အခန်း (၁၇၂-၁၇၅)
Vol. 12 Ch. 172-175
အပိုင်း(၁၇၂): ကမ္ဘာဖျက် မိုးကြိုးမုန်တိုင်း ၊ ကောင်းကင်လမ်စဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့
ဝုန်း ဝုန်း!
သို့သော် ယခုအခိုက်တွင်မူ ၊ စူးချန်ကဲ၏ ရောင်ဝါတို့သည် သိသိသာသာ မြင့်တက်လာခဲ့ပြီး ၊ မြည်ဟိန်းနေခဲ့သော မိုးခြိမ်းသံများသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဤရုတ်တရက် ပြောင်းလဲမှုသည် တိုက်ပွဲဝင်နေသော သူများကို ထိတ်လန့်သွားစေခဲ့ပြီး၊ စူးချန်ကဲ ရှိရာ ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်ကြီးပင်လျှင် အလွန်ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် ကွဲအက်သွားပုံရသည်။
အဆုံးမရှိသော မိုးကြိုးပင်လယ်ကြီးလည်း ပြိုကွဲသွားခဲ့ပြီး ၊ အမှောင်အာကာသ ဟင်းလင်းပြင်ကြီး ထွက်ပေါ်လာလေသည်။
အမှောင် အာကာသာထဲတွင် အဖျက်မုန်တိုင်းကြီး တစ်ခု ရှိနေခဲ့ပြီး ၊ထုတ်လွှတ်လိုက်သော ၎င်း၏ အငွေ့အသက်သည် လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။
ကွဲအက်သံ!
“ကြည့်! အဲဒါ ဘာလဲ!?”
ကျင့်ကြံသူ တစ်ဦးသည် ကောင်းကင်ပေါ်က အပြောင်းအလဲကို သတိပြုမိပုံရကာ လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်သည်။
အံ့အားသင့်နေကြသော လူတိုင်း၏ မျက်လုံးထဲ၌ ၊
အမှောင် အာကာသာထုကြီးသည် ရုတ်တရက် ပွင့်လာပြီး ၊ ကောင်းကင်ကို ဖုံးလွှမ်းထားသော ဧရာမ မျက်လုံးကြီး တစ်လုံး ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
၎င်းမျက်လုံးကြီး၏ မျက်အိမ်အတွင်း၌ ပျက်သုန်းခြင်း နိယာမတရားကြောင့် ဖြစ်ပေါ်လာသော အနီရောင်သွေးမျှင်ကြောများ ရှိနေပြီး ၊ အနက်ရောင် မျက်စံသည် ဤကမ္ဘာပေါ်တွင် နှစ်ခုမရှိနိုင်သည့် ပြီးပြည့်စုံသော ချောက်နက်ကြီး ဟု ထင်ရသည်။
အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံသည် လူကို အံ့ဩသွားစေသည့်အပြင် ကမ္ဘာတစ်ဝှမ်းလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။
“ ဒါ ထူးခြားဖြစ်စဉ်ပဲ!”
“မင်းက တည်ရှိလို့ မဖြစ်တဲ့ ဖြစ်တည်မှုတစ်ခုပဲ!”
ဘုန်း!
အမျက်ဒေါသများ ပါဝင်သော အဆုံးမဲ့ မိုးခြိမ်းသံများ ဆူညံသွားလေသည်။
တခဏအတွင်းမှာပင် ၊ တစ်လောကလုံး နေ့အဖြစ်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။
“ တိုက်မြေ သုံးထောင်ရဲ့ စည်းမျဉ်းအရ ၊ မင်းကို သုတ်သင်ရလိမ့်မယ်!”
စကားအဆုံးတွင် ၊ မျက်အိမ်အတွင်း၌ ပြည့်နှက်နေခဲ့သော အနီရောင် သွေးမျှင်ကြောများသည် ကမ္ဘာကြီးကို ပျက်စီးစေသော စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
အဖျက်စွမ်းအားကြီးမားသော မိုးခြိမ်းသံများသည် ဤကမ္ဘာကြီးကို ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ တောက်ပသော အလင်းတန်းများအဖြစ် ထွက်ပေါ်လာခဲ့သည်။
သို့သော် စူးချန်ကဲ၏ မျက်လုံးများမှာ ဂရုမစိုက်ဟန်ဖြင့်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မှော်သင်္ကေတက ဝန်းရံထားပြီး ၊သွေးချီစွမ်းအင်များက တဟုန်ထိုး တက်လာခဲ့သည်။
သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားတို့သည် ကြီးကျယ်ခမ်းနားသော ရောင်ဝါများနှင့်အတူ ထွက်ပေါ်လာပြီး ၊ ခွင်းလွင် တောင်ရှိ ပင်ကိုယ်စွမ်းအင် အားလုံးကို စုစည်းလိုက်သည် ။
ရွှမ်း!
စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းများ ပိုမို တောက်ပလာသည်နှင့်အမျှ သူ၏ ရောင်ဝါတို့သည် အထွတ်အထိပ်ထိ ရောက်ရှိသွားလေရာ သူတော်စင် နယ်ပယ်အဆင့်နှင့် နီးကပ်လုနီးပါးပင်။
“ လုံရှန့်ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီး!”
လျှပ်စီးမိုးကြိုးများ တဂျိန်းဂျိန်းဖြင့် အောက်သို့ ပစ်ခွင်းသည်နှင့် တပြိုက်နက် စူးချန်ကဲသည် သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဘုန်း !
လူတိုင်း တုန်လှုပ်ခြောက်ခြားနေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သော လျှပ်စီးမိုးကြိုးများသည် ထိုလက်သီးချက်ကြောင့် ချက်ချင်းလက်ငင်း ဖြိုခွင်းခံလိုက်ပြီး လျှပ်စီးကြောင်းများ ဝင်းလက်သွားကာ ပျောက်ကွယ်သွားခဲ့သည်။
“မင်းကများ ပြန်အာခံရဲတယ်ပေါ့!”
ကြီးကျယ်ခမ်းနားသော အသံသည် မယုံကြည်နိုင်သော အရိပ်အမြွက်တချို့ ရှိနေခဲ့သည်။
လူသားတစ်ယောက်က အမြင့်မြတ်ဆုံး တည်ရှိမှုဖြစ်တဲ့ သူ့ကို အာခံရဲသတဲ့လား?
“ ဟာသပဲ၊ မင်းကကြ စကားနှစ်ခွန်းတည်း ပြောပြီး ငါ့ကို သတ်ဖို့ ကြံနေတာ၊ ငါ့ကြ ခုခံဖို့ ခွင့်မပြုဘူးပေါ့?”
“အတော်လေး တရားပေတယ်”
ကွဲအက်သံ !
ဝုန်း ဝုန်း !
ယခုအချိန်တွင် မိုးကြိုးပင်လယ်သည် ပို၍ ပွက်ပွက်ဆူလာခဲ့ပြီး ၊အဆုံးမရှိသော သားရဲမိုးကြိုး အဖြစ်သို့ ပြောင်းလဲသွားကာ တစ်လောကလုံး ၎င်း၏ အမျက်ဒေါသသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ထိုမျက်လုံးကြီးကို ရန်သွားစလိုက်သကဲ့သို့ ၊ ဤအခိုက်အတန့်တွင်မူ အလွန်ဒေါသထွက်သွားပုံ ရသည်။
တစ်လောကလုံး အဆုံးမရှိသော သွေးပင်လယ်ကြီးထဲသို့ နစ်မြုပ်သွားသည့်အတိုင်း ကောင်းကင်တစ်ခုလုံး သွေးနီရောင်များဖြင့် ဆေးခြယ်ခံလိုက်ရသည်။
မူလက အဖြူရောင် လျှပ်စီးမိုးကြိုးများသည် ဘယ်အချိန်ကမှန်းမသိ သွေးနီရောင် လျှပ်စီးမိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ၊ ပျက်စီးခြင်းနှင့် ဗလာနိတ္ထိတို့၏ အငွေ့အသက်တို့သည် ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားခဲ့လေသည်။
“ဒါ...ဒါက ကမ္ဘာဖျက် မိုးကြိုးမုန်တိုင်းပဲ၊ ဒါက ကောင်းကင်ဘုံရဲ့ မိုးကြိုးကပ်ဘေးတွေထဲမှာ နံပါတ်တစ် ဖြစ်တည်မှုပဲ!”
“ဒီလို မပေါ်ထွက်လာခဲ့တာ ဟိုးမရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကတည်းကပဲ၊ရှေးဂန္တဝင် စာအုပ်တွေထဲ မှတ်တမ်းတင်ထားခဲ့ပေမဲ့ ဒါကို စိတ်ကူးယဉ်သက်သက်လို့ပဲ ကျုပ် ထင်ထားခဲ့တာ ၊တကယ် အမှန်ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး “
အမြော်အမြင်ကြီးသော ရှေးခေတ် ပါရမီရှင်တစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ဆိုလိုက်သည်။
မျက်စိရှေ့က ဤမြင်ကွင်းသည် တကယ်ကို ကြောက်စရာကောင်းပေသည်။
ကမ္ဘာဖျက် မိုးကြိုးမုန်တိုင်းသည် ပျက်သုဉ်းရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် တည်ရှိနေသော အရာဟု ဆိုနိုင်သည်။
သူတော်စင် ကျော်ဖြတ်ခြင်း ကပ်ဘေးဒုက္ခတွင် အမြင့်ဆုံးသော အရာမှာ ခရမ်းရောင်ကောင်းကင် မိုးကြိုး ဖြစ်ပြီး သေခြင်းတရားမှ ကပ်လွတ်ခြင်း ဟုလည်း ဆိုကြသည်။
ဤကမ္ဘာဖျက် မိုးကြိုးမုန်တိုင်းမှာမူ လူကို အသက်ရှင်ဖို့ လမ်းစမပေးဘဲ အပြီးတိုင် သတ်ပစ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရောက်လာခြင်း ဖြစ်သည်။
လူတိုင်း စူးချန်ကဲကို စာနာမိနေလေ၏။မူလက အင်အားစုများစွာ လက်တွဲထားသော မဟာမိတ် တပ်ဖွဲ့ကြီးသည် အခြေအနေကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့သည်။
ယခုအခါတွင် ကမ္ဘာဖျက်မိုးကြိုး တစ်ဖန် ပေါ်ထွက်လာပြီး လွန်စွာ စိုးရိမ်ရသည့် အခြေအနေထိ ရောက်ရှိလာခဲ့ချေပြီ။
“ဟားဟားဟား! သိပ်ကောင်းတယ်၊ ဘုရားသခင်ကတောင် စူးချန်ကဲ ကို သည်းမခံနိုင်တော့ဘူး ၊ စူးချန်ကဲကို ဖျက်စီးဖို့ ကမ္ဘာဖျက်မိုးကြိုးကိုတောင် တမင်တကာ စေလွှတ်ခဲ့တာပဲ “
“အစ်မ ဝူအာ ၊ မိန်းကလေး ရှင်းယန် ၊မင်းတို့ဘာလို့ အဲ့သေလူနောက်ကို လိုက်နေမှာတုန်း ၊အဲ့အစား ကျုပ် ထန်ဟောက်ရဲ့ နောက်ကို လိုက်လာမယ်ဆိုရင် စားကောင်းသောက်ဖွယ်ရာ မပျက်စေရဘူး “
ထန်ဟောက် တစ်ယောက် ရယ်မောပြုံးပျော်နေသည်။စူးချန်ကဲသည် ဤကဲ့သို့ ကပ်ဘေးဒုက္ခနှင့် တွေ့ ကြုံနေသည့်အပေါ် အလွန်ပျော်နေပုံရသည်။
“တိတ်စမ်း ၊ လျှောက်ပြော မနေနဲ့တော့ ချန်ကဲဆက်ခံသူက ဘယ်လောက်တောင် တန်ခိုးကြီးမားတုန်း? နင့်လို ရွာသားက ဘာသိမှာတုန်း?”
ယွင်ရှင်းယန်၏ မျက်နှာသည် ညိုမှိုင်းနေပြီး၊ သူမ၏ ဝိညာဉ်စွမ်းအားများကို ထန်ဟောက်ဆီသို့ ပစ်လွှတ်လိုက်သည်။
ထန်ဝူအာသည်လည်း အလားတူ သူမ၏ ဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်သည်။ဤလူသည် သူမ၏ မောင်ငယ်လေးကို သိမ်းယူသွားရုံတင်မကဘဲ၊ ယခုအချိန်အထိ လူတိုင်းကို လှည့်စားပြောဆိုနေပြန်သည်။
ဒီလူ ကိုယ့်သေလမ်းကို ရှာနေတာပဲ !
လူတိုင်း စူးချန်ကဲရှိရာဘက်သို့ ဦးတည်ကာ စိုက်ကြည့်နေကြသည်။
“ချန်ကဲ ဆက်ခံသူက ဒဏ္ဍာရီပုံပြင်တွေကို အမြဲ ဖန်တီးပေးနေကျပဲ ၊ ဒီတခေါက်မှာလည်း သူ သေချာပေါက် ပြောင်းလဲနိုင်လိမ့်မယ် “
“ ဒီတခေါက်တော့ စူးချန်ကဲ ခံရပြီပဲ “
“ကောင်းလိုက်တာ၊ စူးချန်ကဲ သေတော့မယ် ၊ နောင်တစ်ချိန်မှာ ဧကရာဇ်လမ်းစဉ်ကို စိုးမိုးမယ့် ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့ “
စိုးရိမ်သံ၊ ဆုတောင်းသံ၊ ကျိန်စာသံမျိုးစုံဖြင့် ၊ တချို့လူများကတော့ စူးချန်ကဲ သေဖို့ကို စောင့်မျှော်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ အထက်တွင် ရှိနေသော ဧရာမ မျက်လုံးကြီးသည် ကြီးမားကျယ်ပြန့်သော စွမ်းအားများကို စုဆောင််းထားသည်။
ဂျိန်း!
သွေးနီရောင် လျှပ်စီးမိုးကြိုးများသည် လေကို ဖြတ်ကာ ထွက်ပေါ်လာပြီး ၊ ရောယှက်နေသော သွေးနဂါး ကိုးကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော အဖျက်စွမ်းအားနှင့်အတူ ရောက်ချလာခဲ့သည်။
လျှပ်စီး မိုးကြိုးပစ်ခွင်းသွားသော နေရာတိုင်း အာကာသ အက်ကွဲသံကို ကြားရပြီး ၊ဤကြောက်စရာ ကောင်းသော စွမ်းအားသည် အာကာသကိုပင် တုန်ခါသွားစေခဲ့သည်။
“စူးချန်ကဲ ဘာလုပ်နေတာလဲ!”
သို့သော် လူတိုင်းကို ထပ်ပြီး ထိတ်လန့်စေသည်မှာ စူးချန်ကဲ၏ အပြုအမှုပင် ဖြစ်သည်။
စူးချန်ကဲသည် သူ၏ ညာဖက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် တာအို သန္ဓေသားလောင်းမှာ အသက်ဝင်လာခဲ့ပြီး ၊ဒါတင်မက တခြားသော သူတော်စင် ခန္ဓာကိုယ်များမှ အံ့မခန်းလှသော စွမ်းအားများသည်လည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ဖဝါး၌ ဝဲဂယက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ စကြဝဠာထဲက တွင်းနက်ကြီးကဲ့သို့ပင်။
သို့သော် စူးချန်ကဲ၏ သဘောထားကို မည်သူမှ နားမလည်နိုင်ခဲ့ပေ။ ရှောင်ထွက်မပြေးသည့် အပြင် ခံစစ်ကိုလည်း ပြင်ဆင်ခြင်းမရှိ ၊ လက်တဖက်ကို ဆန့်ထုတ်ထားသည်မှာ အဘယ့်ကြောင့်နည်း။
ဤအရာသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် ကပ်ဘေးမိုးကြိုးဖြစ်ပြီး၊ သေစေနိုင်သော မိုးကြိုးမုန်တိုင်း ဟုလည်း လူသိများသည်။
စူးချန်ကဲသည် လက်တဖက်ကို ဆန့်ထုတ်ထားရုံမျှသာဖြင့် မည်သည်ကိုမှ မတုံ့ပြန်သည်မှာ သေခြင်းတရားကို လက်ခံဖို့ အသင့်ဖြစ်နေသလော။
သွေးနီရောင် လျှပ်စီးမိုးကြိုးများသည် ကျယ်လောင်သော အသံနှင့်အတူ တဟုန်ထိုး ပြေးလာသည်။
ဘုန်း ဘုန်း!
ကမ္ဘာဖျက်မိုးကြိုးမုန်တိုင်း၏ ပေါက်ကွဲမှုနှင့်အတူ သွေးရောင်ကဲ့သို့သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သို့သော်လည်း အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် ၊ သွေးနီရောင် လျှပ်စီးမိုးကြိုးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအား၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက်၊ သွေးနီရောင် လျှပ်စီးမိုးကြိုးသည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့ပုံ ရသည်။
“ ဒါ ဘယ်လိုဖြစ်တာလဲ!?”
လူတိုင်းက ဤဖြစ်ရပ်ကို စူးစိုက်စွာ ကြည့်နေကြသည်။သူတို့ရှေ့မှာတင် ဖြစ်ပျက်ခဲ့သော ဤမြင်ကွင်းကြီးသည် မယုံနိုင်လောက်အောင် ဖြစ်စေခဲ့ရသည်။
ကမ္ဘာဖျက် မိုးကြိုးမုန်တိုင်း ဟု ခေါ်တွင်ရတဲ့ နာမည်ကြီးက မိုးရွာတုန်း ပစ်သွားတဲ့ မိုးခြိမ်းသံလောက်ပဲလား??
ထိုစဉ် ကောင်းကင်ပြင်ရှိ ဧရာမ မျက်လုံးကြီးထံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်း ငါ့ရဲ့ လျှပ်စီးမိုးကြိုးမုန်တိုင်းကို ဝါးမျိုလိုက်တာလား?”
“… …! ! “
နဂိုကတည်းက စိတ်ရှုပ်ထွေးနေကြသော ပရိတ်သတ်ကြီးမှာ ပို၍ ထိတ်လန့်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြောက်လန့်သွားခဲ့သည်။
“စူးချန်ကဲရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတယ်ပေါ့!?”
“ဒါက ကမ္ဘာဖျက်မိုးကြိုးမုန်တိုင်းလေ ၊ ဘယ်လိုလုပ်ပြီး ဒီလို လွယ်လွယ်နဲ့ ဝါးမျိုနိုင်တာလဲ”
လူတိုင်း နားမလည်နိုင်စွာဖြင့်။ဒီကောင် စူးချန်ကဲ ဘယ်လိုလူတောင်လဲ!?
“မဆိုးပါဘူး ၊အရသာရှိပါတယ် “
စူးချန်ကဲက အပြုံးမပျက် ထပ်ဆိုသည်။
“နောက်ထပ်ရှိသေးလား ၊ငါကိုယ်တော် မဝသေးဘူး “
…..
တစ်လောကလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
လူတိုင်း ဝတ်ရုံဖြူလူငယ်လေးအား စူးစူးဝါးဝါး စိုက်ကြည့်ရင်း အံသြနေကြသည်။
နားထောင်ကြစမ်း!
ဒါ လူကပြောတဲ့စကားလား!?
“မင်း !”
“သိပ်ကောင်းတယ် “
ဧရာမ မျက်လုံးကြီးသည် ထိုစကားသုံးခွန်းသာ ဆိုခဲ့သည်။
သို့သော် ၎င်း၏ ဖိနှိပ်စွမ်းအားသည် ပို၍ ကြောက်စရာကောင်းလာပြီး လူတိုင်းကို ကြောက်ရွံ့သွားစေသည်။
လော့ရန်ယွီပင်လျှင် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် စူးချန်ကဲအတွက် သူမ တကယ်ကို စိတ်ပူနေမိသည်။စူးချန်ကဲသည် ၎င်း၏ အမျက်ဒေါသကို တကယ်ပဲ သွားဆွခဲ့ပေသည်။
ထင်ထားသည့်အတိုင်း နောက်အခိုက်အတန့်တွင် ၊
ဖျက်ဆီးခြင်းဆိုင်ရာ နိယာမတရားများ ပို၍ ပါဝင်ရောယှက်လာခဲ့ပြီး ၊
ကောင်းကင်ယံထက်က မိုးခြိမ်းသံတို့သည် မိုင်ပေါင်းထောင်ချီစွာ ဖုံးလွှမ်းထားလေသည်။
ခွင်းလွင်တောင် အပြင်ဘက်ရှိ နယ်မြေများပင်လျှင် အဆုံးမရှိသော မိုးခြိမ်းသံ၏ လွှမ်းမိုးခြင်းကို ခံထားရပြီး ဖြစ်သည် ။
ဤအမျက်ဒေါသပါသော မိုးခြိမ်းသံတို့သည် အလွန်ကြီးမားသော အမျက်ဒေါသကြောင့် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး ပျောက်ကွယ်သွားရတော့မည့်အတိုင်း။
ကောင်းကင်လမ်းစဉ်၏ ဧရာမ မျက်လုံးကြီးသည် ပိုမိုပြင်းထန်သော အဖျက်စွမ်းအားများဖြင့် ပေါက်ကွဲတော့မည် ဖြစ်သည်။
ထိုစဉ် အဆုံးမရှိသော အချိန်ရေစီးကြောင်းကို ဖြတ်သန်းလာသော အေးစက်သော နှာမှုတ်သံတစ်ခုက ၎င်း၏အသိစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့? အတော်ကြီးမားတဲ့ သတ္တိပဲ!”
“မင်းကများ ငါ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူကို ဒီလိုဆက်ဆံရဲတာ ၊ ငါ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ လုံးဝ ရန်သူဖြစ်ချင်တာလား!?”
အပိုင်း(၁၇၃): စည်းကမ်းဖောက်ဖျက်သော တည်ရှိမှု ၊
ဤအသံ၏ လက္ခဏာအသွင်အပြင်သည် ပျက်စီးခြင်း စွမ်းအားများကို စုဝေးထားပေရာ ၊ ဧရာမ မျက်လုံးကြီးပင်လျှင် အံ့အားသင့်ခဲ့ရသည်။
“ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ဘိုးဘေး?”
သူတို့သည် ကောင်းကင်လမ်းစဉ်၏ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ကြီး ဖြစ်ပြီး ကွေးယွမ် သူတော်စင် နယ်မြေကို ကြောက်ရသော်လည်း ၊သို့သော် ဤကိစ္စကို အလျှော့ပေးရန်မှာ မဖြစ်နိုင်ချေ။
စူးချန်ကဲသည် စည်းမျဥ်းများကို ဖောက်ဖျက်သော သာလွန်သူ တစ်ဦး ဖြစ်သောကြောင့် ၊ကောင်းကင်လမ်းစဉ်မှ လုံးဝခွင့်မပြုသော တည်ရှိမှု တစ်ရပ်ပင် ဖြစ်သည်။
“ သူ့ကို ကံကြမ္မာ မြစ်ရှည်စီးချောင်းထဲ ရှင်သန်ဖို့ ခွင့်မပြုဘူး ၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဒီလှုပ်ရှားမှုက ကောင်းကင်လမ်းစဉ်ရဲ့ အလိုဆန္ဒကိုဆန့်ကျင်နေတာပဲ!”
“ဟာဟား... အမတကမ္ဘာရဲ့ ကောင်းကင်လမ်းစဉ် ဖြစ်နေတောင် ငါတို့ မကြောက်ဘူး၊ သေမျိုးကမ္ဘာက ကောင်းကင်လမ်းစဉ်ဆိုရင်တော့ ထည့်မပြောနဲ့”
“မင်း...”
ဧရာမ မျက်လုံးကြီးမှာ အနည်းငယ် ဒေါသထွက်သွားပုံ ရသည်။
“မင်းတို့ တိုက်မြေသုံးထောင်ကို ပျက်စီးဝံ့သလား “
“တိုက်မြေ သုံးထောင်က ဘယ်လောက်တောင်အရေးပါတုန်း ၊ မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားတာပဲ ၊ သူ့လို တည်ရှိမှုမျိုးက ထာဝရတည်ရှိနေတဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေလိမ့်မယ်”
“ဟန်ချက်ညီမှု?”
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးဖြစ်သူက မဲ့ပြုံးပြုံးလိုက်သည်။
“အဲဒါက မင်းတို့ သတ်မှတ်ထားတဲ့ အမိန့်စည်းမျဉ်းတွေလေ၊ တိုက်မြေ သုံးထောင်က အရေးကြီးပေမယ့် တစ်ခုတည်းသော အရာတစ်ခုတော့ မဟုတ်ဘူးလေ ၊ ပျက်စီးသွားလည်းဘာဖြစ်တုန်း?”
“ အချိန်တွေ ကြိုးစားအားထုတ်မှုတွေ လိုအပ်မယ် ဆိုပေမဲ့ နယ်ပယ်သစ်တစ်ခုကို ငါ ဖွင့်နိုင်တယ် “
“ချန်ကဲက မရေမတွက်နိုင်တဲ့ နှစ်ကာလတွေကတည်းက ငါတို့ စောင့်မျှော်နေခဲ့တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ ၊ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တဲ့ ဖြစ်တည်မှု ဆိုတောင် အဲ့တာကိုက သူ့ရဲ့ အရည်အချင်းလေ !”
“မျိုးဆက်သစ် လူငယ်တွေထဲ ဘယ်လို လူတွေပဲ ပေါ်လာပေါ်လာ ၊လူငယ် တားမြစ်ချက်တွေ ဘယ်လိုပဲ ပေါ်ထွက်လာပါစေ၊ ဒါကလည်း ချန်ကဲ သူ့ဘာသူ ဆက်လျှောက်ရမယ့် လမ်းပဲ “
“ဒါပေမယ့် မင်းတို့ အိုကြီးအိုမတွေက ဝင်စွက်ဖက်ဝံ့တယ် ၊ဒီ ကမ္ဘာကြီးကို ဗြောင်းဆန်သွားတောင် ဘာဖြစ်လဲ?”
ဘုန်း!
စကားအဆုံးတွင် ၊ ဤကမ္ဘာကြီးတစ်ခုလုံး လွန်စွာ ကြောက်စရာကောင်းသော ရောင်ဝါများဖြင့် ပြည့်နှက်သွားသည်။
၎င်းရောင်ဝါသည် ဤကမ္ဘာထက်ကို သာလွန်နေခဲ့ပြီး ၊အဆုံးမရှိသော အချိန်မြစ်ရေစီးကြောင်းထဲ ထာဝရတည်ရှိလာခဲ့သော ဖြစ်တည်မှု ကဲ့သို့ ပျက်စီးခြင်း နိယာမတရားသည် အရာအားလုံးကို ဗလာ နိတ္ထိအဖြစ် ပြောင်းလဲသွားစေနိုင်သည်။
“ကောင်းတယ် ကောင်းတယ် !”
“သိပ်ကို ကောင်းတဲ့ ကွေးယွမ် သူတော်စင် နယ်မြေ!”
ကောင်းကင်လမ်းစဉ်၏ မျက်လုံးကြီးမှာ အမျက်ဒေါသ တချောင်းချောင်းဖြင့်။ ကွေးယွမ် သူတော်စင် နယ်မြေက သူ့ကို ခြိမ်းခြောက်နေမှန်း မသိဘဲ ဘယ်နေလိမ့်မလဲ?
သို့သော် အဓိကအချက်မှာ သူ လုပ်နိုင်သောအရာမှာ ဘာမှမရှိချေ။
သို့သော် ဒီတစ်ခေါက်ကိစ္စဖြင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အမျက်ဒေါသကိုတော့ သွား၍ နှိုးဆွနိုင်ပေလိမ့်မည်။
အမျိုးမျိုး တွေးတောပြီးနောက်၊ မလိုလားအပ်သော ဒေါသကို ဖြေလျော့လိုက်ရာ ယခင်က အဖျက်စွမ်းအားတို့မှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခွင်းလွင်တောင်၊
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊ နဂိုမူလက ရှိခဲ့သော ကမ္ဘာဖျက်မိုးကြိုးမုန်တိုင်းမှာ ပြိုကွဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
“ဒါ ....ဒါ ဘယ်လိုဖြစ်တာလဲ..အရင်တုန်းက ရှိခဲ့တဲ့ ဖိနှိပ်စွမ်းအားကြီးက အခု ပျောက်သွားပြီပေါ့?”
လူတိုင်း နားမလည်နိုင်စွာဖြင့် ။ စောနက ရှိခဲ့သော ပျက်စီးခြင်း၏ အရှိန်အဝါမှာ အလွန်ကို ကြောက်စရာကောင်းသည်။
စူးချန်ကဲကို သတ်ပစ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် လာရောက်ခဲ့သော အဖျက်စွမ်းအားသည် ဤမျှကြီးမားသော စွမ်းအားများကို စုဆောင်းပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ယင်းက သူတို့အား တကယ်ကို စိတ်ရှုပ်သွားစေခဲ့သည်။
ကောင်းကင်လမ်းစဉ်၏ မျက်လုံးကြီးသည် စူးချန်ကဲကို အေးစက်စွာဖြင့် ကြည့်နေသည်။ကြည့်ရုံသာ ကြည့်ပြီး ဘာမှမလုပ်နိုင်သည့် ခံစားချက်မှာ သူ့ကို မကျေမနပ်ဖြစ်စေသည်။
တိုက်မြေ သုံးထောင် စတင်ဖြစ်ပေါ်လာခဲ့ချိန်မှစ ဒါပထမဆုံးအကြိမ်အဖြစ် သူ အတော်လေး ဝမ်းနည်းမိပေသည်။
ရုတ်တရက် နောက်ထပ် သတင်းအချက်အလက်တစ်ခုက သူ၏ အသိစိတ်အာရုံထဲသို့ ဝဝင်ရောက်လာပြန်သည်။
ဤအချက်အလက်သည် မူလက ရှိခဲ့သော သူ့ဒေါသကို ထိတ်လန့်စရာ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“ ကောင်းကင်လမ်းစဉ်ရဲ့ အဖွဲ့ ဆယ့်သုံးစုက ဒါကို သဘောတူလိုက်တယ်ပေါ့!?”
ကောင်းကင်လမ်းစဉ်၏ အဖွဲ့ ဆယ့်သုံးစု ဆိုသည်မှာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့၏ အမြင်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်သည့် အဖွဲ့ဖြစ်ပြီး ၊ ၎င်းတို့၏ ဆုံးဖြတ်ချက်သည် တိုက်မြေ သုံးထောင်၏ သမိုင်းကို ပြောင်းလဲပစ်နိုင်သည်။
၎င်းသည် များများစားစား တွေးမနေဘဲ ၊ ဝတ်ရုံဖြူ လူငယ်လေးကိုသာ အေးစက်စွာဖြင့် ကြည့်နေမိသည်။
ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးသည်မှာ သက်တမ်းမည်မျှ ကြာသွားပြီလဲ ဆိုတာတောင် မသိနိုင်တော့ပေ ။ ယခု ၎င်းတို့သည် အငယ်တန်း တစ်ယောက် အတွက်နဲ့ လူငယ်အချင်းချင်း ဖြေရှင်းစေမည့် နည်းလမ်းကို လက်ခံခဲ့ကြသည်။
၎င်းတို့အကုန်လုံး အားပျော့သွားလေသလား သို့မဟုတ် စူးချန်ကဲကို အရမ်းကြောက်နေသလားတော့ မသိ။
နတ်ဘုရားတစ်ပါး၏ ပြစ်ဒဏ်ခတ်သံကဲ့သို့ အသံသည် တဖန် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်လမ်းစဉ်၏ ပြင်းထန်သော အရှိန်အဝါသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
“ ခေတ်အဆက်ဆက် မူမမှန်တဲ့ ဖြစ်တည်မှုတွေ ထွက်ပေါ်လာခြင်းက တိုက်မြေ သုံးထောင်မှာ မတည်မငြိမ် ဖြစ်ရတဲ့ အကြောင်းတရားနှင့် အကျိုးတရားပဲ “
“ငါ ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ဝင် အနေနဲ့ ကောင်းကင်ကို ကျိန်ဆိုတယ် ၊ကောင်းကင်လမ်းစဉ်ရဲ့ သားတော်အဖြစ်နဲ့ ပေါ်ထွက်ပြီး ထာဝရ ထူးခြားချက်ကို ဖျက်ဆီးပစ်မယ်! “
ဤစကားများသည် စိတ်ရှုပ်ထွေးနေပြီးသားသူတိုင်းကို ပို၍ စိတ်ရှုပ်သွားစေသည်။
“ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ ဆိုတာ ဘာတုန်း?”
“ထာဝရ ထူးခြားချက်ဆိုတာကရော ဘာတုန်း”
မျက်နှာ ဖြူဖျော့နေပြီဖြစ်သော တခြားပါရမီရှင်တစ်ဦးက ထဆိုလိုက်သည်။
“ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့?တကယ် အစစ်ကြီးလား? ရှေးဟောင်းစာအုပ်ထဲက မှတ်တမ်းတွေက တကယ်ပဲပေါ့?”
“ဘယ်ရှေးဟောင်းစာအုပ်ထဲကတုန်း ၊ ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား?”
တချို့သော ပါရမီရှင်များက ဖြူဖပ်နေသော ထိုပါရမီရှင်အား သံသယဖြင့် မေးလိုက်သည်။
ထိုပါရမီရှင်သည် ခဏ စဉ်းစားလိုက်ပြီးနောက် သတိပြန်ရလာပုံပေါ်ပြီး ရှင်းပြလေသည်။
“ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့နဲ့ ပတ်သတ်ပြီး ကျွန်တော် ဂိုဏ်းက ဘိုးဘေးတစ်ဦး ပြောတာကို ကြားဖူးတယ် ၊သူတို့က ကောင်းကင်လမ်းစဉ်ရဲ့ အမိန့်ကို ထိန်းသိမ်းပေးသူ ၊ကြီးကြပ်သူတွေတဲ့”
“ဒီကမ္ဘာကြီးထဲမှာ ပေါ်ထွက်လာပြီး ၊ ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုကို နှောင့်ယှက်မယ် ဆိုရင် ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့က ထိုအနှီသူကို ပြင်းပြင်းထန်ထန် နှိမ်နှင်းပြီး အရေးယူတယ်တဲ့ “
ထိုစကားကို ကြားလိုက်ရသော လူတိုင်း ရင်မောသွားကြသည်။
ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ ၊ယင်းသည် အမြင့်ဆုံး တည်ရှိမှုတစ်ခုဖြစ်သည့် ကောင်းကင်လမ်းစဉ်နှင့် သက်ဆိုင်နေသည် မဟုတ်လော။
၎င်းသည် ကောင်းကင်လမ်းစဉ်၏ အမိန့်ကို ထိန်းသိမ်းပေးသူ နှင့် ကြီးကြပ်သူ ဆိုကတည်းက ၊မည်မျှတောင် အင်အားကြီးမားလိုက်မည်နည်း။
ထို့အပြင် စည်းကမ်းဖောက်ဖျက်သည့် ဖြစ်တည်မှု တစ်ရပ် ထွက်ပေါ်လာခြင်းမှာ ၊ ဒါက....
ထိုအခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသောအသံသည် ဤကမ္ဘာမြေအနှံ့ ပဲ့တင်ထပ်သွားပြန်သည်။
“ အကယ်၍ထာဝရ ထူးခြားချက်ဖြစ်တဲ့ စူးချန်ကဲကို သတ်နိုင်တဲ့ အရည်အချင်းရှိတဲ့သူ ရှိရင်၊ ငါတို့ ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ကနေ ဧကရာဇ်လမ်းစဉ်အတွက် ပြိုင်ဆိုင်ဖို့ မလိုကြောင်း ကတိပြုတယ် ၊ပြီးတော့ ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ကနေ နောက်ထပ် ဆုလာဘ်အနေနဲ့ ဘဝတစ်သက်စာ ကောင်းကင်ရဲ့ အလိုဆန္ဒကို ချီးမြှင့်ပေးမယ်!”
…..
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားပြီးနောက် ၊ အုံကြွလာခဲ့သည်။
“ ဘဝတစ်သက်စာ ? ဒါက ဧကရာဇ်မင်း အဖြစ် တည်ရှိနိုင်မယ့် အာမခံချက် မဟုတ်လား?”
“ ဆုလာဘ်အနေနဲ့ ဘဝတစ်သက်စာ ဆိုမှတော့ ဒီဘဝတစ်လျှောက်မှာ ဧကရာဇ်မင်း နှစ်ခါ ဖြစ်ခွင့်ရှိတယ်လို့ ဆိုလိုတာ မဟုတ်လား?”
“ အဲ့တာက အဓိကချက် မဟုတ်ဘူး ၊အဓိက က ဧကရာဇ်လမ်းစဉ်အတွက် ယှဉ်ပြိုင်စရာ မလိုဘဲ ဧကရာဇ်မင်း တိုက်ရိုက် ဖြစ်လာနိုင်တယ်လို့ ပြောတာပဲ !”
“…….”
ရုတ်တရက် ကြေညာလိုက်သော ဤသတင်းသည် ကျင့်ကြံသူများကို ရူးသွပ်သွားစေသည်။
ကောင်းကင်၏ အလိုဆန္ဒသည် တိုက်မြေ သုံးထောင်ရှိ ကျင့်ကြံသူ အားလုံး၏ စိတ်ထဲတွင် အမြင့်ဆုံး စံနမူနာပင် ဖြစ်သည်။
ဧကရာဇ်မင်း လမ်းစဉ်ကို လျှောက်လှမ်း၍၊ ကောင်းကင်၏ အလိုဆန္ဒကို ဖမ်းဆုပ်ကာ နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ် တစ်ပါး ဖြစ်လာပေရမည်။
စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုသည် ထောင်ပေါင်းများစွာသော စစ်သည်များ၏ အနစ်နာခံမှုရလဒ်ပေတည်း။ဧကရာဇ်မင်း တစ်ပါးဖြစ်ရန် မည်မျှတောင် အနစ်နာခံရမည်နည်း။ဧကရာဇ်မင်းလမ်းစဉ်သည် သွေးခင်းပြီး လျှောက်ရမည့်လမ်းစဉ်ပင် ဖြစ်သည်။
သို့သော် ယခု စူးချန်ကဲကို သတ်ရုံဖြင့် တစ်သက်တာ ကံကြမ္မာကို ကယ်တင်နိုင်တော့မည်။ဤအရာသည် သူတို့ကို အချိန်မည်မျှ သက်သာသွားစေနိုင်မည်နည်း။
မူလက စူးချန်ကဲ ကို ကြောက်ရွံ့ခဲ့ကြသော ကျင့်ကြံသူ တချို့၏ အမူအယာတို့သည် ရက်စက်ကြမ်းကြုတ်လာခဲ့ပြီး ၊၎င်းတို့၏ အကြည့်များက အလိုလောဘများဖြင့် ဖုံးလွှမ်းလာခဲ့သည်။
ကောင်းကင်လမ်းစဉ်၏ မျက်လုံးကြီးမှာ စူးချန်ကဲအား လှောင်ပြုံးကာ ကြည့်နေသည်။
“စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ရဲတဲ့ ဒီလူသား ကောင်းကင်လမ်းစဉ်ရဲ့ သားတော်ဖြစ်တဲ့ ငါ့ကို ဘယ်လိုတောင် ရင်ဆိုင်မလဲဆိုတာ ကြည့်လိုက်ဦးမယ် “
“မင်း မြန်မြန်ဆန်ဆန် မသေဖို့ မျှော်လင့်ပါတယ် “
လှောင်ပြောင်သော အပြုံးဖြင့်၊ မျက်လုံးကြီးသည် ဖြည်းဖြည်းချင်း မှိတ်သွားခဲ့သည်။မူလတုန်းက ရှိနေခဲ့သော ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ၊ ကမ္ဘာကြီးသည် ဘာမှမဖြစ်ခဲ့သည့်အတိုင်း တဖန် ကြည်လင်လာခဲ့သည်။
သို့သော် လူအားလုံး၏ အကြည့်များသည် စူးချန်ကဲပေါ်သို့ ကျရောက်နေပြီး ၊ ၎င်းတို့၏ အကြည့်များမှာ စူးရှတောက်ပနေသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ အမြင့်မြတ်ဆုံးသော ဘိုးဘေးများသည်လည်း အဆုံးမဲ့ အချိန်မြစ်ရေစီးကြောင်းထဲကနေ ဤမြင်ကွင်းကို ကြည့်ရှုနေကြသည်။
“သူတို့ ဒီနည်းလမ်းကို တကယ်ပဲ လက်ခံခဲ့တာလား”
“ဒါပေမယ့် ဒါကလည်း စည်းကမ်းနဲ့ ကိုက်ညီတယ်လေ ၊အကယ်၍ ချန်ကဲသာ ဒီဘေးအန္တရာယ်ကနေ ရှင်သန်နိုင်ခဲ့ရင် သူ့ရဲ့တိုးတက်မှုက မထင်မှတ်လောက်အောင် ကြောက်စရာကောင်းတယ်လို့ ပြောလို့ရပါတယ် “
“ဒါပေမယ့် ဒါကို မကျော်လွှားနိုင်ခဲ့ရင်တော့ ချောက်နက်ထဲကျပြီး ပျက်စီးသွားရလိမ့်မယ် “
အမြင့်ဆုံး ဘိုးဘေးတစ်ဦးက အပြုံးမပျက် ဆိုလိုက်သည်။
“စိတ်မပူနဲ့ ၊ကောင်းကင်လမ်းစဉ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကမ္ဘာဟောင်း ထိန်းသိမ်းသူတွေထက် ဘာမှ မပိုပါဘူး၊ ကမ္ဘာသစ်ရဲ့ ဖွင့်လှစ်မှုကို ပိတ်ဆို့ချင်ခဲ့တာပဲလေ “
“ချန်ကဲ ရဲ့ အလားအလာကို မင်းတို့ ငါတို့ခန့်မှန်းထားပြီးသားပဲလေ “
တခြားဘိုးဘေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးရယ်ကြသည်။
မှန်၏!
လက်တွေ့ကမ္ဘာတွင် ထွန်းလင်းတောက်ပနိုင်သော ကြယ်တစ်ပွင့်ကို တိုက်မြေ သုံးထောင်တွင် မည်သို့ ဖုံးကွယ်ထားနိုင်မည်နည်း။
စူးချန်ကဲသည် အာရုံကို ပြန်စုစည်းလိုက်သည်။စောနက စကားများကို သူလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဤဧရာမ မျက်လုံးကြီးသည် သူ့အတွက် ပူးပေါင်းကြံစည်မှု တစ်ခုဟု ဆိုနိုင်သည်။
ဘဝတစ်သက်စာ ကောင်းကင်ရဲ့ အလိုဆန္ဒကို ချီးမြှင့်ပေးမယ် ဆိုသည့် ဤဆွဲဆောင်မှုကြီးကို တခြားသူပင် မဆိုနှင့် ၊ သူတောင် ခံနိုင်ရည်မရှိပေ။
“မင်းက ငါ့ကို အထီးကျန်အောင် လုပ်ပြီး အားလုံးနဲ့ ရန်တိုက်ပေးလိုက်တယ်ပေါ့လေ?”
စူးချန်ကဲ က ပြုံးလေသည်။ဤကိစ္စအတွက် သူ ဘယ်လိုမှ မခံစားရသလို ပျော်ရွှင်မှု အရိပ်အမြွက်တချို့တောင် ရှိနေလေ၏။
ကောင်းကင်ဘုံက ငါနဲ့ ရန်သူဖြစ်ချင်တယ်ပေါ့?
ဒါဆိုလည်း ကောင်းကင်ဘုံကို အမဲလိုက်ပေးရုံပေါ့ !
အပိုင်း(၁၇၄): မင်းတို့အားလုံးဒီမှာ သေရမယ်
“ကောင်းကင်ဘုံရဲ့အလိုဆန္ဒ ၊ စူးချန်ကဲကို သတ်ရုံနဲ့ ဘဝတစ်သက်စာ ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို ရနိုင်မယ်တဲ့!”
တစ်စုံတစ်ယောက်၏ အော်ဟစ်သံသည် အနီးပတ်ဝန်းကျင် တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
ပွဲကြီးပရိသတ်တွေထဲက တချို့သူများလည်း စူးချန်ကဲကို သတ်ရန် ပါဝင်လာကြသည်။
“ ထာဝရ ထူးခြားမှုကို သတ်ပစ်ပြီး ၊ ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို သိမ်းပိုက်ကြဟေ့!”
“ ထာဝရ ထူးခြားမှုကို သတ်ပစ်ပြီး ၊ ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို သိမ်းပိုက်ကြဟေ့!”
“ ထာဝရ ထူးခြားမှုကို သတ်ပစ်ပြီး ၊ ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို သိမ်းပိုက်ကြဟေ့!”
“…..”
တယူသန်မှုနှင့် လောဘ တို့၏ ကြွေးကြော်သံသည် လွန်ကဲစွာ ရောက်ရှိလာပေပြီ။ကောင်းကင်လမ်းစဉ်၏ သွေးဆောင်မှုကို မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။
“ဒီလူယုတ်မာတွေ တကယ်ကို သေချင်နေတာပဲ၊ အားလုံးကို သတ်ပစ်ကြ ဟေ့!”
ကွေးယွမ် သူတော်စင် နယ်မြေ၏ သူတော်စင်အရှင် တချို့သည် တွန့်ဆုတ်ခြင်း မရှိ ၊၎င်းတို့၏ စွမ်းအားများကို အသက်သွင်းကာ လူအုပ်ကြီးထဲသို့ ပြေးဝင် တိုက်ခိုက်ကြတော့သည်။
စူးချန်ကဲ၏ လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များသည်ဟု ဆိုနိုင်ပြီး ယခင်ကတည်းက ဆိုးရွားသော အခြေအနေထက် ပို၍ ဆိုးရွားလာခဲ့သည်။
သို့သော် ပါရမီရှင်များကို ခေါင်းကြီးသွားစေသည့် မြင်ကွင်းတခု ထွက်ပေါ်လာခဲ့သည်။ယင်းမှာ စူးချန်ကဲသည် လက်ကိုနောက်ကို ပစ်လျက် ကြေးဝါစင်မြင့်ပေါ်မှ ဖြေးညှင်းစွာ ဆင်းလာခဲ့သည် ။
“လောဘကြီးတဲ့ သားရဲကောင်တွေက ကျုပ် စူးမျိုးနွယ်ကို တကယ်ကို ကြောက်စေတာပဲ”
“နှမျောစရာကောင်းတာက လောဘကြီးတဲ့ပိုးကောင် တစ်ကောင်က ကျုပ်အတွက်တော့ ရယ်စရာကောင်းလွန်းတယ် “
သို့သော် ထိုအခိုက်အတန့်တွင် လွန်စွာ အားကောင်းသော လူဝင်စားခြင်း စွမ်းအားဖြင့် ပေါင်းစပ်ထားသော လှံတစ်စင်းသည် လေကို ခွင်းလျက် စူးချန်ကဲ၏ ဦးခေါင်းကို ထိုးနှက်လာခဲ့သည်။
“ဟွန်း! စူးချန်ကဲ ၊ မင်းက သေခါနီးမှာတောင် လေကြီးလေကျယ်နဲ့ ၊ ဒီရဲ့ ဆုလာဘ်ကို ငါ သိမ်းပိုက်ပြမယ်!”
“ ဆက်ခံသူ သခင် ၊ သတိထား!”
ယွင်ရှင်းယန်သည် ထန်ဝူအာနှင့်အတူ ထန်ဟောက်ကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၊ သို့သော် ဘာကြောင့်ရယ်မှန်း မသိ ထန်ဟောက်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ချက်ခြင်းဆိုသလို လူသတ်ရန် ရည်ရွယ်ချက်နှင့်အတူ သူသည် စူးချန်ကဲကို တိုက်ခိုက်ခဲ့သည်။
သို့သော် နောက်မြင်ကွင်းက သူမကို အနည်းငယ် အံသြသွားစေသည်။
လေကို ခွင်းလျက် ရောက်လာခဲ့သော လှံတံသည် စူးချန်ကဲ လက်ချောင်း၏ တားစီးခြင်းကို ခံလိုက်ရသည်။
လှံထိပ်သည် သူ့အရေပြားကို မထိုးဖောက်နိုင်ခဲ့ရုံသာမက ၊ အလွန်အစွမ်းထက်သော စွမ်းအားတစ်ခုက သူ့အား ရှေ့ဆက်သွားလို့ မရအောင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားလေသည်။
“မင်း…သူတော်စင် အရှင် ဖြစ်သွားပြီလား!”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!
ထန်ဟောက်၏ မျက်နှာမှာ ဖျော့တော့နေပြီး ၊ သူ့ မျက်စိရှေ့က အဖြစ်အပျက်များကို မယုံကြည်နိုင် ဖြစ်လို့နေသည် ။
“ပုရွက်ဆိတ် တစ်ကောင်က နတ်ဘုရားရဲ့ ရောင်ဝါကို ခံစားနိုင်သတဲ့လား”
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ၊သူ၏ လက်ချောင်းထိပ်များကို အနည်းငယ် လှုပ်ရမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ထွက်ပေါ်လာကာ လူဝင်စားခြင်း စွမ်းအားများဖြင့် ပြုလုပ်ထားသော လှံတံမှာ ချက်ခြင်းလက်ငင်း ကွဲအက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။
“ လူဝင်စားခြင်း စွမ်းအားက ငါကိုယ်တော်ရဲ့ စွမ်းအားလောက်တောင် မရှိဘူး”
“ဖွဲ့စည်းစေ!”
ဝုန်း ဝုန်း!
အာကာသ ဟင်းလင်းပြင်ကြီးသည် တုန်ခါမြည်ဟည်းလာခဲ့ပြီး ၊ အဆုံးမရှိသော လူဝင်စားခြင်း နိယာမ တရားတို့သည် စူးချန်ကဲ၏ လက်ဖဝါးဆီသို့ အရူးအမူး စုဝေးရောက်ရှိလာကာ လှံအသွင် တစ်ခု အဖြစ် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့သည်။
“ငါကိုယ်တော်ရဲ့ လှံတံကို မင်း ကောင်းကောင်းကြီး လက်ခံရမယ်နော်”
စူးချန်ကဲသည် ထန်ဟောက်ကို ပြုံးပြုံးကြီး ပြုံးပြလျက် တိုက်ရိုက် ပစ်ချလိုက်သည်။
ဝှစ်!
ဘုန်း!
ပစ်ခွင်းလိုက်သော လှံတံ၏ နောက်ဆက်တွဲ ရလဒ် အနေဖြင့် ကြီးမားသော လှိုင်းဂယက်များ ဖြစ်ပေါ်စေပြီး ဟင်းလင်းပြင်ကြီးမှာ အဆက်မပြတ် တုန်ခါသွားလေသည်။
“ပြည်လည်ဝင်စားခြင်း စည်းတံဆိပ်၊ နိုးထစေ!”
ထန်ဟောက်သည် သတိလက်လွတ်မပြုဝံ့ဘဲ ပြန်လည် မွေးဖွားခြင်း စည်းတံဆိပ်ကို အသက်သွင်းလိုက်သည်။စူးချန်ကဲကို အနိုင်ယူရန် ထိုလျှို့ဝှက်ရတနာ၏ စွမ်းအားကို အသုံးပြုရန်မျှော်လင့်လိုက်သည်။
ဘုန်း!
မှိုတိမ်များကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းလုံးကြီးသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ၊အဆုံးမဲ့ မှော်သင်္ကေတ အလင်းတန်းများသည် အဖျက် စွမ်းအားရှိသော အလင်းအုပ်စုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤမျှ ကျယ်လောင်သော ပေါက်ကွဲသံသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ထို့နောက် မီးခိုးငွေ့များထဲက ဖြည်းညှင်းစွာ ထွက်လာသော ဝတ်ရုံဖြူ လူရိပ်ကို မြင်လိုက်ရသည်။
ထိုအနှီသူ၏ မာနကြီးပြီး အေးစက်သော မျက်ဝန်းထဲ၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုရှိနေခဲ့သည်။
“မင်းက ငါ့ရန်သူ ဖြစ်လာဖို့ ဆုံးဖြတ်ပြီးမှတော့”
“ဒါဆို ဒီနေ့ ဒီမှာပဲ သေလိုက်တာပေါ့”
ဘုန်း!
ထိုအခိုက်အတန့်တွင် စူးချန်ကဲ၏ ရောင်ဝါမှာ တဟုန်ထိုး တက်လာခဲ့ပြီး ၊ ယင်းက မုန်တိုင်းများကို နှိုးထစေသည်။
ခန္ဓာကိုယ်အတွင်းရှိ သွေးချီ စွမ်းအင်များသည် တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ၊ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွေ ခပ်ဖျော့ဖျော့ ရွှေအလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ကြီးကျယ်ခမ်းနားသော သူတော်စင် စွမ်းအင်များကလည်း လေထုထဲသို့ အဆက်မပြတ် စီးဝင်လို့ လာခဲ့သည်။
သို့သော် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ တဟုန်းထိုး ထွက်လာသော သူတော်စင် စွမ်းအင်တို့သည် ရပ်တန့်သွားခြင်းမရှိဘဲ အားပြင်းသော မှော်စွမ်းအား မုန်တိုင်းကြီးသဖွယ် ကမ္ဘာအနှံ့ ဖြတ်သန်းသွားလေသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။
စူးချန်ကဲ၏ ရောင်ဝါသည် ဒုံးပျံကဲ့သို့ တဟုန်းထိုး တိုးပွားလာခဲ့သည်။
သူတော်စင်အရှင် ကနဦးအဆင့်!
သူတော်စင်အရှင် အလယ်အလတ်အဆင့်!
သူတော်စင်အရှင် ပြီးပြည့်စုံအဆင့်!
နောက်ဆုံးတွင် သူသည် သူတော်စင် အရှင် နယ်ပယ်အဆင့်ကို လုံးဝ အပြီးတိုင် ဖြတ်သန်းသွားခဲ့လေပြီ။
သို့သော် ဒါနဲ့တင် ရပ်တန့်မသွားသေးချေ။
ဘုန်း!
ထိုအခိုက်အတန့်မှာပင် ၊ ဤကမ္ဘာကြီး တစ်ခုလုံး အရောင်များ လွင့်စင်သွားပြီး အဆုံးမရှိသော အဖြူအမည်း အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ဤအဖြူအမည်း အရောင်အောက်တွင် အလွန် တောက်ပနေသော အလင်းရောင်နှင့်အတူ ဝတ်ရုံဖြူ လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။
လွန်စွာ စူးရှတောက်ပပေရာ ၊နတ်ဘုရားတစ်ပါး၏ ရောင်ခြည်တော်များ ပွင့်လန်းလာသည့်အတိုင်းပင်။
နောက်ဆုံးတွင် စူးချန်ကဲသည် မဟာသူတော်စင်အရှင် နှောင်းပိုင်းအဆင့်ထိ တစ်ရှိန်ထိုး ဖြတ်ကျော်သွားခဲ့သည်။
ကောင်းကင်၌ အဆုံးမဲ့ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးမိုးကြိုးများ တဖျပ်ဖျပ် တောက်ပနေသည်။ ယခုတစ်ကြိမ်တွင် ၎င်းသည် ကောင်းကင်ဘုံ၏ တန်ခိုးကြီးမားသော ဖိနှိပ်စွမ်းအားကြောင့် မဟုတ်ဘဲ စူးချန်ကဲထံမှ ထွက်ပေါ်လာသော စွမ်းအားကြောင့်ပင်။
ဤမျှ အားကောင်းသော စွမ်းအားသည် ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ၊ ရာသီဥတုပင်လျှင် ပြောင်းလဲသွားခဲ့ပုံရသည်။
“မဟာ… သူတော်စင် အရှင်!?”
T/N - ဒီမဟာ သူတော်စင် အရှင် နယ်ပယ်အဆင့်ကိုတော့ စာရေးဆရာက သီးခြားဖော်ပြမသွားခဲ့ပါဘူး ၊ ဒါပေမဲ့ ရှာဖွေတွေ့ရှိချက်အရ သူတော်စင် အရှင် ထက် တဆင့်မြင့်ပြီး ၊သူတော်စင် ဧကရာဇ် ထက် နိမ့်ပါတယ်
“ စူးချန်ကဲက သူတော်စင်အရှင် အဆင့်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး မဟာ သူတော်စင်အရှင် နယ်ပယ်အဆင့်ကို ဝင်ရောက်သွားခဲ့တာလား!?”
ပါရမီရှင် တပည့်တစ်ယောက်၏ ဤစကားများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပါဝင်နေပြီး ၊ဤဖြစ်ရပ်ကြီးကို သူကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ပါက ၊ လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
ငယ်ရွယ်သူ ပါရမီရှင်တစ်ဦးက သူတော်စင်အရှင် နယ်ပယ်အဆင့်ကို တိုက်ရိုက် ဖြတ်ကျော်ကာ မဟာ သူတော်စင် အရှင် နယ်ပယ်အဆင့်ကို ဝင်ရောက်သွားနိုင်သတဲ့လား?
ဒါလူရောဟုတ်ရဲ့လား?
အကန့်အသတ်မရှိသော သူတော်စင် စွမ်းအင်များက စူးချန်ကဲကို အဆက်မပြတ် ဝန်းရံထားပြီး ၊ထို့အပြင် စူးချန်ကဲ၏ ဘေးပတ်ပတ်လည်ရှိ ကမ္ဘာမြေကြီး၏ နိယာမ တရားများပင်လျှင် လက်နက်ချကာ တုန်လှုပ်နေသည်။
စူးချန်ကဲ၏ စွမ်းအားသည် သူတို့ ထင်ထားတာထက်ကို ကျော်လွန်သွားပြန်သည်။
ရွှမ်း!
မည်သည့်သတိပေးချက်မှမရှိဘဲ စူးချန်ကဲသည် သူ့ဓားအား စေခိုင်းလိုက်သည်နှင့် ၊
ဓားစွမ်းအင်များသည် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှား ထကြွလာခဲ့သည်။
သို့သော် ထိုဓားအလင်း၏ ရှေ့မှောက်တွင် မရေမတွက်နိုင်သော သူတော်စင် အရှင် ပုဂ္ဂိုလ်များ အာရုံပြန်ကပ်မလာမီ ၊၎င်းတို့၏ ခန္ဓာကိုယ်မှာ ဓားစွမ်းအင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဖွတ်စ် !
နေရာတစ်ခုလုံး သွေးပန်းများ တစ်ပွင့်ပြီး တစ်ပွင့် အဆင်မပြတ် ပွင့်လန်းသွားခဲ့လေပြီ။
မည်သူမှ မတုံ့ပြန်နိုင်ခင်မှာဘဲ ၊
ဟိုးအဝေး တစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ အဆုံးမဲ့ တောင်တန်းကြီးများ ပြိုကျလာခဲ့သည်။
အခိုးအငွေ့များက တလိပ်လိပ် ထလျက်။
ဤမျှ ကြီးမားသော ခြားနားမှုကြီးသည် လူတိုင်းကို စိတ်ရှုပ်သွားစေသည်။
အဝေးမှ အဆုံးမဲ့ တောင်တန်းကြီးများသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျနေစဉ်အတွင်းမှာပဲ ၊ ဝေဟင်ထက်က အဆုံးမရှိ များစွာသော သူတော်စင် အရှင် ပုဂ္ဂိုလ်တို့မှာ ဓားစွမ်းအင်ကြောင့် မီးရှူးမီးပန်းများ သဖွယ် ပေါက်ကွဲသွားခဲ့သည်။
ဤမတူညီသော မြင်ကွင်းနှစ်ခုသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။
“ဒီဓားချက်က အရမ်းမြန်ပြီး ၊ အရမ်းပြင်းတာပဲ”
ဝမ်ချွမ်ဓား၏ မျက်နှာမှာ လေးနက်နေသည်။
“ဓားစွမ်းအင်ကို အဓိက ထားပြီး သူတော်စင် စွမ်းအင်ကို အရန်အဖြစ် သုံးထားတဲ့ ဒီဓားချက်က လုံးဝ အထွတ်အထိပ် အဆင့်ကို ရောက်လုနီးပါးပဲ”
သူ၏ ဓားပညာရပ်က အားနည်းတာ မဟုတ်ဘဲ ၊ စောနက ဓားချက်က ပို၍ ကြောက်စရာ ကောင်းသည်ကို သူ နားလည်လိုက်သည်။
မူလက သူသည် စူးချန်ကဲနှင့် ဓားရေးပြိုင်ရန် သူတော်စင် အရှင် ဖြစ်လာသည်အထိ စောင့်ချင်ခဲ့သည်။
သို့သော် ဤဓားချက်က သူ့အရည်အချင်း မပြည့်မီသေးသည်ကို သိရှိစေခဲ့သည်။
ဝမ်ချွမ်ဓား၏ ထိတ်လန့်မှုကို သတိပြုမိသော ဖုန်းရွှမ်ဓားက သိချင်စိတ်ဖြင့် မေးယူလိုက်သည်။
“ဒီဓားချက်ကို ဝမ်ချွမ်ဓားသခင်တောင် မခံယူနိုင်ဘူးလား”
ဖုန်းရွှမ်ဓား(သူမ)အနေဖြင့် ဒါကို စိတ်ကူးမယဉ်ဝံ့ပေ။ဤဓားချက်သည် အရမ်းသန်မာမှန်း သူမသည်လည်း ခံစားမိပေသည်။သူမ လေးစားရသော ဝမ်ချွမ်ဓားသခင်ပင်လျှင် ဒီဓားချက်ကို ခံယူနိုင်ပါ့မလား?
ဝမ်ချွမ်ဓားသခင်က ခေါင်းယမ်းကာ ပြုံးလေသည်။သူ့ကိုယ်သူ နှိမ့်ချဟန်ဖြင့်။
“ စူးချန်ကဲရဲ့ဓားချက်က ကြုံသလို ပစ်လွှဲလိုက်ပုံပေါ်ပေမယ့် တကယ်တော့ အလွန်အစွမ်းထက်တယ် “
“ငါ အစွမ်းကုန် ကြိုးစားရင်တောင် ဒဏ်ရာမရဘဲ လွတ်မြောက်ဖို့ ယုံကြည်ချက် မရှိဘူး “
သူ၏စကားသည် သူ့ဘေးနားရှိ ဖုန်းရွှမ် ဓားနှင့် ပါ့ဝမ်ဓားကို ညိုးနွမ်းသွားစေသည်။
ဤဓားချက်သည် မည်မျှတောင် ကြောက်ဖို့ကောင်းလေသနည်း။
စူးချန်ကဲသည် သူ့ ဓားကို ပစ်လွှဲလိုက်ပြီးနောက် ၊ အပျက်အစီးတွေကြားက ထန်ဟောက်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။
“ စူးချန်ကဲ ၊ မင်းအထင် ….”
“ပါးစပ်ပိတ် ၊ ပြေးတော့!!”
ပြန်လည် မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်သည် ကြောက်လန့်စွာဖြင့် အော်ငေါက်လိုက်သည်။
“ပြေးမယ်?”
ထန်ဟောက်၏ မသိစိတ်က မေးခွန်းထုတ်နေခဲ့သည်။ဤ ပြန်လည် မွေးဖွားခြင်း စည်းတံဆိပ်၏ မူလဇစ်မြစ်သည် ထူးကဲသော်လည်း စူးချန်ကဲကို အဘယ့်ကြောင့် ကြောက်ရွံ့နေသနည်း။
“မြန်မြန်ပြေးတော့လေ!!”
ပြန်လည် မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်သည် တစ်ဖန် ငေါက်ငမ်းလိုက်သည်။ဒီဝက်ဦးနှောက်ကြောင့် သူ့မှာ ရင်ကွဲရမည့်ကိန်း စိုက်နေပြီပင်။
ထန်ဟောက်သည် ဤဓားချက်၏ ကြောက်ဖို့ကောင်းသော စွမ်းအားကို မခံစားမိသော်လည်း ၊သို့သော် ဤဓားချက်သည် သူ သိထားသော ဓား အသိပညာထက် သာလွန်သည်ကိုတော့ သူ ခံစားမိပေသည်။
“ပြေးမယ်? ဒီတစ်ခါတော့ မင်း မလွတ်နိုင်မှာကို ငါ စိုးမိတယ် “
ဤအခိုက်အတန့်တွင် အရာအားလုံး အေးခဲသွားပုံရသည်။
ရွှမ်း!
ကြွေကျလာသော နဂါးငွေ့တန်းဂလက်ဆီအလား ထင်မှတ်ရသည့် ဓားအလင်းသည် ကမ္ဘာမြေကြီးကို ပိုင်းဖြတ်လိုက်လေသည်။
ကြောက်စရာကောင်းသော ဓားစွမ်းအင်သည် မြေထုကြီးကို ချောက်နက်ကြီး ဖြစ်အောင် ပိုင်းဖြတ်ခဲ့သည်။
ဓားစွမ်းအင်၏ ဟစ်ကြွေးသံ အဆုံးတွင် ၊ ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်မှ လွဲ၍ ၊ ထန်ဟောက်၏ ကျန်ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာ အမှုန့်သဖွယ် လေလွှင့်သွားခဲ့လေပြီ။
အပိုင်း(၁၇၅): ထောင်နှင့်ချီသော သူတော်စင် အရှင်တို့ အတူတကွ လုပ်ဆောင်ကြပြီ
ထိုဓားချက်သည် လူတိုင်း၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့ပြီး ၊ လူတိုင်း စူးချန်ကဲ ရှိရာ ဦးတည်ဘက်ဆီသို့ ထိတ်လန့်စွာဖြင့် ရပ်ကြည့်နေမိသည်။
သူတို့၏ ထိတ်လန့်နေသော မျက်ဝန်းများထဲတွင် ဤစာသားများကို ရေရွတ်နေမိသည်။
ငါ ဘယ်သူတုန်း?
ငါ ဘယ်ရောက်နေတာတုန်း?
ခုနက ဘာဖြစ်သွားတာပါလိမ့်?
စူးချန်ကဲသည် ထန်ဟောက်လက်ထဲက ဆုပ်ကိုင်လျက်သား ရှိနေသော ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ကို စစ်ဆေးကြည့်လိုက်သည်။
“ပြန်လည် မွေးဖွားခြင်း စည်းတံဆိပ်တဲ့လား? အရင်က ဘယ်လို ရတနာလဲလို့ တွေးနေတာ ၊လက်စသတ်တော့ ဒီလိုကိုး”
“ဟွန် ! မင်း သတ်ချင်သတ် ၊ ငါ့ကို ဘာလို့ လှောင်ပြောင်နေတာတုန်း?”
စူးချန်ကဲ၏ ဓားဖြင့် ခေါင်းဖြတ်သတ်ခံလိုက်ရသော သခင်ဖြစ်သူ ထန်ဟောက်ကို မြင်လိုက်ရသည်နှင့် ၊ ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်သည်လည်း သူ့အသက်ကို အသင့်ပြင်ထားပုံရကာ မကြောက်မရွံ့ ကြည်နေလေ၏။
“မင်းကိုယ်မင်း အဖိုးတန် ရတနာတစ်ပါးလို့ တကယ်ကြီး ထင်နေတာလား?”
“ ထန်ဟောက် အဲ့ကောင်လေးကပဲ မင်းလို အမှိုက်ကို ရတနာ တစ်ခုလို ဆက်ဆံပေးမှာပဲ”
စကား၏ အဆုံးတွင် ၊ စူးချန်ကဲ၏ လက်ဖဝါးပေါ်၌ ကြီးကျယ်ခမ်းနားသော သူတော်စင် စွမ်းအား ထွက်ပေါ်လာခဲ့ပြီး ၊ဤမျှတန်ခိုးကြီးမားသော သူတော်စဉ် စွမ်းအားတို့သည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ နိယာမများကို ချက်ချင်းလက်ငင်း ဖြိုခွင်းပစ်လိုက်သည်။
“မင်း…မင်း ဘာလုပ်မှာလဲ!?”
ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်မှာ ထိတ်လန့်တုန်လှုပ်သွားသည်-
“ရပ်…ရပ်! ဆက်မလုပ်နဲ့! ငါ မင်းကို ငါ့သခင်အဖြစ် ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်!”
သို့သော် စူးချန်ကဲသည် သူ၏ စွမ်းအားများကို လုံးဝ ရပ်တန့်ပစ်ဖို့ ဆန္ဒမရှိဘဲ သူ့လက်ထဲတွင် ရှိနေသော စွမ်းအားများကို ပို၍ တိုးမြင့်လိုက်သည်။
“တောင်းပန်ပါတယ်၊ ငါ ထန်ဟောက် မဟုတ်ဘူး ၊တွေ့ရာ အမှိုက် လက်မခံတတ်ဘူး”
ဤမျှ အင်အားကြီးမားသော စွမ်းအားသည် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ လက်နက်ဝိညာဉ်ကို ချက်ချင်းလက်ငင်း ချေမှုန်းလိုက်သည်။
ဤအခိုက်အတန့်တွင်မူ ၊ ထန်ဟောက် နှင့် ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ် တို့၏ ဇာတ်ကြောင်းမှာ ပြီးဆုံးသွားခဲ့ချေပြီ။
ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ အလွတ်ကိုယ်ထည်ကြီးကို ကြည့်ရင်း စူးချန်ကဲသည် ကျေနပ်စွာ ခေါင်းညိတ် နေလေ၏။
ဤပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်၏ ပစ္စည်းမှာ အလွန်ရှားပါးပေသည် ။အထူးသဖြင့် ၎င်းသည် ဝိညာဉ် အကြွင်းအကျန် များ အပေါ် ကြီးမားသော အာဟာရအကျိုးသက်ရောက်မှု ရှိသည်။
လူတိုင်း ဤမြင်ကွင်းကို ငူငူငိုင်ငိုင်ဖြင့် ငေးကြည့်နေကြပြီး ၊ တိုက်ခိုက်ဖို့ကိုတောင် မေ့ယူရသည်။
ထန်ဟောက် ၏ ဂုဏ်သတင်းကို သူတို့လည်း ကြားဖူပေသည်။
သူသည် ခွင်းလွင်တောင်၏ အမြင့်ဆုံး တောင်ထိပ်ကို မတတ်ရောက်ခဲ့သော်လည်း ၊ သို့သော် သူ တတ်ရောက်ခဲ့သည့် တခြားခွင်းလွင်တောင်သည်လည်း အတော်လေး မြင့်သည်ဟု ဆိုနိုင်သည်။
ပြန်လည်မွေးဖွားခြင်း စည်းတံဆိပ်ကို ကိုင်ဆောင်လျက် လူဝင်စားခြင်း စွမ်းအားကို ထိန်းချုပ်ထားသော ၎င်း၏ လက်ထဲတွင် ပါရမီရှင် ဘယ်နှစ်ယောက်လောက်များ လွတ်မြောက်နိုင်ခဲ့မည်နည်း။သို့သော် ထိုအနှီသူသည် စူးချန်ကဲ၏ ကြုံရာဓားချက်ဖြင့် အသတ်ခံလိုက်ရသည်။
ထိုစဉ် အေးစက်သောအသံ တစ်ခုက သူတို့အားလုံး၏ နှလုံးသားထဲတွင် သေခြင်းတရားဆိုသည့် အကြောင်းတရားကို သိရှိစေခဲ့သည်။
“ကဲ မင်းတို့ကောင်တွေရဲ့ အလှည့်ပဲ။”
အထူးသဖြင့် တု ကိုယ်တော် နှင့် စူးချန်ကဲတို့ အကြည့်ခြင်း ဆုံတွေ့သွားသည့်အခိုက်တွင်၊
စူးချန်ကဲ၏ အကြည့်သည် သူ၏ မူလပုံသဏ္ဍာန်ကို သိနေသလိုမျိုး ခံစားမိသည်။
ဤကြောက်ရွံ့မှုက သူ၏ စိတ်ဝိညာဉ်ထဲကို တိုက်ရိုက် ဝင်ရောက်သွားသလိုပင်။
“ငါကို ရှာတွေ့သွားတယ်ဆိုတောင် ၊ အခု ငါတို့ဘက်မှာ သူတော်စင်အရှင် ထောင်ပေါင်းများစွာ ရှိတယ် ၊ စူးချန်ကဲ ဒီလောက်အများကြီးကို အနိုင်ယူနိုင်မယ်ဆိုတာ ငါတော့ မယုံဘူး !”
တု ကိုယ်တော်က လူတိုင်းကို အော်ဟစ်လိုက်သည်။
“မင်းတို့ ဘာကိုစောင့်နေတာတုန်း ၊ စူးချန်ကဲကို သတ်နိုင်ရင် မင်းတို့ ဘဝတစ်သက်လုံး ကောင်းစားရမှာ၊ ဒါက အကောင်းဆုံးအခွင့်အရေးပဲ!”
“ဒီအခွင့်အရေးကို လက်လွတ်သွားရင် ၊ မင်းတို့ နောက်တစ်ကြိမ် ပြန်ရဖို့ အခွင့်အရေးရှိသေးလို့လား!”
တု ကိုယ်တော်၏ နှိုးဆော်သံသည် အားလုံး၏ အတွင်းအနက်ရှိုင်းဆုံးတွင် ရှိနေသော လောဘဇောကို လှုပ်နိုးလိုက်သလိုပင်။
ကြောက်ရွံ့နေသော မျက်လုံးများသည် အလိုလောဘတို့ဖြင့် တဖန် ပြည့်နှက်သွားပြန်သည်။
မှန်၏!
ဤအခွင့်အရေးသည် ဧကရာဇ်မင်း တစ်ပါး ဖြစ်လာရန် လိုအပ်သောအရာတစ်ခု ဖြစ်ပြီး ၊ ဘဝတစ်သက်စာလုံး ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ရရှိပေတော့မည်။
သင်သည် ဧကရာဇ်မင်း လမ်းစဉ်ကို လျှောက်လှမ်းလိုပါက ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ရယူရန် လိုအပ်သည်။သို့ဖြစ်၍ အဆုံးမရှိသော သွေးနှစ်ခြင်းပွဲမှ ထိုအခွင့်အရေးကို ရရှိနိုင်ပေလိမ့်မည်။
နောင်တွင် ဧကရာဇ်မင်းလမ်းစဉ်သည် မည်မျှတောင် ရက်စက်မည် ဆိုတာကို မပြောရသေးခင် ၊ ဒီ့မတိုင်ခင် ပို၍ ကြောက်စရာကောင်းသော ပါရမီရှင်များ နိုးထလာပေဦးမည် ဖြစ်သည်။
ယခု စူးချန်ကဲကို သတ်ခြင်းသည် ဧကရာဇ်လမ်းစဉ်ကို ဖော်ညွှန်းသည့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကို ရှောင်ရှားနိုင်သလို ၊ သူသည် ဧကရာဇ်မင်းတစ်ပါးအဖြစ် အလွယ်တကူ ဖြစ်လာနိုင်လိမ့်မည် မဟုတ်လော။
“ငါ…ဧကရာဇ်မင်း ဖြစ်ချင်တယ်! ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ငါ ယူပြမယ် !”
ထူးချွန်ထက်မြက်သော စွမ်းရည်ကြောင့် သူတော်စင်အရှင် နှောင်းပိုင်းနယ်ပယ်အဆင့်ထိရောက်ရှိနိုင်ခဲ့သော ပါရမီရှင် တစ်ဦးသည် ကောင်းကင်ကို ဖုံးလွှမ်းထားနိုင်သော စွမ်းအားများကို ထုတ်လွှတ်ပေးနိုင်သည့် ဓားတစ်လက်ဖြင့် အလင်းနှုန်း၏ အရှိန်အတိုင်း စူးချန်ကဲထံသို့ ဦးတည်တိုက်ခိုက်ခဲ့သည် ။
စူးချန်ကဲသည် ထိုမြင်ကွင်းကို ပြုံးပြုံးလေး ကြည့်ရင်း သူ၏ ညာလက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
“ လူတွေ အနေနဲ့ ကြောက်စိတ် ကြုံပြီးတဲ့ နောက်မှာရော လောဘလည်း ပေါက်ထွက်နိုင်သေးလား ဆိုတာ ငါ သိချင်မိတယ် “
ပြောရင်းတန်းလန်း ၊စူးချန်ကဲသည် ညင်သာစွာ လှည့်ကြည့်လာခဲ့သည်။
“ဒါပေမဲ့ အဲ့နောက်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ ကြောက်ရွံ့မှုကြီးကို ပြန်တွေ့ကြုံရရင် ဘယ်လိုနေလိမ့်မလဲ?”
နဂိုမူလက နေရာတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည့် ရန်သူ၏ ဓားစွမ်းအင်လှိုင်းကြားထဲ အဖြူရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပွင့်လန်းလာခဲ့သည်။
ကွဲအက်သံ!
ဝုန်း!
ထိတ်လန့်နေကြသော အကြည့်တွေကြားက မူလက ရှိခဲ့သော ကြီးမားခမ်းနားသော ရန်သူ၏ ဓားစွမ်းအင်သည် စူးချန်ကဲ၏ အဆုံးမဲ့ဓားစွမ်းအင်၏ ဝါးမျိူခြင်းကို ခံလိုက်ရသည်။
အဆုံးတွင် ဓားစွမ်းအင်မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စူးချန်ကဲက ပြုံးကာ ဆိုလေ၏။
“ကြည့်ရတာ ဧကရာဇ်မင်း ဖြစ်ဖို့ အခွင့်အလမ်းကို နောက်ဘဝမှာပဲ မင်း ရှာတွေ့နိုင်လောက်မယ် “
ဘုန်း!
ဓားစွမ်းအင်မုန်တိုင်းကြီးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ၊ ၎င်း၏ အင်အားကြီးမားသော ဖိနှိပ်စွမ်းအားသည် တဖက်လူကို သွေးအခိုးအငွေ့အဖြစ်သို့ ချက်ချင်း ချေမှုန်းပစ်လိုက်သည် ။
အာကာသတစ်ခုလုံး သွေးပန်းများ စွန်းထင်သွားချိန် ၊ ဒါဇင်နဲ့ချီသော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် အတူလက်တွဲကာ တိုက်ခိုက်ကြပြန်သည်။
၎င်းတို့သည် မိမိ၏ သူတော်စင်အရှင် အဆင့်ရှိ စွမ်းအားများကို အသီးသီး ထုတ်သုံးခဲ့ကြပြီး ၊
ဓမ္မကာယ ခန္ဓာကိုယ်တို့သည် ၎င်းတို့၏ နောက်တွင် ထွက်ပေါ်လာခဲ့သည်။
သို့သော် စူးချန်ကဲသည် ဂရုမစိုက်သော အကြည့်ဖြင့် ။ သူ၏ လက်ဝတ်ရုံကို တချက်လွှဲလိုက်ရုံဖြင့် သူတော်စင် ဆူနာမီစွမ်းအားများ ထွက်ပေါ်လာသည်။
ခရက်!
အရိုးကျိုးသံနှင့်အတူ ၊သွေးအန်သံများက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။
တချက်တိုက်ခိုက်ရုံဖြင့် တန်ခိုးကြီးမားသော သူတော်စင် အရှင် ပုဂ္ဂိုလ် အများအပြားကို သုတ်သင်ပစ်ခဲ့လေသည်။
“ တစ်ယောက်ပြီးတစ်ယောက် မတိုက်နဲ့ ၊ ငါတို့အားလုံး လက်တွဲလုပ်ဆောင်မှသာ စူးချန်ကဲကို သတ်ဖို့ အခွင့်အရေးရနိုင်မှာ !”
လူအုပ်ထဲက တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
ဤစကားသည် လူတိုင်းကို တုံ့ပြန်လာစေခဲ့သည်။
မှန်၏!
သူတို့အားလုံး လက်တွဲလုပ်ဆောင်မှသာလျှင် စူးချန်ကဲကို သတ်ဖို့ အခွင့်အရေးရပေလိမ့်မည်။
စူးချန်ကဲ ကို သတ်မည့် အင်အားစု အုပ်စုထဲ ဝင်လာခဲ့ကြပြီးနောက် ၊ အားလုံးက တစ်ယောက်ကို တစ်ယောက် လေးနက်စွာ ကြည့်လိုက်ကြသည်။
သူတို့သည် စူးချန်ကဲနှင့် ကွေးယွမ် သူတော်စင် နယ်မြေတို့၏ ရန်သူ ဖြစ်လာခဲ့ပြီပင်။
နာတာရှည် နာကျင်မှုက ရေတိုနာကျင်မှုထက် ပိုဆိုးသလို ၊ ဤလမ်းကို ရွေးချယ်ခြင်းသည် ပို၍ ကောင်းနိုင်သည်။
လောဘ နှင့် လူသတ်လိုစိတ်သည် သူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်ခဲ့ပြီဖြစ်ရာ ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေခံအုတ်မြစ် မည်မျှ နက်ရှိုင်းသည်ကို ဂရုမစိုက်နိုင်တော့ပေ။ကိစ္စက ယခုလို အခြေအနေထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ၊ အားလုံးကို သတ်ပစ်ရန်ကလွဲပြီး ကျန်တာမရှိ။
ဘုန်း!
တခဏချင်းမှာပဲ၊ နတ်နဂါးကျွန်းစု ၊ထျန်းရှန်းဂိုဏ်း ၊ ဖီးနစ်လှိုဏ်ဂူ ၊နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ နတ်ဆိုးချောက်နက် အစရှိသော သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် စူးချန်ကဲကို သတ်ဖြတ်ရန် လေကို ခွင်းလျက် ဝေဟင်ပေါ်သို့ ရောက်ရှိလာခဲ့လေပြီ။
ထောင်ပေါင်းများစွာသော သူတော်စင်အရှင် ပုဂ္ဂိုလ်များသည် ဝေဟင်တွင် ရှိနေပြီး ၊
၎င်းတို့နောက်တွင်၊ ဓမ္မကာယ ကိုယ်ထည်ကြီးများ စုဝေးဖြစ်ပေါ်နေကာ ကြီးကျယ်ခမ်းနားသော ရောင်ဝါများ ဖြာထွက်လို့နေသည်။
ထောင်ပေါင်းများစွာသော သူတော်စင် အရှင် ပုဂ္ဂိုလ်များသည် ကမ္ဘာကြီးကို တုန်လှုပ်စေသော သူတော်စင် စွမ်းအင်များက တစ်ပြိုင်နက်တည်း ဖောက်ခွဲပစ်လိုက်သည်။
ခွင်းလွင် တောင်၏ နိယာမများပင်လျှင် ငိုကြွေးကြရပြီး ၊ ဤစွမ်းအားသည် ကမ္ဘာပေါင်းများစွာကို ချေမှုန်းဖို့ လုံလောက်ပေသည်။
ကောင်းကင်ထက်ဝယ် ၊၊
ကောင်းကင်ကို ဖမ်းစားထားသော နတ်ဆိုးအရိပ်များ အပြင်
ကောင်းကင်တခွင် လှည့်ပတ်နေသော နဂါး များ နှင့်
ဟစ်ကြွေးအော်မြည်းနေသော မီးလျှံ ဖီးနစ်များစွာ ရှိနေကြပြီး ၊
ခရမ်းရောင် တိမ်ပင်လယ်ကြီးထဲ၌
သေခြင်းတရား၏ အငွေ့အသက်များက လွှမ်းခြုံထားလျက် ရှိသည်။
ထောင်ပေါင်းများစွာသော သူတော်စင် အရှင်တို့သည် ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန် ပေါက်ကွဲခဲ့ရာ ၊ ကမ္ဘာကြီး တစ်ခုလုံးကို လှပသော မြင်ကွင်းများအဖြစ် ဆေးဆိုးထားလေသည်။
သို့သော် လွန်ကဲသော အလှတရား၏ အောက်တွင် အဆုံးစွန်သော လူသတ်မည့် အလိုဆန္ဒများကို ဖုံးကွယ်ထားသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များသည်လည်း ဒီလောက်ထိ အားမနည်းပေ။သို့သော် အရေအတွက် နည်းပါးလွန်းသဖြင့် အနည်းငယ် အားပျော့သည်ဟု ထင်မှတ်ရသည်။
“ကွေးယွမ် သူတော်စင် နယ်မြေက လူတိုင်း ရပ်လိုက်ကြပါ “
ထိုအချိန် စူးချန်ကဲ၏ အသံသည် တစ်ကမ္ဘာလုံး ပဲ့တင်ထပ်သွားခဲ့သည်။
အခြားသူတော်စင် အရှင်များ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးနေကြသော ကွေးယွမ် တပည့်သားများအားလုံး အံ့အားသင့်သွားကြပြီး စူးချန်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ဝတ်ရုံဖြူ လူငယ်လေးတစ်ယောက်သည် ဝေဟင်ပေါ်တွင် လက်ကို နောက်ပစ်လျက် အေးအေးလူလူ ရပ်ကြည့်နေသည်မှာ နတ်ဘုရားတစ်ပါး အောက်ကို ငုံ့ကြည့်နေသလား အောက်မေ့ရသည်။
“ဒီလို မငြိမ်မသက်မှုတွေက ငါ စူးချန်ကဲကို ဦးတည်လာတာပဲ “
“မင်းတို့ ငါ့ကို ခုလို ကူညီကြတာ ၊ ချန်ကဲ ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ် “
“ ချန်ကဲ ဆက်ခံသူ ဘာဖြစ်လို့လဲ ၊ ဒါက ကျွန်တော်တို့ရဲ့ ဆန္ဒပါ “
“ဟုတ်တယ် ၊ ဆက်ခံသူ သခင်က ငါတို့အတွက် ရှေ့ကနေရပ်တည်ပေးခဲ့တယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့၊ ဆက်ခံသူ အန္တရာယ်ထဲ ကျရောက်တာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာတုန်း?”
“ ချန်ကဲ ဆက်ခံသူ ဘာမှထပ်မပြောနဲ့၊ ငါတို့ သေချာပေါက် ဆက်ခံသူ သခင်ကို ကာကွယ်ပြီး ၊ ရန်သူအားလုံးကို ဖျက်ဆီးပစ်မယ် “
“ ဆက်ခံသူ သခင်ကို ကာကွယ်ပြီး ရန်သူအားလုံးကို ဖျက်ဆီးပစ်မယ်!”
“ ဆက်ခံသူ သခင်ကို ကာကွယ်ပြီး ရန်သူအားလုံးကို ဖျက်ဆီးပစ်မယ်!”
“ ဆက်ခံသူ သခင်ကို ကာကွယ်ပြီး ရန်သူအားလုံးကို ဖျက်ဆီးပစ်မယ်!”
“……”
ကွေးယွမ် သူတော်စင် နယ်မြေရှိ တပည့်သားတို့၏ ဟစ်ကြွေးသံသည် စူးချန်ကဲကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များအားလုံး ယခုလို သူ့ကို ကာကွယ်ပေးနေသည် ဖြစ်ရာ ၊ သူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက်အနေဖြင့်၊ သူတို့အား အဘယ့်ကြောင့် စိတ်ပျက်စေမည်နည်း။
“အားလုံးပဲ၊ ချန်ကဲ ဒီနေရာကနေ ကျေးဇူးတင်ချင်ပါတယ် “
စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ တပည့်များစွာကို ဦးညွှတ်လိုက်သည်။
သူတို့၏ မျက်လုံးထဲတွင် မာနကြီးပြီး အရာခပ်သိမ်းကို ဖိနှိပ်ထားနိုင်သော ဆက်ခံသူသည် ဤကဲ့သို့ ဦိးညွှတ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ချွင် !
ထက်မြက်သော ဓားတစ်ချောင်း၏ အော်ဟစ်သံသည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။
ကောင်းကင်ဓားသည် ဘယ်အချိန်ကမှန်း မသိ စူးချန်ကဲ၏ လက်ထဲ၌ ပေါ်ထွက်လာခဲ့သည်။
“ဒါပေမယ့် အားလုံး ဒီလောက်ဆိုရပါပြီ”
“ကျန်တာ အကုန်လုံး “
“ငါကိုယ်တိုင် အမှုန့်ချေပါရစေ “