လူတွေက တစ္ဆေထိန်းချုပ်တာခံရ
Vol. 44 Ch. 610
စမ်းချောင်းဝါ လမ်းကြောင်း၌ ကျန်းရီသည် ပုံမှန်သဘောတရား တစ်ခုထဲ၌ ပိတ်မိနေပြီး ဝိညာဉ်ဝါးမျို မိချောင်းများဟူသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများဖြစ်ပြီး သူ၏စိတ်ဝိညာဉ်ကို ဝါးမျိုလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ ထို့ကြောင့် အလိုလိုပင် ခုခံနေမိပြီး စိတ်ဝိညာဉ်ဝါးမျို မိချောင်းများ သူ၏ဝိညာဉ်ကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းကိုသာ တွေးခဲ့၏။
နောက်ပိုင်းတွင် တွေးခေါ်သည့် နည်းလမ်းများ ပြောင်းလဲခဲ့ပြီး ဘဝတံခါး၏ တည်နေရာကို ရှာတွေ့ခဲ့သည်။ သူသည် ဖုန်းတုမြို့တွင်း၌ ဘဝတံခါးကို ရှာနေသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သော်ငြား ရှာမတွေ့သေးပေ။ ထို့ကြောင့် သူသည် ရဲတင်းသော ယူဆချက်တစ်ခုကို ပြုလုပ်ခဲ့၏။ မထင်ထားဆုံး နေရာက မည်သည့်နေရာ ဖြစ်မည်နည်း။ ဤအလယ်ကို ဖြတ်ကျော်ရန် သော့ချက်ဖြစ်လောက်ပေ၏။
ပုံမှန်ဆို လူအများစုက မည်သည့်နေရာတွင် ဖြေရှင်းနည်းရှိကြောင်း မသိကြပေ။ မဟုတ်လျှင် ဆန်းကြယ်ဧကရာဇ်က သူ၏ဉာဏ်ရည်ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်မည်နည်း။
သံသယဖြစ်ဖွယ် မလိုဘဲ မထင်ထားသော နေရာက အတောမသတ်နိုင်အောင် များပြားသည့် ဖုတ်ကောင် စစ်သည်တော်များဖြစ်သည်။ ရုပ်ဆိုးပြီး ချောက်ချားဖွယ်ကောင်းကာ ရွံ့ရှာစက်ဆုပ်ဖွယ် ကောင်းနေလေ၏။ သူတို့ကို မည်သူကများ အာရုံစိုက်ချင်မည်နည်း။ ထိုဖုတ်ကောင် စစ်သည်များအားလုံးကို သူတို့က သတ်ဖြတ်ချင်နေလေရာ သူတို့ကို မည်သူကများ လေ့လာချင်မည်နည်း။
ဤအလှည့်ကို ကျော်ဖြတ်ရန် နည်းလမ်းက ထိုဖုတ်ကောင် စစ်သည်များအပေါ် မူတည်နေသည် ဆိုပါက ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို လက်မထောင်ပြပြီး သူ့ကို စိတ်ရောကိုယ်ပါ လေးစားတော့မှာပဲ ဖြစ်သည်။
ယူဆချက်ကို ပြုလုပ်ရန် ရဲတင်းစွာ ဆောင်ရွက်ပြီး သက်သေပြနေချိန်တွင် ဂရုစိုက်ရပေမည်။
ကျန်းရီက ရှေ့သို့လှမ်းတာ ရပ်တန့်လိုက်သည်။ ထိုအစား အကြိမ်ရေပေါင်းများစွာ ဓားကို လွှဲယမ်းလိုက်ပြီး သူ့နားတစ်ဝိုက် ဖုတ်ကောင် စစ်သည်များကို ရှင်းလင်းလိုက်တော့သည်။ ပြီးနောက် မနှစ်မြို့ဖွယ် အရှိန်အဝါကို သည်းခံလျက် ပုပ်သိုးသော အသားစများပေါ် နင်းကန်ရင်း လမ်းတောက်လျှောက် အခန်းထဲသို့ ဝင်သွားတော့သည်။
ဤအခန်းထဲတွင် သူက လုံခြုံပေ၏။ သို့သော် သူသည် အပြင်ဘက်ရှိ ဖုတ်ကောင် စစ်သည်တော်များကို စိုးရိမ်ပူပန်ရန် မလိုပေ။ ရံဖန်ရံခါ၌ ချဉ်းကပ်လာသော ဖုတ်ကောင် စစ်သည်တော်များကို သတ်ဖြတ်ရန် လွှဲယမ်းဖို့သာ လိုအပ်ရုံသာ ရှိသည်။ ထို့ကြောင့် ထိုဖုတ်ကောင် စစ်သည်များကို လေ့လာရန် အချိန်လုံလောက်ပေ၏။
အခန်းထဲသို့ ဝင်ပြီးနောက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ကာ စွမ်းအင်အားလုံးကို သူ့နားတစ်ဝိုက်ရှိ ဖုတ်ကောင်များကို ရှာဖွေခြင်း၌ နစ်မြုပ်ထားလိုက်သည်။
ဖုတ်ကောင် စစ်သည်တစ်ကောင်က ဝင်လာသည်။ သံချပ်ကာကို ဝတ်ဆင်ထားလျက် အနက်ရောင် တိုက်ပွဲဝင် စစ်ပုဆိန်ကို ကိုင်ဆောင်ထားသည်။ သူက တစ်ဖက်သို့ လှည့်လာပြီး လက်ဆယ်ချောင်းလုံးက နက်မှောင်နေကာ လက်သည်းရှည်များ ရှိနေ၏။ ပါးစပ်ထဲမှ သွားစွယ်များ ပေါ်နေလျက် ဖြူစုတ်သော မျက်နှာတွင် အမည်းရောင် ဖျော့ဖျော့များ လွှမ်းလျက်ရှိနေသည်။ အသက်ရှင်သည့် လက္ခဏာမရှိဘဲ အနက်ရောင် အငွေ့အသက်တို့ အဝိုင်းခံနေရသည်။
သူက တိတ်တဆိတ် ဝင်လာ၏။ ခြေသံက ငြိမ်ပြီး သူကမြန်ဆန်သည်။ တိုက်ပွဲဝင် စစ်ပုဆိန်က အနက်ရောင် အငွေ့အသက်များ အလွှမ်းခံထားရပြီး ရုတ်တရက် ကျန်းရီဆီသို့ လွှဲရိုက်ချလိုက်တော့သည်။ သူ၏ဗလာမျက်ဝန်းက ခံစားချက်မပြ။ သူက အမှန်တကယ် သေလွန်ပြီး လမ်းလျှောက်လာတာပဲ ဖြစ်သည်။
ဘန်း
ကျန်းရီကဓားဖြင့် လွှဲခုတ်လိုက်ရာ မီးနဂါးနှစ်ကောင်က ပေါ်ထွက်လာပြီး ဖုတ်ကောင်၏ သံချပ်ကာနှင့် လက်နက်ကို အပိုင်းပိုင်းအစစ ချေလိုက်ပြီး သူ့နောက်ရှိ ကျန်သည့်ဖုတ်ကောင် စစ်သည်များကိုလည်း ထိသွားစေ၏။ အခန်းအပြင်သို့ အသားစများ လွင့်ထွက်သွားသည်။ အချို့က ကျန်းရီဆီ ခုန်အုပ်လာကြပြီး မြေကမ္ဘာမီး မြှိုက်ခံလိုက်ရကာ ပြာဖြစ်ကုန်ပြီး မသတီစရာ လောင်ကျွမ်းသည့် အနံ့ကြီး ပေါ်ထွက်လာတော့သည်။ သို့သော်ငြား ကျန်းရီသည် ထိုအနံ့များကို ဘယ်တုန်းကမှ မရသည့်ပမာ ပြုမူနေလေ၏။ အခန်းထဲတွင် တည်ငြိမ်စွာ ရပ်နေကာ ဖုတ်ကောင်စစ်သည်များ ပိုရောက်လာမှာကို စောင့်ဆိုင်းနေသည်။
“ဒီဖုတ်ကောင် စစ်သည်တွေက ဘာမှမူမမှန်တာ မရှိဘူး။ အသက်ဓာတ် မပြဘူး။ သူက မြန်တယ်ဆိုပေမဲ့ ဖုတ်ကောင်တစ်ကောင်လို့ တောင့်တင်းနေတာ။ ငါခန့်မှန်းတာ မှားသွားတာများလား”
ဖုတ်ကောင် စစ်သည်တော်များသည် တစ်ကောင်ပြီးတစ်ကောင် အပိုင်းပိုင်းအစစ လွင့်ထွက်ကုန်၏။ နံရံများ၊ မျက်နှာကျက်များ၊ မြေပြင်များကလည်း အသားစများ သွေးရာများဖြင့် လွှမ်းနေတော့သည်။ အခန်းထဲတွင် အသားများ ပိုများလာပြီး ကျန်းရီကို မြုပ်လုနီးပါး ဖြစ်သွားစေတော့သည်။ ထို့ကြောင့်သူက အမြန်ပိုသေးသည့် အခန်းလေးထဲ ပြောင်းလိုက်ပြီး ဖုတ်ကောင် စစ်သည်တော်များကို ဆက်ကြည့်နေလိုက်၏။
တစ်နာရီ၊ နှစ်နာရီ ကြာညောင်းပြီးနောက် ကျန်းရီသည် ဖုတ်ကောင် စစ်သည်ရာချီကို သတ်ဖြတ်ခဲ့ပြီး အခန်းတစ်ဒါဇင်ကျော် ပြောင်းခဲ့ပြီးဖြစ်သည်။ ရံဖန်ရံခါတွင် ဖုတ်ကောင် စစ်သည်တော်များကို စစ်ဆေးခဲ့သော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
သူ၏စိတ်ထဲ သံသယများဖြင့် ပြည့်နေလေ၏။ အတွေးများ မှားယွင်းသည်ဟုတောင် သံသယ ဝင်လာမိသည်။ ဖုတ်ကောင် စစ်သည် တစ်ရာကျော်ကို ရှာဖွေခဲ့ပြီး ဖြစ်သော်ငြား အားလုံးက ဆင်တူနေပြီး ဘာမှသံသယဖြစ်ဖွယ် မရှိပေ။
ဟူး ဟူး
ရွေးချယ်စရာ မရှိဘဲ မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ ထွက်လိုက်တော့သည်။ သူက ယခုအခေါက်တွင် ပိုတောင်အားအင် ကုန်ခမ်းသွားသည်။ အတွင်းပိုင်း စိတ်ပျက်မှု၊ ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုတို့က သူ့ကို ပင်ပန်းနွမ်းနယ်စေ၏။ သူက ယခုအချိန်တွင် လှဲချလိုက်ပြီး သေလုနီးပါး အိပ်ချင်နေ၏။
သို့သော် သူ မအိပ်နိုင်ပေ။ သူအိပ်ခဲ့လျှင် ဘယ်တော့မှ နိုးထလာတော့မှာ မဟုတ်။ ကျန်းရှောင်နူ၊ ဖုန်းလန်၊ ကျန့်ဝူရွှမ်းနှင့် ကျန်သည့်သူများအတွက်လည်း ထိုနည်းတူစွာ ဖြစ်သည်။
ကျန်းရီသည် ဝင်လာသည့် ဖုတ်ကောင် စစ်သည်များကို အံ့သြဆွံ့အစွာ ကြည့်နေတော့သည်။ သူက မီးနဂါးနှစ်ကောင်ကို သာမန်ကာလျှံကာ ထုတ်ဖော်လိုက်၏။ သူ့ရှေ့တွင် သူတို့ ပေါက်ကွဲသွားတာကိုမြင်ပြီး ကျန်းရီက သက်ပြင်းချကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တော့၏။
“ဒီလူသေတွေရဲ့ လျှို့ဝှက်ချက်က ဘာများလဲ”
ထိုသို့ပြောပြီးနောက် သူရုတ်တရက် မျက်ခုံးပင့်ကာ တစ်စုံတစ်ခု မှားနေတာကို အာရုံခံမိသွားသည်။ သို့သော် ပြဿနာ အတိအကျကိုမူ သူမဖော်ထုတ်နိုင်ပေ။ သူ့စိတ်ထဲ အကြံတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။ အစောပိုင်းက စာကြောင်းကို ထပ်ခါတစ်လဲလဲ ရွတ်နေမိသည်။
“ငါပြောခဲ့တာက လူသေတွေရဲ့ လျှို့ဝှက်ချက်က ဘာလဲဟုတ်လား။ ဟုတ်သားပဲ လူသေ လူသေဆိုတာ မသင့်တော်တဲ့ အသုံးအနှုန်းပဲ”
“သူတို့က လူသေတွေ မဟုတ်ဘူး။ သေပြီးတဲ့လူတွေက ဘယ်လိုလုပ် သူတို့ဘာသာ တိုက်ခိုက်နိုင်ပါ့မလဲ။ သေလွန်ပြီးလူတွေက ငါရှိတဲ့နေရာကိုရှာပြီး ငါ့နောက် ဘယ်လိုလုပ် လိုက်နိုင်ပါ့မလဲ။ သူတို့သေပြီးပြီဆိုမှတော့ ဘာမှမသိဘူး။ လှုပ်ရှားနိုင်တော့မှာ မဟုတ်လောက်ဘူး။ သူတို့တွေက ရွှံ့တွေ၊ ပြာပုံတွေနဲ့ မကွာသင့်ဘူးလေ။ ဒါဆိုရင် သူတို့ဘာကြောင့် တိုက်ခိုက်နေသေးတာလဲ။ သူတို့က လူသေတွေ မဟုတ်ဘူး။ ငါလှည့်စားခံလိုက်ရတာ။ ဆန်းကြယ်ဧကရာဇ်ရေ ခင်ဗျားကိုကျုပ် တစ်ရာရာခိုင်နှုန်း လေးစားပါတယ်ဗျာ။ ဟား ဟား ဟား ဟား”
ကျန်းရီက ရယ်မောလိုက်သည်။ သူသည် တတိယအလှည့်ကို ကျော်ဖြတ်ရန်အတွက် သော့ချက်ကို ရှာတွေ့သွားပြီး ဘဝတံခါးကို တွေ့ပြီဖြစ်သည်။
ထိုလူသေများက ဘဝတံခါးပင်ဖြစ်သည်။ သို့သော် သူတို့က သေသူများ မဟုတ်ပေ။
ဆိုရလျှင် သူတို့က ရိုးရိုးရှင်းရှင်း သေသူများမဟုတ်ဘဲ ရုပ်သေးများသာ ဖြစ်သည်။ သူတို့သည် တစ်စုံတစ်ယောက်က စွမ်းအင်ဖြင့် သန့်စင်ခြင်း ခံထားရတာဖြစ်သည်။ သူတို့က ရန်သူကို သူတို့ဘာသာ ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသော ရုပ်သေးများဖြစ်သည်။
ယခုအချိန်တွင် ကျန်းရီက ကိစ္စတစ်ရပ်ကို သေချာသိသွားသည်။ သရဲ၊ တစ္ဆေများက ဤလောကထဲတွင်မရှိ။ ဖုတ်ကောင်များ၊ ဖုတ်ကောင်စစ်သည်များ၊ ဖုတ်ကောင်သားရဲများ အတွက်လည်း တူညီပေ၏။
သေခြင်းဟူသည် သေခြင်းတရားကို ဆိုလို၏။ အရာအားလုံးက ကွယ်ပျောက်သွားသည်။ ဝိညာဉ်ပျောက်ကွယ်သွားလျှင် ဘဝအမှတ်အသားကလည်း ဤလောကထဲမှ ပျောက်ကွယ်သွား၏။ လူတစ်ယောက်သည် မည်ကဲ့သို့ သရဲ၊တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲပြီး ဖုတ်ကောင် သို့မဟုတ် ဖုတ်ကောင်စစ်သည်တော် ဖြစ်လာနိုင်မည်နည်း။
ဝိညာဉ်စွမ်းအင် သို့မဟုတ် အသက်ငွေ့မရှိပေ။
လူသေများသည် ကျောက်တုံးပုံများ၊ ရွှံ့ပုံများနှင့် မခြားပေ။ သရဲ၊တစ္ဆေများ ဖုတ်ကောင်များနှင့် ဖုတ်ကောင်စစ်သည်များက ဤလောကထဲတွင် အမှန်တကယ် တည်ရှိနေလျှင်တောင် သူတို့က လူသားများ ဖန်တီးခြင်း ခံထားရပြီး မှော်အတတ်များဖြင့် လူသားများ၏ သန့်စင်ခြင်း ခံထားရတာပဲဖြစ်သည်။
တစ်နည်းဆိုရလျှင် လူသားများက သရဲ၊ တစ္ဆေများ ချုပ်နှောင်ခံရတာ မဟုတ်ဘဲ လူသားများကသာ သရဲ၊ တစ္ဆေများ၏ နောက်ကွယ်တွင် ရှိနေတာဖြစ်သည်။
ကူကယ်ရာမဲ့တံတား၊ စမ်းချောင်းဝါလမ်းကြောင်း၊ ဖုန်းတုမြို့၊ တမလွန်လောက အရာအားလုံးကို လူတို့ပြုလုပ်ထားတာပဲဖြစ်သည်။ ဝိညာဉ်ဝါးမျို မိချောင်းများ၊ သရဲ၊တစ္ဆေ၊ ဖုတ်ကောင်များနှင့် ဖုတ်ကောင် စစ်သည်တော်များက အကြောက်တရားကို နိုးဆွပြီး လူအများကို အားနည်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားတာပဲဖြစ်သည်။
ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။ ယင်းက သိုင်းပညာရှင် တစ်ဦး၏ စိတ်စွမ်းအားကို ခိုင်မာစေချင်တာပဲ ဖြစ်သည်။ သိုင်းပညာရှင်တစ်ဦး၌ ခိုင်မြဲသည့် နှလုံးသား မရှိလျှင် သူ၏ကံကြမ္မာကို ပြောင်းလဲရန် အခက်အခဲများကို မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်နည်း။ ထို့ကြောင့် ကျန်းရီက ဆန်းကြယ်ဧကရာဇ်ကို အင်မတိ၊အင်မတန် လေးစားသွားမိတာပဲဖြစ်သည်။ ကျန်းရီက သူ၏ပြောင်မြောက်သော အကြံဉာဏ်များကြောင့် လှည့်စားခံနေရသည်။ သူက သမိုင်းကြောင်းထဲတွင် နံပါတ်တစ် ဧကရာဇ်ဟူသော ဘွဲ့အမည်နှင့် အမှန်တကယ် ထိုက်တန်ပေ၏။
ကိစ္စရပ်ကို တွေးမိပြီးနောက် သူ၏ရင်ထဲရှိ မောပန်းနွမ်းနယ်မှုက သိမ်းကြုံးယူသကဲ့သို့ ပျောက်ကွယ်သွားကာ စိတ်ကလည်း ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားတော့သည်။ သူက ချဉ်းကပ်လာသော ဖုတ်ကောင်များကို ကြည့်ပြီး အကြောက်တရားကို မခံစားရတော့ဘဲ ပြုံးလိုက်တော့၏။ ပြဿနာသော့ချက်ကို ရှာတွေ့ပြီဖြစ်ရာ သူ့၌ အချိန်လုံလုံလောက်လောက် ရသ၍ ဖြိုခွင်းနိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။ တတိယအလှည့်ကို သူကျော်ဖြတ်နိုင်လောက်သည်။
“ဒီဖုတ်ကောင်တွေက ရုပ်သေးတွေ သာသာပဲ။ ဖုတ်ကောင်အမြုတေကို ရှာနိုင်မယ်ဆိုရင် တိုက်ခိုက်ဖို့ မလိုဘဲ သူတို့ကို ဖြေရှင်းနိုင်မယ်။ ဒါ့အပြင် သူတို့အမြုတေကို ငါသန့်စင်နိုင်ခဲ့မယ်ဆိုရင် သူတို့က ငါ့ဖယ်ရှား ရှင်းလင်းမှုထဲမှာတောင် ရှိလောက်တယ်”
ကျန်းရီက ယုံကြည်ချက်ရှိရှိဖြင့် ရေရွတ်ပြောလိုက်သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှုကာ မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ထပ်မံဝင်ရောက်သွားသည်။ သူသည် အဆောက်အဦး၏ မျက်နှာစာကို မြင်ခဲ့ပြီးဖြစ်ရာ အမြုတေကို တိတိကျကျ ထောက်ကြည့်ပြီး အဆင့်ကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းရှာရန်သာလိုသည်။
ဖုတ်ကောင် စစ်သည်များက ထိန်းချုပ်ခံထားရသည် ဆိုသောကြောင့် သူတို့၏အဓိကလုပ်ရန် ဖော်ဆောင်သူကို ရှာဖွေရမည်။ ပြီးနောက် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်၏။
ဖုတ်ကောင် စစ်သည်များကို ထပ်တလဲလဲ ကြည့်လိုက်သည်။ ငါးမိနစ်အတွင်း သူ၏ဝိညာဉ်က တုန်လှုပ်လာ၏။ ဖုတ်ကောင်စစ်သည်များကို ထိန်းချုပ်နေသော သော့ချက်အမြုတေကို ရှာတွေ့သွားသည်။ အနက်ရောင် အငွေ့အသက်က အဓိကအချက်ပင် ဖြစ်သည်။ ဖုတ်ကောင် စစ်သည်များနားတွင် ဝန်းရံနေသော အနက်ရောင် အငွေ့အသက်က သူတို့ကို ထိန်းချုပ်နေသော သော့ချက်ပင်ဖြစ်သည်။
***