နတ်ဘုရားအလုပ် ပြုလုပ်ခြင်း
Vol. 17 Ch. 230
"နန်းတော်သခင် ခင်ဗျား.. ဒီတစ်ခေါက်တော့ မြေဩဇာကောင်းကောင်း ရလာပါပြီ။ တာအိုခန္ဓာ အဆ့် ၁၀ ကျင့်ကြံသူတစ်ဦး ပါလာပါတယ်။"
အနက်ရောင်ဝတ်စုံနှင့် လူတစ်ဦးသည် ထိုင်ခုံရှည်တစ်လုံးပေါ်တွင် ထိုင်လျက်ရှိသည့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသူအား လေသံဖြင့်ပြောသည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသူမှာ ကောင်းကင်တိမ်တိုက်နန်တော်၏ နန်းတော်သခင်ဖြစ်သူ ချန်ထျန်းမင် မှလွဲ အခြားမဟုတ်ပေ။ သူ၏အမူအရာမှာ အလွန်တည်ငြိမ်နေသော်လည်း သူ၏နှုတ်ခမ်းထောင့်များ ပျော်ရွှင်မှုကြောင့် အနည်းငယ် တွန့်ကွေးသွားသည်။ "ငါတို့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံတဲ့ ဒုက္ခသည်တွေနဲ့ ကျင့်ကြံသူအရေအတွက် တိုးလာတာပေါ့။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာ နောက်ထပ်အသားတိုးဝက်တွေက ငါတို့ရဲ့ထောင်ချောက်ထဲ ရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ။ လုံးဝကို ပျော်ဖို့ကောင်းတဲ့ စပရိုက်ပဲ။"
များမကြာမီတွင် အန်လင်း၊ လျှိုဟူနှင့် လျှိုစုစုတို့ ခန်းမအတွင်း ရောက်ရှိလာသည်။
"အန်လင်းပါ။"
"လျှိုဟူပါ။"
"လျှိုစုစုပါ။"
"နန်းတော်သခင်ကို တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။"
သူတို့ သုံးဦးသည် ချန်ထျန်းမင်အား မြင်တွေ့ရသည့်အခါတွင် လေးစားစာဖြင့် အရိုအသေပြုလိုက်ကြသည်။
ချန်ထျန်းမင်အပါအဝင် ခန်းမအတွင်းရှိ အကြီးအကဲ အများအပြားသည် သူတို့အရှေ့တွင် ရှိနေသည့် သုံးယောက်အား သေချာစွာ လေ့လာကြည့်ရှုလျက်ရှိသည်။
ချန်ထျန်းမင်သည် မည်သည့်စကားမျှ မဆိုသော်လည်း သူ၏မျက်နှာတွင် လျှို့ဝှက်သည့်အပြုံးတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးအကြည့်များသည် အန်လင်းနှင့် လျှိုဟူတို့ကို ဖြတ်ကျော်သွားပြီးနောက် လျှိုစုစုအပေါ်တွင်သာ မြဲမြံလျက်ရှိသည်။
လျှိုစုစုသည် သူမအား စိုက်ကြည့်နေသည်ကို ခံစားမိသည်ကြောင့် အနည်းငယ် မသက်မသာ ဖြစ်လာသည်။ သို့သော်လည်း အလွန်စွမ်းအားကြီးသူ တစ်ဦးနှင့် ရင်ဆိုင်နေရခြင်းကြောင့် မည်သည့်စကားမျှ မဆိုဝံ့ဘဲ ခေါင်းသာငုံ့ထားမိသည်။
"ဟီးဟီးဟီး အသားတိုးဝက်တင်မကဘူး လှပတဲ့ ပန်းပွင့်လေးလည်း ပါနေတာကိုးးး"
ချန်ထျန်းမင်၏မျက်လုံးများ မှေးကျဉ်းလိုက်သည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံး ပိုမိုပီပြင်လာသည်။
လျှိုဟူနှင့် လျှိုစုစုတို့သည် ချန်ထျန်းမင်၏ စကားများကို ကနဦးတွင် သဘောမပေါက်မိသဖြင့် အပြုံးတစ်ခု ချိတ်ဆွဲထားလျက်ရှိသည့် သန်မာအားကောင်းသော အော်ရာများနှင့်လူအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။
ချန်ထျန်းမင်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ "လျှိုစုစုက ငါ့ကို အလုပ်အကျွေးပြုဖို့ ဒီမှာနေခဲ့ရမယ်။ ကျန်နေတဲ့ အသားတိုးဝက် နှစ်ကောင်ကိုတော့ မြေဩဇာအဖြစ် သုံးလိုက်တော့။"
ဤတစ်ကြိမ်တွင်မူ လျှိုဟူနှင့် လျှိုစုစုတို့ နားလည်သွားကြပြီ ဖြစ်သည်။ သူတို့အရှေ့တွင် ရှိနေသည့်လူအား မယုံကြည်နိုင်ခြင်းများဖြင့် ကြည့်နေမိပြီး ကျောရိုးတစ်လျှောက် အေးစက်မှုများ စိမ့်ဝင်လာသည်။
"နန်းတော်သခင်.. ဘာလုပ်မလို့လဲဗျ။ ပုရွက်ဆိတ်မျိုးနွယ်စုကို တိုက်ခိုက်ဖို့အတွက် ကျင့်ကြံသူတွေကို စုဆောင်းနေတာ မဟုတ်ဘူးလား။" လျှိုဟူသည် မျက်လုံးများပြူးကျယ်ကာဖြင့် တုန်ယင်စွာ မေးလိုက်သည်။
ချန်ထျန်းမင်သည် အားတက်သရော ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်လေ။ ငါ့ရဲ့ သွေးမိစ္ဆာကြာပန်းကို အစာကျွေးဖို့ လူစုတာလေ။ စွမ်းအားပြည့်သွားရင် ပုရွက်ဆိတ် မျိုးနွယ်စု ကို တိုက်ခိုက်တော့မှာ။ ဟီးဟီးဟီး ဒါပေမဲ့လည်း လျှိုစုစုလေးကတော့ ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် မြေဩဇာဘဝကို မရောက်သွားစေဖို့အတွက် စဉ်းစားပေးမယ်လေ။ ဒီကိုလာပြီး ငါ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံခဲ့တဲ့ တခြားမိန်းမတွေကို ငါလည်း အတော်လေး စိတ်ကုန်နေခဲ့တာလေ။ စုစုလေးလို ဖြူစင်ပြီး ချစ်ဖို့ကောင်းတာလေးကို ရှာတွေ့ဖို့ဆိုတာ တကယ်ကို မလွယ်လှဘူး။"
လျှိုစုစု၏ မျက်နှာမှာ ချက်ချင်းဆိုသလို ဖျော့တော့သွားသည်။ သူမဖခင်၏လက်မောင်းကို ဆုပ်ကိုင်ထားပြီးနောက် ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာသည်။
ချန်ထျန်းမင်၏ စကားများအရ သူတို့၏ ဖိတ်ခေါ်မှုအား လက်ခံခဲ့ကြသော ဒုက္ခသည်များနှင့် ကျင့်ကြံသူများ အားလုံးတို့သည် သေဆုံးသွားကြပြီ ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးရှေ့တွင် သူမအနေဖြင့် ငြင်းခုန်ရဲခြင်း မရှိချေ။ ကြောက်ရွံ့အားငယ်မှုတို့ဖြင့်သာ ထိုလူအား ကြည့်နေနိုင်လေသည်။
လျှိုဟူမှု မယုံကြည်နိုင်မှုများဖြင့် ရှိနေဆဲဖြစ်သည်။ သူလေးစားခဲ့ဖူးသည့် ကောင်းကင်တိမ်တိုက် နန်းတော်မှာ ဤကဲ့သို့ ဖြစ်နေမည်ဟု ထင်မထားခဲ့ဖူးချေ။
နေရာတွင်သာ ကြောင်အစွာဖြင့် ရပ်နေမိပြီး မည်ကဲ့သို့ လုပ်ရမည်ကိုလည်း မသိတော့ချေ။
ဘာကြောင့်များ ဤကဲ့သို့ ဖြစ်လာရသနည်း။ ပုရွက်ဆိတ်မျိုးနွယ်စုအား လက်စားချေနိုင်ရန်အတွက် မဟာမိတ်အဖွဲ့တစ်ခုခုနှင့် ပူးပေါင်းလိုခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ကံကြမ္မာမျိုးနှင့် မည်သည်ကြောင့်များ ကြုံတွေ့ရသနည်း။ သူ၏ ရင်နှစ်သည်းချာလေးသည်ပင်လျှင် အဆင့်နိမ့်အရုပ်ကလေးတစ်ရုပ် ဖြစ်လာရတော့ပေမည်။
"ဟောင်လို့ပြီးပြီလား။ ပြီးပြီ ဆိုရင်လည်း နတ်ဘုရားအလုပ်လေး စလုပ်တော့မယ်နော်။"
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို ခန်းမကျယ်ကြီးထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။
လျှိုဟူနှင့် လျှိုစုစုတို့သည် ရုတ်တရက်ဆိုသလို အသိပြန်ဝင်လာပြီး အန်လင်းအား လှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက်ဆိုသလိုပင် သူတို့နှင့်အတူ လိုက်ပါလာခဲ့သည့် အစွမ်းထက်ကျင့်ကြံသူတစ်ဦး ရှိနေသည့်အကြောင်း သတိရလိုက်မိသည်။ ထိုလူသည်သာလျှင် ရှင်သန်နိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
"ဆရာကြီး အန်လင်း စိတ်ထိန်းပါဦး။ လွတ်မြောက်ဖို့ ကြိုးစားကြမယ်ဆိုရင်..." လျှိုဟူသည် လေသံဖြင့်ပြောလေသည်။
ဆရာကြီးအန်လင်းမှာ အလွန်အစွမ်းထက်ကြောင်း သူသိသည်။ သို့သော်လည်း ကောင်းကင်တိမ်တိုက်နန်းတော်သည် မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်းကို ပို၍သိသည်။ သို့သော်လည်း သူတို့ထံ၌ ဆန့်ကျင်ရန် အခွင့်မရှိသဖြင့် ထွက်ပြေးလွတ်မြောက် ရှင်သန်ဖို့ရန်သာ အစွမ်းကုန်ကြိုးစားရမည် ဖြစ်သည်။
အန်လင်း၏ စကားများကြောင့် ခန်းမအတွင်းရှိ လူအားလုံး တိတ်ဆိတ်သွားကြလေသည်။
ချန်ထျန်းမင်နှင့် အကြီးအကဲများသည် အန်လင်းအား အသိဉာဏ်နုံနဲသူ တစ်ဦးသဖွယ် ကြည့်နေကြလေသည်။
"နတ်ဘုရားအလုပ် လုပ်မယ်တဲ့လား။ ဝါးဟားဟားဟား တောင်းပန်ပါတယ်နော်။ မထိန်းနိုင်တော့လို့ ရယ်မိသွားတာ။" ချန်ထျန်းမင်သည် ဗိုက်ကိုဖိကာဖြင့် အော်ဟစ်ရယ်မောနေသည်။
“မင်းရဲ့ လက်ရှိ အခြေအနေကို မင်းမစဉ်းစားမိဘူးလား။ မင်းက တာအိုခန္ဓာ အဆင့် ၁၀ ဆိုတာကို ဘေးဖယ်ထားကွာ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ငါ့အတွက်တော့ ပိုပြီး အာဟာရဖြစ်တဲ့ အသားတိုးဝက်သာသာပဲကွ။” ချန်ထျန်းမင်သည် အချိန်အတော်ကြာအောင် ရယ်မောနေပြီးနောက် လက်ဖျောက်တီးလိုက်သည်။ ရုတ်တရက်ဆိုသလို မြေပြင်တွင် အဖြူရောင်ဝင်္ကပါတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အချုပ်အနှောင်စွမ်းအားများ ထုတ်လွှတ်နေလေသည်။
လျှိုဟူနှင့် လျှိုစုစုတို့သည် ထိုစွမ်းအားကြောင့် ချက်ချင်းဆိုသလို ညွှတ်ခွေကာဖြင့် မြေပြင်သို့ လဲကျသွားလေသည်။
သို့သော်လည်း အန်လင်းမှာမူ တည်ကြည်စွာဖြင့် မတ်မတ် ရပ်နေဆဲ ဖြစ်သည်။
"အိုးး မင်းက နည်းနည်းပါးပါး တတ်နေတယ်ပေါ့။" ချန်ထျန်းမင်၏ အမူအရာ အနည်းငယ်မျှ ပြောင်းလဲသွားသည်။
"ခွေးစကားတွေ ပြောနေတာ များပြီ။"
အန်လင်း ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။ ဓားတွင် အဖြူရောင် လေမြူခိုးများ ရစ်သိုင်းလာပြီးနောက် လေထုအတွင်းရှိ တစ်နေရာအား ဘယ်ဘက်လက်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။
ဝုန်း
အဖြူရောင်ဝင်္ကပါသည် ပြင်းထန်သည့် ထိုးနှက်ချက်ကြောင့် လုံးဝပျက်စီးသွားတော့သည်။
ချန်ထျန်းမင်မှာ အံ့ဩချိန်ပင် မရလိုက်ဘဲ သန်မာအားကောင်းသည့် သက်ဖြတ်လိုစိတ်ဆန္ဒများ ပြည့်ဝနေသည့် ဓားထိပ်သည် သူ၏အရှေ့တွင် ပေါ်လာသည်ကြောင့် သေခြင်းတရားတို့ လွှမ်းခြုံလာသည်။
အန်လင်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင် မြန်ဆန်လေသည်။ သူ၏ ခြေလှမ်းတစ်လှမ်းမှ ပုံရိပ်များစွာ ဖြစ်ပေါ်လာစေပြီး ဓားသည် ပါးလွှာသည့် အဖြူရောင် အချပ်ပြားတစ်ခုကဲ့သို့ ဖြစ်လာကာ ချန်ထျန်းမင်၏ နှလုံးသားအား အဖြူရောင်လျှပ်စီးကြောင်းနှင့် ပစ်ခတ်လိုက်သလို ထိုးစိုက်သွားလေသည်။
ဓားအတွင်း၌ ပါဝင်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် ချန်ထျန်းမင်အား နောက်ဆုတ်သွားစေပြီး အန်လင်းသည် ချန်ထျန်းမင်အား နံရံသို့ ရောက်သွားသည့်တိုင်အောင် ဖိအားပေးထားလေသည်။
ချန်ထျန်းမင်သည် မျက်လုံးများပြူးကျယ်လျက်ရှိပြီး မိစ္ဆာရှင်းဓားမှ သွေးများသည်လည်း မြေပြင်သို့ စီးကျနေလေသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ အန်လင်းအား တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။ ဖြစ်ပျက်သွားသည်များအား စဉ်းစားနိုင်စွမ်း မရှိတော့ပေ။
သူသည် လေးစားကြည်ညိုဖွယ်ရာဖြစ်သော စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သလို ကောင်းကင်တိမ်တိုက်နန်းတော်၏ နန်းတော်သခင်တစ်ပါးလည်း ဖြစ်သည်။ ဆန်ကုန်မြေလေးတစ်ယောက်ဟု သူရှုမြင်ခဲ့သူသည် မည်သည်ကြောင့် သူ၏နှလုံးသားအား ဓားဖြင့်ထိုးစိုက်နိုင်ခဲ့သနည်း။
"ငါ.... မင်း.... မင်း.." ချန်ထျန်းမင်၏အသံမှာ အက်ကွဲလျက်ရှိပြီး ကြောက်ရွံ့မှု ဖုံးလွှမ်းနေသည့်တွက် စကားတစ်လုံးမျှပင် ပြောမထွက်နိုင်တော့ချေ။
"သောက်ပါးစပ်ကို ပိတ်လိုက်တော့။ ခင်ဗျားကို ကျုပ်ပြောခဲ့တယ်လေ။ ဒီနေရာကို ကျုပ်ရောက်လာတာက နတ်ဘုရားအလုပ် လုပ်ဆောင်ဖို့ပါလို့။" အန်လင်းသည် မိစ္ဆာရှင်းဓားအား ဆွဲယူလိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ပြောသည်။
ဒုတိယမြောက် ဓားခုတ်ချက်ပြီးနောက်တွင် သွေးများပန်းထွက်လာပြန်သည်။
ကျင့်ကြံခြင်းလောကရှိ တိုက်ပွဲများသည် အခိုက်အတံ့လေး တစ်ခုအတွင်းမှာပင် ပြောင်းလဲသွားနိုင်ကြောင်း အန်လင်းသိသည်။ ထို့ကြောင့် လူတစ်ဦးအား သတ်ဖြတ်မည်ဆိုလျှင် ထိုလူ သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။ စကားလုံးများဖြင့် အချိန်ဆွဲမနေသင့်ပေ။ သို့တည်းမဟုတ်လျှင် တစ်ဖက်လူသည် အခြေအနေများအား ပြောင်းလဲပစ်ရန် အခွင့်အရေး ရရှိသွားပေလိမ့်မည်။
ချန်ထျန်းမင်၏ ဦးခေါင်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီ ဖြစ်သည်။
ချန်ထျန်းမင်၏ဦးခေါင်း ပြုတ်ကျသံမှာ တိတ်ဆိတ်နေသည့် ခန်းမတစ်ခုလုံးအား ဖြိုခွင်းလိုက်သလို ဖြစ်သည်။
အကြီးအကဲအားလုံးသည် တုန်လှုပ်စွာဖြင့် အေးခဲသွားကြပြီး ဒေါသများ ပေါက်ကွဲလာကြသည်။
"ငါတို့ရဲ့ နန်းတော်သခင်ကို လုပ်ကြံရဲတယ်ပေါ့။ အေး မင်းကို ဖမ်းချုပ်ပြီး သေချာပေါက် ခုတ်ပိုင်းပစ်ပေးမယ်ကွ။"
အကြီးအကဲအများအပြားသည် အန်လင်းအား ဝိုင်းရံလာကြသည်။ နှစ်ဦးတည်းသာလျှင် တည်ငြိမ်စွာဖြင့် ရှိနေပြီးနောက် လျှိုဟူနှင့် လျှိုစုစုတို့ထံ လျှောက်လှမ်းသွားလေသည်။
"တပိုင် သူတို့နှစ်ယောက်ကို ကာကွယ်ပေးလိုက်။" အန်လင်း အော်ဟစ်လိုက်သည်။
အဖြူရောင်ခွေးပေါက်စလေးသည် ချက်ချင်းဆိုသလို စွမ်းအားကြီးသူတစ်ဦးအဖြစ် အရွယ်အစား ကြီးထွားလာပြီးနောက်တွင် လျှိုဟူနှင့် လျှိုစုစုတို့ထံ ရောက်ရှိလာကြသူများအား သူ၏ လက်သည်းကြီးများဖြင့် ကုတ်ခြစ်လိုက်သည်။
သူ၏ လက်သည်းများမှာ လေဓားသွားများသဖွယ် လွန်စွာ ထက်မြိနေပြီး အကြီးအကဲ ၂ ဦး အား အဝေးသို့ လွင့်စင်သွားစေသည်။
ထိုအချိန်မှာပင် လျှိုဟူနှင့် လျှိုစုစုတို့ အသိပြန်ဝင်လာပြီး အကြီးအကဲ ၆ ဦးနှင့် တစ်ပြိုင်နက် ရင်ဆိုင်တိုက်ခိုက်နေသည့် အန်လင်းအား အံ့ဩမှုများဖြင့် ကြည့်လိုက်သည်။
"ဆရာကြီးအန်လင်းက အစွမ်းထက်လိုက်တာ။" လျှိုစုစု၏ မျက်လုံးများ ပြူးကျယ်လာပြီး အန်လင်း၏ ပုံရိပ်သည်လည်း သူမ၏စိတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာနေပြီ ဖြစ်သည်။
လျှိုဟူမှာ တုန်လှုပ်မှုကြောင့် ကြက်သေသေနေမိသည်။ သူ၏စိတ်ထဲတွင် လွန်စွာအစွမ်းထက်သည်ဟု မှတ်ယူထားသော ချန်ထျန်းမင်မှာ အန်လင်း၏ တိုက်ခိုက်မှု တစ်ခုတည်းနှင့် သေဆုံးသွားရပြီ ဖြစ်သည်။ တစ်ချက်မျှပင် ပြန်လည်ခုခံခွင့် မရရှိလိုက်ချေ။ လွန်စွာ အိပ်မက်ဆန်လှသည်။
သူတို့နှင့်အတူ လိုက်ပါလာခဲ့သော ဤဆရာကြီး အန်လင်းသည် အမှန်တကယ်ကိုပင်....
စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်အား အသုံးပြုသည့်အခါတွင် အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူအများစုနှင့် ယှဉ်နိုင်စွမ်းရှိသည်။ သူ၏ ဝါယောဓားသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများအား အံ့ဩဖို့ကောင်းစွာပင် တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်စွမ်းရှိသည်။ သို့သော်လည်း ထိုနည်းစနစ်သည် သူ၏ ချီစွမ်းအင် အလွန်အမင်း ကုန်ဆုံးစေသည်ကြောင့် အကြီးအကဲ ၆ ဦးနှင့် ရင်ဆိုင်ရာတွင် အသုံးပြုလိုစိတ် မရှိချေ။
ဤအကြီးအကဲများသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်နှင့် အလယ်အဆင့် ကျင့်ကြံသူများသာလျှင် ဖြစ်ကြသည်။ သို့သော်လည်း သူတို့အသုံးပြုသည့် နည်းစနစ်များမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှ လာသူများနှင့် ယှဉ်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် ထိုအကြီးအကဲများနှင့် ရင်ဆန်ရန်မှာ အန်လင်းအတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။
ကောင်းကင်တိမ်တိုက်နန်းတော်တွင် အချက်ပေးသံများ မြည်ဟည်းနေလေသည်။ သို့သော်လည်း ဂိုဏ်းအကာအကွယ် ဝင်္ကပါမှာမူ မည်သည့်ကြောင့်ရယ်မသိဘဲ ထိုအချက်ပေးသံများ မတိုင်ခင်ကတည်းက အသက်ဝင်နေပြီးဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်အကြားမှ မိုးကြိုးတမျှ ဟိန်းအော်သံများ ပေါ်ထွက်လာသည်။
"ကောင်းကင်တိမ်တိုက်နန်းတော်ကို ကျူးလွန်ရဲတဲ့သူမှန်သမျှ သေဆုံးရမယ်။"
ကောင်းကင်မှ အဖြူရောင်လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာပြီး နန်းတော်ခေါင်မိုးအား ဖောက်ဝင်လာပြီးနောက် အန်လင်းအရှေ့သို့ ကျရောက်လာသည်။
ယင်းမှာ အဖြူရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်များနှင့် အသက်အရွယ်ကြီးရင့်နေသော အမျိုးသားတစ်ဦးဖြစ်ကာ သူ၏ခန္ဓာကိုယ်တဝိုက်တွင် အဖြူရောင်လျှပ်စီးများ ပြိုးပြက်နေလေသည်။ အန်လင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ လျှပ်စီးကြောင်းများသည် အော်ရာအများအပြား ထုတ်လွှတ်နေလေသည်။
ကောင်းကင်တိမ်တိုက်နန်းတော်၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်သည့် မဟာအကြီးအကဲ ချန်ယန် ရောက်ရှိလာလေပြီ။
***