိုအသေ ပေးပြီးနောက် ၊ ထိတ်လန့်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“ ကျင့်ကြံမှုက အဆင့်မြင့်တဲ့ အကြီးအကဲတွေ တောင်မှ တာအိုလမ်းစဉ်နဲ့ ညီညွှတ်တဲ့ စံနှုန်းတွေကို တိကျတဲ့အဆင့်ထိရောက်အောင် မလုပ်နိုင်သေးဘူး!”

“ပြီးတော့၊ သူထုတ်လွှတ်တဲ့ ရောင်ဝါက အဆုံးမဲ့ ချောက်နက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရသလိုမျိုး လူကို နားမလည်‌‌နိုင်တဲ့ ခံစားချက်မျိုးကို ရစေတယ် !”

သူတို့နှစ်ဦးစလုံးသည် သူတော်စင် ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ကြသောကြောင့် ယဲ့လင်ထျန်း နည်းတူ သူတော်စင်ခန္ဓာကိုယ်၏ ရောင်ဝါကို ခံစားနိုင်သည်။

စူးချန်ကဲ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းသည် သာမန်မျှ မဟုတ်ဘဲ ၊ ပို၍ပင် သန်မာပြီး ၊ လျှို့ဝှက်ဆန်းကြယ်မှုကို ပေးစွမ်းနေမှန်း သူမတို့နှစ်ယောက်လုံး ခံစားမိသည်။

…….

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေကြသည်။ဤမြင်ကွင်းကို ကြည့်ရှုသူများမှာ သူတော်စင် ခန္ဓာကိုယ် ပါရမီရှင်နှစ်ဦးစလုံးမှာ စူးချန်ကဲ ကို မကျေမနပ် ဖြစ်နေကြသည်ဟု ယူဆနေကြသည်။

လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက ၊တကယ်လည်း အထင်လွဲစရာလည်း ကောင်းပေသည်။စူးချန်ကဲသည် ၎င်းတို့၏ ခေါင်းဆောင် ဖြစ်သင့်လား ဆိုသည့် မရေရာသော သဘောထားများ ရှိနေသည်။

အမှန်တွင်မူ ၊ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင် ပါရမီရှင် နှစ်ယောက်မှာ မာန်မာနများ ထားနေခြင်း မဟုတ်ပေ။ဥပမာအားဖြင့် ယဲ့လင်ထျန်းသည် ရှေးဟောင်း မျက်စံနှစ်မြွာပိုင်ရှင် ဖြစ်သည်နှင့် အလျောက် ၊ သူမတို့ထက် အတော်ကြီး မဟုတ်သော်ငြားလည်း သို့သော် စူးချန်ကဲ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည် ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမတို့ နှစ်ဦး၏ အသိအမှတ်ပြုမှုကို ရရှိဖို့ လုံလောက်‌ပေသည်။

ထိုအချိန် ၊ ပီချင်းရှသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်။

သူမသည် ချောမောလှပသော အသွင်အပြင် ၊ဖမ်းစားနိုင်သော မျက်ဝန်းများ ၊ ရွှေဝါရောင် ဆံနွယ်များကို ပိုင်‌ဆိုင်ထားသူ ဖြစ်ပြီး ၊သူမ၏ မျက်ခုံးကြားထဲတွင် ရွှေကြာပန်း အမှတ်အသားတစ်ခုရှိသည်။ယင်းက သူမအား ကွဲပြားသောမြင့်မြတ်မှုနှင့် ပြတ်သားမှုကို ပေးစွမ်းနေသည်။

ဤအချိန်တွင်မူ ၊ သူမသည် ရိုသေလေးစားသော အကြည့်များဖြင့် လက်ကို လျှက်ကာ စူးချန်ကဲ‌ထံသို့ လျှောက်တင်လိုက်သည်။

“ဆက်ခံသူသခင် ၊ ဒီတခေါက် ခရီးစဉ်မှာ ကွေးယွမ်သူတော်စင် နယ်မြေက ပါရမီရှင် ၅၆၅ ဦး ပါဝင်လာခဲ့ပါတယ် ၊ သူတို့တွေထဲက ထက်ဝက်က သာ့နိမ်(အနန္တစွမ်းအားရှင် )ပြီးပြည့်စုံသော နယ်ပယ်အဆင့် ရှိပြီး ၊အနိမ့်ဆုံးအဆင့်ကတော့ သာ့နိမ်(အနန္တစွမ်းအားရှင်)ကနဦးအဆင့် ပါ၊ ရှေးခေတ် ချန်ဖုန်းမျိုးဆက် ပါရမီရှင်တွေကတော့ ကျွန်မ အပါအဝင် ၂၄ ယောက် ရှိပါတယ် “

“ ဒီတစ်ခေါက် ခွင်းလွင်တောင် ခရီးစဉ်မှာ ၊ ဆက်ခံသူရဲ့ အမိန့်ကို မဆိုင်းမတွ နာခံပါ့မယ် !”

“ဆက်ခံသူရဲ့ အမိန့်ကို မဆိုင်းမတွ နာခံပါ့မယ် !”

“ဆက်ခံသူရဲ့ အမိန့်ကို မဆိုင်းမတွ နာခံပါ့မယ် !”

“ဆက်ခံသူရဲ့ အမိန့်ကို မဆိုင်းမတွ နာခံပါ့မယ် !”

“…..”

ကွေးယွမ်၏ မရေတွက်နိုင်သော တပည့်များ တညီတညွတ်တည်း ကြွေးကြော်လိုက်သော အသံသည် ကောင်းကင်ကြီးတောင် လှုပ်ခါခဲ့ရပြီး ၊ လေနှင့် တိမ်စိုင်တိမ်ခဲများ အပြောင်းအလဲများ ဖြစ်ပေါ်ကာ နတ်ဘုရားများပင်လျှင် တုန်လှုပ်ခဲ့ရသည်။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ဤအပြုအမှုသည် သရုပ်ပြခြင်းနှင့် ပိုတူသည်။

သက်ရောက်မှု ရလဒ်မှာဖြင့် ၊ ပါရမီရှင် အားလုံး၏ နှလုံးသားများကို ထိုးဖောက်သွားသော စူးရှ‌သော လှံတံအလား။

အံ့မခန်းမှု !

ကြောက်မက်ဖွယ်ရာ ကောင်းမှု!

စိုးရိမ်ထိတ်လန့်မှု!

ရှုပ်ထွေးပွေလီသော ၊ အမျိုးမျိုးသော စိတ်ခံစားချက်တို့က သူတို့၏ နှလုံးသားထဲတွင် ရစ်ပတ်ထားလျက် ရှိသည်။

ရှေးဟောင်းကမ္ဘာ၏ နယ်မြေခံများတင် မဆိုနှင့် ၊တိုက်မြေ သုံးထောင်၏ ထာဝရ တည်ရှိလာ‌သော ဂိုဏ်းများ၏ တပည့်များပင်လျှင်တုန်လှုပ်သွားကြသည်။

“ဘယ်ပုရွက်ဆိတ်က ငါ့ သူတော်စင် နယ်မြေရဲ့ ဆက်ခံသူကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ?”

“ဒီကနေ ထွက်သွားစမ်း!”

လီဟောက်ထျန်း၏ အော်ဟစ်သံသည် အသံ လှိုင်းလုံးကြီး သဖွယ် နေရာအနှံ့ ပျံ့နှံ့သွားသည် ။

ကျင့်ကြံအဆင့် အားနည်းသော လူတချို့မှာဖြင့် ၊ ၎င်းအသံကြောင့် သူတို့ရင်တစ်ခုလုံး တုန်လှုပ်သွားသည့်အထိ ခံစားခဲ့ရပြီး သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် နတ်ဘုရားအချုပ်ထောင် နန်းတော် တည်ရှိရာ ဘက်ခြမ်းတွင် လွန်စွာ တိတ်ဆိတ်နေပြီး ၊ ၎င်းတို့၏ အမူအရာများမှာ ကြည့်ရဆိုးနေသည်။

သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင် လေးပါးအပြင် ၊

ခွန်အားအရာတွင် ထိပ်တန်း လူငယ်အဖြစ် ရပ်တည်နေကြသော သူများနှင့် ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများလည်း ရှိသေးသည်။

အဘယ်သူသည် သေခြင်းကို မကြောက်ဘဲ ရန်စဝံ့သနည်း။

“ ထားလိုက်ပါ ၊ ညီလေး လီ၊ သူတို့က စင်ပေါ်မှာ မရပ်တည်နိုင်တဲ့ လူရွှင်တော်အဆင့်ပဲ ရှိတာ၊ ဘာလို့ သူတို့ကို ဂရုစိုက်နေဦးမှာလဲ?”

“ လာ သွားကြစို့၊ ငါတို့ ခွင်းလွင် တောင်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြရအောင် “

စူးချန်ကဲသည် ခေါင်းယမ်းလိုက်ရင်း၊ ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားခဲ့သည်။

“အမဲလိုက်ခြင်း” မစတင်မီ ၊ ဤကြက်သွန်မြိတ်လေးများအား ပျော်ရွှင်ခွင့်ပေးရဦးမည်ပင်။

…….

အဝေး တစ်နေရာမှ တပ်စွဲထားသော ကွေးယွမ် အင်အားစု စစ်တပ်ကြီးကို ကြည့်လိုက်ရင်း ၊

ပါရမီရှင်များစွာ၏ နှလုံးသားများမှာ လေးလံနေတော့သည်။

“ကြီးကျယ်ခမ်းနားတဲ့ သူတော်စင် ခန္ဓာကိုယ် ပါရမီရှင် လေးပါး နဲ့ ထိပ်တန်းအဆင့်ရှိတဲ့ တခြားသူတွေနဲ့သာ ပေါင်းလိုက်ရင် ၊ ဒီခွင်းလွင်တောင်က ကွေးယွမ်ရဲ့ လက်အောက်မှာ ရှိနေမှာပဲ”

“ အိုင်းယား! ဘယ်တတ်နိုင်ပါ့မလဲ ၊ သူများရဲ့ နောက်ခံက အရမ်းအားကောင်းတာလေ ၊ အခုတော့ ကွေးယွမ်သူတော်စင် နယ်မြေက ရက်ရက်စက်စက် မလုပ်ပါနဲ့လို့ပဲ ဆုတောင်းရတော့မယ် “

“ဟွန်း ! ကောင်းလိုက်တဲ့ ကွေးယွမ် ၊ လူကို သိပ်အနိုင်ကျင့်လွန်းတယ်!”

တချို့သော ထာဝရ အင်အားစုများ မကျေနပ်စွာဖြင့် ၊ မိမိ၏ ဂိုဏ်းခွဲတပည့်များကို ဤနေရာသို့ လာရောက်ရန် လျို့ဝှက်အသံပို့စနစ်ဖြင့် ပေးပို့နေလေ၏။

ယင်ထျန်းဇီ၏ မျက်နှာမှာလည်း ပို၍ အေးစက်နေပြီး ၊ ရင်ထဲ၌ လူသတ်လိုသော ဆန္ဒများက အဆမတန် ကြီးထွားလာခဲ့သည်။

“​ကောင်​​စုတ်လေး ၊ မင်းကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်!”

ဤအခိုက်အတန့်တွင် သူ၏ ဒေါသမှာ အဆမတန် လောင်ကျွမ်းနေခဲ့သည်။

စူးချန်ကဲသည် သူ၏ ခန္ဓာကိုယ်ကို ဖျက်စီးပစ်ခဲ့ရုံသာမက ၊ လူမြင်ကွင်းတွင် သူ့အား လူရွှင်တော်အဖြစ် နှစ်ကြိမ်ဆက်တိုက် ခေါ်ဆိုပြီး အရှက်ခွဲခဲ့သည်။

ရန်ပွဲကို သူကသာ အရင်စတင်သည်။အဘယ်ကြောင့် ဤကဲ့သို့သော စော်ကားမှုမျိုးကို လက်ခံရမည်နည်း။

သို့သော် ကွေးယွမ်၏ အားကောင်းလွန်းသော အခြေခံ အုတ်မြစ်က သူ အနည်းငယ် စိုးရိမ်ပူပန်‌စေခဲ့သည်။

ထိုစဉ် ၊ သူ့နားထဲသို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီည သန်းခေါင်ယံ ၊ သာ့ချူးအင်ပါယာ နန်းတော်မှာ စူးချန်ကဲ ဖျက်ဆီးမယ့် အစီအစဉ် ဆွေးနွေးဖို့ ရှိတယ် “

ယင်ထျန်းဇီ အံ့အားသင့်သွားသည်။ အသံလားရာကို ကြည့်လိုက်ရာ ၊

လှည့်ထွက်သွားပြီ ဖြစ်သော ဟွမ်လော့ရှင်းကိုသာ မြင်လိုက်ရသည်။

“စူးချန်ကဲကို ဖျက်ဆီးမယ်?”

ယင်ထျန်းဇီ ခဏလောက် စဉ်းစားနေမိသည်။ သိပ်မကြာမီ သူ့နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခုက လှစ်ဟသွားခဲ့သည်။

“ ဒါ ငါ လိုချင်နေခဲ့တဲ့ အရာပဲ”

စူးချန်ကဲကို သတ်ချင်သည့် သူ၏ ဆန္ဒသည် လွန်စွာ ကြီးမားပေသည်။ တစ်ဖက်လူကို အောင်မြင်စွာ သတ်နိုင်ခဲ့ပါက၊ယုတ်မာတဲ့ နည်းလမ်းကို သုံးရရင်တောင် ဘာဖြစ်လဲ!?

ရေအောက်တွင်မူ ၊ ထိပ်တန်း ထာဝရ အင်အားစု တချို့၏ လျှို့ဝှက် သဘောတူညီမှု များကို ရရှိခဲ့ပြီး အင်အားကြီးမားသော ကွေးယွမ် သူတော်စင် နယ်မြေကို တွန်းလှန်ရန် မဟာမိတ်ဖွဲ့ကာ ပြင်ဆင်နေကြသည်။

၎င်းတို့ထဲမှ အများစုမှာ ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ရန်လိုနေသော အင်အားစုများ သို့မဟုတ် ပြိုင်ဆိုင်နေကြသော ထာဝရ အင်အားစုများပင် ဖြစ်သည်။

ဤကဲ့သို့ ပူးပေါင်းလိုက်ခြင်းမှ ရလာသော စွမ်းအားသည် ကွေးယွမ် ထက် မဆိုးနိုင်သလို၊ ပို၍ အားကောင်းသည်ဟုတောင် ဆိုနိုင်ပေသည်။

ကြီးမားသော ပူးပေါင်းကြံစည်မှုကြီးသည် အမှောင်ထုထဲတွင် စတင်ပေါ်ပေါက်ခဲ့လေပြီ။

…..

တိတ်ဆိတ်နေသော ညဥ့်သန်းခေါင်းယံတွင် ကြယ်များက မှောင်မိုက်သော ကောင်းကင်ကြီးကို အလှဆင်ပေးလို့ နေသည်။မုန်တိုင်းမလာခင် ၊ လှပသော ညသန်းခေါင်းယံ တစ်ခုလို့ ဆိုရမည်။

အနားယူရန် မျက်လုံးများ မှိတ်ထားသည့် စူးချန်ကဲသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ လေးနက်သော မျက်ဝန်းတစ်စုံ၌ ထူးဆန်းသော အလင်းရောင် တစ်ခု လင်းလက် သွားခဲ့သည်။

ထို့နောက် ၎င်းသည် မှော်ဓား နှစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ၊ လေဟာပြင်ထဲက တစ်နေရာဆီသို့ ခုတ်ထစ်ပစ်လိုက်သည်။

“အမ်?”

သူမကို ရှာဖွေတွေ့ရှိခဲ့လိမ့်မည် ဟု မျှော်လင့်မထားပုံရသော အမျိုးသမီးလေး တစ်ဦး၏ အံ့အားသင့်သွားသော အသံတစ်ခု ထွက်လာခဲ့သည်။

“ အလှလေး ၊ မင်းကဘာလို့ဒီလိုလုပ်ရတာလဲ”

“မင်း ကျုပ်ကို တန်းပြီး လာရှာလိုက်ပါ့လား?”

စူးချန်ကဲသည် စကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ့လက်သည် တစ်စုံတစ်ခုကို လှုပ်ရှားလိုက်သည်။

သူလက်ထဲတွင် စုဝေးလိုက်‌သော နတ်အလင်းတန်းများသည် ပေါက်ကွဲထွက်သွားပြီး၊ လက်ဝါးကြီး တစ်ခုအဖြစ် အသွင် ပြောင်းလဲကာ တစ်နေရာရာကို ဖမ်းဆုပ်လိုက်သည် ။

အမျိုးသမီးလေး၏ အာမေဋိတ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“နင်...နာမည်ကြီးနေတဲ့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ က ဒီလို လူဆိုးကောင် ဖြစ်နေမယ်လို့ ထင်မထားဘူး!”

အမျိုးသမီးလေး၏ အသံတွင် ဒေါသများ အနည်းငယ် ပါဝင်နေခဲ့သည်။

ထိုနောက် ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ဖြစ်သွားခဲ့ပြီး ၊ထိုအမျိုးသမီးလေး၏ အသက်ရှုသံကို မကြားရတော့ပေ ။

“ ထွက်ပြေးသွားပြီလား?”

စူးချန်ကဲ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း၊ သူ့လက်ထဲက အရာကို ကြည့်လိုက်တော့ မျက်မှောင်ကြုတ်သွားလေသည် ။

ထိုအရာမှာ အဖြူရောင် အတွင်းခံအင်္ကျီ ပင် ဖြစ်သည်။၎င်းကို နှစ်တစ်ထောင် သက်တမ်းရှိ နှင်းပွင့်တောင် ပိုးထည်ဖြင့် ယက်လုပ်ထားပြီး

မှော်သင်္ကေများဖြင့် ရောယှက်ထားကာ ပေါ့ပါးနူးညံ့ပေသည်။

အရေးအကြီးဆုံးက ၎င်းပေါ်တွင် နွေးထွေးသော ကိုယ်သင်းရနံ့‌လေးလည်း ကျန်ရစ်နေသည်။

“ပညတ်တရားသည် အရာခပ်သိမ်းကို မွေးဖွားပေးပြီး၊ ပရမ်းပတာကမ္ဘာကြီးကို ဖန်တီးသည် “

ထို့အပြင် စူးချန်ကဲ၏အာသီသသညာသည် ဟင်းလင်းပြင် တစ်နေရာတွင် ကျန်ရစ်နေခဲ့သည့် ဟွိုင့်တွိုင့်ရောင်ဝါ တစ်ချို့ကို တွေ့ရှိခဲ့သည်။

သူစိတ်ထဲမှာတော့ အပေါ်ယံလောက် ငြိမ်သက်မှု ရှိမနေတော့ချေ။

ဟွိုင့်တွိုင့်ခန္ဓာကိုယ်သည် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းကို ယှဉ်ပြိုင်နိုင်သည့် တည်ရှိမှုတစ်ခုပင် ဖြစ်သည်။ အဆုံးမရှိသော မှော်အစွမ်းများ ရှိရုံသာမက သမိုင်းတွင် မကြုံစဖူး ကြောက်စရာကောင်းသော ခန္ဓာကိုယ်တစ်ခုလို့ ဆိုရပေမည်။

မိမိ၏ သူတော်စင် တာအို သန္ဓေသားလောင်းသည် သူတော်စင် ခန္ဓာကိုယ်ထဲတွင် ထူးခြားသော တည်ရှိမှု တစ်ခု ဆိုနိုင်ပြီး ၊၎င်းကို နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

သို့သော် တိတ်တဆိတ်ဖြင့် သူ့အနီးနားထိ ချည်းကပ်နိုင်သူသည် ၊ သူနှင့် မျိုးဆက်တူထဲက လူတစ်ယောက် ဖြစ်နေမည် ဆိုသော အတွေးမျိုးကို သူ အရင်က တခါလေးမှ မတွေးဝံ့ခဲ့ချေ။

ထိုအနှီသူသည် ဧကရာဇ်မင်း လက်နက်တချို့ကို အသုံးပြုခဲ့ပုံ ရပေသည်။သို့သော်လည်း ၊ ၎င်းကို ကျွမ်းကျင်စွာ အသုံးချနိုင်သည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ အရည်အချင်းသည် အလွန် ကြောက်စရာကောင်းကြောင်း ပြသနေသည်။

ရှေးခေတ်နှင့် ခေတ်သစ်ကာလများတွင် တုနှိုင်းမယှဉ်နိုင်သော တည်ရှိမှု တစ်ခုလို့ ဆိုရပေမည်။

ထိုကဲ့သို့‌သော ပင်ကိုယ် နားလည်နိုင်စွမ်း မြင့်မားမှု နှင့် ဟွိုင့်တွိုင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား‌သော ထိုအနှီလူ၏ အနာဂတ်တွင် ရလာနိုင်မည့် အောင်မြင်မှုများမှာ အကန့်အသတ် မရှိပေ။

ထူးဆန်းစွာဖြင့် ၊ စူးချန်ကဲသည် သူ့လက်ထဲက အဖြူရောင် အတွင်းခံအင်္ကျီကို တစ်ချက် ပြန်ကြည့်လိုက်သည် ။

“ ဒါ့ကြောင့် အဲဒီတုန်းက ထူးဆန်းနေတယ်လို့ ခံစားနေခဲ့တာကိုး “

ဤအတွင်းခံအင်္ကျီတွင် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားအမှတ်အသားများဖြင့် ရေးထွင်းထားပြီး ၊ အမျိုးမျိုးသော မှော်စွမ်းအင်ကြောင်းများ ဆက်နွယ်ရောယှက်နေသည်မှာ လွန်စွာ ဆန်းကြယ်ပေသည်။

ထို့အပြင်၊ ၎င်းသည် ဝတ်ဆင်သူအား သက်တောင့်သက်သာ ဖြစ်စေပြီး တစ်ချိန်တည်းမှာပင် ၊ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို တိုးမြှင့်စေနိုင်သည့် ပျံ့လွင့်နေသော တာအိုကာရန်များ ပါရှိသည်။

ဤပစ္စည်းမျိုးသည် ထိတ်လန့် အံ့ဩဖွယ်ကောင်းသော အရာတစ်ခု ဟု ဆိုနိုင်ပြီး ၊ဤ အတွင်းခံကို ဝတ်ဆင်နိုင်သော အမျိုးသမီး၏ အဆင့်အတန်းနှင့် နောက်ခံသည် သာမန်မဟုတ်သည်မှာ သေချာသည်။

“ မဟုတ်မှလွဲ‌ရော အဲ့တစ်ယောက်လား?”

တစ်ချိန်က ဘိုးဘေးသည် ထိုအမျိုးသမီး နှင့် ပတ်သတ်သော‌ ကောလဟာလအကြောင်း ပြောခဲ့ဖူးသည်။လက်ရှိအခြေအနေအရ သူမ ဖြစ်ဖို့ များသည်။

တစ်ချိန်တည်းမှာပင် ၊

ဝေဟင်ပေါ်တွင် တွဲလောင်းကျနေသည့် ကြီးကျယ်ခမ်းနား ကျွန်းစုလေးပေါ်ဝယ် ၊

လေညင်းတစ်ခု ဝေ့ယမ်းတိုက်ခတ်သွားခဲ့သည်။

ချက်ခြင်းဆိုသလို ၊ ပိန်ပိန်ပါးပါးဖြင့် ဖြူပြာဝတ်စုံကို ဝတ်ဆင်ထားသော လှပသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ဖြူဖွေးဆွတ်နေသော ခြေဗလာဖြင့် ၊ ခြေကျင်းဝတ်တွင် ဝတ်ဆင်ထားသော ငွေခေါင်းလောင်း ခြေကွင်းလေးသည် သူမ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း ၊ ငြိမ့်ညောင်းစွာ မြည်တမ်းသွားတတ်ပြီး တဖန် ပျောက်ကွယ်သွားပြန်သည်။

နောက်အခိုက်အတန့်တွင်မူ ၊ သူမသည် တခြားနန်းဆောင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။အမျက် ဒေါသ ထွက်နေသော သူမ၏ မျက်နှာလေးမှာ နီမြန်းလို့ နေသည်။

ခန်းမအပြင်ဘက်တွင် မငြိမ်မသက်‌သော လှုပ်ရှားမှုတစ်ခု ရှိနေခဲ့ပြီး ၊သိပ်မကြာမီ ငြိမ်သက်သွားခဲ့သည်။

“မမလေးကို တွေ့ပြီ !”

ထိုအမျိုးသမီးလေးကို တွေ့သည်နှင့် နောက်လိုက် အစေခံမိန်းကလေးများသည် သူမအား အလွန် ရိုသေလေးစားသော အမူအရာဖြင့် ကြိုဆိုမှုပြုကြလေသည်။

“အားလုံး သွားကြတော့ “

လော့ရန်ယွီ သည် အေးစက်တည်ငြိမ်စွာ ကြည့်လိုက်ပြီး ၊ သူ့လက်ကို ဝှေ့ယမ်းကာ အစေခံမိန်းကလေးများကို ဆုတ်ခွာရန် အချက်ပြလိုက်သည်။

နန်းဆောင်အတွင်း၌ လူသူကင်းမဲ့လျက် နေသည်။

လော့ရန်ယွီတစ်ယောက် အေးစက်တည်ငြိမ်သော အမူအရာကို ဆက်ထိန်းမထားနိုင်တော့ဘဲ ၊ သူမ ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းကာ အံကြိတ်လို့ နေသည်။

“ဒီလူယုတ်မာ ...ဒင်း.. !”

“ငါ့ကို အခွင့်ကောင်းယူတယ်ပေါ့!!!”

“​ တွေ့ကြတာပေါ့​ ၊ ​နောက်​တစ်​ခါဆိုရင်‌ တော့ နင့်ကို ငါ ကောင်းကောင်းကြီး သင်​ခန်းစာ​ပေးမယ်​!”

ဒေါသကြောင့် သူမ၏ နားရွက်များပင်လျှင် နီမြန်းလာသည်။

သူမ၏ စူးစမ်းချင်စိတ်ကြောင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေချရာကို သွားခဲ့သော်လည်း ၊ သို့သော် အခွင့်ကောင်းယူခံရပြီး သူမ၏အတွင်းခံကို ဆုံးရှုံးခဲ့ရလိမ့်မည်ဟု လုံးဝမှ ထင်မထားခဲ့ပေ။

ယခုထက်ထိ သူမ၏ ရင်သားတစ်ခုလုံး နာကျင်ယောင်ကိုင်းနေဆဲပင် ဖြစ်သည်။

သူမ၏ 36d လေးမှာဖြင့် ယခုဆို 36e အဖြစ်သို့ ပြောင်းလဲခဲ့ရချေပြီ။

[T/N-36d ၊ 36e ရင်‌‌ဆိုဒ်]

အပိုင်း(၁၅၂): လူဝင်စားခြင်း ရှေးဟောင်းသစ်ပင်၊ ကြောက်မက်ဖွယ်ရာ ကောင်းသောအမှန်တရား၊

သို့သော် စူးချန်ကဲထက်စာရင် ၊လော့ရန်ယွီက ပို၍ဆန်းကြယ်သော အငွေ့အသက်ကို ခံစားခဲ့ရသည်။

“နည်းလမ်းကျကျ ပြောရရင်၊ ငါ့ရဲ့ ဟွိုင့်တွိုင့်ခန္ဓာကိုယ်က တစ်ဖက်လူရဲ့ မွေးရာပါ သူတော်စင်တာအို သန္ဓေသားလောင်းထက် မညံ့ပါဘူး...”

“ ဒါပေမဲ့ လူကို အရမ်း ကြောက်စရာကောင်းစေတဲ့ အငွေ့အသက်ကို ဘာလို့ ခံစားမိနေပါလိမ့်?”

ထိုအရာများကို တွေးရင်း သူမ စိတ်ရှုပ်‌နေမိသည်။

“အရင်ကတော့ ဒီလူကို လွယ်လွယ်လေး ကိုင်တွယ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ၊ အခုတော့ ...”

“ငါ့ရဲ့ ညီအစ်မကောင်း​လေး​တွေကို ကူညီ​ပေးဖို့ တောင်းဆိုလိုက်ရမလား? “

“ အတူတူပေါင်းပြီး သူ့ကို ဂွင်ဆင်လိုက်ရင် ၊ လက်ထဲပါလာလိမ့်မလား?’

“ဒါပေမယ့် ငါ သူ့ကို မနိုင်ရင် ဘယ်လိုလုပ် မလဲ...”

ရလဒ်အနေဖြင့် ယောင်ချီသူတော်စဉ် နယ်မြေ၏ နတ်မိမယ်လေးမှာ စူးချန်ကဲ ကို မည်သို့လှည့်စားရမည်ကို တွေးတောရင်း ၊ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

…..

နောက်နေ့မနက်။

မြင့်မြတ်သောလမ်းစဉ်၏ လမ်းကြောင်းကြီး၏ ခမ်းနားထည်ဝါသော သက္ကတသံစဉ်များနှင့်အတူ ၊ နေရာတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များက ဖုံးလွှမ်းထားသည်။

ဝုန်း!

ယင် နှင့် ယန် ကို ခွဲထုတ်လိုက်သကဲ့သို့ တောင်ပေါ်မှ နတ်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကြီးသည် ရုတ်တရက် စုတ်ပြဲသွားကာ အဆုံးမဲ့ မရှိသော လေမုန်တိုင်းကြီး တစ်ခု တိုက်ခတ်နေလေ၏။

“အားလုံး၊ ပျော်ပျော်ပါးပါး ခံစားကြတာပေါ့”

စူးချန်ကဲသည် နောက်ပြန်လှည့်ကြည့်ကာ အားလုံးကို ရယ်မောကာ ပြောလိုက်သည် ။

ထို့နောက် သူသည် ကွေးယွမ်က လူအားလုံးကို ဦးဆောင်ကာ ၊ ဦးစွာ ဝင်ရောက်လိုက်သည်။

ဤနေရာရှိ ကွေးယွမ်သူတော်စင်နယ်မြေ၏ အင်အားသည် အစွမ်းထက်ဆုံး ဖြစ်ပေရာ ၊ မည်သူမျှ စောဒကမတတ်ဝံ့ပေ။

“ငါတို့ တွေ့ကြတာပေါ့ “

“ဒီ‌နေရာက မင်းရဲ့သင်္ချိုင်းပဲ!”

လုံပါ့ထျန်းသည် ထွက်ခွာသွားပြီ ဖြစ်သော စူးချန်ကဲအား ပြင်းပြသော လူသတ်လိုစိတ်များဖြင့် စိုက်ကြည့်နေခဲ့သည်။

သူတင်မက ၊ ပြင်းထန်သော လူသတ်လိုစိတ်များ အပြည့်ရှိသည့် ထိပ်တန်းအဆင့် လူငယ်များလည်း ရှိသေးသည်။ အင်အားစုများစွာဖြင့် ရေးဆွဲထားသော စူးချန်ကဲကို ဖျက်ဆီးမည့် အစီအစဉ်သည် ယမန်နေ့ညက အပြီးသတ်ခဲ့ပြီး ဖြစ်သည်။

သူတို့အားလုံး၏ မျက်လုံးထဲ၌ ၊စူးချန်ကဲသည် ဤခွင်းလွင်တောင်ခရီးစဉ်တွင် သေချာပေါက် သေရမည်သာ။

မဟုတ်ပါက ၊ စူးချန်ကဲသည် သူတို့ကို ထာဝရ နှိပ်ကွပ်ပေတော့မည်။

……

ခွင်းလွင် တောင်ပေါ်တစ်လျှောက် မြူခိုးများဖြင့် အုံ့ဆိုင်းနေပြီး၊ ဝိညာဉ်စွမ်းအားတို့မှာလည်း အထွပ်အထိပ်ပင် ဖြစ်သည်။

တောင်အတွင်း၌ မရေမတွက်နိုင်သော အကွေ့အကောက်များသော လမ်းများစွာ ရှိပြီး၊ အနက်ရှိုင်းဆုံး နေရာတစ်ခုဆီသို့ ဦးတည်နေသည်။

ခွင်းလွင်တောင်သည် လွတ်လပ်သော နယ်မြေတစ်ခု ဖြစ်သည်။

မှော်အက္ခရာ တစ်ခုချင်းစီမှ ပေါင်းစည်းထားသော မရေမတွက်နိုင်သော လမ်းကြောင်းငယ်များစွာ ရှိသည်။

၎င်းတို့အားလုံးသည် မတူညီသော နယ်ပယ်တွေဆီကို ဦးတည်ပြထားသည်။ဤနေရာတွင် မရေမတွက်နိုင်သော နယ်မြေငယ်များစွာ ရောယှက်လျက် ရှိပြီး ၊ ၎င်းတို့၏ အခွင့်အလမ်းများနှင့် အမွေအနှစ်များသည်လည်း မရေမတွက်နိုင်အောင် များပြားလှသည်။

ခွင်းလွင် တောင်ထိပ်သည် တောင်၏ အလယ်ဗဟိုချက် ဖြစ်ပြီး ဝိညာဉ်စွမ်းအား အကြွယ်ဝဆုံး နေရာလည်း ဖြစ်သည်။ဤနေရာကို လောကီသားများက “ပင်ကိုယ်စွမ်းအင် စုဝေးရာနေရာ”ဟု ခေါ်ဆိုကြသည်။

ထိုနေရာ၌ သူတော်စင်အရှင် နယ်ပယ်အဆင့်ထိ အောင်မြင်နိုင်သူသည် မိမိကိုယ်ပိုင် စွမ်းရည်များကို မြှင့်တင်ပေးနိုင်ရုံသာမက၊၎င်းသည် တောင်၏ နိယာမတရားမှ တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ၊ ကောင်းကင်ကိုတောင် အံတုနိုင်သော အခွင့်အရေးကို ရရှိစေနိုင်သည်။

“ ထင်တဲ့အတိုင်းပဲ ၊ အာကာသ မှော်အစီအရင်က ငါတို့ကို နေရာအနှံ့ လူကွဲသွားစေခဲ့တာပဲ”

“ငါတို့ ဒီမှာ စုစုပေါင်း လူဘယ်နှစ်ယောက်ရှိလဲ?”

တပည့်တစ်ယောက်က ထွက်လာပြီး ဖြေကြားလိုက်သည်။

“ဆက်ခံသူ သခင် ပြန်လည်ဖြေကြားပါတယ် ၊ စုစုပေါင်း ၃၂ယောက် ရှိပါတယ် “

စူးချန်ကဲသည် သူ မှန်းဆထားသည့်အတိုင်း အသာလေး ခေါင်းညိမ့်ပြလိုက်သည်။လျှို့ဝှက်ဆန်းကြယ်သော နေရာပြောင်းရွေ့ခြင်း အစီအရင်ချလိုက်သောကြောင့် ၊ ပို့ဆောင်စဉ်အတောအတွင်း သူတို့အားလုံး လူကွဲသွားပုံရသည်။

သို့သော် ဤအရာက သူလိုချင်ခဲ့သော ပုံစံမျိုး ဖြစ်သည်။ လူအုပ်စု များလွန်းလျှင်ဖြင့် ၊သူ့အနေဖြင့် ကြက်သွန်မြိတ်ကြီးများကို ရိတ်သိမ်းရန် အဆင်မပြေနိုင်ပေ။

ထို့နောက် စူးချန်ကဲသည် တစ်စုံတစ်ခုကို အာရုံခံလိုက်သကဲ့သို့ ၊ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

ရုတ်​တရက်​ ၊ သူ၏ နှုတ်​ခမ်း​သား​ပေါ် ​၌ လှောင်​ရယ်​သံတစ်​ခု​ ထွက်ပေါ်လာခဲ့သည်​။

“ငါထင်ထားတဲ့အတိုင်းပဲ၊ ထန်ဟောက် ‌ဒီကြက်သွန်မြိတ်လေးလည်း ရောက်နေပြီပဲ”

ယွင်ရှန်းယန်ပေးခဲ့သော ခြေရာခံ ကျောက်စိမ်းဆွဲပြားသည် ယခုအခါတွင် အတော်လေး အသုံးတည့်လို့ လာချေပြီ။

“ငါနဲ့အတူလိုက်ခဲ့ကြ”

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။ ထို့နောက် သူ့နောက်က တပည့်သားများနှင့်အတူ ဉီးတည်ရာတစ်ဖက်ဆီသို့ အမြန်ပြေးလာခဲ့ကြသည်။

သူ့မှာ ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။

ခွင်းလွင်တောင်တွင် ထွက်ပေါ်လာသော အခွင့်အရေးမှန်သမျှ ကွေးယွမ် သူတော်စင်နယ်မြေကသာလျှင် သိမ်းပိုက်နိုင်ရမည်။

…

တစ်ချိန်တည်းမှာပင် ၊ တောင်၏ အခြားတစ်‌နေရာ၌

ယွင်ရှင်းယန် ၊ထန်ဝူအာ နှင့် ထန်ဟောက် တို့သည် အမှတ်တမဲ့ တွေ့ဆုံခဲ့ကြသည်။

ယင်းသည် ထန်ဟောက်ကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။ဤအမျိုးသမီး နှစ်ဦးစလုံးသည် သူနှစ်သက်သဘောကျရသည့် သူများလည်း ဖြစ်ပေသည်။ မိန်းမလှလေး နှစ်ယောက်နှင့် ယောကျာ်းတစ်ယောက် ၊ဤကဲ့သို့ လှပသော တွေ့ဆုံမှုသည် အဆုံးမရှိသော စိတ်ကူးယဉ်မှုကို ဖြစ်ပေါ်စေသည်။

ဤလမ်းတစ်လျှောက်လုံး ၊ထန်ဟောက်အတွက်တော့ ရေထဲက ငါးတစ်ကောင်ကဲ့သို့ အရာရာတိုင်းက ချောမွေ့နေသည်။

တချို့သော လူများမှာဖြင့် ဤခွင်းလွင်တောင်ထဲတွင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရပြီး သေလုနီးပါးပင်။

တစ်ဖက်တွင်မူ ၊ ထန်ဟောက်သည် လက်ရှိအချိန်ထိ ယွင်ရှင်းယန် နှင့် ထန်ဝူအာတို့ နှစ်ယောက်ကို ဦးဆောင်ခဲ့ပြီး ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့ပေ။ဆန့်ကျင်ဘက်အနေဖြင့် အခွင့်အရေးများစွာ ရရှိခဲ့သည်။

အရည်အသွေးမြင့် ရှေးဟောင်းပစ္စည်း အပိုင်းအစများ၊ မသေဆေး ၊အရည်အသွေးမြင့် နတ်ကျောက်တုံးများ စသည်ဖြင့် အလွန်ရှားပါးသော အရာများကို တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။

“ ဆက်ခံသူ သခင် ပြောတာ မှန်တယ်၊ ဒီ ထန်ဟောက်က တကယ်ကို ထူးခြားတယ်”

ထန်ဟောက်၏ နောက်သို့ လိုက်နေသော ယွင်ရှင်းယန်သည်လည်း အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ဒီလိုသာ ဆက်ဖြစ်နေဦးမည်ဆိုပါက ၊ ၎င်း၏ ကံကောင်းမှုများဖြင့် ၊ထန်ဟောက်သည် ခွင်းလွင်တောင်၏ မြင်းနက်တစ်ကောင် ဖြစ်လာပေတော့မည်။

T/N - မြင်းနက် - မထင်မှတ်ဘဲ အချီကြီးကြီးရသွားသူ ၊အောင်မြင်သွားသူ

ပြောရင်းဆိုရင်း ၊အချီကြီးပွကာ ဟိုးကောင်းကင်ဘုံထိတောင် တစ်ရှိန်ထိုး ရောက်သွားပေတော့မည်။

“ဆက်ခံသူ သခင် ၊ ငါရှိတဲ့ အရပ်ကို သိလောက်တယ် မဟုတ်လား ၊ လာနေပြီများလား?”

ယွင်ရှင်းယန်တစ်ယောက် အတွေးများနေစဉ် ထန်ဟောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုကို အတိုင်းသား မြင်တွေ့နေရသည်။

“တွေ့ပြီ၊ တွေ့ပြီ!”

“ကျွန်တော်နှင့် ရင်းနှီးတဲ့ အငွေ့အသက်ကို ခံစားမိတယ်၊ ဒီမှာ လူဝင်စားခြင်း စည်းတံဆိပ် ရှိရမယ် !”

“ ထန်ဟောက် နင် ရူးနေပြီလား?”

ထန်ဝူအာ အနေဖြင့် ၊ သူမ ရင်းနှီးခဲ့သော ဝမ်းကွဲ မောင်လေးကို တခြားလူတစ်ယောက်အဖြစ် ခံစားနေမိသည်။

သူသည် ဤကာလအတွင်း အရူးတစ်ယောက်လို ပြုမှုနေခဲ့ပြီး ၊သူမ နားမလည်သော စကားတချို့ကို ပြောလေ့ရှိသည်။

ထန်ဟောက် ခန္ဓာကိုယ်၏ အသွေးအသား ရောင်ဝါကို သူမအနေဖြင့် ခံစားနိုင်ခြင်း မရှိခဲ့ပါက ၊ အရင်က ထန်ဟောက်မှာ သေသွားပြီလား ဟု တွေးတောနေမိမှာ အမှန်ပင်။

သို့သော်လည်း ထန်ဟောက်အတွက် ဤကိစ္စကို ဂရုစိုက်မအားသေးဘဲ စိတ်လှုပ်ရှားမှုများစွာဖြင့် ဆိုလိုက်သည်။

“အစ်မ ဝူအာ ၊ မိန်းကလေး ရှင်းယန် ၊ ဒါက ခွင်းလွင် တောင်မှာ ရှိတဲ့ အကြီးမားဆုံး အခွင့်အရေးတွေထဲက တစ်ခုလို့တောင် ပြောလို့ရတယ် “

“မင်းတို့ ငါ့နောက်ကို လိုက်လာတဲ့အတွက် သေချာပေါက် ပျော်ရွှင်စေရမယ်!”

သူ့ရှေ့က အမှောင် ဂူနက်ကြီးကို ကြည့်ရင်း ၊ သရေတမြမြဖြင့် ။

ထို့နောက် သူမတို့နှစ်ယောက်ကို ဦးဆောင်ကာ ဂူထဲသို့ ဝင်လာခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ၊ ဝင်လာသည့် လမ်းတစ်လျှောက် မည်သည့် ခံစစ် မှော်အစီအရင်များလည်း မဖြစ်ပေါ်ခဲ့ပေ။

လျှို့ဝှက်ဆန်းကြယ်သော အာကာသ ကန့်သတ်နေရာကို ဖြတ်သန်းပြီးနောက်။

သူတို့မျက်စိရှေ့တွင် ရှိနေသော ဟင်းလင်းပြင် နေရာလွတ်တစ်ခုက ရုတ်တရက် ပွင့်သွားလေသည် ။

အမှောင် ဂူနက်ကြီး၏ အထဲတွင် ၊ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ပေါ်၌ နတ်အလင်းရောင်တစ်ခု လင်းလက်နေသည်။

အမှောင်ထုထဲတွင် ရှိနေသော တစ်ခုတည်းသော အလင်းရောင်ကဲ့သို့ ၊ ရှေးဟောင်းသစ်ပင်ကြီးကိုလည်း တောက်ပစွာ ထွန်းလင်းစေပြီး ၊ ၎င်းသစ်ပင်ပေါ်တွင် လျို့ဝှက် ဆန်းကြယ်သော သစ်သီးဆယ်မျိုး ရှိနေသည်။

“ဒါက လူဝင်စား သစ်သီး?”

ယွင်ရှင်းယန်၏ လှပသော မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

လူဝင်စား သစ်သီးသည် ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော ဒဏ္ဍာရီ ပစ္စည်းတစ်ခုဖြစ်ပြီး ၊ ဒဏ္ဍာရီထဲက လူဝင်စားခြင်း စွမ်းအားကို နားလည်သောသူသာလျှင် ၎င်း၏ ဂုဏ်သတ္တိကို အသုံးပြုနိုင်‌ပေလိမ့်သည်။

လူဝင်စားခြင်း စွမ်းအားသည် တိုက်မြေ သုံးထောင်တွင် ထိပ်တန်းတည်ရှိမှု တစ်ခု ဖြစ်သည်ဟု လူသိများသည်။

၎င်းကို စုဆောင်းနိုင်သူ၏ အောင်မြင်မှုများသည် အနာဂတ်တွင် ဘယ်သောအခါမှ နိမ့်ကျသွားလိမ့်မည် မဟုတ်ပေ ။

“ အရမ်းကောင်းတာပဲ ၊ ငါတို့ လူဝင်စား သစ်သီးကို အမြန် သွားခူးကြရအောင်”

ထန်ဝူအာသည်လည်း စိတ်လှုပ်ရှားနေပုံရကာ ၊အင်္ကျီလက်များကို ခေါက်သိမ်းရင်း အလုပ်စရန် ဟန်ပြင်လိုက်သည်။

သို့သော် ထန်ဟောက်၏ တားဆီးခြင်းကိုခံလိုက်ရသည်။

“မိန်းကလေး ရှင်းယန်၊ အစ်မ ဝူအာ၊ မင်းတို့ ဒီမှာ ရပ်ပြီး ငါ့ကို စောင့်နေလိုက်ပါ “

သူသည် ယခုလေးတင် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီး၊ လူဝင်စားခြင်း စည်းတံဆိပ်သည် သူ့ထံ အချက်အလက်တစ်ခု ပြန်ပေးပို့ခဲ့သည်။

သူသည် ဤရှေးဟောင်း သစ်ပင်အောက်တွင် မြှုပ်နှံခံထားရသည် ဆိုသည့် အကြောင်းပင် ဖြစ်သည်။

သူသည် မည်သည့် အခြေအနေမျိုးတွင် မဆို ဤလျှို့ဝှက်ရတနာနှင့် ပတ်သတ်ပြီး မည်သူကိုမျှ အသိခံမည်မဟုတ်ပေ။

သို့သော် ထန်ဝူအာကတော့ အနည်းငယ်စိတ်ပျက်သွားပုံ ရပေသည်။ဟုတ်လည်း ဟုတ်ပေသည်။ထန်ဟောက် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် အရာကို တဖက်လူက လက်ဝါးကြီးအုပ်ရန် ကြိုးစားနေသည့်သဘော သက်ရောက်သွားခဲ့သည်။

သို့သော်လည်း သူမ၏ အရင်က မှတ်ညဏ်များအရ ၊ ထန်ဟောက်သည် အရည်အချင်းပိုင်းတွင် ညံ့ဖျင်းသော်လည်း မျှဝေခြင်းကို နှစ်သက်သူ တစ်ဦးဖြစ်ခဲ့သည်။

အဘယ်ကြောင့်​ သူ၏စရိုက်မှာ ယခုလို ပြောင်းလဲ​သွား​ခဲ့ရသနည်း။

ထန်ဝူအာ၏ ခံစားချက်ကို နားလည်လိုက်ပုံရသော ထန်ဟောက်က လှမ်းဆိုလိုက်သည်။

“အစ်မ ဝူအာ အဲ့လိုတွေးနေတာတော့ မဟုတ်...”

သို့သော် သူစကားမဆုံးခင် ၊ ဂူအပြင်ဘက်ကနေ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဖြောင့်မတ်ချင်‌ယောင် ဟန်ဆောင်မနေနဲ့၊ မင်း ထန်ဟောက်လို ဟန်ဆောင်နေကတည်းက ကြောင်သူတော် ဖြစ်နေပြီ”

“ အခြေအနေတွေက ဒီထိတောင် ရောက်နေပြီ ၊ခုထိ ထန်ဟောက်ရဲ့ အစ်မကိုပါ လှည့်စားချင်နေသေးတာ ၊ ဒါ ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ!”

“ဒီအသံက...!?”

ထိုအသံကို ကြားလိုက်ရသည်နှင့် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ၊မယုံကြည့်နိုင်ခဲ့ပေ။

ရုတ်တရက် လှည့်ကြည့်လိုက်ရာ ၊ သူ ရင်းနှီးခဲ့ဖူးသော ပုံစံကို တွေ့လိုက်ရသည်။

အထူးသဖြင့် ထိုအနှီသူ၏ ခပ်ဖျော့ဖျော့ အပြုံးသည် သူ့နှလုံးသား တစ်ခုလုံးကို အေးခဲသွားစေသည်။

သူ့ကို ပိုပြီး ထိတ်လန့်စေသည့် အရာမှာ ရုတ်ချည်း ပေါ်ထွက်လာသော စူးချန်ကဲ မဟုတ်ဘဲ၊သူ ပြောလိုက်သော ထိုစကားများပင်။

သူ၏ မူလအသွင်အပြင်ကို စူးချန်ကဲ မည်သို့သိနိုင်ခဲ့သနည်း။

သူ အနေဖြင့် ထိုအကြောင်းအရာကို တစ်ခါမှ ထုတ်ဖော်မပြောခဲ့ဘူးပေ ။

သို့သော်လည်း ထန်ဝူအာက စိုးရိမ်တကြီးဖြင့်။

“လူကြီးမင်း ၊ ဘာလို့ ဒီလိုပြောတာလဲ”

ထန်ဟောက်၏ မူမမှန်သော အပြုအမှုကို အရင်ကတည်းက သူမ သတိထားမိခဲ့သော်လည်း၊

စူးချန်ကဲ၏ စကားများကို ကြားလိုက်ရချိန်မှာတော့ သူမ၏ သံသယမှာ ပို၍ ကြီးထွားလာခဲ့တော့သည်။

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးပြရင်း။

“မိန်းကလေး ဝူအာ ငါ့ကို ယုံလား”

ဤစကားကြောင့် ထန်ဝူအာ အံ့အားသင့်သွားခဲ့သော်လည်း ၊ သို့သော် စူးချန်ကဲသည် ယခင်က သူမ၏ သူငယ်ချင်းများကို ကယ်တင်ပေးခဲ့သူ ဖြစ်ရာ ခေါင်းညိမ့်လိုက်သည် ။

“ဝူအာ လူကြီးမင်းကို ယုံကြည်ပါတယ်!”

စူးချန်ကဲ၏ အပြုံးတို့မှာ ပို၍ တောက်ပလာခဲ့ပြီး ၊ သူသည် သက်ပြင်းချချင်ယောင် ဟန်ဆောင်လိုက်သည်။

“အိုင်း ၊ တကယ်တော့ ငါလည်း ဒီလောက် ကြောက်စရာကောင်းတဲ့ ကိစ္စကို မပြောချင်ပါဘူး”

“ဒါပေမယ့် မိန်းကလေး ဝူအာ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ငါအမှန်အတိုင်းပြောပြမယ် ၊ ငါက စိတ်ဝိညာဉ်က ခံစားမှု အရမ်းအားကောင်းတယ် “

“ငါ ဒီကမ္ဘာကို ပထမဆုံးရောက်လာပြီး ဟောက်အာ ကို စတွေ့ခဲ့ကတည်းက တစ်ခုခုမှားနေတာကို သတိထားမိခဲ့တယ် ၊ အရွယ်ရောက်ပြီးသား သူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က အလွန် တည်ငြိမ်နေသင့်တယ် ၊ဒါပေမဲ့ အသက်ဆယ့်ရှစ်နှစ်ရှိနေပြီ ဖြစ်တဲ့ ဟောက်အာရဲ့ စိတ်ဝိညာဉ်က ဖယောင်းမီးလိုပဲ တုန်ယင်နေခဲ့တယ်”

T/N- ဟောက်အာ - ထန်ဟောက် တူတူပါပဲ

အရမ်း ရင်းနှီးတဲ့ သူမှသာ ‘အာ’ ဆိုတဲ့ စကားလုံး တပ်ခေါ်တာပါ ၊

“မွေးကင်းစကလေးက လွဲရင် ဒီလိုအခြေအနေမျိုးက တစ်ခုတည်းပဲ ရှိတယ်...”

“ ကိုယ်ထည် အလုခံလိုက်ရတာပဲ “

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နေရာတစ်ခုလုံး အေးခဲသွားသည်။

ထန်ဝူအာသည် မယုံနိုင်စွာဖြင့် သူမ၏ ပါးစပ်ကို ဖုံးအုပ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အနည်းငယ် နီမြန်းသွားလေသည် ။

“ဒါဆို ကျွန်မရဲ့ ဝမ်းကွဲမောင်လေးက...”

“ စူးချန်ကဲ ! မင်းအပေါက် ပိတ်လိုက်စမ်း !”

ထန်ဟောက်သည် အရူးတစ်ယောက်လို ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့ပါးစပ်ထဲက ထွက်လာသည့် “ဟောက်အာ “ ဆိုသည့် စကားလုံးသည် သူ့ကို အလွန်မအီမသာ ဖြစ်စေသည်။

သူ၏ သရုပ်မှန်မှာ အညှာတာ ကင်းမဲ့စွာ ထုတ်ဖော်ခံခဲ့ရသည်။ထိုအရာက သူ့ကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။

သို့သော် စူးချန်ကဲ သည် ထန်ဟောက် ကို အစမှအဆုံးထိ လျစ်လျူရှုထားပြီး ၊ သူ့အင်္ကျီလက်မှ အဖိုးတန် မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။

သူသည် ထန်ဝူအာ အား ဆက်ရှင်းပြနေခဲ့သည်။

“ မိန်းကလေး ဝူအာ ၊ ဒီအဖြစ်မှန်ကို လက်မခံချင်ဘူး ဆိုတာ ငါ သိပါတယ် ၊ ငါ့ရဲ့ ဒီလျှို့ဝှက်ရတနာကို ပုံရိပ်ယောင်မှန် လို့ ခေါ်တယ် ၊ဒါက တဖက်လူရဲ့ ဝိညာဉ်အစစ်ကို ထင်ဟပ်နိုင်စေတယ် “

ထို့နောက် စူးချန်ကဲသည် အပြုံးမပျက် ထန်ဟောက်ကို ကြည့်လိုက်သည်။

“ဘယ်လိုလဲ?”

သို့သော် ဤအရာသည် ဒေါသတကြီး ဖြစ်နေခဲ့‌သော ထန်ဟောက်ကို အေးခဲသွားစေခဲ့သည်။

သူသည် နေရာတွင်သာ ရပ်နေပြီး ၊ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ ငေးကြည့်လျက်သား အသံဆိတ်နေခဲ့သည်။

သူသည် မူလကတည်းက ကိုယ်ထည်ကို လုယူထားသော သူ ဖြစ်သည်။အကယ်၍ ပုံရိပ်ယောင် မှန်ဖြင့် စစ်ဆေးမည်ဆိုပါက ၊ သူသည် စူးချန်ကဲ၏ ထောင်ချောက်ထဲကို ကျရောက် မသွားပေနိုင်ဘူးလား?

သို့သော် သူ မသိခဲ့သည်မှာ အစကတည်းက သူ့မှာ ရွေးချယ်စရာဆိုလို့ မရှိချေ။

ထန်ဝူအာ ယိုင်နဲ့စွာဖြင့် ခွေလဲကျသွားခဲ့သည်။ထန်ဟောက်သည် စူးချန်ကဲ၏ စကား အပေါ် ပြန်လည်တုံ့ပြန်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ ဝမ်းကွဲမောင်လေးသည် အရင်ကတည်းက သေဆုံးသွားခဲ့ပြီ ‌ဆိုတာကို အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယခု အခါတွင် သူမ ဝမ်းကွဲမောင်လေး၏ ကိုယ်ထည်ကို သူစိမ်းတစ်ယောက်က သိမ်းပိုက်ထားသည်။

“အစ်မ ဝူအာ ငါ...”

ထန်ဟောက်၏ စကား မဆုံးသေးခင်။

ဝုန်း!

ရွှေဝါရောင် ဝိညာဉ်စွမ်းအင်တို့သည် ဧရာမ လက်ဖဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေဟာပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ ထန်ဟောက်သည် သတိလက်လွတ်ဖြစ်ကာ ထိုလက်ဖဝါးချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

အဝေးတစ်နေရာသို့ လွှင့်ထွက်သွားပြီး ၊ပါးစပ်ထဲမှ အန်ထွက်လာသော သွေးများသည် နေရာအနှံ့ ပြန့်ကျဲသွားခဲ့လေသည်။

ဘုန်း!

အသံတချက်နှင့်အတူ ၊ ထန်ဟောက်သည် ရှေးဟောင်း သစ်ပင်ကြီးဖြင့် ပြင်းပြင်းထန်ထန် ဝင်ရိုက်မိသွားသည်။

သူ့ခန္ဓာကိုယ်ရှိ ကျင့်ကြံသွေးကြောများ အားလုံး ကွဲထွက်သွားခဲ့ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည် ။

စူးချန်ကဲသည် လက်ကို နောက်ပစ်လျက် ခပ်ဝေးဝေးကနေ လျှောက်လာခဲ့သည်။

“အခုချိန်ထိ မိန်းကလေး ဝူအာ ကို လှည့်စားချင်နေတုန်းပဲလား?”

“မင်း တကယ် သေချင်နေတာလား?”

“ စူး ချန် ကဲ !!”

ထန်ဟောက်သည် ပြင်းထန်သော နာကျင်မှုကိုတောင် လျစ်လျူရှုကာ ၊ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် စူးချန်ကဲ၏ နှုတ်ခမ်းသားပေါ်တွင် လှောင်ရယ်နေသော အပြုံးကိုသာ မြင်လိုက်ရသည်။

ယင်းက သူ့ကို ချွေးပြန်စေခဲ့သည်။

သူသည် အစကတည်းက အကွက်ချ ခံလိုက်ရပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

All Chapters