← Chapters

အခန်း (၁၆၂-၁၆၆)

Vol. 12 Ch. 162-166

အခန်း (၁၆၂-၁၆၆)

Vol. 12 Ch. 162-166

အပိုင်း(၁၆၂): အရက်စက်ဆုံး ဆက်ခံသူ လုပ်မယ်

"ဒီစူးချန်ကဲ က ကောလဟာလတွေထက်ကို ပိုပြီး အစွမ်းထက်နေတာပဲ!"

ရှုံချီ သတိလက်မလွတ်ရဲပေ။သူသည် စွမ်းအားအကုန်လုံး တဖန် ပေါက်ကွဲပစ်ခဲ့ရာ သွေးများ၏ တုန်လှုပ်မြည်ဟည်းသံမှာ အဆုံးမရှိပေ။ အဆုံးစွန်သော ရုပ်ခန္ဓာ၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတို့ကို ပြသခဲ့လေပြီ။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ ဥက္ကာပျံများ အောက်သို့ ကြွေကျလာသကဲ့သို့ သူ့ခြေဖဝါးအောက်ရှိ မြေကြီးတို့မှာ ပြင်းထန်သော ရိုက်ခတ်မှု အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ရသည်။

တုနှိုင်းမရသော ပြင်းထန်လွန်းလှသည့် လက်သီးတစ်ချက်သည် စူးချန်ကဲပေါ်သို့ ကျရောက်လာခဲ့ပြန်သည်။

စူးချန်ကဲ၏ မျက်လုံးများသည် ဂရုမစိုက်ဟန်ဖြင့်၊သူသည် နောက်သို့ ခြေတစ်လှမ်းမှ ဆုတ်ခွာသွားခြင်း မရှိခဲ့ပေ။

သူ၏ ဟန်ပန်သွင်ပြင်သည် ပေါ့ပါးလှကာ ၊သူ၏ လေသံမှာလည်း ကြောက်ခမန်းလိလိ ငြိမ်သက်လွန်း ပေသည်-

"ငါကိုယ်‌တော် အကြိုက်ဆုံးအရာကလည်း တခြားသူနဲ့ လက်ဝှေ့ ပြိုင်ထိုးရတာပဲ"

သူ့ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံ ခန္ဓာကိုယ် အသွေးအသားနှင့် လုံရှန့်ဖိနှိပ်စွမ်းအားကို ပေါင်းစပ် စမ်းသပ်မည့် အချိန်ကို ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည် ။သို့သော် ၎င်းစွမ်းအားသည် ဘီလီယံ ဆယ်နှင့်ချီသော ကီလိုမီတာ အကွာအဝေးထိ ရောက်ရှိသွားနိုင်သည်။

ဤသဘောတရားကား အဘယ်နည်း။

ဤအရာသည် ရိုးရိုးတန်းတန်း စိတ်ကူးယဉ်ခြင်းထက်ကို သာလွန်သော စွမ်းအားဖြစ်ပြီး ကြယ်တာယာ အစုအဝေးကြီးကိုတောင် ချိုးဖျက်ပစ်နိုင်သည်။

စူးချန်ကဲ၏ လက်သီးချက် ထွက်ပေါ်လာသည်နှင့် ၊ တခဏချင်းမှာပင် ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ထကြွလာခဲ့ပြီး ၊အာကာသ ဟင်းလင်းပြင်ကြီးလျှင် ထိုစွမ်းအားကြောင့် လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ပြီး တုန်ခါသွားသည်။

ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားကို မြင်လိုက်ရသည်နှင့် ၊ ရှုံချီ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ဝုန်း!

နှစ်ဦးသား အပြင်းအထန် တိုက်မိကြသည်မှာ ရှေးကြယ်နှစ်စင်း ဆုံတွေ့ကြသကဲ့သို့ ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။

ပတ်ဝန်းကျင်ရှိ မြေကြီးများမှာ တုန်ခါလှုပ်ယမ်းလို့ နေသည်။ အကယ်၍ ဤခွင်းလွင် တောင်ထိပ်ရှိ အထူးမှော်အစွမ်း၏ ကောင်းချီးပေးမှုကြောင့်သာ မဟုတ်ပါက ၊သူတို့အားလုံး ဤခွင်းလွင်တောင်ပေါ်မှ တောင်အောက်မြေပြင်ပေါ်သို့ ချက်ချင်းလက်ငင်း ပြုတ်ကျသွားပေလိမ့်မည်။

စူးချန်ကဲသည် သူ့အစွမ်းရှိသမျှ ထိုးနှက်လိုက်သောကြောင့် ရှုံချီအနေဖြင့် လုံးဝ ခံနိုင်ရည်မရှိခဲ့ပေ။

သူခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး ၊ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးချီစွမ်းအားများက တသိမ့်သိမ့် ရိုက်ခတ်တုန်လှုပ်နေခဲ့သည်။ထို့အပြင် သူ၏ ခြေထောက်ကြီးများသည် အောက်က မြေသားကို ထွန်ယက်သလိုမျိုး နက်နဲသော လျှိုမြောင်များ ဖြစ်ပေါ်ခဲ့ရသည်။

သို့သော် ၊ သူ နောက်ထပ် မတုံ့ပြန်ရသေးခင်မှာပဲ စူးချန်ကဲသည် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြင့် တိုက်ခိုက်လာခဲ့သည်။ကောင်းကင်တစ်ခွင်တွင် မီးလျှံများ ဖုံးလွှမ်းသွားကာ ရက်စက်ကြမ်းကြုတ်သော မီးနဂါးကြီးသည် ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

ယခုတစ်ခေါက်၏ တိုက်ခိုက်မှုသည် သာမာန်လှုပ်ရှားမှု အဆင့်မျှသာ ရှိ‌သော်လည်း၊သို့‌သော်လည်း စူးချန်ကဲသည် သာမန်လှုပ်ရှားမှုများကိုပင် မှော်အတတ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီး ၊ မယုံနိုင်စရာကောင်းသော စွမ်းအားများကို ထုတ်လွှတ်နိုင်ခဲ့သည်။

ဝုန်း ! !

ရှုံချီသည် မီးနဂါး၏ တိုက်ခိုက်မှုကို သူ၏ ခုခံတိုက်ခိုက်နည်းဖြင့် တားစီးခဲ့ပြီး ၊ ကမ္ဘာမြေကြီး စွမ်းအင်ကို ဌားယူကာ အလုံးစုံသော အောင်မြင်မှုကြီးကို သိမ်းယူရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း စူးချန်ကဲသည် သူ့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်ခဲ့သည်။

စူးချန်ကဲ၏ သုတ်သင်ရှင်းလင်းမှုသည် ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ ကြီးကျယ်ခမ်းနားသော ရွှေဝါရောင် ဝိညာဉ်စွမ်းအင်များသည် တဖန် စုဝေးလာခဲ့ပြီး ကောင်းကင်ကိုတောင် ဖုံးလွှမ်းထားနိုင်သော လက်ဝါးကြီးတစ်ခု အဖြစ် ပြောင်းလဲသွားကာ ထပ်ပြီး တိုက်ခိုက်ခဲ့ပြန်သည်။

ဤလှုပ်ရှားမှုသည် စောနက သူ ရှုံချီကို နှိပ်ကွပ်ခဲ့သော ဖန်ထျန်းလက်ဝါး တိုက်ကွက် ဖြစ်ပြီး ၊သို့‌သော် ယခုတစ်ခေါက်တွင် သူ၏ စွမ်းအားသည် အရင်ကထက် ပို၍ အားကောင်းလာခဲ့သည်။

ရှုံချီ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ၊ သူသည် ဧရာမဝက်ဝံမျိုးနွယ်စု၏ နတ်သားရဲဒိုင်းကို အလျင်အမြန် အသုံးပြုလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲ တစ်ကောင်၏ အသွင်ပုံရိပ်သည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး ၊စူးချန်ကဲ၏ တိုက်ခိုက်မှုကို တားစီးရန် ကြီးမားသော ပုံစံအဖြစ် အသွင်ယူလိုက်သည်။

ဝုန်း !

သို့သော် စူးချန်ကဲ၏ လက်ဝါးစာနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပဲ ၊နတ်သားရဲဒိုင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး အချိန်မရွေး ပြိုလဲတော့မည့်အတိုင်း မှော်သင်္ကေတများက တဖျပ်ဖျပ် လူးလွန့်နေသည်။

"ဒီလိုလိပ်ခွံတွေကို ငါကိုယ်တော် ဘယ်နှစ်ခုတောင် ခွဲခဲ့ပြီလဲ ‌ဆိုတာ မသိတော့ဘူး "

" ကွဲစေ!"

စူးချန်ကဲ၏ မျက်ဝန်းအရောင်မှာ အေးစက်သွားသည်။

သူသည် သူ့လက်ထဲက စွမ်းအားကို တစ်ဖန် တိုးမြှင့်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်တို့သည် တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ၊ ဤဝိညာဉ်စွမ်းအား၏ ရှေ့မှောက်တွင် မည်သည့်အရာမဆို ရက်စက်စွာ ပျက်စီးတော့မည့်အတိုင်း သူ၏ တုနှိုင်းမရသော စွမ်းအားတို့ကို ထုတ်ဖော်ပြသနေလေ၏။

သူ၏ အေးစက်သော စကားအဆုံးတွင် ။

ကွဲအက်သံ!!

အင်အားကြီး ဝက်ဝံမျိုးနွယ်၏ အဖိုးတန် နတ်သားရဲ ဒိုင်းမှာ အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး ၊ နောက်ဆုံးတွင် ကြယ်မှုန့်များသဖွယ် အပြီးတိုင် ပျက်စီးသွားခဲ့လေသည်။

အင်အားကြီးမားသော လက်သီး၏ အောက်တွင် အ‌ခိုးအငွေ့များနှင့် ဖုန်မှုန့်များက အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

ရှုံချီ ခန္ဓာကိုယ်တွင်းရှိ သွေးချီစွမ်းအင်များမှာ ရှော့ခ်ဖြစ်သွားခဲ့သည့်အပြင် သူ့တစ်ကိုယ်လုံး မြေကြီးနဲ့ အကြိမ်ကြိမ် အခါခါ ထိမှန်ရိုက်ခံလိုက်ရသည်။သူ၏ အသက်ရှုသံတို့မှာ ဗြောင်းဆန်နေပြီး အတွင်းပိုင်းမှ ဒဏ်ကာအကြီးအကျယ် ရသွားသကဲ့သို့ ပါးစပ်ထဲမှ သွေးများစွာ အန်ထွက်လာခဲ့သည်။

စူးချန်ကဲ၏ တဖက်သတ် ရိုက်နှက်ခြင်းကို ခံနေရသော ရှုံချီတစ်ယောက် ငြိမ်ကျသွားသည်မှာ အပ်ကျသံကိုပင် ကြားနိုင်သည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါး‌တောင်တန်းရှိ မြောက်များစွာသော မကောင်းဆိုးဝါးမျိုးနွယ်စုဝင် ဖြစ်သည့် ‌'အသားထုကြီး"ဟု အမည့်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ဧရာမဝက်ဝံကြီးမှာ စူးချန်ကဲ၏ ရိုက်နှက်ခြင်းကို ခံရပြီး ပြန်လည်ခုခံနိုင်စွမ်းပင် မရှိတော့ချေ။

“ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာတုန်း?”

ပွဲကြည့်ပရိတ်သတ် လုပ်နေသည့် လော့ရန်ယွီ၏ အမူအယာသည် အလွန် လေးနက်နေပြီး ၊သူမသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သို့သော် မိမိပေါက်ကွဲနိုင်မည့် စွမ်းအားမှာ စူးချန်ကဲနည်းတူ သေချာပေါက် အားကောင်းလိမ့်မည် မဟုတ်ပေ။

ဒါတောင် စူးချန်ကဲသည် အစွမ်းကုန် တိုက်ခိုက်နေတာ မဟုတ်မှန်း သူမ ခံစားမိသည်။

“ မင်း ထနိုင်ဦးမယ်လို့ ငါက ထင်နေတာ ၊ အဆုံးမှာတော့ ငါ့ကို စိတ်ပျက်စေခဲ့တာပဲ "

စူးချန်ကဲသည် လက်ကို နောက်ပစ်လျက် အေးအေးလူလူ ရပ်‌ကြည့်နေသည်။သူ၏ အဖြူရောင် ဝတ်ရုံစ‌မှာ လေနှင့်အတူ ကခုန်လို့ နေသည်။

စူးချန်ကဲသည် ထွေထွေထူးထူး လှုပ်ရှားသွားခြင်း မရှိဘဲ လက်သီးတချက် လက်ဝါးတစ်ချက်တည်းဖြင့် သူ့ပြိုင်ဖက်ကို ရိုက်နှက်ခဲ့မှန်း သတိပြုမိသူများ ရှိသည်။

ယင်းက သူတို့ကို ပို၍ ကြောက်လန့်စေခဲ့သည်။စူးချန်ကဲသည် ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလေသနည်း။

စောနက တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ၊၎င်းတို့နှစ်ဦး၏ အဆင့်ကွာခြားမှုမှာ တစ်‌ယောက်က ကောင်းကင် ၊နောက်တစ်‌ယောက်က မြေကြီးလို့တောင် ‌ဆိုရပေမည်။

“ အဟွတ်ဟွတ် ...ထွီ!”

စူးချန်ကဲ၏ လက်ဝါးချက်ကို ခံယူလိုက်ရသော ရှုံချီတစ်ယောက် အပြင်းအထန် ကုန်းရုန်းထလာခဲ့သည်။ပါးစပ်ထဲ၌ သွေးများစွာ စီးယိုကျနေပြီး ဟောဟဲလိုက်နေသည်မှာ လွန်စွာ ရှက်ဖို့ကောင်းပေသည်။

ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုဝင် ဖြစ်သော သူသည် တချိန်လုံးအထက်စီးဆန်စွာ နေထိုင်ခဲ့သူ ဖြစ်ပြီး ၊ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်သစ်များအပေါ် အထင်မြင်သေးစွာ ကြည့်ရုံတင်မက လူသားမျိုးနွယ်အပေါ် ပိုလို့တောင် အထင်သေးခဲ့ဖူးသည်။

သို့သော် ယခုအခါတွင် ၊သူသည် လူသားတစ်ယောက်၏ နှိပ်ကွပ်ခြင်းကို ခံလိုက်ရသည့်အပြင် တကြိမ်ပြီး တကြိမ် အရှက်ကွဲအကျိုးနည်းခဲ့ရသည်။

" ခုနက ငါ သတိလက်လွတ် ဖြစ်သွားလို့ နောက်တခေါက် ထပ်လာခဲ့!”

ရှုံချီသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။တစ်ဖန် ကြောက်မက်ဖွယ် စွမ်းအားကို အသုံးချကာ ကမ္ဘာတစ်ခုလုံးကိုတောင် တိုက်ခိုက်နိုင်စွမ်းရှိသကဲ့သို့ ဧရာမဝက်ဝံကြီး၏ အသွင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းသည် ဤတစ်ကမ္ဘာလုံးကို ဝါးမြိုတော့မည့်အတိုင်း သူ၏ ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟ လိုက်သည်။

ဤသည်မှာ ဧရာမ ဝက်ဝံမျိုးနွယ်စု၏ ဓမ္မကာယ အမွေဖြစ်သည့် ကောင်းကင်ကို ချိုးဖြတ်ခြင်း ပညာရပ်ပင် ဖြစ်သည်။

သာမာန်ကျင့်ကြံသူများ အနေဖြင့် ၊ သူတော်စင်အရှင် အဆင့်ကို ဖြတ်ကျော်ပြီးမှသာလျှင် ပထမဆုံးသော ဓမ္မကာယကိုယ်ထည်ကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

သို့သော် တန်ခိုးကြီးမားသော ဝက်ဝံမျိုးနွယ်စုမှာမူ ၊သူတို့သည် ‌ ဓမ္မကာယအမွေအနှစ်ဖြင့် မွေးဖွားလာသူများ ဖြစ်ပေသည်။သူတို့၏ မူပိုင် ဓမ္မကာယ မဟုတ်ရင်တောင် ၊ သူတို့ မျိုးနွယ်စု၏ ကွယ်လွန်သူ အကြီးအကဲများထံမှ ဓမ္မကာယ ကိုယ်ထည်ကို အမွေဆက်ခံခွင့် ရှိသည်။

စွမ်းအားများ တဖြည်းဖြည်း လျော့နည်းလာတောင် ၊ဓမ္မကာယ ကိုယ်ထည်ကို ပိုင်ဆိုင်ထားခြင်းသည် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားသလိုပင်။

ဧရာမဝက်ဝံကြီးသည် ကောင်းကင်ကို မျှော်ကြည့်လျက် ဟစ်ကြွေးလိုက်ရာ ၊၎င်း၏ အသံလှိုင်းသည် လှိုင်းလုံးကြီးသဖွယ် တုန်ခါသွားသည်။

၎င်း၏ အသံလှိုင်းသည် အာရုံကြောများကိုတောင် ပျက်စီးစေမည်ကို စိုးရိမ်ရသောကြောင့် ကျင့်ကြံသူတို့သည် မိမိကိုယ်ပိုင် အတားအဆီးများဖြင့် ကာကွယ်ခဲ့ရသည်။

“ဓမ္မကာယ?”

"မင်းကိုယ်မင်း သေချင်နေတာ ဆိုတော့လည်း ငါ မင်းကို အပြစ်မတင်ရက်ဘူး"

စူးချန်ကဲ၏ နှုတ်ခမ်းဖျားထောင့်တွင် နောက်ပြောင်မှု အရိပ်အမြွက်တချို့ လှစ်ဟသွားသည်။

ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ် ဖြင့် ပေါင်းစည်းထားသော သူ၏ ဓမ္မကာယကိုယ်ထည် ပြီးမြောက်ခဲ့ပြီမှာ ကြာခဲ့ပြီပင်။

မျိုးဆက်သစ် လူငယ်တွေ၏ ဓမ္မကာယ ကို နှိုင်းယှဉ်မည် ‌ဆိုပါက ၊မည်သူကများ သူ့ရဲ့ပြိုင်ဖက်ဖြစ်မည်နည်း။

မွေးရာပါ သူတော်စင်တာအို သန္ဓေသားလောင်း၏ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ခမ်းနားထည်ဝါ‌သော ရောင်ဝါတို့သည် ဤနေရာတစ်ခုလုံးကို လွမ်းခြုံသွားခဲ့လေပြီ ။

ရှေးအမတဧကရာဇ်မင်းတစ်ပါး၏ အသွင်အပြင်ကဲ့သို့။

"ဒါ မဟုတ်မှလွဲရော..."

ထိုနည်းတူစွာ အသုံးချခဲ့သော စူးချန်ကဲ၏ ဓမ္မကာယ ကို မြင်လိုက်ရသူ အပေါင်း ၊မျက်လုံးများ ပြူးကျယ်လျက် ခေါင်းတစ်ခုလုံး ထုံထိုင်းသွားခဲ့ရသည်။

" ရှုံချီမှာ ဓမ္မကာယကိုယ်ထည်ကို ရှိတာမထူးဆန်းဘူး၊သူတို့ ကွယ်လွန်သူ လူကြီးတွေကနေ လက်ဆင့်ကမ်းခဲ့တာ ဖြစ်မယ်၊ဒါပေမဲ့ စူးချန်ကဲမှာ ဘယ်လိုလုပ်ပြီး ဓမ္မကာယကိုယ်ထည်ရှိနေတာလဲ?"

ရှေးခေတ် တမူ ထူးခြားသော သန္ဓေသားမှ မွေးဖွားလာသော ကျင့်ကြံသူများပင်လျှင် တအံ့တဩ ဖြစ်ကုန်ကြသည်။

ယခုလိုကိစ္စမျိုးကို ကြားဖို့ဆိုတာ ခဲယဉ်းလှပေသည်။ လူသား ကျင့်ကြံသူများ၌ ဤကဲ့သို့ အမွေဆက်ခံနည်းမျိုး မရှိသလို ၊ သူတော်စင်အရှင် သာလျှင် မိမိ၏ ဓမ္မကာယ ကိုယ်ထည်ကို ဖွဲ့စည်းနိုင်သည်။

ကွေးယွမ်၏ တပည့်သားတို့မှာ ဤကိစ္စအပေါ် ဂုဏ်ယူနေပုံရသည်။

" ဆက်ခံသူသခင် ဖန်တီးထားခဲ့တဲ့ ဒဏ္ဍာရီတွေဆို အများကြီးပဲ မဟုတ်လား? ဒါလောက်ကတော့ ဆက်ခံသူသခင်အတွက် ဘာမှမဟုတ်သေးဘူး "

စူးချန်ကဲ၏ စွမ်းအားသည် တကယ်ကို သန်မာပင်သည်။သူတို့ ဆက်ခံသူ၏ အရည်အချင်းနှင့် အောင်မြင်မှုများကို သာမာန်မူများက မည်သို့ အဆုံးအဖြတ် ပေးနိုင်မည်နည်း။

စောနလေးကမှ မိမိကိုယ်ကို ယုံကြည်ချက်တွေ ပြန်လည်ရရှိလာခဲ့သော ရှုံချီ၏ မျက်နှာမှာ ကြည့်ရဆိုးနေ၏။

" ငါ မယုံဘူး၊ ငါ မင်းကို ထပ်ပြီးနှိပ်ကွပ်နိုင်သေးတယ် !"

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း၏ မျိုးဆက်သစ် ဦးဆောင်သူတစ်ယောက်အဖြစ် သူ၏ ပထမဆုံး လှုပ်ရှားမှုဖြစ်ခဲ့သည့် အလျောက် ၊ လူသားတစ်ယောက်၏ နှိမ်ချခံရသည့်အပေါ် သူမည်သို့ လက်ခံပေးနိုင်မည်နည်း။

ရှုံချီသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ရာ အဆုံးမရှိသော မကောင်းဆိုးဝါးစွမ်းအင်နှင့် သွေးချီစွမ်းအင်များသည် ဟာရီကိန်းလေမုန်တိုင်းကြီးကဲ့သို့ ထွက်ပေါ်လာသည်။

သူ့နောက်က ဝက်ဝံအရိပ်ကြီးသည် သူ၏ လက်သည်းများကို ဝှေ့ယမ်းပြီး စူးချန်ကဲကို တိုက်ခိုက်လေတော့သည်။

တခဏချင်းမှာပင်၊ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားကာ ဝက်ဝံကြီး၏ လက်သည်းမှာ ရှေးဉက္ကာခဲကြီးကဲ့သို့ လွန်စွာ ကြီးမားပေသည်။

မထီမဲ့မြင်ပြုလိုသော လေလှိုင်းများကဲ့သို့ စွမ်းအင် ဟာရီကိန်းလှိုင်းလုံးကြီးသည် ဘေးပတ်ပတ်လည် ဝှေ့ယမ်းတိုက်ခတ်လို့ ‌နေသည်။ သာ့နိမ်(အနန္တစွမ်းအားရှင် ) နယ်ပယ်အဆင့်ရှိသော ကျင့်ကြသူပင်လျှင် ထိုတိုက်ခိုက်မှုအောက်တွင် အသားများ စုတ်ပြတ်သွားနိုင်သည်။

စူးချန်ကဲမှာမူ ၊ သူ၏ လက်တစ်ဖက်ကို နောက်သို့ပစ်ထားဆဲပင် ဖြစ်ပြီး ၊ ကျန်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

စူးချန်ကဲ၏ လက်ဝါးသည် ဤကမ္ဘာကြီး၏ စွမ်းအားများကို စုဆောင်းလိုက်သည်။

ယနေ့တွင် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို မည်သည့်အရာမှ တားဆီးနိုင်ခြင်းမရှိလေရာ ၊ဝက်ဝံလက်သည်းကြီးသည် ဤလက်ဖဝါးချက်ဖြင့် လွင့်စင်ရပေတော့မည်။

ရှုံချီ၏ မျက်နှာမှာနောက်တစ်ကြိမ် ဖြူဖျော့သွားသည် ။ ဤစွမ်းအားကြောင့် သူ့ကိုယ်သူ အန္တရာယ်ရှိနေပြီမှန်း ခံစားမိကာ၊ သူသည် သေရပေတော့မည်။

" ခွင်းဖိန် ရဲ့ လျှို့ဝှက်နည်းပညာ ၊ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခြင်း !!"

အသံနှင့်အတူ ၊ အလင်းတန်းတစ်ခုသည် အရှိန်အဟုန် ပြင်းစွာ ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

"မင်းက ဝင်စွက်ဖက်ချင်တာလား"

သို့သော် စူးချန်ကဲ က ပိုမြန်၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ လက်ဝါးကြီးသည် နှိပ်ကွပ်ပြီးခဲ့ပြီ ဖြစ်သည်။

"အာ!!"

ကြေကွဲအော်ဟစ်သံအဆုံးတွင်၊ ရိုက်ချလိုက်သော လက်ဖဝါးကြီးအောက်တွင် အရာအားလုံး ဖုန်မှုန့်များအဖြစ်သို့ လွင့်စင်သွားခဲ့ လေသည် ။

အခိုးအငွေ့များကြားထဲ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မှာ ၊

တစ်စစီ ခုတ်ထစ်ခံထားရသော အသားများနှင့် အမွေးအတောင်ပံများသာ။

" ကိုယ်တစ်ပိုင်း ကျန်ခဲ့တာလား?"

စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။ခွင်းဖိန်ဇီ၏ ကြားဝင်စွက်ဖက်မှုသည် ရှုံချီကို မကယ်တင်နိုင်ရုံသာ မကဘဲ ၊သူ၏ ကိုယ်တစ်ပိုင်းကိုပါ အချောင်ပေးလိုက်ရသည်။

နောင်တွင်၊ ဤလောက်ကောင်များကို သတ်ရန် အခွင့်အလမ်းများစွာ ရှိလာဉီးမည် ဖြစ်သည်။

ယခု သူ၏ အဓိကတာဝန်မှာ ခွင်းလွင် တောင်ပေါ်သို့ တက်ရန်ပင် ဖြစ်သည်။သူတော်စင်အရှင် အဆင့်သို့ အောင်မြင်စွာ တတ်လှမ်းနိုင်သည်နှင့် သူ၏ သွေးလှူပူဇော်ပွဲကြီးမှာ စတင်ပေတော့မည်။

စူးချန်ကဲသည် ခွင်းလွင် တောင်ထိပ်ဆီသို့ ဖြည်းညှင်းစွာ တတ်လှမ်းလိုက်သည်။

ထုံးစံအတိုင်း၊ သူသည် အမြင့်ဆုံး တောင်ထိပ်သို့ တတ်ရောက်ကာ ၊ အရက်စက်ဆုံး ဆက်ခံသူ တစ်ပါး ဖြစ်လာ‌ပေရမည်။

T/N - အရှေ့က အပိုင်းတွေမှာ

[ အဆင့် အပိုင်းအခြား : လင်ထျီ(စိတ်ဝိညာဥ်ခန္ဓာကိုယ် ) ၊ လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) ၊ ရှိန်ထုံ ( သာလွန် အဆင့်) ၊ တာအိုဆရာတော်၊ ဇီဖူ ၊ ဖုန်းဟွမ် ၊ သူတော်စင် ပညာရှိ ၊ သာ့နိမ်(အနန္တတန်ခိုးရှင် )၊ရှိန့်ရမ်(မဟာ သူတော်စင်) ၊ ရှိန့်ကျူ(သူတော်စင် အရှင်) ] ဆိုပြီး အမည်ပေးခဲ့ပါတယ်

နောက်ပိုင်းတွေကစပြီး { မဟာ သူတော်စင် ကို သူတော်စင် အရှင် လို့ ပြောင်းလဲ သုံးနှုန်းပြီး ၊

သူတော်စင် အရှင် ကို - သူတော်စင် ဧကရာဇ် }လို့ ပြောင်းလဲအသုံးပြုပါရစေ

နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်~

အပိုင်း(၁၆၃): ဓားတစ်လက်ဖြင့် မိုးကြိုးပင်လယ်ကို ဖြိုခွင်းသည် ၊အားလုံး ခွင်းလွင်တောင်ထိပ်မှာ ပြန်ဆုံကြမယ်

လူတိုင်း စူးချန်ကဲ၏ နောက်ကျောကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ရင်း မှုန်ကုတ်လို့ နေတော့သည်။

ကောင်းကင်ဘုံ မကောင်းဆိုးဝါး‌ တောင်တန်းရှိ ရှေးခေတ် မကောင်းဆိုးဝါး ပါရမီရှင်တို့မှာ တစ်ယောက် သေပြီး ၊ တစ်ယောက်သည် မသန်စွမ်း ဖြစ်ခဲ့ရသည်။ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပေါ်လာခဲ့သော်လည်း ၊ သနားစရာကောင်းစွာ ဆုတ်ခွာခဲ့ရသည်။

"ဒီကောင်စုတ်မှာ သူတော်စင် တာအို သန္ဓေသားလောင်း တစ်ခုတည်းပဲ ရှိတာ ဟုတ်လို့လား?"

လော့ရန်ယွီ သည်လည်း အလားတူ ထိတ်လန့်ခဲ့သည်။ ကောင်းကင်ဘုံ မကောင်းဆိုးဝါး‌ တောင်တန်းသည် မည်မျှအင်အားကြီးမားသည်ကို သူမ သိပေသည်။

ရှေးယခင်ကတည်းက လူသားမျိုးနွယ်သည် လွန်စွာ အားနည်းပေသည်။ ထာဝရထိပ်တန်းအုပ်စုဖြစ်သည့် လူသားမျိုးနွယ် အင်အားစုတချို့မှလွဲ၍ တခြားသော လူသားမျိုးနွယ်စု ဂိုဏ်းများမှာ ဒုက္ခဆင်းရဲတွင်းနက်ရသည်ဟု ဆိုရပေမည် ။

ထိုအချိန်တုန်းက၊ ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုသည် အထွတ်အထိပ် အဆင့်တွင် ရှိခဲ့ပြီး၊ တိုက်မြေ သုံးထောင်၏ ခုနှစ်ဆယ် ရာခိုင်နှုန်းမှာ ၎င်းရှေးမကောင်းဆိုးဝါး မျိုးနွယ်စု၏ အခိုင်အမာ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။

ဤရှေးမ‌ကောင်းဆိုးဝါး မျိုးနွယ်စုများသည် ကောင်းကင်ဘုံ မကောင်းဆိုးဝါး တောင်တန်းကို ၎င်းတို့ဘာသာပင် တည်ထောင်ခဲ့ကြပြီး ၊ အမြင်‌ဆုံး မကောင်းဆိုးဝါး တရားစီရင်ရေးရုံး၏ အဆက်အနွယ်ဟု ကြွေးကြော်ခဲ့ကြသည်။မရေမတွက်နိုင်သော ရှေးမကောင်းဆိုးဝါး မျိုးနွယ်စုများ စုရုံးလာခဲ့ကာ အချိန်အတိုင်းအတာတစ်ခုအထိ အာဏာ လွှမ်းမိုးခဲ့ပြီး ၊ တခြားမျိုးနွယ်စုများကြားတွင် အားကောင်းလာခဲ့သည်။

ဤကဲ့သို့ တန်ခိုးကြီးမားသော ရှေးမကောင်းဆိုးဝါးမျိုးနွယ်စုသည် အဘယ်ကြောင့် အားနည်းသွားခဲ့ရသနည်း။

ဤအကြောင်းနှင့် ပတ်သတ်၍ ၊လူသား-မကောင်းဆိုးဝါး စစ်ပွဲကနေ ပြောရပေတော့မည်။ကောင်းကင်ဘုံ မကောင်းဆိုးဝါး မျိုးနွယ်စုသည် အာဏာအရာမှာရော ကြွယ်ဝမှုမှာရော သူတို့ကိုယ်သူတို့ ကြွယ်ဝချမ်းသာသည်ဟုယူဆကာ ကွေးယွမ်သူတော်စင်နယ်မြေဦးဆောင်သော ထိပ်တန်း ထာဝရ အင်အားစုများကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခဲ့သည်။

ရလဒ်အနေဖြင့် ၊ ရှေးခေတ် မကောင်းဆိုးဝါး မျိုးနွယ်စု မဟာမိတ်တို့ ပြိုကွဲသွားပြီး ၊ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်သည် သူတို့ဟာသူတို့ နှစ်ထောင်ပေါင်းများစွာ ချိတ်ပိတ်ထားခဲ့သည်။

ထိုစစ်ပွဲအတွင်း၊ ကွေးယွမ် သူတော်စင်နယ်မြေ မှလွဲ၍ တခြားသော ထိပ်တန်း လူသားမျိုးနွယ် အင်အားစုများမှာ ဤကမ္ဘာထဲကနေ ပျောက်ကွယ်သွားခဲ့ရသည်။

ကွေးယွမ် သူတော်စင် နယ်မြေသည်လည်း ထိုအချိန်မှစ၍ " ယုတ်လျော့မှေးမှိန်" လာခဲ့ရသည်။

တချို့သောလူများက ကွေးယွမ်သူတော်စင်နယ်မြေတွင် အမည်မသိ အစီအစဥ်တချို့ ရှိနေသောကြောင့် ယုတ်လျော့ မှေးမှိန်ချင်‌ယောင် ဆောင်သည်ဟု ဆိုကြသော်လည်း ၊ ဤကိစ္စကို မည်သူမှ ထည်ထည်ဝင့်ဝင့် စုံစမ်းခြင်း မရှိခဲ့ပေ။

သို့သော်လည်း၊ ထိုကြေကွဲဖွယ်ရာ ကောင်းသော လူသား-မကောင်းဆိုးဝါး စစ်ပွဲကြီး အပြီးတွင် မရေမတွက်နိုင်သော အင်အားစုများစွာ တညီတညွတ်တည်း ထွက်ပေါ်လာခဲ့ပြီး ၊ နည်းလမ်းပေါင်းထောင်နှင့်ချီ၍ သူသူကိုယ်ကိုယ် ပြိုင်ဆိုင်ခဲ့ကြသည်။

ဤသို့ဖြင့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက်၊ ယခုလက်ရှိ ရွှေခေတ်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

ခဏအကြာတွင်၊ လော့ရန်ယွီသည် အရင်အတိတ်အကြောင်း ပြန်လည်စဉ်းစားနေရာမှ လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

" ကွေးယွမ် သူတော်စင်နယ်မြေ?အဲ့လူအိုကြီးတွေ အားလုံးက လောကီပညာရှင်တွေချည်းပဲ၊ တိုက်မြေ သုံးထောင်ထဲမှာ ငါ ဖောက်ထွင်းမမြင်နိုင်တဲ့နေရာဆိုလို့ အဲ့ကွေးယွမ်ပဲ ရှိတယ်!"

ဤသည်မှာ မရေမတွက်နိုင်သော ကာလများအထိ နေထိုင်ခဲ့ကြသော တန်ခိုးကြီးမားသော သူတို့ ယောင်ချီ သူတော်စင် နယ်မြေက ဘိုးဘေးများ၏ မှတ်ချက်ပင် ဖြစ်သည်။

ဤအကဲဖြတ်မှုကို ကြည့်ခြင်းအားဖြင့် တဖက်လူ၏ အလေးချိန်တန်ဖိုးမှာ မည်မျှရှိသည်ကို ပြသနေသည်။

"ကြည့်ကြစမ်း ! ချန်ကဲ ဆက်ခံသူက ခွင်းလွင်တောင်ထိပ်ရဲ့ အတားအဆီးနားထိ ရောက်ခံနီးနေပြီ "

တပည့်တစ်ယောက်၏ အော်သံကြောင့် လော့ရန်ယွီ၏ အကြည့်သည် ထိုဝတ်ရုံဖြူလူငယ်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။

အမှန်တကယ်တော့ ၊ လော့ရန်ယွီ သာမက ခွင်းလွင်တောင်ရှိ ပါရမီရှင်အားလုံးနီးပါးသည် လက်ကို နောက်ပစ်လျက် ရှေ့သို့ ‌ဖြည်းညင်းစွာ လျှောက်လှမ်းနေသော စူးချန်ကဲ၏ နောက်ကျောကို လှမ်းကြည့်နေကြသည်။

စူးချန်ကဲသည် မည်သို့သော အောင်မြင်မှုများ ရယူနိုင်မည်ကို အားလုံးလည်း သိချင်နေကြသည်။

ဂျိန်း!

ခွင်းလွင်တောင်ထိပ်တွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးခြိမ်းသံ၏ အဆုံးမရှိသော စွမ်းအားသည် ချက်ချင်းဆိုသလို အမျက်ဒေါသ ထွက်နေသော မိုးကြိုးနဂါးကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်

"ခွင်းလွင်တောင်ထိပ် ရဲ့ နိယာမ စွမ်းအားတွေ အသက်ဝင်လာခဲ့ပြီ!"

"စောစောက ယဲ့လျန်ချန်း ရဲ့ စွမ်းအားကိုတောင် တစ်ရှိန်ထိုး အနိုင်ယူလိုက်နိုင်တယ်၊ချန်ကဲ ဆက်ခံသူအနေနဲ့ ခံနိုင်ရည်ရှိပါ့မလားလို့ တွေးမိတယ် "

အဆုံးမရှိသော အဖြူရောင်အလင်းတန်းသည် လူတိုင်း၏ မျက်စိများ ဖွင့်လို့မရသည့်အထိ စူးရှသွားစေခဲ့ပြီး ၊ စူးချန်ကဲ၏ အသွင်ပုံရိပ်သည်လည်း ထိုမိုးခြိမ်းသံကြားထဲ နစ်မြုပ်သွားခဲ့လေသည် ။

ရူးသွပ်စွာ အမျက်ဒေါသထွက်နေသော မိုးခြိမ်းသံများ ငြိမ်သက်သွားပြီးနောက် ၊

နောက်အခိုက်အတန့်တွင်မူ၊ လူတိုင်း ဆွံ့အသွားကြသည်။

ဤကဲ့သို့ ပြင်းထန်သော မိုးခြိမ်းသံဆို‌တောင် ၊၎င်းသည် စူးချန်ကဲ၏ ခြေလှမ်းများကို ရပ်တန့်နိုင်စွမ်းမရှိခဲ့သလို ၊သူသည် အေးအေးလူလူ လျောက်လှမ်းနေ‌‌ဆဲပင် ဖြစ်သည်။

ဤမိုးခြိမ်းသံသည် သူ့ဆီသို့ အရှက်တရားများ သယ်ဆောင်လာခဲ့သော်လည်း ၊သို့သော် သူ၏ အဝတ်ထောင့်ကိုတောင် စွန်းထင်းသွားအောင် မပြုလုပ်နိုင်ခဲ့ချေ။

ဝုန်း!

ခွင်းလွင်တောင်ထွပ်၏ နိယာမများသည် ထိခိုက်မှုမရှိသော စူးချန်ကဲ၏ အသွင်အပြင်ကြောင့် ဒေါသထွက်သွားပုံရသည်။

ထောင်ပေါင်းများစွာသော မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်တစ်ခုလုံးကို အဖြူရောင် အလင်းတန်းများဖြင့် ဆေးခြယ်လိုက်သည်။

အဆုံးမရှိသော မိုးခြိမ်းသံများကို ထုတ်လွှတ်‌ပေးနေရာ ၊ ပဲ့တင်သံ ကြားရုံမျှနဲ့တင် လူကို ခေါင်းကိုက်စေသည်။

"ဒါ...ဒါက အတိဒုက္ခမဟုတ်ဘူးလား? သူတော်စင်အဆင့်ကို ရောက်မှသာလျှင် အတိဒုက္ခကို ခံယူရမှာ မဟုတ်ဘူးလား?"

"စူးချန်ကဲက ဘာလို့ အတိဒုက္ခဖြစ်စေခဲ့တာလဲ?"

တချို့သော ပါရမီရှင်များမှာ တုန်လှုပ်ခြောက်ခြားနေကြပြီး တစ်ချိန်တည်းမှာပင် ကြောက်လန့်နေကြသည်။

စူးချန်ကဲသည် ထာဝရ အင်အားစုတချို့၏ ဘိုးဘေးအုတ်ဂူကို တူးဖော်ခဲ့‌သောကြောင့် မိုးကြိုးများ ပစ်ချခဲ့လေသလားမသိ ။

"အဲ့ကောင်ကို သတ်လိုက်နိုင်ရင် အကောင်းဆုံးပဲ!"

အထူးလျှို့ဝှက်နည်းလမ်းဖြင့် မျက်နှာ ပြောင်းလဲခဲ့သော ထန်ဟောက်သည် ဆိုးသွမ်းသောအကြည့်ဖြင့် လူအုပ်ထဲ၌ ရှိနေခဲ့သည်။

အကယ်၍ သူ့တွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စည်းတံဆိပ်မရှိခဲ့ပါက၊သူသည် လူမသိ သူမသိဖြင့် သေဆုံးသွားပေလိမ့်မည်။

စူးချန်ကဲသည် သူ၏ နှလုံးသားထဲ၌ အရိပ်မဲကြီး တစ်ခုအဖြစ် စွဲကျန်ရစ်နေခဲ့သည်။

သူ့ကို မရိုက်နိုင်မှတော့ ၊ နောက်ကွယ်ကနေ ကျိန်ဆဲတယ်လေ ဘာဖြစ်လဲ?

"ဒီလူငယ်လေးက တကယ်ကို မရိုးရှင်းဘူးပဲ"

ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိဥာဉ်သည်လည်း လေးနက်စွာဖြင့် ကြည့်ရှုနေသည်။

ဤအရှိန်အဝါသည် တကယ်ကို ကြီးစိုးလွန်းပေသည်။

ကောင်းကင်ယံထက်၌ ပြည်နှက်နေသော မိုးကြိုးများ‌သည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်တည်နေပြီး သေမျိုးမှ ဉာဏ်အလင်းပွင့်ခဲ့သော သူတော်စင်အရှင် တစ်ပါးပင်လျှင် ထိုအထဲသို့ ပြုတ်ကျသွားသည်နှင့် ပြာအဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။

ဤမိုးကြိုးသမုဒ္ဒရာကြီး အောက်တွင် ရပ်နေသော စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် အလွန်ပိန်လှီနေပုံရသော်လည်း ၊သတိထားကြည့်မည်ဆိုပါက သူ့မျက်နှာပေါ်က လျစ်လျူရှုထားခြင်း ဆိုသည့်အရာကို တွေ့ရပေလိမ့်မည်။

ဆိုလိုသည်မှာ မွေးကင်းစ နွားသငယ်များသည် ကျားများကို မကြောက်တတ်သလိုမျိုး တစ်နည်းအားဖြင့် ၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည်ဟု ဆိုနိုင်သည်။

စူးချန်ကဲသည် သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်ပြီး သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါကို လေ၌ ပြည့်လျှံသွားစေခဲ့သည်။

မရေမတွက်နိုင်သော အလင်းများသည် သူ၏ လက်ဖဝါးဆီသို့ စုရုံးလာကြပြီး ကောင်းကင်ဓား၏ ကောက်ကြောင်းပုံရိပ်သည် ဖြည်းဖြည်း ချင်း ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ဓား ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ၊ လူအုပ်ကြီးနှင့် ဝေးရာအရပ်၌ ရှိသော ကျောက်တုံးကြီး တစ်ခု၏ ရှေ့တွင် ငုတ်တုပ်ထိုင်နေသည့် လော့ဟယ် ဓားဂိုဏ်းက အသန်မာဆုံး လူငယ်ဓားသခင်လေး၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

သူသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ တချက် ကြည့်လိုက်ရာ အံ့ဩသွားသော အမူအယာဖြင့် ‌ဆိုလိုက်သည်။

"ဒီဓားဆန္ဒက.."

"အရမ်း သန်မာလွန်းတယ်"

သူနှင့်အတူပါလာသော ဖုန်းရွမ်ဓားနှင့် ပါ့ဝမ်ဓားတို့ကို‌တောင် အမြင်ကျယ်စေခဲ့သည်။

သူတို့သည် ဝမ်ချွမ်ဓားအပေါ် နှစ်ပေါင်းများစွာ ခစားလာသူများ ဖြစ်သောကြောင့် ဝမ်ချွမ်ဓား၏ မောက်မာမှုကို သိကြသည်။

ယခုအခါတွင် သူသည် တစ်ခါမှ မတွေ့ဖူးသော လူတစ်ယောက်၏ ဓားဆန္ဒကို ဖော်ပြရန် "အလွန် သန်မာသည်" ဆိုသော စကားလုံးကို တကယ်ပဲ အသုံးပြုခဲ့လေသလော?

ဤသည်မှာ လွန်စွာ ချီးမြှောက်ခြင်းမှတပါး အခြားမရှိပေ ။

"ဟားဟား!"

ဟုန်ချန်ဓား ယဲ့ဝူချန်သည် ဘူးသီးထဲက သေရည်ကို ပါးစပ်ထဲသို့ လောင်းငဲ့ထည့်လိုက်ပြီး သူ့ ပါးစပ်ထောင့်ကို ပေါ့ပေါ့ပါးပါး သုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သေရည်သောက်ထားသော အရိပ်အယောင်တို့က ပေါ်ထွက်လာလေသည်။

"ဟေး~ တကယ်ကို ဝမ်ချွမ်ဓား ဆိုတဲ့အတိုင်းပဲ၊ တချက်ကြည့်ရုံနဲ့ အဲ့ကောင်လေး စူးချန်ကဲရဲ့ ထူးခြားချက်ကို တန်းပြောနိုင်တယ် "

"ကျွန်တော်နဲ့ ဂျူနီယာတူလေး အောက်ထျန်းလိုမျိုး အားရပါးရ ရှုံးပြီးမှ သိခဲ့ရတာ မဟုတ်ဘူး ၊ ဟုတ်တယ်မလား တူလေးအောက်ထျန်း"

ယဲ့ဝူချန်၏ ဘေးနားတွင် ရှိနေသော ဝူကျီအောက်ထျန်းခမျာ ရှက်ရွံ့စွာ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။

"....ဆရာတူ ဦးလေး ပြောသလိုပါပဲ "

သူအနေနဲ့ ဘာပြန်ပြောနိုင်မှာလဲ?

ဤလေးယောက်စလုံးသည် သူ့လော့ဟယ် ဓားဂိုဏ်း၏ ဓားသခင်များ ဖြစ်ကြသည်။

သူသည် နံပါတ်တစ် ဓားသမားတပည့် တစ်‌ယောက် အနေဖြင့်၊ ၎င်းတို့အား သက်တမ်းအရရော ကျင့်ကြံအဆင့်အရရော ၊ မည်သည့်အရာနှင့်မျှ မယှဉ်နိုင်ပေ။

မူလက သူသည် စူးချန်ကဲ၏ မတရားသဖြင့် နှိပ်ကွပ်ခြင်းကို ခံလိုက်ရသည်။အခုတော့ ကောင်းရော ၊ နောက်ထပ် ဓားသခင် လေးယောက်‌တောင် ရောက်လာပြန်ပြီ!

အကယ်၍ နောက်ဘဝတစ်ခုများ ရှိခဲ့လျှင်ဖြင့်၊ သူသည် "လျစ်လျူရှုခြင်း' ၏ ဒဿနကို အဆုံးထိ အကောင်အထည်ဖော်မည်ပင်။

သူသည် အတတ်နိုင်‌ဆုံး လျစ်လျူရှုနေသမျှ ၊ ဧကရာဇ်လမ်းစဉ်ပင် ဖြစ်စေ ၊အမတလမ်းစဉ်ပင် ဖြစ်စေ ၊ သူသည် ဖရဲသီးစားမည့် ပွဲကြည့်ပရိတ်သတ် တစ်ယောက်သာပင်။

....

မိုးကြိုးမုန်တိုင်း၏ ဗဟိုတွင် ရှိနေသော စူးချန်ကဲသည် စူးရှသော ဓား၏ ကြွေးကြော်သံနှင့်အတူ ကောင်းကင်ဓားကို ဆုပ်ကိုင်ထားသည်။

ဓားသွားသံမျှသာ ဖြစ်သော်လည်း ၊ ကောင်းကင်ယံရှိ မိုးခြိမ်းသံများထက်ကို အဆမတန် ကျယ်လောင်လွန်းပေသည်။

ယင်းသည် ကောင်းကင်ယံရှိ မိုးခြိမ်းသံများကို နှိုးဆွလိုက်ပုံရကာ ၊ တခဏချင်းမှာပင် မရေမတွက်နိုင်သော မိုးခြိမ်းသံများ သွန်းလောင်းချလာခဲ့သည်။

"ဆူညံလွန်းတယ် "

စူးချန်ကဲသည် သတ်ဖြတ်လိုသော စိတ်ဆန္ဒများနှင့်အတူ တိုတိုတုတ်တုတ် စကားလုံးနှစ်လုံးကိုသာ ဆိုလိုက်သည်။

သူသည် ကောင်းကင်ဓားကို ကိုင်ကာ ကောင်းကင်ကို ခုတ်ထစ်ပစ်လိုက်သည်။

နောက်အခိုက်အတန့်မူ ၊

ကောင်းကင်နှင့်မြေကြီးတို့သည် တုန်လှုပ်အော်ဟစ်နေကြပြီး ၊နေနှင့်လတို့၏ အလင်းတို့သည် ကွယ်ပျောက်သွားခဲ့လေသည်။

စူးရှသော အလင်းဖြင့် သောင်းကျန်းနေခဲ့သော မိုးခြိမ်းသံမှာ အမှောင်ဖုံးလွှမ်းသွားပြီး ၊ကောင်းကင်ဘုံ ကိုးထပ်ထိ လင်းလက်သွားသော အံ့မခန်းလှသည့် ဓားအလင်းကိုသာ မြင်တွေ့နိင်တော့သည်။

ကြယ်တာယာ အစုအဝေးနှင့် တူသော ဓားအလင်းသည် မိုးကြိုးသမုဒ္ဒရာထဲသို့ တည့်တည့် ဝင်ရောက်သွားသည်နှင့် ၊

ခုနက အရာအားလုံးသည် လှည့်စားမှု တစ်ခုသက်သက်သာ ဖြစ်ခဲ့သလိုမျိုး ၊ ကမ္ဘာကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

အားလုံး ကိုယ့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆုတောင်းပြုနေကြသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော တစ်စုံတစ်ရာ ပေါ်ထွက်လာတော့မည့်အတိုင်း ငြိမ်ကျသွားသော မိုးခြိမ်းသံကို စိုက်ကြည့်နေကြသည်။

ပတ်ဝန်းကျင်က လူတိုင်း သတိကြီးကြီးဖြင့် အသက်ရှုနေကြသည်။

တချို့လူများမှာဆိုရင်ဖြင့်၊ တစ်ခေါင်းလုံး လေးလံလာပြီး ခြေထောက်များ ခွေကျမတတ်ပင်။

တချို့လူများမှာ ရင်ဘတ်ထဲ၌ တင်းတင်းကျပ်ကျပ် ခံစားနေရပြီး မူးဝေလျက်ရှိသည်။

ရွှမ်း !

ကွဲအက်သံ!

အက်ကွဲသံများနှင့်အတူ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို နေ့အလင်းရောင်အဖြစ် ဆေးဆိုးလိုက်သည် ။

ကောင်းကင်တစ်ခုလုံး အဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ၊ ဤအခိုက်အတန့်တွင်မူ မိုးကြိုးသံများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ရာ ရက်စက်ကြမ်းကြုတ်သော မိုးကြိုးသမုဒ္ဒရာကြီးမှာ နတ္ထိအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ယင်းက လူတိုင်း၏ စိတ်ထဲက ကြီးမားသော ဖိအားကြီးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

ကမ္ဘာကြီးသည် တဖန် ပြန်လည်၍ ကြည်လင်လာခဲ့သည်။

တောက် တောက် တောက် !

ခြေသံများ ပြန်လည် ထွက်ပေါ်လာသည်။

စူးချန်ကဲသည် ဘာမှမဖြစ်ခဲ့သလိုမျိုး ရှေ့ကို တိုး‌လျောက်သွားသည်။

ဤအပြုအမူသည် လူတိုင်းရဲ့စိတ်ကို ခြောက်ခြားသွားစေသည်။

ဓားတစ်လက်သည် မိုးကြိုးသမုဒ္ဒရာကို ပစ်ခွင်းသွားသည်မှာ မည်မျှ အစွမ်းထက်‌လေသနည်း။

ပျက်သုန်းခြင်း မိုးကြိုးပင်လယ်သည် သူတို့အတွက်တော့ ထိတ်လန့်စရာ ကောင်းသော်လည်း ၊ စူးချန်ကဲမှာမူ ဓားတစ်လက်ဖြင့် ဖြိုခွင်းပြသသွားခဲ့သည်။

စူးချန်ကဲသည် သူခြေလှမ်းများကို ခဏ ရပ်ကာ လှည့်ကြည့်လာခဲ့သည်။သူ၏ နှုတ်ဖျားပေါ်က အပြုံးတစ်ခုသည် အနှိုင်းမဲ့ သတ္တိများကို ဆောင်ကျဉ်းလို့ ထားပေသည်။

"လူတိုင်း"

" ခွင်းလွင်တောင်ထိပ်မှာ တွေ့မယ်!"

ကွေးယွမ်၏ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။

လီဟောက်ထျန်းက အပြုံးမပျက် ဆို၏။

" ဆက်ခံသူ သခင်က ငါတို့ကို ပြီးပြည့်စုံတဲ့ သရုပ်ဖော်မှုကို ပြသပေးခဲ့တယ် ၊ ခင်ဗျားတို့ နှစ်ယောက်ကရော ဘယ်လိုလဲ"

"သေချာပေါက် ဆက်ခံသူသခင်ရဲ့ ခြေရာကို လိုက်နင်းရမှာပေါ့၊ ညက်ညက်ကြေအောင် ချေမှုန်းပစ်မယ် "

ယဲ့လင်ထျန်းသည် အားမာန်အပြည့်ဖြင့် ဆိုလိုက်သည်။။

"ငါ မိန်းမတစ်ယောက်အနေနဲ့ ၊ သေချာပေါက်နောက်ကျခံလို့ ဘယ်ဖြစ်မတုန်း "

ပီချင်းရှသည်လည်း ပြုံး‌နေသည်။

ကွေးယွမ် သူတော်စင် နယ်‌မြေ၏ ပါရမီရှင်များစွာသည် တစ်ခဲနက် တတ်ကြလေတော့သည်။

စူးချန်ကဲ၏ ဓားတချက်သည် ၊

ခွင်းလွင်တောင်ကို တက်ရန် တရားဝင် မောင်းခတ်လိုက်သလိုပင်။

အပိုင်း(၁၆၄): ပုံရိပ်ယောင်၊ ကမ္ဘာကပ်‌ဘေး စစ်ပွဲ ၊မအောင်မြင်ခဲ့တဲ့ သမိုင်းကို ငါ ပြင်ဆင်မယ်

အရည်အချင်း အားနည်းသော ပါရမီရှင် အများစုသည် တခြားသော ခွင်းလွင်တောင်ထိပ်ဆီသို့ တတ်ရန် ရွေးချယ်ခဲ့ကြသည်။

တောင်မြင့်လေ၊ တက်ဖို့ ပိုခက်ခဲလေလေ ဖြစ်သည်။သေချာပေါက် အခွင့်အလမ်းကောင်း များစွာက စောင့်မျှော်နေမည် ဆိုသော်လည်း ၊အသက်အန္တရာယ်ကိုလည်း ကြီးစွာ ထိခိုက်သွားနိုင်သည်။

သို့သော်၊ ခေါင်းမာသော ပါရမီရှင်တချို့သည် ဤအဆိုပြုမှုကို မယုံဘဲ စမ်းကြည့်ရန် အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။

ရလဒ်အနေဖြင့် သဘာဝအတိုင်း ခြွင်းချက်မရှိ၊ တောင်၏ နိယာမတရားတို့သည် ၎င်းတို့ကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

တောင်ထိပ်တစ်ခုစီတိုင်းတွင် အမြင့်ဆုံးနေရာသို့ ဦးတည်ထားသော ရှေးဟောင်း အကွေ့အကောက်လမ်းကြောင်း တစ်ခုရှိပြီး၊ မှော်သင်္ကေတများက တဖျပ်ဖျပ် ရိုက်ခတ်နေသည်မှာ ရှေးဟောင်းကာရန်စနစ်ကို ခပ်ဖျော့ဖျော့ ပေါ်လွှင်စေသည်။

ဤရှေးဟောင်းလမ်းတွင် အထူးပြုလုပ်ထားသော နိယာမတရား၏ မှော်စွမ်းအားများပါ၀င်သော‌ကြောင့် တောင်တတ်သူများသည် မတူညီသော ပတ်ဝန်းကျင် အနေအထားတစ်ခုထဲသို့ ကျရောက်သွားပေလိမ့်မည်။

လမ်းစဉ်ထောင်ပေါင်းများစွာ ရှိသော်လည်း၊ လောကီနယ်ပယ်တွင် အနည်းငယ်သာ ရှိပေသည်။

ခိုင်မာသော တာအို စိတ်နှလုံးသား ရှိသူသာလျှင် ၊ မြင့်မြတ်သော လမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပေလိမ့်မည်။

"တာအို စိတ်နှလုံးသား စမ်းသပ်မှုတစ်ခုလား?စိတ်ဝင်စားဖို့ ကောင်းသားပဲ "

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အထဲကို ဝင်သွားခဲ့လေသည် ။

သူ့ရှေ့က ဟင်းလင်းပြင်ကြီးသည် စတင် ပုံပျက်သွားသည်နှင့် မထင်မရှားသော တာအိုသံစဉ်တို့သည် လေထဲသို့ ပျံ့နှံ့သွားလေ၏။

......

"သတ်!!"

" ဒီနေ့ ငါတို့ ရှုံးရင် ကမ္ဘာကြီးက အဆုံးမဲ့ အမှောင်ထဲ ကျရောက်သွားလိမ့်မယ် ၊ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး!"

" အမတဘုံ နယ်မြေ ပြိုကွဲသွားပြီ၊ တိုက်မြေ သုံးထောင်က ငါတို့လူသားမျိုးနွယ်စုရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ!"

"သတ်ပစ်! ဒီအမှောင်သတ္တဝါတွေ အားလုံးကို သတ်ပစ်!"

အဆုံးမရှိသော ကမ္ဘာမြေတစ်ခွင်တွင် ရွှေသံချပ်ကာ စစ်မြင်းများနှင့် လက်နက်များကို ကိုင်ဆောင်ထားသော စစ်သည်များ၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်များအပြင် တိုက်ခိုက်နေသော အသံများသည် မိုင်ထောင်ပေါင်းများစွာ ပျံ့လွှင့်လို့နေသည်။

ကောင်းကင်ယံ၌ ပြိုးပြိုးပြက်ပြက် တောက်ပနေသည့် မရေမတွက်နိုင်သော စစ်သင်္ဘောပျံများထံမှ ထွက်ပေါ်လာသော မြည်ဟည်းသံသည် လေဟာနယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ပေါ်သို့ ကြွမြန်းလာကြသည်။၎င်းတို့ထဲတွင် မကောင်းဆိုးဝါးမျိုးနွယ်စုများနှင့် ရှေးဟောင်းမျိုးနွယ်စုများအပြင် ၊ ကမ္ဘာပေါ်၌ ကာလကြာရှည်စွာ ခြေရာခံပျောက်ကွယ်သွားခဲ့သော နတ်သူငယ် မျိုးနွယ်စုများလည်း ထွက်ပေါ်လာခဲ့သည်။

လျှပ်တပြက်အတွင်း၊ မရေမတွက်နိုင်သော စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ မှော်စွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေကြသည်။

ဘုန်း ဘုန်း ဘုန်း!

နတ်အလင်းတို့သည် လှံတံသဖွယ် ကောင်းကင်ကြီးကို ဖြိုခွင်းလျက်၊ အမှောင်ထု တပ်ဖွဲ့ထဲသို့ ထိုးဖောက်ဝင်ရောက်လေရာ ၊ တစ်လောကလုံး နတ်အလင်းတန်းများ ပေါက်ကွဲသွားလေသည်။

စူးချန်ကဲသည် လူသားမျိုးနွယ် ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ၊ သူ၏ လက်နှစ်ချောင်းဖြင့် ဓားကို စေခိုင်းရန် အသင့်ပြင်ထားကာ လက်တစ်ဖက်ကို နောက်ကိုပစ်လျက် စစ်သင်္ဘောပျံပေါ်တွင် မတ်တပ်ရပ်နေသည်။

လေပြေများက ဝှေ့ယမ်း တိုက်​ခတ်​လေတိုင်း၊ သူ၏ အင်္ကျီအနားစ သည်လည်း ပျံ့လွှင့်လို့ နေသည်။

"ကြည့်ရတာ ဒါ ကောင်းကင်ဘုံကို ပြသခြင်းနဲ့ ဆင်တူတဲ့ ပုံရိပ်ယောင် လောကဖြစ်နိုင်တယ် ၊ဒီဟာက မရေမတွက်နိုင်လောက်အောင် အချိန်‌ တွေကြာရှည်ခဲ့ပြီ ဖြစ်တဲ့ ရှေးယခင်က ဖြစ်ပွားခဲ့တဲ့ ကမ္ဘာပျက် ကပ်ဘေးတိုက်ပွဲပဲ ဖြစ်ရမယ် "

စူးချန်ကဲသည် နတ်အလင်းရောင်များဖြင့် ပြည့်လျှံတောက်ပနေသော သူ့ရှေ့က မြင်ကွင်းကြီးကို တချက်ကြည့်လိုက်သည်။

ကောင်းကင်ယံတွင် လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်လို့နေကာ ၊ ယခင်က ခွင်းလွင်တောင်ထိပ်တွေ စုဝေးခဲ့သော မိုးကြိုးသမုဒ္ဒရာထက် ပို၍ ကြောက်စရာကောင်းပေသည်။

သို့သော် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် နိယာမတရား၏ လက်ချက်ကြောင့် မဟုတ်ဘဲ ၊ မရေမတွက်နိုင်သော မှော်စွမ်းအားများ တစ်ခုနှင့်တစ်ခု ထိပ်တိုက်ဆုံ‌တွေ့ခြင်းမှ ဖြစ်တည်လာခဲ့သော အရာပင်ဖြစ်သည် ။

"မုပိုင် ကိုကို..."

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးရောက်လာပြီး စူးချန်ကဲ၏ အဝတ်စကို လှမ်းဆွဲလိုက်သည်။

မုပိုင် ဆိုသည်မှာ ပုံရိပ်ယောင်လောကထဲ ဝင်ရောက်လာခဲ့သော စူးချန်ကဲ၏ အထောက်အထား သရုပ်မှန်ပင် ဖြစ်သည်။

သူ့ကိုခေါ်လိုက်သော မိန်းမပျိုလေးသည် ‌ ဖြောင့်ဆင်းသော နှာတံ၊ မက်မွန် မျက်လုံးနှင့် ဖြူဖွေးချောမွတ်သော အသားအရေကို ပိုင်ဆိုင်ထားသည်။

အထူးသဖြင့် ဖြူဖွေးပြီး ဖြောင့်စင်းသော ခြေတံရှည်တစ်စုံနှင့်အတူ သွယ်လှသော ခန္ဓာကိုယ်သည် ကျောက်စိမ်းအလား ကျက်သရေရှိလှသည်။

"မုပိုင် ကိုကို ၊ ကျွန်မတို့ ပြန်ကြရအောင် ၊ဒီစစ်ပွဲက ကြီးမားလွန်းတယ် ၊ ကျွန်မတို့နှစ်ယောက်မရှိလည်း ဘာမှမဖြစ်ပါဘူး.."

မုချန်းယွဲ့က စိုးရိမ်စွာဖြင့် ပြောလေသည်။

"ကြည့်ရတာ ဒါက ပထမဆုံး စမ်းသပ်မှု များလား?"

" ဒီလို လှည့်ကွက်တွေ သာမန်လူတွေအပေါ်မှာပဲ သုံးလို့ရလိမ့်မယ် "

မိမိ၏ ဖြောင့်မတ်ခြင်းကို ပြသရာတွင် စူးချန်ကဲ၏ အတော်‌ဆုံး အရာတစ်ခုလို့ ဆိုနိုင်သည်။

စူးချန်ကဲ သည် မုချန်းယွဲ့ ၏ ခေါင်းကို ထိလိုက်ကာ ခေါင်းယမ်းပြလေသည်။

"ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီ၊ သက်ရှိသတ္တဝါတွေအားလုံး သေကြေကုန်ပြီ ၊ ဒီကမ္ဘာကြီးရဲ့ ပျက်စီးဆုံးရှုံးမှုအတွက် လူတိုင်းမှာ တာဝန်ရှိတယ်"

" ဘာပဲဖြစ်ဖြစ် ၊ ငါ မုမိသားစုက ရှေးမိသားစု တစ်စုလေ ၊ မုမိသားစုရဲ့ သခင်လေး တစ်ယောက် အနေနဲ့ ငါဘယ်လိုလုပ် မျက်နှာလွဲနိုင်မှာလဲ?"

"ဒါပေမယ့် ကိုကို နင်...

မုချန်းယွဲ့ ဆက်မပြောရသေးခင် ၊

ဝေါင်း !

နဂါးတစ်ကောင်၏ မြည်ဟိန်းသံသည် ကောင်းကင်ကို တုန်ခါသွားစေခဲ့သည် ။အမှောင်ထု၏ စွမ်းအားဖြင့် တိုက်စားခံလိုက်ရ‌သော နဂါးကြီးသည် စူးချန်ကဲရှိရာ စစ်သင်္ဘောပျံဆီသို့ ထိုးဆင်းလာခဲ့သည်။

"သူတော်စင် အရှင် နယ်ပယ်အဆင့် ရှိတဲ့ မကောင်းဆိုးဝါးသားရဲတွေက ဘာလို့ ဒီကိုရောက်လာခဲ့တာလဲ၊ မဟုတ်မှလွဲရော ရှေ့တန်းနယ်မြေ ဖြိုခွင်းခံလိုက်ရပြီလား "

"မထိတ်လန့်နဲ့၊ ရှေ့တန်းကနေ လွတ်လာခဲ့တာ ဖြစ်မယ် ၊ သူတော်စင် အရှင် အဆင့်ရှိတဲ့ အမှောင်ထု သတ္တဝါဆိုတောင် ၊ ငါတို့ အတူတူ ပူးပေါင်းပြီး သတ်လို့ရတယ် !"

.....

ဤတိုက်ပွဲကို ပင်မ နယ်မြေ၊ ရှေ့တန်းနယ်မြေနှင့် အနောက်နယ်မြေဟူ၍ ပိုင်းခြားထားသည်။

ပင်မနယ်မြေဆိုသည်မှာ ဧကရာဇ်မင်းမြတ်များ၏ စစ်မြေပြင်အဖြစ် နားလည်သတ်မှတ်နိုင်ပြီး ၊တိုက်မြေ သုံးထောင်ကို နှိပ်နင်းရန်မှာအမတဘုံ အောက်က သူများသာ နှိပ်ကွပ်နိုင်ပေလိမ့်မည်။

သို့သော် ပင်မစစ်မြေပြင်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုများသည် မည်သူမှ မှန်းဆနိုင်သည့်အရာ မဟုတ်ပေ။မိုင်သန်းပေါင်းများစွာအကွာတွင် ရပ်နေရုံမျှဖြင့် ၊ တိုက်ပွဲ အကျိုးဆက်၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ‌မြေကြီး၏ တုန်လှုပ်ခြောက်ခြားသံများကို အချိန်တိုင်း ကြားနေရသည်။

ရှေ့တန်းစစ်မြေပြင်တွင် သူတော်စင် အဆင့်ရှိ အင်အားအကြီးဆုံးပုဂ္ဂိုလ်များက ကြီးစိုးထားပြီး ၊ သူတော်စင် အဆင့်ရှိ အင်အားအကြီးဆုံးပုဂ္ဂိုလ်များနှင့် အမှောင်သတ္တဝါများကြားက တိုက်ပွဲဖြစ်သည်။

အနောက်ပိုင်းစစ်မြေပြင်တွင် သူတော်စင် အဆင့်အောက်က ပုဂ္ဂိုလ်များနှင့် အမှောင်သတ္တဝါတို့၏ တိုက်ပွဲဖြစ်သည်။ဤအမှောင်သတ္တဝါများသည် အားနည်းသော အကောင်များ ဖြစ်ကြပြီး သို့သော် ၎င်းတို့၏ အရေအတွက်မှာ အလွန်အကျွံပင်။

ပါရမီရှင် ခုနစ်ယောက်တို့သည် ရဲရင့်စွာဖြင့် ရှေ့သို့ ထွက်လာခဲ့ကြပြီး ၊၎င်းတို့၏ တိုက်ကွက်များကို အသင့်ပြင်လိုက်သည်။

" သေဒဏ်စီရင်ချက် ဓားဖွဲ့စည်းခြင်း!"

လူခုနစ်ယောက်သည် တညီတညွတ်တည်း အော်ဟစ်လိုက်သည်နှင့် ဓားစွမ်းအင်များသည် တဟုန်ထိုး တိုးတတ်လာခဲ့ပြီး ပေတစ်ထောင်ရှည်လျားသော ဓားရှည်ကြီး တစ်ခု ဖြစ်တည်လာခဲ့သည်။

အကန့်အသတ်မဲ့သော စွမ်းအားသည် ဟင်းလင်းပြင်ကိုတောင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။ဤမျှ အင်အားကြီးမားသော ဓားကို ဆင့်ခေါ်လိုက်ခြင်းသည် မည့်သည့် လူသား သူတော်စင် အရှင် ပုဂ္ဂိုလ်မဆို သတ်ပစ်နိုင်သည်။

သို့သော်၊ နဂါးမျိုးနွယ်စု၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် မူလကတည်းက လွန်စွာ အားကြီးပေရာ ၊ အမှောင်ထု၏ ကောင်းချီးများကို ထည့်ပေါင်းထည့်လိုက်မည်ဆိုပါက ပို၍ ရက်စက် ကြမ်းကြုတ်သွားပေတော့မည် ။

ဝေါင်း!

နဂါးနက်သည် မြည်ဟိန်းလိုက်ပြီး ၊သူ၏ ပါးစပ်ထဲက အမှောင်ထု မီးလျှံများကို ထွေးထုတ်လိုက်သည်။သို့သော် ၎င်း၏ အပူချိန်သည် အရိုးထဲထိ ‌စိမ့်အေးသော အအေးဓာတ်ဖြစ်ပြီး လွန်စွာ ဆန်းကြယ်ပေသည်။

ဘုန်း ဘုန်း!

ဤတိုက်ခိုက်မှုတွင် ပါရမီရှင် ခုနှစ်ယောက်သည် နဂါးနက်ကို အောင်မြင်စွာ သတ်ပစ်နိုင်ပြီလို့ ဝမ်းမြောက်ဝမ်းသာ တွေးတောလိုက်ကြသည်။

သို့သော် ဧရာမဓားကြီးသည် ရုတ်တရက် ကွဲကြေသွားပြီး ၊ အမှောင်ထု မီးလျှံများက တဖန် ထွက်ပေါ်လာခဲ့သည်။ အမျက်ဒေါသ ထွက်နေသော မီးလျှံများ ကြားထဲက ရက်စက်ကြမိးကြုတ်သော နဂါးခေါင်းကြီးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ၎င်း၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အမှောင်ထု မီးလျှံများကို တဖန် မှုတ်ထုတ်ပြန်သည်။၎င်း၏ အအေးဓာတ်သည် လူခုနစ်ဦး၏ မျက်နှာကို ချက်ချင်း ဖြူဖျော့သွားစေသည်။

သွားပြီ !

သေခြင်းတရားကို တွေ့ကြုံလိုက်ရသည့် ခံစားချက်သည် နှလုံးသားထဲသို့ ချက်ခြင်း ပြည့်နှက်လာလေသည်။

ဤနဂါးနက်သည် လူခုနှစ်ဦး၏ တိုက်ခိုက်မှု အောက်တွင် ဘာမှမဖြစ်ရုံသာမက ၊ဆန့်ကျင်ဘက်အနေဖြင့် ပိုပြီးအားကောင်းသော တိုက်ခိုက်မှုဖြင့် တုံ့ပြန်လာခဲ့သည်။

၎င်းသည် သူ၏ အမှောင်ထု မီးလျှံများကို ထွေးထုတ်ဖို့ ဟန်ပြင်လိုက်ချိန် ၊

ကောင်းကင်တွင် အဖြူရောင် အလင်းတန်း တစ်ခုက ဖျက်ခနဲ့ ဝင်းလက်သွားသည်။

လူတိုင်း မတုံ့ပြန်လိုက်ရသေးခင်မှာဘဲ ၊

ချွမ်း!

စူးချန်ကဲ၏ရုပ်သွင်သည် ဘယ်ချိန်ကမှန်းမသိ နဂါးနက်၏ နောက်ကွယ်တွင် ပေါ်ထွက်လာခဲ့သည် ။

" ကြည့်ရတာ ပုံရိပ်ယောင်ဆိုပေမယ့် ငါ့ရဲ့ မူလစွမ်းအားအရင်းအမြစ်ကို ထိန်းထားလို့ ရတာပဲ"

စူးချန်ကဲ တိုးတိုးလေး ညည်းညူလိုက်သည်။

နဂါးနက်၏ခန္ဓာကိုယ်သည် ဓားစွမ်းအင်ကြောင့် တဖြည်းဖြည်း ကွဲအက်သွားသည်။ ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်တို့သည် အဆက်မပြတ် ဖြတ်တောက်သွားလေရာ နဂါးနက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြီးတိုင် ဖြတ်တောက်ပစ်လိုက်သည်။

ဘုန်း !

ရုတ်တရက် ၊ နဂါးနက်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။

ကောင်းကင်ကို ဖုံးလွှမ်းထားသည့် မီးလျှံများသည် မီးရှူးမီးပန်းများအဖြစ်သို့ ကျဆင်းလာခဲ့သည်။

ဤမြင်ကွင်းသည် လူကို အတိုင်းအတာတစ်ခုအထိ ထိတ်လန့်သွားခဲ့ရသည်။မရေမတွက်နိုင်သော အမှောင်ထု မီးလျှံများသည် ဥက္ကာခဲများကဲ့သို့ ကျဆင်းလာခဲ့ပြီး ၊ ဝတ်ရုံဖြူ ပုံရိပ်လွှာသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ ကြည်ညိုစရာ ကောင်းလှသည်။

"မုမိသားစုရဲ့ သခင်လေးက အရမ်း သန်မာတာပဲ !"

"ဟုတ်တယ်! သူတော်စင် အရှင် နယ်ပယ်အဆင့်ရှိတဲ့ အမှောင်သတ္တဝါကို မုပိုင်သခင်လေးက ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်!"

ပါရမီရှင်ခုနစ်ယောက်သည် သေမင်းအရိပ်မှ လွှတ်လာခဲ့ပြီးနောက် ၊ စူးချန်ကဲကို ချီးကျူးကြလေသည်။

အမှန်တိုင်းဆိုရလျှင်ဖြင့်၊ သူတော်စင် အရှင် နယ်ပယ်အ‌ဆင့် ရှိသော နဂါးမျိုးနွယ်စု၏ အမှောင်သတ္တဝါကို လုံးလုံးလျားလျား နှိမ်နင်းရန် မဟာသူတော်စင် အဆင့်ရှိသော ကျင့်ကြံသူတစ်ဦိး လိုအပ်သည့်အပြင် နည်းလမ်းများစွာလည်း လိုအပ်သေးသည်။

သို့သော် သူတော်စင်အဆင့်တောင် မဖြစ်သေးသော လူငယ်လေး တစ်ယောက်၏ ဓားဖြင့် အသတ်ခံလိုက်ရသည်။

ဤအဖြစ်အပျက်သည် သမိုင်းကို ချေဖျက်ဖို့ လုံလောက်ပေသည်။

သို့သော် စူးချန်ကဲမှာမူ ရင်လေးနေသည်။

" ဒီကမ္ဘာ့ကပ်‌ဘေး စစ်ပွဲက မရေမတွက်နိုင်တဲ့ နှစ်ကာလတစ်လျှောက်လုံး တိုက်မြေ သုံးထောင်ရဲ့ အရက်စက်ဆုံး စစ်ပွဲလို့ ပြောလို့ရတယ်၊ ဒီပုံရိပ်ယောင် စမ်းသပ်မှုက ဒီလောက်ထိ ရိုးရှင်းပါ့မလား?"

စူးချန်ကဲ တိတ်တိတ်လေး တွေးနေမိသည်။

ဝေါင်း!

ဌက်အော်သံ!

ဝူး !

နောက်ထပ် ထိတ်လန့်စရာကောင်းသော သားရဲကောင်တို့၏ ကြွေးကြော်သံများက နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

ရုတ်တရက် ထွက်ပေါ်လာသော သားရဲအော်သံသည် လူသားမျိုးနွယ်စု တပည့်များ၏ နှလုံးသားများကို အဆုံးမဲ့ ရေခဲလှိုဏ်ဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေခဲ့သည်။

သူတို့အားလုံး အသံထွက်ပေါ်လာသည့် ဦးတည်ရာဘက်ကို လှည့်ကြည့်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးခုန်သံပင်လျှင် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။

‌အမှောင်သတ္တဝါများ ဆင်းသက်လာခဲ့ရာ ၊ မြေကြီးတစ်ခုလုံး လှုပ်ခါသွားခဲ့ရသည်။

၎င်းအမှောင်သတ္တဝါများထဲတွင် သူတော်စင်အရှင် အဆင့်ရှိ‌သော သတ္တဝါများစွာ ပါရှိပြီး ၊ထို့အပြင် အလွန် အစွမ်းထက်သော ရောင်ဝါများကို ထုတ်လွှတ်ပေးနေသော မဟာ သူတော်စင် အဆင့် အမှောင်သတ္တဝါ တချို့လည်း ရှိနေသေး၏။

"သွားပြီ ! သွားပြီ ! ရှေ့တန်းစစ်မြေပြင် ဖြိုခွင်းခံလိုက်ရပုံပဲ !"

" ဒီလောက်များတဲ့ သူတော်စင် အရှင် အဆင့်ရှိတဲ့ အမှောင်သတ္တဝါတွေ ၊ ငါတို့ သူတို့ကို တားဆီးဖို့ လုံးဝမဖြစ်နိုင်ဘူး!"

လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်‌ နေကြသည်။

လူသားမျိုးနွယ်စု၏ သူတော်စင် အဆင့် ပုဂ္ဂိုလ်များသည် ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သောကြောင့် ဤမျှကြီးမားသော ပြောင်းလဲမှုကြီးကို မည်သူမျှ သတိပြုမိလိမ့်မည် မဟုတ်ပေ။

သို့သော် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြချိန် စူးချန်ကဲသည် တည်ငြိမ်စွာ ရှိနေသည်။

သူသည် ကိုယ့်မေးစေ့ကို ကိုင်ရင်း ၊အတိတ်က အကြောင်းအရာများကို ပြန်လည်သတိရလာခဲ့သည်။

"ဒီအခင်းအကျင်းက တိုက်မြေ သုံးထောင်ရဲ့ သမိုင်းမှာ တကယ် ဖြစ်ခဲ့တာပဲ"

"အမှောင်ထုကြီးက ရှေ့တန်းစစ်‌မြေပြင်ကို ဖြိုခွင်းပြီး ဆက်ပြီး ချီတက်လာခဲ့တယ် "

"နောက်တော့ မိသားစုကြီးတစ်စုရဲ့ သခင်လေး တစ်ယောက်က ရှေ့ကို ထွက်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တယ် ၊စစ်ပွဲကို ခဏ ကြန့်ကြာအောင် လုပ်နိုင်ခဲ့ပေမဲ့ အဆုံးသတ်ထိ လူသားမျိုးနွယ်တွေ အနေနဲ့ ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို ခံစားရတုန်းပဲ ၊ နောက်ဆုံးမှာတော့ လူသားမျိုးနွယ်တွေ ဒီကြယ်တာယာစစ်‌မြေပြင်မှာ လုံးလုံးလျားလျား ကွယ်ပျောက်သွားခဲ့ရတယ်"

"ဒါပေမယ့် အခု ငါစူးချန်ကဲက ဒီကို ရောက်လာပြီ ဆိုမှတော့၊ ပုံရိပ်ယောင်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပြိုင်စကြာဝဠာရဲ့ တည်ရှိမှုမှာပဲ ဖြစ်ဖြစ်၊ အောင်ပွဲက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်!"

"ကျရှုံးမှုသမိုင်းအတွက် ငါ ပြင်ဆင်ပြမယ်!"

ချွင် !

စူးရှသော ဓား၏ ကြွေးကြော်သံနှင့် အတူ၊ စူးချန်ကဲ၏ မျက်ဝန်းထဲ၌ ဓားဆန္ဒများ တဟုန်ထိုး ထကြွလာခဲ့သည်။သူသည် ဓားရှည်ကို ကိုင်ဆောင်ကာ ပစ်ခွင်းလိုက်လေသည်။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်။

ကောင်းကင်မှ ဆင်းသက်လာသော နတ်လက်နက်သည် အမှောင်သတ္တဝါများကို ဖြိုခွင်းလိုက်သလိုမျိုး ဓားတစ်လက် ပေါ်ထွက်လာခဲ့သည်။

အပိုင်း(၁၆၅): အဆုံးမရှိတဲ့ သံသရာ ၊နတ်ဘုရား အဖျက်စွမ်းအား

စူးချန်ကဲ၏ မျက်လုံးများသည် အေးစက် တောက်ပနေသည်။

အနှီသူသည် ဓားကို ဝင့်ကာ ခုတ်ထစ်လိုက်သည်!

ဓားသည် အရပ်လေးမျက်နှာသို့ လှည့်ပတ်သွားလာနေသော နဂါးတစ်ကောင်အလား ၊ဖြတ်သန်းသွားလေရာ မည်သည့်နေရာမဆို ထောင်ပေါင်းများစွာသော လေလှိုင်းများကို ဖန်တီး‌ခဲ့သည်။

ဟင်းလင်းပြင်ကြီးပင်လျှင် တုန်ခါမြည်ကြွေးရသည်။

ဓားအလင်းတန်း တစ်ချက် လင်းလက်သွားတိုင်း အမှောင်သတ္တဝါတို့၏ ဦးခေါင်းမှာ လေပေါ်သို့ မြှောက်တတ်သွားရစမြဲပင်။

ဓားစွမ်းအင်များ တဟုန်းဟုန်း တောက်လောင်သည်နှင့် တပြိုင်နက် ၊ တဖန် ချေမှုန်းလေရာ အမှောင်၏ စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျံ့လွင့်သွားခဲ့ရသည်။

စူးချန်ကဲသည် ဝတ်ရုံဖြူ ရှေးနတ်ဘုရား တစ်ဆူနှင့် တူပေသည်။ သူ၏ ခန္ဓာကိုယ်သည် တစ်ခါ ဝဲပျံလိုက်သည်နှင့် အမျှ ၊ ဓားများကို တချက်ပြီး တချက် ဝေ့ယမ်းလေသည်။

ဓားသည် လေပြေကဲ့သို့ ၊ လှုပ်ရှားချက်တိုင်းက သေစေနိုင်သည်။

ဓားအလင်းများ တဖျပ်ဖျပ် ရိုက်ခတ်နေစဉ်မှာပဲ ၊ ရာနှင့်ချီသော အမှောင် သတ္တဝါတို့သည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြသည် ။

ဤမြင်ကွင်းသည် ကျင့်ကြံသူ များစွာကို အံ့အားသင့်စေရုံသာမက အမှောင်သတ္တဝါများပင်လျှင် တုံ့ဆိုင်းသွားခဲ့ရသည်။

သူတို့အားလုံး မယုံကြည်နိုင်ကြပေ ။သူတော်စင် အရှင် အဆင့်ထိ မတတ်လှမ်းရသေးသော ဤလူငယ်လေးသည် အမှောင်သတ္တဝါကို သတ်ပစ်နိုင်ခဲ့ပြီး ၊ ခဏလေးအတွင်းမှာပင် ၎င်းတို့၏ ကျန်ရှိအပေါင်းအပါများမှာလည်း မရေမတွက်နိုင်အောင် အသတ်ခံခဲ့ရသည်။

ဝေါင်း !

ဤစူးရှသော ဓားအလင်းသည် သူတော်စင် အရှင် အထွတ်အထိပ် အဆင့်ရှိသော ရှေးဟောင်းမိကျောင်း တစ်ကောင်ကို ဒေါသထွက်စေခဲ့သည်။

ခရုပတ်သွားများဖြင့် ပြည့်နှက်နေသော သူ၏ ပါးစပ်ကြီးကို ဟ ကာ စူးချန်ကဲကို ကိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် စူးချန်ကဲသည် အသာလေး နောက်ပြန်လှည့်ကြည့်လာသည်။လေထုကို ဖောက်ထွင်းဝင်ရောက်သွားသော အသံမျိုးသာ မထွက်ပေါ်ခဲ့ပါက စူးချန်ကဲသည် သူ့ဓားကို ဆွဲထုတ်ခဲ့လိမ့်မည် ဟု မည်သူမျှ ရိပ်မိမည်မဟုတ်ပေ ။

ဓား၏အရှိန်သည် အရမ်းမြန်လွန်းသည် ။

စူးချန်ကဲ၏ လှုပ်ရှားမှုများကို မည်သူမှ မမြင်ရပေ။

ကွဲအက်သံ!

ဟူး ဟူး!

သွေးမိုးများ ရွာသွန်းလာခဲ့သည်။

မာကြောသော ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသော ဧရာမမိကျောင်းကြီးသည် နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။

သူ့ကိုယ်သူ ဘယ်လိုသေသွားမှန်းတောင် သိလိမ့်မည် မဟုတ်။

" ငါ မှားမြင်တာ မဟုတ်ဘူးမလား? ဒီရှေးဟောင်း မိကျောင်းကြီးရဲ့ အကြေးခွံတွေက နဂါးနက်ထက် ပိုမာတယ်လေ၊ ဒါတောင် ဓားနဲ့ ပိုင်းဖြတ်ခံလိုက်ရတယ်ပေါ့?"

လူသားမျိုးနွယ် ပါရမီရှင်တစ်ဦးသည် သူ့တံတွေးသူ မျိုချလိုက်သည်။စူးချန်ကဲ၏ ‌ စွမ်းအားသည် သူ့ကို ကြောက်ရွံ့သွားစေခဲ့သည်။

ဝေါင်း!

စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် အမှောင်သတ္တဝါများကို ပို၍ ဒေါသထွက်လာခဲ့ကြပြီး ၊ အမှောင်ထု၏ အငွေ့အသက်သည် ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

၎င်းတို့ထဲတွင် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်စု ကျင့်ကြံသူများမှာ ၎င်းတို့၏ မှော်လက်နက်များဖြင့် စူးချန်ကဲကို တိုက်ခိုက်ခဲ့ကြသည်။

" သေရမယ့်ကောင်တွေက ဒီလိုအတင့်ရဲရအောင် ဘယ်ကနေများ သတ္တိရလာတာလဲ?"

စူးချန်ကဲ၏ မျက်လုံးများသည် ဂရုမစိုက်ဟန်ဖြင့်။ သူ၏ မျက်ဝန်းထဲ၌ ရှိနေသော ဓားဆန္ဒသည် ပို၍ အားကောင်းလာပြီး ယင်ယန် ဓားစွမ်းအင်သည် ဤကမ္ဘာကြီးကို ပိုင်းခြားလိုက်သည်။

သူ၏ စကားအဆုံးတွင် ဓားတစ်လက် ထွက်ပေါ်လို့ လာခဲ့ချေပြီ !

ရွှမ်း !

ဓားစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ ၊ ပူပြင်းစွာ တောက်လောင်နေသော ဓားအလင်းသည် လေဟာနယ်ကို ဖြတ်ကျော်သွားခဲ့သည်။

မီးလျှံများဖြင့် တောက်လောင်နေသော ဓားတစ်စင်းသည် ကောင်းကင်ကို ပစ်ခွင်း၍ အလုံးစုံသော အမှောင်ထုကို ချေမှုန်းပစ်ခဲ့လေရာ ထောင်ပေါင်းများစွာသော အမှောင် သတ္တဝါတို့သည် လေနှင့် သဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တဟုတ်ချင်း ပျက်ဆီးခဲ့ရသည်။

တဖန် ဆီးနှင်းခဲဓား၏ အလင်းတန်းသည် ပြည်နယ်ကိုးခုအကွာအထိ အေးခဲတုန်လှုပ်ခဲ့ရပြီး ၊ မရေမတွက်နိုင်သော အမှောင်သတ္တဝါများကို နှင်းခဲမှုန့်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်တစ်ခွင်တွင် လွင့်မျောသွားစေခဲ့သည်။

လုံးဝကွဲပြားခြားနားသော ရောင်ဝါနှစ်ခုသည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားလေတော့သည်။

စူးချန်ကဲသည် သူ့လက်ကို တဖန် လှုပ်ရှားလိုက်သည်နှင့် ၊ လက်ထဲက ဓား၏ အော်မြည်သံသည် လေထုကို တုန်ခါသွားစေသကဲ့သို့ အင်အားကြီးမားသော လေပြင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

ဓား၏ အော်မြည်သံနှင့်အတူ လေပြင်းများ တိုက်ခတ်လေပြီ ။

သမုဒ္ဒရာထဲကနေ ထွက်ပေါ်လာခဲ့သည့် အမျက်ဒေါသ ထွက်နေ‌သော နဂါးတစ်ကောင်ကဲ့သို့ အမှောင်သတ္တဝါများကို ဖြိုခွင်းလိုက်သည်။

စူးချန်ကဲ၏ လှုပ်ရှားမှုသည် အမှောင် သတ္တဝါများကြားထဲက သူတော်စင် နယ်ပယ်အဆင့် ရှိသော အမှောင်သတ္တဝါများကို စော်ကားလိုက်သလိုပင်။

အမှောင်ဒီရေစီး‌ကြောင်းတွင် ပုန်ကွယ်နေခဲ့ကြသော မဟာ သူတော်စင် အဆင့်ရှိသော အမှောင်သတ္တဝါများသည် ရုတ်တရက် ထလာပြီး စူးချန်ကဲအား ထောင့်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ကြသည်။

"သေဖို့ တောင်းဆိုနေတယ်ပေါ့လေ!?"

စူးချန်ကဲ၏ လေသံမှာ အေးစက်လွန်းလှသည်။

သူသည် နောက်သို့ တချက်မှ ပြန်လှည့်မကြည့်ဘဲ ဓားလေးစင်းကို လေထဲသို့ ခုတ်ထွင်းသွားစေသည်။

ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း!

အေးစက်သော ဓားအလင်းတန်း လေးခုသည် တဖျပ်ဖျပ် ဝင်းလက်တောက်ပလျက် လေထုကို ပစ်ခွင်းသွားလေသည်။

အေးစက်သော ဓားအလင်းများ ပျောက်ကွယ်သွားခါနီးအခိုက်အတန့်တွင် မဟာ သူတော်စင် အမှောင်သတ္တဝါကြီး လေးကောင်၏ လှုပ်ရှားမှုသည်လည်း ရပ်တန့်သွားခဲ့ရပြီး

တခဏချင်းမှာပင် ၊ အနက်ရောင် အခိုးအငွေ့များ အဖြစ် ပျောက်ကွယ်သွားပေတော့သည်။

"မင်းတစ်ယောက် ကျန်တော့တာပဲ "

မဟာ သူတော်စင်အဆင့် ရှိ‌သော နောက်ဆုံးအမှောင်သတ္တဝါမှာ ရက်ရှာဆာ တောင်ပံဘီလူးမျိုးနွယ်စုဝင် ဖြစ်ပြီး ၊မှင်နှင့်တူသော ၎င်း၏ လင်းနို့အတောင်ပံများသည် ယုတ်မာမှုနှင့် အေးစက်မှုကိုတို့ ဖော်ပြနေသည်။

သူ၏အပေါင်းအဖော်တို့သည် သူ့ရှေ့တွင် လူသားတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သို့သော် ၎င်း၏နှုတ်ဖျားပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ရှိနေခဲ့သည် ။

"လူသား၊ မင်း အရမ်းတော်တာပဲ၊ ငါ့ရဲ့ အမှောင်အင်အားစုထဲ ဝင်မလား?"

"မင်းရဲ့အစွမ်းအစနဲ့ဆို ငါ့ရဲ့အမှောင်နိုင်ငံမှာ ရှင်ဘုရင်တစ်ပါး ဖြစ်လာနိုင်တယ်လို့ ငါယုံကြည်တယ်"

"အိုး? ဘုရင်?"

စူးချန်ကဲက ပြုံးပြုံးလေး ထပ်ဆို၏။

"ကျွန်တော်က အရမ်း လောဘကြီးတယ်၊ ဧကရာဇ်မင်း ဆိုရင်ရော?"

"အဲဒီအချိန်ကျရင် ငါ မင်းကို ရှင်ဘုရင်ဖြစ်အောင် ဆွဲခေါ်ပေးမယ်လေ "

မူလက ကြောင်သူတော် အပြုံးကို ဆင်ယင်ထားသည့် ရက်ရှာဆာ တောင်ပံဘီလူးမျိုးနွယ်စုဝင် အမျိုးသား၏ အပြုံးမှာ ပျောက်ဆုံးသွားပြီး လူသတ်လိုစိတ်များသည် လေထဲတွင် တဟုတ်ချင်း ပြည့်နှက်သွားသည် ။

အမှောင်ထုရဲ့ ဧကရာဇ်?

၎င်းသည် အမှောင်ထုအားလုံးကို လွှမ်းမိုးထားနိုင်သော အမြင့်ဆုံးတည်ရှိမှု ဖြစ်ပြီး ၊ သူတို့အားလုံး၏ သခင်ပင် ဖြစ်သည်။

သူတို့၏ သခင်သည် အမတဘုံကိုပင် ဖြိုခွင်းနိုင်ပြီး ၊ ကောင်းကင်နှင့် ဘုံအားလုံးကို ချိုးဖျက်နိုင်သည်။ ဤလူသားသည် တိုက်မြေ သုံးထောင်မှ လူသားမျိုးနွယ်စု၏ အငယ်တန်းတစ်ယောက်မျှသာ ဖြစ်သော်လည်း၊ ယခုလို အတင့်ရဲစွာ ပြောဝံ့သည်။

"မင်းလိုလူက ငါ့ ရှင်ဘုရင်ကို စော်ကားရဲတယ်! သေစမ်း !"

အမှောင်ထု၏ စွမ်းအားများ တဖန် ထွက်ပေါ်လာခဲ့ပြီး ၊ သေခြင်း တရားနှင့် ဆိုးရွားသော

အငွေ့အသက်သည် ၎င်း၏ လင်းနို့အတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားသည်။

သေမင်း၏ တောင်ပံများကဲ့သို့ ကောင်းကင်ကို လွှမ်းမိုးထားပြီး ၊ ၎င်း၏ ပျံသန်းမှု အရှိန်သည် မြန်ဆန်လွန်းသဖြင့် အနက်ရောင် အလင်းတန်းတစ်ခု အဖြစ်သာလျှင် မြင်‌တွေ့လိုက်ရသည်။

သူ၏မျက်လုံးများသည် သွေးရဲရဲနှင့် ပြည့်နှက်နေပြီး ၊ သူ၏ ချွန်ထက်သော လက်သည်းများက သောင်းကျန်းနေသော ဤလူသား၏ လည်မျိုကို ချုပ်ကိုင်လျက် ၎င်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်ပေတော့မည်။

ယင်းက သူ့ကို ပိုလို့တောင် စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် စူးချန်ကဲ၏ အနားသို့ ရောက်သွားခဲ့ချိန်မှာတော့ ၊

"အမ်?"

ရက်ရှာဆာ တောင်ပံဘီလူးမျိုးနွယ်စုဝင် အမျိုးသားမှာ သံသယအသံဖြင့် ညည်းညူလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အဘယ်ကြောင့် အေးခဲနေပြီး လုံးဝ မလှုပ်ရှားနိုင် ဖြစ်နေရသနည်း ။

ရွှမ်း!

လေသည် တချက် ဝှေ့ယမ်းတိုက်ခိုက်သွားပြီး ၊ အလင်းရောင်သည် လျှပ်တပြတ် တောက်ပသွားသည်။

စူးချန်ကဲသည် ဓားကို မြှောက်ကိုင်ပြီးနှင့်ခဲ့ပြီ ဖြစ်သည်။ ဓားပေါ်က အအေးဓာတ်သည် မှောင်မိုက်သော ညတွင် တစ်ခုတည်းသော လရောင်ကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။

"လိုသေးတယ် "

ဓားသည် ဓားအိမ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်ရာ ၊ စူးချန်ကဲသည် ရက်ရှာဆာ တောင်ပံဘီလူးမျိုးနွယ်စုဝင် အမျိုးသားထံသို့ ချဉ်းကပ်လိုက်သည်။

စူးချန်ကဲ၏ ရောင်ဝါနှင့် အပူချိန်ကို သူ ကောင်းကောင်းကြီး ခံစားမိသည်။

သူသည် စူးချန်ကဲ၏ လည်မျိုကို ဆွဲဖြဲရန် ခွန်အားရှိသမျှ အသုံးချခဲ့သည်။

သို့သော် မည်သို့ပင် ကြိုးစားခဲ့ပါစေ၊ နည်းနည်းလေးမှ မလှုပ်နိုင်ခဲ့ပေ။

"သာ့နိမ် (အနန္တစွမ်းအားရှင်)အဆင့်ပဲ ရှိသေးတဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး ..."

သူ မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ မဟာသူတော်စဉ် အဆင့်ရှိသော ထိုအမှောင်သတ္တဝါသည် အခိုးအငွေ့များအဖြစ် ဤကမ္ဘာကြီးထဲတွင် ပျောက်ကွယ်သွားခဲ့လေပြီ ။

ပတ်ဝန်းကျင်သည် အလွန်တရာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ၊အာကာသတစ်ခုလုံး အေးခဲသွားပုံရသည်။

လူတိုင်း အိပ်မက်မက်နေသလိုပင်။

၎င်းသည် မဟာသူတော်စင် ကနဦးအဆင့် ရှိသော အမှောင်သတ္တဝါမျှသာ ဖြစ်သော်လည်း၊ အင်အားကြီးမားသော သတ္တဝါဟု မှတ်ယူနိုင်သည်။သို့သော် သာ့နိမ်(အနန္တစွမ်းအားရှင်)၏ အသာလေး သတ်ဖြတ်မှုကို မည်သို့ ခံခဲ့ရသနည်း။

ယင်း၏ အဓိကအချက်မှာ စူးချန်ကဲ၏ သူတော်စင် ခန္ဓာကိုယ် အသွေးအသားကြောင့်သာ ဖြစ်သည်။ သူတော်စင် ခန္ဓာကိုယ် ကိုးပါးသည် အမှောင်ထု၏ စွမ်းအားကို ထိန်းထားနိုင်သောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် စူးချန်ကဲသည် သူတော်စင် ခန္ဓာကိုယ်လေးခု၏ အသွေးအသားများကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ သူ၏ အမှောင်ထုအပေါ် ချုပ်တည်းနိုင်စွမ်းမှာ ပို၍ အားကောင်းလာခဲ့သည်။

"ငါ ခန့်မှန်းတာ မှန်ရင်၊ ငါ့ကို စမ်းသပ်တဲ့ ဒီပုံရိပ်ယောင် ပြီးသွားပြီမလား?"

သမိုင်းတွင်၊ လူသားမျိုးနွယ်သည် အမှောင်သတ္တဝါများနှင့် တိုက်ခိုက်ရာတွင် အမှန်တကယ် ကျရှုံးခဲ့သည်။

ရှုံးနိမ့်မှု ဆိုတာထက် ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုဆို ပိုမှန်သည်။

သမိုင်းအရ၊ ဤအမှောင်သတ္တဝါများသည် တောက်လျှောက် ချီတက်လာခဲ့ရာ အနောက်စစ်မြေပြင်သည်လည်း ကျဆုံးခဲ့ရသည်။

အဆုံးတွင် ၊ လူသား ဧကရာဇ်မင်းများနှင့် မရေမတွက်နိုင်သော သူတော်စင် အဆင့်ရှိ အင်အားကြီးမားသော ပုဂ္ဂိုလ်တို့မှာ ကျဆုံးသွားခဲ့ရသည်။

ဤရှုံးနိမ့်မှုကို သမိုင်းတွင် သွေးထွက်သံယို အရှက်ကွဲရခြင်း ဟု လူသိများသည်။

ယင်းကြောင့် လူသားမျိုးနွယ်စု၏ ကျင့်ကြံသူများကို ပြုစုပျိုးထောင်သည့် ခေတ်သည် အေးသော ဆောင်းရာသီတွင် စတင်ခဲ့သည်။

သို့သော် စူးချန်ကဲ အတွေးများနေစဉ် ၊

အဝေးတစ်နေရာက အာကာသ ဟင်းလင်းပြင်ကြီးသည် တဖန် တုန်ခါသွားပြန်သည်။

အမှောင်ထုကြီးသည် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး ၊ အမှောင်ထု၏ အအေးဓာတ်သည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။

မူလက စူးချန်ကဲ သုတ်သင်ရှင်းလင်းခဲ့သော အမှောင်လှိုင်းလုံးကြီးသည် အမှန်တကယ် ထွက်ပေါ်လာခဲ့ပြန်သည်။

၎င်းတို့သည် မူလက ရှိနေခဲ့‌သော အမှောင်သတ္တဝါများတင်သာမက ၊ ပို၍လည်း အားကောင်းနေခဲ့သည်။

မူလက ရက်ရှာဆာ တောင်ပံဘီလူးမျိုးနွယ်စုသည် ယခုအချိန်တွင် အထွပ်အထိပ် သူတော်စင် အဖြစ်သို့ ပြောင်းလဲသွားပြီး မဟာသူတော်စင် ငါးယောက်လည်း ရှိနေခဲ့သည်။

အချိန်နှင့်နေရာသည် နောက်ပြန်ဆုတ်သွားပုံရကာ ၊ စူးချန်ကဲသည် ဓားကို ကိုင်ဆောင်ထားပြီး စစ်သင်္ဘောပျံပေါ်တွင် ရပ်နေသည့် မြင်ကွင်း အခိုက်အတန့်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"သွားပြီ ! သွားပြီ ! ရှေ့တန်းစစ်မြေပြင် ဖြိုခွင်းခံလိုက်ကပုံပဲ !"

" ဒီလောက်များတဲ့ သူတော်စင် အရှင် အဆင့်ရှိတဲ့ အမှောင်သတ္တဝါတွေ ၊ ငါတို့ သူတို့ကို တားဆီးဖို့ လုံးဝမဖြစ်နိုင်ဘူး!"

....

ရင်းနှီးသော ဤစကားဝိုင်းကို ထပ်မံကြားလိုက်ရပြီး၊ ရင်းနှီးသော အကြောက်တရား၏ အငွေ့အသက်သည် လူအုပ်ကြီးကို တစ်ဖန် လွှမ်းခြုံသွားခဲ့ပြန်သည်။

စူးချန်ကဲသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း ၊ သို့သော် သိပ်မကြာမီ ပြန်လည်တည်ငြိမ်ခဲ့သည်။

"ဘာလို့ဒီလိုဖြစ်သွားတာလဲ "

"သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို တားလို့ မရဘူးလို့ ငါ့ကိုပြောပြချင်တာလား?"

" ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊ သမိုင်းကို ပြောင်းလဲလို့မရဘူးပေါ့?"

ဤခံစားချက်သည် စူးချန်ကဲကို အနည်းငယ် ဒေါသထွက်သွားစေသည်။

သူအမုန်းဆုံးအရာသည် ဤကဲ့သို့ ဘာမှမတတ်နိုင်သည့် စွမ်းအားမဲ့သည့် ခံစားချက်မျိုးပင် ဖြစ်သည်။

"မုပိုင် ကိုကို... ကျေးဇူးပြုပြီး ထပ်ပြီး မသွားပါနဲ့လား ဟင်..."

ထိုအချိန်တွင် မုချန်းယွဲ့သည် စူးချန်ကဲ၏ အဝတ်စကို ဆုပ်ကိုင်လိုက်သည်။

" ချန်းယွဲ့‌လေ ၊ တချိန်လုံး အဆုံးမရှိတဲ့ သံသရာထဲ ရောက်နေတဲ့ပုံပဲ ၊ မုပိုင်ကိုကို ကျွန်မရဲ့ရှေ့တာ သေသွားတာ ဘယ်နှစ်ကြိမ်တောင် မြင်ဖူးခဲ့ပြီလဲ မသိဘူး..."

မုချန်ယွဲ့မှာ မျက်ရည်များ ဝဲလို့နေသည်။

"ဒီခံစားချက်က အရမ်းခံစားရခက်တာပဲ..."

ထိုစကားသည် စူးချန်ကဲကို ချက်ခနဲ သဘောပေါက်သွားစေခဲ့သည်။

အဆုံးမရှိတဲ့ သံသရာ?

ထပ်ကာတလဲလဲ သေဆုံးခြင်း ပုံရိပ်ယောင်?

မုချန်းယွဲ့၏ စကားများသည် စူးချန်ကဲကို အနည်းငယ် လန့်သွားစေခဲ့သည် ။

မဟုတ်မှလွဲရော တခြားမသိနိုင်တဲ့ လျို့ဝှက်ချက် တစ်ခုလား?

သို့သော် နောက်ဆုံးတွင် ၊ စူးချန်ကဲသည် သူ့စိတ်ထဲက အတွေးများ အားလုံးကို သီအိုရီတစ်ခုဖြင့် လှန်ပစ်လိုက်သည်။

ဤအရာသည် ဤပုံရိပ်ယောင်၏ နောက်ဆုံးစမ်းသပ်မှုပင် ဖြစ်ရမည်။

စူးချန်ကဲသည် သူ့ကိုယ်ပိုင်ရုပ်ရှင်၏ ဇာတ်ကောင်ကို ဆက်လက် အသက်သွင်းလိုက်ရင်း ပြုံးပြုံးရွှင်ရွှင် ‌ဆိုလိုက်သည်။

"လူတိုင်းသေရမှာပဲလေ၊ အမွေးထက် ပေါ့ပါးနိုင်သလို ဒါမှမဟုတ် ထိုက်တောင် ထက်လည်း ပိုလေးနိုင်တယ်"

"ရှေ့မှာ သေခြင်းတရား ရှိတယ်ဆိုတောင် ၊ ဒီအမှောင်ထုကြီး မသေဆုံးသ၍ ငါတို့လူသားမျိုးနွယ် ဘယ်တော့မှ ခေါင်းမော့ပြီး နေကို ကြည့်နိုင်မှာ မဟုတ်ဘူး "

ပြောပြီးသည်နှင့် စူးချန်ကဲသည် သူ့ဓားကို မြှောက်လိုက်ပြီး မဆိုင်းမတွ ပြေးထွက်လာခဲ့သည်။

သူသာ သရုပ်‌ဆောင်စကေးကို နည်းနည်း အဆင့်မမြှင့်ဘူးဆိုရင် ၊ ဒီပုံရိပ်ယောင် လောကကို လာခဲ့တာ အလကား မဖြစ်ပေဘူးလား?

ယခုတစ်ကြိမ်မှာတော့ စူးချန်ကဲသည် သူ၏ စွမ်းအားအားလုံးကို အပြည့်အ၀ ထုတ်လွှတ်လိုက်ခဲ့သည်။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း!

ကောင်းကင်ဘုံ ခန္ဓာကိုယ် !

ချန်ရှန်း အရိုး !

ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသား!

စုပ်ယူ သူတော်စင် ခန္ဓာကိုယ် !

​အလုံးစုံသော အသွေး​သား စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အကန့်အသတ်မရှိသော စွမ်းအားသည် မူလရှေးယခင်က ဆင်းသက်လာသကဲ့သို့၊ ခမ်းနားထည်ဝါသော ရောင်ဝါသည် လူတိုင်းသိသည့် ကမ္ဘာထက်ကို ကျော်လွန်၍ အမြင့်ဆုံး ဖြစ်တည်မှု အဖြစ်သို့ ရောက်ရှိသွားသည်။

အဆုံးမရှိ တောက်ပသော နတ်အလင်းရောင်တို့၏ အလယ်တွင် ရှိနေသော စူးချန်ကဲသည် ကြယ်တစ်ပွင့်အလား စူးရှတောက်ပနေပြီး၊သူ၏ရောင်ဝါသည် ပို၍ တိုးသထက် တိုးလာခဲ့သည်။

ဖောက်ခွဲပစ်ထုတ်လိုက်သော သူတော်စင် ခန္ဓာကိုယ် လေးခု၏ စွမ်းအားကို ခံနိုင်ရည် မရှိတော့သည့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။

ဒါကလည်း စူးချန်ကဲ၏ အကြံအစည်တစ်ခုပင် ဖြစ်သည်။

သူ၏ ကာယကြံ့ခိုင်မှုမှာ အလွန်အားနည်းနေသေးသည်ပင်။ ဤလျှို့ဝှက်နယ်ပယ်တွင် သူ့ကိုယ်သူ စမ်းသပ်ကြည့်ခြင်းက မည်သည့် ဆုံးရှုံးစရာမှ မရှိနိုင်ပေ။

ဘုန်း !

ထိုခမ်းနားထည်ဝါသော ရောင်ဝါသည် ထောင်ပေါင်းများစွာသော လေများနှင့် တိမ်တိုက်များကို လှုပ်ခတ်စေပြီး ၊ ကောင်းကင်နှင့် မြေကြီးတို့သည်လည်း အရောင်ပြောင်းသွားကာ မြင့်မြတ်သော လမ်းစဉ်ပင်လျှင် တုန်လှုပ်သွားခဲ့ရသည် ။

" မုပိုင် ကိုကို!!"

"မလုပ်နဲ့!!"

မုချန်းယွဲ့ သည် ကြေကွဲစွာ အော်ဟစ်လိုက်ပြီး၊ စူးချန်ကဲ နှင့် ပိုမိုနီးစပ်ရန် သူမ၏ စွမ်းအားများကို အသုံးပြုလိုက်သည်။

သို့သော် ၎င်း၏ ရောင်ဝါသည် လွန်စွာ အစွမ်းသောကြောင့် အနီးနား ကပ်လိုက်ရုံဖြင့် သူမကို သွေးအန်စေသည့်အထိ ဖြစ်ခဲ့ရသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး ၊ ကြီးကျယ်ခမ်းနားသော ရောင်ဝါများမှာလည်း အဆက်မပြတ် သွန်းလောင်းချနေသည်။

စူးချန်ကဲသည် သူမကို တချက်ကြည့်ကာ ပြုံးပြီး ဆိုလိုက်သည်။

"ချန်းယွဲ့ ၊ဒါက ငါသေချာပေါက် လုပ်ရမယ့်အရာပဲ"

"အကယ်၍ ဒီဓားက ကမ္ဘာကြီးအတွက် ကံကြမ္မာနဲ့ လူသားအားလုံးရဲ့ နှလုံးသားကို မထူထောင်နိုင်ခဲ့ရင်၊ မျိုးဆက်အားလုံးအတွက် ထာဝရ ငြိမ်းချမ်းမှုကို ဖန်တီးဖို့ ငါ ဒီဓားကို အသုံးပြုမယ် "

"ချန်းယွဲ့ ၊ အသက်ဆက်ရှင်နေပါ"

စူးချန်ကဲသည် မုချန်းယွဲ့၏ နှလုံးသားထဲတွင် ထာဝရတည်ရှိနေမည့် နူးညံ့သိမ်မွေ့သော အပြုံးကို ပေးခဲ့လေသည်။

"ဟင့်အင်....ဟင့်အင်!!"

ထပ်ပြီး ဒီမြင်ကွင်းပဲလား?

မဟုတ်ဘူး! ဒီလို နာကျင်စရာကောင်းတဲ့ မြင်ကွင်းကို သူမ ထပ်မမြင်ချင်တော့ဘူး !

မုချန်းယွဲ့သည် သူမခန္ဓာကိုယ်၏ နာကျင်မှုကိုပင် လျစ်လျူရှုကာ စူးချန်ကဲ ဆီသို့ ပြေးသွားခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင်မူ အချိန်များ ရပ်တန့်သွားပြီး အာကာသတစ်ခုလုံး အေးခဲသွားပုံရကာ ၊ အသံတစ်ခုတည်းသာ ဤကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

"တာအိုဂန္တဝင် ၊ နတ်ဘုရား အဖျက်စွမ်းအား !!"

ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး ဗလာကျင်းသွားပုံရသည်။

စကြ၀ဠာတစ်ခုလုံး ‌ နေ့ခင်းဘက်သဖွယ် ဝင်းထိန်သွားခဲ့တော့သည်။

အပိုင်း(၁၆၆): ခွင်းလွင်လမ်း၏ အဆုံး ၊ချင်ဧကရာဇ်ငယ်နှင့် စစ်ခင်းခြင်း

ပူပြင်း တောက်လောင်နေသော အလင်းရောင်သည် အရာအားလုံးကို မျိုချလိုက်ပြီး ၊ ပုံရိပ်ယောင်သည်လည်း ဖြည်းဖြည်းချင်း ပြိုကွဲသွားခဲ့သည်။စူးချန်ကဲ ပေါက်ကွဲခဲ့သော ကြီးကျယ်ခမ်းနားသောစွမ်းအားများသည် အဆုံးမဲ့ အချိန်နှင့် နေရာကို ဖြတ်သန်းသွားခဲ့ပုံရသည်။

သို့သော် သမိုင်းကြောင်းတွင် မူလက မရှိခဲ့သော အကြောင်းတရားနှင့် အကျိုးဆက်တို့သည် မျဉ်းပြိုင်နယ်နိမိတ်ကို ဖြတ်ကျော်သွားခဲ့သည်။

မုချန်းယွဲ့ သည် ပျောက်ကွယ်သွားသော စူးချန်ကဲ၏ ရုပ်အလောင်းကို စိုက်ကြည့်ရင်း ဆိုခဲ့သည်။

"မုပိုင် ကိုကို ... ဒီကမ္ဘာနဲ့ ရှင် မသက်ဆိုင်ဘူးဆိုတောင်..."

" ကျွန်မ ရှင့်ကို သေချာပေါက် ရအောင် ရှာမယ်..."

.....

ခွင်းလွင်တောင်၊

စူးချန်ကဲသည် သူ့မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်လိုက်သည်နှင့် အကွေ့အကောက် များသော ရှေးဟောင်းလမ်းတစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

"ဒါ စာမေးပွဲအောင်တယ်လို့ မှတ်ယူရမှာလား"

သူသည် လက်သီးကို တင်းတင်းဆုပ်ထားသည်။

" ပုံရိပ်‌ယောင်မှာတုန်းက ငါ ဓားကို ထိန်းချုပ်နိုင်စွမ်း ထပ်ပြီး တိုးတက်လာပုံရတယ်"

ထိုပုံရိပ်ယောင်ထဲက တိုက်ပွဲများသည် အမှန်တကယ် ဖြစ်နေသကဲ့သို့ အမှန်တကယ်ကို ကြောက်ဖို့ကောင်းသည်။ဤသည်မှာ လှည့်ဖြားမှုတစ်ခု ဖြစ်ကြောင်း သူ မသိပါက၊ သူ့ကိုယ်သူ အချိန်ကူးပြောင်းလာသည်ဟု အမှန်တကယ် မှတ်ယူသွားနိုင်သည်။

"ဒါပေမယ့် မုချန်းယွဲ့က ဘယ်လိုဖြစ်တာလဲ?"

"လျှို့ဝှက်နယ်မြေမှာ ဝှက်ထားတဲ့ NPC များလား?"

ထိုအရာက စူးချန်ကဲကို ဝေဝါးစေသည်။

တစ်ဖက်လူသည် ထပ်ကာ တလဲလဲ ပြန်လည် ဖြစ်ပေါ်ခြင်း၏ ပုံရိပ်ယောင်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။

နည်းလမ်းကျကျ ဆိုရလျှင်ဖြင့် ၊ ဤကဲ့သို့ နိယာမများဖြင့် တည်ဆောက်ထားသော ပုံရိပ်ယောင်ထဲတွင် အရာအားလုံးသည် ထပ်ခါထပ်ခါ ဖြစ်ပျက်နေမည် ဖြစ်သည်။သို့သော် မုချန်းယွဲ့သည် အဘယ့်ကြောင့် ခံစားချက်ရှိနေရသနည်း။

စူးချန်ကဲသည် ခေါင်းခါလိုက်ပြီး ထပ် မစဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။

အတိတ်ကို ပြန်ပြင်လို့ မရနိုင်သော်လည်း၊ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်သေးသည်။

သူသည် ကျရှုံးခဲ့သော သမိုင်းအပေါ် ချည်နှောင်းထားလိမ့်မည် မဟုတ်ပေ။ အမှောင်သတ္တဝါ သို့မဟုတ် စွမ်းအားကြီးမားသော သာ့နိမ်(အနန္တစွမ်းအားရှင် )လူသားမျိုးနွယ်စုပဲ ဖြစ်နေပါစေ ၊သူ၏လမ်းကို ပိတ်ဆို့မည့် အရာမှန်သမျှ အမှုန့်ချေခံရမည်သာ။

စူးချန်ကဲသည် ဤရှေးဟောင်းလမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ‌၊ နေရာတစ်ခုလုံးကို အထူးနေရာတစ်ခုအဖြစ် ဖန်တီးထားသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေသည်။

"သေချာတယ်၊ ဝင်လာတဲ့သူတိုင်း မတူညီတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ကြုံရနိုင်တယ်"

စူးချန်ကဲအတွေးများနေတုန်း။

သူ့မျက်စိရှေ့တွင် ရှိနေသော လှေကားထစ်များပေါ်တွင် တန်ခိုးကြီးမားသော ရောင်ဝါများ ဖြာထွက်နေသည့် ကြေးရုပ်သေး ဆယ်ကောင်က ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

"အိုး?ကြည့်ရတာ ဒီလှေကားရဲ့ အဆင့်တိုင်းမှာ လမ်းကို ပိတ်ဆို့ထားမယ့် ရုပ်သေးရုပ်တွေ ရှိနေမယ့်ပုံပဲ ၊ ကံမကောင်းစွာပဲ မင်းငါ့ကိုလျှော့တွက်လွန်းတယ်"

ယခင်ကဘထိုပုံရိပ်ယောင်ထဲတွင် အမှောင်သတ္တဝါများ သူ သတ်ပစ်ခဲ့သည်မှာ မည်မျှပင် မသိ။ယခုလက်ရှိ သူ့စွမ်းအားများကိုသာ အပြည့်အဝ အသုံးချခဲ့မည်ဆိုပါက ၊ သာမန်သူတော်စင် အရှင်ပုဂ္ဂိုလ်တစ်ဦး နှင့် ၅၀-၅၀ ယှဉ်ပြိုင်နိုင်သည်။

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မှော်စွမ်းအားများ တဟုန်ထိုး တတ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် လှိုင်းထန်နေသော ပင်လယ်ကဲ့သို့ တဟုန်းဟုန်း တောက်လောင်လျက် ရုပ်သေးဆယ်ကောင်လုံးကို ချက်ခြင်းလက်ငင်း ဖြိုခွင်းပစ်လိုက်သည်။

လှေကားထစ်များပေါ်တွင် မရေမတွက်နိုင်အောင် ရှိနေခဲ့သော ရုပ်သေးရုပ်များစွာသည် စူးချန်ကဲ၏ ချေမှုန်းခြင်းကို ခံခဲ့ရပြီး၊စူးချန်ကဲ၏ ‌ခြေလှမ်းများကို မည်သည့်အရာကမှ တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

ပါရမီရှင်တချို့သည် ရှက်ရွံ့စွာဖြင့် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာလာတုန်း ၊စူးချန်ကဲ၏ အသွင်ပုံရိပ်သည် အကွေ့အကောက်များသော ရှေးဟောင်းလမ်းပေါ်တွင် လျှောက်လှမ်းနေသည့် အဖြူရောင် အစက်လေး တစ်ခုအဖြစ် မြင်တွေ့ခဲ့ရသည်။

"ဒါ.... အဲ့တစ်ယောက် မဟုတ်ဘူးလား?"

ယင်းက ကျင့်ကြံသူများကို သုန်မှုန်သွားစေသည်။ထိုအနှီပုံရိပ် တတ်လှမ်းနေသည်မှာ ခွင်းလွင်တောင်တန်းများထဲက အမြင့်ဆုံး တောင်တစ်ခုပင် ဖြစ်သည်။

သူတို့အားလုံးသည်လည်း အရည်အချင်း ရှိသော ထိပ်တန်း ပါရမီရှင်များ ဖြစ်လျက်သားနဲ့ ၊ သူတို့နဲ့ စူးချန်ကဲ ကြားမှာ အဘယ်ကြောင့် ဒီလောက်တောင် ကွာဟချက်ကြီးရသနည်း။

စူးချန်ကဲ လျှောက်လှမ်းလိုက်သည့် လှေကားထစ် ပမာဏတိုးလာသည်နှင့် အမျှ ၊ ရုပ်သေး အရေအတွက်များမှာလည်း တိုးမြှင့်လာခဲ့သည်။သို့သော် စူးချန်ကဲသည် ၎င်းတို့အားလုံးကို သူ၏ လက်ဝါးတချက်တည်းဖြင့် နှိပ်ကွပ်လိုက်သည်။

လှေကားထစ် ကိုးဆယ့်ကိုးထပ်သို့ ရောက်လာခဲ့ချိန်၌ ၊သူ၏ခြေလမ်းများမှာ ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် အမည်မသိ စွမ်းအားတစ်ခုကို ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။ဤရုပ်သေးသည် ယခင်က ရုပ်သေးများနှင့် လုံးဝမတူသလို ၊ ၎င်း၏ ရောင်ဝါသည် တစ်မူကွဲပြားနေသည် ။

ထို့အပြင်၊ ခွင်းလွင်တောင်၌ ဖြန့်ကျတ်ထားသော နိယာမတရား၏ စွမ်းအားတို့သည် စူးချန်ကဲ၏ မှော်စွမ်းအားနှင့် ခန္ဓာကိုယ်အား ကဏ္ဍပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်ထားသည်။

ဘုန်း ဘုန်း!

သူ့ရှေ့က နိယာမတရား၏ စွမ်းအားများသည် အဆက်မပြတ် တသိမ့်သိမ် ရိုက်ခတ်လျက် စုဝေးလာခဲ့ပြီး၊ မှိန်ဖျော့ဖျော့ လင်းလတ်နေသော ရောင်စဉ်များကြားတွင် ခပ်ဝါးဝါး လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအနှီလူသည် ရှေးကျသော ၀တ်ရုံကို ၀တ်ဆင်ထားပြီး၊ ၎င်းပေါ်က လျှို့ဝှက်ဆန်းကြယ်သော ဒီဇိုင်းသည် ယနေ့ခေတ်နှင့် လုံးဝ မတူပေ။ထိုအနှီလူသည် ငယ်ရွယ် ချောမောသော မျက်နှာအပြင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေချာ ချည်နှောင်ထားကာ လှံကို ကိုင်ဆောင်ထားသည်။

"မဟုတ်မှလွဲရော ဒါက ရှေးခေတ်က ပါရမီရှင် ချန်ထားခဲ့တဲ့ အမှတ်အသားတစ်ခုလား၊နိယာမတရားရဲ့ စွမ်းအားနဲ့ ရေးထွင်းထားတဲ့ ပုံရိပ်များလား?"

လျှို့ဝှက်နယ်မြေရှိ တချို့လျှို့ဝှက်ဆန်းကြယ်သော အရာတို့သည် အနာဂတ် မျိုးဆက်သစ် လူငယ်များကို စမ်းသပ်ရန်အတွက် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုထားပြီး ထူးချွန်သော ပါရမီရှင်တချို့၏ အရိပ်အာဝါသကို ပုံဖော်ထားသည် ဟု ရှေးစာအုပ်များတွင် အထူးမှတ်တမ်းတင်ထားသည်။

ဝီ!

စူးချန်ကဲ အတွေးများနေတုန်းမှာပဲ၊ ထိုအနှီပုံရိပ်သည် အနက်ရောင် လှံတစ်ချောင်းဖြင့် ပစ်ခွင်းခဲ့လေရာ လှိုင်းတံပိုးများ ရိုက်ခတ်သွားပြီး ၊လှံတံဖြတ်သန်းသွားလေရာ နေရာတိုင်း အမှောင်ထု မုန်တိုင်းလှိုင်းလုံးကြီးများ ပေါက်ဖွားလာခဲ့ရသည်။

သို့သော် စူးချန်ကဲ၏ တုံ့ပြန်မှုသည်လည်း မနှေး‌ကွေးခဲ့ပေ။ သူ၏ ညာဘက် လက်ညိုးထိပ်တွင် စွမ်းအားများကို စုဝေးကာ ဓားကို ဖြတ်တောက်ရန် အမိန့်ပေးလိုက်သည်။

အဆုံးမရှိသော ဓားစွမ်းအင်တို့သည် တဟုန်းဟုန်း တောက်လောင်လာပြီး ၊ ကောင်းကင်တောင် ဖုံးလွှမ်းနိုင်သည့် ဓားအလင်းတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားသည်။

ဘုန်း ဘုန်း!

လသော်တာကဲ့သို့ အေးစက်သော ဓားစွမ်းအင်သည် ထိုကဲ့သို့ ပြင်းထန်သော ပစ်ခတ်မှုကို လျင်မြန်စွာ ဖြိုခွင်းနိုင်ခဲ့ရုံသာမက ၊ ရှေးဟောင်း ပါရမီတစ်ဦး၏ ထိုအနှီပုံရိပ်သည်လည်း အပိုင်းပိုင်း ကွဲသွားခဲ့သည်။

အခိုးအငွေ့များ ပြန့်လွှင့်သွားပြီးနောက် စူးချန်ကဲသည် နောက်ထပ်လှေကားတစ်ခုပေါ်သို့ ဆက်လက် တက်လှမ်းခဲ့သည်။

လှေကားတစ်ဆင့် တတ်လိုက်တိုင်း ၊ ဖိနှိပ်စွမ်းအားတို့သည် ပို၍ အားကောင်းလာသော်လည်း စူးချန်ကဲသည် ယင်းအရာကို လျစ်လျူရှုထားသည်။သူ၏ မျက်ခုံးကြားထဲက လျစ်လျူရှုမှုသည် သူ၏ အနှိုင်းမဲ့သတ္တိကိုပြသနေသည်။

နောက်တဆင့် လှေကားထစ်တွင်မူ ၊ လှပသော အသွင်အပြင်ရှိသည့် နတ်မိမယ်လေးသည် ရှေးအဝတ်အစားများကို ၀တ်ဆင်ထားသည်။ ထိုမိန်းကလေး၏ လက်ထဲတွင် မှော်အဆောင်စာရွက် တစ်ခုရှိပေရာ ၊သူမ၏ လက်ဖြင့် မန္တာန်တစ်ခု ရေးဆွဲလိုက်သည်နှင့် စွမ်းအင်လှိုင်းများသည် လေထဲတွင် တဟုတ်ချင်း တိုးဝှေ့လာခဲ့သည်။

ရောင်စုံ မှော်အဆောင်စာရွက်တို့သည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားသည်နှင့် မိုးခြိမ်းသံများ ပေါက်ကွဲခြင်း ၊ မီးလျှံများ တဟုန်းဟုန်း လောင်မြိုက်ခြင်း ၊ဆီးနှင်းခဲများ ဖြစ်ပေါ်ခြင်း၊‌ လေမုန်တိုင်း တိုက်ခတ်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည့် ကြီးမားသော ဖွဲ့စည်းမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် ဤမျှ ပြင်းထန်သောအရှိန်အဟုန်ဖြင့် တိုက်ခိုက်လာတာခဲ့တောင် ၊ စူးချန်ကဲ၏ မျက်ဝန်းများမှ တစ်စက်ကလေးမှ တုန်လှုပ်သွားခြင်းမရှိခဲ့ပေ ။

အဆင်ပြေသလို ထိုးနှက်လိုက်သော သူ၏ လက်သီးတစ်ချက်သည် လွန်စွာပြင်းထန်ပြီး ၊ စကြာဝဠာတစ်ခုလုံးကို ဖောက်ထွင်းသွားသည်မှာ အဆောင်လက်ဖွဲ့၏ အပိုင်းအစတို့သည် အငွေ့ပျံ့သွားခဲ့ရပြီး ထိုနတ်မိမယ်၏ ပုံရိပ်ကိုပါ တခါတည်း သုတ်သင်ပစ်နိုင်ခဲ့သည်။

ပါရမီရှင်တချို့မှာ တောင်ပေါ်သို့ တက်လှမ်းစပြုနေစဉ် အတွင်းမှာပင် ၊ စူးချန်ကဲမှာမူ ဤနည်းဖြင့် မရေမတွက်နိုင်သော လှေကားထစ်များကို တတ်နင်းဖြတ်ကျော်လာခဲ့ပြီး ဖြစ်သည်။

စူးချန်ကဲသည် အဆုံးထိ ရောက်လာခဲ့လေပြီ။

"ဆက်ခံသူ သခင်က အလွန်ကို ကြောက်စရာ မကောင်းဘူးလား? ငါတို့လည်း သူတော်စင်ခန္ဓာကိုယ်ဖြစ်ရဲ့သားနဲ့ ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေတာတုန်း?"

ပီချင်းရှ အနည်းငယ် အံသြ‌နေမိသည်။သူတော်စင် ခန္ဓာကိုယ် ကိုးပါးထဲက တစ်ခုဖြစ်သည့် မြင့်မြတ်သော ဘုရင် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော သူမသည် 78 လွှာထိသာ တက်လှမ်းရသေးသည်။ယဲ့လင်ထျန်း နှင့် လီဟောက်ထျန်းသည်လည်း သူမနှင့် သိပ်မကွာပေ။

သို့သော် စူးချန်ကဲနှင့် နှိုင်းယှဉ်ရရင်တော့ မိုးနဲ့ မြေ ပင်။

သူများတွေများ လျင်လျင်မြန်မြန် ကျော်ဖြတ်သွားခဲ့သော်လည်း ၊သူမခမျာ တစ်ဝက်သာ ရှိသေးသည်။

ယင်းက တကယ်ကို ကြေကွဲစရာကောင်းပေသည်။

သို့သော် တစ်ချို့သောပါရမီရှင်များသည် အနိမ့်ဆုံး ခွင်းလွင်တောင်ထိပ်ကို တတ်ရန် ရွှေးချယ်ခဲ့ကြသည်။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အောင်မြင်မှသာလျှင် သူတော်စင် နယ်ပယ်အဆင့်ကို ရောက်ရှိပြီး တခြားသော အခွင့်အလမ်းများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ယခင်က ထွက်ပြေးခဲ့ကြသော ကျန်ရှိနေသေးသည့် ထာဝရအင်အားစုဝင် တချို့သည် သူတော်စင် အဆင့်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရရှိလိုသောကြောင့် နိမ့်သော တခြားသော ခွင်းလွင် တောင်ထိပ်ကို တတ်ရန် ရွေးချယ်ခဲ့ကြပြီး၊ ထို့နောက်မှသာလျှင် စူးချန်ကဲကို သတ်ရန် ပြန်လည်ပေါင်းစုံကြမည် ဖြစ်သည်။

နောက်ဆုံးလှေကားပေါ်သို့ တက်လာခဲ့သော စူးချန်ကဲ၏ အမူအယာမှာ လေးနက်နေသည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် အဆုံးမရှိသော အစိမ်းရောင်မီးလျှံများက တောက်လောက်နေပြီး သားရဲလေးကောင်၏ အော်ဟစ်သံက နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။

အစိမ်းရောင် ဝတ်ရုံနှင့် တိမ်ဖိနပ် စီးထား‌သော အမျိုးသားတစ်ဦးသည် တောက်ပသော ရောင်စဉ်များကြား ထွက်ပေါ်လာခဲ့သည်။ထုတ်လွှတ်ထားသော ၎င်း၏ ဖိနှိပ်စွမ်းအားသည် ကမ္ဘာကြီးကို ထာဝရတုန်လှုပ်သွားစေမည့်အတိုင်း အနှိုင်းမရှိသော စွမ်းအားရှင်တစ်ယောက်လိုပင်။

T/N - တိမ်ဖိနပ် - ရှင်ဘုရင်၏ ဖိနပ်

"ဒီလို အသွင်အပြင်နဲ့ ဒီလို တောက်ပတဲ့ အစိမ်းရောင် ဝိညာဉ်စွမ်းအင်က မဟုတ်မှလွဲရော ချင်ဧကရာဇ်ငယ် များလား ?"

စူးချန်ကဲ၏ အတွေးများက သူ့စိတ်ထဲသို့တိုးဝင်လာခဲ့သည်။

၎င်းအသွင်အပြင် ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် ၊ သူတောင် ထိတ်လန့်သွားခဲ့ရသည်။တဖက်လူ၏ အသွင်အပြင်သည် ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသော ချင်ဧကရာဇ်ငယ်နှင့် အလွန် ဆင်တူနေသည်။

ချင်ဧကရာဇ်ငယ်သည် နယ်မြေအောက်ပိုင်း ဝေးလံခေါင်သီသော တောင်တန်းဒေသရှိ မိသားစုငယ်လေးမှ မွေးဖွားလာခဲ့သော သာမန်ကလေးတစ်ဦးသာ ဖြစ်သည်။သို့သော် ၎င်း၏ ထူးချွန်ထက်မြက်သော စွမ်းရည်ဖြင့် တိုက်မြေ သုံးထောင် သို့ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အတောက်ပဆုံးသော ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသည်။

နောက်ဆုံးတွင်၊ ဧကရာဇ်လမ်းစဉ်ပေါ်သို့ တတ်လှမ်းနိုင်ရန် သူ၏ ထိပ်တန်းအရည်အချင်းများကို အားကိုးခဲ့ပြီး ၊ ခေတ်တစ်ခေတ်၏ ပါရမီရှင်အားလုံးကို သတ်ပစ်ကာ နောက်ဆုံး ကံကြမ္မာကို အနိုင်ယူနိုင်သော တုနှိုင်းမရသည့် ဧကရာဇ်မင်း တစ်ပါး ဖြစ်လာခဲ့သည်။

သူ၏ ကျော်ကြားသော ချင်ထျန်းနတ်ဘုရား ဖြိုခွဲခြင်း ပညာရပ်ဖြင့် ၊ သူ့ကို ချင် ဧကရာဇ်မင်း အဖြစ် နောက်ပိုင်း မျိုးဆက်များက ဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးတွင် သူသည် နယ်မြေပြင်ပ စစ်မြေပြင်သို့ သွားကာ ထောင်ပေါင်းများစွာသော မုန်တိုင်းများကို ဖန်တီးနေဆဲပင် ဖြစ်သည်။

[ T/N - သိချင်လို့ ရှာထားတာ c siteကနေ

ဒါကလွဲပြီး တခြားတော့ ရှာမတွေ့ဘူး...

နယ်မြေပြင်ပစစ်မြေပြင် - နယ်မြေပြင်ပစစ်မြေပြင် ဆိုတာ လူမျိုးပေါင်းစုံမှ ကစားသမားများ ထိပ်တိုက်တွေ့ပြီး ယှဉ်ပြိုသော နေရာတစ်ခု ၊ အဆုံးတွင် အသန်မာဆုံး သူသာလျှင် ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ပြီး သက်ရှိသတ္တဝါအားလုံးကို လျစ်လျူရှုနိုင်သည်]

"နှစ်ပေါင်းများစွာကြာခဲ့ပြီ ၊ တစ်စုံတစ်ယောက်က ငါ့ရဲ့ နတ်အသိစိတ်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီပဲ"

"မင်း မဆိုးဘူး"

ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ ချင်ဧကရာဇ်ငယ်သည် လုံးဝ တွန့်ဆုတ်ခြင်း မရှိဘဲ စူးချန်ကဲ ကို နှိပ်ကွပ်ရန် သူ၏ နတ်စွမ်းအားများကို ချက်ချင်းလက်ငင်း အသုံးပြုလိုက်သည်။

စူးချန်ကဲ၏ မျက်လုံးအရောင်များမှာ အနည်းငယ် မှေးမှိန်သွားခဲ့သည်။သူ၏ စွမ်းအားများသည် နှိပ်ကွပ်ခံထားရရုံသာမက ၊ သူ ရင်ဆိုင်ရမည့် သူမှာ ဧကရာဇ်ငယ် တစ်ပါးလည်း ဖြစ်သေးသည်။ ဤတိုက်ပွဲသည် အလွန်ပြင်းထန်မည်မှာ သေချာသည်။

သူလည်း တွန့်ဆုတ်ခြင်းမရှိဘဲ သူတော်စင်ခန္ဓာကိုယ်၏ ရူပါရုံပုံရိပ်များကို ပြသခဲ့သည်။မရေမတွက်နိုင်သော သူတော်စင်များ၏ ပုံရိပ်များသည် ဝေဟင်တွင် ထွက်ပေါ်လာခဲ့ပြီး အားလုံးက စူးချန်ကဲကို ကိုးကွယ်နေကြသည်။

၎င်းစွမ်းအားများနှင့် ချင်ဧကရာဇ်ငယ်မှ ထုတ်လွှတ်လိုက်သော ဖိနှိပ်စွမ်းအင်များ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ကြလေသည်။

တစ်ဖက်လူသည် သူတော်စင် ခန္ဓာကိုယ်၏ ရူပါရုံ ဖြစ်ပြီး ၊ အခြားတစ်ဖက်သည် ချင်ဧကရာဇ်ငယ်မှ ပေါက်ကွဲထွက်လာသော အစိမ်းရောင်အလင်းတန်းများ ဖြစ်လေရာ အာကာသတစ်ခုလုံး တုန်ခါမြည်ဟည်းလျက် ကွဲအက်သွားခဲ့ရသည်။

ပျက်စီးနေသော ကမ္ဘာကြီးထဲတွင် ပိတ်မိနေသကဲ့သို့ ချင်ဧကရာဇ်ငယ်နှင့် စူးချန်ကဲတို့သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ချင်ဧကရာဇ်ငယ်သည် ထပ်မံ တိုက်ခိုက်လာခဲ့သည်။ သူ၏ လက်ထဲတွင်ရှိသော ကြေးဝါဓားရှည်သည် တုန်ခါမြည်ဟည်းနေပြီး ၊ ဓား၏ အလင်းသည် ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ စူးရှ တောက်ပနေကာ ၊ အင်အားအရာမှာလည်း အလွန့်အလွန် ပြင်းထန်ပေသည်။

ပါရမီရှင်အများစုအတွက် ချင်ဧကရာဇ်ငယ်၏ ဓားချက်ကို ခံနိုင်ဖို့ရာ ခက်ခဲသည်ဟု ဆိုနိုင်သည်။

သူ၏ ခွန်အားသည် ချင်ဧကရာဇ်ငယ်၏ နှိပ်ကွပ်ခြင်းကို ခံထားရသော်လည်း ၊စူးချန်ကဲသည် မိမိကိုယ့်ကိုယ် အကြွင်းမဲ့ ယုံကြည်မှု အပြည့်ရှိနေဆဲပင် ဖြစ်သည်။

ဥက္ကာခဲတစ်လုံး ကျရောက်လာသော အရှိန်နှုန်းဖြင့် စူးချန်ကဲ၏ လက်သီးစွမ်းအားသည် ချင် ဧကရာဇ်ငယ်၏ ဓားနှင့် ပြင်းထန်စွာ တိုက်ကြလေရာ ဝိညာဉ်စွမ်းအားများသည် တစ်ဟုန်ထိုး ပျံနှံ့သွားသည်။

သို့သော် ချင်ဧကရာဇ်ငယ်၏ ဓားသည် လက်သီးချက်ကို ဖြိုခွင်းကာ စူးချန်ကဲထံသို့ ဦးတည်သွားသည်။

" သိပ်ကောင်းတယ်!"

စူးချန်ကဲသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ၊အရင်က ပျောက်ကွယ်နေခဲ့သော စိတ်လှုပ်ရှားမှုမျိုးကို ပြန်လည် ခံစားလိုက်ရသည်။

သူ့ကို ယှဉ်နိုင်သော လူငယ်ပါရမီရှင်သည် လွန်စွာ နည်းပါးသည်။

စူးချန်ကဲသည် ကောင်းကင်ဓားကို လေဟာပြင်မှ ဆွဲထုတ်ယူလိုက်သည်။ ခိုင်ခံ့မာကြောပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော နတ်အလင်းရောင်ဖြင့် တောက်ပနေသည့် ဓားစွမ်းအင်သည် လေဟာပြင်ကို ဖြတ်တောက်သွားခဲ့လေသည်။

ခွင်!

အာကာသထဲ မီးပွားများ ပေါက်ကွဲ လွင့်ပျံသွားပြီး ၊ သတ္တုတုန်ခါမှုသံသည် နေရာတိုင်းသို့ ပဲ့တင်ထပ်ကာ ရိုတ်ခတ်သွားလေသည်။

ချင်ဧကရာဇ်ငယ်၏ အားကုန်သုံးပြီး တိုက်ခိုက်မှုကို စူးချန်ကဲသည် တစ်စိုးတစ်စိမျှ ထိခိုက်မှုမရှိဘဲ အလွယ်တကူ ဖြေရှင်းပြနိုင်ခဲ့သည်။

၎င်းသည် တုန်လှုပ်သွားပုံရကာ နောက်ပြန်‌ဆုတ်သွားသည်။

သို့သော် ချင်ဧကရာဇ်ငယ်၏ အံ့ဩမှုသည် ခဏမျှသာပင်။ သူ့ခန္ဓာကိုယ်ထဲက အရှိန်အဝါများသည် တဖန် တဟုန်ထိုး တက်လာခဲ့ပြီး ၊ သူ့လက်ထဲက ကြေးဝါဓားပေါ်တွင် အပြာနုရောင် မှော်သင်္ကေတများက စုဝေးလာသည်မှာ လူကို အလွန်ပြင်းထန်သော ဖိနှိပ်မှုမျိုးကို ခံစားရစေသည်။

"ဒါက ဓားအနှစ်သာရလား?"

စူးချန်ကဲ ၏ မျက်လုံးများသည် လေးနက်လာခဲ့သည်။

ဓားအနှစ်သာရ ဆိုသည်မှာ မိမိ၏ ဓားဆန္ဒကို အထူးစွမ်းအားတစ်ခုအနေနဲ့ ပြောင်းလဲကာ ဓားနှင့် ချိတ်ဆက်လိုက်သည်။ယင်းသည် ဓား၏ ထက်မြက်မှုကို နှစ်ဆတိုးစေနိုင်ရုံသာမက၊ဓားစွမ်းအင်သည်လည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။

"မင်းကိုယ့်မင်း buff တွေထည့်ထားရင်တောင် ငါမင်းကို သတ်နိုင်သေးတယ်"

ကောင်းကင်ဓားသည် ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို ချေးငှားနိုင်ပြီး၊ ဤကမ္ဘာပေါ်တွင် အထက်ဆုံးဓား ဖြစ်သည်။

ဓားအနှစ်သာရ?

သူ့ရဲ့ ဓားအနှစ်သာရကို ပြောကြေးဆို ကောင်းကင်လမ်းစဉ်ပင်။

စူးချန်ကဲသည် သူ့လက်ကို လှုပ်ရှားလိုက်သည်နှင့် ၊ကြေးမုံပြင်ကဲ့သို့ ဓားကိုယ်ထည်သည် စူးချန်ကဲ ၏ လျစ်လျူရှုတတ်သော မျက်လုံးများကို ရောင်ပြန်ဟပ်လျက် အဆုံးမရှိ‌သော ဓားဆန္ဒတို့သည် မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခဲ့လေသည်။

All Chapters